Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
Tuesday, April 24, 2012
နေညိုရင် ရွှေဘိုက မြကလေးကို လွမ်းတယ်...
ဟယ်..လှလိုက်တဲ့ ဆည်းဆာနေရီကလေး။
သီရိ ကင်မရာထုတ်ပြီး အမြန်မှတ်တမ်းတင် ရိုက်ကူးလိုက်သည်။
သီရိ ရိုက်ကူးလိုက်တဲ့ ပုံကလေးက ကျေနပ်အားရစရာပါ။
ရဲရဲနီနေတဲ့ နေလုံးကလေး ဟိုအနောက်ကို ၀င်ရောက် ပျောက်ကွယ်တော့မယ်။ ဒါပေမဲ့ ..
 ဖြတ်ကနဲ သီရိရင်မှာ နာကျင်လာသည်။ မြကလေးကို သတိရလာတာကြောင့်ပါ။
နေညိုရင် ရွှေဘိုက မြကလေးကို လွမ်းမိပါသည်။
ဟို ငယ်ငယ် သီရိ တို့ ကျောင်းသားဘ၀က စာမေးပွဲအဖြေလွှာတွင် မှတ်ချက်ရေးခိုင်းရာမှာ   လောကဓံတရားကို ကြံ့ ကြံ့ ခံနိုင်စွမ်းရှိသူ တရားဓမ္မနှင့်ပြည့်ဝသူလို့  သီရိ က မှတ်ချက်ရေးခဲ့ဖူးသည်။
ဟုတ်ပါသည်။
အသတ်ခံရတော့မည့်ဆဲဆဲမှာတောင် မတုန်မလှုပ် နှင့် တေးထပ်တပုဒ်ရေးပြီး ဘုရင်ကို သတိပေးဆုံးမသွားတာမို့ တရားဓမ္မနှင့်ပြည့်ဝသူလို့ သီရိ မှတ်ချက်ရေးခဲ့တာပါ။ ဒီလိုအချိန်ကလေးမှာပေါ့။
ဝင်လုဆဲ နေရောင်အောက်မှာ..မြကလေး တယောက် တေးဖွဲ့ လို့ နေသည်။ အချိန်က မိနစ်ပိုင်းမျှသာမြကလေးအတွက် ကျန်တော့သည်။
ဝါသနာတူမို့  ပြင်စည်မင်းသားနှင့် တေးဆိုကြ ဖွဲ့ ကြရာမှာ ဘုရင်ကိုလုပ်ကြံဖို့ ပူးပေါင်းခြင်းဖြစ်တယ်လို့  မလိုသူ ဂုံးစကားကို ဘုရင်က ယုံစားသတဲ့။
တောင်စွယ် နေကွယ်ရင် မြကလေး လည်မျိုကို ဒုတ်တိုနှင့်ရိုက်သတ်တော့မည်..။
တယောက်က ကတ္တီပါအိပ်ကိုင်လို့ ချည်ဖို့ ကြိုးကိုလဲ  တဘက်မှာ ကိုင်ထားသေးသည်။
အလို.. နေကွယ်တော့မည်။
ဝင်လုဆဲ နေရဲ့ အ၀န်းအ၀ိုင်းပတ်လည်ကနေ  မြကလေးရဲ့ သွေးတွေစွန်းထင်းကျရောက်နေရော့ လား။
ဟင့်အင်း။ မဟုတ်နိုင်ပါဘူး။
မဟာဆီ မဟာသွေးတွေရဲ့ သွေးးဟာ မြေမှာ မကျရဘူးတဲ့။ သီရိ ကြားဖူးနေ၏။ ကတ္တီပါအိပ်စွပ်ပြီးလည်မျိုကို ဒုတ်တိုနှင့်  တစ်ချက်ထဲ အသေ ရိုက်သတ်တာပါ။
အမိန့်ပေးစေခိုင်းသူရော ကိုယ်ထိလက်ရောက်ကျူးလွန် ရိုက်နှက်သူရော ရက်စက်သူ လူစိတ်မရှိသူတွေ လို့  သီရိ အ်ာပစ်လိုက်ချင်မိသည်။
တောင်စွယ်နေမကွယ်ခင်ကလေးမှာ နေလုံးကလေးမပျောက်ခင် အချိန်ကလေးရတုံး..မှာ..
ခမြာ တေးတပုဒ်ကို  အမှီရေးထုတ်ဖို့ စိတ်အားထက်သန်နေလေရဲ့။
“လောကဓံရှစ်ပါး ၊ဘုရားပဟောရာ”  တဲ့။
ဘုရားရှင် က ဟောပြောသွန်သင်ခဲ့ပြီးမို့ မြကလေး ခံနိုင်ရည်ရှိပါသတဲ့။
 ဒါဟာ ဖြစ်ပြီးရင် ပျက်တတ်တဲ့ ဖြစ်ရိုးဖြစ်စဉ်တွေ ဆိုတာ အသင်မင်းကြီးသာ စွဲစွဲမြဲမြဲ မှတ်ထားရစ်ပါ တော့တဲ့။
“ ဖြစ်ပျက်မြဲဓမ္မတာ သေချာစွာ မှတ်စွဲ ၊
သတ္တ၀ါတို့ မည်သည် ၊ မတည်ကြည် ဖေါက်ပြန်တတ်မြဲ၊”
သတ္တ၀ါတိုင်းဟာ ဒီလိုပါဘဲ။အမျိုးမျိုး  ဖေါက်ပြန်ပြောင်းလဲနေကြတာ ဓမ္မတာပါ လို့  မြကလေးပြောနေသည်။
“ ငါမင်းလို့  ပြုပြန်လျှင် ၊ခံရသူအသစ်ပ ၊
အဖြစ်ဖြစ်အတန်တန်။လွဲသင့်ပေတန်”
ငါဘုရင်ဘဲလို့  ထင်သလို စီရင်ချက်ချမယ်ဆိုရင်လဲ မြကလေးက ခံရမှာပါ ရွှေနန်းရှင်ရယ် တဲ့။ ဒါပေမဲ့  သင်္ခါရတရားလို့  ရှုမှတ်ပွားများထားသူမို့  မြလေးကမဖြုံပါဘူး..” လို့  တစာစာပြောရင်း ဆိုရင်း
တေးဖွဲ့ နေရှာတာပါ။
နောက်ဆုံးအပိုဒ်ကလေးကတော့ …
“သင်္ခါရ လမ်းမှန်ကို ရွှေဥာဏ်တော်ရှုအုံးရှင့် လေး တဲ့။
မြကလေးရယ်။
“မှန်ကန်တဲ့ လမ်းပေါ်အရောက် ရွှေဥာဏ်တော်ကွန်ယက်ကို ဖြန့်ကျက်လို့  ကြည့်ပါဦး”လို့
ရှင်ဘုရင်ကိုမြကလေးက နောက်ဆုံးအနေနှင့်  အသနားခံ သတိပေး ဆုံးမစာ ရေးထားခဲ့၏။
 မြကလေး ရေးဖွဲ့ ခဲ့တဲ့  ပတ်ပျိုး သီချင်းခံ စတာတွေအများအပြားထဲမှာ ဒီတေးထပ်ကလေးက နောက်ဆုံး လူသတ်ကုန်းမှာ ရေးဖွဲခဲ့ တာပါ။ အချိန်လုံလုံလောက်လောက် မရလို့ ထင်ပါရဲ့ တေးထပ်ကလေးက ပိုဒ်မစုံရှာဘူး။
(ဒါမှမဟုတ် သမိုင်းဆရာတို့  မှတ်တမ်းမပြုခဲ့နိုင်သလားမဆိုနိုင်ပါ။ )
မနာလို အူတိုသူ မောင်းမတွေစကား ဘုရင်ဆိုသူက အကောင်းထင်သတဲ့။ ခေါင်းမရှိတဲ့မင်း လို့ သာ  သီရိ ဆိုလိုက်ချင်တော့။
အလို..တောင်စွယ်မှာ နေကွယ်ပါပေါ့လား။
ကတ္တီပါအိပ်ကိုင်ထားသူက “ကြာတယ် ကြာတယ် လာလေဟဲ့ ” တဲ့။
မြကလေးကို ရာဇ၀တ်ကောင်သဖွယ် ဆံပင်ဆွဲခေါ်ပြီးခေါင်းကနေ အိပ်ကို စွပ်ချလိုက်ပြီ။
ကြိုးကိုလဲ ချည်နှောင်နေပြီ။
မြကလေးကတော့.. ရွှေနန်းရှင်နှင့် ဒဂုံဆံတော်ရှင်ဘုရားရောက်ရှိစဉ် ပြုခဲ့ဖူးသည့် အနောက်ဘက်စောင်းတန်းအလှူတော်ကို ပြန်လည် အောက်မေ့ဆင်ချင်ရင်း …  ငြိမ်သက်စွာ ခေါင်းကလေးမော့ပေးလိုက်သည်။
ပါးကွက်အာဏာသားက ဒုတ်ကြီးကို အားရှိပါးရှိ လက်နှစ်ဘက်နှင့် မြဲမြဲကိုင်ပင့်မြှောက်လိုက်ပြီ။ ပြီးတော့ ကတ္တီပါအိပ်စွပ်ထားတဲ့  မြကလေးလည်ပင်းဆီကို…တစ်ချက်တည်း…..။
နေညိုရင် ရွှေဘိုက မြကလေးကို လွမ်းမိတော့သည်။       ။
“မြလေးဆိုတဲ့  အနောက်မိဖုရားရယ်က..
ကျောက်စီဓါး ရယ်နဲ့  အပါးတော်မှာ ရံ
..သူတေးဖွဲ့ တာ ..သူရေးခဲ့တာ ..
ပတ်ပျိုး ..သီချင်းတော်ခံ..”
ခင်မေသစ်
၂၊ ၄၊ ၂၀၁၂
7 comments:
ခရစ္စတလ် said...
ခံစားချက် အထပ်ထပ်ကယ်နဲ့
အသနားပို မြကလေးကိုပ
ဟမလေး ....ခံစားချက်ပြင်းလှချည်ရဲ့ ဖြိုးဖြိုးရေ
mstint said...
နေဝင်ဆည်းဆာနဲ့အတူ မြကလေးဇာတ်လမ်း ခေါင်းထဲပြန်ရောက်လာတယ် ဖြိုးဖြိုးရေ။ ဘဝဝဋ်ကြွေးများ ရှိခဲ့ရင်ဖြင့် မြကလေး အဲဒီအချိန်အခါက ဘဝဝဋ်ကြွေး နောက်ဆုံး ဆပ်ခြင်း ဖြစ်ပါစေလို့။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
SHWE ZIN U said...
ဘုရင် တွေများ ရက်စက်ချက်
ချော(အစိမ်းရောင်လွင်ပြင်) said...
စိတ်မကောင်းစရာ ဇာတ်လမ်းနဲ့ အကြောင်းအရာက ခေါင်းထဲကို ရောက်လာတယ်။.
တိုင်းပြည်အုပ်ချုပ်သူဖြစ်ပါရက်ကယ်နဲ့ ကိုယ်ပိုင်ဦးနှောက်နဲ့ မစဉ်းစားဘဲ သူများစကားအယုံလွယ်တာကြောင့် မဖြစ်သင့်တာ ဖြစ်ရရှာလေတယ်။
တကယ်ကို ဝမ်းနည်းစရာ..
ဟန်ကြည် said...
မြကလေးဆိုတာ အနောက်နန်းမတော် မမြကလေးကို ခေါ်တာထင်ပါ့ ...
ပဒေသရာဇ်ခေတ်ဆိုးကြီးက အဖြစ်တွေကို အခုပြန်တွေးကြည့်တော့ အတော့်ကို သံဝေဂရမိပါရဲ့လေ...မမြကလေးရဲ့ ပတ်ပျိုးတွေကိုတော့ လက်လှမ်းဝေးနေလို့ နားမထောင်ဖြစ်ဘူး ဖြိုးဖြိုးရေ...ဦးဟန်ကြည်ကတော့ သူတည်းတစ်ယောက် မျက်ဖြေလင်္ကာကိုရေးတဲ့ အနန္တသူရိယ အမတ်ကြီးကိုပဲ သတိရမိတာပဲ...
ဆူးသစ် said...
တစ်ခါတစ်ခါတော့လည်း ခေတ်ဆိုတာကိုတွေးပြီးကြောက်မိတဲ့အခါရှိတယ်။ သက်ဦးဆံပိုင်ဆိုတာ အဲဒါမျိုးလားလို့ပြန်ပြန်စဉ်းစားနေတာ။ သဘောတရားတွေက ငါလုပ်ချင်တာလုပ်လို့ရတယ်ဆိုတဲ့သဘောချည်းပဲ။ နောက်ဆုံးတော့ ခံရတဲ့လူတွေခမျာဘုမသိဘမသိ။ အဲဒါမျိုးအဖြစ်တွေအများကြီးပဲ။ တိုင်းပြည်တိုးတက်ဖို့မှာလည်း အဲဒါမျိုးတွေမရှိမှဖြစ်မှာ။ ဟိုဘက်ခေတ်ကဟာတွေ ဒီဘက်ခေတ်မှာလာသောင်တင်နေတာလားလို့ပဲ တွေးနေမိတော့တယ်.....
Myat Pan Nwe (မြတ်ပန်းနွယ်) said...
သမိုင်းကြောင်းတွေ ဖတ်ပြီး မနေနိုင်ဘဲ ဆက်တွေးမိတတ်တဲ့ ကိုယ့်စိတ်ကြောင့်ကိုယ် စိတ်မကောင်း အမြဲဖြစ်ရတယ်။ ဒိုင်းခင်ခင်အကြောင်း ဖတ်ခဲ့မိတဲ့ ၂၀၀၇ကစပြီး သမိုင်းကြောင်း အထူးသဖြင့် သက်ဦးဆံပိုင်ဘုရင်ခေတ်ကအကြောင်းဆို ကိုင်တောင် မကိုင်မိတော့ဘူး။
ခင်မင်စွာဖြင့်
မြတ်