Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, April 12, 2013

သင်္ကြန်ရက်တွေမှာ

Family Magazine, April, 2013
သင်္ကြန်ရောက်တော့မယ်။ သင်္ကြန်သီချင်းတွေက ဟိုမှာသည်မှာ ကြားနေရပြီ။ ဒီနှစ်သင်္ကြန်မှာတော့ မေလင်းသာ ထူးထူးခြားခြား ကြိုတင်ရင်ခုန်နေမိပြီ။ အရင်နှစ်သင်္ကြန်တွေမှာကတော့ မေလင်းက ရန်ကုန်မြို့ကြီးမှာမဟုတ်ဘူးလေ။ ဒီနှစ်တော့ မေလင်း ပထမနှစ်ကျောင်းစတက်တဲ့နှစ်ပေါ့။ နယ်မြို့လေးတစ်မြို့ကနေ ဆယ်တန်းအောင်လို့ ပထမနှစ်စတက်ရတော့ ကိုကြီးနဲ့ မေလင်းက အတူတူပဲ။ ၁၀တန်းကိုတစ်နှစ်တည်းအတူတူအောင်ခဲ့ကြတာ။ ရန်ကုန်သင်္ကြန်ဆိုတာကို တစ်ခါမှ မကြုံဘူးသေးတဲ့ ကိုကြီးရော မေလင်းရော ရန်ကုန်သင်္ကြန်ရက်တွေကို ရန်ကုန်သူရန်ကုန်သားတွေနဲ့ အတူတူနွှဲချင်ခဲ့ကြတာပေါ့။ သင်္ကြန်ရက်တွေမှာ တီဗီကလာတဲ့ သတင်းတွေကို အမြဲစောင့်ကြည့်ခဲ့ရတာ။ သင်္ကြန်မဏ္ဍပ်တွေမှာ ရေပက်နေကြတဲ့သူတွေ၊ မဏ္ဍပ်တွေကို လာကြတဲ့ နာမည်ကြီးအဆိုတော်၊ ရုပ်ရှင်မင်းသား၊ မင်းသမီးတွေကိုစောင့်ကြည့်ရင်း ရေစိုစို ဒီဇိုင်းဆန်းဆန်းနဲ့ လှနေကြတဲ့သူတွေကိုကြည့်ပြီး သိပ်အားကျတာပဲ။ သူတို့လို သင်္ကြန်ရက်တွေလည်ချင်ခဲ့တာပေါ့။ ဒီနှစ်တော့ မေလင်း စိတ်ကူးလေးတွေပြည့်ဝတော့မယ်။ မေမေ့ကို ခွင့်တောင်းထားတယ်လေ။ ကိုကြီးလည်းပါတယ်၊ ကိုကြီးသူငယ်ချင်းရယ်၊ ကိုကြီးသူငယ်ချင်း မေမေရော၊ ညီမလေးတွေ မိုးသူတို့ ဇာခြည်တို့လည်းပါမယ်ဆိုတော့ မေမေက စိတ်ချတယ်။ တစ်ရက်လည်ခွင့်ပေးတယ်။ နောက်ရက်တွေမှာ မဏ္ဍပ်ထိုင်ဖို့လည်း ခွင့်ပြုတယ်။ အဲဒါကြောင့်မို့ မေလင်း သိပ်ပျော်နေတာပေါ့။ ဒီဇိုင်းလှလှလေးဝတ်မယ်။ နှုတ်ခမ်းနီ နီနီရဲရဲလေးများဆိုးပြီးလည်ရမယ်ဆို မေလင်းရဲ့အသားဝင်းဝင်းဝါ၀ါလေးနဲ့ ရေစိုစိုမှာ အလှပိုနေမှာပဲ။ မင်းသမီးတွေလောက်တော့ မေလင်း ဘယ်လှပါ့မလဲနော်၊ ဒါပေမယ့် မေလင်းက ချစ်စရာကောင်းတယ်တဲ့ သူငယ်ချင်းတွေက ပြောကြသားပဲ။ ဒီလိုနဲ့ မေလင်းတို့ ရင်ခုန်စွာစောင့်မျှော်နေခဲ့တဲ့ သင်္ကြန်ရက်ရောက်လာခဲ့ပါပြီ။

ဒီနေ့အကြိုနေ့ပေါ့။ မနက်ပိုင်းလမ်းထဲမှာ ကလေးတွေရေပက်နေကြတာကြည့်ပြီး မေလင်း ရင်ထဲတဒိတ်ဒိတ်ခုန်လို့ ပျော်နေခဲ့ပြီ။ ပိတောက်ပန်းရနံ့လေးတွေလည်း သင်းပျံ့ကြိုင်လှိုင်နေတာပဲ။ မေမေ ဒီနေ့မနက်စောစောဈေးထဲမှာ ပိတောက်ပန်းတွေရလို့ ၀ယ်လာပြီး ဘုရားမှာ ကပ်ထားပြီလေ။ မေမေက အတာအိုးလေးပြင်နေပါတယ်။ ညနေပိုင်းရောက်တော့ ကိုကြီးသူငယ်ချင်း မိုးနိုင်ရောက်လာပါတယ်။ မေလင်း အလှပြင်နေတာကို ကြည့်ပြီး မေမေက ဘာမှတော့မပြောပါဘူး။ အရာရာစိတ်ပူတတ်တဲ့မေမေက စိတ်တော့ပူနေဦးမလားပဲ။ ကိုကြီးကိုတော့ ကားသေချာမောင်းဖို့ တဖွဖွမှာနေတာ၊ မေလင်းကိုဂရုစိုက်ဖို့လည်း ပါသေးရဲ့။ မေလင်းရယ် ကိုကြီးရယ် မိုးနိုင်ရယ် သုံးယောက် ဗိုလ်ချုပ်ပန်းခြံရှေ့က မဏ္ဍပ်ဆီကို အရင်သွားကြတယ်။ အိုး .. မြို့ထဲမှာတော့ တကယ့် သင်္ကြန်ရက်လိုပါပဲလား။ ရေတွေပက်နေလိုက်ကြတာ ရွှဲရွှဲကို စိုလို့။ မဏ္ဍပ်ပေါ်မှာလည်း အနက်ရောင်မျက်မှန် အနက်ရောင်လူငယ်တစ်ယောက် ဆိုနေတယ်။ မဏ္ဍပ်ရှေ့မှာ အနက်ရောင်လူငယ်တွေရော ရောင်စုံဒီဇိုင်းတွေနဲ့ ကလေးလူကြီးအများကြီးပဲ ပျော်ရွှင်နေလိုက်ကြတာ။ သီချင်းသံတွေရယ် စင်အောက်ကလိုက်ဆိုကြတဲ့သူတွေရဲ့ အသံတွေရော နားထဲမှာဆူညံလို့ ပျော်တော့ပျော်စရာကြီးပဲ။ နောက်ထပ် မြို့တော်ခန်းမရှေ့မဏ္ဍပ်ဖွင့်ပွဲခဏကြည့်ပြီး ပြန်လာခဲ့ပါတယ်။ မေလင်းတို့ သိပ်မကြာဘူး ပြန်ရောက်လာကြတော့ မေမေကတော့ စိတ်အေးသွားတဲ့ပုံစံလေးနဲ့။

နက်ဖြန်အတွက် ညစောစောအိပ်ရာဝင်ခဲ့ကြတယ်။ မနက်စောစော ၆မိုင်ခွဲက ကိုကြီးသူငယ်ချင်းမိုးနိုင်အိမ်မှာ လူစုကြမှာလေ။ မိုးနိုင်အိမ်ရောက်တော့ လူတွေတောင်တော်တော်စုံနေပြီ။ မေလင်းတို့ မြို့ကပဲ ကိုကြီးသူငယ်ချင်းတစ်ယောက်ပါသေးတယ်။ နေမျိုးတဲ့။ မိုးနိုင်ညီမလေးနှစ်ယောက် မိုးသူ၊ ဇာခြည်၊ မိုးနိုင်မေမေရယ်၊၊ မိုးနိုင်ရယ် နောက်ထပ် ခပ်ငယ်ငယ်ကောင်မလေးသုံးယောက်လောက်ပါတယ်။ ပြီးတော့ နောက်ထပ် ယောက်ျားလေးသုံးယောက် မိုးနိုင်အကိုဝမ်းကွဲတွေတဲ့၊ မိုးနိုင်မေမေကို အခုမှမြင်ဖူးပေမယ့် ပျော်တတ်ပုံရတဲ့ အန်တီကခင်ခင်မင်မင်ပါပဲ။  မိုးနိုင်ညီမလေးတွေကလည်း မေလင်းနဲ့ ခုမှ တွေ့ဖူးကြတာ။ တကယ်ဆို မေလင်းက လူခပ်ကြောက်ကြောက်ရယ်၊ အခုက ရန်ကုန်သင်္ကြန်လည်ချင်လွန်းလို့သာ၊ ကိုကြီးလည်းပါတယ်။ ငယ်ငယ်လေးတည်းကအိမ်မှာဝင်ထွက်နေတဲ့ မိုးနိုင်ရယ် သူ့ညီမလေးတွေရယ်ကြောင့်သာ လိုက်လည်ဖြစ်ခဲ့တာပေါ့။

မေလင်းတို့ကားက အင်းလျားဘေးက လမ်းတွေထဲဝင်ပြီး နောက်ထပ်အသိတွေဝင်ခေါ်ရသေးတယ်။ အခုမှ ရန်ကုန်ကိုရောက်ခါစမို့ ဘယ်လမ်းတွေမှန်းမမှတ်မိပါဘူး။ ရေတွေက ပက်နေကြပြီ။ မေလင်းလည်း တစ်ကိုယ်လုံးရွှဲရွှဲစိုလို့ပေါ့။ ကိုကြီး၊ မိုးနိုင် နဲ့ နေမျိုးတို့ကတော့ သီချင်းတွေအော်ဆို၊ အပျော်ကြီးပျော်နေကြပုံပဲ။ သူတို့ကို ကြည့်ပြီး အပျော်တွေကူးစက်လို့နေတယ်။ မေလင်းပဲ တစ်ခါမှ သင်္ကြန်မလည်ဘူးလို့လားပဲ၊ မနက်ပိုင်းခဏလေးပဲ ရှိသေးတယ်။ ချမ်းနေပြီ၊ ချမ်းပြီး တကိုယ်လုံးတုန်နေတော့တယ်။ ကိုကြီးက မေလင်းကို ဂရုမစိုက်အားပါဘူး။ အင်းလျားလမ်းရောက်တော့ ကားတွေကအများကြီးပဲ၊ မဏ္ဍပ်တစ်ခုတစ်ခု ရေပက်ခံရဖို့ကို စောင့်လိုက်ရတာ။ ကားက ဖြည်းဖြည်းချင်းပဲသွားနိုင်ပါတယ်။ ဖြည်းဖြည်းချင်းတောင်မဟုတ်ဘူး ရပ်တောင်ထားရတာ၊ မစောင့်နိုင်တဲ့ တစ်ချို့သူတွေကတော့ ကားပေါ်ကဆင်းပြီး မဏ္ဍပ်ရှိတဲ့နေရာကိုသွားကြတယ်။ မေလင်းကတော့ မဆင်းရဲဘူး။ ကိုကြီးကလည်း ကားပေါ်မှာ ရှိမနေဘူး၊ ကိုကြီးက စိတ်မရှည်လို့၊ ပျင်းလာလွန်းလို့ထင်ပါရဲ့ သီချင်းတွေအကျယ်ကြီးအော်ဆိုပါတယ်။ ကိုကြီး အရက်တွေများသောက်ထားသလားပဲ၊ ကိုကြီး အသံကြီးကအောင်တယ်၊ အဆိုတော်တစ်ယောက်လိုပဲ အသံကောင်းတယ်။ အစတော့ တခြားကားတွေကကောင်လေးတွေက ဒီအတိုင်းပဲကြည့်နေကြတယ်။ ရယ်ကြမောကြဒီလောက်ပဲ။ နောက်တော့ ကိုကြီး အသံက ဆိုရင်းဆိုရင်း …

              ~ အေးစက်သောလက်များနဲ့ ပွေ့ဖက်ထား ~ ငရဲကိုဖောက်ထွက် ~

အသံမြှင့်ပြီး ဆိုလိုက်တယ်။ အားလုံးကလည်း ဟေ့ … ဟေ့ လို့ လိုက်ပြီးအော်လိုက်ကြတာ အသံတွေဟိန်းထွက်သွားတာပဲ။ မေလင်းမှာ မကြုံစဖူး အံသြလို့နေမိခဲ့ပါရဲ့။ သူငယ်ချင်းအရင်းအခြာတွေကျနေတာပဲ၊ ဖက်ရမ်းနှုတ်ဆက်နေလိုက်ကြတာ။

              ~ ရှေ့မှာ သေခြင်းရဲ့တံခါးများ ~  အနားမှာ သေခြင်းရဲ့ တံခါးများ ~ 

ကိုကြီးလိုပဲ အားလုံးလည်းစိတ်မရှည်နိုင်ကြတော့ဘူး ထင်ပါတယ်။ ကိုကြီးကရှေ့ကဆို ကျန်တဲ့သူတွေက နောက်ကလိုက်ဆိုကြနဲ့ အတိုင်အဖောက်ညီနေလိုက်ကြတာ။

ခဏနေတော့ ကားတွေသွားလို့ရတော့ မေလင်းတို့ကားလည်းထွက်ဖို့ပြင်တယ်။ သီချင်းဆိုရင်း တခြားကားက ကောင်လေးတွေနဲ့ရောနှောပြီး ကိုကြီး ဘယ်ရောက်သွားလည်းမသိလိုက်ဘူး။ မေလင်းမှာ ရင်ထဲတထိတ်ထိတ်နဲ့၊ ပျော်ရတဲ့အပျော်ကြားထဲမှာ မေလင်း တွေးမထားမိတဲ့ ပူပန်စိုးထိတ်မှုတွေဘယ်ကဘယ်လိုများ ရောက်လာကြပါလိမ့်။

              “မိုးနိုင် .. ကိုကြီးကို ရှာပါဦး၊ ခေါ်ပါဦး၊ ကားထွက်တော့မယ်”

မိုးနိုင်ကို အလန့်တကြားအော်ပြောမိတယ်။

              “ကိုကိုသာ ကိုကိုသာ၊ လာဟ သီချင်းပဲဆိုမနေနဲ့ ကားထွက်တော့မယ်၊ လာလာ”

              ~ တံခါးများလည်း ပိတ်လိုက်ပါတော့ ~

ဒါတောင်မပြီးနိုင်သေးဘူး ကိုကြီးက သီချင်းဆက်ဆိုနေတုန်းပဲ။ သီချင်းသံကြားလိုက်ရသေးတယ်။ ကိုကြီးလက်ကိုဆွဲပြီး မိုးနိုင် ကားဆီကိုအပြေးရောက်လာပါတယ်။ ကိုကြီး တော်တော်မူးနေတဲ့ပုံပဲ။ ခုမှ နေ့လည်ပိုင်းတောင်မရောက်သေးဘူး၊

              “မေလင်း နင့်ကိုကြီးတော့ မလွယ်ဘူး တော်တော်မူးနေပြီဟာ၊ ခုမှ ဘာမှတောင်မလည်ရသေးဘူး၊ သူက မူးနေပြီ၊ စိတ်ညစ်ပါတယ်”

               “ဟင်၊ ကိုကြီးဘယ်တုန်းကသောက်လိုက်တာလဲ၊ အရက်တွေယူလာတာလား၊ မေလင်းလည်းမသိလိုက်ဘူး”

“ယူတာတော့ယူလာတာပေါ့ဟာ နည်းနည်းပါးပါးပေါ့၊ အရမ်းအေးရင်သောက်ရအောင်လို့ပါ၊ နင့်ကိုကြီးက တစ်ခါတည်းအများကြီးမော့လိုက်တာဟေ၊ ငါ ပြောတာလည်းမရဘူး။ လေပါတယ် ကိုကိုသာရာ၊ တကယ်ပဲ”

ကိုကြီး ကားပေါ်ခုန်တက်လာတယ်။ ပြီးတော့ ကားနောက်ခန်းထဲ ပစ်လှဲပြီး အိပ်တော့တာပဲ။ ကားထဲမှာဖြင့် ရေတွေက ၀င်နေတာ၊ ကိုကြီးကို ဆွဲယူပြီး မေလင်းပေါင်ပေါ်ကို တင်ထားပေးရတာပေါ့။ ဒီလိုနဲ့ အင်းလျားလမ်း မဏ္ဍပ်တွေထင်ပါရဲ့၊ ကားဆက်တိုက်မောင်းလို့တော့ရသွားတယ်။ မဏ္ဍပ်တစ်ခုရှေ့ရောက်တိုင်း မီးသတ်ပိုက်လုံးကြီးတွေက ရေအားက ပြင်းလိုက်တာ၊ မေလင်းမှာ ကိုကြီးကိုလည်းပေါင်ပေါ်တင်ထားရသေးတယ်၊ ကိုကြီးနားထဲကိုလည်းရေ၀င်မှာစိုးတော့ ဦးထုပ်နဲ့ရော၊ လက်နဲ့ပါကာထားပေးရတာ၊ ကိုယ့်ဘာသာ ကာမထားနိုင်ပါဘူး၊ ရန်ကုန်သင်္ကြန်ဆိုတာ တစ်ခါမှလည်း ကြုံဖူးခဲ့တာမဟုတ်တော့ မျက်နှာသုတ်ပုဝါကြီးကြီး ယူလာရကောင်းမှန်းလည်းမသိဘူး။ မေလင်းဝတ်လာတာကိုလည်းကြည့်ပါဦး၊ ပန်းရောင်နဲ့အသားရောင်အပွင့်လေးတွေပါတဲ့ အသားနုနုချည်သားအင်္ကျီလေး၊ ဒူးအထက်ထိရောက်နေတဲ့ အသားရောင်စကပ်ဘောင်းဘီတိုလေးရယ် ကားနောက်ခန်းမှာထိုင်နေကြတာဆိုလို့ ကိုကြီးရယ် မေလင်းရယ်နှစ်ယောက်ပဲ။ ကျန်တဲ့သူတွေအားလုံး မဏ္ဍပ်တစ်ခုဖြတ်တိုင်း ခုန်ပေါက်နေကြတာပဲ။ အမိုးဖွင့်ကားနောက်ခန်းမှာ မေလင်း ခြေထောက်စင်းပြီးထိုင်နေတော့ ဒူးအထက်စကပ်ဘောင်းဘီးလေးက မေလင်းရဲ့ ပေါင်တစ်ဝက်သာသာရယ်၊ မေလင်းပေါင်ပေါ်မှာ ကိုကြီး အိပ်မောကျနေတဲ့ပုံစံကိုမြင်တဲ့သူတွေက သိမှမသိနိုင်ဘဲ။ အမူးလွန်နေကြတဲ့ အတွဲတစ်တွဲလို့ထင်သွားကြမယ်ထင်ပါရဲ့။ မေလင်းရဲ့ ခြေထောက်တွေဆီ ရေပိုက်တွေနဲ့ မရပ်မနားတိုးပြီးပက်ကြတယ်။ ခြေသလုံးသားတွေ၊ ပေါင်တွေမှာဆို နီရဲကျိန်းစပ်လို့နေပါပြီ။ ကိုကြီးနားထဲကိုလည်းရေ၀င်မှာစိုးလို့ ပိုတိုးပြီး ကာထားပေးရတယ်။ ခြေထောက်တွေဆိုမလှုပ်နိုင်ဘူး။ ကိုကြီးကတော့ ဒါတွေမသိနိုင်ပါဘူး။ တခြား ကိုကြီးသူငယ်ချင်းတွေကလည်း အပျော်လွန်နေကြတာ၊ မေလင်းတို့ကို လှည့်မကြည့်အားကြဘူး။ မေလင်းမှာသာ ခြေထောက်တွေမှာ ကျိန်းစပ်ပြီးနာလွန်းလာလည်း လှုပ်လို့လည်းမရတာမို့ ဒီအတိုင်းငြိမ်နေရတာပဲ၊ သင်္ကြန်ရေတွေထဲ ပျော်ရွှင်နေကြသူတွေကြားထဲမှာ မျက်ရည်တွေ တလိမ့်လိမ့်ကျလာတော့တယ်။ သင်္ကြန်ရေထဲမှာ မပျော်နိုင်ပဲ မေလင်းလို ငိုရတဲ့သူ ရှိနိုင်ပါ့မလား။

နောက်မှ မိုးနိုင်ကသတိရသွားပုံနဲ့ မေလင်းနဲ့ ကိုကြီးအနားရောက်လာပါတယ်။

              “ကိုကိုသာ့ကို ငါ့ပေါင်ပေါ်တင်ထားလိုက်မယ်။ နင် ခြေထောက်ရွှေ့လိုက်ဦး”

မေလင်း ခြေထောက်တွေကို ကွေးယူပြီးဖွက်ထားလိုက်ပါတယ်။ နီရဲနေတဲ့ မေလင်းခြေထောက်တွေဟာ ထုံကျဉ်လို့တောင်နေလေရဲ့။ ကိုကြီးကို သူ့ပေါင်ပေါ်ထင်ထားရက်ကြီးနဲ့ ကားကိုယ်ထည်ကြီးတဗြန်းဗြန်းပုတ်ပြီး ကိုကြီးနာမည်ကို အကျယ်ကြီး အော်နေတော့တယ်။

              “ကိုကိုသာ .. ကိုကိုသာရေ၊ ခုမှ မနက်ပိုင်းပဲရှိသေးတယ်ဟ .. ထ ကြည့်ပါဦး၊ အော် ငါ့နှယ် .. ငါ့နှယ် စိတ်ညစ်တယ်ဟေ့”
--------------------------------
နေ့လည်စာစားပြီး ပြန်ထွက်ကြတော့ ကိုကြီးကိုကြည့်ရတာ သိပ်အမူးကြီးမဟုတ်တော့ပါဘူး၊ ဒါပေမဲ့ ကိုကြီးကိုပဲ သတိထားကြည့်နေရတာရယ်၊ ချမ်းတာရယ်၊ ရေပိုက်တွေပြင်းလွန်းတဲ့ဒဏ်တွေနဲ့ မပျော်နိုင်ပါဘူး။ ဘယ်မဏ္ဍပ်အပေါ်ကိုမှ မကြည့်နိုင်ဘူး။ ဘယ်နာမည်ကြီးအဆိုတော်မှလည်း မကြည့်နိုင်ခဲ့ပါဘူး။ အဲဒီလိုနဲ့ပဲ ညနေပိုင်းရောက်တော့ လသာက ကိုကြီးသူငယ်ချင်းတစ်ယောက်အိမ်မှာ လူစုခွဲကြတယ်။ မိုးနိုင်ညီမလေးတွေကလည်း လသာက မဏ္ဍပ်တစ်ခုမှာ သီချင်းဆိုတာကြည့်ကြဦးမယ်တဲ့။ အဲဒီလိုနဲ့ သီချင်းဆိုတာကြည့်ကြပြန်တယ်။ စင်ပေါ်ကခုန်ပေါက်ပြီး ကခုန်ကြသလို စင်အောက်မှာလည်း အားလုံးဟာ တလှုပ်လှုပ်နဲ့ချည်းပါပဲ။ မိုးနိုင်ညီမလေးတွေနဲ့အတူ မေလင်းလည်း ခုန်ပေါက်ပြီးပျော်ကြည့်လိုက်တာ ပျော်စရာကောင်းသလိုလိုတော့ရှိသား၊ တစ်ခါတစ်ရံ ခပ်မူးမူးကောင်လေးတစ်ချို့အနားကိုရောက်လာပြီး ရေမွှေးတွေ ရွှီးခနဲ ဖြန်းတဲ့အခါမျိုးကျရင်တော့ ကိုကြီးတို့ကလည်း အချင်းချင်းအရိပ်အကဲပြပြီး မေလင်းတို့ကို ကာထားကြတဲ့အခါ သူတို့တွေလည်းနောက်ဆုတ်နောက်ဆုတ်နဲ့ ရှောင်ထွက်သွားကြပါတယ်။ သီချင်းတစ်ပုဒ်ပြီးတစ်ပုဒ်နားထောင်ကြရင်းနဲ့ ညကိုးနာရီကျော်လာပြီ။ ကိုးနာရီခွဲလောက်မှာ သီချင်းဆိုတာရပ်လိုက်ကြပါတယ်။ လသာက သူငယ်ချင်းတွေကိုနှုတ်ဆက်ပြီး မေလင်းတို့ ခြောက်မိုင်ခွဲအိမ်ကိုပြန်ဖို့ ကားဂိတ်ဘက်ကို လမ်းလျှောက်ခဲ့ကြတယ်။ အဲဒီမှာ မိုးနိုင်ရယ်၊ သူ့ညီမလေးနှစ်ယောက်ရယ်၊ နေမျိုး၊ ကိုကြီး၊ မေလင်း အားလုံးခြောက်ယောက်ပေါ့။ အဲဒီအချိန် ကားတစ်စီးက အရှိန်လျှော့မောင်းပြီး မေလင်းတို့ဘေးကကပ်လိုက်လာတယ်။ ခေတ်ဆန်ဆန်ဒီဇိုင်းကောင်မလေးသုံးယောက်နဲ့ ကောင်လေးတွေ သူတို့မြင်တာ အဲဒီလောက်ပဲနေမှာ၊ လိုက်ပို့ရမလား လို့ တစ်ချိန်လုံးဘေးကနေလိုက်မေးလာပါတယ်။ ကားထဲကို ကြည့်လိုက်တော့ အသက်ခပ်ကြီးကြီးအမျိုးသားကြီးတွေ၊ မိုးနိုင်ညီမလေးတွေက "နေပါစေ၊ ရတယ်ရှင့်" လို့ ပြန်ပြောလိုက်တယ်ထင်တယ်။ အဲဒီလူကြီးတွေက လာပါ လိုက်ပို့မယ် ကားပေါ်တက်ပါဆိုပြီး ထပ်ပြောပြန်တယ်။ စိတ်ဆတ်ဆတ်မိုးနိုင်ညီမလေး မိုးသူက ထအော်တော့တယ်။

“ရှင်တို့ ခုထွက်သွားစမ်း၊ ကျွန်မတို့က မောင်နှမတွေ အိမ်ပြန်မလို့ ကားစောင့်နေတာ”

“လုပ်မနေပါနဲ့ လာစမ်းပါ၊ ဒါမျိုးတွေရိုးနေပါပြီ” ဆိုပြီး အဲဒီလူကြီးတွေက ဆိုးဆိုးဝါးဝါးစကားတွေပြောထွက်လာတော့တယ်။ အဖြစ်အပျက်ကခဏလေးနဲ့ ခပ်မြန်မြန်ဖြစ်ကုန်တော့တာပဲ၊ ခပ်အေးအေးနေတတ်တယ်လို့ ထင်ရတဲ့ နေမျိုးက ချက်ချင်းပဲ အုတ်ခဲတစ်လုံးစွဲကိုင်တော့တယ်။ ကိုကြီးကလည်း “တိတ်စမ်း၊ ခင်ဗျားတို့ထွက်သွားစမ်း၊ ကားနံပါတ်မှတ်ထားတယ်၊ ခင်ဗျားတို့ကို တိုင်မယ်”ဆိုပြီး အော်တော့တာ၊ မေလင်းက ကိုကြီးကို အတင်းဆွဲ၊ မိုးသူတို့လည်း နေမျိုးကို ချုပ်ထားနဲ့၊ အခြေအနေတွေက ချက်ချင်းကို ရှုပ်ထွေးကုန်တော့တယ်။ အဲဒီတော့မှ အဲဒီကားက မောင်းထွက်သွားပါတယ်။ အိုး လန့်လိုက်တာ … သင်္ကြန်မှာပျော်ရွှင်ကြရတဲ့အပျော်ကနည်းနည်းလေးပဲ၊ တကယ့်ကို ရင်ထိတ်စရာတွေချည်းပါလား။ အဲဒီထက်ပိုပြီး ဆိုးဆိုးဝါးဝါး ဘာမှမဖြစ်ခဲ့လို့သာ ကံကောင်းသေးရဲ့။ မေလင်းအရင်က စိတ်ကူးနဲ့ ပျော်ရွှင်ရင်ခုန်ခဲ့ရတဲ့သင်္ကြန်ရက်တွေမှာ ဒီလိုအဖြစ်အပျက်တွေမပါခဲ့ဘူး။ ပျော်စရာဘယ်မှာတဲ့လဲ သင်္ကြန်ရယ်။

အရင်က သင်္ကြန်ရက်တွေဆို မေမေ ဘုန်းကြီးကျောင်းသွားတဲ့အခါ မေမေနဲ့အတူ လိုက်တယ်။ မေမေနဲ့ အတူ မုန့်လုံးလေးတွေလုံးပြီး မုန့်လုံးရေပေါ်လုပ်စားကြတယ်၊ ဘေးအိမ်တွေကို ဝေပေးကြတယ်။ ရေပက်ရမယ့်သူမရှိတော့ မေမေ့ကိုပဲရေလောင်းရတယ်။ မေမေကလည်း ရေပြန်လောင်းတယ်။ ပြီးတော့ မေမေ့ကို ခြေသည်းလက်သည်းညှပ်ပေးတယ်။ မေမေက အဲဒီအချိန်ဆို ရှက်ပြုံးလေးပြုံးလို့ နေတာပေါ့။ သင်္ကြန်အတက်နေ့ဆို မေမေက ဘုရားကျောင်းဆောင်ကိုရှင်းလင်းပါတယ်။ ဘုရားရုပ်ပွားတော်လေးတွေကို တစ်ဆူစီ ရေသပ္ပါယ်တယ်။ အဲဒီအခါ မေလင်းလည်း ဂွမ်းလေးနဲ့ ရေသပ္ပါယ်တယ်။ ဘုရားကျောင်းဆောင်ထဲ ရေမွှေးဖြန်းသေးတယ်။ မေလင်းကတော့ မေမေ့ဘေးကနေ မေမေ့ကို ကူသလိုလိုနဲ့ စကားတွေ ဖောင်ဖွဲ့ပြီးပြောနေတတ်တာပေါ့။ ပြီးရင်တော့ သင်္ကြန်အားလပ်ရက်တွေမှာ မေမေနဲ့အတူစာဖတ်၊ စာရေး ဒီလိုလေးပဲ၊ အဲဒီရက်လေးတွေများ ငြိမ်းချမ်းအေးဆေးလိုက်တာ၊ အဲဒီလို ပျော်စရာသင်္ကြန်ရက်လေးတွေကို မေလင်းက တန်ဘိုးထားရကောင်းမှန်းမသိ ဥပက္ခာပြုချင်ခဲ့သေးတာ။
--------------------------------
မနက်ရောက်တော့ ကိုကြီးက ခေါ်ပြန်တယ်။
              “မေလင်း ပြင်လေဟာ၊ ဒီနေ့မဏ္ဍပ်ထိုင်မှာလေ၊ ပိုက်ဆံသွင်းထားပြီးသားနော်”

မေလင်း ခေါင်းကိုပဲ ခပ်သွက်သွက်ယမ်းပြလိုက်တော့တယ်။

           “ကိုကြီး ညီမလေး မလိုက်တော့ဘူး၊ ကိုကြီးလည်း သွားမနေနဲ့၊ ညီမလေး မပျော်ဘူး၊ မပျော်တတ်ဘူး”

ကိုကြီးကတော့ တဟားဟားရယ်နေခဲ့ပါတယ်။ မေမေ့ကို မနေ့ကအကြောင်းတွေ သွားမပြောနဲ့နော် လို့လည်းပြောသေးတယ်။
ဟုတ်တယ်၊ အပြင်က လူတွေအများကြီးနဲ့ သင်္ကြန်ကို မေလင်း မပျော်ပါဘူး။
အိမ်ထဲမှာပဲ မေမေနဲ့ စကားပိကျိပိကျိပြောလိုက်၊ ကော်ဖီလေးဖျော်ကာ၊ စာအုပ်ဖတ်လိုက် ကော်ဖီလေးသောက်လိုက်နဲ့၊ ဘယ်လောက်ပျော်စရာကောင်းလိုက်သလဲ။ အဲဒါကပဲ အေးချမ်းတဲ့အပျော်လေးတွေပေါ့။ ဘုရားကျောင်းဆောင်က ပိတောက်ပန်းရနံ့လေးတွေရယ်၊ အနီးအနားက ကလေးတစ်ချို့ရဲ့ ရေကစားရင်းနောက်ပြောင်ကြတဲ့အသံလေးတွေရယ်။ ဟိုကသည်က လွင့်မြောလာတတ်တဲ့ သင်္ကြန်သီချင်းသံတွေရယ်၊ ဒီလောက်နဲ့ပဲ မေလင်းသာအတွက် သင်္ကြန်ရက်တွေက လှပပြည့်စုံနေပြီးသားပါ။ ပူလောင်စိုးထိတ်မှုတွေကင်းတဲ့ သင်္ကြန်ရက်တွေထဲမှာပဲ ပျော်ရွှင်ရကောင်းမှန်းလည်း မေလင်းသာ သိသွားခဲ့ပါပြီ။ သင်္ကြန်ရက်တွေမှာ ၀င်နွှဲကြဖို့ ပြင်ဆင်နေကြသူ အားလုံးလည်း အန္တရာယ်ကင်းကင်းပျော်ရွှင်တတ်ကြပါစေ ဆုတောင်းမိပါပြီ။     ။

ဖြိုးဖြိုး

6 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖြိုးရေ
သင်္ကြန်ကို ကြိုတင်ရင်ခုန်ရင်း ဖတ်ရတာ ရင်ခုန်စရာ..
ဟုတ်တယ် တူတူဘဲ
ခုဆို သင်္ကြန်လည်ဖို့ကို ကြောက်တယ်
မြင်ရတာတွေကိုလည်း မျက်စိနောက်လာတယ်။
ဒါကြောင့် အိမ်ထဲမှာဘဲ နေနေတော့တယ်။
တကယ်တော့ မြန်မာ့သင်္ကြန်က ယဉ်ယဉ်ကျေးကျေးနဲ့သာ ပျော်ကြမယ်ဆို အတော်ကို ပျော်စရာကောင်းမှာနော်.. ခုတော့လည်း ယဉ်ကျေးမှုတွေတောင် ပျောက်လို့နေပြီ။

ပန်းချီ said...

မမဖြိုးရေ..သင်္ကြန်ဇာတ်လမ်းလေး စောစောစီးစီးဖတ်ရလို့ ရင်တောင်ခုန်သွားပြီး)) ဇာတ်လမ်းထဲမက မေလင်းသာ က ကိုယ့်အကြောင်းတောင်ဖြစ်နေပါရောလား။ ငယ်တုန်းက (ရ တန်းလောက်)ဦးလေးတွေသင်္ကြန်ကားနဲ့လိုက်လည်ရင်း ရေဘော်လုံးရင်ဘတ်ကိုလာမှန်လို့ ငိုကြီးချက်မဖြစ်ရတာ၊ ကားနံရံတွေကို တဗြန်းဗြန်းလာပုတ်လို့ ကြောက်လန့်တကြားဖြစ်ရတာ၊ မူးနေတဲ့သူတွေ ကားနားကပ်လို့ကြောက်ရတာတွေကို အမှတ်ရသွားတယ်။ အဲဒိတစ်ခါပဲ နောက်ဘယ်တော့မှ သင်္ကြန်အပြင်ထွက်မဆော့တတ်တော့ဘူးးD

စကားမစပ်..ဓါတ်ပုံလေးနဲ့ဇာတ်လမ်းဖတ်ပြီး ပိတောက်နံ့ နဲ့ ရေအေးအေးရဲ့ ချိုအေးမွှေးအရသာလေးရလိုက်တယ် မရေး)

Anonymous said...

ဖတ်ရတာ.. မိုက်တယ်....

စောစောစီးစီး သင်္ကြန်နံ့တွေ ရှူနေရပြီ.... ကောင်းပါ့ ကောင်းပါ့

လက်ဝဲ said...

အင်း။။။။။။။။။။။။။။။။

ဘုန်းကြီးဝတ်မယ် စိတ်ကူးတာပဲ.. :P

မြသွေးနီ said...

သင်္ကြန်ပို့စ်လေးတွေ စဖတ်နေရပြီ...
ဗမာလူမျိုးပီပီ သင်္ကြန်သံကြားရင် စိတ်တွေ လှုပ်ရှားချင်လာပြီ..။ ဒီပို့စ်လေးဖတ်မိတော့ ငယ်ရွယ်စဉ်အချိန်ကာလက ကျော်ဖြတ်ခဲ့တဲ့ သင်္ကြန်သမယတွေကို သတိပြန်ရပြီး လွမ်းလာမိတယ် ဖြိုးရေ....။ အခု သင်္ကြန်များတော့ ကိုယ်တိုင်မပါဝင်ဖြစ်ခဲ့တာတောင် စိုးရိမ်စိတ်တွေနဲ့၊ သင်္ကြန်ကို နှမျောမိတဲ့ စိတ်တွေနဲ့..၊ မပျော်ဖြစ်တာ ကြာပါရောလား...။

YL said...

မင်္ဂလာပါ...

သီချင်းတွေလာ နားထောင်ကြပါဦးခင်ဗျာ....

Myanmar Online Music: MyanmarOnlineMusic.Com

အားလုံးကိုဖိတ်ခေါ်ပါတယ်..

ကျေးဇူးပါ...