Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, April 20, 2013

ပဋိပက္ခနည်းလမ်းဟောင်းတွေထဲက မြောက်ကိုးရီးယား

“ငယ်ငယ်တုန်းကတော့ ကျွန်မရဲ့တိုင်းပြည်ဟာ ဒီဂြိုဟ်ကမ္ဘာကြီးမှာ အကောင်းဆုံးတိုင်းပြည်လို့ပဲထင်ခဲ့တာပါ။ “အားကျစရာ ဘာမှမရှိ” ဆိုတဲ့သီချင်းတစ်ပုဒ်ကို သီကြွေးပြီး ကျွန်မ ကြီးပြင်းလာခဲ့တယ်။ ကျွန်မ ဂုဏ်ယူနေခဲ့တာပါပဲ။ ကျွန်မ အသက် ၇ နှစ်အရွယ်၊ လူမြင်ကွင်းမှာသေဒဏ်စီရင်ခဲ့တာကိုမြင်တွေ့လိုက်ရတာတောင် မြောက်ကိုးရီးယားကကျွန်မဘဝဟာ ပုံမှန်ပါပဲလို့ တွေးခဲ့တယ်” 
မြောက်ကိုးရီးယားက မိန်းမငယ်လေး ဟီယွန်ဆီအိုလီ ပြောပြခဲ့တာပါ။ လီ မြောက်ကိုးရီးယားမှာမွေးဖွားခဲ့ပြီး ၁၉၉၇ မှာ နိုင်ငံကို စွန့်ခွာခဲ့တယ်။ အခုတော့ လီက တောင်ကိုးရီးယားမှာနေထိုင်နိုင်နေပါပြီ။ မြောက်ကိုးရီးယားဒုက္ခသည်တွေအတွက် တက်ကြွလှုပ်ရှားသူ အဖြစ် လီ လုပ်ဆောင်နေပါတယ်။ ဖေဖေါ်ဝါရီလကပြုလုပ်ခဲ့တဲ့ TED2013 ညီလာခံမှာ လီ က သူမရဲ့ မွေးရပ်ဇာတိမြောက်ကိုးရီးယားမှာရှင်သန်နေထိုင်ခဲ့ရပုံတွေကို ပြန်ပြီးပြောပြခဲ့ပါတယ်။ 

“ကျွန်မရဲ့ မိသားစုဟာ မဆင်းရဲပါဘူး။ ဆာလောင်မွတ်သိပ်တဲ့ဒုက္ခဝေဒနာတွေ ကျွန်မဘယ်တုန်းကမှ မခံစားခဲ့ရဘူး။ ဒါပေမဲ့ တစ်နေ့ ကျွန်မအမေ ဖတ်ပြခဲ့တဲ့ စာတစ်စောင်မှာ .. အလုပ်သမားတစ်ဦးရဲ့ ညီမဆီကစာပါ။ စာထဲမှာရေးထားတာက သူမ မိသားစုဟာ အစာရေစာငတ်မွတ်နေခဲ့တာကြောင့်သေလုနီးပါးဖြစ်နေခဲ့ပါပြီတဲ့။ ကျွန်မ သဘောပေါက်လိုက်တယ်။ ကျွန်မ တိုင်းပြည်မှာ တစ်စုံတစ်ခုအကြီးအကျယ်မှားယွင်းနေတာပဲ။ မြောက်ကိုးရီးယားမှာ အင်မတန်ကြီးမားတဲ့ငတ်မွတ်ခေါင်းပါးမှုဟာ ၁၉၉၀နှစ် နှစ်လယ်ပိုင်းကနေ နှစ်ကုန်ပိုင်းအထိ ဖြစ်ပွားလာခဲ့ပြီ။ ဆင်းရဲဒုက္ခတွေကို ကျွန်မ စတင်သိမြင်လာခဲ့ရပါတယ်။ ဆာလောင်မွတ်သိပ်မှု၊ သေဆုံးခြင်းတွေ ကျွန်မ ပတ်ဝန်းကျင်မှာ မြင်တွေ့နေခဲ့ရပါပြီ။ ကျွန်မ မြောက်ကိုးရီးယားကနေ ဘယ်လိုထွက်ခွာခဲ့သလဲဆိုတာ အသေးစိတ် ထုတ်ဖော်ပြောမပြနိုင်ပါဘူး။ ဒါပေမဲ့ ကျွန်မပြောနိုင်တာကတော့ ကျွန်မ မိန်းမငယ်လေးအရွယ်မှာပဲ ငတ်မွတ်ခေါင်းပါးမှုရဲ့အမှောင်မိုက်ဆုံးနှစ်တွေကို ရင်ဆိုင်လာရတယ်။ သွေးသိပ်မနီးတဲ့ကျွန်မဆွေမျိုးတွေနဲ့ နေထိုင်ဖို့ တရုတ်နိုင်ငံကို တစ်ယောက်တည်းသွားခဲ့ပါတယ်။ ကျွန်မတွေးထင်ခဲ့တာက ကျွန်မ မိသားစုနဲ့ တခဏလေးခွဲနေရမယ်လို့ပါပဲ။ ကျွန်မ မိသားစုနဲ့ အတူတူပြန်နေရဖို့ ၁၄ နှစ်တောင်ကြာသွားမယ်လို့ ကျွန်မ ဘယ်တုန်းကမှမတွေးမိခဲ့ပါဘူး။
တရုတ်နိုင်ငံမှာ မြောက်ကိုးရီးယားဒုက္ခသည်တွေကို တရားမဝင်ရွှေ့ပြောင်းသူတွေအဖြစ် ဆုံးဖြတ်လိုက်တဲ့အခါ ကျွန်မ အထိတ်ထိတ်အလန့်လန့်နဲ့ နေထိုင်ရတော့တယ်။ ဘယ်တော့များကျွန်မကိုတရားမဝင်နေထိုင်သူအဖြစ် သိသွားကြမလဲ၊ ကျွန်မ နေရပ်ကိုသာပြန်ပို့ခဲ့ရင် မြောက်ကိုးရီးယားက ကြောက်လန့်စရာကံကြမ္မာနဲ့ပြန်ပြီးရင်ဆိုင်တိုးရမလား ကြောက်ရွံ့ခဲ့မိပါတယ်။ တစ်နေ့ ကျွန်မအတွက် အဆိုးဆုံးအိပ်မက်တကယ်ဖြစ်လာခဲ့တယ်။ တရုတ်ရဲတွေက ကျွန်မကိုဖမ်းဆီးမိသွားပါတယ်။ စစ်ကြောမေးမြန်းဖို့ ရဲဌာနကိုဖမ်းခေါ်သွားတယ်။ အဲဒီထဲက တစ်ယောက်က ကျွန်မဟာမြောက်ကိုးရီးယားကပါလို့စွပ်စွဲပြီး သူတို့ ကျွန်မရဲ့ တရုတ်စကားပြောအခြေအနေကို စစ်ဆေးပါတယ်။ ကျွန်မကို မေးခွန်းတွေ တန်နဲ့ချီပြီးမေးမြန်းတော့တာပဲ။ ကျွန်မဘဝတော့ သွားပြီလို့ပဲ အဲဒီအချိန်ထင်ခဲ့မိတာပေါ့။ ဒါပေမဲ့ ကျွန်မရဲ့ ခံစားချက်၊ ကြောက်ရွံ့တုန်လှုပ်မှုတွေကို သိမ်းဆည်းပြီး သူတို့ရဲ့ မေးခွန်းတွေကိုသေချာဖြေပါတယ်။ ပြီးတော့ သူတို့ ကျွန်မကို ပြန်လွှတ်ပေးလိုက်ကြတယ်။ အဲဒါ အံ့သြဖွယ်ရာဖြစ်ရပ်ပါပဲ။ အဲဒီနောက် ၁၀ နှစ်ကြာ ထိတ်လန့်စွာပုန်းနေခဲ့ပြီးတော့ ကျွန်မ တောင်ကိုးရီးယားကိုသွားဖို့ စွန့်စွန့်စားစားဆုံးဖြတ်ခဲ့ပါတယ်။ တောင်ကိုးရီးယားမှာ အဆင်ပြေပြေနေထိုင်ဖို့ဆိုတာကလည်း တကယ်တော့မလွယ်ကူလှပါဘူး။ ကျွန်မအစီအစဉ်တစ်ခုဆွဲပြီး တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတစ်ခုဖြေဖို့ စတင်ကြိုးစားတယ်။ အဲဒီအချိန် စိတ်ချောက်ချားစရာပါပဲ။ ဖုန်းခေါ်သံတစ်ခုဝင်လာခဲ့တယ်။ ပွဲစားကတဆင့်ကျွန်မမိသားစုအတွက် ငွေလွှဲတာကို မြောက်ကိုးရီးယားအာဏာပိုင်တွေသိရှိသွားပြီး ကြားဖြတ်သိမ်းယူထားလိုက်ကြတယ်တဲ့။ အပြစ်ပေးတဲ့သဘောပေါ့။ ကျွန်မမိသားစုကိုလည်း ကျေးလက်ဒေသက လူသူကင်းမဲ့တဲ့နေရာတစ်ခုကို အတင်းအကြပ်ပြောင်းရွှေ့ခိုင်းခဲ့ကြတယ်။ သူတို့ မြောက်ကိုးရီးယားကနေ မြန်မြန်ဆန်ဆန်ထွက်ခွာနိုင်မှဖြစ်တော့မယ်။ အဲဒါကြောင့် ကျွန်မ မိသားစုတွေရဲ့လွတ်မြောက်ရေးကူညီဖို့ အစီအစဉ်စခဲ့ပါတယ်။ ကျွန်မ တရုတ်နိုင်ငံကို လေယာဉ်နဲ့ပြန်လာခဲ့တယ် ပြီးတော့ မြောက်ကိုးရီးယားနယ်စပ်ဆီဦးတည်ခဲ့ပါတယ်။ ကျွန်မမိသားစုဟာ တရုတ်စကားမပြောနိုင်တာကြောင့် ကျွန်မကပဲ လမ်းညွှန်ခေါ်ဆောင်ခဲ့ရတယ်။ တရုတ်နိုင်ငံထဲမှာ မိုင်ပေါင်း ၂၀၀၀ကျော် ပြီးတော့ အရှေ့တောင်အာရှကိုပါ။ ဘတ်စ်ကားနဲ့ ရက်သတ္တတစ်ပတ်ခရီးဖြစ်ပြီး ကျွန်မတို့ ဖမ်းဆီးခံရလုနီးပါးအခြေအနေအကြိမ်ပေါင်းများစွာကြုံခဲ့ရတာ တကယ့်အထိတ်တလန့်အဖြစ်အပျက်တွေပါ။ 

တစ်ကြိမ်မှာတော့ ကျွန်မတို့ဘတ်စ်ကားဟာ ရပ်တန့်လိုက်တယ်။ တရုတ်ရဲအရာရှိတစ်ဦးကားပေါ်ကိုတက်လာပါတယ်။ သူက လူတိုင်းရဲ့ ID ကတ်ပြားတွေတောင်းယူလိုက်ပြီး မေးခွန်းတွေမေးဖို့ စတင်တော့တယ်။ ကျွန်မမိသားစုက တရုတ်လို့နားမလည်တော့ ကျွန်မတို့ဖမ်းဆီးခံရတော့မယ်လို့ တွေးထားလိုက်မိတယ်။ ရဲအရာရှိကကျွန်မမိသားစုအနီးရောက်လာခဲ့တော့ ကျွန်မ လျှင်လျှင်မြန်မြန်ပဲ မတ်တပ်ရပ်လိုက်ပြီး သူ့ကိုပြောလိုက်ပါတယ်။ သူတို့ဟာ ဆွံ့အ၊ နားမကြားသူတွေပါ။ ကျွန်မ က အဖော်အဖြစ်လိုက်ပါခဲ့ပါတယ်လို့ရှင်းပြခဲ့တယ်။ ရဲအရာရှိဟာကျွန်မကို မယုံသင်္ကာစူးစိုက်ပြီးကြည့်ပါတယ်။ ဒါပေမဲ့ ကံကောင်းလိုက်တာ။ သူ ကျွန်မကို ယုံကြည်သွားတယ်။ ကျွန်မတို့ အဲဒီလိုနည်းနဲ့ပဲ လာအိုနယ်စပ်ကနေဖြတ်ပါတယ်။ ဒါပေမဲ့ ကျွန်မမှာရှိသမျှပိုက်ဆံကုန်လုနီးပါး နယ်စပ်လုံခြုံရေးအစောင့်တွေကို လာဘ်ထိုးခဲ့ရတာပါ။ ကျွန်မတို့ နယ်စပ်ဖြတ်ကျော်ခွင့်ရခဲ့တာတောင်မှ ကျွန်မမိသားစုဖမ်းဆီးခံလိုက်ရပြီး တရားမဝင်နယ်စပ်ဖြတ်ကျော်မှုနဲ့ အကျဉ်းချလိုက်တယ်။ လာဘ်ထိုးဖို့ငွေတွေအကုန်သုံးစွဲပြစ်ပြီးတဲ့အခါမှာတော့ တစ်လအကြာမှာပေါ့ ကျွန်မ မိသားစုပြန်ပြီးလွတ်မြောက်လာတယ်။ ပြီးတော့ သိပ်မကြာပါဘူး။ လာအိုမြို့တော်မှာ နောက်ထပ်တစ်ခါအဖမ်းခံရပြီး အကျဉ်းချထားလိုက်ပြန်တယ်။ အဲဒီအချိန်ဟာ ကျွန်မဘဝမှာတော့ အနိမ့်ကျဆုံးစိတ်အဆင်းရဆုံးအချိန်တွေထဲက တစ်ခုပါ။ ကျွန်မ စိတ်နဲ့ ခန္ဓာကိုယ်ဟာ ဆုတ်ယုတ်လို့ အားအင်ကုန်ခမ်းလိုက်တာ။ ကျွန်မ အရှုံးကြီးရှုံးသွားပြီဆိုတဲ့ ခံစားချက်မျိုးနဲ့ပါ။ ကျွန်မ မိသားစုကို လွတ်မြောက်ဖို့ နည်းမျိုးစုံသုံးပြီကူညီခဲ့တာ အခုကျွန်မတို့ ခရီးအတော်ရောက်ခြဲ့ပီ။ တောင်ကိုးရီးယားသံရုံးနဲ့ဆို ဘယ်လောက်မှမဝေးတော့တဲ့နေရာမှာ အကျဉ်းထောင်ထဲ ပစ်ထည့်ခံလိုက်ရပြီ။ ကျွန်မ မိသားစုလွတ်မြောက်နိုင်မလားလို့ ရဲဌာနနဲ့ လူဝင်မှုကြီးကြပ်ရေးရုံး၅ ကြိမ်မြောက်သွားခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မမှာ လာဘ်ပေးစရာငွေလည်း လက်ကျန်မရှိတော့ပါဘူး။ ကျွန်မရဲ့မျှော်လင့်ချက်တွေအားလုံးဆုံးပြီပေါ့။ အဲဒီအချိန်မှာ အမျိုးသားတစ်ဦးက လှမ်းမေးလိုက်တဲ့အသံကျွန်မကြားလိုက်ရတယ်။ “ဘာများ အမှားအယွင်းဖြစ်နေသလဲ” တဲ့။ ကျွန်မ အတော်လေးအံ့အားသင့်သွားခဲ့ရတာပေါ့။ လူစိမ်းတစ်ယောက်က ဂရုတစိုက်မေးလိုက်တာကိုး။ သူက သူ့နာမည်ရဲ့ ရှေ့စာလုံးကိုပဲပြောပါတယ်။ ကျွန်မ မကျွမ်းကျင်တဲ့အင်္ဂလိပ်စကားနဲ့ကြိုးစားရှင်းပြပါတယ်။ အဘိဓာန်ကိုလည်းဖတ်ကြည့်ရသေးတာ။ ကျွန်မအခြေအနေကိုရှင်းပြပြီးတော့ အဲဒီအမျိုးသားဟာ ATM စက်ဆီသွားပါတယ်။ ကျွန်မ မိသားစုအတွက်လိုအပ်တဲ့ငွေရယ် တခြားမြောက်ကိုးရီးယားနှစ်ဦးကိုပါ အချုပ်ခန်းထဲကလွတ်မြောက်ဖို့ ငွေထုတ်ပေးပါတယ်။ ကျွန်မ အဲဒီသူ့ကို ကျေးဇူးတင်လိုက်တာ။ ပြီးတော့ ကျွန်မ မေးကြည့်ခဲ့ပါတယ်။ 

“ရှင်ဘာကြောင့်များ ကျွန်မကိုကူညီတာလဲ” 
“မင်းကို ကူညီတာမဟုတ်ပါဘူး” တဲ့။ သူကဖြေပါတယ်။ 
“ငါ မြောက်ကိုးရီးယားပြည်သူတွေကို ကူညီနေတာပါ" တဲ့။
ကျွန်မ နားလည်လိုက်တယ်။ အဲဒါဟာ ကျွန်မဘဝရဲ့ တစ်သက်မမေ့မယ့်အမှတ်အသားတစ်ခုပါပဲ။ အဲဒီလူစိမ်းဟာ ကျွန်မနဲ့ တခြား ကိုးရီးယားလူမျိုးတွေအတွက်အလိုအပ်ဆုံးအချိန်မှာ မျှော်လင့်ချက်အသစ်တစ်ခုပေးခဲ့တာပါ။ သူဟာ လူစိမ်းတွေအပေါ်မှာကြင်နာသနားမှုကိုပြသခဲ့တယ်။ နိုင်ငံတကာလူ့အဖွဲ့အစည်းရဲ့ အထောက်အပံ့ဟာ မြောက်ကိုးရီးယားလူမျိုးတွေလိုအပ်နေတဲ့ တကယ့် မျှော်လင့်ချက်အလင်းရောင်ဆိုတာကိုပါပြသခဲ့တာပါ။ နောက်ဆုံးမှာတော့ ကျွန်မတို့ရဲ့ ခရီးရှည်ကြီးပြီးတဲ့အခါ ကျွန်မ မိသားစုရယ် ကျွန်မတို့ တောင်ကိုးရီးယားမှာ ပြန်လည်ပေါင်းစည်းမိခဲ့ကြပါပြီ။
ဒါတွေဟာ လီပြန်ပြောပြခဲ့တဲ့ သူမရဲ့ မြောက်ကိုးရီးယားကနေလွတ်မြောက်ဖို့ခက်ခက်ခဲခဲကြိုးစားပုံတွေပါ။

ပိုင်ဆိုင်ထားတဲ့နျူကလီးယားလက်နက်တွေ ဟန်တပြင်ပြင် တိုက်ခိုက်ချင်နေတဲ့ မြောက်ကိုးရီးယားကို ဘယ်သူတွေကများ ပဲ့ကိုင်ထိန်းချုပ်ခဲ့သလဲ။ အခုဆိုရင်နာမည်ဆိုးနဲ့ ပိုလို့ကျော်ကြားခဲ့တဲ့မြောက်ကိုးရီယားရဲ့ နိုင်ငံရေးဇာတ်ခုံပေါ်မှာ ဘယ်သူတွေခြောက်လှန့်ကပြနေကြပါသလဲတဲ့။ အခုလက်ရှိ မြောက်ကိုးရီးယားရဲ့ခေါင်းဆောင်ဟာ အသက် ၃၀ အရွယ် ကင်မ်ဂျုံအန်ပါ။ ဖခင် ကင်ဂျုံအီ၊ အဖိုး ကင်မ်အီဆွန်တို့ရဲ့ ခေါင်းဆောင်ရာထူးတွေကို လွှဲပြောင်းယူခဲ့တဲ့သူပါပဲ။ ကင်မ်အီဆွန်တက္ကသိုလ်မှာ ရူပဗေဒဘာသာနဲ့ ဘွဲ့ရခဲ့ပြီး  ကင်မ်အီဆွန်စစ်တက္ကသိုလ်ဆင်းတစ်ဦးပါ။ ကမ္ဘာမှာအသက်အငယ်ဆုံးနိုင်ငံအကြီးအကဲဖြစ်သွားခဲ့ပါတယ်။ ကင်မ်ဂျုံအန်ရဲ့ ပညာရေးနဲ့ပတ်သက်ပြီး ဂျပန်သတင်းစာတွေမှာ ဖော်ပြခဲ့တာက ၁၉၉၃ ကနေ ၁၉၉၈ ခုနှစ်အထိ ဆွစ်ဇာလန်နိုင်ငံ၊ Bern နယ်မြေ၊Gümligen မြို့က ပုဂ္ဂလိကအင်္ဂလိပ်စာသင်တန်းကျောင်းမှာတက်ရောက်ခဲ့တယ်။ ချိုပက်ခ်(ပက်ခ်ချို) ဆိုတဲ့ ရှက်တတ်တဲ့ကျောင်းသား၊ ကျောင်းသားကောင်းတစ်ယောက်လို့ပဲဖော်ပြပါတယ်။ ၁၉၉၈-၂၀၀၀ မှာတော့ Köniz မြို့က အစိုးရကျောင်းတစ်ကျောင်းမှာ မြောက်ကိုးရီးယားသံရုံးဝန်ထမ်းတစ်ဦးရဲ့ သား ပက်ခ်အန် အဖြစ် စာရင်းပြပြီးတက်ရောက်ခဲ့တာပါ။ ပက်ခ်အန် ရဲ့ အတန်းဖော်တွေက ပြောပြတာကတော့ တစ်ခါတစ်ရံ သူဟာ မြောက်ကိုးရီးယားခေါင်းဆောင်တစ်ဦးရဲ့သားဖြစ်တယ်ဆိုတာ ပြောခဲ့တယ်လို့ဆိုတယ်။ အတန်းဖော်မိန်းကလေးတွေနဲ့ဆိုရင် မဝံ့မရဲရှက်ကြောက်တတ်တယ်။ ဘတ်စကက်ဘောပရိတ်သတ်တစ်ဦးဖြစ်ပြီး အမေရိကန်ဘတ်စ်ကက်ဘောချန်ပီယံ မိုက်ကယ်ဂျော်ဒန်ကို အရူးအမူးသဘောကျခဲ့သတဲ့။ အခုတော့ နျူကလီးယားလက်နက်တွေနဲ့ ကမ္ဘာကို ခြိမ်းခြောက်နေခဲ့ပါပြီ။ 
မြောက်ကိုးရီးယားရဲ့ နျူကလီးယားအစီအစဉ်ကို စတင်တည်ထောင်ခဲ့တဲ့ ဖခင်ကြီးလို့ဆိုကြတဲ့ အဘိုးဖြစ်သူ ကင်မ်အီဆွန်ရဲ့ ၁၀၁ နှစ်မြောက် ဈာပနအခမ်းအနားကို ဧပြီလ ၁၅ ရက်နေ့မှာ ပြုလုပ်ခဲ့ပြီး ကင်မ်ဂျုံအန် တက်ရောက်ခဲ့ပါတယ်။ အခမ်းအနားကို မြို့တော်ပြုံယမ်းက အဖိုး နဲ့ ဖခင်ကင်မ်ဂျုံအီရဲ့ ဂူဗိမာန်မှာ ပြုလုပ်ခဲ့ကြတယ်။ နျူကလီးယားလက်နက်တွေကို ‘နိုင်ငံရဲ့အသက်ဘဝရတနာတစ်ပါး” လို့ မြောက်ကိုးရီးယားခေါင်းဆောင်တွေက သတ်မှတ်ထားကြပါတယ်။
တင်းအားတွေများလာ/ မြင့်တက်လာတဲ့ ကြားထဲက ကိုးရီးယားကျွန်းဆွယ်မှာ မြောက်ကိုးရီးယားက တိုက်ခိုက်မှုတွေလုပ်မယ်လို့ ခြိမ်းခြောက်မှုတွေတစ်ပြုံကြီးလုပ်လာတယ်။ ပစ်မှတ်တွေက ယူအက်စ်၊ တောင်ကိုးရီးယား တို့ကိုပါ။ ပြုံးယမ်းကို အပြစ်တင်ခဲ့ကြတဲ့ အဓိကတိုက်ခိုက်မှုတွေနဲ့ ကျူးကျော်မှုတွေမှာဆိုရင် -

ဇန်နဝါရီ ၁၉၆၇ 
မြောက်ကိုးရီးယား အမြောက်တပ်ပစ်မှတ်ဟာ တောင်ကိုးရီးယား သင်္ဘော “the Dangpo” ဆိုတဲ့ သင်္ဘောသား ၇၀ဦးပါ ကင်းလှည့်သင်္ဘောကို ပင်လယ်ဝါထဲမှာ ပစ်ခတ်ခဲ့ပါတယ်။ သင်္ဘောနစ်မြုပ်ခဲ့ပြီး သင်္ဘောသား ၃၉ ဦး သေဆုံးခဲ့တယ်။ 

ဇန်နဝါရီ ၁၉၆၈ 
မြောက်ကိုးရီးယား ကွန်မန်ဒို ၃၁ ဦးပါတဲ့  အဖွဲ့ဟာ တောင်ကိုးရီးယား သမ္မတအိမ်ရာနန်းတော် “the Blue House” ထဲကို ဖြတ်ကျော်ခဲ့ပြီး သမ္မတ ပတ်ခ်ချုံဟီ ကို လုပ်ကြံဖို့ကြိုးစားခဲ့ကြတယ်။ တောင်ကိုးရီးယားလုံခြုံရေးတပ်သားတွေကြောင့် ကြိုးစားမှုဟာ မအောင်မြင်ခဲ့ပါဘူး။ မစ္စတာ ပတ်ခ်ဟာ လွတ်မြောက်ခဲ့ပေမယ့် တောင်ကိုးရီးယား ၇ ဦး နဲ့ ကွန်မန်ဒိုအများစုသေဆုံးခဲ့ပါတယ်။

ဇန်နဝါရီ ၁၉၆၈ 
အဲဒီနှစ်မှာပဲ ကင်းလှည့်စောင့်ကြပ်စဉ် ယူအက်စ်အက်စ်သင်္ဘော Pueblo ဟာ မြောက်ကိုးရီးယားတပ်သားတွေရဲ့ဖမ်းဆီးမှုခံခဲ့ရတယ်။ သင်္ဘောသားတစ်ဦးသေဆုံးပြီး ၈၂ ဦးကိုတော့ မြောက်ကိုးရီးယားအကျဉ်းစခန်းကို ခေါ်ဆောင်သွားခဲ့တယ်။ ယူအက်စ်က အဲဒီသင်္ဘောဟာထောက်လှမ်းရေးစပိုင်သင်္ဘောမဟုတ်ဘူးဆိုတာ တောင်းပန်/ အာမခံပြီးတဲ့နောက် ၁၁ လ ကြာပြီးတဲ့အခါ အကျဉ်းသားတွေကို လွှတ်ပေးခဲ့ပါတယ်။ the Pueblo သင်္ဘောကိုတော့ မြောက်ကိုးရီးယားပြတိုက်တစ်ခုမှာ ပြထားခဲ့တယ်။ the Pueblo ဟာ ပြတိုက်မှာဆောင်ယူပြသထားခံခဲ့ရတဲ့ ယူအက်စ်ရဲ့တစ်စီးတည်းသော စစ်သင်္ဘောပါပဲ။

ဒီဇင်ဘာ ၁၉၆၉ 
တောင်ကိုးရီးယား ခရီးသည်တင်သင်္ဘောတစ်စီးဟာ ပြန်ပေးဆွဲခံရပြီး မြောက်ကိုးရီးယားကို မောင်းနှင်ဖို့ အတင်းအကြပ်ပြုခဲ့တယ်။ ခရီးသည်ဒါဇင်ပေါင်းများစွာဟာ ဓားစာခံအဖြစ်ဖမ်းဆီးခံရပါတယ်။ ဇန်နဝါရီမှာ ဓားစာခံ ၃၉ ဦးကို ပြန်လွှတ်ပေးခဲ့တယ်။ ဒါပေမဲ့ ကျန်တဲ့ ၁၂ ဦးကတော့ လွတ်မြောက်ခဲ့လား၊ ဖမ်းဆီးထားဆဲလားအသေအချာမသိနိုင်ခဲ့ပါဘူး။

သြဂုတ် ၁၉၇၄ 
ဒုတိယအကြိမ်မြောက်ကြိုးစားမှုမှာ သမ္မတ ပတ်ခ်ရဲ့ ဇနီးသေဆုံးသွားပါတယ်။ မြောက်ကိုးရီးယားအေးဂျင့်တစ်ဦး လူအုပ်ကြားထဲမိုက်ရူးရဲပစ်ခတ်ခဲ့တာကြောင့် ပျံ့လွင့်နေတဲ့ကျည်ဆံတွေထိမှန် သေဆုံးခဲ့တာပါ။

အောက်တိုဘာ ၁၉၈၃
မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ ဟိုတယ်တစ်ခုမှာ မြောက်ကိုးရီးယားဗုံးခွဲတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်။ တောင်ကိုးရီးယား သမ္မတ ချန်ဒူးဟွန် ရန်ကုန်ကိုလာလည်တဲ့အချိန် တိုက်ခိုက်ခဲ့တာပါ။ သမ္မတချန်ဒူးဟွန် အသက်ရှင်လွတ်မြောက်ခဲ့ပေမယ့် အစိုးရဝန်ကြီးတချို့အပါအဝင် လူပေါင်း ၂၁ ဦး သေဆုံးခဲ့ပါတယ်။
နိုဝင်္ဘာ ၁၉၈၇ 
မြောက်ကိုးရီးယားအေးဂျင့်တွေတပ်ဆင်ခဲ့တဲ့ ဗုံးတစ်လုံးဟာ ဆိုးလ်ကနေ ဘက်ဂဒက်ကို ထွက်ခွာမယ့်ခရီးသည်တင်လေယာဉ်မှာ ပေါက်ကွဲခဲ့တယ်။ ခရီးသည်အားလုံးနဲ့ လေယာဉ်ဝန်ထမ်းအားလုံးသေဆုံးပါတယ်။

စက်တင်ဘာ ၁၉၉၆ 
မြောက်ကိုးရီးယားရေငုပ်သင်္ဘောတစ်စင်း တောင်ကိုးရီးယားအရှေ့ဘက်ကမ်းခြေအနီး ဂန်နောင်းအနီးမှာ သောင်တင်သွားခဲ့တယ်။  လှို့ဝှက်ထောက်လှမ်းရေးအတွက်ရောက်ရှိနေခဲ့တယ်လို့ယူဆဖွယ်ရာပါ။ အချင်းချင်း အစဖျောက်ရှာဖွေသတ်ဖြတ်တာကြောင့် သင်္ဘောသား ၂၆ ဦးကမ်းခြေဆီသို့ထွက်ပြေးပါတယ်။ သင်္ဘောသား ၁၁ ဦး ကို သေဆုံးလျှက်တွေ့ခဲ့ကြရတယ်။ သင်္ဘောပေါ်မှာပါလာတဲ့သူတွေကပဲ ပစ်ခတ်ခဲ့တဲ့ပုံစံတွေ့ရပြီး သူလျှိုလို့ စွပ်စွဲခံထားရသူတစ်ဦးလွတ်မြောက်ခဲ့တယ်။ တစ်ဦးကတော့ တောင်ကိုးရီးယားလုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးမိခဲ့ပါတယ်။ ကျန်တဲ့သူအားလုံးက အသတ်ခံခဲ့ရပါတယ်။ တောင်ကိုးရီးယားများစွာလည်း အဲဒီစစ်ဆင်ရေးမှာ သေဆုံးခဲ့ကြတယ်။

မတ် ၂၀၁၀
တန် ၁၂၀၀ လေးလံတဲ့ တောင်ကိုးရီးယားကွန်ဗက်ထ်စစ်သင်္ဘော “ချေနန်” ဟာ မြောက်ကိုးရီးယားနဲ့ ရေပိုင်နက်အငြင်းပွားရာနေရာမှာရှိနေခဲ့တယ်ဆိုပြီး တိုက်ခိုက်ခဲ့တယ်။ တိုက်ခိုက်မှုမှာ သင်္ဘောအများစုလွတ်မြောက်ခဲ့ပေမယ့် ၄၆ ဦးက သေဆုံးခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေပြီးတော့ ဆိုးလ်ဘက်ကပြောတာက တော်ပီဒိုပေါက်ကွဲမှုဟာ သင်္ဘောကိုတိုက်ရိုက်ပစ်ခတ်နှစ်မြုပ်လိုက်တာဖြစ်ပြီး အဲဒီတိုက်ခိုက်မှုမှာ ဖြစ်နိုင်ချေအရှိဆုံးအကြောင်းပြစရာက မြောက်ကိုးရီးယားတစ်ဦးတည်းရှိတယ် လို့ဆိုတယ်။ ပြုံယမ်းကတော့ ဘာမှပါဝင်ပတ်သက်မှုမရှိဘူးလို့ ငြင်းဆန်ပါတယ်။

နိုဝင်္ဘာ ၂၀၁၀ 
မြောက်ကိုးရီးယားဟာ တောင်ကိုးရီးယားနယ်စပ်ကျွန်း ယွန်ပီအွန် ကို လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်မှုမှာ အရပ်သား ၂ ဦးအပါအဝင် တောင်ကိုးရီးယား ၄ ဦး သေဆုံးခဲ့တယ်။ အဲဒါဟာ တောင်ကိုးရီးယားစစ်ရေးလေ့ကျင့်မှုတွေကို တုံ့ပြန်လိုက်တာလို့ဆိုတယ်။
နျူကလီးယားလက်နက်ပိုင်ဆိုင်ဖို့အမြဲကြိုးစား/ ခြိမ်းခြောက်နေခဲ့တဲ့ မြောက်ကိုးရီးယားက တောင်ကိုးရီးယားကိုတိုက်ခိုက်မှုတွေပါ။ မြောက်ကိုးရီးယားနဲ့ တောင်ကိုးရီးယားဟာ ကွဲပြားတယ်ထင်ရပေမယ့် တူညီတဲ့နိုင်ငံတစ်ခုတည်းကပါပဲ။ ဒုတိယကမ္ဘာစစ်ပြီးခဲ့တဲ့အခါ ကိုရီးယားကို ဂျပန်ကကျုးကျော်သိမ်းပိုက်ခဲ့တယ်။ စစ်ပွဲကပေးတဲ့ ရလာဒ်ကတော့ မြောက်ကိုးရီးယားက Republic of Korea မြို့တော်ပြုံယမ်းဖြစ်ခဲ့ပြီး၊ တောင်ကိုးရီးယားက Republic of Korea မြို့တော်ဆိုးလ်ဖြစ်သွားခဲ့တယ်။ စစ်ပွဲဟာ ကွန်မြူနစ်အစိုးရတစ်ရပ်ကို မြောက်ကိုးရီးယားအတွက်ဖွဲ့စည်းတည်ထောင်ပေးလိုက်ပြီး တောင်ကိုးရီးယားကတော့ ဒီမိုကရက်တစ်တိုင်းပြည်ဖြစ်လာခဲ့တယ်။ တောင်ကိုးရီးယားမှာလည်း နိုင်ငံတစ်ခုရဲ့ အခက်အခဲတွေတော့တွေ့ကြုံခဲ့ရပေမယ့် ၁၉၈၆ မှာ နိုင်ငံတကာအားကစားပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပနိုင်ခဲ့ပြီး ၁၉၈၈ ခုနှစ်မှာလည်း နွေရာသီအိုလံပစ်ပွဲတော်ကျင်းပနိုင်ခဲ့တာက နိုင်ငံအတွက်ဂုဏ်ယူစရာပါပဲ။ တောင်ကိုးရီးယားနိုင်ငံသားတွေအတွက်လည်း အဲဒီဒေသဟာ သူတို့ရဲ့ ဆွေမျိုးတွေပဲဖြစ်ခဲ့ဖူးတဲ့ မြောက်ပိုင်းကမြောက်ကိုးရီးယားနိုင်ငံသားတွေထက် ပိုပြီး တိုးတက်မှုတွေရှိခဲ့တယ်။ ပိုပြီး လွတ်လပ်တဲ့နေရာဒေသတစ်ခု ဖြစ်ခဲ့ပါတယ်။ မြောက်ကိုးရီးယားက ဘဝတွေမှာတော့ ငတ်မွတ်ခေါင်းပါးမှုနဲ့ ဆင်းရဲမွဲတေမှုတွေနဲ့ ရင်ဆိုင်ရတယ်။ များလှတဲ့ မြောက်ကိုးရီးယားလူမျိုးတွေဟာ တရုတ်နိုင်ငံကတဆင့် တောင်ကိုးရီးယားကို ထွက်ပြေးလွတ်မြောက်ပြီး ပိုကောင်းတဲ့ဘဝတွေကို ကြိုးစားရှာဖွေနိုင်ခဲ့ကြပေမယ့် ကွန်မြူနစ်အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ ပိတ်မိနေဆဲသူတွေကလည်း အများကြီးရှိနေဆဲပါပဲ။ မြောက်ကိုးရီးယားဟာ နိုင်ငံတကာအဖွဲ့အစည်းတွေထဲကို ဝင်ရောက်ဖို့ အမြဲငြင်းဆန်ခဲ့ပါတယ်။ လူဦးရေ ၂၄ သန်းနေထိုင်ပြီး အစိုးရဟာ တီဗီ၊ ရေဒီယိုလိုင်းအားလုံးကို ထိန်းချုပ်ထားခဲ့တယ်။ တစ်သက်တာသမ္မတလို့ ခေါ်ဆိုကြတဲ့ ကင်မ်အီဆွန်ဟာ ၁၉၅၀ မှာ ကိုးရီးယားစစ်ပွဲထဲ တိုင်းပြည်ကိုဆွဲခေါ်လာခဲ့တယ်။ သူရည်ရွယ်တာက တောင်ကိုးရီးယားကို ထိန်းချုပ်ဖို့ပါ။ တိုင်းပြည်ကို ပြင်ပအကူအညီမယူဘဲနဲ့ ကိုယ်တိုင်ကြည့်ရှုစောင့်ရှောက်မယ်ဆိုတဲ့ကြီးမားလှတဲ့အတွေးအခေါ်မျိုးလည်းရှိနေတယ်။ 

တကယ်တမ်းတော့ အစားအစာငတ်မွတ်မှုနဲ့ လူသန်းပေါင်းများစွာသေဆုံးမှုတွေဆီကိုပဲ ကင်မ်အီဆွန် ဦးတည်သွားခဲ့တယ်။ ၁၉၉၄ ကင်မ်အီဆွန်သေဆုံးသွားတော့ သားဖြစ်သူ ကင်မ်ဂျုံအီကို အာဏာလွှဲပေးခဲ့ပါတယ်။ အစိုးရပိုင်းအသံလွှင့်လိုင်းတွေကနေ နိုင်ငံ့ခေါင်းဆောင်အကြောင်းကို ဝါဒဖြန့်စကားတွေထုတ်လွှင့်တယ်။ နိုင်ငံခြားရေဒီယို၊ ရုပ်သံလိုင်းတစ်ခုခုဖမ်းယူကြည့်ရှုခဲ့ရင် အလုပ်သမားအကျဉ်းစခန်းတွေဆီပို့ကာ အပြစ်ဒဏ်ပေးလေ့ရှိတယ်။ တိုင်းပြည်မှာ ငတ်မွတ်ခေါင်းပါးမှုတွေပြည့်နေပေမယ့် နျူကလီးယားအစီအစဉ်ကို နှစ် ၂၀ ကျော်စာ ပြင်ဆင်နေခဲ့တာပါ။ မြောက်ကိုးရီးယားရဲ့ နျုကလီးယားပိုင်ဆိုင်မှုအခြေအနေအကြောင်း အမေးအဖြေတစ်ခုမှာ ဆွေးနွေးထားပါတယ်။
မြောက်ကိုးရီးယားရဲ့ နျူကလီးယားအစီအစဉ်ဟာ နိုင်ငံတကာအုပ်စုတွေအတွက် ခက်ခဲနက်နဲတဲ့ အကြောင်းရင်းတစ်ရပ်အဖြစ်ရှိနေဆဲပါ။ ၂၀၁၃ မှာ တတိယမြောက် နျူကလီးယားစမ်းသပ်မှုပြုလုပ်ခဲ့ပြီးကတည်းက မြောက်ကိုးရီးယားဟာ ယူအန်ရဲ့ ပိတ်ဆို့မှုတွေနဲ့ တောင်ကိုးရီးယားနဲ့ ယူအက်စ်တို့ စစ်ရေးလေ့ကျင့်မှုတွေကို ပြင်းပြန်းထန်ထန် တုံ့ပြန်အပြစ်တင်ပါတယ်။ နျူကလီးယားထိန်းချုပ်မှုအတွက်ပေးထားခဲ့တဲ့ ကတိကို အဆုံးသတ်ပြီး Yongbyon နျူကလီးယားစက်ရုံကို အပြည့်အစုံတပ်ဆင်မယ်။ ပြန်အသက်သွင်းတော့မယ်လို့ ဆိုလိုက်တယ်။

မြောက်ကိုးရီးယားမှာ တကယ်ပဲ နျူကလီးယားဗုံးရှိနေပြီလား။
နည်းပညာအရတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ အဲဒါဟာ ဒုံးလက်နက်အဖြစ်ပစ်လွှတ်နိုင်ပီလား အခုထိမသေချာသေးပါဘူး။ ၂၀၀၆၊ ၂၀၀၉ နဲ့ ၂၀၁၃ မှာ မြောက်ကိုးရီးယားဟာ နျူးကလီးယားစမ်းသပ်မှုတွေအောင်မြင်ပြီလို့ ကြေညာခဲ့တယ်။ အဲဒီနောက်မှာ ဒုံးကျည်တွေပစ်လွှတ်စမ်းသပ်နေတာကြောင့် ယူအန်က ပိတ်ဆို့မှုတွေလုပ်လိုက်တယ်။ မြောက်ကိုးရီးယားအရှေ့ဘက် P'unggye-ri ခေါ် P'unggye-yok ဆိုတဲ့ နျူကလီးယားစမ်းသပ်တဲ့နေရာဝန်းကျင်ကိုစစ်ဆေးခဲ့ကြတယ်။ ဂြိုဟ်တုကရတဲ့အချက်အလက်တွေမှာ စမ်းသပ်ခန်းကို မြေအောက်မှာတည်ဆောက်ထားတာတွေ့ရှိရတယ်။ လေ့လာဆန်းစစ်မှုတွေမှာ ပထမနှစ်ကြိမ်စမ်းသပ်မှုတွေဟာ ပလူတိုနီယံကို ကွဲပွားခြင်းစွမ်းအင်ထုတ်ပေးတဲ့ပစ္စည်းအဖြစ်သုံးတယ်လို့ ဆိုတယ်။ မြောက်ကိုးရီးယားတွေဟာ ဗုံး ၆ လုံး အနည်းဆုံးထုတ်လုပ်နိုင်တဲ့ လက်နက်အဆင့်ပလူတိုနီယံ လုံလုံလောက်လောက်ပိုင်ဆိုင်ပြီလို့ ယုံကြည်ထားကြတယ်။ မြောက်ကိုးရီးယားကသတိပေးခြိမ်းခြောက်သလို တတိယအကြိမ်စမ်းသပ်မှုဟာ “အဆင့်မြင့်” စမ်းသပ်မှုလို့ဆိုတယ်။ ယူရေနီယံလက်နက်ပါဝင်နိုင်တယ်လို့ ထင်ကြေးပေးနေကြပေမယ့် အဲဒီအဆင့်ကို ရှင်းရှင်းလင်းလင်းသိရဖို့ ခက်ခဲနေပါသေးတယ်။ ကျွမ်းကျင်သူတွေ ပြောခဲ့တာက ဒုံးကျည်မှာတပ်ဆင်ဖို့ အရွယ်အစားတူဖြစ်ရမယ့် နျူကလီးယားဒုံးကျည်ထိပ်ဖူးပြဿနာ မဖြေရှင်းနိုင်သေးဘူးတဲ့။ ဒါပေမဲ့ နောက်ဆုံးစမ်းသပ်မှုနဲ့ပတ်သက်ပြီး မြောက်ကိုးရီးယားကတော့ နျူကလီးယားလက်နက်ကို အသေးစားပုံစံပြုလုပ်ဖို့ပဲလိုအပ်တာလို့ဆိုတယ်။ အတည်ပြုဖို့ လိုအပ်ပါသေးတယ်။

မြောက်ကိုးရီးယားရဲ့ နျူကလီးယားအစီအစဉ်အကြောင်း ဘာတွေသိထားလဲ။
Yongbyon စမ်းသပ်နေရာဟာ ပင်မနျူကလီးယားအဆောက်အဦပါ။ မြောက်ဟာ စစ်ဆင်ရေးတွေကို ရပ်တန့်တော့မယ်လို့ အကြိမ်များစွာ ကတိကဝတ်ပြုပါတယ်။ ၂၀၀၈ မှာဆိုရင် အအေးခံမျှော်စင်ကိုတောင် ဖျက်ဆီးပြခဲ့တာပါ။ အဲဒါဟာ အထောက်အပံ့ အတွက် လက်နက်ဖျက်သိမ်းရေးကတိတစ်စိတ်တစ်ဒေသပါ။ ဒါပေမဲ့ ၂၀၁၃ မတ်မှာ ယူအက်စ် နဲ့ စစ်ရေးစကားကြမ်းကြမ်းတမ်းတမ်းဆိုအပြီး၊ တတိယအကြိမ်နျူကလီးယားစမ်းသပ်မှုကြောင့် ယူအန်က ပိတ်ဆို့မှုတွေပြုလုပ်ခဲ့တဲ့အခါ Yongbyon မှာ လိုအပ်တဲ့အဆောက်အဦ၊ ပစ္စည်းအားလုံးပြန်လည်စတင်တော့မယ်လို့ သန္နိဌာန်ချလိုက်ပါတယ်။ ဒါပေမဲ့ ယူအက်စ် ကတော့ ပြုံယမ်းဟာ နျူကလီးယားအကြောင်းအပြည့်အစုံဖွင့်ဟမယ်လို့ ဘယ်တုန်းကမှယုံကြည်မထားခဲ့ပါဘူး။ ၂၀၁၀မှာ ယူအက်စ်သိပ္ပံပညာရှင် ဆီးဖရစ်ဒ်ဟက်ကာကို မြောက်ကိုးရီးယားက ယူရေနီယံပြည့်ဝပစ္စည်းအကြောင်းဖွင့်ဟခဲ့တာကို သံသယဖြစ်စရာအချက်တစ်ခုသတ်မှတ်ထားကြတယ်။ မစ္စတာဟက်ကာဟာ ၂၀၁၀ မှာ အဲဒီနျူကလီးယားအဆောက်အဦဆီ အလည်အပတ်သွားခဲ့ပါတယ်။ အဲဒီအချိန်ကတော့ လျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်းတွေအတွက် အသုံးချမယ့်စက်ရုံအဖြစ်သာဖော်ပြခဲ့ကြတယ်။ မစ္စတာဟက်ကာပြောတာက အဲဒီအဆောက်အဦမှာ နျူကလီးယားဗုံးအတွက် အဆင့်မြင့်ပြည့်ဝယူရေနီယံပြောင်းလဲထုတ်လုပ်ဖို့ အဆင်သင့်ဖြစ်နေနိုင်တယ်။ စက်ဒလက် ၁၀၀၀ ရှိနေတဲ့ အဲဒီနျူကလီးယားစက်ရုံဟာ အံ့အားသင့်စရာကောင်းလောက်အောင် ဆန်းပြားရှုပ်ထွေးတယ်လို့ ဆိုပါတယ်။ ယူအက်စ်နဲ့ မြောက်ကိုးရီးယားကလည်း မြောက်မှာ ယူရေနီယံပြည့်ဝအစီအစဉ်အတွက် ချိတ်ဆက်အသုံးပြုနိုင်မယ့် ထပ်တိုးနျူကလီးယားစမ်းသပ်နေရာတွေရှိမယ်လို့ ယုံကြည်ကြတယ်။ ပြီးခဲ့တဲ့နှစ် သြဂုတ်လတုန်းက Yongbyon ရဲ့ ဂြိုဟ်တုပုံရိပ်တွေမှာ ရေဓါတ်ပေါင်းဖိုပုံစံတွေ့ရတယ်။ ပြုံယမ်းကတော့ ပြည်တွင်းအတွက်စွမ်းအင်ပေးနိုင်ဖို့ပါ လို့ ဆိုတယ်။ ကျွမ်းကျင်သူတွေက အဲဒီဓာတ်ပေါင်းဖိုဟာ ပလူတိုနီယံထုတ်လုပ်ဖို့ဖြစ်ပြီး နျူကလီးယားစက်ရုံကတော့ လက်နက်အတွက် အဆင့်မြင့်ပြည့်ဝယူရေနီယံထုတ်လုပ်ဖို့ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ ယူရေနီယံပစ္စည်းအသုံးပြုတဲ့စမ်းသပ်မှုတစ်ခုလုပ်မယ်ဆိုရင် စောင့်ကြည့်ထောက်လှမ်းဖို့ လွယ်ကူမှာပါ။ ဘာကြောင့်လည်းဆိုတော့ လက်နက်အဆင့်ပလူတိုနီယံအတွက် ကြီးမားကျယ်ပြန်တဲ့အဆောက်အဦလိုအပ်တာကြောင့် ဂြိုဟ်တုကဖြစ်ဖြစ် ထောက်လှမ်းကြည့်ရှုဖို့ လွယ်ကူပါတယ်။ ယူရေနီယံပြည့်ဝ အတွက်ကတော့ အရေအတွက်များများ၊ အရွယ်အစားသေးသေး စက်ဒလက်တွေပဲလိုအပ်တာကြောင့် ဖုံးကွယ်တည်ဆောက်ဖို့ ဖြစ်နိုင်ပါတယ်။ လက်နက်အဆင့်ပလူတိုနီယံ ဓာတ်ပေါင်းဖိုအတွက် ကုန်ကြမ်းပစ္စည်းလျော့နည်းသွားခဲ့ရင်လည်း အဲဒီတိုင်းပြည်မှာက ယူရေနီယံသတ္တုရိုင်းအရံပေါများစွာရနိုင်မယ့်အရင်းအမြစ်တွေရှိနေတယ်။

နိုင်ငံတကာအုပ်စုတွေက နျူကလီးယားအစီအစဉ်နဲ့ပတ်သက်ပြီး ဘာတွေလုပ်ထားပြီလဲ။
မြောက်ကိုးရီးယား၊ ယူအက်စ်၊ ရုရှား၊ တရုတ်၊ ဂျပန် နဲ့ မြောက်ကိုးရီးယား စေ့စပ်ဆွေးနွေးပွဲတွေအကြိမ်ကြိမ်လုပ်ခဲ့ပါတယ်။ ပြုံယမ်းကို သူ့ရဲ့ နျူကလီးယားရည်ရွယ်ချက်တွေကနေ လက်လျှော့ဖို့ ဖြောင်းဖြဖို့ပါပဲ။ ၂ နှစ်လောက်  ဆက်တိုက်ဆွေးနွေးခဲ့ကြပြီးနောက် ၂၀၀၅ စက်တင်ဘာမှာ မြောက်ကိုးရီးယားဟာ နျူကလီးယားရည်မှန်းချက်ကိုစွန့်လွှတ်မယ်လို့ အပေးအယူလုပ် သဘောတူလိုက်ပါတယ်။ အပြန်အလှန်အားဖြင့် စီးပွားရေးကူညီမှု နဲ့ နိုင်ငံရေးလိုက်လျောမှုတွေရရှိမှာပါ။ ဒါပေမဲ့ အပေးအယူကိုအတိအကျလိုက်နာရဲ့လား ပြောဖို့ခက်ပါတယ်။ ၂၀၀၉ ဧပြီမှာ မြောက်ကိုးရီးယားက သူရဲ့နျူကလီးယားပိုင်ဆိုင်မှုအကြောင်းထုတ်ဖော်ပြောဆိုပြန်တယ်။ ၂၀၁၁ ဇူလိုင်မှာ ယူအက်စ်နဲ့ မြောက်ကိုးရီးယားတို့ ပြန်ပြီးဆွေးနွေးဖို့ စကြတယ်။ ခြောက်လ မကြာခင်မှာပဲ မြောက်ကိုးရီးယားရဲ့ ကာလရှည်ခေါင်းဆောင်ကြီး ကင်မ်ဂျုံအီသေဆုံးခဲ့ပါတယ်။ ကင်မ်ဂျုံအီရဲ့ သားဖြစ်တဲ့ လူငယ်လေး ကင်မ်ဂျုံအန်က ခေါင်းဆောင်နေရာရယူနိုင်ခဲ့တယ်။ ၂၀၁၂ ဖေဖေါ်ဝါရီမှာ မြောက်ကိုးရီးယားဟာ ချက်ချင်းပဲ ကြေညာချက်ထုတ်ခဲ့ပါတယ်။ နျူကလီးယားလုပ်ငန်းတွေဆိုင်းငံ့ထားဖို့ သဘောတူပါတယ်တဲ့။ နျူကလီးယားဆိုင်းငံ့မှုနဲ့ ဒုံးကျည်စမ်းသပ်မှုတွေအပါအဝင် ရပ်တန့်ထားဖို့ပါ။ ယူအက်စ်မှ အစားအစာအကူအညီတွေ ဆုလာဘ်အဖြစ်နဲ့ ရရှိပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီသဘောတူညီချက်ဟာ ပြုံယမ်းရဲ့ ၂၀၁၂ ဧပြီ ၁၃ ရက်နေ့က မအောင်မြင်တဲ့ ဒုံးကျည်ထုတ်လွှတ်မှုအပြီးမှာ ရပ်ဆိုင်းသွားပြန်တယ်။ ၂၀၁၂ ဒီဇင်ဘာက လွှတ်တင်ခဲ့တဲ့ဒုံးကျည်စမ်းသပ်မှုကတော့အောင်မြင်ခဲ့ပါတယ်။ ဖေဖေါ်ဝါရီမှာပြုလုပ်ခဲ့တဲ့ တတိယအကြိမ် နျူကလီးယားစမ်းသပ်မှုအပြီးမှာတော့ ယူအန်က ပိတ်ဆို့မှုတွေပိုပြီးတင်းကြပ်လိုက်တာပါ။

တတိယမြောက်နျူကလီးယားစမ်းသပ်မှုရဲ့ ရည်ရွယ်ချက်ကဘာလဲ။
အဲဒီစမ်းသပ်မှုဟာ မြောက်ကိုးရီးယားက နိုင်ငံတကာအစုအဖွဲ့တွေကို ဖီဆန်မှုပြောင်ပြောင်တင်းတင်းပြသလိုက်တာပါပဲ။ ပြုံယမ်းက “အဆင့်မြင့်” စမ်းသပ်မှုလို့ ပြောပါတယ်။ မြောက်ကိုးရီးယားမှာ နျူကလီးယားဗုံး “ပုံစံငယ်” တကယ့်ကိုရှိနေပြီလို့ ပြသချင်တဲ့သဘောပါပဲ။ အဲဒါဟာ ယူအက်စ် နဲ့ မြောက်ကိုးရီးယား အိမ်နီးချင်းတွေကို စိုးရိမ်ဖွယ်ရာအနေအထားရောက်အောင်လုပ်လိုက်တာပါ။ ၂၀၀၆ နဲ့ ၂၀၀၉ ခုနှစ်က စမ်းသပ်ဖောက်ခွဲမှုတွေထက် ပလူတိုနီယံပစ္စည်းပမဏပိုများတဲ့ စမ်းသပ်မှုတစ်ခုလို့ ပြုံယမ်းကပြောပါတယ်။ တချို့ သုတေသနပညာရှင်တွေကတော့ အဆင့်မြင့်စမ်းသပ်မှုဆိုရင် ပလူတိုနီယံထက် လွန်ကဲပြည့်ဝယူရေနီယံ(HEU) ကိုအသုံးပြုရမယ်လို့ ဆိုကြတယ်။ ဒါပေမဲ့ ယေဘူယျသဘောကတော့ ခြိမ်းခြောက်နိုင်မှုအဆင့်မှာနှစ်ခုလုံးအတွက် အန္တရာယ်ကြီးတာပါပဲ။ ယူရေနီယံဗုံးတစ်လုံးဖြစ်ဖို့ဆိုတာဟာ ကြီးမားတဲ့နည်းပညာအောင်မြင်မှုရဲ့လက္ခဏာပါ။  ယူရေနီယံသတ္ထုကုန်ကြမ်းတွေကနေ တိုက်ခိုက်အသုံးပြုနိုင်မယ့် နျူကလီးယားဗုံးထုတ်လုပ်မှုနည်းပညာဟာ အင်မတန်ခက်ခဲပါတယ်။ ၂၀၁၃ စမ်းသပ်မှုဟာ တကယ့်ကိုအင်အားပိုပြင်းတယ်လို့ဆိုပေမယ့် ရေဒီယိုသတ္တိကြွဒြပ်စင်ပျံ့နှံ့မှုတွေတော့ မတွေ့ရဘူးလို့ တောင်ကိုးရီးယား Nuclear Safety and Security Commission က ပြောပါတယ်။ အိုင်ဆိုတုပ်ဒြင်စင်တွေ(ဇီနွန်ဓာတ်ငွေ့လိုမျိုး)တွေ့ရှိခဲ့ရင်တော့ ပလူတိုနီယံ ဒါမှမဟုတ် ယူရေနီယံအခြေပြုစမ်းသပ်မှုလားဆိုတာ စစ်ဆေးနိုင်မယ်လို့ ကျွမ်းကျင်သူတွေကဆိုတယ်။ ရေဒီယိုသတ္တိကြွဒြပ်စင်တွေနမူနာစစ်ဆေးစရာမတွေ့ရှိခဲ့တော့ ၂၀၁၃ စမ်းသပ်မှုဟာ ပလူတိုနီယံလား ယူရေနီယံလား အခုထိတိုင် မရှင်းလင်းသေးပါဘူး။

မြောက်ကိုးရီးယားက မကြေညာဘဲ တိုက်ခိုက်မယ်လို့လည်းခြိမ်းခြောက်နေပါတယ်။ ဝါရှင်တန်၊ ဆိုးလ်တို့နဲ့ စကားဝိုင်းတွေပြုလုပ်ဖို့ တောင်းဆိုပါတယ်။ ယူအန်ရဲ့ ပိတ်ဆို့မှုတွေကို ဆန့်ကျင်လိုက်ပြီး ယူအက်စ်-တောင်ကိုးရီးယားစစ်ရေးယှဉ်တွဲစစ်ရေးလေ့ကျင့်မှုတွေ အမြဲတမ်းအတွက်ရပ်တန့်ရမယ်လို့လည်းဆိုတယ်။ “DPRK (Democratic People's Republic of Korea) ကိုဆန့်ကျင်ပြီး ဆွပေးနေတဲ့လုပ်ရပ်တွေကို ချက်ချင်းရပ်တန့်ပေးသင့်တယ်။ အဲဒါတွေအားလုံးအတွက်တောင်းပန်သင့်တယ်” လို့ မြောက်ကိုးရီးယားအမျိုးသား ကာကွယ်ရေးကော်မရှင်က နိုင်ငံပိုင်သတင်းဌာနမှာ ကြေညာချက်ထုတ်လိုက်ပါတယ်။ အဲဒီကြေညာချက်မှာ DPRK လို့ အတိုကောက်စာလုံး ပထမဆုံးသုံးနှုန်းသွားခဲ့တာပါ။ ယူနိုက်တက်စတိတ်ကတော့ တောင်ကိုးရီးယားနဲ့ စစ်ရေးလေ့ကျင့်မှုတွေဟာ ပြုံယမ်းကို ရန်မူလိုတာမဟုတ်ဘူးလို့ ပြောခဲ့တယ်။ သမ္မတအိုဘားမားက ကင်မ်ဂျုံအန်ကို သတိပေးလိုက်ပါတယ်။ မြောက်ကိုးရီးယားရဲ့ ယူအက်စ် နဲ့ တောင်ကိုးရီးယားကို ခြိမ်းခြောက်မှုတွေဟာ မြောက်ကိုးရီးယားအစိုးရကို ပိုပြီး အထီးကျန်ဖြစ်အောင်လုပ်ဆောင်နေတာပါပဲတဲ့။ 

“အဲဒီစေ့စပ်ဆွေးနွေးဖို့ ပြောလာတဲ့ပုံစံဟာ သူ့ရဲ့ ဖခင်နဲ့ အဖိုးတို့ရဲ့ လုပ်ပုံလုပ်နည်းတွေအတိုင်း အတူတူပါပဲ။ ကျွန်တော်ရုံးကိုလာတယ်။ စိတ်ထဲမှာရှင်းလင်းနေတဲ့တစ်ချက်က ကျွန်တော်တို့ဟာ ဆွပေးပြီးမှ ဆုပေးတဲ့အပြုအမှုမျိုးလုပ်နေမှာမဟုတ်ဘူးဆိုတာပါ။ ကျွန်တော်တို့ ခင်ဗျားရဲ့ ဇွန်းကို စားပွဲပေါ်ကို ရိုက်ချတာမဟုတ်ဘူး။ တနည်းနည်းနဲ့၊ ခင်ဗျားကိုယ်တိုင်ပဲ ခင်ဗျားနည်းလမ်းနဲ့ပဲ ရယူရမှာပါ” လို့ ပြောသွားပါတယ်။       ။
Ref : CNN, BBC, Wiki (photos included)
Timeline: North Korean attacks
why I fled North Korea



Nweni Magazine, May, 2013

ဖြိုးဖြိုး

2 comments:

yellowtree said...

မြန်မာနိုင်ငံမှာ တိုက်ခိုက်ခံရတာ အာဇာနည်ကုန်းမှာပါ။ တခြားအချက်တွေမသိပေမယ့် ဒီတခုတော့ သေချာမှတ်မိနေလို့ပါ။

PhyoPhyo said...

ဟုတ်တယ်။ ကျွန်မလည်း မြောက်ကိုးရီးယားက အာဇာနည်ကုန်းမှာ တိုက်ခိုက်ခဲ့တာ ကြားဖူးပါတယ်။ မူရင်းစာမှာ အဲလိုပါလိုက်တာနဲ့။
ကျေးဇူးတင်ပါတယ်။