Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, August 28, 2013

ဆီးရီးယားအပြောင်းအလဲက ဆိုးတဲ့ဘက်မှာ

ယူအက်စ်ကာကွယ်ရေးပန်တဂွန်စစ်ဌာနချုပ်က “ရှေ့ဆက်ဖို့အသင့်” လို့ပြောလာပါပြီ။ ဆီးရီးယားနိုင်ငံသားတွေကို ဓာတုလက်နက်သုံးပြီးဆန့်ကျင်နှိမ်နင်းခဲ့တယ်လို့  သင်္ကာမကင်းဖြစ်ခဲ့ရတာကြောင့် စစ်ရေးအရအရေးယူတော့မယ် ဆုံးဖြတ်လိုက်ပါတယ်။ အမိန့်တွေရလိုက်တာနဲ့ စစ်ရေးတိုက်ခိုက်မှုတွေစတင်တော့မှာပါ။ ဆီးရီးယားပြည်တွင်းစစ်ပွဲဟာ ၂ နှစ်ကျော်လာခဲ့ပါပြီ။ ဒါပေမဲ့ အခြေအနေက သိပ်ကိုရှုပ်ထွေးလာခဲ့ပါတယ်။ breaking news သတင်း အရူးအမူးစွဲလမ်းနေသူတွေတောင် သတင်းတွေနောက် ထပ်ကြပ်မကွာလိုက်ဖို့ ခက်ခဲလာတဲ့အထိပါပဲ။ အချိန်တိုင်း သတင်းတိုင်းက ကြားဖြတ်သတင်းမျိုးတွေဖြစ်နေကြတယ်။ အခုဆိုရင် ဝါရှင်တန်ဟာ ဒီကမ္ဘာကြီးထဲက မတည်ငြိမ်ဆုံးဒေသထဲက တစ်ခု ဖြစ်တဲ့ ဆီးရီးယားကို ဒုံးကျည်ဘယ်နှစ်ခုအသုံးပြုပြီးအရေးယူတိုက်ခိုက်ကြမလဲ အပြင်းအထန်စဉ်းစားနေပါတယ်။  ဒီအချိန်ဟာ ဆီးရီးယားအခြေအနေကို ခြေရာပြန်ကောက်ဖို့ အကောင်းဆုံးအချိန်ပါပဲ။ ဒီသတင်းလွှာဟာ ဆီးရီးယားပြည်တွင်းစစ်နောက်ကြောင်းကို အမြန်ဆုံးသိနိုင်မှာပါ။ စွယ်စုံကျမ်းတစ်ခုလို ဆီးရီးယားသမိုင်း ခြုံငုံဝန်းပတ်မိဖို့တော့ ရည်ရွယ်မထားပါဘူး။ ဒါပေမဲ့ အန္တရာယ်ရှိဒေသတစ်ခုရဲ့ ကြောက်လန့်စရာအခြေအနေ၊ ဘယ်လောက်အထိအရေးတကြီးဖြစ်နေကြပြီလဲ။ အဲဒီနောက်ဆုံးအနေအထားကို သိမြင်နိုင်ပါလိမ့်မယ်။

၁. ပဋိပက္ခမဖြစ်ခင် ဆီးရီးယားဟာ ဘယ်လိုအနေအထားလဲ။
ပုန်ကန်ထကြွမှုတွေမဖြစ်သေးခင်ကတည်းက အဲဒီနေရာမှာ အခြေအနေတွေ မငြိမ်းချမ်းပါဘူး။ ပြီးခဲ့တဲ့ဆယ်စုနှစ်တွေမှာ မကျေမနပ်ဖြစ်မှုတွေ တအုံနွေးနွေးနဲ့ပါပဲ။ ၁၉၈၂ မှာ သမ္မတ ဟာဖေး အယ်လ်အာဆတ်(လက်ရှိသမ္မတ ဘာရှား အယ်လ် အာဆတ်ရဲ့ ဖခင်- သမ္မတသက်တမ်း- ၁၉၇၁ မှ ၂၀၀၀ ထိ)ဟာ အစ္စလာမ်မစ်နိုင်ငံရေးအဖွဲ့အစည်းတစ်ခု Muslim Brotherhood ရဲ့ဆူပူအုံကြွမှုကို အာဏာသုံးပြီးဖြိုခွဲလိုက်တယ်။ စီးနင်းတိုက်ခိုက်မှုတစ်ခုမှာဆိုရင် သူ့ရဲ့ အင်အားသုံးဖြိုခွင်းတဲ့ သံလက်သီးအစွမ်းဟာ လူပေါင်း သောင်းကျော်သေဆုံးမှုတွေဖြစ်ပွားစေခဲ့တာပါ။ ဟာဖေး အယ်လ် အာဆတ် ၂၀၀၀ခုနှစ်မှာ သေဆုံးခဲ့တော့ သားဖြစ်တဲ့ ဘာရှား အယ်လ်အာဆတ် သမ္မတရာထူးရယူခဲ့ပါတယ်။ ဘာရှား အယ်လ်အာဆတ် ဂတိပေးခဲ့တာက ပိုပြီးခေတ်မီ/ ပိုပြီး ဒီမိုကရက်တစ်ဆန်တဲ့နိုင်ငံတစ်ခုအဖြစ်တည်ဆောက်သွားပါမယ်တဲ့။ 
(သြဂုတ်လ ၄ ရက်နေ့ညက အာဆတ်ရဲ့ ရှားရှားပါးပါး မိန့်ခွန်းမှာလည်း“အကြမ်းဖက်မှုကို ဖြေရှင်းနည်းဟာ သံလက်သီးသုံးပြီး(အင်အားသုံး)တိုက်ခိုက်တဲ့နည်းကလွဲလို့ တခြားမရှိဘူး။ အကျိုးအကြောင်းသင့်တွေးခေါ်နိုင်တဲ့လူသားမှန်သမျှ အကြမ်းဖက်မှုကို နိုင်ငံရေးအရ ကိုင်တွယ်ဖြေရှင်းနိုင်မယ်လို့တွေးကြမှာမဟုတ်ဘူး။ ကျွန်တော်တော့ အဲဒီလိုမထင်ပါဘူး လို့ ပြောသွားပါတယ်။ နိုင်ငံပိုင်သတင်းအေဂျင်စီ SANA ကနေ ပြောသွားခဲ့တာပါ)
ဒါပေမဲ့ ပြုပြင်ပြောင်းလဲမှုတွေဟာ တက်ကြွလှုပ်ရှားသူတွေလိုလားတဲ့ပုံစံမျိုး ဖြစ်မလာခဲ့ဘူး။ ပြုပြင်ပြောင်းလဲရေးအတွက်တောင်းဆိုခဲ့ကြတဲ့ အဲဒီတက်ကြွလှုပ်ရှားသူတွေဟာ ဆီးရီးယားအစိုးရကို “အာဏာရှင်ဆန်တယ်၊ အကြွင်းမဲ့အာဏာရှင်စနစ်ကျင့်သုံးနေတယ်။ ပြီးတော့ အုပ်စုဖွဲ့အနိုင်ကျင့်တဲ့အစိုးရမျိုး”လို့ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြတယ်။ ဂိုဏ်းဂဏ၊ လူမျိုးစုဆူပူအုံကြွမှုတွေဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်တွေမှာ ဆီးရီးယားကို တုန်လှုပ်ချောက်ချားနေစေခဲ့ပါတယ်။ Druze ဆီးရီးယားပြည်သူအုပ်စုရဲ့ဒေါသမီးတောက်တွေ ၂၀၀၀မှာ လင်းဖြာထတောက်ကုန်တော့တယ်။ ကာဒစ်ရှ်လူမျိုးစုပုန်ကန်ထကြွမှုက ၂၀၀၄ မှာဖြစ်ပွားခဲ့ပါတယ်။

၂. ပြည်တွင်းစစ် ဘယ်လိုစတင်ခဲ့တာလဲ။
အားလုံးဟာ ၂၀၁၁ ဖေဖေါ်ဝါရီက ဆီးရီးယားအနောက်တောင်ဒေသ ဂျော်ဒန်နယ်စပ်အနီး မြို့တော် ဒါးရာမှာ စတင်ခဲ့တာပါ။ ကျောင်းနံရံတွေမှာ အစိုးရဆန့်ကျင်တဲ့ graffiti art တွေရေးဆွဲခဲ့တာကြောင့် အာဏာပိုင်တွေက ကျောင်းသား ၁၅ ယောက်ကို ဖမ်းဆီးခဲ့တယ်။ ကျောင်းသားလေးတွေရဲ့graffiti စာလုံးတွေဟာ နူးညံ့မနေဘူး။ သူတို့ရေးဆွဲခဲ့တာဟာ “ပြည်သူတွေဟာ အစိုးရကို ဖြုတ်ချချင်နေကြပြီ” တဲ့။ ရှင်းရှင်းဘွင်းဘွင်းရေးဆွဲခဲ့တယ်။ ကလေးတွေ ဖမ်းဆီးခံရတဲ့အချိန်မှာ နှိပ်စက်ခံခဲ့ရတယ်လို့ဆိုတယ်။ ဒေသခံတွေက ကျောင်းသားလေးတွေဖမ်းဆီးနှိပ်စက်မှုပေါ် နာကျည်းဒေါသထွက်လာခဲ့ကြတယ်။ ကန့်ကွက်ဆန္ဒပြပွဲတွေကို လောင်စာဖြည့်လိုက်သလိုဖြစ်ခဲ့ပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေဟာ တက်ကြွလှုပ်ရှားသူတွေဆီ တိုက်ရိုက်ပစ်ခတ်နှိမ်နင်းခဲ့တော့ ဆန္ဒပြသူ ၄ ဦး အနည်းဆုံးသေဆုံးခဲ့တယ်။ အဲဒီ ၄ ဦးဟာ ဆီးရီးယားပြည်တွင်းစစ်မှာ ပထမဆုံးသေဆုံးမှုတွေပါလို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ အဲဒီရက်တွေမှာ လူအခွင့်အရေးစောင့်ကြည့်အဖွဲ့အဆိုအရ ဆန္ဒပြသူတွေထောင်ပေါင်းများစွာစုရုံးမိသွားသည်အထိ ကြီးမားသွားခဲ့တယ်လို့ဆိုတယ်။ 

၃. ဆူပူအုံကြွမှုကနေ အယ်လ်အာဆတ်အစိုးရအဆုံးသတ်ရေး တောင်ဆိုမှုတွေဆီ ဘယ်လိုပြောင်းလဲသွားတာလဲ။
ဒါးရာက ဆန့်ကျင်ဆန္ဒပြသူတွေကို အယ်လ်အာဆတ် အပြစ်တင်ပြီး သိပ်မကြာပါဘူး။ အမိန့်မချခင် ၂၀၁၁ မတ် အာဆတ်ရဲ့ မိန့်ခွန်းမှာ “ပူးပေါင်းကြံစည်သူတွေ” ဟာ ဆူပူအုံကြွမှုကို စတင်ခဲ့ကြတာ။ ပြီးတော့ အဲဒီ မငြိမ်သက်မှုကို ပျံ့နှံ့စေချင်ခဲ့ကြတယ်လို့ ပြောခဲ့ပါတယ်။ သူ့ရဲ့ နှိမ့်ချတဲ့မှတ်ချက်တွေနဲ့ ဥပဒေပြုအမိန့်ချမှတ်သူတွေရဲ့ ချီးကျူးသြဘာပေးမှုတွေကသာ ဆန္ဒပြပွဲတွေကို ပိုပြီးပြင်းထန်စေခဲ့တာပါ။ အဲဒီမိန့်ခွန်းဟာ ကြီးမားတဲ့အကျိုးသက်ရောက်မှုရှိခဲ့ပါတယ် လို့ နိုင်ငံတကာအကျပ်အတည်းစောင့်ကြည့်အုပ်စု က ပီတာဟာလင်းက ပြီးခဲ့တဲ့နှစ်က ပြောခဲ့ပါတယ်။ “အာဆတ်အစိုးရကို ထောက်ခံလိုသူတွေဟာ အဲဒီအချိန်မှာ တုန်လှုပ်ချောက်ချားနေခဲ့ပါတယ်”လို့ ဆိုတယ်။ နှစ်ရက်ကြာပြီးတဲ့နောက် ဆီးရီးယားနိုင်ငံတစ်ဝှမ်း အစိုးရဆန့်ကျင့်ရေးဆန္ဒပြပွဲတွေ အပတ်စဉ်စတင်ပြုလုပ်လာခဲ့ကြတယ်။ ပြုပြင်ပြောင်းလဲရေးအတွက် တောင်းဆိုလာပြီး အယ်လ်အာဆတ်ရဲ့ အစိုးရတစ်ဖွဲ့လုံးဖယ်ရှားပေးဖို့အထိပါ တောင်းဆိုခဲ့တယ်။ အခုတော့ လက်နက်ကိုင်သူပုန်တွေဟာ အယ်လ်အာဆတ် ထွက်သွားရေးကလွဲလို့ ဘာကိုမှလျှော့လျှော့ပေါ့ပေါ့လက်မခံဖို့ သန္နိဌာန်ချထားခဲ့ကြပါပြီ။ ဆီးရီးယားအစိုးရကလည်း အကြမ်းဖက်သမားတွေလို့ တံဆိပ်ကပ်လိုက်ပြီး နောက်မဆုတ်ဖို့ကိုပဲအဓိဌာန်ပြုလိုက်တယ်။ စစ်ပွဲအတွင်း လူပေါင်း တသိန်းကျော်သေဆုံးခဲ့ပါပြီလို့ ယူအန်က ခန့်မှန်းထားပါတယ်။

၎. ဒါပေမဲ့ နှစ်နှစ်ကျော်ကြာလာတဲ့အခါမှာ ဘာကြောင့် ယူအက်စ်က စစ်ရေးအရအရေးယူဖို့လိုအပ်တယ် လို့ တချို့လူတွေ ထင်မြင်လာကြတာလဲ။
ပြီးခဲ့တဲ့နှစ်က ဆီးရီးယားအကြောင်းကိုပြန်ပြောရရင် သမ္မတဘားရက်ခ်အိုဘားမား က “ဓာတုလက်နက်တွေအစုအပြုံလိုက်ရွှေ့ပြောင်းတာတွေ့ရရင်/ အသုံးပြုနေတာစပြီးတွေ့ရရင် အဲဒါဟာ ကျွန်တော်တို့ရဲ့ အနီရောင်လိုင်းပါပဲ” လို့ ဆိုခဲ့တယ်။ ပါဝင်ပတ်သက်မှုအတွက် ရှင်းရှင်းလင်းလင်းပြောခဲ့တာပါ။ ဆီးရီးယားကသာ ပြည်တွင်းစစ်မှာ နိုင်ငံသားတွေကိုတိုက်ခိုက်ဖို့ ဓာတုလက်နက်သုံးလာမယ်ဆိုရင် ယူအက်စ်က တစ်စုံတစ်ခုလုပ်ရပါလိမ့်မယ်လို့ ဆိုလိုတာပါ။ အခု အိမ်ဖြူတော်က ပြောလာပါပြီ။ ဆီးရီးယားဟာ ဓာတုလက်နက်တွေသုံးနေခဲ့ဟန်တူတယ်တဲ့။ အဲဒါကြောင့် အခုအခြေအနေဖြစ်လာတာပါ။ အိုဘားမားဘယ်လိုတုံ့ပြန်မလဲ။ ဘာပဲဖြစ်ဖြစ်ပါ အခုတော့ ထိုင်စောင့်ပြီး သတင်းတွေမျက်ခြည်မပြတ်စောင့်ကြည့်နေရုံပါပဲ။ သတင်းက နောက်တစ်ဆင့်ပြောင်းလဲနေမှာပါ။


၅. ဓာတုလက်နက်တွေကို ကစားပွဲအပြောင်းအလဲအဖြစ်လုပ်ဆောင်တာဘာကြောင့်လဲ။
တချို့ ငြင်းခုံစရာဖြစ်ကြတာက သမားရိုးကျ သေနတ်၊ ဗုံး တွေဟာလည်းပဲ လူထိခိုက်သေဆုံးမှု အများအပြားရှိနိုင်တာပါပဲတဲ့။ သူတို့က “ဓာတုလက်နက်တွေဟာ ကမ္ဘာက အရေးယူဆောင်ရွက်ဖို့ ဦးတည်စေတဲ့ပစ်မှတ်မဖြစ်သင့်ပါဘူး” လို့ ဆိုတယ်။ ဒါပေမဲ့ အိမ်ဖြူတော်ကတော့ ဓာတုလက်နက်တွေဟာ ကစားပွဲအသွင်ပြောင်းသူလို့ပဲ သတ်မှတ်ထားပါတယ်။ “ဓာတုလက်နက်တွေအသုံးပြုတာဟာ နိုင်ငံအများစုရဲ့စံနှုန်းနဲ့ ဆန့်ကျင်နေပါတယ်။ ပထမကမ္ဘာစစ်မှာကတည်းက အဲဒီလို လက်နက်တွေအသုံးပြုမှုအဆုံးသတ်ဖို့ နိုင်ငံတကာက ကြိုးပမ်းခဲ့ကြတယ်။ အဲဒီလိုလက်နက်တွေ ပမာဏအမြောက်အများသုံးမှုနဲ့ ခြိမ်းခြောက်မှုတွေများလာမယ်ဆိုရင် နိုင်ငံရဲ့ အကျိုးကို ခြိမ်းခြောက်တာပါပဲ။ တကမ္ဘာလုံးနဲ့လည်း သက်ဆိုင်ပါတယ်” လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျေးကာနေး က ဒီရက်သတ္တပတ်ထဲမှာပြောခဲ့ပါတယ်။

၆. ယူအက်စ်က အခွင့်အရေးရခဲ့တုန်းက၊ အတိုက်အခံတွေဆီ ဘာကြောင့် လက်နက်များများစားစားမပို့ခဲ့တာလဲ။
ဇွန်လမှာ ယူအက်စ်ဟာ သူပုန်တွေဆီကို လက်နက်၊ ခဲယမ်းမီးကျောက် နဲ့ တင့်ကားဖျက်လက်နက်အနည်းငယ်ပို့ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒါဟာ ဆူပူအုံကြွမှုစတင်ပြီး အတော်ကြာမှပါ။ ဘာကြောင့်နှောင့်နှေးခဲ့တာပါလိမ့်။ တချို့စောဒကတက်တာက အစ္စလာမ်မစ်အစွန်းရောက်တွေလည်းရှိနေတဲ့ဒေသတစ်ခုကို လက်နက်တွေပို့နေတာဟာ စွန့်စားမှုများတဲ့အလုပ်ပါတဲ့။ သူပုန် တိုက်ခိုက်သူတွေအများအပြားဟာ အယ်လ်ကေဒါကိုထောက်ခံတဲ့ စစ်သွေးကြွတွေဖြစ်နေကြပြီး အမေရိကဟာလည်း အီရတ်နဲ့ အာဖဂန်မှာ သေသေကြေကြေကြိုးစားရင်ဆိုင်နေရတာပါ။ ဆီးရီးယားသူပုန်တွေက ယူအက်စ် နဲ့ ဥရောပအရာရှိတွေကို ကတိပေးတာကတော့ သူတို့ရရှိတဲ့စစ်သုံးလက်နက်တစ်စုံတစ်ရာ အစွန်းရောက်တွေလက်ထဲမရောက်စေရပါဘူးလို့ ဆိုတယ်။ ဒါပေမဲ့ လူနေရပ်ကွက်တွေရဲ့ ကြောက်လန့်တုန်လှုပ်မှုတွေကို မလျော့ပါးနိုင်ပါဘူး။ သူပုန်တွေလက်နက်ကိုင်ဆောင်နေတာဟာ အန္တရာယ်ကြီးတဲ့စွန့်စားမှုလို့ပဲ ဝေဖန်နေကြတာပါ။ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြင်းပြင်းထန်ထန်ဆုံးဖြတ်တယ်။ အတိုက်အခံတွေကို နှိမ်နင်းပြစ်လိုက်ဖို့ပါ။ ဇွန်လကပြုလုပ်ခဲ့တဲ့ စီးပွားရေးဆိုင်ရာဖိုရမ်မှာ သူက သတိပေးပါတယ်။ “အဲဒီလက်နက်တွေ ဘယ်နေရာမှာအဆုံးသတ်မှာလဲ” တဲ့။

၇. ရုရှားနဲ့ ဘာများ အပေးအယူရှိသလဲ။ ဘာကြောင့် ယူအက်စ်ကို သူတို့ ဝေဖန်နေကြတာလဲ။
ဆီးရီးယားအရေးမှာ ရုရှားနဲ့ ယူအက်စ်ဟာ သဘောထားချင်းမကိုက်ညီပါဘူး။ ရုရှားနဲ့ ဆီးရီးယားဟာ နှစ်ရှည်လများမဟာမိတ်တွေဖြစ်ခဲ့ကြတာပါ။ သိသာစေတဲ့တစ်ချက်က သူတို့ရဲ့ လက်နက်အရောင်းအဝယ်ကိစ္စမှာပါ။ ၂၀၀၇ နဲ့ ၂၀၁၀ ခုနှစ်အတွင်း ရုရှားဟာ ဆီးရီးယားကို ဒေါ်လာ ၅ ဘီလီယံဖိုးခန့် ရောင်းချခဲ့တယ်ဆိုတာအတည်ပြုနိုင်ခဲ့တယ်။ ဒီလိုဆက်ဆံရေးမျိုးကို အဆုံးသတ်ပြစ်လိုက်ရမှာ ရုရှားအတွက် စရိတ်စကကြီးနေမှာပဲ လို့ လေ့လာဆန်းစစ်သူ ပီတာဖရာဂျီစကာတိုစ့်က ဒီနှစ်ထဲမှာပြောခဲ့ပါတယ်။ ဆီးရီးယားကိုအဆက်ဖြတ်လိုက်ရင် စီးပွားရေးအရနဲ့ မဟာဗျူဟာအရ အများကြီးပဲအရှုံးပေါ်နိုင်တယ်လို့ ရုရှားခေါင်းဆောင်ပိုင်းက မြင်နေဆဲပါ” လို့ ဖရာဂျီစကာတို့စ် ကရေးခဲ့တယ်။ ဆီးရီးယားဟာ အနောက်က ကြားဝင်ဖို့ အာသီသပြင်းပြနေတဲ့နောက်ထပ်စမ်းသပ်ကွင်းတစ်ခုလို့ ရုရှားက မြင်တယ်။ ယူအက်စ်ပါဝင်ပတ်သက်မှုဟာ သူ့ရဲ့ အကျိုးစီးပွားကို တိုက်ရိုက်ခြိမ်းခြောက်စေတဲ့ အန္တရာယ်လို့ ယူဆထားတယ်။ ရုရှားက ဆီးရီးယားကို ဆက်ပြီးထောက်ပံ့နေတာမှာ တခြားသံသယဖြစ်စရာအကြောင်းတွေလည်းရှိပါတယ်။ မြေထဲပင်လယ်ဒေသက ရုရှားရဲ့ ရေတပ်အခြေစိုက်စခန်းဟာ ဆီးရီးယားကမ်းရိုးတန်းမှာပါ။ ပြီးခဲ့တဲ့ ၂ နှစ်က လစ်ဗျားကို နေတိုးက ဗုံးကျဲခဲ့တာကိုလည်း ပူတင်က စိတ်ပျက်နေတုန်းပါပဲ။ ပြီးတော့ ရုရှားရဲ့မိတ်ဆွေကြီး ဂဒါဖီ အာဏာကနေဖယ်ရှားခဲ့ရတယ်။

၈. ဆီးရီးယားရဲ့ ဘယ်ဘာသာဝင်တွေ ပဋိပက္ခထဲရှိနေကြတာလဲ။
အယ်လ်အာဆတ်မိသားစုက Alawite ရှီဟိုက်မွတ်စလင်မျိုးရိုးကဆင်းသက်လာတာပါ။ ဆီးရီးယားမှာတော့ ရှီဟိုက်မွတ်စလင်က လူနည်းစုပါ။ ဆွန်နီမွတ်စလင်က လေးပုံသုံးပုံနီးပါးရှိပါတယ်။ အယ်လ်အာဆတ်ဟာ သူ့အစိုးရအဖွဲ့ထဲက အဓိကရာထူးတွေမှာ မိသားစုဝင်တွေကိုပေးထားပါတယ်။ ဆွန်နီတွေ အာဏာရလာရင် ဘာတွေဖြစ်နိုင်မလဲ ကြောက်လန့်နေတဲ့ တခြားလူနည်းစုတွေနဲ့ သူ့ကိုထောက်ခံအားပေးတဲ့ Alawite တွေပါ။ ဘာကြောင့်လဲဆိုတော့ ဆီးရီးယားအစိုးရပိုင်းက Alawite ပါ။ နိုင်ငံထဲက အများစုက ဆွန်နီတွေဖြစ်နေကြတယ်။ အဲဒီအချက်ကလည်း အကြမ်းဖက်မှုတွေ ရစ်ပတ်ရှုပ်ထွေးစေပါတယ်။

၉. အဆိုးဆုံးဘာတွေ ဖြစ်ခဲ့ကြပြီလဲ။
အဆိုးဆုံးဇာတ်ညွှန်းကတော့ မတည်ငြိမ်တဲ့အပိုင်းအဖြစ်သိထားပြီးဖြစ်နေတဲ့ ဆီးရီးယားအိမ်နီးချင်းတွေကိုလည်း မဆုံးနိုင်အောင်/ မအေးနိုင်အောင်ဘဲ ပြဿနာတွေကူးစက်လောင်ကျွမ်းစေတာပါ လို့ ကျွမ်းကျင်သူတွေက ဆိုကြတယ်။ ဆီးရီးယားပတ်ဝန်းကျင်နိုင်ငံတွေဆိုရင် လက်ဘနွန်၊ အီရတ် နဲ့ ဂျော်ဒန်၊ အစ္စရေးနဲ့ တူရကီ စတဲ့နိုင်ငံတွေပါ။ အကြမ်းဖက်မှုဟာ စစ်ဘေးဒုက္ခသည်တွေကို အဲဒီနိုင်ငံတွေထဲက နိုင်ငံတချို့ဆီ ဘေးကင်းရာရှာဖို့ လှုံ့ဆော်နေပါတယ်။ တူရကီမှာကလည်း ဆီးရီးယားရဲ့ တောင်ပိုင်းနယ်စပ်မှာနေထိုင်ကြတဲ့ ကာ့ဒ်သူပုန်တွေနဲ့ လူမျိုးစုဆက်ဆံရေးတင်းမာမှုတွေရှိနေကြတယ်။ အဲဒီတိုင်းပြည်တွေအားလုံးမှာ ဘာသာရေး၊ ယဉ်ကျေးမှု နဲ့ သမိုင်းဆိုင်ရာအကြောင်းအချက်တွေ အများကြီးပဲရှိနေကြတယ်။ သူတို့တွေကြားထဲ မရေမတွက်နိုင်တဲ့ခက်ခဲရှုပ်ထွေးမှုအလွှာတွေ ထပ်ပြီးပေါင်းထည့်လိုက်တော့ ပဋိပက္ခဆီဦးတည်ကုန်တယ်။ ကမ္ဘာထဲက နိုင်ငံတစ်ခုလုံး တည်ငြိမ်မှုဆုံးရှုံးရတယ်ဆိုရင် အဲဒီပူပင်သောကတွေဟာ နိုင်ငံတကာအသိုင်းအဝိုင်းတစ်ခုလုံးကိုလည်း ထိပါးစေတာပါပဲ။

ဖြိုးဖြိုး
Source and photos: Chemical weapons in Syria: How did we get here? By Mariano Castillo and Catherine E. Shoichet, CNN


The STREET VIEW journal

No comments: