Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, February 18, 2013

ဒေသစာရီ ဝေသာလီ

ဝေသာလီမြို့သည် နတ်ပြည်နတ်လောက၏ ထယ်ဝါ ခန်းနားမှုကို အတုယူတည်ဆောက်ထားသည့်အလား  တောင်စဉ်ခုနှစ်ထပ်သည်  တံတိုင်းသဖွယ်ခန်းနားစွာ ကာရံထား၏။ သမုဒ္ဒရာခုနှစ်စင်းသည်လည်း ကျုံးသဖွယ် ပီပြင်စွာ ကာရံထား၏။ အဆောက်အဦတို့သည် ရွှေဖြင့်ပြီးသော စုလစ်မွန်ချွန်များဖြင့် နေရောင်တွင် ဖိတ်ဖိတ်တောက်လျှက်ရှိသည်။ ထိုအဆောက်အဦတို့ အထက် ဝေဟင်တွင် တံခွန်ကုက္ကားစသည်တို့မှာ တခုနှင့်တခု ရောနှောယှက်နွယ် ထိုးထွက် လွင့်ပျံနေ၏။ နတ်ဘုံနတ်နန်းပမာ ခုနှစ်ထောင့် ခုနှစ်ရာ ခုနှစ်ဆောင်ကုန်သော ရာဇာတို့၏ နန်းပြဿဒ်သည်လည်းခန်းနားသိုက်မြိုက်စွာ တည် ရှိ၏။ ဝေသာလီနှင့် တူသည့်မြို ဆိုသည်မရှိ။ လိစ္ဆ၀ီမင်းတို့နှင့်တူသည့် မင်းမရှိ။

အမိအဘဆရာသမား သွန်သင်ညွှန်ပြသည်ကို လိမ္မာစွာ လိုက်နာကြ၏။ကြီးသူကို ငယ်သူက ဂါရ၀တရားထား၏။ လေးစားရိုသေ၏။ နိုင်ငံသည် ကြွယ်ဝသည်။ သီးနှံစပါးပေါများ၏။ ရောင်းဝယ်ဖေါက်ကားသောသူများ ဖြင့် စိုပြေ၏။ အရပ်တကာမှလာရောက်ကြကုန်သော ရတနာကုန်သည်တို့ဖြင့်လည်း မြို့သည်တင့်တယ်လှ၏။ ကောင်းစွာ ၀တ်စားဆင်ယင်ထားသည့် မြိုသူမြို့သားများမှာလည်း  ပျားပန်းခပ်မျှ အေးချမ်းစွာ ဟိုသည် လှုပ်ရှားသွားလာနေသည်။ တ၀ီဝီမည်မစဲသော ပျားပိတုံးတို့ ပျော်ပါးမြူးထူးသည့် ပဒုမ္မာကြာမျိုးစုံ ဖူးပွင့်ရာ ရေကန်တို့ ဖြင့်လည်းလှပစိုပြေ၏။ ဝေသာလီတွင် ထိုသို့သော ရေကန်မျိုး ခုနှစ်ထောင်နှင့် ပန်းစုံပေါသည့် ဥယျာဉ်ပေါင်းသည်ကား ခုနှစ်ရာရှိသည်။ယင်းမြို့ကို စောင့်ရှောက်ရန် ဆင် မြင်းစစ်သည် တပ်သားများမှာ မရေမတွက်နိုင်ခြေ။ ဥဒဟို လှည့်လည်သွားလာနေကြသည်။

ရထားဘီးသံ မြင်းခွာသံ ပတ္တမြားခြူလုံးသံစသည် တို့ကား ပင်လယ်သမုဒ္ဒရာထက် တက်လာသည့် လှိုင်းတံပိုးသံကဲ့သို့  အရပ် ထက်ဝန်းကျင် ပြန့်နှံ့ လွှမ်းမိုး၏။ ညအခါ ကခြေသည်တို့၏ ခန်းမဆောင်များမှ ပေါ်ထွက်လာသော တေးဂီတသံများဖြင့်လည်းဖြင့်လည်း နားဝင်ငြိမ့်ညောင်းစွာ စဉ်ဆက်မပြတ် ကြားရနိုင်သေး၏။ ထို ဝေသာလီမြို့ကို အုပ်ချုပ်သော လိစ္ဆ၀ီမင်းတို့သည်ကား တိုင်းသူပြည်သားများအပေါ် ကျောသား ရင်သား မခွဲခြား သာတူညီမျှ အုပ်ချုပ်၏။ မျက်နှာမလိုက် သမာသမတ်ကျစွာ တရားနှင့်အညီ စီရင် အုပ်ချုပ်သဖြင့် တိုင်းပြည်အေးချမ်းဖွံ့ဖြိုး၏။ရန်ုဟူသည်လည်းမရှိ။ သာယာဝပြော စိုပြေသည်။ထိုလိစ္ဆ၀ီမင်းတို့ကို အစစအရာရာ ဆင်ခြင်တိုင်းထွာနည်းပေးလမ်းညွှန်နိုင်သူ ပညာရှိ သုခမိန် က၀ိအကျော်အမော်  မှူးမတ်များစွာ ခစားဝန်းရံကြကုန်သည်။

လိစ္ဆ၀ီရာဇာတို့သည် တိုင်းသူပြည်သားများကို ကာကွယ်စောင့်ရှောက်ရာ နှိုက် မိမိတို့ ရင်ကို တံတိုင်းပမာ မှတ်ယူကြကုန်၏။ ပျားပိတုံးတို့သည် ပန်းကို ညှိုးနွမ်းထိခိုက်မှု မရှိစေဘဲပန်းဝတ်ရည်ကိုစုတ်ယူသကဲ့သို့ လိစ္ဆ၀ီမင်းတို့သည်လည်း တိုင်းသူပြည်သားကို ထိခိုက်နစ်နာမှု မရှိအောင် အခွန်အတုတ်ကို တော်သင့်ရုံ ကောက်ယူကြသည်။ ပင်လယ်သမုဒ္ဒရာအတွင်းချထားသော လှေနာဝါတို့သည် ပင်လယ်ရေကို မစုတ်ယူသကဲ့သို့ လိစ္ဆ၀ီမင်းတို့သည် သူဌေးသကြွယ်တို့၏ ဥစ္စာကိုလည်း သိမ်းယူခြင်းမရှိချေ။ ယင်းတို့သည် တိုင်းပြည်ကို အုပ်ချုပ်ရာတွင် တရားသဖြင့် အလှည့်ကျ စံနစ်ဖြင့်သာ အုပ်ချုပ် စိုးမိုးကြသည်။ လိစ္ဆ၀ီမင်းတို့၏ ဂုဏ်သတင်းကား လောကအလုံး ပျံနှံ့ ကျော်ကြား၏။

တနေ့သော် ထို အဖက်ဖက်မှ ပြည့်စုံ သော လိစ္ဆ၀ီမင်းသားတို့၏ ဝေသာလီမြို့တော်ကြီးတွင်  ဒုဗ္ဘိကန္တရကပ်၊ ရောဂါန္တကပ်၊ သတ္တန္တရကပ် စသည် ငတ်မွတ်ခေါင်းပါးခြင်း။ အနာရောဂါ ထူပြောခြင်း စသည် ၀ဋ်ကြွေးမကင်း၍ ကပ်ကြီးသုံးပါး ဆိုက်ရောက်လာသည်။ သီးနှံစပါးတို့သည် မအောင်မမြင် အလိုလို ညှိုးနွမ်းကုန်၏။ ဆံရေစပါးတို့သည် ရှားပါးကုန်၏။ကြာငါးပါးတို့ဖြင့် တင့်တယ်ဝေဆာကုန်သော ရေကန်တို့သည် အကြောင်းမဲ့ ခန်းခြောက်ကုန်သည်ဖြစ်၍ ပျားပိတုံးများ ရေကန်တို့ကိုစွန့်ခွာကြလေ၏။ယမမင်းသည် ရှိသမျှ ဒုက္ခအပေါင်းတို့အား ဝေသာလီမြို့အပေါ် စုပြုံ ကျရောက်စေသည့်အလား ဘေးဥပါဒ်အန္တရယ်အပေါင်းသည် နေ့ချင်းညချင်း သွန်းဖြိုး ကျရောက်လာသည်။ မရဏ စည်တော်ယွန်းသဖြင့် အိမ်တိုင်း အိမ်တိုင်းသည်ထိတ်ခြင်း လန့်ခြင်းဖြင့်သာ အတိရှိ၏။ မြို့ရိုးကျုံးပတ်လည် တံတိုင်းတို့တွင်  လူသေအလောင်းကောင်များပြည့်နှက်သဖြင့် တံတိုင်းတထပ် ကာရံသည့်ပမာ ဖြစ်လေ၏။ လူအများသည် ဘီလူးစားခံရမည် ဟုပူပန်ကြောင့်ကျလျက်နေကုန်၏။ အစာရေစာ ခေါင်းပါး သီးနှံစပါးရှားပါးလာသောအခါ လူတို့သည် သစ္စာ မစောင့်နိုင်တော့ချေ။။

လိစ္ဆ၀ီမင်းတို့သည် အကြောင်းရင်းကို ရှာကြကုန်၏။ပညာရှိအမတ်များနှင့် တိုင်ပင်နှီးနှော၍ ဆွေးနွေးအဖြေရှာကြ၏။ ထိုအခါ အမတ်များက မိမိတို့ အယူအဆကို အသီးသီး ပြောပြ ကြကုန်သည်။ နေမင်း၏ အရှိန်အ၀ါနှင့် တူသော လပြည့်ဝန်း၏ အေးငြိမ်းမှုကိုဆောင်သော ကမ္ဘာလောကကြီးတခုလုံးအား အေးငြိမ်းမှုကို ပေးနိုင်စွမ်းသော သကျသာကီနွယ်ဖွား ဘုရားရှင် သည် ယခုအခါတွင် ရာဇဂြိုလ်ပြည် ဘုရင် ဗိမ္ဗိသာရ၏ဝေဠုဝန်ကျောင်းဥယျာဉ်မှာ စံနေတော်မူပါသည်။ ”ဂေါတမဗုဒ္ဓ” ဟု အမည်တွင်ပါသည်။ ထို ဗုဒ္ဓ ဘုရားရှင်မှတပါး အခြားကိုးကွယ်ရာ မရှိပါ ဟု တညီတညွှတ်တည်း လျှောက်ထားကြသည်။

ဘုရင် ဗိန္ဗိသာရ၏ ဝေဠုဝန်ဥယျာဉ်သည် ၀ါးရုံအတိပေါများသော  အင်းကြင်း သရဖီ စသည် ကြိုင်လှိုင်သင်းထုံသော နေရာဖြစ်၏။ နေ့ညမပြတ် ၀င်းလက်တောက်ပ၏။ အမြိုက်နှင့် ပမာတူသောဝေဠုဝန်ကျောင်းတော်ကို ဗိမ္ဗိသာရမင်း ဆောက်လုပ်လှူဒါန်းသည်။ လိစ္ဆ၀ီ မင်းသားတို့သည် ဘုရားရှင်အား ထိုနေရာမှ ပင့်ဖိတ်ခဲ့သည်။ ဝေသာလီ၏ အကျိုးစီးပွားကို မျှော်ကိုး၍ ဘုရားရှင်က ဝေသာလီသို့ ဒေသစာရီ ကြွချီ တော်မူခဲ့သည်။ ဗိန္ဗိသာရမင်းကြီးသည်လမ်းခရီးအတွက် ကြိုတင်ပြင်ဆင်မှုများ ခန်းနားစွာ ပြုလုပ်ပေးခဲ့သည်။ ဘုရားရှင်နှင့် ရှင်အာနန္ဒာအမှူးပြုသော နောက်ပါ ရဟန်းသံဃာများသည် ဂင်္ဂါမြစ်ကို ဖြတ်ကူးကာ ဝေသာလီသို့ ဆိုက်ရောက်အပြီး ရတနာ့သုတ် ပရိတ်အရံအတားများ ရွတ်ဖတ်သရစ္ဆျယ်ကြသည်။ ပရိတ်ရေများ ပရိတ်သဲများကို မြို့ရိုး အနှံ့ ပက်ဖြန်းကြစေသည်။ ရတနာသုတ်ကို မြတ်ဘုရားက ခုနှစ်ရက် ခုနှစ်လီ အကျယ်တ၀ံ့ ဟောကြားတော်မူသည်။

ထိုအခါ ဝေသာလီမြို့အလုံးမကြုံစဖူး  မိုးကြီးသည်းထန်စွာ ရွာသွန်းသည်။ မိုးရေကြောင့်အညစ်အကြေးများကင်းစင်ခြင်း၊ ပန်းသစ်ပင်တို့ အညွန့်အညှောက် ထွက်ပြူလာခြင်း ရေကန် ရေအိုင်မှအစ ချောင်းငယ်မြောင်းငယ်များ  ရေပြည့်လျှံခြင်း သတ္တ၀ါတို့ မြူးထူးပျော်ပါးခြင်း ရွှင်လန်းချမ်းမြေ့ခြင်း ဖြစ်ကြသည်။ မြတ်ဘုရားက ရတနာသုံးပါးကို နေ့ညမပြတ်ဆည်းကပ်စေ၏။ ဥပုဒ်နေ့တိုင်း သီတင်းသီလ ဆောက်တည်စေသည်။ ငါးပါးသော သီလကိုမိမိအသက်ကဲ့သို့ စောင့်ရှောက်ထိန်းသိမ်းစေ၏။ ထိုအခါ ဝေသာလီသည် ယခင်ရှေးနည်အတိုင်း စိုပြေ တင့်တယ်သဖြင့် ကြွယ်ဝချမ်းသာသော နိုင်ငံ ဖြစ်ထွန်းခဲ့သည်။         ။

ဒါကတော့ ဆရာ "ပါရဂူ” ရဲ့ “ဒေသစာရီ ဝေသာလီ" ကို မိမိစကားဖြင့်  အကျဉ်းချုံးပြီး မျှဝေပေးလိုက်တာပါ။ သုတ ရသ စာပေကို မြတ်နိုးသူများ အလွန်ဖတ်သင့်တဲ့ စာအုပ်ကောင်းတအုပ်ပါ။ အိန္ဒိယ ရဟန်းတော် “ဘိက္ခူအာနန္ဒာ ကောသလ္လာယ" ဟိန္ဒူဘာသာနဲ့ ရေးဖွဲ့ထားတဲ့ (“ဗုဒ္ဓ ဂုဏာလင်္ကာရ") ဘုရားဂုဏ်တော်ဘွဲ့ လင်္ကာရှည်ကြီးကို “ဆရာပါ" က မြန်မာလို ကဗျာရှည်ကြီး ဖွဲ့နွဲ့ထားတာလို့ ဆိုရပါမယ်။ တခါတည်း ရတနသုတ်ဖြစ်ပေါ်လာပုံကိုလဲ သိရတာပေါ့။ ဗုဒ္ဓ ဟာ မိစ္ဆာဒိဋ္ဌိ တို့ရဲ့ အယူကို ပယ်နှုတ်ပြီး မဂ္ဂင်ရှစ်ပါးနဲ့ လမ်းညွှန်ခဲ့တာပါ။

မြတ်ဘုရား၏ အထူးထူးသော ဂုဏ်တော်တို့ကို ရည်ညွှန်းလျက် မေတ္တာစိတ်ယှဉ်သဖြင့် ဒီကဗျာလင်္ကာရှည်ကြီးကို မြန်မာလို ဘာသာပြန်ဖွဲ့ဆိုပါတယ် တဲ့။ (မေမေလည်း မေတ္တာစိတ်ယှဉ်သဖြင့် ပါပဲ)
“ဆရာပါ" က မြတ်ဗုဒ္ဓကို မပြတ် ဦးခိုက်ကြပါလော့။ ဥပုဒ်နေ့တိုင်းသီလ ဆောက်တည်ကြပါလော့ လို့ လည်း စာဖတ်သူတွေကို ပန်ကြားထားပါတယ်။

ခင်မေသစ်

2 comments:

မိုးနတ်ကြယ်စင် said...

အို
တကယ်ကို ဖတ်သင့်တဲ့စာအုပ်ပါရှင်...
ခုလို အမြည်းသဘောအနေနဲ့ဖတ်လိုက်ရတာတောင်
ရသ သုတ အတော်မြောက်ပါပေ့....:)

မြသွေးနီ said...

ဖြိုးဖြိုးဖတ်ဖို့ မေမေ့စာကို အခုလို ပြန်လည်မျှဝေတော့ စာဖတ်သူတွေအတွက် အကျိုးရှိသွားတာပေါ့..ဖြိုးရေ..