Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, August 01, 2012

လမ်းဘေးမှာ အမှတ်တရကျောက်ပြားလေးတွေ ရှိတဲ့မြို့

ဒီဘက်နိုင်ငံတွေမှာတော့ နွေရာသီဟာ မြန်မာနိုင်ငံမှာလို ရွက်ဝါကြွေတဲ့နွေမဟုတ်ဘဲ ရွက်သစ်တွေဝေပြီး ပန်းရောင်စုံတွေဖူးပွင့်ကြတဲ့အချိန်ပါ။ အေးတဲ့အချိန်တွေမှာ ရေခဲမှတ်အောက်ထိကျသွားပြီး အပင်တွေမှာ သစ်ရွက်တစ်ရွက်မှ မကျန်နိုင်အောင် အရိုးပြိုင်းပြိုင်း အရိုင်းဆန်ဆန်အထီးကျန်သလိုခံစားရလွန်းလှလို့ ပူနွေးတဲ့နွေရာသီကို သဘောကျကြပါတယ်။ ပူနွေးတဲ့နိုင်ငံတွေကို ဆားရ်ဘီးယန်းတွေက နှစ်သက်ကြတယ်။ နွေရာသီဆို ကလေးလူကြီး အရောင်အသွေးစုံ အကျီပါးလေးတွေဝတ်ဆင်ပြီး မိသားစုလိုက်ရေကူးကန်သွားကြပါတယ်။ ကုန်းတွင်းပိတ်နိုင်ငံသားတွေပေမယ့် ကလေးလူကြီးနီးပါး ရေကူးတတ်ကြတာမို့ ရေမကူးတတ်တဲ့ ကျွန်မကို သူတို့က အံ့သြနေကြသေးတယ်။ ကုန်းတွင်းပိတ်နိုင်ငံဆိုတော့လည်း ကမ်းခြေရှိတဲ့နိုင်ငံတွေကို အထင်ကြီးအားကျကြပါတယ်။ သိပ်ပြီး အလည်အပတ်သွားချင်ကြတယ်။ နွေရာသီမှာ ဂရိကမ်းခြေတွေမှာ သွားပြီး အပမ်းဖြေကြလေ့ရှိပါတယ်။ ဘဲလ်ဂရိတ်မှာတော့ မြို့လယ်ပိုင်းလောက်ဖြတ်စီးဆင်းလာပြီး ဆာဗာမြစ်ရဲ့ ညာဘက်မြစ်လက်တက်မှာ ပေါ်ထွန်းလာတဲ့ ကျွန်းလေးရှိနေတယ်။ အဲဒီကျွန်းလေးကို ကမ်းခြေအတုပုံစံပြုလုပ်ထားတဲ့ အာဒါကန်မှာ လာလည်ကြသူပေါင်း နွေရာသီမှာဆိုရင် နေ့စဉ် ၁ သိန်းကျော်လောက်ရှိပါတယ်။ “ဘဲလ်ဂရိတ်ရဲ့ ပင်လယ်” လို့ သူတို့က တင်စားကြလေရဲ့။

ကျွန်မတို့ အိမ်အနီးမှာ ဆာဗာစင်တာရှိနေပြီး အူးစ်ချဲဈေးဝယ်စင်တာနဲ့ မဝေးလှပါဘူး။ အူးစ်ချဲ(UŠĆE)ဟာ နိုဗီဘဲအိုဂရာ့ဒ်(Novi Beograd) ဘဲလ်ဂရိတ်မြို့သစ်မြူနီစပယ် နယ်နမိတ်အတွင်းမှာရှိနေပါတယ်။ အဲဒီနေရာဟာ ဒူးနာဗ့်မြစ်(Danube)ထဲကို ဆာဗာမြစ် အဆုံးသတ်စီးဂင်သွားတဲ့နေရာဖြစ်နေတာကြောင့် အူးစ်ချဲ - မြစ်နှုတ်ခမ်းဝ (မြစ်ပါးစပ်)လို့ ခေါ်ကြတဲ့နေရာပါ။ နိုဗီဘဲအိုဂရာ့ဒ်ကနေကျော်လာပြီး ဇဲမူန်(Zemun)ရပ်ကွက်နယ်နမိတ် ရောက်သွားတဲ့အခါ ဒူးနာ့ဗ်မြစ်အဖြစ်နဲ့ပဲ ပိုပြီး  ရေအားကောင်းကောင်းနဲ့ စီးဆင်းသွားပါတယ်။ ဆာဗာမြစ်ဟာ ဆလိုဗေးနီးယား အနောက်မြောက်ကနေစတင်စီးဆင်းလာပြီး ဘဲလ်ဂရိတ်မှာအဆုံးသတ်သွားခဲ့တာမို့လားတော့မသိပါဘူး။ ဆာဗာမြစ်ကို သူတို့ သိပ်ချစ်ကြတယ်။ အဆုံးသတ်သွားတဲ့မြစ်တစ်စင်းမို့ အသနားပိုပြီး ပိုချစ်ကြလေးသလားလို့ တွေးမိသေးရဲ့။ ဆာဗာမြစ်အဆုံးသတ်ခါနီး အူးစ်ချဲတစ်ဝိုက် မြစ်ရဲ့အနောက်ဘက်မှာ ကလန်မန်ဒန်ခံတပ်ရှိနေပါတယ်။ အခုတော့ ပြတိုက်တစ်ခုပုံစံဖွင့်ပြီးပြသထားပါပြီ။ ကလန်မန်ဒန်ခံတပ် ရှိတဲ့ဘဲလ်ဂရိတ်မြို့ထဲဘက်ဟာ ကုန်းအနိမ့်အမြင့်တွေ ပိုပြီးများပါတယ်။ အူးစ်ချဲတစ်ဝိုက်ကတော့ အရင်တုန်းက သဲသောင်ပြင်တွေဖြစ်နေခဲ့သတဲ့။ အဲဒါကိုမှမြေတွေဖို့ မြေကိုပြင်ယူပြီး အဆောက်အဦးတွေဆောက်ခဲ့ကြတာပါ။
ဆောင်းဦး၊ ဆောင်းတွင်းတွေမှာ ဆိုင်ကယ်၊ စက်ဘီး တစ်ယောက်မှ မစီးကြပါဘူး။ ဆိုင်ကယ်စီး စက်ဘီးစီးရင် တိုးမယ့်လေက အေးလွန်းတာကိုး။ နွေရာသီဆိုရင်တော့ စက်ဘီးစီးတဲ့သူတွေ ဆိုင်ကယ်အုပ်စုလိုက်စီးကြတဲ့သူတွေ အများကြီးပဲတွေ့လာရပါပြီ။ ကျွန်မ ပထမဆုံးစက်ဘီးလျှောက်စီး ဖြစ်တဲ့နေ့မှာပေါ့။ စက်ဘီးလမ်း ဘေးမြက်ခင်းစပ်စပ်မှာ ကျောက်ပြားလေးတွေတွေ့တယ်။ ကျောက်ပြားလေးမှာ ဓါတ်ပုံတစ်ပုံနဲ့ ဘေးဘက်မှာ အလှဆင်ပန်းခြောက်လေးတွေရှိတယ်။ တစ်ခါတစ်ရံ ပန်းအစစ်တွေ တင်ထားပေးတတ်ပါတယ်။ ဘယ်သူကများ ဒီလို မပျက်မကွက်ပန်းတွေလာပြီးထားခဲ့ပါလိမ့်။ ကျွန်မ ချက်ခြင်းပဲ စိတ်ဝင်စားသွားခဲ့တယ်၊ စက်ဘီးကိုရပ်ရင်း သေချာကြည့်မိတော့ သေဆုံးသွားတဲ့လူတစ်ယောက်အတွက် ၀မ်းနည်းကြောင်းအမှတ်တရ ကျောက်ပြားမှန်းသိလိုက်ရတော့တယ်၊ ကျန်ရစ်တဲ့မိသားစုဝင်တွေက ထားပေးထားကြတယ်လို့ ပြောပြကြတယ်။ ဂူသချိုင်းတွေမှာလိုတော့ အရမ်းမကြီးလွန်းလှပါဘူး။ ခပ်ငယ်ငယ်လေးပါပဲ။ တစ်ချို့ကျောက်ပြားလေးတွေမှာတော့ ဓါတ်ပုံ ထည့်မထားပါဘူး။ အမွှေးတိုင်လေးတွေ လာလာပြီးထွန်းပေးကြတယ်။
ဒီလိုနေရာမှာ ဘယ်လိုအကြောင်းနဲ့ သေသွားခဲ့တယ်ဆိုတာ ရေးထားတတ်ပါတယ်။ မြူနီစပါယ်ကလည်း အထိမ်းအမှတ်ကျောက်ပြားလေးတွေထားဖို့ ခွင့်ပြုထားပါတယ်။ အဲဒီသေဆုံးသွားတဲ့သူတွေဟာ အဲဒီနေရာမှ ကား- မတော်တဆမှုတစ်ခုခုနဲ့ သေဆုံးခဲ့ကြတာမို့ ဒီကျောက်ပြားလေးတွေမြင်တိုင်း ယာဉ်ကို ဂရုတစိုက်မောင်းနှင်ကြဖို့ သတိပေးရာရောက်တဲ့သဘောနဲ့ ထားခွင့်ပြုထားတာလို့ ဆိုတယ်။ အဝေးပြေးလမ်းမတွေရဲ့ လမ်းဘေး ၀ဲ ယာ မှာလည်း  မကြာခဏ ဟိုဟိုဒီဒီ အမှတ်တရကျောက်ပြားလေးတွေ တွေ့ နေရတတ်တယ်။ ဆားဘီးယားနိုင်ငံဟာ နံရံဆေးခြယ်ပန်းချီထွန်းကားတာကြောင့် ဘဲလ်ဂရိတ်မြို့မှာလည်း တွေ့ရပါတယ်။ လမ်းမတစ်လျှောက်နံရံတွေ၊ အဆောက်အဦးနံရံတွေ၊ တံတားဘောင်တွေမှာ graffiti art တွေ နေရာတော်တော်များများတွေ့ရပါတယ်၊ တော်တော်လေးကြည့်ကောင်းတဲ့ လက်ရာမျိုးတွေလဲပါတယ်၊ ရထားတစ်စီးလုံး graffiti art တွေနဲ့ ဆေးခြယ်ထားတာလဲ တွေ့လိုက်ပါတယ်။ ဒါပေမဲ့ အများစုက စာလုံးတွေကိုပဲ အရောင်တွေ ဖြည့်သိပ်ထားကြပြီး သရုပ်ဖော်ပုံအနည်းအကျဉ်းလောက်ပဲ သုံးထားကြတယ်။ နိုင်ငံရေးဇာတ်ကောင်တွေရဲ့ပုံတွေတော့ တစ်ခါတစ်ရံတွေ့ရတတ်ပါတယ်။ ရုရှသမ္မတဟောင်းပူတင်ရဲ့ graffiti လက်ရာကိုလည်း တွေ့မိလိုက်သေးတယ်။ အိမ်နံရံတွေမှာလည်း စာလုံးတွေနဲ့လူငယ်တွေ လက်တည့်စမ်း ထားကြပါတယ်။ မြို့လယ် အဆောက်အဦး အချို့မှာတောင် လက်တည့်စမ်းထားတဲ့ စာလုံး graffiti တွေ မညီမညာတွေ့ရတတ်ပါတယ်။

အဆောက်အဦးတွေရဲ့နံရံတွေမှာ ပန်းချီဆွဲထားတတ်ကြတယ်။ တော်တော်အရွယ်အစားကြီးကြီးတွေလည်း ဆွဲကြတယ်။ သဘာဝကျကျ ပန်းပုံ၊ abstract လိုင်းတွေရုပ်ပုံတွေနဲ့ ပေါင်းစပ်ဆွဲထားတာလည်း သူတို့ နှစ်သက်ကြပါတယ်။ ဒူးနာဗ့်မြစ်ရဲ့ ညာဘက်မြစ်ကမ်းပါးတလျှောက် က ဇဲမူန်ရပ်ကွက်ဟာ ဘဲလ်ဂရိတ်မြို့ရဲ့ဟိုး ရှေးရှေးက လူချမ်းသာကြီးတွေ နေကြတယ်လို့ဆိုပါတယ်။ ဇဲမူန်ရပ်ကွက်ရဲ့ အဓိက လမ်းမကြီးဟာ တော်တော်လေး လှတယ်၊ ကော်ဖီဆိုင်တွေ၊ shopping center တွေပြည့်လို့၊ မီးတိုင်တွေကအစ ရှေးဟောင်းလက်ရာမျိုးလို၊ အဆောက်အဦးတွေကလဲရှေးဟောင်းလက်ရာမျိုးတွေပါ၊ အင်မတန်လှပတဲ့ ဇဲမူန်ရပ်ကွက်ပါ။ အဆောက်အဦးတွေဟာလည်း ရာသီဥတုဒဏ်ခံနိုင်အောင် ဆောက်ထားကြရတော့ သူတို့ကို ကြည့်ရတာဟာ စစ်တိုက်ခါနီး ၀တ်စုံပြည့်ဝတ်ထားတဲ့ စစ်သူကြီးတွေပုံစံမျိုးလိုပါပဲ။

အရင်ကတော့ အဆောက်အဦးဆောက်ရင် bomb shelter အခန်းထည့်ဆောက်ရတယ်လို့ ပြောပြကြတယ်။ အဆောက်အဦးတစ်ခုက လူတွေအားလုံး ပုန်းခိုနိုင်မယ့်အခန်းတခန်းမျိုးပါ။ ကိုဆိုဗိုခွဲထွက်ရေးစစ်ပွဲအတွင်း နေတိုးမဟာမိတ်အဖွဲ့ဗုံးကြဲခဲ့တုန်းက ဗုံးဒဏ်ထိမှန် ပြိုကျပျက်ဆီးနေတဲ့ အဆောက်အဦးတွေကိုလည်း အခုထက်ထိမြင်နေရဆဲပါပဲ။ ဗုံးဒဏ်ကြောင့်ပြိုကျနေတဲ့ အဆောက်အဦးတွေကို မပြုမပြင်ပဲ ထားတာဟာ အနာဟောင်းကိုမွေးထားသလို၊ နာကျည်းစိတ်တွေကို ပြေပျောက်မသွားအောင် မွေးမြူထားခြင်းရယ်များလားလို့ ကျွန်မကတွေးမိ၊ ပြောမိပေမယ့် သူတို့ကတော့ မဟုတ်ပါဘူးလို့ပဲ ပြောကြပါတယ်။

ကိုယ်ပိုင်ကား၊ ဘတ်စ်၊ ဓါတ်ရထားတွေမှာ သီချင်းတွေမဖွင့်ကြပါဘူး၊ အပြင်ထွက်တိုင်း သီချင်းသံကြားရဖို့ တော်တော်လေး ခက်ပါတယ်။ ရန်ကုန်မှာတော့ ဟိုနားဒီနား၊ လဘက်ရည်ဆိုင်တွေမှာ သီချင်းသံဆူဆူညံညံရယ်၊ အလှူခံမဏ္ဍပ်တွေဆီက သီချင်းသံမြိုင်မြိုင်ဆိုင်ဆိုင်ကြားရဖူးတော့ တစ်ခါတစ်ခါ အဲဒီသီချင်းသံတွေတောင်လွမ်းမိပါသေးရဲ့။ ဒီလိုဆိုတော့ ဂီတသီချင်းသံတွေများ သူတို့ မကြိုက်ကြဘူးလားဆိုတော့ မဟုတ်ရပြန်ဘူး။ မင်္ဂလာဆောင်တွေမှာ ကျွေးမွေးစားသောက်ပြီးကြရင် ကခုန်ကြပါတယ်။ မင်္ဂလာသတို့သမီး၊ သတို့သားက လာခေါ်ရင် ကကြတယ်။ လူကြီး၊ လူငယ် အဖိုးအဖွားအရွယ်ပါမကျန် ကနိုင်သူမှန်သမျှ ကကြရင် နှစ်သက်ကြပါတယ်။ လူကြီးရယ်မို့ အလှမပြင်သင့်ဘူး၊ မခုန်မကရယ်လို့ သဘောမထားကြပဲ။ လူငယ်တွေနဲ့ ပြုံးပြုံးရွှင်ရွှင် သီဆိုကခုန်ကြတဲ့ အဖိုးအဖွားတွေကိုလည်း ချစ်ကြပါတယ်။ သူတို့ရိုးရာအက အဓိက ကတော့ ခြေထောက်ကို စည်းချက်နဲ့ ညီတူခုန်ပြီးကကြတာမျိုးပါ။
ဘဲလ်ဂရိတ် ဘိုဟီးမီးရမ်း(Bohemian)ရပ်ကွက်ရဲ့ စကာဒါးလီယာလမ်းလေးကို နိုင်ငံခြားသားတွေ အများစုလာကြပါတယ်။ စကာဒါးလီရာလမ်းလေးဟာ စပျစ်ဝိုင်ထုတ်လုပ်တဲ့ရာသီတိုင်း စည်းကားသက်ဝင်လာတဲ့ လမ်းကျဉ်းလေးပါ၊ ဆားရ်ဘီးယားနိုင်ငံ ဘဲလ်ဂရိတ် မြို့လယ်နဲ့နီးကပ်နေပြီး စတာရီဂရာ့ဒ်(မြို့ဟောင်း)ရဲ့ အုပ်ချုပ်မှုအောက်မှာရှိနေခဲ့ပါတယ်။ ဘဲလ်ဂရိတ်ရဲ့ အဓိကဘိုဟီးမီးရန်းရပ်ကွက်၊ ပါရီမြို့ကအနုပညာရှင်တွေ နေထိုင်တဲ့ရပ်ကွက်မွန့်မာထရီအတိုင်းတင်စားပြီး ဘဲလ်ဂရိတ်မွန့်မာထရီလို့ခေါ်ဆိုကြတယ်။ ဘဲလ်ဂရိတ်မြိ့လယ် တီရာဇီးရဲရဲ့ အနောက်မြောက် မီတာ ၃၀၀အကွာလောက်မှာ တည်ရှိပါတယ်။ အနုပညာရှင်၊ ပန်းချီဆရာ၊စာရေးဆရာတွေ စုကြတဲ့နေရာပါ။ အဲဒီလမ်းထဲက ကော်ဖီဆိုင်၊စားသောက်ဆိုင်လေးတွေမှာ ဆားရ်ဘီးယန်းတိုင်းရင်းသားဝတ်စုံဝတ်ပြီး တိုင်းရင်းသားတေးသံတွေကို အကော်ဒီယံ၊ ဂီတာနဲ့ ဖျော်ဖြေနေတာလဲတွေ့ရပါတယ်။ ၁၈၃၀ ခုနှစ်လောက်က ဂျစ်ပဆီတွေအခြေချနေထိုင်ခဲ့ကြတဲ့နေရာ လို့ဆိုတယ်၊ အဲဒီလမ်းလေးရဲ့ ထိပ်မှာ ဘောစ့်နီးယန်း စာရေးဆရာ၊ပန်းချီဆရာ၊ ကယ်ရီကေးချားရေးဆွဲသူ ဇူကို (Zuko Džumhur) ကျောက်စာတိုင်လေးမှာရေးသားထားတဲ့ စာကြောင်းတွေဟာ စိတ်ဝင်စားဖို့ကောင်းလှတယ်၊ ဇူကိုက လမ်းကလေး နေရာက ပြောပြနေဟန်ရေးထားတာပါ။
“ကျွန်တော့်နာမည် စကာဒါးလီယာပါ၊ ဒါမှမဟုတ် စကာဒါးစကာလမ်းတဲ့၊ ဘယ်လိုပဲဖြစ်ဖြစ်ခင်ဗျားကြိုက်တဲ့နာမည်ပေါ့၊ ကျွန်တော်က ဘူးလ်လဗာ့ဒ်မဟုတ်ဘူး၊ အဲဗန်းနူးလဲမဟုတ်ဘူး၊ အဝေးပြေးလမ်းမလည်းမဟုတ်ဘူး၊ ရိုးစင်းပြီး မတ်စောက်ကွေ့ကောက်တဲ့ လမ်းကျဉ်းလေး၊ ဘဲလ်ဂရိတ်ရဲ့နှလုံးသားနေရာက နုံချာတဲ့ ကျောက်တုံးကျောက်ခဲလမ်းကျဉ်းလေးပါ၊ ကျွန်တော့်ရဲ့ဘိုးဟီးမီးရန်းအတိတ်အဖြစ်အပျက်တွေ မရှိတော့ဘူးဆိုရင်၊ ကျွန်တော့်ရဲ့ယိုယွင်းပျက်စီးနေတဲ့အိမ်ခေါင်မိုးတွေ၊ ခနော်ခနဲ့ထိုင်ခုံတွေနဲ့ ရေစီးမြောင်းလေးမရှိတော့ဘူးဆိုရင်တောင် ဒီ စာတမ်းလေးက ကျွန်တော့်ရဲ့အကြောင်း .. အားလုံးကိုပြောပြနေမှာပါ။
ကျွန်တော့်ရဲ့မိတ်ဆွေတွေက ကျော်ကြားတဲ့ ခေတ်ပြိုင်အသိပညာရှင်တွေချည်းပဲ၊ ကျွန်တော့်ပထမဆုံးမိတ်ဆွေတွေဆိုရင် ဘဲလ်ဂရိတ်က သရုပ်ဆောင်တွေ၊ ကဗျာဆရာတွေ၊ ဒါရိုက်တာတွေ၊ ပန်းချီဆရာတွေနဲ့ စာရေးဆရာတွေပေါ့၊
ကျွန်တော်က၀န်ကြီးတွေ၊ လေးစားစရာကောင်းတဲ့အုပ်ချုပ်သူလူကြီးတွေလည်းလက်ခံတယ်၊ မြင်းကုန်းနှီးအလှဆင်သူတွေ၊ ဂျုံထွက်ပစ္စည်းရောင်းသူတွေ၊ စားသောက်ဆိုင်ကလူတွေ၊ ကျောင်းထွက်တွေနဲ့ စာသင်နေတဲ့ ပရော်ဖက်ဆာတွေပါမကျန် လက်ခံပါတယ်၊ သူတို့အားလုံး သီချင်းတွေဆိုကြတယ်၊ ပါတီမှာစုစည်းကြတယ်။
ကျွန်တော့်ရဲ့အမိုးလေးတွေအောက်မှာ .. ကျွန်တော့်ရဲ့ ကျောက်ခဲလေးတွေပေါ်မှာ ..
ပြီးတော့ ရုတ်တရက်ဆိုသလိုပဲ .. ကျွန်တော့်ကို ကြီးမားပြီး ဆူညံလှတဲ့ လူသန်းပေါင်းများစွာရှိလာတဲ့ မြို့တော်ကြီးက ၀န်းရံလိုက်တယ်။ သစ်လွင်တဲ့ မြို့ပြလမ်းတွေတည်ဆောက်လာကြတယ်။ ကံကောင်းစွာပဲ ကျွန်တော့်ကို မေ့သွားကြပါတယ်။
သူတို့ ကျွန်တော့်ကို ကျော်ဖြတ်သွားကြတယ်။
ကျွန်တော့်ရဲ့ရန်သူတွေက ကြည့်ရ အရုပ်ဆိုးလှတဲ့ အဆောက်အဦးတွေ ကျွန်တော့်ဘေးမှာ ဆောက်လုပ်ကြတယ်။ ကျွန်တော်ပျက်စီးဆုံးရှုံးအောင်လို့ပေါ့၊ ဒါပေမဲ့ ကျွန်တော့်ရဲ့သူငယ်ချင်းကောင်းတွေက ကျွန်တော့်ကိုလုံခြံမှုပေးကြတယ်။ ကျွန်တော့်ရဲ့ ၀ိညာဉ်အပိုင်းအစသေးသေးလေးတောင်မှ ဖျက်ဆီးခွင့်မပြုခဲ့ဘူး၊
ကျွန်တော့်ရဲ့ရှေးကျတဲ့ဂုဏ်အလင်းရောင်ကိုလည်း ဆက်ပြီးထွန်းညှိပေးတယ်။
သူတို့ သေသေချာချာသိကြတယ်။ ကျွန်တော်က လူသားတွေရဲ့ ပျော်ရွှင်မှု၊ ရူးသွပ်မှုတွေကို မကုန်မခမ်းနိုင်အောင်တွန်းအားပေးနိုင်တယ်လေ ... ”
ဒီစာကြောင်းလေးတွေဖတ်ပြီး မြို့တစ်မြို့ရဲ့ သမိုင်းကြောင်းကို စေ့ငုနိုင်တာမို့ စိတ်ဝင်စားစရာကောင်းလှပါတယ်။ သတိရလွမ်းဆွတ်ခြင်း အမှတ်တရကျောက်ပြားလေးတွေရယ်။ စကာဒါးလီယာရယ် ပိုင်ဆိုင်ထားတဲ့ မြို့တစ်မြို့ ဟာ ဘဲလ်ဂရိတ်ပေါ့။         ။

Living Fashion, August, 2012

3 comments:

richelle co said...

Hi, very Interesting blog you have here... It would be my pleasure if you visit my website too. Here's the link
http://ads.com.mm/?cid=4fe2db67e4b0d19a0f5e0b1e&utm_campaign=ads_mm_lb_blog_riche&utm_so

ကိုတူး said...

ရောက်ဖူးချင်လိုက်တာဗျာ

ဆူးသစ် said...

ဗဟုသုတရပါတယ်မဖြိုးရေ။ ကျောက်ပြားတွေက သေတဲ့လူတွေအတွက်တဲ့လား။ ထူးထူးဆန်းဆန်းလေးတွေကြားရတာ ကောင်းပါ့ဗျား။ ပျက်စီးနေတာတွေ မပြင်တာတော့ ဟုတ်မှာပါဗျာ။ နာကြည်းနေတာဖြစ်မှာပေါ့။ ဒါဟိုတုန်းက စစ်ကြောင့်ပါ ဆိုတာမျိုးပေါ့။ ကမ်းခြေမရှိတဲ့ တိုင်းပြည်ဆိုတော့ တစ်မျိုးလှည့်တွေးရင် ဆူနာမီတော့ ကြောက်စရာမရှိတော့ဘူးပေါ့နော်။