Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, December 02, 2013

ကရင်မလင် vs အတိုက်အခံ စိတ်ဝိညာဉ်တိုက်ပွဲ

အမျိုးသားရေးဝါဒီတွေ စိတ်အားထက်သန်မှုပိုပြီးအရှိန်မြင့်လာခဲ့သလို ဗလာဒီမာပူတင်ရဲ့ အတိုက်အခံ ပြိုင်ဘက်တွေလည်း ခက်ခဲတဲ့ရွေးချယ်မှုတွေရင်ဆိုင်လာရတာပါပဲ။ ဒီစက်တင်ဘာလဆန်းပိုင်းမှာ ရုရှားအတိုက်အခံလှုပ်ရှားမှုဟာ သတိထားမိနိုင်လောက်တဲ့ကာလအဖြစ် အခမ်းအနားဆင်နွှဲနိုင်ခဲ့ကြတယ်။ အကျင့်ပျက်ခြစားမှုကိုဆန့်ကျင်သူ ဘလောဂ့်ဂါ အလက်ခ်ဆေးနာဗဲလ်နီ ဟာ ရုရှားကအရေးအပါဆုံးမြို့တော်ရဲ့ သြဇာအာဏာခံတပ်ကြီး “ကရင်မလင်”မှာ နေရာတစ်နေရာရလိုက်တယ်။ နာဗဲလ်နီအောင်မြင်ခဲ့တာကို စောင့်ကြည့်လေ့လာသူတွေက “နှလုံးရည်အောင်ပွဲ” တစ်ခုလို့ ညွှန်းဆိုခဲ့ကြပါတယ်။ ၂၀၁၂ The Wall Street Journal မှာ နာဗဲလ်နီဟာ “ဗလာဒီမာပူတင်အကြောက်ရဆုံးလူ” လို့တောင် ရေးသားဖော်ပြခဲ့တယ်။

စက်တင်ဘာ ၈ ရက်နေ့က မော်စကိုမြို့သားတွေဟာ မြို့တော်ဝန်အသစ်တစ်ဦးကိုရွေးချယ်ဖို့ ဆန္ဒမဲပေးခဲ့ကြတယ်။ သူတို့ရဲ့ မြို့တော်ဝန်ရွေးချယ်နိုင်ခွင့်က နာဗဲလ်နီ နဲ့ တာဝန်ထမ်းဆောင်ဆဲ မြို့တော်ဝန် ဆာဂေးဆိုဗျာနင် တို့ နှစ်ဦးရှိနေပါတယ်။ ဆာဂေးဆိုဗျာနင်ကတော့ သမ္မတ ဗလာဒီမာပူတင် မျက်နှာသာပေးထားတဲ့ကိုယ်စားလှယ်လောင်းပါ။ ပုံမှန်အခြေအနေတွေအတိုင်းဆိုရင် အမှန်တကယ်ပေးလိုက်တဲ့မဲဟာ မဆိုစလောက်လေး မလိုလားစရာရလာဒ်မျိုးဖြစ်သွားခဲ့ရင်၊ ရုရှားရဲ့ “စီမံအုပ်ထိန်းဒီမိုကရေစီနည်း” အရ၊ အဲဒီရလာဒ် ဇောက်ထိုးမိုးမျှော်ဖြစ်သွားမှာပါပဲ။ ရွေးကောက်ပွဲတွေရဲ့ ရလာဒ်ဟာ ပူတင်ရဲ့ တံဆိပ်တုံးခပ်နှိပ်အတည်ပြုချက်ပေါ်မှာပဲ ဆုံးဖြတ်လိုက်ကြတာပါ။ ရှင်ကသာ ကရင်မလင်ကိုအားပေးတဲ့ ကိုယ်စားလှယ်လောင်းဆိုရင် မီဒီယာပိုင်းရဲ့ထောက်ပံ့သတင်းပေးပို့တာ၊ အစိုးရဘက်တော်သားသြဇာရှိတဲ့သူဌေးကြီးတွေရဲ့ ငွေသားပေါပေါများများ၊ အုပ်ချုပ်ရေးပိုင်းအရာရှိတွေရဲ့ ကူညီစောင်မတာတွေနဲ့ စက်ရုံအကြီးအကဲတွေရဲ့ အောက်ခြေဝန်ထမ်းတွေကို မဲဘယ်လိုပေးရမယ်(ရှင့်ကိုပဲ မဲပေးရမယ်)ဆိုတဲ့တွန်းအားပေးမှုမျိုးတွေ၊ အဲဒီလိုအမြတ်တွေ ထောင်ပုံရာပုံရနှင့်နေပြီးသားဖြစ်မှာပါ။ ရှင့်ရဲ့ အတိုက်အခံက ဒုက္ခပေးနိုင်တဲ့အနေအထားမျိုး(မဲရနိုင်မယ့်အနေအထား)ရှိနေရင်တောင် အဲဒီ သူ ဒါမှမဟုတ် သူမဟာ ရုရှားရဲတွေရဲ့ မလိုလားတဲ့အာရုံစိုက်မှုတချို့ရရှိနိုင်ပါသေးတယ်။ မဲတစ်မဲဟာ အပေးအယူ တံဆိပ်တုံးခပ်နှိပ်လိုက်တဲ့အတိုင်းပဲ အတည်ပြုသွားမှာပါ။

နာဗဲလ်နီကိုယ်တိုင်တောင်မှ အလွဲသုံးစားလုပ်မှုနဲ့ ပြစ်ဒဏ်ချခံရတယ်။ အကြိမ်များစွာဖမ်းဆီးခံရဖူးပါတယ်။ ၂၀၁၂ ခုနှစ်မှာတော့ အဆိုးဆုံးပါပဲ။ အမှုစစ်ဆေးခံခဲ့ရပါတယ်။ ဒါပေမဲ့ သမာသမတ်ကျကျလေ့လာသူအများစုရဲ့ တွန်းအားပေးမှုနဲ့အမှုစစ်ဆေးမှုကနေ ပလပ်ပေးလိုက်တာပါ။ အမှုက လွတ်မြောက်လာခဲ့ပြီးနောက် မြို့တော်ဝန်ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။ နာဗဲလ်နီက သူ့ကိုယ်သူ “နေရှင်နယ်လစ်ဒီမိုကရက်” လို့ ရည်ညွှန်းတယ်။ နာဗဲလ်လီဟာ ရှေ့နေ့တစ်ဦး၊ လှုပ်ရှားတက်ကြွသူနိုင်ငံရေးသမားတစ်ဦးပါ။ မြို့တော်ဝန်ရွေးကောက်ပွဲမှာ RPR-PARNAS(Republican Party of Russia – People's Freedom Party) ပါတီရဲ့ ထောက်ပံ့မှုနဲ့ ဝင်ရောက်အရွေးခံနိုင်ခဲ့ပါတယ်။ ကရင်မလင် တွက်ချက်မှုမှားယွင်းသွားခဲ့တယ်ဆိုရမှာပါပဲ။ နာဗဲလ်နီဟာ ဗော်လန်တီယာတပ်သားအတော်များများ စုဆောင်းနိုင်ခဲ့တယ်။ အများစုကလူငယ်လေးတွေပါ။ အဲဒီလူငယ်လေးတွေဟာ စင်္ကြပလက်ဖောင်းတွေမှာ ဒုန်းဒုန်းဒိုင်းဒိုင်း မရပ်မနားလမ်းလျှောက်တယ်။ အိမ်တံခါးတွေမရေမတွက်နိုင်လောက်အောင် တဒေါက်ဒေါက်ခေါက်ခဲ့ကြတယ်။ နာဗဲလ်နီအတွက် မဲရနိုင်ဖို့ကြိုးစားကြတယ်။ မဲပေးတဲ့စနစ်ဟာ run-off နှစ်ကြိမ်မဲပေးရတဲ့စနစ်ပါ။ ဒုတိယ အကြိမ်မဲပေးတဲ့အချိန်မှာတော့ နာဗဲလ်နီ မဲ ၂၇ ရာခိုင်နှုန်းပဲစုဆောင်းနိုင်ခဲ့ပါတယ်။ နိုင်ငံရေးသုတေသနပညာရှင်တွေက နာဗဲလ်နီ မဲစုစုပေါင်းဟာ ပိုပြီးမြင့်နိုင်တယ်ဆိုပြီး မျှော်လင့်ခဲ့ကြတာပါ။ နာဗဲလ်နီနဲ့ သူရဲ့ People's Alliance အဖွဲ့သားတွေပူးပေါင်းပြီး မြင့်နေတဲ့ မဲအရေအတွက်အမှန်အတိုင်းဖော်ပြပေးဖို့လည်း တောင်းဆိုခဲ့ကြသေးတယ်။ ဒါပေမဲ့ အာဏာပိုင်တွေက ရွေးကောက်ပွဲလိမ်လည်မှုပြုလုပ်ပြီး အာဏာနေရာကို ပြန်ထိန်းထားလိုက်ကြပါတယ်။ “မော်စကိုမဲပေးသူတွေရဲ့ သုံးပုံတစ်ပုံဟာ ကျွန်တော်တို့ကို မျက်နှာသာပေးခဲ့ကြတယ်။ ကျွန်တော်သိပါတယ်။ အဲဒါ အောင်မြင်မှုတစ်ခုပါ” လူထုစည်းဝေးပွဲတစ်ခုပြုလုပ်ခဲ့အပြီးမှာ နာဗဲလ်နီကြေငြာခဲ့ပါတယ်။ “ကြီးမားတဲ့အတိုက်အခံအဖွဲ့၊ စစ်မှန်တဲ့နိုင်ငံရေးလှုပ်ရှားမှု ရုရှားမှာမွေးဖွားခဲ့ပြီ” လို့ သူကပြောတယ်။

သူ မှန်ရဲ့လား။ အဲဒါ တကယ်ပဲ ပူတင်ရဲ့နိုင်ငံရေးယန္တရားကြီးကို တန်ပြန် ချိန်ညှိနိုင်မယ့် အလားအလာရှိတဲ့မွေးဖွားခြင်းလား။ တကယ်ဆိုရင်တော့ အဲဒါဟာ ကြီးကျယ်တဲ့အောင်မြင်မှုပါပဲ။ ရုရှားမှာလိုအပ်နေတဲ့ အရာက လက်ရှိအာဏာရှင်ဆန်တဲ့အစိုးရစနစ်ကို ယှဉ်ပြိုင်နိုင်မယ့် တကယ့်လေးလေးနက်နက်အတိုက်အခံအဖွဲ့အစည်းတစ်ခုပါ။ ဒါပေမဲ့ ရုရှားအတိုက်အခံဘက်မှာက ပြဿနာတွေအများကြီးရှိနေဆဲပဲ။ လက်ရှိပူတင်ဆန့်ကျင်တဲ့လှုပ်ရှားမှုမှာ အစိတ်စိတ်အမြွာမြွာကွဲပြားမှုတွေက နက်ရှိုင်းနေတယ်။ စိတ်ရှုပ်စရာအခင်းအကျင်းမျိုးနဲ့ မကြာခဏအပြောင်းအလဲလုပ်နေကြတယ်။ ပါတီလေးတွေဟာ ဘာမှမဟုတ်တာလေးနဲ့လည်း ငြင်းခုန်နေကြတယ်။ ရံပုံငွေအထောက်အပံ့တွေနည်းပါတယ်။ စုစည်းမှု အားနည်းနေပါတယ်။ ပြီးခဲ့တဲ့ရက်အနည်းငယ်ကပဲ အတိုက်အခံမဟာမိတ်အဖွဲ့က  အရေးပါတဲ့နိုင်ငံရေးသမားကိုယ်စီကိုယ်စီ နှုတ်ထွက်ကုန်ကြတယ်။ အတိုက်အခံမဟာမိတ်အဖွဲ့ဟာ ပြီးခဲ့တဲ့နှစ်က ကြီးမားတဲ့ ပူတင်ဆန့်ကျင်ရေး ဆန္ဒပြပွဲဖြစ်ပွားနေတဲ့အချိန်အတောအတွင်း ဖွဲ့စည်းခဲ့တာပါ။ အဲဒီလိုနှုတ်ထွက်မှုတွေရဲ့ ရလာဒ်ကတော့ ဒီနှစ်ပိုင်းတွေမှာ ကရင်မလင်ကို စိန်ခေါ်နိုင်ဆုံးသော ပူးပေါင်းဆောင်ရွက်မှုအဆုံးသတ်သွားစေဖို့ပဲ ဖြစ်သွားပါတယ်။ မြို့ကြီးတွေတော်တော်များများမှာ ဒီမိုကရက်တွေဟာ အထင်ကြီးလောက်စရာလူထုစည်းဝေးပွဲတွေ စင်ထိုးပြီးဟောပြောနိုင်ခဲ့ကြဦးတော့ ရုရှားပြည်သူအများစုကတော့လစ်ဘရယ်အတွေးအခေါ်တွေကို စိတ်ဝင်စားပုံမရပါဘူး။ ခပ်အေးအေးပဲနေခဲ့ကြတယ်။

ဒါပေမဲ့ အဲဒါတွေက နည်းဗျူဟာဆိုင်ရာကိစ္စတွေပါ။ အတိုက်အခံဟာ အဆုံးမှာ ဘာအတွက်ရပ်တည်မှာလဲ၊ ဘယ်လိုမူဝါဒအပြောင်းအလဲမျိုးနဲ့ ခင်းကျင်းလာမှာလဲ ဆိုတဲ့ မေးခွန်းကရလာမယ့်အဖြေကမှ တကယ့်စိန်ခေါ်မှုအစစ် ဗျူဟာမြောက်အကြောင်းအရာပါ။

အနောက်မီဒီယာအများစုရေးတဲ့ ရုရှားအတိုက်အခံလှုပ်ရှားမှုသတင်းပေးပို့ချက်တွေမှာ တက်ကြွလှုပ်ရှားသူတွေကို အာရုံစိုက်လေ့ရှိတယ်။ အနောက်ပုံစံ နိုင်ငံရေးဖွံ့ဖြိုးမှုမျိုး(စစ်မှန်တဲ့ ပါလီမန်ဒီမိုကရေစီ/ ပြည်သူ့အခွင့်အရေး/ ဈေးကွက်စီးပွားရေးစနစ်)ကို ဦးတည်တဲ့ တက်ကြွလှုပ်ရှားသူတွေအကြောင်း ပိုပြီးဂရုစိုက်နေကြတယ်။ ဒါပေမဲ့ တကယ့် ပူတင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာတော့ အဲဒီလို လစ်ဘရယ်အယူအဆ၊ အတွေးအမြင်မျိုး လိုလိုလားလားလက်ခံခြင်းမရှိတဲ့ နေရှင်နယ်လစ်အုပ်စုတွေရဲ့အသံသာ ပိုလို့ညံ၊ ပိုလို့သာဆူဝေလာခဲ့တာပါ။ ခေါင်းဆောင်မှုနဲ့ဝေးနေတဲ့အဖွဲ့သားတွေကြားမှာ လူမျိုးရေး နဲ့ လူမျိုးစုအတွင်းပြဿနာတွေကိုသာ စိုးရိမ်ကြောင့်ကြလိုက်၊ ဒေါသခိုးဆူဝေလိုက်နဲ့၊ အဲဒီခံစားမှုတွေသာ အရှိန်မြင့်နေကြတယ်။ သူတို့ပြောတဲ့ စကားတစ်ခွန်းက “အတိုက်အခံ” ဟာ “လစ်ဘရယ်” လို့ အဓိပ္ပါယ်ဖွင့်ဖို့ မလိုအပ်ဘူးတဲ့။

ပြဿနာတစ်ခုက ယခင် ဆိုဗီယက်ပြည်ထောင်စု(USSR)ကခွဲခွာခဲ့တဲ့နိုင်ငံတွေ(အထူးသဖြင့် အာရှအလယ်ပိုင်းဒေသတွေ)ကနေ ရွှေ့ပြောင်းနေထိုင်သူတွေတစ်လှေကြီးလှိမ့်ဝင်နေပါတယ်။ ရုရှားဟာ အခုဆိုရင် ကမ္ဘာမှာ ယူနိုက်တက်စတိတ်ပြီးရင် ဒုတိယ ရွှေ့ပြောင်းလာသူအရေအတွက် အမြင့်ဆုံးရှိနေတဲ့နိုင်ငံပါ။ ခန့်မှန်းခြေစာရင်းမှာ နိုင်ငံခြားသား ၃.၆၅သန်းဟာ နိုင်ငံအတွင်းမှာ တရားမဝင်နေထိုင်နေကြပါတယ်။ ရုရှားရဲ့ မပြည့်စုံတဲ့လူဝင်မှုကြီးကြပ်ရေးမူဝါဒ နဲ့ အကျင့်ပျက်ခြစားတဲ့ စီးပွားရေးသမားတွေရဲ့ ကိုယ်ကျိုးရှားမှုကြောင့် ဈေးပေါတဲ့အလုပ်သမားအရေအတွက် ပိုလို့များများလာတာပါ။ မော်စကိုမှာ လတ်တလော ရွှေ့ပြောင်းနေထိုင်သူတွေကို နှိမ်နင်းမှုတွေဆက်တိုက်ပြုလုပ်ခဲ့တယ်။ အဲဒီအချက်ဟာ လူအခွင့်အရေးအဖွဲ့အစည်းတွေရဲ့ ထောက်ပြဝေဖန်စရာဖြစ်ခဲ့ပါတယ်။ မြို့တော်အစိုးရဟာ ဖမ်းဆီးထိန်းသိမ်းခဲ့သူ ၁၅၀၀ ခန့်ကို မြို့ပြင်အစွန်အဖျားက စခန်းတွေဆီပို့ပစ်ခဲ့တယ်။

ရုရှားရဲ့ မငြိမ်မသက်ဖြစ်နေတဲ့တောင်ပိုင်း(အထူးသဖြင့် ခွဲထွက်ရေးတောင်းဆိုနေတဲ့ မူဆလင်အများစုရှိရာ ဒါဂက်စတန် နဲ့ ချေချင်းညာဒေသ)မှာ အကြမ်းဖက်မှုတွေဆက်ပြီးဖြစ်နေတာဟာ မီးလောင်ရာလေပင့်တဲ့တင်းအားတွေပါ။ ဇူလိုင်မှာ မငြိမ်သက်မှုဟာ ရုရှားတောင်ပိုင်းမြို့တော် ပူဂါချက်ဗ်အထိ ပေါက်ကွဲကုန်တယ်။ ချေချင်းဆယ်ကျော်သက်တစ်ဦး ရုရှားအမျိုးသားတစ်ဦးကို ဓားနဲ့ထိုးခဲ့ပြီး၊ အဲဒီရုရှားအမျိုးသားသေဆုံးသွားခဲ့ပြီးတဲ့နောက်မှာဖြစ်ပွားခဲ့တာပါ။ အဲဒီလိုအကြမ်းဖက်မှုတွေဟာ ဖြစ်ပွားမှုနှုန်းအရေအတွက်များလာနေပုံပါပဲ။ ရုရှား နေရှင်နယ်လစ်အုပ်စုတွေကလည်း လက်ရှိအာဏာပိုင်တွေရဲ့ အထိန်းအကွပ် လျော့ရဲတာကြောင့်ဖြစ်ရတယ်ဆိုတာကို ထောက်ပြဝေဖန်လိုကြတယ်။ လူသိရှင်ကြားပြစ်တင်ဝေဖန်မှုတွေ တိုးပြီးပြုလုပ်လာကြပါတယ်။

နာဗဲလ်နီယုံကြည်တာက အဲဒီပြဿနာတွေဟာ အတိုက်အခံတွေစစ်မျက်နှာဖွင့်နိုင်ဖို့ အကောင်းဆုံးအခွင့်အလမ်းတစ်ခုအဖြစ်ပါ။ လူဝင်မှုကြီးကြပ်ရေးပြဿနာတွေမှာ မထိန်းသိမ်းနိုင်တာ၊ ရှုံးနိမ့်မှုတွေရှိနေတာကိုအမည်တပ်ပြီး ပူတင်အစိုးရကို တိုက်ခိုက်အပြစ်ဆိုပါတယ်။ သူ့ရဲ့ မြို့တော်ဝန်ရွေးကောက်ပွဲစည်းရုံးလှုံ့ဆော်စဉ်မှာ ရုရှားမှာဖြစ်ပွားတဲ့အကြမ်းဖက်ပြစ်မှုတွေနဲ့ပတ်သက်ပြီး ရွှေ့ပြောင်းနေထိုင်သူတွေမှာတာဝန်ရှိတယ်ဆိုတဲ့ အပြစ်တင်တဲ့စကားတွေထပ်ခါထပ်ခါပြောခဲ့တယ်။ (ဒါပေမဲ့ သူ အခိုင်အမာခေါင်းစဉ်တပ်နေတဲ့ကိစ္စကိုတော့ အရေးကြီးတဲ့အပိုင်း အချက်အလက်နဲ့ပေါ်လွင်အောင်မပြောခဲ့ပါဘူး) “ကျွန်တော့်အတွက်တော့ အဲဒါဟာ (ရွှေပြောင်းအခြေချသူဘယ်လောက်ဆိုတဲ့)အရေအတွက် ကိန်းဂဏန်းတစ်ခုအတွက်ပဲ မဟုတ်ပါဘူး။ ကျွန်တော့်အတွက် ခပ်ရှင်းရှင်းကိစ္စတစ်ခုကို ဖြစ်စေတယ်။ ဘာလဲဆိုတော့ ကျွန်တော့်အဆောက်အဦကအမျိုးသမီးတွေဟာ ညတွေ လမ်းမပေါ်ထွက်ရမှာ ကြောက်လန့်နေကြတယ်” လို့ နာဗဲလ်နီက ပြောခဲ့တယ်။

နာဗဲလ်နီရဲ့ နိုင်ငံရေးသက်တမ်းနှစ်တွေမှာ ထောက်ခံခဲ့ကြတဲ့အဖွဲ့သားတွေဟာအဲဒီကိစ္စကို ထူးပြီးအံ့အားသင့်မနေပါဘူး။ နာဗဲလ်နီဟာ နေရှင်နယ်လစ်အုပ်စု “Russian March” မှာ ပူးပေါင်းပါဝင်ပြီး ဟောပြောမှုတွေရှိတယ်။ နိုင်ငံခြားသားတွေရဲ့ဖြစ်တည်မှုကို ဗြောင်ကျကျေ ပြောဆိုဝေဖန်မှုတွေပြုလုပ်ခဲ့တော့ ပူတင်ဆန့်ကျင့်ရေးအုပ်စုက အတိုက်အခံအများအပြားဟာ နာဗဲလ်နီအပေါ်မယုံမကြည်ဖြစ်မှုတွေပိုများလာခဲ့ပါတယ်။ နာဗဲလ်နီဟာ လူမျိုးစုတွေအပေါ်စွပ်စွဲမှုတွေလည်းပြုလုပ်ခဲ့တယ်။ အတိုက်အခံဟာ တူညီတဲ့အတွေးအမြင်၊ အယူအဆမျိုးရှိသင့်တယ်ဆိုတဲ့ သူ့ရဲ့ယုံကြည်မှုနဲ့ ပတ်သက်ပြီး နာဗဲလ်နီက အားတုံ့အားနာမဖြစ်ပါဘူး။ ပြီးခဲ့တဲ့နှစ်နှစ်က အမေးအဖြေတစ်ခုမှာ နာဗဲလ်နီ ဒီလိုဖြေခဲ့သေးတယ်။

“ဒီအကြောင်းအရာကို ရှောင်ကြဉ်ရမယ့်ကိစ္စလို့ ကျွန်တော်တို့သဘောမထားသင့်ဘူးလို့ယုံကြည်တယ်။ ကျွန်တော်တို့ရဲ့ လစ်ဘရယ်ဒီမိုကရက်တစ်လှုပ်ရှားမှုရဲ့အရှုံးဟာ ဘာနဲ့ ဆက်သွယ်နေသလဲဆိုရင် တချို့အကြောင်းအရာတွေကို ဆွေးနွေးဖို့သိပ်ကိုအန္တရာယ်ကြီးတယ်ဆိုပြီး ရှောင်ဖယ်ထားတာနဲ့ဆိုင်တယ်။ လူမျိုးစုပဋိပက္ခ ပြဿနာတွေကို လူ့အခွင့်အရေးနဲ့ယှဉ်ပြီး မျက်နှာလွှဲပစ်နေကြတာမျိုး။ အဲဒါဟာ တကယ့်အရေးကိစ္စပါ။ ကော့ကေးဆပ်က ဝင်လာကြတဲ့ရွှေ့ပြောင်းနေထိုင်သူတွေအပါအဝင် (သူတို့ရဲ့ ကိုယ်ပိုင်လူမျိုးစုစံနှုန်းတွေစွဲကိုင်ပြီး ရုရှားကို ဝင်လာခဲ့ကြတာတောင်)ကျွန်တော်တို့ သူတို့ကို အသိအမှတ်ပြုလက်ခံပေးနေရတယ်။ ဥပမာဆိုရင် ချေချင်းညာမှာ ခေါင်းစည်းမပါဘဲ ဟိုဒီသွားလာတဲ့အမျိုးသမီးတွေကို ဆေးရောင်စုံပါတဲ့သေနတ်မျိုးနဲ့ ပစ်ပြီး အပြစ်ပေး/ အရှက်ရစေကြတယ်။ ပြီးတော့ ချေချင်းညာခေါင်းဆောင်ဖြစ်တဲ့ ရမ်ဇန်ကာဒီရော့ဗ်က “သိပ်ကောင်းတယ် ကိုယ့်လူတို့။ မင်းတို့ဟာ ချေချင်းညာလူထုရဲ့ တကယ့်သားကောင်းတွေပဲ” လို့ ပြောသေးတယ်။ ပြီးတော့ အဲဒီသဘောထားမျိုးရှိနေတဲ့ ချေချင်းညာကလူတွေ မော်စကိုလာကြတယ်။ ကဲ … ဒီမှာ ကျွန်တော့်ဇနီး နဲ့ သမီး ရှိနေတယ်”

အမေးအဖြေမှတ်တမ်းတွေပြန်ကြည့်ရရင် နာဗဲလ်နီဟာ အစွန်းရောက်လက်ယာသမားလို့တော့ ကျွန်မ မထင်မိပါဘူး။ ရုရှားမှာ အဲဒီလိုနေရှင်နယ်လစ်သဘေားထားရှိတဲ့သူတွေ အလျှံပယ်ရှိနေတာတောင် နာဗဲလ်နီက အဲဒီပုံစံမဟုတ်ပါဘူး။ သူကို ကွန်ဆာဗေးတစ်ရှေးရိုးစွဲဝါဒီသမားလို့ သတ်မှတ်တာအကောင်းဆုံးဆိုရင်တောင် သူ့ရဲ့ခိုင်မာတဲ့ရပ်တည်ချက်က အကျင့်ပျက်ခြစားမှုကို ဆန့်ကျင်တိုက်ဖျက်ဖို့ပါ။ အစွန်းရောက်တဲ့ပြောင်းလဲမှုကို မကြိုက်မနှစ်သက်ကြတဲ့ရုရှားလူထုအကြားမှာ နိုင်ငံရေးကောင်းကောင်းကစားနိုင်တဲ့အနေအထားပါ။ ပြီးတော့ သူ့ရဲ့ သြဇာတိက္ကိမနဲ့ပြည့်ဝတဲ့ရုပ်ဆင်းရူပကာကလည်း မငြင်းပယ်နိုင်လောက်စရာပဲ။ ကရင်မလင်ကို စိန်ခေါ်နိုင်မယ့် ပြိုင်ဘက်ကင်းထူးခြားတဲ့သူတစ်ဦး ရရှိခဲ့တယ်လို့ဆိုနိုင်မှာပါ။ ကျွန်မတို့စောင့်ကြည့်ရဦးမယ်။ နာဗဲလ်နီရဲ့ ခွန်အားကြီးလာတာကို ပူတင်က ဘယ်လောက်ကြာသည်းခံပေးဖို့ ဆန္ဒရှိမလဲဆိုတာကိုပေါ့။ ကရင်မလင်အစိုးရဟာ အတိုက်အခံတွေရဲ့လှုပ်ရှားမှုတွေကို လှိုက်လှဲပျူငှာကြိုဆိုနေမယ်လို့ ဘယ်သူကမှ မျှော်လင့်မထားကြပါဘူး။

အာဏာပိုင်တွေက နာဗဲလ်နီကို တင်းကျပ်မှုတွေဖြေလျှော့ပေးထားရင်လည်း နာဗဲလ်နီရဲ့ ချဉ်းကပ်လှုပ်ရှားမှုတွေမှာ စွန့်စားစရာတွေတော့ပြည့်နှက်နေပါတယ်။ မော်စကို Carnegie Center က နိုင်ငံရေးလေ့လာဆန်းစစ်သူ လီလီယာရှဲ့ဗ်စတိုဗာရဲ့ မှတ်ချက်မှာဆိုရင် “အတိုက်အခံလှုပ်ရှားမှုမှာ နာဗဲလ်လီဟာ ကြားနေတယ်။ ဟိုဘက်ဒီဘက်ကြည့်နေတယ်။ သူဟာ လူငယ်ပိုင်းမျိုးဆက်ရဲ့ ပထမဆုံးခေါင်းဆောင်ပါ။ သူက အဖွဲ့အားလုံးကို သင့်မြတ်အောင်ကြိုးစားနေပါတယ်။ ဒါပေမဲ့ အနှေးနဲ့ အမြန်ဆိုသလိုပဲ သူ့ရဲ့ ပြတ်သားတဲ့ နိုင်ငံရေးအတွေးအမြင်(အိုင်ဒီယိုလိုဂျီ)ကို ရွေးချယ်ရမှာပါ။ သူဟာ “လစ်ဘရယ်” လား၊ “နေရှင်နယ်လစ်” လား ဆုံးဖြတ်ရပါလိမ့်မယ်။ ပြီးတော့ အဲဒါဟာ နာဗဲလ်နီအတွက်ပဲ မဟုတ်ဘဲ အတိုက်အခံတစ်ခုလုံးအတွက် အရေးပါတဲ့ရွေးချယ်မှုဖြစ်ပါတယ်” တဲ့။

ကျွန်မတော့ လီလီယာမှန်တယ်လို့ ထင်မြင်မိတယ်။ လူဝင်မှုကြီးကြပ်ရေးနဲ့ ယဉ်ကျေးမှုအစုံလူအဖွဲ့အစည်းရဲ့အခက်အခဲ ရှုပ်ထွေးပွေလီမှုတွေကို ဒီမိုကရေစီနိုင်ငံအဖြစ်တည်ထောင်ဖို့လက်ခံကြတယ်ဆိုရင်တောင် အဲဒီအခြေအနေတွေကနေ ကြမ်းတမ်းခက်ခဲတဲ့ စိန်ခေါ်မှုတွေတော့ ဖြစ်ပေါ်လာစေမှာပါ။ ရုရှားအတွက် ဆိုဗီယက်အလွန်မှာ စိတ်တူကိုယ်တူဖြစ်ကြဖို့ နည်းလမ်းရှာဖွေနေကြပါတယ်။ ဒီတာဝန်ကြီးဟာ အလှမ်းကွာဝေးဆဲ၊ ခက်ခဲနေဆဲပါပဲ။ နာဗဲလ်နီ ပြောသလို လစ်ဘရယ်တွေဟာ ဒီလိုဝရုန်းသုန်းကားအရေးကိစ္စတွေအကြောင်း မေးခွန်းမေးကြဖို့ တွန့်ဆုတ်ရှောင်ဖယ်လုပ်မနေသင့်ဘူးဆိုတာ မှန်ပါတယ်။ ဒီလို ရုရှားလူငယ်ပရိသတ်ကျအောင် နာဗဲလ်နီ မကြာခဏအာဝဇ္ဇန်းရွှင်ရွှင်ပြောနိုင်ခဲ့လည်း သူကိုယ်တိုင်လည်း စစ်မှန်တဲ့အဖြေရှာနည်းတော့ မပေးနိုင်ခဲ့သေးဘူး။ လူမျိုးစုပြဿနာတွေကိုကုသဖို့ထက် ပိုပြီး အပိုင်းပိုင်းကွဲဖို့ဖြစ်နေတယ်။ “ရုရှားလူမျိုးဖြစ်တည်မှု” သတ်မှတ်ကြတဲ့အခါ လူမျိုးစုတွေထပ်တူကြဖို့ထက် နိုင်ငံသားဖြစ်မှုနဲ့ကိုင်တွယ်ဆုံးဖြတ်ခြင်းကသာ ကောင်းမွန်တဲ့လုပ်ငန်းအစဖြစ်နိုင်မှာပါ။ ကွဲပြားမှုတွေကိုအခြေခံပြီး ရှင်းလင်း/ ပြည့်စုံတဲ့လူဝင်မှုကြီးကြပ်ရေးစနစ်ပြန်ပြီးပုံသွင်းဖို့ အဆိုပြုရပါမယ်။ တခြားနည်းလမ်းအတိုင်းလုပ်ဆောင်မယ်ဆိုရင်တော့ အမျိုးမျိုးအထွေထွေကွဲပြားမှုတွေနဲ့ လူအဖွဲ့အစည်းပုံစံထဲမှာ ရုရှားဟာ မီးနဲ့ ဆော့ကစားနေရသလိုဖြစ်နေပါလိမ့်မယ်။

 Nweni Magazine, December, 2013

ဖြိုးဖြိုး
Source: The Fight for the Soul of Russia’s Opposition by Christian Caryl | Foreign Policy

No comments: