Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Sunday, August 24, 2014

ခေတ်က အချစ်ကို ပစ်မယုံလိုက်ဖို့ သင်ပေးနေတဲ့အခါ

စုမီအောင်
Chillies journal
ခေတ်က အချစ်ကို ပစ်မယုံလိုက်ဖို့ သင်ပေးနေတဲ့အခါ ……..

တစ်ယောက်ကတစ်ယောက်ကို ပစ်ပုံကာ မယုံလိုက်ဖို့ ခေတ်ကသင်ပေးနေတဲ့အခါ ဘ၀တွေက နိစ္စဓူဝ ကတောက် ကဆတ်ဖြစ်နေကြရတယ်။

xxxxxxx

The Eyes ကုမ္ပဏီရဲ့အစည်းအဝေးခန်းဟာ ကွာစေ့ချကျွေးရတော့မလို အသုဘအိမ်အလား တိတ်ဆိတ်နေတယ်။ ဒေါ်ဖြူပြာ စိုးဝေရဲ့အသံတစ်ခုက လွဲပြီးပေါ့။ ဇူးဇင်ဇော် က ကော်ဖီကို တစ်ကျိုက်ဆွဲယူသောက်လိုက်ရင်း သူ့ဘေးက ရည်ဝေေ၀ထူး ကို ငဲ့စောင်းကြည့်မိတယ်။ စိတ်ပျက်စရာပဲ၊ မိန်းကလေးဖြစ်ပြီး ဒူးနှန့်နေလိုက်တာ။ ဇူးဇင်ဇော်ရဲ့အဘွားကတော့ အမြဲတမ်းပဲ ဆုံးမသွန် သင်ခဲ့တယ်။ ဒူးတွေ ခြေတွေ ပေါင် တွေ လှုပ်ခါယမ်းတတ်တဲ့အကျင့်ရှိတာ မကောင်းဘူး၊ ဘယ်တော့မှမလုပ်မိစေနဲ့၊ ယောက်ျားတွေ ဆိုရင်တော့ အကြောင်း မဟုတ် ဘူးတဲ့။ မိန်းမတွေလုပ်ရင် ပေါ့ပျက်ပြီးစိတ်ထားယုတ်ညံ့တဲ့မိန်းမ လို့ အများက သမုတ်ကြတယ်တဲ့။ ပေါ့ပျက်လားတော့ မသိဘူး၊ အင်မတန် စိတ်ပျက်စရာ ကောင်းတယ်လို့တော့ထင်တယ်။ ကြည့်ဦးလေ တစ်ခုံနဲ့တစ်ခုံ ကပ်အောင် ထိုင်နေရတဲ့ စည်းဝေးခန်းမထဲမှာ ခြေတစ်ဖက် ချိတ်ထိုင်ပြီး ခြေကိုလှုပ်ခါယမ်းနေတယ်ဆိုမှတော့ သူ့ဖိနပ်ဖျားက ဇူးဇင်ရဲ့ ငြိမ်ငြိမ်လေးချထားတဲ့ ခြေထောက်ကို လာလာတိုက်မိနေ တာပေါ့။ ဒါ လည်း ဆောရီးလေး ဘာလေးပြော၊ ပြန်ပြင်ထိုင်ရ ကောင်း မှန်းမသိဘူး။
“ကဲ ဘာမှပြောစရာမရှိဘူးလား။ အလုပ်ကိစ္စကျရင်တော့ အသံမထွက်ကြဘူး၊ မဟုတ်တရုတ်စကားတွေကျတော့ ပြော လိုက်ကြတာ အခန်းထဲမှာ ညံနေတာပဲ၊ အော်ဟစ်ပြောတယ် လက်ခုပ်လက်ဝါးတီးပြောတယ်။ လမ်းလျှောက်ပြောတယ်။ လက်ဖက်ရည် ဆိုင်မှာလည်း ကိုးရိုးကားရားတွေပြောတယ်။ မကျေလည်တာရှိ ဒီလို စုံညီ စည်းဝေးချိန်မှာ ပြောကြပါဆိုတော့ မပြောတတ်ကြတော့ဘူး။ အဲကွန်းခန်းထဲ အစားမစားကြပါနဲ့ဆိုတာလည်း မီးမှိတ် လူမရှိချင် ယောင်ဆောင်ပြီး ခိုးခိုးစားတယ်၊ ကလေးတွေလည်းမဟုတ်ဘူး၊ ဘယ်လိုဆိုဆုံးမရမလဲ”
ဒေါ်ဖြူပြာစိုးဝေ ရဲ့ခပ်ထန်ထန်မျက်နှာနဲ့အသံကြောင့် ဇူးဇင်ဇော် စားပွဲအောက်ရောက်နေတဲ့အကြည့်တွေကို ပြန်ရုပ်သိမ်းပြီး သူဌေးရဲ့စကားလုံးတွေထဲ အာရုံပြန်စိုက်ရတယ်။ ၀န်ထမ်းတွေ ဘာလုပ်လုပ် ဘယ်လိုနေနေ ကွယ်ရာမှာ ဘာပြောပြော သူပြန်ပြန် သိနေတာတော့ အံ့သြစရာပဲ။
“ ဒီတစ်လ Review တွေအားလုံး ငါကြည့်ပြီးပြီ၊ ဒီမှာ ဇူးဇင်ဇော် တဲ့၊ ဘယ်သူလဲ..ကဲ အားလုံးလက်ခုပ်တီးကြပါ”
            ဇူးဇင် ရုတ်တရက်ကြောင်သွားပြီး လက်ခုပ်လိုက်တီးမိသွားတယ်။
“ ဇူးဇင်ဇော်ရေးတဲ့ Review က အကောင်းဆုံးပဲ၊ ကျန်တာ ဘာမှအသုံးမကျဘူး၊ ဒီကဏ္ဍကြိုက်ပါတယ်၊ မကြိုက်ပါဘူး ဆိုတာလောက်တော့ လမ်းဘေးက ကလေးသွားမေးတောင် ပြောတတ်တယ်။ ကျန်တဲ့လူတွေက ကြိုက်တယ်မကြိုက်ဘူးတွေပဲ ပြောထားတယ် သိပ်ဆိုးတာပဲ ”
ဒီတော့မှ တစ်ယောက်ပြီးတစ်ယောက် ဖျစ်ညှစ်ပြောသံတွေနဲ့ အခန်းဟာ သက်ဝင်လှုပ်ခတ်လာတယ်။ အမှန်က ဒေါ်ဖြူပြာစိုး ဝေက ထက်မြက်ပြီး ဘွင်းခနဲရှင်းခနဲ စိတ်မြန်လက်မြန်ပြောတတ်တဲ့အမျိုးသမီးတစ်ယောက်ဆိုတော့ ဒါကို ၀န်ထမ်းတွေက မကြိုက်ကြ ဘူး။ ဇူးဇင်ဇော်ကတော့ ကြိုက်တယ်။ သူက ကိစ္စတစ်ခုကို သိချင်စိတ်ပြင်းပြတယ်။ ချက်ချင်းactionယူတယ်။ ခက်တာက တိုက်ရိုက် ကျတဲ့ ပွင့်လင်းတဲ့အပြောဒဏ်ကို ၀န်ထမ်းတွေကမခံနိုင်ကြတာ။ ဇူးဇင်ဇော်ကတော့ စိတ်ကို ပုံမှန်ပဲထားတယ်။ အများကြီး ၀မ်းမြောက် မနေသလို အများကြီးလည်း ၀မ်းနည်းမနေမိအောင် ကိုယ့်စိတ်ကိုယ် လေ့ကျင့်ယူထားတယ်။ အစည်းအဝေးပြီးတော့ ဇူးဇင်စိတ်ထဲ ကျဉ်းကျပ်သလို ခံစားနေရတယ်။ ဖုန်းထဲမက်ဆေ့ခ်ျလေးဝင်လာတယ်။
            “My Babe …waiting for u at Rain tea shop…”
အိုး ပျော်လိုက်တာ။ မင်းယံခ ဆီက။ “I´ll come to u ” လို့ပြန်ရိုက်လိုက်တယ်။မိုး လက်ဖက်ရည်ဆိုင်လေးကို အပြေးတစ်ပိုင်း ထွက်လာခဲ့တယ်။ ဆိုင်ရောက်တော့ မင်းယံခက စက္ကူကတော့လေးနဲ့ ထုပ်ထားတဲ့ သစ်ချသီးတွေ ပေးတယ်။
“ မိုင်ဘေးဘီ ရှဥ့်မလေးအတွက်” “ အိုး Buddy…ရှင်သိပ်တော်တာပဲ ”
သစ်ချသီးလေးတွေက ဒါလောက်မိုးအေးအေးမှာတောင် ပူနွေးနေတုန်းပဲ။ ဇူးဇင်ကြိုက်မှန်းသိလို့ လှော်နေတာကို စောင့်ဝယ် လာပေးတာ ဖြစ်မယ်။ မင်းယံခရဲ့အချစ်တွေကလည်း သစ်ချသီးလေးတွေလိုနွေးမြနေတယ်။ မင်းယံခ က ဓာတ်ပုံသမားလူငယ် တစ်ယောက်။ မဂ္ဂဇင်းတွေအတွက် ဓာတ်ပုံတွေရိုက်ပေးသလို သူ့အိမ်မှာ ကိုယ်ပိုင်photo studio ရှိတယ်။ မင်းယံခ တင်ထားတဲ့ ဓာတ်ပုံ လေးတွေကို facebookမှာ like လုပ်၊ c-boxကနေစကားပြောမိရာကနေ ဇူးဇင်နဲ့ ချစ်သွားတာ။ ဇူးဇင်က တော်ရုံတန်ရုံpost တွေကို Like လုပ်လေ့မရှိဘူး။ မင်းယံခရဲ့လက်ရာ ဓာတ်ပုံတွေက အမြင်ဆန်းတယ်၊ အယူအဆကောင်းတယ်၊ များသောအားဖြင့် သဘာဝရှုခင်းပုံ တွေနဲ့ အကောင်ပလောင်လေးတွေကို စောင့်ရိုက်ထားတဲ့ပုံတွေပဲ။ တခြားဓာတ်ပုံသမားတွေလို မိန်းကလေးမော်ဒယ်ပုံတွေ တင်လေ့မရှိ ဘူး။ မဂ္ဂဇင်းတွေမှာ ဖက်ရှင်အလှအပတွေ ရိုက်ပေးရလွန်းလို့ ရိုးအီနေပါပြီတဲ့။ မော်ဒယ်တွေဘယ်လောက်လှလှ သူစိတ်မ၀င်စားဘူးတဲ့ အလုပ်သဘောအရ ကောင်းအောင်လုပ်ပေးပြီးတာနဲ့ ခေါင်းထဲကနေထုတ်ပစ်လိုက်တာချည်းပဲတဲ့။ ဒီလို တည်ကြည်တဲ့ စိတ်ထားလေး တွေကြောင့်ပဲ ဇူးဇင်ကြွေသွားခဲ့တာ။ အခု လာမယ့်ဝါဆိုလပြည့်နေ့ဆိုရင် ချစ်သူသက်တမ်း တစ်နှစ်ပြည့်ခဲ့ပြီ။
“ မိုင်ဘေးဘီ ရှဥ့်ကလေး ဒီနေ့ရောဘယ်လိုလဲ”     
            သူဌေးကချီးမွမ်းတဲ့အကြောင်းပြောပြမိမလိုလုပ်ပြီးမှ ဇူးဇင်မပြောတော့ဘူး။ သူတစ်ပါးက ကိုယ့်ကို ချီးမြှောက်ပြောဆိုတဲ့ စကားလုံးတွေကို ကိုယ်တိုင်နှုတ်ကပြန်ပြောရတာ ကြွားလုံးထုတ်သလိုအနေအထားကြီးတွေမို့ ဇူးဇင်မပြောမိအောင် ဆင်ခြင်တယ်။ မိန်းကလေးတော်တော်များများကတော့ အဲဒီလို တစ်ဆင့်ခံနေတဲ့ကိုယ်ရည်သွေးတီးလုံးတွေ ကိုယ်တိုင်ထထတီးနေတတ်ကြတာပါ။ အရင်ကတော့ ဇူးဇင် အလုပ်ထဲကဖြစ်ပျက်သမျှ ၀မ်းနည်း/၀မ်းသာခံစားချက်တွေ မင်းယံခ ကိုတွေ့တာနဲ့ပြောမိတတ်တာပေါ့။ အခုနောက်ပိုင်း မပြောပါဘူး။ ချစ်သူနဲ့အတူရှိနေချိန်လေးမှာ အလုပ်အကြောင်း စကားထဲထည့်ပြောရင်း အချိန်တွေကုန်မှာစိုးလှတယ်။
            “ ရှဥ့်ကလေး အတွက် ဖိတ်စာ”
            လက်ထဲရောက်လာတဲ့ MYK photo studio ၂နှစ်ပြည့်ပွဲဖိတ်စာလေးကိုကြည့်ပြီး ဇူးဇင်နှာကစ်သွားတယ်။ တကယ်ဆို အရင်းနှီးဆုံးလူကို ကြိုပြောသင့်တာပေါ့။
            “ အို ဘာလို့ ကြိုမပြောတာလဲ၊ မနက်ဖြန်လုပ်မယ့်ဟာ မဂ္ဂဇင်းတွေ ဖိတ်ရဦးမယ်လေ”
            “ အကုန်ဖိတ်ပြီးပြီ၊ ရှဥ့်ကလေးအံ့သြသွားအောင်လို့ နောက်ဆုံးမှပြောတာ”
            “ သြော် ဒီလိုလား….”လို့ ပြောပြီး ဇူးဇင်တွေးနေတာက မနက်ဖြန် ဘာအ၀တ်အစားလေး ၀တ်ရရင်ကောင်းမလဲ ဆိုတာပါပဲ။
xxxxx
ဇူးဇင်က လုံခြုံတဲ့အကျီလေးတွေပဲ ၀တ်နေကျဆိုတော့ ဒူးဖုံးရုံလေးရှည်တဲ့ဂါဝန်လေးပဲ ၀တ်လိုက်တယ်။ မြောက်ဥက္ကာပ သဇင်လမ်း၊ ပထမထပ်မှာရှိတဲ့ မင်းယံခရဲ့စတူဒီယိုကိုရောက်လာတော့ တော်တော်တောင်နေမြင့်သွားပြီ။
“ ဟင် ဘယ်သူမှလဲမရှိပါလား”
“ ပြန်ကုန်ကြပြီ ရှဥ့်ကလေးရဲ့…သိပ်မလာကြဘူး ဝေးလို့ထင်တယ်၊ ပြီးတော့ လပြည့်နေ့ဖြစ်နေတော့ ရုံးပိတ်သလို အိမ်မှာ နားသူများ သွားပုံရတယ်”
“ အင်းလေ Buddy ရှင်တော်တော်ညံ့တာပဲ တကယ်ဆို ဘယ်နေ့လုပ်မယ်ဆိုတာကအစ ကျမနဲ့အရင်တိုင်ပင်ရမှာ၊ ပြီးတော့ ဖိတ်စာတွေ ဖိတ်ဖို့လည်း အတူတိုင်ပင်ရမှာ ခုတော့ ပြီးစလွယ်ပဲ..”
ဇူးဇင်စိတ်ပျက်သွားတယ်။ ဘာလို့ဒီလိုလုပ်ရတာလဲ သံသယ၀င်လာတယ်။ ဇူးဇင်ကို တမင် သူ့အခန်းလာလည်အောင် တစ် ဖက်လှည့်လုပ်တဲ့လုပ်ရပ်တွေလားပဲ။ တစ်ခါက ပြောခဲ့ဖူးတာ သတိရမိသွားတယ်။ ရှဥ့်ကလေးက မလွယ်ဘူး၊ ကိုယ်တို့အေးအေး ဆေးဆေးလေး တွေ့ရအောင်ပါဆို ဘယ်တော့မှ လက်မခံဘူး၊ ညာခေါ်ရမယ့်ပုံပဲ…တဲ့။ ဘုရားရေ။ ဇူးဇင် လန့်သွားတယ်။ အခန်းကို အကဲခတ်လိုက်တော့ ဓာတ်ပုံရိုက်ရာမှာအသုံးပြုတဲ့ ပစ္စည်းပစ္စယတွေ ရယ်၊ သောက်ပြီး မသိမ်းရသေးတဲ့ ကော်ဖီခွက်တချို့၊ နံနက်ခင်း စာ ဒင်းဆမ်းမုန့်လေးတွေထည့်ထားတဲ့ စားလက်စပန်းကန်ပြားလေးတွေရယ် မြင်တယ်။ ဒါတွေက မပြောပလောက်ဘူး။ လျှောက်ကြံ စည်ထားတာဖြစ်နိုင်တယ်။ သံသယကြောင့် ဇူးဇင်မပျော်တော့ဘူး။ မင်းယံခကို အပြင်ကို ဘယ်လိုခေါ်ထုတ်ရင် ကောင်းမလဲပဲ စဉ်းစားနေတယ်။
“ ရှဥ့်ကလေးမုန့်စားလေ”
            ဒင်းဆမ်းအပြည့်အသိပ်ထည့်လာတဲ့ပန်းကန်ကို ဇူးဇင်ကိုလှမ်းပေးပြီး ဓာတ်ဘူးထဲက လက်ဖက်ရည်တွေခွက်ထဲ လောင်းငှဲ့ ထည့်ပေးနေတယ်။ မင်းယံခပုံစံကတော့ အေးအေးလူလူပါ။ စိတ်ချသွားပြန်တယ်။ ဖက်ထုပ်မုန့်လေးတစ်ခု ကောက်ဝါးလိုက်ပြီး လက်ဖက်ရည်ခွက်ယူသောက်လိုက်တယ်။
“ခဏခဏလေး ရှဥ့်ကလေးအဲ့တိုင်းနေဦး..”
ပြောပြောဆိုဆို အနောက်ခန်းထဲ မင်းယံခပြေးဝင်သွားတယ်။ ပြန်ထွက်လာတော့ ကင်မရာကြီးနဲ့။ ဇူးဇင်ကို ဟိုကသည်က ချိန်ပြီးဓာတ်ပုံတွေ တဖျပ်ဖျပ်ရိုက်ယူတယ်။ “ရတယ် ရှဥ့်ကလေး လက်ဖက်ရည်သောက်ချင်သောက် နေချင်သလိုနေ”လို့လည်းပြော တယ်။ တမင်လုပ်နေတာလားပဲ။  “ရှဥ့်ကလေးက မလွယ်ဘူး၊ ကိုယ်တို့အေးအေး ဆေးဆေးလေး တွေ့ရအောင်ပါဆို ဘယ်တော့မှ လက်မခံဘူး၊ ညာခေါ်ရမယ့်ပုံပဲ…”ဆိုတဲ့ပြောဖူးတဲ့စစနောက်နောက်စကားတွေက ခေါင်းထဲဝင်လာတယ်။ ဇူးဇင်လန့်ထိတ်လာတယ်။ အလိုက်သင့်နေရင်းနဲ့ အပြင်ကို ဘယ်လိုအကြောင်းရှာထွက်ရကောင်းမလဲ အကြံထုတ်နေတယ်။ မင်းယံခ က ကင်မရာကိုချပြီး ဇူးဇင်အနားကပ်လာတယ်။ ဇူးဇင်ကိုယ်လေးက မတ်သွားတယ် လာမိတာငါမှားပြီး သူ ငါ့အနားကပ်ပြီး………..
“ ချလွမ်း ”
ရုတ်တရက် ဇူးဇင်မတ်တတ်ထရပ်လိုက်ရာက လက်ဖက်ရည်ခွက်ဟာ မင်းယံခရဲ့လက်နဲ့တိုက်မိပြီးအောက်ကျကွဲသွားတယ်။
“ ဟင် ဘာဖြစ်ရတာလဲရှဥ့်ကလေး”
“ ပြန်တော့မယ် Buddy ကျမ မနေချင်တော့ဘူး”
“ ကိုယ်ဓာတ်ပုံရိုက်ပေးမလို့လေ”
“ ရိုက်လေ ဟိုဘက်ကနေရိုက်ပေါ့ ဘာလို့အနားကပ်လာတာလဲ”
“ ဟ မင်းဆံပင်တွန့်တွန့်လေးတွေ၊ ဒီဘက်ကို ချရင်ပိုကောင်းမှာမို့ လာလုပ်ပေးတာကွ...”
“ အဲဒါပြောလိုက်လေ ပြောပါလား ဆံပင်ကိုချလိုက်…လို့”
“ပြောလိုက်ရင် အနေအထားပျက်သွားမှာပေါ့၊ အခုကျနေတဲ့အလင်းအမှောင်ရယ် ခွက်ကိုင်ထားတဲ့ပုံစံရယ် အကုန်ပျက် ကုန်မှာပေါ့ မင်း…..ကွာ..တောက်…! လက်စသတ်တော့ …မင်း ငါ့ကို ဘလိုင်းကြီး သံသယ၀င်တာ ပဲ….အိမ်မှာ ဘယ်သူမှ မရှိဘူး…မင့်ကိုငါက မဟုတ်တရုတ်လုပ်မယ့်ကောင်စားပေါ့ ဟုတ်လား…..မင့်အတွေး တော်တော်သေးသိမ်တာပဲ”
ဇူးဇင်ငြိမ်ကျသွားတယ်။ မင်းယံခ စိတ်ဆိုးတာ တစ်ခါမှ မမြင်ဖူးဘူး။ တကယ်စိတ်ဆိုးသွားလို့သာ မင်းတွေ ငါတွေ ကွတွေနဲ့ ဖြစ်ကုန်တာ။ ဇူးဇင် ဘာပြောရမှန်းမသိတော့ဘူး။ ငိုပဲ ငိုချင်လာတယ်။ ဘာလို့ ဒီလိုအတွေးဆိုးကြီးတွေးမိခဲ့ပါလိမ့်။ ဘာလို့ ရုပ်ပျက် ဆင်းပျက် လန့်ထိတ်မိပါလိမ့်။ တကယ်ဆို မင်းယံခက ချစ်သူပဲ။ အနားတိုးလည်း တိုးချင်မှာပေါ့။ နမ်းရင်လည်းနမ်းချင်မှာပေါ့။ အို မဟုတ်ဘူး ဒါ့ထက် ပိုကဲလွန်ကျူးလာမှာစိုးတာ။ ဒါ့ထက် လွန်ကျွံလာရင်ကော ဇူးဇင် ဘယ်လိုတုံ့ပြန်ရပါ့။ လွန်ကျွံလာမှ တစ်စုံတစ်ရာ တုံ့ပြန်ဆက်ဆံရကောင်းသား။ ခု..ဘာလို့များ….။ ဇူးဇင် ငြိမ်နေမိတယ်။ မင်းယံခ ကို မျက်လုံးဝင့်ကြည့်တော့ မျက်နှာတွေနီမြန်း မေးကြောတွေထောင်ထလို့၊ လက်သီးနှစ်ဖက်ဆုပ်ကျစ်ထားပြီး တောင့်တောင့်ကြီးရပ်နေတယ်။ ပြီးတော့ တံခါးရှိရာစိတ်မြန်လက်မြန် သွားပြီး သံတံခါးကို ဂျိုင်းခနဲကပ်သွားအောင် ဆွဲဖွင့်ပစ်တယ်။
“ သွားတော့ ဇူးဇင်ဇော်..မင်းငါ့ကို ဒီလိုကောင်စားလို့ထင်မြင်ရင် အခု ပြန်သွားလိုက်တော့”
ဇူးဇင်ဇော် မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျလာတယ်။ ဆိုဖာထိုင်ခုံမှာ ပြန်ထိုင်ချပြီး တအိအိနဲ့ ငိုမိတော့တယ်။
မင်းယံခ တကယ်ပဲစိတ်ဆိုးသွားပုံရတယ်။ ဇူးဇင်ကို မချော့ဘူး။ ဘယ်တတ်နိုင်မလဲ၊ တခြားလူတွေမရှိချိန်မှာ ဇူးဇင်လည်း ကြောက်လန့်တကြားလျှောက်တွေးမိတာပေါ့။ ဇူးဇင် အိတ်ကိုကောက်ကိုင်လိုက်တယ်။ မင်းယံခရှေ့ကပဲဖြတ်ပြီး `ဆောရီး´လို့ပြောပြီး ပြန်လာခဲ့တယ်။ မျက်ရည်တွေသုတ်ရင်း လှေကားထစ်လေးတွေကနေဆင်းလာလိုက်တယ်။ ကားလမ်းကူး၊ လမ်းလယ်ကောင်မှာ ကားအရှင်းစောင့်နေတုန်း လက်ကိုဖြည်းဖြည်းလေး ဆွဲကိုင်ဆုပ်တွဲလာတဲ့အထိအတွေ့လေးရတယ်။ ကားရှင်းချိန်မှာ ခြေလှမ်းညီညီ လှမ်းရင်း လမ်းအတူဖြတ်ကူးလိုက်ကြတယ်။ ပလက်ဖောင်းပေါ်ကို တက်လျှောက်လိုက်ကြတယ်။
            “ တောင်းပန်ပါတယ် Buddyရယ်…ကျမ ဘာလို့ သံသယ၀င်မိပါလိမ့်…….နော်”
“ခေတ်ကြောင့်ပေါ့….ဒီခေတ်ထဲမှာ မယုံနိုင်စရာ သမီးရည်းစားအခြေအနေတွေက ပွက်လောရိုက် ထကြွနေတာကိုး…၊ မျက်စိရှေ့မှာရော၊ အွန်လိုင်းပေါ်မှာတွေရော၊ ရပ်ကွက်ထဲမှာရော၊ စာအုပ်တွေထဲမှာရော၊ မြန်မာမှာရော၊ ကမ္ဘာမှာရော..နေရာအနှံ့ပဲ။ ရှဥ့်ကလေး မှန်ပါတယ်။ ကိုယ်တော်တော်ခံပြင်းသွားတယ်။ ကိုယ့်လိုလူစားကို မယုံလို့ တစ်လလောက်တော့ ပစ်ထားမလို့ …။ အခြေ အနေတွေ ပိုဆိုးကုန်ပြီး ဘာမဟုတ်တာလေးနဲ့ ဝေးသွားမှာစိုးလို့။ ချက်ချင်းလိုက်လာခဲ့တာ။ ကောင်းပြီလေ။ ကိုယ်မင်းကို ဘယ် တော့မှ ကိုယ့်စတူဒီယိုမခေါ်တော့ဘူး…. လို့ ဆုံးဖြတ်လိုက်ပြီ”
“ ကျမ လာမှာပါ တစ်နေ့နေ့ တစ်ချိန်ချိန် အပြီးအပိုင်လာနေမှာပါ….”
“ ကိုယ်စောင့်နိုင်သားပဲ ……..”
ကြည်လင်တဲ့ရယ်သံချိုချိုလေးတွေ ပလက်ဖောင်းပေါ် လွင့်စဉ်ပြုတ်ကျသွားတယ်။

စုမီအောင်
(ဓာတ်ပုံသမားလူငယ်လေးတစ်ယောက်ရဲ့တကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်လေးတစ်ခုပါ)

No comments: