Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, September 25, 2014

စစ်ပွဲတွေကို ရပ်ပြစ်

(ပိုစ့်အဟောင်းပါ။ မေမေက ပြန်တင်စေချင်တာနဲ့)

Stop the Wars
ယနေ့ ကမ္ဘာကြီးဟာစစ်ပွဲတွေနဲ့ပဲ ထုံမွှန်းနေပြီ။ ပြည်တွင်းက ကချင်ဒေသ ထိုးစစ်ဟာ အနီးကပ်ဆုံးပြနိုင်တဲ့ သာဓကတစ်ခုဖြစ်ပြီး ကမ္ဘာအရပ်ရပ်က ဘယ်နေရာ ဘယ်ဒေသမှာမဆို စစ်ပွဲတွေက ကြောက်ခမန်းလိလိ တိုးပွားလာနေတာမို့ လူ့အသက်ဟာ ဖက်ရွက်လောက်ပင် တန်ဘိုးမရှိတော့ဘူးလားလို့ မေးချင်မိတယ်။

စစ်ဘာ့ကြောင့်ဖြစ်
စစ်ဖြစ်ရခြင်းရဲ့ အကြောင်းရင်းကို ရှာကြည့်ရင် 
အမုန်းကြောင့်။ အချစ်ကြောင့်။ ဘာသာအယူဝါဒကြောင့်။
ရေကြောင့်။ မြေကြောင့်။ ရေနံကြောင့်။
နယ်မြေလုယက်မှု သူပိုင် ငါပိုင်ငြင်းခုံမှု ကြောင့်။
လူမျိုးရေးကြောင့် စသည် ခေါင်းစဉ်တွေ တသီကြီး ပေးရလောက်အောင် အမယ်က စုံနေတယ်။
အမှန်တော့ အတ္တကြောင့်ပါဘဲ။
ပုထုဇဉ်လူသားတိုင်းဟာ သူရော ကိုယ်ရော အတ္တအကျိုးကို ရှေ့တန်းတင်တတ်ကြသူချည်းပါဘဲ။
ဒါပေမဲ့ မိမိကိုယ်ကို ဘာသာရေးနဲ့ ထိန်းကွပ်နိုင်ရမယ်။

တခါက ကျွန်မဖတ်ခဲ့ဖူးတယ်။
"ဘာသာရေးက ကမ္ဘာ့ငြိမ်းချမ်းရေးကို ဘာတွေများဆောင်ရွက်ပေးနိုင်မလဲ"တဲ့။
ပညာရှင်တစ်ဦးကလဲ “ကမ္ဘာ့ ငြိမ်းချမ်းရေးဟာ ဘာသာရေးထက် ပိုအရေးကြီးတယ်” တဲ့။
ကျွန်မကတော့ ဒီလို မထင်ဘူး။ ကမ္ဘာ့ငြိမ်းချမ်းရေးဟာ ထေရ၀ါဒဗုဒ္ဓဘာသာရဲ့ ခေါင်းးစဉ်အောက်မှာ ရှိရပါမယ်။ ထေရ၀ါဒဟာ စစ်ပွဲ တွေကို မီးထိုးမပေးဘူး။ ငြိမ်းအေးစေတယ်ဆိုတာ ဇာတ်တော်တွေထဲမှာ သာဓက မြောက်များစွာ ရှိတယ်။ ဗုဒ္ဓရဲ့အဆုံးအမ သြ၀ါဒတွေကို တိကျစွာ လိုက်နာနိုင်မယ်ဆိုရင် စစ်ပွဲ ဆိုတာ ဘယ်နေရာမှာမှ မဖြစ်နိုင်ဘုး။ ငြိမ်းချမ်းရေးဆိုတာဟာလဲ အထူးတလည် ရှာဖို့ မလိုဘဲ မိမိတို့ရဲ့ လက်တစ်ကမ်းမှာသာရှိတယ်လို့ အခိုင်အမာ ပြောလိုက်ပါရစေ။ ဘာသာတရားကသာ ငြိမ်းချမ်းရေးကိုဦးဆောင်နိုင်ပါတယ်။ ဘယ်ဘာသာကမှ လူ့အသက်တွေကို ဒီလောက်ချွေစေဖို့ အားပေးလိမ့်မယ် မဟုတ်ဘူး။ သီတဂူဆရာတော်ဟောသလို လူတဦးချင်းစီရဲ့ သီလဆောက်တည် ထိန်းချုပ်မှုကနေ ဆင့်ပွားလို့ ကျယ်ပြန့်စွာ ဆောက်တည်လာနိုင်မဲ့နေ့ဟာ အမှန်တကယ် ကမ္ဘာကြီးငြိမ်းချမ်းမယ့်နေ့ဆိုတာ မလွဲတော့ဘူး။ အင်မတန် မွန်မြတ်တြဲ့ဗဟ္မာဇိုရ်တရားလေးပါး (မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပက္ခာ) တရားကိုသာကျင့်သုံးနိုင်ခဲ့ရင် ပဋိပက္ခဆိုတာ မရှိတော့ဘူး။ ပဋိပက္ခမရှိရင် စစ်ပွဲဆိုတာ ဘယ်မှာ ရှိတော့မလဲ။

စစ်ပွဲတွေကို နိုးဆွနေတဲ့ အကြောင်းရင်းက   အမုန်းတရားတွေ သူတပါးကို မိမိနှင့်ထပ်တူ  စာနာခြင်းကင်းမဲ့မှုတွေ သည်းခံ ခွင့်လွှတ်မှု ကင်းမဲ့ခြင်း မျှမျှတတမရှိခြင်းတွေ။ ဒါဟာ  စစ်ဖြစ်ရခြင်းရဲ့ အကြောင်းရင်းတွေဘဲ။ လူဟာ လူပဲမို့ အကောင်းနဲ့ အဆိုး ရောပြွမ်းနေတယ်။ ကောင်းတာကို ရွေးချယ်ပြီး အဆိုးတွေကို ထုတ်ဖယ်လိုက်ရင် လူတိုင်းလူတိုင်း စိတ်ကျန်းမာ ကိုယ်ချမ်းသာပြီး လန်းဆန်းသစ်လွင်လို့ ကမ္ဘာကြီး တခုလုံးအေးငြိမ်းသွားနိုင်ပါတယ်။

ငါစွဲကို ဖြုတ်ရမှာဖြစ်တယ်။
ငါ့မြေ ငါ့ရေ ဆိုပြီး ဆယ်စုနှစ်ပေါင်းများစွာ နယ်မြေလုနေတဲ့ အစ္စရေးလ် ပါလက်စတိုင်း၊
တောင်တရုပ်ပင်လယ်မှာ လောလောဆယ်  ရေနယ်နိမိတ်အငြင်းပွားနေတဲ့ တရုပ် ဂျပန်၊
နျူကလီးယားလက်နက်တွေနဲ့ ကမ္ဘာကို အသားလွတ်ခြိမ်းခြောက်နေတဲ့ အီရန်နဲ့  မြောက်ကိုးရီးယား၊
သူတကာ ပေါင်းစီးရေးဆွေးနွေးနေစဉ် တောင်မြောက်ကွဲသွားတဲ့ ဆူဒန်နိုင်ငံ၊
အမြဲတမ်း တစ်ခု မဟုတ် တစ်ခု အကြောင်းပြချက်နဲ့ ၀ုန်းဒိုင်းကြဲနေတဲ့ ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊
နွေဦးတော်လှန်ရေးတွေကြား ခုထိ မပြီးပြတ်သေးတဲ့ ဆီးရီးယား၊ ပြီးသလိုလိုနဲ့ ဆူပူမှုတွေ အတောမသတ်နိုင်သေးတဲ့ အီဂျစ် စသည် စသည် တို့ဟာ  မိမိကိုယ်ကို သိပ်ရှေ့တန်းမထားဘဲ ပေကပ်မနေဘဲ  မျှမျှတတ စဉ်းစားကြဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။ အထူးသဖြင့် ခလေးသူငယ်များနဲ့ ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကို စာနာထောက်ထားပြီး မိမိတို့သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုကြစဉ်က ကတိစကားတွေကိုပြန်လည်အောက်မေ့ဆင်ချင်ပြီး လက်နက်တွေကိုအမြန်ဆုံး ပြစ်ချသင့်တယ်။

လက်နက်ဆိုတာ ကာကွယ်ဖို့သာ ဖြစ်တယ်။ ထိုးစစ်ဆင်ဖို့ မဟုတ်ဘူး။ ပြည်ပကိုသာ ရည်ညွှန်းပြောဆိုနေသည် မဟုတ်ပါ။ ပြည်တွင်းက လက်နက်ကိုင်သူ အားလုံးကို ရည်ညွှန်းပြောဆိုခြင်းဖြစ်ပါတယ်။ စစ်ဆိုတာ သမ္မတကြီးပြောသလို မိမိတို့ကိုယ်ကိုလည်း ခုခံကာကွယ်ဖို့ လိုအပ်တာမို့ ပြစ်ခတ်ရတာလို့ အကြောင်းပြမနေဘဲ မိမိတို့ကစတင်ပြီး  လူကြီးပီပီ လက်နက်တွေကို စွန့်လွှတ်စေချင်တယ်။  ပြည်နယ်ငြိမ်းချမ်းသာယာရေးကို မျှော်ကိုးကာ ငြိမ်းချမ်းရေးစားပွဲ မှာသာအားလုံးစုံစုံညီညီ  ဆွေးနွေးကြဖို့သင့်ကြောင်း  လက်နက်ကိုင် အဖွဲ့အစည်းအားလုံးကိုပါ မေတ္တာရပ်ခံချင်ပါတယ်။ 

၁၉၅၆ ၅၇ခုနှစ်က ကျွန်မဟာ ကချင်ပြည်နယ် ချီဗွေ မြို့က ဗိုလ်တဲကလေးမှာ မကြာခဏ တည်းခိုခဲ့ဖူးတယ်။ ဒီတုံးက ၀ိုင်းမော်၊ ၀ါးရှောင်၊ ချီဖွေ၊ လောခေါင်းဒေသဟာ လှပစွာ အလွန်အေးဆေးတည်ငြိမ်နေခဲ့တာပါ။ ကျွန်မတို့ဟာ ကာဘိုင်ပစ္စတို စသည်တောင် လွတ်လွတ်လပ်လပ်ကိုင်ခွင့်ရခဲ့တယ် (နောင်အခါ လက်နက်များကို အစိုးရထံ အပ်နှံခဲ့ရတယ်)။ သိပ်လှတဲ့ ဗိုလ်တဲကလေးပါ။ ပြာလဲ့လဲ့ မေခမြစ်ကလေးက သူ့အောက်မှာ ၀ပ်စင်းလဲလျောင်းလို့ အေးဆေးတည်ငြိမ်စွာ စီးဆင်းနေတယ်။ ပြာလဲ့လဲ့မြစ်ရေ နဲ့ ဗိုလ်တဲ ဖြူဖြူ ကလေးရဲ့အလှ ညိုညို့မှိုင်းနေတဲ့ တောရိပ်တောင်တန်းအလှ ဒီပန်းချီကားချပ်ကလေးဟာ ကျွန်မရင်ထဲမှာ မသိမ်းဆည်းပဲ တည်မြဲစွာ ရှိနေခဲ့တာ။ 
ကျွန်မမျက်စိထဲမှာ ဘယ်တော့မှ မေ့ဖျောက်မရနိုင်ဘူး။
ဒါပေမဲ့ ၁၉၆၂ ခုလောက်ထင်တာပဲ။ ကချင်လက်နက်ကိုင်အဖွဲ့အစည်းတခုကမီးရှို့ ဖျက်ဆီးခဲ့တယ်။ ကျွန်မ အလွန်ကြေကွဲ ၀မ်းနည်းခဲ့ရတယ်။ နှမြောမိတယ်။
ကျွန်မရင်ထဲမှာ ကိန်းအောင်းနေတဲ့ ပန်းချီကားချပ်ကလေးဟာ ဘာ့ကြောင့် မရေမရာနဲ့ ဗိုလ်တဲတနေရာစာ လစ်လပ်သွားခဲ့ရသလဲ။ ဘာ့ကြောင့် များ ကမ္ဘာလောကကြီးကို အကျည်းတန်အရုပ်ဆိုးစေသလဲ။ ဘာ့ကြောင့်များ အလှအပတွေကို ဖျက်ဆီးချင်ကြသလဲ။ ကျွန်မ နားမလည်ခဲ့ဘူး။
စစ်ပွဲဆိုတာ နိုင်သူမရှိပါဘူး။ နိုင်သူလဲ ရှုံးတာပါဘဲ။ ရှုံးသူလဲ ရှုံးတာပါဘဲ။ အရှုံးအနိုင်ဆိုတာ ပညတ်ချက်သက်သက်ပါ။အမှန်တော့ ထိုးစစ်ဆင်သူဘက်ကလဲ မှန်ကန်တဲ့ လုပ်ရပ်ဖြစ်တယ်။ ခုခံသူဘက်ကလဲ မှန်ကန်တဲ့ လုပ်ရပ်ဖြစ်တယ်။ ဒီတော့ အမှန်နဲ့ အမှန်ကြားက ပဋိပက္ခလို့ ဆိုရလိမ့်မယ်။
စစ်တိုက်ချင်သူ ဘယ်သူရှိမလဲ။သွေးဆာနေလို့ စစ်တိုက်ချင်တယ် ဆိုရင်တောင် သူတို့က ရာဇပလ္လင်ပေါ်မှာပါ။ ယဉ်ကျေးပါတယ်ဆိုတဲ့ ခေါင်းဆောင်ကြီးများ နက်တိုင်လည်မှာစီးပြီး ပလ္လင်အထက်က ညွှန်ကြားနေခြင်းဖြစ်တယ်။ တကယ်တမ်း တေ့တေ့ဆိုင်ဆိုင် တိုက်ကြစို့ ဆိုတော့ သေကြရသူများက စစ်မြေပြင်က စစ်သားကလေးများပေါ့။ စစ်မြေပြင်ကို အပို့ခံရတဲ့ စစ်သားကလေးတွေရဲ့ ပုံရိပ်ကို ဖေါ်ကျူးဖွဲ့နွဲ့ထားတဲ့ မိုးဟိန်း(ဂျာနယ်ကျော်)ရဲ့ ကဗျာလေးတပုဒ်တင်ပြရင်း စစ်ပွဲတွေကို ရပ်ပြစ်ကြပါ လို့ တောင်းဆိုချင်ပါတယ်။

You know me not 
တို့ကို မင်းမသိ
And I don’t know you
မင်းကိုလည်းငါမသိ
O’ better not to know
အို ကိစ္စမရှိ မသိတာ ပိုကောင်းတာပေါ့
But do what to do
လုပ်စရာရှိတာ လုပ်ကြရမှာ
For this for that
ဟိုအတွက် ဒီအတွက်နဲ့
We face each another
တို့တတွေ ရင်ဆိုင်ခဲ့ရပြီ
Who is right or wrong
ဘယ်သူမှန် ဘယ်သူမှား အသာထား
Is another matter
အဲဒါ တကိစ္စဘဲ
In the name if duty 
တာဝန်ဆိုတဲ့ ခေါင်းစဉ်အရ 
Our lives are at stake
တို့အသက်တွေ ထုတ်တိုင်မှာ အချည်ခံလိုက်ရပြီ
In the name of history
ရာဇ၀င်ဆိုတဲ့ ကမ္ဗည်းအောက်မှာ 
Pawns, we are made
အရွှေ့ခံ နယ်ရုပ်ကလေးတွေ ဖြစ်ခဲ့ပြီ
History is just paper 
ရာဇ၀င်ဆိုတာ စက္ကူပါ
Words of one will
တစ်ဦးရဲ့ အလိုဆန္ဒအရ 
But on the battle field
စစ်မြေပြင်မှာ 
Our blood shall spill 
မင်းနဲ့ ငါတို့ရဲ့ သွေးတွေ လျှံကျလာတော့မှာ
So pull your trigger 
ကိုင်းဟေ့..မင့်ခလုတ်ကို ဆွဲလိုက်တော့
And curtained will I
စိတ်ချ ငါလည်းပဲ ဆွဲမှာပေါ့
One or both of us
တစ်ယောက် သို့မဟုတ် နှစ်ယောက်စလုံး
In the end must die
အဆုံးမှာ သေဖို့ပဲ
If your wife a widow 
အကယ်၍ မင်းရဲ့ ဇနီးက မုဆိုးမ ဖြစ်ခဲ့ရင် 
And my son a fatherless
ငါ့သားကများ အဖမဲ့ဖြစ်သွားရင် 
Will be than inherit they 
သူတို့ခမြာ ငါတို့ရွေးချယ်ခဲ့တဲ့ကြမ္မာဆိုးကို
Our chosen tragedy.
အမွေအဖြစ် သိမ်းပိုက်ဆက်ခံကြရလိမ့်မယ်။

မိုးဟိန်း (သားဂျာနယ်ကျော်)

ခင်မေသစ်

2 comments:

မိုးနတ်ကြယ်စင် said...

အိုးးးးးးးးးးးး
မ မေမေ ရေးတဲ့ စာလေးတွေက သိပ်ပြီးတန်ဖိုးရှိတာပဲ
မိုးနတ်တို့ မသိတာတွေကိုလဲ သိရတယ်....
နောက်ပြီး သိပ်ကောင်းတဲ့ ကဗျာလေးကို ပြန်လည်မျှဝေပေးတာလဲ
အန်တီ့ကို ကျေးဇူးအရမ်းတင်ပါတယ်...
နယ်မြေလုတဲ့သူတွေ အငြင်းပွားနေတဲ့သူတွေ
အလကားနေရင်း တိုက်ခိုက်နေကြတဲ့သူတွေ
နူကလီးယားနဲ့ ခြိမ်းခြောက်နေကြတဲ့သူတွေ
ဘယ်တော့များမှ ရပ်ကြမှာလဲ မသိ :(((
စစ်ပွဲတွေကတော့ ရပ်ကြဖို့လိုပါပြီ .....

Ma Tint said...

ဖြိုးဖြိုးမေမေရဲ့တန်ဘိုးရှိတဲ့ စာလေးတွေဖတ်ခွင့်ရသလို
ဖတ်ပြီးတိုင်းလည်းမှတ်သားစရာလေးတွေကျန်ခဲ့တယ်။
ပြန်လည်မျှဝေပေးတာကျေးဇူးပါနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်