Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, February 22, 2013

တကယ်တော့ ..... အဝေးကြီးပဲ

ဥက္ကာပျံအကြောင်းရေးရင်းနဲ့ တကယ်တော့ အဝေးကြီးပဲ ဆိုတာနဲ့၊ အဝေးကြီးမှာကျန်ခဲ့တဲ့ သီချင်းတစ်ပုဒ်ကို သွားသတိရရော၊ 

ဂြိုဟ်သိမ် ဂြိုဟ်မွှားအန္တရာယ်ထဲက ကျွန်မတို့ကမ္ဘာ
ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၁၅ ရက်နေ့က မြေကမ္ဘာပေါ် တမ်းတမ်းမတ်မတ် တဟုန်ထိုးခုန်ချလာတဲ့ ဥက္ကာပျံတစ်ခုကြောင့် ရုရှားနိုင်ငံ၊ ချဲလျာဘစ်ခ်မြို့တော်မှာ လူရာပေါင်းများစွာထိခိုက်ဒဏ်ရာရကြတယ်။ ၁၀ တန်လေးပြီး တစ်နာရီမှာ မိုင် ၄၀၀၀၀ နှုန်းနဲ့ ပြုတ်ကျလာခဲ့တဲ့ ဥက္ကာပျံရဲ့ အရှိန်ကြောင့် မှန်တံခါးတွေကွဲထွက်ကုန်ကြတယ်။  အဲဒီ အဖြစ်အပျက်ပြီးတဲ့နောက် ၁၆ နာရီအကြာမှာ 2012 DA14 လို့အမည်ပေးထားခဲ့တဲ့ ဥက္ကာပျံတစ်ခုကလည်း ကမ္ဘာနဲ့ နီးတဲ့နေရာ(၂၈ ၀၀၀ ကီလိုမီတာအကွာ)ကနေဖြတ်သန်းသွားခဲ့ပါတယ်။ ချဲလျာဘစ်ခ် ထိခိုက်ဒဏ်ရာရရှိမှုတွေကြောင့် လူတွေတော်တော်များများ ဥက္ကာပျံတွေရဲ့ အန္တရာယ်ကို သတိတရ ထိတ်လန့်သွားကြတယ်။ 2012 DA14  က္ကာပျံ နဲ့ ချဲလျာဘစ်ခ်မြို့တော်ဆီ ပြုတ်ကျခဲ့တဲ့ ဥက္ကာပျံဟာ အဆက်အစပ်တော့မရှိပါဘူး။ သူတို့ နှစ်ခုရဲ့ လမ်းကြောင်းတွေက သိသိသာသာကွဲပြားပါတယ်။ 

2012 DA14 ကို ၂၀၁၂ ဖေဖေါ်ဝါရီ ၂၃ ရက်နေ့မှာ စပိန်နိုင်ငံ၊ ဂရာနာဒါပြည်နယ် The Observatorio Astronómico de La Sagra နက္ခတ်တာရာကြည့်မျှော်စင်ကနေ တွေ့ရှိခဲ့ကြတာပါ။ ကမ္ဘာကနေ ၂၆၀၀၀၀၀ ကီလိုမီတာအကွာကနေဖြတ်ပြီး ၇ ရက်အကြာမှာ တွေ့ရှိခဲ့ကြတယ်။ အချင်း မီတာ ၃၀ ရှိပြီး ၄၀၀၀၀ မက်ထရစ်တန်လေးပါတယ်။ ၂၀၁၃ မှာ ကမ္ဘာနဲ့ အနီးအနားကနေဖြတ်သန်းသွားမယ်လို့  ကြိုတင်ခန့်မှန်းခဲ့ကြတယ်။ ခန့်မှန်းထားတဲ့အတိုင်းပဲ ၂၀၁၃ ဖေဖေါ်ဝါရီ ၁၅ ရက်နေ့မှာ ကမ္ဘာရဲ့ အလယ်ဗဟိုကနေ ၃၄၀၅၀ ကီလိုမီတာ အကွာကနေ ဖြတ်သန်းသွားခဲ့ပါတယ်။ ချဲလျာဘစ်ခ်မြို့တော်မှာ ပြုတ်ကျခဲ့တဲ့ ဥက္ကာပျံလိုတော့ ကမ္ဘာကို ဝင်မတိုးခဲ့ပါဘူး။ 2012 DA14  ကိုတော့ ပြီးခဲ့တဲ့နှစ်ကတည်းက တွေ့ရှိခဲ့ကြပေမယ့် ချဲလျာဘစ်ခ်မြို့ဆီ တိုက်မိခဲ့တဲ့ ဥက္ကာပျံကို ကမ္ဘာ့လေထုထဲကို မတိုးဝင်ခင်အထိ မတွေ့ရှိခဲ့ကြပါဘူး။ 

၂၀၄၆ ဖေဖေါ်ဝါရီ ၁၅ ရက်နေ့မှာ ကမ္ဘာကနေ ၂၂၁၀၀၀၀ ကီလိုမီတာ အကွာကနေ 2012 DA14  ဟာ နောက်ထပ်တစ်ပတ်လည် ဖြတ်သန်းဦးမှာပါ။ ဒါပေမဲ့ ကမ္ဘာပတ်လမ်းကြောင်းထဲ ဝင်မလာနိုင်လောက်ဘူးလို့ ခန့်မှန်းထားကြပါတယ်။ နက္ခတ္တပညာရှင်တွေဟာ ကမ္ဘာနဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေ တိုက်မိနိုင်တဲ့အခြေအနေတွေကို ကာကွယ်ကြဖို့ စူးစမ်းလေ့လာနေကြတာပါပဲ။ ဒါပေမဲ့ ဖေဖေါ်ဝါရီ ၁၅ ရက်နေ့က အဖြစ်အပျက်နှစ်ခုဟာ ကမ္ဘာရဲ့ဝန်းကျင် စကြာဝဠာထဲက ပတ်လမ်းတွေမှာ မျောလွင့်လည်ပတ်နေတဲ့ပစ္စည်းတွေရဲ့ ဖြစ်နိုင်ခြေရှိတဲ့အန္တရာယ်တွေကို ပိုပြီးအလန့်တကြား သတိထားမိစေခဲ့တယ်။ အဲဒါကြောင့်ပဲ စကြာဝဠာထဲက အစုအပုံ၊ အစအနတွေဟာ ကမ္ဘာကို ဘယ်လိုခြိမ်းခြောက်မှုတွေနဲ့ ဟန်ရေးပြနေသလဲဆိုတဲ့ မေးခွန်းတွေမေးမြန်းခဲ့ကြပါတယ်။

2012 DA14 ကတော့ အန္တရာယ်မပြုခဲ့ဘူး။ ဒါပေမဲ့ အရွယ်အစားတူ ကျောက်တုံးတစ်တုံးများ တည့်တည့်ဝင်တိုးမိရင် ဘာဖြစ်နိုင်မလဲ။ 
2012 DA14  ဟာ ဘာဒြပ်စင်တွေ ပေါင်းစပ်ပါဝင်သလဲ အတိအကျမပြောနိုင်ပါဘူး။ ဒါပေမဲ့  ကန့်လန့်ဖြတ် မီတာ ၁၀၀ ထက် သေးငယ်တဲ့ ဂြိုဟ်သိမ်တစ်လုံး၊ ကျောက်သားအတုံးအခဲဟာ လေထုထဲမှာ မြင့်မားတဲ့အထိ ပေါက်ကွဲမှုဖြစ်နိုင်ပါတယ်။ ယူအက်စစ်တပ်ဂြိုဟ်တုတွေကနေ (နျူကလီးယားလက်နက် စောင့်စမ်းသပ်မှုတွေ စောင့်ကြည့်ရန်) ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ ပြောတာကတော့ အဲဒီလို ကျောက်တုံးတွေဟာ လောင်ကျွမ်းသွားကြတာများပြီး မြေပြင်ပေါ်ထိခိုက်သက်ရောက်မှုတွေ မရှိခဲ့ပါဘူးတဲ့။ ဒါပေမဲ့ တစ်ခါတစ်ရံ ကမ္ဘာရဲ့ လေထုနီးနီး မျက်နှာပြင်ဆီချဉ်းကပ်လာကြပြီး အဲဒီ လေထုပေါက်ကွဲမှုတွေက ပြင်းထန်တဲ့ပျက်စီးမှုတွေဖြစ်နိုင်ပါတယ်။ ၁၉၀၈ မှာ တန်ပေါင်းများစွာလေးလံတဲ့ ဂြိုဟ်ပျံ ဒါမှမဟုတ် ကြယ်တံခွန်တစ်ခုဟာ ဆိုက်ဘေးရီးယားနိုင်ငံအထက် ၁၀ ကီလိုမီတာအကွာမှာ မီးလောင်ကျွမ်းပေါက်ကွဲသွားခဲ့ဖူးတယ်။ အဲဒီပေါက်ကွဲမှုဟာ Tunguska မြစ်အနီး ၂၀၀၀စတုရန်းကီလိုမီတာဧရိယာအတွင်းက သစ်ပင်ပေါင်း သန်း၈၀ခန့် ပြားပြားဝပ်လောင်ကျွမ်းပျက်စီးခဲ့ပါတယ်။ ကံကောင်းခဲ့တာက အဲဒီနေရာမှာ နေထိုင်တဲ့လူဦးရေက နည်းနည်းကျဲကျဲလောက်ပဲရှိခဲ့တာပါ။ လေ့လာမှုတစ်ခုမှာ အဲဒါဟာ Encke ကြယ်တံခွန်အပိုင်းအစတစ်ခုဖြစ်တယ်လို့ဆိုတယ်။ ရေခဲနဲ့ဖုန်မှုန့်တွေပေါင်းစပ်ပါဝင်တဲ့အဲဒီဥက္ကာပျံဟာ နှစ်စဉ် ဇွန်လ ၅ ရက်နေ့ကနေ ဇွန်လိုင် ၁၈ ရက်နေ့အထိဖြစ်တတ်တဲ့ ဥက္ကာပျံမိုးရွာသွန်းတဲ့ ဖြစ်စဉ်ထဲက တစ်ခုဖြစ်နိုင်ပါတယ်။ Tunguska အဖြစ်အပျက်ဟာ အဲဒီ အချိန်အတွင်းဖြစ်ပွားခဲ့တာပါ။ အဲဒီလိုမျိုး လန်ဒန်မြို့မှာသာဖြစ်ခဲ့ရင်တော့ ၁၈၈ကီလိုမီတာရှိတဲ့ M25 motorway(London Orbital)နယ်နမိတ်အတွင်း အရာအားလုံးပျက်စီးကုန်မှာပါပဲ။

Photo from : Meteor Crater
2012 DA14  နဲ့ အရွယ်အစားတူဥက္ကာခဲကြောင့် ၁.၂ကီလိုမီတာ အကျယ်ရှိတဲ့ ချိုင့်ခွက်တစ်ခု ယူနိုက်တက်စတိတ်၊ အရီဇိုးနားမှာ ရှိနေပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀၀၀ခန့်က အဲဒီချိုင့်ခွက်(Meteor Crater)ဖြစ်ပေါ်ခဲ့တာပါ။ မီတာ ၅၀ခန့်ရှိတဲ့ နီကယ်-သံ သတ္ထုတွေပါဝင်တဲ့ ဥက္ကာခဲတစ်ခဲပြုတ်ကျခဲ့တာကြောင့်လို့ ယုံကြည်ကြပါတယ်။ ရုရှား၊ ချဲလျာဘစ်ခ်မြို့တော်မှာ ပြုတ်ကျခဲ့တဲ့ ဥက္ကာခဲရဲ့ အချင်းခန့်မှန်းခြေမတွက်ချက်နိုင်ခဲ့ကြပါဘူး။ ဒါပေမဲ့ တခြားဥက္ကာပျံတွေထက် အရွယ်အစားသေးနိုင်ပါတယ်။
အဲဒီဥက္ကာခဲတွေက ကျောက်သား နဲ့ သတ္ထုအတုံးအခဲကြီးကြီးမားမားတွေဆိုတော့ သူတို့ကြောင့် ဘယ်လိုကြေမွပျက်သုဉ်းနိုင်မလဲ။
သေးငယ်တဲ့ကျောက်တုံးတွေ နဲ့ ဥက္ကာပျံတွေဟာ ကမ္ဘာဂြိုဟ်ဝန်းကျင်မှာ တချိန်လုံး မြန်မြန်ဆန်ဆန်ကြီး ရွေ့လျားသွားလာနေကြတာပါ။ တစ်စက္ကန့်မှာ ကီလိုမီတာ ၁၀ ကျော်ပမာဏလောက်အထိ အလွန်မြန်ဆန်သွားရွေ့လျားနေတာဖြစ်နိုင်တယ်။ အထက်မှာပြောခဲ့သလိုပါပဲ အများစုကတော့ ကမ္ဘာ့လေထုအထက်မှာပဲ လောင်ကျွမ်းသွားတတ်ကြတယ်။ အရေအတွက်နည်းနည်းကပဲ မြေမျက်နှာပြင်ဆီအထိကျရောက်နိုင်ရှင်သန်နိုင်ခဲ့ကြတာပါ။ သူတို့ရဲ့ အလျင်နဲ့ လေထုနဲ့ပွတ်တိုက်အား ထိတွေ့တိုးတိုက်မိတဲ့အခါ အရှိန်လျော့နိုင်/နှေးနိုင်ပါတယ်။ တန်ပေါင်း၁၀၀ကျော်ထက်လေးလံတဲ့ ဥက္ကာခဲတွေဆိုရင်တော့ ကမ္ဘာ့လေထုသိပ်သည်းပွတ်တိုက်အားဟာ ဥက္ကာခဲတွေရဲ့ အလျင်ကို နည်းနည်းပဲ သက်ရောက်နိုင်မှာပါ။ အဲဒီလောက်ထုထည်ရှိနေတဲ့ ကျောက်တုံးတစ်တုံးဟာ မြန်ဆန်မြင့်မားတဲ့အလျင်နဲ့ ကမ္ဘာ့မြေမျက်နှာပြင်ဆီ ပြေးဝင်လာမယ်ဆိုရင် အပူစွမ်းအင်ပမာဏများများထွက်လာမှာပါ။ ကျောက်တုံးရဲ့ အရွေ့စွမ်းအင်ဟာ Ek = ½mv2 ဆိုတဲ့ ပုံသေနည်းအတိုင်းပဲ ဒြပ်ထုပမာဏတစ်ဝက်ကို အလျင်နှစ်ဆနဲ့ မြှောက်ရင် စွမ်းအင်ပမာဏပါ။ နောက်တစ်နည်းပြောရရင်တော့ အရာဝတ္ထုရဲ့ အမြန်နှုန်းနှစ်ဆတင်လိုက်မယ်ဆိုရင် အရွေ့စွမ်းအင်ဟာ ဆခွဲကိန်း လေးဆပိုပြီးမြင့်တက်သွားမှာပါ။ ဂြိုဟ်ပျံတွေ၊ ဥက္ကာခဲတွေရဲ့ ထိတွေ့ရိုက်ခတ်မှုကိုဆုံးဖြတ်ကြတဲ့အခါ တခြားအချက်အလက်တွေပေါ်မှာလည်း မူတည်ပါသေးတယ်။ ဥပမာ လေထုတဲ့တိုးဝင်လာတဲ့ ထောင့် နဲ့ မြေမျက်နှာပြင်ရဲ့ ဘူမိမြေအနေအထားသဘာဝပေါ်တွေမှာ မူတည်ပြီး ထိခိုက်ပျက်စီးမှု၊ သက်ရောက်မှုတွေ ကွဲပြားနိုင်ပါတယ်။ စွမ်းအင်တွေဘယ်လောက်ပေါက်ကွဲနိုင်မလဲ။ ဘယ်လိုအရွယ်အစား ဥက္ကာပျံတွေရဲ့ တိုးတိုက်မိကြောင့် နျူကလီးယားလက်နက်တစ်ခုနဲ့ အကြိမ်များများပစ်ခတ်သလိုဖြစ်နိုင်မလဲ စသဖြင့် လေ့လာနိုင်တဲ့ website တစ်ခုရှိပါတယ်။ ယူအက်စ် Purdue University နဲ့ Imperial College က သုတေသနပညာရှင်တွေ ပူးပေါင်းရေးဆွဲထားတဲ့ Impact Earth! မှာ ဥက္ကာပျံအရွယ်အစားရွေးချယ်ပြီး ကမ္ဘာကို အစမ်းသဘောဝင်တိုက်ကြည့်နိုင်ပါတယ်။

သူတို့ ဘယ်လောက်အရွယ်အစားထိ ကြီးနိုင်မလဲ။
သောကြာနေ့က ပြေးဝင်လာခဲ့တဲ့ ဥက္ကာခဲဟာ တကယ်တော့ သေးငယ်တဲ့ အပိုင်းအစတစ်ခုလောက်ပဲရှိပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၅သန်းလောက်က ဒိုင်နိုဆောမျိုးဆက်တွေ ပျက်သုဉ်းပျောက်ကွယ်စေခဲ့တဲ့ ထိတွေ့မှုမှာ ဥက္ကာခဲဟာ ၁၀ ကီလိုမီတာကနေ ၁၅ ကီလိုမီတာကျယ်ဝန်းနိုင်မယ်လို့ ခန့်မှန်းကြတယ်။  မက္ကဆီကို ယူကာတန်ကျွန်းဆွယ်မှာ ကမ္ဘာ့လေထုထဲ ဖြတ်ဝင်ပြုတ်ကျခဲ့တဲ့ အဲဒီဥက္ကာခဲဟာ ဟီရိုရှီးမား နဲ့ နာဂါစာကီကို ကြဲချခဲ့တဲ့ နျူကလီးယားဗုံး အကြိမ်ဘီလီယံပေါင်းများစွာ ပိုပြီးပြင်းထန်ပေါက်ကွဲနိုင်ခဲ့တယ်။ TNT ၁၀၀ ထရီလီယံတန် နဲ့ ညီမျှတဲ့ ပမာဏလို့ ဆိုကြတယ်။ 2012 DA14  အရွယ်အစား ဥက္ကာခဲတွေရိုက်ခတ်ရင်လည်း အဲဒီဒေသတွေမှာ သက်ရောက်မှုတွေရှိမှာပါ။ ကမ္ဘာအနှံ့သက်ရောက်မှုလည်းရှိနိုင်သလို သက်ရောက်မှု အချိန်အတော်ကြာတာလည်းဖြစ်နိုင်တယ်။ မက္ကဆီကို Chicxulub ထိတွေ့မှုကြောင့်ဆိုရင် ပမာဏကြီးမားလှတဲ့ မီးလောင်မှုတွေ၊ အားပြင်းတဲ့ ငလျင်တွေ နဲ့ ကုန်းမြေထုပြိုကျမှုတွေ နဲ့ ဆူနာမီလှိုင်းရိုက်ခတ်မှုတွေဖြစ်ပွားစေဖို့ သေနတ်မောင်းခလုတ်ဆွဲချလိုက်သလိုပါပဲ။ ပူပြင်းနေတဲ့ကျောက်တုံးတွေရယ် ထွက်လာတဲ့ဓာတ်ငွေ့တွေဟာ အင်မတန်မြန်ဆန်လှတဲ့အလျင်ကြောင့် ကမ္ဘာ့လေထုထဲမှာလည်း ပေါက်ကွဲမှုတွေဖြစ်ကာ၊ ကမ္ဘာမြေဟာ  အမှောင်ထုပိတ်ဖုံးကာဆီးသွားခဲ့တယ်။ ဥက္ကာပျံထိတွေ့မှုကြောင့် impact winter လို့ခေါ်တဲ့ သက်ရောက်မှု အခြေအနေတွေဟာ ၁၀နှစ်တိုင်အောင် ကြာမြင့်ခဲ့ပါတယ်။ အဲဒီအရွယ်အစားဥက္ကာခဲတစ်ခု ဒီနေ့ကမ္ဘာကြီးကို ထိတွေ့ခဲ့ရင် လူအဖွဲ့အစည်းတစ်ခုလုံး သုတ်သင်ပြစ်လိုက်သလိုဖြစ်နိုင်တာပါပဲ။ ကိန်းဂဏန်းတွေအရ ကီလိုမီတာ ၅၀ ထက်အရွယ်ကြီးတဲ့ ကျောက်သား၊ သံ သတ္ထုသား ဂြိုဟ်တွေ ကမ္ဘာကြီးကို ထိတွေ့နိုင်တာက ရာစုနှစ်တိုင်းမှာ ဖြစ်ပွားနိုင်သေးတယ်။ 

သူတို့တည်ရှိနေမှုကို ဘယ်လောက်အထိ သိနိုင်မလဲ။
ကမ္ဘာရဲ့ ဝန်းကျင်အတွင်းခြိမ်းခြောက်နိုင်ခြေရှိတဲ့အရာဝတ္ထုတွေကို စာရင်းပြုစုနေတဲ့ သုတေသနကွန်ရက် ကမ္ဘာတစ်ဝှမ်းမှာရှိပါတယ်။ အဲဒီထဲက တစ်ခုက ယူအက်စ်အာကာသအေဂျင်စီ ရဲ့ Near Earth Objects(NEO) Programme ဆိုတာရှိတယ်။ ကမ္ဘာနဲ့ အနီးအနား ဂြိုဟ်ပတ်လမ်းမှာ ပှံမှန်လည်ပတ်နေတဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားနဲ့ ကြယ်တံခွန်တွေကို စောင့်ကြည့်/ လေ့လာ/ ရှာဖွေဖို့ စီမံဆောင်ရွက်နေကြပါတယ်။ ၁၉၉၈ မှာ နာဆာက အချင်း တစ်ကီလိုမီတာ(၀.၆၈မီတာ)ထက်ကြီးတဲ့ အာကာသထဲကဥက္ကာပျံတွေကို လေ့လာစာရင်းပြုစုတဲ့လုပ်ငန်းစတင်ခဲ့ကြတယ်။ ဒါပေမဲ့ ၂၀၀၅ မှာ အေဂျင်စီဟာ စိန်ခေါ်မှုတွေပိုပိုပြီး များလာတယ်။ အချင်း ၁၄၀မီတာ(၄၆၀ပေ)အရွယ် ဥက္ကာပျံအသစ်တွေအများကြီးတွေ့လာရတော့ လုပ်ငန်းတာဝန်တွေပိုလာပါတယ်။ နာဆာရဲ့ ပစ်မှတ်ကတော့ ၂၀၂၀ ခုနှစ်မှာ အားလုံးရဲ့ ၉၀ရာခိုင်နှုန်းလောက်ကို ရှာဖွေကာစာရင်းပြုစုနိုင်ဖို့ပါ။
2012 DA14
ဒါပေမဲ့ 2012 DA14  နီးကပ်စွာပျံသန်းလာတာရယ်၊ ရုရှားမှာထိတွေ့ခဲ့တဲ့ ဥက္ကာခဲရယ်၊ ပြီးခဲ့တဲ့နှစ်မတိုင်ခင်ကအထိ မတွေ့ခဲ့ကြတဲ့ ကြယ်တံခွန် Ison ဟာ လာမယ့် နိုဝင်ဘာမှာ ချဉ်းကပ်လာမယ်ဆိုတဲ့လေ့လာမှုတွေကိုကြည့်ရင် ဥက္ကာပျံတွေအကြောင်းသိရှိနားလည်ထားမှုတွေဟာ ကွာဟချက်တွေ အများကြီးရှိနေတယ်ဆိုတာသိနိုင်ပါတယ်။ 

နက္ခတ်ပညာရှင်တွေက ကမ္ဘာဆီတိုးဝင်လာမယ့် တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီဆိုပါစို့။ ဘာများလုပ်မလဲ။
အကောင်းဆုံးလူသိများတဲ့ဗျူဟာာတွေထဲက တစ်ခုကတော့ ဘရုစ်ဝီလစ်သရုပ်ဆောင်ထားတဲ့ Armageddon ရုပ်ရှင်ထဲက လို နျူကလီးယားလက်နက်ကို လာနေတဲ့ ဥက္ကာပျံရဲ့ မျက်နှာပြင် ဒါမှမဟုတ် အောက်ဘက်မှာ သွားကပ်ပြီးဖောက်ခွဲလိုက်တဲ့နည်းပါပဲ။ မျှော်လင့်ချက်ကတော့ အဲဒီအရာဝတ္ထုကြီးကို အစိတ်စိတ်အပိုင်းပိုင်းကွဲသွားစေဖို့ပါ။ အဲဒီလိုကွဲသွားစေတဲ့နည်းနဲ့ ကမ္ဘာဆီ တိုက်မိနိုင်တဲ့လမ်းကြောင်းကနေ လွဲဖယ်သွားအောင်တွန်းရွှေ့နိုင်တယ်။ ဒါပေမဲ့ ကံမကောင်းခဲ့ရင် ကွဲထွက်သွားတဲ့ဥက္ကာခဲအပိုင်းအစတွေအများကြီး ကမ္ဘာဆီတည့်တည့်ဦးတည်လာနိုင်သေးတာပါ။

တခြားနည်းလမ်းက အာကာသယာဉ်တစ်ခုနဲ့ အဲဒီဥက္ကာပျံကို ပစ်တိုက်စေတဲ့ဗျူဟာပါ။ ဥရောပအာကာသအေဂျင်စီ(Esa) က Don Auijote လို့ခေါ်တဲ့ မစ်ရှင်တစ်ခု စီမံဆောင်ရွက်နေပါတယ်။ အဲဒီမစ်ရှင်က အာကာသထဲမှာ ထိတွေ့တိုက်ခိုက်မိပြီး လမ်းကြောင်းပြောင်းနိုင်မယ့် အကျိုးသက်ရောက်မှုတွေလေ့လာပါလိမ့်မယ်။ ဥက္ကာပျံရဲ့မျက်နှာပြင်ပေါ်မှာ လေဆာမီးလောင်ကျွမ်းမှုတွေဖြစ်ပွားစေအောင် လုပ်ဆောင်တာဟာလည်း ကျောက်တုံးရဲ့လမ်းကြောင်း ရွေ့သွားစေနိုင်တယ်။

နောက်ထပ် အံ့အားသင့်စရာပိုပြီးကောင်းတဲ့စိတ်ကူးကတော့ အလင်းပေးနိုင်တဲ့အရောင်ခြယ်ကျည်လုံးတွေကို ဥက္ကာပျံမှာထားလိုက်ခြင်းအားဖြင့် အလင်းတန်ပြန်မှုတွေပိုပြီး တိုးလာစေမယ်။ အလင်းမှုန်တွေရဲ့ ဖိအားဟာ အလင်းပြန်နေတဲ့မျက်နှာပြင်ကို တုန်ခါစေတယ်။ ဥက္ကာပျံကို ခုန်ပြီး ခါယမ်းအောင်ပြုလုပ်လိုက်ပြီး သူ့ရဲ့ နဂိုလမ်းကြောင်းကနေ သွေဖီသွားစေတဲ့နည်းလမ်းပါ။ ဒါပေမဲ့ အန္တရာယ်ရှိ ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေကို လမ်းလွှဲပေးနိုင်မယ့် အဲဒီဗျူဟာတွေကို စမ်းသပ်ဖို့အတွက် Don Quijote နဲ့ တခြား မစ်ရှင်တွေမှာ အချိန်ဇယားတိတိကျကျ မရှိသေးပါဘူး။

ကမ္ဘာကြီးရဲ့ ဝန်းကျင်မှာရှိနေကြတဲ့ အကြီးဆုံးဂြိုဟ်၊ ဥက္ကာပျံတွေအများစုဟာ အန္တရာယ်မရှိနိုင်ဘူး။ စွန့်စွန့်စားစားအဖြစ်အပျက်တွေမရှိနိုင်ဘူးလို့ စာရင်းတွေပြုစုဖော်ပြထားကြပါတယ်။ ဒါပေမဲ့ ရုရှားမှာ ဖြစ်ခဲ့တဲ့ ဥက္ကာခဲထိတွေ့မှုကြောင့် အာကာသကြီးဟာ အလွန်ဗျာများအလုပ်ရှုပ်နေတဲ့ နေရာတစ်ခုဆိုတာသတိပေးလိုက်ပါပြီ။ အဲဒီ အာကာသထဲက ရွှေ့လျားပျံသန်းနေတဲ့ ကျောက်တုံးကျောက်ခဲတွေကြောင့် အံ့အားသင့်စရာတွေအဖြစ်အပျက်တွေဆီ ခေါ်ယူခြင်းခံကြရမယ်ဆိုရင် .. တကယ်ဆိုအခုအချိန်မှာ ကျွန်မတို့ ကမ္ဘာသားတွေ ဘာကိုမှ အဆင်သင့်မဖြစ်ကြသေးပါဘူး။ လေ့လာစူးစမ်းတွက်ချက်ပြီး တွေ့ရှိထားကြတဲ့ အကောင်းဆုံးမဟာဗျူဟာတွေဆိုတာကလည်း စမ်းသပ်တဲ့အဆင့်ထိရောက်အောင် ထိထိရောက်ရောက်မစီမံနိုင်သေးပါဘူး။ ကမ္ဘာဆီနီးကပ်လာတဲ့ တချို့ ဥက္ကာပျံတွေကို တစ်နှစ်လောက် ကြိုတင်ပြီး တွေ့ရှိခဲ့ကြတာရှိသလို 2012 BX34  လို့ခေါ်တဲ့ ဥက္ကာပျံဟာ ၆၅၀၀၀ကီလိုမီတာအကွာကနေ အရှိန်ပြင်းပြင်းဖြတ်သန်းသွားခဲ့တာကို မတိုင်ခင် ၂ ရက်အလိုလောက်မှ သိရှိခဲ့ကြတာပါ။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်က  တန် ၈၀ခန့်လေးတဲ့ 2008 TC3    လို့ခေါ်တဲ့ ဥက္ကာခဲတစ်လုံးဟာ ကမ္ဘာ့လေထုလမ်းကြောင်းထဲ ရောက်ရှိခဲ့ပါသေးတယ်။ ဆူဒန်မှာ လေထုပေါ်မှာ ကြီးမားတဲ့ လောင်ကျွမ်းမှုတွေဖြစ်ခဲ့တယ်။ အပိုင်းအစတွေ ပြန့်ကျဲခဲ့ဖူးပါတယ်။ အဲဒီ 2008 TC3   ဥက္ကာခဲ ကို ရှာဖွေတွေ့ရှိခဲ့ပြီး နာရီ ၂၀ အကြာမှာ လောက်ကျွမ်းပေါက်ကွဲမှုတွေဖြစ်ခဲ့တာပါ။

University of Kent က ကထိက Dr. Stephen Lowry က ပြောပါတယ်။ 
“ဒီနေ့ကမ္ဘာမှာ အာကာသထဲက ဥက္ကာပျံတွေနဲ့ပတ်သက်တဲ့ပြဿနာတွေ ကျွန်တော်တို့ ကာကွယ်ဖြေရှင်းထားနိုင်ကြပြီလို့ လူတွေက ထင်နေကြတယ်။ တကယ်တော့ ဒီပြဿနာတွေ ဖြေရှင်းနိုင်ဖို့ အဝေးကြီးဆိုတဲ့နေရာမှာပဲ ကျွန်တော်တို့ ရှိနေကြပါသေးတယ်”  တဲ့။

******************

Source (photos included): 
Asteroid and comet impacts (http://www.bbc.co.uk/news/science-environment-21413066)

ဖြိုးဖြိုး

2 comments:

မိုးနတ်ကြယ်စင် said...

မ ရေ...အဲ့အကြောင်းတော့ ညလေးကြားလိုက်ပါတယ်
ဒါပေသိ သေချာတော့ သိဘူးရှင့်...ခုလို
ကိုယ် မသိနားမလည်သေးတဲ့ ဗဟုသုတတွေကို
သိရတာ ကံကောင်းတယ်လို့ တွေးနေမိတယ်...
ဘာကြောင့်ဆို ညလေး ရသစာပေဘက်ကို အားသန်
ပြီးကတည်းက သုတဘက်မှာ အရမ်းကြီးအားနဲသွားတယ်
မ တို့လို မျှဝေပေးနေတဲ့သူတွေ ရှိလို့သာ အဆက်မပြတ်
တာ...သီချင်းလေးလဲ သိပ်နားထောင်လို့ကောင်းတာပဲ
ဦးမျိုးအသံက အမြဲလိုလိုဆွဲဆောင်မှုရှိနေဆဲပါပဲ..
သီချင်း အဓိပ္ပါယ်လေးကို ညလေးသိပ်ကြိုက်မိတယ်
မ :)))
thanks a lot ပါနော် မ ...
ဂွတ်နိုက်ထ် :)

မြသွေးနီ said...

ရုပ်ရှင်ဇာတ်လမ်းတွေထဲက စိတ်ကူးယဉ် အဖြစ်အပျက်တွေက ရာနှုန်းပြည့်မဟုတ်တောင် တစိတ်တစ်ပိုင်းက အပြင်ဘက်မှာ တကယ်ဖြစ်လာနေပြီနော်။ အာကာသကို လူတွေ ခြေချနိုင်လာတယ်။ အခု ဥက္ကာပျံ ဥက္ကာခဲတွေ ကြွေကျလာတာ မျက်ဝါးထင်ထင် တွေ့ရပြီ။ ကမ္ဘာကြီးကို လူတွေအကျိုးပြုနေထိုင်ကြရဲ့လား မသေချာပေမယ့်၊ ကမ္ဘာကြီးက ပြန်လည်ပေးဆပ်တာတွေကိုတော့ လက်ခံကြရတော့မယ် ထင်ပါရဲ့...။