Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, March 05, 2013

အသစ်သောနှလုံးသားဖြင့်

လီယို နှင့် ပေ့ဂ်ျ(ပက်ဂီ) ရုပ်ရှင်ကြည့်ပြီးပြန်လာကြသည်။ လမ်းမပေါ်ခြေချလိုက်တော့ ဖွေးဖွေးလှုပ်လှုပ် ကျနေတဲ့ နှင်းတွေ အောက်မှာ လမ်း၊ ကား၊ သစ်ပင် အရာအားလုံး ဖွေးဆွတ်နေသည့်မြင်ကွင်းက အေးမြစွာဆီးကြိုသည်။ သိပ်လှတာပဲ ပေ့ဂ်ျ ပြောသည်။ ရုပ်ရှင်က လည်း ကောင်းလှသည်။ လီယို့စိတ်ထဲမလည်း ဒီလိုပဲ၊ ချစ်ရလွန်းသူ ပေ့ဂ်ျ အနားမှာ ရှိနေလို့ထင့်၊ အရာအားလုံး ဆန်းပြားခမ်းနားကာ လှပနေကြသည်။ ပေ့ဂ်ျကားထဲ အမြန်ဝင်ထိုင်ချိန်မှာ လီယိုက ကားရှေ့မှန်မှာ ခဲကပ် နေသည့်နှင်းတွေကို ဖယ်ရှားရှင်းလင်းနေ ရသေး သည်။ အိမ်အပြန်လမ်းမှာ လီယိုက ကားထဲက ကက်ဆက်သံကို အပျော်စိတ်နှင့် အကျယ်ကြီးတင် ဖွင့်လိုက်ကာ လိုက်အော် ဆိုတော့ ပေ့ဂ်ျ ကပါ သံပြိုင်လိုက်ဆိုသည်။

“ရှင် ဒီသီချင်းကို မကြိုက်ပါဘူး” “ကြိုက်ပါတယ်ကွာ” အပြန်အလှန်ကျီစယ်ငြင်းခုံရင်း သူတို့ရယ်မော လိုက်ကြသည်။
လမ်းတစ်နေရာမှာ လီယိုက ကားကိုထိုးရပ်လိုက်သည်။ အနမ်းတစ်ပွင့်အောက်မှာ ၀န်းကျင်ကို သူတို့ ကြည်ဖြူစွာ မေ့လျော့သွား မိကြသည်။ “ငါ့အတွက် အရေးကြီးဆုံး၊ အပျော်ဆုံးအချိန်လေးပဲ” မျက်လုံးတွေ စင်းမှေးကာ လီယို တိုးတိုး ပြောသည်။ ထရပ်ကားကြီး တစ်စီးက သူတို့ကားလေးကို အနောက်ကနေ တည့်တည့်ဝင်ကျုံး တိုက်ထည့်လိုက်သည်။ အမလေး ဘုရားသခင်…။ ခါးပတ်ပတ်မထား မိသည့် ပေ့ဂ်ျခမျာ ကားရှေ့မှန်သားပြင်ထဲ အရှိန်ပြင်းစွာခေါင်းစိုက်ဝင်ကာ ခန္ဓာကိုယ်အပေါ်ပိုင်းက မှောက်လျက်သားကြီးအပြင်သို့ ထွက်ပြူထိုးကျသွားသည်။ လီယိုကတော့ မောင်းသူ ထိုင်ခုံနေ ရာမှာပဲ သတိလစ်သွားသည်။

လီယိုက ဒဏ်ရာအနည်းငယ်သာရရုံ၊ ပေ့ဂ်ျကတော့ ဦးနှောက်အာရုံကြောတချို့ထိခိုက်သွားပြီး လွန်ခဲ့သောနှစ် အနည်းငယ်က အဖြစ်အပျက်တွေကို မေ့လျော့သွားရှာပြီ။ ပူပန်စိုးထိတ်စွာ အနားကမခွာ စောင့်ကြည့်သည့် မျက်လုံး တစ်စုံကို မြင်သော်လည်း ပေ့ဂ်ျ လုံးဝ မမှတ်မိ။ လီယိုကိုကြည့်ကာ “ဒါ ကျွန်မရဲ့ ဆရာဝန်မို့လား” တဲ့။ လီယို ရင်ကွဲ ပက်လက်ဖြစ်ရပါပြီ။

“ပက်ဂီ ငါ့ကို မမှတ်မိတော့ဘူး” လို့ ရင်ဖွင့်တော့ သူငယ်ချင်းတွေက စာနာစွာ ၀ိုင်းဝန်းစဉ်းစားပေးကြသည်။ ငါတို့ ပထမဆုံး အတူသွားခဲ့ကြတဲ့ နေရာကို သူ့ကိုခေါ်သွားကြရင်ကောင်းမလား တဲ့။ လီယို ဘာလုပ်ရမှန်းမသိတော့။ ဒီကြားထဲ သူ့ကြောင့်ဖြစ်ရသည့် အတွက် ပေ့ဂ်ျမိဘတွေက လီယို့ကို စိတ်ဆိုးနေကြသည်။ အားလုံး မင်းအပြစ်၊ ငါတို့ကို အရင်ဆုံး ခေါ်သင့်တယ်၊ မင့်လုပ်ရပ်အတွက် မင်းမှာအပြစ်ရှိတယ် ပြင်းထန်သည့်စကားလုံးတွေနှင့် ထိုးနှက်ပြစ်တင်သည်။ ဆိုးတာ က ဆေးရုံက ဆင်းခွင့်ရချိန်မှာ ပေ့ဂ်ျကို အိမ်ပြန် လိုက်ခဲ့ဖို့ မိဘတွေက ဖိအားပေးသည်။ အမေချက်တဲ့ဟင်းကမှ အရသာ ရှိတာ၊ သမီးကလည်း အိမ်ကိုပဲ လိုက်ချင်တဲ့ပုံ၊ ငါတို့သမီးကို ငါတို့အကောင်းဆုံး စောင့်ရှောက်မှုပေးမယ်၊ အဲဒီလို အမျိုးမျိုး ဆိုကြသည်။  

“ရှင် ဘာလို့ ကျွန်မရဲ့မိသားစုကို မပြောတာလဲ”
“ ငါပြောပါတယ်၊ ပြဿနာက မင်းက လွတ်လွတ်လပ်လပ်နေချင်ခဲ့တာလေ”
“ ကျွန်မ ရှင့်ရဲ့ကားထဲ ဘယ်လိုရောက်နေခဲ့တာလဲ၊ ကျွန်မတို့က လင်မယားတွေဆိုတာ ရှင်သက်သေပြ”
“ယုံပါ ငါတို့လက်ထပ်ပြီးသားပါ”
ဒီစကားကို တိုးတိုးပြောရုံကလွဲလို့ လီယိုဘာမှမတတ်နိုင်။
တစ်နေ့ ဆေးရုံရောက်ချိန်၊ ခုတင်ပေါ်မှာ ပေ့ဂ်ျကိုမတွေ့။ လီယို ဗျာခတ်ဆူဝေသွားသည်။ ပေ့ဂ်ျက သီးသန့်ခန်း ထဲမှာ။ မိဘတွေက လာခေါ်နေပြီ။ ဆေးရုံကဆင်းလို့ရပြီဆိုပဲ။ ပေ့ဂ်ျကြည့်ရတာ သူ့အဖေအမေနဲ့ လိုက်သွားမယ့်ပုံ။ မဖြစ်ဘူးချစ်သူ မင်း ငါနဲ့နေမှ ဖြစ်မယ်။ ငါနဲ့နေမှ ဘ၀အမှန်ကို ပြန်အမှတ်ရမှာပေါ့။ သူ့ကို စွေစောင်းစောင်းကြည့် နေကြသည့် ယောက္ခမကြီးနှစ်ယောက်ရှေ့မှာပဲ အသံသွင်းထားတာတချို့ကို ကသောကမျော ဖွင့်ပြလိုက်သည်။

“ကားမတော်တဆမှုမဖြစ်ခင်လေးက ငါတို့အသံသွင်းထားခဲ့တာ နားထောင်ကြည့်ပါဦး”
ခိုးခိုးခစ်ခစ်ရယ်သံလေးများနှင့် စကားသံတချို့ကို ပေ့ဂ်ျက နားစိုက်ထောင်သည်။ အကုန်အစင်တော့ မိဘတွေ ရှေ့မှာ ဖွင့်ပြပစ် လို့မဖြစ်သေး။ တစ်စွန်းတစ်စနှင့်ပိတ်ပစ်လိုက်ကာ ပေ့ဂ်ျလက်ထဲ ထည့်ပေးလိုက်သည်။

“ဒါကို မင်းသေချာနားထောင်ဖို့လိုတယ်။ ကြိမ်ဖန်များစွာပေါ့”
“အသံတွေကြားရတာတော့ ချစ်စရာလေးပဲ၊ ဒါ ကျွန်မအသံလား၊ နားထောင်ရတာ ပျော်စရာလေး”
“ဟုတ်တယ်မင်းအသံအစစ်ပဲ၊ မင်းနဲ့ငါ အရာရာကို ဆန့်ကျင်ပြီး ကတိတွေထားခဲ့ကြတာ၊ ငါတို့အမြဲ အတူရှိကြ မယ်လို့လေ၊ မင်း သိပြီသားပါ၊ ဘာမဆို ငါတို့အတူရင်ဆိုင်ကြမယ်၊ အခုကစပြီး စဉ်းစားကြည့်ပေးပါ”
အိမ်ပြန်ကြမယ်လို့ ဇွတ်ခေါ်နေသည့် ပေ့ဂ်ျမိဘတွေကို အရဲစွန့်ကာပြောလိုက်သည်။
“သူ့ကို ကျွန်တော်စောင့်ရှောက်ပါ့မယ်၊ မင်း ငါနဲ့လိုက်နေမှ ဘ၀အမှန်ကိုမှတ်မိလာပြီး အနာဂတ်ကို ထူထောင် လို့ရမှာ” ပေ့ဂ်ျကို လည်း တစ်ဆက်တည်းပြောရသည်။
ပေ့ဂ်ျ မျက်လုံးလေးတွေ ပုတ်ခတ်ပုတ်ခတ်နှင့်၊ လီယိုပြောလိုက်သည့်အနာဂတ်ဆိုသည့် စကားကို ပုံဖော်မှန်း ဆနေဟန်၊ မျှော်လင့်ခြင်း ရောင်စဉ်တို့ ရွှန်းလက်တောက်ပလာသည်။ မိဘတွေကို ကြည့်ကာ ပေ့ဂ်ျစကားတစ်ခွန်းဆို လိုက်သည်။
“သမီးသူ့ကို ဘာလို့ လက်ထပ်ခဲ့တာလဲ၊ သိချင်တယ်” တဲ့။ သဘောက သူနဲ့လိုက်ခဲ့မယ်ပေါ့။ လီယို လှိုက်ခနဲ ပျော်ရွှင်သွားသည်။
xxxxxx

အိမ်ရောက်တော့ လီယို ကြိုတင်စီစဉ်ထားသည့်အတိုင်း တံခါးဖွင့်လိုက်သည်နှင့် အသင့်စောင့်ကြိုနေသည့် သူငယ်ချင်းတွေက ဟေးခနဲ အော်ကြသည်။ ပေ့ဂ်ျကို ပွေ့ဖက်နှုတ်ဆက်ကြသည်။ “ပက်ဂီရေ၊ မင်းကို တွေ့ရတာ ပျော် လိုက်တာ၊ ငါ့ကို မှတ်မိလား၊ ငါက ဘယ်သူဘယ်ဝါပါ” တစ်ယောက်ပြီးတစ်ယောက် ၀မ်းသာအယ်လဲ ဆိုကြသည်။ လီယို မျှော်လင့်သည်က သူငယ်ချင်းတွေနှင့်ပြန်ဆုံ၊ ရောက်တတ်ရာရာ စကားစမြည် ၀ိုင်းဖွဲ့ဆိုလိုက်လျှင် ပေ့ဂ်ျ တစ်ခုခုတော့ ပြန် အမှတ်ရနိုင်သည်ပေါ့။ ခုတော့ မှတ်မိရန် မဆိုထားနှင့်၊ ပေ့ဂ်ျ က မျက်မှောင်တွေကြုတ်လာ၊ စိတ်ရှုတ်ထွေးပုံနှင့် အားလုံး ထံမှ ဖယ်ကြဉ်ခွာသည်။ သည်တော့လည်း သူငယ်ချင်းတို့ ကျေးဇူး တင်ပါ တယ်၊ ငါတို့နားချင်ပြီ၊ ကောင်းသောညပါလို့ လီယိုက နှုတ်ဆက်နှင်ထုတ်ပေးရပြီပေါ့။ အားလုံးက နားလည်စွာ လက်လျှော့ ပြန် သွားကြ သည်။

“မသိတော့တဲ့သူတွေနဲ့ စကားပြောရတာ အံ့သြတယ်၊ စိတ်လည်းရှုတ်တယ်” လို့ ပေ့ဂ်ျက ၀န်ခံသည်။
အိမ်မှာ လီယိုမရှိခိုက် လက်ထပ်တုန်းက ဗီဒီယိုကို ပေ့ဂ်ျပြန်ဖွင့်ကြည့်သည်။ ဘာမှမထူး။ အားလုံးက အစိမ်းသက် သက်သာ။ အရေးကြုံလျှင်ဆက်သွယ်ရန်လီယိုပေးခဲ့သည့် ဖုန်းကို မေ့ကာ ပေ့ဂ်ျအပြင်ထွက်သွားသည်။ ၀ယ်စရာရှိတာ ၀ယ်ပြီး အိမ်ပြန်မည် လုပ် တော့ လမ်း မမှတ်မိတော့။ အမေ့ဆီဖုန်းခေါ်တော့ အမေက ပေ့ဂ်ျကို လာခေါ်သည်။ အိမ်မှာ အေးအေးလူလူနေပြီး ပြန်လိုက်ပို့ပေး သည်။ လီယို့ခမျာ အိမ်ပြန်လာချိန် ပေ့ဂ်ျကို မတွေ့တော့ ပူပန်သောက ရောက်လိုက် ရသည့်ဖြစ်ခြင်း။ လမ်းမမှတ်မိလို့ အမေ့ဆီဖုန်းခေါ် ကြောင်း သိရတော့ လီယိုပိုပြီး ကြေကွဲရတော့သည်။ ပေ့ဂ်ျက သူ့အမေဖုန်းနံပါတ်ကျတော့ မှတ်မိနေသည်။ သူ့ကျတော့ လူကိုလည်း မမှတ်မိ၊ ဖုန်း နံပါတ်လည်း မမှတ်မိ။ မိမိချစ်ရသူက မိမိနှင့်ပတ်သက်သမျှ အရာရာကို မေ့သွားခဲ့ပြီဆိုသည့် အသိက သူ့ရင်ကို ဓားနှင့်တရိရိမွှန်းနေသလို စစ်စစ်မြည့်မြည့် ခံစားနာကျင်ခံစားရ သည်။
            ပိုပြီးနာကျင်ခံစားရတာ တစ်ခု ရှိသေးသည်။ ဂျေမီဆိုသည့်လူ၊ ခပ်ဖြောင့်ဖြောင့်ခပ်ချောချော မြာပွေမည့်ရုပ်ရည် နှင့်၊ ပေ့ဂ်ျမိဘ တွေ သဘောဆန္ဒအရ ပေ့ဂ်ျနှင့်စေ့စပ်ထားခဲ့ဖူးသည့်လူ။  ပေ့ဂ်ျက ဖျက်ပစ်ကာ လီယိုကိုရွေးချယ်ခဲ့သည် ဆိုငြား ယခုအခါ အဲဒီလူနှင့် ပြန် တွေ့ကာ ပေ့ဂ်ျ စိတ်ယိုင်သွားလေမလား။ သူကသာ အချစ်စစ်စစ်နှင့် ချစ်မိရသူပါ။ ပေ့ဂ်ျနှင့် နှစ်ကိုယ်တူချစ်ကြိုက်မိရာက မိဘဆွေမျိုး အားလုံးနှင့် ဆန့်ကျင်ကာ လီယို အသေအချာ လက်ထပ်ခဲ့သည်ပဲ။ ခက်သည်က ပေ့ဂ်ျက သူမအကြောင်းပြောပြဖို့တောင်းဆိုတိုင်း အဖြစ် မှန်တွေကို အကုန်အစင် ပြောမထွက်ခဲ့။ ပြောပြလို့မဖြစ်သည့် အကြောင်းခြင်းရာတွေကလည်း ရှိနေသည်။ ကားမတော်တဆ မှုဖြစ် အောင် လုပ်ခဲ့သည်ဆိုသည့် ပြစ်ချက်ကြီးနှင့်အတူ လီယို ကျိုးနွံစောင့်ထိန်းရတော့မည်။ ပေ့ဂ်ျမိဘတွေ ဆီက နောက်ထပ် ငြိုငြင်မှုကို မခံချင်တော့။

ဂျေမီ့ဆီသွားကာ ပေ့ဂ်ျက မေးကြည့်ပြန်သည်။ “ကျွန်မအကြောင်း ပြောပြစမ်းပါ” တဲ့။
“မင်းက မိဘစကားနားမထောင်ဘူး၊ အိမ်ကထွက်ပြေးတယ်။ မင်းမိဘတွေကို စိတ်ပျက်စေခဲ့တယ်” ဂျေမီက ဒါပဲ ပြောပြသည်။
“မဟုတ်ဘူး ကျွန်မသိချင်တာက ကျွန်မ လက်ထပ်ခဲ့သလားဆိုတာ”
လီယိုနှင့် လက်ထပ်ခဲ့သည်ဆိုတာကို ဘယ်သူကမှ ရေရေရာရာမပြောပြကြ။

xxxxx

လီယိုက ပေ့ဂ်ျကို ပေ့ဂ်ျပန်းပုထုနေကျ အခန်းဆီကို ခေါ်သွားသည်။ အံ့သြဖွယ်နေရာသစ်တစ်ခု ရောက်သလို ပေ့ဂ်ျခံစားရ သည်။ တစ်ခန်းလုံးက ထုဆစ်လက်စ ရုပ်တုတွေ၊ နှဲထားသည့် မြေစေးအကြမ်းထည်၊ ပလာစတာအရုပ်တွေနှင့် ပြည့်နှက်နေသည်။

“ငါတို့ ဒီအထဲမှာ အချိန်တော်တော်ကြာ တွေ့ခဲ့ကြတယ်၊ မင်းမှတ်မိလား၊ ဒီနေရာမှာ ငါတို့ရဲ့ အမှတ်တရတွေ အများကြီးရှိ တယ်၊ ငါတို့ ဒီနေရာမှာ သီချင်းတွေနားထောင်ရင်း creation တွေလုပ်ကြတယ်၊ ပီဇာစားတဲ့အခါစားတယ်၊ ငါတို့နှစ်ယောက်တည်းပဲ ဒါအမှန်ပဲလေ”

လီယိုက မှတ်မိလိုမှတ်မိငြား တတွတ်တွတ်အစဖော်ပြောပြနေပေမဲ့ ပေ့ဂ်ျအတွက်တော့ အဆန်းတကြယ်နေရာ တစ်ခု ရောက် နေသလို အရာရာသစ်ဆန်းနေသည်။ ဒါ သူမ ထုဆစ်နေကျပန်းပုတွေတဲ့လား၊ ဒါကိုပဲ လှည့်ပတ် ငေးကြည့် ကာ မယုံနိုင်အောင် ခံစားနေရသည်။

“ဒါ ကျွန်မလုပ်ခဲ့တာတွေလား၊ ဟင်း…ဘယ်ကဘယ်လို စရမလဲတောင်မသိဘူး”
ရွှံ့စေးအကြမ်းထည်ကြီးကို မရဲတရဲတို့ထိရင်း ပေ့ဂ်ျက ပြောသည်။

“ဒါကို ကြည့်၊ မင်းစိတ်ထဲ ဘာဖြစ်ချင်သလဲဆိုတာ အရင်စဉ်းစားလိုက် လက်က သူ့အလုပ်သူ လုပ်သွား လိမ့်မယ်” လီယိုက ပြောပြောဆိုဆို သီချင်းတစ်ပုဒ်ပြေးဖွင့်လိုက်သည်။
ပေ့ဂ်ျအာရုံနောက်သွားသည်။ မလုပ်နဲ့ အဲဒီသီချင်းကိုပိတ်လိုက် တဲ့။ လီယိုနားမလည်၊ ဒါက မင်းအကြိုက်ဆုံး သီချင်းပဲလေ ချစ်သူရာ။ ပေ့ဂ်ျက သီချင်းကို ပိတ်ထားဖို့ ကုန်းအော်သည်။ လီယို စိတ်ဓာတ်ကျပြီ။ ဒီလောက်အမှတ်တရ တွေနဲ့ ပြည့်နှက်နေတဲ့နေရာ ဘယ်မှာရှိဦးမှာလဲ။ ဒါတောင် ပေ့ဂ်ျမမှတ်မိတဲ့အပြင် စိတ်ရှုပ်ဟန်နှင့် သူ့ကို အော်ဟစ်နေခဲ့ပြီ ကော။

“ငါကြိုးစားနေတာပါ၊ မင်းအမှတ်ရလာအောင် ကူညီမလို့၊ ဘာကြောင့်လဲ မင်းစိတ်ထဲ မမှတ်မိချင်တော့ဘူးလား၊ မှတ်မိလာဖို့ ငါနဲ့အတူအားမထုတ်တော့ဘူးလား၊ ကဲ ကောင်းပြီကွာ၊ ငါမကြိုးစားတော့ဘူး၊ အဲဒါကို မေ့လိုက်တော့”

xxxxx

လီယို အလုပ်ကပြန်လာတော့ အိမ်မှာ ပေ့ဂ်ျအဖေရောက်နေတာတွေ့သည်။ ပေ့ဂ်ျက ပစ္စည်းတွေသိမ်းနေသည်။ အဖေနဲ့ ပြန်လိုက်သွားတော့မယ် ဆိုပဲ။ လီယို တစ်ခွန်းပဲ ပြောမိလိုက်ပါသည်။
“အေးကွာ မင်းတစ်ခုတော့သတိထား၊ မင်း လက်ထပ်ပြီးသားဆိုတာ ဘယ်တော့မှ မမေ့နဲ့”

အဲဒါ ဘာစကားကြီးလဲ။ ပေ့ဂ်ျမကြိုက်။

“ဘာတွေလာပြောနေတာလဲ ကျွန်မ မိသားစုနဲ့နေမှာ”

ပေ့ဂ်ျကို ဆေးစစ်သည်။ ဆရာဝန်က မှတ်မိခဲ့တာ ရှိသလားတဲ့။ ဟင့်အင်း ဘာမှမရှိ၊ ဘာမှ မမှတ်မိ။ အကုန်လုံးကို မေ့လိုက်လည်းပဲ ကိစ္စ တော့မရှိပါဘူး ဒါပေမဲ့ မင်းနေကောင်းနေပြီပဲ နည်းနည်းတော့ မှတ်မိဖို့ကြိုးစားသင့်တယ် လို့ ဆရာဝန်က ပြောသည်။

“မင်း ဒီအရာတွေကို ပြန်မှတ်မိချင်လား”

မေးမှမေးရက်ပလေ။ တကယ့်အဖြစ်မှန်ဘ၀မှန်တွေဆိုမှတော့ ပြန်မှတ်မိချင်တာပေါ့။ အမှန်တရားဆိုတာ မေ့ ဖျောက် ဖုံးကွယ် ထားရမယ့်အရာမှ မဟုတ်တာ။

“ဒီလိုနဲ့ မမှတ်မိခဲ့ဘူးဆိုရင် နောက်ဆုံးမှာ ကျွန်မ ဘာတွေဖြစ်လာမလဲ…”

“ကိစ္စမရှိဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် မင်းဒါတွေကို ပြန်မမှတ်မိဘူးဆိုရင်လည်း ဘာမှပြဿနာမရှိဘူး၊ မင်း နောက်ဘ၀ အသစ် တစ်ခု နဲ့ နေသွားလို့ရသားပဲ၊ မင်းကမင်းပဲလေ။ မင်းရဲ့နှလုံးသားကိုသာ ရိုးရိုးရှင်းရှင်းလေး ဖွင့်ထားလိုက်၊ အခု သိလာတာတွေကိုပဲ လက်ခံ နိုင်ဖို့ကြိုးစားလိုက်”

ညစာစားပွဲတစ်ခုမှာ မိတ်ဆွေတွေက လီယို့ကို မေးကြသည်။ အဆင်ပြေလားတဲ့။ ဟင့်အင်း မပြေဘူး။  ငါသူ့ကို ဘယ်လိုမှ အဆုံးရှုံးမခံနိုင်ဘူးလို့ ရင်ဖွင့်မိသည်။ အဲဒီပွဲကို ပေ့ဂ်ျလည်းရောက်လာသည်။ ရွှေအိုရောင်ရင်ပြတ်ဝတ်စုံလေးနှင့် ပိုပိုလှနေသည့် ပေ့ဂ်ျကို ကြည့်ကာ ဟိုးယခင်တွေ့ခါစကလိုပဲ လီယို ရင်ခုန်ရပြန်သည်။

“ မင်းအိမ်မှာနေရတာ ပျော်တယ်မို့လား”
“ အင်း…ကောင်းပါတယ်”
“ မိသားစုနဲ့နေတာ ကောင်းပါတယ်၊ မင်းတစ်ခုခုလိုတယ်ဆိုရင်တော့ ငါ့ကိုလာရှာပေါ့”
ပြုံးစစလေး ခေါင်းညိတ်ပြသည့် ပေ့ဂ်ျကိုကြည့်ကာ လီယို့ရင်တွေခုန်သထက်ခုန်လာသည်။ စကားတွေတားမနိုင် ဆီးမရ ဖိတ်လျှံ ကျကုန်သည်။

“မင်းမမှတ်မိဘူးလား၊ နည်းနည်းလောက်၊ ငါတို့က လက်ထပ်ပြီးသား ဆိုတာလေ၊ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ မမှတ်မိဘူးလား၊ ဘယ်လိုပဲဖြစ်ဖြစ် မင်းက ငါ့ဇနီးပဲ၊ ဘုရားကျောင်းမှာ သစ္စာဆိုခဲ့ပြီးသားပဲ၊ မင်းက ငါ့ရဲ့အချစ်ဆုံးပဲ”

လီယိုက ပေ့ဂ်ျကို ကားနဲ့ခေါ်တော့ ပေ့ဂ်ျက ပေါ့ပေါ့ပါးပါးဟန်ဖြင့် ကားထဲဝင်ထိုင်လိုက်သည်။ လီယိုသက်ပြင်းချသည်။ တကယ် ဆို သူမောင်းသည့်ကားထဲ ထိုင်လိုက်ရဖို့ ပေ့ဂ်ျ နည်းနည်းတော့ ကြောက်လန့်ဖို့သင့်တာပေါ့။ ခုတော့ ဒီလိုမဟုတ်၊ ကားတိုက်ဖူး တာကို ဘယ်လိုမှ သတိမရလို့သာ မကြောက်တာပေါ့။ လီယိုသဘောပေါက်သွားသည်။ ဒီကြား ထဲ မင်္ဂလာဆောင်တစ်ခုမှာ ဂျေမီနှင့် စကားများ သည်။ မနာလိုစိတ်နှင့် အသေချာဆုံးစကားကို လီယို ပြောချပစ် လိုက် သည်။

“မင်းက ပေ့ဂ်ျကို ပြန်လိုချင်နေတာလား၊ ခက်တာက သူမင်းကိုမကြိုက်တော့ဘူး အဲဒါဘယ်တော့မှ ဖြစ်လာမှာ မဟုတ်တော့ ဘူး” လီယို့စကားကြောင့် နာလိုခံခက်ဖြစ်သွားသည့် ဂျေမီက ပေ့ဂ်ျအပေါ်နှမသားချင်းမစာနာဘဲ ပျစ်ပျစ်နှစ်နှစ် စကား ပြောရဲခဲ့သည်။ လီယို ဒေါသထွက်ကာ ဂျေမီ့ကို တစ်ချက်ပိတ်ထိုးပစ်လိုက်သည်။ ပေ့ဂ်ျက လီယို့ကို စိတ်ဆိုးသွားပြီ။ ရှင့်ကို ကျွန်မစိတ်ပျက်တယ်တဲ့။

xxxxxx

လုပ်ဖော်ကိုင်ဖက်မိတ်ဆွေထံ ယောက်ျားတန်မဲ့ငိုလျက် ရင်ဖွင့်ပြောပြနေသည့် လီယိုကို ကျွန်မငေးကြည့်ကာ  စိတ်မောလူမော ဖြစ်ရတော့သည်။ လီယိုက ပြောနေသည်။ ငါသိပ်အားနည်းနေပြီတဲ့၊ သူ့ကို ဘာလုပ်ပါညာလုပ်ပါဆိုပြီး ဇွတ်အတင်း မှတ်မိအောင် ထပ် မလုပ်ချင်တော့ဘူးတဲ့။ ခက်ပြီ ဒါဆို ဒီဇနီးမောင်နှံအရင်လိုဘ၀ ပြန်ရောက်ဖို့မဖြစ်နိုင် တော့လို့ ကျွန်မ တွက်ဆမိလိုက်သည်။ တကယ် လည်း အရင်လိုဘ၀ သူတို့ ပြန်မရောက်ပါ။ သူတို့ ရောက်သွားတာက ဘ၀အသစ်။ အရင်ကထက် ပိုကောင်းသည့် ဘ၀အသစ်။ အဆုံး သတ် မှာ လီယိုက ပေ့ဂ်ျကို မေးသည်။

“ငါတို့ သွားလေ့ရှိတဲ့နေရာ မင်းမှတ်မိလား” တဲ့။ ပေ့ဂ်ျက ဟင့်အင်းဆိုကာ ခေါင်းယမ်းသည်။
“ဒါဆိုလည်း ငါတို့ မရောက်ဖူးသေးတဲ့နေရာ၊ နေရာအသစ်ကိုပဲ သွားကြတာပေါ့”

တကယ်တော့ လီယိုရွေးချယ်လိုက်သောနေရာသည် အဟောင်းဖြစ်ကောင်းဖြစ်နိုင်သည်။ သို့ပေမဲ့ အရာရာကို မမှတ်မိတော့ သည့် ပေ့ဂ်ျအတွက်တော့ ဘယ်နေရာမဆို အသစ်ပဲဖြစ်နေမှာပဲလို့ ကျွန်မစဉ်းစားမိလိုက်သည်။ ပေ့ဂ်ျကို ပြောခဲ့သည့် ဆရာဝန်၏ စကား တစ်ခွန်းကို ကျွန်မပြန်ကြားမိသည်။
“ဘယ်လိုပဲဖြစ်ဖြစ် မင်းဒါတွေကို ပြန်မမှတ်မိဘူးဆိုရင်လည်း ဘာမှပြဿနာမရှိဘူး၊ မင်း နောက်ဘ၀ အသစ်တစ်ခုနဲ့ နေသွား လို့ ရသားပဲ၊ မင်းကမင်းပဲ” တဲ့။ ဟုတ်သားပဲ။ ပေ့ဂ်ျက ပေ့ဂ်ျပဲ။ ဒီလူ က ဒီလူပဲ။   ပြီးပြီးသား အတိတ်တွေကို မှတ်မိခြင်း မမှတ်မိခြင်းသည် အရေးမကြီးတော့။ ဒီလူကဒီလူ အဟောင်းကိုပဲ အသစ်သောနှလုံးသားဖြင့် ချစ်တတ်ဖို့က အရေးကြီးပါသည်။         ။


ဂျူနီယို
Family မဂ္ဂဇင်း၊ မတ်လ။
Film – The Vow, Director -  Michael Sucsy
Cast -  Channing Tatum, Rachel McAdams

4 comments:

မြသွေးနီ said...

အညွှန်းကောင်းတာနဲ့ ကြည့်မှဖြစ်တော့မယ်...ဖြိုးရေ..
ကားနာမည်လေး မှတ်သွားပြီ..

မိုးနတ်ကြယ်စင် said...

ညလေးလဲ ကြည့်ဖြစ်မယ်ထင်တယ်...
စိတ်ဝင်စားစရာ ကောင်းတယ်နော် :)

Ma Tint said...

စိတ်ရှည်ရှည်ကို ဖော်ညွှန်းသွားတာပါလား ဖြိုးဖြိုးရေ။
စေတနာထက်သန်စွာနဲ့ အားတက်သရော် တင်မှတော့ ကြည့်ဖြစ်အောင်ကို ကြည့်လိုက်မယ်နော်း)ဇာတ်အိမ်ကောင်းလေးပဲ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မယ့်ကိုး said...

မကြည့်ဖြစ်ပေမယ့် ဒီဇာတ်လေးက တကယ့်အဖြစ်အပျက်ကို အခြေခံထားတာလို့ ထင်တယ်။ ဟိုတစ်လောက Reader Digest မှာ တကယ့်အချစ်ဇာတ်လမ်းများမှာ သူတို့နှစ်ယောက်အကြောင်းကို ဖတ်လိုက်ရတယ်။ အရမ်းကြည်နူးဖို့ကောင်းတာပဲ :)