Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, January 15, 2013

ဘယ်ရှေးကံငယ်

(မေမေပို့ပေးတဲ့ စာကို မေမေပို့ပေးတဲ့ နှင်းဆီလေးတွေနဲ့ပဲ အတူတွဲထားလိုက်တယ်)
ပါရဂူရေးတဲ့ “ဓမ္မ၀တ္ထုတိုများ" စာအုပ် ဒီကနေ့ မေမေ၀ယ်လာလို့ ဖတ်ကြည့်ရင်း  “အရိယာလမ်းစဉ်“ ဆိုတဲ့ ၀တ္ထုတိုလေးတစ်ပုဒ်ကို ဖြိုးဖြိုးဖတ်ဖို့ ပြောပြချင်စိတ်ပေါ်လာတယ်။

ဟို ရှေးရှေး ဘုရားရှင် ပွင့်တော်မူစဉ်ကာလမှာ အရိယာသူမြတ်တို့ဟာမိမိအသက် ဘယ်မျှ အဖိုးအနဂ္ဂ ထိုက်တန်ပါစေ အခြားသေးနုတ်သိမ်ဖျင်းတဲ့ မည်သို့သော သတ္တ၀ါတို့ရဲ့ အသက်အတွက်ပင်ဖြစ်ပါစေ စွန့်လွှ့တ်အနစ်နာခံဖို့ ၀န်မလေး မကြောက်ရွံ့ကြဘူး တဲ့။

ပုထုဇဉ်လူသားဆိုတာ မကြာခဏ အမျက်ဒေါသ ပေါက်ကွဲလွယ်တတ်ကြတယ်။တခါတရံ ကိုယ့်ပစ္စည်းဘယ်ထားမှန်းမသိ အထားမှားလို့ အလွယ်တကူ ရှာမတွေ့ရင် ဘယ်သူယူတယ် ဘယ်ဝါယူတယ်လုပ်တတ်ကြတယ်။သူပိုင်အိမ်ခန်းစသည် ဘီရို ကိုတောင် ကျူးကျူးကျော် ကျော် ပိုင်စိုးပိုင်နင်း ဖွင့်ရှာတဲ့အထိ လောဘဇောတွေ မွှန်တတ်ကြတယ်။ဒါဟာ လူ့ ဓမ္မတာပါဘဲ။ အခုပြောပြမဲ့ ၀တ္ထုက ၅၅၀ ဇတ်တော်မှာ မဟာသုတသောမဇတ်လို့ အမည်ရပါတယ်။ ပိဋကတ်ကျမ်းစာများမှာ  ”ဓမ္မအတွက်” အသက်ပေးသွားကြတဲ့ အရိယာသူတော်စဉ်တွေ အများအပြား ပေါ်ထွန်းခဲ့ပါတယ်။ဝတ္ထုဇတ်လမ်းလေးက တော်တော်လေး ကြေကွဲ ရင်နင့်စရာပါဘဲ။

ဘုရားရှင်ဟောကြားတော်မူတာက မိမိကို အကြောင်းပြုပြီး မိမိ ပရောဂကြောင့် တပါးသူ ဒုက္ခမရောက်ပါစေနဲ့ တဲ့။ ဘုရားရှင် လက်ထက်တော်က သာဝတ္ထိမင်းနေပြည်မှာ ရတနာကုန်သည်ကျောက်သွေးသမားတယောက်ရှိသတဲ့။ တော်သုံးနန်းသုံး ပေါ့ကွယ်။ ဘုရင် ပသေနဒီကောသလမင်းကြီး ရဲ့ တော်ဝင်မိသားစု လက်သုံးဆိုပါတော့။ တနေ့တော့ ဘုရင့်နန်းတော်က တန်ဘိုးအလွန်ကြီးတဲ့ ကျောက်မျက်ရတနာတလုံးအကွက်ကျကျ သွေးဖို့အပို့ရောက်လာတယ်။ကျောက်သွေးသမားလဲ ရတနာသေတ္တာပေါ်မှာ ခေတ္တတင်ထားပြီး လက်ဆေးသန့်စင်ဖို့ရေအိုးရှိရာ ခေတ္တသွားသတဲ့။ သူ့အနားမှာ အိမ်မွေးတိရိစ္ဆာန် ကြိုးကြာတကောင်ကလဲ ဟိုဟိုဒီဒီ လှည့်ပတ်သွားလာနေသတဲ့။ အဲလို သွားလာနေရာက ရဲရဲနီထွေးနေတဲ့ ပတ္တမြားကျောက်ကို သားတစ်မှတ်ပြီး ဖြတ်ကနဲ ကောက်ယူ မျိုချလိုက်သတဲ့ကွဲ့။ 

ကျောက်သွေးသမားရဲ့ အိမ်မှာလဲ ဆယ်နှစ်ဆယ်မိုး ဆွမ်းခံလာပြီး မိမိတို့ သားသဖွယ် ရင်းနှီးကျွမ်းဝင်နေတဲ့ တိဿမထေရ်ဆိုတာ ရှိတယ်။ ရတနာ ကျောက်ကို နန်းတော်က အပို့လာစဉ် တိဿမထေရ် လဲဆွမ်းအလှူ ရောက်ရှိနေခိုက် နဲ့  ကြုံကြိုက်နေတာပေါ့။ ကြိုးကြာငှက်က မျိုချလိုက်တာကို  တိဿမထေရ် မြင်လိုက်ပေမဲ့ ကျောက်ကုန်သည်က လက်ရေဆေးနေခိုက်မို့ မမြင်လိုက်ဘူးပေါ့။ ရတနာကုန်သည် လက်ဆေးပြန်လာတော့ ကျောက်က မရှိတော့ဘူး။ ဒါနဲ့ အိမ်ရှိလူကုန် စစ်တာပေါ့။ ဇနီးသားသမီးအကုန်စစ် မယူဘူးဘဲ။ ယူမှ မယူတာကိုး။ နောက်ဆုံးတော့ ဆွမ်းခံ ရောက်နေတဲ့ ရဟန်းကို ညိုးတော့တာပေါ့။ 

“ကိုယ်တော် ဒီအနားမှာ ကိုယ်တော်တပါးဘဲရှိတာ မမြင်ဘူးလား ကျောက်ကို” ဆိုတော့ မထေရ်က “မြင်တယ်ပေါ့” ဒါဖြင့် “ဘယ်သူယူတယ် ကိုယ်တော်သိမှာပေါ့" မေးတော့ “မသိဘူး” ဖြေတယ်။

“ကိုယ်တော့် ရှေ့မှာဖြစ်ပျက်တာ ကိုယ်တော်မမြင်ဘူးလား" ဆိုတော့ ”မမြင်ဘူး" ဘဲ။ “ဒါဖြင့်  ကိုယ်တော်ယူထားတာမို့လား မှန်မှန်ဖြေ” လို့မေးတော့ “မယူဘူး" ဘဲ။ ဒါနဲ့ ကျောက်သွေးသမားဟာ သူံ ဇနီးကို ပြောတာပေါ့။ “မင်းသားကို မင်းမေးစမ်း မေးလို့ မရရင် ရိုက်ပုတ်စစ် မဟုတ်ရင် ဘုရင်က ငါတို့ခေါင်းကို ဖြတ်သတ်မှာနော။ မင်း ပေါ်အောင်စစ်" လို့ ဆိုသတဲ့။ 

သူ့ဇနီးက  ‘ဒီလိုမလုပ်ပါနဲ့ ဒီရဟန်း မဟုတ်နိုင်ပါဘူး။ ဆယ်နှစ်ဆယ်မိုး ဆွမ်းရပ်လာတာ အပ်တိုတချောင်းမပျောက်ပါဘူး။ ငရဲကြီးနေပါမယ်" လို့ အတန်တန်တားသတဲ့။ မရပါဘူး။ ဘုရင့် ရာဇ၀တ် အသင့်ခံရမှာ အလွန်ကြောက်နေတဲ့ ရတနာကုန်သည်ဟာ ဘာမှ မစဉ်းစား မဆင်ချင် နိုင်တော့ဘဲ အမျိုးမျိုး ရိုက်ပုတ်ညှင်းဆဲ စစ်မေးတော့တာပေါ့။ တုတ်တိုနဲ့ရိုက်စစ်လို့ ရဟန်းရဲ့ ခေါင်းက သွေးတွေ ဖြာထွက်လာတယ်။ဒါကို ကြိုးကြာက လာသောက်တယ်။ စိတ်တိုနေတဲ့ ကျောက်သွေးသမားဟာ 

“ဟာ ဒီအကောင်က တမှောင့်  ရှုပ်လိုက်တာ"
ဆိုပြီးတော့ ဖနှောင့်နဲ့ တချက်တည်း ပေါက်လိုက်တာ ပွဲချင်းပြီးသေရှာပါရောလား။ လည်မျိုကို ပေါက်မိတယ်ထင်ပါရဲ့။ဒီတော့မှ မထေရ် က “ဒကာကြီး .ကြိုးကြာငှက် သေသွားပလား"

“သေသွားပီ နားအေးတယ်"

“သေသေချာချာကြည့်ပါအုံး အသက်ရှိသေးတယ်ထင်တယ်"

“မရှိပါဘူး ကိုယ်တော် လည်ချောင်းက သွေးတွေ ဒလဟော ထွက်နေတာ မမြင်လား။ ဇက်လိမ်နေပြီ”

“ဒါဖြင့် ကျုပ်အမှန်ကို ပြောပါမယ်"

“ဟင် ပြော ပြော  ကိုယ်တော်ယူထားတယ်မို့လား ပေး မြန်မြန်" လောဘဇော တိုက်နေတဲ့ ကျောက်ကုန်သည်ဟာ ခုထိ မထေမြတ်ကို သူခိုးမှတ်တုံး။ 

“ဒကာကြီး စိတ်ငြိမ်ငြိမ်ထားပါ။ ပတ္တမြားကျောက်ကို ဒီကြိုးကြာ မျိချလိုက်တာ ကျုပ်မြင်တယ်။ကျုပ်မြင်တာချက်ခြင်းပြောရင်း ဒကာကြီးက ကြိုးကြာကို သတ်မယ်။ကျုပ်သေချင်သေပစေ ကျုပ်ပရောဂနဲ့ကြိုးကြာသေသွားရမှာ ကျုပ်မလိုလားဘူး။ဒါ့ကြောင့် ကျုပ်မပြောတာဖြစ်တယ် ခုတော့ သူ့ ကြမ္မာနဲ့ သူရှေးဘဝက ၀ဋ်ကြွေးရှိလို့ ကြိုးကြာသေရတယ်ဘဲ မှတ်ပါ။” လို့ မထေရ်မြတ်က ရှင်းလင်းဟောပြောလိုက်တယ်။

ဒီတော့ ကျောက်ကုန်သည်ဟာ ပတ္တမြားကျောက် လက်ထဲ ပြန်မရောက်သေးတော့ ဘယ်စိတ်ငြိမ်အုံးမလဲ။ သူချစ်လှပါတယ်ဆိုပြီး အမြတ်တနိုးမွေးထားတဲ့ ကြိုးကြာကြီးကို ရင်ခွဲ လို့ ဒလကြမ်းရှာတော့ ရဟန်းပြောတဲ့အတိုင်း ပတ္တာမြားအရိုင်းတုံးကိုရှာတွေ့သွားတာပေါ့။ဒီတော့မှ နောင်တရပြီး မထေမြတ်ရဲ့ ခြေအစုံမှာ ပစ်လှဲ  ၀ပ်စင်း ဖက်တွယ်ပြီး ခွင့်လွှတ်တော်မူပါဘုရား လို့  ငိုကြွေးတောင်းပန်သတဲ့။ 

မထေရ်မြတ်က ဒါဏ်ရာ ဒါဏ်ချက်တွေ ဗလပွနဲ့ ဘယ်လောက်ဘဲ နာကျင် ခံစားနေရပါစေ မိမိပြုခဲ့သမျှ ကုသိုလ် အကုသိုလ်အတိုင်းဘဲရှိပါစေ လို့ အပြစ်မယူခဲ့ပါဘူး။ ကျောက်ကုန်သည် ညှင်းဆဲ နှိပ်စက်တဲ့ ဝေဒနာနဲ့ သက်ဇီဝိန် ချုပ်ငြိမ်းပြီး နိဗ္ဗာန်ဝင်သွားတယ် ဆိုပါတယ်။

ဒီအကြောင်း ရုပ်ရှင် ရိုက်ထားတယ်လေ။   ဖြိုးဖြိုး မှတ်မိမလား မဆိုနိုင်ဘူး မေမေတို့ ဒါရိုက်တာ သုခ ရိုက်တဲ့ ရုပ်ရှင် ရန်ကုန်မှာ ကြည့်ဖူးတယ်ထင်တယ်။ မြတ်သစ်က ရဟန်း။ ကျောက်ကုန်သည်က ဘယ်သူတဲ့  အော်  ..ဇော်လင်း 
သေပြီးမှ အကယ်ဒမီ ရတယ် ဆိုတဲ့လူ။

ရုပ်ရှင်ကားရဲ့ နာမည်တော့ အသေအချာ မမှတ်မိတော့ဘူး။ ရဟန်းစားရသော ဆွမ်းတစ်နပ် တော့ မဟုတ်လောက်ဘူး ထင်တယ်။

 ဒီဝတ္ထုကို ပါရဂူက သီ၇ိလင်္ကာနိုင်ငံ မဟာဗောဓိ အသင်းကြီးက လစဉ် အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့က “မဟာဗောဓိ" ဂျာနယ်က နေ ဘာသာပြန်ဆိုထားတာပါ။ မူရင်းစာရေးသူက သီရိလင်္ကာ ရဟန်းတော် “ဘိက္ခူမေတ္တေယျ" လို့  သိရပါတယ်။ မေတ္တေယျ အမည်ဟာ အမှန်ဆိုရင်  ဒီဘဒ္ဒကမ္မာမှာ နောက်ဆုံး ပွင့်လာမဲ့ ဘုရားလောင်းရဲ့ အမည်ပါ။ မြန်မာရဟန်းတော်တွေ မှည့်ခေါ်လေ့မရှိပါဘူး။ အင်္ဂလိပ်လူမျိုး မစ္စတာဘီးနက်ဟာ ၁၉၀၁ခုနှစ်က ကိုလန်ဘိုမြို့မှာရဟန်းခံစဉ် “ဘိက္ခူ အာနန္ဒာမေတ္တေယျ" လို့ ဘွဲ့ခံယူခဲ့ပါတယ် တဲ့။ သီရိလင်္ကာဆရာတော်နဲ့ ဆို နှစ်ပါးဘဲ ရှိတယ်လို့ ဆရာကြီး ပါရဂူက ရှင်းပြထားတယ်။ ဖြိုးဖြိုး ရဲ့။ 

ရှေးရှေးအခါက လင်္ကာဒီပ တောင်ပိုင်းအစွန်းဒေသကနေဥရောပတိုက်  အိုင်အို နီယန်ကမ်းခြေအထိ ငြိမ်းချမ်း ရွှင်လန်းသောနယ်မြေလို့ လူသိများခဲ့ပီးအာသောကမင်းကြီး စိုက်ထူရေးထိုးခဲ့တဲ့ ကျောက်စာများအရ ခရစ်တော်မဖွားမြင်မီ ရာပေါင်းများစွာကပင်ဆီးရီးယား အီဂျစ်။ ဆိုင်းရပ်စ်။မက်ဆီဒိုးနီးယား။ အယ်လ်ဘေးနီးယား။ အပါအ၀င် နိုင်ငံများဟာ အသောက မင်းကြီးရဲ့ အုပ်ချုပ်မှုအောက်မှာ ဗုဒ္ဓ၀ါဒ ထွန်းကားခဲ့တယ်လို့ သိရတယ်။ 

စာရေးဆရာ အိပ်ခ်ျ ဘီ ဟာဗဲလ် ရဲ့ History of Aryan Rule in India အမည်ရှိ စာအုပ်မှာ အသောကမင်းကြီးအုပ်ချုပ်စဉ် အိန္ဒိယယဉ်ကျေးမှု အမြင့်မားဆုံး မှတ်တိုင် စိုက်ထူရလောက်အောင် ထွန်းကားခဲ့တယ်လို့ ဆိုပါတယ် ဖြိုးဖြိုးရေ..။ အီဂျစ်ပြည်မှာ အာသောကမင်းကြီးဗုဒ္ဓ သာသနာ ဖြန့်ဝေခဲ့ကြောင်း မကြာမီက တူးဖေါ်ရရှိတဲ့ကမ္ဗည်းကျောက်စာများအရ သိရှိရတယ်လို့ ပါရဂူ က တင်ပြထားတယ်။          ။

ခင်မေသစ်

2 comments:

Ma Tint said...

ရုပ်ရှင်ပြန်ရိုက်တဲ့ ဇာတ်လမ်းလေး ကြည့်ရရင်ကောင်းမယ် ဖြိုးဖြိုးရေ။ 'ရဟန်းစားသော ဆွမ်းတစ်နပ်' မဟုတ်တာတော့ သေချာတယ်း)
ပြန်မျှဝေပေးတာကျေးဇူးနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

စံပယ်ချို said...

ဒုတိယအပင်လေး(နှင်းဆီပန်း)အရမ်းကိုကြိုက်တယ်ဖြိုးရေ