Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, September 09, 2015

ကျွန်မပခုံးပေါ်ကလျှောကျသွားတဲ့မောင်ရဲ့လက်တွေ(အက်ဆေး - ၉)

          မောင်... မှတ်မိဦးမလာပဲ...။
          ကျွန်မကတော့ ကောင်းကောင်းကြီးကို အမှတ်ရနေမိတယ်။
          ဗိုလ်ချုပ်လမ်းက national CDအရောင်းဆိုင်ကလေးမှာပေါ့။ မောင်နဲ့... အို မဟုတ်ဘူး၊ မောင့်ရဲ့ လက်တစ်စုံနဲ့ အရင်ဆုံးတွေ့ခဲ့ရတာ ဘယ်မေ့နိုင်ဦးမှာလဲ မောင်ရယ်။
          အဲဒီတုန်းက အခုလိုပဲ မိုးကလေးက အုံ့မှိုင်းနေသေးတော့... တကယ့်ကို လွမ်းစရာပဲပေါ့...။
          လွမ်းတယ် ...မောင်ရယ်... အလွမ်းကြီးလွမ်းတယ်...။ မောင့်ကို ဟင့်အင်း မဟုတ်ပါဘူးနော်... အနားမှာရှိနေတဲ့ မောင့်ကို ...ကျွန်မက ဘာကိစ္စ လွမ်းတ,ရမှာလဲ ကျွန်မလွမ်းနေတာလေ... မောင့်ရဲ့လက်တွေကိုပါရှင်ရယ်...။ ရှင်းရှင်းပြောရရင် ကျွန်မ ပခုံးပေါ်မှာ ရှိမနေတော့တဲ့ မောင့်ရဲ့ လက်တွေကိုပေါ့...။
          မောင်... မေ့နေလောက်ပါပြီ။ ကျွန်မ ပြန်ပြောပြရင်တော့ ခပ်ရေးရေး မောင်သတိရကောင်းရဲ့။ ဟောသည်  အြေငသညေူ ဃီ ဆိုင်ကလေးမှာလေ MP 3 Love Song CDချပ်ကလေးဆီ လက်အလှမ်း၊ စိတ်အကြံတူနေတဲ့ ကျွန်မနဲ့မောင် လက်ချင်း ခလုတ်တိုက်မိသွားတာ ဖြစ်လေ့ရှိတာမျိုးပါ။ ဒါပေမဲ့ ထူးဆန်းတာက သစ်ရွက်လှုပ်တာမြင်တိုင်း ရယ်မော ရင်ခုန်တတ်တဲ့ ဆယ်ကျော်သက်ကလေး တစ်ယောက်လို ကျွန်မရင်က လှိုက်ခနဲ ခုန်လှုပ်သွားလို့ပဲပေါ့။ ဒါဟာ ဘာကြောင့်များ...။ ကျွန်မယူမယ့် CDလေး သူတစ်ပါးလက်ထဲ အရင်ပါသွားမှာ စိုးရိမ်စိတ်နဲ့ ဒိတ်ခနဲ၊ ထိတ်ခနဲ ခုန်လှုပ်သွားမိတာမျိုးလို့ ဖြေသိမ့်တွေးချင်သေးပေမယ့် CDချပ်လေး လက်ထဲရောက် အိမ်ကို ပါလာတဲ့အထိ ဟောသည်ရင်ဘတ်ဆီက လှိုက်ဖိုလှိုက်ဖိုနဲ့ ကဲ ဒီ့ထက်သေချာရဦးမလား။ ကျွန်မရင်ခုန်တာ မောင်ရဲ့ လက်တွေ ကြောင့်ပါရှင်ရယ်။

          သူငယ်ချင်းစန္ဒီက Midi Files Collection 2000 ထဲမှာ Pianist ဆိုတာရှိတယ်။ စန္ဒရားတေးသွားတွေ အများကြီးပဲ၊ နင့်အကြိုက်ပဲလို့ သတင်းပေးလာတာနဲ့ national CDဆိုင်ကလေးကို အပြေးရောက်လာပြန်ပေါ့။ Midi Files Collection 2000ကို အတွေ့ ရုတ်တရက်လက်အလှမ်းမှာ ဒုတိယအကြိမ် လက်တစ်စုံနဲ့ ဝင်တိုက်မိပြန်ပေါ့...။ သည်လက်တစ်စုံပါပံလို့ သိလိုက်ရတဲ့ခဏ... ကျွန်မရင်တွေက ဒုန်းခနဲ ဆောင့်ခုန်သွားပုံများ ပြောမပြောချင်ပါဘူးရှင်ရယ်၊ စိတ်အကြံတူနေတဲ့ အလုပ်တစ်ခုကို ပြိုင်တူလုပ်မိတဲ့လက်ချင်း ...အမှတ်တမဲ့ ဝင်တိုက်၊ ထိခတ်မိတယ်ဆိုတာ မဆန်းလှပေမယ့် ဒီလက်နဲ့ပဲ နောက်တစ်ကြိမ် ဒီနေရာမှာ ဒီလိုပဲ ဝင်တိုက်မိတယ်ဆိုတာကတော့ နည်းနည်းထူးဆန်း မနေဘူးလားပဲ နော် မောင်၊ အမှတ်တမဲ့ပေမယ့် အဲဒီလို အမှတ်တမဲ့အဖြစ်ကလေးတွေအပေါ် (ခုချိန်ထိ) ကျွန်မက တသသနဲ့လွမ်းတ အမှတ်ရနေမိတတ်သူပါ...' (မောင်ကတော့ 'အမှတ်တမဲ့' တွေကို အယုံအကြည်နည်းသူပီပီ 'ဖြစ်တတ်ပါတယ်'ဆိုတဲ့ စကားတစ်ခွန်းနဲ့  ခနဲ့ချင် ခနဲ့ဦးမှာ ကျွန်မသိနေတာပေါ့)
Base tone သံ ခပ်များများအသံနဲ့ မောင်က 'ဒီဟာ မင်းယူမလို့လား'တဲ့။ ကျွန်မက 'အင်း'ဆိုတော့... 'နောက်မှယူလို့ မရဘူးလား' တဲ့ ထပ်မေး၊ ကျွန်မက 'ဟင့်အင်း'ဆိုတော့ မောင်က ...ခပ်ပြုံးပြုံးဖြစ်သွားပြီး၊Yes နဲ့ No စကားနှစ်လုံး တည်း တတ်တာလား' တဲ့၊ အင်မတန်စကားသွက်တဲ့ ကျွန်မ စကားစ,ရှာမရဖြစ်နေတဲ့ အကြောင်းရင်းက ကျွန်မရင်ဘတ်ထဲက ဟောသည်နှလုံးသားလေး အလို အလျောက် ခုန်ဆောင့်နေရာက အရှိန်လွန်ပြီး အပြင်ကိုများလွင့်စင် ထွက်ကျ လာမလား။ စိုးရိမ်စိတ်နဲ့ ဖုံးဖိ ထိမ်းသိမ်းနေရလို့ပဲပေါ့။ Midi Files Collection 2000 က ဒီတစ်ချပ်ထဲ ရှိတာဆိုတော့ ကျွန်မတို့ အခက်တွေ့ကြရပြီနော်၊ ကျွန်ကလည်း လိုချင်တာကို မတွေ့ရရင်တော်သေး၊ တွေ့နေရမှတော့ ချက်ချင်းအရယူချင်သူ။ မောင်ကလည်း အရေးကြီး။ အဲဒီတုန်းက ဃီ တစ်ချပ်နဲ့  လူနှစ်ယောက် ပြဿနာလို့ ကျွန်မတို့ ဖြေရှင်းပုံများ ညံ့လိုက်တာကွယ် မပြောပါနဲ့တော့... (ခုချိန်တွေးကြည့် တော့ တကယ့်ကို ရယ်စရာကြီးပေါ့..)
          မောင်က အဲသည် Midi Files Collection 2000ထဲက သီချင်းတွေအတော်များများ လိုချင်သူ ဆိုတော့ သူက စီဒီဖိုးငွေ ၁၅ဝဝ ကျပ်ကို ပေးမယ်တဲ့။ သူဝယ်မယ်တဲ့။ ကျွန်မက တစ်မျိုးတည်းယူမဲ့သူဆိုတော့ အိမ်ပြန်ပြီး ချက်ချင်း ကွန်ပျူတာထဲ ထည့်လိုက်ပေါ့တဲ့။ သူလိုက်စောင့်ယူမှာပေါ့တဲ့။ ကျွန်မကလည်း အဲဒီစိတ်ကူးကို ဘာကြောင့်များ အလွယ်တကူ သဘောတူမိသွားပါလိမ့်။ တကယ်ဆို အနီးအနားက FMI centreဒါမှမဟုတ် မဟာဗန္ဓုလပန်းခြံလမ်းကTechnol-Landတစ်နေ ရာရာမှာ သွားထပ်ဝယ်လိုက် ရရဲ့သားနဲ့ ရန်ကုန်တစ်မြို့လုံးမှာ Midi Files Collection 2000 ဒီတစ်ချပ်တည်း ရှိတော့တဲ့အတိုင်းပဲ။ တခြားဆိုင်တွေကို ဘာကြောင့်များ မေ့လျော့ခဲ့မိကြပါလိမ့်၊ သိပ်ညံ့ဖျင်းကြတာပဲနော်။ ကျွန်မတို့ချင်း  ရင်းနှီးခွင့်ရသွားတာကတော့ အညံ့ထဲက အကောင်းပေါ့...။
          ဟုတ်တယ်... မောင်နဲ့ မိတ်ဆွေဖြစ်ရတာ သိပ်ကောင်းတာပဲ...။
          အခုမှ မြင်တွေ့ သိတဲ့လူတစ်ယောက်ကို ဘာကြောင့်များ အလွယ်တကူ အိမ်ခေါ်သွားမိပါလိမ့်။ အမှတ်တမဲ့ ခလုတ်တိုက်မိသွားတဲ့ လက်တစ်စုံရဲ့ ပိုင်ရှင် အစစ်ဖြစ်နေလို့ ထင်ပါရဲ့လို့ ကျွန်မယူဆလိုက်တယ်။ ကွန်ပျူတာက ကျွန်မအိပ် ခန်းထဲမှာဆိုတော့ မောင့်ကို ကျွန်မဧည့်ခန်းမှာပဲ ထိုင်စောင့်ခိုင်းခဲ့ပါတယ်နော်။
          (နောင်အခါ ချစ်သူတွေဖြစ်ကြတော့ ...'အခုမှတွေ့တဲ့ လူတစ်ယောက်ကို ဘယ်လောက်များ ယုံကြည်ရလို့ အိမ်ခေါ်ရတာလဲ။ အဲဒီတုန်းက မောင်က ဧည့်ခန်းမှာ ငြိမ်ငြိမ်မနေဘဲ အိပ်ခန်းထဲ လိုက်ဝင်လာရင် ဘယ်လိုလုပ်မလဲ' တဲ့။ 'မောင့်စိတ်ထဲ ရှိရင်တောင်မှ မောင့်ရဲ့လက်တွေက အဲဒီလို အလုပ်တွေ လုပ်မှာ မဟုတ်ပါဘူး'လို့ ကျွန်မကပြောတော့ မောင်က သူ့ရဲ့လက်တွေကို ကွယ်ဝှက်လို့ ရှက်ရယ်ရယ်သေးရဲ့..) ဟုတ်တယ်။ မောင့်ရဲ့လက်တွေက တကယ်ဆို မလှပကြဘူး။ မချောမွေ့ကြဘူး၊ တခြားယောက်ျားတွေလို လက်စွပ်၊ နာရီ၊ hand chain တွေလည်း ရှိမနေဘူး။ ဒါနဲ့တောင် ကျွန်မမျက်စိထဲ ဘာဖြစ်လို့ ကြည့်လို့ကောင်းနေပါလိမ့်။ ဘာဖြစ်လို့... ကျွန်မရင်ကို ခုန်လှုပ်စေရတာပါလိမ့်... မောင်သိလား။ ကျွန်မဝန်ခံရဦးမယ် အဲဒီတုန်းက CDလေး ပြန်ပေးရင်းနဲ့ မောင့်ရဲ့လက်တွေကို ကျွန်မ သေသေချာချာကြီး ကြည့်နေမိလိုက်သေးတယ်။ အဲဒီတုန်းက ကျွန်မညံ့လိုက်ပုံ များ မပြောပါနဲ့တော့.. မောင့်ကို ကော်ဖီလေးဘာလေး ဖျော်တိုက်ဖို့တောင် မစဉ်းစား မိဘူးနော်။ ပြန်မယ်အလုပ်... မောင်က ...
          'ကိုယ် ဘယ်မှာနေလဲ မမေးတော့ဘူးလား'တဲ့။
'ရန်ကုန်က ကျဉ်းကျဉ်း လေးပဲဟာ'လို့ ကျွန်မပြောတော့... 'ကိုယ်နိုင်ငံခြားထွက်သွားရင် ဘယ်လိုလုပ်မလဲ' တဲ့။
'ကမ္ဘာကြီးကလည်း ထင်သလောက် မကျယ်လှပါဘူး'ဆိုတော့ မောင်က... ရယ်လိုက်တာ။ (နောက်တော့... ပြောမိကြတာက... အဲဒီတုန်းက မောင့်လိပ်စာကို စိတ်မဝင်စားတာက မောင်နောက်နေ့ ကျွန်မဆီလာမယ်ဆိုတာ သိနေလို့ပေါ့လို့ မောင့်ကို ကျွန်မ စနောက်မိတော့ မောင်ကလည်း အားကျမခံ ကျွန်မ သူ့ကို မျှော်နေမယ်ဆိုတာ သိနေလို့... အားနာပါးနာနဲ့ လာပေးရတာတဲ့လေ)။ မောင်ပြန်တော့ ကမ္ဘာကျော် Pianist ၃၆ ယောက်ရဲ့ သီချင်း၂ဝဝ ကျော်ကို နားထောင်ရင်ခုန်ပစ်လိုက်တာပေါ့။
          တကယ်ပါပဲ နောက်နေ့မှာ မောင် ... ကျွန်မဆီရောက်လာမယ်လို့ ကျွန်မ သိနေသလို ကျွန်မ မျှော်စောင့်နေလိမ့်မယ်ဆိုတာ သူသိနေခဲ့ပါတယ်။ ဒါဟာ 'အချစ်' ကြောင့်ကလွဲလို့ ဘာကြောင့်များ ဖြစ်နိုင်သေးလို့လဲ။
          ချစ်သူတွေဖြစ်တဲ့အခါ မောင်အမြဲ စနောက်တတ်တာရှိတယ်။ 'ကောင်မ လေးတစ်ယောက်... ကိုယ့်ချစ်သူ မျက်နှာကိုတောင် မကြည့်ရဲတဲ့အထိ အရှက်သည်း တတ်လိုက်တာ'တဲ့။ တကယ်တော့ ကျွန်မက ရှက်တတ်ချင်ယောင်ဆောင်ပြီး၊ မျက်လွှာချလို့ မောင့်လက်တွေကို ခိုးခိုးကြည့်နေမိတာပါ။ တကယ်ပါ... တကယ် မောင့်လက်တွေကလေ လှကိုမလှဘူး။ ဒါပေမဲ့ ဘာကြောင့် ကျွန်မ ခိုးခိုးကြည့်နေ မိပါလိမ့်။ မောင့်လက်တွေကို ခိုးကြည့်လိုက်၊ ဆိုင်ကလေးမှာ လက်ချင်းဝင်တိုက် ထိခတ်မိတဲ့အဖြစ်ကို ပြန်ပြန်တွေးလိုက်နဲ့၊ ကျွန်မတစ်ယောက်တည်း ရင်ခုန်ဗျာများ နေလိုက်ရတာ မပြောပါနဲ့တော့၊ တကယ့်ကို ကျွန်မကိုယ်တိုင် မသိနိုင်တဲ့ အဖြစ်ပါပဲနော်။
          မောင် ... မှတ်မိဦးမလား..။
          မောင်က အမှတ်တမဲ့လေး ပြုမူလိုက်တာဖြစ်ပေမဲ့ ကျွန်မက တစ်သက် မမေ့နိုင်အောင် အမှတ်တရ တစ်ခု ဖြစ်သွားခဲ့ဖူးတာလေ။ ဒါပေမဲ့ မောင်မရိပ်မိစေ အောင် ကျွန်မတိတ်တဆိတ်လေး ကျေနပ်နေခဲ့တာပါ။ မောင်နေတဲ့ မင်းရဲကျော်စွာ လမ်းကနေ ဗိုလ်ချုပ်ဈေးကို လမ်းလျှောက်သွားကြတုန်းကပေါ့။ မီးပွိုင့်အရောက် ပြည်လမ်းမကြီးကို ဖြတ်အကူးမှာ မောင့်ရဲ့ လက်တစ်ဖက်က ကျွန်မပခုံးပေါ်ကို ဖျတ်ခနဲရောက်လာပြီး၊ ထွေးပွေ့ခေါ်ဆောင်သွားလိုက်တာ ကျွန်မ ခန္ဓာဟာ မောင်ရဲ့ ခေါ်ဆောင်ရာကို အလိုလိုယိုင်နွဲ့မှီလို့ ကျွန်မခြေလှမ်းတွေကလည်း အားအင်တွေ ပြည့်လျှမ်းလို့။ ဟောသည် ပြည်လမ်းမကြီးကို ကားတွေ ၁ဝ စီးစာ ယှဉ်သွားနိုင်တဲ့ အကျယ်မျိုးထိ ဆွဲဆန့်လို့ ကျယ်ပြန့်သွားစေချင်လိုက်တာ။
          လမ်းမတစ်ဖက်ကို မရောက်ချင်တဲ့အထိ သည်လမ်းကို အကြာကြီး ဖြတ်ကူးနေချင်လိုက်တာ။ လမ်းတစ်ဖက် ပလက်ဖောင်းဆီခြေချမိတာနဲ့ မောင်က လက်ကို အသာဖြုတ်ချပြီး 'ဆောရီးနော်'တဲ့။ ကျွန်မက မိန်းကလေးလေ မောင်ရဲ့၊ ဟင့်အင်း ဆောရီးမဆိုနဲ့ ဒါလေးကိုပဲကြိုက်တာလို့ ဘယ်လိုပြောထွက်ပါ့မလဲ၊ ဒီတော့ ဥာဏ်နီဥာဏ်နက်လေးသုံးပြီး ဗိုလ်ချုပ်ဈေးရောက်တော့ Super One မှာ ဝယ်စရာရှိသလိုလို၊Super One ရောက်တော့FMIတစ်ခုခု ရှာစရာရှိ သလိုလို၊ ပြီးတော့ National ရှေ့ ရောက်ပြန်၊ တစ်ခါ ဗိုလ်ချုပ်ဈေးFMIရှေ့ ပလက်ဖောင်းမှာ ချရောင်းတဲ့လမ်းဘေးဈေးတန်းကလေးဆီ သွားပြန်။ အဲဒီကနေ National ဘက် ပြန်ကူး။ ဟိုဘက်ဒီဘက်လမ်းတွေဘဲ ကူးချင်နေတဲ့အထိ ကျွန်မပခုံးပေါ်ရောက်လာမဲ့ မောင့်ရဲ့လက်တွေကို မျှော်လင့်လိုက်ရတာနော်..။
          မောင်... ရယ်မလားပဲ၊ ရှက်စရာပေမဲ့ ကျွန်မပြောပြချင်သေးတယ်။ ချစ်သူ ရခါစ ကောင်မလေးတစ်ယောက် ချစ်သူရဲ့ လက်တွကို ခိုးခိုးကြည့်ပြီး၊ အဲဒီ လက်တွေနဲ့ ဘယ်တော့ ဘယ်အချိန်ပွေ့ဖက် ယုယလာလိမ့်မလဲလို့ စောင့်မျှော် မိတဲ့အကြောင်းပေါ့။ ကျွန်မက... မောင်က သိပ်ရိုးသားပါတယ်။ နှစ်ယောက်တည်း ရှိနေပေမဲ့လည်း မောင့်ရဲ့လက်တွေက ကျွန်မရဲ့ ဆံနွယ်စလေးတွေကို ဆွဲယူတို့ထိ ရကောင်းမှန်းမသိဘူး။ ကျွန်မရဲ့ လက်ဖျားလေးတွေကို ဆွဲယူတို့ထိရကောင်းမှန်း မသိဘူး။ လက်ဖဝါးလေးတွေကိုလည်း လက္ခဏာကြည့်ပေးသလို ဘာလိုလိုနဲ့ ညာကိုင်ရကောင်းမှန်းမသိဘူး။
          မောင်ရဲ့လက်တွေက တစ်ခုပဲသိတယ်။ လမ်းကူးတော့မယ်ဆိုတာနဲ့ ကျွန်မပခုံးပေါ်ကို ဖတ်ကနဲရောက်လာတော့တာပဲ။ ဒါတောင်မလုံမလဲနဲ့ 'ကားတွေ အရမ်းရှုပ်လို့'လို့ ဆင်ခြေပေးတတ်သေးရဲ့၊ လမ်းကူးရဖို့အခွင့်ကိုပဲ ရှာကြံစဉ်းစားလို့ ဥာဏ်များနေတတ်တဲ့ ကျွန်မအကြံကိုတော့ မောင်မရိပ်မိပါလားနော်။
          ဘာပဲဖြစ်ဖြစ် ကျွန်မပခုံးပေါ်က မောင်ရဲ့လက်တွေကို ကျွန်မချစ်တယ် ရှင်ရယ်...။
          မောင်နဲ့လက်ထပ်ပြီး အတူနေတဲ့အခါမှာတော့... မောင်ရဲ့လက်တွေ ဘယ်လောက်တောင်မှ သဘောကျ ချစ်မက်စရာကောင်းတယ်ဆိုတာ ပိုသိလာ ရတော့တာပေါ့။ မောင့်ရဲ့ လက်တွေက ကျွန်မအတွက် ကော်ဖီကောင်းကောင်း လေးတစ်ခွက်ကို ဖျော်ပေးတတ်တယ်။ ကျွန်မ ရေချိုးနေတဲ့အခါ ကျောက်ပျဉ်နဲ့ အပြည့် သနပ်ခါးတွေ သွေးပေးတတ်တယ်။ ပြီးတော့ ကျွန်မ စွဲလမ်းရတဲ့ ပီယာနို တေးသွားတွေကို ဂစ်တာကို ကြိုးပြောင်းညှိပြီး Folk Song ပုံစံ ဂစ်တာနဲ့ တီးပြတတ်တယ်။ သည့်ထက် သဘောကျစွဲမက်စရာလက်တွေ ဘယ်မှာရှိဦးမှာလဲနော်။ ဒါဟာ ကျွန်မ သဘောကျ တဲ့ မောင့်ရဲ့လက်တွေပါပဲ။
          ဒါပေမဲ့ စိတ်မကောင်းစရာတစ်ခုက-
          မနက်ခင်းတွေတိုင်း ကျွန်မဆာငတ်တာတွေ ပြေစေဖို့ ကော်ဖီဖျော်ပေး တတ်တဲ့ မောင်ရဲ့လက်တွေ၊ နေ့ခင်းတွေတိုင်း ကျွန်မစိတ်လက်ကြည်လင်စေဖို့ သနပ်ခါးသွေးပေးတတ်တဲ့ မောင်ရဲ့လက်တွေ၊ ညခင်းတွေတိုင်း ကျွန်မအိပ်မက် တွေလှပစေဖို့ Folk Song တွေ တီးပြတတ်တဲ့ မောင်ရဲ့လက်တွေ၊ အဲဒီလက်တွေက ကျွန်မတို့ အပြင်ထွက်ကြတဲ့အခါ ကားလမ်းကူးကြတဲ့အခါ ကျွန်မပခုံးပေါ်မှာ ရှိမနေကြတော့တာ ကြာပါပြီကော မောင်ရယ်...။
          မောင်ရဲ့လက်တွေ ကျွန်မပခုံးပေါ် ရောက်လာမှာကို သဘောကျမျှော် လင့်စိတ်နဲ့၊ ကားလမ်းကူးရဖို့ အခွင့်အရေးတွေကိုချည်း မူယာမာယာများလို့ ရှာဖွေ နေမိတတ်တဲ့ ကျွန်မလေ။ ခုချိန်မှာတော့ အပြင်တစ်ခါထွက်ရမှာ၊ ကားလမ်းကူးရမှာ ကို ကြောက်ရွံ့တတ်နေပါပြီ၊ မောင်ရဲ့လက်တွေက ကျွန်မပခုံးပေါ်ရောက်လာဖို့ တကယ်ပဲ မေ့လျော့နေကြလို့ပေါ့။
          သိပ်ကားရှုပ်တဲ့ အခါမျိုးမှာ ကျွန်မလက်တစ်ဖက် (လက်ကောက်ဝတ် နေရာ)ကို လမ်းမကူးတတ် သေးတဲ့ ကလေးတစ်ယောက်ကို လူကြီးတစ်ယောက်က ဆွဲခေါ်နေရသလိုမျိုး ဆွဲခေါ်လားခေါ်ရဲ့၊ ရာဇ၀တ်သားကို ရဲကဖမ်းချုပ်ခေါ်လာသလို တံတောင်ဆစ်ကနေ ကျပ်ကျပ်တင်းတင်းဆုပ်ဆွဲပြီး ခေါ်လားခေါ်ရဲ့။ ကားရှင်းတဲ့အခါမှာတော့ သူတစ်ယောက် တည်း ကားလမ်းတစ်ဖက်ကို ကြိုရောက်သွားနှင့် လား ရောက်ရဲ့...။ ကျွန်မပခုံးပေါ် မှာ မောင့်ရဲ့လက်တွေ ရှိမနေကြတော့ပါဘူး။ အဲဒါကတော့ အသေအချာပါပဲ။
          ဒါပေမဲ့ ခက်တာက ကားလမ်းကူးဖို့ သဘောကျခဲ့ဖူးတာတွေ၊ အခု ကြောက်ရွံ့နေပြန်တာတွေ၊ ဒါတွေဘာဆိုဘာမှ မောင်မသိပါဘူး။ ကျွန်မက တိတ်တဆိတ်လေးပဲ ဆိုတော့လေ...။
          တကယ်ဆိုတော့လည်း မောင်က အမှတ်တမဲ့နဲ့ ပြုမူခဲ့တာပါပဲနော်။ အဲဒီအမှတ်တမဲ့ ပြုမူတာလေးကို တိတ်တဆိတ်လေး ကျွန်မဘာသာ စွဲမက်နှစ်ခြိုက် လို့ အမှတ်တရဖြစ်နေခဲ့မိတာ..။ ပြီးတော့ အမြဲတမ်းလည်း လိုချင်နေမိတာ အဲဒါမခက်ပေဘူးလား။
          တစ်ခါတစ်ခါ စဉ်းစားမိပါတယ်။ မောင်ရဲ့လက်တစ်ဖက်ကို ကျွန်မပခုံးပေါ် ကိုယ့်ဘာသာဆွဲယူတင်ပြီး၊ မောင်ရဲ့မေ့လျော့မှုတစ်ခုကို အစဖော်ပေးရကောင်းနိုးနိုး စဉ်းစားမိတာ အခါခါပေမယ့် ကလေးကလား ဆန်လေမလား၊ ကနွဲ့ကလျဆန်လေ မလား တွေးမိပြန်တော့ သက်ပြင်းအခါခါချလို့ လက်လျှော့မိရတာ ချည်းပဲပေါ့... မောင်ရယ်...။ မောင်ဘာမှ မသိပါဘူးနော်။
          ကျွန်မတို့ မိန်းကလေးတွေက အမှတ်တမဲ့အဖြစ်လေးတွေကို အချိန် အကြာကြီးစွဲလမ်းလို့ အမှတ်တရ ဖြစ်နေတတ်ကြသလောက် မောင်တို့ ယောက်ျား တွေကတော့ အမှတ်တမဲ့တွေအပေါ် အယုံအကြည်နည်းတတ်ကြတယ် ထင်ပါ ရဲ့ကွယ်...။     
          ကျွန်မလေ National CDဆိုင်ကလေးဆီရောက်မိတာနဲ့ မောင့်ကို အနားမှာ ထားပြီး၊ မောင်ရဲ့လက်တစ်စုံကို ပြန်သတိရ လွမ်းတနေမိတတ်တယ်။ ပြီးတော့ အဲဒီလက်တွေ ကျွန်မ ပခုံးပေါ်ရောက်လာလိမ့်နိုးနိုး...။ သည်လိုနဲ့ပဲ ...မိုးကလေးတွေ အုံ့မှိုင်းနေပြီမောင်ရယ်...။
          တကယ့်ကို လွမ်းတစရာ ကောင်းလှပါရဲ့။
          လွမ်းတယ်မောင်ရယ်၊ အလွမ်းကြီးလွမ်းမိတယ်... မောင့်ကို။ ဟင့်အင်း... မဟုတ်ပါဘူးနော်၊ အနားမှာရှိနေတဲ့ မောင့်ကို ကျွန်မက ဘာကိစ္စလွမ်းရဦးမှာလဲ...။ ကျွန်မလွမ်းနေတာ...။
          ...ကျွန်မရဲ့ ပခုံးပေါ်ကလျှောကျသွားတဲ့ မောင့်ရဲ့လက်တွေကိုပါ ရှင်ရယ်...။ ဒါပေမဲ့... အဲဒါကို မောင်ဘယ်တော့မှ သိမှာမဟုတ်ပါဘူး၊ ကျွန်မက... တိတ်တဆိတ်လေးပဲဆိုပါတော့လေ...။

စုမီအောင်
(မြင်ကွင်း၊ ၂ဝဝ၁-ဇွန်)

1 comment:

June Moe said...

ကောင်းလိုက်တဲ့ အက်ဆေးလေး အစ်မရယ်...။
ရေးတတ်လိုက်တာ... ဒီအက်ဆေးလေးဖတ်ပြီး ရန်ကုန်မှာ အနော်ရထာလမ်းအကူး ကိုယ့်လက်ကို ဖတ်ခနဲ ဆုပ်ကိုင်ခံလိုက်ရတော့ ရင်ထဲ နွေးသွားတဲ့ လှုပ်ခတ်မှုလေးကို ပြန်သတိရသွားတယ်။
နောက်ထပ် လမ်းတွေ အကူးမှာလည်း ဖတ်ခနဲ ဆုပ်ကိုင်ခံရမလားလို့ မျှော်လင့်မိတယ်။
ဒါပေမယ့်လည်း နောက်ထပ်..နောက်ထပ်..ဆိုတာတွေ ရောက်မလာတော့လည်း.... :D

ခင်မင်စွာဖြင့် -