Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, July 31, 2014

ညွှန်းတဲ့ ရုပ်ရှင်


As Above, so below
Horror / Thriller 
Universal Pictures
ဒါရိုက်တာ - John Erick Dowdle
ထုတ်လုပ်သူ - Patrick Aiello, Alec Hedlund
ဇာတ်ညွှန်း - Drew Dowdle, John Erick Dowdle
သရုပ်ဆောင်များ - Ben Feldman, Edwin Hodge, Perdita Weeks

ပြင်သစ်နိုင်ငံ၊ ပါရီမြို့ကြီးရဲ့ လမ်းမတွေရဲ့အောက်မှာ အကွေ့အချိုးမိုင်ပေါင်းများစွာနဲ့ မြေအောက်လိုဏ်ခေါင်းတွေရှိလို့နေတယ်။ မရေမတွက်နိုင်တဲ့ဝိညာဉ်တွေရဲ့ ထာဝရအိမ်က ပါရီမြို့ကြီးရဲ့ လမ်းမတွေအောက်မှာပဲလား။ အမေရိကန်-အင်္ဂလိပ်ရှာဖွေစူးစမ်းအဖွဲ့တစ်ဖွဲ့က လူငယ်တွေ အရင့်အရင်က မတွေ့မကြုံခဲ့ရဖူးသေးတဲ့ အရိုးဝင်္ကပါတစ်ခုကို တွေ့သွားတယ်။ ဒီမြို့တော်ကြီးအတွင်းမှာ တည်ရှိနေတဲ့သေခြင်း၊ ပုန်းကွယ်မှောင်မိုက်နေခဲ့တဲ့ လှို့ဝှက်ချက်ကိုဖော်ထုတ်မိလျက်သားဖြစ်ခဲ့ရပြီ။ ၁၇၈၅ ခုနှစ်ကတည်ဆောက်ခဲ့သတဲ့။ ကမ္ဘာ့အကြီးဆုံးဂူသင်္ချိုင်းတစ်ခုမှာ မမျှော်လင့်ဘဲ တွေ့ခဲ့ရတဲ့စန္ဒရားအို၊ ရုတ်တရက်ထွက်ပေါ်လာတဲ့ လှို့ဝှက်တံခါး၊ အဲဒီတံခါးပွင့်သွားခဲ့တာနဲ့ပဲ။ ချောက်ချားစရာ အတိတ်တွေ ရုန်းကြွတွန်းကန်လာတော့တယ်။ Mad Men သရုပ်ဆောင် Ben Feldman ၊ The Purge: Anarchy သရုပ်ဆောင် Edwin Hodge နဲ့ The Invisible Woman က သရုပ်ဆောင်မိန်းကလေး Perdita Weeks တို့ ပါဝင်ထားကြတယ်။ ထိတ်လန့်သည်းဖိုရုပ်ရှင်နှစ်သက်ကြသူတွေအတွက်တော့ စိတ်ဝင်စားစရာရုပ်ရှင်ဖြစ်နေမှာပါ။  As Above, so below ရဲ့ ရုပ်ရှင်ပိုစတာမှာပဲ ဆွဲဆောင်မှုအားကြီးနေတော့ စောင့်ကြည့်ရမယ့်ရုပ်ရှင်ဖြစ်နေပါလိမ့်မယ်။ "The only way out is down" တဲ့။

The Hundred-Foot Journey
Comedy
Walt Disney Studios, Motion Pictures
ဒါရိုက်တာ - Lasse Hallström
ထုတ်လုပ်သူ - Steven Spielberg, Oprah Winfrey, Juliet Blake 
ဇာတ်ညွှန်း - Steven Knight
သရုပ်ဆောင်များ - Helen Mirren, Om Puri, Manish Dayal, Charlotte Le Bon

ဒါရိုက်တာက ABBA အဖွဲ့ရဲ့ သီချင်းဗီဒီယိုတွေအားလုံးနီးပါး ရိုက်ကူးခဲ့တဲ့ ဆွီဒစ်ရှ် ဒါရိုက်တာ Lasse Hallström ပါ။ Steven Spielberg နဲ့ Oprah Winfrey တို့ကလည်းထုတ်လုပ်သူအဖြစ်ပူးပေါင်းပါဝင်ထားကြတယ်။ ဟာ့စန်ကာဒမ်(Manish Dayal) ဟာ စားချင်စဖွယ်ဟင်းအမယ်တွေ ဖွယ်ဖွယ်ရာရာချက်ပြုတ်ရာမှာ တကယ့်ကိုကျွမ်းကျင်လှတဲ့စားဖိုမှူးတစ်ဦးပါ။ ဟာ့စန်အပါအဝင် ကာဒမ်မိသားစု၊ သူတို့ရဲ့ဇာတိရပ်မြေ အိန္ဒိယကနေ ပြင်သစ်တောင်ပိုင်း၊ ရှေးဆန်ဆန် မြို့လေး Saint-Antonin-Noble-Val ဆီ ပြောင်းရွှေ့အခြေချဖို့ဖြစ်လာတယ်။ ကာဒန်မိသားစုကို ဦးဆောင်တာက ပါပါး (Om Puri) ပါ။ ပြင်သစ်မြို့လေးမှာ နှစ်လိုဖွယ်ရာတွေပြည့်နှက်နေတယ်။ မျက်စိပသာဒဖြစ်စရာတွေလည်းရှိတယ်။ အဲဒီ ဖော်ရွေရည်မွန်တဲ့မြို့လေးမှာ အိန္ဒိယအစားအစာတွေရောင်းချမယ့် စားသောက်ဆိုင်ဖွင့်ဖို့ကြိုးစားကြတယ်။ နာမည်က Maison Mumbai တဲ့။ လမ်းတစ်ဘက်မှာက Le Saule Pleureur ဆိုတဲ့ ပြင်သစ်စားသောက်ဆိုင်ရှိနေတယ်။ ပိုင်ရှင်က ရေခဲဘုရင်မလို့တောင်တင်စားခေါ်ရဦးမယ့် အေးစက်မာကြောအမျိုးသမီး မဒမ်မယ်လိုရီ(Helen Mirren)။ မယ်လိုရီက အိန္ဒိယန်းစားသောက်ဆိုင်အသစ်လေးကို ဆန့်ကျင်ဖို့ စားသုံးသူတွေကို အရှိန်မြှင့်ပြီး ဆွဲဆောင်နေတယ်။ အိန္ဒိယန်းတေးသံတချက်တချက် ကျယ်ကျယ်လောင်လောင်ကြားရရင် မယ်လိုရီတားမြစ်တယ်။ ပါပါးကတော့ ကြုံးဝါးတာပဲ။ "သီချင်းသံကို လျှော့ပေးလို့ရတယ်၊ ဖောက်သည်တွေကိုတော့ ပိုပြီးမြင့်တက်အောင်လုပ်ပြဦးမယ်" တဲ့။ ဟာ့စန်ကတော့လူငယ်ပီပီ ပြင်သစ်အဆင့်မြင့်အစားအစာတွေပေါ်မှာလည်း နှစ်သက်တယ်။ အရသာကို မြည်းစမ်းဖို့ စိက်ထက်သန်ပြင်းပြနေတယ်။ မယ်လိုရီရဲ့ ဆိုင်က စားဖိုမှူးမလေး မာဂူရီ(Charlotte Le Bon))ဆိုတဲ့ မိန်းကလေးကလည်း ချိုမြမြမျက်နှာပေးလေးနဲ့၊ ဟာ့စန်စိတ်နှလုံးကို ညှို့ယူဆွဲဆောင်နိုင်လိုက်တာကိုး။ ပြင်သစ်အစားအစာတွေမှာ ဟာ့စန်က အိန္ဒိယရိုးရာဟင်းခတ်အမွှေးအကြိုင်တွေပေါင်းထည့်၊ သူ့ရဲ့ စားဖိုမှူးအရည်အသွေးတွေလည်းပေါင်းထည့်လိုက်တော့ ကြက်ဥမွှေကြော်တစ်ပန်းကန်ကတောင် စားချင်စဖွယ်ကောင်းလွန်းလှပြီ။ ယဉ်ကျေးမှုနှစ်ခုပေါင်းစပ် ရက်ဖွဲ့လိုက်တဲ့ အစားအစာကို မယ်လိုရီ နှစ်ခြိုက်သွားတော့တယ်။ မယ်လိုရီ မသိကျိုးကျွံပြုမနေနိုင်တော့ဘူး။ ဟာ့စန်ကို သူမရဲ့ စားဖိုမှူးအဖြစ် ဆွဲဆောင်ဖို့ ကြိုးပမ်းကြည့်တော့မယ် ထင်တယ်။


Guardians of the Galaxy
Action / Adventure / Sci-Fi
Walt Disney Studios, Motion Pictures
ဒါရိုက်တာ - James Gunn
ထုတ်လုပ်သူ - Kevin Feige
ဇာတ်ညွှန်း - James Gunn, Nicole Perlman
ဝတ္ထု - Based on Guardians of the Galaxy by Dan Abnett, Andy Lanning
သရုပ်ဆောင်များ - Chris Pratt, Vin Diesel(voice), Bradley Cooper

Marvel Comics စူပါဟီးရိုး ကာတွန်းအခြေခံထားတဲ့ Marvel Cinematic Universe ရဲ့ ၁၀ ကားမြောက်ရုပ်ရှင်ပါ။ 3D ရော IMAX 3D နဲ့ပါ ပြသပါလိမ့်မယ်။ Ironman, Captain America, Thor နဲ့ Avengers Assemble ရုပ်ရှင်တွေနောက်ပိုင်း နဝါးငွေ့တန်းအသစ်တစ်ခုဆီခေါ်ဆောင်သွားမယ့် သိပ္ပံဆန်းကြယ်ရုပ်ရှင်ပါ။ အမေရိကန်လေယာဉ်မှူး ပီတာကွေးလ်(Chris Pratt) ဟာ အာကာသတွင်း အင်မတန်ဝေးလံတဲ့နေရာမှာရောက်ရှိနေတယ်။ လူသားတစ်ဝက်၊ ဂြိုဟ်သားတစ်ဝက် ပီတာကွေးလ်ဟာ ကလေးအရွယ်ကတည်းက မြေကမ္ဘာကိုစွန့်ခွာခဲ့ရသူပါ။ ရာဇဝတ်သားရှိရာလိုက်လံချောင်းမြောင်းနိုင်တဲ့ သိပ္ပံဘောလုံးငယ်ခိုးယူခံလိုက်ပြီး ကွေးလ်ဟာ ဗီလိန်ကြီး ရိုနန် Ronan -The Accuser ရဲ့ အဓိကပစ်မှတ်ဖြစ်လာခဲ့တယ်။ ရိုနန်နဲ့ ဆိုးသွမ်းကြမ်းတမ်းအဖွဲ့ကို တိုက်ခိုက်ဖို့၊ ရိုနန်ရဲ့ အဖျက်စွမ်းအားကနေ သူတို့နေထိုင်ရာ နဝါးငွေ့တန်းကြယ်စုလေးကိုကာကွယ်ဖို့ ကွေးလ်က အဖွဲ့တစ်ဖွဲ့စုစည်းတယ်။ "သူရဲကောင်းတွေအားလုံးဟာ နေရာတိုင်းမှာစတင်နိုင်တာပဲ" တဲ့။ ကွေးလ် ရဲ့ အဖွဲ့နာမည်က "Guardians of the Galaxy" ပါ။ စစ်ပြေငြိမ်းဖို့မလွယ်ကူပေမဲ့ အင်တိုက်အားတိုက်ကြိုးစားကြည့်နေတယ်။ ကွေးလ်ရဲ့ အဖွဲ့ဝင်တွေကလည်း ဂွကျကျအဖွဲ့သားတွေပါ။ ဂါမိုရာ ဆိုတဲ့ဂြိုဟ်သားမိန်းကလေး၊ ရော့ကက် ဆိုတဲ့ ရက်ကွန်းဝက်ဝံ၊ ဒရက်ဇ် The Destroyer နဲ့ ဂရုထ် တို့ ပါဝင်တယ်။ ဒါပေမဲ့ သိပ္ပံဘောလုံးရဲ့ စွမ်းအားအစစ်အမှန်နဲ့ ကြောက်မက်ဖွယ်အန္တရာယ်ကို ကွေးလ်ရှာဖွေသိရှိလိုက်တော့ ဝရုန်းသုံးကားပြိုင်ဘက်အုပ်စုတွေကို ဟန့်တားတိုက်ခိုက်ရတော့မယ်။ စကြာဝဠာကြီးထဲ ကွေးလ်တို့ရဲ့ ကြယ်စုလေး ဟန်ချက်ညီညီ ရပ်တည်နိုင်ဖို့အတွက်ပါ။

Hercules
Action / Adventure
Paramount Pictures, Metro-Goldwyn-Mayer Pictures
ဒါရိုက်တာ - Brett Ratner
ထုတ်လုပ်သူ - Brett Ratner, Barry Levine, Beau Flynn
ဇာတ်ညွှန်း - Ryan Condal, Evan Spiliotopoulos
ဝတ္ထု - Based on Hercules (Radical Comics) by Steve Moore, Admira Wijaya
သရုပ်ဆောင်များ - Dwayne Johnson, Ian McShane, Rufus Sewell, Joseph Fiennes, Peter Mullan, John Hurt

Prison Break နဲ့ Fox Drama ဇာတ်လမ်းတွဲတွေထုတ်လုပ်သူ၊ Rush Hour ဒါရိုက်တာ Brett Ratner ရိုက်ကူး၊ ထုတ်လုပ်ထားပါတယ်။ Hercules : The Thracian Wars ကာတွန်းကို အခြေခံရိုက်ကူးတားတာပါ။ 14000 BC မှာ  လူသားတစ်ဦးရော ဘုရားသခင်ပါ ဘယ်သူမှမရှိနိုင်တဲ့ ကုန်းမြေကြီးတစ်ခုပေါ်မှာ နှိပ်စက်ညဉ်းဆဲခံဝိညာဉ်တစ်ဦး တစ်ကိုယ်တည်းသွားလာနေတယ်။ ဟာကျူလီဟာ God King "ဇု" ရဲ့ စွမ်းအားကြီးလှတဲ့ သားပါ။ သူရဲ့ ဘဝတစ်လျှောက်လုံးဆင်းရဲဒုက္ခတွေကလွဲလို့ ဘာမှ မရရှိခဲ့ဘူး။ သူ့ရဲ့ ထင်ရှားတဲ့အလုပ်သမား ၁၂ ဦးနဲ့ မိသားစု ဆုံးရှုံးခဲ့ရပြီးတဲ့နောက် မောပန်းနွမ်းလျနေတဲ့ဝိညာဉ်ဟာ ဘယ်လောက်ပဲဝေးဝေးပြေးစေဦးတော့ တောကောင်ကြီးတွေ လိုက်လံရန်ပြုတာကိုမလွတ်တမ်းခံနေရတယ်။ King of Thrace နဲ့ သမီးဟာ နိုင်လိုမင်းထက်ဖိနှိပ်ညှဉ်းပန်းတဲ့ စစ်ဘီလူးကို အနိုင်ယူဖို့ ဟာကျူလီရဲ့ အကူအညီကိုတောင်းခံကြတယ်။ ကျောက်ဆောင်ကြီးလို့ နာမည်ကြီးလှတဲ့ မင်းသား Dwayne Johnson ဟာ ဒီရုပ်ရှင်မရိုက်ခင် ၈ လ ခန့် အင်မတန်ခက်ခဲပြင်းထန်တဲ့လေ့ကျင့်မှုတွေယူခဲ့တယ်။ ဘူဒါပက်စ်မှာ ရုပ်ရှင်ရိုက်ကူးနေစဉ်အတောအတွင်း ပေါင် ၂၆၀ လူသန်ကြီးဟာ တစ်ဦးတည်းနေပြီး Hercules ရုပ်ရှင် အာရုံစူးစိုက်မှုအပြည့်နဲ့ သရုပ်ဆောင်ခဲ့တယ်လို့ ဆိုတယ်။
ဖြိုးဖြိုး
(Yati Magazine, August, 2014)

Friday, July 25, 2014

ဂါဇာမှ နောက်ဆုတ်လှည့်ပြေးသွားခဲ့တဲ့ ဒီမိုကရက်တစ်ငြိမ်းချမ်းရေး

ဒီမိုကရက်တွေဟာ နောက်ဆုံးတော့ အစ္စရေးဆီကနေနောက်ဆုတ်လှည့်ပြေးရပြီတဲ့။ ဒီတစ်ကြိမ်ဟာ သူတို့စွမ်းဆောင်ခဲ့သမျှရဲ့ အပြင်းထန်ဆုံးအချိန်ပါ။ အစ္စရေး-ပါလက်စတိုင်းစေ့စပ်ဆွေးနွေးရေး ယူအက်စ် အထူးသံတမန် မာတင် အင်ဒိုက်ခ် ဟာ နှုတ်ထွက်ရပြီ၊ သူ့ရဲ့ think-tank အဖွဲ့အစည်းဆီ အိပ်တန်းပြန်ဖို့ အဖွဲ့ချုပ် Brookings Institutions အရှေ့အလယ်ပိုင်းစောင့်ကြည့်လေ့လာသူတွေကလည်း သဘောတူလက်ခံလိုက်ကြတယ်။ အာရပ်-အစ္စရေးငြိမ်းချမ်းမှာ တက်တက်ကြွကြွရှိနေခဲ့တဲ့ အမေရိကန်ပါဝင်ပတ်သက်မှုဟာ အဆုံးသတ်သွားရပါပြီ။  ယူနိုက်တက်စတိတ်အတွင်းရေးမှူး ဂျွန်ကယ်ရီရဲ့ အတိအလင်းထုတ်ပြန်တဲ့ကြေညာချက်တွေမှာ "ယူနိုက်တက်စတိတ်ဟာ ပါတီတွေက လေးလေးနက်နက် စေ့စပ်ဆွေးနွေးရေးလမ်းကြောင်းပြန်ရှာတွေ့ပြီဆိုရင် လုပ်ငန်းစဉ်ကို ပြန်စတင်ဖို့ ဆုံးဖြတ်ထားဆဲပါ" လို့ ပါရှိနေပေမဲ့ နောက်ဘာဖြစ်လာမလဲ ဘယ်သူမှ မမှန်းဆနိုင်ကြဘူး။ အဲဒီရည်ညွှန်းချက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုပဲ ဦးတည်တာမဟုတ်ဘဲ ယူနိုက်တက်စတိတ်နဲ့ အစ္စရေးကြားက ကာလရှည်အနှောင်အဖွဲ့ဆက်ဆံရေးကိုပါ ပြောချင်တာပါ။ 

Sunday, July 20, 2014

မြေပြင်နဲ့လွတ်ရုံသာ ပျံသန်းနေတဲ့ငှက်တစ်ကောင်

စုမီအောင်
(ဗောဓိရိပ်၊ သြဂုတ်)

 စာပေလောကထဲကို ဘယ်နှခုနှစ်က စတင်ဝင်ရောက်ခဲ့လဲ လို့ ကျမကို မေးရင် ကျမစိတ်နည်းနည်းညစ်ချင်တယ်။ “ပိုင်ရှင်” ဆိုတဲ့ ပထမဆုံးဝတ္ထုတိုလေး စပါလာတဲ့ “ရောင်စုံ” မဂ္ဂဇင်းကို ပြန်ကြည့်ရင် ၁၉၉၂ လို့တော့ တွေ့ရတာပဲ။ ပထမဆုံးဝတ္ထုလေး ပါလာတဲ့ အဲဒီ ရောင်စုံမဂ္ဂဇင်းကို တကိုင်ကိုင်နဲ့ မြောက်ကြွ မြောက်ကြွဖြစ် နေခဲ့ဖူးတယ်။ ဖြစ်မှာပေါ့။ စာအုပ်စာမူခတွေနဲ့အတူ အဲဒီ ရောင်စုံ မဂ္ဂဇင်းက အယ်ဒီတာဆီက “ စာရေးလက် ရှိသူတစ်ဦးဟု ယူဆမိပါသည်၊ စာများ ဆက်လက်ရေးသားပေးပို့ပါရန် အထူးတိုက်တွန်း လိုက်ပါသည်”လို့ ရေးထားတဲ့ စာတိုတစ်စောင်ပါ ပူးတွဲပါလာခဲ့တာကိုး။

ဒါပေမဲ့ တစိုက်မတ်မတ် မရေးဖြစ်သေးဘူး။ စိတ်ကူးရမှပဲ ရေးဖြစ်ပို့ဖြစ်တာ။ အဲဒီတုန်းက ကျမရဲ့အဓိက၀ါသနာက သီချင်းရေးဖို့/ဆိုဖို့၊ ဂစ်တာတီးဖို့၊ တစ်နေ့မှာ ကိုယ်တိုင်ရေး/ဆို/တီးတဲ့ musicianတစ်ဦးဖြစ်ဖို့။ အဲဒီ အိပ်မက်တွေနဲ့ ဂီတလောက ထဲကို ပဲ ၀င်ဖို့ ဆန္ဒတွေ ပြင်းပြနေခဲ့တာပါ။ မမျှော်လင့်ဘဲ အဲဒီဂီတအိပ်မက်တွေ တစ်စစီပြိုကွဲလွင့်စဉ် ပျောက်ရှသွားတဲ့နောက်ပိုင်းကျမှ လွင့်စဉ် သွားတဲ့ဂီတအိပ်မက်တွေအကြောင်းကစလို့ ခံစားဖြစ်ပျက်သမျှ စိတ်မင်ရည်တွေကို စာရွက်ဖြူဖြူပေါ် မခြွင်းမချန် မှောက်သွန်ကြဲပက်မိ ရာကနေ စာပေလောကထဲကို ခြေစုံပစ်ရုံမက တစ်ကိုယ်လုံးပစ်ဝင်ပြီး ၀င်ရောက်သွားတော့တာ။ အဲဒီခုနှစ်ကို ပြောမယ်ဆိုရင်တော့ ၁၉၉၇ ခုနှစ်ပေါ့။ အစပိုင်းတုန်းက စုမီအောင်(ပျဉ်းမနား)ဆိုတဲ့ကလောင်နဲ့။ နောက်ပိုင်းမှာ ပျဉ်းမနား ပြုတ်သွားပြီး စုမီအောင်လို့ပဲ ရေးခဲ့တယ်။ ခရစ်ယာန်စာပေတွေမှာ ရေးတဲ့ ကလောင်အမည်က“ဂျူနီယို”။

`          ကျွန်မတို့ခေတ်တုန်းက ခုခေတ်လိုမဟုတ်ဘူး။ စာမူတွေအိတ်ထဲထည့်ပြီး တစ်တိုက်ဝင်တစ်တိုက်ထွက် နဲ့ ခြေတိုအောင် လိုက်လှည့်ပေးရတာ။ ရန်ကုန်မရောက်ခင် ပျဥ်းမနားမှာ ရှိစဉ်ကဆိုရင် စာတိုက်ကနေ လှမ်းပို့ရတာ။ စာမူ တစ်ပုဒ် ပါဖို့ သိပ်ခက်ခဲတယ်။ အဆင့်တွေ အများကြီးဖြတ်သန်းရတယ်။ အယ်ဒီတာတွေလည်း အမျိုးမျိုး ကြုံရတယ်။ “စားပွဲပေါ်ကလူတွေ”ဆိုပြီး ကြုံရတဲ့ အယ်ဒီတာ တွေအကြောင်း ၀တ္ထုရေးဖူးတယ်။ ကျွန်မရဲ့ အရေးအသားပုံစံက များသောအားဖြင့်“ဟန်သစ်”နဲ့ keyကိုက်တယ် ထင်ပါရဲ့။ ရေးသမျှတွေ ဟန်သစ်မှာ ဆက်တိုက်ဆက်တိုက်ပါခဲ့တယ်။ မြားနတ်မောင်၊ ကလျာ၊ ဖူးပွင့်ဝေေ၀၊ ဖက်ရှင်၊ မြင်ကွင်း၊ အပျိုစင်၊ မဟေသီ၊ ထွက်သမျှ မဂ္ဂဇင်းတွေ အကုန်လျှောက်ပို့တာပဲ။ ကျွန်မက ကိုယ်တိုင်ကြုံရတာကို အခြေခံပြီး ရေးလေ့ရှိတယ်၊ အိပ်မက်အဆန်းတွေ လည်း မက်လေ့ရှိတော့ အဲဒါတွေကို ရေးမိပြီဆိုရင် လျှို့ဝှက်ဆန်းကြယ် လို မဂ္ဂဇင်းမျိုးမှာ ပါခဲ့တယ်။ ပို့သမျှ ၀တ္ထုတွေ ပယ်ခံရတာ မကြုံဖူးဘူး။ မြန်မြန်တာနဲ့ ကြာတာပဲ ကွာခြားပါတယ်။ ဆင်ဆာခွင့်မပြုလို့ ဖြုတ်ခံရတဲ့ဝတ္ထုဆိုရင်လည်း လနည်းနည်းခြားပြီး တခြားမဂ္ဂဇင်း ပြောင်းပို့လိုက်တော့ သုံးလေးခါ ပြောင်းပြီးရင် ပါလာတော့တာပါပဲ။ ငယ်ငယ်ကတည်းက လက်တွဲခဲ့ တဲ့ အပျိုစင်ကတော့ ခုထိလည်း တွဲမိနေတုန်းပဲ။ ထူးခြားတဲ့ ရေစက်ပေါ့။ ခု လောလောဆယ်ထိ ကျွန်မရဲ့ ဒုတိယမြောက်အခန်းဆက် ၀တ္ထုရှည် အပျိုစင်မှာ ပါနေတုန်းပဲ။

အယ်ဒီတာဘ၀ဖြတ်သန်းမှုကို စဉ်းစားရင် ခုထိတွေးမိတိုင်းရယ်စရာဖြစ်နေတဲ့ကိစ္စတစ်ခု ရှိတယ်။ “ရုပ်ရှင်သစ္စာ”မဂ္ဂဇင်းမှာ အယ်ဒီတာ စလုပ်ခါစကပေါ့။ အယ်ဒီတာချုပ်က တစ်မနက်မှာ ဖုန်းဆက်တယ်။ “စောစောလာပါ။ ဆောင်း--ကို အင်တာဗျူးလုပ်ရမယ် ”လို့ ပြောတာကို အိပ်ချင်မူးတူးနဲ့ ဖုန်းထဲမှာ ကြားတာက ဆောင်းဦးလှိုင်ကို လုပ်ရမယ်လို့ကြားတာ။ အေးဆေးပဲပေါ့။ ကိုယ်ကျွမ်း ကျင်တဲ့ဘာသာရပ်ပဲဆိုပြီး။ မဂ္ဂဇင်းတိုက်လည်းရောက်ရော ဧည့်ခန်းမှာ မမြင်ဖူးတဲ့စာရေးဆရာတစ်ယောက်၊ ဘုရားသခင်၊ ဆောင်းဝင်း လတ် တဲ့။ စာပေဆုရထားတဲ့ ဆရာကြီး။ သေတာပဲ။ ခြေဖျားလက်ဖျားတွေအေးစက် နှလုံးခုန်သံတွေ တဒိုင်းဒိုင်းနဲ့။ နောက်မှ စိတ်ငြိမ် ငြိမ်ထားပြီး စကားစမြည်ဆိုရတယ်။ “သူများတွေတော့ အင်တာဗျူးဘယ်လိုလုပ်လဲမသိဘူး ကျွန်မကတော့ မသိသေးတာ လေးတွေ သိချင်လို့ မေးကြည့်ချင်တာပါ” လို့ ခပ်တည်တည် အစပျိုးပြောရတယ်။ အကြောင်းအရာတစ်ခုစီ ဦးတည်ပြီး ဆွေးနွေးဖလှယ်ပြောဆိုရ တော့တယ်။ ရောက်တတ်ရာရာတွေပြောတာဆိုတော့ အများကြီးပဲ။ အိမ်ရောက်တော့ အကုန်ပြောခဲ့သမျှ ပြန်ချရေးတဲ့အခါ A4စာရွက် တွေမှ အများကြီးပဲ။ စာရွက်တွေ ဗုံတီးသလို ပတ်ပတ်လည်ဝိုင်းချ၊ တူရာတူရာတွေ ပေါင်း၊ ခေါင်းစဉ်တွေ အခွဲတပ်၊ အရှေ့အနောက် အထားအသို အစီအစဉ်ကျအောင် ပြန်စီ၊ မင်နီတွေ မင်စိမ်းတွေ အရောင်စုံနဲ့၊ အ၀ိုင်းတွေ လေးထောင့်တွေ ခရေပွင့်အမှတ်အသားတွေ ရှုပ်ပွလို့။ ဒါတွေကို ကောက်နုတ်၊ ကျစ်နေအောင် တည်းဖြတ်ရေး၊ အချောသတ်ပြန်ရေး။ အဲဒီဆောင်းပါး ပါလာတော့ စာရေးဆရာ မြဆင့်ချယ် ဆိုသူက “စုမီအောင်မေးထားတဲ့ ဆောင်းဝင်းလတ်အင်တာဗျူးကို ဖတ်ကြည့်ဖို့ ”လို့ညွှန်းလို့ အလဲ့ တယ်ဟုတ်တဲ့ငါပါလား လို့ သွေးနားထင် ရောက်သွားသေးတာပေါ့။ စာပေသမားတွေ၊ ဂီတသမားတွေကို အင်တာဗျူးလုပ်ပြီး feature writing ဆောင်းပါးတွေ ရေးတယ်။ နောက် Family မ၈္ဂဇင်းလုပ်ဖြစ်တော့ “ကဗျာထဲကမိသားစု”လို့ ကိုယ့်ဘာသာ ကဏ္ဍသစ်ဖွင့်ပြီး ကဗျာသမားတွေရဲ့ family life ကို ဆောင်းပါးတွေ ရေးခဲ့တယ်။ တို့တို့ထိထိဝေဖန်ရေးတာလည်း ၀ါသနာပါတယ်။ တစ်ခါ ရေပန်းစားနေတဲ့ မင်းသီးတစ်ယောက်ကို တို့ထိရေးဖူးတယ်။ တီဗီဖန်သားပြင်မှာ အံသွားပေါ်အောင်ပြုံးရယ်လေ့ရှိတဲ့မင်းသမီးက အပြင်မှာ ပရိသတ်တွေကို စူစူအောင့်အောင့် ဆက်ဆံနေတာ မြင်မိလို့ “ အပြုံးကို ချွေတာသူမင်းသမီး”လို့ ရေးမိလိုက်တာ အဲဒီမင်းသမီးကစိတ်ဆိုးပြီး စာမူပါတဲ့ဂျာနယ်တိုက်ကို `ဇိုယာ´ဆိုတာ ဘယ်သူလဲ၊ ထုတ်ပေး၊ ဘာညာကွိကွ ပြဿနာလာလုပ်လို့ စိတ်ရှုပ်ပြီး “ဇိုယာ”ဆိုတဲ့ကလောင်ခွဲနဲ့ ရေးတာတွေ  ရပ်ပစ်လိုက်တော့တယ်။ ၀တ္ထုတွေရေးရတာ လွတ်လပ်သလို စာပေသမား၊ ဂီတသမားတွေနဲ့ အင်တာဗျုးဆောင်းပါးတွေ တွေ့မေး၊ ပြန်ရေးရတာလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ကျွန်မက ဘာစာရေးရေး ကိုယ့်စာကိုယ် ပထမအကြိမ် စုမီအောင် side ကနေ စုမီအောင်မျက်လုံးနဲ့ အရင်ဆုံးဖတ် တယ်။ ဒုတိယ အယ်ဒီတာside ကနေ အယ်ဒီတာမျက်လုံးနဲ့ဖတ်တယ်။ တတိယ ဘာမှမသိတဲ့ စာဖတ်ပရိသတ်မျက်လုံးနဲ့ ဖတ်တယ်။ ရှုထောင့် သုံးဖက်လုံးကနေ ဖတ်ရတာ အဆင်ပြေမှ အဲဒီစာကို ပို့ပါတယ်။ အဲဒါ ခုထိပဲ။

ကျွန်မရဲ့စာပေဖြတ်သန်းမှုမှာ စာရေးဆရာဘ၀နဲ့ အယ်ဒီတာဘ၀ နှစ်ပိုင်းရှိတယ်။ စာရေးဆရာဘ၀က ကိုယ့်စိတ်ခံစားမှုပုံစံ အတိုင်းသွားရလို့ လွတ်လပ်မှုအပြည့်ရှိပြီး အယ်ဒီတာဘ၀က သက်ဆိုင်ရာမဂ္ဂဇင်းရဲ့trendအောက်မှာ သူ့ပုံစံအတိုင်း သွားရတာမို့ လွတ်လပ်မှုမရှိ ကျဉ်းကျပ်ပါတယ်။ အယ်ဒီတာဘ၀ဖြတ်သန်းရာမှာ အကြီးစားအားသာချက်တစ်ခုတော့ရှိတယ်၊ အဲဒါက စာမူတွေ သတ်ပုံမှန် ပြင်ဆင်ပေးရင်းနဲ့ မြန်မာစာလုံးတွေကို ပိုပြီးချစ်မြတ်နိုးလာတယ်။ မြန်မာစာလုံးတွေရဲ့ အတိမ်အနက်နဲ့ ဝေါဟာရကြွယ်ဝမှုကို အထူးတလည် စိတ်ဝင်စားလာတယ်။

            “ဆရာမရဲ့စာရေးဆရာဘ၀ဖြတ်သန်းမှုအစပိုင်းမှာ ဘာစာအုပ်တွေဖတ်ခဲ့လဲ”ဆိုတဲ့အမေးမျိုး မေးခဲ့ရင် ကျွန်မမှာ တိကျရေရာ တဲ့ အဖြေမရှိနိုင်ဘူး။ “ အဖေနဲ့ ဆိုင်ကယ်စီးရင်း လမ်းဘေးဝဲယာ မြင်မြင်သမျှ ဆိုင်းဘုတ်တွေလိုက်ဖတ်တယ်”လို့ပဲ ရိုးစင်းစွာဖြေရ လိမ့်မယ်၊ ပြီးတော့ “စာအုပ်တွေက ဈေးကြီးလွန်းလို့ အလကားရနေတဲ့ လူမျက်နှာတွေပဲ လိုက်ဖတ်ပါတယ်”လို့ဖြေရင် ဘယ်သူယုံမှာလဲ။

            စာရေးဆရာဖြစ်ခါစကတော့ ငါစာရေးဆရာ၊ စာများများဖတ်ရမယ်လို့ ယုံကြည်ပြီး ကျွန်မ စာအုပ်တွေ များပြားစွာ ၀ယ်ယူစု ဆောင်းနေမိပါသေးတယ်။ အပြင်ထွက်တိုင်းလည်း လက်ထဲမှာ ဖတ်လက်စ စာအုပ်တစ်အုပ်ဆွဲ ယူလာပြီး ဘတ်စ်ကားစီးရင်း၊ လက်ဖက် ရည်ဆိုင်ထိုင်ရင်း အမြဲဖတ်လေ့ရှိတယ်။ နောက်ပိုင်းတော့ ဒါဟာ မှားယွင်းတယ်လို့ ကျွန်မ သိမြင်လာတယ်။ ဘာလို့ဆို စာအုပ်ထဲ ခေါင်းစိုက်နစ်ဝင်နေတာနဲ့ ၀န်းကျင်ကလူတွေနဲ့ ကျွန်မဟာ ကင်းကွာလာတယ်လို့ ခံစားရလို့ပါပဲ။ စာအုပ်ထဲပါတာတွေက တကယ်ဆို တစ်ဆင့်ခံအကြောင်းအရာတွေပါ၊ တကယ့်ပြင်ပကလူတွေကမှ မူရင်းအစစ်အမှန်တွေ။ ဒီတော့ နောက်ပိုင်းမှာ အလကား ရနေတဲ့ လူမျက်နှာတွေကိုပဲ လိုက်ဖတ်ဖြစ်တယ်။ သူတို့မျက်နှာမှာ ထင်ဟပ်နေတဲ့ အရိပ်အယောင်တွေနဲ့ သူတို့ပုံပန်းသဏ္ထာန်တွေကို မှတ်သား တယ်။ အမူအကျင့်၊ လှုပ်ရှားသွားလာပုံတွေကတစ်ဆင့် သူတို့ရဲ့အတွင်းသန္တာန်ထဲကို တိုးဝင်ကြည့်တယ်။ အဲဒီမှာ တစ်ကြိမ်နဲ့တစ်ကြိမ် ၊ တစ်ယောက်နဲ့တစ်ယောက် ဘယ်တော့မှမတူတဲ့ ထူးခြားဆန်းပြားနေတဲ့ စိတ်ဝင်စားဖွယ် မူရင်းဘ၀တွေကို ကျွန်မဖမ်းဆုပ်မိလိုက်တယ်။ လူတိုင်းမှာ ပြောပြစရာပုံပြင်တွေ တစ်ပုဒ်ထက်မက ရှိနေကြတယ် လို့ ကျွန်မ ရှာဖွေတွေ့ရှိသွားတယ်။ စာအုပ်တွေကို ဖတ်တာထက် အခုလို လူတွေရဲ့ ဘ၀အစစ်တွေကို လိုက်ဖတ်တာကမှ စာရေးဖို့အတွက် အကောင်းဆုံး အထောက်အကူတစ်ခုလို့ ကျွန်မယုံကြည် သွားတဲ့အခါ စာအုပ်ဖတ်ချင်ရင် အိမ်မှာပဲ ထိုင်ဖတ်တယ်၊ အိပ်ဖတ်တယ်။ အပြင်ထွက်တာနဲ့ လူတွေကိုပဲ သဲကြီးမဲကြီး လိုက်လိုက်ကြည့် တော့တာပဲ။ မျက်စိနဲ့ မြင်တွေ့လာတဲ့ ပုံရိပ်စစ်တွေ၊ နားနဲ့ကြားသိလာတဲ့ စကားလုံးအမှန်တွေ အားလုံးကို မှတ်သားထားပြီး ကျွန်မအသွေးအသားထဲက စာနာမှုတရားနဲ့ ဖြည့်စွက်ကာ စာတွေကို ရေးပါတယ်။

“ငယ်ငယ်ကတည်းက စာရေးဆရာလုပ်ဖို့ ဆုံးဖြတ်ခဲ့တာ၊ အဖေက ဘာစာအုပ်တွေ ၀ယ်ပေးလို့ ဘယ်အရွယ်ကတည်းက ဘယ်လိုဂန္ထ၀င်စာအုပ်ကြီးတွေ ဖတ်ပြီးပြီ”ဆိုပြီး ခမ်းခမ်းနားနား ဖြေလေ့ရှိတဲ့ စာရေးဆရာတွေရဲ့မျက်လုံးထဲမှာတော့ ကျွန်မက ပိစိကွေး ရယ်စရာ နှံပြည်စုတ်လေး ဖြစ်နေမှာပေါ့။ ကျွန်မရဲ့လက်ရှိစာပေဘ၀ဖြတ်သန်းမှုကလည်း သိပ်ကို ရိုးစင်းလှပါတယ်။ အခု ကျွန်မလက်ရှိ ရောက်နေတဲ့ ခေတ်ကိုပဲ စူးစမ်းလေ့လာတယ်၊ သဘာဝထဲကို တိုးဝင်တယ်။ လူတွေရဲ့မျက်နှာကို လိုက်ဖတ်တယ်။ လူတွေရဲ့ အသံကို နားစွင့်တယ်။ လူတွေရဲ့ခံစားချက်ကို ရှာဖွေတယ်။ ပြီးတော့ အတူလိုက်ပြီး ခံစားတယ်။ ပြီးတော့ စာနာနားလည်နိုင်အောင်လုပ်တယ်။ ပြီးတော့ တစ်ဆင့် မျှဝေပြောပြချင်စိတ်နဲ့ စာအဖြစ် ဖွဲ့သီ ချရေးတယ် ဒီလောက်ပါပဲ။ စာရေးပြီဆိုရင် သဘာဝက ပြောပြနေတဲ့ အဖြစ်အပျက်တွေနဲ့ မျက်မြင်တွေ့ရှိခံစားရမှုတွေကသာ စာရေးဖို့အတွက် အကောင်းဆုံး ဇာတ်လမ်းဇာတ်ကွက်တွေပဲဖြစ်တယ်လို့ ကျွန်မ ယုံကြည်သလို အဲဒီယုံကြည်ချက်အတိုင်းပဲ ဖြတ်သန်းနေပါတယ်။

စာပေဖြတ်သန်းမှုကို စာရင်းနဲ့ အတိအကျတွက်ဆပြရမယ်ဆိုရင်လည်း သိပ်လောက်လောက်လားလား မရှိသေးပါဘူး။ မဂ္ဂဇင်းဝတ္ထုတိုတွေ ပုဒ်ရေ ၆၀၀ ကျော်၊ ဆောင်းပါး ၁၀၀ကျော်၊ ကဗျာ နည်းနည်း ဒီလောက်ပါပဲ။ လုံးချင်းအရှည်တွေရေးပေမဲ့ မထုတ်ဖြစ်ဘူး။ အတိုပေါင်းချုပ်အဖြစ် အစိမ်းရောင်ကန့်လန့်ကာ(၂၀၀၄)၊ မိန်းမနှင့်အခြားဝတ္ထုတိုများ(၂၀၀၈)၊ ပြတိုက်ထဲက လူ(၂၀၁၂)၊ အမေ ခင်မေသစ်၊ ညီမဖြိုးဖြိုးတို့နဲ့ ပေါင်းထုတ်တဲ့ ၀တ္ထုတိုသုံးယောက်(၂၀၁၃)ထွက်ခဲ့တယ်။ ကလောင်စုံအနေနဲ့ ပါဝင်ရေးသားတာ တွေတော့ မမှတ်မိဘူး။

            အခု နောက်ပိုင်း ကျွန်မရဲ့စာပေဖြတ်သန်းမှုပုံစံကို ပြောရရင် နည်းနည်းတော့ ကြီးကျယ်လာမလားပဲ။ အရင်က ကျွန်မဟာ ကိုယ့်ကမ္ဘာသေးသေးလေးထဲမှာ ကွက်ကွက်ကလေးပဲ ဖြတ်သန်းနေထိုင်ခဲ့တယ်။ အခုတော့ ကမ္ဘာကြီးတစ်ခုလုံး ကျွန်မနဲ့ သက်ဆိုင် တယ်လို့ ယုံကြည်ပြီး အသေးစိတ် လေ့လာစူးစမ်းရင်း ဖြတ်သန်းနေတာပါ။ ၀န်းကျင်မှာ ရှိတဲ့ သက်ရှိသက်မဲ့ အရာ ခပ်သိမ်းကို မျက်ခြည် မပြတ် စောင့်ကြည့်ဖြစ်တယ်။ ပြီး ရင်အားလုံးကို ကျွန်မရဲ့အတွင်းသားထဲထိ ရေမြှုပ်တစ်ခုလို စုပ်ယူထည့်သို လိုက်တယ်။ တစ်သက်လုံး တော့ ထည့်သို ၀ှက်သိမ်းထားမှာမဟုတ်ဘူးပေါ့။ သူတို့နဲ့ လျော်ကန်သင့်မြတ်တဲ့ အခြေအနေအချိန်အခါ တစ်ခု ပေါ်ပေါက် လာတဲ့ အခါတိုင်း အခါတိုင်းမှာ အားလုံးကို အစီအစဉ်တကျ ပြန်လည် ညှစ်ထုတ် စီးဆင်းစေမှာပဲ ဖြစ်ပါတယ်။ အဲဒီလို စီးဆင်းစေတဲ့အခါ သူတို့ အမှန်တကယ် ဖြစ်တည်ခဲ့တဲ့ ပကတိအရှိအတိုင်း ဆက်လက်စီးဆင်းသွားစေဖို့ကို ကျွန်မသတိကြီးစွာ ထားရမှာပါ။ ဘာလို့ဆို ဒီကမ္ဘာ မြေမှာ အမှန်တရားတွေ ပုန်းလျှိုးကွယ်လျှိုး ဖြစ်နေမှာ ကျွန်မ မလိုလားသလို အရှိတရားတွေဟာလည်း အမေ့အလျော့ ခံရာကနေ တဖြည်းဖြည်း မှုန်ဝါးသွားပြီး တစ်နေ့မှာ လုံးဝကွယ်ပျောက်သွားမှာ ကျွန်မ စိုးကြောက်လို့ပါပဲ။

စာရေးဆရာတိုင်းဟာ ကိုယ့်နိုင်ငံကို ကိုယ် ဘယ်တော့မှ မမေ့ဖို့၊ ကိုယ်ဘယ်သူလဲ  ဆိုတာကို ကိုယ် ဘယ်တော့မှ မမေ့ဖို့၊ ကိုယ်ရေးသင့်တဲ့စာတွေကို ကိုယ်ဘယ်တော့မှ မမေ့ဖို့ ကျွန်မအပါဝင် အခြားစာရေးဆရာအားလုံးကို သိစေချင်ပါတယ်။ ကျွန်မ ဟာ ခုချိန်မှာ ကျိကျိတက်ချမ်းသာတဲ့ အရောင်းရဆုံးစာရင်းဝင် နိုင်ငံကျော်/ကမ္ဘာကျော် စာရေးဆရာမတစ်ဦးမဟုတ်ပါဘူး၊ နောင် ဘယ်တော့မှလည်း အဲဒီလို ကျော်ကြားလာမှာ မဟုတ်ပါဘူး။ ဘာလို့ဆို လူကြိုက်များစေမယ့်စာမျိုး ကျွန်မရဲ့စာပေဖြတ်သန်းမှုမှာ ဘယ် တော့မှ အရာထင်ကျန်အောင် လုပ်မှာ မဟုတ်လို့ပါပဲ။ ကျွန်မက ကိုယ်ရေးချင်တာကိုပဲ ရေးတဲ့သူ၊ ဟိုလိုရေးပေးပါ ဒီလိုလေးရေးပေးပါ စာမူတောင်းခံလာရင် မရေးတတ်ဘူး။ ဒါကြောင့် ဂျာနယ်တွေ၊ daily newspaperတွေ များပြားစွာထွက်ပေါ်နေပေမဲ့ ကျွန်မ မရေးဖြစ်ဘူး။ အများအမြင်မှာလည်း မြေပြင်နဲ့လွတ်ရုံသာ ပျံနိုင်တဲ့ ငှက်ကလေးတစ်ကောင်ပါ။ စာပေဟာ the truth အမှန်တရားဖြစ်တယ်၊ the way လမ်းခရီးဖြစ်တယ်၊ the light အလင်းရောင်ဖြစ်တယ်၊ the life အသက်ဘ၀ဖြစ်တယ်လို့ ခံယူပြီး ကျွန်မ ဖြတ်သန်းနေပါတယ်။

စုမီအောင်

ငယ်ငယ်တုန်းက ပုံရိပ်တွေ

မေမေ့ရဲ့စာ
(ဗောဓိရိပ်၊ သြဂုတ်)
                                                        
            ကျွန်မငယ်ငယ်တုံးက အစ်ကိုတွေက စကြတယ် ။ လှည်းလမ်းကြောင်းက ကောက်ရပြီးမွေးစားထားတာတဲ့။ ခေါက်ဆွဲရောင်းတဲ့ တရုတ်ရှင်းမကြီးက မလိုချင်လို့ စွန့် ပစ်လိုက်တာလို့  ဆိုတယ်။ တရုပ်တွေက သမီးမိန်းခလေးကို တန်ဘိုးမထားဘူး။ မွေးလာရင် စွန့် ပြစ်ကြရိုးထုံးစံတောင် ရှိသတဲ့။ အကိုတွေက အဲလိုများစလိုက်ရင် ဖေဖေကပါ သူ့ သားတွေဘက်ကပေါ့။ ဟုတ်တယ် မဟုတ်ဘူး မပြော ဘဲ ဟုတ်သလိုလို ပြုံးစိစိကြီးလုပ်နေတယ်။ ခုတိုင်ဖေဖေ့ပုံကြီးကို မြင်ယောင်ပြီး တကယ်ဘဲ လွမ်းမိပါရဲ့။ ပြီးတော့ ကျွန်မကို ခေါ်တာ ကြည့်ဦး ”အရှင်းမ”တဲ့ ။ ခေါ်လဲခေါ်ချင်စရာ ။ကျွန်မက အားလုံးထက် အသားပိုဖြူတာကိုး။ တရုတ်အရှင်းမနဲ့လဲ ခပ်ဆင်ဆင်။ အညာသူ တွေက အသားညိုတာများတယ်လေ။ ကျွန်မက ဖြူဥနေတော့ တချို့ က “ပိုးဟပ်ဖြူလေးအတိုင်းဘဲ “ တဲ့။တချို့ ကလဲ “ ဂွမ်းတောင့်လေး “ နဲ့  တူသတဲ့။ သိပါဘူး။ ကျွန်မဖြင့်။ လူတွေက သူတို့  စိတ်ကူးတဲ့ရာ ပြောနေကြတာမို့  ကြာတော့လဲ ကျွန်မဘယ်လိုမှ အမှတ်မထားမိ တော့ဘူး။ ငယ်ငယ်တုံးကတော့ “အရှင်းမ‘ ခေါ်ရင် ဘယ်ကြိုက်မလဲ။ နောက်တော့လဲ သူတို့  စတာ နောက်တာ ချစ်စနိုးလေးခေါ် တာလို့ သတ်မှတ်ပြီး ခေါ်ချင်သလိုခေါ် အရေးမလုပ်တော့ဘူး။ ကျွန်မငယ်ငယ်တုံးက ဖေဖေ့ကို ပိုပြီးတွယ်တာဟန် ရှိတယ်။ ဖေဖေကလဲ သားတွေထက် ပိုချစ်တယ် ကျွန်မကို အချစ်ဆုံးလို့ ထင်တာဘဲ။ ဖေဖေသွားလေရာ ကျွန်မက တကောက်ကောက် လိုက်နေတတ် တယ်။ ဖေဖေကလဲ သူသွားလေရာကျွန်မကို  ခေါ်သွားဖို့ ဘယ်တော့မှ မမေ့တတ်ဘူး။သားတွေက ယောက်ျင်္ားလေး တွေဆိုတော့ သူတို့  ဘာသာ သူတို့  သွားလာနေကြလို့  ရင်လဲ ဖြစ်ပါလိမ့်မယ်။ မေမေကတော့  အားရင်  စာအုပ်ကောက်ကိုင်တော့တာ။

ပြီးတော့ ကျွန်မက  ငယ်ငယ်တုံးက “ငကြောက်မလေး” ပေါ့ ။ ဘာမဆို ကြောက်နေတော့တာဘဲ။ဘုတလင်က ရေကန်ကြီး ထဲမှာ ဂျပန်တွေ ရေချိုးနေတာမြင်လဲ ဂျပန်တွေဆိုတာနဲ့  ကြောက်ပြီ။ ညကျတော့ ဖျားရော။ ဂျပန်စစ်သားတွေ သုံးချောင်းထောက် စက်သေနတ်ကြီးတွေနဲ့  မြေမှာဝပ်နေတာမြင်လဲ ကြောက်တာဘဲ ။အဲဒီည ဖျားတာဘဲ။ ကြောက်တိုင်းဖျားနေတော့ ဘုန်းကြီးဆီက အဖျား ဖြတ်ဆေးလုံးကိုတခါသောက် နှစ်ခါသောက်မဟုတ်တော့ဘူး။ ဖေဖေက ပုလင်းလိုက်ကို ယူထားပေးရတယ်။ အဲဒလောက် အဖြစ်သဲသဲ ရယ်။ ကျွန်မက သရဲ လဲ ကြောက်တတ်တယ်။ တခါကပေါ့ ။ကျွန်မအကိုက( မောင်ကြည်ရှင်)မျက်လှည့်ပြမယ် ကြည့်မလား တဲ့ ။ “ကြည့်မှာပေါ”့လို့  ကျွန်မအကိုခေါ်ရာ လိုက်သွားတယ်။ အိမ်ပေါ်ထပ်မှာရှိတဲ့  ပစ္စည်းနည်းနည်းပါးပါး   သိုလှောင်တဲ့  ထပ်ခိုး ကလေးပါ။ အဲဒီမှာအခန်းက  မှောင်ပိန်းနေတယ်။အကိုက နံရံကို ပိတ်စအမဲကြီးကပ်လိုက်တယ်။ ပိတ်စပေါ်မှာ အရိုးခြောက်ဖြူဖြူ လေးတကောင်ပုံ က နေရာယူထားတယ်လေ။ အကိုက ကျွန်မကို ပိတ်စနဲ့ သုံးကိုက်လောက်အကွာမှာ အထိုင်ခိုင်းပြီး “သေသေချာချာ ကြည့်နော် ငြိမ်ငြိမ် လေးလှဲနေ “ တဲ့ ။ ကျွန်မလည်း မျက်စိကို ပြူးထွက်နေအောင်ကြည့်တာပဲ။ တုတ်တုတ်မှမလှုပ်ဘူး။ အဲဒီမှာ  အကိုက ဂါထာလိုလို ဘာလို လို စာတွေ ရွတ်တယ်။ဘာတွေရွတ်သလဲ မသိဘူး။ အသံမကျယ်ဘူး။ တိုးတိုးဘဲ။ လက်ထဲမှာလဲ စုံးမတွေကိုင်တဲ့ နှင်တံလိုလို  နတ်သမီး နှင်တံလိုလို တုတ်တချောင်းကိုင်ထားတယ်။ သူအမိန့်  ပေးနေတာ။ တုတ်နဲ့ ကြမ်းပြင်ကိုလဲ တချက်ရိုက်တယ်။ မကြာဘူး။ အရိုးခြောက်က ခြေကားယား လက်ကားယားလှုပ်ပါလေရော။ လှုပ်တာဘဲ ရှိတယ် ။ ဒီ့ ထက်မပိုဘူး။ ဒီတော့မှ အကိုက ဖနောifh တချက်ပေါက်လိုက်ပြီး  “ငါအမိန့် ပေးနေတယ်နော် “ လို့ လဲ ငေါက်လိုက်ရော .အရိုးခြောက်က ခုန်ပေါက်ပြီး က တော့ တာပဲ။ ကိုးရိုး ကားရားနိုင်လွန်းလို့  ရယ်စရာကြီး။ ဒါပေမဲ့  အချိန်က လူခြေတိတ်ချိန်။ဘာမီးခွက်မှ မထွန်းတော့ မှောင်ပိန်းနေတယ်။ အရိုးခြောက် ကလွဲလို့  ဘာကိုမှ မမြင်ရဘူး.ဆိုတော့ ကြောက်စရာ ကောင်းနေတာပေါ့့။ အကို့  ပုံစံကလဲ မှန်ကုတ်ကုတ် ပုံဆိုးဆိုးလေ ငေါက်ဆတ် ဆတ်နဲ့ ။ ကျွန်မရယ်ချင်ပေမဲ့  မရယ်ရဲပါဘူး။ ခွီးကနဲ ရယ်မိတော့မလို ။့ ပြီးမှ အီလယ်လယ်ကြီးဖြစ် ကြောက်သွားပြန် သွားရော။ အစိမ်းများတိုက်သလားဆိုပြီး ကြောက်သွေးတွေ ၀င်လာတာလေ။ သူများတွေ ပြောတာ အစိမ်းတိုက်တယ် အစိမ်းတိုက် တယ်နဲ့။ ဘာ အစိမ်းမှန်းမသိဘဲ ကြောက်တာ။ မေမေကတော့ ဘာမှ ကြောက်စရာမရှိဘူး ဘုရားသာမှန်မှန်ကံတော့တဲ့ ။ကြောက်ခြင်း ကြောက် မိမိကိုယ်ကိုသာ ကြောက်ရမှာ တဲ့။ ဒီတုံးက တရားသဘောနဲ့  ပြောတဲ့ မေမေ့စကားကို ကျွန်မငယ်သေးတော့ ဘယ်နားလည်နိုင်မလဲ နော်။
အဲဒီတုံးက အကို ဘယ်လို  မျက်လှည့်ပြလိုက်သလဲ ဆိုတာ ကျွန်မစဉ်းစားလို့ မရဘူး။ ခုထိ ပဟေဠိဖြစ်နေဆဲပဲါ။ အရိုး ခြောက် ကိုလှုပ်အောင်ဘယ်လိုလုပ်သလဲဆိုတာရဲ့ အဖြေကိုခု စဉ်းစားလဲ အဖြေမထွက်ခဲ့ပါဘူး။အကိုနဲ့  ပိတ်စအနက်စကြီး က သုံးကိုက် လောက် ဝေးနေတာပါ။ မျက်လှည့်နဲ့  ပတ်သက်ပြီး ပြောချင်တာရှိပါသေးတယ်။ ကျွန်မတို့ ငယ်ငယ်က  ဘုတလင်မှာ ဇတ်ပွဲကတဲ့ ဇတ်ရုံကြီးတစ်ခုရှိတယ်။ တနေ့  တော့ နာမည်မမှတ်မိပါဘူး။ ကုလားလိုလို ဘိုလိုလိုမျက်လှည့်ဆရာတယောက် အဲဒီဇာတ်ရုံမှာ မျက် လှည့်ပြတယ်။ကျွန်မအသက်က ငယ်ငယ် ၅နှစ် ၆နှစ်လောက်ဆိုတော့ တကွက်တလေဘဲ မှတ်မိတာပါ။ ဘယ်သူနဲ့ သွားကြည့်တယ် ပိုက်ဆံဘယ်လောက်ပေးရတယ်ဆိုတာလဲ မသိပါဘူး။ မျက်လှည့်ဆရာက ဂါဝန်လှလှလေးနဲ့  ဗိုလ်မချောချောလေးကို ခြင်းကြားကြီး တလုံးထဲ ထည့် စောင်နဲ့ အုပ်ပြီး ခေါင်းပေါ်တည့်တည့် ဓါးနဲ့ စိုက်ထိုးပါတယ် ။ လေးငါးခြောက်ချက် ထပ်ခါထပ်ခါ တိုးစိုက်တာပါ။ သွေးတွေ ပန်းထွက်ပါတယ်။ စောင်ကိုလှပ်လိုက်တော့ ဗိုလ်မကလေးက ဘာဒါဏ်ရာမှ မရှိဘဲ ကြော့ကြော့မော့မော့လေး ခြင်းထဲက ထွက်လာတယ်။ ဂါဝန်စလေးကို တဘက်ကကိုင် လက်တဘက်က လက်ဝါးလေးဖြန့်ပြီး ကြည့်ပါ ရှုပါ ကျွန်မဘာမှမဖြစ်ပါဘူးပေါ။့ ပြတယ် ။ ပြီးမှ ခေါင်းကလေးညွှတ် ပြီး ပြုံးပြုံးလေး နောက်ထဲ ၀င်သွားတယ်။အသဲ တထိတ်ထိတ် ရင် တခုန်ခုန်နဲ့ ကြည့်ရတဲ့  ပြကွက် တွေပါပဲ။ ကျွန်မဖြင့် ခုထိမြင်နေဆဲပါ။ နောက်တကွက်ကတော့ ဒါးပေါက်ခန်းပေါ့ ။ပျဉ်ပြားကြီးတချပ်မှာ မိန်းမချောလေးက ကျောမှီ ကပ်အိပ်လိုက်စဉ် မျက်လညှ့်ဆရာက လက်မှာ  ယပ်တောင်လို ကိုင်ထားတဲ့ ဒါးတွေနဲ့   တချောင်းပြီးတချောင်း ပေါက်တဲ့ ပြကွက်ပါ။ ဒါလဲကြည့်ရတဲ့သူတွေ ဘုရားတနေရတဲ့ ပြကွက်တွေမို့ လား။ ကျွန်မဖြင့် ရင်ဝဘဲ စိုက်ပလား။ဗိုက်ဘဲစိုက်ပလားနဲ့  ။ မကြည့်လဲ မကြည့် ရဲ။ ကြည့်လဲ ကြည့်ချင်။ ဒီ့ထက်ဆိုးတာက ပွဲကြည့်ပရိသတ်ထဲက တနေရာမှာ ၆ပေအရှည်၃ပေအကျယ် မြေတွင်းကြီး တစ်ခု   တူးပြီး လူကို အရှင် လတ်လတ်မြှုပ်ပြမတဲ့။ နောက်နေ့  မနက်မှအရှင်လတ်လတ်ပြန်ဖေါ်ပြမယ်လို့  ဆိုတယ်။ ကျွန်မ ကြောက်ကြောက် နဲ့  ဖနောင့်နဲ့ တင်ပါး တသားတည်း ကျအောင်တချိုးထဲ ပြေးမိပါတော့တယ်။ အစိမ်းတိုက်တယ် ဘာရယ်ညာရယ် ပြောသံလဲ ကြားပြီး တော့လေ။ လူကြီးတွေပါသလား မပါဘူးလားဆိုတာတောင် မမှတ်မိတော့ပါဘူး။

ငယ်ငယ်တုန်းကလေ..စစ်ပြေးကြရမယ်တဲ့  ။ဘယ်သူနဲ့ ဘယ်သူနဲ့  စစ်ဖြစ်နေမှန်း မသိဘူး။ပြေးမယ်ဆို လှည်းပေါ်ရောက် နေပြီ။ လှည်းစီးရတာ ပျော်လို့ လေ။ ကျွန်မတို့ ” နှောယင်း “ ဆိုတဲ့  ရွာကလေးကို ပြေးကြတယ်။ ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံရတာ ဆိုတော့ ဆရာတော်ကြီးက အဲဒီညက ကျွန်မကိုမုံ့ ဆီကြော်နဲ့  ငှက်ပျောသီးတွေ ပေးတာ ခုထိမြင်ယောင်တုံး။ ပြီးတော့ လူကြီးတွေ တရားထိုင်တဲ့  ဂူလေးတွေထဲ ၀င်လိုက် ထွက်လိုက် ဆော့ကြတာ ခုထိမှတ်မိနေပါတယ်။နေ့ လည်ဘက်များဆို ဘယ်သူတွေ လှမ်းထား မှန်း မသိတဲ့ နှမ်းသီးတွေကိုခူးပြီး စားလားစားရဲ့ ။နှမ်းသီးတွေက အပင်လိုက်ဖြတ် လှမ်းထားတာ။မခါရသေးဘူး။ စိုစိစိလေး အရမ်းစားလို့ ကောင်းတယ် ဆိမ့်တယ်။  ကျောင်းလာတဲ့  ခလေးတွေနဲ့  အသိဖြစ်ပြီး ရှပ်ထိုး ပြစ်တမ်းလဲ ကစားကြတယ်။ ထုတ်ဆီးတိုးတမ်းလဲ ကစားကြတယ်။ ညောင်ပင်တစ္ဆေလဲ ကစားကြတယ်။ ညောင်ပင်တစ္ဆေကစားရတာက တဒိတ်ဒိတ်ရင်ခုန်ရပေမဲ့ တကယ်ဆိုရင် ပျော်ဖို့  အလွန်ကောင်းပါတယ်။ ပြီးရင်တော့ ဘုန်းကြီးဆွမ်းကျန်ကွမ်းကျန်တွယ်ကြတော့တာဘဲလေ။ ဆွမ်းကျန် ကွမ်းကျန်လို့ သာ ပြောတာ။ ဘုန်းကြီးက ဟင်းခွက်တွေများ အချိုပွဲတွေများလွန်းလို့  တို့ ဂနန်း ဆိတ်ဂနန်းဘဲ စားသွားတာ ။လူတွေစားမှ့ ပြောင်တာပဲလို့  ကျွန်မ ထင်တာဘဲ။ ကျွန်မ့ငယ်ငယ်က ရန်အောင်မြင်ဘုရားကို ဖေဖေနဲ့  သွားတာတွေဘဲ မှတ်မိခဲ့တယ်။ ဥပမာ တန်ခူးလမှာ ဘုရားရေ သပ္ပါယ်တာတို့ ။ ကဆုန်လမှာ ညောင်ရေသွန်းတာတို့ ၊ တပိုတွဲမှာ သနပ်ခါးတုံးမီးပူဇော်တာတို့  ဖေဖေနဲ့  သွားခဲ့ကြတာပါ။ မေမေနဲ့  သွားဖူးတယ်လို့  တခါမှ မမှတ်မိဘူး။ မေမေနဲ့ က လပြည့်လကွယ် ဘုန်းကြီးကျောင်းကို မိသားစုလိုက် ဆွမ်းအုပ်သွားပို့ တာပဲ မှတ်မိတယ်။ဒီတုံးက ကျွန်မတို့ မေမေကသိပ်ချောတာဘဲ။  ဒူးလောက်မကရှည်တဲ့ ပုဝါကြီးစုံချလို့ ။ ဇာနားတပ် အင်္ကျီဖါးဖါးနဲ့ ။ ယောဂီရောင်မှာ အဖြူလုံးလေးတွေ ပါတဲ့  စူလတီ ထမီနဲ့ ။( ကြားဖူးတယ်နော်။ စူလတီငွေနားနဲ့  ရွှေပါးက နံ့ သာချယ် လှပါပေ့ကွယ် ..ယဉ်ပါပေ့ ကင်းစင်ကွာတယ် အဆင်းအင်္ဂါက အမှန်မလွှဲ  မင်းလှလို့ ဘဲ ။ဆိုတာ) အဲဒီသီချင်းအတိုင်းဘဲ ။

ကျွန်မတို့ မေမေက ကတ္တီပါပိန်းတန်းဖိနပ်လဲစီးတယ် ။တခါတလေ တရုပ်ပြည်ထွက် ကတ္တီပါကွင်းထိုးကျောက်စီ ရှေ့ ထိုးဦးချွန် ဖိနပ်လေးတွေလဲ စီးတယ်။သိပ်လှတာဘဲ။ (ခုခေတ်ဖိနပ်တွေ ဆန်းတယ်ဆိုတာ ဘာဟုတ်သေးလို့ လဲ မေမေတို့  ခေတ်ကမှ တကယ် ဆန်းတာပါ။ဆန်းလဲဆန်းယဉ်လဲ ယဉ်တယ် သိက္ခာလဲရှိတယ်။ )လည်ပင်းမှာလဲ ရွှေဆွဲကြိုးကြီးတွေက ၂ကုံးသုံးကုံး ထပ်ဝတ် တာမှာ အရှည်က ဗိုက်ခေါက်ရောက်တယ်။ လက်မှာလဲ လက်ကောက်တွေ ကတချွင်ချွင်မြည်လို့။ စိန်နားကပ်နဲ့  စိန်လက်စွပ် တွေက တဖြတ်ဖြတ်လက်ခါလို့ ။ ပုဂံညောင်ဦးထွက် ဆွမ်းအုပ်နီနီကြီးပိုက်ထားတဲ့ မေမေဟာ ခုများဓါတ်ပုံရှိနေရင် ရှေးဟောင်းပန်းချီကား တစ် ချပ်လို တင့်တယ်လှပနေမှာ ကြက်သရေရှိနေမှာ အမှန်ပါဘဲ။  မေမေတင် ချောတာမဟုတ်ပါဘူး။ကျွန်မတို့ ဖေဖေက ပိုပြီးတောင် ချော သေး ခန့် သေးတာပါ။တိုက်ပုံအင်္ကျီနဲ့  ပုဆိုးနဲ့ ဆိုလဲ ခန့် ။ ရှမ်းဘောင်းဘီ ရှမ်းအင်္ကျီနဲ့ ဆိုလဲ ခန့် ။ သင်္ကန်းဝတ်နဲ့ ဆိုလဲ ခန့်  တကယ့် ၀ါရင့် ဆရာတော်ကြီးများအလား ကြည်ညိုဖွယ်အရမ်းကောင်းနေသေးတာပါ။  ( ခုတော့လဲ သက်သေပြစရာ ဓါတ်ပုံ တစ်ပုံ တလေမှ မကျန်အောင် မီးအ၀ါးခံ လိုက်ရလို့  ဘာမှမရှိတော့ပါဘူး။) ကျွန်မတို့  ခလေးတွေကိုလည်း ဖေဖေ မေမေ တို့လိုဘဲ ၀တ်စား ဆင်ယင်ပေး ထားတာပါ။ ကျွန်မကိုဆိုရင် ဆံရစ်ဝိုင်းကလေးနဲ့ ။ ပန်းလေးတွေ ဝေနေအောင်ပန်ထားပေး တယ်။ခုခေတ်လူတွေ ကတော့ ရယ်လိမ့် မယ်။ ဆရာဇော်ဂျီ လား မင်းသုဝဏ်ထင်တယ်။ ကဗျာ တပုဒ်ရှိတယ်။ ဆွမ်းအုပ်နီနီ အမေရွက်လို့  နက်ဖြန်မနက် ကျောင်းတက်မယ် ဆိုတာလေ။ ဒါပေမဲ့  ကျွန်မတို့ မေမေက တော့ ခေါင်းပေါ်မရွက်ပါဘူး ။ ရင်မှာပိုက်ထားတာပါ။ဆံထုံးမြင့်မြင့်မှာ ကျောက်စီ ဆံထိုးတွေ ထိုးထားတာပါ။ အင်္ကျီမှာလဲ ရင်ထိုးတခုက ထိုးထားသေးတာပါ။ ဒါ မေမေမှ မဟုတ်ပါဘူး။ ဘုန်းကြီးကျောင်း လာသမျှ မင်းမိန်းမတွေ အားလုံး သူ့ ခေတ်နဲ့  သူ့ အခါ သူတို့ ယဉ်ကျေးမှုအတိုင်း ကိုယ့်အဆင့်အတန်းကို ဖေါ်ပြရင်း  ၀တ်စား ဆင်ယင်တာပဲ ဖြစ်ပါတယ်။  ငယ်ငယ်တုံးက အကြောင်းတွေ ပြန်ပြောင်းပြောရမယ်ဆိုရင် ကုန်နိုင်ဖွယ်မရှိပါဘူး။ ဒိလို ပြောပြရတိုင်း ဖေဖေ မေမေကိုသာ  အလွမ်းတွေ ထပ်ဆင့် ထပ်ဆင့်ပွားပွား နေရတော့တာပါဘဲ ။  

ခင်မေသစ်

Friday, July 18, 2014

ကျွန်မကို ထာဝရဆွေးမြည့်စေဖို့ စာတန်ဝှက်ထားခဲ့တဲ့ အ၀ါရောင်

စုမီအောင်
(လှိုင်းသစ် သြဂုတ်)
အ၀ါရောင်ကို ပျော်ရွှင်ခြင်းလို့ ဘယ်သူကများ အစဦး သတ်မှတ်ခဲ့ပါသလဲ။ ဘယ်သူရယ်လို့ အတိအကျမသိပေမဲ့ “ပျော်ရွှင် ခြင်းဟာ အ၀ါ” ဆိုတာကို လူအတော်မျာမျးား လက်ခံထားကြတယ်။ ဒီလိုသာဆိုရင်ဖြင့် အ၀ါရောင်နှင်းဆီတွေ ပြုတ်ကျလာခဲ့ တဲ့ အိပ်မက်က နိုးထလာခဲ့တဲ့ကျမ ပျော်ပျော်ရွှင်ရွှင်ကြီးကို ပျော်ရွှင်နေရမှာပေါ့။ အခု ကျွန်မ မပျော်ရွှင်ပါဘူး။ မပျော်ရွှင်ရခြင်း အကြောင်း ရင်းကိုလည်း ရှာလို့မတွေ့ခဲ့ဘူး။ ညည အိပ်စက်လိုက်တိုင်း အိပ်မက်ထဲမှာ ကျွန်မ ခန္ဓာပေါ် ပြုတ်ပြုတ်ကျနေတဲ့ နှင်းဆီ တွေကတော့ ခုထိ ..အမြဲထာဝရ …အ၀ါရော်။
ဆွေးလည်း ဆွေးမြည့်စရာ ကောင်းလှချည့် ၊ ဆွေးမြည့်ခြင်း အ၀ါရောင်။
ပြီးတော့ …အေးလည်း အေးစက်လှချည့် ၊ ရေခဲရိုက်ထားတဲ့ အ၀ါရောင်။
ပြီးတော့ …သိုလည်း သိုဝှက်လှချည့် ၊ စာတန် ၀ှက်ထားခဲ့တဲ့ အ၀ါရောင်……..။

Wednesday, July 16, 2014

Brother Louie ~ Louie ~ Louie




ရွာကိုသွားကြတဲ့တစ်ရက် ကြောင်လေးတစ်ကောင်မမျှော်လင့်ပဲတွေ့၊ သေးသေးကွေးကွေးလေး ဟိုပြေးဒီပြေး နဲ့၊ ဂျက်ကီက အသည်းတွေယား သူက ဒီလောက်သေးတဲ့ကြောင်လေးမမြင်ဖူးသေးဘူး။ ကြောင်ခပ်ကြီးကြီးတွေတော့ တွေ့တိုင်းလိုက်လိုက် ဖမ်း စနေကြဆိုတော့ သူက သိတယ်။
ကြောင်အမေနဲ့ နေရဦးမယ့် အရွယ်လေးမို့ ခေါ်ထားလိုက်ကြတယ်။ အစကတော့ ကြောင်မလေးမှတ်လို့ လူစီ လူစီ နဲ့ ခေါ်နေရင်း ကြောင်ထီးလေးဖြစ်နေတော့ လူဝီလို့ ပြောင်းခေါ်လိုက်ရော။ ငယ်ငယ်က အစ်မတွေ သိပ်နားထောင်ကြတဲ့ Morden Talking ရဲ့ Brother Louie သီချင်းကို အဲဒီအချိန် သွားသတိရလိုက်သေးတယ်။ Brother Louie  Louie Louie လို့တောင် ခပ်တိုးတိုး သီချင်းညည်းလိုက်မိသလားပဲ။

ရောက်ခါစကတော့ သေးကွေးပျော့စိလေးလိုပဲ အခုတော့ တော်တော်လေးဆော့လာပြီ။ အစားလည်းတော်တော်မက်တယ်။ ဘယ်အချိန်ကျွေးကျွေး စားတာပဲ။ ဗိုက်လေးကလည်း ပူတင်းကားနေရော။ ဂျက်ကီက သဘောကျပေမဲ့ သူ့အရွယ်ကကြီးနေတော့ ဆော့ရင် ကြမ်းတယ်။ တခါတခါ ဂျက်ကီ နှုတ်သီးနဲ့ ထိုးဆော့လိုက်ရင် လူဝီခမြာ ကားခနဲ တခြားနေရာလွင့်သွားတော့တာပဲ။ "ဂျက်ကီ ဖြည်းဖြည်း ဖြည်းဖြည်း"နဲ့ အော်နေရတယ်။ တခါတလေ ဂျက်ကီကိုယ်လုံးနဲ့ လှဲပြီးဖိချတတ်တယ်။ အဲဒီအခါ ညောင့် ခနဲ အော်၊ လူဝီ စိတ်တိုရော၊ ဂျက်ကီကို ကုန်းကိုက်တတ်တယ်။ စွာမယ့်ပုံလေး။ ကုတ်လည်းကုတ်တယ်။ ဂျက်ကီအိပ်နေရင် အမြီးကို သွားသွားကိုက်ပြီးဆော့တယ်။ အိပ်ငိုက်ကြပြီဆိုရင်တော့ နှစ်ကောင်လုံး နီးနီးကပ်ကပ်ဖြစ်သွားတတ်တယ်။ တခါတလေလည်း ခပ်လှမ်းလှမ်းအနေအထားနဲ့ အိပ်ကြတာပဲ။

အကောင်လေးတွေက ကိုယ့်အချိန်တွေကို ဖဲ့ဖဲ့ယူကြတယ်။ မိုးလင်းတာနဲ့ ခိုလေး ပီဂျီ၊ ဂျက်ကီ၊ လူဝီ သူတို့ ကို ကျွေးဖို့ သန့်ရှင်းပေးဖို့ ကျမတို့ နှစ်ယောက်လုံးရဲ့ အချိန်တွေကို အားရပါးရ ဖြိုဖဲ့ယူကြပေမဲ့ မငြိုငြင်ရက်ဘူး။ သူတို့အားလုံး ကျမတို့ရဲ့ စောင့်ရှောက်မှုလိုနေတယ်။ သူတို့ သုံးကောင်လုံး ငယ်ငယ်လေးကတည်းက မိဘနဲ့ ဝေးခဲ့ကြသူလေးတွေမဟုတ်လား။ 

သူတို့ပျော်ပျော်ရွှင်ရွှင်ဆော့နေကြရင် ကျမတို့လည်း ပျော်ရတာပါပဲ။
ပီဂျီ ဂျက်ကီ လူဝီ ကျန်းမာပျော်ရွှင်ပါစေ။
ကျမ ချစ်ရတဲ့သူတွေအားလုံးလည်း ကျန်းမာပျော်ရွှင်ပါစေ။
အားလုံးသောသူများ ကျန်းမာပျော်ရွှင်နိုင်ပါစေပေါ့။

Dear, love is a burning fire
Stay, cause then the flames grow higher
Babe, don't let him steel your heart
It's easy, easy
Girl, this game can't last forever
Why we cannot live together
Try, don't let him take your love from me

You're no good, can't you see Brother Louie, Louie, Louie
I'm in love, set you free
Oh, she's only looking to me
Only love breaks her heart Brother Louie, Louie, Louie
Only love's paradise
Oh, she's only looking to me 

Brother Louie, Louie, Louie
Oh, she's only looking to me
Oh, let it Louie
She is undercover
Brother Louie, Louie, Louie
Oh, doing what he's doing
So, leave it Louie
Cause I'm her lover

Stay, cause this boy wants to gamble 
Stay, love is more than he can handle, girl
Oh, come on stay by me forever, ever
Why does he go on pretending
That, his love is never ending fate
Babe, don't let him steel your love from me

Friday, July 11, 2014

ညွှန်းတဲ့ ရုပ်ရှင်


The Signal
Sci-Fi / Thriller 
Entertainment One, Focus Features
ဒါရိုက်တာ - William Eubank
ထုတ်လုပ်သူ - Brian Kavanaugh-Jones, Tyler Davidson
ဇာတ်ညွှန်း - Carlyle Eubank, David Frigerio, William Eubank
သရုပ်ဆောင်များ - Laurence Fishburne, Brenton Thwaites, Olivia Cooke, Lin Shaye

နစ်ခ် (Brenton Thwaites) နဲ့ ဂျိုနာ(Beau Knapp) တို့ဟာ မန်ဆာချုးဆက်နည်းပညာတက္ကသိုလ်က ဂျုနီယာကျောင်းသားလေးတွေပါ။ သူတို့အလွန်အမင်းစိတ်ဝင်စားတာက ကွန်ပျုတာနဲ့ တခြားကွန်ပျုတာတွေဆီက အချက်အလက်တွေနှိုက်ယူ hack လုပ်ရတာကိုဖြစ်နေတယ်။ တစ်နေ့ နစ်ခ်နဲ့ သူ့ရဲ့ချစ်သူမိန်းကလေး ဟေးလေ(Olivia Cooke) ပါ အပါအဝင် ကားလေးတစ်စီးရဲ့ နီဗားဒါးတစ်လျှောက် တဆန့်တလျားခရီးထွက်ကြတယ်။ သူတို့ မိုင် ၁၈၀ အကွာအဝေးက နေရာတစ်ခုမှာ ပြိုင်ဘက် hacker နိုမက်စ်ရဲ့ သဲလွန်စတွေရှိရာဆီကို လိုက်ရှားစူးစမ်းကြတယ်။ အဲဒီ ကန္တာရကွင်းလယ်ခေါင်ထဲမှာ နိုမက်ဒ်နဲ့ ကြောက်လန့်စရာကောင်းလောက်အောင်ပဲ ရင်ဆိုင်တွေ့ကုန်ကြတယ်။ အရာအားလုံးရုတ်တရက်ကြီး မှောင်မိုက်မည်းသိပ်သွားပြီ။ "ဒါဟာ အချက်ပေးခြင်းပဲ။ မင်းကြားရင် မင်းရွေးချယ်ခံရပြီးသားဖြစ်သွားပြီ" တဲ့။ သူတို့သုံးဦးသား အိပ်မက်ဆိုးကနေ သတိပြန်ရလာတဲ့အချိန်မှာ အကျဉ်းထဲအကျပ်ထဲရောက်နေကြပြီ။ ထိန်းချုပ်ခံထားလိုက်ရပြီ။ နစ်ခ် လက်ဖျံမှာပေါ်နေတဲ့ နံပါတ်က ၂.၃.၅.၄၁ တဲ့။ နစ်ခ် ကိုယ်ခန္ဓာကြီးပါ hack ခံလိုက်ရပြီလားပဲ။ ကန့်သတ်ထိန်းချုပ်ခံလိုက်ရတဲ့ တကယ့်အဖြစ်မှန်ကို နားလည်သဘောပေါက်ဖို့ ကြိုးစားရုန်းကန်နေဆဲမှာ ရှာဖွေတွေ့လိုက်ရတာက သူတို့ကိုယ်တိုင် ချောက်ချားစရာကိစ္စကြီးတစ်ခုရဲ့ အစိတ်အပိုင်းဖြစ်နေကြပြီတဲ့။ The Signal ကို ၂၀၁၄ Sundance ရုပ်ရှင်ပွဲတော်မှာ အစမ်းပွဲပြသခဲ့ပါတယ်။ Fishburne ကြီးရဲ့သရုပ်ဆောင်မှုပီပြင်လွန်းတာက လန့်စရာကြီးပဲလို့ ဝေဖန်ကြတယ်။ သရုပ်ဆောင်တွေအကုန်လုံးအသက်ဝင်လှတယ်လို့ဆိုတယ်။ hacker type ရုပ်ရှင်မျိုးကြိုက်နှစ်သက်တဲ့သူဆိုရင် ဒီရုပ်ရှင်ကို အသေအချာကြည့်ရလိမ့်ဦးမယ်။ နည်းပညာစကားလုံးတွေဟာလည်း တော်တော်လေးအမှားကင်းပြီး လက်ခံချင်စရာကောင်းလောက်အောင် အာရုံစိုက်ရိုက်ကူးထားကြတယ်လို့ နည်းပညာကျွမ်းကျင်သူရုပ်ရှင်ဝါသနာအိုးတွေက ဝေဖန်အားပေးခဲ့ကြပါတယ်။

Jupiter Ascending
Action / Adventure/ Sci-Fi
Warner Bros.
ဒါရိုက်တာ - The Wachowskis
ထုတ်လုပ်သူ - Grant Hill, Lana Wachowski, Andy Wachowski
ဇာတ်ညွှန်း - The Wachowskis
သရုပ်ဆောင်များ - Mila Kunis, Channing Tatum, Sean Bean, Eddie Redmayne

အနာဂတ်အချိန်ကာလ စကြဝဠာကြီးကိုဇာတ်အိမ်တည်ရိုက်ကူးထားပါတယ်။ မြေကမ္ဘာကြီးမှာနေထိုင်သူတွေထဲက တချို့မိသားစုတွေဟာ ကြွယ်ဝချမ်းသာလွန်းလှတယ်။ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်ဖို့ သူတို့ကိုယ်ပိုင်ဂြိုဟ်တွေ ပိုင်ဆိုင်ထားကြတယ်။ အာကာသအပြင်ဘက်မှာ ကူးချည်သန်းချည်လှုပ်ရှားနေကြတယ်။ အဲဒီထဲက လူတွေလစ်လျူရှုခံရတဲ့ မိန်းကလေး ဂျူပီတာဂျုံးစ် (Mila Kunis) ကတော့ မြေကမ္ဘာပေါ်မှာရှင်သန်နေထိုင်တယ်။ ဂျူပီတာဂျုံးစ်မွေးဖွားခဲ့တဲ့ညတစ်ညက ကောင်းကင်မှာ ကြီးမြတ်တဲ့အရာ၊ ဆန်းပြားတဲ့ကြယ်တွေရှိနေတော့  ထူးထူးခြားခြားမိန်းကလေးလို့ ဟောကိန်းထုတ်ကြတယ်။ ဂျူပီတာလည်း အဲဒီထူးခြားဆန်းပြားတဲ့ကြယ်တွေအကြောင်း အိပ်မက် မက်နေခဲ့တာပါပဲ။ ဒါပေမဲ့ အိပ်ရာကနိုးတာနဲ့ အေးစက်စက် အစစ်အမှန်ဘဝထဲမှာ အိပ်သာတွေဆေးကြောနေရတာပဲ။ မရပ်မနားပြေးလွှား အလုပ်လုပ်နေရတယ်။ ကံမကောင်းလှတဲ့မိန်းကလေးဂျူပီတာက ကြွယ်ပိုးကြွယ်ဝလူချမ်းသာတွေရဲ့ အိမ်တွေကို စောင့်ရှောက်ပေးရသူလေးပါ။ ဂျူပီတာ နဲ့ ဂြိုဟ်တွေမှာမျိုးဗီဇစစ်ဆေးရေးအင်ဂျင်နီယာတပ်သား ကိန်းဝိုက်စ် (Channing Tatum) ပက်ပင်းကြုံတွေ့တော့တယ်။ ကိန်းဝိုက်စ် မြေကမ္ဘာကိုလာတဲ့ရည်ရွယ်ချက်က ဂျူပီတာရဲ့မျိုးဗီဇကိုယ်ပိုင်လက္ခဏာအရ ကြီးမြတ်သူ၊ မြေကမ္ဘာကိုပါ ငှားရမ်းနိုင်သူဖြစ်နေတာကို ဖော်ထုတ်နိုင်ဖို့ပါ။ တချိန်တည်းမှာပဲ ဘာလန်အက်ဘရေဆက်စ် (Eddie Redmayne) ဆိုတဲ့ ဂြိုဟ်သားအမျိုးအနွယ်ရဲ့ ရန်ကလည်း ဂျူပီတာကို ကာကွယ်စောင့်ရှောက်ပေးရဦးမယ်။ ဘာလန်ဟာ စကြာဝဠာထဲမှာတော့ စွမ်းအားအကြီးဆုံးမျိုးဆက်ထဲက ဂြိုဟ်သားမျိုးနွယ်ရဲ့ အရှင်သခင်ပေါ့။ သူက ဂျူပီတာရဲ့ ဦးခေါင်းထဲကို ဆုကြေးတဲ့၊ ထည့်သွင်းလိုက်တယ်။ မြေကမ္ဘာကို ရိတ်သိမ်းခူးဆွတ်ချင်တဲ့ ရည်ရွယ်ချက်ကြောင့်များလားပဲ။ Jupiter Ascending ဟာ The Matrix Reloaded ၊ The Matirx Revolutions နဲ့ Cloud Atlas တို့လို သိပ္ပံဆန်းကြယ်ရုပ်ရှင် ရိုက်ကူးထုတ်လုပ်သူတွေဖြစ်တဲ့The Wachowskis တို့ရဲ့ နောက်ထပ်ဖန်တီးမှုတစ်ခုပါ။

Jersy Boys
Biography / Drama / Musical
Warner Bros.
ဒါရိုက်တာ - Clint Eastwood
ထုတ်လုပ်သူ - Clint Eastwood, Graham King, Robert Lorenz
ဇာတ်ညွှန်း - Marshall Brickman & Rick Elice
ဝတ္ထု - Jersey Boys by Marshall Brickman & Rick Elice
သရုပ်ဆောင်များ - John Lloyd Young, Erich Bergen, Michael Lamenda, Vincent Piazza, Christopher Walken

Jersey Boys ဟာ Clint Eastwood ထုတ်လုပ်၊ ရိုက်ကူးတဲ့ ဂီတဒရာမာရုပ်ရှင်ပါ။ ၁၉၆၀ ခုနှစ်တွေက ကျော်ကြားခဲ့ကြတဲ့ အမေရိကန်ရော့ခ်/ ပေါ့ပ်အဖွဲ့ The Four Seasons ရဲ့ jukebox musical အခွေ Jersey Boys ကို အခြေခံရိုက်ကူးထားပါတယ်။ The Four Seasons ရဲ့ Jersey Boys ဟာ ၂၀၀၆ ခုနှစ် Tony Awards မှာ အကောင်းဆုံး musical အပါအဝင် ဆု ၆ ဆုရရှိခဲ့ကြတယ်။ Clint Eastwood ရဲ့ Jersey Boys မှာလည်း ဂီတအဖွဲ့ The Four Seasons ရဲ့ အတ္ထုပတ္တိမှတ်တမ်းကားဆန်ဆန်ရိုက်ကူးထားတာပါ။ ရုပ်ရှင်ရဲ့အစမှာ Four Seasons တွေဟာ လမ်းမီးရောင် လင်းတလဲ့လဲ့အောက်မှာပဲ သူတို့ကိုသဘောကျတဲ့ပရိသတ်တချို့နဲ့ သီချင်းဆိုနေတာနဲ့စထားတယ်။ သူတို့ရဲ့ အစမ်းသပ်ခံဖျော်ဖြေမှုလေးတွေကနေ နောက်ပိုင်းမှာတော့ အောင်မြင်မှုတွေရလာကြတယ်။ သီချင်းတွေ hit ဖြစ်လာတယ်။ မျိုးဆက်တစ်ဆက်ကို သူတို့ရဲ့ သီချင်းတွေနဲ့ လွှမ်းမိုးနိုင်လာတယ်။ လမ်းမီးတိုင်လေးအောက်က စခဲ့ကြတဲ့ New Jersey က ဂီတသမားလေးတွေ ထိန်ထိန်းညီးနေတဲ့မီးအလင်းတွေရှိရာ စင်မြင့်ပေါ်မှာ နေရာယူနိုင်လာကြပြီ။ ၁၉၆၀ ခုနှစ်က ဂီတသမားတွေရဲ့ သီဆိုဟန်စတိုင်လ်တွေရယ် လူကြိုက်များခဲ့ကြတဲ့ သီချင်းတွေရယ်ပေါင်းစပ်ပြီး Clint Eastwood ကရိုက်ကူးထားတာကြောင့် ဂီတချစ်သူတွေမလွတ်တမ်းစောင့်ကြည့်ရမယ့် ရုပ်ရှင်တစ်ကားပါပဲ။ အမေရိကန်မင်းသားကြီး Clint Eastwood ဟာ Mystic River, Million Dollar Baby, Gran Torino, Invictus, Hereafter, J.Edgar ရုပ်ရှင်တွေလည်းရိုက်ကူးခဲ့ပါတယ်။

Earth to Echo
Adventure / Sci-Fi
Relativity Media
ဒါရိုက်တာ - Dave Green
ထုတ်လုပ်သူ - Ryan Kavanaugh, Andrew Panay
ဇာတ်ညွှန်း - Henry Gaydene
ဝတ္ထု - Henry Gayden, Andrew Panay
သရုပ်ဆောင်များ - Teo Halm, Brian "Astro" Bradley, Reese C. Hartwig, Ella Wahlestedt, Jason Grey-Stanford, Cassius Willis, Drake Kemper

Relativity ရဲ့ ကလေးငယ်တွေကြည့်ရှုနိုင်မယ့်အဆင့် သိပ္ပံဆန်းကြယ်စွန့်စားခန်းရုပ်ရှင်လေးပါ။ တာ့ခ် (Brian "Astro" Bradley ၊ မန့်ခ်ျ (Reese C. Hartwig) နဲ့ အဲလက်စ်(Teo Halm) တို့ဟာ ဘယ်သွားသွား၊ ဘာလုပ်လုပ်အမြဲတပူးတွဲတွဲ ခွဲမရတဲ့သူငယ်ချင်းသုံးယောက်ပေါ့။ သူတို့ရဲ့ဘဝမှာ အပြောင်းအလဲကြုံဆုံရဖို့ဖြစ်လာကြတယ်။ အနီးဝန်းကျင်မှာ အဝေးပြေးလမ်းမဆောက်လုပ်ရေးစီမံကိန်းစတင်လာတော့ မိသားစုတွေကိုဖယ်ရှားပေးဖို့ ဖိအားပေးနှင်ထုတ်ကြတယ်။ အဲဒီစီမံကိန်းစတင်တော့မယ့်ရက်မတိုင်ခင် နှစ်ရက်အလိုမှာပေါ့။ တာ့ခ်၊ မန့်ခ်ျ နဲ့ အဲလက်စ်တို့ရဲ့ ဖုန်းထဲမှာ ထူးဆန်းတဲ့အချက်ပြမှုတွေ တသီတတန်းကြီးဝင်လာတယ်။ ဘာရယ်အတိအကျမသိနိုင်သေးတဲ့ ကိစ္စကြီးတစ်ခု စတင်လာတော့မယ့်ပုံစံမျိုးပဲ။ လူငယ်လေးသုံးယောက်ဟာ သူတို့ကျောင်းက သူငယ်ချင်းမလေး အဲမာ(Ella Wahlestedt) ပါ အတူပေါင်းမိကြပြီး သူတို့ဖုန်းတွေထဲက အချက်ပြနေရာ အတိအကျသိရအောင်ရှာဖွေကြတော့တယ်။ သူတို့တွေ့လိုက်ရတာက သူတို့အရူးအမူးစိတ်ကူး မျှော်လင့်ထားသလိုမျိုးပဲ။ သေးသေးကွေးကွေး ဂြိုဟ်သားလေးတစ်ကောင်ဖြစ်နေတယ်။ အဲဒီအကောင်ငယ်လေးဟာ မြေကမ္ဘာပေါ်မှာ သောင်တင်နေတယ်။ အားကိုးရာမဲ့နေရှာသတဲ့။ ကလေးတွေရဲ့အကူအညီကို သူလေးက လိုအပ်တယ်။ သူလေးရဲ့ နာမည်ကို Echo လို့ပေးလိုက်ကြတယ်။ သူငယ်ချင်းလေးယောက်က Echo ကို ကာကွယ်ပေးလိုကြတယ်။ ပြီးတော့ Echo ရဲ့အိမ် ပြန်ရာလမ်းအမှန်ဆီ ကူညီပို့ဆောင်ပေးကြမှာပေါ့။ အံ့သြဖွယ်ရာတွေ၊ စွန့်စားခန်းတွေ ပြည့်သိပ်နေတဲ့ အဲဒီခရီးဟာ သူတို့ရဲ့ ပုံပြင်ဇာတ်လမ်း၊ သူတို့ရဲ့ လှို့ဝှက်ချက်တွေဖြစ်လာကြတော့တယ်။

ဖြိုးဖြိုး
(Yati Magazine, July, 2014)

Tuesday, July 08, 2014

ခရီးသွားမယ် မိုးရာသီမှာကွယ်

မိုးရာသီမှာ ခရီးသွားတယ်ဆိုတာ တကယ်တော့ "ခရီးသွားရာသီ"မဟုတ်တဲ့အချိန်မှာ ခရီးသွားတာပါ။ အဲဒီအချိန်မှာ ခရီးသွားတွေနည်းပါးသွားတော့ လူတွေအများကြီးပြည့်ကျပ်မနေတော့ဘဲ အေးအေးဆေးဆေးခရီးစဉ်လေးဖြစ်နိုင်တယ်။ ခရီးသွားနည်းတဲ့အချိန်ဆို ဟိုတယ်တွေမှာ လျှော့ဈေးပေး/ ဈေးချပေးတတ်တာကြောင့်လည်း ကုန်ကျစရိတ်ကိုချွေတာနိုင်သေးတယ်။ အားလပ်ရက်ရှိမယ်ဆိုရင် မိုးရာသီထဲခရီးသွားတာဟာ သူ့ရဲ့ကိုယ်ပိုင်သဘာဝနဲ့ နှစ်လိုဖွယ်ရာ ခရီးစဉ်လေးဖြစ်နိုင်ပါတယ်။ စိုစွတ်နေတတ်တာကလည်း တမျိုးတော့သဘောကျစရာပါပဲ။ ဂရုစိုက်ပြင်ဆင်သွားသင့်တာလေးတွေတော့ ရှိနေပါတယ်။ အဲဒီအချက်လေးတွေပြင်ဆင်သွားရင် သိပ်ပျော်ရွှင်စရာကောင်းတဲ့ မိုးရွာသီခရီးလေးဖြစ်သွားမှာပဲပေါ့။

ကျစ်ကျစ်လစ်လစ်သေးငယ်ပေါ့ပါးတဲ့ ထီးယူပါ။ သေးငယ်ပြီးပေါ့ပါးဖို့အဓိကကျတာကတော့ ခရီးသွားနေတဲ့အချိန် ဒီထီးကိုသယ်ဆောင်နေရတာကို အာရုံစိုက်နေစရာမလိုအောင်လို့ပါ။

မိုးကာအင်္ကျီလိုအပ်ပါတယ်။ မိုးကာကျောပိုးအိတ်ကြီးကြီးလည်း လိုသေးတာပါပဲ။ ziploc တံဆိပ်မျိုး ဇစ်ပါပလတ်စတစ်အိတ် (အရွယ်အစားအမျိုးစုံရှိနိုင်ပါတယ်) လေးတွေ နှစ်ဘူးလောက်ဆောင်ထားပါ။ ကင်မရာအတွက်လည်း အဲဒီ ziploc အိတ်လေးတွေက အသုံးတည့်လှတယ်။

ခရီးသွားရင်တော့ ဓာတ်မီး၊ ကိုယ်သွားမယ့်ခရီးပေါ်မူတည်ပြီး headlamp ပါလိုအပ်သလို ယူသွားပါ။ ဆပ်ပြာ၊ ခေါင်းလျှော်ရည် ဒါတွေလည်း ခရီးစဉ်တိုင်းအတွက် လိုအပ်တာကြောင့် မယူမဖြစ်ယူဆောင်ရဦးမှာပါပဲ။

မိုးရာသီအချိန်ဆိုတော့ ဈေးကြီးကြီးအဝတ်အထည်တွေမယူပါနဲ့။ အဖြူရောင်အဝတ်အစားလေးတွေလည်းမယူဘဲ အရောင်ရင့်ရင့် ပေါ့ပေါ့ပါးပါးအဝတ်အထည်လေးတွေပဲယူသွားပါ။ လိုအပ်ရင် အလွှာလွှာအထပ်ထပ်ဝတ်တာလည်း အဆင်ပြေလှတယ်။ မိုးစက်မိုးမှုန်လေးတွေ ခပ်ပါးပါးရိုက်ခတ်ထားရင် အပေါ်တစ်ထပ်ကို ခပ်မြန်မြန်လေးချွတ်ပြီး အခြောက်ခံလို့ရသေးတယ်။ ပေါ့ပါးတဲ့အဝတ်အစားမျိုးပဲ သယ်ပါ။ ဒါပေမဲ့ အရေအတွက်ပိုပြီးများများယူပါ။ စိုတဲ့အချိန်တိုင်း အချိန်မဆိုင်းဘဲ လဲပေးပါ။

ရေစိုခံတဲ့ ရှုးဖိနပ်၊ ရေစိုခံဖိနပ်ခပ်ကြမ်းကြမ်းမျိုးသာ စီးပါ။ မဟုတ်ရင် တန်ဘိုးကြီးကြီးဖိနပ်တွေပျက်စီးခဲ့ရရင် စိတ်ဆင်းရဲစရာခရီးစဉ်ဖြစ်သွားမှာပေါ့။

ဒီအချိန်မျိုးဟာ ရေပုလင်းကိုယ်နဲ့မကွာဆောင်ထားသင့်တဲ့အချိန်ပါ။ ဗိုက်ထဲမအီမသာနဲ့ စိတ်ပျက်စရာအခြေအနေမျိုးတော့ ဘယ်သူမဆို ကြုံချင်ကြမှာမဟုတ်ပါဘူး။

ပန်းနာရင်ကျပ်ရှိသူ နဲ့ ဓာတ်မတည့်မှုပြဿနာရှိတတ်တဲ့ ကလေး လူကြီးပါမယ်ဆိုရင် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပြီး လိုအပ်တဲ့ဆေးဝါး ပိုပိုလျှံလျှံယူသွားပေးပါ။ စိုစွတ်တဲ့ရာသီဥတုမှာ အဲဒီကျန်းမာရေးအခြေအနေတွေ ပိုပြီးဆိုးဝါးစေတတ်တာကြောင့်ပါ။ ပိုးကောင်မွှားကောင် ကာကွယ်နိုင်တဲ့ spray တွေလည်း ယူသွားပေးဖို့ လိုအပ်လှတယ်။ မိုးရာသီမှာက ကိုယ်ခရီးသွားတဲ့နေရာပေါ်မူတည်ပြီး ခြင်တွေ အနည်းနဲ့အများ ရှိနေတတ်ကြတာကြောင့်ပါ။ 

မိုးရာသီလေးထဲ ခရီးသွားရရင် ဘာတွေများလုပ်နိုင်မလဲဆိုရင်
ပြတိုက် ဒါမှမဟုတ် ပြခန်းတွေ လည်ပတ်နိုင်တာပေါ့။
ရုပ်ရှင်ကြည့်နိုင်သေးတယ်။ ဈေးဝယ်စင်တာတွေ ဈေးတန်းလေးတွေ လျှောက်ပြီးကြည့်နိုင်တယ်။ ဓာတ်ပုံလှလှရိုက်ယူနိုင်မယ့် နေရာလေးတွေသွားနိုင်မယ်။ ကမ်းခြေနားဆိုရင် ချစ်စရာကော်ဖီဆိုင်လေးရဲ့ ထီးလှလှလေးအောက်မှာထိုင်ပြီး ရေလှိုင်းခပ်ကြမ်းကြမ်းတွေ စိတ်လှုပ်ရှားစွာကြည့်နိုင်မယ်။ indoor ငါးပြတိုက်မှာလည်း ရေသတ္တဝါတွေ စိတ်ဝင်တစားကြည့်နိုင်သေးတယ်။ သိပ်ပြီးမအေးလှတဲ့နိုင်ငံဆိုရင် မိုးရေစက်လေးတွေအောက် ထီးမဆောင်းဘဲ လမ်းလျှောက်ရင်း မိုးစက်မိုးပေါက်လေးတွေရဲ့ အရသာကို နေရာအသစ်တစ်ခုမှာ ခံစားနိုင်မယ်။ 
လူတွေ ရှုပ်ထွေးများပြားမနေတဲ့အချိန်ဆိုတော့ ကိုယ်ရဲ့ စိတ်ကို အရှင်းဆုံးဖွင့်ထားပြီး အေးအေးသက်သာ အနားယူနိုင်တယ်လေ။ မိုးဟာ ပစ္စည်းပိုလေးတွေမပါမဖြစ်ယူဆောင်ရတာကြောင့် အလုပ်များလှသလိုပဲ။ မိုးရေစက်လေးတွေဟာ Romantic ဆန်လှတယ်။ မိုးဟာ စိတ်အနှောင့်အယှက်ဖြစ်စရာလိုပဲ။ မိုးဟာ ကဗျာဆန်ဆန်လှနေနိုင်သေးတယ်။ လှပတဲ့အရာဖြစ်နိုင်သေးတယ်။ ကိုယ်တို့ရဲ့ ဘဝဆိုတာက ဆန့်ကျင်ဘက်တွေပြည့်နှက်နေတာပါ။ ဒါဟာ ဘဝထဲက ခရီးသွားခြင်း တစ်ခုပါပဲ။ ဘယ်လိုပြင်ဆင်သွားမလဲဆိုတာကိုသာမူတည်တာပါ။ အဲဒါကြောင့် မိုးရေထဲမှာ ပျော်ရွှင်စရာရှာဖွေနိုင်ဖို့ ခရီးစဉ်လေးအတွက်လိုအပ်တာတွေ အသင့်ပြင်ထားလိုက်တော့နော်။      ။

ဖြိုးဖြိုး
(Living Fashion Magazine, July, 2014)

သေခြင်း၏ အခြားတစ်ဖက်

(သို့မဟုတ်)
 နောင်တမလွန်
(မေမေ့ရဲ့ စာ)
Family Magazine, April, 2014
သရုပ်ဆောင်များနှင့် ဒါရိုက်တာ
Directed by Clint Eastwood
Produced by Clint Eastwood, Kathleen Kennedy, Robert Lorenz, Steven Spielberg (executive)
Written by Peter Morgan
Starring Matt Damon, Cécile de France
Music by Clint Eastwood
Cinematography Tom Stern
Editing by Joel Cox, Gary D. Roach
Studio Kennedy/ Marshall, Malpaso Productions, Amblin Entertainment (uncredited)
Distributed by Warner Bros. Pictures
Release dates October 22, 2010
Running time 129 minutes, Country United States
Language English, French
Budget $50 million, Box office $105,197,635

ဒေါ်လာသန်း၅၀ ရင်းနှီးမြုပ်နှံ ရုံနဲ့  ဒေါ်လာ သန်းပေါင်း  105, 197, 635  ၀င်ငွေ စံချိန်ချိုးရရှိခဲ့တာပါ။ကလင့်အိစ်ဝု ဒ်ဟာ ဒါရိုက်တာအဖြစ် စီစဉ်ညွှန်ကြားပြသသူ အဖြစ်သာမက တေးဂီတကိုပါ ဖန်တီးနိုင်စွမ်းရှိသူ ဖြစ်ပါတယ် တဲ့။ ဒီကားကို ၀ါနာဘရားသား ရုပ်ရှင် က ဖြန့်ချီခဲ့တာဖြစ်ပါတယ်။ဝတ္ထုဇာတ်လမ်းရေးသူဟာ  ၂၀၀၄ခုနှစ် အိန္ဒိယ သမု ဒ္ဒရာအတွင်း ငလျင် လှုပ်ခတ်ရာက ဆူနာမီ ရေလှိုင်းများ ထကြွ နှိပ်စက်စဉ် ကာလကို ထူးထူးခြားခြား နောက်ခံထားပြီး ဇတ်လမ်းဖွဲ့ ရေးသားခဲ့တာပါ။သေမင်းနှင့် ခေတ္တခဏ ထိတွေ့ လိုက်ရစဉ် လူသုံးဦးတို့ရဲ့ တူညီသော ခံစားရမှု အဖြစ်အပျက် ဇတ်လမ်းအချိတ်အဆက်ကို အပြိုင်  တင်ပြထားခြင်းဖြစ်တယ်။ ဒါရိုက်တာဟာ ဒီကားကို စိတ်ကူးကောင်းကောင်းနဲ့ သိမ်သိမ်မွေ့မွေ့လေး နူးနူးညံ့ညံ့လေး ရိုက်ကူးထားတယ်။

စီစီ လီ ဒီ ဖရဲ့ စ်  Cécile de Franceရဲ့ သရုပ်ဆောင်  ကဏ္ဍ
စီစီလီ ဒီ ဖရဲ့စ် က ထိုင်းအခြေစိုက် ပြင်သစ် ရုပ်သံ သတင်းထောက်မကလေး မေရီ နေရာမှာ  သရုပ်ဆောင်ထားပါတယ်။ မေရီဟာ သူမမိတ်ဆွေ ရဲ့ ခလေးတွေအတွက် အမှတ်တရ ပစ္စည်းကလေးတွေ လက်ဆောင်ပေးဖို့ ဈေးဝယ်ပြန်အလာ ..။ သူမရဲ့ အတူနေ ချစ်သူ Didier ကတော့ ဟိုတယ် လသာဆောင်ကနေ ပင်လယ်ကြီးဆီ မျှော်ငေးနေတယ် ။ ရေလှိုင်းတွေ က ခါတိုင်းနဲ့မတူ မို့မောက်လွန်းလှချည့်။ ပြေးလာပုံက ဖရိုဖရဲ သဲကြီးမဲကြီး။ တစုံတရာကို ဒေါသတကြီး ကြိတ်ချေ ဖိနင်း ၀ါးမျိုမဲ့ဟန်။ မေရီလည်းဒါကို  သတိထားမိတာပေါ့။ အဖေါ်မိန်းခလေးနဲ့ အတူ ဘေးလွတ်ရာ ပြေးကြတယ်။ ရေလှိုင်းတွေကလည်း  အပြေး လိုက်လာနေပါပြီ။ နောက်တစ်လုံး လှိမ့်အ၀င် မေရီ ဇောက်ထိုးမိုးမျှော်ပြိုလဲသွားတယ်။ အဖေါ်မိန်းခလေးရော မေရီရောကို လှိုင်းလုးံတွေက ၀ါးမျို သွားတယ်။ 
ရုပ်ရှင် ပြကွက်ဟာ ဖြတ်ကနဲ ဖြတ်ကနဲ ပြသွားပါတယ်။

ရေနစ်နေတဲ့ မေရီ့ ကို  လူနှစ်ယောက်က ကယ်တင်ခဲ့ပေမဲ့  အသက်ကိုတော့ မရလိုက်ပဲ နောက်ဆုံးသူတို့ လက်လျော့ သွားတယ်။ ဒါဟာ အိန္ဒိယသမုဒ္ဒရာအောက် မြေငလျင် အကြီးအကျယ်လှုပ်ခတ်လိုက်ခြင်းကြောင့် ဆူနာမီရေလှိုင်းများတုံ့ပြန်ထကြွခဲ့ရာမှာ  လူ သိန်းချီ သေဆုံးခဲ့ရတာကို နောက်ခံပြု ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ မေရီဟာ သေအံ့မူးမူး သေလုနီးပါး အခြေအနေကနေ တကယ့် သေမင်းရှေ့ ရောက်သွားတာပါ။ သေမင်းထံပါး စက္ကန့်ပိုင်းလောက် သာကြာပေမဲ့ သူမအဖြစ်က ဆန်းပါတယ် တဲ့။ သတိလစ်ပြီးမျောသွားတဲ့အခါ သူမ အာရုံထဲ ၀င်လာတာက  ၀ိုးတ၀ါး နဲ့ လူသားပုံရိပ် ပါးပါးလှပ်လှပ်ကလေးတွေ အလင်းဖြာနေတဲ့ ဘုံဗိမာန်တခု။ သူတို့အကြားမှာ အနက်ထည် ၀တ်စုံနဲ့ မိန်းမတယောက်။
ဒါ ဘယ်သူဖြစ်နိုင်သလဲ။ မေရီ့ မိခင်ကလည်း  မေရီ့လက်ကို တင်းတင်း ဆုတ်ကိုင်ထားသတဲ့။
မေရီ အသက် ပြန်ရှူနိုင်လာတယ်။လို့ ဆိုတယ်။ သူမကောင်းကောင်း သတိလည်လာချိန်မှာတော့ အရိပ်ဖြူဖြူ တွေက ပျောက်ဆုံးခဲ့ပီပေါ့။
သဘာဝဘေးအန္တရယ် ကင်းရှင်းသွားချိန်မှာတော့ မေရီ Didier နဲ့အတူ ပြင်သစ်ကို ပြန်သွားနိုင်ခဲ့တယ်။
မေရီ့  အထက်အရာရှိ ညွှန်ကြားရေးမှူးက မေရီ့ ကို အလုပ်မှ အနားယူဖို့ အကြံပေးပါတယ်။
 မေရီဟာလည်း  တနင့်တပိုး သူမတွေ့ကြုံ ခံစား ခဲ့ရတဲ့ သေလုမျောပါး တမလွန်ဘ၀ဖြစ်စဉ်ကို စာအုပ်ရေးသားထုတ်ဝေဖို့ စူးစိုက် ကြိုးစားပါတော့တယ်။
စာတစ်အုပ်ဖြစ်ဖြစ်မြောက်မြောက် ထုတ်ဝေရလောက်အောင် သူမ ဘာတွေ တွေ့ကြုံ ခဲ့သလဲ။ တမလွန်ဘ၀ဆိုတာဘာလဲ။ သေခြင်းရဲ့ အခြားတဘက်မှာ ဘာတွေမြင်တွေ့ရနိုင်သလဲ။

ဂူသချိုင်းတွေရဲ့ အနောက်ဘက်မှာ ဘယ်သူတွေ ရှိနေသလဲ။ ဘယ်လို နေထိုင်ကြသလဲ။ သူတို့နဲ့ ဘယ်လို ဆက်သွယ်နိုင်မလဲ။ မေရီက ဒါတွေ ဖေါ်ထုတ်ဖို့ ကြိုးစားနေတာပါ။ သူမချစ်သူ Didier ကို သေခြင်းရဲ့ အခြားတဘက်မှာ ဘာများရှိနေမလဲ မေးတော့ 
“အလင်းရောင်ဆိတ်သုဉ်းပြီးအမှောင်ဖုံးနေတာပေါ့ကွာ တခြား ဘာရှိရမလဲ" လို့ ပေါ့ပေါ့တန်တန်နောက်သလို   ဖြေတယ်။ မေရီ က မကျေနပ်နိုင်ပါဘူး။ ဆူနာမီ ရေလှိုင်းအောက် ရောက်ခဲ့စဉ် ကိုယ်တိုင်ခံစားခဲ့ရတာမို့  နောင်ဘ၀တစ်ခု တကယ်ရှိနေတယ်လို့ ခိုင်ခိုင်မာမာ မေရီက ယုံကြည်ထားတာပါ။

သူမ  ဆွစ်ဇာလန်နိုင်ငံကို စတင် ခရီးထွက်ပါတယ်။ နာမည်ကျော် နာတာရှည် ဆေးရုံတခုက သေအံ့ဆဲဆဲ သေခါနီး လူနာတွေရဲ့ ဖြစ်စဉ်တွေကို မေးမြန်းစူးစမ်းတယ်။ ကြားနာတယ်။ မျှဝေခံစားတယ်။ ညှိနှိုင်းတယ်။ မျောနေတဲ့ ခလေးတယောက်က ကျွန်တော် လေထဲမှာ နတ်သားလေးကို ပျံဝဲနေတာ ပျော်ဖို့ ကောင်းပါတယ်လို့ သတိဝင်လာခိုက်မှာ ပြောဆိုခဲ့ပြီး တံငါသည် တယောက်ကတော့ ကျုပ်ရေနက်ထဲမှာ ငါးတွေလိုက်ကိုက်လို့ ပြေးနေရတယ်လို့ ပြောခဲ့တယ်။ ဆရာဝန်မှတ်ချက်ကို တောင်းတော့ ဆရာဝန်က ဘာသာမဲ့ ဖြစ်နေပြီး သိပ္ပံနည်းကျကျ တွေးခေါ်တတ်ဖို့ လိုကြောင်းကိုသာ  အဆိုပြုပါတယ်။ မေရီဟာ သူမရဲ့ စာအုပ် အမည်ကို 
 “Hereafter: A Conspiracy of Silence".လို့ အမည်ပေးခဲ့တယ်။ ပထမတော့ ထုတ်ဝေသူတွေက သဘာဝမကျဘူး မဖြစ်နိုင်ဘူး ဆိုပြီး ပယ်ချလိုက်ပါတယ်။ မေရီဟာ မနားမနေ ထပ်တလဲလဲ ကြိုးစားပါတယ်။ သူမစာမူကို စိတ်ဝင်စားတဲ့ ထုတ်ဝေသူ နှစ်ဦးရရှိခဲ့ပါတယ်။ စိတ်ဝင်စားဖို့ ကောင်းပါတယ်။တဲ့။ အကြိုက်တွေ့ သွားပါပြီ။

ဒီစာအုပ်မှာ မေရီ ဘာတွေ ရေးထားမလဲ။ စာတစ်အုပ် ဖြစ်မြောက်လောက်အောင်ရေးဖို့ အချက်အလက်တွေ ဘယ်လောက်များ စုဆောင်းမိခဲ့သလဲ။ မေရီ ဘာတွေ တွေ့ကြုံခံစားခဲ့ရသလဲ။ မေရီ မျောသွားတဲ့ စက္ကန့်ပိုင်း အချိန်ကလေးမှာပဲ ဒါရိုက်တာက ဘယ်လိုမျိုး ဖြစ်စဉ်တွေ ရိုက်ချက် ဆန်းဆန်း တင်ပြထားပါလိမ့်။  
ဒီအဖြေကိုတော့ Hereafter ရုပ်ရှင်ကားကြီးက သာ အဖြေပေးနိုင်ပါလိမ့်မယ်။ (လိုင်းကောင်းရင် youtubeမှာ ကြည့်နိုင်)  2010 Toronto International Film Festival မှာ အထူးပွဲ ပြသခဲ့ရတာပါ။                                
                             
                                မက် ဒမွန် Matt Damon ရဲ့ သရုပ်ဆောင် အခန်းကဏ္ဍ
ဆန်ဖရန်စစ္စကို မြိုံ့က စက်ရုံ အလုပ်သမားကလေးေ၈ျာ့ခ်ျ လောင်းဂန် ပါ။ဟို ငယ်စဉ်တုံးကတော့ ၀ိဥာဉ်ရေးရာ စိတ်နယ်လွန် သမားတွေနဲ့  ဆက်သွယ်ပေါင်းကူးပေးနိုင်သူ အကြားအမြင်ရ နတ်ဝင်သည် ပရော်ဖယ်ရှင်နယ် အကြီးစားကြီးပေါ့။ အခုတော့ ဒါတွေ စွန့်ပြစ်ထားခဲ့ပါပြီ။ တဲ့။ ဒါပေမဲ့လည်း အထုံပါရမီက ရှိနေတော့ မိတ်ဆွေအချို့  ကိစ္စတွေကိုဖြေရှင်း ဖတ်ကြားပေးနေရတယ်။သေသူတွေ ပြောတဲ့ စကားကို ပြန်ကြားပေးနေရတယ်။ ဘုရားရဟန္တာများမှာတော့ ဒိဗ္ဗစက္ခုဥာဏ် ရတယ်ပေါ့.။ ဂျော့ကတော့  ဒြပ်မဲ့ ရုပ်နာမ်ခန္ဓာ တွေရဲ့ သွားလာလှုပ်ရှားပုံ ဘ၀ဖြစ်စဉ်တွေကို ကြိုတင် သိမြင်နိုင်စွမ်းရှိနေတယ်လို့ ဆိုရမှာပါ။
တနေ့မှာ 
ဆန်ဖရန်စစ္စကို မြို့ က နာမည်ကြီးစားဖိုမှူးကြီး တဦးရဲ့ သင်တန်းကျောင်းမှာ ဂျော့ သင်တန်း တက်ရောက်ပါတယ်။ ပါတနာမိန်းခလေးက မီလဲန်နီ တဲ့။ အီတာလျှံညနေခင်း  အစားအစာ တခုကို သူတို့နှစ်ဦး  ကျွမ်းကျင် စွာ ချက်ပြုတ်နိုင်ခဲ့ကြတယ်။ မကြာမီ နေ့တနေ့မှာ မတော်တဆ သူတို့နှစ်ဦး ထိပ်တိုက်တိုးဖို့  ဖြစ်ရပ်တခုနဲ့ ရင်ဆိုင်မိကြပါလေရော။ ဒါက ဘာလဲဆိုတော့ မီလဲန်နီ ရဲ့ ဘခင်နဲ့ ပတ်သက်ပြီး ဂျော့အာရုံမှာ မြင်ကွင်းတခု ပေါ်လာတာပါ။ စိတ်ထိခိုက်လွယ်သူ မိန်းခလေးအဖို့ ငိုကြွေးခြင်းကိုပဲ အားကိုးနိုင်ပါသတဲ့။ ဘယ်လို အဖြစ်နဲ့ ကြုံခဲ့ရပါသလဲ။

ဂျော့ က သူ ငယ်ငယ်တုံးက ဦးနှောက် ထိခိုက်မှု ဖြစ်ရာက ဆရာဝန်က ရောဂါ ရှာတဲ့အခါ ရောဂါ ရှာမတွေ့ကြောင်း စိတ်ကစဉ့်ကလျားဖြစ်သော်လည်း  ခွဲစိတ်ဖို့ မလိုကြောင်းနဲ့ ထူးထူးဆန်းဆန်း လူတဦးတယောက်ရဲ့ ကံကြမ္မာကို သူက ကြိုသိ ကြိုမြင်နေတတ်ကြောင်း မီလဲနီကို ပြောပြပါတယ်။ မီလဲနီက သူမရဲ့ မိခင်အကြောင်းကို သိချင်ကြောင်း ခေါ်ပေးဖို့ ပူဆာပါတယ်။ ဂျော့ က သဘောတူလိုက်တယ်။

Ghost ရုပ်ရှင် ကားထဲက နတ်ဝင်သည်မကြီးနဲ့ ဂျော့ ဘာများကွာခြားပါသလဲ။

လန်ဒန်မြို့က မားကပ်စ် နဲ့ ဂျက်ဆင် ၁၂နှစ်သားအရွယ်  အမြွှာညီနောင်ကရော  ဘာများဖြစ်ပါလိမ့်။ သူတို့ မိခင်က ဆေးခြောက်ဖြတ်ဖို့ ကြိုးစားနေသူတဲ့။ သူမသား ဂျက်ဆင် ကို ဆေးခန်းလွှတ်ဆေးယူခိုင်းသတဲ့။လမ်းမှာ ဓါးပြတွေက ဗင်ကားနဲ့ တိုက်သတ်လို့ သူ သေပြီလို့ ဂျက်ဆင်က မားကပ်စ်ထံ  ဆဲလ်ဖုန်းကနေ သတင်းပေးပို့ခဲ့တယ် တဲ့။ဒါ့ကြောင့် မားကပ်စ် ဟာ သေသူတွေနဲ့ ဆက်သွယ်နိုင်တဲ့ အကြားအမြင်ဆရာတယောက်  အရှာထွက်ခဲ့တယ်။မားကပ်နဲ့  ဂျော့ တွေ့ဆုံမိကြသလား ဆိုတာ..။
ရိုက်ချက် ပြင်းပြင်းနဲ့ မျက်စိလှည့်စားမှု ကင်မရာ လှည့်စားမှု မြောက်များစွာ နဲ့  ကလင့်အိစ်ဝုဒ်ရဲ့ Hereafter  ရုပ်ရှင်ဇာတ်ကားကို ကြည့်ရှုကြည့်ပါဦး။             ။

Florist
Refer: wikipedia

Saturday, July 05, 2014

စိတ္တဇ လူသတ်သမား

 မေမေ့ရဲ့စာ
(Family Magazine, February, 2014)


1958 ခုနှစ်က စာရေးဆရာ Alec Coppel နဲ့ Samuel A.Taylor တို့ ပူးတွဲ ရေးသားပေးတဲ့ ဇာတ်ညွှန်းကို ဒါရိုက်တာ အဲဖရက် ဟစ်ခ်ျကော့ က  အသက်သွင်း ရိုက်ကူးထားခြင်းဖြစ်တယ်။ ဟောလီဝုဒ်က ရိုက်ကူးခဲ့သမျှရုပ်ရှင်ကားတွေထဲမှာ ထိပ်တန်း ကားကောင်း ၅၀၀ စာရင်းဝင် ဖြစ်ပြီး  ယနေ့အထိ အဆင့်မလျောပဲ ကမ္ဘာတ၀ှမ်း လှည့်လည်ပြသနေရဆဲ  နာမည်ကြီးကျော်ကြားနေဆဲ ကားပေါ့။

စူပရီမီကြီး  ဟစ်ခ်ျကော့ ဟာ ဒီလို ခက်ခဲ နက်နဲပြီး ရှုပ်ထွေးတဲ့ ဇတ်လမ်းတွေကို ဖန်တီးရိုက်ကူးရာမှာ အလွန် ပြောင်မြောက်တယ်လို့ နာမည်ကြီးသူပါ။ ဒါရိုက်တာ ဟစ်ခ်ျကော့နဲ့ သရုပ်ဆောင်မင်းသား စတီးဝပ် တို့ဟာ San Sebastian international Flim Festival မှာ ဒါရိုက်တာဆုနဲ့ သရုပ်ဆောင်ဆုကို ဆုလက်ခံရရှိခဲ့ကြတယ်။

အပြန်လမ်း

မေမေ့ရဲ့စာ
(Family Magazine, June, 2014)

သူတို့နှစ်ဦး စတင် ဆုံတွေ့ကြစဉ် ……

 ၂၀၀၃ခုနှစ်က ဟောလိဝုဒ် အကျော်အမော် သရုပ်ဆောင်  ဂျူဒ် လော (Jude Law) ဦးဆောင် ပါဝင်  ရိုက်ကူးခဲ့တဲ့ ကားကောင်းတခုပါ။ Cold Mountain  တဲ့။ အလွန် နာမည်ကြီးခဲ့တဲ့ ကားပါပဲ။ အမေရိကန် ပြည်တွင်းစစ်ကို အခြေခံပြီး ဒါဏ်ရာရ တပ်ပြေးတယောက် အိမ်အပြန်လမ်းမှာ ဆင်းရဲဒုက္ခရောက်ရပုံ လူအမျိုးမျိုး စရိုက်အမျိုးမျိုး တေ့ွကြုံ့ရပုံနဲ့ စစ်ရဲ့ အနိဋ္ဌာရုံ တွေကို ထိထိမိမိ ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်တယ်။  စစ်ကို ငြီးငွေ့ လာသည်နှင့်အမျှ အိမ်သူ မိန်းခလေးနဲ့  ပျော်ရွှင်စွာ ပေါင်းစည်း နေထိုင်ကြဖို့အခွင့်ကို မျှော်လင့်ရင်း  တပ်ကို သူက အပြီးတိုင် စွန့်ခွာခဲ့တာပါ။မျှော်လင့်ခြင်း။တမ်းတခြင်း နဲ့ သစ္စာတရားတို့ဖြင့်လည်း ထုံမွှန်းထားတဲ့ အချစ်ဇတ်လမ်းကလေး တခု ဆိုရင်လည်း မမှားပါဘူး။ မြူးကြွ သွက်လက်တဲ့ တောင်ပ်ါသားတို့ရဲ အက အလှ ဂီတကိုလည်း မြင်ရ ကြားရ နိုင်သလို The Scarlet Tide နဲ့    You Will be My Aim True Love စတဲ့ ဇတ်ဝင် တေးသီချင်းတွေဟာ မြူးကြွပြီး လူကြိုက် အများဆုံးဖြစ်ခဲ့တာမို့  အကယ်ဒမီအတွက်လည်း ရာထားခံခဲ့ရတယ် တဲ့။

Friday, July 04, 2014

အိပ်မက်ရထား

စုမီအောင်ရဲ့စာ(Idea Magazine, May, 2014)

သူ ဒီရထားဘူတာရုံကြီးထဲမှာ ရောက်နေတာကြာပြီ။ စင်္ကြံအမှတ် ၆ ရဲ့ခုံတန်းတစ်ခုမှာ ထိုင်ပြီး ဘူတာစဉ်တွေ အချိန် တွေနဲ့ သွားနိုင်တဲ့ နယ်မြေတွေ အတိအကျစာရင်းပြုစုထားတဲ့ ရန်ကုန်မြို့ပတ်အချိန်စာရင်းနဲ့မြေပုံအညွှန်းစာရွက်ကိုပဲ ခဏခဏ ဖြန့်ဖြန့်ကြည့်နေမိတယ်။ ည ၆း၃၀ နာရီ အထူးမြို့ပတ်ရထားကို သူ စောင့်တယ်။ ဟိုဟိုသည်သည် မျက်လုံးဝေ့ကြည့်တယ်။ ပြီးတော့ လက်ထဲက ခေါက်ကိုင်ထားတဲ့ ရထားစဉ် လမ်းညွှန် စာရွက်ကို  ပြန်ဖြန့်ကြည့် ပြန်တယ်။ RBE aircon ရထား လက်ဝဲရစ်/ လက်ယာရစ် အခေါ်အဝေါ်တွေနဲ့ ရှုပ်ယှက်ခတ်နေတဲ့ စာရွက်ကို စာဖြေဖို့ရှိတဲ့ ကျောင်းသားတစ်ယောက် ကျောင်းစာအလွတ်ကျက်မှတ်သလိုမျိုး အချိန်နာရီတွေ၊ ဘူတာခရီးစဉ်တွေ စသဖြင့်သူ့မှတ်ဥာဏ်ထဲ ရိုက်သွင်းနေမိပြန်တယ်။ ပြီးတော့ အဲဒီစာရွက်ကို ပြန်ခေါက်ပြီး ရှပ်အကျီအိတ်ကပ်ထဲ ထိုးထည့် သိမ်းလိုက်ပြန်တယ်။ ဟိုဟိုသည် သည်ကြည့်တယ်။ နာရီကိုကြည့်တယ်။ အခုမှ ၆နာရီပဲ ရှိသေးတယ်။ ရထားမလာသေးဘူး။ မလာသေးတာပဲ ကောင်းတယ်လို့ သူ ဖော့ပြီးတွေးတယ်။ လာရင် ခရီးစဉ်က မြန်မြန်ပြီးဆုံးသွားပြီး အိမ်ကို သူ မြန်မြန်ပြန်ရောက်သွားလိမ့်မယ်။ ဒါကိုလည်း သူ မလိုလားဘူး။ ဒါပေမဲ့ ရထားကိုလည်း မြန်မြန် ရောက်လာစေချင်နေတယ်။ သူ့ စိတ်ထဲ လှုပ်ရှား နေတယ်။ မလုပ်ဖူးတဲ့ အလုပ်တစ်ခုကို အခုပဲ စလုပ်ကြည့်ရမှာ။

သမိုင်းတစ်ခု အိပ်မက်တစ်စ ဂစ်တာသံတွေလျှံတဲ့ည

စုမီအောင်ရဲ့စာ
Zigzag
(Yati Magazine, March, 2014)
 ဆောင်းရဲ့လက်ကျန် အေးမြမြ အငွေ့အသက်က ညနေခင်းကို တိုးဝင်မလာနိုင်ခဲ့။ မိုင်ဒါကွင်းထဲက ညနေခင်းတစ်ခုမှာ လူတွေ ခြေချင်းလိမ်ယှက်နေကြ။ ဂီတကိုချစ်တဲ့လူတွေ အမှန်က ဂစ်တာကို ချစ်မြတ်နိုးတဲ့ လူတွေ။ အကြီးစား stage တစ်ခုနဲ့ small stage တစ်ခုကြား ခပ်မြင့်မြင့်သွယ်တန်းထားတဲ့ ကြိုးတန်းတစ်ခုမှာ Jonathan Dzai ရဲ့လက်ရာ ဂစ်တာသမားတွေရဲ့ ရုပ်ပုံပိုစတာတွေက  လှုပ်လှုပ်ခါခါ။ ဒါ ငါတို့ကြိုက်တဲ့ မြန်မာပြည်က ဂစ်တာသမားတွေ။  ပြင်းပြင်းရှရှထွက်ပေါ်နေတဲ့ ဂစ်တာသံတွေဆီ ခြေလှမ်းတွေ တရွေ့ရွေ့တိုးဝင်ချဉ်းကပ်လိုက်ကြ။ small stage ဆီမှာ ဂစ်တာသမားကြည်သာဟိန်း တီးခတ်နေ။
“ဒီဘဲက တော်တော်ကောင်း တဲ့လက်၊ ဘာလို့ဒီမှာလာတီးနေတာလဲ၊ ကျွတ်…ဟိုstage မှာ တက်ဖြဲရမှာ”
လူတစ်ယောက်ဆီက မချိတင်ကဲ အန်ကျလာတဲ့အသံတစ်စက ဖုန်အလိမ်းလိမ်းပေကျံနစ်မြုပ်သွားခဲ့။
music band  ၄ band၊ stage အနိမ့်အမြင့် ခွဲခြားခြင်းမရှိဘဲ ကိုယ်ယုံကြည်ရာဂီတနဲ့ solo ဂစ်တာလက်စွမ်းပြသူ ဂစ်တာသမားနှစ်ဦး။
big stage နောက်ဘက်မှာတော့ မြန်မာပြည်က ဂစ်တာသမားတွေ…..ဂစ်တာကိုယ်စီလွယ်လို့ ရုံးစုရုံးစု၊ တချို့က ဓာတ်ပုံအရိုက်ခံ၊ တချို့က အမေးအမြန်းခံ။ တချို့က အချင်းချင်း ဂုဏ်ယူ လက်ဆွဲနှုတ်ဆက်လိုက်ကြ။
နာရီမိနစ် လက်တံတိုရှည်နှစ်ခုလုံး တစ်ထပ်တည်း ဇောက်ထိုးစိုက်ကျချိန်မှာ small stage လေးဆီက အသံဗလံတွေ ရပ်တန့်သွားခဲ့။ သကြားလုံးလေးတစ်လုံးကို စုပြုံအုံခဲနေတဲ့ပုရွက်ဆိတ်တွေ ဒိန်ခဲတုံးကြီးဆီ ရွေ့လျားချီတက်လာကြ။  big stage ပေါ်မှာ  လူတချို့sound check ….လုပ်။
“ အဆိုမပါဘဲ အတီးတွေချည်းပဲ ဖြစ်ပါ့မလား၊ ပရိသတ်က အားပေးပါ့မလား” music နဲ့ အလှမ်းဝေးပုံရပြီး ဂစ်တာသူရဲကောင်း တွေရဲ့ဖန်တီးနိုင်စွမ်းအားအပေါ် အယုံအကြည်နည်းသူ လူပြိန်းတစ်ယောက်ရဲ့ အသံ။
“ မင်းပြန်လိုက်တော့၊ အခုပဲ လှည့်ပြန်လိုက်တော့”သူရဲကောင်းတွေကို မီးကုန်ယမ်းကုန် အားပေးနားထောင်ဖို့ နှလုံးသားအသင့် ဖြစ်နေသူ လူငယ်တစ်ယောက်ရဲ့ စိတ်ပျက်လက်ပျက် တုံ့ပြန်သံ။ မျက်စိသူငယ်နားသူငယ် လူပြိန်းလေးကို အားမနာပါးမနာ ၀ိုင်းရယ်ချလိုက်တဲ့ ရယ်သံတွေ မို့လျှံပေါ်ထွက်လာ။
ပထမဆုံး တက်လာတဲ့ ဂစ်တာသူရဲကောင်း နိုင်ဇော်၊ ပထမဆုံးထုဆစ်ဖောက်ခွဲလိုက်တဲ့ နိုင်ငံတော်သီချင်းတေးသွားနဲ့အတူ လိုက်လံဟစ်အော် သီဆိုသံတချို့၊ “ ပြည်ထောင်စုကို အသက်ပေးလို့ ဒို့ကာကွယ်မလေ……”။ ဂစ်တာသံထက် သီဆိုသံက စူးရှကျယ်လောင် ထွက်ပေါ်နေခဲ့။ ကိုယ့်ဂစ်တာကိုယ်ထမ်းပိုးကာ stage ပေါ် တက်လာကြတဲ့ ဂစ်တာသမားတွေ၊ တစ်ယောက်ပြီးတစ်ယောက်၊ အရောင်စုံ၊ အသွေးစုံ၊ လက်စုံ၊ ဟန်စုံ၊ ဂစ်တာစုံ၊ အသံစုံ….မြန်မာပြည်မှာပြုလုပ်တဲ့ ပထမဆုံး Guitar Instrumental Show ခမ်းနားဝင့်ထည်မှု ဂုဏ်ရှိန်ပါဝါအောက်မှာ တီးခတ်သူ/နားထောင်သူ ရင်ခုန်သံချင်း စည်းချက်ကျနကာ ၀တ်မှုန်ကူးလိုက်ကြ။ ကိုယ်ပိုင်တံဆိပ်အမှတ်အသား ကိုင်စွဲကာ တက်လာကြ၊ အပြည်ပြည်ဆိုင်ရာတံဆိပ်အမှတ်အသား ကိုင်စွဲကာတက်လာကြ။ တစ်ယောက်က Rock, တစ်ယောက်က Bluse, တစ်ဦးက Jazz….အားလုံး မတူကွဲပြားစွာ ပေါင်းစည်းလိုက်ကြ။ Unity in Diversity အနှစ်သာရ ကို တီးခတ်သူ နားထောင်သူ အားလုံး မိုးကောင်းကင်အောက်မှာ အတူတကွ တူးဆွဖော်ဆောင်လိုက်ကြ။ ချစ်စမ်းမောင်၊ ဇော်မျိုးထွဋ်၊ ဒဲရစ်မေလာ၊ ညီညီ (Phase 2) ၊ Boy ၊ တိုးတိုး(Heaven Born)၊ အောင်သူ၊ ၊ ပက်ထရစ်၊ ဇော်မင်းသိမ်း၊ ဆန်းဝင်းအောင်(Dream Lover) ၊ Blessed ၊ Sun Ny ၊ ဇော်လတ်၊ ကျော်ကျော်၊ အောင်အောင်(Warrior)၊  ၀င်းမော်၊ ရန်နိုင် နဲ့ ကိုစိုင်း၊ အီတိုး၊ ၀ီလီ၊ ရွှေထွဋ်၊ လွှမ်းကျော်၊ Outsider ၊ Never Say Die နဲ့အတူ ရှားရှားပါးပါး အမျိုးသမီးဂစ်တာသူရဲကောင်းမလေး နုနုစိန်….။ မိုးသားနက်နက်၊ သန်းကောင်ယံညနက်နက်မှာ ဂစ်တာသမားအားလုံး ပေါင်းစုကာ Jamming အဖြစ် စိတ်ရောကိုယ်ပါ ဖောက်ခွဲပစ်လိုက်ကြ။ ထုံးစံအတိုင်း show တစ်ခုရဲ့နောက်ကွယ်မှာ အသံဗလံတွေက ပေါက်ကွဲလွင့်စဉ် လျှံကျလာခဲ့။ အင်တာနက်ကွန်ရက် facebook စာမျက်နှာ၊ ဂီတအညွှန်းရဲ့နံရံပေါ်ကpostတစ်ခု၊ `ဂစ်တာဆရာတွေ ၀ုန်းတဲ့ည´ရဲ့အောက်ခြေက comment တွေမှာ echoသံတွေ စီညံလာတဲ့အခါ စီစဉ်သူကြီးမှာ မနေနိုင်တော့ဘဲ သဘောထားအမှန်ကို တုံ့လှယ်ပက်ဖြန်းခဲ့ရပြီ။

Hi Everybody .I am Ghin Gar who arrange the Guitarist show .I am very welcome about all of your comment .
Thanks for the advice .This is is first show in Myanmar and we do our best .I know this is not perfect show but this is become great show.We face so many challenge for that show We set up 3 Drums set at stage .
1st Drum set use 14 track .Second one use 8 Track .Third Drum set use 7 Track .So Total 29 Track use only for drum .Normal show only 8 Track for drum .more than 3 show .For Guitar use 7 set of Guitar Amp .and 4 DI Line .
So Guitar line use 11 Line .Some Guitarist Use backing Music .Some use their own Head Phone .
Total 48 Track Mixer not enough line .So we are change in and out line for every guitarist at the show time .
Total 25 Guitarist and one guitarist come ,change 4 people set up(DRUM ,GUITAR,BASS,KEYBOARD).
So total 100 people performance at stage .This is equal to 3 time size of very big show .
Preparing the show 4 night 4 day we are working very heard.Our Audio and Lighting Crew are One night only 2 to 3 hour sleep . After show 2 person sick until now .So tired .Other country never do like so many band together on one stage .Minimum 2 Stage they ready ,But Myanmar how we can do .If we wait until that perfect time ,we don't know next how many year become that kind of show.Our big Stage only ready on 26th 1 pm .For new generation stage not start yet .So some friend advice me to say sorry to new guitarist to cannot play .
If I do, not much problem Because only 6 People register.But I say no I will set up for stage for New Guitarist.
We must take care them .We are hope new guitar player can come out at show .We must give place for them .We set up good system for them .All speaker are USA made and DRUM is same as Main Stage .
We do our best .I am staying at new player stage when they play .Because I like to see and I am not forget them .
We are not get any Sponsor for this show but I spent my own cash to make the show become Great Show .
I never change any plan because of budget .Yes some guitarist is no name but play .
They tell me if we are not play at that show when is next show I can play ?
So what should I do .I try my best already and please understand any false at show .I will Try better the next year .
This is my dream since from very young age .This show is for people of Myanmar and Now we can say to world we have G 25 Show .This is only I need and make me complete .(Ghin Gar)
29 January at 23:22
ဘာပဲဖြစ်စေ စီစဉ်သူက ရူးရူးမိုက်မိုက် စီစဉ်ခဲ့ပြီ။ တီးခတ်သူတွေက စူးစူးစိုက်စိုက် တီးခတ်ခဲ့ကြပြီ။ နားထောင်သူတွေလည်း ငတ်ငတ်မွတ်မွတ် နားထောင်ခဲ့ကြပြီ။ နောက်ထပ် နှိုင်းယှဉ်စရာ Guitar Instrumental Show အသစ်တစ်ခု မြန်မာပြည်မှာ နောက်တစ်ကြိမ် ထွက်ပေါ်မလာမချင်း ဒါသည် အကောင်းဆုံးဖြစ်သည် လို့ ကျွန်ုပ်တို့အားလုံး ပြတ်သားစွာ ယုံကြည်တတ်ဖို့ လိုသေးသည်။


Zigzag
(Yati Magazine, March, 2014)