Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, April 05, 2013

တန်ပြန်လမ်းပေါ်က အမျိုးသမီး

“အေပရယ်လ်”ကပြဇာတ် မင်းသမီး တစ်ဦး၊ ပရိသတ်များရင်ထဲ လှိုက်ခါဆို့ တက်အောင် ကပြနိုင်သည်။ ပရိသတ်ကြားမှာ ခင်ပွန်းသည် “ဖရန့်ခ်”အမြဲရှိသည်။ ပြဇာတ်ပြီးသည့်အခါတိုင်း ပရိသတ်အပေါင်းကဖရန့်ခ်ရှေ့မှာ ချီးမွမ်းခန်းဖွင့်လေ့ရှိသည်။“ခင်ဗျား ဇနီးက သိပ်တော် တာပဲ”ဟု တစ်ခွန်းပြောလေတိုင်းဖရန့်ခ်က ပြုံးလျက် ခေါင်းညိတ်ရတတ်သည်။ သို့သော် သူ့ရင်ထဲမှာ မချိ။ အောင်မြင် သည့်ပြဇာတ်သရုပ်ဆောင်မင်းသမီးတစ်ဦး၏လင်ယောက်ျားဖြစ်ရသည်ထက် သာမန်အိမ်ရှင်မတစ်ဦး၏ လင်ယောက်ျားသာဖြစ်လိုက် ချင်စိတ်က သူ့ရင်မှာ မချိတင်ကဲ ပေါ်လာတတ်သည်။ ခပ်ချောချောပြဇာတ်မင်းသားတွေနှင့်တွဲဖက်သရုပ်ဆောင် ကပြနေရသည့် မြင်ကွင်းကိုလည်း နောက်ထပ် မကြည့်လိုတော့။ သည်တစ်ခေါက်ပြဇာတ်ကအပြန်မှာ သူတို့နှစ်ဦး စကားများရသည်။

             “မင်းက အဲဒီ ပြဇာတ်အတွက် မရှိမဖြစ်တဲ့သူပါ၊ ဒါပေမယ့်ငါမလုပ်စေချင်တော့ဘူး။ ငါ့ဘက်ကိုလည်း နားလည်ပေးပါဦး”
            အေပရယ်လ်က၀ါသနာ အနုပညာနှင့် ပတ်သက်လျှင် နည်းနည်းလေးမှ အထိမခံ။

“ရှင့်စကား ဒီမှာတင်ရပ်”တဲ့။ ဖရန့်ခ်က မရပ်။ သည်ကိစ္စ အပြီးအပြတ် ဆွေးနွေးမှ ဖြစ်တော့မည်။ ကားကို လမ်းဘေးမှာ ထိုးရပ်သည်။

“မင်းကိုအခါခါပြောပြီးပြီ၊မင်းကို အနုပညာအလုပ် လုပ်ခွင့်ပြုလိုက်တာကိုက ငါ့အမှား၊ ဒါကြောင့် ခုလို မင်းလူသိများတဲ့သူဖြစ်နေ တာ”။

အေပရယ်လ် စိတ်ဆိုးကာကားပေါ်ကဆင်းသွားသည်။ ဖရန့်ခ်က လိုက်ခေါ်သည်။ စကားအခြေ အတင်ပြောကြရင်း အနိုင်ရလို ဇောဖြင့်တင်တင်စီးစီး ဆိုမိကြသည်။ အေ ပရယ်လ်က ဖရန့်ခ်ကို စေ့စေ့ကြည့်ကာ ပြောသည်။

“ရှင့်ကိုယ်ရှင် ဘာထင်နေသလဲ၊  ရှင်ဟာ အလကားလူ၊ ကျွန်မကို အနိုင်ကျင့်ဖို့ကလွဲပြီးဘာမှမသိတဲ့လူ။ ရှင် အကြီးအကျယ် မှားနေပြီ”

“ငါမမှားဘူး၊ မင်းရူးနေတာ”

 “ရှင့်ကိုယ် ရှင် ယောက်ျားလို့ သတ်မှတ်သေးရဲ့လား၊ရှင့်ကိုယ်ရှင် ဘာလဲ သိရဲ့လား”
ဒီစကားကြောင့် ဖရန့်ခ်ဒေါသအဆိပ်တက်ကာအေပရယ့်ကို ရိုက်နှက်ရန် ပြင်မိပေမဲ့ အသိစိတ်ဖြင့် လက်မတင်လေး ချွန်းအုပ် လိုက်နိုင်သည်။မဆီမဆိုင် ကားကိုယ်ထည်ကို လက်သီးတွေ အဆက်မပြတ် ထိုးသွင်းမိသည်။ လက်တွေနာကျင်တာထက် အသည်းမှာပိုလို့နာကျင်တာပဲ ဖရန့်ခ်သိသည်။

xxxx

            တကယ်တော့စိတ်လိုက်မာန်ပါ ပြောမိကြတာပါ။ အေပရယ်လ်က ဖရန့်ခ်ကို သိပ်ချစ်ပါသည်။ ညက စကားများခဲ့ပြီးနံနက် လင်း တော့ ဖရန့်ခ် က အလုပ်ကို စောစောထွက်သွားခဲ့သည်။  ဖရန့်ခ်အိပ်သွားခဲ့သည့်ဧည့်ခန်းဆက်တီ ခုံပေါ်က အရှုပ်အပွတွေကိုသိမ်းဆည်း ရှင်းလင်းရင်း တွေတွေလေးရပ်ကာ ဖရန့်ခ်ကိုသာ အေပရယ်လ်သတိရနေသည်။ အမှိုက်ပုံးကြီးကိုမနိုင်မနင်း တယဉ့်တိုက်ဆွဲလာ၊ အိမ် ရှေ့ထွက် အမှိုက်ကားရပ်စောင့်ရင်း သည်အိမ်လေးဆီရောက်ခဲ့ပုံဘ၀အစကို ပြန်မြင်ယောင်သည်။ အိမ်လိုက်ပြသူ မိန်းမက “ရီဗော်လု ရှင်နရီ ဆိုတဲ့ ဟော့ဒီလမ်းထဲမှာတော့အခုကျွန်မပြမယ့်အိမ်က အလှဆုံးအိမ်လေးပဲ”တဲ့။ လှသော အိမ်လေးထဲမှာ လှသောဘ၀သာ တည် ဆောက်လိုပါသည်။ဘာတွေပဲလုပ်လုပ် တစ်နေကုန် ဖရန့်ခ်ကိုပဲ သတိရမြင်ယောင်သည်။ မရည်ရွယ်ဘဲ သစ်သားဘူး လေးထဲကဓာတ်ပုံဟောင်းတွေ ထုတ်ကြည့်မိပြန်သည်။ သားအဖနှစ်ယောက် တွဲဓာတ်ပုံထဲက ချာတိတ်လေးကိုညွှန်ကာ“အဲဒါရှင်လား”ဟု မေးခဲ့ဖူး သည်။ အဲသည်မှာ ဖရန့်ခ်ပြောဖူးသည့် စကားတစ်ခွန်းကိုဖျတ်ခနဲသတိရသွားသည်။ “ပဲရစ်စ်ကို ပြန်သွားနေချင်လိုက်တာ။ အဲဒီက လူတွေက ဒီကလူတွေနဲ့မတူဘူး၊အဲဒါကို ခံစားကြည့်ချင်လိုက်တာ၊ အခွင့်အရေးရရင် ပြန်နေဖို့ စဉ်းစားထားတယ်”တဲ့။ ဟုတ်ပြီ။ဖရန့်ခ်ရဲ့ စိတ်ကူးကို အကောင်အထည် ဖော်ပေးရမည်။ ဖရန့်ခ်ကို အေပရယ်လ်ချစ်သည်ကိုး။

            ညမိုးချုပ်အိမ်ပြန်ရောက်လာသည့်ဖရန့်ခ်ကို အေပရယ်လ်က ပြုံးရွှင်စွာ ကြိုဆိုရင်း“ကိုယ်မှားသွားတယ်”ဟု တောင်းပန်သည်။“တစ်နေ့လုံး မောင့်ကိုသတိရနေတာ၊ ကျွန်မ မောင့်ကိုချစ်ပါတယ်”တဲ့။ ဖရန့်ခ်ရဲ့မွေးနေ့ကိုဘယ်တော့မှမမေ့တဲ့ အေပရယ်လ်က ကလေး နှစ်ယောက်နှင့်အတူ ရုတ်တရက်အံ့သြဖွယ်မွေးနေ့ပွဲလုပ်တော့ဖရန့်ခ်ကြေကွဲရတော့သည်။ သူ စိတ်တွေ ညစ်ထွေထွေကာ အလုပ်ထဲက ၀န်ထမ်းမလေး “မော်ရင်း”နှင့်နာရီပိုင်းပျော်မိတာ မှားချေပြီ၊ နောင်တကြီးစွာ ရသွားသည်။ အေပရယ်လ်မသိ၊ သူ့စိတ်ကူးကိုကြည်နူးစွာ ပြောပြလိုက်သည်။

“ပဲရစ်စ်ကို သွားမယ်၊နောက် ၆လလောက် ဘာမှမလုပ်ဘဲ ထိုင်စားနေ လို့ရတဲ့ ပိုက်ဆံတွေ ကျွန်မစုထားတယ်။

 “အဲဒီမှာ အလုပ်ရှာရဦးမှာပေါ့” ဖရန့်ခ်က တွေးတွေးဆဆပြောသည်။ ဖရန့်ခ်အနေဖြင့် လက်ရှိဝန်ထမ်းအလုပ်ကို ပဲရစ်စ်မှာ ဆက်လုပ်လည်း ၀င်ငွေမဖြစ်စလောက်လေးနှင့်မထူးဟု အေပရယ်လ်ယူဆသည်။

“မောင် ဘာမှ လုပ်စရာမလိုပါဘူး။ကျွန်မ လုပ်မယ်”

စိတ်အားထက်သန်စွာပြောလိုက်သည့်ဇနီးသည်စကားကသူ့ကိုအဝေးကြီးကို လွင့်စဉ်သွားအောင် ခါထုတ်လိုက်သလို ဖရန့်ခ်ခံ စားလိုက်ရသည်။ ယုံကြည်မှုအပြည့်နှင့်ဇနီးသည်ကိုကြည့်ကာ ဖရန့်ခ်အံ့အားသင့်သွားသည်။ ခြေလက်အကောင်း၊ သန်သန်စွမ်းစွမ်း ကျန်းကျန်းမာမာနှင့်လင်ယောက်ျားတစ်ဦးကို ဘာမှ လုပ်စရာမလိုပါဘူး ဆိုသည့်စကားက ဘာသဘောနည်း။ မိန်းမလုပ်စာထိုင်စားရန် ဖရန့်ခ် တစ်သက်လုံး စိတ်မကူးခဲ့။ သည်စကားက သူ့ကို နှိမ့်ချလိုက်သလို ခံစားရကာသွေးကြောအနှံ့ မာနတွေ ရုန်းကြွလာသည်။

“ဒါဆို ငါက ကလေးတွေအတွက်တာဝန်မဲ့သူဖြစ်သွားတော့မပေါ့”

ဖရန့်ခ်က မကျေမချမ်းပြောလိုက်ပေမဲ့နောက်ဆုံးတော့ “ကောင်းပါပြီ”လို့ လက်ခံရတော့သည်။ အေပရယ်လ် ပျော်သွားသည်။ သို့သော်သူမမှာ တတိယမြောက်ကိုယ်ဝန်က ၁၀ပတ်ရှိနေပြီကို မျှော်လင့်မထားဘဲ သိလိုက်ရတော့ စိတ်ဓာတ်ကျဆင်းသွားသည်။၁၂ပတ်မပြည့်ခင်မှာ ခရီးသွားလျှင် ပြဿနာမရှိဟု ဆရာဝန်က ဆို၍ နောက်တစ်ပတ်ထဲမှာပဲ ပဲရစ်စ်သွားမည်၊ပစ္စည်းတွေ သိမ်းမည် ဟု အေပရယ်လ်က စီစဉ်သည်။ ဖရန့်ခ်က ပဲရစ်ကို မသွားလိုတော့။ ဥရောပမှာကလေးမွေးဖွားစရိတ်က များပြားလိမ့်မည်။ သူက အလုပ်မရှိ တော့ မခက်လား။ သည်မှာပဲ အေပရယ့်လ်ကိုပျော်အောင်ထားပါမည်ဟုကတိပြုသည်။ ဖရန့်ခ်ရဲ့ဖခင်က သာမန်အရောင်း ကိုယ်စား လှယ်တစ်ဦးဖြစ်ပြီး ဆင်းရဲခဲ့သည်။ တစ်နှစ်မှာ တစ်ကြိမ်လောက်သာ မြို့ကိုတက်ပြီး နေ့လယ်စားစားနိုင်ခဲ့သည်ကိုထူးခြားတဲ့ဘ၀လို့ မှတ်ယူခဲ့ရသူ။ ဖရန့်ခ် အခု အသက်သုံးဆယ်ရှိပြီ။ သူ့အဖေလို ဆင်းဆင်းရဲရဲ မဖြတ်သန်းချင်။ မီးရထားစီးကာ အလုပ်သွား၊ ရုံးခန်းထဲမှာ တစ်နေ့ ဆယ်နာရီထိုင်၊ လစာနည်းနည်းနှင့်လက်ရှိ အလုပ်ကို မလုပ်လို တော့။ တိုက်တိုက်ဆိုင်ဆိုင် သူ့အဖေရဲ့မိတ်ဆွေတစ်ဦးက အကျိုးအမြတ်များများရသည့်အလုပ်တစ်ခုလုပ်ဖို့ကမ်းလှမ်းသည်။တွေဝေနေသည့်ဖရန့်ခ်ကို ထိုလူက စကားတစ်ခွန်းဖြင့် ချည်နှောင် လိုက်သည်။ “အခွင့်အရေး ကောင်းဆိုတာဘယ်တော့မှ နှစ်ခါ မလာဘူး” တဲ့။ ဖရန့်ခ် ဘာလုပ်ရမှန်းမသိ။

            သည်ကြားထဲအေပရယ်လ်က စိတ်ရူးထသည်။ ကလေးဖျက်ချရန် ပစ္စည်းတစ်ခု အေပရယ်လ် လျှို့ဝှက်သိမ်းဆည်းထားသည်ကို အမှတ်တမဲ့တွေ့လိုက်ရချိန်မှာ ဖရန့်ခ်အကြီးအကျယ်ထိတ်လန့် ပေါက်ကွဲတော့သည်။ “မြင်နေရတဲ့ကလေးတွေကိုရော၊မမြင်ရသေးတဲ့ ကလေးတွေကိုရော ကျွန်မချစ်ပါတယ်”လို့သာ အေပရယ်လ်ဆိုနိုင်သည်။ “သေချာလို့လား” ဖရန့်ခ်ကခနဲ့သည်။

“သာမန်မိန်းမတစ်ယောက်ကတော့သူ့ရဲ့စိတ်ကူးယဉ်အိပ်မက်အတွက် ဒီလို ရူးနှမ်းတဲ့အလုပ် ဘယ်တော့မှ မလုပ်ဘူးကွ” ဖရန့်ခ်ကခိုင်မာစွာ စွပ်စွဲလိုက်သည်။

xxxxx

ထိုညက အိမ်နီးချင်းစုံတွဲ“မေလီ”၊ “ရှဲ့ပ်”တို့နှင့်အတူ  အေပရယ်လ်နှင့်ဖရန့်ခ်လည်း ကပွဲခန်းမထဲရောက်နေသည်။ ပဲရစ်စ် ကို မသွားဖြစ်လို့ အိမ်နီးချင်းစုံတွဲကပျော်နေပေမယ့်အေပရယ်လ်က မပျော်နိုင်။ မေလီက အမူးရောသည့်အပျော်စိတ်ဖြင့် ဖရန့်ခ်နှင့် တွဲက နေတုန်းမူးဝေအန်တော့ အေပရယ်လ်က ဖရန့်ခ်ကို မေလီအား အိမ်ပြန်ပို့ပေးဖို့ပြောသည်။ ဖရန့်ခ် မေလီ့ကိုပြန်ပို့နေစဉ်  အေပရယ်လ် က အိမ်နီးချင်းအမျိုးသားရှဲ့ပ်ကို တွဲကဖို့ ထွေထွေရီရီ စခေါ်လိုက်သည်။ ခင်ပွန်းသည်ဖရန့်ခ်က “ကကြရအောင်”လို့ပြောစဉ်က“နောက်မှပေါ့” လို့ငြင်းခဲ့တဲ့ အေပရယ်လ်က ခုတော့ ရှဲ့ပ်နှင့် တွဲလို့ကရုံမက ဆိတ်ကွယ်ရာသို့သွားမိတော့သည်။ နံနက်လင်းတော့ သူ မဟုတ်သလိုပဲ မီးဖိုခန်းထဲမှာ နံနက်စာ ပြင်ဆင်နေသည့်အေပရယ်လ်ကိုတွေ့ရသည်။ တိုက်ဆိုင်စွာပင် ဖရန့်ခ်က မော်ရင်းနှင့် အပျော် လိုက်မိသည်ကို ဖွင့်ဟ၀န်ခံသည်။

“အလုပ်ကိစ္စ မပြေလည်မှုတွေကြောင့်ယောက်ျားတွေ ဖြစ်တတ်တဲ့ သဘောလို့ပဲ ကိုယ်ထင်ပါတယ်။ အဲဒါတွေ အခု လုံးဝပြီး သွားပါပြီ” တဲ့။

“ဘာလို့ ကျွန်မကိုလာပြောနေတာလဲ၊ မနာလိုဖြစ်စေချင်လို့လား၊ နှစ်ဆတိုးပြီး ရှင့်ကို ချစ်စေချင်လို့လား” အေပရယ်လ် က တရစပ် မေးသည်။

             “ငါတို့ ဖေးဖေးမမ နေကြရအောင်ပါကွာ” ပြောနေသည့်ကြားကအေပရယ်လ်ဆတ်ဆတ်ထိမခံ ပေါက်ကွဲသည်။

            “ကျွန်မအနားမကပ်နဲ့၊ထိတာနဲ့ အော်လိုက်မယ်”

 ပခုံးနှစ်ဖက်ကို ကိုင်လိုက်ရုံရှိသေး။ အာခေါင်ကွဲမတတ်စူးစူးဝါးဝါး အေပရယ်လ် အော်သည်။ ဖရန့်ခ်က ခုံတွေကို ကိုင်ပေါက် သောင်းကျန်းသည်။ အေပရယ်လ်အိမ်ထဲက ထွက်ပြေးသွားသည်။ အပြေးလိုက် ပေမယ့် အေပရယ်လ်က လက်မခံ။ စွတ်ရွတ်ပြေးသည်။

“စဉ်းစားဖို့လိုနေပြီ၊ကျွန်မ တစ်ယောက်တည်း” နေပါရစေတဲ့။ ခေါင်းမာလွန်းလှသည့်အေပရယ့်လ်ကို ဖရန့်ခ် လက်လျှော့ကာပြန်လာရသည်။ မိုးချုပ်ညနက်ထိ အရက်မူးအောင် သောက်နေမိသည့်ကြားက ပြတင်းတံခါး သံတိုင်တွေကြားကနေအေပရယ်လ် လာနိုးနိုး ချောင်းချောင်းကြည့်ကာ မျှော်ရသည်။ အိမ်နားသို့ပြန်လာသော်လည်းအေပရယ်လ် အိမ်ထဲ ၀င်မလာခဲ့ပါ။ နံနက်လင်းတော့ ထုံးစံအတိုင်း မီးဖိုခန်းထဲမှာ နံနက်စာပြင်ဆင်လျက်အေပရယ်လ်က သူ မဟုတ်သလို။ ဖရန့်ခ်ပုံစံက တစ်ညလုံး မူးထွေအိပ်ခဲ့လို့ ညင်းသိုးသိုးဖြစ်နေပေမယ့် အလုပ်သစ် စ၀င်ဖို့ စတိုင်လ်ကျကျ ၀တ်စားထားသည်။ အေပရယ်လ်က “ကြက်ဥ ဘယ်လိုလုပ်ပေးရမလဲ” တဲ့။ ဖရန့်ခ်က နူးညံ့စွာပြုံးပြီး “မသိဘူး ကြိုက်သလိုပဲလုပ်ပါ”တဲ့။ နံနက်စာ အတူစားရင်း“ရှင့်ရဲ့ အလုပ်သစ်အကြောင်း မပြောရသေးဘူး” လို့ မေးပြောပြောသည်။ တစ်ရှူးစပေါ်မှာ ပုံဆွဲပြရင်းအလုပ်သစ် အကြောင်း စိတ်တက်ကြွစွာ ရှင်းပြနေသည့်ခင်ပွန်းသည်ကို အေပရယ်လ်က ကြည်နူးချစ်မက်စွာကြည့်နေသည်။ “သိပ်ကောင်းတဲ့ နံနက်စာပဲ” လို့ ဖရန့်ခ်က ချီးမွမ်းသည်။

“ကိုယ့်ကို မုန်းသေးလား”
မနေ့က စိတ်ဆိုးဆိုးနှင့်အေပရယ်လ်က သူ့ကို မုန်းတယ် မချစ်တော့ဘူး ပြောခဲ့သည်ကိုး။ ဒါကြောင့်လည်း သူပါစိတ်ရိုင်းတွေဝင်ခဲ့မိသည်ပဲ။ အေပရယ်လ်က ခေါင်းယမ်းပြီးပြောသည်။

“မမုန်းပါဘူး၊ ဘယ်တော့မှ. .”

 အတော် ခပ်လှမ်းလှမ်းရောက်တော့ ဖရန့်ခ်က လက်လှမ်းပြသည်။အေပရယ်လ်က လည်း လက်ပြန်ပြသည်။ ဖြည်းလေးစွာ၊ ပြီးတော့ မျက်နှာက အငိုတစ်ဝက်ကယ်နှင့်။တစ်စုံတစ်ရာကို ပင်ပန်းဆင်းရဲကြီးလှစွာ ဆုံးဖြတ်ပြီးထားပြီးပုံရသည့် အေးစက်ရီဝေ မျက်လုံးတွေ. . .။
ရီဗော်လုရှင်းနရီလမ်းထဲကနေအရေးပေါ်သူနာတင်ကား ဆူညံစွာ ဖြတ်ပြေးသွားသည်ကို မေလီနှင့်တကွ အိမ်နီးချင်းများ တအံ့တသြ မြင်လိုက်ကြရ သည်။ ရှဲ့ပ်က ဆေးရုံကို အပြေးလိုက်သွားသည့်အခါ ဆောက်တည်ရာမရ တုန်လှုပ်ငိုကြွေးနေသည့်ဖရန့်ခ်ကို မြင်သည်။

“အေပရယ်လ်လေ..သွေးတွေသွန်လို့…အဲဒါကိုသူ့ဘာသာသူ လုပ်တာ၊ သူ့ဘာသာလုပ်တာ…သူ့ဘာသာ…” 
သူရူးတစ်ယောက်လိုအော်ဟစ်နေသည့်ဖရန့်ခ်။ ရှဲ့ပ် ခေါင်းနပမ်းကြီးသွားသည်။ ကော်ဖီသွားယူပေးမယ်ဆိုကာ ဖရန့်ခ်အနားက ရှောင်ထွက်လာရသည်။ အေပရယ်လ် ခုလိုဖြစ်ရတာ သူ့ပယောဂမကင်းဟုတွေးကာ ဖရန့်ခ်နှင့်အတူထပ်မျှကြေကွဲရသည်။ ကော်ဖီနှစ်ခွက် ယူလာချိန်မှာ အရေးပေါ်အခန်းထဲကနေ ခွေယိုင်ချည့်နဲ့စွာထွက်လာသည့် ဖရန့်ခ်ကို မြင်လိုက်ရသည်။

xxxxx

ရီဗော်လုရှင်းနရီလမ်းမပေါ်ကလှသောအိမ်လေးတစ်လုံးနှင့် အဲဒီအိမ်လေးမှာနေခဲ့သည့်စုံတွဲတစ်တွဲ၏ မလှသော အဆုံးသတ် ဘ၀နိဂုံးအကြောင်းအိမ်နီးချင်းများ ကြေကွဲစွာ ပြောဆိုနေကြသည်ကို ကျွန်မ ကြားလိုက်ရသည်။ ကံတရား၏စီရင်မှုကိုမရှုမလှခံလိုက်ရ သည့် အေပရယ့်လ်အဖြစ်က သနားကရုဏာသက်စရာပါ။ ဒါဟာ သူမကိုယ်တိုင် ပြုမိလိုက်သည့်အပြစ်တစ်ခုအတွက်ပေးဆပ်ရခြင်း ပဲလား၊ ပြုမှားမိသည့်အပြစ်နှင့် တန်ပြန်ခံစားလိုက်ရသည့် ကံတရားစီရင်ချက်ကမျှတပါရဲ့လား ကျွန်မ မတွေးချင်တော့ပါပြီ။        ။

ဂျူနီယို
(Family Magazine, April, 2013)
Movie    - Revolutionary Road
            (British-AmericanDrama)
Cast      -Leonardo Dicaprio,Kate Winslet
Director -Sam Mendes
Novel    -Richard Yates

2 comments:

မြသွေးနီ said...

ပြဿနာတွေက သောင်းခြောက်ထောင် ရှိနေနိုင်ပေမယ့် တစ်ယောက်နဲ့တစ်ယောက် မျှမျှတတတွေး နားလည်စာနာပေးနိုင်မှ...။ သရုပ်ဆောင်နှစ်ယောက်လုံးကို သဘောကျတယ်။ ဒီကားမကြည့်ဘူးသေးဘူး။

တိမ်ပြာ(မနောမြေ) said...

ကြည့်ဖူးတယ် ခုပြန်ဖတ်လိုက်ရတော့ ပြန်ပြီးတော့ တွေးမိသွားတယ်၊၊