Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, September 26, 2014

သိပ်လှတဲ့ သတို့သမီးလေး

(Yati Magazine, October, 2014)
အဲဒီနေ့ မနက်ခင်းလေးက မပူမနွေးလွန်း၊ အေးအေးမြမြလေးရယ်၊ အခန်းထဲက စံပယ်ပင်လေး ဟိုတစ်နေ့ကမှ ပထမဆုံးအဖူးလေးတွေတွေ့လာရပြီ။ ဒီနေ့ဆို စိမ်းမြမြအရွက်သန်သန်လေးတွေနဲ့ ဖူးဖူးပွင့်ပွင့် စံပယ်ပင်လေးဖြစ်နေခဲ့ပြီ။ စံပယ်ပင်လေးဆီက သင်းပျံ့ပျံ့ရနံ့လေး အခန်းထဲဝေ့ဝဲမွှေးမြနေတဲ့ အဲဒီနေ့က မနက်ခင်းဟာ သိပ်လှနေခဲ့တာပေါ့။

Thursday, September 25, 2014

စစ်ပွဲတွေကို ရပ်ပြစ်

(ပိုစ့်အဟောင်းပါ။ မေမေက ပြန်တင်စေချင်တာနဲ့)

Stop the Wars
ယနေ့ ကမ္ဘာကြီးဟာစစ်ပွဲတွေနဲ့ပဲ ထုံမွှန်းနေပြီ။ ပြည်တွင်းက ကချင်ဒေသ ထိုးစစ်ဟာ အနီးကပ်ဆုံးပြနိုင်တဲ့ သာဓကတစ်ခုဖြစ်ပြီး ကမ္ဘာအရပ်ရပ်က ဘယ်နေရာ ဘယ်ဒေသမှာမဆို စစ်ပွဲတွေက ကြောက်ခမန်းလိလိ တိုးပွားလာနေတာမို့ လူ့အသက်ဟာ ဖက်ရွက်လောက်ပင် တန်ဘိုးမရှိတော့ဘူးလားလို့ မေးချင်မိတယ်။

စစ်ဘာ့ကြောင့်ဖြစ်
စစ်ဖြစ်ရခြင်းရဲ့ အကြောင်းရင်းကို ရှာကြည့်ရင် 
အမုန်းကြောင့်။ အချစ်ကြောင့်။ ဘာသာအယူဝါဒကြောင့်။
ရေကြောင့်။ မြေကြောင့်။ ရေနံကြောင့်။
နယ်မြေလုယက်မှု သူပိုင် ငါပိုင်ငြင်းခုံမှု ကြောင့်။
လူမျိုးရေးကြောင့် စသည် ခေါင်းစဉ်တွေ တသီကြီး ပေးရလောက်အောင် အမယ်က စုံနေတယ်။
အမှန်တော့ အတ္တကြောင့်ပါဘဲ။
ပုထုဇဉ်လူသားတိုင်းဟာ သူရော ကိုယ်ရော အတ္တအကျိုးကို ရှေ့တန်းတင်တတ်ကြသူချည်းပါဘဲ။
ဒါပေမဲ့ မိမိကိုယ်ကို ဘာသာရေးနဲ့ ထိန်းကွပ်နိုင်ရမယ်။

တခါက ကျွန်မဖတ်ခဲ့ဖူးတယ်။
"ဘာသာရေးက ကမ္ဘာ့ငြိမ်းချမ်းရေးကို ဘာတွေများဆောင်ရွက်ပေးနိုင်မလဲ"တဲ့။
ပညာရှင်တစ်ဦးကလဲ “ကမ္ဘာ့ ငြိမ်းချမ်းရေးဟာ ဘာသာရေးထက် ပိုအရေးကြီးတယ်” တဲ့။
ကျွန်မကတော့ ဒီလို မထင်ဘူး။ ကမ္ဘာ့ငြိမ်းချမ်းရေးဟာ ထေရ၀ါဒဗုဒ္ဓဘာသာရဲ့ ခေါင်းးစဉ်အောက်မှာ ရှိရပါမယ်။ ထေရ၀ါဒဟာ စစ်ပွဲ တွေကို မီးထိုးမပေးဘူး။ ငြိမ်းအေးစေတယ်ဆိုတာ ဇာတ်တော်တွေထဲမှာ သာဓက မြောက်များစွာ ရှိတယ်။ ဗုဒ္ဓရဲ့အဆုံးအမ သြ၀ါဒတွေကို တိကျစွာ လိုက်နာနိုင်မယ်ဆိုရင် စစ်ပွဲ ဆိုတာ ဘယ်နေရာမှာမှ မဖြစ်နိုင်ဘုး။ ငြိမ်းချမ်းရေးဆိုတာဟာလဲ အထူးတလည် ရှာဖို့ မလိုဘဲ မိမိတို့ရဲ့ လက်တစ်ကမ်းမှာသာရှိတယ်လို့ အခိုင်အမာ ပြောလိုက်ပါရစေ။ ဘာသာတရားကသာ ငြိမ်းချမ်းရေးကိုဦးဆောင်နိုင်ပါတယ်။ ဘယ်ဘာသာကမှ လူ့အသက်တွေကို ဒီလောက်ချွေစေဖို့ အားပေးလိမ့်မယ် မဟုတ်ဘူး။ သီတဂူဆရာတော်ဟောသလို လူတဦးချင်းစီရဲ့ သီလဆောက်တည် ထိန်းချုပ်မှုကနေ ဆင့်ပွားလို့ ကျယ်ပြန့်စွာ ဆောက်တည်လာနိုင်မဲ့နေ့ဟာ အမှန်တကယ် ကမ္ဘာကြီးငြိမ်းချမ်းမယ့်နေ့ဆိုတာ မလွဲတော့ဘူး။ အင်မတန် မွန်မြတ်တြဲ့ဗဟ္မာဇိုရ်တရားလေးပါး (မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပက္ခာ) တရားကိုသာကျင့်သုံးနိုင်ခဲ့ရင် ပဋိပက္ခဆိုတာ မရှိတော့ဘူး။ ပဋိပက္ခမရှိရင် စစ်ပွဲဆိုတာ ဘယ်မှာ ရှိတော့မလဲ။

စစ်ပွဲတွေကို နိုးဆွနေတဲ့ အကြောင်းရင်းက   အမုန်းတရားတွေ သူတပါးကို မိမိနှင့်ထပ်တူ  စာနာခြင်းကင်းမဲ့မှုတွေ သည်းခံ ခွင့်လွှတ်မှု ကင်းမဲ့ခြင်း မျှမျှတတမရှိခြင်းတွေ။ ဒါဟာ  စစ်ဖြစ်ရခြင်းရဲ့ အကြောင်းရင်းတွေဘဲ။ လူဟာ လူပဲမို့ အကောင်းနဲ့ အဆိုး ရောပြွမ်းနေတယ်။ ကောင်းတာကို ရွေးချယ်ပြီး အဆိုးတွေကို ထုတ်ဖယ်လိုက်ရင် လူတိုင်းလူတိုင်း စိတ်ကျန်းမာ ကိုယ်ချမ်းသာပြီး လန်းဆန်းသစ်လွင်လို့ ကမ္ဘာကြီး တခုလုံးအေးငြိမ်းသွားနိုင်ပါတယ်။

ငါစွဲကို ဖြုတ်ရမှာဖြစ်တယ်။
ငါ့မြေ ငါ့ရေ ဆိုပြီး ဆယ်စုနှစ်ပေါင်းများစွာ နယ်မြေလုနေတဲ့ အစ္စရေးလ် ပါလက်စတိုင်း၊
တောင်တရုပ်ပင်လယ်မှာ လောလောဆယ်  ရေနယ်နိမိတ်အငြင်းပွားနေတဲ့ တရုပ် ဂျပန်၊
နျူကလီးယားလက်နက်တွေနဲ့ ကမ္ဘာကို အသားလွတ်ခြိမ်းခြောက်နေတဲ့ အီရန်နဲ့  မြောက်ကိုးရီးယား၊
သူတကာ ပေါင်းစီးရေးဆွေးနွေးနေစဉ် တောင်မြောက်ကွဲသွားတဲ့ ဆူဒန်နိုင်ငံ၊
အမြဲတမ်း တစ်ခု မဟုတ် တစ်ခု အကြောင်းပြချက်နဲ့ ၀ုန်းဒိုင်းကြဲနေတဲ့ ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊
နွေဦးတော်လှန်ရေးတွေကြား ခုထိ မပြီးပြတ်သေးတဲ့ ဆီးရီးယား၊ ပြီးသလိုလိုနဲ့ ဆူပူမှုတွေ အတောမသတ်နိုင်သေးတဲ့ အီဂျစ် စသည် စသည် တို့ဟာ  မိမိကိုယ်ကို သိပ်ရှေ့တန်းမထားဘဲ ပေကပ်မနေဘဲ  မျှမျှတတ စဉ်းစားကြဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။ အထူးသဖြင့် ခလေးသူငယ်များနဲ့ ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကို စာနာထောက်ထားပြီး မိမိတို့သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုကြစဉ်က ကတိစကားတွေကိုပြန်လည်အောက်မေ့ဆင်ချင်ပြီး လက်နက်တွေကိုအမြန်ဆုံး ပြစ်ချသင့်တယ်။

လက်နက်ဆိုတာ ကာကွယ်ဖို့သာ ဖြစ်တယ်။ ထိုးစစ်ဆင်ဖို့ မဟုတ်ဘူး။ ပြည်ပကိုသာ ရည်ညွှန်းပြောဆိုနေသည် မဟုတ်ပါ။ ပြည်တွင်းက လက်နက်ကိုင်သူ အားလုံးကို ရည်ညွှန်းပြောဆိုခြင်းဖြစ်ပါတယ်။ စစ်ဆိုတာ သမ္မတကြီးပြောသလို မိမိတို့ကိုယ်ကိုလည်း ခုခံကာကွယ်ဖို့ လိုအပ်တာမို့ ပြစ်ခတ်ရတာလို့ အကြောင်းပြမနေဘဲ မိမိတို့ကစတင်ပြီး  လူကြီးပီပီ လက်နက်တွေကို စွန့်လွှတ်စေချင်တယ်။  ပြည်နယ်ငြိမ်းချမ်းသာယာရေးကို မျှော်ကိုးကာ ငြိမ်းချမ်းရေးစားပွဲ မှာသာအားလုံးစုံစုံညီညီ  ဆွေးနွေးကြဖို့သင့်ကြောင်း  လက်နက်ကိုင် အဖွဲ့အစည်းအားလုံးကိုပါ မေတ္တာရပ်ခံချင်ပါတယ်။ 

၁၉၅၆ ၅၇ခုနှစ်က ကျွန်မဟာ ကချင်ပြည်နယ် ချီဗွေ မြို့က ဗိုလ်တဲကလေးမှာ မကြာခဏ တည်းခိုခဲ့ဖူးတယ်။ ဒီတုံးက ၀ိုင်းမော်၊ ၀ါးရှောင်၊ ချီဖွေ၊ လောခေါင်းဒေသဟာ လှပစွာ အလွန်အေးဆေးတည်ငြိမ်နေခဲ့တာပါ။ ကျွန်မတို့ဟာ ကာဘိုင်ပစ္စတို စသည်တောင် လွတ်လွတ်လပ်လပ်ကိုင်ခွင့်ရခဲ့တယ် (နောင်အခါ လက်နက်များကို အစိုးရထံ အပ်နှံခဲ့ရတယ်)။ သိပ်လှတဲ့ ဗိုလ်တဲကလေးပါ။ ပြာလဲ့လဲ့ မေခမြစ်ကလေးက သူ့အောက်မှာ ၀ပ်စင်းလဲလျောင်းလို့ အေးဆေးတည်ငြိမ်စွာ စီးဆင်းနေတယ်။ ပြာလဲ့လဲ့မြစ်ရေ နဲ့ ဗိုလ်တဲ ဖြူဖြူ ကလေးရဲ့အလှ ညိုညို့မှိုင်းနေတဲ့ တောရိပ်တောင်တန်းအလှ ဒီပန်းချီကားချပ်ကလေးဟာ ကျွန်မရင်ထဲမှာ မသိမ်းဆည်းပဲ တည်မြဲစွာ ရှိနေခဲ့တာ။ 
ကျွန်မမျက်စိထဲမှာ ဘယ်တော့မှ မေ့ဖျောက်မရနိုင်ဘူး။
ဒါပေမဲ့ ၁၉၆၂ ခုလောက်ထင်တာပဲ။ ကချင်လက်နက်ကိုင်အဖွဲ့အစည်းတခုကမီးရှို့ ဖျက်ဆီးခဲ့တယ်။ ကျွန်မ အလွန်ကြေကွဲ ၀မ်းနည်းခဲ့ရတယ်။ နှမြောမိတယ်။
ကျွန်မရင်ထဲမှာ ကိန်းအောင်းနေတဲ့ ပန်းချီကားချပ်ကလေးဟာ ဘာ့ကြောင့် မရေမရာနဲ့ ဗိုလ်တဲတနေရာစာ လစ်လပ်သွားခဲ့ရသလဲ။ ဘာ့ကြောင့် များ ကမ္ဘာလောကကြီးကို အကျည်းတန်အရုပ်ဆိုးစေသလဲ။ ဘာ့ကြောင့်များ အလှအပတွေကို ဖျက်ဆီးချင်ကြသလဲ။ ကျွန်မ နားမလည်ခဲ့ဘူး။
စစ်ပွဲဆိုတာ နိုင်သူမရှိပါဘူး။ နိုင်သူလဲ ရှုံးတာပါဘဲ။ ရှုံးသူလဲ ရှုံးတာပါဘဲ။ အရှုံးအနိုင်ဆိုတာ ပညတ်ချက်သက်သက်ပါ။အမှန်တော့ ထိုးစစ်ဆင်သူဘက်ကလဲ မှန်ကန်တဲ့ လုပ်ရပ်ဖြစ်တယ်။ ခုခံသူဘက်ကလဲ မှန်ကန်တဲ့ လုပ်ရပ်ဖြစ်တယ်။ ဒီတော့ အမှန်နဲ့ အမှန်ကြားက ပဋိပက္ခလို့ ဆိုရလိမ့်မယ်။
စစ်တိုက်ချင်သူ ဘယ်သူရှိမလဲ။သွေးဆာနေလို့ စစ်တိုက်ချင်တယ် ဆိုရင်တောင် သူတို့က ရာဇပလ္လင်ပေါ်မှာပါ။ ယဉ်ကျေးပါတယ်ဆိုတဲ့ ခေါင်းဆောင်ကြီးများ နက်တိုင်လည်မှာစီးပြီး ပလ္လင်အထက်က ညွှန်ကြားနေခြင်းဖြစ်တယ်။ တကယ်တမ်း တေ့တေ့ဆိုင်ဆိုင် တိုက်ကြစို့ ဆိုတော့ သေကြရသူများက စစ်မြေပြင်က စစ်သားကလေးများပေါ့။ စစ်မြေပြင်ကို အပို့ခံရတဲ့ စစ်သားကလေးတွေရဲ့ ပုံရိပ်ကို ဖေါ်ကျူးဖွဲ့နွဲ့ထားတဲ့ မိုးဟိန်း(ဂျာနယ်ကျော်)ရဲ့ ကဗျာလေးတပုဒ်တင်ပြရင်း စစ်ပွဲတွေကို ရပ်ပြစ်ကြပါ လို့ တောင်းဆိုချင်ပါတယ်။

You know me not 
တို့ကို မင်းမသိ
And I don’t know you
မင်းကိုလည်းငါမသိ
O’ better not to know
အို ကိစ္စမရှိ မသိတာ ပိုကောင်းတာပေါ့
But do what to do
လုပ်စရာရှိတာ လုပ်ကြရမှာ
For this for that
ဟိုအတွက် ဒီအတွက်နဲ့
We face each another
တို့တတွေ ရင်ဆိုင်ခဲ့ရပြီ
Who is right or wrong
ဘယ်သူမှန် ဘယ်သူမှား အသာထား
Is another matter
အဲဒါ တကိစ္စဘဲ
In the name if duty 
တာဝန်ဆိုတဲ့ ခေါင်းစဉ်အရ 
Our lives are at stake
တို့အသက်တွေ ထုတ်တိုင်မှာ အချည်ခံလိုက်ရပြီ
In the name of history
ရာဇ၀င်ဆိုတဲ့ ကမ္ဗည်းအောက်မှာ 
Pawns, we are made
အရွှေ့ခံ နယ်ရုပ်ကလေးတွေ ဖြစ်ခဲ့ပြီ
History is just paper 
ရာဇ၀င်ဆိုတာ စက္ကူပါ
Words of one will
တစ်ဦးရဲ့ အလိုဆန္ဒအရ 
But on the battle field
စစ်မြေပြင်မှာ 
Our blood shall spill 
မင်းနဲ့ ငါတို့ရဲ့ သွေးတွေ လျှံကျလာတော့မှာ
So pull your trigger 
ကိုင်းဟေ့..မင့်ခလုတ်ကို ဆွဲလိုက်တော့
And curtained will I
စိတ်ချ ငါလည်းပဲ ဆွဲမှာပေါ့
One or both of us
တစ်ယောက် သို့မဟုတ် နှစ်ယောက်စလုံး
In the end must die
အဆုံးမှာ သေဖို့ပဲ
If your wife a widow 
အကယ်၍ မင်းရဲ့ ဇနီးက မုဆိုးမ ဖြစ်ခဲ့ရင် 
And my son a fatherless
ငါ့သားကများ အဖမဲ့ဖြစ်သွားရင် 
Will be than inherit they 
သူတို့ခမြာ ငါတို့ရွေးချယ်ခဲ့တဲ့ကြမ္မာဆိုးကို
Our chosen tragedy.
အမွေအဖြစ် သိမ်းပိုက်ဆက်ခံကြရလိမ့်မယ်။

မိုးဟိန်း (သားဂျာနယ်ကျော်)

ခင်မေသစ်

Wednesday, September 24, 2014

ဘာတွေကို ဘယ်လို မကြာမကြာ

ကိုယ့်ပတ်ဝန်းကျင်က ဘာတွေကို ဘယ်လို မကြာမကြာ လျှော်ဖွတ်ဆေးကြောသင့်သလဲဆိုတာ သိထားချင်စရာပါ။ အိပ်ရာခင်း၊ စားပွဲခင်းလေးတွေရော ဘယ်လိုမကြာခဏလျှော်ဖွတ်သင့်သလဲ။ ကိုယ့်ရဲ့ လက်ကိုင်ပုဝါ၊ ကိုယ့်ရဲ့ ဆံပင်၊ ကိုယ့်ရဲ့ အိမ်လေးထဲက အသုံးအဆောင်တွေ၊ အိမ်မှာ အိမ်မွေးတိရစ္ဆာန်လေးတွေရှိနေမယ်ဆိုရင် အဲဒီ ကျွတ်ကျွတ်ညံညံအကောင်ငယ်လေးတွေကိုရော ဘယ်လို မကြာမကြာသန့်ရှင်းပေးသင့်သလဲ ဒီအချက်လေးတွေမှာ ရှာဖွေသိရှိနိုင်ကြပါတယ်။ သိထားသင့်တဲ့အချက်အလက်လေးတွေပါ။

ဝေးဝေးလံလံ စွန့်စွန့်စားစား

သွားလာကြည့်ရှုရမည့် တူရကီနိုင်ငံမှ (၆) နေရာ

နိုင်ငံတကာက ခရီးသွားဧည့်သည်
 အစုအပြုံကြီးကတော့တူရကီနိုင်ငံက  မြို့ တော် အီစတန်ဘူလ် ကို  မဲပြီး သဲသဲ မဲမဲကို ရောက်ရှိလာကြပါပြီ။အစ္စတန်ဘူလ် ဆိုတာက တကယ့် ရှေးဟောင်းမင်းနေမြို့တော်ကြီးတစ်မြို့ မဟုတ်ပါလား။
သိပ်ကို ခမ်းနား သိုက်မြိုက် ခဲ့တဲ့မြို့ကြီးပါ။ ရိုးရာ ဓလေ့ ထုံးစံတွေ နှင့် မိမိတို့  ယဉ်ကျေးမှု နှင့် မိမိတို့  ဂုဏ်သိက္ခာ ရှိရှိ နေထိုင်ခဲ့ကြတာပါ။

အံ့ဖွယ် အပင်ဥမင် ကြီးများ

1. Wisteria Tunnel, Japan
ကမ္ဘာကြီးဟာ သိပ်ကိုမှ ဆန်းကြယ်ပါတယ်။ ရုက္ခဗေဒပညာဟာလည်း လူတို့  လေ့လာလိုက်စားလို့မကုန်နိုင်ပါဘူး။ သစ်ပင်တွေဟာလည်း ထူးဆန်းနေတယ်။ အိမ်မက်ဆန်နေတယ်။
ကြည့်ပါဦး။ ဟောဒီမှာ။ ဥမင် လှိုဏ်ခေါင်းတွေလိုလို လျို ကြီးတွေလိုလို  နွားလှည်း ပေါင်းမိုးဂုံးကြီးတွေ လိုလို လှလည်းလှ အံ့သြဖို့ လည်းကောင်းတဲ့ ဥမင် သစ်ပင် ကြီးတွေ မင်းမူ ရှင် သန် ပေါက်ရောက်ရာ မှာ သင် လမ်းမလျှောက်ချင်ဘူးလား။ စာဖတ်သူများ စိတ်ဝင်စားမလားလို့  Florist က  ဖော်ပြပေးလိုက်ချင်တယ်။

Sunday, September 21, 2014

ငြိမ်းချမ်းရေးရဲ့ သင်္ကေတ

International Peace Day အတွက် ပိုစ့်အဟောင်းပြန်တင်လိုက်ပါတယ်။
လက်ရှိ ငြိမ်းချမ်းရေး သင်္ကေတ
အပြည်ပြည်ဆိုင်ရာ စစ်ပွဲကာကွယ်ဆန့်ကျင်သူများအဖွဲ့အစည်း War Resisters’ International (WRI)ကနေပြီး ရိုင်ဖယ်သေနတ်ကို လက်နှစ်ဘက် နဲ့ ကိုင်ချိုးနေတဲ့ပုံ အမှတ်အသားအဖြစ် ၁၉၂၁ မှာ စတင်အသုံးပြုခဲ့ပါတယ်။

Friday, September 19, 2014

မိန်းမနှင့် စာနာမှု

စုမီအောင်

(မိန်းမ - ၁၁)

            မေဇွန်သည် အိမ်ဖော်မလေး လာချပေးသော နွားနို့တစ်ဖန်ခွက်ကို မသောက် သေးဘဲ ဘေးမှာချထားကာ ဖတ်လက်စ စာအုပ်ကိုသာ သဲကြီးမဲကြီးဆက်ဖတ်နေလိုက်သည်။ စာထဲ စိတ်ဝင်စားနေသည်မှာ မည်မျှကြာသွားလေသည်မသိ။ သတိရ၍ နွားနို့
သောက်မည်ပြုလျှင် နွားနို့ဖန်ခွက်ကို အုံခဲနေသည့်ပရွက်ဆိတ်များကို မြင်သည်။ အုံခဲရုံသာ မက နွားနို့ရည်ထဲတွင် ယက်ကန် ယက်ကန်ဖြစ်နေကြသော ပုရွက်ဆိတ်ကောင်များကို ကြည့်ကာ မေဇွန်စိတ်တိုလာတော့သည်။
            ကြည့်စမ်းပါဦး။ ဒီပုရွက်ဆိတ်တွေဟာ နေရာတကာ သူတို့ချည်းပဲ အလုအယက်နဲ့ မုန်းဖို့ကောင်းတယ်...နှုတ်က ပွစိပွစိ ရေရွတ်ရင်း အိမ်ဖော်မလေးကို မေဇွန်အော်ခေါ်လိုက်သည်။
            ''မူးနော်ရေ..မူးနော်..မြန်မြန်လာစမ်းပါ'''
            အိမ်ဖောမလေး မူးနော်ရောက်လာသည်နှင့် မေဇွန်က နှုတ်ခမ်းကိုစူပုတ်ထားပြီး ပြောသည်။
            ''တို့မသောက်ရသေးဘူး..အသစ်ထပ်ယူလာခဲ့ပေး၊ အဲဒါကိုသွန်ပစ်လိုက် ပေတော့''

မိန်းမနှင့် အနုပညာ

စုမီအောင်

(မိန်းမ - ၁၀ )

 ကျွန်မ မှတ်မိပါသေးတယ်။ ကျွန်မရဲ့သေးငယ်တဲ့ လက်ချောင်း တိုတိုလေး တွေကို အမေကရိုက်လို့ နာကျင်မှုဝေဒနာနဲ့အတူ မျက်ရည်တွေ ယိုစီးကျခဲ့ရတဲ့ နေ့တစ်နေ့ကိုပေါ့။ ပီယာနိုဆရာမပေးခဲ့တဲ့ lesson ကိုမကျင့်လို့တဲ့လေ။ ကျွန်မရဲ့ လက်ချောင်းလက်ဆစ်တွေအကုန်လုံး တစ်ခုမကျန်အောင် မေမေကတုတ်နဲ့ တဆတ်ဆတ် ရိုက်ခဲ့တာ။ ရိုက်နေရင်းနဲ့ ပါးစပ်ကလည်းတတွတ်တွတ်ပြောပါသေးတယ်။

မိန်းမနှင့် ကျိန်စာ

စုမီအောင်
(မိန်းမ - ၉)

        ဝတ္ထုထဲက စာသားပဲလား၊ ကဗျာတစ်ပုဒ်ပဲလားမသိ၊ ဇိုယာ ငယ်စဉ်ကတည်း က ဖတ်ခဲ့ဖူးသည်။ မိုးကောင်ကင်ကြီးပြာသလို ယောက်ျားတွေလည်း ညာနေသည်... တဲ့။ ကမ္ဘာတည်သရွေ့ မိုးကောင်ကြီးပြာနေမှာဖြစ်သလို အမြဲတစေ ညာနေမှာဖြစ် သည့် ယောက်ျားတွေ၏ စိတ်သဘောချင်းတူနေကြောင်း ခိုင်းနှိုင်းဖွဲ့ဆိုခဲ့သည်။

Wednesday, September 17, 2014

လက်ထပ်ခြင်း (သို့မဟုတ်) အတူတကွ နေထိုင်ခြင်း အလှတရား

စုမီအောင်
(Beauty Magazine, အောက်တိုဘာ၊ ၂၀၁၄)

 “လက်ထပ်ခြင်း”ဆိုတာ လူယောက်ျားတစ်ယောက်နဲ့ လူမိန်းမတစ်ယောက် အိမ်တစ်လုံးထဲမှာ တစ်ယောက်က တစ် ယောက်ကို ချစ်ခင်ရင်းနှီးစုံမက်စွာ အတူတကွပေါင်းစည်းနေထိုင်ခြင်းပါ။ အတူတကွနေထိုင်ခြင်းဟာ ဘ၀မှာ အလှတရား တစ်ခုဖြစ် သလို ဒီအလှတရားကို ရှင်တို့ မခံစားဖူးသေးရင် ဘ၀မှာ တစ်ခါတော့ ခံစားကြည့်ဖို့လိုပါလိမ့်မယ်။ ကျွန်မ ခံစားစေချင်တဲ့ အလှတရားက လက်ထပ်ခြင်းနဲ့ဒွန်တွဲနေတဲ့ အတူတကွနေထိုင်ခြင်းပါ။

Tuesday, September 16, 2014

မိန်းမနှင့် အချစ်

စုမီအောင်
(မိန်းမ - ၈)


         ကျွန်မအနားမှာ 'မောင်' မရှိအောင်လုပ်ခဲ့သူမှာ ကျွန်မဖြစ်သည်။ တကယ်တမ်း အနားမှာ မောင်မရှိသောအခါ 'မောင်ရှိခဲ့မယ်ဆိုရင်' ဟု တွေး၍တွေး၍နေမိသူမှာ ကျွန်မပဲဖြစ်ပါသည်။
xxxxx

မိန်းမနှင့် ရက်ရောမှု

စုမီအောင်
(မိန်းမ - ၇)

 ကျွန်မတွင် ရက်ရောမှုမရှိပါ။ ရက်ရောမှုဆိုသည်ကို ကျွန်မအနေနှင့် ဘယ်သောအခါမျှ လုပ်နိုင်မည် မဟုတ်ဟု နှစ်ပေါင်းများစွာ အထင်ရှိခဲ့သည်။ သို့သော် ယခုအချိန်မှာ ကျွန်မသည် ထိုရက်ရောမှုအလုပ်ကို ဝမ်းမြောက်ဝမ်းသာလက်ခံလျက် စိတ်ရောကိုယ်ပါ လုပ်ဆောင်နိုင်နေပြီဖြစ်ကြောင်း အံသြဖွယ် တွေ့ရှိရလေပြီ။
           မာကျော ခက်ထန်သည့်  ကျွန်မ၏ နှလုံးသားအတွင်းသို့ ရက်ရောမှုဆိုသည့် အရာကို ထာဝရ ရှင်သန် ကိန်းဝပ်စေရန် ရင်းနှီးမြှုပ်နှံပေးခဲ့သူမှာ မြေနီကုန်း ကားဂိတ်အနီးတစ်ဝိုက်တွင် အမြဲလိုလို တွေ့မြင်နေရတတ်သည့် ယောဂီဝတ်နှင့် အဘွားအိုတစ်ဦးပင်ဖြစ်သည်။

xxxxx

မိန်းမနှင့် အချိန်

စုမီအောင်
(မိန်းမ - ၆)




      မိုးချုပ်ညဥ့်နက်တိုင်းပြန်ရောက်လာမည့် ခြေသံတစ်စုံကို နားစွင့်မိခြင်း ၏ နောက်ကွယ်တွင် နွေးထွေးစွာကြိုဆိုလိုခြင်း တစ်စုံတစ်ရာ မရှိကြောင်းသေချာပါသည်။
လူယောက်ျားတစ်ယောက်နှင့် လူမိန်းမတစ်ယောက် အကြား နံရံတစ်ချပ် ခြားလျက် ရှိသည်။ နံရံတစ်ဖက်မှနေ၍ တိတ်ဆိတ် စွာ မသိကျိုးကျွံပြုရင်း ထိုခြေသံများ ရပ်တန့်သွားချိန်ကို စောင့်ဆိုင်းနားစွင့်ပြီးသည်နှင့် တစ်ပြိုင်နက် ဝရန်တာဆီသို့ထွက်ကာ ထိုမိန်းမ က လွတ်လပ်စွာ တစ်ကိုယ်ရေ ပျံသန်းတော့မည် ဖြစ်ပါသည်။
xxxxx

ဟိုသတင်း ဒီသတင်း

ခရီးသွားရင်း ခရီးဆောင်အိတ်ပျောက်မှာ စိတ်ပူစရာမလို

လေကြောင်းလိုင်းတွေမှာ ခရီးဆောင်အိတ်ပျောက်ဆုံးခဲ့ရင်၊ လွဲမှားခဲ့ရင် ကိုယ့်လက်ထဲကို ပြန်ရနိုင်မယ့်အချိန်ဟာ နာရီပေါင်းများစွာ၊ ရက်တွေများစွာတောင်ကြာမြင့်သွားနိုင်ပါတယ်။ ခရီးဆောင်အိတ်ကိုယ်တိုင် ကိုယ့်ဆီကို အချက်ပေးခဲ့ရင် ပိုပြီးလွယ်ကူမလာနိုင်ဘူးလား။ အဲဒါဟာ smart luggage တီထွင်ဖြစ်ခဲ့တဲ့ စိတ်ကူးပါပဲ။ ခရီးဆောင်အိတ်မှာ GPS ပါဝင်တဲ့ chip လေးတွေတပ်ဆင်ထားပြီး ရောက်ရှိနေတဲ့နေရာကို ခြေရာခံအချက်ပြနိုင်အောင် စီစဉ်ထားတာပါ။ ပျောက်ဆုံးသွားတာနဲ့ လေကြောင်းလိုင်းဆီ ခရီးဆောင်အိတ်ရဲ့ တည်နေရာ တိုက်ရိုက် သတင်းပို့နိုင်ပါလိမ့်မယ်။

Saturday, September 13, 2014

မိန်းမနှင့် ဇရာ

စုမီအောင်

(မိန်းမ - ၅)

    သူမ၏ ဦးနှောက်အတွင်းသို့ ထူးဆန်းသောအတွေးတစ်ခု ချဉ်းနင်းဝင်ရောက် ခဲ့သည်မှာ မကြာလှ သေးပါ။ စိတ်နှလုံးကို အထူးပင်လှုပ်ရှားနိုင်စွမ်းရှိသောအတွေးတစ်ခု လည်း ဖြစ်နေပြန်သည်။
          ဤကမ္ဘာကြီးသည် ယခင်ကနှင့် တစ်စက်ကလေးမှမတူတော့ဘဲ များစွာ ပြောင်းလဲသွားခဲ့ပြီဖြစ်ကြောင်း သတိပြုမိလိုက်ကတည်းက သူမ၏စိတ်တို့သည် ငြိမ် သက်ခြင်း အလျဉ်းမရှိတော့ပါ။ မျာစွာသော အပြောင်းအလဲများကြား၌ သူမနှင့်သာ တစ်ကိုယ်ရေ သက်ဆိုင်နေသည့် အပြောင်းအလဲတစ်ခုက သူမ၏စိတ်နှလုံးကို အလှုပ်ရှား စေခဲ့ဆုံးပင်ဖြစ်ပါသည်။
          ရင့်ကျက်သောနှလုံး၊ ဆင်ခြင်နိုင်စွမ်းအလုံးစုံဖြင့် ဝန်းရံပတ်စီးလျက် တွေးမည် ဆိုလျှင်တော့ ထိုအပြောင်းအလဲတို့သည် ရယ်မောဖွယ်ရာသာဖြစ်ပေလိမ့်မည်။ သို့သော် သူမ ထိုသို့ မရယ်မောနိုင်တော့ပါ။ အပြောင်းအလဲတို့အပေါ် ယုံကြည်သက်ဝင်မှုလည်း မရှိနိုင်ပါ။ ထိုအပြောင်းအလဲတစ်ခုကတော့ သူမအား ကောင်းစွာခြောက်လှန့်လျက် ထိတ်လန့် တုန်လှုပ်မှုကိုလည်း ရက်စက်စွာ ပေးနေပြန်သည်။ ထိုအပြောင်း အလဲတစ်ခု အကြောင်းကို စေ့စေ့ငှငှတွေးမိရတိုင်း သူမ၏နှလုံးအိမ်တစ်ခုလုံး ဇောက်တိဇောက်ထိုးနှင့် ကြောက်ခမန်းလိလိလှုပ်ရှားနေတော့၏။

မိန်းမနှင့် ဘဝ

စုမီအောင်

(မိန်းမ -၄)

            ကျွန်မတို့မိသားစု တောင်ဥက္ကလာပကိုပြောင်းရွှေ့လာတာ မကြာသေးပါဘူး။ပတ်ဝန်းကျင်ဟာ ကျွန်မတို့အတွက် အနည်းငယ်သူစိမ်းဆန်နေတုန်းပေါ့။ မှောင်ရီဖျိုးဖျ ညနေခင်းတစ်ခုမှာ သမီးကခေါက်ဆွဲကြော်စားချင်တယ်ပြောတာကြောင့် ဝန်းကျင်အသစ်ကို တိုးဝင်တဲ့အနေနဲ့ သမီးနဲ့အတူ လမ်းလျှောက်ထွက်ပြီး စားသောက်ဆိုင်တစ်ဆိုင်ကို အနီးတဝိုက်မှာ အပူတပြင်းရှာဖွေရပါတယ်။
            အဲဒီလိုနဲ့ အိမ်နဲ့မနီးမဝေးမှာ စားသောက်ဆိုင်တစ်ဆိုင်ကို ကျွန်မတို့တွေ့တယ်။ ဆိုင်ထဲဝင်ပြီးနောက် ကျွန်မက ခေါက်ဆွဲကြော် ပါဆယ်မှာပါတယ်။ အဲဒီ အချိန်မှာ သမီးကပြောတယ်။
          'မီး ဗိုက်ဆာပြီ၊ ဒီမှာပဲ စားမယ်နော် မေမေ'
            ဒါနဲ့ပဲ လူရှင်းရာ စားပွဲတစ်နေရာကို ရွေးချယ်ထိုင်လိုက်ကြပါတယ်။ ကျွန်မတို့ ထိုင်နေတဲ့နေရာဟာ ထိုင်ခါစတုန်းကတော့ လူရှင်းတယ်ဆိုပေမဲ့ ခေါက်ဆွဲကြော်စောင့်နေစဉ် အချိန်အခိုက်အတံ့လေးမှာပဲ နောက်ထပ်လူတွေ တဖွဲဖွဲရောက်ရှိလာတာကြောင့် ဆိုင်ဟာ မျက်စိရှေ့မှာပဲ နေရာလပ်မရှိတော့အောင် လူတွေ ပြည့်ကျပ်သွားခဲ့ပါတယ်။ သည်ဆိုင်မှာ စင်တင်တေးဂီတဖျော်ဖြေမှုအစီအစဉ်ရှိတာကြောင့် ဒီလောက်လူတွေ များပြားတာဖြစ်မယ်လို့ ကျွန်မစိတ်ထဲ တိတ်တိတ်တွေးနေမိတယ်။ အဲဒီမှာ မမျှော်လင့်ဘဲနဲ့ ကျွန်မရဲ့ တစ်ချိန် တုန်းက သူငယ်ချင်း'ချို'နဲ့ ပြန်ဆုံတွေ့ခဲ့ရတာပါပဲ။
            ဟုတ်ပါတယ်။
            ချိုက အဲဒီဆိုင်မှာ သီချင်းဆိုတဲ့ သီချင်းသည်မလေးပါ။ ကျွန်မဟာ ခေတ်နောက်ကျလွန်းသူတစ်ယောက် မဟုတ်ပေမဲ့လည်း စင်မြင့်ပေါ်မှာ လည်ဟိုက် အင်္ကျီချိုင်းပြတ်နဲ့ သားရေစကပ် တိုကျပ်ကျပ်လေးဝတ်ပြီး သီချင်းဆိုနေတဲ့ ချို့ပုံစံကို ရဲရဲမကြည့်ဝံ့တာ အမှန်ပါပဲ။ ချိုကတော့ တကယ့်ကို ပေါ့ပါးလွတ်လပ်တဲ့အသွင်နဲ့ အရင်အတိုင်းပါပဲ။ ချို့အသံက သိပ်အကောင်းစားကြီးမဟုတ်ပေမဲ့ စွဲဆောင်မှုအားကောင်း လှတဲ့ အပြင်အဆင်တွေရယ်၊ စည်းချက်ညီညီလှုပ်ရှားတတ်တဲ့ ကိုယ်ဟန်အနေ အထားတွေရယ်၊ ပြုံးချိုချိုမျက်နှာပေးတွေရယ်ကြောင့် နားထောင်သမျှလူတိုင်းကို အကြိုက်ပိုကဲစေပါတယ်။
            အဲဒီမှာ သီချင်းတစ်ပုဒ်မဆုံးခင်မှာပဲ လူတစ်ယောက်က ပန်းကုံးခပ်ရှည်ရှည် ကြီးဆွဲကိုင်ပြီး ချိုသီချင်းဆိုရာ စင်မြင့်လေးဆီ လျှောက်သွားတာကို ကျွန်မမြင်တယ်။တကယ်တော့ သူကိုင်လာတာ အကွင်းလိုက်ပန်းကုံးမဟုတ်ပါဘူး။  ပန်းကုံးအပြတ်ကြီး ဖြစ်ပါတယ်။ အဲဒီအချိန်မှာ လူတွေရဲ့လက်ခုပ်သံတွေကတော့ တဖျောင်းဖျောင်းနဲ့ပေါ့။ အဲဒီလူက သူကိုင်လာတဲ့အပြတ်လိုက်ပန်းကုံးကြီးရဲ့ အစတစ်ဖက်ကို ချို့ခေါင်းပေါ်ကနေ တပတ်ပတ်၊ ကျန်အစတစ်ဖက်ကို ခါးကိုပါစိမ်ပြေနပြေပတ်ချည်ပေးနေတာ တွေ့ရလို့ ကျွန်မ တအံ့တသြဖြစ်မိသွားတယ်။ ဒါမျိုးကို ကျွန်မတစ်ခါမှ မတွေ့ဖူးသေးပါဘူး။
ကျွန်မနည်းတူ တအံ့တသြဖြစ်နေပုံရတဲ့ သမီးက ကျွန်မကို မေးခွန်းထုတ်လိုက်ပါတယ်။
            ''သီချင်းဆိုတဲ့အန်တီလေးကို ဟိုလူကြီးက ဘာလို့ပြောင်လက်လက်ကြိုးကြီး တွေနဲ့ သွားပတ်တာလဲ မေမေ''
            ရုတ်တရက်မို့ ဘယ်လိုပြောရမှန်း ကျွန်မ မသိပါဘူး။ ဒါပေမဲ့ သမီးနားလည် မယ့်အဖြေမျိုးကို ကျွန်မ ချက်ချင်းပဲ စဉ်းစားပေးနိုင်ခဲ့ပါတယ်။
            ''သမီး စာတော်လို့ ဆုချသလိုမျိုးပေါ့၊ သူလည်း သီချင်းဆိုတာတော်လို့ နားထောင်တဲ့ပရိသတ်လူကြီးမင်းက ဆုချတာပေါ့ကွယ်''
            သမီးက တစ်ဆင့်တက်ပြီးပြောပြန်တယ်။
            ''ဒါဆို သမီးရဲ့ဆုတံဆိပ်တွေလိုပဲ၊ အဲဒါတွေကို သူ့အိမ်နံရံမှာ ချိတ်ထားမှာပေါ့ နော်''
            ''ဒါပေါ့..ဒါပေါ့''လို့ ကျွန်မ ပြောလိုက်တယ်။
            အဲဒီဆုတွေဟာ သမီးရဲ့ဆုတွေလို ဆုသက်သက်မဟုတ်ဘဲ ဟန်ပြသက်သက် အရာတွေဖြစ်ပြီး အဲဒါတွေရဲ့နောက်ကွယ်မှာ ငွေကြေးတန်ဖိုးတစ်ခု သီးသန့်ရှိကြတယ် ဆိုတာရယ်၊ သည်အရာတွေထက် နောက်ကွယ်မှာရှိတဲ့ ငွေကြေးကိုသာ လူတွေက မက်မောစွာ လဲလှယ်ယူကြတယ်ဆိုတာရယ်၊ ဒီအကြောင်းတွေကိုတော့ သမီးကို မသိ စေချင်သေးပါဘူး။ သမီးဟာ သိပ်ကို ငယ်လွန်းပါသေးတယ်။ မလိုအပ်တာတွေ သမီးမသိစေရအောင် ကျွန်မက ရှေ့ကနေ ကွယ်ကာ တားမြစ်ခဲ့တာကြောင့် သမီးဟာ အခြားသူ့အရွယ်(လူကြီးလောက်နီးနီး အသိပိုကဲနေတဲ့)ကလေးတွေနဲ့စာရင် ပိုပြီးတော့ ငယ်နေပါတယ်။
            အခုခေတ်က ကျွန်မတို့တုန်းကနဲ့ နည်းနည်းကလေးမှ မတူတော့ဘူး။်မနနျအပူနယ်မနန အ့သကါ့အ  တွေ ခေတ်စားနေတဲ့ကာလကြီး မဟုတ်လား။ ဒါကြောင့် သမီးကို သူ့အရွယ်နဲ့သူ သိသင့်သိထိုက်တဲ့အရာတွေမှတစ်ပါး အခြားသောအရာတွေ ကျွန်မ ဘာတစ်ခုမှ ပေးမသိခဲ့ပါဘူး။
            သီချင်းနှစ်ပုဒ်ဆိုအပြီးမှာ ချိုက ကျွန်မတို့အနားကို လှလှပပ၊ြ
            ''မင်း အိမ်ထောင်ကျပြီပေါ့၊ ဒါ မင်းရဲ့သမီးလား''
            ကျွန်မ ခေါင်းညိတ်ပြလိုက်တယ်။
            ''မင်း အရင်တုန်းကလို သီချင်းမဆိုတော့ဘူးလား''
            ကျွန်မကို ပြုံးပြုံးလေးကြည့်ရင်း ဆက်မေးပြန်တယ်။
            ခေါက်ဆွဲမျှင်တန်းလန်းနဲ့ အခက်တွေ့နေရှာတဲ့သမီးကို ကူညီပေးရင်း ချို့အမေးကို သုတ်သုတ်ပျာပျာဖြေလိုက်ရတယ်။
            ''အာ မဆိုဖြစ်တော့ပါဘူး ချိုရာ''
            ချိုက ကျွန်မကို သနားသလို စိတ်ပျက်သလို မျက်လုံးတွေနဲ့ကြည့်လာပါတယ်။ ဒါပေမဲ့ သူ့အကြည့်တွေက ကျွန်မဆီမှာ လုံးလုံး လျားလျားရှိမနေဘူး။ ကျွန်မမျက်နှာကို ကျော်ပြီး ကုန်လွန်သွားတဲ့ အတိတ်ကာလတွေကို ကျွန်မကိုယ်စား နှမြောတမ်းတတဲ့ ပုံစံမျိုးနဲ့ ကြည့်နေတာပါ။
            ကျွန်မက သူ့ကို ပြန်မေးလိုက်တယ်။
            ''ချိုရော...ဘယ်လိုလဲ၊ အဆင်ပြေရဲ့လား''
            ''ဟာ...သိပ်အဆင်ပြေတာပေါ့၊ အခုဆိုင်က အရင့်အရင်ဆိုင်တွေထက် ဒါတွေ ဒါတွေ ပိုလာတယ်ဆရာ''
            ချိုက ပန်းကုံးအစွပ်ခံရတဲ့ပုံစံ ဟန်တွေဘာတွေလုပ်ပြရင်း ပြောပါတယ်။    ခက်ရင်းတစ်ချောင်းနဲ့ ခေါက်ဆွဲဖတ်တွေကို ထိုးလိမ်ကော်စားရင်း အလုပ်ရှုပ်နေတဲ့ သမီးကို ကျွန်မ ခဏမေ့သွားမိတယ်။
            ကျွန်မတို့တစ်တွေ ဟိုးအရင် ကညစူကါါနိ့ျသတ ရှိတဲ့ဆိုင်လေးတစ်ဆိုင်မှာ သီချင်းဆိုဖြစ်တဲ့အကြောင်းတွေ ပြန်ပြောင်းပြောမိကြလေရဲ့။ ဘယ်သူကတော့ ဘယ်ဆိုင်မှာ ဆက်ဆိုနေတယ်။ ဘယ်သူကဖြင့် ဘယ်ဟိုတယ်မှာ ပြောင်းဆိုတယ်၊ ဘယ်သူကတော့ ဘာမှ သတင်းမကြားမိတော့ဘူး စသည်ဖြင့် ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြော မိကြတဲ့အခါ ကျွန်မသိရသလောက် ကျွန်မ တစ်ယောက်သာ ခပ်စောစော အိမ်ထောင်ကျပြီးဖြစ်နေတာ တွေ့ရပါတယ်။
            ''အမိုက်မလေးရဲ့၊ ဘာဖြစ်လို့များ စောစောစီးစီး အိမ်ထောင်ပြုလိုက်ရတာလဲ''
            သဘောမတွေ့လေဟန်နဲ့ မေးလာတဲ့ ချို့အမေးကို ရုတ်တရက် ဘာပြန်ဖြေလိုက်ရမှန်းမသိဘဲ ဖြစ်သွားမိတယ်။ ပြီးတော့မှ စိတ်ထဲရှိတဲ့အတိုင်း အရိုးခံအတိုင်းပဲ ဖြေလိုက်မိတယ်။
            ''ချစ်တဲ့သူနဲ့တွေ့လို့ပေါ့''
            ကျွန်မအဖြေကိုကြားတော့ ချိုက ကမ္ဘာ့ရယ်စရာအကောင်းဆုံးပြက်လုံး တစ်ခုကို ကြားလိုက်ရသလို ရယ်လိုက်တာမှ ခွက်ထိုးခွက်လန်ပါပဲ။ ပြီးတော့ တကျွတ်ကျွတ်နဲ့ စုတ်သပ်ဟန်ပြုရင်း ပြောပါတယ်။
            ''ဖြစ်ရလေ ချစ်တဲ့သူ ဟုတ်လား၊ ဒါကတော့ ကိုယ်လည်းတွေ့တာပဲ၊ မင်းလိုဖြင့် မယူပေါင်၊ ချစ်သူဆိုတာ ချစ်ရရုံသာကောင်းတာကွ၊ ယူလိုက်ကြည့် မကောင်း တော့ဘူး၊ အခုပဲ မင်းကြည့်...ဒီကလေးတစ်ယောက်နဲ့ ဒုက္ခရောက်နေပြီ မဟုတ်လား''                        ကျွန်မအနားကို  တိုးတိုးလေး ကပ်ပြီးပြောလိုက်တာပါ။
            အမှန်အတိုင်းပြောရရင် ချို့စကားကြားမှပဲ အဲဒီဒုက္ခဆိုတဲ့အရာကို ကျွန်မ အရေးလုပ် စဉ်းစားမိပါတော့တယ်။ ချို့အမြင် ဒုက္ခဆိုပေမဲ့ ကျွန်မက ဒုက္ခလို့မသတ် မှတ်တဲ့အရာတွေပေါ့။ သမီးဖျားနာမှာ စိုးရိမ်ရ၊ အလုပ်သွားနေတဲ့ခင်ပွန်းသည် အိမ်ပြန်နောက်ကျရင် စိုးရိမ်ရ၊ ခင်ပွန်းသည် ရတဲ့လစာငွေနဲ့ အသုံးစရိတ်တွေ မလောက်င မှာ စိုးရိမ်ရနဲ့ သောက ဗျာပါဒတွေ ချာလည်ဝိုင်းနေတဲ့ဘဝပဲလို့ ချိုက အထင်ရှိဟန်တူရဲ့။ ကျွန်မမှာ သောကတွေဝိုင်းနေတာ မှန်ပါတယ်။ ဒါပေမဲ့ ချို့အနားမှာ ဝိုင်းနေတဲ့ သောက တွေနဲ့တော့ မတူပေဘူးပေါ့။ သောကအမောတွေမဟုတ်ဘဲ သောကအပျော်တွေသာဖြစ် တယ်ဆိုတာကို ချိုကတော့ စဉ်းစားမိမှာမဟုတ်ပါဘူး။
            နောက်ထပ် ချိုဘယ်တော့မှ စဉ်းစားမိမှာမဟုတ်တဲ့ အချက်တစ်ချက်လည်း ကျန်ပါသေးတယ်။ အိမ်ထောင်ရှိတဲ့ မိန်းမတစ်ယောက်ရဲ့တင့်တယ်မှုနဲ့ လုံခြုံမှု အကြောင်းပေါ့။ ယောက်ျားတွေသာအများဆုံးရှိနိုင်တဲ့ သည်ဆိုင်မျိုးထဲကို ဒီလိုအချိန်မှာ မိန်းမတစ်ယောက်တည်း ဝင်လာတာနဲ့စာရင် သမီးငယ်လေးတစ်ယောက်ကို လက်ဆွဲပြီး ဝင်လာတဲ့ မိန်းမက ပိုပြီးတော့ အမြင်တင့်တယ်တယ်ဆိုရမှာပါ။ ယောက်ျားတွေကတော့ သည်ယောက်ျားတွေပါပဲလေ။ ဒါပေမဲ့  ပုံစံအနေအထားချင်း ကွာခြား သွားတာနဲ့ ဆိုင်ထဲဝင်လာတဲ့ မိန်းမတစ်ယောက်အပေါ် အကြည့်သက်ရောက်ပုံချင်းကတော့ ဘယ်နည်းနဲ့မှ မတူနိုင်ပေဘူးပေါ့။
            တကယ်ဆိုတော့ သမီးလေးက ဘာမှအရာမဝင်သေးတဲ့ တကယ့်သေးသေး ငယ်ငယ်လူသားလေးပါ။ ဒါပေမဲ့ ဟောသည့်ပိစိကွေးသမီးလေးက လူယောက်ျားတကာ ရဲ့ မျက်လုံးရိုင်းရိုင်းတွေကို ယဉ်ပါးသွားအောင် သူ့မိခင်ကို တစ်ဖက်တစ်လမ်းကနေ အကွာအကွယ်ပေးနိုင်တယ်ဆိုတာမျိုးက အံ့သြဖွယ်စွမ်းပကားတစ်ခုပါပဲ။ ဘယ်လိုနေရာ မျိုးမှာပဲဖြစ်ဖြစ် နံဘေးမှာ သမီးလေးတစ်ယောက်ပါလာခဲ့ခြင်းအားဖြင့် မိခင်ရဲ့ခြေလှမ်းတွေ ဟာ ရှိုးတိုးရှန့်တန့်မဖြစ်တော့ဘဲ လုံခြုံစိတ်ချမှုအပြည့်နဲ့ ရဲဝံ့တက်ြ
            ချိုမြင်သလို ကလေးတစ်ယောက်ဟာ ကျွန်မအတွက် တစ်ခါတစ်ခါ ဒုက္ခရောက်ရာတာမှန်ပေမဲ့ မိခင်ကို အဲဒီလိုလုံခြုံမှုမျိုးသာမက သက်ရှိသက်မဲ့ ဘယ်လို အရာဆီကမှမရနိုင်တဲ့ တစိမ့်စိမ့် ဖြစ်ပေါ်ခံစားရတဲ့ ကြည်နူးစရာ ပီတိ အဟုန်မျိုးကိုပါ ပေးနိုင်စွမ်းရှိတယ်ဆိုတာ ချိုနားလည်အောင်ဘယ်လိုပြောရပါ့။ ဒါကမှ မိန်းမတစ်ယောက် ရဲ့  တကယ့်အစစ်အမှန်ဘဝဖြစ်တယ်ဆိုတာ တစ်ကိုယ်ရေသမားဖြစ်တဲ့ ချိုက နားလည်မှာ မဟုတ်ဘူး။ ဒါ့ကြောင့် သူ့ကို ကျွန်မ ဘာမှတုံ့ပြန်ပြောဆိုမနေတော့ပါဘူးလေ။ မိန်းမတစ်ယောက်အတွက် ဘဝရဲ့အဆုံးတိုင် ပြီးပြည့်စုံမှုကိုပေးနိုင်တာ အဲဒါဟာ 'ကလေး' ဆိုတာပဲဖြစ်တယ်ဆိုတာကို ချိုမသိသေးပါဘူးကွယ် လို့ပဲ ကျွန်မရင်ထဲ တိတ်တခိုးလေး တွေးနေလိုက်တယ်။
            ချိုက သမီးရဲ့ပါးလေးကို အသာဆွဲပြီး '' သမီးမေမေကို မပြန်နဲ့ဦးလို့ပြောနော် အန်တီ သီချင်းသွားဆိုလိုက်ဦးမယ်''လို့ပြောတော့ သမီးက''အစားတွေပလုပ်ပလောင်းနဲ့ ''ဟုတ်ကဲ့ အန်တီ ဆုရအောင်ဆိုနော်''လို့ ပြန်ပြောတယ်။ သမီးပြောတာကို ချို က မကြားလိုက်တော့ဘူး။ စင်မြင့်ပေါ်ကို လှစ်ခနဲရောက်သွားတယ်။
            သည်တစ်ခေါက် ချိုသီချင်းဆိုပုံက စောစောကထက် ပိုပြီးတော့ အသက်ပါလာ သလိုပဲ။ အပြုံးတွေက ပိုပြီးတော့ တောက်ပရွှန်းလက်နေပြန်တယ်။ ချို ဝတ်ထားတဲ့ အဝတ်အစားဒီဇိုင်းကို သိပ်သဘောမကျမိတာကလွဲရင် ကျွန်မ မျက်စိထဲမှာတော့ ချိုသီချင်းဆိုပုံဟာ အတော်လေးကိုကြည့်လို့ကောင်းနေပါတယ်။ စောစောကလိုပဲ သီချင်းနှစ်ပုဒ်ဆိုပြီးတဲ့အခါ ချိုက ကျွန်မတို့အနားမှာလာထိုင်တယ်။
            ''မင်း အခု ဘာတွေလုပ်နေလဲ''လို့ ချိုက ကျွန်မကိုမေးတယ်။ သူ့ရင်ထဲမှာ ဒီမေးခွန်းရဲ့အဖြေကို အင်မတန်သိချင်နေပုံရတယ်။ ကျွန်မက..
          ''ဥယျာဉ်မှူးလုပ်နေတယ်လေ''ဆိုတော့ စကားတစ်ခွန်းကို ဘယ်တော့မှ ရှည်ရှည်ဝေးဝေးမတွေးလေတဲ့ ချိုက ...
            ''ဟုတ်လား ဘာအပင်တွေစိုက်လဲ''တဲ့။ မရယ်မိအောင် ကျွန်မ မနည်းကိုစိတ် ထိန်းထားရတယ်။
            ''သိပ်များများတော့မရှိပါဘူး...ဒီအပင်လေးတစ်ပင်ထဲပါ''ဆိုတော့ ချိုက''အဟုတ်လားလို့လေ..''ဆိုပြီး ကျွန်မပခုံးကိုဖွဖွထုရင်း ရယ်နေပြန်ပါတယ်။ သည်တော့မှ ကျွန်မလည်း သူနဲ့အတူလိုက်ရယ်မိရင်း..
            ''အဟုတ်ပြောနေတာပဲချိုရဲ့..ဒါပေမဲ့ ဒီအပင်လေးက တကယ့်အပင်ထက် ပိုပြီးတော့ တာဝန်ကြီးတယ်။ ကလေးဆိုတဲ့ လူသစ်ပင်လေးကို စိုက်ပျိုးရတာ ဥယျာဉ်မှူး မေမေတွေအတွက် တကယ်မလွယ်တဲ့ ကိစ္စတစ်ရပ်ပါပဲ...''
            တွေးတွေးဆဆဖြေလိုက်တဲ့ ကျွန်မ စကားကို ချိုက စိတ်ဝင်စားဟန်မရှိတော့ ဘဲ စင်ပေါ်ကမိန်းကလေးကို သရဖူတက်ဆောင်းပေးနေတဲ့ လူတစ်ယောက်ဆီ မျက်မှောင် ကုတ်ပြီး လှမ်းကြည့်နေတယ်။ ဆီတွေ ပေပွနေတဲ့ သမီးရဲ့နှုတ်ခမ်းပါးနားတစ်ဝိုက်ကို တစ်ရှူးတစ်စနဲ့ သုတ်ပေးလိုက်ပြီး စားပွဲထိုးလေးကို ကျွန်မလှမ်းခေါ်တဲ့အခါ ချိုက..
            ''ပြန်တော့မလို့လား၊ ရောက်တုန်းရောက်ခိုက် နေစမ်းပါဦးလား၊ ခဏကြာရင် သီချင်းဖွင့်ပြီး ကိုယ်တို့တစ်တွေ ဖက်ရှင်ရှိုးလျှောက်ပြသလို လျှောက်ကြဦးမှာ၊ ကြည့်သွားပါ ဦးလား၊ အပျင်းပြေပေါ့''လို့ပြောတယ်။ ခေါက်ဆွဲတစ်ပန်းကန် ကုန်လုနီးနီးစားပစ်လိုက်လို့ ဗိုက်အတော်ဝသွားပုံရတဲ့ သမီးဟာ အိမ်ကိုပြန်ချင်နေပြီထင်ပါရဲ့။ စားချင်တာစားပြီးတာနဲ့ ချက်ချင်း ထပြန်ချင်တာ ကလေးတို့ရဲ့သဘာဝပဲမဟုတ်လား။
            ကျွန်မ ချို့ကိုလည်း အားနာတယ်။ ကိုယ်တိုင်ကလည်း ချိုသီချင်းဆိုတာကို ဆက်ပြီးကြည့်ချင်သေးတယ်ဖြစ်နေပါတယ်။ သမီးကိုကြည့်တော့ ခုံပေါ်ကတောင်ဆင်း ချပြီး လမ်းဘက်ကိုလှမ်းလို့တောင်ကြည့်နေပါပြီ။ သမီးရေ ခဏနေကြဦးစို့ရဲ့..လို့ပြော ပြီး ဆက်နေရင်ဖြစ်ပေမဲ့ ကျွန်မက ကိုယ့်ကလေးရဲ့ဆန္ဒကိုလျစ်လျူရှု၊ ကိုယ့်ဆန္ဒကိုသာ ရှေ့တန်းတင်တတ်တဲ့ မိခင်မျိုးမှ မဟုတ်တာ။ ချိုပြောသလို ကျွန်မအပျင်းပြေဖို့ထက် သမီးမပျင်းစေဖို့က ကျွန်မအတွက်ပိုပြီးအရေးကြီးနေပါတယ်။ ဒါကို ချိုကတော့ နားလည်မှာ မဟုတ်ဘူး။
            ''ပြန်တော့မယ် သူငယ်ချင်းရေ''လို့ ကျွန်မနှုတ်ဆက်လိုက်တော့ ''အေးအေး ဆေးဆေးစကားပြောကြရအောင် နောက်နေ့လာခဲ့ဦးနော်''လို့ ချိုက တတွတ်တွတ်နဲ့ မှာနေပါသေးတယ်။
            ''အင်းပါ''ဆိုပြီး ကျွန်မ ခေါင်းညိတ်ပြလိုက်ပေမဲ့ ဒါဟာ မသေချာလှတဲ့ ကတိပြုမှုလေး တစ်ခုရယ်ပါ။ ဘာလို့ဆို ကျွန်မက ချိုတို့လို လွတ်လပ်သူမှမဟုတ်တာ။ ကျွန်မရဲ့အချိန်နာရီ ခေါက်ချိုးတွေအားလုံးဟာ ကျွန်မသမီးရဲ့လက်ထဲမှာသာ အချက်အချာ ကျနေတာမို့ပါ။
            မနက်ဖြန်မှာ သမီးက ခေါက်ဆွဲကြော်စားချင်တယ်လို့ ပူဆာဦးမလား မဆိုနိုင်ဘူး လေ။ မပူဆာခဲ့ရင်တော့ ကျွန်မအနေနဲ့ ချို့ဆီရောက်ဖြစ်မှာ မဟုတ်ဘူးပေါ့။ ဒါ အသေ အချာပါပဲ။
            သမီးရဲ့လက်ကိုဆွဲ၊ ဆိုင်ရှေ့မှာရပ်ပြီး လမ်းတစ်ဖက်ကိုကူးဖို့ ကားတန်းအရှင်း စောင့်ချိန်မှာ လက်ခုပ်သံညံညံစီစီကြောင့် ကျွန်မ ဆိုင်ထဲကို သမင်လည်ပြန်လှည့်ကြည့် မိလိုက်ပါသေးတယ်။ ချိုနဲ့အတူ မိန်းကလေးတွေအားလုံးဟာ စင်ပေါ်မှာ။ ဆိုတဲ့သူဆို၊ ရှေ့ထွက်ပြီး သရုပ်ပြတဲ့သူကပြ၊ ပန်းကုံးတွေ သရဖူတွေ ဆုချသူကချနဲ့ လှုပ်လှုပ်သဲသဲဖြစ် နေတာ ကျွန်မမြင်ရတယ်။ အားလုံးထဲမှာ ချိုဟာ အများဆုံးချီးမြှောက်ခံရသူပါပဲ။ ခေါင်းပေါ်မှာက သရဖူ၊ လက်ထဲမှာက အကယ်ဒမီရွှေစင်ရုပ်လိုဟာတွေ မနိုင်မနင်းပွေ့လို့ ကိုယ်ပေါ်မှာ သမီးပြောတဲ့ပြောင်လက်လက်ကြိုးတွေဟာ (စပါးကြီးမြွေက မထွေးလေးကို ရစ်ပတ်သလို) အထပ်ထပ်ရစ်ပတ်လို့ တစ်ကိုယ်လုံးနေရာလပ်ကို မကျန်အောင်ပါပဲ။ မျက်နှာလေးချည်းသာမြင်ရတော့တဲ့ ချို့ကိုလှမ်းကြည့်ပြီး ကျွန်မရယ်လည်းရယ်ချင်ပါရဲ့။
            ဒီအချိန် ချိုတစ်ယောက်ပျော်နေမှာလား...
            ဒါမှမဟုတ် စိတ်ညစ်ညူးနေမှာလား....
            ဒါကိုတော့ ကျွန်မ မသိချင်တော့ပါဘူး။
            ''ကားရှင်းပြီလေ မေမေ''လို့ သမီးက ပြောလည်းပြော ကျွန်မလက်ကို ဆွဲလည်းဆွဲလှုပ်နဲ့ လမ်းအတင်းကူးတော့မယ့်ဟန် ပြင်မှပဲ ကျွန်မလည်း သတိပြန်ဝင်လာ ရပြီး သမီးလက်ကို တင်းတင်းဆုပ်လို့ ကားလမ်းကူးလိုက်တော့တယ်။                                  အပြန်လမ်းတစ်လျှောက် ချိုပြောတဲ့စကားတွေ ပြန်စဉ်းစားရင်း ကျွန်မပြုံးတောင် ပြုံးမိပါသေးတယ်။
'မင့်ကြည့်ရတာ ဟိုတုန်းကနဲ့မတူတော့ဘူး၊ မျက်နှာမှာ နှုတ်ခမ်းနီလေး တောင်မှ မတွေ့ရတော့ပါလား၊ အရမ်းပြောင်းလဲသွားတာပဲ'တဲ့။
            ကျွန်မ ဘယ်အချိန်က ဘယ်လိုပြောင်းလဲသွားခဲ့တာလဲ။ ချိုပြောမှပဲ ကိုယ့်ဘာသာ သတိထားမိပါတော့တယ်။ ကျွန်မအထင် တော့ ဟောသည်သမီးကြောင့်ပဲ ဖြစ်မယ်ထင်ရဲ့။ ပြောရရင် သမီးရဲ့အရှေ့မှာ ကျွန်မက စံပြဖြစ်ချင်သူလေ။ ဒါဟာလည်း သမီးအတွက်ပါ။
            အနားမှာရှိသမျှ လူတွေဆီက ဘာမဆို အတုခိုးသင်ယူနေတတ်ပြီ ဖြစ်တဲ့ သမီးကြောင့် ကျွန်မလည်းအရာရာမှာ ဆင်ခြင် ပြုမူ နေထိုင်နေရပြီလေ။ သမီးရဲ့ ဘေးပတ်ဝန်းကျင် အနီးဆုံးမှာ အချိန်တိုင်းရှိနေတာ ကျွန်မပဲမဟုတ်လား။ ကျွန်မရဲ့ အရိပ်အငွေ့က ဒီသမီးအပေါ်မှာ လုံးလုံးလျားလျားကျရောက်နေတာလေ။ တစ်ချက်ကလေး ကျွန်မသတိလစ်သွားတာနဲ့ ကျွန်မရဲ့ချွတ်ယွင်းမှုကို သမီးကကောက်ခါငင်ခါမြင်သွားပြီး အတုယူမှားသွားမှာ ကျွန်မသိပ်စိုးရိမ်မိပါတယ်။
            အဖြူ အစိမ်းကျောင်းဝတ်စုံလေးတွေနဲ့ မိန်းကလေးငယ်ငယ်တွေ မျက်ခုံးမည်း မည်း၊ နှုတ်ခမ်းရဲရဲတွေဆိုး၊ (တီဗီကြော်ငြာတွေထဲက မင်းသမီးတွေလို)ဆံပင်နီတွန့်တွန့်တွေ ပါပြီးသား ခေါင်းစီးပဝါတွေစည်းပြီးလာကြတဲ့ကလေးတွေကို မြင်ရင် ကျွန်မလေအပြေး သွားပြီး အဲဒီအပြင်အဆင်တွေကို လိုက်ဖျက်ဆွဲဖြုတ်ပစ်ချင်လိုက်တာမပြောပါနဲ့တော့။  ကျွန်မသမီးကိုတော့ အရွယ်မတိုင်သေးခင် အလှအပထက် သန့်ရှင်းသပ်ရပ်မှုရှိဖို့ကိုပဲ ဦးစားပေးလေ့ကျင့်ပေးရမယ်။ ဒါကြောင့် ကျွန်မကိုယ်တိုင်လည်း သန့်ရှင်းသပ်ရပ်စွာပဲ ပြုပြင်နေထိုင်ပါတယ်။
            အရွယ်ရောက်လာတဲ့အခါကျရင်တော့ သမီးစိတ်ကြိုက်သူ့ဘာသာ အလှအပ ပြင်ပါစေပေါ့။ ဒါတောင်မှ သမီးရဲ့လုပ်ငန်း သဘာဝနဲ့ လျော်ညီတဲ့ပြင်ဆင်မှုမျိုးဖြစ်ဖို့ လိုသေးတယ်။ သမီးက သာမန် ရုံးဝန်ထမ်းမိန်းကလေးလုပ်ပြီး သရုပ်ဆောင်မင်းသမီး တွေလိုပြုပြင်ဆင်ယင်မယ်ဆိုရင်လည်း မဖြစ်သေးဘူးပေါ့။ သမီးက ဘယ်လိုပုံစံ လာမှာ ပါလိမ့်။ ကျွန်မကသာ အရှည်ကြီး လျှောက်တွေးနေတာ။ သမီးက လမ်းတောင်မှ တစ်ယောက်တည်း ဖြတ်မကူးနိုင်သေးတဲ့ ပိစိကွေး ကလေးငယ်လေးပဲရှိသေးပါလား....။
            အင်း..တစ်ခါတစ်ခါကျတော့လည်း တစ်ကိုယ်ရေလွတ်လပ်သူတွေကိုကြည့်ပြီး အပျိုဘဝကအချိန်တွေ ပြန်ရချင်လိုက်တာလို့ တမ်းတလွမ်းဆွတ်မိတဲ့အခါတွေလည်း ရှိဖူးတယ်ဆိုတာ ကျွန်မ ဝန်ခံပါတယ်။ ဒါပေမဲ့ အိမ်ထောင်သည်မိခင်ဘဝမျိုးဟာ သိပ်အရေးကြီးပြီး ကျွန်မတို့မိန်းမသားတွေအတွက် မရှိမဖြစ် ပိုင်ဆိုင်သင့်တဲ့ဘဝတစ်ခု လည်း ဖြစ်တယ်လို့ စဉ်းစားမိတဲ့အခါ အဲဒီတမ်းတမှုတွေအကုန်လုံး ကြက်ပျောက် ငှက်ပျောက် ပျောက်သွားတော့တာပါပဲ။
            ပြောမယ်ဆိုရင် အလုပ်ကပြန်လာတဲ့အဖေကို သမီးလေးကပြေးကြို၊ မောမောနဲ့ပြန်လာတဲ့ ခင်ပွန်းသည်က ကျွန်မ တိုက်တဲ့ ရေတစ်ခွက်ကိုတောင် မသောက် နိုင်အားသေးဘဲ သမီးကိုအရင်ပွေ့ချီ နမ်းရှုပ်နှုတ်ဆက်လိုက်တဲ့ မြင်ကွင်းမျိုးကို ညနေတိုင်း စောင့်ကြည့်ရတာ ကျွန်မအတွက် တကယ့်ကို ပီတိဖြစ်စရာပါပဲ။ နေ့စဉ်တွေ့မြင်နေကျ ဖြစ်ပေမဲ့လည်း အဲဒီမြင်ကွင်းဟာ ရိုးအီမသွားခဲ့ဘဲ ကျွန်မအတွက် တစ်ရက်ပြီးတစ်ရက် ခွန်အားအသစ်တွေတိုးစေတဲ့ ကြည်နူးဖွယ်မြင်ကွင်း အစစ်အမှန်လေးဖြစ်လေရဲ့။
            ဒါကြောင့် ကျွန်မ မပြောလား။ တစိမ့်စိမ့် ဖြစ်ရတဲ့ သည်လိုပီတိမျိုးကို ကလေးရှိတဲ့ ကျွန်မလို မိခင်တွေမှသာ ခံစားဖူးမှာပါ။ ပြီးတော့ မိခင်ဆိုတဲ့ အခန်းကဏ္ဍဟာ  ကျွန်မဘဝမှာ အကြီးမားဆုံးနဲ့ နောက်ဆုံးစွန့်စားမှုကြီးတစ်ရပ်လည်းဖြစ်ရဲ့။ နောက်ထပ် သည်လောက်ကြီးမားတဲ့ စွန့်စားမှုမျိုး ကျွန်မတို့မိန်းမတွေ ကြုံရလိမ့်မှာ မဟုတ်တော့ဘူး။
            ဒါတွေကို ကျွန်မအနေနဲ့ ချို့ကိုပြောပြခဲ့ဖို့ကောင်းတာနော်။
            ဒါပေမဲ့ သည်စကားတွေကို ခုချိန်မှာ ချိုသဘောပေါက်လိမ့်မှာမဟုတ်ဘူး။ကျွန်မတုန်းကလည်း ဒါတွေကိုကြိုတင်ပြီး သဘောပေါက်ခဲ့တာမှ မဟုတ်ဘဲ။ ဘဝနဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေက ကိုယ်တိုင် နဖူးတွေ့ဒူးတွေ့ကြုံမှ သိရတာမျိုးလေ။ ခုနေခါမှာတော့ ချိုဟာ တစ်ကိုယ်ရေဘဝရဲ့ လွတ်လပ်မှုတွေအကြားမှာ ရှင်သန်ပျော်မြူးရင်း ကျွန်မရဲ့အိမ်ထောင်သည် မိခင်ဘဝကိုကြည့်ပြီး စိတ်မောချင် မောနေဦးမှာပေါ့။
            တစ်နေ့တော့ ချိုလည်း အလိုလိုသိလာမှာပါ။
            စိတ်မောစရာလို့ အထင်ရှိခဲ့ဖူးတဲ့ဘဝကို သူကိုယ်တိုင် တမက်တမောနဲ့ပွေ့ပိုက် နေမိတဲ့အချိန်လေးတစ်ချိန်ကို ရောက်လာလိမ့်ဦးမှာပါ။
            ဘာလို့ဆို သူဟာလည်း ကျွန်မလို မိန်းမထဲကမိန်းမတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာ သေချာပေါက် မိခင်တစ်ဦး ဖြစ်လာမှာမို့လို့ပေါ့။
            အိမ်ရောက်မှပဲ ကျွန်မအတွေးစတွေပြတ်တောက်သွားပါတော့တယ်။ သမီးက ခေါက်ဆွဲကြော်စားချင်တယ်ဆိုတာနဲ့ သွားလိုက်ကြတာ..ကျွန်မကိုယ်တိုင် ဘာမှ မစားဖြစ်ခဲ့တဲ့အပြင် ကျွန်မခင်ပွန်းအတွက်လည်း ဘာမှ မဝယ်ခဲ့ရပါလား လို့စဉ်းစားမိတော့ ကျွန်မ ကျေကျေနပ်နပ်ကြီး ပြုံးလိုက်မိသေးတယ်။ ဒီလိုပါပဲလေ..။ ကျွန်မတို့မိခင်တွေ ဆိုတာက ကိုယ့်အတွက်ကို ကိုယ်မေ့ပြီး အရာရာမှာ ကလေးအတွက်ကိုသာ စဉ်းစားတတ် ကြတာမဟုတ်လားနော်။
            သည်အချိန်မှာ ကျွန်မတို့ကိုမြင်လို့ အိမ်တံခါးကို သော့မဖွင့်သေးဘဲ ရပ်စောင့်နေ တဲ့ ကျွန်မခင်ပွန်းကို တွေ့လိုက်ရပါတယ်။ သမီးက သူ့ဆီကို ခုန်ပေါက် ပြေးသွားတဲ့အခါ သူက လက်ဆန့်တန်းပြီး အားပါးတရဆီးကြိုပါတယ်။
            သမီးကို သန်မာတဲ့လက်တွေနဲ့စွေ့ခနဲကောက်ယူပွေ့ချီလိုက်တဲ့ ခင်ပွန်းဖြစ်သူကို ချစ်မြတ်နိုးမှုအပြည့်နဲ့ ကျွန်မငေးကြည့် လိုက်မိတယ်။ အဲဒီအချိန် တစိမ့်စိမ်နဲ့ဖြစ်ပေါ်လာတဲ့ ပီတိနဲ့ ခံစားမှုမျိုးဟာ လောကမှာရှိသမျှ ဘယ်လိုအဖိုးတန်အရာနဲ့မှ နှိုင်းယှဉ်လို့မရဘူး ဆိုတာကို ကျွန်မ ကောင်းကောင်းကြီးသိလိုက်ရပြန်တယ်။
            အဲဒီနောက် သမီးရဲ့ပါးပြင်လေးနှစ်ဖက်ကို ကျွန်မခင်ပွန်းက မွှေးကြူ နမ်းရှုပ် လိုက်တဲ့အခါ အဲဒါဟာ ကျွန်မအတွက် ဘယ်တော့မှ မရိုးနိုင်တော့တဲ့ ရှုမျှော်ခင်းလေး တစ်ခု ဖြစ်သွားပါတော့တယ်။


စုမီအောင်
(၂ဝဝ၂၊ ဇွန်၊ အနုပညာမြင်ကွင်းမဂ္ဂဇင်း)

Friday, September 12, 2014

မိန်းမနှင့် မီးဖိုချောင်

စုမီအောင်
မိန်းမ  (၃)
             မဂ္ဂဇင်းစာစောင်တွေထဲက ဗေဒင်ကဏ္ဍမှာ ကရကဋ်ရာသီဖွားဆိုရင် ကဏန်း ကောင်ရုပ်ပုံနဲ့ ယှဉ်တွဲဖော်ပြလေ့ရှိပါတယ်။ ကျွန်မက အဲ့ဒီ့ရာသီဖွားပေါ့။ တချို့က ပြောတယ်။ အဲ့ဒီရာသီဖွားတွေဟာ ကဏန်းကောင်ဘေးတိုက်သွားသလိုပဲ အများနဲ့ ဆန့်ကျင်ပြီး ကန့်လန့်လုပ်တတ်ကြတယ်တဲ့။ အရာရာတိုင်းမှာ လူတွေနဲ့ဆန့်ကျင်ပြုပြီး ကန့်လန့်တွေးမယ် ကန့်လန့်လုပ်မယ်ဆိုတဲ့ အတွေးနဲ့ကြိုတင်ကြံဆ ထားတာတော့ ကျွန်မမှာ မရှိဘူး။ ဒါပေမယ့် သတိထားကြည့်မယ်ဆိုရင် ကျွန်မရဲ့အကြိုက် ကျွန်မရဲ့အတွေး ကျွန်မရဲ့လုပ်ရပ်တွေဟာ ပတ်ဝန်းကျင်မှာရှိတဲ့လူတွေနဲ့ သိသိသာသာကြီး ကွဲလွဲနေတာတော့ အမှန်ပါပဲ။ လူဆိုတာ လူတွေထဲက လူတွေပဲမို့ အများကြိုက်တာကို အကြိုက်များကြပြီး အများလုပ်တာကို အလုပ်များကြတယ်။ ဒါဟာ ပုံမှန်သဘာဝ တစ်ခုပဲလို့ ကျွန်မစဉ်းစားမိပါတယ်။ ဒါပေမယ့် ကျွန်မကတော့ အများကြိုက်တာကို ကြိုက်မရ၊အများကြိုက်တာကို မလုပ်ချင်နဲ့၊ ဘာကြောင့် အဲ့ဒီသဘာဝနဲ့ ဆန့်ကျင်နေသလဲ တော့ မဆိုနိုင်ဘူး။ ကျွန်မလိုလူတွေလည်း ဒီကမ္ဘာကြီးမှာ အများကြီးရှိမှာပါ။                       ကျွန်မအပါအဝင် ဒီလိုလူတွေဟာ သာမာန်လူတွေနဲ့ မတူလို့ တမူထူးတယ် ဆိုရပေမယ့် အင်အားနည်းတဲ့လူနည်းစုဖြစ်လေတော့ထူးခြားမှုဟာ မပေါ်လွင်ဘဲ အများတကာရဲ့ လှောင်ပြောင်ကဲ့ရဲ့ တာကိုပဲ ခံကြရတာများပါတယ်။

Thursday, September 11, 2014

I saw the sign

ဒီနေ့ သီချင်းနားထောင်ဖြစ်ရင်းနဲ့
ဒီသီချင်းလေး စာသားတွေပါ ကြိုက်သွားမိ၊
ဆိုပုံလေး သဘောကျ၊
"The Sign"

ခိုမြို့ မြစ်ကမ်းခြေပျော်ပွဲရွှင်ပွဲမှာ

ဆားဘီးယားနိုင်ငံအရှေ့မြောက် ဒန်နူးဘ်မြစ် - Danube မြစ်ရဲ့ ညာဘက်မှာ ဂေါ်လူးဘတ်စ်-Golubac မြို့လေးရှိနေတယ်။ (ဆားဘီးယားဘက်မှာတော့ ဒူးနာဗ့်မြစ်လို့ပဲခေါ်ကြပါတယ်) Golub ဆိုရင် မြန်မာလို ခို လို့အဓိပ္ပါယ်ရတော့ မြို့လေးရဲ့နာမည်က ခိုမြို့လို့ပဲခေါ်ရမှာပါ။ ဂေါ်လူးဘတ်စ်မြို့အရှေ့ဘက်မှာ ရိုမေးနီးယားနိုင်ငံတောင်ကုန်းတွေရှိနေတယ်။ အနောက်ဘက်မှာ Veliko Gradište နဲ့ တောင်ဘက်မှာ Kučevo ဆားဘီးယားမြို့တွေရှိနေပါတယ်။ ဆားဘီးယားနိုင်ငံမှာ ဆောင်းတွင်းတွေမှာ သိပ်အေးလွန်းတော့ အိမ်တွင်းအောင်းပြီးနေရသမျှ နွေရာသီရောက်ပြီဆိုတာနဲ့ မြို့တိုင်းမှာ သူတို့ကိုယ်ပိုင်ပုံစံနဲ့ နှစ်စဉ်နှစ်တိုင်း နွေရာသီပွဲတော်လေးတွေပြုလုပ်ကြလေ့ရှိတယ်။ ဂေါ်လူးဘတ်စ်မြို့လေးမှာလည်း Danube fair and traditional Golubacki kotlic (Cajam Dunava - Golubac) ပျော်ပွဲရွှင်ပွဲပြုလုပ်ကြတယ်။

မိန်းမနှင့် အမှန်တရား

စုမီအောင်
( မိန်းမ - ၂)

အခန်း(က)
            နှင်းဆီနက်ကဖေး၏ ထောင့်စွန်းစားပွဲခုံတစ်ခုံတွင် သူမ ထီးတည်း ထိုင်နေ သည်။ ဆူညံစွာ လှုပ်ရှား သက်ဝင်နေသည့် ပတ်ဝန်းကျင်သည် သူမနှင့် လားလားမှ မသက်ဆိုင်သကဲ့သို့ပင်။ သူမသည် သူမရှေ့ စားပွဲပေါ်ရှိ လက်ဖက်ရည်တစ်ခွက်ကိုသာ အသိမဲ့စွာ ငုံ့ကြည့်နေသည်။ မသောက်ရသေးသော အရောင်ရင့်ရင့် လက်ဖက်ရည်များက သူမအား ချိုခါးအေးစက်စွာ မော့ကြည့်နေသယောင်။
            ''တစ်ယောက်တည်းလား''
            နှုတ်ဆက်သံတစ်ခုက သူမရှေ့မှ ထွက်ပေါ်လာခဲ့သည်။ သူမ မော့မကြည့်ဖြစ်ပါ။ လက်ဖက်ရည်ခွက်ကိုသာ ငုံ့ကြည့်နေမိဆဲ။

Wednesday, September 10, 2014

မိန်းမနှင့် ကြိုး

စုမီအောင်
(မိန်းမ - ၁)
အခန်း(၁)

            အယ်လီနာသည် ခုတင်ပေါ်မှဆင်းကာ ပြတင်းဝမှာရပ်လို့နေမိ၏။ မကြာမီ မိုးလင်းတော့မည်။ နီဖျော့ဖျော့ရောင်စဉ်အောက်မှ နေ၍ နေမင်းကြီး တစ်စတစ်စ ပြူထွက်လာသည်ကို သူမ သဘောကျစွာ ငေးလို့ကြည့်မိဦးမည်။ ခုတလော နေမင်းကြီးကို ငေး၍ငေး၍ ကြည့်နေရသည်ကို အယ်လီနာ အကြိုက်တွေ့နေမိသည်။ အမှန်တကယ်တော့ နေမင်းကြီး ပေါ်ထွက်လာပုံက ဖြစ်ရိုးဖြစ်စဉ် ဖြစ်ရပ် တစ်ခုပဲဖြစ်သည်။ နေမင်းကြီးကို ကြည့်ရသည်မှာ သိပ်ပြီး အဆန်းတကြယ် မရှိလှသော်လည်း မိမိကိုယ်မိမိ ယုံကြည်ခြင်း များကို သူ့အတွင်းမှာ အပြည့်အသိပ်သယ်ဆောင်လာနိုင်တဲ့ပုံဟုမြင်ကာ အယ်လီနာက အားကျစိတ်ဖြင့်စောင့်ကြည့်နေမိခြင်းပဲဖြစ်သည်။                 အယ်လီနာနေသောအခန်းသည် အရုဏ်ဦးနေထွက်ချိန်များကို ကောင်းစွာ မြင်တွေ့ငေးမောနိုင်သော်လည်း ဆည်းဆာ အလှနှင့် နေဝင်ချိန်များကိုတော့ ဘယ်သောအခါမှ မြင်တွေ့ရလေ့မရှိပါ။ အယ်လီနာ၏ခင်ပွန်းဖြစ်သူ ဒေါက်တာဇိုးဝါးနေသည့် အနောက် ဘက် အခန်းဆီမှာတော့ နေဝင်ချိန်များကို ကောင်းစွာမြင်တွေ့နိုင်သည်ဟု အယ်လီနာ ကောင်းစွာ သိရှိထားသည်။ သို့သော် သူ့အခန်းဆီ သို့ အယ်လီနာ ဘယ်တုန်းကမှ မသွားချင်ခဲ့ပါ။ သူ့ရဲ့ သိပံ္ပစမ်းသပ်ပစ္စည်းကိရိယာတွေ၊ ကွန်ပျူတာတွေ၊ စာအုပ်ထူထူနှင့် ဖိုင်တွဲ ရှုပ်ပွပွ တွေကြားမှာ အယ်လီနာတစ်စက္ကန့်မျှမနေချင်လောက်အောင် အသက်ရှု ကျပ်လှပါသည်။ အယ်လီနာရဲ့အဖော်ကတော့ ယုံကြည်မှုတွေ ကို သယ်ဆောင်လာတတ်သည့် နေမင်းကြီးပဲဖြစ်သည်။ နောက် လမင်းနှင့် ကြယ်တာရာလေးများ...။ သူမရဲ့စိတ်ကို ရှုပ်ထွေး နောက်ကျိအောင် ဘယ်တော့မှ သူတို့မလုပ်ကြပါ။ သူမကို အချိန်ပြည့် စိတ် အနှောင့်အယှက်ဖြစ်အောင် ပြုလုပ်နေသူကား တခြား မဟုတ်......
            ''မစ္စက်ဇိုးဝါး နံနက်စာသုံးဆောင်ဖို့ ကြွပါ''

Monday, September 08, 2014

ညီမလေးငယ်ငယ် (အက်ဆေး ၆)

စုမီအောင်
(Faces, ၂ဝဝ၂  စက်တင်ဘာ)


          မေမေ့ဗိုက်ထဲမှာ နောက်ထပ် ကလေးလေးတစ်ယောက် ခိုတွယ်နေပြီလို့ သိလိုက်ရတာနဲ့ ကျွန်မ ရင်ထဲမှာ လှိုက်ခနဲဖိုပြီး ပျော်ရွှင်သွားတယ်။ ကျွန်မမှာ အစ်မ နှစ်ယောက်၊ အစ်ကို တစ်ယောက်နဲ့ မောင်လေး နှစ်ယောက်ရှိပြီး ညီမလေးမရှိသေး လို့ပါ။ မေမေ့ဗိုက်ထဲက ကလေးလေးဟာ ညီမလေးသာဖြစ်ခဲ့ရင် မိသားစုဝင် လူသားလေး တစ်ယောက်ကို ကျွန်မတို့အားလုံး ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြရမှာဖြစ် ပေမဲ့ မျောက်ရှုံးအောင် ဆော့တဲ့ မောင်လေးနှစ်ယောက်ကို ထိန်းကျောင်းရတာ စိတ်ညစ် နေပြီဖြစ်တဲ့ ကျွန်မအတွက် ထူးထူးကဲကဲကြီး တော့ ပျော်ရွှင်မိမှာ မဟုတ်တော့ဘူးပေါ့။

စိတ်ကူးကောင်းကောင်း ခံစားချက်ပြင်းပြင်း မမြင်နိုင်တဲ့ကြမ္မာကိုငေးရင်း

စုမီအောင်
(ပေါ်ပြူလာဂျာနယ်)

          အလုပ်ကအပြန် ဘတ်စကားပေါ်တက်တိုင်း ပြ တင်းပေါက်နှင့် ကပ်လျက်ထိုင်ခုံမှာထိုင်ရဖို့ ကျွန်မ အပြေးအလွှား ကြိုးစားမိတတ်သည်။ အလုပ်ခန်းထဲမှာ စာအုပ်များ၊ ဂျာနယ်များ၊ စာမူစာရွက်များ၊ ကွန်ပျူတာ မျက်နှာပြင်များကို အချိန်ပြည့် ထိုင်ကြည့်ခဲ့သည့် အ တွက် အလုပ်ချိန်ပြင်ပမှာ အခွင့်အရေး ရလျှင်ရသလိုညျေိစေန ရှုခင်းတွေကို များများနှင့် ဝေးနိုင်သမျှ ဝေးဝေး ကြည့်ပေးဖို့လိုကြောင်း ကျွန်မအား ဆရာဝန်က မှာထားသည်။
          ဘတ်စကားစီးချိန် ပြတင်းပေါက် မြင်ကွင်းကနေ ဝေးနိုင်သမျှဝေးဝေးဆီ မျှော်ကြည့်ဖို့ သတိရလိုက်တိုင်း ကျွန်မ မျက်လုံးတွေက ကောင်းကင်ထက်က ရောင်စုံ တိမ်များဆီသို့သာ ဦးတည် ရောက်သွားမြဲဖြစ်သည်။
          ပုံသဏ္ဌာန်အမျိုးမျိုး ဖွဲ့တည်နေကျ တိမ်များနှင့် အတူ ရောင်စုံ တောက်တစ်လှည့်မှိန်တစ်လှည့် မိုးသား ကောင်းကင်ကို ကျွန်မငေးကြည့်မိရတတ်၏။ မြင်မြင် သမျှ တိမ်မျှင်၊ တိမ်မြွှာ၊ တိမ်တောင်၊ တိမ်ထု၊ တိမ်လိပ်၊ တိမ်ညွန့်လေးများက ကျွန်မမျက်စိထဲ တစ်နေ့တစ်မျိုး မရိုးရအောင် မျိုးမျိုးထွေထွေ လှပဲလှနေကြသည်။
          ကျွန်မ ဘယ်တုန်းကများ တိမ်တွေကို ချစ်တတ် သွားခဲ့ပါလိမ့်။
          လွန်ခဲ့သောနှစ်ကာလများတုန်းကတော့ ဒီလို မဟုတ်ခဲ့ဖူးပါ။
          တိမ်တွေကိုမြင်တိုင်း ဘယ်တော့မှ အတည်တကျ မရှိတတ်တဲ့အရာတွေ၊ အပြောင်းအလဲများတဲ့ အရာ တွေ ဟု အတွေးဆိုးနှင့် ကြည့်မြင်မိခဲ့သည်။ တစ်နေ့ရွှေ တစ်နေ့ငွေ ဒါမှမဟုတ် တစ်နေ့တည်း ရွှေတစ်လှည့် ငွေတစ်လှည့် ဆိုရလောက်အောင် စိတ်အပြောင်းအလဲ၊ အတက်အကျ မြန်ဆန်သူများနှင့် ဝန်းကျင်မှာ ကြုံရလေ တိုင်းမှာလည်း 'တိမ်လိုလူတွေ'လို့ ကျွန်မ အမည်ပေး လေ့ရှိသည်။
          တိမ်တွေကို ကျွန်မ အရင်က မချစ်တတ်ခဲ့တာ သေချာပါသည်။
xxx
          တစ်နေ့ညနေအလုပ်က ပြန်လာချိန်မှာ ဘတ်စ ကား ပြတင်းပေါက်ကနေ တိမ်အစုအဖွဲ့လေး တစ်ခုကို ကျွန်မ လှမ်းမြင်မိသည်။ အို ..လှလိုက်တဲ့ အသည်းပုံ တိမ်လေး။ ထူးထူးဆန်းဆန်း အသည်းပုံသဏ္ဌာန်အတိ အကျ စုဖွဲ့နေသည့် တိမ်စုလေးကို မျက်တောင်မခတ် တမ်း ငေးကြည့်ရင်း ကျွန်မစိတ်တွေ ရွှင်မြူးသွားသည်။               တစ်ယောက်ယောက်ကို ပြချင်လိုက်တာ။ ကျွန်မ ရှေ့ကထိုင်ခုံမှာ ထိုင်နေတဲ့ မိန်းကလေးကို လက်တို့ပြီး ပြရကောင်းမလား၊ သူစိတ်ဝင်စားပါ့မလား ...။
          တွေးနေတုန်းမှာပဲ တိမ်လေးက ပုံသဏ္ဌာန် ပျက် ယွင်းသွားပြီ။ ကျွန်မအသည်းလေး ပြားသွားပြီ။ ပြားရာ က ပါးသွား ပြန်ကာ နှစ်ပိုင်း၊ သုံးပိုင်း၊ လေးပိုင်း အပိုင်း ပိုင်းဖြစ်ကာ နောက်ဆုံး ပုံသဏ္ဌာန်အတိအကျပင် မရှိ တော့ဘဲ အသည်းပုံ အဆုပ်လိုက်ကလေးသည် မျက်စိ တစ်မှိတ်အတွင်းမှာ ကွဲလွင့် ပြိုပျက်သွားခဲ့ပြီ။ အသည်းပုံ တိမ်ကလေးကို ကြာကြာကြည့်မြင်ခွင့်မရသည့် အတွက် ကျွန်မ တကယ်ပဲ ဝမ်းနည်းသွားသည်။
          ဒီအသည်းပုံ တိမ်လေး ဘယ်တော့မှ ပြောင်းလဲ မသွားဘဲ အသည်းပုံလေးအတိုင်းပဲ ဆက်ပြီး ရှိနေမယ် ဆိုရင်ကော...
          ကျွန်မ သက်ပြင်းချမိပါသည်။ မဖြစ်နိုင်ပါ။

xxx

          တိမ်များသည် ပုံသဏ္ဌာန် အတိအကျ ဖွဲ့ပိုင်ခွင့် မရှိ။ သူတို့ရဲ့ပုံသဏ္ဌာန်ကို သူတို့ဘာသာ ရွေးချယ် ယူ ခွင့်၊ အသေဆုပ်ထားခွင့် မရှိပါ။ စက္ကန့်နှင့်အမျှ ပုံစံအမျိုး မျိုး ပြောင်းလဲနေရမှာက သူတို့ရဲ့သဘာဝပဲ ဖြစ်နေပါ သည်။ လိုအပ်သလို ပုံစံအထွေထွေ အပြား ပြား ကွဲပြား ရွေ့လျားနေရပေမဲ့ သူတို့ရဲ့သဘာဝကြီးကတော့ မ ပြောင်းလဲပါ။ ရည်ရွယ်ချက်က ဆက်လက် တူညီနေမြဲ ဖြစ်သည်။ ဖွဲ့စည်းပုံ ကွဲလွင့်ပြီးနောက် အခြားသော နေရာသစ်အပေါ်မှာ သူတို့ မိုးအုံ့ချင်အုံ့ပါလိမ့်မည်။ ခြောက်သွေ့သော မြေပေါ်သို့ မိုးရွာချင်ရွာချပါလိမ့် မည်။ မရွေ့လျားသော တိမ်များသည် သူတို့၏ရည် ရွယ် ချက်ကို ထမ်းဆောင်နိုင်မည်မဟုတ်ပါ။ ပုံသဏ္ဌာန် တစ် မျိုးပြီးတစ်မျိုး ပြောင်းလဲရွေ့လျားနေမှသာ ရည်ရွယ် ချက်ကို အကောင်အထည် ဖော်နိုင်ပါလိမ့်မည်။
          ကျွန်မတို့လည်း ဒီအတိုင်းပါပဲ။ တစ်ချိန်ချိန်မှာ ပုံစံတစ်မျိုးမျိုးနဲ့ ရှိနေရပေမဲ့ အခြားအချိန်တွေမှာ အခွင့် အလမ်းအသစ်တွေနဲ့ ဆုံစည်းရဖို့ ရှိရင်းစွဲပုံစံ ပျက်ပြား ရတာမျိုး ကြုံရတတ်ပါသည်။
          အသည်းပုံစံ တိမ်ကလေး ပြိုပျက်ခဲ့သလိုပေါ့။ ကျွန်မတို့အသည်းနှလုံးတွေ ကွဲကြေပြိုပျက်ရသည်အထိ ကျွန်မတို့၏ ဖွဲ့စည်းတည်ရှိနေသောပုံစံကို ရိုက်ချိုး ဖျက်ဆီးလာမည့်ဂယက်လှိုင်းများက အိမ်ထောင်မိသား စုမှာ၊ လူမှုဝန်းကျင်မှာ၊ လုပ်ငန်းခွင်မှာ၊ နေရာတိုင်းမှာပဲ ပြည့်နှက်နေပါလိမ့်မည်။
          ပုံသဏ္ဌာန်အဟောင်းကို ချိုးဖျက်ခံရတိုင်း ကျွန်မ တို့ကြောက်စရာမလိုပါ။ ရှေ့လာမည့် ပုံသဏ္ဌာန် အသစ်သည် ကျွန်မတို့အတွက် ပို၍ ကောင်းနိုင်ပါသည်။
          ပိုကောင်းအောင် ကျွန်မတို့ ဘာလုပ်နိုင်သလဲ။ မိသားစုအတွက်၊ အလုပ်အတွက်၊ လူမှုဝန်းကျင်အတွက် တိုင်းပြည်အတွက် ကျွန်မတို့ စိတ်ကူးတွေ လှပကောင်း မွန်နေရမည်။ ခံစားချက်တွေ စစ်မှန်ပြင်းပြနေရမည်။ မမြင်နိုင်သည့် ကံကြမ္မာကို ရင်ဆိုင်ရဲရမည်။ အကျည်းတန်တဲ့စိတ်ကူးအကြံတွေ မကူး ကြ စတမ်းပေါ့။ အတုအယောင် ခပ်ပေါ့ပေါ့ ခံစားချက်တွေ ကို စစ်မှန်ပြင်းပြအောင် စိတ်သွင်းမြှင့်တင်ယူရင်းပေါ့။ မမြင်နိုင်တဲ့ ကံကြမ္မာကို တွေးထိတ်မနေဘဲ ရင်ဆိုင်ရင်း ပေါ့။
          ကျွန်မတို့အားလုံး တိမ်တွေလို ပုံသဏ္ဌာန် အသစ် အသစ်တွေထဲ တိုးဝင်ရွေ့လျား ပြောင်းလဲ ပစ်ကြရမည်။ ရွေ့လျားနေမှသာ အဓိပ္ပာယ်ပိုရှိသွားမည့် တိမ်တွေလို ကျွန်မတို့ ဘဝလည်း ရွေ့လျားရင်း အဓိပ္ပာယ်ရှိစေရမည်။
xxx
          အခုအခါ တိမ်တွေကို တစ်နေ့တစ်နေ့ မော့မကြည့်ဘဲ မနေနိုင်အောင် ကျွန်မ ချစ်နေခဲ့ပါပြီ။
တိမ်တွေကို ဘယ်တုန်းက ကျွန်မ ချစ်တတ်သွားခဲ့ပါလိမ့်။

စုမီအောင်

မိုးကုပ်စက်ဝိုင်းအဆုံးထိ

စုမီအောင်
(This I Believe radio programme မှာ ဖတ်၊ လွှင့်ခဲ့တယ်)

    ငယ်စဉ်ဘဝက ကျွန်မရဲ့အနာဂတ်အိပ်မက်ဟာ ဂီတပါ။ ဂီတသာ မရှိရင် ကျွန်မဘဝဟာ အနှစ်သာရမရှိ လို့ ယုံကြည်ခဲ့တယ်။ ဂီတရဲ့ဖမ်းစားမှု အောက်မှာ ကျွန်မပိုင်ဆိုင်သမျှအရာအားလုံး အလဲလဲအပြိုပြို ကျဆုံးခဲ့ရ တယ်။ ဂီတဟာ ကျွန်မရဲ့စိတ်နှလုံးကို တခြားဘယ်ဆီကိုမှ ဖြန့်ကျက်မသွား စေဘဲ သူ့အပေါ်မှာသာ အချိန်ပြည့် ယစ်မူးအောင် ပြုစားထားတဲ့ နတ်ဘုရား တစ်ပါးပဲပေါ့။
    ရသမျှ မုန့်ဖိုးတွေကိုစုပြီး သူငယ်ချင်းတစ်ယောက်ဆီက ဂစ်တာ တစ်လက် ဝယ်ယူနိုင်ခဲ့တဲ့နေ့ဟာ ကျွန်မအတွက် အပျော်ဆုံးနေ့ဖြစ်ခဲ့ပြီး ဂီတအပေါ် ယုံကြည်ချက်တွေနဲ့ ကျွန်မရဲ့အိပ်မက်တွေ လင်းလက်ချိုမြနေခဲ့ တယ်။ ကျွန်မဟာ သွားသုတ်သုတ်၊ စားသုတ်သုတ်နဲ့  မနက်ဖြန် သေရတော့ မယ့်လူလိုပဲ ဂစ်တာကို အရူးအမူးဖက်တွယ်ပြီး အငမ်းမရ ဂစ်တာအတီး ကျင့်တယ်။
    အဲသည်အချိန်တုန်းက ဂစ်တာတီးတာကို မိန်းကလေးတွေနဲ့ မအပ်စပ် တဲ့အလုပ်လို့ အားလုံးက လက်ခံယုံကြည်ထားတာပါ။ လူအများစု လက်မခံ၊ မယုံကြည်တဲ့အလုပ်ကို တစ်မူထူးကဲပြီး လုပ်ဆောင်ရတဲ့အတွက်  သိပ်ကို ပင်ပန်းခက်ခဲပါတယ်။ ဒါပေမဲ့ ကျွန်မယုံကြည်ရာကို ကျွန်မဘာသာ အား ထုတ်လုပ်ဆောင်နေရတဲ့ဘဝမှာ ကျွန်မ သိပ်ကို ကျေနပ် ပျော်ရွှင်ခဲ့ပါတယ်။
ကျွန်မရဲ့ ကြည်နူးခြင်း၊ ကြေကွဲခြင်း ဘာပဲဖြစ်ဖြစ် ခံစားဖြစ်ပျက်သမျှ အရာခပ်သိမ်းကို ကျွန်မရဲ့ဂစ်တာထဲ မှောက်သွန်ချပြီး ရင်ဖွင့်ရတဲ့အထိ ဂစ်တာဟာ ကျွန်မအတွက် အယုံကြည်ရဆုံးပေါ့။ သူ့အထဲကို ကျွန်မဘဝ တစ်ခုလုံး ထိုးထည့်ပုံအပ်ပြီး အားကိုးယုံကြည်ခဲ့တာပါ။
    တစ်နေ့တော့ ယုံကြည်ရာအိပ်မက်တွေကိုအကောင်အထည်ဖော်ဖို့ လမ်းစတစ်ခုအနေနဲ့ ကော်ဖီဆိုင်လေးတစ်ဆိုင်မှာ ကျွန်မ ဏမသ်နျငသညေူ အဖြစ် သီချင်းဆိုဖြစ်ခဲ့တယ်။ သီချင်းတိုင်းကို ကိုယ်တိုင်ဂစ်တာတီးပြီး ကျွန်မ ဆိုပါတယ်။ ဂစ်တာမပါဘဲ စင်ပေါ်တက်ဖို့ ကျွန်မ မတွေးရဲပါဘူး။ ကျွန်မကိုယ်တိုင် ပွေ့ပိုက်တီးခတ်လိုက်တဲ့ ဂစ်တာသံဟာ ကျွန်မရဲ့အသံ၊ ကျွန်မရဲ့အကြည့် ကျွန်မရဲ့ဟန်ပန်မူရာတွေကို ပိုမိုရဲရင့်စေပြီး ကျွန်မရှေ့က မြင်ကွင်းအားလုံးကို ကြည်လင်ပြတ်သားစေတယ်လို့ ကျွန်မ သိပ်ကို ယုံကြည်ပါတယ်။
    တကယ်ဆိုရင် ကျွန်မက လူသိပ်ကြောက်တဲ့ မိန်းကလေးပါ။  ခုလို ဘီယာပါတွဲဖက်ရောင်းတဲ့ ကော်ဖီဆိုင်လိုနေရာမျိုးမှာ ပရော်ဖက်ရှင်နယ် ဂီတဖျော်ဖြေရေးသမားအဖြစ် လုပ်ဖြစ်လိမ့်မယ်လို့ ကျွန်မ အိပ်မက်တောင် မမက်ခဲ့မိပါဘူး။ ပရိသတ်တွေကို ရဲရဲမကြည့်ရဲသလို သူတို့ကြည့်လာမယ့် အကြည့်စူးစူးတွေကိုလည်း သက်သောင့်သက်သာ ခံယူနိုင်ခြင်း မရှိပါဘူး။ ဒါပေမဲ့ ဂစ်တာတစ်လက် ရင်ခွင်ထဲပိုက်ထားချိန်မှာတော့ အံ့သြဖွယ် သတ္တိ တွေနဲ့ ပြည့်လျှမ်းလာပါတယ်။ သူတို့ကျွန်မကို ဘယ်လိုပုံစံ၊ ဘယ်လို မျက်လုံးမျိုးနဲ့ပဲကြည့်နေကြည့်နေ စိတ်ထဲ တစ်စက်ကလေးမှ ရှိုးတိုးရှန့်တန့် မဖြစ်မိတော့ဘဲ အကောင်းဆုံးတီးခတ် သီဆိုနိုင်ပါတယ်။ ကျွန်မရှေ့က ပရိသတ်တွေကို ဂီတကပေးတဲ့အင်အားနဲ့ ရိုးရိုးကလေး ဖမ်းစားနိုင်တယ်လို့ ကျွန်မကိုယ်ကျွန်မ ယုံကြည်ပါတယ်။ အဲဒီလိုယုံကြည်အောင်လည်း ကျွန်မရဲ့ ဂစ်တာက ကျွန်မရှေ့ကနေ ဒိုင်းလွှားသဖွယ် ကာကွယ်မှုပေးနေခဲ့တာပါ။
    ကျွန်မဆီက ထွက်ပေါ်လာတဲ့ ဂီတသံစဉ်တွေဟာ ဧည့်ပရိသတ် အပေါင်းရဲ့စိတ်နှလုံးကို သိမ်မွေ့စွာဆွဲဆောင်နိုင်စွမ်းရှိပြီး ဆိုင်ကလေးကို နွေးထွေးငြိမ်းချမ်းစေတယ်လို့လည်း ကျွန်မ ယုံကြည်ပါတယ်။     
    ကျွန်မ အယုံကြည်ဆုံးကတော့ ဆိုင်ကလေးရဲ့နာမည်ပါ။ တခြားဆိုင် တွေလို 'အချစ်'၊ 'အိပ်မက်'၊ 'ပျားရည်ချိုချို'၊ 'ထာဝရ' စတဲ့ စိတ်လှုပ်ရှား ရင်ခုန်စရာ နာမည်မျိုးတွေမဟုတ်ပါဘူး။ ဆိုင်ကလေးရဲ့နာမည်က ရိုးရှင်း တည်ကြည်ပါတယ်။ မစ္စတာဂစ်တာ(မြ.ွကငအမေ)ပါ။ ကျွန်မရဲ့ဂစ်တာကို ချစ်သလို မစ္စတာဂစ်တာဆိုတဲ့နာမည်လေးကိုလည်း ကျွန်မ သိပ်ချစ်ပါတယ်။
    အဲဒီဆိုင်ကလေးမှာ ကျွန်မလိုပဲ ဂစ်တာကို သိပ်ချစ်တဲ့ လူငယ်တစ်ဦးနဲ့ တွေ့ဆုံခဲ့ပါတယ်။ သူ့ရဲ့ ဂီတအပေါ်ယုံကြည်မှုစွမ်းအားက ကျွန်မထက် အဆများစွာခိုင်မာနေလို့ ကျွန်မ အံ့သြမှင်တက်မိတဲ့အထိပါပဲ။ နှစ်ယောက်သား လက်တွဲပြီး အိပ်မက်တွေကို အကောင်အထည်ဖော်မယ်ဆိုရင် ကျွန်မတို့ရဲ့ ဂီတဖန်တီးမှုဟာ အနာဂတ်မှာ ပိုမို အားကောင်းလာနိုင်တယ်လို့ ယုံကြည်ပြီး ကျွန်မတို့ ဗြုန်းစားဒိုင်းစားကြီး လက်ထပ်လိုက်ပါတယ်။ ဒါပေမဲ့ လက်တွေ့ ဘဝက ကျွန်မတို့ ယုံကြည်သလို မချိုမြခဲ့ပါဘူး။ မမျှော်လင့်တဲ့ ခါးသီးမှုတွေ ကျွန်မ ကြုံလိုက်ရတယ်။
    ဘဝနှစ်ခုပေါင်းစပ်ပြီးတဲ့အခါ မိဘအသိုက်အဝန်းတွေက နံရံ တံတိုင်း တွေလို၊ မိုးသားမျက်နှာကြက်လို ကျွန်မတို့ နှစ်ယောက်အပေါ် လွှမ်းခြုံဝန်းရံ လာပြီး ကျွန်မရဲ့အိပ်မက်တွေ ကစဉ့်ကလျားနဲ့ ကျဉ်းထဲကျပ်ထဲ ပြုတ်ကျ ကုန်ပါတယ်။ ချွေးမဖြစ်သူ ဘာလုပ်သလဲ အမေးခံရတဲ့အခါ 'ကော်ဖီဆိုင်မှာ ဂစ်တာတီးတယ်'လို့ ဘယ်လူကြီးလူကောင်းကမှ ဂုဏ်ယူဝင့်ကြွားဟန်နဲ့ ပြုံးပြုံးကြီး ဖြေချင်မှာမဟုတ်ပါဘူး။ မိဘနေရာကနေ စဉ်းစားဆင်ခြင်မိတဲ့အခါ ကျဉ်းထဲကျပ်ထဲကျနေတဲ့ အိပ်မက်တွေကို ကျွန်မ အပြီးတိုင် လွှတ်ချလိုက် ပါတယ်။
    ငယ်စဉ်ကတည်းက ယုံကြည်ခဲ့တဲ့အရာတစ်ခုကို စွန့်လွှတ်လိုက်ရတဲ့ အတွက် ကျွန်မရဲ့စိတ်တွေ ကျိုးပဲ့ကြေမွခဲ့ပါတယ်။ ခံနိုင်ရည် မရှိတဲ့အဆုံး ကျွန်မဟာ အရူးအနှမ်းတစ်ယောက်လို ပြုမူမိပါတယ်။ ကျွန်မရဲ့ဂစ်တာကို အနက်ရောင် အကျီတစ်ထည်ဝတ်ပေး၊ ကိုယ်ထည်ပေါ်မွှျာနျအ ငည ဏနခေန လို့ စာတမ်းထိုး၊ သူ့ရဲ့သားရေအိတ်ကြီးထဲ ထည့်ပြီး ခြံထောင့်တစ်နေရာ မြေကြီးထဲမှာ မြှုပ်နှံပစ်ခဲ့ပါတယ်။
    တစ်နေ့တော့ အဲဒါကို ကျွန်မရဲ့ခင်ပွန်းသည် တွေ့ရှိသွားပါတယ်။  ကျွန်မ ရဲ့ တိတ်တခိုးကြေကွဲရမှုကို ခုလို ဘွားခနဲမြင်လိုက်ရတဲ့အခါ သူ သိပ်ကို တုန်လှုပ်သွားတယ်။ ကျွန်မကို သူချစ်မြတ်နိုးတဲ့ဂစ်တာတစ်လက် ကောက်ယူ ပွေ့ဖက်လိုက်သလို ညင်သာစွာပွေ့ဖက်ထားပြီး ခုလို ပြောပါတယ်။
    'မင်း ဒီနေ့ကစပြီး စာရေးပါလား၊ ဂစ်တာကိုင်ရတာ လေးကလေးနဲ့။ကလောင်ကိုင်တာကမှ စိတ်တွေလွတ်လပ်ပေါ့ပါးပြီး မိုးကုပ်စက်ဝိုင်းအဆုံးထိ ခရီးနှင်နိုင်မှာ'တဲ့။ မဂ္ဂဇင်းတချို့မှာ ကျွန်မ စာတိုပေစလေးတွေ ရေးဖူးခဲ့တာကို သတိရပြီး သူက အဲဒီလို အစဖော် တွန်းအားပေးခဲ့တာပါ။ ဒါနဲ့ပဲ လွင့်စဉ်သွား တဲ့ဂီတအိပ်မက်တွေအကြောင်းကစလို့ ကျွန်မ ခံစားဖြစ်ပျက်သမျှ အရာ ခပ်သိမ်းကို မြ>ွခင်းမချန် စာရွက်တွေပေါ် မှောက်သွန်ချခဲ့ပါတယ်။
    အံ့သြစရာပါပဲရှင်။ အခုတော့လည်း စာရေးရတဲ့ဘဝကို ကျွန်မ တကယ်ပဲ စွဲမက်နေပါပြီ။ ကျွန်မ ရေးသမျှစာတွေဟာ အမှန်တရားတွေကို ဖော်ဆောင်ခဲ့တာကြောင့် စာတစ်ပုဒ်ရေးပြီးတိုင်း ရေးပြီးတိုင်း ကျွန်မခန္ခာ ကိုယ်ထဲမှာ ယုံကြည်မှုတွေ သိပ်သည်းမြင့်မားလာပါတယ်။
    အစပထမတော့ စာရေးဆရာဖြစ်လိုသူဟာ စာများများဖတ်ရတယ်လို့ ယုံကြည်ပြီး ကျွန်မ စာအုပ်တွေ များပြားစွာ ဝယ်ယူစုဆောင်း ဖတ်ရှုပါတယ်။ အပြင်ထွက်တိုင်းလည်း ကျွန်မလက်ထဲမှာ ဖတ်လက်စ စာအုပ်တစ်အုပ် ဆွဲယူလာပြီး ဘတ်စ်ကားစောင့်ရင်း၊ ရထားစောင့်ရင်း၊ မိတ်ဆွေစောင့်ရင်း အမြဲ ဖွင့်ဖတ်ပါတယ်။  
    နောက်ပိုင်းမှာ ကျွန်မအကြိုက်စာအုပ်တွေက ဈေးကြီးလွန်းတော့ ဟုတ်တိပတ်တိ ဝယ်မဖတ်နိုင်တော့ပါဘူး။ ဒီတော့ အလကားရနေတဲ့ လူမျက်နှာတွေကိုပဲ လိုက်ဖတ်ရပါတယ်။ သူတို့မျက်နှာမှာ ထင်ဟပ်နေတဲ့ အရိပ်အယောင်တွေ၊ သူတို့ရဲ့ ပုံပန်းသÌာန်၊ အမူအကျင့်၊ လှုပ်ရှားသွားလာ ပုံတွေကတစ်ဆင့် သူတို့ရဲ့အတွင်းသန္တာန်ထိ တိုးဝင်ကြည့်ပါတယ်။ အဲဒီအခါ တစ်ကြိမ်နဲ့တစ်ကြိမ်၊ တစ်ယောက်နဲ့တစ်ယောက်၊ ဘယ်တော့မှမတူဘဲ ခြားနားဆန်းပြားနေတဲ့ စိတ်ဝင်စားဖွယ်ဘဝတွေကို ကျွန်မ ဖမ်းဆုပ်မိ လိုက်တယ်။ လူတိုင်းလူတိုင်းမှာ ပြောပြစရာပုံပြင်တွေ တစ်ပုဒ်ထက်မက ရှိနေကြတယ်လို့ ကျွန်မလက်ခံယုံကြည်သွားတယ်။
    စာအုပ်တွေကို ဖတ်တာထက် အခုလို လူတွေရဲ့ဘဝအစစ်တွေကို လိုက်ဖတ်တာကမှ စာရေးဖို့အတွက် အကောင်းဆုံး အထောက်အကူ တစ်ခုပဲလို့ ကျွန်မ ယုံကြည်သွားတဲ့အခါ စာအုပ်ဖတ်ချင်ရင် အိမ်ထဲမှာပဲ ထိုင်ဖတ်ပြီး အပြင်ထွက်တိုင်း လူတွေကိုပဲ သဲကြီးမဲကြီး လိုက်ကြည့်ပါတယ်။ မျက်စိနဲ့မြင်တွေ့လာတဲ့ ပုံရိပ်တွေ၊ နားနဲ့ကြားသိလာတဲ့ စကားလုံးတွေ အားလုံးကိုမှတ်သားလာပြီး ကျွန်မအသွေးအသားထဲက စာနာမှုနဲ့ ဖြည့်စွက် ကာ စာတွေကိုရေးပါတယ်။ အဲဒီအတိုင်း ပုံဖော်ရေးချလိုက်တဲ့ ကျွန်မရဲ့စာတွေ ဟာ အရင်ကလို ကဗျာဆန်ဆန်၊ အိပ်မက်ဆန်ဆန်တွေ မဟုတ်တော့ဘဲ ပိုမိုတိကျပြီး လူသားဆန်လာတာ တွေ့ရပါတယ်။
    ကျွန်မ အခု ဘာကိုမှ ဘာသိဘာသာ မနေတော့ပါဘူး။ ကမ္ဘာကြီး တစ်ခုလုံး ကျွန်မနဲ့သက်ဆိုင်တယ်လို့ ယုံကြည်ပြီး အသေးစိတ် စူးစမ်း လေ့လာမှတ်သားပါတယ်။ ကျွန်မဝန်းကျင်မှာရှိတဲ့ သက်ရှိသက်မဲ့ အရာခပ် သိမ်းကို မျက်ခြည်မပြတ် စောင့်ကြည့်ပါတယ်။ ပြီးရင် အားလုံးကို  ကျွန်မ နှလုံးသားထဲ ရေမြှုပ်တစ်ခုလို စုပ်ယူထည့်သိုထားပါတယ်။ တစ်သက်လုံး တော့ ထည့်သိုထားမှာ မဟုတ်ပါဘူး။ သူတို့နဲ့ လျော်ကန် သင့်မြတ်တဲ့ အခြေအနေ အချိန်အခါတစ်ခု ပေါ်ပေါက်လာတဲ့အခါတိုင်း အခါတိုင်းမှာ အားလုံးကို အစီအစဉ်တကျ ပြန်လည်ညှစ်ထုတ် စီးဆင်းစေမှာပဲဖြစ်ပါတယ်။
    သူတို့ အမှန်တကယ်ဖြစ်တည်ခဲ့တဲ့ ပကတိအရှိအတိုင်း ဆက်လက် စီးဆင်းသွားစေဖို့ကိုတော့ ကျွန်မ သတိကြီးစွာထားရမှာဖြစ်ပါတယ်။ ဘာလို့ဆို ဒီကမ္ဘာမြေမှာ အမှန်တရားတွေ ပုန်းလျှိုးကွယ်လျှိုး ဖြစ်နေမှာ ကျွန်မ မလိုလားသလို အရှိတရားတွေဟာလည်း အမေ့အလျော့ ခံရာကနေ တဖြည်းဖြည်း မှုန်ဝါးသွားပြီး တစ်နေ့မှာ လုံးဝ ကွယ်ပျောက်သွားမှာကို ကျွန်မ စိုးကြောက်လို့ပါပဲ။ စာရေးဆရာတိုင်းဟာ ကိုယ့်နိုင်ငံကို ကိုယ်မမေ့ဖို့၊ ကိုယ် ဘယ်သူလဲဆိုတာကို ကိုယ်မမေ့ဖို့၊ ကိုယ်ရေးသင့်တဲ့စာတွေကို ကိုယ်မမေ့ဖို့၊  ကျွန်မအပါအဝင် အခြားစာရေးဆရာအားလုံးကို သိစေချင်ပါ တယ်။  
    ကျွန်မဟာ ခုချိန်မှာ ကျိကျိတက်ချမ်းသာနေတဲ့ အရောင်းရဆုံးစာရင်းဝင် နာမည်ကျော်စာရေးဆရာမတစ်ဦး မဟုတ်ပါဘူး။ အများအမြင်မှာလည်း ကျွန်မက မြေပြင်နဲ့လွတ်ရုံသာ ပျံနိုင်တဲ့ ငှက်ကလေးတစ်ကောင်ပါ။
    ဒါပေမဲ့ ကျွန်မရဲ့စိတ်တွေကတော့ ဘယ်သူမှ လိုက်မမီနိုင်တဲ့ ဟိုး . .အမြင့်ဆုံး ကောင်းကင်မှာ လေဟုန်ခွင်းပြီး လွတ်လပ်စွာပျံသန်းနေပါတယ်။
လွတ်လပ်ပေါ့ပါးတဲ့ စိတ်နှလုံးနဲ့ တကယ်ပဲ မိုးကုပ်စက်ဝိုင်းအဆုံးထိ ကျွန်မ ခရီးနှင်ပါပြီ။

စုမီအောင်

စိတ်ကူးနဲ့ရူးတဲ့ကောင်မလေး

စုမီအောင်
Family Magazine
          စုလေးမေသည် မကြာမီ အထက်တန်းစာမေးပွဲကြီး ဖြေဆိုရတော့မည့် မိန်းကလေးတစ်ဦးဖြစ်သည်။ သူမသည် မှတ်ဥာဏ်အလွန်ကောင်းသော မိန်း ကလေးလည်းဖြစ်၏။ အတန်းဖော်သူငယ်ချင်းများ အပတ်တကုပ် ကျောင်းစာ ကျက်မှတ်နေချိန်တွင် စုလေးမေသည် ရုပ်ပြ၊ ကာတွန်းစာအုပ်များဖတ်လိုက်၊ ဂြိုဟ်တုစလောင်းထိုင်ကြည့်လိုက်၊  အင်တာနက်ဂိမ်းများ ဆော့ကစားလိုက်၊tom and jerry ဇာတ်လမ်းခွေများ ဖွင့်ကြည့်လိုက်၊ အင်တာနက်ဝက်ဘ် ဆိုက်ဒ်တွေ ဝင်ကြည့်လိုက်နှင့် ပေါ့ပေါ့ပါးပါး ဖြတ်သန်းနေလေ့ရှိသည်။ အခြားသူများ ဒုတိယအခေါက်revision ပြန်ဆိုသောအချိန်ကျမှသာ စာများ အားလုံးကို စတင်ကျက်မှတ်လေ့ရှိသည်။
          စာကျက်ရာတွင် အထွေအထူးအားစိုက်ထုတ်ရန်ပင်မလိုဘဲ တစ်ခေါက်မျှ ဖတ်ရုံနှင့် အလွတ်နီးပါး မှတ်မိသွားရကာ နောက်တစ်ခေါက် ဖတ်လိုက်လျှင် သင်ခန်းစားများအားလုံးကို ကျေညက်စွာရပြီးဖြစ်နေတတ်သည်။
          'နင့်လို မှတ်ဥာဏ်မျိုး ငါတို့လည်းလိုချင်လိုက်တာဟယ်'                                    
ထိုသို့ အတန်းဖော်သူငယ်ချင်းများက သူမအပေါ် အားကျစိတ်ဖြင့် မကြာခဏပင် ပြောလေ့ရှိသည်။ စုလေးမေကိုယ်တိုင်ကမူ သူမ၏မှတ်ဥာဏ် အားကောင်းမှုအပေါ် သဘောမကျနိုင်ပါ။ အကယ်၍များ ယနေ့ပင် စာမေးပွဲ ကြီး စစ်မည်ဆိုပါက စုလေးမေသည် ထိပ်ဆုံးကပင် ဖြေဆိုအောင်မြင်မည့်သူ ဖြစ်၍နေသော်လည်း ဒီအဖြစ်ကို သူမက ဘဝင်မကျသည့်အပြင် စိတ်ပျက် လက်ပျက်ကြီးပင် ဖြစ်၍နေမိသည်။ အကြောင်းမူကား သူမသည် ဤစာမေးပွဲကို ဖြေဆိုအောင်မြင်လိုစိတ် လုံးဝ မရှိသောကြောင့်ပင်။
          ဟုတ်ပါသည်။
          စုလေးမေ တစ်ယောက် အများတကာနှင့်မတူ တစ်မူထူးခြားကာ စာမေးပွဲ အကျခံချင်စိတ်များ တဖွားဖွားဖြစ်ပေါ်လျက်ရှိပေ၏။ စာမေးပွဲကျလို သည့်အဓိကအကြောင်းရင်းမှာလည်း အထွေအထူးတော့မရှိ။ ညကျောင်း တက်လို၍ပဲဖြစ်ပါသည်။ (ထိုစဉ်က အထက်တန်းစာမေးပွဲကျရှုံးသူများသည် ပုံမှန်နေ့ကျောင်း များတွင် တက်ရောက်ပညာသင်ယူခွင့်မရှိတော့ဘဲ ကျရှုံး သူများအတွက် သီးသန့်ဖွင့်လှစ်ထားသည့် ညကျောင်းများတွင်သာ ပညာ ဆက်လက် သင်ကြားနိုင်ပေသည်)။
          စုလေးမေသည် သူမတို့ရပ်ကွက်ထဲက အထက်တန်းနှစ်ကြိမ်ကျ၊ သုံးကြိမ်ကျနှင့် ညကျောင်းဝင်တက်နေရသည့် ခပ်ညံ့ညံ့ ခပ်ဆိုးဆိုး မိန်း ကလေးများကို အထူးပင် အားကျနေပါသည်။ ထို့ကြောင့် သူမ၏ အားကျ စိတ်ကို သူငယ်ချင်းများထံ ရင်ဖွင့်မိတော့၏။
          'ငါ ညကျောင်းသိပ်တက်ချင်တာပဲဟယ်'
          ညိုမီနှင့်ဖူးဖူးအပါအဝင် သူငယ်ချင်းများက စုလေးမေကို အံ့အားသင့်စွာ ကြည့်ရင်း တစ်ယောက်တစ်ပေါက် ဝိုင်းဆိုကြသည်။
          'အမလေး ဖွဟဲ့၊ လွဲပါစေ၊ ဖယ်ပါစေတော်၊ နင်ကလည်း စာမေးပွဲ ဆိုတာ ကျချင်စရာလား'
          'ဒီလိုလည်းမဟုတ်ပါဘူး၊ ငါက ညကျောင်းတက်ချင်လွန်းလို့ ပါဟယ်'
          'အင်းလေ အဲဒီ ညကျောင်းဆိုတာကလည်း စာမေးပွဲ ၂နှစ် ဆက်တိုက် ကျတဲ့သူတွေမှ တက်ရတာလေ'
        'ငါသိပါတယ်ဟဲ့'
        'သိရင် ဘာကြောင်တာလဲ၊ နင့်ကျမှ ညကျောင်းတက်ချင် ရတယ်လို့၊ သူများတွေဘယ်သူမှ တက်ချင်တာမဟုတ်ဘူး'
        'နင်တို့ မသိပါဘူးဟယ်၊ ညကျောင်းတက်ရမယ့်အရသာကို စိတ်ထဲ ကူးကြည့်လိုက်စမ်း၊ ဘယ်လောက်အရသာရှိလိမ့်မလဲလို့၊ ခုဆို ငါတို့နေတဲ့ ကမ္ဘာကြီးဟာ တစ်နေ့ထက်တစ်နေ့ ပူနွေးလာပြီမဟုတ်လား၊ ရေခဲတောင် တွေတောင် မီးထွန်းထားတဲ့ဖယောင်းတိုင်လို အရည်ပျော်ပျော်ကျနေလို့ နင်တောင်မှ နေစရာမရှိဖြစ်နေတယ်မို့လား'
          စုလေးမေက ဝက်ဝံပေါက်လေးနှင့်တူသော ညိုမီ့ကို စလိုက်ခြင်း ဖြစ်သည်။ ညိုမီက စုလေးမေပခုံးကို ဖတ်ခနဲရိုက်လိုက်သည်။ စုလေးမေက ညိုမီ့လက်ကလေးကို ကာဟန်ပြုကာ တခစ်ခစ်ရယ်လျက် စကားဆက်သည်။
          'ဒီလိုနေ့ခင်း ပူပူလောင်လောင်ကြီးထဲမှာ လှုပ်ရှားသွားလာရင်း စာတွေကို သင်ယူကျက်မှတ် နေရတာ ဘယ်လောက်စိတ်ပျက်စရာ ကောင်းထားလဲ၊ နေပူချိန်ဟာ လူ့ခန္ဓာ ကိုယ်ကို ရေဓာတ်ခန်းခြောက်စေပြီး နွမ်းနယ်ပျင်းရိစေတယ် မဟုတ်လား၊ အထူးသဖြင့် ဒီလို နေ့လယ်စာစားပြီး ဗိုက်ပြည့်နေချိန်ဆိုပိုဆိုးသေး။ ပျင်းရိ လေးလံ အိပ်ငိုက်တဲ့ကြားက စာသင်ရတာ ဘယ်လောက်စိတ်ညစ်စရာ ကောင်း ထားလဲ။ နင်ရော အိပ်မငိုက်ဖူးဘူးလား'
          'ငိုက်တော့ ငိုက်တာပေါ့ဟယ်၊ ဒါပေမဲ့...'
          ညိုမီ့စကားမဆုံးခင် စုလေးမေက ဖြတ်ပြောလိုက်သည်။
          'အာရုံထဲပေါ်လာအောင် နင်မျက်စိမှိတ်ပြီး စိတ်ကူးကြည့်လိုက်စမ်း၊ လရောင်တွေဖြာကျနေတဲ့ စာသင်ခန်းလေးက အေးမြမြနဲ့ နေချင့် စဖွယ်လေး၊ အဲဒီမှာ ကောင်းကင်ပေါ်က မပွင့်တပွင့် ကြယ်ပြောက်လေးတွေကို ပြတင်း ကနေ ငေးကြည့်၊ စိတ်ကူးလေးတွေယဉ်လို့...အေးအေးလူလူ စာသင်ရတဲ့ အခြေအနေမျိုး...မင်းစိတ်ထဲ တွေးကြည့်လိုက်စမ်း... အားပါးပါး.. ပြောရင်း ဆိုရင်းနဲ့ ငါတော့ အခုပဲ ညကျောင်း ပြေးတက်လိုက်ချင်ပြီကွာ''
          မျက်စိစုံမှိတ်လျက် တတွတ်တွတ်ပြောနေသည့် သူငယ်ချင်းကို ကြည့် ကာ သူငယ်ချင်းဖူးဖူးက ခေါင်းခါသည်။
          ''စုမေ..နင်ရူးနေသလား၊ ညအမှောင်ဟာ မကောင်းတဲ့ အမှုကိစ္စ တွေကို အားပေးတယ်ဟဲ့။ နင် ဒါကိုမကြောက်ဘူးလား''
        ''ဟင့်အင်း အဲဒီလို မကောင်းတဲ့ကိစ္စတွေကို ငါဘယ်တော့မှ တွေး မထားဘူး၊ ငါဖြစ်ချင်တာတွေကိုကောင်းတဲ့အရာတွေအပေါ် အခြေတည်ပြီးမှပဲ တွေးတတ်တယ်''
        ''နင်မီးပျက်မှာကို ထည့်မတွေးဘူးလား၊ ညဆိုတာ လျှပ်စစ်မီး ရှိနေလို့ နေချင့်စဖွယ်ကောင်းနေတာ၊ လျှပ်စစ်မီးသာ မရှိကြည့်၊ စောစောက တို့ပြောတဲ့ မကောင်းတဲ့အမှုကိစ္စတွေ တဖွားဖွားပေါ်လာမှာ၊ ပြီးတော့ ...''
        ''ပြီးတော့ ဘာဖြစ်လဲ''
          စကားကို မဆက်နိုင်တော့ဘဲ မျက်လုံးပြူးမျက်ဆန်ပြူးဖြစ်နေရှာ သည့် ညိုမီ့ကို ကြည့်ကာ စုလေးမေက စိတ်မရှည်ဟန်ဖြင့် ဆိုလိုက်သည်။                    
''ဟို...ညသန်းကောင်ရောက်လေလေ ခွေးအူသံတွေကြားရ လေလေ... လမ်းဆုံလမ်းခွ ဟိုကဒီက..ဝိညာဉ် မကောင်းဆိုးဝါးတွေလည်း ထွက်လာ... အမလေး... ဘယ်လောက်ကြောက်စရာ ကောင်းထားလဲ''
          ပခုံးတွန့်ပြီးကြောက်ရွံ့သည့်ပုံစံလုပ်ရင်းပြောနေသည့် ညိုမီ့ပုံစံကိုကြည့် ကာ စုလေးမေက သဘောကျစွာရယ်မောလိုက်သည်။
          ''တကယ်တမ်းမှာ မကောင်းမှုစဒုစရိုက်ဆိုတာတွေကို လျှပ်စစ်မီး က ဟန့်တားနိုင်တာလည်းမဟုတ်ပါဘူး၊ လျှပ်စစ်မီးရောင်ထိန်ထိန်ဖြာနေတဲ့ ကြားက မကောင်းမှု ဒုစရိုက်တွေအြုံ
        ''ဒါဖြင့် မင်းတို့အိမ်ရှေ့က ဆယ်တန်းတဗုန်းဗုန်းကျနေတဲ့ ဟိုအစ်မ ကြီးကိုမေးကြည့်ပါလား၊ သူညကျောင်းတက်နေတာ ပျော်စရာ ကောင်းလားလို့၊ ဘယ်လိုနေလဲလို့..'' 
        ''အို..သူကသူ၊ ငါကငါပဲ။ ငါက စုလေးမေပဲ၊ ငါကတော့ ညကျောင်းသာ အခုတက်ခွင့်ရကြည့် ပျော်ပျော်ကြီး သွားမှာ...''
xxxxxx
          နေ့ခင်းတုန်းဆီက သူငယ်ချင်းများနှင့် အပြန်အလှန်ပြောခဲ့ကြသောစကား များကို ပြန်တွေးကာ စုလေးမေ အိပ်ရာဝင်ခဲ့လိုက်သည်။ နေ့ခင်း ကျောင်းကို မတက်ချင်ပေမဲ့ ကျောင်းသားတာဝန် ဝတ္တရားအရ နံနက်စော စောထကာ ကျောင်းသွားဖို့ ပြင်ဆင်ရဦးမည်။
          စုလေးမေတို့ကျေုာင်းက အိမ်ရဲ့အရှေ့ဘက်မှာရှိသည်။ ကျောင်း ရောက်သည့်အထိ စက်ဘီးနင်းကာ သွားရစဉ် လမ်းတစ်လျှောက်လုံး နေရောင်က မျက်နှာကို တည့်တည့်ထိုးသည်။  ထွက်ပြူစနေဆိုသော်လည်း တောက်လျှောက်ထိတွေ့နေရသည့်အတွက် မျက်လုံးတွေစပ်လှသည်။နေထိုးရာ ဘက်ကို မျက်နှာမူ၊ စက်ဘီးနင်းလျက် ပူပူလောင်လောင် ကျောင်း သွားရဦးမည့် အရေးကိုတွေးကာ စုလေးမေ ဘယ်လိုမှ မပျော်ရွှင်နိုင်တော့ပါ။
          နေ့ခင်းစကားဝိုင်းမှာပြောခဲ့သည့်အတိုင်း ညဘက်ကျောင်း တက်ရလျှင် သိပ်ကောင်းမည်ဟု တွေးကာ စားပွဲပေါ်က နှိုးစက်နာရီကို လှမ်းယူ လိုက်သည်။ နံနက် ၇နာရီတိတိ။ နှိုးစက်ပေးလိုက်သည်။                                            စုလေးမေသည် မှတ်Óဏ်အထူးကောင်းသည့်မိန်းကလေးဖြစ်သော် လည်း နံနက်စောစောထရန် လုံ့လမရှိတတ်ပါ။ နှိုးစက်အကူအညီဖြင့် နံနက်တိုင်း အိပ်ရာထနိုင်ရန် ကြိုးစားရသူလေးဖြစ်သည်။
                                      xxxxxx
          ''တီတီတီ..တီတီတီ..တီတီတီ''
          အဆက်မပြတ်မြည်နေသော နှိုးစက်နာရီလေးကို လှမ်းယူ အသံပိတ် လိုက်ကာ စုလေးမေမျက်စိများကိုပွတ်သပ်လျက် ဖွင့်ကြည့်လိုက်သည်။ ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေဆဲ...။ ပြီးတော့ မှောင်မိုက်နေဆဲ။ နာရီမြည်တိုင်း အိမ့်အပြင်ဘက်ဆီသို့ လှမ်းကြည့်နေကျ ပြတင်းပေါက်မှတစ်ဆင့် အိပ်ရာက မထသေးဘဲ လှမ်းမျှော်ကြည့်လိုက်သည်။
          အပြင်ဘက်တွင် မှောင်မိုက် မည်းကြုတ်နေဆဲ။ မိုးမလင်းသေးပါ။ ညကလည်း မကုန်သေးပါ။ နံနက်မရောက်သေးပါ။ အိပ်ချင်မူးတူးဖြစ်နေသည့် မျက်လုံးများကို အလိုလိုက်ချင်စိတ်ဖြင့် ပြန်အိပ်ရန် ကြိုးစား လိုက်မိသေးသည်။
          ဆောင်းတွင်းရောက်ခါနီးပြီမို့ ညတာရှည်လျားစပြုလာကာ မိုးမလင်း သေးခြင်းပေပဲလား။ မဟုတ်သေးပါဘူး..။ စိတ်ထဲ အနည်းငယ် ထင့်သွား သည်မို့ အိပ်ရာထက် ငုတ်တုတ်ထထိုင်လိုက်သည်။
          ''ဘုရားသခင်''
          နာရီကို အချိန်မှားပြီးပေးခဲ့မိခြင်းပဲလား..။ ဥပမာ ၄နာရီဖြစ်ဖြစ်၊ ၅နာရီဖြစ်ဖြစ်...စိတ်တွင် ဇဝေဇဝါဖြစ်သွားသည်။ ၇နာရီတိတိသာ ဗူမော ပေးခဲ့ရိုးမှန်လျှင် မိုးစင်စင်လင်းနေလောက်ပြီ။ ဘယ်လိုဖြစ်ရတာပါလိမ့်...။
          စိတ်မြန်လက်မြန်ရှိလှသော စုလေးမေသည် ချက်ချင်းပင် မီး ခလုတ် ထဖွင့်လိုက်သည်။ စားပွဲပေါ်က နာရီလေးကို အနီးကပ်သေချာစွာ ဆွဲယူ ကြည့်လိုက်သည်။ နာရီလက်တံများက နံနက် ၇နာရီ ခပ်စွန်းစွန်းကို ညွှန်ပြ နေလေပြီ။
          စုလေးမေသည် မျက်မှောင်ကြုတ်ကာ မယုံနိုင်သည့်သဘောဖြင့် ပြတင်း အနားသို့ တိုးကပ်သွားသည်။ အပြင်ဘက်ကို ဖြန့်ကျက်လေ့လာသည်။ ပြတင်းမှတစ်ဆင့် မြင်နေရသည့် ဝန်းကျင်တစ်ခွင်လုံးသည် မှောင်အတိကျ နေဆဲ။ မှောင်မိုက်နေသည့်ဝန်းကျင်က ညမကုန်သေးကြောင်းကို ဖော်ပြ နေသည်။
          တိတ်ဆိတ်သောညမှောင်မှောင်၌ နာရီစက္ကန့်လက်တံရွေ့လျား မြည်သံနှင့် အတူ စုလေးမေ၏နှလုံးခုန်သံများ မြန်ဆန်လှိုက်ခုန်နေသည်။ နာရီကို ကောက် ကိုင် လှည့်ပတ်ကြည့်ရှုကာ မယုံမရဲဟန်ဖြင့် အမှားအယွင်းကို ရှာဖွေသည်။
          ''ဘယ်လိုဖြစ်ရတာပါလိမ့်၊ အံ့သြစရာပဲ''
          ၇နာရီဆိုသည့်အချိန်က မိုးစင်စင်လင်းရမည့်အချိန်မဟုတ်လား။  ဒါဖြင့် ဒါဟာ ည ၇နာရီလား။ မဖြစ်နိုင်။ ည ၇နာရီဆိုလျှင်ဖြင့် ဝန်းကျင်သည် ယခုလို တိတ်ဆိတ်ငြိမ်သက်နေမည်မဟုတ်။ အိမ့်ပြင်ဘက် လမ်းမများပေါ်တွင် လည်း အလုပ်က ပြန်လာသူများနှင့် စည်ကားလှုပ်ရှား နေဆဲရှိဦးမည်။ အထူးသဖြင့် အိမ်များကလည်း ည၇နာရီလာနေကျ ကိုရီယား ဇာတ်လမ်းတွဲ ဖွင့်ကြည့်သံ၊ လူသံများဖြင့် ဆူညံလို့ကောင်းတုန်း။ ယခုမူ လမ်းမများက ညမီးသီးရောင်များအောက်တွင် တိတ်ဆိတ်နေပြန်သည်။ အိမ်တိုင်း အိမ်တိုင်း သည်လည်း မီးအမှောင်ချလျက် တိတ်ဆိတ်လျက်ရှိသည်ကို မြင်တွေ့နေရသည်။ ပြီးတော့ စုလေးမေ တစ်ခုသတိရသည်။ ညသန်းကောင် တုန်းက တစ်ရေးနိုးချိန် ရေတစ်ခွက်ထသောက်ခဲ့စဉ်က နာရီကို ဖျတ်ခနဲကြည့် မိခဲ့သေးသည်။
          ည ၁ နာရီ မိနစ် ၃ဝ။
          ''ဒါ...ဒါဖြင့်...''
          စုလေးမေသည် နာရီလေးကို ကိုင်ကာ အခန်းတွင်းမှ ပြေးထွက်ခဲ့သည်။ ဧည့်ခန်းတွင် အိမ်ပုံစံ မိသားစုနာရီအကြီးစားကြီးရှိသည်။ ဧည့်ခန်း ရောက် သည်နှင့် မီးခလုတ်ဖွင့်ကာ နာရီကြီးကို မော့ကြည့်လိုက်သည်။
          ''၇နာရီ နှင့် ၄မိနစ်သာသာ''
          လက်ထဲမှ နာရီလေးနှင့် ထိုနာရီကြီးတို့သည် အချိန်တစ်ထပ်တည်း ကျနေသည်ကို မြင်ရလျှင် စုလေးမေပို၍ မကျေမနပ်ဖြစ်သွားသည်။ စုလေး မေသည် အစ်ကိုသူရ အခန်းဆီသို့အပြေးဝင်သွားသည်။ အစ်ကိုသူရ အခန်းတွင် နာရီသီးသန့်မရှိ။ အစ်ကိုပတ်နေကျ လက်ပတ်နာရီကို ရှာသည်။ ခေါင်းအုံး အောက်မှာ အစွန်းထွက်နေသည့်လက်ပတ်နာရီကို တွေ့လျှင် စားပွဲတင် ညမီးသီးရောင်အောက် ယူသွားကာ အလျင်အမြန်ကြည့်ရသည်။
          ''၇နာရီနှင့် ၅မိနစ်''
          အချိန်တို့သည် တစ်ထပ်တည်းကျနေသည်။
          အအိပ်ဆတ်သော အစ်ကိုသူရက ခေါင်းထောင်ကြည့်ကာ မေးသည်။
           'ဟဲ့ ကောင်မလေး ဘာလာလုပ်တာလဲ'
          အစ်ကိုသူရကို ပြန်မဖြေအား။ အစ်ကိုသူရ၏လက်ပတ်နာရီကို ကိုင်ရင်း အခန်းထဲက ပြေးထွက်ခဲ့တော့သည်။
          ဖေဖေမေမေတို့အိပ်ခန်းတွင်းပြေးဝင်ကာ မီးခလုတ်ကိုအရင်ဆုံး ပြေးဖွင့် သည်။ မေမေက မီးရောင်စူးသဖြင့် မျက်စိကို လက်များဖြင့် ကာထားရင်း ခေါင်းထောင်ကြည့်သည်။
          ''စုလား..စုမေ သမီး ညကြီးမင်းကြီး ဘာရှာသလဲ''
          စုလေးမေသည် မေမေ့ကို စကားမပြန်အား။ ခုတင်ခြေရင်းက တိုင်ကပ် နာရီကို ပြူးကြောင်ကြည့်နေမိသည်။ မျက်စိများကို ပုတ်ကလပ် ပုတ်ကလပ် လုပ်ကာ အကြိမ်ကြိမ်ကြည့်သည်။ စုလေးမေ၏အမူအရာကို လိုက်ကြည့် နေမိလျက် မိခင်ဖြစ်သူက နားမလည်။ စုလေးမေ ခေါင်းခဲသွားသည်။ သေချာ ပြီ။ နာရီအားလုံးတို့သည် အချိန်များ တစ်ထပ်တည်း တိကျ မှန်ကန်စွာ ညွှန်ပြနေကြသည်။ နာရီတို့ လုံးဝ မမှားကြောင်း သေချာသွားပြီ။
          ''နာရီတွေမမှားဘူး။ ဒါဖြင့် ဘာက မှားနေတာလဲ၊ မှားနေပြီ မေမေ၊ တစ်ခုခုတော့ မှားနေပြီ...၊ မေမေ ဒီမှာ အမြန် လာကြည့်စမ်းပါ၊ ဒီမှာ..ဒီမှာ..''
          စုလေးမေအော်သံကြောင့် ဖေဖေပါနိုးလာချေပြီ။ အစ်ကိုသူရ ကလည်း အိပ်မှုန်စုံမွှားဖြင့် ဝင်လာသည်။ သူမ၏ စားပွဲတင်နာရီက တစ်ဖက်၊ အစ်ကို သူရ၏ လက်ပတ်နာရီကတစ်ဖက် တင်းတင်း ဆုပ်ကိုင်လျက် မျက်လုံး မျက်ဆန်ပြူးကာ ပျာယာခတ်နေသည့် စုလေးမေကို မိသားစုသုံးယောက်လုံး
ဘာမျှနားမလည်နိုင်သည့် မျက်လုံးများဖြင့် ဝိုင်းကြည့်နေကြသည်။ ဖေဖေက စုလေးမေပခုံးကို ဆုပ်ကိုင်လျက်မေးသည်။
          ''သမီး သမီးဘာဖြစ်လို့လဲ၊ စိတ်အေးအေးထားစမ်းပါ''
          ''ညကြီးအချိန်မတော် အဖေ့သမီး ဘာထကြောင်တာလဲမသိ''
        ''အချိန်မတော်မဟုတ်ဘူး၊ အစ်ကိုဘာသိလို့လဲ၊ အခုမိုးလင်းနေပြီ၊ ဒီမှာဖေဖေ သမီးနာရီရော၊ အစ်ကို့နာရီရော၊ အို..ရှိရှိသမျှ တစ်အိမ်လုံးက နာရီတွေ မိုးလင်းနေပြီ၊ ဒီမှာ အပြင်မှာ မိုးမလင်းသေးဘူး၊ 'ည'ဖြစ်နေတုန်း''
        ''ဘယ်လို''
          အားလုံးက နာရီများကို တစ်ယောက်တစ်လှည့်ဆွဲယူကြည့်ကာ တအံ့တသြ ဖြစ်ကုန်လျက် ပြိုင်တူခေါင်းကုတ်ကြသည်။ ပြီးလျှင် အိမ်တွင် ရှိသမျှ နာရီများကို လိုက်ကြည့်သည့်အခါ စုလေးမေပြောသည့်အတိုင်း နာရီများ က ၇နာရီကျော်နေကြောင်း အချိန်တစ်ထပ်တည်းညွှန်ပြနေကြသည်ကို တအံ့အသြတွေ့ကြရသည်။ တံခါးမကြီးကို ဖွင့်ကာ သူတို့အားလုံး အိမ့်အပြင်သို့ ထွက်ကြည့်ကြသည်။ ကောင်းကင်နက်မှောင်မှောင်တွင် ကြယ်ပွင့်လေးများ ဖြိုးဖြိုးဖြောက်ဖြောက်တွေ့ရသည်။ ည၏လက္ခဏာများက မိုးလင်းနေသည့် နာရီများနှင့်ဆန့်ကျင်နေသည်။
          ''တွေ့လား အစ်ကိုသူရ၊ ယုံပြီမဟုတ်လား၊ ဖေဖေရေ.. တစ်ခုခုတော့ မှားနေပြီ မဟုတ်လားဟင်၊ အဲဒီလို မထင်ဘူးလား''
        ''ဟုတ်တယ် သမီးစုမေ တစ်ခုခုတော့မှားနေပြီ၊ ဒါဟာ အကောင်းတော့ မဖြစ်နိုင်ဘူး၊ အဆိုးဖြစ်ဖို့ပဲရှိတယ်''
          ဖေဖေထံမှ တွေးတွေးဆဆ စကားကြောင့် မေမေက ရင်ဘတ်ကို ဖိကာ 'ဘုရားဘုရား'ဟု တနေသည်။ အချိန်ကား ၇နာရီခွဲတော့မည်။ စုလေး မေသည် ရေဒီယိုကို သတိရကာ သွားဖွင့်ခဲ့၏။ ရေဒီယိုမှ နံနက်တိုင်းလာနေ ကျ နံနက်ခင်းတေးသံသာများနှင့်အစီအစဉ်များ မလာသေးပါ။ လေလှိုင်းသံ တရှီးရှီးကိုသာ ကြားနေရသည်။ စုလေးမေသည် အိမ်အပြင်တွင် ထွက်ရပ် နေဆဲဖြစ်သော ဖခင်ထံသို့သွားကာ လက်မောင်းကို ဆွဲခါရင်း စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
          ''ဖေဖေ လူတွေဟာ နာရီကိုကြည့်ပြီး အလုပ်လုပ်တာလား''
        ''အေးပေါ့''ဟုပြောလျက် ဖေဖေက တစ်ဆက်တည်းပင် အိမ်တွင်းသို့ အော်ပြောလိုက်သည်။
        ''ဟေ့..ရေဒီယိုဖွင့်ထားလိုက်...''
        ''စုမေ ဖွင့်ပြီးပြီဖေဖေ ဘာမှမလာဘူး''
          ဖေဖေက စုလေးမေစကားကို မသိကျိုးကျွန်ပြုကာ အော်လိုက်ပြန် သည်။   
          ''ဖွင့်သာဖွင့်ထား...''
          စုလေးမေသည် ရုတ်တရက်ဖြစ်ပေါ်လာသောစိတ်ကူးနှင့်အတူ သူမ အခန်းဆီသို့ အလျင်အမြန်ပြေးဝင်သွားသည်။ ကွန်ပျူတာစားပွဲတွင် ဝင်ထိုင်ကာ ယူပီအက်စ်ခလုတ်လေးကို နှိပ်လိုက်သည်။ ထို့နောက် ပါဝါဖွင့်လိုက်သည်။ စိတ်က လောနေ၍ပဲလားမဆိုနိုင်။ ကွန်ပျူတာသည် အခုမှပဲ ဝင်းဒိုးအတက် နှေးလှ၏။ ရပြီ။ ကွန်နက်ရှင်ချိတ်ဆက်လိုက်သည်။ အိုင်အီးဘရောင်ဇာတစ်ခုကို နှိပ်လိုက်သည်။ အမှားအယွင်း ဖြစ်ရပြန်သည်။ ကွန်ပျုတာကို ရီစတတ်ပြန် လုပ်လိုက်သည်။ နောက် တစ်ခေါက် ကြိုးစားသည်။ ကွန်နက်ရှင်တောင်း။ အိုင်အီးပြန်ခေါ်၊ အိုင်အီးရပြီ။ အရေးထဲ ပတ်စ်ဝပ်ဒ်က မှားသည်ဟု အယ်ရာပြ ပြန်သည်။
          'အသုံးမကျလိုက်တဲ့ငါ'ဟု ခပ်တိုးတိုးရေရွတ်ရင်း ပတ်စ်ဝပ်ဒ်ကို သတိထား ရိုက်ထည့်လိုက်ရပြန်သည်။ သူမ၏ရှပ်ပျာပျာနိုင်မှုကြောင့်ဟု ထင်သည်။
          ကွန်ပျူတာက အယ်ရာထပ်ပြပြန်သည်။ ပတ်စ်ဝပ်ဒ်မှားသည်ဟု ပြောနေ ပြန်သည်။ မင်းရဲ့ပတ်စ်ဝပ်ဒ်ကို မင်းမမှတ်မိဘူးလား...။ အကြိမ်ကြိမ် ကြိုးစား ရင်းက စုလေးမေချွေးပြန်လာသည်။ ဘယ်နေရာမှာ ဘယ်လိုမှားယွင်းနေလဲ။ သူမရဲ့ လျှို့ဝှက်နာမည် ပတ်စ်ဝပ်ဒ်ကို ဘယ်တုန်းကမှ မမှားခဲ့ဖူးပါ။ သူမ၏ ပေါ့ဆမှုကြောင့် မဖြစ်နိုင်တော့။ ဘယ်သူ့ကြောင့် ဘယ်အရာကြောင့်နည်း။
          စုလေးမေ ဘာလုပ်ရမှန်းမသိတော့။ အင်တာနက်ဝင်ရန် ကွန်နက် ရှင်မိဖို့ နေနေသာသာ၊ ကွန်ပျူတာက ဝင်းဒိုးပင် ပြန်ပြုတ်ကျသွားသည်။ ကမ္ဘာကြီးနှင့်အဆက်အသွယ်ယူရန် စိတ်ကူးများ ကွန်ပျူတာဝင်းဒိုးနှင့်အတူ ပြုတ်ကျ ပြိုပျက်သွားတော့သည်။
          မေမေက ဘုရားခန်းထဲဝင်ကာ ဝတ်ပြုနေသည်။ စုလေးမေသည် အစ်ကိုသူရ၊ ဖေဖေတို့နှင့်အတူ အိမ်ရှေ့မြက်ခင်းပြင်တွင်ထိုင်ကာ ကောင်း ကင်ဆီ ငေးကာငေးကာကြည့်နေမိသည်။ အဖြေတစ်ခုခုကိုတွေ့လိမ့်နိုးနိုး။
          အတန်ကြာငေးကြည့်နေသော်လည်း ကောင်းကင်သည် တစ်စုံတစ်ရာ ထူးခြားမှုမရှိ။ ကြယ်လေးများသည် စောစောတုန်းကလည်း ဒီပုံစံအတိုင်းပင်။ ရွေ့လျားမှု တစ်စက်ကလေးမှ မရှိဘဲ၊ တည်တံ့ ငြိမ်သက်နေကြသည်။ အံ့သြကုန်နိုင်ဖွယ်။
          ''တွေ့လား အစ်ကို၊ စုမေတို့ ထိုင်နေတာကြာလှပြီ၊ ကြယ်တွေ နေရာ မရွေ့ကြဘူး၊ ဟုတ်တယ်မဟုတ်လား..''
          ''ဟုတ်တယ်ဟုတ်တယ်၊ ဖေဖေကော ဘယ်လိုထင်လဲဟင်''
          အစ်ကိုသူရက စုလေးမေစကားကို ထောက်ခံပြောရင်း ဖခင်ထံက အတည်ပြုချက်တောင်းခံလိုက်သည်။ စုလေးမေသည် တုပ်တုပ်မှမလှုပ်၊ စကား မပြန်ဘဲ ငြိမ်ချက်သားကောင်းနေသည့် ဖခင်ဖြစ်သူ၏ပခုံးကို တစ်ချက် တွန်းလှုပ်လိုက်ကာ ထပ်မေးလိုက်သည်။
          ''ဟင်..ဖေဖေ၊ ဖေဖေကော ဘယ်လိုထင်လဲလို့၊ ကြယ်တွေ နေရာမရွေ့ဘဲ ဒီပုံစံအတိုင်းပဲဖြစ်နေတာကိုလေ...''
        ''အင်း..ဟုတ်တယ်၊ ဒါဘယ်လိုကြောင့် ဖြစ်နိုင်လဲလို့ ဖေဖေ လည်း စဉ်းစားနေတာ၊ ပုံမှန်မဟုတ်တာတော့ သေချာတယ်''
        ''ကမ္ဘာကြီးများ ပျက်စီးတော့မှာလား''
          အစ်ကိုသူရစကားကြောင့် စုလေးမေ တုန်လှုပ်သွားသည်။
          ''အို..ဖေဖေ ဟုတ်လားဟင်၊ အစ်ကိုပြောတာ ဟုတ်လား''
        ဖေဖေက စုလေးမေကိုယ်လေးကို ဆွဲယူပွေ့ဖက်ရင်း နှစ်သိမ့်စကား ဆိုသည်။
        ''အဲဒီလောက်တော့ မဟုတ်နိုင်ပါဘူးကွယ်''
xxxxx
          စုလေးမေသည် ဖေဖေ့လက်မောင်းထဲကနေ ရုန်းထွက်လိုက်သည်။
          ''ခဏလေး ဖေဖေ ပလိစ်''
          အိမ်တွင်းသို့ ပြေးဝင်ခဲ့ကာ စုလေးမေသည် တယ်လီဖုန်းနံပါတ်များကို စိတ်လှုပ်ရှားစွာနှိပ်နေမိသည်။ အသံတိုများ အဆက်မပြတ်အော်သည်။
          ''ကျားသားမိုးကြိုး ဒီအချိန်ကြီး တယ်လီဖုန်းဘီးဇီးဖြစ်ရတယ်လို့''
          စုလေးမေသည် ထပ်ကာတလဲလဲ ရီကောလ် လုပ်နေလိုက်သည်။ ခြောက်ကြိမ်မြောက်ခေါ်ဆိုမှုတွင် အသံရှည်ကို ကြားရသည်။ တယ်လီဖုန်း လိုင်းဝင်သွားသည်။ စုလေးမေ ပျော်သွားသည်။ သို့သော် ဖုန်းကောက်ကိုင် မည့်သူမရှိ။
          လာစမ်းပါ၊ ကိုင်စမ်းပါ။ ကောင်စုတ်မ ညိုမီ၊ ဒီလောက် အိပ်ရေး ကြီးရသလား။
          အတန်ကြာလျှင် ညိုမီထံက အိပ်ချင်မူးတူး ထူးသံ အစ်အစ်ရှရှကို ကြားလိုက်ရသည်။
          ''ဟယ်...လို''
        ''ညိုမီ..ညိုမီ..ငါပါ စုမေ''
        ''ခွေးသူခိုးမ၊ ညကြီးမင်းကြီး၊ ဘာစိတ်ရူးပေါက်ရပြန်တာလဲ၊ ဒီမှာဖြင့် အိပ်လို့ကောင်း...''  
        ''ညိုမီ..ဒါ ညမဟုတ်ဘူး၊ အခုမိုးလင်းနေပြီ၊ သိရဲ့လား၊ သွား သွား မြန်မြန်သွားပြီး မင်းအိမ်က နာရီတွေ ကြည့်လိုက်စမ်း''
          ''အင်း...နာရီက ဒီစားပွဲမှာပဲရှိ...အယ်...ဘယ်နှနာရီထိုးနေတာလဲ၊ ၇နာရီခွဲဟဲ့..၊ ငါ့နာရီရပ်နေတယ်။ ညက နာရီရပ်နေခဲ့တာလား... မဟုတ်သေးပါဘူး။ ငါညက ရုပ်ရှင်ပြီးမှ ၁ဝနာရီခွဲမှ အိပ်ရာဝင်ခဲ့တာပါ....''
        ''ဟုတ်ပြီ ညိုမီ၊ သွားသွား ငါစောင့်နေမယ်၊ နင့်အိမ်က နာရီ တွေ အကုန်သွားကြည့်၊ ဘယ်နှနာရီလဲလို့...''
          စက္ကန့်အနည်းငယ်မျှသာကြာပြီး ညိုမီ့အသံပြန်ကြားရသည်။
          ''ဟဲလို...ဟဲလို..စု..စုမေ..ဘာတွေဖြစ်နေတာလဲ၊ အခု ငါတို့ အိမ်က နာရီတွေ ၇နာရီခွဲနေတယ်၊ ဒါမနက်လား ညလား... ''
        ''အစစ်ပေါ့၊ ဒါ မနက်၇နာရီခွဲပဲ၊ ခက်တာက မိုးမလင်းသေးဘူး၊ ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာ ငါလည်းမပြောတတ်ဘူး၊ နင်သိလား၊ တစ်ခုခုတော့ မှားနေတာ၊ တို့ကမ္ဘာကြီး တစ်ခုခုမှားနေတာ''
        ''ဟုတ်တယ် ဟုတ်တယ်၊ တစ်ခုခု မှားနေပြီ''
          စုလေးမေစကားသံအတိုင်း ညိုမီက သံယောင်လိုက်ကာ ပြောမိ လိုက်သည်။
          ''ဒီမှာ တို့တစ်အိမ်သားလုံးလည်း စောင့်ကြည့်နေကြရတယ်၊ အင်တာနက်ကွန်နက်ရှင်းလည်း မတက်ဘူး၊ နင်ကြိုးစားကြည့်ပါဦး၊ ပြီးရင် ငါ့ကို အကြောင်းပြန်''
        ''ဟိုကောင်တွေရော သိပြီးကြပြီလား''
        ''ဘယ်သူ့မှ မပြောရသေးဘူး၊ နင့်ကိုအရင်ဆုံးဖုန်းဝင်သွားတာ၊ သူတို့ လည်း သိရင်သိကြရောပေါ့၊ အခြေအနေက ဘာမှန်းမသိသေးဘူး၊ ဒီလိုပဲ စောင့်ကြည့်ရမှာပဲ''
        ''ဟုတ်တယ်၊ စောင့်ကြည့်ရမှာပဲ''ဟု ညိုမီက လိုက်ပြော ပြန်သည်။
          ''တူ.တူ.တူတူ''
          တယ်လီဖုန်းလိုင်းများ ပြတ်ကျသွားသည်။ ရုတ်တရက် လျှပ်စစ် မီးများပါ ပြတ်တောက်သွားသည်။ စုလေးမေ အထိတ်တလန့်ဖြင့် ကုန်းအော် လိုက်သည်။
          ''အမေ့...မေမေရေ''
          အရေးပေါ်လက်ဆွဲမီးသီးပုံးနှင့်အတူ မေမေရောက်လာသည်။ ထို့နောက် အမှောင်ထုထဲတွင် သူတို့အားလုံးတိတ်ဆိတ်စွာ ထိုင်နေကြသည်။ တစ်ချက် တစ်ချက် လက်ဆွဲမီးသီးဖြင့်ထိုးကာ နာရီများဆီသို့ လှမ်းကာလှမ်းကာ ကြည့်မိ ကြသည်။ နာရီများအားလုံး ပုံမှန်လည်ပတ်နေကြသည်။
          အငြိမ်မနေနိုင်သော စုလေးမေသည် ပြတင်းပေါက်တွင်ရပ်ကာ ကောင်းကင်နက်နက်ထဲသို့ စူးစိုက်ကြည့်နေသည်။
          ''အံ့ရော အံ့ရောပဲ၊ ထူးဆန်းလိုက်တာ၊ ကြယ်တွေ ဒီပုံစံက ဒီပုံစံပဲ နေရာမရွေ့ကြဘူး''
          ''ဦးနှောက်ခြောက်ရတဲ့အထဲ တိတ်တိတ်နေစမ်းပါ စုမေရာ၊ နင် အဲဒီလို အော်နေလည်း အဲဒီကြယ်တွေ ရွေ့သွားမှာ မဟုတ်ဘူး''
          အစ်ကိုသူရက စိတ်မရှည်သံဖြင့် လှမ်းမာန်သော်လည်း မေမေက စုလေး မေအနားသို့ အတူလာရပ်ကာ ကောင်းကင်သို့မော့ကြည့်လာသည်။
          ''ဟုတ်တယ်၊ ကြယ်တွေ ဒီအတိုင်းပဲ''
        ''တစ်ခုခုတော့ သိရမှဖြစ်မယ်၊ နည်းလမ်းရှာပါဦးလား ဖေဖေ''
          အားကိုးတကြီးစကားဆိုနေသည့် စုလေးမေကိုကြည့်ကာ ဖေဖေက ခေါင်းခါပြရုံသာ တတ်နိုင်ခဲ့သည်။ စုလေးမေ တုန်ယင်စွာပြောလိုက်သည်။
        ''ကြယ်တွေ နေရာမရွေ့ဘူး၊ ဒီအတိုင်းပဲ ရပ်နေကြတာ၊ ဒါ..ဒါ သဘောက ကမ္ဘာကြီး မလည်ပတ်တော့ဘူး၊ သူရပ်တန့်သွားပြီ ဆိုတဲ့သဘော သူပျက်စီးသွားပြီ၊ ဟုတ်တယ် ဟုတ်တယ်ဖေဖေ၊ စုမေတို့ကမ္ဘာကြီး မလည် တော့ဘူး၊ ရပ်သွားတာ သူရပ်သွားတာ၊ ဒါကြောင့် ကြယ်တွေ နေရာ မရွေ့တာ...''
          ရုတ်တရက် မီးများပြန်လာကာ ဖွင့်ထားလက်စရေဒီယိုမှ အထူး သတင်း ကြေငြာချက်တစ်ရပ် ထွက်ပေါ်လာခဲ့သည်။ သူတို့အားလုံး အသက် မရှူနိုင်ကြ။ သတင်းကြေညာသူ အမျိုးသား၏အသံသည် သိသိသာသာ တုန်ယင်နေသည်။ တည်ငြိမ်မှုရှိရန် ကြိုးစားထိန်းချုပ်နေသည့်ကြားက စိတ်လှုပ်ရှားသံက သိသာပေါ်လွင်နေခဲ့သည်။
          နှစ်ဆယ့်သုံးနှစ်ပိုင်းတစ်ပိုင်း ဒီဂရီတိမ်းစောင်းလျက် လည်ပတ်နေသော ကမ္ဘာကြီးသည် ယခုအခါ ဆက်လက်လည်ပတ်နိုင်ခြင်းမရှိတော့ဘဲ ရုတ်တရက် ရပ်တန့်သွားခဲ့ပြီဖြစ်ကြောင်း၊ မြန်မာပြည်တည်ရှိရာ ကမ္ဘာဘက် အခြမ်းသည် ညအချိန်ကျရောက်နေစဉ် ရပ်တန့်သွားခြင်းဖြစ်၍ မြန်မာနိုင်ငံ အနေဖြင့် နေ့အချိန်မရှိတော့ဘဲ ညအချိန်သာတည်ရှိသွားမည်ဖြစ်ကြောင်း၊  ဤသို့ဖြစ်ရခြင်း၏အကြောင်းရင်းတစ်စုံတစ်ရာကိုမူ လတ်တလောအခြေအနေ တွင် ရေရာစွာ ထုတ်ပြန်နိုင်ခြင်းမရှိသေးကြောင်း၊ အဘယ်မျှကာလထိ ယခု ကဲ့သို့ဖြစ်ပျက်နေမည်ကိုလည်း တိကျစွာပြောဆိုနိုင်ခြင်းမရှိသေးကြောင်း၊ ယခုကိစ္စနှင့်ပတ်သက်၍ နိုင်ငံတကာက သိပ္ပံပညာရှင်များ ခေါင်းချင်းရိုက် အဖြေရှာနေပြီဖြစ်၍ မကြာမီအဖြစ်မှန်ကို သိရှိရမည်ဖြစ်ကြောင်း၊ မြန်မာပြည်သူ လူထုအနေဖြင့် မိမိတို့၏သက်ဆိုင်ရာ လုပ်ငန်းများကို နာရီဖြင့်သာပိုင်းခြား၍ ညအချိန်ထဲတွင်သာ ဆက်လက် လုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း.......
          စုလေးမေသည် ထိုကြေညာချက်အဆုံးတွင် 'ဟေး'ဟု အကျယ် ကြီး ထအော်လိုက်သည်။ အစ်ကိုသူရက မျက်စောင်းထိုးကာ ပြောသည်။
          ''သူများတွေ အထိတ်တလန့်ဖြစ်နေချိန်မှာ ဘာအရူးထရတာလဲ၊ ဒီကောင်မလေး ရူးများသွားပြီလား''
          သူတို့အားလုံး စုလေးမေကို တအံ့တသြ ဝိုင်းကြည့်နေသည်။
          စုလေးမေသည် မျက်နှာပြေးသစ်လိုက်သည်။ အဝတ်အစား အလျင်အမြန် ကောက်လဲလိုက်သည်။ နာရီကိုကြည့်တော့ လက်တံများက ၈နာရီခွဲကို ညွှန်ပြ နေသည်။ ဒါ ညလား မနက်လား။ အို ဒါကအရေးမကြီး။ မည်မျှ ကောင်း လိုက်သနည်း။ ကြယ်ရောင်များဖြင့် တလက်လက်တောက်ပနေသည့် ကောင်း ကင်ကို မော့ကာမော့ကာကြည့်ရင်း ကျောင်းသို့သွားရပေတော့မည်။ စာမေးပွဲ အကျခံရန် မလိုတော့၊ ညကျောင်းတက်စရာပင်မလိုတော့။ သူမ၏ ဆန္ဒကို ဘုရားသခင်က အလိုအလျောက်ဖြည့်ပေးလိုက်ခြင်းပဲဖြစ်မည်ဟု တွေးကာ ဝမ်းမြောက် ပျော်ရွှင်မဆုံးဖြစ်နေတော့သည်။
          လွယ်အိတ်ကို ကောက်လွယ်ကာ အိမ်အပြင်ဘက်သို့ ခြေချလိုက်သည်။ ကောင်းကင်ကို မော့ကြည့်တော့ ကြယ်လေးတွေက မှိတ်တုတ်မှိတ်တုတ်။ ကလေးဘဝက သီချင်းလေး တစ်ပုဒ်ကို ခပ်မြူးမြူးဆိုကျူးလျက်...
Twinkle Twinkle little star, how I wonder what you are ,up above the world so high, like a diamond in the sky…….လွယ်အိတ်ကို တင်းတင်းဆုပ်၊ မှိတ်တုတ်မှိတ်တုတ် ငွေကြယ်ပွင့်လေးတွေကို မော့ကြည့်ကာ ညထဲသို့ ကြည်နူးစွာဖြင့် စုလေးမေ ခပ်ရဲရဲတိုးဝင်လိုက်သည်။
xxxxx
          ''တီတီတီ...တီတီတီ..တီတီတီ''
          နာရီ alarm မြည်သံကြားရသည်။
          စုလေးမေသည် အလန့်တကြားဖြင့် မျက်လုံးများဖွင့်ကြည့်လိုက်ရာ သူမကိုယ်သူမ အိပ်ရာပေါ်တွင် ရှိနေသည်ကိုသာ တွေ့လိုက်ရသဖြင့် ကြောင် တက်တက်ဖြစ်သွားသည်။ စူးရှရှနေရောင်တချို့က မှန်ပြတင်းကိုဖြတ်သန်း လျက် အခန်းတွင်းဝယ် ဖြာကျနေသည်။ နံနက် မိုးလင်းနေပြီ။ အသေအချာ ပြောရလျှင် နံနက် ၇နာရီ။ ညက ဗူမော ပေးထားခဲ့သည်။ လောကကြီးသည် အရင်အတိုင်း။ နဖူးကို လက်ဖြင့် ဖတ်ခနဲ ရိုက်ရင်း အသံထွက် ညည်းညူ လိုက်မိသည်။
        ''ဟာ...သွားပြီ၊ ငါ့နှယ် ကံဆိုးလိုက်တာ၊ ညကျောင်းလေးတောင် တစ်ရက်လောက် မတက်လိုက်ရပါလား...''
          အိပ်မက်လေးကို နှမြောကာ ဝမ်းနည်းပက်လက်ဖြစ်သွားသည်။ နာရီက တတီတီ အော်မြည်နေဆဲ...။

စုမီအောင် (Family)
(ကမ္ဘာကြီး ရပ်သွားပြီဆိုပြီး တကယ်မက်ခဲ့တဲ့အိပ်မက်ကို အခြေခံရေးခဲ့တယ်။ ဆင်ဆာက ညကျောင်းတက်ချင်တဲ့သဘောကြောင့်လား ကမ္ဘာကြီး ရပ်တန့်ပျက်စီးပြီ ဆိုတဲ့သဘောကြောင့်လားမသိ ခွင့်မပြုခဲ့။ အခါခါ ပြန်ပို့ရင်း နောက်ဆုံး Family မှာ (ညိုပြာဝိုင် လုပ်တဲ့ကာလက ပါလာခဲ့တယ်)
အယ်ဒီတာ ညိုပြာဝိုင်နဲ့တကွ ထည့်ပေးတဲ့ Family ကိုကျေးဇူးတင်ရပါတယ်။)