Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, July 31, 2012

ဟယ်လို အ၀ါရောင်

နေရောင် အလင်းစွမ်းအားပြည့်ဝနေတဲ့ အိမ်လေး
အ၀ါရောင်ဟာ နွေးနွေးထွေးထွေးရှိတယ်။ နေသာတဲ့နေ့အလင်းရောင်လိုပဲ။ ဖိတ်ခေါ်ဆွဲဆောင်နိုင်စွမ်းရှိတယ်သတဲ့။ ဒါပေမဲ့ အ၀ါရောင်လေးတွေထဲက အရောင်အဆင်းမှာယွင်း ရွေးချယ်မိမယ်ဆိုရင်တော့ ဆွဲဆောင်နိုင်စွမ်းရှိတာတွေလွင့်ပျောက်သွားပြီး စိတ်အနှောင့်အယှက်တောင်ဖြစ်နိုင်ပါတယ်။ အိမ်တွင်း အလှဆင်လိုကြသူတွေဟာ များသောအားဖြင့် လင်းလက်တဲ့တောက်တောက်ပပအရောင်လေးတွေ ရှာဖွေတတ်ကြတယ်။ သူတို့အတွက် အ၀ါရောင်က အခန်းတိုင်းကို ကျယ်ဝန်းတဲ့အရသာပေါင်းစပ်ပေးနိုင်တဲ့ နှစ်သက်ဖွယ်ရာ အရောင်အသွေးလေးပါ။ စိတ်ကြည်နူးနှစ်သက်စရာ ကိုယ့်ရဲ့ပတ်ဝန်းကျင်လေးဖြစ်စေဖို့ကတော့ မှန်ကန်တဲ့အ၀ါရောင် ရောင်စဉ်လေးတွေ ရွေးချယ်ဖို့ အဓိကကျပါတယ်။ အ၀ါရောင်လေးကို ကိုယ့်ရဲ့ အိမ်လေးဆီယူဆောင်လာတာဟာ သဘာဝအလင်းရောင်လေးပေါင်းစပ်ပေးလိုက်သလိုပါပဲ။ နေရဲ့အရောင်အဆင်းလို့ တင်စားကြတဲ့ အ၀ါရောင်ဟာ သဘာဝအလင်းရောင်ကင်းမဲ့မှုကို အစားထိုးလင်းလက်စေတယ်။ ပျင်းရိညစ်ညူးစရာ မှုန်ကုတ်ကုတ်အခန်းလေးတစ်ခန်းအတွက် မရှိမဖြစ်အရောင်အဖြစ်ရပ်တည်နေပါသတဲ့။ အခန်းတစ်ခန်းလုံးရဲ့လေထုထဲကို အလင်းတွေဖြန့်ကျက်လွှမ်းမိုးနိုင်တဲ့ အရောင်လေးပါ။ အသွေးအရောင်အမျိုးမျိုးထဲက ရောင်စဉ်တွေထဲမှာ အ၀ါရောင်ဟာ အဖျော့ဆုံးဖြစ်ပြီး အပေါင်းလက္ခဏာဆန်တဲ့စိတ်ခံစားမှုနဲ့ ဆက်စပ်နေပါတယ်။ ရွှန်းရွှန်းစိုစို အ၀ါရောင်နွေးနွေးဟာ သဘာဝကမ္ဘာမြေကြီးက ဖြာထွက်လာတဲ့အရောင်ပါ။

Sunday, July 29, 2012

ဟိုသတင်း ဒီသတင်း

၁. ကွာရှင်းခွင့်ကြောင့် ၀င်ငွေထိခိုက်သွားတဲ့ တွမ်ခရုစ်
ဟောလိဝုဒ်ရဲ့ ၀င်ငွေအမြင့်ဆုံးသရုပ်ဆောင်စာရင်းမှာ ရှိနေတဲ့ တွမ်ခရုစ်ဟာ ဇနီးကေတီဟုမ်းစ်ရဲ့ ကွာရှင်းခွင့်လက်ခံရရှိခဲ့ပြီးနောက်ပိုင်း ဒုတိယနေရာမှာရှိနေတဲ့ လီယိုနာဒိုဒီကာပရီယို နီးနီး လျော့ကျသွားခဲ့တယ်လို့ Forbes မဂ္ဂဇင်းက ဖော်ပြခဲ့ပါတယ်။ သူ့ရဲ့ဇနီးကေတီဟုမ်းစ်က ဇွန် ၂၉ ရက်နေ့က ကွာရှင်းခွင့်နဲ့ သမီးလေး ဆူရီကို အပြည့်အ၀အုပ်ထိန်းခွင့်အတွက် ကြေငြာလိုက်ပါတယ်။ အသက် ၅၀ပြည့်ပြီးတဲ့မင်းသားရဲ့ Mission: Impossible ရုပ်ရှင် Ghost Protocol ဟာ ဒေါ်လာ ၇၀၀သန်း(ပေါင်၄၄၆သန်း) ရရှိခဲ့တာပါ။ Forbes ရဲ့ ပြုစုထားတဲ့စာရင်းတွေမှာ ၂၀၁၁ မေလနဲ့ ဒီနှစ်မေလအတွင်း တွမ်ခရုစ်ရဲ့ ၀င်ငွေက ဒေါ်လာ၇၅သန်း(ပေါင်၄၇သန်း)ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်က ထိပ်တန်းဝင်ငွေကောင်းတဲ့ မင်းသားလီယိုနာဒိုဒီကာပရီယို ဟာသသရုပ်ဆောင် အဒမ်စန်ဒလား နဲ့ ၀င်ငွေတူ ဒေါ်လာ ၃၇သန်း(ပေါင် ၂၃သန်း)မှာရှိနေခဲ့တယ်။ ဒီကာပရီယိုဟာ သူ့ရဲ့ ၂၀၁၀ ရုပ်ရှင် Inception အပြီးမှာ ၀င်ငွေလျော့သွားခဲ့ပါတယ်။ စန်ဒလားကတော့ ၂၀၁၁ ရုပ်ရှင် Jack and Jill နဲ့ ၀င်ငွေမြင့်လာခဲ့တယ်။ ဟောလိဝုဒ်မင်းသားတွေရဲ့ ၀င်ငွေမှာ စန်ဒလားပြီးရင် ဒွိန်းဂျွန်ဆန် က ဒေါ်လာ ၃၆သန်း၊ ဘန်းစတင်လား က ဒေါ်လာ ၃၃သန်း၊ စာချာဘာရွန်ကိုဟန် က ဒေါ်လာ သန်း ၃၀၊ ဂျွန်နီဒက် က ဒေါ်လာ သန်း ၃၀၊ ၀ီလ်စမစ်က ဒေါ်လာ သန်း ၃၀၊ တေလာလော့တ်နာ က ဒေါ်လာ ၂၆.၅ သန်း၊ ရောဘတ်ပက်တင်ဆန်က ဒေါ်လာ ၂၆.၅သန်း အသီးသီးရရှိကြတယ်လို့ Forbes မဂ္ဂဇင်းက ဖော်ပြပါတယ်။

ကေတီဟုမ်းစ်နဲ့ ကွာရှင်းဖြစ်ခဲ့ရင် အဲဒါဟာ ခရုစ်ရဲ့ တတိယအကြိမ်ဖြစ်ပြီး ဟုမ်းစ် အတွက်တော့ ပထမအကြိမ်ပါ။ တစ်ချို့သတင်းတွေမှာ ကေတီကွာရှင်းခွင့်တောင်းခံတာဟာ  ၆နှစ်သမီးလေး ဆူရီကို ခရစ်ယာန်အယူဝါဒမဟုတ်တဲ့ Scientology အယူဝါဒ(အဆုံးမသတ်တဲ့နာမ်ဝိညာဉ်၊ ဘ၀သစ်ပြန်ဝင်စားခြင်း နာမ်လောကစိတ်ကုထုံးတွေ ယုံကြည်တဲ့ အယူဝါဒ) ကို အတင်းအကျပ်ယုံကြည်ဖို့ ခရုစ်က ဖိအားပေးမှုတွေရှိလာတာကြောင့်လို့ ရေးသားကြတယ်။ ခရုစ်ကိုယ်တိုင်ကလည်း Scientology အယူဝါဒကိုးကွယ်သူပါ။ ၁၉၈၇ က ပထမဆုံးကွာရှင်းခဲ့သူ ဇနီး သရုပ်ဆောင် မီမီရောဂျားစ်ဟာ ခရုစ်ကို အဲဒီအယူဝါဒ မိတ်ဆက်ပေးခဲ့တယ် လို့ ဆိုပါတယ်။

Thursday, July 26, 2012

သိမ်မွေ့လွန်းတဲ့ ခေတ်ပြောင်းတော်လှန်ရေး

(သို့မဟုတ်)
ကတ္တီပါတော်လှန်ရေး
ချက်ကိုစလိုဗက်ကီးယားနိုင်ငံရဲ့ “ကတ္တီပါသား” ဒါမှမဟုတ် “သိမ်မွေ့ညင်သာ” တော်လှန်ရေးဆိုတာ ၁၉၆၈ခုနှစ်တော်လှန်ရေးတွေရဲ့ အမွေအနှစ်၊ နယ်မြေထိစပ်နေတဲ့ဒေသတွေရဲ့မူဝါဒကွဲပြားမှု နဲ့ အကြောက်တရားကွယ်ပျောက်သွားခြင်း ရဲ့ ရလာဒ်အဖြစ်ပေါ်ထွက်လာမှုလို့ ဆိုကြတယ်။ စစ်အေးကာလအတွင်း ဆိုဗီယက်ဦးအောင်ပြီး ပုံဖော်ချုပ်ဆိုခဲ့တဲ့ ၀ါဆောစာချုပ်အရ ၁၉၆၈ ခုနှစ် ချက်ကိုစလိုဗက်ကီးယားနိုင်ငံကို ကျူးကျော်ဝင်ရောက်မှုဟာ ပရတ်ဂ်နွေဦး(Prague Spring)တော်လှန်ရေး ပြန်အသက်သွင်းတာကို ချေမှုန်းလိုက်ပါတယ်။ အကျိုးဆက်တွေကတော့ ခေါင်းမာတဲ့ခေတ်စနစ်ကြီးတစ်ခုကို တပ်ဆင်လိုက်တာပါပဲ။ အဲဒီစနစ်ဟာ နယ်ပယ်တိုင်းက တိုးတက်ဖြစ်ထွန်းမှုတွေကို နောက်ထပ် ဆယ်စုနှစ် ၂ ခုစာလောက် ရှေ့တိုးမရအောင် တားဆီးပြစ်လိုက်တယ်။ ချက်ကိုစလိုဗက်ကွန်မြူနစ်ပါတီနဲ့ လူ့အဖွဲ့အစည်းတစ်ခုလုံး ကို အင်အားကြီးကြီးနဲ့ သုတ်သင်ရှင်းလင်းခဲ့တာဟာ ဆိုဗီယက်ပေါ်လစ်ဗြူရိုကွန်မြူနစ်အဖွဲ့ရဲ့ သဘောအတိုင်း ပြုလုပ်ခဲ့တာပါ။ ပရတ်ဂ်နိုင်ငံရေးခေါင်းဆောင်၊ ကွန်မြူနစ်ပါတီရဲ့ပထမဆုံးအတွင်းရေးမှူး အလက်ဇန်းဒါးဒူးဘ်ချက်ခ် နေရာကို ဂူစတာဗ့်ဟူးဆက်ခ် နဲ့ မီလော့ရှ်ယားကက်စ် တို့ကို ပြောင်းလဲထားလိုက်တယ်။ ရလာဒ်ကတော့ အဓိကရာထူးတွေမှာ အရည်အချင်းမပြည့်မီတဲ့ ပါတီအဖွဲ့ဝင်တွေ အုံနဲ့ကျင်းနဲ့ ရောက်လာခဲ့ကြတာပါပဲ။ ချက်ဒေသမှာ အဲဒီခေတ်က အရည်အချင်းရှိပြိုင်ဖက်တွေကို သာမန်လုပ်သားတွေအဖြစ် ဘေးကိုဖယ်ထုတ်လိုက်တယ်။ တချို့ကို အကျဉ်းချလိုက်တယ်။ သုတ်သင်ရှင်းလင်းမှုဟာ စလိုဗက်ကီးယားနယ်မြေဘက်မှာတော့ အတန်အသင့်အားပျော့ခဲ့ပါတယ်။ အဲဒီဘက်မှာ အရည်အချင်းရှိတဲ့နိုင်ငံရေးသမားတွေဟာ သူတို့ရဲ့အလုပ်ရာထူးကို ဆက်ပြီးထိန်းထားနိုင်ကြတယ်။

Saturday, July 21, 2012

ဟိုသတင်း ဒီသတင်း

အပင်ဇောက်ထိုးအောက်မှာ
လန်ဒန်မှာ ၂၀၁၂ နွေရာသီအိုလံပစ်ပွဲတွေပြုလုပ်ကျင်းပပါတော့မယ်။ အိုလံပစ်ပွဲနဲ့အတူ ယဉ်ကျေးမှုပေါင်းစုံရှိနေတဲ့လူတွေအတွက် ရည်ညွှန်းချင်တဲ့ အင်စတော်လေးရှင်းပန်းပုတစ်ခုကို ဗြိတိန်ကအနုပညာရှင်တွေက ပြုလုပ်ခဲ့ကြပါတယ်။ Under the Baobab လို့ အမည်ပေးထားကြတယ်။ အာဖရိ၊ သြစတြေးလျတို့မှာ ပေါက်ရောက်တဲ့အပင်တစ်မျိုးပါ။ အဲဒီအပင်ဟာ သစ်ပင်တစ်ပင်ရဲ့ ဇောက်ထိုးပုံစံနဲ့ ဆင်တူနေတာကြောင် ဇောက်ထိုးပင်လို့လည်းခေါ်ကြတယ်။ ချည်သားပေါင်း ၂၄၀၀ ပေ နဲ့ ပိုက်လုံး တစ်ကီလိုနီးပါး အသုံးပြုထားပါတယ်။ အရောင်အသွေးစုံလင်လှတဲ့ ကမ္ဘာတလွှားက ချည်သားမျိုးစုံကို ကွဲပြားတဲ့လူမျိုးတွေအဖြစ် ကိုယ်စားပြုထားတယ်လို့ ဆိုတယ်။ လန်ဒန်မြို့Southbank Center ရဲ့အပြင်ဘက်မှာ မေလ ၂၄ရက်နေ့ကနေ စတင် ဖွင့်လှစ်ပြသထားလိုက်ပါပြီ။

Friday, July 20, 2012

ပန်းသီးကို မစားနဲ့

Facebook မှာ မစုမီအောင်တင်ထားတဲ့ "ပန်းသီးကို မစားနဲ့" ကို ခွင့်တောင်းပြီး ဒီမှာတင်လိုက်ပါတယ်။ သဘောကျလို့ပါ။

မစုမီအောင်က Facebook မှာ ဒီလိုရေးထားပါတယ်။
"အလင်းအိမ် ခရစ်ယာန်စာပေ မဂ္ဂဇင်းမှာ ရေးခဲ့ဖူးတဲ့ ငယ်နုစဉ်က စာတစ်ပုဒ်ပါ။ အချိန်လေးနည်းနည်းရရင် fb friများ ဖတ်ကြည့်ပေးကြပါဦး။ ဒါကိုဖတ်ဖို့ မိုးအေးအေးမှာ ကော်ဖီတစ်ခွက်နဲ့ အချိန် ၂၄၅ စက္ကန့်ပဲ လိုပါတယ်"  တဲ့
**********
ကျွန်တော်ဟာ အိမ်တစ်လုံးဖြစ်တယ်။ ကျွန်တော့်အတွင်းမှာ လူတွေနေထိုင်ကြတယ်။ အထူးသဖြင့် မိသားစုတွေပါ။ ဖွဲ့စည်းပုံ အမျိုးမျိုးနဲ့ ပေါ့။ တချို့က မိဘနဲ့သားသမီးရှိတယ်။ တချို့က မိဘ၊ သားသမီးအပြင်၊ သားမက်၊ ချွေးမ ရှိကြတယ်။ တချို့က မိဘ၊ သား သမီး အပြင် မြေး၊ မြစ်၊ တူ၊ တူမတွေပေါ့ဗျာ။ အမှန်ကိုဆိုရရင် အဲဒီလိုလူတွေအများကြီး နေထိုင်တဲ့ အိမ်ကြိးတစ်လုံးဖြစ်ရတာ ကျွန်တော့် ကိုယ်ကျွန်တော် အင်မတန်ဂုဏ်ယူမိတယ်။ ခက်တာက ကျွန်တော့်ကို “ခင်ဗျားပျော်ရွှင်ပါသလား”လို့မေးရင် ကျွန်တော်စိတ်မကောင်းစွာနဲ့ ခေါင်းခါပြရမယ့်အဖြစ်ပဲ။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်ဟာအိမ်တစ်လုံးဖြစ်ပေမဲ့ အိမ်တစ်လုံးနရဲ့အင်္ဂါရပ်တွေနဲ့ ကိုက်ညီမှုမရှိသေး ဘူး လို့ ကိုယ့်ကိုယ်ကိုယ်ထင်မိလို့ပါပဲ။ ဟုတ်တယ်ဗျ၊ ကျွန်တော်ဟာ အိမ်တစ်လုံးရဲ့ဂုဏ်သိက္ခာနဲ့ မညီညွတ်သေးဘူး၊ အရည်အသွေး မပြည့်သေးဘူး။ ဆိုလိုတာက အိမ်ဆိုတာဟာ ၀ါးထရံကာထားတဲ့ ယိုင်နဲ့နဲ့အိမ်ဖြစ်စေ၊ ဟိုတယ်တမျှ ခမ်းနားတင့်တယ်တဲ့အိမ်ဖြစ်စေ၊ သူ့ရဲ့အတွင်းပိုင်းမှာ စိတ်နှလုံးတစ်လုံးတစ်ဝတည်းရှိတဲ့ လူသားတွေကို ထည့်သွင်းထားနိုင်ဖို့က အဓိကပဲမဟုတ်လား။

Thursday, July 19, 2012

အန္တရယ်ကြားမှ အံ့ဘွယ်သူရဲ လွန်မြောက်ခြင်း

“ Hero of the Miracle Crash “  by  Dave Sanderson , RD oct 2009
(ခရီးသည် ဒေ့ဗ်ဆဲန် ဒါဆန်  ဟာ ဟဒ်ဆန်မြစ်ထဲ ထိုးကျသွားတဲ့ လေယာဉ်ပျက်ကနေ  အိမ်မက်ဆန်ဆန် အသက်မသေရှင်ကျန်ခဲ့ ရပုံ ကို  ခုလို စိတ်ဝင်စားဖွယ်  ပြောပြခဲ့တယ်။  )

ကျွန်တော်ဟာ လေကြောင်းခရီးမိုင်ပေါင်း ၁၆၀၀၀၀ ကီလိုမီတာ သွားရောက်ခဲ့ဖူးပါပြီ။ အဲဒီခရီးစဉ်အတွင်း တကြိမ်တခါမှ မကြုံ မဆုံဖူးသေးတဲ့ ခရီးစဉ်တစ်ခု ရှိခဲ့ပါတယ်။  ဖြစ်ရပုံက အလွန်ထူးခြားဆန်းကြယ်တဲ့အတွက် အမှတ်တရ ပြန်ပြောင်းပြောချင်နေတယ်။ ကျွန်တော်ဟာ   “အော်ရဲ ကဲလ်" က အရောင်းမန်နေဂျာတယောက် ဖြစ်ပါတယ်။   ဒီတော့  လေယာဉ်အမြဲ စီးရတယ်။ အလုပ်ချိန်သိမ်းလို့ အိမ်ပြန်ရင် လေယာဉ်က နောက်ကျတတ်တဲ့အခါရှိတယ်။  ဇန်န၀ါရီ ၅ရက်  က မြောက် ကာရိုလိုင်းနား ပြည်နယ်  ချားလော့ထ် ကို နယူးရော့ခ် ကနေ သွားဖို့ ကျွန်တော် ညနေ ၅ နာရီ လေယဉ်လက်မှတ် တင်ကြို ပြုလုပ်ခဲ့ပါတယ်။ ပစ္စည်းတွေကိုလည်း အဲဒီနေ့မနက် ၁၁နာရီခွဲလောက်ကတည်းက ထုပ်ပိုးသိမ်းဆည်းထားလိုက်တယ်။ ခရီးသွားဧဂျင်စီက ကွန်တော်တောင်းသလို မဟုတ်ပဲ၊ ၃.၂၅ လေယာဉ် ခရီးစဉ်၊ ယူအက်စ် လေကြောင်းလိုင်း အမှတ် ၁၅၄၉   နဲ့  လိုက်ပါနိုင်ဖို့ စီစဉ်ပေးခဲ့ပါတယ်။ ဒါကတော့ ကျွန်တော် ပုံမှန်အိမ်ပြန်နေကျ လေယာဉ်ပါပဲလေ။ ၁နာရီခွဲ နောက်ကျပြီးမှ  ကျွန်တော် မြေပြင်ကို ရောက်မှာဖြစ်တယ်။ ပြောရရင် ၂နာရီလောက် နောက်ကျပြီးမှ  ကျွန်တော့် ခလေးတွေနဲ့  ဇနီးသည်ကို တွေ့ ရမှာပါ။

ဖြစ်ချင်တော့...၊
ကျွန်တော်စီးတဲ့ လေယာဉ်က လေထဲမှာ. မိနစ်၉၀ လောက်ပဲ ပျံသန်းလိုက်ရသေးတယ်။ တစ်ခါတည်း ဘယ်ဘက်အင်ဂျင် က ပြဿနာ ဖြစ်လာပါရော။  ကျွန်တော် က  အဲဒီဘက်အခြမ်း ထိုင်ခုံ အမှတ် 15A  မှာ ထိုင်တာကိုးဗျ။ ရုတ်တရက်  မီးတောက်မီးလျှံကြီးနဲ့အတူ နားမခံနိုင်စရာ ပေါက်ကွဲသံကြီးက ဟိန်းထွက်လာတော့တယ်။ 

Wednesday, July 18, 2012

သက်ဝင်လှုပ်ရှား "Street Art" အနုပညာ

မကြာခင် နွေးထွေးတဲ့ နွေရာသီရောက်လာတော့မယ်။ နွေရောင်းပိတ်ရက်တွေ၊ အလုပ်နားရက်တွေကိုယ်စီကိုယ်ငှ ယူကြပြီး ဆားဘီးယားနိုင်ငံက၊ ဒီဘဲလ်ဂရိတ်မြို့မှာ သက်ဝင်လှုပ်ရှားလာကြရော့မယ်။ ပန်းချီဆရာစဉ်းစားပါတယ်။ သူ့မြို့လေးက လှုပ်ရှားသက်ဝင်လာကြတော့မယ်အချိန်မှာ သူ့ရဲ့မိတ်ဆွေတွေကို ဘာများပေးနိုင်ပါ့မလဲ။ သူဖန်တီးနိုင်တဲ့ ပန်းချီကားတွေ တစ်ချပ်စီလက်ဆောင်ပေးဖို့လား။ မဖြစ်နိုင်ပါ။ ပန်းချီကားတစ်ချပ်ရေးဆွဲရခြင်းဟာ အဖိုးတန်တဲ့ သူ့ရဲ့ အချိန်တွေများစွာကို ဖဲ့ပေးရတယ်။ တန်ကြေးကြီးကြီး ပန်းချီဆေးတွေသုံးရသေးတယ်။ ပြီးတော့ အချိန်၊ ပစ္စည်းပစ္စယတွေထက် ပိုပြီး အဖိုးထိုက်တန်တဲ့ သူ့ရဲ့ ကျန်းမာရေးကို ဖဲ့ဖဲ့ပေးရသေးတယ်။ တကယ်ပါ။ ပန်းချီကားတစ်ချပ်ဖြစ်လာဖို့ ကြွက်သားတွေရဲ့ညောင်းညာမှုတွေ။ မျက်စိရဲ့ လင်းလင်းမှုန်မှုန်အမြင်အာရုံပီသမှုတွေ။ အနုပညာအား၊ ကာယအား ... အား... အား.. အား ....။ အဲဒီအားတွေကို နှမြောတွန့်တိုမနေပဲ တရိရိဖြုန်းနိုင်လွန်းမှ ကောင်းမွန်ပြည့်စုံတဲ့ ပန်းချီကားတစ်ချပ်ဖြစ်လာရတာ။ အရေအတွက်များများ မြန်မြန်ဆန်ဆန်ဘယ်လိုနည်းနဲ့မှ ဖန်တီးလို့မရနိုင်ပါဘူး။ အဖိုးတန်လှတဲ့ အရာတွေပေးဆပ်ပြီးမှရလာတဲ့ ပန်းချီကားတစ်ချပ်အတွက် ထိုက်တန်တဲ့ တန်ဖိုးတစ်ခုခုကတော့ဖြင့် ဘာကိုမှ မရေရာလှပါ။ ကံဇာတာအားကောင်းလာတဲ့အခါမှသာ  ပန်းချီဆရာရဲ့အိမ်ကို၊ ပန်းချီဆရာရဲ့ပြခန်းကို လူတစ်ချို့ရောက်လာပြီး အဖိုးတန်အရာတွေဖြုန်းတီးမြုပ်နှံထားတဲ့ ပန်းချီကားတွေကို ဟိုဟိုဒီဒီလက်ညိုးထိုးကြပါလိမ့်မယ်။ တီးတိုးတစ်မျိုး၊ ကျယ်ကျယ်လောင်လောင်တစ်ခါ အမျိုးမျိုး အခါခါ ပြောဆိုဆွေးနွေးကြပါလိမ့်မယ်။ ပြီးတော့ ခေါင်းခါမယ်။ ခေါင်းငြိမ့်မယ်။ ခေါင်းလှုပ်မယ်၊ လက်လှုပ်မယ်၊ နောက်ဆုတ်မယ်။ ရှေ့တိုးမယ်။ ဒီလိုဟန်ပန်တွေနဲ့ ဘောင်လေးထဲကို စူးစိုက်ကြည့်ကြလိမ့်မယ်။ မျက်လုံးတွေရဲ့ စူးစိုက်မှု ပိုပြီးအားကောင်းလာပြီ၊ ခေါင်းညိတ်တာတွေ အကြိမ်အရေအတွက်စိတ်လာပြီဆိုရင်တော့ ပန်းချီဆရာ သိလိုက်ပြီ။ သူ့ရဲ့ ဘောင်ခတ်ထားတဲ့တန်ဖိုးကြီးအရာတစ်ချို့ကို တန်ဖိုးတစ်ချို့- ယူရိုစက္ကူချပ်တစ်ချို့၊ ဒီနာစက္ကူချပ်တစ်ချို့ နဲ့ အလဲအလှယ်လုပ်မယ့် ပွဲတစ်ပွဲဖြစ်ပြီပဲပေါ့။

ပြီးရင်တော့ အဲဒီပန်းချီကားကို ပိုင်ဆိုင်သွားသူတစ်ယောက်ပဲ အနုပညာကို တစ်စိမ့်စိမ့် ခံစားပါလိမ့်မယ်။ ဒါဟာ သက်ငြိမ်အနုပညာခံစားမှုမျိုးပါ။ ပန်းချီဆရာပိုပြီး နှစ်သက်တာကတော့အားလုံးဝိုင်းဝန်းပါဝင်လာနိုင်မယ့် အနုပညာမျိုး။ ၀ိုင်းဝန်းဖန်တီးမယ်။ ၀ိုင်းဝန်းခံစားကြမယ်။ အားလုံးမဟုတ်ရင်တောင် လူတွေ .. လူငယ်လေးတွေပူးပေါင်းပါဝင်နိုင်မယ့် သက်လှုပ်အနုပညာမျိုး.. လှုပ်လှုပ်ခတ်ခတ် သဘာဝဆန်တဲ့အနုပညာမျိုးလေ။ ဒါကြောင့် လမ်းမပေါ်မှာ ဖန်တီးသရုပ်ပြတဲ့အနုပညာမျိုးတွေကို ပိုသဘောကျလာခဲ့ရတာ။ တစ်ယောက်တည်းက ဖန်တီးပြီး လူတစ်ဦးကိုပဲ ခံစားမှုပေးတဲ့ အနုပညာရောင်းဝယ်ခြင်းထက်၊ ၀ိုင်းဝန်းခံစားပုံဖော်ပြီးရလာတဲ့ အနုပညာဖန်တီးမှုမျိုး အားလုံးကိုဝေမျှချင်တာ။ အဲဒီအနုပညာဝေမျှမှုဟာ အနုပညာရောင်းဝယ်မှုလို ငွေစက္ကူချပ်တွေမရနိုင်ဘူးဆိုတာတော့ ပန်းချီဆရာ သိတာပေါ့။ ဒါပေမယ့် သူဘာများတတ်နိုင်မလဲ။ သူ့ရဲ့ အသက်ဝိညာဉ်မချုပ်ခင်လေးအတွင်းမှာ သူလုပ်ချင်တာလေးတွေ လုပ်ကြည့်သွားချင်သေးတဲ့ စိတ်အဆာက သူလွန်ဆန်လို့မရနိုင်တဲ့အရာပဲမဟုတ်လား။ ဒီလိုနဲ့ ပန်းချီဆရာ Street Art ပွဲတစ်ပွဲလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

လေးလေးကန်ကန်လူကြီးတွေရဲ့မတိမ်းမယိမ်းအတွေးအခေါ်တွေကနေဖြစ်ပေါ်လာမယ့် လက်ရာတွေချည်းပဲမြင်တွေ့ ရမှာထက်စာရင်၊ ကလေးတွေရဲ့ ကိုယ်ပိုင်စိတ်ကူးလေးတွေ သူ ခံစားကြည့်ချင်တယ်။ အလယ်တန်း အထက်တန်းကလေးတွေပါ လှုပ်လှုပ်ရှားရှားပါဝင်ပြီး ဖန်တီးတာက ပိုပြီး သက်ဝင်နွေးထွေးစေတယ်လို့ ပန်းချီဆရာတွေးပါတယ်။ ကလေးတွေကို ကျောင်းစာသင်ခန်းထဲမှာပဲ နစ်မြုပ်မနေစေချင်ပါဘူး။ ကျောင်းစာသင်ခန်း ပြင်ပပတ်ဝန်းကျင်က လှုပ်ရှားမှုလေးတွေထဲ လှုပ်ရှားစေချင်တယ်။ ဒီတော့ သူ့ရဲ့ မြို့လေးက ကျောင်းတွေကို ဖိတ်ရမှာပဲပေါ့။ အဲဒီ Street Art ကို ကမ္ဘာ့ပတ်ဝန်းကျင်နေ့ ဇွန်လ ၅ ရက်နေ့ရယ် ၆ ရက်နေ့ရယ် ၂ ရက် ပြုလုပ်မယ်လို့ သတ်မှတ်လိုက်တယ်။ ဆားဘီးယားနိုင်ငံ၊ ဘဲလ်ဂရိတ်မြို့ ဆာဗာမြစ်နဲ့ ဒူးနာဗ့်မြစ်တစ်လျှောက် မြက်ကမ်းဘေးက လူသွားလမ်း၊ စက်ဘီးပြေးလမ်းတစ်လျှောက် ရေးဆွဲကြမယ်။ သူတို့ရေးဆွဲမှာက စိတ်ခွန်အားပေးမယ့် စာလုံးတွေပါ။ ဥပမာ - ပျော်ရွှင်ခြင်း၊ တာဝန်သိခြင်း၊ သစ္စာတရား၊ ရိုးသားခြင်း၊ ဇွဲလုံ့လရှိခြင်း၊ သည်းခံခြင်း၊ ခွန်အား၊ အသိပညာ၊ ငြိမ်းချမ်းရေး၊ အဓိဌာန်၊ အလှတရား၊ ၊ သန့်ရှင်းစင်ကြယ်မှု။ အားကစား၊ မိတ်ဆွေ ဆိုတဲ့စာလုံးမျိုးတွေပါမယ်။ စာလုံးတစ်လုံးနဲ့ တစ်လုံး ၁၀မီတာကွာဝေးစေမယ်။ Graffiti Art ပါပဲ။ အာဒါဆီဂန်လီယာ (Ada Ciganlija) ကန်အနီးက မော်တော်တွေရပ်နားတဲ့ မာရီနာမော်တော်ဆိပ်၊ ဘရန်ကို(Branko)တံတားနဲ့ ဓါတ်ရထားတံတားကြားက ပဲဒဲစတွီးရန်း (Pedestrian)လမ်းကြောတစ်လျှောက်၊ နဲဘောရီစာ(Nebojsa)မျှော်စင် နဲ့ ဒူးနာဗ့်သင်္ဘောဆိပ် အာဒါဟူးရား (Ada Huja) နေရာ ၄ နေရာကို ပန်းချီဆရာရွေးချယ်လိုက်ပါတယ်။ စာလုံးတွေကို ကလေးတွေရဲ့ ကိုယ်ပိုင်စိတ်ကူးနဲ့ ပဲ အရောင်အသွေး၊ စာလုံးဒီဇိုင်း သူတို့ စိတ်တိုင်းကျရေးခြယ်စေမယ်။ လိုအပ်တဲ့ ပန်းချီဆေးတွေအတွက်တော့ ပန်းချီဆရာစီစဉ်နိုင်သားပဲ။  ရုံးလုပ်ငန်းတွေ၊ စာရွက်စာတမ်းကိစ္စတွေနဲ့ အလုပ်တွေရှုပ်ဦးမှာ ပန်းချီဆရာနားလည်ပေမယ့် သူ လုပ်နိုင်ပါတယ် လို့တွေးလိုက်တယ်။

ပထမဆုံး ပန်းချီဆရာရဲ့ ပန်းချီအဖွဲ့အစည်း ULUS (Union of Visual Artists of Serbia) မှာ လျှောက်လွှာတင်ပါတယ်။ သူလုပ်မယ့် အစီအစဉ်အသေးစိတ်ကို သတင်းပို့လိုက်တယ်။ ဒါရိုက်တာက သဘောတူလက်မှတ်ထိုးပြီးတဲ့အခါ အဲဒီလက်မှတ်နဲ့ပဲ Street Art လုပ်မယ့် မြို့နယ်မြူနီစပယ်ရုံး ၄ ရုံး မှာ စာတင်ရပါတယ်။ အဲဒီအချိန်မှာ လက်ကမ်းကြော်ငြာတွေ ပန်းချီဆရာကိုယ့်ဘာသာပဲ ရိုက်ပြီး ကျောင်းတွေကို မေးလ်ပို့ထားတယ်။ လူကိုယ်တိုင် သွားပို့တယ်။ မိတ်ဆွေ Artist တွေကို လည်း မေးလ်ပို့ပြီး ပါဝင်လက်တွဲဖို့ မေးလ်ပို့ပါတယ်။ မီဒီယာဌာနတွေကိုပါ သတင်းပို့ခဲ့တယ်။ နောက်တော့ ပန်းချီဆရာ့ဆီကို ကျောင်းတွေ ဆီကနေ စာပြန်လာပါတယ်။ စိတ်ဝင်စားတဲ့ကျောင်းတွေက ဖုန်းတွေဆက်လာကြတယ်။ မေးလ်ပြန်ပို့လာကြပါတယ်။ ကျောင်းသား ၄ ယောက်လောက်ကို ဆရာမတစ်ယောက်က တာဝန်ယူကြရပါလိမ့်မယ်။ ကလေးတွေရဲ့လုံခြုံရေးအတွက် ကျောင်းစာသင်ခန်းပြင်ပမှာမို့ ကျောင်းသားအများကြီးနဲ့ ဆရာတစ်ယောက်စောင့်ရှောက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အဲဒီအတွက်ပါ ပန်းချီဆရာ စဉ်းစားရပါတယ်။ ဖုန်းဆက်၊ မေးလ်ပို့လာတဲ့ ဆရာ၊ ဆရာမတွေကို အစီအစဉ်တွေ အသေးစိတ်ရှင်းပြပေးခဲ့တယ်။ အဲဒီအစီအစဉ်တွေအားလုံးအတွက် ၃ လ လောက် ကြိုတင်ပြင်ဆင်ရပါတယ်။ နောက်တော့ ပန်းချီဆရာရဲ့ မိတ်ဆွေတွေ Artist တွေလည်း ပါဝင်လာကြပါတယ်။ အားလုံး ၁၂ ယောက်ပါ။ ပါဝင်လာတဲ့ကျောင်းတွေက Secondary school ရှစ်ကျောင်း "Filip Kljajić-Fića" "Vladimir Nazor" "Sveti Sava" "Jovan Cvijić" "Stevan Dukić" "Isidora Sekulić" "Vojvoda Radomir Putnik" "Braća Baruh" ကျောင်းတွေပါ။ Secondary school က Gimnazija "Dr Kosta Ćukić" နဲ့ "Filološka gimnazija "Stefan Nemanja"  ကျောင်းတွေပါဝင်ဖို့ ကတိပြုလာကြတယ်။ နောက် သတင်းဌာနတစ်ခု နှစ်ခုလောက်ကလည်း ပန်းချီဆရာ့ ဆီကို အမေးအဖြေရိုက်ကူးရေး လုပ်လာကြပါတယ်။  ပန်းချီဆေးကုမဏီ "Zvezda-Helios"ကလည်း စပွန်ဆာပေးလာခဲ့ပါတယ်။ ကလေး အယောက် ၅၀ ကျော်နဲ့ Artist တွေအတွက် ဆေးအလုံအလောက်ပို့ပေးလာခဲ့တယ်။ ၅ ရက်နေ့မတိုင်ခင် ကတည်းက Street Art ရေးဆွဲကြမယ့်နေရာ ၄ နေရာကို ပန်းချီဆရာ သွားကြည့်ထားလိုက်ပါတယ်။

ဒီလိုနဲ့ ဇွန်လ ငါးရက်နေ့ကို ရောက်လာခဲ့ပါပြီ။ အဲဒီနေ့က မိုးခပ်ဖွဲဖွဲ ဖြိုးဖြိုးဖြောက်ဖြောက်ဆိုရုံလေး ကျနေခဲ့ပါတယ်။ ကျိုးတို့ကျဲတဲ မိုးစက်လေးတွေပျောက်သွားရင်တောင်မှ မပြင်းလွန်းတဲ့နေရောင်အောက်မှာ ဆိုတော့ သူတို့ သိပ်ပြီး မပင်ပမ်းခဲ့ကြပါဘူး။ ပထမရက်မှာတော့ ကျောင်း၂ ကျောင်းပဲ ရောက်လာခဲ့ပါတယ်။ Artist တစ်ချို့လာပါတယ်။ ကလေးအယောက် ၂၀ ခန့် သူတို့ရဲ့ ဆရာမတွေနဲ့ ရောက်လာကြတယ်။ ပန်းချီဆရာ စာလုံးပုံစံအကြမ်း ဆွဲပြီး ၁၀ မီတာစာကို ခြေလှမ်းနဲ့ပဲ မြန်မြန်မှတ်ပြီး စာလုံးတွေနေရာချပါတယ်။ တစ်ချို့ကလေးတွေနဲ့ ဆရာမတွေက သူတို့ စာရွက်အကြမ်းလေးတွေနဲ့ နမူနာဒီဇိုင်းပုံစံလေးတွေ ပြင်ဆင်လာခဲ့ကြတယ်။ တစ်ချို့ကလေးတွေက အပြည့်အ၀ပူးပေါင်းပါဝင်လိုတာ တွေ့ရပြီး စာလုံးပုံလေးတွေ သူတို့စိတ်ကူးလေးတွေပြောပြပြီး ရေးဆွဲကြပါတယ်။ ကလေးတစ်ချို့လည်း ရေးဆွဲရမှာ ရှက်ယောင်ယောင်ဟန်ပန်ရှိနေကြပြီး စာလုံးလေးဆေးခြယ်ပြီးသွားတဲ့အခါမှာလည်း ဓါတ်ပုံအရိုက်ခံလိုစိတ်မရှိကြပါဘူး။ အများပြည်သူနဲ့ ဆိုင်တဲ့နေရာမှာ ဆေးခြယ်ရမှာ မ၀ံ့မရဲဖြစ်ဟန်လေးတွေလည်း ကလေးတစ်ချို့မှာ မြင်တွေ့ရပါတယ်။ ကလေးအများစုကတော့ ပေါ့ပေါ့ပါးပါး ပျော်ရွှင်စွာနဲ့ပဲ စာလုံးလေးတွေ ရေးဆွဲ ဆေးခြယ်ကြတယ်။ စာလုံးတစ်လုံး ပီးသွားတဲ့အခါမှာလည်း ရေးဆွဲကြတဲ့ကလေးတွေ သူတို့ဖန်တီးခဲ့တဲ့ စာလုံးလေးအရှေ့မှာ လွတ်လပ်ပျော်ရွှင်စွာနဲ့ ဓါတ်ပုံအရိုက်ခံကာ အပြည့်အ၀ပူးပေါင်း ပါဝင်ကြပါတယ်။

ဒုတိယနေ့မှာတော့ မိုးသားအားလုံးကင်းစင်နေခဲ့ပြီ။ လင်းလက်တဲ့နေခြည်ဟာ မြစ်ရေစီးကြောင်းထဲတိုးဝင် ရုန်းကန်ပြီး တလက်လက်တောက်နေခဲ့ပါတယ်။ သူတို့ မနက် ၉ နာရီလောက်ကနေ စတင်ပြီး စာလုံးလေးတွေရေးဆွဲကြပါတယ်။ ဆေးဖြည့်တယ်။ အာဒါးကန်ဆီရေကူးသွားမယ့် လမ်းသွားလမ်းလာတွေ၊ ကလေးတွေ၊ လူကြီးတွေက အလုပ်ရှုပ်နေကြတဲ့ ပန်းချီဆရာနဲ့ ကလေးတွေ၊ တစ်ခြား Artist တွေကို စူးစမ်းကြပါတယ်။ ဒုတိယနေ့က ကလေးငယ်တွေမှာ ပိုပြီး ပျော်ရွှင်မြူးတူးနေတာ ပန်းချီဆရာတွေ့လိုက်ရတယ်။ ပန်းချီဆရာလိုချင်တာ အဲဒါပါပဲ။ ကလေးတွေကို အသင်းအဖွဲ့လေးနဲ့ အနုပညာ လှုပ်ရှားမှုအကြောင်း ဝေမျှခံစားပေးနိုင်တယ်။ အများပြည်သူဆိုင်တဲ့နေရာမှာ အများပြည်သူတွေမရှိတဲ့ လူခြေတိတ်ချိန်မှ ပန်းချီ မှုတ်ဆေးဗူးတွေကိုင်ပြီး ဗရမ်းဗတာရေးဆွဲတတ်ကြတဲ့ လူငယ်တွေအများကြီးရှိနေတတ်ပါတယ်။ သူတို့လေးတွေဟာ အများပြည်သူပိုင်ဆိုင်တဲ့နေရာမှာ ကိုယ့်တစ်ဦးတည်းစိတ်ကြိုက်လုပ်ခွင့်မရှိဘူးဆိုတဲ့သဘောကို မျက်ကွယ်ပြုလိုကြတယ်။ လင်းလက်တဲ့နေခြည်အောက်မှာ စည်းကမ်းတကျ ဒီလို လှုပ်ရှားမှုလေးတွေပြုလုပ်ပေးချင်တယ်။ သူတို့ရဲ့ စိတ်ထွက်ပေါက်ဖွင့်လှစ်ခွင့်၊ သူတို့တစ်ဦးချင်းဆီမှာ ရှိတဲ့ အနုပညာအစွမ်းအစထုတ်ဖော်ပြသခွင့် အဲဒီ အခွင့်အရေးလေးတွေကို ပန်းချီဆရာဆုပ်ကိုင် ဖန်တီးပေးချင်ပါတယ်။ အဲဒါ ပန်းချီဆရာဖန်တီးချင်တဲ့ အနုပညာပါပဲ။ လမ်းပေါ်မှာ ဆေးခြယ်နေကြတဲ့ ကလေးတွေ၊ Artist မိတ်ဆွေကို ကြည့်ပြီး ပန်းချီဆရာရင်ထဲမှာ လှိုက်လှိုက်လှဲလှဲပျော်ရွှင်ခဲ့မိတယ်။ ကလေးတွေက မေးလာတဲ့အခါ သူတို့ စိတ်ကူးအတိုင်းပဲ အသွေးအရောင်ကျကျနန စာလုံးလေးတွေပေါ်လာအောင် ပန်းချီဆရာရှင်းပြပါတယ်။ ဒီလိုနဲ့ ပန်းချီဆရာကိုယ်တိုင်အတွက် ရေးဆွဲရမယ့်စာလုံးမှာ အချိန်များများမပေးနိုင်တော့ပါဘူး။   အဲဒီအတွက် ပန်းချီဆရာ သိပ်ပြီးမစဉ်းစားမနေတော့ဘူး။ ပန်းချီဆရာရဲ့  ခွေးလေး "happy" ပုံစံ တစ်လိုင်းထဲ ခပ်သွက်သွက်လေးဆွဲလိုက်ပြီး စာလုံးတစ်လုံးဖြည့်လိုက်ပါတယ်။ ဟက်ပီလေး အမြဲပျော်ရွှင်နေစေဖို့ စိတ်ကူးပြီး သူ့ရဲ့ ကိုယ်ထည်လေးထဲမှာ "ပျော်ရွှင်ခြင်း" ဆိုတဲ့ စာလုံးလေးဖြည့်လိုက်ပါတယ်။ ဒီလိုဆိုတော့ သက်ဝင်လှုပ်ရှားခဲ့တဲ့ Street Art အနုပညာတစ်ခု ပျော်ရွှင်စွာပဲ ဖန်တီးဖြစ်ခဲ့ပြီပေါ့။        ။

(ဆားဘီးယားနိုင်ငံ၊ ဘဲလ်ဂရိတ်မြို့ မှာ World Environment Day အထိမ်းအမှတ် ဇွန်လ ၅ ရက်နဲ့ ၆ ရက်နေ့က  ပြုလုပ်ခဲ့တဲ့ ဆားဘီးယန်း Artist Nenad Vučković  စီစဉ်ခဲ့ပြီး Artist တွေဖြစ်တဲ့ Ema Parezanović,, Brana Marković, Vlada Milinković, Eli Obođan, Dobrica Kamparelić, Goran Ostojić Vid, Stojanka Bošnjak, Zoran Pantelić, Dejan Bogojević, Dragoljub Jovičić, Marijeta Milovanović တို့ ပူးပေါင်းပါဝင်ခဲ့ကြတဲ့ Eco-art installation ကို ပြန်လည်ခံစားရေးဖွဲ့ထားပါသည်။)

ဖြိုးဖြိုး
Living Fashion Magazine, January, 2013)

Friday, July 06, 2012

KISS ရဲ့အလှူ


အမေရိကန် ရောခ့်အဖွဲ့ KISS ဟာ အမေရိကန်နိုင်ငံလွတ်လပ်ရေးနေ့ ဇူလိုင် ၄ ရက်နေ့က လန်ဒန်မှာ ဂီတဖျော်ဖြေပွဲပြုလုပ်ခဲ့ပါတယ်။ သူတို့ရဲ့ လန်ဒန်ဖျော်ဖြေပွဲခရီးစဉ်ဟာ ဗြိတိသျှဒဏ်ရာရတပ်သားတွေကူညီထောက်ပံ့မှုပေးနေတဲ့ အဖွဲ့အစည်း Help for Heros  ရံပုံငွေ အတွက် သီဆိုလှူဒါန်းခဲ့တာပါ။ Kiss အဖွဲ့သားတွေရဲ့ အဲဒီလန်ဒန်ဖျော်ဖြေရေးပွဲဟာ စင်ဂယ်လ်သစ် Hell or Hallelujah  အရောင်းမြှင့်တင်ရေး ဥရောပခရီးစဉ် ဖျော်ဖြေပွဲတွေထဲက တစ်ပွဲပါပဲ။ KISS အဖွဲ့ဟာ စတင်ဖွဲ့စည်းခဲ့တဲ့ ၁၉၇၃ ခုကနေစတင်ပြီး အယ်လ်ဘမ်ချပ်ရေ သန်း ၁၀၀ ကျော်ရောင်းချခဲ့ပြီးပါပြီ။  KISS ရဲ့ ဂီတစတိုင်လ်က hard rock စတိုင်လ်တွေပါ။ ၇၄ ကနေ ၇၇ ခုနှစ်အတွင်း ထွက်ရှိခဲ့တဲ့ သီချင်းအမျိုးအစားတွေမှာတော့ hard rock နဲ့ rock n' roll ဂီတအမျိုးအစားတွေ နွယ်နေခဲ့ပါတယ်။ မျက်နှာမှာ မိတ်ကပ်အမြဲ ဆေးခြယ်ထားခဲ့တဲ့ စတိုင်လ်ဟာ သူတို့ရဲ့ အမှတ်အသားတစ်ခုပါပဲ။ ပေါလ်စတန်လီ က The Starchild ၊ ဂျီးန်စင်န်မန်စ် က The Demon ၊ အေစ့်ဖရက်လေ နဲ့ တွမ်မီသယာ က The Spaceman ဒါမှမဟုတ် The Space Ace ၊ ပီတာခရစ်စ် နဲ့ အဲရစ်စင်းဂါး က The Catman ၊ အဲရစ်ခ်ကားရ် က The Fox နဲ့ ဗင်နီဗင်းဆန့်တို့က The Egyptian Ankh Warrior ပုံစံတွေမျက်နှာမှာ ဆေးခြယ် သီဆိုဖျော်ဖြေလေ့ရှိပါတယ်။ KISS က ပြောပါတယ်။ "ငရဲ ပဲ ဖြစ်ဖြစ်၊ ဟာလေးလူယားဖြစ်ဖြစ်၊ ခင်ဗျားဘာတွေလုပ်လုပ်၊ ကျွန်တော်ကတော့ ကျော်ဖြတ်နေပါတယ်။  ကျွန်တော်ဖြတ်သန်းရမယ့် လမ်းကြောင်းရလာဖို့ ကျွန်တော်က အဖိုးအခပေးခဲ့တယ်။ ဘာကြောင့်လည်း ငွေက ဥပဒေတွေကို ပြုလုပ်နိုင်တယ်" တဲ့။

Thursday, July 05, 2012

ကလေးတွေ၊ အကောင်ပလောင်တွေနဲ့ ရိုက်ကွင်းပေါ်မှာ

သင်သာ ဇာတ်ညွှန်းဖတ်နေပြီဆိုရင်တော့ သင်ရဲ့ရုပ်ရှင်ထဲမှာ ကလေးတွေ၊ တိရိစ္ဆာန်တွေပါဝင်လှုပ်ရှားကြမလားဆိုတာ မြန်မြန်ကြီးပဲ ဂရုထားမိမှာပါပဲ။ ဘယ်လောက်ဣနြေ္ဒရရနေကြတဲ့သူလေးတွေပဲဖြစ်နေပါစေ ကလေးတွေနဲ့ တိရိစ္ဆာန်အကောင်ပလောင်တွေရဲ့သဘောကိုက ရိုက်ကွင်းမှာအချိန်ပိုပေးရတတ်ပါတယ်။ သူတို့တွေနဲ့ ၀န်းရံပြီး အလုပ်လုပ်ပုံ၊ ကိုင်တွယ်ပုံတွေက သင့်ရဲ့ရုပ်ပုံထွက်မှုမှာ အကျိုးသက်ရောက်ပါလိမ့်မယ်။ သူတို့က ခပ်ကြမ်းကြမ်းအကောင်မျိုးတွေဖြစ်နေရင် သင်က ယေဘူယျသဘောလောက်ပဲ အလွန်ဆုံးပြင်ဆင်ထားနိုင်မှာပါ။ တိရိစ္ဆာန်တွေဟာ သူတို့တစ်ခုခုလုပ်ချင်ပြီဆို လုပ်တော့တာပါပဲ၊ အဲဒီတော့

Wednesday, July 04, 2012

Showering PG

ပီဂျီလေး မနက်ဆို အစောကြီးရောက်ရောက်လာပြီ။ တစ်ရက် ၂ ခါ ၃ခါလောက်လာတတ်တယ်။ ကိုယ်မရှိတဲ့နေ့တွေတော့ စောင့်ပြီး မကျွေးနိုင်တော့ဘူးပေါ့။ အခုတလော တော်တော်ပူလာပြီ။ ဒီနေ့တော့ ရေသောက်ရင် ရေစက်လေးတွေနဲ့ တောက်ပြီး စတော့ အမွှေးတွေဖွားလာတယ်။ အဲဒါ သူ ရေချိုးချင်လာတာ။ အရင်နှစ်တုန်းကလည်း အဲလိုပဲဆိုတော့ သိနေပြီ။ အဲဒါနဲ့ လင်ပန်းလေးရေထည့်လာပြီး ခေါ်လိုက်တော့၊ ရေထဲလူးပြီးဆော့တော့တာပဲ။ အတောင်ပံကိုလည်း တစ်ဖက်စီမြှောက်ထားပေးသေးတယ်။ သူလည်း ပိုကြီးလာတယ်။ တကယ့် ခိုလူကြီးဖြစ်သွားပြီ။

သူ့ကောင်မလေးနဲ့ကလည်း အတူတူလာစားတဲ့အခါစား၊ ပီဂျီတစ်ကောင်တည်းရောက်တဲ့အခါ ရောက်လာနဲ့။ သူတို့က သစ္စာတော့ရှိသား။
အမျိုးမျိုးမပြောင်းဘူး။ ပြန်တည့်သွားရင်လည်း အရင်ခိုမလေးပဲ။
ခုလောလောဆယ် သူတို့ မတည့်ကြဘူးထင်တယ်။ ပီဂျီတစ်ကောင်တည်း ရယ်။
ခိုမလေးကလည်း တစ်ကောင်တည်း၊
တစ်ကောင်စီလာနေကြတယ်။ :D

ကော်ဖီအဆိပ်


အင်နာ ပိုလစ်ကော့ဗ်စကားယား (Anna Politkovskaya)
အလုပ်အကိုင် … သတင်းစာဆရာ စာရေးဆရာ

၁၉၅၈ခုနှစ်သြဂုတ်လ ၃၀ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု ရှိ နယူးရော့ခ်မြို့တွင် မွေးဖွားခဲ့သည်။

၂၀၀၆ခု အောက်တိုဘာ ၇ ရက်နေ့ အသက် ၄၈နှစ်တွင် မော်စကိုမြို့ မှာလုပ်ကြံခံရသည်။

နိုင်ငံသား … ရုရှား၊ အမေရိကန်
မိခင်တက္ကသိုလ် … ရုရှားနိုင်ငံ စတိတ်ယူနီဗာစီတီ

ထင်ရှားသောဆုများ…
လူအခွင့်အရေးအတွက်  လူသားခြင်းစာနာထောက်ထားသော အပြည်ပြည်ဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာဆု
သတင်းစာပညာဆု(၂၀၀၁)

သူမကို အင်နာမာဇီပါ မှ ၁၉၅၈ခုနှစ် မွေးဖွားသည်။ မိဘမျိုးရိုးမှာ ကုလသမဂ္ဂတွင် ယူကရိန်းနိုင်ငံကိုယ်စားပြု တာဝန်ထမ်းဆောင်သော သံတမန်အရာရှိအနွယ်ဝင်များ ဖြစ်ကြသည်။ မော်စကိုတွင်ကြီးပြင်းခဲ့ပြီး၁၉၈၀ခုနှစ်တွင် မော်စကို စတိတ်ယူနီဘာစီတီကျောင်းမှ ဘွဲ့ ရရှိခဲ့သည်။ ထိုသို့ ရှိစဉ် မာရီနာ တက်စ်ဗွီထရီဗါ၏ လင်္ကာကို အမှီပြု၍ သုတေသနစာတမ်းတစောင် တင်သွင်းခဲ့သည်။ ရုပ်မြင်သံကြားသတင်းထောက် ဗလာဒီစလေ လစ်စ်တီယက်ဗ် မိတ်ဆက်ပေး၍ သိကျွမ်းခဲ့သော ရုရှားနိုင်ငံသား ဘွဲ့ရကျောင်းသား အလက်ဇန်းဒါး ပိုလစ်ကိုဗားစကီး နှင့်လက်ထပ်ခဲ့ရာ သားသမီး ၂ယောက်ထွန်းကားသည်.။ ရုရှားနိုင်ငံသား အဖြစ်ကို မစွန့်လွှတ်သော်လည်း သူမ၏ သတင်းစာသမားဘ၀တွင် ခြိမ်းခြောက်မှုများရှိနေသဖြင့် အမေရိကန်နိုင်ငံသားအဖြစ် ခံယူခဲ့သည်။ သူမသည်၁၉၈၂မှ ၁၉၉၃ ထိ Izvestia သတင်းစာအတွက် အရေးပေါ် ကိစ္စများနှင့် မတော်တဆ ဖြစ်ရပ်များအတွက် စုံစမ်းသတင်းရေးသားပေးပို့ ရသည့် သတင်းထောက်အဖြစ် ၄င်း အယ်ဒီတာအဖြစ်၎င်း၊တာဝန်ယူခဲ့သည်။ ထို့ နောက် ၁၉၉၄မှ ၁၉၉၉ထိ Obshchaya Gazeta  သတင်းစာ၏ လက်ထောက် အယ်ဒီတာချုပ် ဖြစ်လာသည်။ သူမသည် လူမှုပြဿနာများ၊ ဒုက္ခသည်များ ကိစ္စ ဦးစားပေးရေးသားသည်။ ထို့ နောက်၁၉၉၉မှ ၂၀၀၆အထိ ၂ပတ်တကြိမ်ထုတ် Novaya Gazeta သတင်းစာ၏ ကော်လံများတွင် လူ့ အခွင့်အရေးဆိုင်ရာ ဆောင်းပါးများပါဝင်ရေးသားခဲ့သည်။ ၁၉၉၉ခု အစိုးရ အုပ်ချုပ်ရေးကာလတိုင် စုံစမ်းရေးဆိုင်ရာ သတင်းလွှာများ ဝေဖန်ရေးသတင်းလွှာများ ရေးသားခဲ့သည်။ အများအားဖြင့် “ပူတင်အုပ်ချုပ်ရေးခေတ်” ကို ထင်ဟပ်စေသည့် Putin’s Russia နှင့် “ချေချင်းညှာ”တို့ ၏ အရေးအခင်းနှင့် ဆက်စပ်ရေးသားသည့် စာအုပ်အတွက် ဆုတံဆိပ်များစွာ ရရှိခဲ့သည်။

Sunday, July 01, 2012

စိမ်းလန်းတဲ့နေရာ

“အစိမ်းရောင်အဆောက်အဦး- Green Building(အစိမ်းရောင်ဆောက်လုပ်ရေး-Green Instruction)” ဆိုတာဟာ အဆောက်အဦးတစ်ခုရဲ့ သက်တမ်းတစ်လျှောက်လုံး အဲဒီအဆောက်အဦးတည်ရှိရာ ပတ်ဝန်းကျင်အတွက် ထိန်းသိမ်းကာကွယ်ရေး တာဝန်ယူထားတဲ့အဆောက်အဦးကို ရည်ညွှန်းခေါ်ဆိုကြတယ်။ အဆောက်အဦးဒီဇိုင်းစတည်တာကအစ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်၊ တည်ဆောက်ပုံ၊ ပြုပြင်ထိမ်းသိမ်းမှု၊ ပြန်လည်မွမ်းမံမှု နဲ့ နောက်ဆုံး အဆောက်အဦးဖြိုဖျက်ခြင်းအထိ လုပ်ငန်းစဉ်အားလုံးဟာ ပတ်ဝန်းကျင်ထိခိုက်မှုမရှိအောင် ကာကွယ်ဖို့အတွက်အဓိကပစ်မှတ်ပါပဲ။ အဆောက်အဦးဒီဇိုင်းအဖွဲ့၊ ဗိသုကာပညာရှင်တွေနဲ့ အဆောက်အဦးပိုင်ရှင်တို့ဟာ အဆင့်တိုင်းမှာ အနီးကပ်ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်ပါတယ်။ အစိမ်းရောင်အဆောက်အဦး လက်တွေ့ဆောက်တော့မယ်ဆိုရင် ငွေကြေးကုန်ကျမှုတတ်နိုင်သလောက် ရိုးရှင်းတဲ့ဒီဇိုင်းဖြစ်မှု၊ အသုံးဝင်မှု၊ ကြာရှည်ခံမှုနဲ့ သက်တောင့်သက်သာရှိမှုတွေပြည့်စုံရပါမယ်။