Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, August 25, 2012

သွေးဆာတဲ့ဘုရင်"ဒရက်ကူလာ" ရဲ့ မြို့တော်ဆီ အပိုင်း (၁)

ရန်သူတွေကို သတ်ဖြတ်တဲ့အခါ တံစို့ နဲ့
ခံတွင်းကနေ အဆုံးထိ ထိုးသတ်တတ်သူ
ရက်စက်တဲ့ စစ်သူကြီး ဒရက်ကူလာ (Vlad Ţepeș)
ထိတ်လန့်သည်းဖိုအဖြစ်အပျက်တွေကို စိတ်ဝင်တစားရှိတတ်ကြတဲ့ လူတွေဟာ ကမ္ဘာကြီးရဲ့ တစ်နေရာရာက ချောက်ချားစရာအဖြစ်အပျက်တွေကို သိလိုလှပါတယ်။ အဲဒီထိတ်လန့်စရာတွေကို အမြဲတသသ အမှတ်ရနေတတ်ကြတယ်။ အဲဒီလိုလူတွေထဲက တစ်ယောက်ကတော့ ထိတ်လန့်သည်းဖိုဇာတ်လမ်း ရေးသားမှုမှာ ထူးခြားတဲ့ပါရမီရှိသူ ဘရမ်စတိုကာပါ။ သူအမြဲ စိတ်စွဲလမ်း၊ ဥာဏ်ကွန့်မြူးနေတတ်တဲ့ ထရန်ဆေးလ်ဗေးနီးယားဒေသရဲ့ သဘာဝပတ်ဝန်းကျင်အနေအထားကို စာထဲမှာ ပုံဖော်တယ်။ ထရန်ဆေးလ်ဗေးနီးယားဒေသက ရိုမေးနီးယန်းလူမျိုးတွေရဲ့ ကြမ်းကြုတ်ရက်စက်လှတဲ့ စစ်ဗိုလ်ချုပ်ကြီး၊ တစ်ဘက်က တိုင်းပြည်ချစ်တဲ့ သူရဲကောင်း၊ ဘရန်းရဲတိုက်ပိုင်ရှင် ဒရက်ကူလာရဲ့ ဇာတ်ကောင်စရိုက်ကို စာထဲမှာ ဖန်တီးလိုက်တယ်။ ဥရောပရှေးရိုးစဉ်လာ ဒဏ္ဍာရီပုံပြင်တွေထဲက သွေးစုပ်ဖုတ်ကောင်တွေအကြောင်းကို နှစ်ပေါင်းများစွာ သူ .. သုသေသနပြုခဲ့ပါတယ်။ အဲဒီနယ်မြေဒေသတွေမှာ တကယ့်အဖြစ်အပျက်လိုလိုပြောဆိုနေကြတဲ့ သွေးစုတ်ဖုတ်ကောင်ရဲ့ ... အစွယ်ပြူးပြူးနဲ့ လည်ပင်းကို ကိုက်ဖောက်သွေးစုပ်တတ်တာ၊ ကြက်သွန်ဖြူကို ကြောက်ရွံ့တာ၊ လင်းနို့တစ်ကောင်နဲ့ ဆက်နွယ်မှုရှိနေတာ၊ ရုပ်အလောင်းရဲ့ ရင်ဝကို စို့နဲ့ ထိုးစိုက်မှ တသက်စာ သေဆုံးနိုင်တာ စတဲ့ ဒဏ္ဏာရီတွေနဲ့ ပေါင်းစပ်ဖန်တီးပြီး သွေးစုပ်ဖုတ်ကောင် ဒရက်ကူလာ အဖြစ် ဘရမ်စတိုကာ သရုပ်ဖော်ခဲ့ပါတယ်။ ဒဏ္ဏာရီတွေကို တကယ့်အဖြစ်အပျက်လိုပဲ အောင်မြင်စွာဖန်တီးနိုင်ခဲ့တယ်။ “ဒရက်ကူလာ”ဟာ “သွေးစုပ်ဖုတ်ကောင်”၊ “သွေးစုပ်ဖုတ်ကောင်” ဟာ “ဒရက်ကူလာ” လို့ တစ်သားတည်းကျသွားတဲ့အထိ ဘရမ်စတိုကာ ရဲ့ ဖန်တီးနိုင်စွမ်းက ကြီးကျယ်ခဲ့ပါတယ်။
သွေးစုပ်ဖုတ်ကောင် ဒရက်ကူလာကို ဖန်တီးသူ
ဘရမ်စတိုကာ (Bram Stoker)
ဟိုး .. ငယ်ငယ်တုန်းက ပျဉ်းမနားက တပေါင်း ဘုရားပွဲမှာပေါ့၊ ပိတ်ကားဖြူဖြူမှာ ၃ ကားပေါင်း  ပြတဲ့ရုပ်ရှင်ကားတွေကို ကျွန်မ ဖေဖေနဲ့ သွားကြည့်ခဲ့ဖူးတယ်။ အဲဒီထဲက ဒရက်ကူလာရုပ်ရှင်ကားဟာ ကျွန်မကို ချောက်လှန့်နေလိုက်တာများ။
အိမ်ကို ပြန်လာတော့ ဒရက်ကူလာထွက်လာလေမလား ဟိုဟိုဒီဒီမျက်စိရှင်အောင်ထားပြီး မျက်စိအစွမ်းကုန်ပြူးပြီး ကြည့်ခဲ့ရသေးတာ။ ကြောက်လန့်စရာကောင်းလှတဲ့ ဒရက်ကူလာရန်က ကာကွယ်နိုင်အောင် ကျွန်မ ဖေဖေကို ခရောစ့်(လက်ဝါးကပ်တိုင်)လေး ဆောင်ထားချင်တယ်လို့ ပူဆာမိခဲ့တဲ့အထိပါပဲ။ ကျွန်မရဲ့ ဖေဖေက ကျွန်မ စိတ်ကျေနပ်အောင် “အေး အေး၊ အဖေ လုပ်ပေးမယ်” ဆိုပြီး ငွေခရောစ့်လေး နဲ့ ငွေဆွဲကြိုးလေး လုပ်ပေးခဲ့ပါတယ်။ ကျွန်မမှာ အဲဒီ ခရောစ့်လေးရှိနေတာနဲ့ပဲ ဒရက်ကူလာ ရန်က လွတ်နိုင်ပြီးဆိုပြီး စိတ်ထဲမှာ လုံခြုံသွားခဲ့ဖူးတယ်။ အသက်ကြီးလာလို့ စာတွေ ရှာဖွေဖတ်ဖြစ်ခဲ့တော့ ဒရက်ကူလာဟာ ဒဏ္ဏာရီတစ်ခုပဲ ဆိုတာ သိသွားခဲ့ပြီ။ ဒါပေမဲ့လည်း ရွှေ handchain လေး ဖေဖေ ၀ယ်ပေးလာတော့ ငယ်ငယ်တုန်းကလိုပဲ ဖေဖေ့ကို ပူဆာမိခဲ့တာပါပဲ။ ခရောစ့်လေးလည်း ဆက်ပြီး တပ်ထားခဲ့သေးတာပဲ။ သူငယ်ချင်းတွေက “ခရစ်ယာန်လားဟင်” လို့ မေးလာကြတဲ့အခါ “ဒရက်ကူလာရန်ကြောက်လို့လေ။ သူ့ကို ကာကွယ်နိုင်အောင် ဖေဖေ့ပေးထားတဲ့အဆောင်ပေါ့” လို့ ခပ်နောက်နောက် ပြန်ပြောတတ်ခဲ့တယ်။ အဲဒီလောက်တောင် ဒရက်ကူလာရဲ့ ဖမ်းစားမှုက ကျွန်မမှာ သိပ်သည်းပြင်းထန်လို့ နေခဲ့ပါပေါ့။ ဒရက်ကူလာ .. ကောင့်ဒရက်ကူလာဆိုတဲ့ နာမည်၊ ထရန်ဆေးလ်ဗေးနီးယားဆိုတဲ့ နာမည်၊ အဲဒီနာမည်တွေ ခပ်တိုးတိုး ရွတ်ဆိုမိတိုင်း၊ ဘရမ်စတိုကာ ရဲ့ ဒရက်ကူလာရုပ်ရှင်ထဲက မြင်းရထားတစ်စီး မှောင်နဲ့မည်းမည်း ညတစ်ညမှာ တကျွီကျွီ တဂျစ်ဂျစ် မြည်သံတွေနဲ့ ရဲတိုက်ကြီးဆီ ချဉ်းကပ်လာတဲ့ဇာတ်ဝင်ခန်းတွေ၊ အဲဒီပုံရိပ်တွေကို မျက်စိထဲပြန်မြင်ယောင်တိုင်း ငယ်ငယ်တုန်းကလိုပဲ အသည်းတထိတ်ထိတ် လန့်ဖျတ်ရတုန်းပါပဲ။

အဲဒီလိုနဲ့ပဲ နွေရာသီ အားလပ်ရက်တွေမှာ ကျွန်မ ရောက်နေတဲ့ဆားဘီးယားနိုင်ငံ၊ ဘဲလ်ဂရိတ်မြို့ကနေ ၁၀၀၀ ကီလိုမီတာ ၀န်းကျင် အကွာမှာ ရှိတဲ့ အိမ်နီးချင်း “ရိုမေးနီးယား”ကို ၄ ရက်ခရီး tour တစ်ခုနဲ့ သွားဖြစ်ခဲ့ပါတယ်။ ထိတ်လန့်ချောက်ချားခဲ့ရသလို၊ စိတ်လှုပ်ရှားစရာ ဖမ်းစားနိုင်လွန်းတဲ့ အဲဒီ ဒရက်ကူလာမြေကို သွားခဲ့ရတာမို့ ကျွန်မ တော်တော်လေးပျော်ရွှင်ခဲ့ရပါတယ်။

ဘတ်စ်ကားပေါ်က ပထမည
(ဘဲလ်ဂရိတ်)
ကျွန်မတို့ ညနေ ၆ နာရီ ၁၅လောက်မှာ ဘတ်စ်ကားဂိတ်ကို အရောက်သွားကြတယ်။ ဂရိ၊ ခရိုအေးရှား၊ မွန်တီနီဂရိုး အစရှိသဖြင့် နိုင်ငံတွေကို သွားတဲ့ ဘတ်စ်ကားတွေရဲ့ စုရပ်ဟာ ဆာဗာစင်တာအနောက်မှာပါ။ အဲဒီနေရာက ကားရပ်နားတဲ့နေရာ ကျယ်ပြန့်ပြီး ကားရပ်နားခွန် မပေးရတဲ့ နေရာပါ။ ခရီးသွားဘတ်စ်ကားတွေအားလုံး ရပ်နားကြပါတယ်။ အိမ်နဲ့ နီးနီးလေးပဲမို့ ခရီးစမှာက ၇ နာရီဆိုပေမယ့် ကျွန်မတို့ အိမ်ကနေ သိပ်အစောကြီး မထွက်ခဲ့ကြပါဘူး။ ဘတ်စ်ကားဂိတ်ကို ရောက်တော့ ကားဂိတ်မှာ ခရီးသွားကြမယ့် လူကြီး လူငယ်လူရွယ်၊ ကလေးပိစိလေးတွေပါ အစုလိုက်လေးတွေ တွေ့နေရပါပြီ။ ကားပေါ်မှာ ခေါင်းတင်နိုင်မယ့် လေမှုတ်ခေါင်းအုံးလေးတွေ လိုက်ရောင်းနေတာလည်း တွေ့လိုက်သေးရဲ့။ ၇ နာရီ ထိုးဖို့ ၁၅ မိနစ်လောက်အလိုမှာ tour guide အမျိုးသမီးက ကျွန်မတို့ ခရီးသွားဧည့်သည်တွေဆီက ငွေသွင်းထားတဲ့ဘောက်ချာစာအုပ်လေးတွေကိုတောင်းပါတယ်။ စာရင်းစာအုပ်မှာ ဖြည့်ပါတယ်။ ပြီးတော့ ကျွန်မတို့ ကားပေါ်တက်ကြတယ်။ ခရီးစကြဖို့ အဆင်သင့်ဖြစ်ပြီဆိုတဲ့ ၇ နာရီတိတိမှာ ကား စပြီး ထွက်ပါတယ်။ tour က ပေးထားတဲ့ စာရွက်လေးတွေမှာ ကြည့်တော့ ပထမဆုံးသွားမှာက ရိုမေးနီးယားနိုင်ငံထဲက ဆီဂီရွှားရား(Sigişoara)မြို့ကိုပါ။ ဘဲလ်ဂရိတ်ကနေ ရိုးမေးနီးယားကို အသွားလမ်းမှာ တဲမစ်ရွှားရား(Timişoara) - ဒဲဗာ(Deva) - ဆီဘီယူ(Sibiu) မြို့တွေကို ဖြတ်မယ်တဲ့။ ပြီးမှ ဆီဂီရွှားရားမြို့ကိုရောက်မှာပါ။ tour ဂိုက်က တစ်ချိန်လုံး ခရီးစဉ်အကြောင်း ရှင်းပြနေခဲ့ပါတယ်။ ဘဲလ်ဂရိတ်ကနေ ၂ နာရီလောက်အကြာပဲ ကျွန်မစိတ်ထဲ ဘယ်လောက်မှ မကြာလိုက်သလိုပါပဲ။ ရိုမေးနီးယားနယ်စပ်ကို ရောက်ပြီ လို့ပြောပါတယ်။ နယ်စပ်ဂိတ်မှာ ဆားဘီးယားအထွက်ဘက်က ဂိတ်ရယ်၊ ရိုမေးနီးယားအ၀င် ဂိတ်ရယ် ပတ်စ်ပို့ကို နှစ်ခါ စစ်တယ်လို့ ဆိုပါတယ်။ ဆားဘီးယားဘက်က အထွက်ဂိတ်မှာ ကားရပ်ပါတယ်။ တခြား ထရပ်ကားကြီးတွေ၊ ကိုယ်ပိုင်ကားလေးတွေလည်း တန်းစီစောင့်နေကြတာ တွေ့ရတယ်။ ခဏနေတော့ ကားပေါ်ကို ယူနီဖောင်းဝတ် ထွားထွားကျိုင်းကျိုင်း ဆားရ်ဘီးယန်းရဲတစ်ဦးတက်လာတော့တယ်။ ပြုံးပြုံးရွှင်ရွှင် ချိုချိုသာသာပါပဲ။ ပတ်စ်ပို့စာအုပ်တွေလိုက်သိမ်းပါတယ်။ အဲဒီ ရဲ က ပဲ ကျွန်မတို့ ထိုင်ခုံရဲ့ အနောက်က အဖေနဲ့ ၁၀အရွယ်လောက် သမီးလေးနဲ့ခရီးထွက်လာကြတဲ့ အဲဒီ သားအဖကို “ဘာလို့ အမေ့ကို ခေါ်မလာတာလဲ” ဆိုပြီး ရယ်ရယ်မောမောစလိုက်တယ်။ အဖေလုပ်တဲ့သူက “အမေက အိမ်မှာ သားလေးနဲ့လေ။ သူတစ်ဝက် ကိုယ်တစ်ဝက်ပေါ့” လို့ ပြန်ပြောပြလို့ ကားတစ်စီးလုံး ရယ်မောကြပါသေးတယ်။ ပတ်စ်ပို့တွေကို အထပ်လိုက်ကိုင်ပြီး ကားပေါ်က ပြန်ဆင်းသွားပါတယ်။ သိပ်မကြီးလှတဲ့ တစ်ထပ် ရုံးခန်းအဆောင်လေးတွေ တွေ့ရတယ်။ မီးတွေထိန်လင်းနေအောင်ထွန်းတာတာမျိုး မရှိပါဘူး။ ၅ မိနစ်လောက်စောင့်ပြီးတော့ tour guide အမျိုးသမီးနဲ့ တစ်ခြား tour က အမျိုးသားတစ်ဦး ပတ်စ်ပို့စာအုပ်တွေပြန်ပြီးဝေပေးပါတယ်။ အဲဒီကနေ ကားဆက်မောင်းကြပြီး နောက်တစ်ခါ ရိုမေးနီးယားအ၀င် ဂိတ်မှာ ကားရပ်ပြန်တယ်။ ရိုမေးနီးယားလူဝင်မှုကြီးကြပ်ရေးဝတ်စုံနဲ့တစ်ဦး ဘတ်စ်ကားပေါ်ကို တက်လာပါတယ်။ အဲဒီတစ်ခါမှာတော့ ရဲ ၀န်ထမ်းမဟုတ်ပါဘူး။ သူကလည်း ပတ်စ်ပို့စာအုပ်တွေ တစ်ဦးစီက လိုက်ယူပြီး အထပ်လိုက်ကိုင်ကာ ပြန်ဆင်းသွားပါတယ်။ ခဏနေတော့ခုနက အတိုင်းပါပဲ tour guide အမျိုးသမီးက ပတ်စ်ပို့စာအုပ်တွေတစ်ဦးစီ ပြန်လိုက်ပေးပါတယ်။ ပြီးတော့ ကားဆက်ထွက်ခဲ့ကြတယ်။ ကျွန်မတို့ရဲ့ဘတ်စ်ကား ရိုမေးနီးယားမြေပေါ်မှာ မှောင်နဲ့မည်းမည်းညထဲ မောင်းနှင်ခဲ့ကြပါပြီ။

ကျွန်မလည်း tour က ဝေပေးထားတဲ့စာရွက်လေးတွေမှာ ပါတဲ့ မြို့တွေအကြောင်း ကို ဖတ်နေလိုက်ပါတယ်။ ပထမနေ့မှာ ဆီဂီရွှားရားမြို့ နဲ့ ဘရာရှော့ဗ်မြို့ ကို သွားကြမှာပါ။ ခရီးလမ်းတစ်လျှောက်မှာ ဓာတ်ဆီဆိုင်တွေမှာ စားသောက်ဆိုင်၊ စတိုးဆိုင်၊ သန့်စင်ခန်းတွေတွဲလျက်ဖွင့်ထားကြတာကြောင့် ကားရပ်ပေးတဲ့အခါ ကော်ဖီသောက်ချင်သူ၊ မုန့်ဝယ်ချင်သူတွေ၊ သန့်စင်ခန်းသွားချင်သူတွေ အပြေးဝင်ကြပါတယ်။ wi-fi လည်း ခရီးသွားတွေအတွက် ဖွင့်ပေးထားတာမို့ အင်တာနက်သုံးချင်သူတွေအတွက် အဆင်ပြေပါတယ်။

ဆီဂီရွှားရားမြို့ဟာ ထရန်ဆေးလ်ဗေးနီးယားဒေသက သမိုင်းဆိုင်ရာအရေးပါတဲ့မြို့တော်ပါ။ မူးရက်ရှ်ဒေသ ဂရိတ်တရာနာဗာ မာရဲ မြစ်ဝန်းကျင်တစ်လျှောက်မှာ ရှိနေတဲ့မြို့ပါ။ ထရန်ဆေးလ်ဗေးနီးယားရဲ့ အသည်းနှလုံးအလယ်ဗဟိုနေရာမှာတည်ရှိပါသတဲ့။ ပင်လယ်ရေမျက်နှာပြင်အထက် ၃၅၀ မီတာနဲ့ ၄၂၅ မီတာအကြားမှာ ရှိပါတယ်။ ဂျာမန်အခြေချနေထိုင်သူ(Transylvanian Saxons-Colonist Saşi)တွေက ၁၁၉၁ ခုနှစ်(၁၂ရာစုမှာ) မြို့ကိုစတင်တည်ထောင်ခဲ့ကြတယ်။ မြိ့မှာအခြေချနေထိုင်သူဦးရေဟာ ၂၀၁၁ သန်းခေါင်စာရင်းအရ ၂၆၃၇၀ ပဲ ရှိနေခဲ့ပေမယ့် ကြီးကျယ်တဲ့ယဉ်ကျေးမှုလက်ရာတွေရှိတယ်။ အလယ်ခေတ်ကာလက ယဉ်ကျေးမှုလက်ရာတွေကို ရိုမေနီးယားနိုင်ငံမှာ မူလအတိုင်းပဲ တွေ့မြင်နိုင်တဲ့နေရာပါ။ မြို့ဟောင်းဟာ တောင်ကုန်းထိပ်မှာ ရှိနေပြီး Saxon တွေရဲ့ ဗိသုကာပညာရတနာအစစ်အမှန်လို့ ဆိုကြတယ်။ ယူနက်စကိုကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖွဲ့အစည်းရဲ့ စာရင်းဝင်ဖြစ်ပါတယ်။ ဆီဂီရွှားရားဟာ သွေးဆာတဲ့ဘုရင်လို့ အငြင်းပွားစရာဖြစ်ခဲ့တဲ့ ရိုမေးနီးယမ်းဘုရင် ဗလာဒ့်တဲပက်ရှ် ဒရက်ကူလာ(Vlad Ţepeș)  ရဲ့ မွေးရပ်မြေလည်းဖြစ်နေပါတယ်။ ဆီဂီရွှားရားမှာ လှည့်လည်ကြည့်ရှုနိုင်စရာတွေက မြို့ရဲ့ သင်္ကေတတစ်ခုဖြစ်တဲ့ Clock Tower (အခု သမိုင်းပြတိုက်ပြုလုပ်ထားပါတယ်။ ရာဇ၀တ်သားတွေကို သတ်ဖြတ်တဲ့အခန်းကျဉ်းတွေလည်း ပြတိုက်နောက်မှာရှိတယ်။)  ဒရက်ကူလာမွေးတဲ့နေရာ ၁၅ရာစုနှစ် ရီနေဆန်းခေတ်ဆန်းလက်ရာစတိုင်လ် အဆောက်အဦး၊ အလယ်ခေတ်လက်နတ်တွေ ပြထားတဲ့ လက်နက်ပြတိုက်၊ တောင်ထိပ်က ဂျာမန်မူလကျောင်းလေးဆီ ကျောင်းသူကျောင်းသားလေးတွေနေ့တိုင်းအသွားအပြန်တက်ရတဲ့ အမိုးပါ သစ်သားလှေကားထစ်တွေ( ၁၆၄၂ ခုနှစ်က တည်ဆောက်ခဲ့တယ်၊ မူလက အထစ် ၃၀၀ ရှိခဲ့ပြီး အခုလက်ရှိ ၁၇၅ ထစ်ရှိပါတယ်တဲ့)။ အပ်ချုပ်သမားတွေရဲ့ မျှော်စင်၊ ဖိနပ်ချုပ်သမားတွေရဲ့ မျှော်စင်တွေလည်းရှိတယ်။ ၁၂ ရာစု နှစ်က Gothic စတိုင်လ် Dominican ဘုရားကျောင်းကိုလည်း ကြည့်ရှုနိုင်ကြတယ်လို့ ရေးထားပါတယ်။ ဆီဂီရွှားရားအကြောင်း လက်ကမ်းစာရွက်လေးမှာ ရေးထားသလောက် သိထားပြီးတဲ့အခါ ထရန်ဆေးလ်ဗေးနီးယားရဲ့ နှလုံးသားဒေသ ဆီဂီရွှားရားဆီ ကျွန်မ စိတ်တွေက အပြေး လွင့်မြောနေခဲ့ပါပြီ။
ဆီဘီယူဒေသမှာ ဒုတိယအကြီးဆုံးမြို့တော် Mediaș တဲ့
နောက်မှပြန်ဖတ်တာပါ။
(အဲဒီတုန်းက နိုးခါစ အိပ်ချင်မူးတူးနဲ့ ဘယ်ရောက်နေမှန်းမသိလိုက်ပါဘူး)
တစ်ညလုံးအိပ်ငိုက်၊ ခု မိုးလင်းလာပြီ
ဝါး ..... လိုက်တာ
ကားခဏနားတဲ့ စားသောက်ဆိုင်က ပန်းချီကား(သဘောကျလို့)
 

၂၀၁၁ က ပိုစ့်တစ်ပုဒ် ပါ။ တွဲဖတ်ချင်ရင် "ရိုမေးနီးယားကဝေများ ရဲ့ ကျိန်စာ"

နောက်တစ်ပိုင်းမှာ ဘရာရှော့ဗ်မြို့ထဲ ဟိုဟိုဒီဒီကြည့်ကြမယ်နော်။

သွေးဆာတဲ့ဘုရင်"ဒရက်ကူလာ" ရဲ့ မြို့တော်ဆီ 

အပိုင်း (၁)
အပိုင်း (၂)
အပိုင်း (၃)

ဖြိုးဖြိုး

1 comment:

တိမ်ပြာ(မနောမြေ) said...

မြန်မြန်ဆက်ပါဗျို့၊၊ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်၊၊ ကိုယ်တွေက သွားဖို့မလွယ်တော့ သွားတဲ့သူတွေ ရိုက်တဲ့ပုံတွေပဲ ငမ်းရတာ :)