Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, July 18, 2012

သက်ဝင်လှုပ်ရှား "Street Art" အနုပညာ

မကြာခင် နွေးထွေးတဲ့ နွေရာသီရောက်လာတော့မယ်။ နွေရောင်းပိတ်ရက်တွေ၊ အလုပ်နားရက်တွေကိုယ်စီကိုယ်ငှ ယူကြပြီး ဆားဘီးယားနိုင်ငံက၊ ဒီဘဲလ်ဂရိတ်မြို့မှာ သက်ဝင်လှုပ်ရှားလာကြရော့မယ်။ ပန်းချီဆရာစဉ်းစားပါတယ်။ သူ့မြို့လေးက လှုပ်ရှားသက်ဝင်လာကြတော့မယ်အချိန်မှာ သူ့ရဲ့မိတ်ဆွေတွေကို ဘာများပေးနိုင်ပါ့မလဲ။ သူဖန်တီးနိုင်တဲ့ ပန်းချီကားတွေ တစ်ချပ်စီလက်ဆောင်ပေးဖို့လား။ မဖြစ်နိုင်ပါ။ ပန်းချီကားတစ်ချပ်ရေးဆွဲရခြင်းဟာ အဖိုးတန်တဲ့ သူ့ရဲ့ အချိန်တွေများစွာကို ဖဲ့ပေးရတယ်။ တန်ကြေးကြီးကြီး ပန်းချီဆေးတွေသုံးရသေးတယ်။ ပြီးတော့ အချိန်၊ ပစ္စည်းပစ္စယတွေထက် ပိုပြီး အဖိုးထိုက်တန်တဲ့ သူ့ရဲ့ ကျန်းမာရေးကို ဖဲ့ဖဲ့ပေးရသေးတယ်။ တကယ်ပါ။ ပန်းချီကားတစ်ချပ်ဖြစ်လာဖို့ ကြွက်သားတွေရဲ့ညောင်းညာမှုတွေ။ မျက်စိရဲ့ လင်းလင်းမှုန်မှုန်အမြင်အာရုံပီသမှုတွေ။ အနုပညာအား၊ ကာယအား ... အား... အား.. အား ....။ အဲဒီအားတွေကို နှမြောတွန့်တိုမနေပဲ တရိရိဖြုန်းနိုင်လွန်းမှ ကောင်းမွန်ပြည့်စုံတဲ့ ပန်းချီကားတစ်ချပ်ဖြစ်လာရတာ။ အရေအတွက်များများ မြန်မြန်ဆန်ဆန်ဘယ်လိုနည်းနဲ့မှ ဖန်တီးလို့မရနိုင်ပါဘူး။ အဖိုးတန်လှတဲ့ အရာတွေပေးဆပ်ပြီးမှရလာတဲ့ ပန်းချီကားတစ်ချပ်အတွက် ထိုက်တန်တဲ့ တန်ဖိုးတစ်ခုခုကတော့ဖြင့် ဘာကိုမှ မရေရာလှပါ။ ကံဇာတာအားကောင်းလာတဲ့အခါမှသာ  ပန်းချီဆရာရဲ့အိမ်ကို၊ ပန်းချီဆရာရဲ့ပြခန်းကို လူတစ်ချို့ရောက်လာပြီး အဖိုးတန်အရာတွေဖြုန်းတီးမြုပ်နှံထားတဲ့ ပန်းချီကားတွေကို ဟိုဟိုဒီဒီလက်ညိုးထိုးကြပါလိမ့်မယ်။ တီးတိုးတစ်မျိုး၊ ကျယ်ကျယ်လောင်လောင်တစ်ခါ အမျိုးမျိုး အခါခါ ပြောဆိုဆွေးနွေးကြပါလိမ့်မယ်။ ပြီးတော့ ခေါင်းခါမယ်။ ခေါင်းငြိမ့်မယ်။ ခေါင်းလှုပ်မယ်၊ လက်လှုပ်မယ်၊ နောက်ဆုတ်မယ်။ ရှေ့တိုးမယ်။ ဒီလိုဟန်ပန်တွေနဲ့ ဘောင်လေးထဲကို စူးစိုက်ကြည့်ကြလိမ့်မယ်။ မျက်လုံးတွေရဲ့ စူးစိုက်မှု ပိုပြီးအားကောင်းလာပြီ၊ ခေါင်းညိတ်တာတွေ အကြိမ်အရေအတွက်စိတ်လာပြီဆိုရင်တော့ ပန်းချီဆရာ သိလိုက်ပြီ။ သူ့ရဲ့ ဘောင်ခတ်ထားတဲ့တန်ဖိုးကြီးအရာတစ်ချို့ကို တန်ဖိုးတစ်ချို့- ယူရိုစက္ကူချပ်တစ်ချို့၊ ဒီနာစက္ကူချပ်တစ်ချို့ နဲ့ အလဲအလှယ်လုပ်မယ့် ပွဲတစ်ပွဲဖြစ်ပြီပဲပေါ့။

ပြီးရင်တော့ အဲဒီပန်းချီကားကို ပိုင်ဆိုင်သွားသူတစ်ယောက်ပဲ အနုပညာကို တစ်စိမ့်စိမ့် ခံစားပါလိမ့်မယ်။ ဒါဟာ သက်ငြိမ်အနုပညာခံစားမှုမျိုးပါ။ ပန်းချီဆရာပိုပြီး နှစ်သက်တာကတော့အားလုံးဝိုင်းဝန်းပါဝင်လာနိုင်မယ့် အနုပညာမျိုး။ ၀ိုင်းဝန်းဖန်တီးမယ်။ ၀ိုင်းဝန်းခံစားကြမယ်။ အားလုံးမဟုတ်ရင်တောင် လူတွေ .. လူငယ်လေးတွေပူးပေါင်းပါဝင်နိုင်မယ့် သက်လှုပ်အနုပညာမျိုး.. လှုပ်လှုပ်ခတ်ခတ် သဘာဝဆန်တဲ့အနုပညာမျိုးလေ။ ဒါကြောင့် လမ်းမပေါ်မှာ ဖန်တီးသရုပ်ပြတဲ့အနုပညာမျိုးတွေကို ပိုသဘောကျလာခဲ့ရတာ။ တစ်ယောက်တည်းက ဖန်တီးပြီး လူတစ်ဦးကိုပဲ ခံစားမှုပေးတဲ့ အနုပညာရောင်းဝယ်ခြင်းထက်၊ ၀ိုင်းဝန်းခံစားပုံဖော်ပြီးရလာတဲ့ အနုပညာဖန်တီးမှုမျိုး အားလုံးကိုဝေမျှချင်တာ။ အဲဒီအနုပညာဝေမျှမှုဟာ အနုပညာရောင်းဝယ်မှုလို ငွေစက္ကူချပ်တွေမရနိုင်ဘူးဆိုတာတော့ ပန်းချီဆရာ သိတာပေါ့။ ဒါပေမယ့် သူဘာများတတ်နိုင်မလဲ။ သူ့ရဲ့ အသက်ဝိညာဉ်မချုပ်ခင်လေးအတွင်းမှာ သူလုပ်ချင်တာလေးတွေ လုပ်ကြည့်သွားချင်သေးတဲ့ စိတ်အဆာက သူလွန်ဆန်လို့မရနိုင်တဲ့အရာပဲမဟုတ်လား။ ဒီလိုနဲ့ ပန်းချီဆရာ Street Art ပွဲတစ်ပွဲလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

လေးလေးကန်ကန်လူကြီးတွေရဲ့မတိမ်းမယိမ်းအတွေးအခေါ်တွေကနေဖြစ်ပေါ်လာမယ့် လက်ရာတွေချည်းပဲမြင်တွေ့ ရမှာထက်စာရင်၊ ကလေးတွေရဲ့ ကိုယ်ပိုင်စိတ်ကူးလေးတွေ သူ ခံစားကြည့်ချင်တယ်။ အလယ်တန်း အထက်တန်းကလေးတွေပါ လှုပ်လှုပ်ရှားရှားပါဝင်ပြီး ဖန်တီးတာက ပိုပြီး သက်ဝင်နွေးထွေးစေတယ်လို့ ပန်းချီဆရာတွေးပါတယ်။ ကလေးတွေကို ကျောင်းစာသင်ခန်းထဲမှာပဲ နစ်မြုပ်မနေစေချင်ပါဘူး။ ကျောင်းစာသင်ခန်း ပြင်ပပတ်ဝန်းကျင်က လှုပ်ရှားမှုလေးတွေထဲ လှုပ်ရှားစေချင်တယ်။ ဒီတော့ သူ့ရဲ့ မြို့လေးက ကျောင်းတွေကို ဖိတ်ရမှာပဲပေါ့။ အဲဒီ Street Art ကို ကမ္ဘာ့ပတ်ဝန်းကျင်နေ့ ဇွန်လ ၅ ရက်နေ့ရယ် ၆ ရက်နေ့ရယ် ၂ ရက် ပြုလုပ်မယ်လို့ သတ်မှတ်လိုက်တယ်။ ဆားဘီးယားနိုင်ငံ၊ ဘဲလ်ဂရိတ်မြို့ ဆာဗာမြစ်နဲ့ ဒူးနာဗ့်မြစ်တစ်လျှောက် မြက်ကမ်းဘေးက လူသွားလမ်း၊ စက်ဘီးပြေးလမ်းတစ်လျှောက် ရေးဆွဲကြမယ်။ သူတို့ရေးဆွဲမှာက စိတ်ခွန်အားပေးမယ့် စာလုံးတွေပါ။ ဥပမာ - ပျော်ရွှင်ခြင်း၊ တာဝန်သိခြင်း၊ သစ္စာတရား၊ ရိုးသားခြင်း၊ ဇွဲလုံ့လရှိခြင်း၊ သည်းခံခြင်း၊ ခွန်အား၊ အသိပညာ၊ ငြိမ်းချမ်းရေး၊ အဓိဌာန်၊ အလှတရား၊ ၊ သန့်ရှင်းစင်ကြယ်မှု။ အားကစား၊ မိတ်ဆွေ ဆိုတဲ့စာလုံးမျိုးတွေပါမယ်။ စာလုံးတစ်လုံးနဲ့ တစ်လုံး ၁၀မီတာကွာဝေးစေမယ်။ Graffiti Art ပါပဲ။ အာဒါဆီဂန်လီယာ (Ada Ciganlija) ကန်အနီးက မော်တော်တွေရပ်နားတဲ့ မာရီနာမော်တော်ဆိပ်၊ ဘရန်ကို(Branko)တံတားနဲ့ ဓါတ်ရထားတံတားကြားက ပဲဒဲစတွီးရန်း (Pedestrian)လမ်းကြောတစ်လျှောက်၊ နဲဘောရီစာ(Nebojsa)မျှော်စင် နဲ့ ဒူးနာဗ့်သင်္ဘောဆိပ် အာဒါဟူးရား (Ada Huja) နေရာ ၄ နေရာကို ပန်းချီဆရာရွေးချယ်လိုက်ပါတယ်။ စာလုံးတွေကို ကလေးတွေရဲ့ ကိုယ်ပိုင်စိတ်ကူးနဲ့ ပဲ အရောင်အသွေး၊ စာလုံးဒီဇိုင်း သူတို့ စိတ်တိုင်းကျရေးခြယ်စေမယ်။ လိုအပ်တဲ့ ပန်းချီဆေးတွေအတွက်တော့ ပန်းချီဆရာစီစဉ်နိုင်သားပဲ။  ရုံးလုပ်ငန်းတွေ၊ စာရွက်စာတမ်းကိစ္စတွေနဲ့ အလုပ်တွေရှုပ်ဦးမှာ ပန်းချီဆရာနားလည်ပေမယ့် သူ လုပ်နိုင်ပါတယ် လို့တွေးလိုက်တယ်။

ပထမဆုံး ပန်းချီဆရာရဲ့ ပန်းချီအဖွဲ့အစည်း ULUS (Union of Visual Artists of Serbia) မှာ လျှောက်လွှာတင်ပါတယ်။ သူလုပ်မယ့် အစီအစဉ်အသေးစိတ်ကို သတင်းပို့လိုက်တယ်။ ဒါရိုက်တာက သဘောတူလက်မှတ်ထိုးပြီးတဲ့အခါ အဲဒီလက်မှတ်နဲ့ပဲ Street Art လုပ်မယ့် မြို့နယ်မြူနီစပယ်ရုံး ၄ ရုံး မှာ စာတင်ရပါတယ်။ အဲဒီအချိန်မှာ လက်ကမ်းကြော်ငြာတွေ ပန်းချီဆရာကိုယ့်ဘာသာပဲ ရိုက်ပြီး ကျောင်းတွေကို မေးလ်ပို့ထားတယ်။ လူကိုယ်တိုင် သွားပို့တယ်။ မိတ်ဆွေ Artist တွေကို လည်း မေးလ်ပို့ပြီး ပါဝင်လက်တွဲဖို့ မေးလ်ပို့ပါတယ်။ မီဒီယာဌာနတွေကိုပါ သတင်းပို့ခဲ့တယ်။ နောက်တော့ ပန်းချီဆရာ့ဆီကို ကျောင်းတွေ ဆီကနေ စာပြန်လာပါတယ်။ စိတ်ဝင်စားတဲ့ကျောင်းတွေက ဖုန်းတွေဆက်လာကြတယ်။ မေးလ်ပြန်ပို့လာကြပါတယ်။ ကျောင်းသား ၄ ယောက်လောက်ကို ဆရာမတစ်ယောက်က တာဝန်ယူကြရပါလိမ့်မယ်။ ကလေးတွေရဲ့လုံခြုံရေးအတွက် ကျောင်းစာသင်ခန်းပြင်ပမှာမို့ ကျောင်းသားအများကြီးနဲ့ ဆရာတစ်ယောက်စောင့်ရှောက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အဲဒီအတွက်ပါ ပန်းချီဆရာ စဉ်းစားရပါတယ်။ ဖုန်းဆက်၊ မေးလ်ပို့လာတဲ့ ဆရာ၊ ဆရာမတွေကို အစီအစဉ်တွေ အသေးစိတ်ရှင်းပြပေးခဲ့တယ်။ အဲဒီအစီအစဉ်တွေအားလုံးအတွက် ၃ လ လောက် ကြိုတင်ပြင်ဆင်ရပါတယ်။ နောက်တော့ ပန်းချီဆရာရဲ့ မိတ်ဆွေတွေ Artist တွေလည်း ပါဝင်လာကြပါတယ်။ အားလုံး ၁၂ ယောက်ပါ။ ပါဝင်လာတဲ့ကျောင်းတွေက Secondary school ရှစ်ကျောင်း "Filip Kljajić-Fića" "Vladimir Nazor" "Sveti Sava" "Jovan Cvijić" "Stevan Dukić" "Isidora Sekulić" "Vojvoda Radomir Putnik" "Braća Baruh" ကျောင်းတွေပါ။ Secondary school က Gimnazija "Dr Kosta Ćukić" နဲ့ "Filološka gimnazija "Stefan Nemanja"  ကျောင်းတွေပါဝင်ဖို့ ကတိပြုလာကြတယ်။ နောက် သတင်းဌာနတစ်ခု နှစ်ခုလောက်ကလည်း ပန်းချီဆရာ့ ဆီကို အမေးအဖြေရိုက်ကူးရေး လုပ်လာကြပါတယ်။  ပန်းချီဆေးကုမဏီ "Zvezda-Helios"ကလည်း စပွန်ဆာပေးလာခဲ့ပါတယ်။ ကလေး အယောက် ၅၀ ကျော်နဲ့ Artist တွေအတွက် ဆေးအလုံအလောက်ပို့ပေးလာခဲ့တယ်။ ၅ ရက်နေ့မတိုင်ခင် ကတည်းက Street Art ရေးဆွဲကြမယ့်နေရာ ၄ နေရာကို ပန်းချီဆရာ သွားကြည့်ထားလိုက်ပါတယ်။

ဒီလိုနဲ့ ဇွန်လ ငါးရက်နေ့ကို ရောက်လာခဲ့ပါပြီ။ အဲဒီနေ့က မိုးခပ်ဖွဲဖွဲ ဖြိုးဖြိုးဖြောက်ဖြောက်ဆိုရုံလေး ကျနေခဲ့ပါတယ်။ ကျိုးတို့ကျဲတဲ မိုးစက်လေးတွေပျောက်သွားရင်တောင်မှ မပြင်းလွန်းတဲ့နေရောင်အောက်မှာ ဆိုတော့ သူတို့ သိပ်ပြီး မပင်ပမ်းခဲ့ကြပါဘူး။ ပထမရက်မှာတော့ ကျောင်း၂ ကျောင်းပဲ ရောက်လာခဲ့ပါတယ်။ Artist တစ်ချို့လာပါတယ်။ ကလေးအယောက် ၂၀ ခန့် သူတို့ရဲ့ ဆရာမတွေနဲ့ ရောက်လာကြတယ်။ ပန်းချီဆရာ စာလုံးပုံစံအကြမ်း ဆွဲပြီး ၁၀ မီတာစာကို ခြေလှမ်းနဲ့ပဲ မြန်မြန်မှတ်ပြီး စာလုံးတွေနေရာချပါတယ်။ တစ်ချို့ကလေးတွေနဲ့ ဆရာမတွေက သူတို့ စာရွက်အကြမ်းလေးတွေနဲ့ နမူနာဒီဇိုင်းပုံစံလေးတွေ ပြင်ဆင်လာခဲ့ကြတယ်။ တစ်ချို့ကလေးတွေက အပြည့်အ၀ပူးပေါင်းပါဝင်လိုတာ တွေ့ရပြီး စာလုံးပုံလေးတွေ သူတို့စိတ်ကူးလေးတွေပြောပြပြီး ရေးဆွဲကြပါတယ်။ ကလေးတစ်ချို့လည်း ရေးဆွဲရမှာ ရှက်ယောင်ယောင်ဟန်ပန်ရှိနေကြပြီး စာလုံးလေးဆေးခြယ်ပြီးသွားတဲ့အခါမှာလည်း ဓါတ်ပုံအရိုက်ခံလိုစိတ်မရှိကြပါဘူး။ အများပြည်သူနဲ့ ဆိုင်တဲ့နေရာမှာ ဆေးခြယ်ရမှာ မ၀ံ့မရဲဖြစ်ဟန်လေးတွေလည်း ကလေးတစ်ချို့မှာ မြင်တွေ့ရပါတယ်။ ကလေးအများစုကတော့ ပေါ့ပေါ့ပါးပါး ပျော်ရွှင်စွာနဲ့ပဲ စာလုံးလေးတွေ ရေးဆွဲ ဆေးခြယ်ကြတယ်။ စာလုံးတစ်လုံး ပီးသွားတဲ့အခါမှာလည်း ရေးဆွဲကြတဲ့ကလေးတွေ သူတို့ဖန်တီးခဲ့တဲ့ စာလုံးလေးအရှေ့မှာ လွတ်လပ်ပျော်ရွှင်စွာနဲ့ ဓါတ်ပုံအရိုက်ခံကာ အပြည့်အ၀ပူးပေါင်း ပါဝင်ကြပါတယ်။

ဒုတိယနေ့မှာတော့ မိုးသားအားလုံးကင်းစင်နေခဲ့ပြီ။ လင်းလက်တဲ့နေခြည်ဟာ မြစ်ရေစီးကြောင်းထဲတိုးဝင် ရုန်းကန်ပြီး တလက်လက်တောက်နေခဲ့ပါတယ်။ သူတို့ မနက် ၉ နာရီလောက်ကနေ စတင်ပြီး စာလုံးလေးတွေရေးဆွဲကြပါတယ်။ ဆေးဖြည့်တယ်။ အာဒါးကန်ဆီရေကူးသွားမယ့် လမ်းသွားလမ်းလာတွေ၊ ကလေးတွေ၊ လူကြီးတွေက အလုပ်ရှုပ်နေကြတဲ့ ပန်းချီဆရာနဲ့ ကလေးတွေ၊ တစ်ခြား Artist တွေကို စူးစမ်းကြပါတယ်။ ဒုတိယနေ့က ကလေးငယ်တွေမှာ ပိုပြီး ပျော်ရွှင်မြူးတူးနေတာ ပန်းချီဆရာတွေ့လိုက်ရတယ်။ ပန်းချီဆရာလိုချင်တာ အဲဒါပါပဲ။ ကလေးတွေကို အသင်းအဖွဲ့လေးနဲ့ အနုပညာ လှုပ်ရှားမှုအကြောင်း ဝေမျှခံစားပေးနိုင်တယ်။ အများပြည်သူဆိုင်တဲ့နေရာမှာ အများပြည်သူတွေမရှိတဲ့ လူခြေတိတ်ချိန်မှ ပန်းချီ မှုတ်ဆေးဗူးတွေကိုင်ပြီး ဗရမ်းဗတာရေးဆွဲတတ်ကြတဲ့ လူငယ်တွေအများကြီးရှိနေတတ်ပါတယ်။ သူတို့လေးတွေဟာ အများပြည်သူပိုင်ဆိုင်တဲ့နေရာမှာ ကိုယ့်တစ်ဦးတည်းစိတ်ကြိုက်လုပ်ခွင့်မရှိဘူးဆိုတဲ့သဘောကို မျက်ကွယ်ပြုလိုကြတယ်။ လင်းလက်တဲ့နေခြည်အောက်မှာ စည်းကမ်းတကျ ဒီလို လှုပ်ရှားမှုလေးတွေပြုလုပ်ပေးချင်တယ်။ သူတို့ရဲ့ စိတ်ထွက်ပေါက်ဖွင့်လှစ်ခွင့်၊ သူတို့တစ်ဦးချင်းဆီမှာ ရှိတဲ့ အနုပညာအစွမ်းအစထုတ်ဖော်ပြသခွင့် အဲဒီ အခွင့်အရေးလေးတွေကို ပန်းချီဆရာဆုပ်ကိုင် ဖန်တီးပေးချင်ပါတယ်။ အဲဒါ ပန်းချီဆရာဖန်တီးချင်တဲ့ အနုပညာပါပဲ။ လမ်းပေါ်မှာ ဆေးခြယ်နေကြတဲ့ ကလေးတွေ၊ Artist မိတ်ဆွေကို ကြည့်ပြီး ပန်းချီဆရာရင်ထဲမှာ လှိုက်လှိုက်လှဲလှဲပျော်ရွှင်ခဲ့မိတယ်။ ကလေးတွေက မေးလာတဲ့အခါ သူတို့ စိတ်ကူးအတိုင်းပဲ အသွေးအရောင်ကျကျနန စာလုံးလေးတွေပေါ်လာအောင် ပန်းချီဆရာရှင်းပြပါတယ်။ ဒီလိုနဲ့ ပန်းချီဆရာကိုယ်တိုင်အတွက် ရေးဆွဲရမယ့်စာလုံးမှာ အချိန်များများမပေးနိုင်တော့ပါဘူး။   အဲဒီအတွက် ပန်းချီဆရာ သိပ်ပြီးမစဉ်းစားမနေတော့ဘူး။ ပန်းချီဆရာရဲ့  ခွေးလေး "happy" ပုံစံ တစ်လိုင်းထဲ ခပ်သွက်သွက်လေးဆွဲလိုက်ပြီး စာလုံးတစ်လုံးဖြည့်လိုက်ပါတယ်။ ဟက်ပီလေး အမြဲပျော်ရွှင်နေစေဖို့ စိတ်ကူးပြီး သူ့ရဲ့ ကိုယ်ထည်လေးထဲမှာ "ပျော်ရွှင်ခြင်း" ဆိုတဲ့ စာလုံးလေးဖြည့်လိုက်ပါတယ်။ ဒီလိုဆိုတော့ သက်ဝင်လှုပ်ရှားခဲ့တဲ့ Street Art အနုပညာတစ်ခု ပျော်ရွှင်စွာပဲ ဖန်တီးဖြစ်ခဲ့ပြီပေါ့။        ။

(ဆားဘီးယားနိုင်ငံ၊ ဘဲလ်ဂရိတ်မြို့ မှာ World Environment Day အထိမ်းအမှတ် ဇွန်လ ၅ ရက်နဲ့ ၆ ရက်နေ့က  ပြုလုပ်ခဲ့တဲ့ ဆားဘီးယန်း Artist Nenad Vučković  စီစဉ်ခဲ့ပြီး Artist တွေဖြစ်တဲ့ Ema Parezanović,, Brana Marković, Vlada Milinković, Eli Obođan, Dobrica Kamparelić, Goran Ostojić Vid, Stojanka Bošnjak, Zoran Pantelić, Dejan Bogojević, Dragoljub Jovičić, Marijeta Milovanović တို့ ပူးပေါင်းပါဝင်ခဲ့ကြတဲ့ Eco-art installation ကို ပြန်လည်ခံစားရေးဖွဲ့ထားပါသည်။)

ဖြိုးဖြိုး
Living Fashion Magazine, January, 2013)

No comments: