Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, May 22, 2013

ညစ်ထေးတဲ့စစ်ပွဲအလွန် ကောင်းသောခရီးဆီ ခြေလှမ်းဆက်မည်

Jorge Rafael Videla
“အာဏာရှင် သေဆုံးခဲ့ပါပြီ” တဲ့။ အာဂျင်တီးနား တီဗီ နဲ့ ရေဒီယိုသတင်းတွေမှာ ထပ်တလဲလဲလွှင့်ထုတ်နေခဲ့တဲ့ ခေါင်းကြီးသတင်းပါပဲ။ ရော့ခ်ျ ရာဖေးအယ်လ် ဗီဒဲလာဟာ သမားရိုးကျ အာဏာရှင်မဟုတ်ခဲ့ပါဘူး။ သူဟာ အာဂျင်တီးနားနိုင်ငံသမိုင်းရဲ့ အမှောင်မိုက်ဆုံးဇာတ်လမ်းတွဲတွေထဲက ဇာတ်ကောင်တစ်ဦးပါ။ ပြီးတော့ စစ်အာဏာသိမ်းခဲ့တဲ့နှစ်တွေထဲက အထင်ရှားဆုံးပုံရိပ်ပါ။ ညစ်ထေးတဲ့စစ်ပွဲ “Dirty War” ရဲ့ နိုင်ငံရေးအယူဝါဒရေးရာပါရဂူတစ်ဦးလို့ သူကိုယ်တိုင်ပဲ တွေးထင်ယူဆနေခဲ့ဖူးတယ်။ အဲဒီညစ်ထေးတဲ့စစ်ပွဲဆိုတာက ၁၉၇၀ နဲ့ ၁၉၈၀ ခုနှစ်တွေမှာ အာဂျင်တီးနားနိုင်ငံက လက်ဝဲအတိုက်အခံတွေကို ငြိမ်သက်တိတ်ဆိတ်/ မလှုပ်မရှားဖြစ်သွားအောင် အရက်စက်ဆုံး ထိန်းချုပ်တိုက်ခိုက်ခဲ့တဲ့ ချေမှုန်းရေးအစီအစဉ်တစ်ခုပါပဲ။ စစ်တပ်ထိန်းချုပ်အမိန့်ပေးခဲ့တဲ့ လှို့ဝှက်ရဲတပ်ဖွဲ့ဟာ တက်ကြွလှုပ်ရှားသူ ၃၀၀၀၀ ခန့် ပြန်ပေးဆွဲကာ ညဉ်းပန်းနှိပ်စက်ပြီးသတ်ဖြတ်ခဲ့ကြတယ်။ ပိုပြီးထိတ်လန့်တုန်လှုပ်စရာကောင်းတဲ့အဖြစ်အပျက်တွေကတော့ အာဏာသိမ်းစစ်အစိုးရရဲ့ ပြိုင်ဘက်၊ တက်ကြွလှုပ်ရှားသူတွေရဲ့ ကလေးငယ်တွေကို တိတ်တဆိတ်ဖမ်းဆီးပါတယ်။ စစ်သွေးကြွလို့ သတ်မှတ်ခံခဲ့ရသူတွေရဲ့ ကိုယ်ခန္ဓာတွေကို ရဟတ်ယာဉ်တွေပေါ်ကနေ Plate မြစ်ထဲ ပစ်ချခဲ့ကြတယ်။ အဲဒီနောက် ရုပ်အလောင်းတွေဟာ ဘယ်တော့မှ ရှာဖွေလို့မတွေ့နိုင်ကြတော့ဘူး။ အာဂျင်တီးနားပြည်သူတွေဟာ လူမှုကွန်ယက်တွေမှာ အဲဒီအချက်အလက်ကိုထောက်ပြပြီး တခြားစစ်အာဏာရှင်တွေနဲ့ မတူကွဲပြားတဲ့ ရက်စက်မှုကိုပြုလုပ်ခဲ့သူလို့ ဆိုကြတယ်။ ဗီဒဲလာဟာ သေဆုံးချိန်အထိ သူ့ရဲ့ကျုးလွန်ခဲ့တဲ့ပြစ်မှုတွေရဲ့ ပြစ်ဒဏ်တွေအတွက် တစ်သက်တာအကျဉ်းသားအဖြစ်ကျခံရင်း မေလ ၁၇ ရက်နေ့က သေဆုံးခဲ့ပါတယ်။
Jorge Rafael Videla
ဗီဒဲလာသေဆုံးချိန်မှာ အသက် ၈၇ နှစ်ရှိနေခြဲ့ပီး ၁၉၇၆-၈၁ စစ်အာဏာရှင်ခေတ်အတောအတွင်း အတိုက်အခံ အကျဉ်းသား  ၃၁ ဦးကို သတ်ဖြတ်ခဲ့မှုနဲ့ ၂၀၁၀ ခုနှစ်မှာ အကျဉ်းကျခဲ့တယ်။ လူပေါင်း ၃၀၀၀၀ တိုင်အောင် ညှဉ်းပန်းသတ်ဖြတ်မှုပြစ်ဒဏ်တွေလည်း နောက်ထပ်အပါအဝင်ပါ။ ၁၉၉၀ မှာတော့ အဲဒီအချိန်က သမ္မတ ကားလောစ့်မဲနမ် ခွင့်ပြုပေးခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာခဲ့တယ်။ ၂၀၁၀ ဧပြီမှာပဲ တရားရုံးချုပ်က သူ့ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို ပြန်လည်စစ်ဆေးခဲ့ပါတယ်။ ရှစ်လအကြာမှာတော့  “ပြစ်မှုမြောက်လုပ်ရပ်တွေမှာတာဝန်ရှိတယ်” ဆိုတဲ့ဆုံးဖြတ်ချက်နဲ့အတူ တစ်သက်တာအကျဉ်းသားအဖြစ်ကျခံရတယ်။ သဘာဝအတိုင်းသေဆုံးခွင့်ကိုတောင်းဆိုခဲ့တယ် လို့ သတင်းတချို့မှာဖော်ပြပါတယ်။ သတ်ဖြတ်ခဲ့တဲ့အကျဉ်သားတွေအများစုမှာ လက်ဝဲနိုင်ငံရေးသမားတွေပါ။ အဲဒီအကျဉ်းသားတွေကို ကော်ဒိုဘာမြို့လယ်က သူတို့ရဲ့ အကျဉ်းခန်းကနေ ထုတ်ယူသွားခဲ့ပြီး တစ်နေရာမှာသေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ဆိုတယ်။ စစ်တပ်ကငြင်းဆန်တာက အဲဒီအချိန်မှာ သူတို့ဟာ ထွက်ပြေးဖို့ကြိုးစားနေခဲ့တာကြောင့်ပစ်သတ်ခဲ့ရတာပါတဲ့။ 

ပြီးခဲ့တဲ့နှစ်က နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကလေးငယ်တွေကို စနစ်ကကျခိုးယူခဲ့တဲ့ ပြစ်မှုတွေနဲ့နိုင်ငံရေးအကျဉ်းသားတွေကို အကျဉ်းစခန်းမှာထိန်းသိမ်းထားချိန် အနည်းဆုံး ကလေးအယောက် ၄၀၀ ခန့်ကို ခိုးယူခဲ့ပါတယ်။ နောက်ပိုင်းမှာ စစ်တပ်ကမိသားစု နဲ့ ရဲတပ်ဖွဲ့မိသားစုတချို့စောင့်ရှောက်မှုနဲ့ ကြီးပြင်းခဲ့တဲ့ ကလေးငယ် ၁၀၀ ခန့်ဟာ မိဘတွေနဲ့ပြန်လည်ပေါင်းဆုံနိုင်ခဲ့ကြတယ်။ အာဂျင်တီးနားနိုင်ငံမြို့တော် ဗျူနိုအေးရိစ်ရဲ့ တရားရုံးမှာ ဗီဒဲလာ နှစ်၅၀ စာ အကျဉ်းသားအဖြစ်ကျခဲ့ရပြီး တခြား စစ်ခေါင်းဆောင်ဟောင်း ရေနယ်လ်ဒို ဘစ်နိုနေကိ ထောင်ဒဏ် ၁၅ နှစ်ပြစ်ဒဏ်ချမှတ်လိုက်တယ်။ အာဂျင်တိုင်းသတင်းစာဆရာတစ်ဦးရဲ့ အမေးအဖြေမှာ ဗီဒဲလာဖြေခဲ့တာက “သူကွပ်ကဲခဲ့ရတဲ့ ချေမှုန်းမှုဆိုတာက  သမ္မတနိုင်ငံတစ်ခုအဖြစ်ရပ်တည်နိုင်ဖို့ အာဂျင်တီးနားက ပေးစရာရှိခဲ့တဲ့တန်ဖိုးပါ” တဲ့။ “စစ်ပွဲဆိုတာဟာ သဘာဝအားဖြင့် ရက်စက်တာပဲ။ အတွင်းမှာလှိုက်လောင်တဲ့စစ်မီး၊ ညီအစ်ကိုအချင်းချင်းကြားကရန်မီးတွေက အထူးသဖြင့် ပိုပြီးတော့ ပြင်းထန်ရက်စက်တတ်ပါတယ်” လို့ သူကပြောပါတယ်။ ယူအက်စ်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (လက်တင်အမေရိက) ရဲ့ ဒါရိုက်တာ ဂျိုစေးမီဂွဲလ် ဗီဗန်ကိုက မှတ်ချက်ချပါတယ်။ “ဗီဒဲလာဟာ အဆုံးထိတိုင်အထက်စီးဆန်ဆန်ရှိနေဆဲပဲ။ အာဂျင်တီးနားမှာဖြစ်ခဲ့တဲ့အင်မတန်ကြမ်းကြုတ်ရက်စက်မှုတွေမှာ သူတာဝန်ရှိတယ်ဆိုတာ ဝန်ခံလိုက်ဖို့ဆန္ဒမရှိပါဘူး” တဲ့။  အာဂျင်တီးနားရဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုပိုင်ရှင် အဒေါ်လ်ဖို ပဲရာဇ့်အက်စ်ကွီးဗဲလ် က Reuter သတင်းဌာနကိုပြောပါတယ်။ “သေဆုံးခြင်းဟာ သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာတည်ရှိမှုကိုပဲ အဆုံးသတ်စေခဲ့တာပါ။ လူတွေကို သူ ဘာတွေဆန့်ကျင်ကျူးလွန်ခဲ့သလဲဆိုတဲ့ပြစ်ချက်ကြီးတော့ မပါဝင်ပါဘူး။ အတိတ်ဆိုးတွေကြောင့် စိတ်ဒဏ်ရာတွေတော့ကျန်နေဆဲပဲ”လို့ ဆိုတယ်။ ဖမ်းဆီးခံခဲ့ရတဲ့ ကလေးငယ်တွေရဲ့ ID အချက်အလက်တွေကို ဖော်ပြရေး ဦးဆောင်လုပ်နေကြတဲ့ အဖွဲ့ “ပလာဇာ ဒီ မေးရို”  အသင်းအဖွဲ့က ဗီဒဲလာကို “ဆိုးမိုက်တဲ့လူ” လို့ သုံးနှုန်းခဲ့ပါတယ်။

နိုင်ငံရဲ့ ရာဇဝတ်သား၊ အာဏာရှင်၊ ဖိနှိပ်ချုပ်ချယ်သူ စတဲ့ ခက်ထန်တင်းမာတဲ့စကားလုံးတွေအများကြီး ကိုယ်စားပြုနေတဲ့ သမ္မတဟောင်း ရော့ခ်ျ ရာဖေးအယ်လ် ဗီဒဲလာဟာ သေဆုံးသွားခဲ့တော့ အာဂျင်တီနားက ပြည်သူလူတိုင်းနီးပါးက ဝမ်းမြောက်ဝမ်းသာရှိနေကြသလိုပါပဲ။ တောင်အမေရိကရဲ့ အာဏာသိမ်းမှုတွေ၊ စစ်အာဏာကြီးစိုးမှု နဲ့ ရက်စက်တဲ့ ဖိနှိပ်ချုပ်ချပ်မှုတွေရဲ့ ခေတ်တစ်ခုလုံးမှာ ဗီဒဲလာက သင်္ကေတအမှတ်အသားတစ်ခု ဖြစ်နေခဲ့တာပါ။ ၁၉၇၆ခုနှစ်မှာ ဗီဒဲလာအာဏာရခဲ့ပါတယ်။ အဲဒီအချိန်က အာဂျင်တီးနားမှာ ဘဏ္ဍာရေးအကျပ်အတည်အနက်ရှိုင်းဆုံးအခြေအနေ၊ လက်ဝဲပြောက်ကျားတပ်သားတွေကလည်း နိုင်ငံတဝှမ်းအင်အားတပြပြရှိနေကြတယ်။ နိုင်ငံတွင်း အကြမ်းဖက်မှုတွေပျံ့နှံ့နေတဲ့အနေအထားမှာ အစ်စဘဲလ်ပဲရွန်အစိုးရကို ဗီဒဲလာ အာဏာသိမ်းယူခဲ့တာပါ။ 
Juan Perón
အစ်စဘဲလ်ပဲရွန်ဟာ သမ္မတဟောင်း ဂျူရန်ပဲရွန်ရဲ့ တတိယမြောက်ဇနီးဖြစ်ပြီး ခင်ပွန်းသည်မသေဆုံးခင်မှာ ဒုတိယသမ္မတတာဝန်ကိုလည်းယူခဲ့တဲ့အမျိုးသမီးပါ။ အစ်စဘဲလ် ၁၉၇၄ ဇူလိုင်မှာ သမ္မတဖြစ်လာခဲ့ပါတယ်။ သူမဟာ အနောက်ကမ္ဘာခြမ်းက အစိုးရအကြီးအကဲတွေထဲမှာ တော်ဝင်မျိုးရိုးမဟုတ်တဲ့ ပထမဆုံး သမ္မတတစ်ဦးအဖြစ် ထင်ရှားခဲ့တယ်။ သမ္မတ ဂျူရန်ပဲရွန်ဟာ အာဂျင်တိုင်းစစ်အရာရှိတစ်ဦး၊ နိုင်ငံရေးသမားတစ်ဦးအဖြစ်(၁၈၉၅-၁၉၇၄)အထိတာဝန်ထမ်းခဲ့ပြီး သမ္မတရာထူးမရရှိခင် အစိုးရဌာနရာထူးများစွာ၊ အလုပ်သမားဝန်ကြီးနဲ့ ဒုတိယသမ္မတရာထူးအပါအဝင်တာဝန်ထမ်းခဲ့သူပါ။ အဲဒီနောက် ပဲရွန်ဟာ အာဂျင်တီးနား သမ္မတအဖြစ် ၁၉၄၆ ဇွန်ကနေ ၁၉၅၅ စက်တင်ဘာ အထိ၊ ၁၉၇၃ အောက်တိုဘာကနေ ၁၉၇၄ ဇူလိုင်အထိ သမ္မတသက်တမ်းသုံးကြိမ်အရွေးခံခဲ့ရတယ်။ ပဲရွန်ရဲ့ ပထမ သမ္မတသက်တမ်း(၁၉၄၆-၁၉၅၂)မှာ ထူးထူးခြားခြားအထောက်အပံ့ပေးခဲ့သူက ဒုတိယဇနီး အီဗာ ဒျူရက်တီ (အဲဗီတာ) ပါ။ အီဗာ ၁၉၅၂ ခုနှစ်မှာ သေဆုံးသွားခဲ့တော့ ပဲရွန် နောက်ထပ်တစ်ကြိမ်သမ္မတအဖြစ်(၁၉၅၂-၁၉၅၅)တာဝန်ထမ်းခဲ့တဲ့ စစ်အာဏာရှင်သက်တမ်း နှစ်ကြိမ်ပြီးတဲ့အခါ ပဲရွန်နဲ့ ဇနီး အီဗာတို့ တည်ထောင်ထားတဲ့ Peronist နိုင်ငံရေးပါတီကို အဲဒီအချိန်က အာဏာကြားဖြတ်ရလာခဲ့တဲ့အရပ်သားအစိုးရက မတရားအသင်းအဖြစ်ကြေညာလိုက်တယ်။ ပဲရွန် ပြည်နှင်ဒဏ်ခံရပါတယ်။ နောက်ပိုင်း လက်ဝဲသမား Peronist ဟက်တာ ကမ်ပိုရာ ၁၉၇၃ ခုနှစ်မှာ သမ္မတအဖြစ်ရွေးချယ်ခံရတဲ့အချိန်မှာ ပဲရွန် အာဂျင်တီးနားကို ပြန်လာခဲ့တယ်။ အဲဒီနောက်သိပ်မကြာခင်မှာပဲ သမ္မတသက်တမ်းသုံးကြိမ်မြောက် ပြန်လည်အရွေးခံလိုက်တယ်။ ပဲရွန် နဲ့ အီဗာ အပါအဝင် Peronist ပါတီဝင်တွေဟာ ပါတီရဲ့ အဓိကရည်ရွယ်ချက်ဖြစ်တဲ့ ဆင်းရဲမွဲတေမှုအဆုံးသတ်ရေးနဲ့ အလုပ်သမားထုဘက်ကရပ်တည်ရေးတွေကို အဓိကလုပ်ဆောင်ခဲ့ကြတာပါ။ ပဲရွန်ရဲ့ ဒုတိယဇနီး အီဗာဟာ “နှလုံးရည်ပြည့်ဝတဲ့ နိုင်ငံခေါင်းဆောင်” တစ်ဦးအဖြစ်သတ်မှတ်ခံရပြီး ဂီတရုပ်ရှင်ကား Evita ကြောင့်လည်း နိုင်ငံတကာအနုပညာယဉ်ကျေးမှုလောကမှာပါ ပိုပြီးကျော်ကြားလာခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်ကရိုက်ကူးခဲ့တဲ့ ပေါ့ပ်ဘုရင်မ မက်ဒေါနားသရုပ်ဆောင်ထားတဲ့ Evita ရုပ်ရှင်ဟာလည်း အီဗာ ရဲ့ ဘဝကို သိသာထင်ရှားစေခဲ့တာပါပဲ။ 
Juan Perón and Eva Perón
အီဗာဟာ အာဂျင်တီးနားကျေးလက်ဒေသရွာလေးမှာ မွေးဖွားခဲ့သူပါ။ အီဗာ အသက် ၁၅ နှစ်မှာ  သူမ ဝါသနာကြီးခဲ့တဲ့သရုပ်ဆောင်အဖြစ်ကြိုးစားနိုင်ဖို့ မြို့တော် ဗျူနိုအေးရိစ်ကို သွားခဲ့တယ်။ တန်ဂိုအကကိုလည်း စွဲမက်လှသူပါ။ ၁၉၄၄ ဇန်နဝါရီမှာတော့ အာဂျင်တီးနား ဆန်ဂျူရန်ငလျင်ဒုက္ခသည်တွေအတွက် ပြုလုပ်တဲ့ ကုသိုလ်ဖြစ်ပွဲတစ်ခုမှာ ဗိုလ်မှူးကြီး ဂျူရန်ပဲရွန်နဲ့ တွေ့ဆုံဖြစ်ခဲ့ပါတယ်။ အဲဒီနောက်တစ်နှစ်မှာပဲ ပဲရွန်နဲ့ အီဗာ လက်ထပ်ဖြစ်ခဲ့တယ်။ ပဲရွန် နဲ့ လက်ထပ်ခဲ့ပြီးတဲ့အခါ ခြောက်နှစ်တာကာလအတွင်းမှာ အီဗာဟာ သူမစိတ်ဝင်စားခဲ့တဲ့ အလုပ်သမားအခွင့်အရေး၊ ကုသိုလ်ဖြစ်လုပ်ငန်းတွေမှာ အားသွန်ခွန်စိုက်ပါဝင်ဆောင်ရွက်တာကြောင့် နှလုံးရည်ပြည့်ဝ နှလုံးလှတဲ့ခေါင်းဆောင်အဖြစ်ထင်ရှားခဲ့ပြီး စွမ်းအားကြီးတဲ့အာဂျင်တီးနားအမျိုးသမီးဖြစ်လာခဲ့တာပါ။ အမျိုးသမီးတွေရဲ့ အခွင့်အရေးအတွက်လည်း ကြိုးစားခဲ့သေးတာပါပဲ။ အလုပ်သမားနဲ့ကျန်းမာရေးဝန်ကြီးဌာနတွေမှာလည်း အလုပ်ဝင်လုပ်တယ်။ ပြီးတော့ Eva Perón Foundation တည်ထောင်ထားပြီး အာဂျင်တီးနားအမျိုးသမီးတွေရဲ့ မဲပေးပိုင်ခွင့် အခွင့်အရေးအတွက် ရပ်တည်ကာကွယ်ပေးပါတယ်။ အာဂျင်တီးနားမှာ အမျိုးသမီးအရေအတွက်အများစုပါဝင်တဲ့ နိုင်ငံရေးပါတီ Female Peronist Party ကိုလည်း တည်ထောင်ခဲ့ပါတယ်။ အာဂျင်တီးနားအမျိုးသမီးတွေအတွက် စိတ်ခွန်အားပေးစွမ်းနိုင်ခဲ့ပြီး နိုင်ငံတကာမှာလည်းထင်ရှားကျော်ကြားခဲ့ပါတယ်။ (မက်ဒေါနားသရုပ်ဆောင်ခဲ့တဲ့ Evita ရုပ်ရှင်ပထမဆုံးအခန်းမှာဆိုရင် ရုပ်ရှင်ရုံအတွင်းမှာ ပြနေဆဲရုပ်ရှင်ကားကိုရပ်တန့်လိုက်တော့ ပရိတ်သတ်တွေဆူပူအော်ဟစ်ကြတော့တယ်။ အဲဒီအချိန် အမျိုးသားတစ်ဦးစင်မြင့်ပေါ်ထွက်လာခဲ့ပြီး ကျွန်တော်တို့ရဲ့ နှလုံးရည်ခေါင်းဆောင် အီဗာဗဲရွန် သေဆုံးခဲ့ပါပြီ လို့ ကြေညာခဲ့တဲ့အခါ လူတွေအသက်ကြီးငယ်မရွေး တုန်လှုပ်ချောက်ချားစွာငိုကြွေးမြည်တမ်းကုန်ကြတယ်။ အဲဒီအခန်းဟာ အာဂျင်တီးနားနိုင်ငံသားတွေရဲ့အီဗာ့ကို ချစ်ခင်မြတ်နိုးမှုအတိုင်းအတာကို သိလိုက်ရတဲ့ပြကွက်ပါပဲ)။ အီဗာဟာ အသက်ရှည်ရှည်တော့မနေခဲ့ရဘဲ အသက် ၃၃ နှစ်မှာပဲ ကင်ဆာရောဂါနဲ့ မြန်မြန်ဆန်ဆန်ဆုံးပါးသွားခဲ့ပါတယ်။ 
Isabel Perón
ပဲရွန် ရဲ့ တတိယဇနီး အစ်စဘဲလ်ကိုတော့ ပဲရွန် ပနားမားကို နယ်နှင်ဒဏ်ခံရတဲ့အချိန်မှာ တွေ့ဆုံခဲ့ကြတာပါ။ သာမန်အောက်ခြေအဆင့်  မိသားစုက မွေးဖွားခဲ့တဲ့ အစ်စဘဲလ် ဟာ ၁၉၅၀ အစောပိုင်းလောက်မှာ နိုက်ကလပ်ကချေသည်မလေးလို့ ဆိုကြတယ်။ အစ်စဘဲလ်ရဲ့ အလှနဲ့ ပဲရွန်ကို ဆွဲဆောင်နိုင်ခဲ့တယ်တဲ့။ ပဲရွန် စပိန်၊ မက်ဒရစ်ကို ပြောင်းရွှေ့တော့ ရိုမန်ကက်သလစ်အာဏာပိုင်တွေက ပဲရွန်ကို ငယ်ရွယ်တဲ့အမျိုးသမီးတစ်ဦးနဲ့ အတူနေထိုင်ခွင့်မပြုခဲ့ပါဘူး။ အဲဒါကြောင့်ပဲ ၁၉၆၁ ခုနှစ်မှာ ပဲရွန်တတိယအကြိမ် လက်ထပ်ခဲ့ပါတယ်။ ပဲရွန် အာဂျင်တီးနားကို ပြန်ခွင့်မရခဲ့လေတော့ ပဲရွန်ရဲ့ ဇနီးအသစ်လေးကပဲ ပဲရွန်အစားခရီးတွေသွားကာ နိုင်ငံရေးလောကထဲပြန်ဝင်ဖို့ အကြံပေးတွေနဲ့ ကြိုးစားခဲ့ကြတယ်။ အစ်စဘဲလ်ရဲ့ အကြံပေးဖြစ်ခဲ့တဲ့ CGT (General Confederation of Labour- Argentina) ခေါင်းဆောင် အလွန်ဆို ဟာ နောက်ပိုင်း ၁၉၆၅ နှစ်လည်ရွေးကောက်ပွဲကာလမှာ လုပ်ကြံခံခဲ့ရပါတယ်။ နောက်ပိုင်း ပဲရွန် အာဂျင်တီးနားကို ပြန်လည်ခြေချနိုင်လာတဲ့အခါ/ သုံးကြိမ်မြောက်သမ္မတသက်တမ်းပြန်လည်ရွေးချယ်ခံခဲ့ရခဲ့ပြီးတဲ့အခါ အစ်စဘဲလ်က ဒုတိယသမ္မတရာထူးကို လက်ခံရယူခဲ့ပါတယ်။ အစ်စဘဲလ်ဟာ နိုင်ငံရေးအမြင်/ ကျွမ်းကျင်မှုမရှိပါဘူး။ အီဗာနဲ့ အင်မတန်ကွဲပြားခဲ့ပါတယ်။ အီဗာက နိုင်ငံရေး၊ အလုပ်သမားအရေး၊ အမျိုးသမီးအရေးတွေကို အလွန်အမင်းစိတ်ဝင်စားပြီး၊ ပါဝင်လှုပ်ရှားခဲ့ပေမယ့် ၁၉၅၁ ရွေးကောက်ပွဲမှာ ဒုတိယသမ္မတရာထူးကို ငြင်းဆန်ပါတယ်။ ပဲရွန် သမ္မတအဖြစ်ပြန်လည်ရွေးချယ်ခံရပြီး တစ်နှစ်မပြည့်ခင်မှာ နှလုံးရောဝါနဲ့ သေဆုံးသွားခဲ့တယ်။ အစ်စဘဲလ်ဟာ အီဗာလို နိုင်ငံသားတွေရဲ့လေးစားမှု၊ သြဇာတိက္ကမနဲ့ပြည့်စုံခြင်းတွေတော့မရရှိခဲ့ပါဘူး။ ပူဆွေးသောကရောက်နေတဲ့ မုဆိုးမတစ်ဦးအဖြစ်လောက်ပဲ အစွန်းရောက်အုပ်စုတွေနဲ့ အတိုက်အခံနိုင်ငံရေးသမားတွေက သဘောထားကြ၊ လှောင်ပြောင်ခဲ့ကြတာပါ။

တောင်အမေရိက နဲ့ လက်တင်အမေရိကမှာ ဒုတိယအကြီးဆုံးနိုင်ငံဖြစ်တဲ့ အာဂျင်တီးနားဟာ ကမ္ဘာ့အကြီးဆုံးနိုင်ငံတွေထဲမှာ ၈ နိုင်ငံမြောက်ပါ။ လူဦးရေ ၄၁သန်းကျော်ရှိနေပါတယ်။ ပင်လယ်ရပ်ခြားနိုင်ငံဖြစ်တဲ့ စပိန်အင်ပါယာရဲ့ နယ်ချဲ့ကျူးကျော်မှုခံခဲ့ရတယ်။ အာဂျင်တိုင်းလွတ်မြောက်ခြင်းစစ်ပွဲ(၁၈၁၀-၁၈၁၈) အတွင်းမှာ စပိန်လက်အောက်ခံနိုင်ငံအဖြစ်က လွတ်မြောက်ပြီလို့ ကြေညာနိုင်ခဲ့တယ်။ အဲဒီနောက်မှာတော့ ၁၉ရာစုအတွင်း အာဂျင်တိုင်းပြည်တွင်းစစ်ပွဲတွေနဲ့ မငြိမ်မသက်ဖြစ်ခဲ့ရပြီး များပြားလှတဲ့အာဏာသိမ်းမှုတွေ၊ နိုင်ငံရေးမတည်ငြိမ်မှုတွေဟာ ၂၀ ရာစုတိုင်ဖြစ်ပွားနေခဲ့တာပါပဲ။ ဒီနေ့အထိလည်း စီးပွားရေးအကျပ်အတည်းတွေကလည်း ယှဉ်တွဲနေခဲ့တာပါ။ 
အာဂျင်တီးနားသမိုင်းမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍထင်ရှားမှုတွေနဲ့ ပြည့်နေခဲ့တဲ့အတိုင်း ဒီနေ့ အာဂျင်တီးနားသမ္မတဆိုရင်လည်း အမျိုးသမီးသမ္မတ ခရစ်တီးနား ကစ်ခ်ျနာ (ခရစ္စတီးနား ဖာနန်ဒက်ဇ် ဒီ ကစ်ခ်ျနာ) ပါ။ ၁၉၅၃ ခု ဖေဖေါ်ဝါရီ ၁၉ ရက်နေ့မှာမွေးဖွားခဲ့ပြီး အာဂျင်တီးနားရဲ့ ၅၅ ကြိမ်မြောက် သမ္မတ နဲ့ ပထမဆုံးအကြိမ်မြောက် ရွေးကောက်ခံ အမျိုးသမီးသမ္မတ ဖြစ်လာပါတယ်။ ကစ်ခ်ျနာ ဟာ Peronist Party ကို အမည်ပြောင်းထားတဲ့ Justicialist Party အဖွဲ့ဝင်ပါပဲ။ ၂၀၀၃-၂၀၀၇ ခုနှစ် အာဂျင်တီးနားသမ္မတ နက်စ်တာ ကစ်ခ်ျနာ ရဲ့ ဇနီးပါ။ သူမဟာ မြို့တော်ဗျူနိုအေးရိစ်၊ La Plata မြို့မှာ မွေးဖွားခဲ့ပြီး La Plata တက္ကသိုလ်မှာ ဥပဒေပညာဘွဲ့ရခဲ့တယ်။ ပညာသင်ချိန်မှာပဲ သူမရဲ့ ခင်ပွန်းဖြစ်လာမယ့် နက်စ်တာနဲ့ ဆုံ့တွေခဲ့ပါတယ်။ Santa Cruz ကိုပြောင်းရွေ့ခဲ့ကြပြီး နှစ်ဦးလုံး ရှေ့နေအဖြစ်အလုပ်လုပ်ခဲ့ကြတယ်။ ၁၉၇၅ မေ ၅ ရက်နေ့မှာ သူတို့လက်ထပ်လိုက်ကြပြီး ကလေးနှစ်ယောက်မွေးဖွားခဲ့ပါတယ်။ ၁၉၉၅ နဲ့ ၂၀၀၇ မှာ ပြည်နယ်လွှတ်တော်ဖြစ်လာခဲ့ပြီး အာဂျင်တိုင်းအမျိုးသားညီလာခံမှာ အမျိုးသားလွှတ်တော်အမတ်ဖြစ် ရွေးချယ်ခံရတယ်။ ခင်ပွန်း ကစ်ခ်ျနာရဲ့ သမ္မတသက်တမ်းအတွင်း First Lady အဖြစ်သာရှိနေခဲ့ပြီး ခင်ပွန်းဆုံးပါးပြီးနောက် ၂၀၀၇ သမ္မတရွေးကောက်ပွဲမှာ တကြိမ် သမ္မတအဖြစ်ရွေးကောက်ခံရပါတယ်။ ၂၀၁၁ အောက်တိုဘာ အထွေထွေရွေးကောက်ပွဲမှာလည်း ခရစ္စတီးနား ကစ်ခ်ျနာဟာ ပြိုင်ဘက်အပေါ်မှာ မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့ပါတယ်။ သမ္မတသက်တမ်းအတွက် ထပ်မံရွေးကောက်ခံခဲ့ရတာပါ။ သူမ သမ္မတသက်တမ်းအတွင်း အာဂျင်တီးနားနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာခဲ့တာရယ်၊ ခင်ပွန်းသည်ဆုံးပါးခဲ့တာဟာ တစ်နှစ်လောက်သာရှိခဲ့တာရယ်ကြောင့် အာဂျင်တိုင်းပြည်သူတွေရဲ့သနားကြင်နာမှုကို ရရှိခဲ့ပြီး သမ္မတအဖြစ် ထပ်ပြီးအရွေးခံခဲ့ရတာပါ။

နိုင်ငံတစ်နိုင်ငံမှာ အဆိုး နဲ့ အကောင်းဆိုတာရှိနေကြသလို အာဂျင်တီးနားနိုင်ငံမှာလည်း ကြောက်ရွံ့ထိတ်လန့်မှုတွေ၊ ဝမ်းနည်းပူဆွေးမှုတွေ နဲ့ ကြည်နူးဝမ်းမြောက်ခြင်းတွေပြည့်နှက်နေတဲ့ အဖြစ်အပျက်အဆိုး၊ အကောင်းတွေရှိခဲ့ပါတယ်။ 
ဆိုးတဲ့အဖြစ်အပျက်တွေဟာဆိုရင် -
၁၉၇၆ ခုနှစ် - ဗိုလ်ချုပ်ကြီး ဂျော့ခ်ျ ဗီဒဲလာ အာဏာဆုပ်ကိုင်ထားတဲ့ကာလပါ။ အတိုက်အခံနိုင်ငံရေးသမားများစွာဟာ အသတ်ခံခဲ့ရတယ်။ အထိတ်တလန့်လူသိများခဲ့ရတဲ့ “ညစ်ထေးတဲ့စစ်ပွဲ” ဆိုတာ ပေါ်ပေါက်ခဲ့ပါတယ်။ 
၁၉၈၂ ခုနှစ် - ဗီဒဲလာ ကို အောင်နိုင်ခဲ့တဲ့ နောက်ထပ်စစ်ဗိုလ်ချုပ် လီယိုပေါ်လ်ဒို ဂေါ်တီရာရီ ရဲ့ အမိန့်နဲ့ ဗြိတိသျှ အုပ်ချုပ်ထားတဲ့ Falkland ကျွန်းစုတွေကို ကျူးကျော်ပါတယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့တဲ့ ကျူးကျော်မှုတစ်ခုပါ။ ဆုံးရှုံးမှုကများပြားလှတယ်။ အာဂျင်တိုင်းစစ်သား ၇၀၀ ကျော်ခန့် အသက်ဆုံးရှုံးခဲ့တာပါ။ 
၁၉၈၃ ခုနှစ် - အာဂျင်တီးနားမှာ အရပ်သားအာဏာပိုင်ဆိုင်မှု တစ်ကျော့ပြန်လည်လာခဲ့တဲ့အချိန်။ စုံစမ်းစစ်ဆေးမှုတွေဟာ လူအခွင့်အရေးအလွဲသုံးစားပြုမှုတွေဆီ စတင်ဦးတည်ကုန်တယ်။ 
၂၀၁၀ ခုနှစ် - ဗီဒဲလာ အကျဉ်းချထားဖို့ ပြစ်ဒဏ်ချမှတ်ခံရတာက အာဏာသိမ်းယူထားခဲ့တဲ့အချိန်မှာ များပြားလှတဲ့သတ်ဖြတ်မှုတွေအတွက်ပါ။
၂၀၁၂ ခုနှစ် - နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကလေးငယ်တွေကို စနစ်တကျခိုးယူဖို့ ကြီးကြပ်ကွပ်ကဲခဲ့တဲ့ပြစ်မှုတွေအတွက် နှစ် ၅ဝ ပြစ်ဒဏ်ကျခံရတယ်။ တစ်သက်တာအကျဉ်းသားအဖြစ် ပြစ်ဒဏ်ကျခံရတယ်လို့လည်းဆိုတယ်။

ကောင်းတဲ့အဖြစ်အပျက်တွေမှာ -
အာဂျင်တီးနားဟာ လက်တင်အမေရိကနိုင်ငံတွေထဲမှာ နိုဘယ်လ်ဆုအများဆုံးရရှိခဲ့တဲ့နိုင်ငံပါ။ ဆု ၅ ကြိမ်ရရှိခဲ့ပြီး အားလုံးဟာ ၂၀ ရာစု ဒုတိယနှစ်ဝက်ကာလတွေမှာရရှိခဲ့တာပါ။  သိပ္ပံဆိုင်ရာနိုဘယ်လ်ဆု သုံးခုနဲ့ နှစ်ခုက ငြိမ်းချမ်းရေးဆုတွေပါ။ အာဂျင်တီးနားမှာ သိပ္ပံ နဲ့ နည်းပညာကဏ္ဍတွေဟာ အရေးအကြီးဆုံး အောင်မြင်မှုအရှိဆုံးဖြစ်ခဲ့တယ်။ ဆေးပညာ၊ နျူကလီးယားရူပဗေဒပညာ၊ ဇီဝနည်းပညာ၊ နာနိုနည်းပညာ၊ အာကာသသိပ္ပံ နဲ့ ဒုံးကျည်နည်းပညာ နဲ့ စီးပွားရေးနဲ့ဆိုင်တဲ့လှုပ်ရှားမှုနယ်ပယ်တွေမှာ ထူးချွန်ကြပါတယ်။ လက်တင်အမေရိကရဲ့အကြီးကျယ်ဆုံး သိပ္ပံ၊ နည်းပညာ၊ စက်မှုလုပ်ငန်း နဲ့ အနုပညာ မီဂါပြပွဲစင်တာရှိနေတယ်။ 

ဆုတွေမှာတော့ 
César Milstein - Physiology or medicine, 1984, 
Adolfo Pérez Esquivel - Peace, 1980, 
Luis Federico - Leloir, born in France, Chemistry, 1970, 
Bernardo Houssay - Physiology or Medicine, 1947, 
Carlos Saavedra Lamas, - Peace, 1936 တို့ဖြစ်ကြတယ်။ နောက်ထပ် အာဂျင်တီးနားပြည်သူတွေ စိတ်နှလုံးအေးချမ်းမှုရပြီး ဂုဏ်ယူဝမ်းမြောက်ခဲ့ရတာကတော့ ပြီးခဲ့တဲ့ မေလ မှာ ကက်သလစ်ဘာသာဝင်တွေအတွက် ၂၆၆ ဦးမြောက် ပုပ်ရဟန်းမင်းကြီးအသစ်အဖြစ် အာဂျင်တီးနားက ကာဒီနယ်ဘုန်းတော်ကြီး ရော့ခ်ျ မာရီယို ဘာဂိုလီယို ကို ရွေးချယ်ခဲ့တာပါ။ ပုပ် ဖရန့်စစ် အဖြစ်အမည် ရွေးချယ်ခဲ့ပါတယ်။ ပုပ် ဖရန့်စစ် ဟာ ပုပ်ရဟန်းမင်းကြီးအဖြစ်ရွေးချယ်ခံခဲ့ရတဲ့ ပထမဆုံးလက်တင်အမေရိကတိုက်က ပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့တယ်။ ဘုန်းတော်ကြီးရဲ့ ဘဝတစ်လျှောက်လုံးမှာ ဘုန်းတော်ကြီးမဖြစ်ခင် ဓာတုနည်းပညာရှင်အဖြစ်အလုပ်လုပ်ခဲ့ချိန်မှာရော၊ ဘာသာရေးခေါင်းဆောင်ဘဝမှာပါ ရိုကျိုးနှိမ့်ချမှုအမြဲရှိတဲ့သူအဖြစ် လူသိများလှပါတယ်။ သူယုံကြည်တဲ့အလုပ်ကတော့ နောက်ခံသမိုင်းအမျိုးမျိုးရှိနေတဲ့လူတွေအားလုံးကြားမှာ ယုံကြည်မှု၊ သစ္စာတရားတွေနဲ့ တံတားခင်းကူးလူးဆက်နွယ်ပြီးငြိမ်းချမ်းရေးတည်ဆောက်ကြဖို့ပါ လို့ ဆိုတယ်။ ကာဒီနယ် ဘာဂိုလီယို ပုပ်ရဟန်းမင်ကြီးအဖြစ်ရွေးချယ်ခံခဲ့ရတော့ တချို့လက်ဝဲအာဂျင်းတိုင်းတွေနဲ့ လူမှုရေးတက်ကြွလှုပ်ရှားသူတွေက မနှစ်သက်ကြောင်းထပ်ကာထပ်ကာပြောဆိုမှုတွေရှိခဲ့တယ်။ ကာဒီနယ် ဘာဂိုလီယိုဟာ ရှေးရိုးစွဲလက္ခဏာအမူအကျင့်ရှိသူဖြစ်ပြီး ၂၀၁၀ ခုနှစ်က အာဂျင်းတီးနားမှာတရားဝင်ဖြစ်ခဲ့တဲ့ လိင်တူချင်းလက်ထပ်မှုကိုလည်း စွဲမြဲခိုင်မာစွာကန့်ကွက်ခဲ့ပါတယ်။ အဲဒီအတွက် လိင်တူချင်းလက်ထပ်မှုကကိုလိုလား/ အထောက်အပံ့ပေးတဲ့အုပ်စုတွေရဲ့ မုန်းတီးခြင်းခံရတဲ့ပုဂ္ဂိုလ်ဖြစ်ခဲ့တယ်။ လူနည်းစုရဲ့ အယူအဆဘယ်လိုပဲရှိနေခဲ့ပါစေ ဗျူနိုအေးရိစ်က အကြီးဆုံးဘုရားကျောင်းမှာ ချီးကျူးဂုဏ်ပြုတဲ့အခမ်းအနားကို အာဂျင်နီးယားပြည်သူအများကြီးက ကြည်နူးဝမ်းမြောက်စွာဆင်နွှဲကြတယ်။
ညစ်ထေးတဲ့စစ်ပွဲ ခေါင်းဆောင် ဗီဒဲလာသေဆုံးခဲ့တဲ့အခါ ပျောက်ဆုံးနေခဲ့တဲ့ကလေးငယ်တွေရဲ့ အဖိုးအဖွားတွေရဲ့ စိတ်မှာ ဝမ်းနည်းပူဆွေးမှုတွေ အသစ်တစ်ဖန်ပြန်ခံစားရတာတွေလည်းရှိနေကြတယ်။ ကွဲကွာနေတဲ့ကလေးငယ်တွေ မိသားစုဆွေမျိုးသားချင်းအစစ်အမှန်နဲ့ပြန်ဆုံဆည်းနိုင်ဖို့ ပြန်လည်ရှာဖွေတဲ့အစုအဖွဲ့တွေကလည်း ကြိုးစားနေကြတယ်။
Cristina  Kirchner
သမ္မတ ခရစ်တီးနားကစ်ခ်ျနာ ကလည်းပြောနေပါတယ်။
“လက်တင်အမေရိကရဲ့ လက်ရှိအချိန်အနေအထားဟာ ရှေ့ကိုပဲသွားနေရမှာပါ။ ကြွယ်ဝတဲ့ သဘာဝအရင်းအမြစ်၊ လူသားအရင်းအမြစ်တွေနဲ့ ခရီးဆက်ပါမယ်။ လူမျိုးရေး၊ ဘာသာရေးသဘောကွဲလွဲမှုတွေ ကင်းမဲ့တဲ့ဒေသဖြစ်နေပါပြီ။ ကျွန်မ ယုံကြည်နေပါတယ်” တဲ့။

“သိမှတ်နိုင်မှုနဲ့ လွတ်လပ်မှုဟာ လူတိုင်းရဲ့ နေ့စဉ်လေ့ကျင့်ခန်းဖြစ်နေရမှာပါပဲ။ အဲဒါဟာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ နဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေ အသစ်တဖန်ပြန်ဖြစ်မလာနိုင်အောင်တားမြစ်ဖို့ပါ။ ကျွန်မတို့ အဲဗီတာ ဘက်မှာ ရပ်တည်ချင်ကြတယ်။ နောက်ကြောင်းကိုပြန်သွားဖို့မဟုတ်ပါဘူး။ ကျွန်မ သမ္မတဖြစ်လာတဲ့အချိန် အဲဗီတာ ဆီမှာ အကြွေးတင်နေသလိုခံစားရတယ်။ အဲဗီတာ ချစ်မြတ်နိုးခဲ့တဲ့ အလုပ်သမားထု၊ အမျိုသမီးထုရဲ့ ဘဝတွေမြှင့်တင်နိုင်ဖို့လည်း ကျွန်မ အစွမ်းကုန်ကြိုးစားသွားပါမယ်” လို့ သမ္မတ ကစ်ခ်ျနာက ပြောပါတယ်။         ။
Eva Perón (Evita)
Source (Photos included) : BBC, CNN, Wiki, zimbio
(နွယ်နီမဂ္ဂဇင်း၊ ဇွန်လ၊ ၂၀၁၃)
ဖြိုးဖြိုး

2 comments:

မြသွေးနီ said...

အဲ့ဒီလို မုန်းစရာခေင်းဆောင်မျိုးကြတော့ အသက်ရှည်လိုက်ကြတာနော်..။ ခေါင်းဆောင်ဆိုတာ တကယ်တော့ ယောကျာ်းးပဲဖြစ်ဖြစ်၊ မိန်းမပဲဖြစ်ဖြစ် လူထုကြည်ညိုနှစ်လိုဖို့ထက်စာရင် သူတို့ရဲ့ အခြေခံစိတ်ဒာတ်ကို ရိုးသားမှုအပြည့်နဲ့ တိုင်းပြည်အတွက် စေတနာ၊ အနစ်နာနဲ့ လုပ်ဆောင်ပေးဖို့ လိုတယ်ထင်မိတာပဲ။ ဒါဆို ပြည်သူတွေရဲ့ မေတ္တာ၊ အကြည်ညိုလဲ ချူယူစရာမလိုတော့ဘူးပေါ့။

ဒီပို့စ်အတွက် reference တွေအများကြီးနဲု့ အားထုတ်ထားရတာကို အသိအမှတ် မပြုပဲ မနေနိုင်ပါဘူး ဖြိုးရေ..

လသာည said...

အဲဒီ ရုပ်ရှင်ကားကို အမြည်းလေးပဲ ကြည့်ဖူးတာ။

တကယ် အများကြီး ဗဟုသုတရသလို အတွေးတွေလည်း ရတယ်။

အပေါ်က အစ်မ ပြောသလိုပဲ စာတစ်ပိုဒ် တင်တိုင်း တင်တိုင်း အသေအချာ လေ့လာပြီး reference တွေအများကြီးနဲု့ အားထုတ်တင်ပြလေ့ ရှိတာ ဖြိုးရဲ့ လေးစားစရာ အချက်လေးပါပဲ။

ကျေးဇူးအများကြီး တင်ပါတယ်.