Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, September 07, 2017

ကောင်းကင်မှာထိန်ထိန်သာနေတဲ့ ငွေလမင်း

(ခင်မေသစ်)
ကြည့်စမ်း  အသက်တွေက ကြီးလာပါပကော။ ကိုယ့်ကိုယ်ကိုယ် မာလှချည့် ထင်နေတာ ဗြုံးကနဲ ဒိုင်းကနဲ ဖြစ်လိုက်တော့ ကျော်မကောင်း ကြားမကောင်း ဆေးရုံတွေရောက် အရေးပေါ်တွေရောက် ဟိုလူမနေရ ဒီလူမနေရ ဆစ်ဒနီက လူမနေရ ဆားဘီးယားကလူလည်းမနေရ ရန်ကုန် မန္တလေး ပျဉ်းမနား မနေရ  တော်တော်ကို အရုပ်ဆိုးလိုက်တာလေ။ နေကောင်းပြီဆိုတော့လည်း လူကသာ နေကောင်းတာ ဦးနှောက်က မကောင်းဘူး။ စိတ်ရှုပ်မခံနိုင်ဘူးလေ။
အရေးထဲ   စုမီအောင့်ကဗျာတစ်ပုဒ်ကို သွားသတိရတယ်။ 

လွှတ်ချလိုက် တဲ့
ကဗျာခေါင်းစဉ်က။
နေကောင်းပြီလား လာမေးတဲ့ တူတော်မောင် နိုင်နိင်ကလည်း စာအုပ်တွေ အသာထား လွတ်ချလိုက် တဲ့။အလိုလေး လေ ကျွန်မချစ်တဲ့ စာတွေ  စာအုပ်တွေ လွှတ်ချပြစ်လိုက်ရမယ်  ဘုရား  ဘုရား။။
ဒါနဲ့  ကျွန်မလည်း ၀မ်းနည်းပမ်းနည်း  ကဗျာလိုလို ဘာလိုလို စာတပုဒ် ရေးချင်လာတယ်။



လွတ်ချလိုက်
ဟုတ်ပါရဲ့ လွှတ်ချလိုက်မှ ထင်ရဲ့ ။
တစ်စ တစ်စ ယိုယွင်းလာတဲ့ ခန္ဓာကိုယ်က အရေးဆိုနေပြီ၊
အလိုမလိုက်နိုင်တော့ဘူးတဲ့ ။
မျက်လုံးတွေကလည်း ဒီ့ထက်ပိုလို့  အသုံးမချပါနဲ့ တော့ တဲ့ 
အရေးထဲ ဟိုလူက တမှောင့် မင်းအလုပ်က ဘာလဲ 
မင်းလုပ်ချင်တာတွေ လုပ်နေရခဲ့ လို့  ဘာအကျိုးအမြတ်ရသလဲ အပျော်လုပ်နေတာမို့ လား။
စက်ပြင်လိုက် ဆင်လိုက်  ရှုပ်နေတာပဲ တဲ့ ပြောခဲ့ဖူး တယ်။
ပိုက်ဆံ ကုန်ရကျိုးနပ်ကဲ့လား တဲ့ မေးတတ်လိုက်သေးတယ်။
ငါ့ရဲ့ တက်ကြွနေတဲ့ စိတ်တွေ ဟို အောက်ဆုံးရောက်အောင် 
သူဆွဲချသွားတာ ထောင်းလမောင်း ကြေပါရောလား ၊
ရေးချင်တာတွေရေး မရေးချင်တာတွေလည်းကူရေးပေးရင်း 
ကွန်ပြူတာ တစ်လုံးနဲ့  ပြုံးနေတဲ့ ငါ ၊အင်တာနက် ဖုန်းတလုံးနဲ့  ပြုံးနေတဲ့ ငါ ၊
ခုကတော့ ပြည်ဖုံးကားချဖို့  ချိန်တန်ပြီ ထင်ပါရဲ့  ၊ ရပ်တန်းက ရပ်ပလိုက်ချင်တော့တယ်။
အားတင်းထားဟေ့လို့  ငါ့ကိုယ်ငါ အားပေး၇င်း  လူလည်း ပျော့ဖတ်လာပါပကော။
စိတ်မောလွန်းလို့  စိတ်ကို ဖျောင်းဖျရပေါင်းများလွန်းးလို့  ၊ ငါ အားမရှိတော့ဘူး။

အဲဒါ ကျွန်မရေးချင်တဲ့စာ ကျွန်မ ပြောချင်တဲ့ စကားပါပဲ။ ဒါ့အပြင် ကျွန်မရဲ့  ငယ်သူငယ်ချင်းလေးကိုလည်း မပြောမဆို အလိုလို ၀ုန်းဒိုင်းကြီး သတိရလာလိုက်တာ။
အော် ..အစောရယ် ခုနေများ အစောတယောက် ဘယ်ကို ရောက်နေပါလိမ့်။
ကောင်းကင်ကြီးမှာ ထိန်ထိန်သာ 
ကျွန်မလေ စာရေးချင်လာပြီ ဆိုတော့ မေ့ထားခဲ့တဲ့ ငယ်ငယ်က အကြောင်းလေးတွေ ပြန်ပေါ်လာတော့  အားမရှိလည်း ရှိသမျှအားကလေးနဲ့ အားတင်းပြီဲး ကျုံရုံးရေးကြည့်လိုက်ချင်တယ်လေ။ ဒါပေမဲ့ ဆူဝေနေတဲ့ဦးနှောက်တွေက ဘာရေရမှန်းမသိ ဖြစ်နေပြီ   စဉ်းစားစမ်း။ ဟော ..သူငယ်ချင်းလေး စောနန်းယု ရှမ်းမချောချောလေး ၀ုန်းဒိုင်းကြဲပြီးဗြုံးကနဲ  ပေါ်လာတဲ့ အစောလေ .. အစော  အစောကို သတိရလိုက်တာ။ ကျွန်မ (ဂ)တန်းတုန်းကသူငယ်ချင်းပေါ့။ ခုံတန်းရှည်ဆိုတော့ သူနဲ့က တူတူ ထိုင်ရတယ်လေ။ ကျောင်းကပွဲတွေ မှာ အမိမြန်မာပြည် လုပ်ရတယ်။ ရှမ်း ချင်း ကချင် စတာတွေ သူ့ကို ၀န်းရံကြရတယ်။ ကျောင်းသားသမဂ္ဂက တစ်ရောင်ထဲခြယ်ပြဇာတ်ကတော့ သူ့ကို နဂါးမ မယ်စန္ဒာဆိုပြီး ပါဝင် ကပြရတယ်လေ။ ရိုးလည်းသိပ်ရိုးတယ်။
တနေ့ တော့ သူကကျွန်မကို မုန့်ဆိုင် ခဏ လိုက်ခဲ့ပါ ဆိုပြီး ခေါ်တယ်။ 
ခင်လေးရေ  ကျွန်မကို အကြံပေးပါအုံး  ဘာလုပ်ရမလဲ ကျွန်မလည်း မသိဘူး တဲ့ ပြောပြတယ်။ 

"ဟင် ဘာမှန်း မသိဘဲ ဘာပြောရမလဲ"

"ဟိုလေ ဟို ..ကိုသက်တင် လေ။ သူ ကကျွန်မကို  .."

"အော် ..ဒီလူလား  ဒီလူက ကျောင်းသားမှ မဟုတ်ဘဲ ကျောင်းမှ မတက်ပဲ  ရှိုးပေးနေတာပဲ အားလုံး မျက်မြင်လေ  ၂နှစ်ကျပြီးပြီ  အရေးလုပ်မနေနဲ့  ခင်လေးလဲ အချိန်မရဘူး။ ပြန်ရအောင်"

"ခဏ ခဏ နေပါအုံး ခင်လေးရဲ့  သူက ပြောတယ် သူဟာ ကောင်းကင်မှာ ထိန်ထိန်သာနေတဲ့ ငွေလမင်း တဲ့ ကျွန်မကို စောင့်စား မျှော်လင့် မနေနဲ ရနိုး ရနိုး နဲ့    ငွေလမင်းကို မျှော်ကိုးနေသလို ဖြစ်နေမှာပေါ့တဲ့ ။ ဘာကို ပြောတာလဲ ဟင် .."

"အစောရယ် အလိုက်တာ ဘယ်တော့မှ သူ့ ကို မရနိုင်ဘူး ပြောတာလေ ခင်လေးလည်း သေသေချာချာ ရှင်းမပြတတ်ပါဘူး။ ခင်လေးထင်တာတော့ သူက လေကြွားကြီး မိဘတွေက တရားသူကြီးမို့  ဂုဏ်မောက်ပြီး အထင်ရောက်နေတာပါ ကိုယ်တိုင်က အစွမ်းအစ မရှိပါဘူး အစောရဲ့  အထင်ကြီးမနေပါနဲ့။ ခင်လေးတို့  ဦးလေးက ပညာအုပ်လေ သူ့မိဘတွေကို သိတယ်။ အစော စိတ်မ၀င်စားပါနဲ့  ခင်လေးတို့ တတွေ ငယ်ပါသေးတယ်"

အစောက မျက်ရည်လေး ၀ဲဝဲ ၀ဲဝဲ နဲ့ သနားပါတယ်။ အင်းလေ ကျွန်မတို့ က တောသူ တောင်သားကိုးနော် မတူမတန်ဘူး ဆိုလို ချင်တာ ထင်တယ်နော် တဲ့။ သူ သဘောပေါက် သွားတယ်။ စတုံးက စပြီးတော့  
ဟုတ်ပါရဲ့။ ယောင်္ကျားလေးတွေများ ထင်လိုက်ကြတာ သူတို့ ကို သူတို့  ရွှေမှုံ့စား မွေးထားသလားပဲနော်။ ခင်လေးကတော့ ဘယ်သူ့မှ ဘယ်တော့မှ ပြောတိုင်း မယုံတတ်ပေါင်။ ။ အစောကိုတော့ ချော့လိုက်မိတယ်။ဟုတ်တယ်လေ။ စိတ်ဓာတ်ခွန်အား ဖြည့်ဆည်းပးချင်ပါတယ်။ အစော တကယ် ပျော့ညံ့တယ်။
အဲဒီ ကောင်းကင်ကြီးမှာ ထိန်ထိန်သာနေတဲ့ လမင်းကြီးက ညအချိန် အလင်းရတာကလွဲလို့  တခြား ဘာများ အသုံးကျမှာမို့လဲ။ ကိုယ်သွားရမယ့်ခရီးက အဝေးကြီး။           ။

ခင်မေသစ် 
(၆၊၂၈၊၂၀၁၇)

No comments: