Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, September 09, 2015

မိတ်ဆွေကောင်း(အက်ဆေး - ၅)

သည်နေ့ စနေနေ့။ အချိန်က မွန်းလွဲ တစ်နာရီ။ နေ့တစ်ဝက်အလုပ်လုပ် ခဲ့ပြီး အိမ်ပြန်ရန် ပုဇွန်တောင် ဈေး ကားမှတ်တိုင်၌ ကျွန်တော်ကားစောင့်နေခဲ့သည်မှာ ကြာပြီ။ ကားသည်မလာ။ လာသော်လည်း တက်မရ။ မိုးသည် မနေ့ကလိုရွာဆဲ။ ကားများသည် မနေ့ကလို ကြပ်ဆဲ။ လူများသည် မနေ့ကလို ပြည့်နှက်ဆဲ။ ယနေ့ အချိန်အခါဝယ် စနေ့၊ တနင်္ဂနွေလို နေ့များမှာလည်း ကားချောင်သည်ဟု တွက်ဆ၍ မရတော့ပါ။ စနေနေ့ပင် ဖြစ်သော်လည်း ကားသည် မနေ့က သောကြာနေ့နှင့်မခြား ကျပ်ညပ်ဆဲ။ ယောင်ယောင်ကလေးမှပင် ချောင်မသွားခဲ့။ ကျွန်တော့်လို အလုပ်သွား နေရသူတွေချည်းပါပဲလားဟု တွေးရင်း ကားကို စောင့်သည်။ အလုပ်က နေ့တစ်ဝက်မို့ ကျွန်တော် ထမင်းချိုင့်ယူမလာပါ။ မနက်က စူပါကွေကာတစ်ခွက်နှင့် ပေါင်မုန့်အသား ညှပ် တစ်လုံးသာ စားခဲ့သည်မို့ ဝမ်းဗိုက်သည် အတော်ကြီးကို ဆာလောင်နေလေပြီ။ သည်ပုံနှင့် အိမ်ကို တော်တော် နှင့် မရောက်နိုင်သေးဟု တွေးမိတော့၊ စိတ်ကတွေ့ရာ ကားပေါ် တိုးဝှေ့တက်လိုက်ရန် အကြံပြုသဖြင့် ရှေ့သို့ရောက်လာသော ကားတစ်စီး ပေါ် ကျွန်တော် အပြေးအလွှားလုတက်လိုက်သည်။


          ''အမလေး ခြေကျိုးပါပြီတော်၊ နင်းသွားလိုက်တာ တကထဲ'' ဟူသော အသံတစ်သံကြား၏။ မိန်းမတစ်ယောက်၏ အသံဖြစ်သဖြင့် အားနာမိသော်လည်း ယောင်လို့မှ လှည့်မကြည့်အား၊ တောင်းပန်စကားမဆိုအားပါ။ ဆိုရန်လည်း အချိန်မရပါ။ နောက်နေ့တွေ့ကြမည့်သူတွေလည်း မဟုတ်။ တွေ့ကြလျှင်လည်း မှတ်မိကြမှာမဟုတ်။ မှတ်မိလျှင်လည်း ငါ့ခြေထောက် ဟိုနေ့က တက်နင်းသွား တာနင်မဟုတ်လားဟု ပြောဆို အစဖော်နေမည့်သူများမဟုတ်။ နိစ္စဓူဝဖြစ်စဉ်များ အကြား ကိုယ့်အရေးနှင့်ကိုယ် ရှုပ်ထွေးပွေလီလျက်၊ ကိုယ့်ကိုယ်ကိုသာ ဦးစားပေးနေကြရသူများချည်းသာ။ ရှေ့လူကို ကျွန်တော် တွန်းထိုး တိုးတက် လိုက်သည်။
          ကျွန်တော့်ကို နောက်ကလူက တွန်းထိုး တိုးတက်လာသည်။ သည်လိုနှင့် ကားပေါ်ရောက်ပြီ။ သည်လို အခြေအနေမျိုးတွင် မရနိုင်မှန်းသိလျက်နှင့် ထိုင်စရာခုံကို အရင်ဆုံးရှာဖွေရန် ကျွန်တော်မျက်လုံးများက မမေ့ကြပါ။ ယောက်ျားရင့်မကြီး အများစုက ထိုင်ခုံတွေပေါ်မှာ အစွေ့သားထိုင်နေကြပြီး၊ မိန်းမငယ်ကလေးများ က မိုးတိုးမတ်တတ်၊ ညပ်ညပ်သပ်သပ်နှင့်။ သို့သော် ဒါသည် အသစ်အဆန်းမြင်ကွင်း မဟုတ်ချေ။ ခေတ်သည် ပြောင်းလဲသည်မှာ ကြာခဲ့ပြီ။ အမှန်တော့ ခေတ်က ပြောင်းလဲခြင်းမဟုတ်။ လူများကသာ ပြောင်းလဲသွားခြင်း။
          ထိုသို့သော ပြောင်းလဲသူများထဲတွင် ကျွန်တော်လည်းပါသည်။ အများမိုးခါး ရေသောက်လျှင် ကျွန်တော်ပါ လိုက်သောက်ရပါလိမ့်မည်။ သို့မဟုတ်လျှင် ကျွန်တော်သည် ခပ်ညံ့ညံ့လူ၊ ဒါမှမဟုတ် ခေတ်မမီသူ၊ ဒါမှမဟုတ် ဦးနှောက် မကောင်းသူ၊ သူရူး တစ်ယောက်သာ ဖြစ်ချေလိမ့်မည်။ ဘေးခုံမှ လူတစ်ယောက် ထသွားသည်ကိုမြင်လျင်  ကျွန်တော် လျင်မြန်သွက်လက်စွာ လှုပ်ရှားလိုက်၏။ အသင့်စောင့်နေပုံရသော မိန်းမ ငယ်တစ်ဦးနှင့် ဖက်ပြိုင်လု၍ အမိအရ အလျင်အမြန် ကပ်ထိုင်လိုက်သည်။ မည်သို့ဖြစ်စေ နေရာတစ်နေရာ ကျွန်တော်ရပြီ။ မိန်းမငယ်၏ မျက်စောင်းက ကျွန်တော့်အတွက် အရေးမကြီးပါ။ ကားမှတ်တိုင်မှာ သွေးတောင့် အောင် ရပ်စောင့်ခဲ့ရသော ကျွန်တော့် ခြေထောက်များကို ငဲ့ညှာရန် ကျွန်တော့်မှာ တာဝန်ရှိနေပါသည်။ အသက်ဝဝရှုလျက် သက်ပြင်းကို ဟင်းခနဲချကာ စောင့်ကြို နေမည့် အမေ့လက်ရာ ထမင်းပွဲဆီ စိတ်ကြို ရောက်နှင့်သည်။
          ကိုယ့်အတွေးနှင့် ကိုယ်ဖြစ်သွားပြီး ပတ်ဝန်းကျင်ကို မေ့လျော့သွားသည်မှာ မည်မျှကြာသည်မသိပါချေ။ ခပ်ကျိတ်ကျိတ် ရယ်သံတချို့နှင့် ကျွန်တော့် ဘက်သို့ ပြုံးစစကြည့်နေသော မျက်နှာများကိုမြင်လျှင် ကျွန်တော့် ရင်မှာ ထိတ်ခနဲ ဖြစ်သွား၏။ ခုနက မျက်စောင်းထိုးသော မိန်းကလေးပင် ကျွန်တော့်ဘက်သို့ကြည့်ကာ  ခိုးခိုးခိခိ နှင့်။ ကျွန်တော် ဘာများမှားနေသနည်း။ မလုံမလဲဖြစ်ကာ ကျွန်တော့်ကိုယ် ကျွန်တော် ပြန်ကြည့်မိချေသည်။
          နောက်တော့ ကျွန်တော် သဘောပေါက်သွားသည်။ လူများသည် ကျွန်တော့်ဘေးက မိန်းမကြီးကို ကြည့်လျက် ရယ်နေကြခြင်းပင်။ မိန်းမကြီးဆီ လှည့်ကြည့် သော်လည်း ရယ်စရာကို ကျွန်တော် ရှာမတွေ့ပါ။ လက်ကိုပိုက်လျက် ဣနြေ္ဒရရ ထိုင်နေသော မိန်းမကြီးထံမှာ ကဲ့ရဲ့စရာ အမှားတစ်စွန်းတစ်စမှ မတွေ့မိပါ။ လူတို့ ဘာကို ရယ်ကြသနည်း။ ကျွန်တော် စဉ်းစားမရပါချေ။ ဆာလောင်သော စိတ်သည် ထိုအခြင်းအရာတို့ကို ကြာရှည် အာရုံမစိုက်အား။ အိမ်ပြန်ရောက်သည်နှင့် ထမင်းစား ရန်ကိုသာ ကျွန်တော်တွေးနေလိုက်သည်။ ခဏအကြာ ရယ်သံများ ကြားရပြန်လေပြီ။ ပတ်ဝန်းကျင်ကို အာရုံစိုက်မိလျှင် လူတို့သည် ကျွန်တော့်ဘေးက မိန်းမကြီးကို ကွက်ကြည့်ကွက်ကြည့် ကြည့်ကာ အတောမသတ်ရယ်နေကြ၏။ မိန်းမကြီးကို ငဲ့စောင်းလျက်ကြည့်လျင် စောစောကပုံစံအတိုင်း လက်ပိုက်လျက် တည်တည်ငြိမ်ငြိမ် ထိုင်နေသည်ကိုသာ တွေ့ရ၏။
          ကျွန်တော် အတော်ခေါင်းစားသွားသည်။ ရယ်တော့ ရယ်နေကြသည်။ ဘာကိုကြည့်၍ ရယ်မှန်းလည်း ကျွန်တော်သိနေပြီ။ သို့သော် ဘာ့ကြောင့်ရယ်သည် ဆိုသည်ကို ကျွန်တော် မသိရသေးပါ။ ကျွန်တော့်ကိုယ်ပေါ် ခါးကိုင်းလျက် မတ်တပ် ရပ်နေသူထံ 'ခင်ဗျားတို့ ဘာကို ရယ်နေကြတာလဲ'ဟု လက်တို့မေးပစ်ချင်သည်အထိ ကျွန်တော့်စိတ်များက မရိုးမရွဖြစ်လာသည်။ သို့သော် အများနှင့်အတူ လိုက်ပါ မစီးမျောနိုင်ဘဲ အသိတရား နောက်ကောက်ကျနေရသော ခပ်ညံ့ညံ့လူ ကျွန်တော် မဖြစ်ချင်ပါ။ အာရုံထဲ တဝဲလည်လည်ပေါ်လာသော အမေ့ထမင်းစားပွဲကို ခဏ မေ့ဖျောက်ပစ်ကာ  ဒီတစ်ချီတော့ ရယ်ရခြင်းအကြောင်းရင်းကို အမိအရ ဖော်ထုတ် မည်ဟု ဆုံးဖြတ်ရင်း၊ ထိုမိန်းမကို တစ်လှည့် လူအများဆီကိုတစ်လှည့် မျက်လုံးဒေါက်ထောက်ကာ စောင့် ကြည့်နေလိုက်သည်။ ကျွန်တော့်အာရုံ အလုံးစုံတို့သည် ဘတ်စ်ကားပေါ်မှာ ဖြန့်ဝဲ ကျက်စားထားလိုက်သည်။
          မကြာမီ အဖြေကိုတွေ့ပါလေပြီ။ ထိုမိန်းမသည် တစ်ချိန်လုံး ခပ်တည်တည်နှင့် လက်ပိုက်ထိုင်လိုက် လာပြီး၊ မှတ်တိုင်တွင် ကားတစ်ခါရပ် တစ်ခါပြန်ထွက်တိုင်း လမ်းဘေးမှတ်တိုင်မှာ ရပ်လျက် ကျန်ခဲ့သူများထံ လက်ပြ နှုတ်ဆက်နေသောကြောင့်ပင်။ ပြီးလျင် ခပ်တည်တည်နှင့် ပုံစံမပျက် လက်ပိုက် ထိုင်လိုက်လာ ပြန်သည်။ ကျွန်တော် ထိုမိန်းမကို တအံ့တသြ ငေးကြည့်မိသည်။ နောက်တစ်ကြိမ် ကားမှတ်တိုင်တွင် ကားက ရပ်၊ လူများကဆင်းသူဆင်း၊ တက်သူတက်၊ ကားပြန်ထွက်သည်နှင့် ထိုမိန်းမသည် ရုတ်တရက် လက်တစ်ဖက် ကို ထုတ်ကာ၊ လူအများကို စောစောကလို လက်ပြနှုတ် ဆက်လိုက်ပြန်သည်။ ပြီးလျှင် ထိုမိန်းမသည် မည်သူ့ ကိုမျှအရေးတယူ လှည့်မကြည့်ဘဲ သူ့ဘာသာသူ ပုံစံမပျက် ထိုင်နေဆဲ။ တစ်စုံတစ်ယောက်က အင်အားသုံး၍ ဆွဲဖြေ လျှင်တောင် မရနိုင်လောက်အောင် သူ့လက်များကို တင်းကျပ်စွာပိုက်ထားဆဲ။ ဣနြေ္ဒရ နေသော မျက်နှာ ၏ နောက်ကွယ်၌ ထူးခြားသည့် စိတ်ကျေနပ်မှုတစ်ခု ရှိနေကြောင်း သိလိုက်ရလျှင် ကျွန်တော် များစွာအံ့အားသင့်သွားသည်။ တကယ်တော့ ကျွန်တော် အားကျသွားမိခြင်းပင်။ ကျွန်တော်အပါအဝင် ကားပေါ်ရှိ လူမှန်သမျှ (တစ်စုံတစ်ခု သော အကြောင်းအရာကြောင့်) စိတ်ကို မသက်မသာရှိစေလှသော မကျေနပ်မှု တစ်ခုစီ၊ ကိုယ်စီကိုယ်ငရှိနေကြသည် မဟုတ်ပါလား။
          တချို့က ကားကျပ်သည်ကို မကျေနပ်။ တချို့က ကားကျပ်ကျပ်ထဲ ထိကပါး ရိကပါး၊ မဖွယ်မရာ ပြုမူခံရသောကြောင့် မကျေနပ်။ တချို့က အလုပ်ခွင်မှ အဆင် မပြေမှုများ ပြန်တွေးကာ ကားပေါ်ရောက် သည့်တိုင် မကျေနပ်။ တချို့က ကားစပယ်ယာ ပိုက်ဆံပြန်မအမ်း၍ မကျေနပ်။ တချို့က စပယ်ယာအတင်း ဆွဲတင်၊ အထဲတိုးဝင်ခိုင်း ကာ ငေါက်လားငမ်းလားလုပ်သောကြောင့် မကျေနပ်။ စပယ်ယာက သူခိုင်းသလို အထဲမဝင်ဘဲ အပေါက်ဝနားမှာ ပေကပ်ရပ်စီးသူ ခရီးသည်များကို မကျေနပ်။ ကားသမားက သူ့ကားကို ဂျက်လေယာဉ်ပျံနှုန်းအတိုင်း စိတ်လွတ် လက်လွတ် မမောင်းရလေသောကြောင့် မကျေနပ်။ ကျွန်တော် အပါအဝင် ကားပေါ် ကလူများ၏ မျက်နှာ အားလုံးတို့သည် မကျေနပ်မှုများ ကိုယ်စီကိုယ်ငဖြစ်ပေါ် ခံစား လျက်ရှိချိန်၊ ထိုမိန်းမ၏ မျက်နှာကတော့ ထူးခြားစွာ တည်ငြိမ်နေပါသည်။ ထိုမိန်းမ၏ မျက်နှာတွင် မကျေနပ် မှုမရှိ။ ပကတိ တည်ငြိမ်နေသော မျက်နှာကို ကျွန်တော်ငေးကြည့်မိသည်။
          လူတို့သည် မိမိတို့၏ မကျေနပ်မှုကို တဒင်္ဂအားဖြင့် မေ့လျော့သွားပြီး၊ ထိုမိန်းမ၏ လုပ်ရပ်တစ်ခုကို ကြည့်ကာ တစ်ချက် တစ်ချက် ရယ်မောကြသည်။ သို့သော် ပျော်ရွှင်လှိုက်လှဲသော ရယ်မောသံမျိုးမဟုတ်။ ကဲ့ရဲ့လှောင်ပြောင်သော ရယ်မောသံများ။ ထိုမိန်းမက မည်သူ့ကိုမှမကြည့်။ သူလုပ်ချင်သော အလုပ်တစ်ခုကို စိတ်ပါလက်ပါကြီးပင် ပြုမူဆောင်ရွက်နေသည်။ ကျွန်တော် ထိုမိန်းမကို စိတ်ဝင်တစား စောင့်ကြည့်နေမိသည်။ မှတ်တိုင်တစ်ခုတွင် ကားရပ်သည်နှင့် ထိုမိန်းမ၏ တင်းကျပ်စွာ ပိုက်ထားသော လက်များသည် အနည်းငယ်ပြေ လျော့သွားကာ တစ်စုံတစ်ရာကို လုပ်ဆောင်ရန် အသင့်ပြင်ဆင်လျက်ရှိ၏။
          ကားရပ်ပြီ။ ထိုမိန်းမသည် အနည်းငယ် လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး၊ လမ်းဘေးမှတ်တိုင်တွင် ရပ်နေ သူများကို တစ်ချက်ငဲ့ကြည့်သည်။ နောက် သူ့မျက်နှာသည် သိသိသာသာပင် ပြုံးယောင်သမ်းလာပြီး ရပ်နေသူတို့ကို နှုတ်ဆက်စကားဆိုချင်ဟန် သူ့မျက်နှာတွင် အထင်းသားပေါ်လာသည်။ အမှတ် တမဲ့ကြည့်လျှင် တစ်ယောက်တည်းပြုံးပြနေခြင်းသာ။
          ထို့နောက် ကားပြန်ထွက်သည်နှင့် ထိုမိန်းမသည် လက်တစ်ဖက်ထုတ်၍ ရုတ်တရက်ဝှေ့ယမ်းကာ လမ်းဘေးပလက်ဖောင်းပေါ်က လူများထံ လက်ပြ နှုတ်ဆက်လိုက်သည်။ တကယ့်ကို အူလှိုက်အသည်းလှိုက် တရင်းတနှီး နှုတ်ဆက် ပုံမျိုး။ တချို့က မြင်ပုံမရ။ တချို့က မြင်သော်လည်း အရေးမလုပ်။ (အရေးလုပ်ရအောင်လည်း သိကျွမ်းလည်း သိကျွမ်းသူမဟုတ်)။ တချို့က အသိမိတ်ဆွေတစ်ယောက်များ  လက်ပြသွားလေရော့သလား ဇဝေဇဝါအတွေးနှင့် ကားထွက်သွားရာနောက်သို့ လိုက် ကြည့်ရင်း အူကြောင်ကြောင် ကျန်ရစ်ခဲ့ကြောင်း အဖြစ်အပျက်အားလုံးကို ကျွန်တော် မြင်တွေ့နေရသည်။ ထိုမိန်းမသည် သူလုပ်ချင်သော အလုပ်ကို လုပ်ပြီးသွားသည်နှင့် ပုံစံမပျက် လက်ပိုက်လျက် ဣနြေ္ဒရရထိုင်နေပြန်သည်။ လူတို့၏ ရယ်သံများသည်လည်း ခပ်ကျိတ်ကျိတ် မဟုတ်တော့ဘဲ တစ်ကြိမ်ထက်တစ်ကြိမ်ပို၍ ကျယ်လောင်များပြား လာသည်။
          သို့နှင့် ကျွန်တော်ဆင်းရမည့် ကျောက်မြောင်းဈေးမှတ်တိုင် ရောက်လေပြီ။ ကားရပ်သည်နှင့် ကျွန်တော်သည် ကမန်းကတန်းထကာ အများသူငါထက် အရင်ဦး ဆုံးအောက်ရောက်ရန် အတင်း တိုးဝှေ့ဆင်းလိုက်သည်။ အောက်ရောက်သည်နှင့် ဘတ်စ် ကားဆီသို့ ကျွန်တော် ပြန်လှည့်ရပ်ကြည့်လိုက်သည်။ ပြတင်းဝရှိ ထိုမိန်းမ၏ မျက်ဝန်းများထဲသို့ စူးစိုက်ကြည့်ကာ အသင့်အနေအထားဖြင့် ကျွန်တော် ရပ်စောင့်နေ လိုက်သည်။ မှတ်တိုင်မှ ကားပြန်ထွက်လျှင် ထိုမိန်းမသည် လှိုက်လှဲသော အပြုံးမျက်နှာဖြင့် လက်တစ်ဖက် ထုတ်ကာ ဝှေ့ယမ်းနှုတ်ဆက်သည်။
          ထိုစဉ် အသင့်စောင့်နေသော ကျွန်တော်ကလည်း မဆိုင်းမတွပင် လှုပ်ရှား လိုက်၏။ ဟေး...ဟု ရုတ်တရက် အော်ဟစ်သံပြုကာ လက်နှစ်ဖက်လုံး မြှောက်ပြီး၊ အားပါတရ ဝှေ့ယမ်းပြလိုက်ခြင်းအားဖြင့် တုံ့ပြန် နှုတ်ဆက်လိုက်သည်။ မျှော်လင့်ပုံ မရသော လမ်းဘေးမှတ်တိုင်က လူတစ်ယောက်၏ အပြုအမူကြောင့် ထိုမိန်းမသည် ရုတ်တရက် ကြောင်အမ်းအမ်းဖြစ်သွားပြီး၊ ချက်ချင်းပင် ဟေး...ခနဲ အသံပြုကာ ကျွန်တော့်ကို ဝမ်းသာအားရ ထပ်မံနှုတ်ဆက်သည်။ ထိုမိန်းမ၏ မြူထူးပျော်ရွှင် သွားသော မျက်နှာတစ်ခုကို ကျွန်တော် ဘယ်သောအခါမှ မမေ့တော့ပါ။ ကျွန်တော် တို့နှစ်ယောက်သား  မြူးတူးပျော်ရွှင်စွာဖြင့် အပြန်အလှန် လက်ပြနှုတ်ဆက်လိုက် ကြသည်။ မှတ်တိုင်မှ ဘတ်စ်ကားထွက်ခွာသွားသည့်တိုင် ထိုမိန်းမသည် ပြတင်းဝမှ ခေါင်းကို ပြူထွက်ကာ သမင်လည်ပြန်ကြည့်ရင်း ကျွန်တော့်ကို လက်ပြနှုတ်ဆက်၍ မဆုံး။ ကျွန်တော်ကလည်း ခြေတြ
          ဘတ်စ်ကားကြီးသည် အစက်အပြောက် သေးသေးကလေးဖြစ်သွားကာ ကျွန်တော့်မြင်ကွင်းထဲမှ လုံးလုံးလျားလျား ပျောက်ကွယ်သွားမှပင် လက်များကို ပြန်ချရန် ကျွန်တော်သတိရတော့သည်။ သည်တွင် လူအများ ကျွန်တော့်ကို ပတ်ပတ်လည်ခြံရံလျက် ဝန်းအုံကြည့်ရှုနေကြသည်ကို ကျွန်တော်တွေ့မိသည်။ အခြားကမ္ဘာက ထူးဆန်းထွေလာ ဂြိုဟ်သားတစ်ဦးကို ဘွားခနဲ တွေ့မြင် လိုက်ရဘိသကဲ့သို့ ကျွန်တော့်ကို အားလုံးက တအံ့တသြဝိုင်းအုံ ကြည့်ရှု နေကြသည်။ သို့သော် ကျွန်တော်မမှုပါ။ မလုံမလဲ ရှိုးတိုးရှန့် တန့်လည်းမဖြစ်ပါ။ မည်သူမျှ လုပ်လိမ့်မည်မဟုတ်သော မည်သူမျှလုပ်ရဲမည် မထင်သော အလုပ် တစ်ခုကို စိတ်ပါလက်ပါလုပ်ဆောင်လိုက်ရ၍ ကျွန်တော့်ရင်မှာ ကျေနပ်ခြင်းများစွာ ပြည့်လျှံနေပါသည်။
          ကျွန်တော်လုပ်ခဲ့သော ထိုလုပ်ရပ်တစ်ခုသည် အများတကာအမြင်တွင် ရူးကြောင်မူးကြောင် နိုင်ကောင်း နိုင်မည်ဖြစ်သော်လည်း ဒါသည် လူသား တစ်ယောက်အနေနှင့် အလုပ်သင့်ဆုံး အလုပ်တစ်ခုကို ရဲဝံ့ပိုင်နိုင်စွာဖြင့် လုပ်ဆောင်နိုင်ခဲ့ခြင်းပင် ဖြစ်ကြောင်း ကျွန်တော် စိုးစဉ်းမျှ သံသယမရှိပါ။
          ထိုမိန်းမ၏ ရွှင်မြူးသွားသော မျက်နှာကို ပြန်မြင်ယောင်မိလေတိုင်း ကျွန်တော့်လုပ်ရပ်အပေါ် ကျွန်တော် ဝမ်းမြောက်ဂုဏ်ယူနေမည် ဖြစ်ပါသည်။


စုမီအောင်
(Fashion Image  ၊ ၂ဝဝ၄-ဇွန်)



1 comment:

June Moe said...

လက်ပြနှုတ်ဆက်လိုက်တဲ့သူရဲ့ ခံစားချက်ပီတိ၊ မမျှော်လင့်ဘဲ တန်ပြန်နှုတ်ဆက်ခံလိုက်ရတဲ့သူရဲ့ ခံစားချက်ပီတိ.... ကိုယ့်ရှေ့မှာ ဖြစ်ပျက်သွားသလိုကို ရေးဖွဲ့ထားတဲ့ အက်ဆေးကောင်းလေး... အရမ်းကြိုက်တယ် အစ်မ။

ခင်မင်စွာဖြင့် -