Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, December 11, 2013

ခရစ်စမတ် ပုံပြင်

“ခရစ်စမတ်ကာလမှာ နေရာတိုင်းက အမျိုးသား အမျိုးသမီးတွေဟာ သူတို့ရဲ့ ဘုရားကျောင်းတွေမှာ စုဝေးရောက်ရှိလာကြတယ်။ သူတို့ရင်းနှီးကျွမ်းဝင်တဲ့ ကမ္ဘာကြီး ထူးခြားအံ့သြဖွယ်ရာတွေနဲ့ အသစ်တဖန်အသက်ဝင်လာပုံကို ချီးမွမ်းကြဖို့ပါပဲ။ ကျွန်တော်အနှစ်သက်ဆုံး၊ အမြဲ သတိတရရှိနေခဲ့တဲ့ ဒီ ခရစ်စမတ်ပုံပြင်လေးက ထူးခြားလှချည်ရဲ့လို့တော့ တိတိကျကျ မဆိုနိုင်ပါဘူး”

ငယ်ရွယ်လှတဲ့သင်းအုပ်ဆရာလေးရဲ့ ကြုံတွေခဲ့ရတဲ့ အဖြစ်အပျက်ပါ။ သူ့ရဲ့ဘုရားကျောင်းဟာ အလွန်အိုမင်းဟောင်းနွမ်းနေခဲ့ပါပြီ။ ဟိုးအရင်နှစ်တွေတုန်းက ဘုရားကျောင်းလေးဟာ စည်ကားသိုက်မြိုက်ခဲ့သေးတာပေါ့။ ကျော်ကြားတဲ့ အမျိုးသားကြီးတွေက တရားဟောစင်မြင့်ပေါ်ကနေ ဟောပြောတယ်။ ဆုတောင်းတယ်။ မုန့်၊ စပျစ်ဝိုင်ဆက်ကပ်တဲ့ပွဲတော်အခမ်းအနားမစခင်အချိန်မှာပါ။ ဆင်းရဲ၊ ချမ်းသာအားလုံး အတူတူပဲ အဲဒီနေရာမှာ ဝတ်ပြုဆုတောင်းကြတယ်။ ဘုရားကျောင်းလေးကို လှပစွာတည်ဆောက်ထားခဲ့ကြတယ်။ အခုတော့ မြို့ငယ်လေးမှာ ဘုရားကျောင်းလေး ရပ်တည်နိုင်ခဲ့တဲ့ ကောင်းမွန်တဲ့နေ့တွေ ကျော်လွန်သွားခဲ့ပြီ။ သင်းအုပ်ဆရာနဲ့ သူ့ရဲ့ ငယ်ငယ်ရွယ်ရွယ်ဇနီးသည်ဟာ သူတို့ရဲ့ တကျွိကျွိ တကျွတ်ကျွတ်မြည်နေတဲ့ ဘုရားကျောင်းလေးအတွက် ယုံကြည်နေဆဲပါပဲ။ ဆေးရောင်တွေခြယ်မယ်။ တူလို အိမ်ဆောက်ပစ္စည်းမျိုး သူတို့မှာ ရှိတယ်။ သူတို့ ယုံကြည်မှုပြင်းထန်မယ်။ ဒါဆိုရင် ဘုရားကျောင်းလေး အသက်ပြန်ဝင်လာဦးမှာပါတဲ့။ သူတို့ အတူတကွ အလုပ်လုပ်ကြတော့တယ်။

ဒါပေမဲ့ ဒီဇင်ဘာအကုန်လောက်မှာ ပြင်းထန်တဲ့ မုန်တိုင်း ရိုတ်ခတ်လိုက်တာ မြစ်ဝှမ်းတစ်လျှောက်လုံးပဲ။ အဆိုးဆုံးလေပြင်းတစ်ချက်အောက်မှာ ဘုရားကျောင်းလေး ပြိုပျက်သွားတော့တယ်။ မုန့်၊ စပျစ်ဝိုင်ဆက်ကပ်တဲ့ပန်းခုံနောက်က နံရံဟာ  မိုးရေတွေ စိုနစ်ဝင်ပြီး ပလာစတာတွေ အတုံးလိုက်အချပ်လိုက်ကွာကျကုန်တယ်။ ဝမ်းနည်းညှိုးငယ်သွားတဲ့ သင်းအုပ်ဆရာလေးနဲ့ ဇနီးတို့ အပျက်အစီးအစုအပုံတွေ လှည်းကျင်းရှင်းလင်းကြပါတယ်။ ပြိုပျက်စုတ်ပြဲနေတဲ့ အပေါက်ကြီးကိုတော့ သူတို့ မဖုံးကာနိုင်ကြဘူး။ သင်းအုပ်ဆရာက အဲဒီနေရာကို ကြည့်ပြီး “ငါ ပြီးမြောက်အောင်မြင်မှာပါ” လို့ မြန်မြန်လေး ကိုယ်တိုင်ပဲ တိုင်တည် သတိပေးလိုက်တယ်။ မုန်တိုင်းရဲ့ အာသာငမ်းငမ်း ရည်ရွယ်ချက်ကတော့ ဘုရားကျောင်းရဲ့ နံရံပေါ်မှာ အပေါက်တစ်ခုဖြစ်အောင် ထုနှက်လိုက်တာပါပဲ။ အခု သူ့ရဲ့ ရည်ရွယ်ချက် သိပ်ကို ရှင်းလင်းသွားခဲ့ပြီပေါ့။ 

သင်းအုပ်ဆရာရဲ့ဇနီးက မျက်ရည်တွေကို သုတ်ရင်း ဝမ်းနည်းစွာဆိုတယ်။ 

“ခရစ်စမတ်က နှစ်ရက်လေးပဲ လိုတော့တယ်”

အဲဒီမွန်းလွဲပိုင်းမှာ စိတ်ဓါတ်ကျနေတဲ့သင်းအုပ်ဆရာစုံတွဲဟာ လူငယ်အုပ်စုတစ်စုရဲ့ လေလံပွဲတစ်ပွဲကို တက်ရောက်ခဲ့ကြပါတယ်။ လေလံပစ်သူက သေတ္တာတစ်လုံးကို ဖွင့်တယ်။ လှုပ်ခါလိုက်တယ်။ ပြီးတော့ အင်မတန်ကြည့်လို့ကောင်းလှတဲ့ ရွှေရောင်၊ ဆင်စွယ်ရောင်ဇာပန်းအနားတွေနဲ့ စားပွဲခင်းတစ်ခုကို သေတ္တာလေးထဲက ဆွဲယူပြီး ဖြန့်ပြလိုက်တယ်။ တကယ်ပါပဲ။ ခမ်းနားလိုက်တဲ့ အသုံးအဆောင်တစ်ခုပါ။ ၁၅ပေနီးပါးရှည်လျားတယ်။ ဒါပေမဲ့ ရှေးခေတ်က သုံးစွဲခဲ့ကြတဲ့အရာမျိုးပါ။ ဒီနေ့မှာ ဘယ်သူက ဒီလိုပစ္စည်းမျိုးအသုံးပြုမှာတဲ့လဲ။ ဈေးပြိုင်ပေးသူက နည်းနည်းပါးပါးပဲရှိကြတယ်။ အားလုံးက စိတ်မပါတပါနဲ့ပဲ ဈေးပေးနေကြတာပါ။ သင်းအုပ်ဆရာလေးကတော့ သူ ရလိုက်တဲ့ အကောင်းဆုံးစိတ်ကူးကို ဆုပ်ကိုင်လို့ လေလံဈေးပေးလိုက်ပါတယ်။ ၆ ဒေါ်လာနဲ့ ၅၀ ဆင့် ဈေးနဲ့ လေလံဆွဲနိုင်ခဲ့တယ်။

သူ အဲဒီ အခင်းစကို ဘုရားကျောင်းလေးဆီ သယ်ယူလာခဲ့တာပေါ့။ ပြီးတော့ ပန်းခုံနောက်က နံရံကိုဖုံးကာပြီး သံမှိုရိုက် သီချုပ်လိုက်တယ်။ မုန်တိုင်းကြောင့် ပေါက်ထွက်သွားခဲ့တဲ့ နေရာကို လုံးလုံး ဖုံးကာနိုင်ခဲ့ပါပြီ။ အခင်းစရဲ့ လက်ရာဟာ ထူးထူးခြားခြားလှပနေလိုက်တာ။ တလျှပ်လျှပ် ဝင်းလဲ့လဲ့တောက်ပနေလိုက်တာများ ဘုရားကျောင်းလေးရဲ့ အရှေ့ကနေကြည့်လိုက်ရင် အရောင်အဝါလင်းလက်လို့ပေါ့။ အဲဒါ ကြီးကျယ်တဲ့အောင်မြင်မှုပါပဲ။ အင်မတန်ပျော်ရွှင်ဝမ်းမြောက်သွားတဲ့ သင်းအုပ်ဆရာလေးက ခရစ်စမတ်တရားတော် ဟောကြားဖို့ ပြင်ဆင်နေတော့တယ်။ 

Christmas Eve နေ့ မွန်းလွဲမတိုင်မီ ဘုရားကျောင်းကို ဖွင့်လှစ်နေတဲ့အချိန်မှာပေါ့။ ဘတ်စ်ကားမှတ်တိုင်မှာ အမျိုးသမီးတစ်ဦးရှိနေတယ်။ ဘတ်စ်ကားစောင့်နေတဲ့ အဲဒီအမျိုးသမီးဟာ အေးစက်တုန်ယင်နေရှာတယ်။ သူ အဲဒါကို သတိပြုမိလိုက်တယ်။ 

“ဘတ်စ်ကားက နောက် မိနစ် ၄၀လောက်အကြာတောင် လာဦးမယ်မထင်ဘူး” နွေးနွေးထွေးထွေးရှိစေဖို့ ဘုရားကျောင်းဆီ သူ ဖိတ်ခေါ်လိုက်ပါတယ်။ 

သူမက မြို့ကြီးကနေ ဒီမနက်ပဲ ရောက်လာခဲ့တာပါတဲ့။ အလုပ်တစ်ခုအတွက် အင်တာဗျူးလာဖြေတာလို့ဆိုတယ်။ ဒီမြို့လေးက လူချမ်းသာမိသားစုရဲ့ ကလေးတွေအတွက် ကလေးထိန်းဆရာမအလုပ်လျှောက်ခဲ့တာပါ။ ဒါပေမဲ့ စစ်ဘေးက ခိုလှုံခဲ့ရသူ သူမအတွက် အင်္ဂလိပ်စကားပြောမသင်နိုင်ခဲ့တော့ အလုပ်အတွက်အဆင်မပြေခဲ့ပါဘူးလို့ သူမက ပြောပြတယ်။ ဘုရားကျောင်းက ခုံတန်းရှည်မှာဝင်ထိုင်တယ်။ နွေးထွေးလာအောင် သူမရဲ့ လက်ဖဝါးအချင်းချင်း ပွတ်တိုက်နေပါတယ်။ ခဏလေးနေတော့ သူမရဲ့ဦးခေါင်းကို ကွေးညွှတ်နှိမ့်ချလိုက်ပြီး ဆုတောင်းနေခဲ့တယ်။ ပြီးတော့ နံရံက အပေါက်မှာ ဖုံးကာထားတဲ့ အစရဲ့ဇာနားကွပ်လေးတွေကို ဟိုဒီ ဆွဲဆန့်ကာ သပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်နေတဲ့ သင်းအုပ်ဆရာလေးဆီ သူမ ကြည့်နေလိုက်တယ်။ သူမ ချက်ချင်းပဲ ထရပ်လိုက်တယ်။ ဘုရာကျောင်းရှေ့လှေကားထစ်လေးတွေအတိုင်း လျှောက်လာပါတယ်။ သူမ အဲဒီဇာနားကွပ် စားပွဲခင်းကို ကြည့်တယ်။ သင်းအုပ်ဆရာလေးက ပြုံးကာရယ်ကာ နဲ့ မုန်တိုင်းကြောင့်ပျက်စီးသွားတဲ့နံရံအကြောင်း သူမကိုပြောပြဖို့ အစပျိုးတော့တယ်။ ဒါပေမဲ့ သူမက နားထောင်နေဟန်မတူဘူး။ စားပွဲခင်းစက ဇာနားအတွန့်အခေါက်လေးတွေတစ်ခုကို တို့ထိကိုင်တွယ်ပြီး သူမ လက်ချောင်းတွေထဲမှာ ပွတ်သပ်ကြည့်နေခဲ့ပါတယ်။

“ဒါ ကျွန်မရဲ့ ပစ္စည်းပါရှင်” သူမက ပြောတယ်။

“ဒါ ကျွန်မရဲ့ စားပွဲသောက်ပွဲတည်ခင်းဧည့်ခံရင် သုံးတဲ့စားပွဲခင်းပါ” သူမက စားပွဲခင်း ထောင့်စွန်းလေးကို ကိုင်မကာ အံ့အားသင့်နေတဲ့ သင်းအုပ်ဆရာလေးကို ပြလိုက်တယ်။ အဲဒီမှာ သူမရဲ့ ပုံဖော်ထားတဲ့ လက်မှတ်ပန်းစားလုံးလေးရှိနေပါတယ်။

“ဘရပ်စဲလ်စ်မှာတုန်းက ကျွန်မအတွက် ကျွန်မခင်ပွန်းက ဝယ်ပေးခဲ့တဲ့ အထည်စပါရှင်။ ဒါမျိုး နောက်ထပ်တစ်ခုရှိမနေနိုင်ပါဘူး”

အမျိုးသမီးကြီးနဲ့ သင်းအုပ်ဆရာတို့ မိနစ်အနည်းငယ် နောက်ထပ် စကားပြောဖြစ်ကြတော့တယ်။ စိတ်လှုပ်ရှားစွာ အားသွန်ခွန်စိုက်ပြောခြင်းမျိုးနဲ့ပေါ့။ သူမက ဗီယင်နာမှာ နေထိုင်သူပါတဲ့။ သူမ နဲ့ ခင်ပွန်းတို့က နာဇီတွေကို ဆန့်ကျင်ခဲ့ကြတယ်။ ပြီးတော့ သူတို့ တိုင်းပြည်ကို စွန့်ခွာထွက်ခွာထွက်ပြေးခဲ့ကြတယ်လို့ သူမက ရှင်းပြနေပါတယ်။ သူတို့ နာဇီတွေရဲ့လက်အောက်က တိတ်တဆိတ်ထွက်ပြေးကြမယ်ဆိုတော့ တသီးတခြားစီ ထွက်ပြေးကြမှသင့်တော်မယ်လို့ အကြံပြုကြတယ်။ သူတို့ အဲဒီအတိုင်းပဲ ဆုံးဖြတ်လိုက်ကြတော့တယ်။ သူမခင်ပွန်းက သူမကို ဆွစ်ဇာလန်ဆီ ဦးတည်တဲ့ ရထားတစ်စီးပေါ်တင်ပေးလိုက်တယ်။ သူတို့ စီစဉ်ထားကြတာက ခင်ပွန်းသည်က သူမတို့အိမ်ထောင်ပစ္စည်းတွေအစုအပုံတွေကို သင်္ဘောနဲ့ သယ်ယူဖို့ နယ်စပ်ဘက်မှာ နေရာချမယ်။ အဲဒီကိစ္စတွေပြီးပြီးချင်းပဲ အမြန်ဆုံး သူမနဲ့ ဆက်သွယ် တွေ့ဆုံကြဖို့ပါတဲ့။ ဒါပေမဲ့ အဲဒီအချိန်ကတည်းက ခင်ပွန်းသည်ကို သူမ နောက်တကြိမ်ပြန်ပြီး မတွေ့ရတော့ဘူး။ နောက်တော့ သူမ ကြားသိခဲ့ရတာက နာဇီစစ်သုံ့ပန်းအကျဉ်းစခန်းမှာ သူ သေဆုံးသွားခဲ့သတဲ့။

“အဲဒါ ကျွန်မ အမှား၊ ကျွန်မကြောင့်လို့ပဲ အမြဲ ခံစားမိခဲ့ရတယ်။ ကျွန်မ သူ မပါဘဲ ထွက်ခွာခဲ့မိတာ ကျွန်မအတွက် ရင်နာစရာပါ” သူမ က ပြောတယ်။ သူ မရှိတဲ့ နှစ်တွေ၊ အချိန်တွေဟာ ကျွန်မအတွက်တော့ အပြစ်တွေထုတ်ပိုးသိမ်းဆည်းပြီး ခရီးလှည့်လည်သွားလာနေရသလို ဖြစ်နေခဲ့တယ်" တဲ့။

သင်းအုပ်ဆရာက သူမကို ဖျောင်းဖြဖို့၊ သူမ စိတ်သက်သာရစေဖို့ ကြိုးစားပါတယ်။ အဲဒီရွှေရောင်တလက်လက်၊ ဆင်စွယ်နှစ်ရောင်စားပွဲခင်းစလေးကို သူမကို ပေးကမ်းတယ်။ လက်ခံယူလိုက်ဖို့ တိုက်တွန်းလိုက်တယ်။ သူမကတော့ ငြင်းဆန်တော့တာပဲ။ ပြီးတော့ အဝေးကို ပြေးထွက်သွားခဲ့တယ်။ ခရစ်စမတ်ညနေခင်းမှာတော့ ဘုရားကျောင်းမှာ ဖြန့်ကျက်ခင်းကျင်းထားတဲ့ ဟောဒီ စားပွဲခင်းဟာ ကြီးစွာသောအောင်မြင်မှုတွေဖြန့်ကျဲထားသလိုမျိုးပဲ။ ဖယောင်းတိုင်းမီးအလင်းတွေအောက်မှာ အလှဆုံးအကောင်းဆုံးဖြစ်အောင် ကျွမ်းကျင်စွာ ချုပ်လုပ်ထားတာတဲ့စားပွဲခင်းဟာ လှလှပပ ခမ်းနားဝင်းလက်နေခဲ့ပါတယ်။

ဘုရားကျောင်းက ဝတ်ပြုဆုတောင်းခြင်းအမှုကိစ္စတွေပြီးတော့ သင်းအုပ်ဆရာတော်ဟာ တံခါးပေါက်နားမှာ မတ်တပ်ရပ်လို့ပေါ့။ အဲဒီအချိန်လေးမှာ ဘုရားကျောင်းလေးဟာ ကြည့်ရတာ သိပ်ကို လှပနေပါသတဲ့။ ဘုရားကျောင်းလာ ဧည့်ပရိတ်သတ်တွေက သင်းအုပ်ဆရာကို ချီးကျူးစကားတွေဆိုကြတယ်။ တစ်ယောက်သောအမျိုးသားတစ်ဦး။ နူးညံ့ချိုသာတဲ့မျက်နှာမျိုးနဲ့ သက်လတ်ပိုင်းအရွယ် အဲဒီအမျိုးသားကတော့ တော်တော်လေး စိတ်ရှုပ်ထွေးနေပုံပဲ။ သူက ဒီဒေသခံပါပဲ။ နာရီအကြီး အသေး အကုန်ပြင်တဲ့နာရီပြင်ဆရာပါ။

“အဲဒါ ထူးကိုထူးဆန်းတယ်” နူးညံ့တဲ့လေသံမျိုးနဲ့ သူက ပြောပါတယ်။ 

“နှစ်တွေအများကြီးပဲ ကြာပါပြီ။ ကျွန်တော့်အမျိုးသမီးကို ဘုရားသခင်က ခေါ်ဆောင်သွားခဲ့တယ်။ ပြီးတော့ ကျွန်တော် ဒီလို အဝတ်စကို ပိုင်ဆိုင်ခဲ့ဖူးပါတယ်။ ဗီယင်နာက ကျွန်တော်တို့အိမ်မှာဆိုရင် ကျွန်တော့်အမျိုးသမီးက ဒီအဝထ်စကို စားပွဲမှာခင်းတာပေါ့” 

ပြီးတော့ နာရီပြင်ဆရာက ပြုံးလိုက်သေးတယ်။ “ဘုန်းတော်ကြီးတွေ ညစာစားပွဲအခမ်းအနားလာတဲ့အချိန်ပေါ့” လို့ ဆိုတယ်။ သင်းအုပ်ဆရာက ရုတ်တရက်ဆိုသလို အလွန်အမင်း စိတ်လှုပ်ရှားသွားတယ်။ ဒီနေ့ အစောပိုင်းက ဘုရားကျောင်းမှာ ရှိနေခဲ့တဲ့ အမျိုးသမီးအကြောင်း နာရီပြင်ဆရာကို ပြောပြလိုက်ပါတယ်။ နာရီပြင်ဆရာဟာ သင်းအုပ်ဆရာလေးရဲ့ လက်မောင်းကို ဖမ်းဆုပ်ပြီး 
“အဲဒီလို ဖြစ်နိုင်သလား။ တကယ်ပဲ သူမ အသက်ရှင်နေသေးလား” လို့ စိတ်လှုပ်ရှားတုန်ရီစွာ မေးတော့တယ်။

သူတို့နှစ်ဦးသား အမျိုးသမီးအင်တာဗျူးသွားခဲ့တဲ့ မိသားစုဆီ အဆက်အသွယ်တစ်စုံတစ်ခုရနိုင်မလား သွားမေးကြတယ်။ ပြီးတော့ သင်းအုပ်ဆရာရဲ့ ကားနဲ့ ပဲ မြို့တော်ဆီထွက်ခွာခဲ့ကြပါတယ်။ အဲဒီအချိန်ဟာ ခရစ်စမတ်နေ့ မွေးဖွားခဲ့တဲ့အချိန်ပေါ့။ အဲဒီအမျိုးသားနဲ့ သူ့ဇနီးတို့ဟာ ဝေးကွာနေခဲ့ကြတယ်။ ဝမ်းနည်းကြေကွဲဖွယ်ရာ ခရစ်စမတ်ပွဲတော်ချိန်တွေအများကြီးပါပဲ။ ပြီးတော့ အဲဒီ ခရစ်စမတ်ပွဲတော်ချိန်တစ်ခုမှာပဲ သူတို့ ပြန်လည်ဆုံဆည်းနိုင်ခဲ့ကြပါတယ်။

ဒီခရစ်စမတ်ပုံပြင်လေးကို ကြားရတဲ့သူတိုင်းက ဘုရားကျောင်းရဲ့ နံရံပေါ်မှာ အပေါက်တစ်ခုဖြစ်အောင် ထုနှက်ခဲ့တဲ့ မုန်တိုင်းရဲ့ ရည်ရွယ်ချက်ဟာ အခုတော့ ဝမ်းမြောက်ကြည်နူးစရာ၊ ကြည်လင်သွားခဲ့ပါပြီလို့ ဆိုကြတယ်။ လူတွေပြောနေကြသလို “အံ့သြဖွယ်ရာဖြစ်ရပ်တစ်ခု” ပါပဲ။ ဒါပေမဲ့  ကျွန်တော်ထင်ပါတယ်။ ဒါဟာ “ခရစ်စမတ်သဝဏ်လွှာ”ပါ။ ကျွန်တော် ဒီလိုပြောရင် အားလုံးက သဘောတူကြမယ်ထင်ပါရဲ့။

 
မိသားစုတွေ ပြန်ဆုံတဲ့ ခရစ်စမတ်ဖြစ်ပါစေ။
အားလုံးအတွက် ပျော်ရွှင်ရတဲ့ ခရစ်စမတ်နေ့လေးဖြစ်ပါစေ ဆုတောင်းရင်းပေါ့။
~ Merry Christams to all beloved friends and bloggers~


ဖြိုးဖြိုး
Reader’s Digest : The Gold and Ivory Tablecloth

1 comment:

စံပယ်ချို said...

ပိုစ့်လေးဖတ်ပြီးဝမ်းနည်းသလိုခံစားရမိတယ်
မိသားစုအားလုံးနဲ့ အတူ ပျော်ရွှင်တဲ့
ခရစ်စမတ်လေးဖြစ်ပါစေလို့ဆုတောင်းရင်း