Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, December 29, 2012

အသံတိတ်ခွဲခွာခြင်း

တစ်အိမ်လုံးသုသာန်တစ်စပြင်လို ငြိမ်ဝပ်တိတ်ဆိတ်နေသည်။ ညဉ့်နက်နက်၊ အိပ်ခန်းတစ်ခန်း၊ ခုတင်တစ်လုံး၊ လူနှစ် ယောက်။ အိပ်မောကျနေပုံရသည့် လူယောက်ျားဘေးမှာ Midnight Wine အရောင် ည၀တ်အကျီနှင့် မိန်းမတစ်ယောက်၊ သူမ မျက်လုံးတွေထဲမှာ နာကျင်ထိခိုက်ခံစားနေရပုံက အထင်းသားပေါ်နေသည်။ ဒီမိန်းမ ဘာကို ဒီမျှလောက် နာကျင်ခံစားနေရပါလိမ့် ဟု ကျွန်မတွေးနေစဉ်မှာပဲ ဘေးကလူကို တစ်ချက် စိန်းစိန်းကြီးကြည့်ကာ ရုတ်တရက် ထထိုင်သည်။ ဆုံးဖြတ်ချက်တစ်ခုကို ယတိပြတ်ချပစ်လိုက်သည့်ဟန်။ စက်ရုပ်တစ်ရုပ်လို တောင့်တင်းမြန်ဆန်သည့်ခြေလှမ်းများဖြင့် အခန်းထဲမှ ထွက်သွားသည်။ ညကြီးမင်းကြီး ဘယ်ဆီ ထွက်သွားပါလိမ့်။ ကျွန်မ တွေးနေစဉ်မှာပဲ သေနတ်သံတစ်ချက် ဒိုင်းခနဲကြားလိုက်ရသည်။

“ဘုရားသခင် ..ဒီမိန်းမ သူ့ကိုယ်သူ သတ်သေသွားပြီ”
အသံထွက်ရေရွတ်ကာ ကျွန်မ ၀မ်းနည်းသွားသည်။

xxxxxx

သူမနာမည် စူဇန်နာ၊ Physio Therapist တစ်ယောက်။ သူမမှာ ခန့်ညားသည့်ရုပ်ရည်နှင့် စမတ်ကျကျဝတ်စား နေထိုင် တတ်သူ ခင်ပွန်း ဆမ်မြူရယ် ရှိသည်။ သူတို့မှာ သမီး မေရီနှင့် သား ဒေးဗစ်တို့ရှိ သည်။ နေရာသစ်ဆောက်လုပ်နေသည့် ဆိုက်ထဲ မှာ အလုပ်သမားအသစ်ရောက်သည်။ အီဗန်တဲ့။ ခင်ပွန်းသည် ဆမ်နှင့်မိတ်ဆက်ပေးလိုက်ရာ ဆမ်က သူ့ဝသီအတိုင်း `လာပါ ကိုယ်က မရွံတတ်ပါဘူး´လို့ ခပ်ငေါ့ငေါ့ပြောရင်း ညစ်ပေနေသည့် အီဗန့်လက်ကို ဖော်ရွေဟန်ပြကာ တလှိုက်တလှဲဟန်အစွမ်းကုန် ဆွဲယမ်းနှုတ်ဆက်သည်။ ဆမ့်လုပ်ပေါက်ကို စူဇန်ကောင်းကောင်းသိသည်။ ပေါင်းလာတာ ၁၄နှစ်ရှိပြီပဲ။ သူ့ကိုယ်သူ လူကြီး လူကောင်း ပုံစံပြလိုက်ပြီး တစ်ဖက်သားကို အလုပ်သမားလို့ တမင်လူတန်းစားခွဲခြား ဆွဲနှိမ့်ပစ်လိုက်တာ။

နေရာသစ်အတွက် ကြွေပြားတွေလိုက်ရွေး၊ လိုအပ်တာလိုက်ဝယ်ရင်း အီဗန့်ကို စူဇန်က `ကျွန်မ ယောက်ျားရဲ့ ပုံစံအတွက် တောင်းပန်ပါတယ်´ ပြောသည်။ ဒီလိုပြောမှ ပိုဆိုးတော့သည်။
“ငါ့လို ခပ်ဖြောင့်ဖြောင့်လူချောနဲ့ တစ်နေကုန် ဆိုက်ထဲမှာ အတူရှိနေတာကို သူ့စိတ်ထဲ မနာလိုအူပွ ဖြစ်နေမှာပေါ့”လို့ အတည်ပေါက်ကြီး အီဗန်ပြောလိုက်သည်။ ရှက်ရယ်ရယ်နေသည့် စူဇန့်မျက်နှာက အီဗန့်စကားကို ခြွင်းချက်မရှိထောက်ခံချင် သလိုလို။

အီဗန့်အတွက်လုပ်အားခကို `မင်းပဲပေးလိုက်´လို့ ဆမ်ကမှာသည်။ စူဇန်နာ ခပ်မြန်မြန်ပဲ ဆိုက်ထဲကို ကားမောင်း ထွက်လာခဲ့သည်။ ခပ်လှမ်းလှမ်းကနေ အီဗန့်ကိုလှမ်းမြင်သည်နှင့် ကားကို လမ်းဘေး အမြန်ထိုး ရပ်လိုက်သည်။အီဗန့်ဆီ ခပ်သွက်သွက်သွားကာ`ရော့ ရှင့်အတွက်လုပ်အားခငွေ´ဆိုပြီး စာအိတ်ကလေး ကမ်း ပေးနေတုန်းမှာပဲ နမော်နမဲ့ရပ်ခဲ့တဲ့ကားက လမ်းမပေါ်အရှိန်ဖြင့် လျှောဆင်းလိမ့်ထွက်သွားသည်။ အီဗန် လိုက်ဆွဲရာ ကားလည်းအရပ်၊ သူကိုယ်တိုင်လည်း လမ်းဘေး ပလက်ဖောင်းပေါ် ကားခနဲ မှောက်လျားထိုး ပြုတ်ကျသွားသည်။ `အမလေး ဒီလူသေပါပြီ´ စူဇန်ပျာသွားသည်။ ကိုယ့်အလုပ်သမား ကိုယ့်ကြောင့်ဖြစ်တော့ ဆေးရုံလိုက် ပို့ရပြီ။ အီဗန်ခြေထောက် မထောက်နိုင်တော့ ၊ တစ်ပတ်လောက်နားရမည်တဲ့။ အီဗန်က မနားချင်။ မနက်ဖြန် သူ သူ စပိန်ကိုသွားစရာရှိသည်တဲ့။ ဆရာဝန်က ခွင့်မပြု။
“ကျွန်တော်က နေ့စား အလုပ်သမား၊ မနက်ဖြန်တစ်ရက်ပဲနားရတာ၊ နားတဲ့ရက်ကလေး ကျွန်တော့် သမီးနဲ့ သွားတွေ့ ရမှာ သွားမှဖြစ်မယ်”
ဆေးသွင်းပိုက်တွေ ဆွဲဖြုတ်၊ ရုန်းရုန်းကန်ကန်ဆိုတော့ စူဇန့်ရင်ထဲ မကောင်းတော့။ `ကျွန်မကိုယ်တိုင် ကားမောင်းပို့ ပေးပြီး ဆေးရုံကိုပြန်ခေါ်လာပါ့မယ်´လို့ တာဝန်ကျဆရာဝန်ကို ကတိပြု၊ အကိုက်အခဲပျောက် ဆေးဝါးအပြည့်အစုံ၊ ချိုင်းထောက် တစ်စုံနှင့် ခေါ်ထုတ်ခဲ့သည်။ ကားပေါ်မှာ အီဗန်ကရင်ဖွင့်သည်။
“ငါ ထောင်ကျလို့ သမီးနဲ့ကွဲခဲ့တာ”
“ရှင်ဘာလုပ်ခဲ့လို့များ ထောင်ကျရတာလဲ”
အီဗန်က တိတိကျကျမဖြေ။ သမီးအတွက်ပါ လို့ပဲ ခပ်တိုးတိုးပြောသည်။ ဟိုရောက်တော့ အီဗန်က သူ့သမီးနဲ့ ညအိပ်နေ ဦး မယ်တဲ့။  တစ်ယောက်တည်းထားခဲ့ဖို့ စိတ်ချလောက်သည့်အနေအထားမဟုတ်လေတော့ စူဇန့်ခမျာ ဟိုတယ်တစ်ခု အနီးမှာရှာ၊ အခန်းငှား ညအိပ်စောင့်ပေးရတော့သည်။ မိုးလင်းတော့ အီဗန့်ဆီလိုက်သွားရာ သမီးနှင့်တွေ့သည်။ အီဗန့်သမီးက ငါးနှစ်အရွယ် လောက်လေး။ နာမည်က ဘီတာတဲ့။ အီဗန့်ဒဏ်ရာကို စူဇန် dressing လုပ်ပေးခဲ့သည်။ ညခင်းမှာ ဟိုတယ်နားက စားသောက် ဆိုင်မှာ အီဗန်နှင့် စူဇန်နာတို့ ညစာထွက်စားသည်။
“သမီးနဲ့အဆင်ပြေလား”
“အင်း၊ နေ့ခင်းဆို သူ ဘာမှမပြောဘူး၊ ညဆို မေးခွန်းတွေ ဒရစပ်ထုတ်တော့တာပဲ၊ သူသိချင်တာအကုန်မေးပြီးမှ အိပ် တယ်၊ ငါ့ကို ဘယ်သွားနေတာလဲ၊ ဘာလုပ်လဲ အကုန်ကိုမေးတော့တာကွာ”
“ရှင့်သမီးက ငယ်လွန်းတယ်၊ ရှင်ထောင်ကျတဲ့အကြောင်း မပြောမိစေနဲ့”
နှစ်ယောက်သား အပြန်အလှန်စကားဖလှယ်ရင်း ငယ်ပေါင်းတွေလို ရင်းနှီးသွားကြသည်။

xxxxxxx

အလုပ်မဆင်းနိုင်သေးသည့်အီဗန့်ကို အိမ်အထိ စူဇန်သွားတွေ့သည်။ ဒဏ်ရာကို ပတ်တီးလဲ ဆေးထည့်ပေးသည်။ အစတော့ ရိုးရိုး၊ နောက်တော့ တစ်မျိုးတိုးမိလေသလား၊ စူဇန်နာတစ်ယောက် မိမိအလုပ်ကိုပါ အပျက်ခံကာ အီဗန့်ကိုသွားသွား တွေ့မိသည်။ သွားတိုင်းလည်း စူဇန်က`ကျွန်မအိမ်မပြန်ချင်ဘူး´ ပြောမိတတ်သည်။ ပြီးတော့လည်း ပြန်ရတာပါပဲ။ တစ်ဖက်မှာက အိမ်ထောင်မိသားစု ရှိသေးသည်ကိုး။ ခက်တော့ ခက်ပြီ။ စူဇန်တစ်ယောက် အီဗန်နှင့်မတွေ့ဘဲမနေနိုင်၊ တွေ့ပြီး အိမ်ပြန်ရောက် လျှင်လည်း အရောင်စွန်းထင်းနေသည့် လိပ်ပြာက တစ္ဆေတစ်ကောင်လို နေ့နေ့ညည ရိပ်ရိပ်ဝဲ၀ဲ ခြောက်လှန့်နေပြန်သည်။ နောက် ဆုံး မျိုသိပ်မထားနိုင်တော့ဘဲ ဖြစ်ရပ်မှန်ကို ဆမ်မြူရယ့်အား ဖွင့်ချမိတော့သည်။

“ဆမ်.. ကျွန်မ ချစ်မိနေပြီ”
“ဘယ်လို မင်း ဘာပြောလိုက်တယ်”
“အီဗန့်ကို ချစ်မိသွားပြီ”
ဘယ်သူလဲ၊  ဘယ်ကကောင်လဲ ဆမ်မြူရယ် မသိ။ သူ့ရဲ့ စီးပွားဖက်၊ အားကျဖက်၊ ပြိုင်ဘက် လျှမ်းလျှမ်းတောက် မိတ်ဆွေတွေထဲမှာ ဒီနာမည်မကြားဖူးခဲ့။
“ဘယ်သူလဲ ..အီဗန်…”
“ဟို ကျွန်မရဲ့ကားကြောင့် တစ်ခါ ဒဏ်ရာရဖူးတဲ့လူ”
ဘုရားဘုရား၊ ဆမ့် မျက်လုံးတွေ ပြာဝေသွားသည်။ ကလေကချေ၊ အောက်တန်းစား၊ အလုပ်သမားနဲ့ ကြံကြီးစည်ရာ.. ကွာ၊ ငါ့မှာတော့ ဒီမိန်းမ ဒီသားသမီး အမြင့်ဆုံးမှာ စမတ်ကျကျ နေရအောင် ကြိုးစားလိုက်ရတာ၊ ဘာပဲဖြစ်ဖြစ် ကိစ္စမရှိ။ မိန်းမတွေ ဟာ ဆေးလိပ်လေးတဖွာဖွာ ဘီယာလေးတမြမြနဲ့ အပြောကောင်းတဲ့ ယောက်ျားဆို ယစ်မူးသာယာပြီး စိတ်ကူးထဲ ထည့်ယဉ်ပစ် တတ်ကြတာ ဓမ္မတာပဲ။ ဒီကောင် င့ါထက်အပြောကောင်းလို့ဖြစ်မှာပေါ့၊ ချစ်မိရုံပဲဆို အကြောင်းမဟုတ်။ ဆမ်မြူရယ်တွေးကာ သိချင်စိတ်ပြင်းပြလာသည်။
“ချစ်မိရုံပဲမို့လား၊ ဒါ့ထက်ပိုသွားပြီလား”
ဘာမှမဖြေသည့် ဇနီးသည်ကိုကြည့်ကာ ဆမ်မြူရယ် ယောက်ယက်ခတ်သွားသည်။ ပခုံးတွေကို ကိုင်ဆွဲလှုပ်ကာ ဒရစပ် မေး လိုက်သည်။
“ဟင်..ဖြေလေ၊ ဘယ်နှခါ တွေ့ပြီးပြီလဲ ဘယ်နှခါရှိပြီလဲ၊ ဖြေစမ်းဖြေလေ”
“ဒါက အဓိကမဟုတ်ပါဘူး” တဲ့။ ဒါဖြင့် ဘာကအဓိကလဲ။ ပြောရခက်နေပုံရသည့် စူဇန့်မျက်နှာကို ဆမ်မြူရယ်မကြည့်ရက် တော့။ ပြတင်းတံခါးဆီ အကြည့်လွှဲဖယ်ကာ ထပ်မေးမိသည်။
“ ဘယ်မှာ တွေ့ကြတာလဲ”
“သူ့အိမ်မှာ…”

အသုံးမကျတဲ့မိန်းမ၊ ဒီကောင်က မင်းဆီလာတာမဟုတ်ဘဲ မင်းက မနေနိုင်မထိုင်နိုင် သွားသွားနေတဲ့သဘောပေါ့။ နွမ်း ဖတ်နေသည့် ဇနီးသည်မျက်နှာကို စိုက်ကြည့်ကာ ဆမ်မြူရယ့် စိတ်ထဲ ယူကျုံးမရ ဖြစ်သွားသည်။ ဘာလုပ်ရမည်မှန်း ဆမ်မြူရယ် မသိ။ ကမ္ဘာနဲ့ချီသည့် စီးပွားရေးပြဿနာ အခက်အခဲတွေ ထောင်သောင်းမက သူ ဖြေရှင်းလိုက်လျှင် အလွယ်ကလေး။ အခု သူ့မိန်းမ လင်ငယ်ထားနေသည့် ကိစ္စကို သူ မဖြေရှင်းတတ်တော့။ ရှက်စရာ ခံပြင်းစရာ၊ ဒီကောင်က င့ါထက် ဘာသာလို့လဲ။ ခက်တာက ငါအကြမ်းပတမ်းလုပ်လိုက်ရင် ဟိုဘက် ပိုပါသွားမလားပဲ..တွေးကာ ဆမ်မြူရယ် ၀မ်းနည်းလာသည်။ ယောက်ျားတန်မဲ့ မျက်နှာကို လက်ဝါးတွေထဲ ထိုးဝှက်ကာ ရှိုက်ကြီးတငင် ငိုချမိတော့သည်။ ဘ၀ကို ဟန်ကျပန်ကျ ဖြတ်သန်းနိုင်ခဲ့သည်သာမက တစ်လျှောက်လုံး မာန်မာနအပြည့်နှင့် စမတ်ကျကျနေထိုင်ခဲ့သူ ခင်ပွန်းသည်အား ငိုကြီးချက်မပုံစံနှင့် တွေ့ရသည့်အခါ စူဇန့်စိတ်ထဲ ငါဘာတွေလျှောက် လုပ်ခဲ့ပါလိမ့်လို့ နောင်တတစ်ချက်ရသွားသည်။ လှုပ်ခါနေသည့် ဆမ့်ပခုံးကို ပွေ့ဖက်ကာ ကတုန်ကယင် ပြောမိသည်။

“အို ဆမ်၊ ဆမ်ရယ် ဒီလိုမလုပ်ပါနဲ့ ကျွန်မ သူ့ကို နောက်တစ်ခါ မတွေ့တော့ဘူး၊ ကတိပေးပါတယ်”

xxxxxxx

အပြစ်ရှိတာချင်းအတူတူ စူဇန့်အပြစ်က ပိုကြီးသည်၊ စူဇန်က မိန်းမမဟုတ်လား။ အိမ်ထောင်ရှိမိန်းမတစ်ယောက်အနေနှင့် အခြားယောက်ျား တစ်ယောက်က အမှန်တကယ်ချစ်လာသည်ဖြစ်စေ၊ ရလိုရငြားစိတ်နဲ့ဖြစ်စေ မည်သို့ချဥ်းကပ်ချဉ်းကပ် နည်းမျိုးစုံ နှင့် ရှောင်တိမ်းထွက်နိုင်ရမည်မဟုတ်လား။ အခုတော့ စူဇန်က ရုန်းထွက်ရန်မဆိုထားနှင့် မီးရှိရာကို ရူးရူးမိုက်မိုက် တိုးဝင်ချင် နေသည့် ပိုးဖလံမလေး ဖြစ်ခဲ့ပြီ။

အီဗန့်အနေနှင့် ဆင်းရဲပင်ပန်းစွာဖြတ်သန်းရင်း ဘ၀မှာ တစ်ကြိမ် ထောင်ကျဖူးသော်လည်း အကျင့်ပျက်ယောက်ျား တစ်ယောက်မဟုတ်။ သူ့ဘ၀မှာ လက်ညှိုးထိုးစရာအပြစ်က လင်ရှိမိန်းမတစ်ယောက်ကို ချစ်ကြိုက်မိခြင်းပါပဲ။ သို့ပေမဲ့  ဆမ်မြူရယ် သိ သွားပြီဆိုသည့်အခါ ယောက်ျားခြင်း စာနာစိတ်နှင့် သူ့စိတ်သူထိန်းချုပ်ကာ စူဇန့်ကို ရှောင်သည်။ အိမ်ပြောင်းလိုက်သည်။ အလုပ်ပြောင်း လိုက်သည်။ အမှားထဲ ခေါင်းစိုက်ထိုးထည့်ထားလျှင် ကိုယ်တိုင်ပဲ အသက်ရှူကျပ်မှာပေါ့၊ အမှန်ရှိရာ ဦးမော့ကာ သူ့အခြေအနေတွေ ပြောင်းလဲပစ်ဖို့ အီဗန်ကြိုးစားသည်။ ခက်သည်က စူဇန်နာ။ ငိုကြွေးနေသည့် လင်ယောက်ျားကို မကြည့်ရက် နိုင်ဖြစ်ကာ ကတိပေးလိုက်ပေမဲ့ စိတ်က အီဗန်နှင့် ထပ်တွေ့ရဖို့သာ ဇောကပ်သည်။ ဖုန်းမကိုင်ဘဲ ရှောင်တိမ်းနေသည့် အီဗန့်ကို သဲသဲမဲမဲလိုက်ရှာသည်။ ယူဇီရပ်ကွက်က စားသောက်ဆိုင်တစ်ဆိုင်မှာ တွေ့သည်။ စူဇန့်အချစ်ကို အီဗန်အသိအမှတ်ပြုချင်ပေမဲ့ နှစ်ဦးနှစ်ဖက်အခက်မတွေ့စေချင်တော့ စူဇန့်ကို တည်ကြည်စွာငြင်းပယ်ရသည်။ `အလုပ်လုပ်ချိန် စကားပြောလို့မရ ဘူး´ `ငါမအားဘူး´။ ဘယ်လိုပြောပြော စူဇန်က မပြန်။ ခေါင်းမာမာနှင့် စောင့်သည်။ မျက်နှာချင်းဆိုင်တွေ့ချိန်မှာ `ငါတို့နှစ်ယောက် ဇာတ်လမ်းက ရှေ့ဆက်လို့မရနိုင်ဘူး´လို့ အားတင်း ပြောလိုက်သည်။ ဒီလောက်ပြောလျှင်တော့ စူဇန်လက်လျှော့မည်လို့ အီဗန် ယူဆသည်။ သူ့အထင် မှားသွားပြီ။

“ကျွန်မကတော့ ရအောင် ရှေ့ဆက်မှာပဲ”

စူဇန်က သည်လိုပြောနေမှတော့ အီဗန်က ဘာသားနဲ့ထုထားတာမို့လဲ၊ ယောက်ျားလေ။ တင်းခဲထားသည့် စိတ်တွေ ချည့်နဲ့ပြိုကျသွားသည်။ စူဇန်က သူ့မျက်လုံးတွေကို တည့်တည့်စိုက်ကြည့်ကာ ခိုင်ခိုင်မာမာပြောလိုက်သေးသည်။

“ကျွန်မ သူ့ကို စိတ်ပျက်နေတာကြာပြီ၊ ရှေ့ဘ၀တစ်လျှောက်လုံး ရှင်နဲ့ပဲ ကုန်ဆုံးလိုက်ချင်တော့တယ်”

ချစ်ဇောအဟုန် မကုန်နိုင် မခမ်းနိုင်၊ တားမရဆီးမရဖြစ်နေသည့် ရင်ခွင်ထဲက မိန်းမကို အီဗန်ငြင်းချက်မထုတ်နိုင်အောင် သဘောကျသွားသည်။

“အချစ်လေး မင်း ရူးများ ရူးသွားပြီလား၊ အင်း…မင်းရူးလေ ငါကြိုက်လေပါပဲကွာ…”

သောက်လေ ငတ်လေ ဘယ်တော့မှ ဆာငတ်မပြေနိုင်သည့် ပင်လယ်ရေငန်ကို ပြိုင်တူသောက်ရင်း စူဇန်နှင့် အီဗန် ကိုယ့်ကိုယ်ကိုယ် အဟုတ်ထင်ပစ်လိုက်ကြသည်။

xxxxxxx

 “ဟိုကောင့်ကို မင်းဖြတ်တော့ မင်းကငါ့မိန်းမ ငါ့အတွက်ပဲဖြစ်ရမှာ”
ဆမ်မြူရယ်ဒေါသပုန်ထပြီ။ နှစ်ယောက်သား ရုန်းရင်းဆန်ခတ် ထွေးလုံးရစ်ပတ်ပြီး ခြေကုန်လက်ပန်းကျ မောဟိုက်ချိန်မှာ စူဇန်က နွမ်းဟဟအသံနှင့်တောင်းပန်သည်။
“ကျွန်မလည်း မတတ်နိုင်တော့ဘူး၊ ကျွန်မကိုယ်ကျွန်မလည်း မုန်းမိပါတယ်၊ ကျွန်မကို သွားခွင့်ပြုပါ”
“ငါ့ဆီကထွက်သွားတာနဲ့ မင်းဘ၀ ဒုက္ခရောက်မှာပဲ၊ မင်းတို့ အဆင်ပြေမယ်ထင်လို့လား၊ မင်းတို့မှာ ဘာပိုင်ဆိုင်မှုရှိလို့လဲ၊ နေစရာတောင်ရှိလို့လား”

စူဇန်က`မြို့ထဲမှာ လုပ်စရာအလုပ်တွေပေါပါတယ်´တဲ့။ မရှိစဖူး သတ္တိတွေ ထူးကဲရှိနေသည့် စူဇန့်ကိုကြည့်ကာ ဆမ်မြူ ရယ် စွေ့စွေ့ခုန်သွားသည်။ `မင်း ဘာအလုပ်မှလုပ်လို့ရမှာမဟုတ်ဘူး ကြည့်နေ´ လို့ခြိမ်းခြောက်စကားဆိုလိုက်သည်။ သူ့စကား အတိုင်းပဲ ဆမ်မြူရယ်က ဂုဏ်ရှိန်ပါဝါသုံးကာ မြို့တော်ဝန် ဘာရီလာနှင့်ပေါင်းပြီး အခွင့်အလမ်းမှန်သမျှ ပိတ်ဆို့ပစ်လိုက်သည်။ နှစ်ယောက်လုံး၏ အကြွေးဝယ် ကတ်၊ ငွေထုတ်ကတ်တွေ ဘာမှသုံးမရတော့။ မစားရတဲ့အမဲ သဲနဲ့ပက် ပြောမလား၊ ပြောလည်း ခံလိုက်ရုံ။ `ဖောက်ပြန်နေတဲ့ မိန်းမကို ကာမပိုင်လင်ယောက်ျားအနေနဲ့ သဲနဲ့ပက်ခွင့်တော့ရှိမှာပဲ' လို့ အတွေးရိုင်းရိုင်းတွေ ဆမ်မြူရယ်တွေးပစ်လိုက်သည်။ စူဆန်နှင့်အီဗန်ဒုက္ခရောက်ပြီ။ စူဇန် ဆမ်မြူရယ်နှင့်သွားတွေ့သည်။

“ကျွန်မတို့ကို Black List ထဲရောက်အောင် လုပ်နေတဲ့ ရှင့်လုပ်ရပ်တွေ ရပ်တန်းကရပ်တော့”။
ဆမ်မြူရယ်ကလည်း ပြတ်သားသည်။
“ရပ်မယ်လေ..မင်း ငါ့ဆီ ပြန်လာရင်ပေါ့…”
“သေတေင်ပြန်မလာဘူး၊ ဝေးသေး”
“ဒါဆိုလည်း ဒါ မင်းရွေးတဲ့လမ်းပဲ”

နောက်ဆုံး စူဇန်က ဆမ်မြူရယ့်အိမ်ထဲ ညဘက်ခိုးဝင်ကာ ပိုင်ဆိုင်သမျှတွေကို အကုန်ယူထုတ်သည်။ ဆမ့်လုပ်ရပ်အပေါ် စိတ်အချဉ်ပေါက်ပေါက်နှင့် မပိုင်ဆိုင်သည့်အရာတွေပါ ယူပစ်လိုက်သည်။ `သူပိုင်ပစ္စည်းတွေကို မယူစမ်းပါနဲ့ကွာ´အီဗန်တားပေမဲ့ စူဇန် ဂရုမစိုက်၊ `ရှင်မလုပ်နိုင်ရင် ကျွန်မတစ်ယောက်တည်းလုပ်မယ်" တဲ့။ သည်လိုနှင့် အီဗန်ကြံရာပါဖြစ်ရပြီ။

မနေ့ညက ခိုးယူလာသည့် ပန်းချီကားတွေကို အီဗန်သွားရောင်းပေးနေသည်။ တော်တော်နှင့်ပြန်မလာတော့ စူဇန်စိတ် ပူလာသည်။  တံခါးခေါက်သံကြားလျှင် ၀မ်းသာအားရထဖွင့်လိုက်သည်။ မျှော်တာတစ်ယောက် ရောက်လာတာတစ်ယောက်။ တံခါးဝမှာ အနိုင်ရမျက်နှာနှင့် ဆမ်မြူရယ်။

“သူပြန်မလာဘူး၊ ရှင် သူ့ကိုဘာလုပ်ထားလဲ၊ ဒါတွေအားလုံး ကျွန်မ စီစဉ်တာ၊ သူ့ကိုဘာမှ သွားမလုပ်ပါနဲ့၊ သူဘယ်မှာ လဲ…”
“ခိုးရာပါပစ္စည်းရောင်းလို့ လက်ပူးလက်ကြပ်မိတာပဲလေ၊ ဒီကောင်က ထောင်ကျဖူးတဲ့ကောင်ပဲ၊ ထောင်က သူ့အတွက် ဘာမှ မဆန်းဘူး”
“သူ့ကို လွှတ်ပေးပါ၊ ကျွန်မ ဘာလုပ်ပေးရမလဲပြော ရှင်ဖြစ်စေချင်တာ ဖြစ်ရပါမယ်”
အီဗန်လွတ်မြောက်စေလိုသည့်စိတ်နှင့် စူဇန်တောင်းပန်တိုးလျှိုးမိသည်။ ဆမ့် အကြိုက်ပေါ့။ ဆမ်မြူရယ်လိုချင်တာ ဒါပဲလေ။
“ငါပြောပြီးပြီပဲ၊ မင်းအိမ်ပြန်လာပေါ့..ငါ့ဆီပြန်လာပေါ့”
စူဇန်မူးမေ့ပျော့ခွေလဲကျသွားသည်။

နောက်ဆုံး စူဆန်အိမ်ကို ပြန်ရောက်ခဲ့ရပြီ။ အမေ့ကို စကားမပြောချင်တော့ဘူးလို့ဖုန်းဆက်ပြောသည့် သမီးက အခုလို အမေအိမ်ပြန် ရောက်လာတော့လည်း နာကျင်စရာတွေမေ့ကာ အရင်လို ချစ်ရပြန်သည်။ အမေက အမေပဲကိုး။ ဘာတွေလုပ်လုပ် ဘယ်ဆီရောက် ရောက် `အမေ့ကိုချစ်တယ်´လို့ မက်ဆေ့ဂ်ျလေးပို့လေ့ရှိသည့် သား ကတော့ အမေအိမ်ပြန်ရောက်လာတာ အတိုင်းထက်အလွန် ပျော်ပါသည်ပေါ့။ သို့ပေမဲ့ အမေတကယ်ပျော်ဖို့က အဓိက။ အမေ့ပါးကို ဖွဖွလေးနမ်းရင်း အမေ့ရဲ့ပျော်ရွှင်ခြင်း အစစ်အမှန်က ဘယ်ဆီမှာပါလိမ့်လို့ စာနာစိတ်နှင့် တိတ်တခိုးအဖြေရှာနေမိသည်။ စိတ်ရောလူပါ ချုံးချုံးကျကာ အိပ်ရာထဲ အနားယူနေရသည့် စူဇန့်ကို ဘာမှမဖြစ်ခဲ့ဖူးသလို ဆမ်မြူရယ်က အရင်လိုကြင်နာဟန်အပြည့်နှင့် ပြုစုယုယသည်။ ဆေးတိုက်၊ ရေတိုက်သည်။ အနားက မခွာ။ နေကောင်းပြီလား နဖူးလေးကို စမ်းသည်။`ယောက်ျားတွေမာယာများရင် မိန်းမလိုက်မမီ´လို့ စူဇန် တွေးကာ ဆမ်မြူရယ့် အပေါ် အယုံအကြည်မရှိတော့။ သူ့မိန်းမပီပီ သူ့အနားမှာ ထမင်းဟင်းချက်ပေးတာ၊ လိင်မှုကိစ္စဖြည့်ဆည်း ပေးတာ၊ ဒါတွေမျှော် လင့်ပြီး ငါကျန်းမာအောင် ပြုစုပေးနေတာ၊ ဒါ သူ့အကျိုးအတွက် သူလုပ်တာ။ သွား မလာနဲ့ဆမ်။ ရှင့်ကို ကျွန်မ စိတ်ကုန်တယ်၊ စိတ်ပျက်တယ်။ မယုံဘူး။

xxxxxxx

အိပ်ရာထဲလဲနေသည့် ပြင်သစ်အမျိုးသမီး စူဇန်နာ့ကိုကြည့်ကာ သူမနှင့်ထပ်တူ စိတ်ရောကိုယ်ပါ နုံးခွေချည့်နဲ့ သွားတော့ သည်။ စူဇန်နာ့ အတိတ်ဘ၀ထဲက ပြန်ထွက်လာချိန်မှာ ကျွန်မဦးခေါင်းတစ်ခုလုံး ရှုပ်ထွေးနောက်ကျိလို့နေသည်။ ပိုးဖလံ၊ အဆိုးမလေးပဲလို့ ကရုဏာဒေါသောနှင့်  ကျွန်မ ရေရွတ်မိသည်။ ကြည့်နေဆဲမှာပဲ မြင်ကွင်းက အစပိုင်း ပုံရိပ်တွေဆီ ပြန်ရွေ့ သွားသည်။

Midnight Wine အရောင် ည၀တ် အကျီနှင့် မိန်းမချောလေး စူဇန်နာ ရေးကြီးသုတ်ပျာဟန်နှင့် အိပ်ရာကနေ ထထွက် သွားသည်။ ဟုတ်တာပေါ့။ သေဖို့လုံလောက်သည့် ပြစ်ချက်တွေနှင့် ခန္မ္ဓာတစ်ကိုယ်လုံးပြည့်နှက်နေမှတော့ သူမကိုယ် သူမ သတ်သေဖို့ သေနတ်တစ်လက်သွားရှာတာပဲ ဖြစ်မည်ပေါ့။ အစပိုင်းမှာ သေနတ်သံတစ်ချက် ကျွန်မ ကြားခဲ့ရသည်ပဲ။ ကြည့်နေဆဲ မှာပဲ စူဇန်နာ သေနတ်တစ်လက်နှင့် အိပ်ခန်းထဲပြန်ဝင်လာသည်။ ခင်ပွန်းသည် ဆမ့်ရှေ့မှာ သူမအပြစ်တွေ ၀န်ခံဖြောင့်ချက်ပေးပြီး သူမကိုယ်သူမ ရဲရဲတင်းတင်း သတ်သေပြမလို့ပဲ ဖြစ်မှာပေါ့။

အို..ဘုရားခင် ဘယ်လိုပါလိမ့်…သေနတ်ပြောင်းဝက ဆမ်မြူရယ့်ဘက်ကိုချိန်ထားပါလား…။
ဒိုင်းခနဲ မြည်သံနှင့်အတူ စိတ်ချလက်ချအိပ်ပျော်နေ ပုံရသည့် ဆမ်မြူရယ့်ရင်ဝကနေ သွေးတွေ စိမ့်ထွက်လာသည် ကို မြင်လိုက်ရချိန်မှာ ကျွန်မ ရင်ဝမှာလည်း ပူထွက်သွားသည်။ တစ်ကိုယ်လုံးလူသေလို တောင့်တင်းသွားသည်။ ကယောင်ချောက်ချား ဟန်ဖြင့် လှေကားကနေ ပြေးဆင်း ကားမောင်းထွက်သွားသည့် စူဇန်နာ့ကို ကျွန်မ ဆက်မကြည့်ချင်၊ မကြည့်လည်း မကြည့်ရက် တော့ပါ။
စူဆန် အခုသွားမှာ အီဗန့်ဆီပဲဖြစ်မှာပေါ့။ သူချစ်သည့် မိန်းမက သူ့ဆီ အပြီးတိုင်ရောက်လာခဲ့ပေမဲ့ အီဗန် ပျော်ရွှင်မည် မဟုတ်လို့ ကျွန်မ အတပ်ပြောရဲသည်။ အိပ်ပျော်နေသည့်ခင်ပွန်းကို သွေးအိုင်ထဲမှာ ပိုးစိုးပက်စက် ပစ်ထားခဲ့ပြီး ပူလောင်ချောက်ချား သည့် လက်တွေနှင့် ဖက်တွယ်ဖို့ စူဇန်က ရောက်လာခဲ့သည်ပဲ။ အီဗန် ဘယ်လိုပျော်ရွှင်နိုင်ပါ့မလဲ။

အဆုံးသတ်မှာ ကျွန်မတွေးနေသည်က…
တစ်ယောက်ကတစ်ယောက်ကို ချန်ထားရစ်ခဲ့ဖို့ အကြောင်းဖန်လာပြီဆိုဦးတော့ အခု စူဇန်နာ့လုပ်ရပ်လို မဟုတ်ဘဲ လှပစွာ ချန်ထားတတ်ဖို့လည်း လိုလိမ့်မည် ဆိုတာပါပဲ။ လှပစွာချန်ရစ်ဖို့ ဘယ်လိုမှမဖြစ်နိုင်၊ အကျည်းတန်စွာ၊ တိတ်ဆိတ်စွာ ချန်ထားရစ်ခဲ့ဖို့ ရွေးချယ်ရတော့မည် ဆိုလျှင်လည်း ကျွန်မသာဆိုလျှင် အရာရာအကျည်းတန်စွာ တိတ်ဆိတ်အဆုံးသတ်ပေးလိုက်မည့် သေနတ်သံတစ်ချက်ကို ကျွန်မကိုယ်ကျွန်မ အတွက်သာ ရွေးချယ်လိုက်မှာ သေချာပါသည်။
ဂျူနီယို
Film – Leaving (French – Partir)
Cast – Kristin Scott Thomas (SuSanne)
Sergi Lopez ( Ivan)
Yvan Attal ( Samuel)

လွှတ်ချလိုက်

မရွေးကောက်ဘဲ ဖြိုးမောက်လာတဲ့ အနာဂတ်တွေ လွှတ်ချလိုက်
မဆွတ်ရဘဲ ညွှတ်ကျနေတဲ့ ကုလားထိုင်အိုတွေ လွှတ်ချလိုက်
အာသီးမပါဘဲ ညာဖြီးဆိုတဲ့ ဒီမိုသီချင်းတွေ လွှတ်ချလိုက်
အိပ်မပျော်ဘဲ မက်ရရှာတဲ့ အိပ်မက်ဗလာတွေ လွှတ်ချလိုက်
မတွက်ချက်ဘဲ ရုပ်ဖျက်ဟောတဲ့ နိမိတ်ဆိုးတွေ လွှတ်ချလိုက်
တံခါးမခေါက်ဘဲ ဗြောက်သောက်လာတဲ့ ဧည့်သည်မျောက်တွေ လွှတ်ချလိုက်
တံဆိပ်မကပ်ဘဲ ဖြတ်ဝင်လာတဲ့ စလယ်ဝင်အိုးတွေ လွှတ်ချလိုက်
မဖိတ်စဉ်ဘဲ ရွှဲစိုနေတဲ့ ကြမ္မာအငြိုးတွေ လွှတ်ချလိုက်
အလွတ်မရဘဲ ဇွတ်ကနေတဲ့ ဒရာမာအသိုးတွေ လွှတ်ချလိုက်
လိုက်သူမရှိဘဲ ထွက်ပြေးနေတဲ့ စိတ်ဆင်ရိုင်းတွေ လွှတ်ချလိုက်
အသံမရှိဘဲ ဟန်မိနေတဲ့ လက်ခုပ်လက်ဝါးတွေ လွှတ်ချလိုက်
စိတ်မရှိဘဲ အရိပ်ငြိနေတဲ့ ခြောက်ပီတိတွေ လွှတ်ချလိုက်
မစိုက်ပျိုးဘဲ ရိတ်သိမ်းနေတဲ့ အတိတ်သမိုင်းတွေ လွှတ်ချလိုက်
ကုလားမနိုင်ဘဲ ရခိုင်မဲနေတဲ့ အနိုင်ဖဲတွေ လွှတ်ချလိုက်
အမေးမရှိဘဲ အဖြေကြိုထုတ်တဲ့ သရုပ်သကန်တွေ လွှတ်ချလိုက်
လွှတ်ချလိုက် လွှတ်ချလိုက် အားလုံးကို လွှတ်ချလိုက်
ဒီကဗျာကို ဖတ်ပြီးရင် ခင်ဗျားမျက်စိထဲက လွှတ်ချလိုက်

နောက်ဆုံး
ခင်ဗျားကိုယ်ခင်ဗျား
လွှတ်ချလိုက်

စုမီအောင်

Friday, December 28, 2012

ဟိုသတင်း ဒီသတင်း

အဒဲလ် ရဲ့ ၂၀၁၂
Skyfall သီချင်းသီဆိုခဲ့တဲ့ Soul, R & B အဆိုတော်အဒဲလ်ဟာ ၂၀၁၂ ရဲ့ Billboard စာရင်းမှာ ထိပ်ဆုံးက နေရာယူထားခဲ့ပါတယ်။ အသက် ၂၄ အရွယ် အဒဲလ်ဟာ ၂၀၁၂ မှာပဲ ထိပ်ဆုံးက ရှိနေခဲ့တာတော့မဟုတ်ပါဘူး။ ၂ နှစ်စာလောက် လူကြိုက်အများဆုံး အဆိုတော်ဖြစ်နေခဲ့တာပါ။ အမျိုးသားအဆိုတော်ထဲမှာတော့ hip hop စတားလ် ဒရိတ်ခ် က ထိပ်ဆုံးကပါ။ အဒဲလ်ရဲ့ ပထမအယ်လ်ဘမ်  “19” နဲ့ ဒုတိယအယ်လ်ဘမ် “21”မှာ 21 က ပိုပြီးလူကြိုက်များခဲ့တယ်။ ဂရမ်မီ ၆ ဆုကိုလည်း ၂၀၁၂ မှာ ပိုင်ဆိုင်ရရှိခဲ့ပြီး ယူအက်စ်ဂီတလောကမှာ လွှမ်းမိုးနိုင်ခဲ့သလို ယူကေရဲ့ Billboard မှာပါ ထိပ်ဆုံးမှာနေရာယူထားနိုင်ခဲ့တာပါ။ X Factor စတား ပေါ့ပ်အဖွဲ့ လူငယ်လေးငါးယောက် One Direction ဟာလည်း လူသစ်တန်းအဆိုဆု နဲ့ Mumford & Sons(folk, rock) အဖွဲ့က နံပါတ် ၁ alternative, folk အဆိုအဖွဲ့အဖြစ် ဖော်ပြခဲ့ကြတယ်။

လိုအပ်တဲ့အခါ နွေးထွေး သွက်လက် တောက်ပစွာ

ရာသီဥတုအလွန်အမင်း အေးမြလွန်းလှတဲ့နိုင်ငံတွေမှာဆိုရင်တော့ ဆောင်းရာသီထဲ တည့်တည့်တိုးဝင်မရောက်ရှိသေးခင်မှာပဲ “ဆောင်းရာသီမှာ” ဆိုတဲ့ အတွေးနဲ့ အဆင်ပြေပြေနေထိုင်နိုင်စေဖို့ ပြင်ဆင်ကြရတယ်။ ကိုယ့်ရဲ့ အိမ်ခန်းလေးကို မွမ်းမံပြင်ဆင်တာတွေ၊ အစားအသောက် အသီးအနှံတွေကြိုတင်စုဆောင်းကြတာတွေ မဖြစ်မနေပြုလုပ်ကြရတာပါ။ အပူချိန် သုညဒီဂရီအောက်ရောက်သွားကြတဲ့အချိန်မှာဆိုရင် သစ်သီးဝလံ၊ အသီးအရွက်တွေလည်း မသီးမပွင့် မဝေဆာနိုင်တော့ပါဘူး။ အရိုးပြိုင်းပြိုင်း အရိုင်းဆန်ဆန်အပင်တွေနဲ့ ဟိုး မြေပြင်က မြက်ပင်လေးတွေဟာ နှင်းမှုံတွေရဲ့ အကွယ်အကာကိုယူပြီး ကြမ်းတမ်းတဲ့ရာသီဥတုကို အံတုရတာပါ။ နှင်းစက်မွမွလေးတွေဟာဖြင့် သစ်ပင်လေးတွေကို အဖုံးအကာသဘောမျိုး ကာကွယ်ပေးနိုင်ပါတယ်။ ပိုလို့ အေးလွန်းလာတဲ့အချိန်မှသာ ဖြူဖြူလွလွ ပေါ့ပေါ့ပါးပါးနှင်းမှုံလေးတွေဟာ မာကျောကျစ်ခဲလာပြီး ရေခဲဖြစ်သွားကြတာပေါ့။ ရေခဲအဖြစ်ပြောင်းလဲသွားခဲ့ပြီဆိုရင်တော့ လမ်းသွားလမ်းလာ လူ၊ အိမ်မွေးတိရစ္ဆာန် နဲ့ သစ်ပင်လေးတွေအတွက်ပါမကျန် အန္တရာယ်ပေးကြတော့တာ။ ရေခဲပြင်တွေမှာ ချော်လဲထိခိုက်ဒဏ်ရာရနိုင်တယ်။ တွဲလောင်းကျနေတဲ့ ရေခဲပန်းဆွဲတွေက ကျိုးပဲ့ကျလာခဲ့ရင်လည်း ထိခိုက်နိုင်တာပေါ့။ အဲဒီလို တိုင်းပြည်တွေမှာဆိုရင် ရာသီအလိုက် အိမ်ခန်းပြုပြင်မှုဟာ အိမ်ခန်းလေးတွေအတွင်းမှာပဲ ရောင်စဉ်လှလှပစ္စည်းလေးတွေ နေရာချပေးရုံနဲ့ မလုံလောက်တော့ပါဘူး။ ပြတင်းပေါက်တွေ၊ တံခါးတွေမှာ လေဝင်လေထွက်မရှိအောင်စစ်ရတယ်။ ပြတင်းတံခါးတွေမှာ လေအေးအေးမဝင်နိုင်အောင်ဖော့သားတွေကို အတွင်းအနားသားတွေမှာ လိုအပ်တဲ့အခါ တပ်ရပါတယ်။ ပြတင်တံခါးတွေမှာ မှန်ထူထူ နှစ်ထပ် သုံးထပ်တပ်ကြရတယ်။ ပြတင်းတံခါးပေါက်အနားသားတွေမှာ ရာဘာ၊ ဖော့လို အသားတွေ အပြည့်ကပ်ထားပါမှ ကြမ်းတမ်းတဲ့အအေးဒဏ်ကို ကာကွယ်နိုင်ကြတာပါ။

Monday, December 24, 2012

လှိုင်းလေကြားက ကိုတံငါ

အို.×. ငါးကြင်း..တွေ ဆန်.×× ငါးတန်တွေ ×….သောင်ရေစီး ..မှာ..လ 
ကို တံငါ.×….လှေယာဉ် … စိး…..ပါလို့.. ပိုက်ကြီး×…ကို..ရေချလာ…
အို..နဒီတွင်း မှာလ  နှင်းငွေဆော်..ချမ်းလို့ တုန်..မလုံကွေး××တယ် ....
ကိုယ်ရေးငယ်…ကြုံပေါ့ .  နော် ..
ဒေါင်ဒင်းငယ် သံသာသာ နှင့်..တံငါ ..လှေလောင်း..ဆင်း…
ရွှေငါးကြင်းငယ်တို့ …ပိုက်တွင်း မှာ  သူတို့ ခုန်××-… 
(ယမုန်နာပတ်ပျိုး)

တုန်လီဆက်ပ် ရေအိုင်ကြီးဟာ အာရှမှာ အကြီးဆုံးဖြစ်ပါတယ်။သန့်ရှင်းလတ်ဆတ်တဲ့ရေ အမြဲစီးဝင်နေတာမို့ လူ သုံးသန်းကျော်  အတွက် ပြည့်ပြည့်၀၀ မှီခိုအားထားရတဲ့ ရေအိုင်ကြီးပါ။ ငါးပုဇွန်စတဲ့ ရေထွက်ပစ္စည်းပေါကြွယ်ဝတာကြောင့် စားနပ်ရိက္ခာအတွက်လဲ ပူပင်စရာမလိုဘဲ ဖူလုံနေတယ် လို့ ကမ္ဘောဒီးယား တံငါသည်ကလေး ဗွန်ဗုသ်  ကဆိုပါတယ်။ တုန်လီဆက်ပ်ရေအိုင်ကြီးမှာ ဟို ရှေးရှေးအခါကတည်းက ကျေးငှက် သာရကာတွေ ပျော်မြူး တွန်ကျူးနေကြတာမို့ သိပ်ကိုသာယာလှပါတယ်။ ဇန်န၀ါရီလဆိုရင် မိုးလင်းပြီဆိုတာနဲ့ ကျီးတွေက ဖြိုးဖြိုးဖြတ်ဖြတ်  အိပ်တန်းထလာပြီး  လှုပ်လှုပ်ရှားရှား ဆူဆူညံညံ အော်မြည်ကြတော့တယ်။ 
သူတို့အော်ပီဆိုတော့ ကဲမ်ပွန်ခါလိန်ရွာကလေးဟာ ပျားတွေလို တစီစီ တ၀ီဝီ  သက်ဝင်လှုပ်ရှုားလာရတော့တာဘဲ။ နေအာရုဏ်ပြူထွက်ကာစ နံနက်ခင်းကလေးကို တံငါလှေတွေရဲ့အင်ဂျင်စက်သံက    ထိုးဖေါက် ပြစ်တတ်တယ်။  ငါးညှီနံ့  ဒီဇယ်ဆီညှော်နံ့ တွေကလည်း လေနဲ့ ရေနဲ့ ရောနှော ပါရှိလာပြီး ၀န်းကျင် တ၀ိုက် ပျံ့နှံ့ဝင်ရောက်သွားတာပေါ့။ ဗွန်ဗုသ်က ဆင်းရဲတော့ သူ့လှေကို ထိုးဝါးနဲ့ လှော်ခတ်ရတာပါ။ တံငါသည်တွေ ညည ကမ်းခြေကို ပြန်ရောက်လာရင်  ဖမ်းယူ ရရှိထားတဲ့ ငါးတွေ ပုဇွန်တွေကို ရေခဲနဲ့ရောပြီး အိပ်တွေထဲ ပြွတ်သိပ်ထိုးထည့်ဖို့ သူတို့ရဲ့ ဇနီးတွေ သားသမီးတွေက အသင့် စောင့်ကြိုနေကြတာပါ။ ပြီးရင် အိပ်တွေကို ကားပေါ်တင် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ကို အရောက် မောင်းနှင် ရောင်းချကြရတယ်။ ကားခကိုတော့ တံငါသည်က ပေးချေကြရတာပေါ့။

“သေရင်လဲ လှေပေါ်မှာ နေရင်လဲ လှေပေါ်မှာပေါ့ဗျာ .. ဒီရေကန်ကြီးမရှိရင် စားစရာမရှိဘူး။ပိုက်ဆံလဲမရှိဘူးပေါ့။လုံးဝ ကျွန်တော်တို့က ဒီရေကန်ကိုဘဲ အားကိုးနေရတာပါ ။”
လို့ ဗွန် က  ငါးဖမ်း လှောင့်ချိုင့် အကျိုးအပဲ့လေးတွေ ဖါထေး ပြုပြင်ရင်း မဲ့ပြုံးကလေးနဲ့ ပြောပါတယ်။ပြီးတော့ သူနေတဲ့ ကုလားမခြေထောက်လို ခြေတံရှည်ရှည်   ဒယီးဒယိုင်နဲ့ သူ့အိမ်ကို လက်ညျိးးညွှန်ြပပြီး ပြောနေတယ်။ လှိုင်းပုတ်ခတ်မှုကြောင့်လဲ နုံနုံနဲ့နဲ့ ရှိလွန်းလှတဲ့ သူ့အိမ်ကလေး က ဟိုဘက်ဒီဘက်ယိမ်းနွဲ့နေတယ်။ သိမ့်သိမ့်တုန် ပြိုလုမတတ်လို့ ဆိုနိုင်ပါတယ်။ 

“ဒါပေမဲ့ ကျွန်တော်တို့ နေရာသစ်ထူထောင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး" တဲ့။

ဟုတ်လဲဟုတ်ပါတယ်။ အနေဆင်းရဲပေမဲ့ အနည်းဆုံး လူသုံးသန်းကျော် ကို တုန်လီဆက်ပ် ရေကန်ကြီးက အဓိက ပံ့ပိုးနေတာပါ။ ၇၅ရာခိုင်နှုံး မျှသော ငါးပုဇွန်တွေကို တုန်လီဆက်ပ်က ထုတ်လုပ်ဖြန့်ချီပေးနေခြင်းဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ငါးအထွက်နှုံး အများဆုံးလို့ ကျော်ကြားနေတာပါ။ နှစ်စဉ်နှစ်တိုင်း ဇွန်လကနေ စက်တင်္ဘာ မိုးတွင်းတလျှောက်လုံး အားကောင်းမောင်းသန်စီးဝင်လာတဲ့ မြစ်ရေက ပြန်လည်ဖြည့်ဆီးပေးနေတဲ့အတွက် ရေလျော့ပါးသွားတာမျိုး မတွေ့ရပါဘူး။ တုန်လီဆက်ပ်ရေကန်က   ထုတ်ယူသုံးစွဲသမျှ ရေပမာဏကို တုန်လီဆက်ပ်ဟာ အလျော်အစား ပြန်လည် ရရှိနေတယ်လို့ ဆိုရမှာပါ။မြစ်ရေကပေါင်းကူးဆက်သွယ် ဖြန့်ဖြူးပေးနေတာဖြစ်တယ်။ ဒါ့ကြောင့် ရေအိုင်ရဲ့ မျက်နှာပြင် ဟာ တဖြည်းဖြည်း 25,00km2 ကနေ 16,000 km2 အထိ ကျယ်ပြန့်လာနေတာပါ။ဒီလိုရေကြောင်းပြောင်းလဲမှုကြောင့်လဲ ငါးပုဇွန်ထွက်ရှိမှု က ပိုမို တိုးမြှင့်လာနိုင်ပါတယ်။ ရေကန်ကြီးရဲ့ ၀န်းကျင်တ၀ိုက် မှီတင်းခိုလှုံ အခြေချနေထိုင်ကြတဲ့ လူမှု အသိုက်အ၀န်းဟာလဲ ကျယ်ပြန့်သည်ထက်ကျယ်ပြန့်လာနေတယ်။ သို့ ကျယ်ပြန့်လာသည်နှင့်အမျှ ရေအိုင်ကြီးကို အမှီပြုပြီး စီးပွားရေး အမြင် ကျယ်ပြန့်လာကာ ကူးသန်းရောင်းဝယ်မှု  လမ်းပန်းဆက်နွယ် သွားလာမှု စသည် နက်နက်ရှိုင်းရှိုင်း တိုးတက်ဖွံ့ဖြိုးလာရစမြဲမဟုတ်လား။
“ဒါပေမဲ့ မိုးတွင်းကျရင်မြေပြင်ကနေ  ရှစ်မီတာအထိရေက တက်လာတတ်တာပါ။မိုးတကြိမ်ရွာရင် ဘယ်လောက် ဒုက္ခရောက်သလဲ ဆိုတာ မပြောချင်ဘူး။ ဒီနှစ်ထဲ ဆိုးချက်က အိမ်ထဲအထိရေ၀င်လာတယ်။ခြောက်သွေ့တဲ့ နေရာကို ရှာမမြင်ဘူး” လို့  ဗွန်က ပြောတယ်။

"၂၀၀၀ ခုနှစ်ကများဗျာ ..လေကြီးမိုးကြီးကျ ဖျက်ဆီးတာကြောင့် လူနေအိမ်ခြေ အများအပြားပျက်စီးခဲ့ရတယ်။ ရေအတက်ကြမ်းလွန်းလို့ သွားရေးလာရေး ခက်ခဲတယ်။ ငါးမရှာနိုင်ဘူး။ ငါးမရောင်းရဘူး။ ကျွန်တော်တို့ပိုက်ဆံမရဘူး  စားစရာ မရှိဘူး" တဲ့။
၁၉၇၅ခုနှစ်တုံးက ဗွန် က အသက်၁၃နှစ် လောက်ဘဲ ရှိသေးတာပါ။ တဲ့။ ရှေးဟောင်းနှောင်းဖြစ်တွေ ဗွန်က ပြောပြနေတယ်။

“ဒီတုံးက ပိုပေါ့တို့ ခေတ်ကောင်းတုံးပေါ့။ ကျွန်တော်က ရာဘာအလုပ်သမားဝင်လုပ်ရတယ်။ ဘ၀ဟာ   ကြမ်းလွန်းလှတယ်။ အစာေ၇စာက ခေါင်းပါးလွန်းတယ်။ ဆံပြုတ်ကြဲကြဲပဲ သောက်နေရတယ်။ နောက် ဗိုက်ပြည့်အောင် ငှက်ပျောသီးတွေ ခိုးစားရတယ် တဲ့။ နောက် ဗီယက်နမ်တွေ ၀င်လာတယ်။ ကျွန်တော်တို့ ထွက်ပြေးကြတယ်။ အသက်ကြီးကြီး မိန်းမကြီးတယောက်က လွတ်ရာကျွတ်ရာ ဦးဆောင်ခေါ်သွားတယ်။ ၁၉၇၀ခုနှစ်မှာကမ္ဘာဒီးယား ပြည့်သူ သမတနိုင်ငံဖြစ်လာတယ်။ လူလွတ်တွေ စစ်မှု မထမ်းမနေရ ဆင့်တယ်။ ကျွန်တော်က စစ်ကို ရှောင်ချင်တာကြောင့် မိန်းခလေးတယောက်ကို ကောက်ယူလိုက်တယ်။ကျွန်တော့်အဖေနဲ့ဇာတိမြေမှာ ပြန်ဆုံကြတယ်. ခလေးသုံးယောက်ရတယ်။ ကျွန်တော်က ငါးဖမ်းလုပ်ငန်းလုပ်တော့ ဇနီးနဲ့ သားသမီးတွေက သူတို့ နိုင်သရွေ့ ၀င်ကူကြတယ်ဗျ။တရားဝင် ငါးဖမ်းခွင့်လဲ တောင်းကြရတယ်။ အန္တရာယ်တော့ အများသားဗျာ။ မိုးကလဲရွာမယ် လေပြင်းလဲကျမယ်ဆိုရင် လှေကတော့ ဂျွမ်းထိုးမှောက်ခုံဘဲဗျို့။ လျှပ်စီးတွေကလဲ သိပ်ကြောက်ဖို့ကောင်းပါတယ်။ မကြာခဏ တံငါသည်တွေ သေကြရတယ်” တဲ့။

ဗွန် က လမ်းကိုဖြတ်ပြီး လက်နဲ့ ညွှန်ပြရင်း “အဲဒီအိမ်ကပေါ့။ မိုးကြိုးပြစ်ခံရလို့ သေသွားတယ်။  မိုးကြိုးပြစ်လို့သေတာလဲ ခဏခဏဗျ။ ကျွန်တော်တို့ ကိုယ့်ဘာသာတရားအလိုက် တချို့က  ဗုဒ္ဓကို ကိုးကွယ်တယ်။ တချို့က ကောင်းကင်နတ်ကို ပူဇော်ပသတယ်။ ငါးများများရအောင် အန္တရာယ်ကင်းအောင် ဆုတောင်းကြရတာပေါ့" လို့ သူက အားသွန်ခွန်စိုက် ရှင်းပြတယ်။

“ကျွန်တော်တို့ ငါးဖမ်းမထွက်မှီ  နတ်ဘုရားအိမ်တော်မှာ ၀က်ခေါင်း သို့ မဟုတ် သစ်သီး ငှက်ပျောသီးတွေ ဆက်သပြီး  ဆုတောင်းကြရတယ်" လို့ လဲ သူက ဆက်ပြောတယ်။ 
“ကျွန်တော်တို့ ငါးဖမ်းထွက်ရာမှာ ငါးများများပေးကမ်းပါလို့ ၀ိညာဉ်တွေဆီမှာ တောင်းခံကြရတယ်” တဲ့။
ဗွန်တို့ မိသားစုဟာ မနက်၅နာရီကစလို့ ငါးဖမ်းလှောင်ချိုင့်  အခု တထောင်လောက်  ရေအိုင်ထဲမှာ ချထားပါတယ်။ တခါတရံ အကုန်မရဘဲဗလာဖြစ်တာက ဖြစ်ပေါ့။ ပျမ်းမျှ  ညစဉ်ညတိုင်း လိုလို ၂၀ကီလိုဂရမ်လောက် ရရှိပါသတဲ့။ငါးဖမ်းလှေ ဆိုက်ကပ်လာရင် ပွဲစားတွေက ၀ိုင်းအုံပြီး သူ့ထက်ငါ လုယက်ဝယ်ယူကြပါသတဲ့။သူပင်ပန်းကြီးစွာ အသက်စွန့် ရလာတဲ့ငါးကို ပွဲစားကတဆင့် ရောင်းရတာပါ။ ဘ၀ဆိုတာ ငွေကြေးဥစ္စာကို ခေါ်ဆိုခြင်းလို့ သူကောင်းကောင်းနားလည်သွားပြီ။ ဥစ္စာရှာဖို့ ပညာဟာ အဓိက ဆိုတာလဲ သူကောင်းကောင်း သိရှိသွားတာပါ။  သူက  နက်နက်ရှိုင်းရှိုင်းစဉ်းစားပြီး သားကြီးကို ပညာသင်ဖို့ ကမ္ဘောဒီးယားမြို့တော် ဖနွမ်းပင်ကို စေလွှတ်လိုက်ပါတယ်။ ဒါပေမဲ့ ဗွန်ကပြောပါတယ်။  ကျွန်တော်က ဘ၀ကို ရိုးရိုးစင်းစင်းဘဲ ထူထောင်ချင်ပါတယ်။ ငွေပိုငွေလျှံတွေ များများမလိုချင်ဘူး။ပျော်ရွှင်နှစ်သိမ့်မှု အတော်အတန်ရှိရင်  ကျေနပ်ပါပြီ။ ပိုက်ဆံများများရဖို့ ကျွန်တော်တို့ ဘယ်လောက် ဒုက္ခခံနေရအုံးမလဲ။ ဘ၀ဆိုတာ ဒါပါပဲ လို့ နားလည်ထားရင် ဖြေသိမ့်နိုင်ကြမယ်ထင်ပါတယ်တဲ့။
ကမ္ဘောဒီးယား တံငါသည်ကလေး ဗွန်ဗုသ်က ပြောလိုက်ပါတယ်။         ။

Florist
Lake of Life
(Reader's Digest, July 2012)

Sunday, December 23, 2012

အေးရိပ်ကို ဘယ်လိုရှာပါ့မယ် (အပိုင်း ၄)

သင်္ကြန်အတက်နေ့ ရောက်သည့်တိုင် ကိုကိုဆိုတာ အရိပ်အရောင်မမြင်ရ သူဘယ်လို ကျွန်မကို ဆက်သွယ်မလဲ။ ကျွန်မကရောသူ့ ကို ဘယ်လို မျိုး စတင် ဆက်သွယ်ရမလဲ။ ကျွန်မရင်ဖို စောင့်စားနေခိုက်….။ ကျွန်မတစ်ကိုယ်လုံး ရေတွေရွဲရွဲစိုအောင် ပခုံးကနေ လောင်းချလိုက်သူက  သူငယ်ချင်းကိုဇေယျာမြင့်၊ ကိုယ်ပေါ်ကနေ လျောကျလာတဲ့ ရေတွေက  တိုက်အောက်ထပ် နောက်ခန်းသမံတလင်းတခုလုံး သို့ပျံ့ နှံ့သွားတော့သည်။

 “ခွေးတိရိစ္ဆာန် ..လာစမ်း  လာစမ်း. မိ မဆုံးမ  ဘ မဆုံးမ  နေနှင့်အုံး"  
ဗြစ်တောက် ဗြစ်တောက်နှင့် မေမေ တယောက် ပြောပြောဆိုဆို မီးဖိုထဲမှ ထွက်ချလာသည်။ သူငယ်ချင်းလဲ ဖလားချပြီး ကစဥ့်ကရဲ ပြေးလေရာ မေမေက ဖိနပ်ချွတ်ပြီး အားနှင့်မန်နှင့် အတင်းကိုလိုက်ပေါက်တော့တာ။
“ငါ့သမီး လမ်းမထွက်ကမြင်းနေတာမဟုတ်ဘူးဟေ့..မိနဲ့ဘနဲ့ ဒီမှာ လူကြီးရှိတယ်။ ခွင့်တောင်းရတယ် ..နားလည်လားဟဲ့။"

Saturday, December 22, 2012

မျှော်လင့်ခြင်း ခရစ်စမတ်

Far north, in Rovaniemi, Finland,
"the official home of Santa Claus" has many attractions, including Santa himself.

ခရစ်စမတ် ဆိုသည်မှာအဘယ်နည်း။ ခရစ်စမတ်ပွဲတော်ကို အဘယ်ကြောင့်နှစ်စဉ် ကျင်းပနေကြ သနည်း။ တချို့ က ခရစ်စမတ်ဆိုသည် ခရစ်ယာန်ဘာသာဝင်တို့၏ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲတစ်ခုဟု အထင်ရောက်ကြသည်။ တချို့ကလည်း ခရစ်စမတ်ကို ပြက္ခဒိန်တွင် အနီရောင်ရက်စွဲဖြင့်ဖော်ပြထားသည့် ကမ္ဘာလုံးဆိုင်ရာ ရုံးပိတ်ရက်၊ အားလပ်ရက်ဟု ယူဆကြသည်။ မည်သို့ဆိုစေ ယခုအခါ နိုင်ငံမရွေး၊ ဘာသာမရွေး၊ လူမျိုးမရွေး၊ အဆင့်အတန်းမရွေး၊ လူကြီးလူငယ်မရွေး လူသားအားလုံး ဆင်ယင်နွှဲပျော်ကြသည့် ခရစ်စမတ်နေ့ အကြောင်းကို လူတိုင်း သိရှိနားလည်ရန်လိုအပ်သည်ဟု ယူဆလျက် ဤဆောင်းပါးကို ရေးခြင်းဖြစ်သည်။

ကျွန်ုပ်တို့လူသားများသည် အကြိမ်ဘယ်လောက်မြောက် ဆိုကာ မွေးနေ့များ ကျင်းပလေ့ရှိ၏။ ခရစ်စမတ်သည် ထိုမွေးနေ့များ ကျင်းပပုံနှင့်မတူပါ။ တစ်နှစ်ထက်တစ်နှစ်တိုးသွားသော ငွေရတု၊ စိန်ရတု၊ နှစ်ပတ်လည် အထိမ်းအမှတ်နေ့များ ကျင်းပပုံနှင့်လည်း မတူပါ။ သခင်ယေရှု၏ ဘယ်နှကြိမ်မြောက်မွေးနေ့ဟု မရှိပါ။ ဖွားမြင်ခဲ့သည့် အချိန်ကာလလေးကို ပြန်လည်အောက်မေ့ရန်အလို့ငှာ ခရစ်စမတ်နေ့ ဟု နှစ်စဉ် ကျင်းပခြင်း ဖြစ်၏။ မနှစ်က ခရစ်စမတ်တွင် အမေရိကန်သမ္မတအိုဘားမားသည် အိမ်ဖြူတော် တောင်ဘက်ဥယျာဉ်မှာ နိုင်ငံတော် ခရစ်စမတ်နေ့အဖြစ် ခမ်းနားစွာကျင်းပခဲ့ရာ စန်တာကလော့စ်က နိုင်ငံတော်တီးဝိုင်းဖြင့် သီချင်းများ သီဆိုဖျော်ဖြေခဲ့ပြီး  သမ္မတ ကတော် မီရှယ်က ကလေးများအား အသံနိမ့်မြင့်တက်ကျ စုံလင်စွာဖြင့် ပုံပြင် ဖတ်ပြ၊ ပြောပြခဲ့သည်ကို စိတ်ဝင်စားဖွယ်တွေ့ရသည်။

ခရစ်စမတ်နေ့(Christmas Day)
Christmas ဟူသောစကားလုံးသည် Christes Moesse ဟူသော စကားလုံးမှ ဆင်းသက်လာပြီး အေဒီ ၁၀၀၀ နောက်ပိုင်းတွင် စတင်အသုံးပြုခြင်းဖြစ်သည်။ အဓိပ္ပာယ်မှာ “ခရစ်တော်၏လူစု” ဖြစ်၏။ခရစ်စမတ်ဟူသည် “ခရစ်တော်၏မွေးဖွားခြင်း” ဟု အဓိပ္ပာယ်ရ သည်။ အေဒီ ၄၀၀ မတိုင်မီကတော့ ခရစ်စမတ်နေ့ကို အတိအကျ သတ်မှတ်ခြင်းမရှိခဲ့ပေ။ ဇန်န၀ါရီ ၆ ရက်၊ မတ် ၂၅ ရက်၊ ဒီဇင်ဘာ ၂၅ ရက်  စသဖြင့် အသီးသီးကျင်းပခဲ့သည်။ အေဒီ ၁၈၀ ၌ ဟစ်ပိုလီတပ် က ဒီဇင်ဘာ ၂၅၊ ဗုဒ္ဓဟူးနေ့ဟု ဖော်ပြခဲ့ပြီး ကွန်စတင်တိုင်း  ဧကရာဇ်ဘုရင်ကြီးစိုးသောကာလ အေဒီ ၃၂၀ တွင် ရောမမြို့ရှိအသင်းတော်များ၌  ဒီဇင်ဘာ ၂၅ ကို သတ်မှတ်ခဲ့သည်။ အေဒီ ၃၅၄ တွင် ဖီလိုကယ်လပ်၏ ပြက္ခဒိန်၌ ဒီဇင်ဘာ ၂၅၊ သောကြာနေ့ဟု ဖော်ပြခဲ့သည်။  ဆီးရီးယားနှင့် အာမေးနီးယား နိုင်ငံတို့မှလွဲ၍ နိုင်ငံအသီးသီးတွင် ဒီဇင်ဘာ ၂၅ ဟု သတ်မှတ်ခဲ့ကြပြီး ယခုအခါ အနောက်နိုင်ငံတချို့တွင် ဇန်န၀ါရီ ၆ ရက်နေ့ကို ခရစ်စမတ်နေ့အဖြစ် ယနေ့တိုင် ကျင်းပဆဲဟု သိရသည်။ ခရစ်ယာန်ဘာသာဝင်များက ခရစ်စမတ်ကို Christmas ဟုရေးခြင်းကိုသာ လက်ခံကြပြီး X’mas ဟု အလွယ် ရေးခြင်းကို နှစ်သက်လက်ခံခြင်းမရှိပါ။

ခရစ်စမတ်သစ်ပင်(Christmas Tree)
အချို့က ရှေးရောမအင်ပါယာရှိ Saturanalia လူမျိုးများ၏ ရိုးရာနတ်ပွဲမှာ အသုံးပြုခဲ့သည့် အမြဲစိမ်း သစ်ပင်မှ စတင်သည် ဟုဆိုပြီး အချို့က မြောက်ပိုင်းဥရောပရှိ သစ်ပင်ကိုးကွယ်သည့် Druid လူမျိုးများက အစပြုခဲ့သည်ဟု ဆိုသည်။ ပထမဆုံး ခရစ်စမတ်သစ်ပင်ကို ၁၆၀၄ ခုနှစ်တွင် ဂျာမန်လူမျိုးများ က စတင် အသုံး ပြုခဲ့ကြောင်း သိရှိရပြီး ပြဇာတ်ပြရန် ပြင်ဆင်သည့်အခါ အသုံးပြုလေ့ရှိသည်ကိုတွေ့ရသည်။ ပရဒိသုဘုံ သစ်ပင်ဟုခေါ်ဆိုကာ ယင်းသည် ဧဒင်ဥယျာဉ်ကို ပြသခြင်းဖြစ်သည်ဟုဆိုသည်။ ပြဇာတ်ကပြပြီး သည့်အခါ အိမ်တွင်အလှပြင်ဆင်ရာ၌ အသုံးပြုလေ့ရှိသည်။

ယခုခေတ်သစ်ကမ္ဘာတွင် ခရစ်စမတ်သစ်ပင်များကို ခရစ်ယာန်ဘာသာဝင်များသာမက ခရစ်ယာန် ဘာသာဝင်မဟုတ်သူများ ကပင် ဒီဇင်ဘာရောက်သည်နှင့် ငွေကုန်ကြေးကျခံကာ လှပခမ်းနားစွာ ဆင်ယင်လာကြသည်။ စူပါမားကက်ကြီးများတွင် စားပွဲတင် ခရစ်စမတ်သစ်ပင်ကစ၍ လူတစ်ရပ်စာမက ကြီးထွားမြင့်မားလှသည့် ခရစ်စမတ်သစ်ပင်ကြီးများ အပြိုင်အဆိုင် ခင်းကျင်းရောင်းချကြ သည်။ စားသောက်ဆိုင်ကြီးများတွင်လည်း ခရစ်စမတ်ကာလ၏အငွေ့အသက်ကို ဖော်ပြသောအားဖြင့် ဆိုင်တွင်းဆိုင်ပြင် ခရစ်စမတ် သစ်ပင်များ လှပစွာဆင်ယင်လျက် စားသုံးသူများကို ဆွဲဆောင်ကြသည်။ မည်သို့ဖြစ်စေ ခရစ်စမတ်သစ်ပင်သည် တြိဂံအသွင် အခြေကြီးမားလျက် အပေါ်သို့ကျဉ်းမြောင်းသွားကာ အဖျားချွန်းလျက် ထိပ်ဆုံးတွင် ကြယ်တစ်စင်းပုံရှိရပါမည်။ ထိုကြယ်သည် ဗက်လင်ကြယ်ကို ဖော်ဆောင်ခြင်း ဖြစ်ကာ ခရစ်တော်မွေးဖွားရာဗက်လင်မြို့ကို ညွှ့န်ပြသော နိမိတ် လက္ခဏာလည်းဖြစ်၍ လွန်စွာ အရေးကြီးလှ၏။ ခရစ်စမတ်သစ်ပင် ပတ်လည်တွင် လက်ဆောင်ထုပ်များ စုပုံချိတ်ဆွဲနိုင်သော်လည်း အဓိပ္ပာယ်မဲ့ မဖြစ်စေရပါ။ ခေတ်မီစွာ မည်မျှပင် တီထွင်ဆန်းသစ်လျက် ပြိုးပြိုးပြက်ပြက်ချိတ်ဆွဲစေကာမူ ထိပ်ဦးအဖျားတွင် ကြယ် တစ်စင်းမရှိလျှင် ထိုခရစ်စမတ် သစ်ပင်သည် အတုအယောင် ခရစ်စမတ်သစ်ပင်သာ ဖြစ်ပေမည်။
ခရစ်စမတ်ကတ် ( Christmas Card)
၁၈၄၂ ခုနှစ်က ပန်းချီဆရာကြီး Egley သည် ခရစ်တော်မွေးဖွားခြင်းသတင်းကောင်းကို ဝေငှသည့် အနေဖြင့် ကတ်ပြား များပေါ်တွင် မွေးဖွားခြင်းဆိုင်ရာ  ရုပ်ပုံများရေးဆွဲကာ သူ၏မိတ်ဆွေ အယောက် ၁၀၀ ထံ ပေးပို့ရာက ခရစ်စမတ်ကတ် စတင် ပေါ်ပေါက်လာခဲ့သည်။ ၁၈၄၉ ခုနှစ်တွင် Sir Henry Cole ဆိုသူက ပန်းချီပညာရှင်တစ်ဦးဖြစ်သူ John C. Horsely ကို အခကြေး ငွေပေး၍ ရေးဆွဲစေကာ ခရစ်စမတ်ကတ်ဟု အမည်ပေးခဲ့သည်။ ၄င်းကတ်များကို ၁၈၇၅ ခုနှစ် အမေရိကန်နိုင်ငံတွင် စတင်သုံး စွဲခဲ့ကြသည်။ ၁၈၀၀ ပြည့်လွန်နှစ် အစောပိုင်းကာလများကမူ ယနေ့ခေတ်ကဲ့သို့  ခရစ်စမတ်ကတ်များအလွယ်တကူ ပေးပို့နိုင် ခြင်းမရှိ ခဲ့ပေ။ ယနေ့တွင် နှစ်စဉ် ဒီဇင်ဘာရောက်တိုင်း ခရစ်စမတ်ကတ်များတွင် ဆုတောင်းလွှာများ ရေးလျက် တစ်ဦးနှင့်တစ်ဦး အပြန် အလှန်ပေးပို့သည့်ဓလေ့ထွန်းကားကျယ်ပြန့်ခဲ့လေပြီ။ ချစ်ခင်သူများအား စာတိုက်မှ ပေးပို့ခြင်းရှိသလို အင်တာနက်သုံးစွဲသူများက အသင့်လုပ်ပြီးကတ်ပြားပုံစံအမျိုးမျိုး Down Load လုပ်ယူပြီး ဆုတောင်းစာသားများ ရိုက်နှိပ်ကာ အီးမေးလ်စံနစ်ဖြင့် မြန်ဆန်စွာပေးပို့ နိုင်ပါပြီ။ ဒါ့ထက် နည်းပညာ ပိုမို ကျွမ်းကျင်သူများကတော့ ဒီဇိုင်းဆော့ဖ်ဝဲလ်များ၊ အင်နီမေးရှင်းများအသုံးပြုကာ ကိုယ်တိုင် တီထွင် ဖန်တီးထားသည့် ၊ တစ်ကမ္ဘာလုံး မည်သူနှင့်မျှ မတူသည့် ကိုယ်ပိုင်ခရစ်စမတ်ကတ်ဆန်းဆန်းလေး များ ပြုလုပ်ကာ အင်တာနက်မှ တစ်ဆင့် အပြန်အလှန်ပေးပို့နိုင်ပြီဖြစ်သည်။

ခရစ်စမတ်ဖယောင်းတိုင်(Christmas Candle)
ဂျူးလူမျိုးများသည် ဘီစီ ၁၆၄၊ ဒီဇင်ဘာလ၌ ဗိမာန်တော်ကို သန့်ရှင်းစေသောပွဲ ပြုလုပ်သောအခါ ပန်းခွေများပြုလုပ်ပြီး ဖယောင်းတိုင်များထွန်းညှိပူဇော်ကြသည်။ ၄င်းပုံစံကို ယူကာ ခရစ်စမတ်ချိန်ခါတွင် ဘုရားကျောင်းပရ၀ဏ်၌ ဖယောင်းတိုင်များ များပြားစွာ ပူဇော်ထွန်းညှိလာကြခြင်းဖြစ်သည်။ ယခုအခါ ဘုရားကျောင်း ဗိမာန်တော်အတွင်း တရားဟောစင်မြင့်ထက်တွင်သာ ဖယောင်တိုင်များ ပူဇော်သည်ကို တွေ့ရပြီး ခရစ်စမတ်ချိန်ခါ၌ ဘုရားကျောင်းပရ၀ဏ်တစ်ခုလုံး လျှပ်စစ်မီးကြိုးရောင်စုံများဖြင့် လက်ဝါးကားတိုင်ပုံ၊ ကြယ်ပုံ၊ စန်တာကလော့စ်ပုံ စသဖြင့် ပုံဖော်ကာ ဒီဇိုင်းပြုလုပ်ခြင်းများ ခေတ်စားလာပြီဖြစ်သည်။

ခရစ်စမတ်ကယ်ရို (Christmas Carol)
ကယ်ရို ဟူသောစကားသည် ပြင်သစ်စကား Carole မှ ဆင်းသက်လာပြီး “သီချင်းဆိုလျက် ၀ိုင်း၍ ကခုန်ကြခြင်း” ဟု အဓိပ္ပာယ်ရသည်။ ၄င်းကို အင်္ဂလိပ်စကားဖြင့် Carol ဟုခေါ်ဆိုရာ “တေးဂီတတူရိယာ သံစုံဖြင့် သီဆို ကခုန်ခြင်း”ဟု အဓိပ္ပာယ်ရသည်။ ဂရိစကားဖြင့် Carol သည် Chorus ဖြစ်ပြီး “၀မ်းမြောက်သောကြောင့်ထွက်ပေါ်လာသောသီချင်း၊ အော်၍သီဆိုရခြင်း”ဟု အဓိပ္ပာယ် ရသည်။ Christmas Carol ကို Assisi မြို့သား Francis ဆိုသူက  အေဒီ ၁၂၁၀ တွင် စတင်ခဲ့သည်ဟု သိရသည်။ ဒီဇင်ဘာ ရောက်သည် နှင့် ခရစ်စမတ်ကယ်ရို တစ်အိမ်တက်ဆင်း လှည့်လည်သီဆိုကြရာတွင် များသောအားဖြင့် အလွယ်တကူ ရှိသော guitarနှင့် tambourineကိုသာ တီးခတ်လေ့ရှိသော်လည်း ယခုအခါ mobile keyboardများ သယ်ဆောင်ကာ ဒရမ်စည်းချက်များဖြင့် အသံစုံထုတ် လျက် မြိုင်ဆိုင်စွာလှည့်လည်သီဆိုလာကြသည်။ သို့သော် ယခုအခါ မြန်မာပြည် ရန်ကုန်မြို့တွင် ခေတ်အခြေအနေကြောင့်လားမဆိုနိုင်၊ ယခင်ကကဲ့သို့ carol သီချင်းသံများ များများစားစား မြိုင်မြိုင်ဆိုင်ဆိုင် မကြားရတော့ပေ။ merry Christmas to you all နှင့် စတင်ကာ Goodbye နှုတ်ဆက်သီချင်း အပိတ်ဆိုသံသာ ကြားရတော့သည်။ တစ်အိမ်လျှင် သီချင်း နှစ်ပုဒ်မျှသာ ဆိုကြတော့သည်။  ဘုရားရှိခိုးကျောင်းများတွင် Christmas Cantata သီချင်းသီဆိုသည့်ဓလေ့တော့ လက်ကျန် ရှိသေးသည်။ Cantata မှာ သီချင်းပုဒ်ရေများစွာပါဝင်သည့် သီချင်းရှည်ကြီးကို ဇာတ်ကြောင်းပြောသူ Narrator ၏ဦးဆောင်မှုအောက်တွင် Choir အဖွဲ့က Soprano,Alto,Tenor, Bass အသံများမြိုင်ဆိုင်စွာဖြင့် ဆက်တိုက် သီဆိုရခြင်း ဖြစ်သည်။ ယခုနှစ်တွင် ဂျပ်ဆင်ဘုရားရှိခိုးကျောင်းမှာ The Night Christ was born သီချင်းရှည်ကြီးကို ဒီဇင်ဘာ ၁၆ရက်နေ့က မြိုင်ဆိုင်စွာ ဆိုခဲ့ပြီးဖြစ်သည်။
စန်တာကလော့စ် (Santa Claus)
စန်တာကလော့စ်တွင် နာမည်များစွာရှိသည်။ သူတော်စင်နိကောလပ်စ်၊ စိန့်နိကောလပ်စ်(St. Nickolas)မှ ဆင်းသက်လာ၍ Saint Nickolas မှတစ်ဆင့် Sinter Klaus ဖြစ်လာကာ နောက်ဆုံးတွင် Santa Clausဖြစ်လာသည်။ နယူးယောက်တွင် နှစ်ပေါင်း များစွာက အခြေချနေထိုင်ခဲ့သော ဒတ်ခ်ျလူမျိုးတို့က စတင်ခေါ်ဝေါ် ခြင်းဖြစ်သည်ဟုသိရသည်။ သူတော်စင်နိကောလပ်စ်သည် ကလေး သူငယ်များအား လက်ဆောင်ပစ္စည်းများ ဆောင်ကြဉ်းပေးလာသူဖြစ်သည်ဟု ဒတ်ခ်ျတို့က ယုံကြည်ကြကာ ဒီဇင်ဘာ ၆ရက်နေ့ တိုင်း ကရုဏာမေတ္တာတော်ရှင်ကို ဂုဏ်ပြုလျက် ပွဲတော်လုပ်ကြသည်။ ဒတ်ခ်ျတို့၏ သူတော်စင်ပွဲတော်မှာ ခရစ်စမတ်ချိန်ခါနှင့် တစ်လတည်း ဖြစ်၍ သူတော်စင်အဘိုးအိုက လက်ဆောင်ပစ္စည်းများ သယ်ဆောင်လာသည်ဟု ယူဆကာ ခရစ်စမတ်ချိန်ခါတွင် ပုပု၀၀၊ မုတ်ဆိတ် ဖြူဖြူ၊ သိုးမွေးဝတ်စုံ အနီရဲရဲ ဆင်မြန်းထားသည့် ခရစ်စမတ်ဘိုးဘိုးပေါ်ပေါက်လာခြင်းဖြစ်သည်။ ယနေ့ လူအများမြင်တွေ့ နေကြရသော စန်တာကလော့စ်ရုပ်သွင်မှာ ဂျာမနီနိုင်ငံသား တောင်ပိုင်း ဘာဗေးရီးယားပြည်နယ်မှာ မွေးဖွားသည့် အမေရိကန်နိုင်ငံသား သောမတ်စ် နတ်စ်ထ် ဆိုသူ ပန်းချီဆရာက ပုံဖော်ရေးဆွဲခဲ့ခြင်းဖြစ်သည်။ သူ ငယ်စဉ်က အိမ်နီးချင်း ပုပု၀၀ အဘိုးအိုတစ်ဦး ပြုံးရွှင်သော မျက်နှာဖြင့် ကလေးများကို လက်ဆောင် လိုက်ပေးသည်ကို မြင်ယောင်ကာ ကရုဏာအပြည့်နှင့် ပုပု၀၀အဘိုးအိုပုံရေးဆွဲခဲ့သည်ဟု ဆိုသည်။ သို့နှင့် ခရစ်စမတ်ရောက်တိုင်း အထူးချစ်ခင်စွာလက်ဆောင်ပေးသည်ဆိုသော စန်တာကလော့စ်ကို ကလေးများက အားကိုးတကြီး မျှော်ကြ သည်။

အနောက်နိုင်ငံများတွင် ကလေးများက စာတိုက်သို့ စာများ ပေးပို့ကာ စန်တာကလော့စ်ထံ လိုချင်တာများ တောင်းကြသည်။ အီးမေးလ်များဖြင့်လည်း စန်တာကလော့စ်ထံ စာများပေးပို့ကြသည်။ လိမ္မာသည့် ကလေးများကိုသာ စန်တာဘိုးဘိုးက ချစ်သည်ဟု မိဘများက ပြောဆိုသွန်သင်ထား၍ ကလေးများက စာများထဲတွင် သူတို့မည်မျှလိမ္မာကြောင်း၊ မည်မျှ မိဘကို ကူညီ လုပ်ကိုင်ပေးကြောင်း သူတို့အရည်အသွေးများကို ဖော်ပြကာ သူတို့လိုချင်တာ တောင်းခံကြသည်ဆို၏။ စာတိုက်ဝန်ထမ်း အင်တာနက် ၀န်ထမ်း ဗော်လန်တီ ယာများက ခရစ်စမတ်ချိန်ခါတွင် ကလေးများပျော်ရွှင်အောင် စာများ ပြန်ရေးပေးကြသည်ဆို၏။ မိဘများကလည်း ဘိုးဘိုးစန်တာ ပေးသွားသည်ဆိုကာ လက်ဆောင်ပစ္စည်းများကို ကလေးများ အိပ်ချိန်မှာ တိတ်တခိုးပေးလေ့ရှိသည်။ ခရစ်စမတ်ချိန်ခါ တွင် ကလေးများ အထူးပင် လိမ္မာယဉ်ကျေးစွာ နေထိုင်လေ့ရှိပြီး သူတို့ အနှစ်သက်ဆုံးလူကို ဆန္ဒမဲခွဲ ကောက်ခံပါက စန်တာကလော့စ် မှတစ်ပါး အခြား လူမရှိပါချေ။ စန်တာကလော့စ်သည် ကလေးတို့၏ဇာတ်လိုက်၊ မျှော်လင့်ခြင်းတစ်ခုဖြစ်သလို အနာဂတ်လည်း ဖြစ်သည်။ စန်တာ ကလော့စ် တကယ်မရှိဟု မည်မျှဆိုဆို ယနေ့တိုင် ခရစ်စမတ်ရောက်လေတိုင်း ကလေးတို့သည် စန်တာကလော့စ်ကို အားကိုးတကြီး မျှော်လင့်မိကြမြဲပင်။
သို့ဖြစ်ရာ ခရစ်စမတ်အခါသမယတွင် လှပစွာဝတ်စားဆင်ယင်၊ စားသောက်ပျော်ရွှင် အပေါ်ယံ ခင်းကျင်းမှုများကြား ဖြတ်သန်း မည့်အစား မွေးနေ့တော်ကို တန်ဖိုးထားသောအားဖြင့် ကလေးငယ်များ စံပြုချစ်ခင်ကာ မျှော်လင့်အားထားရမည့်သူများ ဖြစ်စေဖို့ ကျွန်ုပ်တို့ကိုယ်တိုင် စန်တာကလော့စ် ဖြစ်အောင် ကြိုးစားသင့်ပေသည်။ ကျွန်ုပ်တို့အားလုံး စန်တာကလော့စ်အသွင် ဖော်ဆောင်ကာ အနာဂတ်အတွက်မျိုးဆက်သစ်ဖြစ်သည့် ကလေးတို့၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရင်း ပိုကောင်းမည့်မနက်ဖြန်များကို မျှော်လင့်နိုင် ပါသည်။  

စုမီအောင်၊ ဖြိုးဖြိုး

Friday, December 21, 2012

အဲဒီအခန်းထဲမှာ မိန်းမတစ်ယောက်ရှိတယ်

စုမီအောင်

နိုဝင်ဘာ ၁၃ (လူတကာက ကံမကောင်းတဲ့နံပါတ်လို့ စွဲထင်မှတ်တဲ့နေ့)မှာ အဲဒီအခန်းထဲကို မိန်းမတစ်ယောက် ရောက်လာခဲ့တယ်။ မျှော်လင့်ခြင်းတွေ တနင့်တပိုး သယ်ဆောင်ရင်းနဲ့ပေါ့။ တစ်နေ့မှာတော့ အဲဒီ အခန်းဟာ သူမအတွက် ဘာမျှော်လင့်ခြင်းမှ လင်းပွင့်မလာတော့မှန်း အချောက်ချောက်အချားချား သိလိုက်ရတယ်။ 
အဲဒီမိန်းမ ကြေကွဲသွားတယ်။ 
ကံတရားက အထူးပြုလုပ်ချက်တွေနဲ့ ဒဏ်ခတ်လိုက်သလိုပဲ။

×××××

အဲဒီမိန်းမမှာ အံ့သြဖွယ်လှိုက်လှဲတဲ့ရယ်မောသံတစ်ခုရှိတယ်။ ရင်မောဖွယ်ပူဆွေးတဲ့ ငိုကြွေးသံတစ်ခုလည်း ရှိ တယ်။ အဲဒီမိန်းမဟာ ဆန့်ကျင်ဘက်သဘောတရားတွေအောက်မှာ လူးလှိမ့်ရှင်သန်နေတဲ့ လူမိန်းမတစ်ယောက်ဖြစ်တယ်။ သူမရယ်မောလိုက်ပြီဆို အခြားဘယ်မိန်းမမှ လိုက်မမီနိုင်၊ သူမ ငိုကြွေးလိုက်ပြီဆို အခြား ဘယ်သူမှလာပြီး ချော့မြှူ မရနိုင်။

အဲဒီမိန်းမမှာ အံ့သြဖွယ် လက်တစ်စုံလည်းရှိရဲ့။ အဲဒီလက်တွေက အရာရာကို အနုပညာ အရာမှာ ဟန်ကျပန်ကျ ဖြစ်အောင် ထုဆစ်ဖန်တီးနိုင်တယ်။ ကျောက်သားထုကို ထုဆစ်နိုင်သလို၊ ဖော့ဖယောင်းကို ပုံသွင်းနိုင်တယ်။ သဲမွမွကို ပုံဖော် နိုင်သလို၊ စေးပျစ်ပျစ်ရွှံ့သားကို ကိုင်တွယ်နိုင်တယ်။ ရေလို အရောင်အနံ့အရသာ ထုထည် ဘာမှမရှိတဲ့အရာကိုတောင် အဲဒီမိန်းမရဲ့လက်ချောင်းတွေက ချိုမြစွဲမက်ဖွယ် ထုထည်တစ်ခုအဖြစ် တီထွင်ဖန်တီးမှု ပြုနိုင်တယ်။ နေရာတိုင်းကို အလျင်အဟုန်နဲ့ ပျံ့နှံ့ရွေ့လျားနေတဲ့ လေလိုအရာကိုတောင် ဘယ်ကိုမှ ပျံ့ထွက်မသွားစေဘဲ တစ်နေရာတည်း အုံဖွဲ့ဖြစ်တည်နေအောင် အဲဒီလက်တစ်စုံက ထိန်းချုပ် စုစည်းထားနိုင်စွမ်းရှိတယ်။

သူမလက်က ထုဆစ်လိုက်သမျှ အရာခပ်သိမ်းဟာ အမှန်တရားကို အခြေခံတဲ့အရာတွေသာ ဖြစ်တယ်။ဒါကို လူတချို့က လက်မခံကြဘူး။ အဲဒီမိန်းမမှာ တခြားမိန်းမတွေလို အဖိုးတန်လည်ဆွဲရတနာတွေမရှိဘူး၊ နေ့စဉ်ဖတ်ရှုနေကျ သမ္မာကျမ်းစာထဲက The Truth Shall Make You Free ဆိုတဲ့ကျမ်းပိုဒ်ကို သူမရဲ့လည်မှာ လည်ဆွဲရတနာလို ဆင်မြန်းထားခဲ့တယ်။ ဒါပေမဲ့ သူမ ဧကန်အမှန် လွတ်မြောက်မှု ရှိမရှိကိုတော့ ပိုင်းဆစိတ်မြွှာဖို့ မေ့လျော့ခဲ့သူပါ။ အဲဒီအခန်းထဲ ရောက်တဲ့နေ့က စပြီး ချစ်ခြင်းမေတ္တာဟာ အနီရောင်ကတ္တီပါတစ်စလို အဲဒီမိန်းမအပေါ် နိုင့်ထက်စီးနင်းခြုံလွှမ်းထားခဲ့တယ်။ ရဲရင့်ခြင်းအနီ၊ နွေးထွေးတဲ့ကတ္တီပါ၊ သိမ်မွေ့တဲ့ အမည်နာမလေးနဲ့ ဆိုတော့လည်း အဲဒီမိန်းမက ချစ်ခြင်းမေတ္တာအပေါ် သံသယတစ်စွန်း တစ်စမျှ မ၀င်ခဲ့မိဘူးပေါ့။

တကယ်တော့ ချစ်ခြင်းဟာ ရုပ်ဖျက်ထားတဲ့အုပ်စိုးမှုတစ်ခုဖြစ်တယ်၊ အဲဒီမိန်းမရဲ့ အရာခပ်သိမ်းမှန်သမျှကို လွတ်လပ်စွာ ဖြန့်ကျက် ဆန့်ထွက်မသွားနိုင်အောင် ချည်နှောင် တုပ်ဆိုင်းထားခဲ့တယ်။ ဘုရားသခင်ရဲ့ ကျမ်းစာလာ မိန့်မြွက် စကား “အချင်းမိန်းမတို့ မိမိခင်ပွန်း၏အုပ်စိုးခြင်းကို ၀န်ခံကြကုန်လော့”ဆိုတဲ့အတိုင်းပဲ။ ။ ဘုရားသခင်ကို ယုံကြည်သက်ဝင်တဲ့ အဲဒီမိန်းမဟာ ခင်ပွန်းသည်ရဲ့အုပ်စိုးခြင်းခြင်းမှာ စောဒကမတက်ဘဲ နာခံလိုက်လျှောက်ခဲ့တယ်။ နာမည်ကောင်းလေးနဲ့အတူ ကိုယ်ဟန်ကြော့ကြော့လေးတော့ ပိုင်ဆိုင်ခဲ့တာပေါ့။ ဘယ်နေရာ ဘယ်ဆီသွားသွား၊ ကြော့ကြော့မော့မော့လေး လှမ်းလျှောက် နေတဲ့ အဲဒီမိန်းမရဲ့ကိုယ်နေဟန်ထားတစ်ခုကိုပဲ အခြားမိန်းမတကာတို့က လှိုက်ဖိုအားကျနေလေရဲ့။ အဲဒီမိန်းမ လျှောက်လှမ်းခဲ့တဲ့ လမ်းကလေးက အခြားမိန်းမတွေ မနာလိုစိတ်ထန်ပြင်းရလောက်အောင် ချောမွတ်ဖြောင့်ဖြူးလွန်း လှတယ်။ တကယ်တော့ အဲဒီမိန်းမရဲ့ခြေဖ၀ါးတစ်စုံ အက်ကွဲကြမ်းရှလို့ သွေးချင်းချင်းနီနေခဲ့တာ ဘယ်သူမှ မမြင်မိကြဘူး။

ဒါ ဘယ်လိုကြောင့်ပါလိမ့်လို့ အဲဒီမိန်းမ အမြဲတွေးပါတယ်။ အကောင်းဆုံးကို ကြိုးစားထုဆစ်ခဲ့တဲ့ကြားက ထုထည် တစ်ခုမှ အရာမထင်ဘဲ လက်တစ်စုံထဲကနေ လျှောလျှောထွက်ကျနေတဲ့အဖြစ်။ ကြာလာတော့ သွေးပျက်လာတယ်။ အရာရာကို အကောင်အထည်တစ်ခုပေါ်ထွက်နိုးနိုး မှန်းဆမျှော်ရည်ထုဆစ်နေတဲ့ လက်တွေဆီက တစ်နေ့ထက်တစ်နေ့ နာကျင်တဲ့ဝေဒနာကိုသာ ခံစားလာရတဲ့အခါ အဲဒီအခန်းကို သံသယ၀င်ခဲ့ရပြီ။ အလင်းလက်ဆုံးနေရောင်ခြည်အောက်မှာ လက်အစုံကို ပင့်မြှောက်ဆန်းစစ်ကြည့်လိုက်မိတယ်။

“အို…ဘုရားသခင်… ပင့်ကူမျှင်တမျှ ပါးလျလွန်းတဲ့ကြိုးမျှင်မွမွတွေ… အလိုလေးလေး …ကျွန်မရဲ့လက်ချောင်းတွေမှာ အုံကျင်းဖွဲ့လို့၊ များပြားလွန်းလှချည့်”
ကြည့်နေရင်းမှာပဲ မှော်ဘုရင်တစ်ပါးက ပြုစားလိုက်သလို ကြိုးမျှင်တွေက တစ်စတစ်စ တုပ်ခိုင်ကြီးရင့်လာခဲ့တယ်။
“အို အရှင်.. ကယ်မတော်မူပါ ၊ ကျွန်မလက်တွေ လှုပ်မရတော့ပြီကော”
လူယောက်ျားတစ်ယောက်ရဲ့ကျိန်စာတိုက်သံက အဲဒီအခန်းရဲ့အတွင်းဘက်ဆုံး နေရာတစ်ခုကနေ ထွက်ပေါ် လာခဲ့တယ်။
            “အဲဒါ ဘုရားသခင် မင်းကို ဒဏ်ခတ်လိုက်တာ၊ ဘုရားနဲ့ ရှင်း”
မိုးကြိုးအစင်းစင်း ပစ်ခွင်းလိုက်သလို ခြိမ်းခြောက်သံတစ်စက အဲဒီမိန်းမရဲ့ နားထဲကို ချော်ရည်ပူတွေလို စီးဝင်လာခဲ့ တယ်။  မတုံ့ပြန်စဖူး အဲဒီမိန်းမက အဲဒီခြိမ်းခြောက်သံကို အာခံတုံ့ပြန်လိုက်တယ်။
“မဟုတ်ဘူး ဘုရားသခင်က ကယ်တင်ခြင်းအရှင်သခင်၊ အဲဒါ ရှင်လုပ်တာ။ စိတ်နှလုံး တစ်လုံးတစ်ဝ ဆိုတာ ကျမ်းစာအုပ်ထဲမှာပဲ သေနေတဲ့စကားလုံး၊ ရှင်တို့ လက်တွေ့ကျကျ ဘယ်နှခါ မှီငြမ်းသုံးစွဲဖူးသလဲ၊ အဆုံးသတ်မှာတော့ ကျွန်မက ရှင်တို့အားလုံးရဲ့ အခန်းအပြင်ကလူ”
၁၃ ဂဏန်းဟာ ကံဆိုးမိုးမှောင်ကျခြင်းတွေကို ကိုယ်စားပြုနေသလား။ ၁၃ ဂဏန်းတစ်ခုရဲ့ ဖြားယောင်းမှုကို အောက်မှာ ငုပ်လျှိုးကွယ်ပျောက်နေခဲ့တဲ့ နှလုံးသားတစ်စုံကို အဲဒီမိန်းမက အဲဒီနေ့မှာ တူးဆွဖော်ထုတ်ပစ်လိုက်တယ်။ ၁၃ကြိမ်မြောက်နိုဝင်ဘာရဲ့ ၁၃ရက်မြောက် နေ့တစ်နေ့မှာ။

××××××

အဲဒီအခန်းထဲမှာ လက်တွေသေနေတဲ့ မိန်းမတစ်ယောက် (တစ်နည်းအားဖြင့်) အခန်းတံခါးကို ခြေထောက်တွေနဲ့ ဖွင့်ဖို့ ကြိုးစားနေတဲ့မိန်းမတစ်ယောက်ပေါ့။ လက်တွေရဲ့အကူအညီ တစ်စုံတစ်ရာ မပါလည်းပဲ ခြေထောက်တွေချည်း သက်သက်နဲ့ တံခါးတစ်ချပ်ကို အသေအချာဖွင့်လို့ရတယ်ဆိုတာ အဲဒီမိန်းမက မသေခင် သက်သေပြခဲ့မလို့။ အခုဆိုရင် အဲဒီမိန်းမဟာ လွတ်လပ်နေသေးတဲ့ ခြေထောက်တွေနဲ့ အဲဒီအခန်းရဲ့အပြင်ဘက်ကို ထွက်ခွင့်ရဖို့ ကျားကုပ်ကျားခဲ ကြိုးစားနေရဲ့။
နေစမ်းပါဦး စကားဖြတ်ပြီး ကျွန်မ မေးစမ်းပါရစေ…

နိုဝင်ဘာဟာ နှင်းကျဖို့ တာဝန်ယူထားတဲ့ ခပ်အေးအေး လလား၊ အခန်းအပြင်ဘက်မှာ နှင်းတွေ ကျနေပြီလား။ အဲဒီမိန်းမကရော အခန်းအပြင်ဘက်ဆီက ဘာကို မျှော်လင့်နေမှာလဲ။ လူယောက်ျား တစ်ယောက်ရဲ့ ဟန်ဆောင်ခြင်းကင်းတဲ့ ရယ်မောသံကို  ထာဝရကြားခွင့်ရဖို့လား၊ ပြီးတော့ အဲဒီလူယောက်ျားရဲ့အနားမှာ သူမရဲ့(၁၃နှစ်ကြာ စေ့ပိတ်နေခဲ့ရတဲ့) နှုတ်ခမ်းတစ်စုံကနေ ထာဝရ ချိုလွင်မယ့် ရယ်သံစစ်စစ်ကို အခန်းအပြင်ဘက်က လူယောက်ျားရဲ့ ရယ်သံနဲ့အတူ မြူးထူးစွာ ထုဆစ်ပစ်လိုက်ဖို့လား…..။။။
ကျွန်မ သေလုမျောပါး သိချင်တာက …
အခန်းအပြင်ဘက်ကို အဲဒီမိန်းမ တကယ်ပဲ ရောက်သွားမှာလား၊
တစ်နေ့သောအခါမှာ အင်မတန်ချိုလွင်တဲ့ရယ်မောသံတစ်စုံကို မိုးမြေတုန်ခါအောင် ကျွန်မ ကြားခွင့်ရမှာလား။
အဲဒီမိန်းမဟာ ဘယ်သူလဲ…..။
ကျွန်မလား၊ ရှင်လား၊ The Ledge ရုပ်ရှင်ကားထဲက ရှယ်နာ ဆိုတဲ့မိန်းမလား၊ ကျွန်မသူငယ်ချင်း စန္ဒာသူသူဝင်း လား၊ ဒါမှမဟုတ် တခြား………။

ကျွန်မတို့ ရဲ့  ဟန်ပန်မူရာတွေ

ခေတ်တခေတ်ဟာ ပြောင်းလဲ တိုးတက်လာသည်နှင့်အမျှ တဘက်ကကြည့်ရင်လည်း ကျွန်မ တို့ရဲ့ ဟန်ပန်အမူအရာတွေ တဖြည်းဖြည်းမယဉ်မကျေး ကြမ်းတမ်း ရိုင်းစိုင်းလာနေတာ တွေ့ နေရပါတယ်။ ဒါဟာ ခေတ်နှင့်အညီ ပြေးလွှားလှုပ်ရှားနေရလို့ စသည် အကြောင်းအမျိုးမျိုးပြပြီး ဆင်ခြေ ဆင်လက် ပေးမယ် မကြံပါနှင့်။ ယဉ်ကျေးသိမ်မွေ့တဲ့ လူလိမ်မာ ကလေးတွေ လူကောင်းလေးတွေ ဖြစ်အောင်သာ  ဘယ်လိုလုပ်မလဲ ။ စဉ်းစားကြရအောင်လား။

လွန်ခဲ့တဲ့ အနှစ် ၅၀ သို့ မဟုတ် အဲဒီလောက် အချိန်တုံးကတည်းက လူတွေ ပိုပို ရိုင်းစိုင်းလာနေတာပါ။ "The Little Book of Etiquette “ စာအုပ်ကို ရေးသားသူ စာရေးဆရာ “Patsy Rowe”  ပြောတာက “တိတိကျကျ တိုတိုတုတ်တုတ်ပြောရရင် ဒါဟာ ခေတ်လူတွေ အဖို့  အချိန်မလုံလောက်မှု အချိန်ရှားပါးမှု ကြောင့် ပါပဲ" တဲ့။

ဟုတ်ပါလိမ့်မယ်။ ကျွန်မတို့ဟာနည်းပညာပေါင်းစုံ အတတ်ပညာပေါင်းစုံ တိုးတက် ဖွံ့ ဖြိုးထွန်းကားလာနေတဲ့ ဤခေတ်ကြီးနှင့်အမှီ အံ့ဖွယ် ကမ္ဘာကြီးနှင့် အမှီ လိုက်နိုင်ဖို့ ဆိုတာအချိန်များစွာ လိုအပ်နေပါတယ်။ အချိန်အများကြီးပေးဆပ်ရပါတယ်။ မနက် မိုးလင်းလာရင် ကျီကျီကျာကျာ အော်မည်နေတဲ့ ငှက်ကလေးတွေတေးဆိုသံကို ကျွန်မတို့  နားမထောင်အားပါဘူး။ လုပ်ငန်းဝင်စရာ အလုပ်တွေက တောင်ပုံရာပုံ ဖြစ်နေပါပြီ။ ခုဆို မိုးလင်းတာနှင့် ကျွန်မတို့  လုပ်ချင်တာက အင်တာနက်ပဲ။ ဒါမှ မဟုတ် မိုဘိုင်းလ် ဖုန်းပေါ့။ လကုန်ရင် မိမိသုံးစွဲထားတဲ့ အခကြေးငွေ ဘီလ် စာရင်းလဲ ရှင်းရအုံးမယ်။ လုပ်ရမှာက အချိန် ၃၀စက္ကန့် လောက်ပါ ကလစ် တစ်ချက် နှစ်ချက် နှိပ်လိုက်ရုံနှင့် အားလုံး ပြီးမြောက်နိုင်ပါတယ်။ ဒါပါပဲ။ ဒါပေမဲ့ ဒီလို ကိစ္စကလေးတွေ က ထောင်သောင်းချီ ရှိနေတာကလား။

Would It Kill You To Stop Doing That ? A Modern Guide to Manners စာအုပ်ကို ရေးသားသူ စာရေးဆရာ “Henry Alford “ က ပြောရာမှာ “လူတွေရဲ့  ဟန်ပန်မူရာဟာ အေးးဆေးရှိနေရာက  ဆင့်ကဲ ပြောင်းလဲဖြစ်စဉ်များအရ နောက်သို့ တဖန်ဆုတ်သွားတတ်တာမို့ စိတ်ရှည် သည်းခံနိုင်စွမ်းမရှိဘဲ ၀န်ချီစက်နှင့် ပင့်တင်လိုက်ကြတယ်။ ဘာ့ကြောင့်လဲဆိုရင် လူတွေက 4G speed နှုံးနှင့် အလုပ်မလုပ်နှိုင်ပါဘူး။ သင်သိပါလိမ့်မယ်။ လူတွေဟာ လက်ဖက်ရည်ဆိုင်လို နေရာမျိုးမှာ တန်းစီ စောင့်မနေအားပါဘူး။ သူတို့ ရဲ့ အိုင်ဖုန်းကနေ  နောက်ကွယ်က ကော်ဖီရောင်းသူထံ  ဆက်သွယ်ကြပါလိမ့်မယ်။ ဒါဟာ ခေတ်ပေါ် ဆန်းပြားတဲ့ အတ္တဆန်မှု  ရိုင်းစိုင်းမှုလို့ ဆိုမလား။  ဒါကို  လူတိုင်းသိပါတယ်။ စင်္ကာာပူ ယဉ်ကျေးမှု သင်တန်းညွှန်ကြားရေးမှူး  “ဗိုနီ အိန်ဂျယ်လီနာ" က “ကျွန်မတို့ ဒီခေတ်ပေါ် နည်းပညာတွေကို အပြစ်ပြောလို့ မရပါဘူး ။ ဒါတွေက ကျွန်မတို့ရဲ့ ရှင်သန်မှုကို ကူညီဖြည့်ဆီးပေးနေတာပါ။ ဒါပေမဲ့လည်း အရာအားလုံး ကျွန်မတို့ရဲ့ ဘ၀တစ်ခုလုံးကို ၀ါးမျို ဖုံးလွှမ်းပြစ်မှာကိုတော့ မလိုလားအပ်ဘူး “လို့ ပြောပါတယ်။
     
အီးမေးလ် အ၀င်အထွက် စစ်ဆေးပါ။ အမြဲ တပ်လှန့် ထားပါ
“ကျွန်မတို့ရဲ့ မေးလ်ဘောက်စ်တွေကို အမြဲ တပ်လှန့်စစ်ဆေးကြရပါမယ်။ အရေးတကြီး လူတွေနှင့် ဆက်သွယ်စရာ ကိစ္စများပေါ်လာနိုင်ပါတယ်။ ကျွန်မတို့အားလုံး တစ်နည်းနည်းနှင့် ဆက်သွယ်မှု ရှိနေတယ်ဆိုတာ ကျွန်မတို့သူတို့နှင့်အတူရှိနေတယ်ဆိုတာ   လူတွေ သိထားသင့်တယ်” တဲ့။ မလိုလားအပ်တဲ့ အပြုအမူတွေကို ဖယ်ရှားပစ်ပါ တဲ့။ “အိန်ဂျယ်လီနာ “က ရိုးရိုးလေးပြောပါတယ်။

“အချိန်ပို တခု သီးသန့် ထားရှိပါ။ သင့်ဖုန်းမှာရောက်နေတဲ့မက်ဆေ့(ခ်ျ)တွေကို အမြဲ ချက်ကင်လုပ် စစ်ဆေးပါ။ ဒီနည်းဟာ ကမ္ဘာကြီးနှင့်လည်း အမြဲ ထိတွေ့ခွင့်ရှိပြီး မိသားစုနှင့်လည်းမခွဲမခွာ အတူရှိနေမှာပါ။ မိတ်ဆွေတွေ လုပ်ငန်းရှင်တွေ နှင့်ရောပေါ့” တဲ့။ “တချို့ က သင်ဆက်သွယ်လို့  မရအောင် သင်မမှတ်မိအောင်  အမည်ကို ၀ှက်ထားတတ်ကြတယ်။ဒါ သိပ်ရိုင်းပါတယ်။ ဘယ်သူပို့မှန်းမသိတဲ့ နေရပ်လိပ်စာ မပါတဲ့  အမည်မသိ အီးမေးလ်တွေ  ဆိုးဆိုးဝါးဝါးရောက်လာတတ်ပါတယ်။ ဒါတွေကို သင် မကြောက်ပါနှင့် တခုခု ပြောချင်ရင် ပြောပါ။ ရင်ဆိုင်ဖြေရှင်းပါ။  အီးမေးလ်မှာဖြစ်စေ စာပို့ပါ။လက်မှတ်ထိုးခြင်းမရှိတဲ့ စာတွေကို သင် သိပ်အလေးမထားပါနှင့် သူရဲဘောကြောင်စွာ ပေးပို့သူထံ သင်  စာပြန်ကြားနိုင်ပါတယ်။ ပြီးရင် မေ့ပြစ်လိုက်ပါ။ စိတ်အနှောင့်အယှက် မဖြစ်ပါနှင့်။”တဲ့။

တီဗွီရှိုးတွေမှာ သင်ဘာတွေ ကြည့်နေသလဲ
 “တီဗွီရှိုး တွေမှာက  စိတ်လှုပ်ရှားဖွယ် စိတ်ကူးယဉ်ဆန်ဆန် ဇတ်လမ်းတွေနှင့် မိန်းမချင်း မသင့်မတင့် စကားပြိုင် ရန်လို တိုက်ခိုက်မှု ဟန်ဆောင်မိတ်ဆွေဖွဲ့ ဝေဖန်တိုက်ခိုက်မှုတွေကို ဘာ့ကြောင့် တွေ့နေရသလဲ။ ရုပ်မြင်သံကြားဇတ်လမ်းတွေကို ဘာ့ကြောင့်  အားပေးနေကြတာလဲ လို့ မလေးရှား (MABIC)အတိုင်ပင်ခံ အရာရှိ “၀င်ဒီလီး“ က ဆို့ပါတယ်။ ”ဒီလိုအဆုံးစွန် ရန်လိုတိုက်ခိုက်မှုတွေနှင့် စိတ်ကူးပုံဖေါ်ပွဲတွေဟာ သာမန်ကြည့်လိုက်တာနဲ့ သိသာပါတယ်။ တကယ်တော့ လူသိက္ခာ လူ့ကျင့်ဝတ်တွေ ချိုးဖေါက်နေခြင်းကို ကွင်းကွင်းကွက်ကွက် ပြသနေခြင်းပါဘဲ။  ဒါဟာ  ပွဲ ကြည့် ပရိသတ်ကို ဆွဲဆောင်ခြင်းတမျိုးပါ။ အလွန်ရိုင်းပျပါတယ်။ ကျွန်မတို့ လက်ခံနိုင်စရာ မရှိပါဘူး” တဲ့။ အခိုင်အမာ ဆိုပါတယ်။

ဒါဟာ TV ဖန်သားပြင်ပေါ်က သူတို့ရဲ့ကိုယ်ပိုင်ဘ၀တွေနှင့် အလွန်ခြားနားစွာ စိတ်လှုပ်ရှားရင်ခုန်ကြရတဲ့  ဖြတ်ကနဲ လှပ်ကနဲ ပြကွက် တွေပဲ" လို့  “၀င်ဒီလီး” က ဆိုပါတယ်။ ကမ္ဘာကျော် စတားတွေကတော့ သရုပ်ဆောင်သွားပြီ။ ကျွန်မ တို့တတွေလည်း ရင်မှာသိမ့်သိမ့် ကြည်နူးကြရပါတယ်။ ဒါပေမဲ့ ကြည့်ခဲ့ ဖူးတဲ့  “Kimara: Life in the Fab Jane “ ဇာတ်လမ်းတွဲ တခု ကျွန်မမှတ်မိနေတယ်။ လို့ “၀င်ဒီလီး”က အတိတ်ကို ဖေါ်ကျူးလိုက်တယ်။သူမဟာ ကမ္ဘာကျော် အမျိုးသမီးအော်ပရာ အဆိုတော် ရဲ့  ဟန်ကို ဒေါသထွက်ထွက်နဲ့ အငမ်းမရ  ကြည့်နေခဲ့တယ်။ ဟိုတုံးက သူမရဲ့ နှိမ့်ချတဲ့ အမူအရာတွေ ခုဘယ်မှာလဲ။ တွေ့ နေရတာက သူမရဲ့ မထီတထီ ဟန်ပန်အမူအရာတွေ ရိုင်းပျတဲ့ စော်ကားမော်ကား  အနေအထား။ နောက် သူ့ဇာတ်လမ်းတွေကို မျှော်တလင့်လင့် စောင့်မကြည့်တော့ ပါဘူး တဲ့။ လူတွေအားလုံးကတော့ ဒီလို မဟုတ်ကြဘူးဆိုတာ ကျွန်မတို့ နားလည်ကြရပါမယ် တဲ့။ 

ကျွန်မတို့ တယောက်ကို တယောက် အပြန် အလှန် တုံ့လှယ်ချစ်ခင်မှု ထားရှိကြောင်း ဟန်ပန်မူရာများဖြင့် ဖေါ်ပြနိုင်ပါတယ်။ အနည်းဆုံး သင့်မှာ  ကောင်းကျိုးဆိုးပြစ်ကို သိမြင်နိုင်တဲ့ အကျိုးရလဒ်ကို သိမြင်နိုင်တဲ့ စိတ်ခွန်အားရှိရပါမယ်။ လူအချင်းချင်း အပြန်အလှန် လေးစားမှု မရှိရင် လူယဉ်ကျေး မဖြစ်နိုင်ပါဘူး။ သင်က ပထမတကြိမ် တံခါးဖွင့်ထားရင်သို့ မဟုတ် သင်က တကြိမ်ကျေးဇူးပြုထားရင် နောင်အခါ သင့် ကို တံခါးဖွင့် ကြိုဆိုကြမှာ  ကျေးဇူးပြုလာကြမှာ အမှန်ပါဘဲ။ တကယ်လို့ သင် အကြောင်းတခုခုကြောင့် ယမ်းပုံမီးကျဖြစ်နေရင် အဖြေရှာဖို့ မလွယ်ဘူးဆိုတာ သင်သိထားပါ။ ဒါဟာ လူ့ကျင့်ဝတ်ကို စည်းမစောင့်ခြင်းဖြစ်တယ်။

အကျိုးမရှိတဲ့ သံသယတွေ ဖယ်ရှားပါ
ပြီးခဲ့တဲ့ ဇွန်လတုံးက သားနှင့် စေ့စပ်ထားသူ မိန်းခလေးတယောက် သူ့ မိခင် ဖြစ်လာမယ့်သူ ထံ မချေမငံ  ရိုင်းပျစွာသံသယစကား  စွပ်စွဲ ပြောဆို တဲ့ အီးမေးလ် တစောင် ပို့ ခဲ့တယ်။ ဒါပေမဲ့ သူမကိုယ် သူမတော့ မှန်တယ်  ဟုတ်တယ် ထင်နေတယ်။ တခြားသူတယောက်က ရှင်းလင်း ပြောပြ ရတာမျိုး တွေ့နေရတယ်။ တချို့ လူတွေဟာ လေ့လာသင်ကြားမှု မရှိခဲ့တဲ့ အတွက် အသိဥာဏ် ပညာ မရှိတဲ့အတွက် အမှား ကို အမှားမှန်းမသိကြပါဘူး။ ရိုင်းတာကို ရိုင်းမှန်းမသိကြပါဘူး။ အမှား မလုပ်ဖူးဘူး ရိုင်းပျခြင်း မရှိဖူးလို့ဆိုနေတဲ့သူတွေက သူ တို့ မှားနေတာကိုမှားမှန်းမသိဘဲ  သူတို့ ရိုင်းနေတာ ကို ရိုင်းမှန်းမသိဘဲ စိတ်ထင်ရာ မှန်တယ်  ဇွတ်ပြောနေကြခြင်းဖြစ်တယ်။

ရည်မွန်လာအောင် နည်းပေးပါ
လူတွေဟာ သိမ်မွေ့ခြင်းကင်းစွာ ယဉ်ကျေးမှု ကင်းစွာ အချိန်ကို ဖြုံးတီး အသက်ရှင်နေကြတယ်။ဒီလူတွေကို သင်တွေ့ရင် လူတွေကြားမှာ ယဉ်ကျေးလိမ္မာစွာ နေထိုင်တတ်အောင်ရည်မွန်လာအောင်  နည်းပေးလမ်းပြပေးပါ။ အကူအညီပေးပါ" တဲ့။ ယဉ်ကျေးမှု ဆိုင်ရာ ကျွမ်းကျင် “အေမီ အယ်လ်ကွန်" နှင့် “အယ်လ်ဖို့ ဒ်" တို့ က ဆိုပါတယ်။ လူ့ သိက္ခာ လူ့ ကျင့်ဝတ်တွေ နှင့် ဆန်းကြယ်စွာ ဖွဲ့ စည်း တည်ရှိနေတဲ့ ကမ္ဘာကြီးမှာ အားလုံးဟာ တဦးကို တဦး လေးစားချစ်ကြည်စွာ တုံလှယ် မေတ္တာမျှဝေ နေထိုင်သွားဖို့ တစ်ဦးကိုတစ်ဦး လောက၀တ်သိတတ်စွာ ယဉ်ယဉ်ကျေးကျေး ပေါင်းသင်းဆက်ဆံ နေထိုင်သွားဖို့ အထူးကြိုးစား နေထိုင်ကြစေလိုပါ သတဲ့။

အယ်လ်ကွန်က နောက်ဆုံးအနေနှင့် လိုရင်း တိုရှင်း ပြောလိုက်တာကတော့ “သင် ယခု လမ်းဆုံမှာရှိနေတယ်။ ဒီမျှ ပြောဆိုထားပြီမို့  တစ်ယောက်ယောက်နဲ့ သင် မပြေမလည် တာရှည် မဖြစ်မိပါစေနှင့်။ လူရည်မွန်ကလေးတွေ ဖြစ်အောင် ကြိုးစားနေထိုင်ကြပါ တဲ့။  ဒီ့ ထက်ပိုပြီး သင့်ကို ဂရုစိုက်မနေအားပါဘူး" တဲ့။

Florist
Where are Our manners?
By :Rory Evans & Siti Rohani

Wednesday, December 19, 2012

ငွေသောင်ယံဦး နှင့် အခြားကဗျာများ ( ၁ )

မေမေ့ကဗျာလေးတွေ တိုတာလေးတွေဆို ၅ ပုဒ် စီလောက် တင်ပေးသွားပါမယ်။
အားလုံးပြီးမှပဲ pdf ဖိုင် တင်ထားပေးလိုက်မယ်နော်။

ချစ်ခင်လေးစားစွာ
Happy Christmas for All!
ဖြိုးဖြိုး
***************************

စာဖတ်သူသို့..
စမ်းချောင်းကလေးများ၏ တီးတိုးရွတ်ဆိုမှုကို သင်ကြားဖူးပါလိမ့်မည်။
ဥသြငှက်ငယ်ကလေးများ၏ ဆွတ်ပျံ့တိမ်းမူးဖွယ် တေးသီကျူးရင့်မှုကိုလည်း သင်ကြားဖူးမည်ဖြစ်ပါသည်။
ထို့နည်းတူ ခင်မေသစ်၏ တေးကဗျာများသည်လည်း….။
သင်ခံစားဖတ်ကြည့်နိုင်ရန် စုစည်းတင်ပြပေးထားပါသည်။

ဆရာကြီး မင်းသုဝဏ် နှင့် တိုင်းရင်းမေဂျာနယ် ကဗျာ့ဥယျာဉ်မှူးကြီး ဦးသော်ဇင် တို့အား ဤစာအုပ်ဖြင့် ကန်တော့ပါ၏။    ။
မိဘနှစ်ပါးနှင့် အကိုကြီး စာရေးဆရာ မောင်ကြည်ရှင် (မြန်မာ့အသံ လက်ထောက်စီစဉ်ရေးမှူး ဦးချင်းစိန်) ၊အကိုငယ် စာရေးဆရာ ဒါရိုက်တာ သန်းစိန်သစ်တို့အားလည်း အလားတူ အထူး ဦးခိုက်ကန်တော့လိုက်ပါကြောင်း။    

ကျေးဇူးတင်စွာဖြင့်။
ခင်မေသစ် (သလ္လာ)
၁၉၉၇ခုနှစ် နိုဝင်ဘာလ (၈)ရက် နေ့

***************************
စာပေ၀တ္ထု ၊ ရတုကဗျာ၊
သာသည်သီချင်း၊အဲစောင်းညှင်း၍ ၊
မကင်းမပြတ်၊ ရွတ်ဖတ်လျက်သာ၊
နေကောင်းစွာ…၊
(၀န်ကြီး ပဒေသရာဇာ)

To  Poem

Remember  near,
Remember far,
For ever remember me,
Aye, still beyond  the grave .
Remember that I have,
Well loved thee.
(Carl Bayon)
***************************

Monday, December 17, 2012

နေအရုဏ်မတက်မီ

ကလင် ...  ကလင် ... ကလင် 
နေအရုဏ်မတက်မီကလေးမှာပဲ တိတ်ဆိတ်နေတဲ့ ဧည့်ခန်းအတွင်း တယ်လီဖုန်းခေါ်သံက ချောက်ချားစရာကောင်းအောင် အဆက်မပြတ် ခုန်မြည်ပေါ်ထွက် လာတယ်။ ခံစားမှု မရှိ အသက်မပါ လေသံက  တိုးတိုးညှင်းညှင်း။
 “သူသေသွားပြီ”  တဲ့။

Saturday, December 15, 2012

အေးရိပ်ကို ဘယ်လိုရှာပါ့မယ် (အပိုင်း ၃)

ပို့ စ်ကဒ်လေးတွေက အဓိပ္ပါယ်ပြည့်ပြည့်၀၀ရှိသည်။
ဘွဲ့ နှင်းသဘင် ခန်းမကြီးနှင့် ယင်းသို့  ဦးတည်ရာ လူသွားလမ်းကြောင်းတခု ။
 အကောက်အကွေ့ မရှိ ဖြောင့်ဖြူးသောလူသွားလမ်းကို စိမ်းစိုသော မြက်ခင်းကလေးက လှပစွာ   တဘက်တချက် ၀န်းရံ ထားသည်။ နောက်တခုက သစ်ကိုင်းဖျားမှာ နားခိုနေသောကတ္တ၀ါ ငှက်ကလေးတကောင် အောက်မှာရေးထိုးထားတဲ့ စာမှာတော့ “ငှက်ကလေးကတ္တ၀ါ အစာရှာ၊ ညီမလေးလှကညာ ပညာရှာ”  ပါတဲ့။ 
အော်..ကိုကိုရယ် ..။ ကိုကို့ စေတနာကို ခိုင်နားလည် သဘောပေါက်ပါရဲ့။ကောင်းကောင်းတန်ဘိုးထားမည်။
ဒါပေမဲ့ ဒီကဗျာလေးကို ကိုကို ဖတ်ကြည့်နှင့်ပါဦး။ 

ရှိစေဦး

ရှိပါစေတော့၊စိတ်ကိုချော့၍၊ လျော့ခွေတန့် နား။
ချိန်စောင့်စားမည်၊ လွမ်းအားအစု၊ မျက်ရည်ဥဖြင့်၊ 
ပြေမှုပြေရာ၊ ပြေကြောင်းရှာလည်း၊ ဗျာပါလှိုင်းပုတ်၊
စိတ်ရှုပ်ပွေနှော၊ လွမ်းရေကြောဝယ်၊ နစ်မျောတွေဝေ၊ 
မိန်းမောနေမိ၊ တမြေနယ်စံ၊ မယ့်သက်နှံရယ်၊ 
တိမ်ယံဘွေလမ်း၊ ၀တိန်နန်းမှ၊ စခန်းငှက်သွင်၊
 ကွန့် လာချင်ဟု၊ စိတ်တွင်ထွေကူး၊ မကြည်နူးရှင့်၊
 ချစ်ဦးသက်ဝေ၊လွမ်းစိတ်ပွေသည်၊ တမေကြော့ခိုင်၊
 ဖြေမနိုင်ဘူး၊ရှိစေဦးတော့၊ စိတ်ကိုချော့၍၊ 
လျော့ခွေတန့် နား၊ ချိန်စောင့်စားမည်၊
 အမှားမဖက်နိုင်သည်တကား။       ။     

Thursday, December 13, 2012

ငွေသောင်ယံဦးနှင့် အခြားကဗျာများ

မေမေ့ရဲ့ "ငွေသောင်ယံဦးနှင့် အခြားကဗျာများ" စာအုပ်က ကဗျာလေးတွေ အားလုံး တင်ပေးသွားပါမယ်။ အခုရက်တွေတော့ မအားသေးတာနဲ့ မေမေပို့ပေးတဲ့ ကောက်နှုတ်ဖော်ပြချက်လေးပဲ အရင်တင်လိုက်ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။ 
ငွေသောင်ယံဦးနှင့် အခြားကဗျာများစာအုပ်မှ ကောက်နှုတ်ဖေါ်ပြချက်

စိမ်း 

(အင်းလေးတိုက်တေးအသွား)
ရွှေဧည့်သည်လာမလားလို့ ၊
စာတွေများ တစောင် နှစ်စောင် ၊
ရေးဖွဲ့မှာတောင် ။

မလာပေါင် ၊
ရှောင်သူက ရှောင်ပုန်း၊
မြဆေးမင် ကိုယ်မှာလိမ်းလို့ရယ် ၊ 
စိမ်းလိုက်ပါအုံး။      ။

လူ့အခွင့်အရေး နဲ့ အလင်းပေးသူ

၁၉၇၁ခုနှစ် နိုဝင်ဘာလ ၁၂ရက်မှာ ချန့်ကိုမွေးဖွားပါတယ်။သူဟာ တရုပ်ပြည်သူ့သမတနိုင်ငံ ကျေးလက်ဒေသရှိ ပြည်သူဆင်းရဲသားလူတန်းစားများရပိုင်ခွင့်အတွက် တက်ကြွစွာ ဦးဆောင်လှုပ်ရှားခဲ့သူဖြစ်ပါတယ်။ သူဟာ ငယ်ရွယ်စဉ်ကာလကတည်းက  မျက်စိအလင်းမရခဲ့သော်လဲ မိမိဘာသာ ဥပဒေပညာရပ်ကိုလေ့လာလိုက်စား ဆည်းပူးခဲ့သူ ကိုယ်တိုင်ကြိုးစားသင်ယူခဲ့သူ ဖြစ်ပါတယ်။ 

အမျိုးသမီးရပိုင်ခွင့်များ လယ်သမားများ လယ်ယာမြေရပိုင်ခွင့်များအတွက် သူက ဦးဆောင် ကိုယ်စားပြု အရေးဆို လှုပ်ရှားခဲ့တယ်။အစိုးရက တရားဝင်ထုတ်ပြန်ထားတဲ့  မိသားစုစီမံကိန်းကိုလည်း ချန် က ဆန့်ကျဉ်ပါတယ်။ ရှင်ဒေါင်း အာဏာပိုင်တွေကို ဆန့်ကျဉ်ပီး  တအိမ်ထောင် ခလေးတယောက်မူဝါဒကို ပွင့်ပွင့်လင်းလင်း ကန့်ကွက်ခဲ့ပါတယ်။ ဒါ့ကြောင့် ချန်ဟာ ကမ္ဘာမှာ ပေါ်လွင် ထင်ရှားလာပြီး  နိုင်ငံတကာက အသိအမှတ်ပြုလာရတယ်။ အမိန့်အာဏာကို ဖီဆန် လှုပ်ရှားခဲ့တာမို့  တ၇ားစွဲဆိုခြင်းခံရပါတယ်။ ၂၀၀၅ စက်တင်ဘာမှ ၂၀၀၆မတ်လအထိ  ထပ်ဆင့်ပြီး  ဇွန်လအထိ နေအိမ်အကျယ်ချုပ် ချခံရပါတယ်။        

Tuesday, December 11, 2012

၁၂.၁၂.၂၀၁၂ မှာ တစ်နှစ်စာ နောက်ပြန် လှည့်ကြည့်တဲ့အခါ

အန်တီတင့်က ၁၂.၁၂.၁၂ မှာ ဘလောဂ့်ဂါတွေ ပိုစ့်တင်ပါ ဆိုလို့ ရေးမယ်ဆိုတော့ ဘာရေးရမှန်းမသိဖြစ်နေတာ။ 
သတင်းတွေဖတ်ရင်း တစ်နှစ်စာပဲ နောက်ကြောင်းပြန်လှည့်လိုက်တော့တယ်။ 
သတင်း ၁၂ ပုဒ်ထက်ပိုသွားတော့ အန်တီတင့် စာလာဖတ်ရင် ၁၂ ပုဒ်ပဲ ရွေးဖတ်သွားနော်။ 
မိတ်ဆွေသူငယ်ချင်း၊ အစ်ကို၊ အစ်မ၊ မောင်ငယ်၊ ညီမငယ်အားလုံး လာမယ့် ၂၀၁၃ မှာလည်း ပိုကောင်းတဲ့ဘဝလေးတွေ စိတ်ကြိုက်ဖန်တီးနိုင်ပါစေ ဆုတောင်းလိုက်ပါတယ်။

ဇန်နဝါရီ ၇ - ဘီယွန့်စ် နဲ့ ဂျေဇီ တို့ရဲ့ သမီးဦးလေး အတွက် မွေးဖွားတဲ့အထိမ်းအမှတ်ပွဲလေးလုပ်ကြတယ်။ သမီးလေး နာမည်ကို ဘလူးအိုင်ဗီကာတာ(Blue Ivy Carter) လို့ နာမည်ပေးလိုက်သတဲ့။ ဘလူးအိုင်ဗီလေးမွေးပြီး ဂျေဇီရဲ့ သီချင်းသစ် Glory မှာ ဘလူးအိုင်ဗီရဲ့ ငိုသံလေး ထည့်ထားတော့ အသက်အငယ်ဆုံးအဆိုတော်လေး Billboard Music Chart မှာပေါ်ထွက်လာတာပေါ့။

Monday, December 10, 2012

သမားတော် ဇီဝက

ဘုရားရှင် လက်ထက်က သမားတော်ဇီဝက ဆိုတာ ရှိတယ် သမီးရဲ့။ သမီဖွားဖွားက မေမေတော်တော်ကြီးတဲ့အထိ (၁၃နှစ် ၁၄နှစ် ထိ) နေ့လည်နေ့ခင်း သားအမိ အားလပ်တဲ့အခါ ပြောပြတတ်တယ်။ ခု သူ့အကြောင်း အကျဉ်းချုံးပြောပြချင်တယ်။ ဘုရားရှင့်လက်ထက်တော်ကတည်းက ခွဲစိတ်ချုပ်လုပ်တဲ့ အတတ်ပညာ ရှိခဲ့ကြောင်းသိထားရအောင်လို့..။

ဒီလိုကွဲ့ ..
ရာဇဂြီုလ်ပြည် ဗိမ္ဗိသာရ မင်းကြီးလက်ထက်မှာ သာလ၀တီဆိုတဲ့ အမျိုးကောင်းသမီးတယောက်ကို ကခြေသည်အရာထားလို့ မင်းမူးမတ်များ တစ်ညကို အသပြာတစ်ထောင်ပေးပြီး ပျော်ပါးကြတဲ့အထဲမှာ သားတော် အဘယမင်းသားလဲ ပါဝင်နေတယ်။ (အဇာတသတ်က တစ်ယောက်)  တစ်နေ့တော့ သာလ၀တီမှာ အဘယမင်းသားရဲ့ သန္ဓေ စွဲကပ်တည်ရှိနေတဲ့အတွက် ကခြေသည်မဟာ  မကျန်းမာဟန်ဆောင်ပြီးအခန်းအောင်းနေတယ်ကွဲ့။ ဆယ်လပြည့်တဲ့အခါ တင့်တယ်လှပတဲ့  သားယောက်ျားလေးကို မွေးဖွားပေမဲ့ မရှိအပ်လို့ ယူဆပြီး သားကို ကျွန်မ တို့အား စွန့် ပစ်စေပါတယ်။ကျွန်မတွေက လူသွားလမ်းတခုက အမှိုက်ပုံမှာ အလွယ်တကူ စွန့်ပစ်လိုက်သတဲ့။ တိုက်တိုက်ဆိုင်ဆိုင်ဘဲ  အဘယမင်းသားကလဲ အကြောင်းတစ်ခုခုကြောင့် အဲဒီ အမှိုက်ပုံနားရောက်ရှိလာပြီး ကျီးငှက်တို့ ၀ိုင်းအုံထိုးဆိတ်နေတဲ့ အထုပ်တခုကို စိတ်ဝင်တစား ကြည့်ရှု မိပါရော။   မွေးကင်းစ ကလေးသူငယ်မှန်း သိတော့ (ငါနှင့် ထိုက်လို့ ရပေသည် )လို့ နှစ်လုံးမူကာ သိမ်းပိုက် မွေးမြူထားတယ်။ 
“အသက်ရှိသေးရဲ့လား" လို့ အဘယမင်းသားရဲ့ အမေးစကားကြောင့် အများက ကလေးနာမည်ကို "ဇီဝက"လို့ဘဲ လွယ်လွယ် ခေါ်လိုက်ကြတော့တယ် တဲ့။

အရွယ်ရောက်လာတဲ့အခါ အဘယမင်းသားကို “ခမည်းတော် သားရဲ့ မိခင် အဘယ်သူဖြစ်သနည်း" လို့ မေးတော့တာပေါ့။ အဘယမင်းသားကလဲ မကွယ်မ၀ှက်  “ဇိဝက သင့်မိခင်ကို ငါမသိ အမှိုက်ပုံတွင် ကျီးငှက်တို့ ၀ိုင်းအုံသဖြင့် ငါ ကောက်ယူ မွေးမြူထားခြင်းဖြစ်သည်"   လို့ အမှန်အတိုင်း ဖွင့်ပြောလိုက်တယ်။  
ဒါနဲ့ဘဲ ငါ့မှာ တွယ်တာစရာမိခင်ဘခင် မရှိ ငါ့ကိုယ်ငါ အားကိုးရမည်။ ပညာရှာ၇မည် လို့ တွေးတောပြီး ဘယ်လိုပညာမျိုးကို သင်ယူမလဲ အလေးအနက်ထား စဉ်းစားလိုက်တော့ ဆေးပညာမှတpfပါး သူ့အကျိုး ကိုယ့်အကျိုး ရှိစေမည့် အခြားသော ပညာရေးကို မမြင် လို့ ဆုံးဖြတ်ပြီး တက္ကသိုလ်ပြည်ကို ဦးတည် ထွက်ခွာ ခဲ့တယ်။ ဒီသာပါမောက္ခဆရာ့ထံမှာ ကောင်းစွာပညာသင်ကြားပြီး ၇နှစ်ရှိတဲ့အခါ
“ဆရာ ဆေးအတတ်ပညာ ပြီးဆုံးပါပြီလား “ မေးတယ်။ ဆရာက တူရွင်းတစ်ချောင်းပေးပြီး
 “အချင်း ဇီဝက ဤတူရွင်းကို ယူ၍ အရပ်လေးမျက်နှာမှာ ဆေးဘက်မ၀င်သည့် အပင်ကို တူးယူးခဲ့ “
ခိုင်းစေသတဲ့။ ဇီဝကလဲ လေးရက်တိုင်တိုင် ရှာပေမဲ့ ဘယ်မှာမှ ဆေးဘက်မ၀င်တဲ့အပင် ရှာမရ သူ့နေရာနဲ့သူ အသုံးဝင်နေတာမို့ “ဆရာ မတွေ့ပါ" လို့ လျှောက်သတဲ့ 
“ကောင်းပြီ။ ဇီဝက အသင် ပညာစုံပြီးဖြစ်၍ ဆေးကုသခွင့် ငါပေးပြီ။ ပြန်လိုက ပြန်လော့" လို့  ဆိုတယ်။

ဒါနဲ့ ဆေးတက္ကသိုလ်က ကျောင်းဆင်းလာတဲ့ ဆေးသမားလေး ဆရာ ဇီဝကဟာ သာကေတပြည်ရောက်တော့ ဦးစွာ ဆေးကုဖို့ လူနာတယောက် ရရှိလိုက်တယ်။ သာကေတပြည်သူဋ္ဌေးကြီးကတော်ရဲ့ ဦးယဉ်းခေါင်းခဲနာ ကို ထောပတ်မှာ ဆေးများ ပေါင်းထည့် စပ်ယူပြီး နှာနှပ် ပေးပါသတဲ့။ ၇နှစ်ရှိပြီဖြစ်တဲ့ ခေါင်းကိုက် ရောဂါဟာမမန်းရ မမှုတ်ရဘဲ  တခဏချင်းပျောက်ကင်းချမ်းသာသွားပါသတဲ့ကွယ်။ ဒီတော့ အသာပြာလေးသိန်း ဆေးဘိုးရပါတယ်။ဇီဝကဟာ ရလာတဲ့ဆေးဘိုးဝါးခ လေးသိန်းကို ရာဇဂြိုလ်ပြည်ရောက်တဲ့အခါ အဘယမင်းသားထံခစားပြီး “တကြိမ်သာ ဆေးကုရသေးသည့် လာဘ်ဦးကို ကျွန်ုပ်အားမွေးမြူသော ကျေူဇူးရှိသည်ဖြစ်၍ သိမ်းတော်မူပါ” လို့ အပ်သတဲ့။ အဘယမင်းသားက မသိမ်းပါဘူး။
"သင်ရသော ဥစ္စာသည် သင့် အဖို့သာ ဖြစ်ပါစေ” လို့ ငြင်းပယ်လိုက်တယ်။
‘ဒီ့နောက် ဗိမ္ဗိသာရမင်းကြီးရဲ့ မြင်းသရိုက်နာကို ကုပါတယ်။ လက်သည်းထိပ်မှာ ပါလာတဲ့ ဆေး မျှလောက်နဲ့ မင်းကြီးရဲ့အနာ အရှင်းပျောက်တယ်လို့ ဆိုပါတယ်။ မင်းကြီးက ကျေးဇူးတင်လွန်းလို့ ဥစ္စာငွေကြေး ပေးသော်လည်း အဘိုးအဘွား ဥစ္စာကို မယူကောင်း မယူထိုက်ပါလို့ ငြင်းပယ်လိုက်တယ်။ အဲဒီနောက် ရာဇဂြိုလ် သူဋ္ဌေးကြီးရဲ့ ခေါင်းကိုက်နာကိုတော့ အိပ်ယာမှာ ပက်လက်သိပ်ပြီး နှာ ၏ အာနုဘော်နှင့် အိပ်ပျော်စေသတဲ့။ မေ့ဆေးသဘောပါ။ ပြီးရင် ဦးရေကို ဓါးနဲ့ ခြစ်လွှာပြီး ဦးနှောက်ဖေါက်စားနေတဲ့ ပိုးနှစ်ကောင်ကို ဖယ်ရှားပါတယ်။ ပြီးရင် ဦးရေကို ပြန်စေ့ပိတ်ပြီး ဆေးလူးပါတယ်။ ၂၁ရက်အကြာမှာ အကောင်းပကတိ ဖြစ်သွားပါသတဲ့။ ရရှိလာတဲ့ အသပြာ နှစ်သိန်းထဲက တ၀က်ကို မင်းကြီးအား ပေးအပ်ပါသတဲ့။

နောက်တစ်ယောက်က ဗာရာဏသီသူဋ္ဌေးသားတစ်ယာက် ခလေးတို့ ဘာဝဦးခေါင်းဇောက်ထိုး ဆော့ကစားရာမှာ အူထုံးသွားလို့ ဗိုက်ကိုခွဲ ပြီး  ထုံးနေတဲ့ အူကို ဖြေပေးပါသတဲ့။ ပြီးမှ နေရာမှန် ပြန်ထားပြီး ခွဲထားတဲ့ ဗိုက်ကိုပြန်ချုပ်ပါတယ်။ ဆေးလိမ်းကြံထားပေးပြီးတာနဲ့ ၂ရက်အကြာမှာဘဲ အကောင်းပကတိ ဖြစ်သွားပါတယ်။ နောက်ထပ်  သမီးအဖွားပြောတာက နားရောဂါ ဝေဒနာ ကို နှစ်ချီ ခံစားနေရတဲ့ သူဋ္ဌေးမတယောက်ရဲ့ နားထဲက ပိုးကောင်ကို ဗုံသံတစ်မျိုးပေးပြီး  ချော့မြှူ ခေါ်ထုတ်တာနဲ့ ပျောက်ကင်းသွားတယ် လို့ ဆိုတယ်။ နောက် စမ္ပာနဂိုရ်ပြည်က စန္ဒပဇ္ဇောတမင်းရဲ့ ရောဂါကိုတော့ ထောပတ်နံ့ မရအောင် အနံ့ဖျောက်ပြီး ဆေးပေါင်းစုံ ပြွမ်းနှောလို့ တိုက်ကြွေးရ တယ်။ ဒီမင်းက အစောကတဲက ထောပတ်နံ့ မခံနိုင်ဘူးပြောထားတာမို့ သူကလဲ ထောပတ်မပါဘဲ ဆေးစီရင်လို့ မရတာကြောင့် ဆေးတိုက်ပြီးရင် ပြေးဖို့ အဆင်သင့်ပြင်ထားတာလေ။ ဇီဝကတို့ ဥာဏ်သွားပုံများ။ မင်းဆိုတာ စိတ်မထင်ရင် သတ်မှာကိုး။ ဆေးသောက်ထားတဲ့သူက လေကြို့ထိုးတဲ့အခါ ထောပတ့် နံ့ ထွက်ပါလေရော ဇီဝကကို သတ်စေ မိန့်တာဘဲလေ။

အစကတည်းက ဇီဝက က ဘုရင့်ထံ မြို့တခါးတွေကို ဇီဝကလာရင် ဖွင့်ထားပေးဖို့ ကြို ခွင့် တောင်းထားတာကွဲ့။ ဘာရမလဲ။ ဇီဝက က ဘဒ္ဒ၀တီဆင်မကိုစီး ပြေးလိုက်တာ တစ်ခါတည်း ရာဇဂြိုလ်ရောက်ရောဘဲတဲ့။ ရောဂါ ရှင်းရှင်းပျောက်သွားတဲ့အခါ သိဝိတိုင်းဖြစ် အသပြာ တသိန်းထိုက်တဲ့ ပုဆိုးကို ကံတော့ပါသတဲ့။ ရှင်ဘုရင်တွေမှ ၀တ်ရတဲ့ပုဆိုးလေ။ ကျေးဇူးသိတတ်တဲ့ ဇီဝကဟာ ဘိုးတော်  ဗိမ္ဗိသာရမင်းကြီးကို မင်းနဲ့ထိုက်သည်လို့ တသိန်းတန်ပုဆိုးကို  ကံတော့လိုက်ပါသတဲ့။  ဇီဝက ဟာ မိခင်ဘခင် ဘယ်သူဘယ်ဝါဆိုတာ မသိပါဘူး။ ဒါပေမဲ့  အားမငယ်တတ်ဘူး။ ကိုယ်စွမ်းကိုယ်စနဲ့ ရပ်တည်နိုင်အောင် ကြိုးစားတာများ တကယ် အတုယူဖို့ပါဘဲ။ သူ ဆေးပညာသင်မယ်လို့ လာတော့ ငွေကြေးဥစ္စာတပြားတစ်ချပ်မှ  ပါလာတာမဟုတ်ဘူးကွဲ့. အဘယမင်းသားကိုတောင် ဘခင် မဟုတ်တာသိရော မပြောမဆို ထွက်ချသွားတာ။ ဆေးပညာသင်ပေးတဲ့ ဆရာ့အိမ်မှာ ဝေယျာဝိစ္စအားလုံး မငြီးမငြူ လုပ်ပေးတာကိုး။ ဆရာကလည်း ချစ်တော့ ဆရာစားမချန် အကုန်သင်ပေးတယ်။တဲ့။

ဇီဝကဟာ နောင်အခါ ဘုရားရှင့်သမားတော်လည်း ဖြစ်ခဲ့တာပါ။ ဘုရားရှင် ကိုယ်တော်တိုင် မကျန်းမမာ ဖြစ်ရင် ဇီဝကသာ ကုသရပါတယ်။ (ဘုရားဘဲ နေမကောင်းမဖြစ်နိုင်ဘူးလို့ မထင်လေနဲ့။) ဘုရားက ဟောထားတယ်လေ။ ငါဘုရား၏ ခန္ဓာကိုယ်သည် ရေ မြေလေ မီး ဓါတ်ကြီးလေးပါး အစုအဝေးသာဖြစ်သည့်လူသားစင်စစ်တည်း တဲ့ သွေးလေဖေါက်ပြန်ရင် ကိုယ်လက်မအီသာတာ ဘာညာ ဖြစ်မှာဘဲလို့ ဆိုလိုတာ။  ဘုရားရှင် ၀မ်းတော်လားတဲ့အခါ ၀မ်းချုပ်တော်မူတဲ့အခါ စသည်တို့မှာ သမားတော် ဇီဝက သာ ကုစားရပါတယ်။ ဒေ၀ဒတ် က တောင်စောင်းကနေ ကျောက်မောင်းဆင် လှိမ့်ချတုံးက ခြေမတော် ထိခိုက်ပါတယ်။ ဇီဝက ကုသရပါတယ်။ အဲဒီနောက်မှာ သမားတော် ဇီဝက ရယ်လို့ ရာဇဂြိုလ် ဝေသာလီ သာဝတ္ထိ စသည် ဘုရားရှင် သက်တော်ထင်ရှား ရှိခဲ့ ကာလ တလျှောက်လုံး ရှမ်းရှမ်းတောက် နာမည်ကြီးခဲ့တာလို့ ဆိုရမှာ ဖြစ်ပါတယ်။ အဇာတသတ်မင်းသားကို ဘုရားရှင့်ကျောင်းတော်ကို သွားတရားနာဖို့ လမ်းညွှန်ခဲ့တာလဲ သမားတော် ဆရာ ဇီဝက ဘဲ ဖြစ်ပါတယ်။ ဆရာဇီဝကရဲ့ အကြံဥာဏ်ကိုယူလို့  အဇာတသတ်မင်းဟာ ဗုဒ္ဓဘာသာဝင်တဦး  ဖြစ်မြောက်ခဲ့ပါတယ်။ လူသားတို့၏ အကျိုးစည်းပွားကို ဆောင်ရင်း နောက်ဆုံးမှာတော့ ဆရာဇီဝက ဟာ  နိဗ္ဗာန်ဝင် စံပျော်သွားခဲ့ပါတယ် သမီးရေ..။

မေမေ ခင်မေသစ် 

တစ်သက် မမေ့ရက်စရာ အပျော်လေးတွေ

(Happily ever after)

လူ့ဘ၀ဆိုတာ ကျော်ကြားမှုလေးတွေနဲ့ထုံမွှန်းထားရင် ပျော်စရာကောင်းမှာပါ။ ဟိုဟိုဒီဒီသွားသွားလာလာပျော်စရာကလေးတွေဖန်တီးနိုင်ရင်တော့ မိသားစုလေးတွေရဲ့ဘယ်တော့မှ မမေ့နိုင်တဲ့ အပျော်ရက်လေးတွေဖြစ်လာမှာပါပဲ။ Reader's Digest မဂ္ဂဇင်းအယ်ဒီတာက ကမ္ဘာတလွှားမှာ ထင်ပေါ်ကျော်ကြားတဲ့  ပျော်ပွဲရွှင်ပွဲကလေးတွေ အမယ်စုံတင်ပြထားပါတယ်။ ကျော်ကြားထင်ရှားတဲ့ ပျော်ပွဲရွှင်ပွဲလေးတွေမှာ မိသားစုလေးတွေ ပျော်ရွှင်စွာဆင်နွှဲနိုင်ဖို့ ရည်ရွယ်ပါသတဲ့။

(၁) ဘရာဇီးလ်က ကားနီးဗဲလ်ပွဲတော်

Saturday, December 08, 2012

ဂျွန်လင်နွန်ကို လုပ်ကြံခြင်း(မပြီးဆုံးသေးတဲ့ သီချင်းတစ်ပုဒ်)

ဒီနေ့ လင်နွန်လုပ်ကြံခံရတဲ့နေ့မို့ ပြန်တင်လိုက်တာပါ။
အမှန်ကဒီနေ့ကို မေ့နေတာ။ 
fb မှာ သူငယ်ချင်းတစ်ယောက်တင်ထားတဲ့ပုံလေးတွေ့တာနဲ့ ပြန်သတိရသွားလို့)
စာတွေဖတ်ရင်းဖတ်ရင်း သိရတာတွေများများလာတဲ့အခါ ဘာကိုမှ မယုံကြည်နိုင်တော့သလိုပါပဲ။ တရားမျှတမှုဆိုတာတွေက နေရာတိုင်းမှာ၊ တိုင်းပြည်တိုင်းမှာ ပျောက်ကွယ်ခဲ့ကြတာပဲ။ ငယ်ငယ်ကတော့ ရုပ်ရှင်တွေကြည့်တဲ့အခါ စီအိုင်အေ၊ အက်ဖ်ဘီအိုင် ဂက်စတာပို အဖွဲ့ကြီးတွေ ထူးချွန်ခမ်းနားလိုက်တဲ့လှို့ဝှက်အဖွဲ့အစည်းကြီးတွေရယ်လို့ အံ့သြတကြီး ဖြစ်ခဲ့ရတာပေါ့။ မေမေကြိုက်လို့ သဘောကျခဲ့တဲ့ မင်းသားဟောင်းကြီးရေဂင်၊ ကနေဒီမိသားစုတွေ၊ အမေရိကန် သမ္မတတွေ၊ ဘုရှ်အထိ အထင်ကြီးသဘောကျစိတ်တွေနဲ့။ တစ်ကယ်တော့ တိုင်းပြည်တိုင်းက အာဏာတစ်ခုရဲ့ နောက်ကွယ်မှာ ရှုပ်ထွေးပွေလီလှတဲ့ မဟာဗျူဟာတွေပြည့်နှက်နေတော့တာပဲ။ အမှန်တရားဆိုတာ ဘက်တစ်ဘက်၊ ဘယ်ဘက်မှာမှ ရှိမနေကြတော့ဘူး။

အာဏာ၊ ငွေကြေး၊ ထင်ပေါ်ကျော်ကြားမှုတွေကြားက အဲဒီလူတွေဟာ ...အာဏာ၊ ငွေကြေး၊ ထင်ပေါ်ကျော်ကြားမှုတွေကြားက အဲဒီလူတွေကိုပဲ ...အာဏာ၊ ငွေကြေး၊ ထင်ပေါ်ကျော်ကြားမှုတွေကြောင့်ပဲ .......
ထိတ်လန့်စရာကြီး ရက်စက်လှတဲ့ လုပ်ရပ်တွေနဲ့ လက်စတုံး ဖျောက်ဖျက်နေကြတယ်။

ကမ္ဘာကြီးမှာ  လုပ်ကြံမှုကြောင့် တိတ်တဆိတ်သေဆုံးသွားကြရသူတွေ၊ သဘာဝဘေးကြောင့် ပြက်ပြက်ထင်ထင်သေဆုံးကြရသူတွေ၊ စစ်ပွဲတွေကြောင့် အချင်းချင်းတိုက်ခိုက်ရင်း မရှုမလှသေဆုံးကြရသူတွေ ပြည့်နှက်လို့ နေပြီ။ တိုက်ခိုက်မှုတွေနဲ့ ပင်ပမ်းနွမ်းလျ နေတဲ့နိုင်ငံတွေ၊ လူတွေ လူတွေ .... သနားလိုက်တာ။ ဆုတောင်းရုံကလွဲလို့ ထောက်ပံ့မှုတစ်စုံတစ်ရာတောင် မလုပ်နိုင်တဲ့ကိုယ်ဟာ၊ သနားပြီးရင်း သနားနေမိတယ်။
အဖြေရှာမရတဲ့ ပုစ္ဆာတွေ၊ အမှန်တရား လိုက်ရှာလို့မတွေ့နိုင်လောက်အောင် ပရိယာယ်များလိုက်တဲ့အဖြစ်အပျက်တွေ စဉ်းစားရတာ၊ သတင်းတွေဖတ်ရတာ ခေါင်းတွေလည်း မကြည်နိုင်တော့ဘူး။ သနားလွန်းမက သနားလာလွန်းတော့လည်း ကိုယ့်အနီးအနားက ခွေးလေးကိုပဲ အားတိုင်း အစားတွေခွံ့ ခွံ့ ကျွေးနေမိတော့တာပဲ။ ခွေးလေးမှာ ရင်ပြည့်ရော့မယ်။ မယုံမရှိပါနဲ့၊ ဒါ တစ်ကယ်ပါ။ လုပ်ချင်တာတွေ ပိုပို များလာပြီး၊ မလုပ်နိုင်တာတွေပို ပို များနေတဲ့ ကိုယ့်အဖြစ်မှာ၊ မကြည်တဲ့ခေါင်း၊ လေးလံတဲ့ စိတ်နှလုံးကိုပိုက်လို့ ကိုယ့်ရဲ့နေ့တွေကို ကိုယ်တတ်နိုင်သလိုပဲ .. ဖြစ်သလိုကျော်ဖြတ်နေရတော့တာပါပဲ။
အန်တီစု ခရီးတစ်လျှောက်အဆင်ပြေ ချော့မွေ့ပါစေ။
အားလုံး အမြန်ဆုံးဘေးရန်ကင်းရှင်းပါစေ။
******************

၁၉၈၀ ဒီဇင်ဘာ ၈ ရက် နေ့၊ နယူးယောက်မြို့ရဲ့ ကျောချမ်းစရာကောင်းလှတဲ့ ဒါကိုတာတိုက်ခန်းအိုကြီးအပြင်ဘက်မှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်က စိတ်ကူးယဉ်ပြဇာတ်တစ်ပုဒ်လိုပါပဲ။ ကြောက်ရွံ့ထိတ်လန့်စရာ။ ကမ္ဘာအကျော်ကြားဆုံးရောခ့်စတားလို့ ပြောနိုင်တဲ့ ဂျွန်လင်နွန်ဟာ သတိမရတစ်ချက် ရတစ်ချက်နဲ့ လဲလျောင်းခဲ့ရပါပြီ။ ထိပ်တုံးကျည်တောင့် ၄တောင့်က ကျောဘက်ကနေဖောက်ဝင်ခဲ့ပြီ။ ဇနီးသည် ယိုကိုအိုနိုက လင်နွန်ရဲ့ ဦးခေါင်းကို သူမရဲ့လက်တွေနဲ့ထွေးပွေ့ထားရင်းနဲ့ပဲ စူးစူးဝါးဝါးအော်ဟစ်နေခဲ့တယ်။

အေးရိပ်ကို ဘယ်လိုရှာပါ့မယ် (အပိုင်း ၂)

(၈)
“အလိုလေး လေ..သမီး ဘယ်လိုလုပ်လိုက်တာလဲကွယ်။ ချုပ်တာမှ မကြာသေးဘူး။ ခက်တာပဲ”

တနေ့ ခိုင် ကိုယ်လုံးပေါ်မှန်ရှေ့ဘယ်ပြန် ညာပြန်လှည့်ကြည့်ကျေနပ်နေစဉ် မေမေ အခန်းထဲ ၀င်လာတယ်လေ။ ခိုင်ကလဲ ခိုင်ပဲ။ အင်္ကျီအသစ်စက်စက်ကိုမှ ဖြတ်တောက်ကိုက်ညှပ်ပြီလက်တိုလုပ်ပစ် ၀တ်ကြည့်နေတာပေါ့။ မေမေတို့က လက်တိုမှ  ပေးမ၀တ်တာကို။ အိမ်စေတွေမှဝတ်ရသတဲ့။ အိမ်မှုကိစ္စလုပ်နေရသူဖြစ်လို့  လက်တိုဝတ်မှ အဆင်ပြေတယ် တဲ့။ ဒါပေမဲ့ သူမျုားဝတ်သလို မိခိုင်လဲ ၀တ်ချင်မိသည်။ မေမေကလေ ဗြစ်တောက် ဗြစ်တောက်နှင့် မြည်တွန်တောက်တီးနေတာ မပြီးဘူး။
“ဂုဏ်သရေရှိ မိကောင်းဘခင်သမီးဆိုတာ အ၀တ်အစားဝတ်ရင်  လော်လီ ဆန်းပြားမှု မရှိရဘူး" လို့ တချက်လွှတ် အမိန့် ပေးသွားတယ်လေ။ ကျွန်မခါးက အင်္ကျီလေးကိုပါ ချွတ်ခိုင်းပြီး ယူသွားတော့သည်။

Thursday, December 06, 2012

အနားမှာ ဘာမှ မရှိတော့တဲ့အခါ

ဘ၀မှာ လူသားပီပီ စား ၀တ်နေရေး အတွက် ရုန်းကန်ရမည်။ 
အလုပ်ရှိမည်၊ ငွေကြေးရှိမည်၊ 
အိမ်ထောင်မိသားစုရှိမည်၊ ဇနီး ခင်ပွန်း ချစ်သူ ရှိမည်၊ မိတ်ဆွေရှိမည်။ 
ဒါတွေ ဘာမှ မရှိတော့တဲ့အခါ ဒီလူအဖို့ ဘယ်လိုရှေ့ဆက်ရပါ့…..။ 
ဒီအဖြေကို နစ်ခ်ဟယ်လ် ဆေး က ကျွန်မကို ပါးပါးလျပ်လျပ်လေး ချပြခဲ့သည်။

xxxxxx
နစ်ခ်ဟယ်လ်ဆေး  စိတ်လေနေသည်။ ကားကို ဘယ်ဆီမောင်းရပါ့။ သူ အလုပ်လုပ်သည့် ကုမ္ပဏီက အပြောင်းအလဲလုပ်ဖို့ စဉ်းစားသည့်အခါ သူ့လို လခများများ လူကြီးဝန်ထမ်းထက် လစာနည်းနည်း လူငယ် ၀န်ထမ်းအသစ်တွေကို အစားထိုးတော့မည်။ ၁၅နှစ်လုံးလုံးအချိန်တွေ ဒီကုမ္ပဏီကို ပေးဆပ်ခဲ့ခြင်း၏ရလဒ်က အလုပ်ထွက်ရခြင်းပဲလား။ နစ်ခ်စိတ်ထဲ ခံပြင်းလှသည်။ ပိုဆိုးတာက ရိုးရိုးသားသား နှင်ထုတ်ခြင်းမဟုတ်ဘဲ ဘယ်နှခုနှစ်က ဘယ်လိုဖြစ်ပျက်ခဲ့ ဆိုပြီး အရက်မူးလွန်စဉ်က အပြစ်တွေကို ခုမှ ထုတ်ဖော်ပြောခံ ရတာပါပဲ။ သူ့အပိုင်ပစ္စည်းတွေကို ပုံး သုံးပုံးနှင့် ယူသွားနိုင်သည်တဲ့။ ဒါဆိုလုံလောက်ပြီတဲ့။ ကားကိုတော့ အခုလ နောက်ဆုံးပတ်ထိ အသုံးပြုနိုင်သေးသည်။ ဒီတော့လည်း ဒီကားတစ်စီးနှင့်ပဲ စိတ်ဦးတည့်ရာ လျှောက်သွားရတော့မည်။ ကားကို ရပ်လိုက်၊ ဘီယာ တစ်ဘူးမော့သောက်လိုက်။ နစ်ခ်အတွက် ဒီဘီယာဘူးတွေက မိတ်ဆွေထက် ရင်းနှီးမှုပိုနေကျ အဖော်တွေဖြစ်သည်။

`မင်းရဲ့ထုတ်ကုန်ကို သိရမယ်၊ အလုပ်ထဲမှာ ပါစင်နယ်ကွန်ပျူတာဖြစ်ဖြစ်၊ စာရွက်တစ်ရွက်ပဲဖြစ်ဖြစ် ဘယ်လို အလုပ်လုပ်နေ တယ်ဆိုတာ သိရမယ်၊ ဖောက်သည်ကို သိရမယ်၊ သူတို့ဆီက ရသမျှ အကုန် သင်ယူရမယ်။ သူတို့ ဘာလိုချင်တယ် ဘာမလိုချင်ဘူး ဆိုတာ နားထောင်နိုင်ရမယ်၊ ကွက်ကျော်ကြိုမြင်နေရမယ်။ အဖြေမရှိရင် အဖြေကို ရှာကိုရှာရမယ်၊ ရှင်းရှင်းလေးပဲ……´။

မနေ့ကအထိ တော့ ပြောခဲ့တဲ့စကားအတိုင်း တစ်သဝေမတိမ်း နစ်ခ် အလုပ်တွေလုပ်နိုင်ခဲ့သားပဲ။ အခု……။
နစ်ခ်သိလိုက်ပြီ။ ထွေးရှုပ်လိမ်ရစ်တဲ့ စိတ်တွေနဲ့ အိမ်ကို ပြန်လာတော့ အံ့သြကြေကွဲစရာ မြင်ကွင်းတစ်ခုက ဆီးကြိုနေသည်။ အိမ်ထဲရှိသမျှ သူ့ကိုယ်ပိုင်ပစ္စည်းမှန်သမျှက အိမ်ရှေ့ မြက်ခင်းပြင်မှာ ဖရိုဖရဲပြန့်ကြဲ နေသည်။ အိမ်ကလည်း သော့ပြောင်းပိတ်ခံထားရပြီ။ တံခါးရွက်က သော့အိမ်က သူ့သော့တံကို မှတ်မိနိုင် ခြင်းမရှိတော့။ ကိုယ်ပိုင်လျှို့ဝှက်နံပါတ်ကိုလည်း သူ့အိမ်တံခါးက ငြင်းဆန်ခဲ့ပြီ။ ထူးဆန်းလှချည့်။ မတတ်နိုင်။ ဇနီးသည် ကက်သရင်းဆီ ဖုန်းဆက်တော့လည်း ဖုန်းမကိုင်။ ဒီနေ့ ငါအလုပ်ပြုတ်ခဲ့တယ်လို့ ပြောပြမယ့် စကားတစ်ခွန်းကိုတောင် အချိန်ပေး နားထောင်မယ့်သူ မရှိ။ ပစ္စည်းအစုအပုံတွေကြားမှာ ဆက်တီတစ်ခုံကို ချကာ အဲဒီခုံပေါ် ထိုင်လျက် အိပ်ရတော့သည်။ မနက်လင်းတော့ အိမ်ရှေ့အိမ်မှာ မိန်းမတစ်ယောက် ပစ္စည်းတွေချနေတာမြင်သည်။ အိမ်ပြောင်းလာတာဖြစ်မည်။ ဗိုက်အနည်းငယ်စူထွက်နေသည့် ကိုယ်ဝန်ဆောင်မိန်းမကို ပစ္စည်းတချို့နစ်ခ် ကူသယ်ပေးလိုက်သည်။ သူမ နာမည်က စမန်သာ။ ဓာတ်ပုံဆရာမ တဲ့။

“မင်း ငါ့ပစ္စည်းတွေ ခဏကြည့်ပေးနိုင်မလား စမန်သာ”

စမန်သာက မြက်ခင်းပေါ်ပြန့်ကြဲနေသည့် ပစ္စည်းတွေကို လှမ်းကြည့်ကာ “အိုကေ”တဲ့။ ပြီးမှ သူ့ဝမ်းဗိုက်ကို သတိရသွားဟန်နှင့် ဆိုသည်။
“အို မဖြစ်သေးဘူး။ ကျွန်မ ဒီက ဆရာဝန်အသစ်နဲ့ သွားတွေ့ရဖို့ ရှိသေးတယ်ရှင့်”
xxxxx

သူ့ပစ္စည်းတွေအနားမှာ ကောင်လေးတစ်ယောက် စက်ဘီးတစ်စီးနှင့် ရိပ်သီရိပ်ဝှဲ လုပ်နေတာ နစ်ခ် မြင်သည်။ ကောင်လေး နာမည်က ကင်နီ။ ကားသော့ ဘယ်ရောက်သွားမှန်း မသိ။ ကောင်လေး၏စက်ဘီးနှင့် စတိုးဆိုင်ပြေးရသည်။ ဆိုးတာက အကြွေးဝယ် ကတ်ကလည်း အလုပ်မလုပ်တော့။ တစ်ယောက်ယောက်က သူ့ကတ်ကို ပိတ်လိုက်ပြီ၊ အပြင်လူလုပ်လို့မရမှန်း နစ်ခ် သိပါသည်။ ကတ်ပေါ်မှာ လက်မှတ်အတူ ရှိနေသည့်လူ၊ ကက်သရင်းပဲပေါ့။ ရက်စက်ပါပေ့။ ပြန်လာချိန်မှာ သူ့ကားပေါ်လူတစ်ယောက်က တက်ထိုင်ကာ မောင်းထွက်သွားသည်။ သော့ပျောက်နေတဲ့ကြားက ဘာနဲ့ဘယ်လို ဖွင့်မောင်းပါလိမ့်။ ပေါ်ပေါ်ထင်ထင်ပဲ သူ့ကားကို ခိုးမောင်းသွားသည်။ နစ်ခ် ပြေးလိုက်ပေမဲ့ မမီ။ ကားထဲက သူ့အကျီတချို့ လမ်းမပေါ်ပြန့်ကြဲလျက်။ နောက်ဆုံး ဒီမြက်ခင်းပြင်ကိုပဲ ယာယီအိမ် လုပ်ရတော့သည်။ သူ့တစ်ကိုယ်စာ လှည့်သာ ထိုင်သာရှိအောင် ပြန့်ကြဲနေသည့်ပစ္စည်းတွေကို အနည်းငယ် နေရာတကျဖြစ် အောင် ရွှေ့ပြောင်းတပ်ဆင် နေရာချရသည်။ ထိုင်စရာ အိပ်စရာ ထိုင်ခုံတစ်လုံး။ တပ်ဆင်ခြင်းအနုပညာအောက်မှာ ဘီယာတစ်ဘူး ထိုင်သောက်နေခိုက် ရဲတစ်ပွေ ရောက်လာ သည်။ လူမြင်ကွင်းမှာ မဖွယ်မရာ မလုပ်ရဘူးတဲ့။ သောက် ပြဿနာပဲ။

“ ကျွတ်…ဒါ မဖွယ်မရာလား၊ ကျုပ်အိမ်ရှေ့ ကျုပ်ဘာသာ ဘီယာထိုင်သောက်တာလေ”
မကျေမချမ်းနှင့် အဲဒီရဲပြန်ထွက်သွားပြီး နောက်ထပ် ရဲတစ်ပွေရောက်လာပြန်သည်။ ဒါက သူ့မိတ်ဆွေ ဖရန့်ခ် ပါ။
“ငါ အလုပ်ပြုတ်ခဲ့တယ်၊ ငါ့မိန်းမကလည်း ထွက်သွားပြီ…”လို့ ပြောပြလိုက်တော့ ဖရန့်က အံ့သြပုံမရ။ တစ်နေ့ ဒီလိုပဲ ဖြစ်မှာ ပေါ့ဆိုသည့် အရာရာကို ကြိုသိနေသလို မျက်လုံးဝါ၀ါတွေနှင့် စိတ်ပျက်သလို နှစ်သိမ့်ချင်သလို ကြည့်သည်။ နစ်ခ်က သူ့ သဘောထား ကို ရှင်းပြလိုက်သည်။
 “ဒါ ငါ့အိမ်လေ၊ ငါ့မြက်ခင်းလေ၊ ဒီနေရာလေးက ငါ့နေရာလေးပါကွာ၊ ငါ ဒီဟာတွေကို ချန်မထားခဲ့နိုင်ဘူး၊ ငါ ဒီကနေ ခွာမသွားချင်ဘူး”
“ကောင်းပြီ၊ ဒီည ဘယ်သူမှ ဒီဘက် ကင်းမလှည့်အောင် ငါ ကြည့်ကြက်လုပ်လိုက်မယ်”
ဒီလိုဆိုတော့လည်း ဖရန့် ကို ကျေးဇူးတင်စရာပဲ။ မနက်လင်းတော့ ဖရန့် ရောက်လာသည်။ သူ့လက်ထဲ စာရွက်တစ်ရွက် လာထည့်သည်။
“ဒီမှာ ထိုင်နေရင် စုတ်တီးစုတ်ပဲ့ပဲ ဖြစ်နေမှာပဲ၊ ရော့ ဒီမှာ ပိုင်ဆိုင်မှုမရှိသူတွေကို ၅ ရက်နဲ့နေရာပြန်ချပေးတယ်၊ လက်မှတ်ထိုးလိုက်၊ မင်းဆို သုံးရက်နဲ့ရမယ်”

တယ်တော်တဲ့ သူငယ်ချင်းပဲ၊ အများသူငါထက် အခွင့်အရေးပိုရအောင် လုပ်ပေးထားတယ်ပေါ့။ ခက်တာက ဒီနေရာလေး ကနေ ခွာမသွားချင်။ အရာရာ ဒီနေရာမှာရှိသည်။ ကက်သရင်းချစ်သည့် ငါးလေးတွေမွေးထားသည့် ရေကန်လည်းရှိသည်။ ဒါ သူ့အိမ်၊ အရာရာမြှုပ်နှံရင်းနှီး တည်ဆောက်ခဲ့တဲ့ အိမ်တစ်လုံးကို ချန်ရစ်ထားခဲ့ရမှာ မဖြစ်နိုင်တာပဲ။
“ငါ့ဟာတွေ ဒီဟာတွေရောင်းပစ်ခဲ့ရမှာလား၊ ထိုက်သင့်သလောက်ပိုင်ဆိုင်ခဲ့ပြီးမှ အရာရာကို ဖြိုဖျက်ခဲ့ပြီး ဘ၀ကို ငါ အသစ်ပြန်စရမှာလား”
”မင်းရဲ့စုတ်တီးစုတ်ပဲ့ပစ္စည်းတွေ ရောင်း မရောင်း ငါစိတ်မ၀င်စားဘူး၊ သုံးရက်နဲ့ ဒီပစ္စည်းတွေ အပြီးရှင်းမလား၊ ထောင်ထဲ သွားမလားဆိုတာလည်း  ငါ မမေးတော့ဘူး”
ဖရန့်စိတ်ဆိုးသွားပြီ။ ဆိုးလေ ဆိုးပေါ့။ အိမ်ကို အပိတ်ခံရတော့ရော ဘာအရေးလဲ ဒီလိုပဲ အိမ်ရှေ့ ဒီမြက်ခင်းပြင်လေးမှာ နေလိုက်ရုံပေါ့။ ဒီမှာပဲ နေဖို့ နစ်ခ် ဆုံးဖြတ်လိုက်သည်။
နောက်တစ်နေ့။ သူ့ပစ္စည်းတွေအတွက် အစောင့်သဘော ကန်နီဆိုတဲ့ကောင်လေးကို ခေါ်ထားရသည်။ တော်တော်လာတဲ့ ချာတိတ်၊ ဘာတွေလုပ်ရမှာလဲ အရင်မေးသည်။ ပြီးတော့ ငွေဘယ်လောက်ရမလဲတဲ့။ တစ်နာရီ ၄ဒေါ်လာပေးမည် ဆိုတော့ အရီဇိုးနားမှာ အလုပ်ခေါ်ဈေးက အနိမ့်ဆုံး ၇ဒေါ်လာနဲ့ ၂၅ဆင့်ရှိတယ်တဲ့ ။ ၇ဒေါ်လာနဲ့တည့်သွားသည်။ နစ်ခ်ပိုင်ဆိုင်သည့် ပစ္စည်းတွေကို ကင်နီက ရောင်းပေးရမည်၊ နစ်ခ်မရှိချိန်မှာ အစောင့်လုပ်ပေးရမည်။

“ဒါ ရှင့်ရဲ့ ပထမဆုံး အဟောင်းရောင်းတဲ့ အတွေ့အကြုံလား”လို့ စမန်သာက မေးလာသည်။ စနေနေ့ဆို ရောက်လာ တတ်တဲ့လူတွေကို သတိထား၊ သူတို့ကအောက်ဈေးနဲ့ မတရားဈေးနှိမ်ယူတတ်တယ်လို့ သတိပေးလာသည်။ စမန်သာက အဲဒီလူတွေ နှင့် အဆက်အသွယ်ရှိသည်၊ ဟောင်းပေမဲ့ ကောင်းနေဆဲ ကင်မရာတွေ သူတို့ဆီက ပြန်ဝယ်သုံးသည်တဲ့။
“မင်းဓာတ်ပုံပြပွဲလုပ်ဖူးလား”
“တချို့တလေ ရောင်းရဖူးတယ်၊ ဒါပေမဲ့ ဒါနဲ့တော့ ဘယ်တော့မှ ချမ်းသာလာမှာမဟုတ်ဘူး၊ ဒါနဲ့ စကားမစပ် ပြောရဦးမယ်၊ ကျွန်မ ယောက်ျားက ကျွန်မဆီက ဓာတ်ပုံဝယ်ဖူးတယ်ရှင့်၊ ဒါနဲ့ပဲ သူနဲ့ဖူးစာဆုံတာ”
“ငါ့မှာ နမော်နမဲ့ အမှားတွေရှိခဲ့တယ်”လို့ အစချီကာ စမန်သာကို အတိတ်ဇာတ်လမ်းတစ်ခု ပြောပြဖြစ်သည်။

“အလုပ်ကိစ္စ အရောင်းအ၀ယ်တစ်ခု ပြီးဆုံးသွားလို့ အောင်ပွဲခံပါတီလုပ်တုန်းက လူတိုင်းရှန်ပိန်သောက်ကြတယ်၊ ငါလည်း သောက်တယ်၊ ဘယ်လောက်သောက်မိလဲတော့ မသိဘူး၊ ရှယ်ရွန်ဆိုတဲ့ကောင်မလေးအခန်းမှာ ငါတို့ဆက်သောက်ဖြစ်တယ်၊ မိုးလင်း တော့ ရှယ်ရွန်ထွက်သွားတယ်၊ မကြာခင်ပဲ စုံစမ်းစစ်ဆေးရေးနဲ့ အင်တာဗျူးသမားတွေရောက်လာပြီး…ဟာ..ငါ မပြောချင်တော့ ဘူး…..မင်းသိမှာပါ မင်းဘာသာတွေးကြည့်တော့…”

“ရှင် တစ်ခုခု လုပ်မိခဲ့သလား…”
“မသိဘူး မသိဘူးကွာ၊ ငါသိတာက အဲဒီတုန်းက လူတိုင်းလက်ထဲမှာ ဖန်ခွက်တစ်လုံးစီရှိသလို င့ါလက်ထဲမှာလည်း ဖန်ခွက်တစ်လုးံရှိတယ်ဆိုတာပဲ”

ကျွန်မ သွားသင့်ပြီ ဆိုကာ စမန်သာ ထထွက်သွားသည်။ ပစ္စည်းတွေ ရောင်းကူနေသည့် ကင်နီ့ကိုကြည့်ကာ နစ်ခ်မေးသည်။

“မင်းကိုအသုံးမကျဘူးလို့ မင်းအိမ်က ဘာလို့ထင်တာလဲ ငါမသိဘူး၊ တကယ်တော့ လူတိုင်းမှာ `ငါ´ဆိုတာ များနေလို့ပါ၊ `ငါ´နည်းနည်းပဲလိုပြီး `ငါတို့´ဆိုတာ များများလိုတာ ဒါကို လူတော်တော်များများ မသိကြဘူး”

အမေသုံးခဲ့သည့် ကင်မရာလေးကို နစ်ခ်မရောင်းချင်။ စမန်သာ့ကို သတိရသွားသည်။ စမန်သာ့ကို ကင်မရာသွားပေးလိုက် သည်။

“ကောင်းသေးလားတော့မသိ”
“အို ဘုရားရေ အကောင်းကြီးပဲရှိသေးတယ်”
ကင်မရာလေးကို ကြိုက်ပုံရပေမဲ့ စမန်သာက ငြင်းသည်။ ငါမင်းကို လက်ဆောင်ပေးချင်လို့ပါလို့ ပြောရသည်။ စမန်သာက နစ်ခ် ဘက်ကိုလှည့်ချိန်ကာ ဓာတ်ပုံတစ်ပုံစမ်းရိုက်လိုက်သည်။
နောက်တစ်နေ့မှာ အထက်တန်းကျောင်းတုန်းက သူငယ်ချင်း ဒီလိုင်လာ့လိပ်စာကို စုံစမ်းကာ နစ်ခ်သွားလည်သည်။ လောလောဆယ် ငယ်ငယ်တုန်းကမိတ်ဆွေတစ်ယောက်ယောက်ကို တွေ့ချင်စိတ်ပေါ်နေသည်။ ခင်ပွန်းသည်က ပစ်ထားခဲ့လို့ ကလေး သုံးယောက်နှင့် ဘ၀ကို ဆက်လက်ရင်ဆိုင်နေသည့် သူငယ်ချင်းကို ကြည့်ကာ နစ်ခ် များစွာ အံ့အားသင့်ရသည်။

“မင်း ဒီဟာလေးတွေကို ဘယ်လိုဖြေရှင်းလဲ၊ ကျွေးမွေးရတယ်၊ ပြုစုရတယ်၊ ထောက်ပံ့ရတယ် တစ်နေ့တစ်နေ့ မဆုံးတဲ့ တာဝန်တွေလေ”

နစ်ခ်တကယ်အံ့သြနေသည်။ သူ့မှာတော့ တစ်ကိုယ်စာပင် တာဝန်ယူနိုင်ခြင်းမရှိ၊ အလုပ်ပြုတ်၊ မိန်းမက အိမ်ကထွက်သွား၊ အိမ်က အပိတ်ခံရ။ အရေးအကြောင်းဆို မိန်းမတွေမှာ ယောက်ျားတွေထက် တာဝန်ယူရဲတဲ့သတ္တိ ပိုရှိလေသလားမဆိုနိုင်။ ဒီလိုင်လာ ပြောခဲ့တဲ့စကားက သူ့အာရုံထဲ ကပ်ငြိပါလာသည်။ `အဆိုးမရှိဘဲ တစ်လျှောက်လုံးကောင်းနေတာဟာ အကောင်း မဟုတ်ဘူး၊ အဆိုးတွေကြုံပြီး အဆိုးတွေထဲမှာ ကောင်းအောင် လုပ်နိုင်တာကမှ တကယ့် ပြည့်ဝတဲ့ အကောင်း´   တဲ့။

အဆိုးတွေထဲမှာ ကောင်းအောင် ဘယ်လိုလုပ်ရပါ့။ လောလောဆယ် နစ်ခ်မှာ ဘီယာကုန်နေပြီ။ ညက ဘီယာသောက်ဖို့ ပိုက်ဆံမရှိတော့။ စတိုးဆိုင်ရှေ့သွားပြီး ဈေးဝယ်သူတွေဆီကနေ ဘီယာတစ်ဘူးလောက်ပေးဖို့ မရှက်မကြောက် တောင်းမိသည်။ ဘယ်သူမှလည်း သူ့ကို အရေးမလုပ်ကြ။ သူ့နေရာလေးကို ပြန်လာခဲ့သည်။ မြက်ခင်းပေါ်ပြန့်ကြဲနေသည့် ပစ္စည်းတွေကို ဒေါသထွက် ထွက်နှင့် ကန်ကျောက်ပစ်လိုက်သည်။ အိမ်ကနေလှမ်းမြင်နေသည့် စမန်သာက မနေနိုင်တော့ဘဲ ဆေးလာတိုက်သည်။ ငါ ဘီယာတစ် ဘူးလောက် သောက်ဖို့လိုနေတယ်ပြောတော့ စမန်သာက ဒီဆေးပဲသောက်ပါ ပင်ပန်းတာတွေလျော့ကျသွားလိမ့်မယ်တဲ့။

ပင်ပန်းနွမ်းနယ်မှု၊ အထီးကျန်မှုနဲ့အတူ ရှုပ်ထွေးနေတဲ့လက်ရှိခံစားချက်တွေက စကားတွေ မှားယွင်းအောင် စေ့ဆော်လေ သလား နစ်ခ် မစဉ်းစားတတ်တော့ပြီ။

“မင်းကို စတွေ့ကတည်းက ငါးမိနစ်အတွင်း ငါနားလည်ခဲ့တယ်၊ မင်းကမင်းခင်ပွန်းအတွက် မင်းမြတ်နိုးတဲ့ဓာတ်ပုံသမားဘ၀ ကို စွန့်လွှတ်အနစ်နာခံခဲ့တာပဲ၊ ပြီးတော့ သူက တအားသောက်တယ်မို့လား၊ ငါ့လိုပဲလေ၊ သူ့ကို စိတ်ပြောင်းသွားအောင် နေရာအသစ် ၀န်းကျင်အသစ်တွေ မင်းဖန်တီးပေးတယ်၊ အဲဒါက ပိုကောင်းသွားအောင်လား၊ ပိုဆိုးသွားအောင်လား၊ ဘယ်လိုမိန်းမမျိုးက ဒီလူနဲ့ နေထိုင်ဖို့ ကြိုးစားနေတာလဲ”

မချိတင်ကဲခံစားချက်တွေ ဖိတ်လျှံထွက်ကျကုန်သည်။
“ဘာ… ဘာပြောတယ် ဘယ်လိုမိန်းမ ဟုတ်လား ဒါဆို ကျွန်မက ဘာလဲ ဘာကို ဆိုလိုတာလဲ”
မျက်နှာတွေနီမြန်းဒေါသထွက်လာသည့် စမန်သာကို ကြည့်ကာ နစ်ခ် ပြောချလိုက်သည်။

“မင်းအိမ်ခန်းလိုက်ကာတွေဆွဲတင်ဖို့လိုပြီ”
“ဘာလဲ တစ်နေ့လုံး ငေးကြည့်နေတဲ့ အမူးသမားတစ်ယောက်ရှိလို့လား”
ဘာတွေဖြစ်ကုန်သလဲ နစ်ခ်မသိတော့။ စမန်သာက သူ့ကို ဘီယာဘူးခွံတွေနှင့် ကောက်ပေါက်ကာ ပြန်သွားသည်။ နစ်ခ် ၀မ်းနည်းထိခိုက်ကာ ကျန်ရစ်ခဲ့သည်။ သူ့အနားမှာ ဘယ်သူမှ မရှိတော့။ ဘယ်အရာမှလည်း မရှိတော့၊ သောက်စရာ ဘီယာလေး တစ်ဘူးတောင်မှ မရှိတော့၊ ရှိရင်ကော သောက်ချင်ဦးမှာလား မသိတော့။ ဘယ်လို ဘယ်ပုံ အိပ်ပျော်သွားသည် မသိတော့။ ဘာမှ မသိတော့ဘဲ အိပ်ရာကနိုးထလာချိန်မှာ ကင်နီက သူ့ပစ္စည်းတွေကို မျိုးတူတာ မျိုးမတူတာ ခွဲခြားကာ စနစ်တကျနေရာချပေးထား သည်ကို တွေ့ရသည်။ ၀ယ်တဲ့သူတွေအတွက် လွယ်ကူအောင်လုပ်ပေးထားတာလို့ ကင်နီပြောသည်။  ဖရန့်ရောက်လာကာ ပစ္စည်းတွေကို လှည့်ပတ်ကြည့်ရှု ၀ယ်ယူအားပေးနေကြသည့် လူတွေကို ကြည့်ရင်း နစ်ခ်ကို ပြောသည်။

“မင်း သူတို့ကို သွားခွင့်ပြုလိုက်ပြီပေါ့…”
“ဒါပေါ့ အဆုံးတော့ အားလုံး သွားရမှာပဲလေ” ကျွမ်းကျင်စွာ ဈေးရောင်းပေးနေသည့် ကင်နီ့ကို ငေးကြည့်ကာ ကက်သရင်းဆီဖုန်းခေါ်မိသည်။ ဖုန်းက ကိုင်မည့်သူမရှိ။ မက်ဆေ့ခ်ျအသံထားခဲ့လိုက်သည်။ “ကက်သရင်း အခု ငါ ဒါတွေကို မစွဲလမ်းတော့ဘူး၊ အားလုံးကို သွားခွင့်ပြုလိုက်ပြီ၊ ဘယ်အချိန်ပဲဖြစ်ဖြစ် မင်းအဆင်သင့်ဖြစ်ရင် ငါ့ကို ခေါ်လိုက်ပါကွာ”။

စမန်သာ့ဆီသွားကာ ညက စကားတွေကတောက်ကဆတ်ဖြစ်ခဲ့တာကို တောင်းပန်ရသည်။ သူမခင်ပွန်း ရောက်လာတော့ မည်လို့ စမန်သာပြောပြခဲ့သည်။ ၀မ်းသာစရာပဲ။ ကက်သရင်းရော သူ့ဆီ ဘယ်တော့ ရောက်လာမှာလဲလို့ တွေးကာ နစ်ခ် ရင်တွေ ခုန်လှုပ်သည်။ စမန်သာက ကင်မရာစမ်းကြည့်ရင်း ရိုက်ခဲ့သည့် သူ့ပုံကို ခုမှ ပေးလာသည်။ ပုံအောက်မှာ စာတန်းတစ်ခုတွေ့သည်။ အရာရာ မဆုံးရှုံးသေးပါဘူး တဲ့။ နစ်ခ် အားတက်သွားသည်။ အလုပ်ကတော့ ဆုံးရှုံးခဲ့ပြီ။ မဆုံးရှုံးသေးတာ ဒါဖြင့် ..ကက်သရင်းဖြစ်မှာပေါ့။

ဖရန့်အလုပ်ရှိရာ ရဲစခန်းကို လိုက်သွားသည်။ ဖရန့်က ခဏစောင့်ပါဆိုကာ အတွင်းခန်းထဲ ၀င်သွားသည်။ စားပွဲပေါ်က ဖရန့်ရဲ့ဖုန်းမြည်လာသည်။ ကြည့်မိသွားသည့်မျက်လုံးတွေကို ဖောက်ထုတ်ပစ်ချင်သည်အထိ မုန်းတီးစက်ဆုပ်သွားသည်။ ဖုန်းခေါ်သူက ကက်သရင်း။ အရာရာအခုပဲ ဆုံးရှုံးသွားပြီ။ စမန်သာ့စကား မမှန်နိုင်တော့။ ဖရန့်ဝင်လာတော့ စိတ်တွေထိန်းမရဘဲ လက်သီးနှင့်ပစ်ထိုး မိသည်။ ဘယ်ရမလဲ ဖရန့်က လူဆိုးတွေကို လျှပ်တစ်ပြက် ဖမ်းဆီးနိုင်သည့် ရဲပဲ။ နစ်ခ်လက်သီးလောက်တော့ အပျော့ပေါ့။ နစ်ခ်လက် တွေကို ပြန်ချုပ်ထားနိုင်သည်။

“မိန်းမတွေက သောက်ပြီး အလုပ်မလုပ်တဲ့သူနဲ့ မသောက်ဘဲ အလုပ်လုပ်တဲ့သူ ဘယ်သူ့ကို ပိုကြွေမယ်ထင်လဲ၊ ကက်သရင်း က ပိုကောင်းတဲ့သူနဲ့ ထိုက်တန်တာ”တဲ့။
ဖရန့်စကားတွေက နစ်ခ်ရင်ကို မြားနဲ့တည့်တည့်ပစ်ခွင်းလိုက်သလို၊ ရင်တစ်ပြင်လုံး စူးနစ်အောင် နာသည်။ တော်သေး တာပေါ့၊ `မင်းမိန်းမ ကက်သရင်းက မင်းထက်ပိုကောင်းတဲ့ ငါ့လိုလူနဲ့မှ ထိုက်တန်တာ´လို့ တိုက်ရိုက်မပြောတာပဲ ကျေးဇူးတင်ရဦးမည်။ နာနေတဲ့သူ့ရင်ကို ဗြန်းဗြန်းကွဲထွက်သွားအောင် မေးခွန်းတွေနဲ့ ပစ်ပေါက်ခဲ့သေးသည်။

“မင်းနဲ့ ကက်သရင်း အတူအိပ်ခဲ့တာ ဘယ်လောက်ကြာပြီလဲ၊ ပြီးတော့ ကက်သရင်းကို ပျော်ရဲ့လားလို့ မမေးခဲ့တာ ဘယ် လောက် ကြာပြီလဲ”တဲ့။

“မင်းက မူးဖို့ပဲ သိတဲ့လူ၊ မူးပြီး ရှယ်ရွန်နဲ့အိပ်ခဲ့ဖူးတယ်၊ မင်းကို ချစ်နေသေးတယ်လို့တော့ ကက်သရင်းက ပြောပါတယ်၊ ဒါပေမဲ့ သူ အခု မင်းကို ကွာရှင်းချင်ပြီတဲ့၊ ဒီမှာ စာရွက်စာတမ်းတွေ သူ့လက်မှတ်ပါပြီးသား..အော် ပြီးတော့ အိမ်ကိုလည်း သူတစ် ယောက်တည်း အပိုင်လိုချင်တယ်တဲ့၊ ဒီထဲမှာ သုံးစွဲဖို့ငွေတချို့လည်း ရှိတယ်…”

xxxxxxxx

အရာအားလုံး ဆုံးရှုံးလိုက်ရသည့်အခါ လူတစ်ယောက်ရဲ့ရင်ထဲ ဘယ်လောက်ဗြောင်းဆန်သွားမှာပါလိမ့်….ကျွန်မ တွေးထိတ် ကာ နစ်ခ်ရဲ့ကြေကွဲမျက်နှာကို ဘယ်လို ဆက်ကြည့်ရမယ်မှန်း မသိတတ်တော့ပါ။ မျက်စိရှေ့မှာ မြင်နေရသည့် နစ်ခ် ပုံစံကတော့ ဘာမှမရှိတော့သည့် သူ့ဘ၀အခြေအနေအပေါ် တည်ငြိမ်စွာလက်ခံယူလိုက်ပြီ ဆိုတာပါပဲ။ ပြီးတော့ သူက ပြောလိုက်သေးသည်။

“တောင်းပန်ပါတယ် လို့ ငါ့မိန်းမကို ပြောလိုက်ပါ”တဲ့။ မိမိရဲ့အားနည်းချက်ကို မိမိဘာသာ သိရှိသဘောပေါက်သွားသူအဖို့ တောင်းပန်စကားကလွဲပြီး တခြားစကား ဆိုဖွယ်မရှိတော့ပြီပဲ။

ဘီယာဝယ်နေကျ စတိုးဆိုင်လေးရှေ့ နစ်ခ် ရောက်သွားချိန်မှာ ကျွန်မ ထိတ်ခနဲဖြစ်သွားသည်။ ဘာမှမရှိတော့သည့်ဘ၀ကို စိတ်နာနာနှင့် ဘီယာရည်တွေထဲ ထပ်ကာထပ်ကာ ရေစုန်မျော နစ်မြှုပ်ပစ်လိုက်တော့မလား။

ခြေလှမ်းတွေ တစ်ချက်တုံ့ခနဲဖြစ်သွားပေမဲ့ နစ်ခ်က စတိုးဆိုင်ကို လျစ်လျူရှုကျောခိုင်းကာ ဆက်လျှောက်သွားခဲ့သည်။ နစ်ခ်ရဲ့ အနာဂတ်အတွက် ကျွန်မ စိတ်မပူတော့ပါ။ လောလောဆယ် သူ့မှာ ဘာမှ မရှိတော့ပေမဲ့ တစ်နေ့ အရာရာသူ့ဆီ ပြန်ရောက်လာအောင် နစ်ခ် စွမ်းဆောင်နိုင်လိမ့်မည်လို့ ကျွန်မ ယုံကြည်လိုက်ပါသည်။ အခု သူ့ဆီက ထွက်သွားကြသည့်အရာတွေထက် ပိုပြီး သစ်လွင် တောက်ပမည့် အရာရာတွေပေါ့။

ဂျူနီယို
Film – Everything Must Go
Cast – Will Ferrell ( Nick Halsey )
         Rebecca Hall( Samantha )
         Michael Pena ( Frank)
(Family မဂ္ဂဇင်း၊ ဒီဇင်ဘာ)