Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, February 03, 2015

အိမ်ပြန်သွားပြီ

(မေမေ့ရဲ့စာ)

ဖွင့်ထားတဲ့ တံခါးပေါက်ကနေ ကျွန်မward 41 အခန်းတွင်း ချောင်းမြောင်းကြည့်လိုက်တော့ ကျွန်မအနောက်ကနေ သူနာပြုဆရာမတဦးက စစ္စတာ ဘိုအီ ကို ရှာနေတာလားကွယ်။သူအိမ်ပြန်သွားပြီကွဲ့ လို့  ပြောလိုက်ပါတယ်။ သူက အခု အချိန်ပိုင်း ဆရာမကွဲ့ ။အယင်ကလို ပုံမှန် ရှိမနေတော့ဘူး။ 
လို့ လည်း ဖြည့်စွက် ပြောဆိုလိုက်တယ်။

ကျွန်မ စိတ်ညစ်သွားပေမဲ့ ဘယ်တတ်နိုင်ပါ့မလဲ။
ကျွန်မမျက်နှာကို အပြုံးမပျက်အောင် ချိုထာလိုက်တယ်။ ဒါ ဟာ အံ့သြဖို့ တော့ မဟုတ်ပါဘူး။ ဒီလိုပဲ အပြောင်းအလဲ ရှိတတ်တာပါပဲ။ ဒါပေမဲ့ ကျွန်မအတွက် တော့ ကြံ့ခိုင်တဲ့ သံမဏိ စိတ်ဓါတ်နဲ့  ရပ်တည်နေရတော့မှာပါ။ စင်္ကာပူ နိုင်ငံက Tan Tock Seng ဆေးရုံဆိုတာက ကျွန်မ ကင်ဆာရောဂါကို ရှည်ကြာစွာ ခံစားကုသနေကျ ဆေးရုံကြီးပဲ လေ။ ပြောရရင် ၁၉၈၈ခုနှစ်ကပေါ့။ ဒီဆေးရုံကြီးကို ၁၂ခေါက်တောင် ရောက်ခဲ့ ရတာပါ။ ကျွန်မရဲ့  နာကျင်ခံစားနေရမှုဟာ ဘာလဲဆိုတာသိဖို့  ပထမ ရောဂါရှာဖွေ ခဲ့ကြရတယ်။နောက်ဆုံး ကျောရိုး က  ကင်ဆာ အကြိတ်အဖု ကြီး ကြောင့်ဆိုတာ သေချာသွားပြီးတဲ့နောက် ဒါကို ဖယ်ရှားဖို့  ခွဲစိတ်ခံခဲ့ရပြန်တယ်။ နာကျင်ခံစားမှု ဝေဒနာက စဉ်ဆက်မပြတ်ပါပဲ။ ရှည်ကြခဲ့ပါတယ်။ဒီရောဂါ ဝေဒနာအတွက် ပိုးမွှားတွေကို နှိမ်နင်းရှင်းလင်း သတ်ပြစ်ဖို့  ၂နှစ် ခန့်  ဓါတ်ရောင်ခြည်ပေး ကုသခဲ့ရတယ်။ကျွန်မကိုယ်က အနံ့ ဆိုးတွေဟာ အော်ဂလီ ဆန် စရာပါပဲ။ကျွန်မကိုယ်တိုင် သည်းမခံနိုင်ခဲ့ဘူး။ 

ရိုးတွင်းချဉ်ဆီတွေ ကျောရိုးက အရည်တွေ အပ်နဲ့ ထိုးဖေါက် စုပ်ယူကြတယ်။ထုံဆေးသုံးပေးပေမဲ့ ကျွန်မ ဘယ်မှာ သည်းခံနိုင်ပါ့မလဲ။တကယ်ပဲ နာကျင် ခံရ ခက်လှပါတယ်။ဘယ်လိုမှ နေသာ ထိုင်သာ မရှိတဲ့ နေ့ရက်တွေပါပဲ။စိတ်ပျက်အားငယ်ခဲ့ရပါတယ်။ကျွန်မရဲ့ ဆံပင်တွေဆိုရင် အုံလိုက် ကျွတ်ကျခဲ့တယ်။မျက်စိတွက ဖွင့်မရ။ လက်တွေ ခြေတွေ တွန့် လိမ် ကွေးကောက် မှာစိုးလို့  ကုတင်တိုင်ကို ဆုတ်ဆွဲ ထားရတာ စိတ်ပျက် စရာပါ။ လူက ပုဇွန်ထုတ်ကြီးတကောင်လို ကွေးကောက်နေပြီလေ။ ဆေးရုံ ကုတင်မှာ ခွေနေရတာ နှစ်နဲ့ချီ ကြာမြင့်ခဲ့တာပါ။ ရုပ်ရှင်ကားတွေထဲက ဇတ်ဝင်ခန်းတခုလိုပဲ အသဲထိတ်စရာကြီး။ 

ဒီတုံးက …
စစ္စတာ ဘိုအီ လေ။ကျွန်မရှိတဲ့ ward ထဲမှာ တာဝန်ကျတယ်။ကျွန်မရဲ့ မှောင်ပိန်းနေတဲ့ နေရက်တွေမှာ ဆိုးဝါးရက်စက်လွန်းတဲ့ ဝေဒနာညများမှာ စစ္စတာဘိုအီက ကျွန်မကို ညင်သာစွာ ပွေ့ ပိုက် နှစ်သိမ့်ခဲ့တယ်။ဖျောင်းဖျ အားပေးခဲ့တယ်။ နေ့ တိုင်းပါပဲ။ ညတိုင်း ပါပဲ။ အကြိမ်ပေါင်းများစွာ ။ ပြောရရင်  ကျွန်မ ဆေးရုံ မှာ ရှိနေတဲ့အချိန်တိုင်းမှာ…သူတော်စင် တဦးရဲ့  ချစ်ခင် ယုယမှုမျိုးနဲ့ ထာဝရ ပိုက်ပွေ့ ချမ်းမြေ့ စေခဲ့တာပါ။ နောက်ဆုံးတော့ ကျွန်မရောဂါကို ကျွန်မအနိုင်ယူ လို့ အိမ်ပြန်လာနိုင်ခဲ့တယ်။ဆေးကုသမှုတွေ ရပ်ဆိုင်းလို့  ခလေးတွေရှိတဲ့ ကျွန်မကျောင်းကို ကျွန်မ  ပြန်သွားနိုင်ခဲ့ပါတယ်။ နေ့ စဉ်ဘ၀မှာ ပုံမှန် ကျင်လည် ဖြတ်သန်း ခဲ့နိုင်တယ်။ သို့ သော်လည်း စိတ်လှုပ်ရှားဖွယ် ရင်ခုန်ညတွေကိုတော့ ဘယ် မေ့နိုင်မလဲ။ 

သုံးနှစ်ကြာသွားခဲ့ရာမှာတော့ အေးမြတဲ့ ဒီဇင်ဘာ ဆောင်းညတညမှာ ကျွန်မ မစ်ရှင်အဖွဲ့ တာဝန်ဆောင်ရွက်နေစဉ် စစ္စတာဘိုအီနဲ့  ဘူတာရုံ တခုမှာ မမျှော်လင့်ပဲ ဆုံမိကြတယ်။ ဆေးရုံဝဒ်တွေမှာ လူနာတွေကို တယုတယ ပြုစုစောင့်ရှောက်ခဲ့သူ လူနာတွေကို နွေးထွေးကြင်နာစွာ ပိုက်ပွေ့ ခဲ့သူ  စစ္စတာ ဘိုအီမှာ ခန်းနား ကြီးကျယ်လွန်းတဲ့ ဘူတာရုံ အဆောက်အဦ ထဲမှာ  ကြုံလှီ သေးကွေးလွန်းနေတယ်။စစ္စတာ နေမှ ကောင်းရဲ့ လား ပိန်လိုက်တာ လို့  ကျွန်မ တွေးမိပေမဲ့  ဘာတခွန်းမှတော့ မမေးမိဘူး။
သူမက ပြုံးပြီး ကျွန်မကို အနီရောင် အထုပ်ကလေးတခု အိပ်ထဲက ထုတ်ပေးတယ်။

မင့်အတွက် ခရစ်စမတ်လက်ဆောင် တဲ့။ 
ဒါကို ငါ စောစော ကတည်းက ပေးချင်ပေမဲ့ ငါတို့  မဆုံဖြစ်ကြဘူးနော် တဲ့။ ဒါပေမဲ့ ကျွန်မ ကက်သလစ် ဂျူနီယာ  ကျောင်းမှာ ရှိနေမှန်း သူသိရက်နှင့် ။သူမဟာ ကျွန် မ ပိုက်ဆံ တိုတို ထွာထွာ များ သုံးနေရသလားဆိုတဲ့ အတွေးနဲ့  ငွေကြေးလည်း ထောက်ပံ့ပါသေးတယ်။ကျွန်မတို့  မခွဲခွာခင် စစ္စတာ့ဆီက အကူအညီ လိုရင် အချိန်မရွေး ပြောနော် …တဲ့။ သူမက ကျွန်မကို ရယ်ရယ်ပြုံးပြုံး နဲ့  သိမ်သိမ်မွေ့မွေ့ကလေး ပြောဆို နှုတ်ဆက် ထွက်ခွာသွားတယ်။ ကျွန်မဘက်က ဘယ်လိုမှ တုံပြန်ခဲ့တာမျိုး မရှိခဲ့ဘူး။ ကျွန်မသူ့ အပေါ် ဆက်ဆံတာများ  အေးစက်လွန်းနေသလား။

သူမ အငြိမ်းစား ယူသွားပြီ ဆိုတာ ကြား မိသည့် တိုင်  ကျွန်မ သူမထံသွားရောက်လည်ပတ်ဖို့  ပျက်ကွက် ခဲ့မိတယ်။မစ်ရှင်ကိစ္စတွေနဲ့ မအားလပ်တာလည်း ပါပါတယ်။ဒါပေမဲ့ ကျွန်မတို့ ချင်းမကြာခဏဆိုသလို ဖုန်းတော့ ဆက်မိကြပါတယ်။ ဒီလိုနဲ့ တနေ့ တော့ သူမ အိပ်ယာထဲ လဲ နေတာကို သိလိုက်ရတယ်။
သူမကတော့  တစုံတရာ ပြောဆိုမှု နေမကောင်းတာ ဖျားတာ နာတာ ခေါင်းကိုက်တာ စသည် ဘာဆို ဘာမှ ဖွင့်ဟ ပြောဆိုမှု မရှိဘူး။ ဆိုတော့ ..ကျွန်မပေါ့ပေါ့ တန်တန် သဘောထားမိခဲ့တယ်။ သူမကိုယ်တိုင်ကလည်း အမြဲတမ်း ပျော်ပျော်ရွှင်ရွှင် ပဲ ရှိနေခဲ့တာပါ။ အခု သိရတော့ ရင်သားကင်ဆာ တဲ့။ ကျွန်မ ရင်ထဲ ဒိန်းကနဲ ဆောင့်သွားတော့တယ်။ ကျွန်မ အမြန်ဆုံး ဒေါက်တာဂျွန်လူ  နဲ  သွားရောက်တွေ့ ဆုံ မိတယ်။ကျွန်မကို ကင်ဆာ ရောဂါ  ကုသပေးတဲ့ ဆရာဝန်လေ။ကျွန်မ စစ္စတာ ဘိုအီရဲ့  ရောဂါ အချေအနေကို မေးမြန်းခဲ့ပါတယ်။စိတ်မကောင်းပါဘူး။ သူ့ ရောဂါက ကျွမ်းနေပြီ တဲ့။ကျွန်မ ဖုံးဆက် အားပေးလိုက်ပါတယ်။ 
ဘာမှ မစိုးရိမ်နဲ့နော် ခု ကျွန်မလာခဲ့မယ် လို့ ဆိုတော့ သူမက ငြင်းပယ်ပါတယ် ။

အို ..မဟုတ်တာ မအားပဲနဲ့ မလာပါနဲ့  စစ္စတာ ဘာမှ ဖြစ်တာမဟုတ်ဘူး နေကောင်းပါတယ် တဲ့။ ဒါပေမဲ့ ကျွန်မ အပြေးကလေး သွားခဲ့ပါတယ်။ ရောဂါပိုးမွှားတွေကို သတ်နိုင်ဖို့  အတော်ပဲ ခက်ခဲပါလိမ့်မယ်။ သူမရဲ့  အခြေအနေက အတော်လေး နွမ်းနယ် ဖျော့တော့နေပါပြီ။ ဆံပင်တွေလည်း မရှိတော့ဘူး။ မျက်လုံးတွေကတော့ လူသားတွေကို ကူညီနိုင်စွမ်းရှိခဲ့တဲ့ သူ့  ကောင်းမှု အတွက်  ပျော်ရွှင် ကျေနပ်မှုတွေ အပြည့်အသိပ် ရခဲ့တယ်ဆိုတာ ဖေါ်ညွှန်းနေတဲ့ ပုံပါပဲ။ 

သူမဟာ တူကလေးတယောက်ကို စောင့်ရှောက်အဖေါ်လုပ်ရင်း သူနာပြုစုခြင်း ကိစ္စထဲမှာပဲ ကိုယ်ရော စိတ်ပါ နစ်မြှုပ် နေခဲ့တာပါ။ ဒါကို သူမက အမွန်အမြတ်ထား ပြီးအကောင်းဆုံး လုပ်ဆောင် ခဲ့ တာပဲ ဖြစ်ပါတယ်။

ကျွန်မရင်ထဲ ဆို့ နင့်နေတယ်။ကျွန်မကို အရာခပ်သိမ်းကူညီစောင့်ရှောက်ခဲ့တာ ကျေးဇူး အထူး တင်ရှိပါတယ်။ ကျွန်မ စစ္စတာ့ကို ချစ်လည်း ချစ်ပါတယ်။ ဒါပေမဲ့ ကျွန်မ ပြောမထွက်ခဲ့ ဘူး။ နှုတ်ဆိတ်နေမိတယ်။ကျွန်မ သတ္တိမရှိတာ။သူရဲဘောကြောင်တာ။

ဒီနောက် ကျွန်မအလုပ် နည်းနည်းများသွားပြန်တယ်။ လအနည်းငယ် သူမနဲ့ မတွေ့ ဖြစ်ခဲ့ကြဘူး။ ကျွန်မ ရောက်သွားတော့ သူမခမြာ အရိုးပေါ် အရေတင် သိပ်ကို ပိန်ကပ်နေပြီ။ နောက်ဆုံး အချိန်ပဲ ထင်ပါရဲ့ ။ စကားမပြောတော့ပါဘူး။ သူမ ထွက်ခွာဖို့ အချိန်ကို သိက္ခာရှိရှိ တိတ်ဆိတ်စွာ ပြင်ဆင်နေသည် ထင်ပါရဲ့ ။
မကြာပါဘူး။ ဒေါက်တာဂျွန်လူ နဲ့ သက်ဆိုင်ရာ လူကြီးတွေကို ကျွန်မ အကြောင်းကြားလိုက်ပါတယ်။စစ္စတာဘိုအီရဲ့  အသုဘ အခန်းအနား ကျင်းပဖို့  ပါ။ကျွန်မ မျက်ရည် မကျအောင် ထိန်းချုပ်ထားလိုက် နိုင်ပါတယ်။ ဘုရားကျောင်းကလေး မှာတော့ လူတွေ  လူတွေ စုဝေးရောက်ရှိလာကြပါပြီ။ စစ္စတာ့ ကျေးဇူးနဲ့ မကင်းရာ မကင်းကြောင်းတွေ  အားလုံး။ အားလုံး။ စည်ကားလာတယ်။ ဒီလူတွေ  ကျွန်မအပါအ၀င် စစ္စတာ့ အပြုအစုကို ခံယူခဲ့ကြဖူးသူတွေပါပဲ။ စစ္စတာ ဝေဒနာ ခံစားနေရစဉ်မှာတော့ အပြန်အလှန် စစ္စတာကို  ပြုစုဖေါ် ရခဲ့ ကြရဲ့ လား ဘယ်နှစ်ယောက်များ အသိရှိခဲ့ကြသလဲဆိုတာ မသေချာလှပါ။စစ္စတာကလည်း အဲဒါကို မျှော်လင့်ခဲ့ပုံ မရပါဘူး။ သူမကသာ ပေးနိုင်သရွေ့  ပေးခဲ့တာဖြစ်ပါတယ်။

ကျွန်မ စစ္စတာ့ အသုဘခေါင်းနားမှာ ရပ်ပြီး ကြည့်နေမိပါတယ်။ သူမ မျက်နှာကလေးက ဖျောတော့နေပေမဲ့ ပြုံးယောင်သန်းနေသလိုပါ။ သူမဘ၀ကို ကျေနပ် သွားပုံ ရပါတယ်။ ငြိမ်းချမ်းစွာ အိပ်စက် နားနေသလိုပါပဲ။ဒါဟာ သူမရဲ့  အလွန်လှပတဲ့ အဖိုးတန် ပုံရိပ်ကလေး တခုပါပဲ။

ကျွန်မ ရှက်မိပါတယ်။ ကျွန်မကို အကြိမ်ကြိမ် ဖက်ပွေ့ ခဲ့တဲ့ စစ္စတာ့ကို ကျွန်မခုထိ လက်ဖျားနဲ့ တောင်  
မတို့ ထိမိသေးပါဘူး။ ကျွန်မ တကယ် ရှက်မိပါတယ်။
အိမ်ပြန်စောတဲ့ စစ္စတာရယ်။ နှုတ်ဆက်လိုက်ပါတယ်။
ပျဉ်းမနားဆေါ်ရုံကြီးတွင် နှစ်ရှည်လများ တာဝန်ထမ်းဆောင်ခဲ့ကြသည့် မာမီ စစ္စတာကြီး ဒေါ်မြကြည်၊ စစ္စတာဒေါ်သန်းညွှန့်နှင့် စစ္စတာ ဒေါ်တင်ညိုလေး တို့ အတွက် အမှတ်တရ။ 

Sister Boey ‘s Gone Home  by Soo Chan Hua | Reader's Digest (May 2009)
Florist

2 comments:

ဆုမြတ်မိုး said...

ဖတ်လို့ကောင်းတယ်မမဖြိုး၇ယ်...း) sister သနားပါတယ်နော်..။း(

Ma Tint said...

ဒီကနေ့တော့ ဘလော့တွေလည်ပတ်ရင်း ဖြိုးဆီရောက်ခဲ့တယ်။ စာကြွေးတွေ ရသစုံခံစားရင်း ကျေနပ်စွာဖတ်သွားတယ်။ ဘ၀တိုတိုထဲမှာ ကံကောင်းထောက်မစွာနဲ့ လူအဖြစ်ကိုခံယူသူတိုင်း အမှတ်မထင်ကြုံဆုံတွေ့ရတဲ့ အချက်ပေါင်းများစွာထဲက တစ်ချက်ပေါ့ဖြိုးရေ။ လွန်ဆန်လို့မရတဲ့ သဘာဝတရားကို နှလုံးသွင်းတတ်ရင် စိတ်သောကရောက်မှုတွေ တစ်ဖြည်းဖြည်းပျောက်ကွယ်သွားမှာပါ။