Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, November 29, 2012

ဘုရားပြီး ငြမ်းဖျက်တဲ့အခါ .. မယ်ကုဝဏ်ခမြာ

ဟိုရှေးရှေးတုံးက တိုင်းပြည်တပြည်မှာ  ဘုရင်ကြီးတပါး မင်းကျင့် တရား ဆယ်ပါးနဲ့အညီ စိုးမိုးအုပ်ချုပ်လို့ နေတယ်တဲ့ကွဲ့။ တိုင်းသူပြည်သားတွေကလဲ ချစ်ခင် ကြည်ဖြူကြသတဲ့။  တနေ့တော့ ဟစ်တိုင်မှာ လူတွေ စုရုံး စုရုံးနဲ့ ဆူပူ ဟစ်အော်သံ ဘုရင်ကြီး ကြားရော ဆိုပါတော့။

(အော် ..ပြောပြအုံးမယ်။ ဟစ်တိုင်ဆိုတာက  ဘုရင် က စိုက်ထူပေးထားခြင်းဖြစ်တယ်။ တိုင်းပြည် အုပ်ချုပ်သူ ဘုရင်နဲ့  အသိုင်းအ၀ိုင်းကို မကျေနပ်တာ တိုင်ကြားလိုတာရှိရင် ဟစ်တိုင်ကနေ ဘုရင့်ကို လျှောက်ထား တိုင်ကြားရတယ် ။အဲဒီအခါ ဘုရင် ကိုယ်တော်တိုင် စစ်ဆေးပြီး မေးမြန်းပြီး  ခြေမ မကောင်းရင် ခြေမ လက်မ မကောင်းရင် လက်မ ထိထိရောက်ရောက် အရေးယူဆုံးမပေးတယ် တဲ့။ကောင်းလိုက်တဲ့စံနစ်နော်)
ဒါနဲ့  “ဘာသံတွေလဲ မင်းကြီးများ" လို့ ဘုရင်က မေးတော့ “သားတော်ဝိဇယမင်းသား ခိုးဆိုးလုယက် တိုက်ခိုက်နေလို့ ပြည်သူဗျာလှိုင် မခံနိုင် သံပြိုင်ဟစ်အော်ကြပါသည်ဖျား”
လို့ မူးကြီး မတ်ကြီးများက လျှောက်ထားကြတော့တာပေါ့။

(ခုခေတ်မှာများ အဲလို ဟစ်တိုင် ရှိရင် သိပ် ကြည့်ကောင်းမှာဘဲ)
ဒီတော့ အမှန်ဘဲလား လို့ သားတော်ဝိဇယကို ရှေ့တော်သွင်းမေးမြန်းတဲ့အခါ သားတော် ၀ိဇယမင်းသားကလဲ မကွယ်မ၀ှက် ဟုတ်တိုင်းမှန်ရာ အစစ်ခံတယ်။ ကွဲ့ ။မှတ်ထားနော်။ မညာဘူး။

ဒါဖြင့် အမိန့်တော်မှတ်မယ် အမတ်ကြီးများ ဆိုပြီး  ၀ိဇယမင်းသားနှင့် အပေါင်းပါများကို ဘယ်သောင် ဘယ်ကမ်းဆိုက်ဆိုက် ဖေါင်ပေါ်တင်ပြီး တိုင်းပြည်က နှင်ထုတ်လို့ မြစ်ဧရာကြော မျှောလိုက်ကြ အမတ်ကြီးများ လို့ အမိန့်ချမှတ်တယ်ကွဲ့။ ဒီတော့ သားတော်ကလဲ ခမည်းတော်စကားကို မဖီဆန်ဘူး။ အာဏာ သက်ရောက်စေပြီး လိုက်နာကျင့်သုံးတာကိုး။ အဓိပ္ပါယ်ကတော့ အပေါင်းအသင်းတွေ အားလုံးခေါ်ပြီအေးအေးသက်သာ ဖေါင်ပေါ် တက်လိုက်သွားတာပေါ့ကွယ်။ ထိုးဝါးမပါဘူးနော်။ထိုးဝါးပါရင် လိုရာ သွားနိုင်တယ်။ အဲဒါနဲ့ ကမ်းမမြင် လမ်းမမြင် ဖေါင်မျောရာ ပါလာကြတဲ့ ၀ိဇယ မင်းသားနဲ့ နောက်လိုက် တပည့်များဟာ အဆုံးမှာ လူမရှိတဲ့ကျွန်းတကျွန်းကို ဆိုက်ကပ်မိရော ဆိုပါတော့။

အဲဒီကျွန်းက  ဘီလူးတွေ နေတဲ့ ကျွန်းတဲ့ကွဲ့။ လှေ သင်္ဘောတို့များ ဆိုက်ကပ်လာရင် ဘီလူးမတွေက လူယောင်ဆောင် မြှားပြီး စားပစ်ကြတယ်။ဝိဇယမင်းသားရဲ့ တပည့် တော်တော်များများဟာ မဆင်မခြင် အသိမရှိလို့ လူယောင်ဆောင်ထားတဲ့ ဘီလူးမတွေနောက် အဟုတ်ထင် လိုက်သွားရင်း ဘီလူးအစားခံကြရတယ်။ ၀ိဇယမင်းသားကတော့ ဥာဏ်ရှိတဲ့သူဆိုတော့  သူ့တပည့်တွေလဲ တစ်ယောက် လိုက်သွားရင်း တယောက်ပျောက်သွားရင်းဆိုတော့  မသင်္ကာဖြစ်ရာက ဘီလူးမတစ်ယာက်လဲ  သူ့ကို  လာဖြားယောင်းပါလေရော တခါတည်း သံလျက်ဆွဲ လည်ကိုခုတ်ပိုင်းမယ် လုပ်ကရော ဘီလူးမလဲ ဟုတ်တိုင်းမှန်ရာ ဖွင့်ပြောရတော့တာပေါ့။ ဘုန်းရှိတဲ့ ယောက်ျားဆိုတော့ မနေသာတော့ဘူးလေ။

ဒီအခါမှာ ဘုရားရှင် ပရိနိဗ္ဗာန်မစံခင်က ဗျာဒိတ်မိန့်မှာချက်အရ အဲဒီကျွန်းဟာ နောင်အခါ သာသနာထွန်းကားပျံ့ပွားရာ အရပ်ဒေသ ဖြစ်မဲ့အကြောင်း ဗျာဒိတ်ထားခဲ့တာကွဲ့ ။သီဟိုရ်ကျွန်းတဲ့။ ကိုးတိုင်းကိုးဌာနကို သာသနာပြုစေလွှတ်ခဲ့တာမို့ ၀ိဇယမင်းသားနဲ့ အံကိုက်လောက်ဘဲ ရဟန်းတစ်ပါး ကြွလာပြီး ဘုရား ပရိတ်တော်များ ပရိတ်ကြိုးများ ပရိတ်ရေများ ပက်ဖြန်း ချီးမြှင့်ပေးတဲ့အတွက် ဘီလူးတွေ မနေနိုင်ဘဲ ထွက်ပြေးတိမ်းရှောင်သွားကြရတယ်ကွဲ့။  သီဟိုရ်ကျွန်းဆိုတာ ခုအခါ သီရိလင်္ကာနိုင်ငံလို့ ခေါ်တွင်ပါတယ်။ ယခုထက်တိုင် ဗုဒ္မ ဘာသာဝင် နိုင်ငံပါ။

ဒါနဲ့  ပြောရအုံးမယ် ။ အမေတို့ အမေ သမီးဖွားဖွားပြောတာက  ၀ီဇယမင်းသားကို ဖြားယောင်းသွေးဆောင် ခေါ်ယူသွားတဲ့ ဘီလူးမဟာ မယ်ကုဝဏ်လို့ ခေါ်တယ် တဲ့။ ဘီလူးရန်ကို နှိမ်နင်းရာမှာ သူ့အမျိုးသူ့အဆွေ  ဘီလူးတွေအပေါ်  သစ္စာဖေါက်ပြီးဝိဇယမင်းသားကို ချစ်တဲ့ဇောနဲ့ ကူညီခဲ့ရှာတယ်တဲ့။ ဘယ်လိုကူညီသလဲဆိုတော့ ၀ိဇယမင်းသားက ဘီလူးတွေကို မြှားနဲ့ပစ်ရာမှာသူက ကောင်းကင်ကနေ ဘီလူးတွေ ရှိရာအရပ်ကို အသံပေးကူညီသတဲ့။ အသံကြားရာ မှန်း လှမ်းပြီးမြှားနဲ့ ပစ်တော့ တဖုတ်ဖုတ်နဲ့ ဘီလူးတွေ ကောင်းကင်က ပြုတ်ပြုတ်ကျသတဲ့။ ပြီးတော့ မယ်ကုဝဏ်ရဲ့ အကြံဥာဏ်ကို ရယူပြီး ထီးနန်းစိုက်ထူခဲ့တာလေ။ နောက်ပိုင်း ၀ိဇယမင်းသားက တိုင်းပြည်တည်ထောင်  ပြီးမြောက်လို့ ဘိသိက်သွန်းလောင်းတဲ့အခါကျတော့  ဘီလူးမဆိုပြီး  နှင်ထုတ်ခဲ့တာပါ။ လူသားစစ်စစ်ကိုသာလက်ဆွဲ လို့ နန်းသိမ်းပွဲ ခံခဲ့တာပါ။ ။

ဒါ့အပြင် လူသားများက  ကြောက်လန့်စိုးရိမ်မှု ရှိနေကြတဲ့အတွက် တိုင်းပြည်က နှင်ထုတ်ခဲ့တာမို့ သားနဲ့သမီးကို လက်ဆွဲ ပြီး မယ်ကုဝဏ်ဟာ အပြီးတိုင် နန်းတော်က ထွက်ခွာသွားခဲ့ရပါတယ်။ နောက်ဆုံးမှာ  သူမရဲ့ ဦးလေးဖြစ်သူ နတ်ဘီလူးစစ်သည်တဦးနဲ့တွေ့ပြီး  ရန်ညှိုးထား ရိုက်ပုတ်သတ်ဖြတ်ပြစ်တာကိုလဲ မချိတရိ  ခံခဲ့ရရှာပါတယ် တဲ့။ ဘုရားပြီးရင် ငြမ်းဖျက်တယ် ဆိုတဲ့ သဘော သက်ရောက်သွားတာပေါ့နော်။ 

ဒီဇာတ်လမ်းကလေးကို အေ၀မ်း ရုပ်ရှင်က ၀ိဇယ အမည်နဲ့ဘဲ အသံထွက် ရုပ်ရှင် ရိုက်ကူးခဲ့ပါတယ်။ မယ်ကုဝဏ်နေရာမှာ ပါဝင်သရုပ်ဆောင်သူက မေသစ်။ ငယ်ငယ်ကလေးပါ။ ၀ိဇယမင်းသားက အေးကြူ ဆိုတာများလားဘဲ။ မမှတ်မိဘူး။

မေမေ ခင်မေသစ်

1 comment:

ဆုမြတ်မိုး said...

လာလည်သွားပါတယ်..အမ