Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, July 26, 2012

သိမ်မွေ့လွန်းတဲ့ ခေတ်ပြောင်းတော်လှန်ရေး

(သို့မဟုတ်)
ကတ္တီပါတော်လှန်ရေး
ချက်ကိုစလိုဗက်ကီးယားနိုင်ငံရဲ့ “ကတ္တီပါသား” ဒါမှမဟုတ် “သိမ်မွေ့ညင်သာ” တော်လှန်ရေးဆိုတာ ၁၉၆၈ခုနှစ်တော်လှန်ရေးတွေရဲ့ အမွေအနှစ်၊ နယ်မြေထိစပ်နေတဲ့ဒေသတွေရဲ့မူဝါဒကွဲပြားမှု နဲ့ အကြောက်တရားကွယ်ပျောက်သွားခြင်း ရဲ့ ရလာဒ်အဖြစ်ပေါ်ထွက်လာမှုလို့ ဆိုကြတယ်။ စစ်အေးကာလအတွင်း ဆိုဗီယက်ဦးအောင်ပြီး ပုံဖော်ချုပ်ဆိုခဲ့တဲ့ ၀ါဆောစာချုပ်အရ ၁၉၆၈ ခုနှစ် ချက်ကိုစလိုဗက်ကီးယားနိုင်ငံကို ကျူးကျော်ဝင်ရောက်မှုဟာ ပရတ်ဂ်နွေဦး(Prague Spring)တော်လှန်ရေး ပြန်အသက်သွင်းတာကို ချေမှုန်းလိုက်ပါတယ်။ အကျိုးဆက်တွေကတော့ ခေါင်းမာတဲ့ခေတ်စနစ်ကြီးတစ်ခုကို တပ်ဆင်လိုက်တာပါပဲ။ အဲဒီစနစ်ဟာ နယ်ပယ်တိုင်းက တိုးတက်ဖြစ်ထွန်းမှုတွေကို နောက်ထပ် ဆယ်စုနှစ် ၂ ခုစာလောက် ရှေ့တိုးမရအောင် တားဆီးပြစ်လိုက်တယ်။ ချက်ကိုစလိုဗက်ကွန်မြူနစ်ပါတီနဲ့ လူ့အဖွဲ့အစည်းတစ်ခုလုံး ကို အင်အားကြီးကြီးနဲ့ သုတ်သင်ရှင်းလင်းခဲ့တာဟာ ဆိုဗီယက်ပေါ်လစ်ဗြူရိုကွန်မြူနစ်အဖွဲ့ရဲ့ သဘောအတိုင်း ပြုလုပ်ခဲ့တာပါ။ ပရတ်ဂ်နိုင်ငံရေးခေါင်းဆောင်၊ ကွန်မြူနစ်ပါတီရဲ့ပထမဆုံးအတွင်းရေးမှူး အလက်ဇန်းဒါးဒူးဘ်ချက်ခ် နေရာကို ဂူစတာဗ့်ဟူးဆက်ခ် နဲ့ မီလော့ရှ်ယားကက်စ် တို့ကို ပြောင်းလဲထားလိုက်တယ်။ ရလာဒ်ကတော့ အဓိကရာထူးတွေမှာ အရည်အချင်းမပြည့်မီတဲ့ ပါတီအဖွဲ့ဝင်တွေ အုံနဲ့ကျင်းနဲ့ ရောက်လာခဲ့ကြတာပါပဲ။ ချက်ဒေသမှာ အဲဒီခေတ်က အရည်အချင်းရှိပြိုင်ဖက်တွေကို သာမန်လုပ်သားတွေအဖြစ် ဘေးကိုဖယ်ထုတ်လိုက်တယ်။ တချို့ကို အကျဉ်းချလိုက်တယ်။ သုတ်သင်ရှင်းလင်းမှုဟာ စလိုဗက်ကီးယားနယ်မြေဘက်မှာတော့ အတန်အသင့်အားပျော့ခဲ့ပါတယ်။ အဲဒီဘက်မှာ အရည်အချင်းရှိတဲ့နိုင်ငံရေးသမားတွေဟာ သူတို့ရဲ့အလုပ်ရာထူးကို ဆက်ပြီးထိန်းထားနိုင်ကြတယ်။
ဒူးဘ်ချက်ခ်ကို ပါတီခေါင်းဆောင်ကနေဖယ်ထုတ်ခဲ့ပြီး သုံးလမပြည့်ခင် ၁၉၆၉ ဧပြီလမှာ ဟူးဆက်ခ်က သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့ပြီး သဘောထားကွဲလွဲသူတွေမှာ အခွင့်အရေးတစ်စုံတစ်ရာမရှိတော့ဘူးလို့ ဖြေကြားလိုက်ပါတယ်။ ဟူးဆက်ခ် ပြောတာက “ချက်ကိုစလိုဗက်လူ့အဖွဲ့အစည်းထဲက ဆန့်ကျင်ဘက်အင်အားစုတွေ၊ ကွန်မြူနစ်ပါတီဆန့်ကျင်ရေးအင်အားစုတွေမှာ အောင်မြင်မှုအရိပ်အယောင်၊ မျှော်လင့်ချက်ရေးရေးတောင် မရှိတော့ပါဘူး။ ဒါဟာ တချို့အမြင်တွေလို နိုင်ငံခြားရေးမူဝါဒကြောင့်ဆိုတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် ပြည်တွင်းဖြစ်အင်အားစုတွေရဲ့လိုအပ်ချက်အရ ပေါ်ထွက်လာတာပါ။ ကွန်မြူနစ်ဆန့်ကျင်ရေးအဖွဲ့အစည်းတွေနဲ့ တချို့အင်အားစုတွေကို ရှင်းလင်းပစ်ဖို့ ကျွန်တော်တို့အတွက် လုံးဝလုံလောက်တဲ့အကြောင်းရှိပါတယ်”  တဲ့။ အဲဒီရှင်းလင်းမှုကြီးကို “ပုံမှန်အခြေအနေစံ ကျနအောင်ပြုခြင်း” လို့ တရားဝင်ခေါ်ဆိုခဲ့တယ်။ လိုသလိုတရားစီရင်ချက်ချတဲ့ပုံစံနဲ့ တသွေမတိမ်းတူညီနေပါတယ်။ ဆိုဗီယက်ကြားဝင်မှုကိုသက်သေပြမယ့် အင်အားစုတစ်ခုခုပေါ်ထွက်လာရင် ဆိုဗီယက်ကို နိုင်ငံရေး၊ လူမှုရေး အမှီအခိုကင်းကင်း ရှင်သန်နေတဲ့ပုံစံမျိုးဖြစ်အောင် အတင်းအကျပ်ဖန်တီးယူခဲ့တာပါ။ ၁၉၇၀ ကာလတွေမှာ အရောင်စုံနိုင်ငံရေုးနယ်ပယ်က အသိပညာရှင်အများအပြားကို အတိုက်အခံအနေအထားကနေ ပုံမှန်အခြေအနေစံကျနအောင်ပြုမူခြင်းတွေနဲ့ ပြောင်ကျကျ တိုက်ခိုက်ပြောဆိုလုပ်ကိုင်မှုတွေ ပိုပြီး တိုးလာတယ်။ လူ့အခွင့်အရေးဖောက်ဖျက်မှုတွေဟာလည်း အဆက်မပြတ်ပေါ်ပေါက်နေခဲ့ပါတယ်။
အမိန့်အာဏာကို စိန်ခေါ်ဖို့ကြိုးစားလာသူတိုင်းကို တိုက်ခိုက်ချေမှုန်းတဲ့ဒေသဖြစ်လာတယ်။ Charter 77 စာတမ်းကိုစီစဉ်ခဲ့ကြတဲ့ လူအခွင့်အရေးလှုပ်ရှားသူတွေဟာ ကိုယ့်တိုင်းပြည်ရဲ့ ဥပဒေနဲ့ အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်ပါအချက်တွေကို လေးစားလိုက်နာဖို့ အာဏာပိုင်တွေကို အသိပေးပါတယ်။ ဒါပေမဲ့ မကြာခင်တွေ့လာရတာက ၁၉၇၇ အစောပိုင်းလောက်မှာ အဲဒီလူ့အခွင့်အရေးလှုပ်ရှားသူတွေဟာ အနှောင့်အယှက်ပေးမှုတွေ မကြာခဏခံရပြီး တိုင်းပြည်ကနှင်ထုတ်ခံရ၊၊ အကျဉ်းချခံရတာတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။ စာချုပ်မှာပါဝင်လက်မှတ်ထိုးခဲ့ကြသူတွေဟာ နိုင်ငံရေးနယ်ပယ်ထဲက အရောင်အသွေးစုံပါဝင်ခဲ့ကြသလို ကွန်မြူနစ်ဟောင်းတွေလည်း အများကြီးပါဝင်ပါတယ်။ နောက်တစ်နှစ် ၁၉၇၈ မှာ တည်ထောင်ခဲ့တဲ့ “အစိုးရမဟုတ်တဲ့ လူအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ - မတရားစွပ်စွဲစီရင်မှု ခုခံကာကွယ်ရေးကော်မတီ(VONS)” ဟာလည်း မလှုပ်မရှားနိုင်အောင် တားဆီးချုပ်ကိုင်မှုတွေကြုံရတာပါပဲ။

၁၉၈၇ ဧပြီမှာ ဆိုဗီယက်ခေါင်းဆောင် မီခေးလ်ဂိုဘာချောဗ့် ချက်မြို့တော် ပရတ်ဂ်ကို အလည်အပတ်လာတဲ့အခါ ဒူးဘ်ချက်ခ် နဲ့ တခြားနိုင်ငံရေးသမား ၆၈ ဦးကို ပြန်လည်ထူထောင်ဖို့ကူညီနိုင်မှာပဲဆိုတဲ့မျှော်လင့်ချက်တွေ မြင့်တက်လာခဲ့ကြတယ်။ ဂိုဘာချော့ဗ်ဦးဆောင်တဲ့ စီးပွားရေး၊ နိုင်ငံရေး ပြန်ပြီးပုံသွင်းရေး perestroika နဲ့ glasnost အစီအစဉ်တွေဟာ ပရတ်ဂ်နွေဦးကိုလည်း ပြန်ပြီးအသက်သွင်းဖို့ ဖြစ်နိုင်ခြေရှိတယ်လို့ မြင်လာကြတယ်။ ဂိုဘာချောဗ့်ကို စိတ်အားထက်သန်စွာကြိုဆိုဖို့ထွက်လာကြတဲ့ လူစုလူဝေးကြီးဟာ နောက်ထပ်တစ်ကြိမ် မျှော်လင့်ချက်ပျက်ပြားခဲ့ရပြန်ပါပြီ။ ဂိုဘာချောဗ့်ဟာ မူဝါဒအပြောင်းအလဲလိုအပ်မှုအတွက် ရည်ညွှန်းပြောဆိုမှုတွေ မလုပ်ခဲ့ပါဘူး။
အဲဒီနှစ်ကုန်ပိုင်းမှာ ဟူးဆက်ခ်ဟာ ထိပ်တန်းပါတီရာထူးကို စံကျနအောင်ပြုတဲ့အစီအစဉ်က သူ့ရဲ့ အမာခံအဖွဲ့ဝင် မီလော့ရှ်ယားကက်စ်အတွက် လွှဲပြောင်းပေးလိုက်တယ်။ သမ္မတရာထူးကိုတော့ ဆက်ပြီးယူထားလိုက်ပါတယ်။ ၁၉၈၈ အစပိုင်းမှာဆိုရင် ကွန်မြူနစ်ပါတီအကြီးအကဲရာထူးကနေ ဒူးဘ်ချက်ခ်ရှင်းလင်းခံရတာ၊ ပရတ်ဂ်နွေဦးစတင်ခဲ့တာ နှစ် ၂၀မြောက်ရှိလာခဲ့ပါပြီ။ ရှင်းလင်းထုတ်ပယ်ခံခဲ့ရပြီးကတည်းက ဒုးဘ်ချက်ခ်ဟာ ပါတီလုပ်ငန်းဆောင်တာအာလုံးကနေ အဝေးကိုရောက်သွားတယ်။ လူမြင်ကွင်းထဲကနေ ပျောက်ကွယ်နေခဲ့ရတယ်။  ဆလိုဗက်ကီးယားမြို့တော် ဘရာတီစလာဗာမှာ သော့ပြင်လုပ်ငန်း၊ လက်မှုလုပ်ငန်းအလုပ် လုပ်ကိုင်ခဲ့ပြီး  နိုင်ငံရေးလောကရဲ့အပြင်ဘက်ဆီ တွန်းထုတ်ခံထားရပါတယ်။ အတိုက်အခံနေရာဘက်မှာ အရေးကြီးတဲ့နေရာပြန်ယူဖို့ပြောလာကြတဲ့ သဘောကွဲလွဲသူတွေရဲ့အကြံပြုချက်တွေကိုလည်း ဒူးဘ်ချက်ခ်က ငြင်းပယ်ခဲ့တယ်။ ဒူးဘ်ချက်ခ်ရဲ့ အဲဒီလို ငြိမ်သက်တိတ်ဆိတ်နေမှုဟာ ၂၀နှစ်မြောက်နှစ်ပတ်လည်မှာတော့ ပြန်ပြီး လှုပ်ရှားလာခဲ့ပါပြီ။ ၁၉၆၈ က သူ့ရဲ့လုပ်ဆောင်ချက်တွေကိုကာကွယ်ဖို့ နိုင်ငံခြားသထင်းထောက်တွေနဲ့ အင်တာဗျူးတွေ ပြန်ပြီးခွင့်ပြုခဲ့တယ်။ ပြန်လည်ထူထောင်ဖို့ ကြိုးစားလာခဲ့တယ်။ တစ်ဘက်မှာက ဟူးဆက်ခ်၊ ယားကက်စ် နဲ့ တခြားနိုင်ငံရေးသမားတွေရဲ့ အာဏာစွဲကိုင်ထားမှုက အားကြီးနေလေတော့ ထူးခြားတဲ့အရည်အသွေးရှိတဲ့ဒူးဘ်ချက်ခ်ရဲ့ ကြိုးပမ်းလာမှုကို အလေးအနက်ထားသူတွေ အစပိုင်းမှာ နည်းနည်းပဲရှိခဲ့ပါတယ်။ ဒူးဘ်ချက်ခ်ဟာ သူ့ရဲ့ ကျော်ကြားမှုအလင်း ပြန်ပြီးထွန်းညှိတဲ့အခါမှာ ဗြူရိုကရက်လောကထဲပျော်မွေ့လိုသူမဟုတ်ဘဲ ပုံမှန်လူတစ်ယောက်ဆိုတာ သက်သေပြချင်ခဲ့တယ်။ အနောက်နိုင်ငံကသတင်းထောက်တွေအတွက် ကန်းထရီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ Green Green Grass of Home သီချင်းကို စလိုဗက်ဘာသာနဲ့ ဆိုပြခဲ့ပါတယ်။

၁၉၈၈ သြဂုတ်လ ၂၁ ရက်နေ့ဟာ ချက်ကိုစလိုဗက်ကီးယားကို ဆိုဗီယက်ကျူးကျော်ခဲ့တာ နှစ် ၂၀ပြည့်ခဲ့ပါတယ်။ အဲဒီနေ့က ငြိမ်းချမ်းစွာဆန္ဒပြသူ ရာပေါင်းများစွာဟာ မြို့တော်ပရတ်ဂ်ရဲ့ ၀င်ဆဲစလာစ့်ရင်ပြင်မှာ စုရုံးခဲ့ကြပါတယ်။ သိပ်ပြီးတော့ ထူးခြားတဲ့အဖြစ်အပျက် မဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့ ဆန္ဒပြသူတွေဟာ ဦးတည်ရာတစ်ခုစီကို ကွဲပြားသွားကြပြီး မိနစ်အနည်းငယ်အတွင်းမှာပဲ ဘေးကရပ်ကြည့်နေခဲ့ကြသူထောင်ပေါင်းများစွာ ပူးပေါင်းလာကြတယ်။ ရုတ်တရက်ဆိုသလို ချက်ကိုစလိုဗက် တစ်သောင်းကျော်လောက်စုစည်းမိသွားပြီး ပရတ်ဂ်မြို့လယ်ကနေ ဖြတ်သန်းချီတက်ကြပါတယ်။ အဲဒီနေ့က တနင်္ဂနွေနေ့လည်ပိုင်းမှာပါ။ ရဲတစ်ဦးတစ်လေမှ သူတို့မမြင်မတွေ့ရတာ ကံကောင်းတာပါပဲ။ “ငါတို့ လွတ်လပ်ခွင့်ကို လိုချင်တယ်” လို့ သူတို့ကြွေးကြော်ကြတယ်။ တချို့က ငိုကြွေးတယ်။ “ဒူးဘ်ချက်ခ်အသက်ရှည်ရှည်နေရပါစေ” လို့ အော်ဟစ်ကြတယ်။ “ရဲတိုက်ဆီကို” လို့ အတိုင်အဖောက်ညီညီရွတ်ဆိုကြတယ်။ အစိုးရရုံးချုပ်ရှိတဲ့ဆီကို သူတို့ရည်ညွှန်းတာပါ။ နောက်တော့ ရဲတွေရောက်လာကြပါပြီ။ ဆန္ဒပြသူတွေကို ဖြိုခွဲဖို့ အင်အားသုံးလာခဲ့တယ်။
ချက်ကိုစလိုဗက်ကီးယားနိုင်ငံတည်ထောင်တဲ့ နှစ် ၇၀ပြည့်မှာ နောက်ထပ် ဆန္ဒဖော်ထုတ်ပွဲတစ်ခု ပေါ်ထွက်လာခဲ့ပြန်တယ်။ ဒူးဘ်ချက်ခ်ရဲ့ အမည်ဟာလည်း ၀င်ဆဲစလာစ့်ရင်ပြင်ကိုဖြတ်လို့ ပဲ့တင်ထပ်ခဲ့ပြန်ပါပြီ။ ၁၉၈၉ ဇန်န၀ါရီမှာ နှစ်၂၀ပြည့်အထိမ်းအမှတ်နဲ့ ချက်ကျောင်းသားတစ်ဦးဟာ ကိုယ့်ကိုယ်ကို မီးတင်ရှို့စတေးကာ ဆန္ဒဖော်ထုတ်ခဲ့တယ်။  ဆိုဗီယက်သိမ်းပိုက်မှုကို လက်သင့်ခံနေကြတဲ့အနေအထား ပိုပြီးကြီးထွားလာနေတာကို ချက်လူမျိုးတွေသိမြင်နိုးကြားစေဖို့ အဲဒီ ကျောင်းသားလေး ယန်ပါလာဟ့် ဆန္ဒပြခဲ့တာပါ။ အတိုက်အခံ သဘောကွဲလွဲသူတွေဟာ ပါလာဟ့်ရဲ့လုပ်ရပ်အတွက် ၀မ်းနည်းကြောင်းအထိမ်းအမှတ်အဖြစ် မီးတင်ရှို့ခဲ့တဲ့ ၀င်ဆဲစလာစ့်ရင်ပြင်နေရာမှာ ပန်းတွေဖြန့်ခင်းကြတယ်။ ဒါပေမဲ့ လှို့ဝှက်ရဲတွေက ရုတ်တရက်ပေါ်ထွက်လာပြီး ဗာဆလာ့ဗ်ဟာဗဲလ် အပါအ၀င် အတိုက်အခံတွေကို ဖမ်းဆီးထိမ်းသိမ်းလိုက်ပါတယ်။ အဲဒီ ဆန္ဒဖော်ထုတ်မှုရဲ့ နောက်ဆက်တွဲအကျိုးဆက်အဖြစ် ဟာဗဲလ်ကို ထောင် ရှစ်လ အကျဉ်းချလိုက်ကြတယ်။ ဒါပေမဲ့ ပြည်တွင်းအင်အားစုတွေနဲ့ အပြည်ပြည်ဆိုင်ရာဖိအားတွေကြောင့် လေးလအကြာမှာ ဟာဗဲလ် အကျဉ်းကျနေရာက ပြန်ပြီးလွတ်မြောက်ခဲ့ပါတယ်။ အဲဒီနေ့မှာပဲ ဒူးဘ်ချက်ခ်က ဟာဗဲလ်ရှိရာဆီအရောက်သွားကာ ဂုဏ်ပြုစကားပြောကြားခဲ့တယ်။ ဟာဗဲလ်ဟာ သဘောကွဲလွဲသူတွေကိုဦးဆောင်နိုင်သူအဖြစ် ချီးမွန်းပါတယ်။ ကစ်သလစ်ဂိုဏ်းချုပ် ဖရန်တီဆက်ခ် တွမ်မာဆက်ခ် တစ်ယောက်သာပျောက်နေသေးတယ်လို့ ဒူးဘ်ချက်ခ် က ပြောပါတယ်။ ဟာဗဲလ်က ကွန်မြူနစ်မဟုတ်တဲ့ အတိုက်အခံကိုယ်စားပြုသူတစ်ယောက်ဖြစ်သလို၊ ဒူးဘ်ချက်ခ်က အတိုက်အခံကွန်မြူနစ်ဟောင်းပါ။ နောက်တစ်ဦးဖြစ်တဲ့ ကက်သလစ်ဂိုဏ်းချုပ် တွမ်မာဆက်ခ်ကလည်း အတိုက်အခံဘာသာရေးခေါင်းဆောင်တွေဖြစ်ကြတယ်။ နောက်ပိုင်းမှာ ဒူးဘ်ချက်ခ်ဟာ ကက်သလစ်ဂိုဏ်းချုပ်ဆီ သွားရောက်တွေ့ဆုံခဲ့ပါတယ်။
Alexander Dubček  and Vaclav Havel
ဒါပေမဲ့ ဒူးဘ်ချက်ခ်ရဲ့ တွေ့ဆုံမှုတွေနဲ့ ပြန်လည်ထူထောင်ရေးကြိုးပမ်းလာမှုတွေဟာ ကွန်မြူနစ်ပါတီအကြီးအကဲ ယားကက်စ်ကို အမျက်ထွက်စေခဲ့တယ်။ ပါတီတွင်းအရာရှိတွေနဲ့ တံခါးပိတ်အစည်းအဝေးတစ်ခုပြုလုပ်ပြီး သူ့ရဲ့ထင်မြင်သုံးသပ်ချက်တွေပြောခဲ့တယ်။ “သူတို့ပြောတော့ ဒူးဘ်ချက်ခ်ဟာ တင့်ကားတွေနဲ့ရှင်းလင်းတဲ့အချိန်ထဲက ဆုံးခန်းတိုင်သွားခဲ့ပြီဆိုပဲ။ ဘယ်တင့်ကားကများ ဒူးဘ်ချက်ခ်ကို ရှင်းပစ်နိုင်ခဲ့တာလဲ။ သူ အာဏာရပြီး ရှစ်လကြာတော့ စစ်တပ်တွေရောက်လာတယ်။ အဲဒါဘာကြောင့်လည်းဆိုတော့ ချက်လူ့အဖွဲ့အစည်းကို ငြိမ်သက်အေးဆေးအောင် သူ မစွမ်းဆောင်နိုင်ခဲ့လို့ပဲ။ အဲဒီအတွက် အဖြေရှာတဲ့အခါတွေ့ရတာက အရည်အချင်းမရှိတဲ့ပုဂ္ဂိုလ်တစ်ဦးကို ပါတီထဲကနေ ဒီမိုကရေစီနည်းကျကျ ထုတ်ပစ်လိုက်ဖို့ပါ။ အဲဒီအတိုင်း ဗဟိုကော်မတီကနေ ဆုံးဖြတ်ခဲ့တယ်။ နောက်ထပ်တစ်ဦးတစ်ယောက်က သူ့ရဲ့ နေရာယူလိုက်တယ်။ ပါတီထဲကနေ ဒီမိုကရေစီနည်းလမ်းတကျ သူ့ကို ထုတ်ပယ်ပစ်လိုက်တာပါ” တဲ့။ တကယ်တမ်းတော့ ယားကက်စ်နဲ့ တခြား သူ့အပေါင်းအပါတွေက ကွန်မြူနစ်ပါတီခေါင်းဆောင်ဖြစ်ခဲ့တဲ့ ဒူးဘ်ချက်ခ်ကို ခြိမ်းခြောက်နိုင်တဲ့ အဓိကသော့ချက်တစ်ခုအဖြစ်မြင်ကြတာပါ။ Obroda(အသစ်ပြန်စခြင်း)အဖွဲ့လို ပြောင်ပြောင်တင်းတင်းပြောတတ်တဲ့ ကွန်မြူနစ်အစုအဖွဲ့တွေကိုလည်း တစ်တန်းတစ်စားတည်းထားပြီး သတိကြီးကြီးနဲ့ စောင့်ကြည့်နေခဲ့ကြပါတယ်။
ချက်ကိုစလိုဗက်ဝန်ကြီးချုပ် လာဒီစလာဗ့် အဒါမက်ဆ် သြစတြီးယားနိုင်ငံ ဗီယင်နာကို အောက်တိုဘာအကုန်ပိုင်းလောက် အလည်အပတ်လာခဲ့တဲ့အခါ ဒီအချိန်ဟာ ၁၉၆၈ အခြေအနေကို ပြန်အသက်သွင်းနိုင်မယ့်အချိန်ဟုတ်မဟုတ် မေးလာကြတယ်။ ၀န်ကြီးချုပ်တုံ့ပြန်တာက  ဖြစ်နိုင်ခြေရှိတာတွေကို သူထိန်းချုပ်အုပ်ချုပ်မထားနိုင်ပါဘူး လို့ ဆိုတယ်။ ဒါပေမဲ့ အဲဒါဟာ ပရတ်ဂ်မှာပဲ မူတည်တာမဟုတ်ဘူးလို့လည်း ဖြေခဲ့ပါတယ်။ “၁၉၆၈ ဟာ ချက်ကိုစလိုဗက်ကီးယားကိစ္စတစ်ခုတည်းမဟုတ်ပါဘူး။ တခြားတိုင်းပြည်တွေရဲ့ကိစ္စလည်းဖြစ်ပါတယ်” တဲ့။ ဆန္ဒဖော်ထုတ်ပွဲတွေပေါ်လာခဲ့ပြီးနောက်ပိုင်း ပရတ်ဂ်မှာ ရဲနဲ့ ထိပ်တိုက်ဖြစ်တဲ့ ပဋိပက္ခမျိုးနောက်တစ်ကြိမ်ဖြစ်လာခဲ့တယ်။ ရဲက ဆန္ဒပြသူတွေအများကြီးကို ဘတ်စ်ကားတွေထဲ ကျပ်ကျပ်ညပ်ညပ် ထိုးသိပ်တင်ဆောင်ပြီး ဖမ်းဆီးခဲ့ပါတယ်။ လူအုပ်ကြီးက ညာသံပေးပြီး စူးစူးဝါးဝါးအော်ဟစ်ကြတယ်။ “မင်းတို့ဟာ ချက်တွေမဟုတ်ဘူး” တဲ့။ “ဒါဟာ လွတ်လပ်ရေးမဟုတ်ဘူး” တဲ့။ ညီညီညာညာအော်ဟစ်ခဲ့ကြတယ်။ အဲဒီနောက်ပိုင်းရက်တွေမှာ ဘာလင်တံတိုင်းကြီး ဖွင့်ခဲ့ပါပြီ။ ရှစ်ရက်ကြာပြီးနောက်  နိုဝင်္ဘာ ၁၇ ရက်နေ့မှာ “ကတ္တီပါတော်လှန်ရေး” ပေါ်ထွက်လာခဲ့ပါတယ်။ တစ်ပတ်ကြာတဲ့အခါ မြို့တော် ပရတ်ဂ် ရဲ့ ၀င်ဆဲစလာစ့်ရင်ပြင်ရှေ့မှာပေါ့။ လက်ချင်းဆန့်တန်းကာ မြဲမြဲမြံမြံ ဆုပ်ကိုင်ထားကြတဲ့ တစ်သိန်းကျော်ခန့်ရှိတဲ့လူအုပ်ကြီးဆီရှေ့မှာ ဒူးဘ်ချက်ခ် ရှိနေခဲ့တယ်။ လူအုပ်ကြီးကို မိန့်ခွန်းပြောပြီး လိုက်လံ ပွေ့ဖက်နှုတ်ဆက်ခဲ့ပါတယ်။ အဲဒီညမှာပဲ ယားကက်စ်နဲ့ သူ့ရဲ့ ပေါ်လစ်ဗြူရိုတစ်ဖွဲ့လုံး ရာထူးကနေ နှုတ်ထွက်လိုက်ကြတယ်။ နှစ်ကုန်ပိုင်းမှာ ဒူးဘ်ချက်ခ်ဟာ ဖက်ဒရယ်ပါလီမန်က လွှတ်တော် ဥက္ကဋ္ဌဖြစ်လာခဲ့ပါတယ်။ သဘောထားကွဲလွဲသူတွေရဲ့ ခေါင်းဆောင်ကောင်း ဗာဆလာ့ဗ်ဟာဗဲလ် က သမ္မတဖြစ်ခဲ့ပါပြီ။
Alexander Dubček
Vaclav Harvel
Gustav Husak
Milos Jakes
ပရတ်ဂ်မြို့က လမ်းတွေပေါ်မှာ
၁၉၈၉ ခုနှစ်ဟာ တော်လှန်ရေးတွေနဲ့ ပြည့်နှက်နေတဲ့ကြွေအံကစားပွဲတစ်ပွဲပါ။ ဥရောပအလယ်ပိုင်း၊ အရှေ့ပိုင်းဒေသ ကွန်မြူနစ်အာဏာရှင်တွေအကြောင်းရေးသားနေတဲ့ ဗြိတိသျှသမိုင်းဆရာ တင်မိုသီဂါတန်အာ့ရှ် က မှတ်ချက်ပေးပါတယ်။ “ပိုလန်မှာ ကွန်မြူနစ်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ကူးပြောင်းတဲ့အခါ ဆယ်နှစ်ကြာတယ်။ ဟန်ဂေရီမှာ ဆယ်လကြာပြီး၊ ချက်ကိုစလိုဗက်ကီးယားမှာတော့ ဆယ်ရက်ပဲကြာပါတယ်” လို့ တင်စားပြောခဲ့ပါတယ်။ သူတင်စားပြောခဲ့တဲ့ ၁၀ရက်တာ ကာလဟာ ၁၉၈၉ နိုဝင်္ဘာလ ၁၇ ရက်နေ့ကနေ ၂၇ ရက်နေ့ထိ ကြာမြင့်ခဲ့တဲ့ “ကတ္တီပါတော်လှန်ရေး” ကို ရည်ညွှန်းတာပါ။ ပရတ်ဂ်နွေဦးတော်လှန်ရေး ကျရှုံးခဲ့ပြီးတဲ့နောက် ချက်ကိုစလိုဗက်အများစုဟာ တော်လှန်ရေးတွေရဲ့ ဖြစ်နိုင်ခြေရှိတဲ့အင်အားအပေါ် သံသယပွားနေခဲ့ကြပါတယ်။

ပိုလန်နိုင်ငံမြောက်ပိုင်းက ပင်လယ်ဆိပ်ကမ်းမြို့လေး ဂဒိုင်းစ်ခ် မှာ လွတ်လပ်တဲ့အလုပ်သမားအသင်း(Solidarity)က တော်လှန်ရေးတွေလုပ်နေကြပြီ။ တခြား Bloc တိုင်းပြည်တွေ(ဆိုဗီယက်ယူနီယံ၊ ပိုလန်၊ အရှေ့ဂျာမနီ၊ ချက်ကိုစလိုဗက်ကီးယား၊ ဟန်ဂေရီ၊ ရိုမေးနီးယား၊ ယူဂိုစလားဗီးယား၊ ဘူလ်ဂေးရီးယား နဲ့ အယ်လ်ဘေးနီးယား) မှာလည်း တော်လှန်းရေးတွေဖြစ်ပေါ်လာပြီး အဲဒီတော်လှန်ရေးတွေဟာ ချက်ကိုစလိုဗက်ကီးယားအတွက်လည်း အကူအညီရခဲ့တာပါပဲ။ ချက်ကိုစလိုဗက်ကီးယားမှာ တော်လှန်ရေး မလွှဲမရှောင်သာပဲ ဖြစ်လာခဲ့ပါတယ်။ တခြား ကွန်မြူနစ် Bloc တိုင်းပြည်တွေမှာသာ ကြီးကျယ်တဲ့အဖြစ်အပျက်တွေ ဖွင့်လှစ်ပြသမလာခဲ့ဘူးဆိုရင် ကတ္တီပါတော်လှန်ရေးဟာလည်း ဖြစ်ပေါ်လာစရာ အလားအလာမရှိပါဘူးလို့ ဆိုကြတယ်။ အက်စတိုးနီးရားမှာ အက်စတိုးနီးရန်းတေးသီခြင်းတော်လှန်ရေး(Estorian Singing Revolution)ဟာ သူတို့ရဲ့လမ်းကြောင်းပေါ်ရောက်နေကြပြီ။ ပိုလန်ရဲ့ အစိုးရအဖွဲ့မှာလည်း Solidarity အဖွဲ့ဝင်တွေ ရွေးကောက်ပွဲမှာ ပါဝင်လာနိုင်ကြပြီး လွှတ်တော်ထဲကို ရောက်နေခဲ့ကြပြီ။ ၁၉၈၉ သြဂုတ် ၂၃ ရက်နေ့မှာ အက်စတိုးနီးယား၊ လက်ထ်ဗီရာ နဲ့ လစ်သူရေးနီးယား က လူပေါင်း နှစ်သန်းလောက်ဟာ မြို့တော်တွေဖြစ်တဲ့ တယ်လင်း၊ ရီဂါ နဲ့ ဗီးလ်နီးယူးစ်မှာ ကီလိုမီတာ၆၀လောက် ရှည်လျားစွာလက်ချင်းချိတ်လို့ လမ်းမပေါ်မှာ ဆန္ဒပြနေခဲ့ကြတယ်။ အဲဒီနောက်တော့ ၁၉၈၉ နိုဝင်္ဘာ ၉ ရက်နေ့မှာ နာမည်ဆိုးနဲ့ကျော်ကြားလှတဲ့ ဘာလင်တံတိုင်းကြီး ပြိုလဲခဲ့ပါတယ်။ ဒီဇင်ဘာ ၄ နေ့မှာ သြစတြီးယား နယ်စပ်ကိုလည်း ပြန်ပြီးဖွင့်ပေးလိုက်တယ်။ အရှေ့နဲ့ အနောက်ကို ခွဲခြားထားတဲ့ သံကန့်လန့်ကာကို ထိထိရောက်ရောက်အဆုံးသတ်နိုင်လိုက်တာပါ။
ကတ္တီပါတော်လှန်ရေးရဲ့ ပထမနေ့မှာ ပေါ့။ အပြည်ပြည်ဆိုင်ရာကျောင်းသားများနေ့ အထိမ်းအမှတ်အဖြစ် ငြိမ်းချမ်းတဲ့ ကျောင်းသားဆန္ဒပြပွဲတစ်ခု ပရတ်ဂ်မှာ စတင်ခဲ့တယ်။ ငြိမ်းချမ်းတဲ့ဆန္ဒပြပွဲဟာ နာရော့ဒ်နီလမ်းမမှာ  အကြမ်းဖက်မှုအသွင် ပြောင်းလဲသွားခဲ့ပါတယ်။ ရဲတွေဟာ လွတ်မြောက်နိုင်တဲ့ထွက်ပေါက်တွေကို အားလုံးပိတ်ဆို့လိုက်ပြီး ကျောင်းသားတွေကို ပြင်းပြင်းထန်ထန် ရိုက်နှက်ပါတော့တယ်။ ပထမကြွေအံကစားပွဲဟာ ကြီးကျယ်သွားခဲ့ပြီးနောက် ဒီဇင်ဘာလအကုန်လောက်အထိ နေ့တိုင်းလိုလို ဆန္ဒပြသူတွေ ပိုလို့ ပိုလို့ များပြားလာတယ်။ ပါဝင်ပူးပေါင်းသူတွေ အများကြီးပဲရောက်လာကြတယ်။

နိုဝင်္ဘာ ၂၀ ရက် မှာ ခန့်မှန်းခြေ သန်းတစ်ဝက်လောက်ရှိမယ့် ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြသူတွေဟာ လမ်းမတွေပေါ်မှာပဲ ရှိနေခဲ့ကြတယ်။ အရင်နေ့တွေက လူပေါင်းနှစ်သိန်းလောက်ရှိခဲ့ပါတယ်။ ချက်ကိုစလိုဗက်ကီးယားမှာရှိကြတဲ့ နိုင်ငံသားအားလုံးဟာ ၂နာရီစာ အလုပ်တွေရပ်တန့်ပြီး တော်လှန်ရေးမှာပါဝင်ကူညီခဲ့ကြပါတယ်။ ပရတ်ဂ် ရဲ့ ၀င်ဆဲစလာစ့်ရင်ပြင်နဲ့ မြို့တော် ဘရာတီစလာဗာမှာ ဆန္ဒပြပွဲတွေဟာ နေ့တိုင်းလိုလို ပြုလုပ်နေခဲ့ကြတယ်။ အဲဒီအချိန် အရေးအကြီးဆုံးတိုးတက်မှုတွေထဲက တစ်ခုကတော့ ဗာဆလာ့ဗ်ဟာဗဲလ် နဲ့ တခြား Charter 77 က ထင်ရှားတဲ့အဖွဲ့ဝင်တွေ၊ တခြား သဘောကွဲလွဲတဲ့အတိုက်အခံအဖွဲ့အစည်းတွေ တည်ထောင်နိုင်ခဲ့တဲ့ Civic Forum ပါပဲ။ တော်လှန်ရေးအလွန်ကာလမှာ Forum ကနေ သမ္မတအဖြစ် ဟာဗဲလ်အပါအ၀င်၊ တခြား ခေါင်းဆောင်တွေကိုပါ နေရာပေးနိုင်လာခဲ့တယ်။  အဲဒီ Forum ဟာ ကျောင်းသားတွေကို အကြမ်းဖက်နှိမ်နင်းရာမှာပါဝင်ခဲ့တဲ့ ထိပ်တန်းအရာရှိတွေကို ထုတ်ပယ်ဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေပြန်လည်လွတ်မြောက်ရေးအတွက် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုပြုလုပ်ဖို့ ပြန်လည်ပုံသွင်းတဲ့ လှုပ်ရှားမှုကြီးအဖြစ် ကျော်ကြားပါတယ်။

နိုဝင်္ဘာ ၂၈ ရက် မှာ ချက်ကိုစလိုဗက်ကီးယားကွန်မြူနစ်ပါတီဟာ နိုင်ငံရေးအာဏာကို တစ်ဦးတည်ပိုင် ထိန်းချုပ်ထားရာကနေ အရှုံးပေးဖို့ သဘောတူလိုက်တယ်။ သူတို့ရဲ့ ကျရှုံးမှုကို လက်ခံခဲ့ပါတယ်။

ဒီဇင်ဘာ ၁၀ ရက် မှာ ကွန်မြူနစ်သမ္မတ ဂူစတာဗ့်ဟူးဆက်ခ် ဟာ ၁၉၄၈ထဲက ရယူထားတဲ့ ကွန်မြူနစ်ပါတီလက်ထဲက အာဏာကို ကွန်မြူနစ်မဟုတ်တဲ့ အစိုးရအဖြစ် လွှဲပြောင်းတာဝန်ပေးလိုက်တော့တယ်။ ပြီးတော့ သူ ရာထူးကနေ နှုတ်ထွက်ပေးလိုက်ပါတယ်။

ဒီဇင်ဘာ ၂၈ ရက် မှာ အလက်ဇန်းဒါးဒူးဘ်ချက်ခ်က ဖက်ဒရယ်ပါလီမန်ထဲမှာ ရွေးကောက်ခံ လွှတ်တော်အမတ် ဖြစ်လာခဲ့တယ်။

ဒီဇင်ဘာ ၂၉ ရက် မှာ  ၁၉၄၈ထဲက ကျူးကျော်မှုခံခဲ့ရတဲ့ ချက်ကိုစလိုဗက်ကီးယားဟာ လွတ်လပ်ခြဲ့ပီး ဗာဆလာ့ဗ်ဟာဗဲလ်ဟာ လွတ်လပ်တဲ့ချက်ကိုစလိုဗက်ကီးယားနိုင်ငံရဲ့ ပထမဦးဆုံး သမ္မတဖြစ်ခဲ့တယ်။ ဟာဗဲလ် သမ္မတဖြစ်လာခဲ့တော့ ကျောင်းသားတွေက သူတို့ရဲ့ ဆန္ဒပြပွဲကို အဆုံးသတ်လိုက်ပါတယ်။ ကတ္တီပါတော်လှန်ရေး ပြီးဆုံးသွားခဲ့ပါပြီ။

၁၉၉၀ ဇွန်လ မှာ ပထမဆုံး ဒီမိုကရက်တစ်ရွေးကောက်ပွဲပြုလုပ်ခဲ့ကြတယ်။  နှစ် ၄၀ကျော်ကြာ ကွန်မြူနစ်တွေကြီးစိုးခဲ့တဲ့ ချက်ကိုစလိုဗက်ကီးယားမှာ ပထမဆုံး ကွန်မြူနစ်မဟုတ်တဲ့အစိုးရသစ်တစ်ရပ် ပေါ်ထွန်းလာခဲ့ပါတယ်။        ။

Ref : Czech Republic: The Velvet Revolution -- The Legacy of 1968 By Jolyon Naegele
နွယ်နီမဂ္ဂဇင်း၊ စက်တင်ဘာလ၊ ၂၀၁၂

3 comments:

...အလင်းစက်များ said...

မဖြိုးရေးလိုက်ရင် စိတ်ရှည်လက်ရှည်လေးနဲ့  ဗျာ။

စကားမစပ် ပီဂျီနေကောင်းလားဗျ။

PhyoPhyo said...

ပီဂျီလေး နေကောင်းတယ်။ မနက်ဆို ၃ ၄ ခါ လာလာစားတယ်။ အိမ်မှာတော့အိပ်တော့ဘူး။ ဂျက်ကီတောင် ပီဂျီဆို သိနေပြီ။ :D

richelle co said...
This comment has been removed by a blog administrator.