Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, October 19, 2014

သိထားရမယ့် အစ္စရေးနဲ့ ပါလက်စတိုင်းအရေးကိစ္စတွေ (၁)

သိထားချင်တဲ့ အစ္စရေး နဲ့ ပါလက်စတိုင်းအရေးကိစ္စတွေ

(အစ္စရေး နဲ့ ပါလက်စတိုင်းပဋိပက္ခတွေ ပြင်းထန်နေတဲ့အချိန်တုန်းက ကိုယ်တိုင်သိချင်တာနဲ့ ရေးဖြစ်တာပါ။ စာတွေကတော့ အများကြီးရယ်။ ဖတ်ရတာ စိတ်ညစ်စရာကောင်းနေမလားပဲ။)

အစ္စရေး နဲ့ ပါလက်စတိုင်းဆိုတာဘာလဲ။ ဘာကြောင့်သူတို့ တိုက်ခိုက်နေကြတာလဲ။
အစ္စရေးဟာ ကမ္ဘာ့တစ်ခုတည်းသော ဂျူးဝစ်ရှ်နိုင်ငံတော်ပါ။ မြေထဲပင်လယ်အရှေ့ဘက်လေးမှာပဲတည်ရှိတယ်။ ပါလက်စတိုင်းကတော့ အာရပ်လူဦးရေအစုအဝေးဖြစ်ပြီး အစ္စရေးက အခုထိန်းချုပ်ထားတဲ့ကုန်းမြေဟာ သူတို့ရဲ့ဇာတိမြေပါ။ အဲဒီနယ်မြေကို ပါလက်စတိုင်းလို့ပဲ ညွှန်းဆိုတယ်။ အဲဒီနယ်မြေရဲ့ တစ်စိတ်တစ်ပိုင်း ဒါမှမဟုတ်အားလုံးကို အဲဒီအမည်နဲ့ပဲ ပါလက်စတိုင်းနိုင်ငံတော်ထူထောင်လိုကြတယ်။ အစ္စရေး-ပါလက်စတိုင်းပဋိပက္ခဟာ ဘယ်သူက ဘယ်မြေနေရာကိုရရှိမယ်။ ဘယ်လိုထိန်းချုပ်မလဲဆိုတာနဲ့ ပတ်သက်ပြီးဖြစ်ပွားတာပါ။ ဂျူးတွေနဲ့ အာရပ်မူုစလင်တွေဟာ နယ်မြေပြန်လည်ရယူနိုင်ရေးနဲ့ပတ်သက်တဲ့ သူတို့ရဲ့အခွင့်အရေးအတွက်တောင်းဆိုနေကြတယ်။ နှစ်ဦးလုံးကပဲ နှစ်ပေါင်းနှစ်ထောင်ကျော်ခန့်ကတည်းက သူတို့ပိုင်ဆိုင်ခဲ့တဲ့နယ်မြေလို့ ဆိုကြတယ်။ လက်ရှိနိုင်ငံရေးပဋိပက္ခတွေကတော့ ၂၀ရာစုအစပိုင်းမှာစတင်ခဲ့ကြတာပါ။ ဂျူးတွေနှိပ်စက်ညဉ်းပန်းခံရပြီး ဥရောပထဲထွက်ပြေးကြရင်း ဗြိတိသျှအင်ပါယာထဲက အာရပ်နဲ့ မူစလင်အများစုရှိနေတဲ့နယ်မြေကို မွေးရပ်ဇာတိအဖြစ်တည်ထောင်ချင်ကြတယ်။ အာရပ်တွေက အဲဒီမြေဟာ တရားသဖြင့်သူတို့ပိုင်ဆိုင်တဲ့နယ်မြေအဖြစ် ခုခံကာကွယ်လိုတယ်။ အစောပိုင်း UN အစီအစဉ်မှာ ဆုံးရှုံးသွားတဲ့မြေရဲ့ အပိုင်းကို အုပ်စုတစ်ခုစီကို ပေးမယ်စီစဉ်ကြပါတယ်။ ပြီးတော့ အစ္စရေးနဲ့ ပတ်ဝန်းကျင် အာရပ်နိုင်ငံတွေဟာ အဲဒီနယ်မြေမှာစစ်ပွဲများစွာ ဆင်နွှဲခဲ့ကြတယ်။ ဒီနေ့အရေးကိစ္စတွေမှာ အဲဒီစစ်ပွဲတွေထဲက စစ်ပွဲနှစ်ပွဲကြောင့် ထိခိုက်မှုရလာဒ်တွေရရှိကြတယ်။ တစ်ခုက ၁၉၄၈ မှာ ဆင်နွှဲတဲ့စစ်ဖြစ်ပြီး တခြားစစ်ပွဲကတော့ ၁၉၆၇ စစ်ပွဲပါ။

၁၉၆၇ စစ်ပွဲဟာ ဒီနေ့ပဋိပက္ခမှာ အထူးသဖြင့် အရေးကြီးလှတယ်။ West Bank နဲ့ ဂါဇာကမ်းမြောင်ဟာ အစ္စရေးရဲ့ ထိန်းချုပ်မှုအောက်မှာကျန်ရစ်တယ်။ အဲဒီနယ်မြေနှစ်ခုမှာ ပါလက်စတိုင်းလူဦးရေအများကြီးပဲရှိနေကြပါတယ်။ 
ဒီနေ့မှာတော့ West Bank ဟာ ပါလက်စတိုင်းအာဏာပိုင်ကမဆိုစလောက်လေးဘဲထိန်းချုပ်ထားနိုင်ပြီး အစ္စရေးတို့ရဲ့ ထိန်းချုပ်မှုအောက်မှာရှိကြတယ်။ အဲဒီအခြေအနေဟာ အခြေချနေထိုင်သူ (West Bank မှာ လူစုလူဝေးအမြဲကျယ်ပြန့်အောင်တည်ဆောက်ကြတဲ့ ဂျူးတွေ)ရဲ့  ပုံသွင်းမှုကြောင့်ပေါ်ပေါက်လာတာပါ။ အဲဒီမြေမှာ ပါလက်စတိုင်းလူမျိုးတွေကို ထိထိရောက်ရောက်ငြင်းဆန်ကြတယ်။ အစ္စရေးတပ်သားတွေဟာ အခြေချနေထိုင်သူတွေကို အကာအကွယ်ပေးပြီး အစ္စရေးတွေရဲ့လုံခြုံရေးကန့်သတ်ချက်အရ ပါလက်စတိုင်းတွေရဲ့ လှုပ်ရှားမှုတွေကို အတင်းအကျပ်ပြုတားမြစ်ထားပါတယ်။ ဂါဇာဟာ ဘာသာရေးအယူဝါဒတင်းကျပ်တဲ့အစ္စလာမ်မစ်ပါတီတစ်ခုဖြစ်တဲ့ ဟားမာ့စ် ကထိန်းချုပ်ထားတယ်။ အစ္စရေးက တားဆီးပိတ်ဆို့ထားပါတယ်။ ဒါပေမဲ့ မြေပြင်တပ်သားတွေနေရာယူထားတာမျိုးမဟုတ်ပါဘူး။ ပါလက်စတိုင်းအုပ်စုနှစ်စုဟာ ဧပြီ ၂၃ ရက်နေ့မှာ စေ့စပ်ညှိနှိုင်းလိုက်ကြတယ်။ ၂၀၀၇ ခုနှစ်ကတည်းကစလို့ ပထမဆုံးအကြိမ် နှစ်စုလုံးနဲ့သက်ဆိုင်တဲ့ ပါလက်စတိုင်းအစိုးရတစ်ရပ်ကို ပထမဆုံးအကြိမ်အဖြစ် စတင်ဖွဲ့စည်းလိုက်တယ်။ ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးမှုတွေဟာ ပြိုကွဲသွားပြီး ဇူလိုင်မှာ ဖြစ်ပွားခဲ့တဲ့ပဋိပက္ခဟာ အစ္စရေးနဲ့ ဟားမာ့စ်အကြား ထိန်းမနိုင်သိမ်းမရစစ်ပွဲတစ်ပွဲအဖြစ်သို့ အရှိန်မြင့်သွားခဲ့တယ်။ 
ပဋိပက္ခဖြေရှင်းဖို့ ကနဦးချဉ်းကပ်မှုမှာ two-state solution အဖြစ်ပါ။ ဂါဇာနဲ့ West Bank နေရာအများစုမှာ လွတ်လပ်တဲ့ပါလက်စတိုင်းနိုင်ငံတော်အဖြစ်တည်ထောင်ဖို့ပြီး ကျန်တဲ့မြေဒေသတွေကို အစ္စရေးအဖြစ်ထားရှိပေးဖို့ဖြစ်ပါတယ်။ two-state သီအိုရီအရတော့ ရှင်းလင်းနေပေမယ့် နှစ်ဘက်လုံးဟာ လက်တွေ့မှာ ဘယ်လိုအလုပ်လုပ်ကြမလဲ စူးစူးစိုက်စိုက်သတိထား ဝေခြမ်းနေကြတုန်းပါ။ 
တခြားရွေးချယ်စရာနည်းလမ်းဆိုရင် two-state solution ကနေ one-state ပြောင်းလဲနိုင်ပြီး မြေနေရာအားလုံးကို အစ္စရေး ဒါမှမဟုတ် ပါလက်စတိုင်းတစ်ဦးတည်းကပဲ ပိုင်ဆိုင်စေတာပါ။ လေ့လာသူအများစုကတော့ ဒီနည်းလမ်းဟာ ဖြေရှင်းတာထက် ပြဿနာတွေပိုများစေဖို့ပဲဖြစ်လိမ့်မယ်လို့ ဆိုကြတယ်။ ဒါပေမဲ့ နိုင်ငံရေးနဲ့ ဒေသတွင်းအဖြစ်အပျက်စတဲ့အကြောင်းပြချက်တွေကြောင့် ဒီလိုအကျိုးဆက်ဖြစ်ပွားဖို့ အလားအလာရှိနေပါတယ်။

Zionism ဆိုတာဘာလဲ။
ဇီယွန်ဝါဒ (Zionism-ဂျူးနိုင်ငံထူထောင်ရေးဝါဒ)ဟာ အစ္စရေးရဲ့ အမျိုးသားရေးအတွေးအမြင်ပါ။ ဇီယွန်ဝါဒသမား(Zionist)တွေဟာ ဂျူးဘာသာဟာ လူမျိုး/ နိုင်ငံသားဖြစ်သလို ဘာသာရေးလည်း ဖြစ်ရမယ်။ ပြီးတော့ ဂျူးတွေရဲ့ ဘိုးဘွားပိုင်မြေနေရာ အစ္စရေးမှာ သူတို့ကိုယ်ပိုင်နိုင်ငံထူထောင်ဖို့ ထိုက်တန်တယ်လို့လည်းယုံကြည်ကြတယ်။ ပြင်သစ်လူမျိုးတွေဟာ ပြင်သစ်နိုင်ငံမှာရှိနေဖို့ ထိုက်တန်သလို၊ တရုတ်နိုင်ငံမှာ တရုတ်လူမျိုးတွေရှိနေသင့်တယ်ဆိုတဲ့သဘောမျိုးပါပဲ။ အဲဒီအတိုင်း ပထမနေရာဖြစ်တဲ့ အစ္စရေးကို ဂျူးတွေပြန်ယူဆောင်နိုင်ဖို့ ဖြစ်ပါတယ်။ အဲဒါကပဲ အစ္စရေးလူမျိုးတွေရဲ့နိုင်ငံနဲ့ အာရပ်တွေ၊ ပါလက်စတိုင်းလူမျိုးတွေ ပတ်သက်ကြတဲ့အဓိကအကြောင်းတရားပါ။

ဂျူးတွေဟာ ဘီစီ ၉၅၀ ခန့်က သမ္မာကျမ်းလာ ဘုရင်တွေဖြစ်တဲ့ ဒေးဗစ် နဲ့ ဆော်လမွန်ခေတ် သူတို့ရဲ့နိုင်ငံဖြစ်တည်မှုကို မကြာခဏနောက်ကြောင်းပြန်တယ်။ မော်ဒန်ဇီယွန်ဝါဒဟာ ဂျူးလူမျိုးတွေကာလကြာရှည်တမ်းတနေခဲ့တဲ့ ၁၉ ရာစုထဲက "ဇီယွန်နိုင်ငံဆီအပြန်" ကိုတည်ဆောက်လိုတဲ့ဝါဒပါ။ ဘာသာရေးအယူအဆပြင်းထန်မှုမရှိတဲ့ သြစတြီးယန်း-ဂျူးလူမျိုး ဂျာနယ်လစ် သီအိုဒိုဟာဇဲလ် ဟာ ဂျူးအမျိုးသားနိုင်ငံချစ်စိတ်မြည်ဟည်းကျော်စောစေဖို့ ၁၈၉၆ ခန့်မှာ နိုင်ငံတကာလှုပ်ရှားမှု ပထမဆုံးစတင်ခဲ့တယ်။ အဲဒီအချိန်ဟာ ဥရာပမှာ အမျိုးသားလွတ်လပ်ရေးစိတ်ဓာတ်တွေ တိုးတက်ဖို့ အစပြုလာခဲ့တဲ့အချိန်ပါ။ ဟာဇဲလ်ဟာ လူမဆန်တဲ့ဥရောပ ဂျူးမုန်းတီးရေးဝါဒ (Anti-Semitism)ကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရတယ်လို့ဆိုတယ်။ နောက်ပိုင်း ဂျူးလူမျိုးတွေဟာ သူ့တို့ကိုယ်ပိုင်ဖြစ်တဲ့တိုင်းပြည်မဟုတ်တဲ့အပြင်ဘက်မှာ ဘယ်တော့မှမရှင်သန်နိုင်ဘူးဆိုတဲ့ အယူအဆမျိုးလက်ခံယုံကြည်လာဆောင် သိမ်းသွင်းစည်းရုံးခဲ့ပါတယ်။ အခု အစ္စရေး/ ပါလက်စတိုင်းရောနှော ငဋိပက္ခဖြစ်နေတဲ့နေရာကို ဥရောပကနေ ဂျူးလူမျိုးတွေအစုလိုက်အပြုံလိုက်ပြောင်းရွှေ့ကြဖို့ လှုံ့ဆော်တဲ့ အက်ဆေးတွေရေးသားခဲ့တယ်။ ဆွေးနွေးပွဲတွေ စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။ ဟာဇဲလ်မလှုပ်ရှားခင်မှာ အဲဒီ အစ္စရေး/ ပါလက်စတိုင်းနေရာမှာ ဂျူး ၂၀၀၀၀ခန့်နေထိုင်ကြတယ်။ ဂျာမနီမှာ အဒေါဖ့်ဟစ်တလာအာဏာကြီးလာတော့  အရေအတွက် ၈ ဆများတဲ့ ဂျူးတွေနေထိုင်လာခဲ့ကြပါတယ်။

ဇီယွန်နစ်တွေဟာ အစိုးရကိုကာလအတော်ကြာသဘောမတူခဲ့သည့်တိုင် အစ္စရေးတွေဟာတည်ရှိနေသင့်တယ်လို့ အားလုံးက သဘောတူလက်ခံထားကြတယ်။ ဇီယွန်နစ်တွေအားလုံးက အစ္စရေးနိုင်ငံတည်ရှိမှုကို သဘောတူကြပေမယ့် အစ္စရေးအစိုးရလုပ်ဆောင်ချက်၊ မူဝါဒတွေအားလုံးကိုတော့ လက်ခံသဘောကျနေခဲ့ကြတာမဟုတ်ပါဘူး။ ယေဘူယျဆိုရရင် လက်ဝဲဇီယွန်နစ်တွေဟာ ၁၉၇၀ တိုင်အောင် နိုင်ငံရဲ့ နိုင်ငံရေးပိုင်းမှာလွှမ်းမိုးခဲ့တယ်။ အစ္စရေးတွေထိန်းချုပ်ထားတဲ့ ဒေသမှာ အာရပ်နိုင်ငံတွေနဲ့ ငြိမ်းချမ်းရေးအတွက် land-for-peace ကုန်သွယ်မှုတွေလက်ခံပြုလုပ်လိုတယ်။ နိုင်ငံရဲ့ စီးပွားရေးကို အစိုးရကပိုပြီးကြားဝင်ဆောင်ရွက်စေလိုတယ်။ ဘာသာရေးအယူပြင်းထန်တဲ့အစိုးရတစ်ရပ်ထက် ဘာသာစွဲမပြင်းထန်တဲ့အစိုးရကို နှစ်သက်ကြတယ်။ လက်ယာဇီယွန်နစ်တွေကတော့ land-for-peace အပေးအယူတွေကိုအယုံအကြည်မရှိဘဲ စီးပွားရေးမှာ ပိုပြီးလွတ်လွတ်လပ်လုပ်ကိုင်ဖို့ ယုံကြည်လက်ခံတယ်။ ဘာသာရေးနဲ့ နိုင်ငံရေး ရောနှောဆောင်ရွက်တာကို ပိုပြီးတော့လက်ခံကြတယ်။

အာရပ်တွေနဲ့ ပါလက်စတိုင်းတွေဟာ ယေဘူယျအားဖြင့် ဇီယွန်ဝါဒကို ဆန့်ကျင်ပါတယ်။ အစ္စရေးနိုင်ငံရဲ့ ဂျူးဝိသေသလက္ခဏာဖွင့်ဆိုပုံဖြစ်တဲ့ ဂျူးတွေမှာ တခြားသူတွေမရှိတဲ့အထူးအခွင့်အရေးမျိုးရရှိကြတယ်ဆိုတာကို ပြတ်ပြတ်သားသားဆန့်ကျင်တာပါ။ ဥပမာ-ကမ္ဘာ့ဘယ်နေရာမှာနေထိုင်တဲ့ဂျူးဖြစ်နေပါစေ အစ္စရေးနိုင်ငံသားဖြစ်ခွင့် ဆိုတာမျိုးပါ။ အာရပ်တွေမြင်ကြတာက ဇီယွန်ဝါဒဟာ ကိုလိုနီစနစ်အမျိုးအစားတစ်ခုအဖြစ်၊ ပါလက်စတိုင်းနယ်မြေကိုအပိုင်စီးချင်တဲ့အတွက် လူမျိုးရေးခွဲခြားမှု နဲ့ ပါလက်စတိုင်းတွေကို မဲပေးပိုင်ခွင့်မရှိဖြစ်ကျန်ရစ်နေအောင် စနစ်တကျလုပ်ဆောင်မှုတွေလို့ဆိုတယ်။ ဇီယွန်ဝါဒဟာ လူမျိုးကြီးဝါဒ၊ လူမျိုးရေးခွဲခြားဆက်ဆံရေးဝါဒပုံစံ လို့ တံဆိပ်တပ်လိုက်တဲ့ ၁၉၇၅ ခုနှစ် ယူအန်အထွေထွေအစည်းအဝေးဆုံးဖြတ်ချက်တစ်ခုကိုအတည်ပြုဖို့ တိုက်တွန်းခဲ့ကြတယ်။ ဒါပေမဲ့ ၁၅ နှစ်ကြာပြီးနောက်မှ ဇီယွန်ဝါဒကို ပယ်ဖျက်လိုက်တာပါ။

အစ္စရေးဟာ ဘာကြောင့် ပထမနေရာကတိုင်းပြည်ဖြစ်နေတာလဲ။

ဥရောပမှာ လူမှုရေး၊ နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုတွေများလာတဲ့အခါ ဂျူးတွေဟာ သူတို့ရဲ့ကိုယ်ပိုင်နိုင်ငံလိုအပ်တယ်လို့ လက်ခံယုံကြည်လာခဲ့တယ်။ သူတို့ရဲ့ဘိုးဘွားပိုင်မြေနေရာကိုသာနိုင်ငံထူထောင်ဖို့ အမှန်ကန်ဆုံးလို့ ထင်မြင်စေခဲ့တယ်။ ဥရောပဂျူးတွေအားလုံးထဲက ၉၀ ရာခိုင်နှုန်းလောက်ဟာ ဇီယွန်ဝါဒကိုလက်ခံလာကြတယ် ဘာကြောင့်လဲဆိုတော့ ဥရောပမှာ ဂျူးမုန်းတီးရေးဝါဒမြင့်တက်လာမှုကြောင့်ရယ်၊ ၁၇၇၀ ကနေ ၁၈၈၀ ခုနှစ်အထိပြုလုပ်လာခဲ့ကြတဲ့ Haskalah (Jewish Enlightenment) လှုပ်ရှားမှုကလည်း ဂျူးတွေကို ဘာသာရေးလွှမ်းမိုးမှုမရှိ လွတ်လပ်တဲ့အမျိုးသားရေးဝါဒ နဲ့ မိတ်ဆက်ပေးခဲ့တာကြောင့်လည်း တစ်စိတ်တစ်ပိုင်းပါဝင်တယ်။ ၁၈၉၆ နဲ့ ၁၉၄၈ ခုနှစ်အကြား ဂျူးသိန်းပေါင်းများစွာဟာ ဥရောပကနေ ဗြိတိသျှထိန်းချုပ်ထားတဲ့ ပါလက်စတိုင်းဆီ ပြန်ပြီးအခြေချခဲ့ကြတယ်။ 

အာရပ်တွေဟာ ဂျူးတွေစုပြုံကျလာတာကို ဥရောပကိုလိုနီစနစ်ရဲ့လှုပ်ရှားမှုတစ်ခုအဖြစ်မြင်ကြပြီး နှစ်ဦးသား ခါးခါးသီးသီးတိုက်ခိုက်လာခဲ့ကြပါတယ်။ ဗြိတိသျှဟာ အကြမ်းဖက်မှုကိုမထိန်းချုပ်နိုင်ခဲ့ဘဲ ၁၉၄၇ မှာ နိုင်ငံနှစ်ခုကို ခွဲခြမ်းဝေမျှဖို့ မဲပေးခဲ့တယ်။ မြေပုံထဲမှာပြသထားသလို အပြာရောင်နေရာကို အကြမ်းဖျင်း ဂျူးလူမျိုး ၆၅၀၀၀၀ ခန့်ဟာ အကုန်လုံးနီးပါး ပြောင်းရွှေ့ခဲ့ကြတယ်။ အာရပ်လူဦရေးအများစု(ဂျူးအုပ်စုတွေရဲ့ နှစ်ဆခန့်)ဟာ လိမ္မော်ရောင်မြေနေရာဆီသွားခဲ့ကြပါတယ်။ 

ဂျူးအခြေချနေထိုင်သူတွေဟာ အဲဒီအပေးအယူကို လက်ခံခဲ့ကြတယ်။ ပါလက်စတိုင်းတွေကတော့ ဂျူးတွေ မဆုံးနိုင်အောင်ပြောင်းရွှေတိုးချဲ့လာပြီး သူတို့ကို အဝေးတွန်းထုတ်ပြစ်လိုက်မယ့်အစီအစဉ်လို့မြင်လာတဲ့အတွက် တိုက်ခိုက်မှုတွေဖြစ်လာကြတော့တယ်။ အာရပ်နိုင်ငံတွေဖြစ်တဲ့ အီဂျစ်၊ ဂျော်ဒန်၊ အီရတ် နဲ့ ဆီးရီးယားတို့အားလုံးဟာ အစ္စရေးကို စစ်ကြေညာခဲ့ကြတယ်။ (ဒါပေမဲ့ ပါလက်စတိုင်းတွေကိုတော့ ခုခံကာကွယ်မပေးပါဘူး။)

အစ္စရေးတပ်တွေဟာ ပါလက်စတိုင်းပြောက်ကျားတွေနဲ့ အာရပ်စစ်တပ်တွေကို အနိုင်ယူခဲ့ပြီး အဲဒီပြင်းထန်လှတဲ့ပဋိပက္ခမှာ ပါလက်စတိုင်းအရပ်သား ၇၀၀၀၀၀ ခန့် ဒုက္ခသည်တွေဖြစ်ခဲ့ရပါတယ်။ ယူအန်အခန်းကဏ္ဍအဖြစ် ဗြိတိသျှပိုင် ၅၆ ရာခိုင်နှုန်းခန့်ကို ဂျူးနိုင်ငံအတွက် ပေးဖို့ကတိပြုစေခဲ့တယ်။ စစ်ပွဲအပြီးမှာ အစ္စရေးက West Bank နဲ့ ဂျော်ဒန်ထိန်းချုပ်ထားတဲ့ ဂျေရုဆလင်အရှေ့ပိုင်းကလွဲလို့ အားလုံး ၇၇ ရာခိုင်နှုန်းခန့် ပိုင်ဆိုင်သွားခဲ့ပါတယ်။ ဂါဇာကမ်းမြောင်က အီဂျစ်ထိန်းချုပ်ထားတာပါ။ အစ္စရေးလူမျိုးတွေအတွက် နိုင်ငံတစ်ခုကျန်ရှိခဲ့ပေမဲ့ ပါလက်စတိုင်းတွေအတွက်တော့ ဘာမှ မရရှိခဲ့ကြဘူး။

Nakba ဆိုတာဘာလဲ။
၁၉၄၈ စစ်ပွဲဟာ ပါလက်စတိုင်း ၇၀၀၀၀၀ ခန့်ကို သူတို့ရဲ့ နေအိမ်တွေကနေ လွင့်စင်သွားအောင်ဖန်တီးခဲ့တယ်။ တွယ်ရာမဲ့ဒုက္ခသည်တွေရဲ့ ပြဿနာဟာ အခုထက်တိတိုင် မဖြေရှင်းနိုင်ကြသေးဘူး။ ပါလက်စတိုင်းတွေက ဒါဟာ ဥပဒေဘောင်တွင်းကနှင်ထုတ်ခဲ့တဲ့မှုကြီး "ကပ်ဘေး" (အာရေဗျလို Nakba) လို့ နာမည်ပေးခဲ့ကြပါတယ်။ အဲဒီအမွေအနှစ်ဟာ ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးပွဲတွေလုပ်ရင် ဖြေရှင်းရခက်ခက်ဖြစ်ရဆုံးသောကိစ္စတွေထဲက တစ်ခုအဖြစ် ကျန်ရှိနေဆဲပါ။

အံ့သြစရာတော့မကောင်းလှပါဘူး။ ပါလက်စတိုင်း နဲ့ အစ္စရေးတွေရဲ့ ပါလက်စတိုင်းဒုက္ခသည်တွေမွေးဖွားပေါ်ထွက်ခဲ့ရတဲ့ အရေးအခင်းကာလအပေါ်မြင်တဲ့အမြင်တွေ အလွန်အမင်း ကွဲပြားပါတယ်။ နှိုင်းယှဉ်ကြည့်ရရင် ပါလက်စတိုင်းတွေက မြင်တာက ပါလက်စတိုင်း-အာရပ်တွေကို လူမျိုးတုန်းသတ်ဖြတ်ဖို့ ဂျူးတွေရဲ့ကြိုတင်ကြံရွယ်ထားတဲ့တိုက်ပွဲတစ်ခုအဖြစ်ပါ။ အစ္စရေးတွေကတော့ အာရပ်လူမျိုးတွေ၊ အာရပ်စစ်တပ်တွေ ကောက်ကာငင်ကာ ထွက်ပြေးရတာကို ကံမကောင်းတဲ့ စစ်ကာလထိခိုက်မှုတွေလို့ပဲ အပြစ်တင်ကြပါတယ်။ ဒီနေ့မှာ ပါလက်စတိုင်းဒုက္ခသည် ၇ သန်းကျော်ရှိနေပါတယ်။ ၁၉၄၈ ခုနှစ် အိမ်ရာပစ်ထွက်ပြေးရသူတွေနဲ့ သူတို့ရဲ့သားစဉ်မြေးဆက်သူတွေပါ။ ပါလက်စတိုင်းတွေအဓိကတောင်းဆိုတဲ့ ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးပွဲတွေဆိုတာက အဲဒီဒုက္ခသည်တွေအတွက် တရားသဖြင့်ဆောင်ရွက်ပေးနိုင်ဖို့ဖြစ်ပါတယ်။ အများအားဖြင့်တော့ ၁၉၄၈ ခုနှစ်က အိုးအိမ်စွန့်လွှတ်ထွက်ပြေးခဲ့ရတဲ့ သူတို့ရဲ့မိသားစုတွေ အိမ်ကို ပြန်နိုင်ခွင့် right of return ပုံစံမျိုးဖန်တီပေးဖို့ တောင်းဆိုကြတာပါ။

အစ္စရေးက ဂျူးနိုင်ငံ ဒါမှမဟုတ် ဒီမိုကရက်တစ်အထောက်အထား မစွန့်လွှတ်နိုင်ပါဘူး။ right of return ကိုလက်မခံနိုင်ကြဘူး။ အာရပ် ၇ သန်း အစ္စရေးလူဦးရေထဲပေါင်းထည့်လိုက်မယ်ဆိုရင် အစ္စရေးရဲ့ စုစုပေါင်းလူဦးရေက ၈ သန်းခန့်ရယ်၊ အဲဒီနေရာမှာမူလကရှိနှင့်နေပြီးသား အာရပ် ၁.၅ သန်းရယ်ပေါင်းလိုက်ရင် ဂျူးတွေဟာ လူနည်းစုဖြစ်သွားအောင်လုပ်လိုက်သလိုဖြစ်မှာကို စိုးရိမ်ကြတယ်။ အဲဒါကြောင့် အပြီးသတ်အပေးအယူမှာ right to return လို့ ပါဝင်စေဦးတော့ အစ္စရေးတွေကတော့ ဆုံးဖြတ်ချက်ကိုလည်းငြင်းဆန်ကြမှာပါ။

စေ့စပ်ဆွေးနွေးမှုမှာ အဓိကပြဿနာတွေထဲက တစ်ခုဟာ အစ္စရေး၊ ပါလက်စတိုင်းတွေ နှစ်ဦးလုံးကလည်းလက်ခံပြီး ဒုက္ခသည်တွေအတွက် တရားမျှတမှုရရှိနိုင်မယ့်နည်းလမ်းဘယ်လိုရှာကြမလဲ ဆိုတာကိုပါ။ အချိန်အတော်ကြာ အဆိုပြုထားခဲ့တဲ့တောင်းဆိုမှုတွေကတော့ ငွေရေးကြေးရးအထောက်အပံ့ဖြစ်အောင် လျော်ကြေးပေးစေဖို့နဲ့ အစ္စရေးမှာ အကန့်အသတ်နဲ့ ပြန်လည်နေရာချထားပေးဖို့တွေ ဖြစ်ကြတယ်။ အဲဒီစိတ်ကူးတွေ အမှန်တကယ်အလုပ်ဖြစ်နိုင်မယ့် အသေးစိတ်အချက်အလက်တွေဆွေးနွေးတဲ့အခါတိုင်း နှစ်ဘက်ခေါင်းဆောင်တွေ ဘယ်သူကမှ သဘောမညီကြပါဘူး။

West Bank က ဘာလဲ။
West Bank ဟာ အစ္စရေးအရှေ့ဘက်ပိုင်း ကုန်းမြေတော်တော်များမျာါးဝင်တဲ့ နေရာပါ။ ပါလက်စတိုင်း ၂.၆ သန်းရဲ့ အိမ်ဖြစ်တယ်။ ပါလက်စတိုင်းနိုင်ငံတော်ရဲ့ အသည်းနှလုံးတည်ရှိရာနေရာဒေသလိုပါ။ ၁၉၆၇ မှာ အစ္စရေးက ထိန်းချုပ်လိုက်ပြီး ဂျူးအခြေချနေထိုင်သူတွေကို ရွှေ့ပြောင်းစေခဲ့တယ်။ ဒါပေမဲ့ ပါလက်စတိုင်းတွေနဲ့ (နိုင်ငံတကာအုပ်စုတွေက) အဲဒါဟာ ပါလက်စတိုင်းကုန်းမြေကို တရားမဝင်သိမ်းပိုက်ယူလိုက်တာလို့ ဆုံးဖြတ်ကြတယ်။ 

၁၉၆၇ ခုနှစ်မှာ အစ္စရေးဟာ အီဂျစ်၊ ဆီးရီးယား နဲ့ ဂျော်ဒန်တို့နဲံ စစ်ပွဲတစ်ပွဲဆင်နွှဲခဲ့ပါတယ်။ အစ္စရေးက အဲဒီစစ်ပွဲဟာ အီဂျစ်တွေတိုက်ခိုက်မှုဖြစ်အဲ့ဆဲဆဲအချိန်မှာ ကြိုတင်လက်ဦးမှုရယူခဲ့ရတဲ့စစ်ပွဲလို့ဆိုတယ်။ အာရပ်တွေက သဘောမတူပါဘူး။ အစ္စရေးပုံစံဟာ ရန်စရန်မူနေသူတစ်ဦးလို သံသယဖြစ်စရာကောင်းတယ်လို့ဆိုကြတယ်။ ခြောက်ရက်ကြာတဲ့အခါ West Bank နဲ့ ဂျော်ဒန်ဆီက အရှေ့ဂျေရုဆလင်ကို သိမ်းယူဖို့ စစ်ချီတက်ခဲ့ပါတယ်။

Six Day War (ခြောက်ရက်စစ်ပွဲ)လို့ ခေါ်ဝေါ်ခဲ့ကြတဲ့အဲဒီစစ်ပွဲအချိန်ကတည်းက West Bank ကို အစ္စရေးက ထိန်းချုပ်ခဲ့တာပါ။ ဂျူးတွေအတွက် အဲဒီသတင်းဟာ နှစ်သက်ပျော်ရွှင်ဖွယ်ရာသတင်းဖြစ်ခဲ့တယ်။ West Bank ဟာ ရှေးခေတ်ဂျူးနိုင်ငံတော်ရှိရာ အသည်းနှလုံးမြေနေရာဖြစ်ခဲ့တာကြောင့်ပါ။ အဲဒီနေရာဟာ ဂျူးမြင့်မြတ်တဲ့နေရာတွေအများကြီးရဲ့အိမ်ဖြစ်နေတယ်။ ဥပမာ အရင်က ဂျူးတွေအသွားအလာမရှိရအောင်တားမြစ်ဖြတ်တောက်ထားခဲ့တဲ့ ဟီဘရွန်မြို့တော်က Cave of Patriarchs လည်းပါဝင်နေတယ်။ အစ္စရေးတွေ West Bank ကို စစ်ရေးအုပ်ချုပ်မှုယူလိုက်တယ်ဆိုတော့ အဲဒီဒေသမှာရှိတဲ့ပါလက်စတိုင်းအားလုံးအတွက်က အစ္စရေးအမိန့်သြဇာအောက်မှာ နေထိုင်ဖို့ မပျော်ရွှင်ကြတော့ဘူး။ 

အစ္စရေးနဲ့ West Bank နယ်နိမိတ်မှာ ငြိမ်းချမ်းရေးအပေးအယူပုံစံတွေ ပြောင်းလဲရမယ့်အခြေအနေဖြစ်နိုင်လိမ့်မယ်။ West Bank မှာ ဂျူးအခြေချသူတွေ ၅၀၀၀၀၀ ခန့် နေထိုင်နေကြတယ်။ အများစုက အစ္စရေးမြေနေရာနဲ့နီးတဲ့ နယ်နိမိတ်အနီးမှာနေထိုင်ကြတာပါ။ two-state အပေးအယူမှာ နယ်နိမိတ်အနီးအခြေချမှုတွေမှာ အစ္စရေးမြေဖြစ်လာခဲ့ရင် အဲဒီအခြေချသူတွေ West Bank ကို ထွက်ခွာရလိမ့်မယ်။ အပြန်အလှန်အားဖြင့် အစ္စရေးကလည်း မြေနေရာတချို့ကို ပါလက်စတိုင်းကိုပေးရပါမယ်။ အဲဒါကို "ကုန်းမြေဖလှယ်ခြင်းတွေ" လို့ ခေါ်နိုင်မှာပါ။ အစ္စရေးနဲ့ ပါလက်စတိုင်းခေါင်းဆောင်တွေဟာ ဘယ်နေရာကို နယ်နမိတ်မျဉ်းသတ်မှတ်ရေးဆွဲကြမလဲ အသေးစိတ်စဉ်းစားကြရင်း သဘောတူညီမှုမရနိုင်ကြသေးဘူး။

ဖြိုးဖြိုး

No comments: