Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, October 17, 2011

ကားတစ်စီးထဲက ကျွန်မရဲ့ညတွေ

  • အန်ယာ (Anya)ရေးသားခဲ့တဲ့ အစွန့်ပစ်ခံ သို့မဟုတ် ဘာမှ မပိုင်ဆိုင်တဲ့ အမျိုးသမီးငယ်လေးရဲ့ ဖြစ်ရပ်မှန် စာအုပ်ဟာ ၂၀၀၇ မေလ အတွင်းက ပုံနှိပ် ထုတ်ဝေခဲ့ပါတယ်။
  • ယူနိုက်တက်စတိတ်မှာ ဆန်းဒေးတိုင်းမ်ရဲ့ ဖြစ်ရပ်မှန်(Non-Fiction) အရောင်းရဆုံး စာရင်း နံပါတ်လေး ချိတ်ခဲ့ပါတယ်။
  • စိတ်ဝင်စားသူတွေ အန်ယာရဲ့ဘလော့ဂ် ကို ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်။ ဘလော့ဂ်လိပ်စာက www.wanderingscribe.blogspot.com ပါ။
  • အန်ယာဆိုတဲ့ မိန်းကလေး တစ်ယောက်ဟာ ဘက်ဆဲလား စာအုပ်ရေးသားခဲ့သူအဖြစ် အခုတော့ အိုးအိမ်မဲ့ ဘ၀ကနေ လွတ်မြောက်သွားခဲ့ပါပြီ။ ဘယ်လောက်ပဲ ဘ၀အခြေအနေတွေ ဆိုးနေပါစေ၊ အဲဒီ ဘ၀ဆိုးကနေ လွတ်မြောက်နိုင်ဖို့ အခွင့်အလမ်းတွေရှိနေတယ်ဆိုတာ အန်ယာဆိုတဲ့မိန်းကလေးက လက်တွေ့ပြသနိုင်ခဲ့တဲ့ အတွက် ကျွန်မတို့ အားလုံးအတုယူနိုင်ဖို့ မဂ္ဂဇင်း စာမျက်နှာပေါ်ကနေ ဝေငှပြောပြလိုက်တာပါ။

ကားတံခါး သော့တွေ အသေအချာ ပိတ်လိုက်ပါပြီ။ အိပ်စက်ခြင်း အရသာကို မှေးခနဲ ရယူ ဖမ်းဆုပ်မိစဉ် ခဏမှာပဲ ကျွန်မကားလေး တည်ရှိရာ လမ်းကြားဆီကို ကားမီးရောင်တွေ ဝေ့၀ဲ ဖြာ ကျလို့လာခဲ့သည်။ ဝေ့ဝေ့၀ဲဝဲ အလင်းတွေဟာ မနီးမဝေးမှာ ရပ်တန့်သွားကြ၏။ ကားစက်သံ မရပ်တန့်ခင် ဒရမ်သံ၊ ဘေ့စ်သံ ခပ်ပြင်းပြင်း ဂီတသံစဉ် တွေဟာ အဲဒီကားဆီက တွန်းထိုး လှုပ်ယမ်း အန်ကျလာပြန်သည်။ ရယ်မောသံတွေနဲ့ ကားတံခါး ဆောင့်ပိတ်လိုက်တဲ့ အသံတွေကလည်း ဆက်တိုက် ဆိုသလို ကျွန်မနဲ့ အနီးဆုံးကို ချဉ်းကပ်လာနေကြပြီ။



ကျွန်မ တစ်ကိုယ်လုံး တောင့်တင်းအေးခဲ သွားမတတ် လန့်ထိတ်လာသည်။ ခြေသံတွေဟာ တဖြည်းဖြည်း နီးလို့နီးလို့ ၊ တဖြည်းဖြည်း ကျယ်လို့ကျယ်လို့ လာနေပါပကော။ ကျွန်မအသက်အောင့် ထားလိုက်ရင်းက ကားသော့ကို အလောတကြီး စမ်းတ၀ါးဝါး ရှာဖွေလိုက်ပါသည်။ ခြေအစုံက မှို့ယာအိတ်ထဲမှာ မထုတ်ရသေးပါဘူး။ အဲဒီနောက် ကားကို အရှိန်ပြင်းပြင်း မောင်းနှင်ထွက်ခွာခဲ့လိုက်၏။ ရယ်မောသံ၊ ဂီတသံ၊ အလင်း၊ အရိပ်သဏ္ဌာန်တွေ အားလုံး ဟိုးခပ်ဝေးဝေးမှာ ကျန်ရစ်ခဲ့ပြီ။

ဒီလိုပဲ၊ ဒီလိုပဲ ကျွန်မ ကားထဲမှာ အိပ်စက်ခဲ့ရတဲ့ လတွေ အတော်လေးများနေခဲ့ပြီ။ ဒီလိုပဲ ... ပြင်းပြင်းထန်ထန် လန့်ထိတ်ခဲ့ရတဲ့ ခံစားမှုကလည်း ဒီနေ့အထိပဲ၊ အရှိန်သေသွားတယ်ရယ်လို့ မရှိသေးဘူး။ ဒါပေမဲ့လည်း ... ကားတစ်စီးထဲမှာ ရှင်သန် နေထိုင်နေရတဲ့ ဟောဒီလို မိန်းမတစ်ယောက် ရှိနေတယ်ဆိုတာ ဘယ်သူမှ မသိနိုင်ကြသေးပါဘူး။

ကျွန်မရဲ့ မေမေဟာ ဇာတိမြေ အိုင်ယာလန်ကို ကျောခိုင်းထွက်ခွာခဲ့စဉ်က အလွန်ငယ်ရွယ်ပြီး လက်မထပ်ရသေးပါဘူး။ မေမေက ကျွန်မကို ကျွန်မ အဒေါ်ရဲ့ လက်ထဲ လက်လွှဲခဲ့လိုက်ပြီး ပျောက်ကွယ် သွားခဲ့၏။ အချိန် နည်းနည်း ကြာလာတော့ ကျွန်မရဲ့ အဒေါ်ဆိုသူဟာ ကျွန်မကို ထောင့်စုံ၊ နေရာစုံက တိုက်ခိုက်ဖို့ အမြဲ ခြောင်းမြောင်းနေတဲ့သူဖြစ်လာခဲ့သည်။ အဒေါ်ရဲ့ ယောကျာ်းဟာလည်း ကျွန်မကို အမြဲတမ်း ငြူစူ အပြစ်တင်နေတတ်သူ ဖြစ်လာသည်။ အဒေါ်ရဲ့ ယောကျာ်း၊ ကျွန်မရဲ့ ဦးလေးဟာ နောက်တော့ ငြူစူအပြစ်တင်ရုံမျှ မတင်းတိမ်တော့ပဲ ကျွန်မကို လိင်ပိုင်းဆိုင်ရာ ကျူးလွန် စော်ကားမှုပါ ပြုလုပ်လာခဲ့သည်။ ကျွန်မ အဲဒီအိမ်က စွန့်ခွာမှ ဖြစ်တော့မည်။ အမြန်ဆုံးပေါ့။

တစ်နေ့မှာတော့ ဆုံးရှုံးမှု၊ နာကျည်းမှုတွေနဲ့ အဲဒီအိမ်က ထွက်ခွာခဲ့တော့၏။ ဥပဒေ ဒီဂရီတစ်ခုရအောင် ကြိုးစားခဲ့ပါသည်။ ကျွန်မရဲ့ကိုယ်ပိုင်ဘ၀ကို တည်ဆောက်နိုင်ဖို့ ကိုယ်တိုင်ကြိုးစားခဲ့ရင်း အနာရွတ်ဟောင်းတွေ ဖုံးကွယ်ထားရန် ကျွန်မ အတန်အသင့်တတ်နိုင်လာခဲ့သည်။ ဟန်ဆောင်ပန်ဆောင် တင်းမာထားရတဲ့ မျက်နှာပြင်တစ်ခုရဲ့အောက်ခြေမှာတော့ အနာရွတ်ဟောင်းတွေ လတ်ဆတ်နေဆဲပါလေ။

ကျွန်မ အသက် ၃၃ နှစ်ရောက်တဲ့ အခါ လန်ဒန်မှာ နေဖြစ်ခဲ့သည်။ အဲဒီ အချိန်တွေက ကရေ့ခ်ျ နဲ့ ဆုံဖြစ်တဲ့ အချိန်တွေပေါ့။ ကရေ့ခ်ျ ဆိုသူက ကျွန်မ လိုအပ်သမျှ အရာတွေကို ဖြည့်ဆည်းပေး နေတဲ့ မိတ်ဆွေတစ်ယောက်ပါ။ ကရေ့ခ်ျ နဲ့ သိကျွမ်းနေတဲ့ အချိန်မှာပဲ တစ်ဘက်မှာလည်း အမျိုးသား တစ်ဦးနဲ့ ကျွန်မ ချစ်ခင်နှစ်သက်နေတာ ၅ နှစ် လောက်တောင် ရှိပါတော့မည်။ ကရေ့ခ်ျ ရဲ့အသက်က ကျွန်မထက် ၂၀ နှစ်တောင် ကြီးနေတော့ ကျွန်မတို့ရဲ့ ဆက်ဆံရေးဟာ အစပိုင်းမှာ ဖခင်နဲ့သမီးတစ်ယောက်နဲ့တောင် ဆင်ဆင်တူနေသေးရဲ့။

နောက်ပိုင်းမှာတော့ အတွင်းကျကျ ရင်းနှီးလာခဲ့သလို ကျွန်မရဲ့အတိတ်ကို ကရေ့ခ်ျက ပိုမို စပ်စုလိုဟန် ပြလာတဲ့အတွက် ကျွန်မ သူ့ကို သိပ်မနှစ်မြို့နိုင်တော့ဘူး။ တစ်စုံတစ်ခုအတွက် ကျွန်မကိုဆွဲဆောင်ဖို့ ကြိုးစားလာနေပြီဆိုတာ မိန်းကလေးဖြစ်တဲ့ကျွန်မ အလိုလို သိနှင့်နေခဲ့ပါပြီ။ ကရေ့ခ်ျရဲ့ ချဉ်းကပ် တုပ်နှောင်မှုတွေကနေ လွတ်မြောက်ဖို့ ကြိုးစားရတော့သည်။ အချိန် ၂ နှစ်လောက်တော့ ယူခဲ့ရပါသည်။ ပထမ တစ်ကြိမ်မှာ ကျွန်မနေတဲ့အိမ်ကနေ ပြောင်းပြေးတဲ့အခါ ကရေ့ခ်ျ က အိမ်အသစ်ကို  မြန်မြန်ပဲ ခြေရာခံမိသွားလေတော့ နောက်တစ်အိမ် ထပ်မံ ပြောင်းရွှေ့ရသည်။ သူ့ရဲ့အနှောင်အဖွဲ့တွေက ရုန်းထွက်ရင်းနဲ့ ကျွန်မ စိတ်ဓာတ်တွေ ကျဆင်းလာခဲ့သည်။ လက်ထောက် ဥပဒေ၀န်ထမ်းအလုပ်ကိုလည်း စွန့်လွှတ်ခဲ့ရပြီ။

၂၀၀၅ ခုနှစ်မှာ ကျွန်မရဲ့ ကားကို မွမ်းမံရင်း အသုံးစရိတ်တွေ ပိုလာခဲ့သည်။ ကျွန်မရဲ့ ယောကျာ်းလေးမိတ်ဆွေ ကလည်း ကျွန်မဆီကပိုက်ဆံတွေ ချေးငှားထားပြီးပြန်မပေးခဲ့ပါဘူး။ ကျွန်မ မတတ်နိုင်တာတွေ ပိုမို များလာတဲ့အခါ ငှားထားတဲ့အိမ်ခန်းကို ပြန်အပ်လိုက်ရသည်။ အဲဒီအချိန်ကစပြီး ဟိုဟိုဒီဒီ သွားလိုက်လာလိုက်နဲ့ ကျွန်မဘ၀ စတင် မျောလွင့်ခဲ့ပါသည်။ ကျွန်မရဲ့ အဖေရင်း ဘရန်ဒန်ဆီက ငွေကြေး အနည်းငယ်ရရှိခဲ့၏။ ဒီလိုနဲ့ အချိန်တွေကုန်လွန်လာလိုက်တာ အမျိုးသားမိတ်ဆွေချေးငှားထားတဲ့ ငွေတွေဟာ လုံးဝကိုပေါ်ထွက်မလာတော့ပါဘူး။ တစ်နေ့ ဘရိုက်တန်ပင်လယ်မျက်နှာပြင်ဆီ မြင်တွေ့နေရတဲ့နေရာလေးကနေ ကျွန်မဖေဖေ ဘရန်ဒန် ဆီ ဖုန်းခေါ်ခဲ့
သည်။

“ဒက်ဒီ ... ကျွန်မလေ......”

 “နောက်တစ်ခါပေးမယ့်ငွေကြေးဟာနောက်ဆုံးပဲ”လို့ ကျွန်မ ဖေဖေက နောက်ဆုံးဆိုတဲ့စကားကို တိတိပပ ဖွင့်ဟ ပြောဆိုလိုက်လေ၏။

ကျွန်မ မျက်ဝန်းတွေက ဦးတည်ရာမဲ့ ငေးရီနေဆဲ…။ အနောက်ဘက်ဆီက ဆိပ်ခံဘောတံတားအိုကြီးအနီးမှာပေါ့၊ စောစောလေးကပဲ လှရက်နိုင်လွန်းတဲ့ မီးခိုးရောင်ပင်လယ်ကြီးဟာ အမှုန်အမွှားတွေအဖြစ် ဖွာလန်ကျဲကြေမွသွားခဲ့သလို ရုတ်ချည်း အကျည်းတန်ကုန်တော့သည်။ ဖေဖေ ဘရန်ဒန်က ဆက်ပြီး ကြေငြာပါသေးသည်။

“၀မ်းနည်းပါတယ် ကလေးရယ်၊ ဒီထက် ပိုပြီး ငါ ဘာမှ မတတ်နိုင်တော့ ပါဘူးကွယ်”

ကျွန်မ ကားထဲမှာ စိတ်ပါ လက်ပါ ငိုကြွေးလိုက်လေ၏။ ဘယ်တော့မှ အဆုံးမသတ်မယ့် ငိုခြင်းမျိုးလို အရှိန်အဟုန်ပြင်းပြင်းငိုချင်းချရင်းနဲ့ပေါ့။ မိသားစုရဲ့ စိမ်းကား ပြတ်တောက်မှု၊ သူငယ်ချင်း၊ မိတ်ဆွေ၊ ချစ်ခင် နှစ်သက်သူ ဒါတွေအားလုံး ကျွန်မမှာ လက်ရှိ ဘာဆိုဘာမှ မရှိတော့ဘူး။ အဲဒီအချိန်မှာမှ ကရေ့ခ်ျ ကို ကျေးဇူး တင်ရကောင်းမှန်း သိလာခဲ့သည်။ ဒါပေမဲ့ ကျွန်မ အခုလို ဖြစ်ပျက်နေတာတွေကို ဘယ်သူ့ကိုမှ အသိမပေးဝံ့ပါဘူး။ ငိုကြွေးရင်း အလွန်အမင်း မောပန်းလာတဲ့အခါမှာတော့ အနားယူဖို့ လိုအပ်ပြီဆိုတာ ကျွန်မ သတိရလာခဲ့သည်။ ရှိသမျှ သိုးမွှေး အစအနတွေ ဆွဲထုတ်ကာ ကားထဲက ထိုင်ခုံနေရာမှာ စုပုံချထားပြီး လဲလျောင်းလိုက်သည်။ အဆင်မပြေ လှပါဘူး။ လက်ကိုင် ဘရိတ်တံက ကျွန်မကို တွန်းထိုး ထောက်ကန်ထားလေ၏။ ဘေးတစ်ဘက်ဆီ ကိုယ်ကိုလျှောချပြီးအိပ်ပြန်တော့လည်း ကောင်းကင်ကြီးပဲ မြင်နေရတော့ ကျွန်မကိုယ်ကျွန်မ အစရှာမရလောက်အောင် သေးနုပ်ပျောက်ကွယ်နေသလို စိတ်အားငယ်ငယ် ဖြစ်ရပြန်လေသည်။ မျက်လုံးတွေ အသာမှိတ်ကာငြိမ်နေရင်း မျက်လုံးတွေတစ်ခါ ဖွင့်ကြည့်လိုက်မိသည်။ ဩဂုတ်လရဲ့ နေအကျ၊ တစ်ချက်တစ်ချက် သုတ်ခနဲ ရိုက်ခတ်လိုက်တဲ့လေပြင်းနဲ့ အတူ ကြည်လင်လင်ပြာလဲ့တဲ့ကောင်းကင်ကြီးမှာ စင်ရော်လေးတွေ စူးစူးဝါးဝါးအော်ဟစ်ရင်း ဟိုက သည်က ပျံသန်းထွက်ပေါ်လာတာမြင်ရလေ၏။ အဲဒီနေ့က ပထမဆုံးအကြိမ်အဖြစ် ကားထဲမှာ တစ်ညလုံး အချိန်ဖြုန်းနေလိုက်ပါသည်။ ပထမဆုံးည ဖြတ်သန်းခဲ့ပြီးတဲ့အခါ နောက်တစ်နေ့အတွက်က လွယ်ကူသွားပါပြီ။ ကျွန်မဘယ်သူ့ကိုမှ မျက်နှာချင်းမဆိုင်ချင်ဘူး။ ဈေးပေါပေါနဲ့ရတဲ့ သကြားမုန့်တွေကိုပဲ တချိန်လုံး တကြွပ်ကြွပ် ကိုက်ဝါးနေခဲ့သည်။ တစ်ယောက်ယောက်က ကျွန်မရဲ့အဖြစ်မှန်ကို ရိပ်စားမိနိုင်တဲ့ အပြုအမူမျိုးကို ရှောင်ရသည်။ ဥပမာ လမ်းတစ်လမ်းတည်းမှာပဲ နှစ်ကြိမ် နှစ်ခါ ည မအိပ်မိအောင်ပေါ့။

နာမည်ကြီး ဟိုတယ်တွေရဲ့ လော်ဘီ(lobby) ခန်းမတွေကို အလွတ်ကျက်ထားလိုက်ပါသည်။ ဒါမှ ယောင်နန မဖြစ်ဘဲ ယုံကြည်မှုအပြည့်နဲ့ အကျွမ်းတ၀င် ၀င်ထွက်သွားလာနိုင်မယ် မဟုတ်လား။ အစားအသောက် နည်းပါးလွန်းတဲ့ရက်တွေ များလာတာနဲ့အမျှ စိတ်ဓာတ်ကျဆင်းတဲ့လက္ခဏာတွေ ပြလာခဲ့ပြီ။ ကျွန်မရဲ့အထွေထွေရောဂါကုဆရာဝန်နဲ့ သွားတွေ့ရပါသည်။ ဆရာဝန်က စားသောက်မှု ပုံစံကြောင့် အကျိုးဖြစ်ထွန်းမှု မရှိတာ၊ အာဟာရ မဖြစ်တဲ့ လက္ခဏာတွေ တွေ့နေရပြီလို့ ဆိုလေ၏။ ကျွန်မ အလုပ် တစ်ခုရမှ ဖြစ်တော့မည်။ ဒါပေမဲ့ ကျွန်မတွေ့ခဲ့သမျှ အေဂျင်စီတွေ အားလုံးအတွက် အဆက်အသွယ် ပြုစရာကျွန်မရဲ့ လိပ်စာမပေးနိုင်တာကြောင့် လက်လျှော့ခဲ့ရတာချည်းပဲ။ ဒီလိုနဲ့ အများသုံး ရေချိုးခန်းတွေ အသုံးပြုနေခဲ့တာ တစ်လ လောက်ကြာတဲ့အခါ volunteer အမျိုးသမီးတစ်ဦးကို ကျွန်မဟာ အိုးအိမ်မဲ့ တစ်ဦး ဖြစ်တယ်ဆိုတာ ဖွင့်ပြောလိုက်တော့သည်။

အဲဒီ အမျိုးသမီးဟာ အံ့အားသင့်သွားဟန်နဲ့ ညစ်စုတ်စုတ် အမူအရာတွေ ပြလာခဲ့၏။ ခပ်ကြမ်းကြမ်း စကားတွေ အော်ကြီးဟစ်ကျယ်ပြောဆိုလိုက်တာကြောင့် အနီးအနားက အမျိုးသားတွေကပါ ပြူးတူးပြဲတဲ အကြည့်တွေနဲ့ ၀ိုင်းကြည့်လာကြသည်။ ဘရိုက်တန် တစ်ဝိုက်မှာရှိတဲ့ အိုးအိမ်မဲ့တွေတိုင်းက အခုဆို ကျွန်မကို မှတ်မိလာကြပြီ။ လန်ဒန်ကို ပြန်မှဖြစ်မယ်ဆိုတဲ့ အချက်ပေးသံတွေတောင်မှ ကျွန်မရဲ့ဦးနှောက်က လက်ခံ ကြားသိနေရပြီပဲ။

ဒါနဲ့ပဲ လန်ဒန်ကို ကျွန်မ ပြန်ခဲ့တော့သည်။ ဒီလိုဆိုတော့လည်း လန်ဒန်မှာ မြို့ရဲ့ အိမ်ရာအဆောက်အဦးတွေရှေ့လမ်းတွေမှာ အခမဲ့ကားရပ်နားဖို့အတွက် ခက်ခဲသွားပြန်ပါလေရော။ တစ်ခါတစ်ရံမှာ ကားရပ်နားခွင့် လက်မှတ်နဲ့ပဲ တစ်ညလုံး အချိန်ဖြုန်း လိုက်ရတာလည်းရှိခဲ့၏။ တစ်နေ့ ကားထဲကနေ အိပ်မှုန်စုံမွှားနိုးထလာတဲ့ကျွန်မကိုမြင်သွားတဲ့ ပေါ်တူဂီလူမျိုးယာဉ်စောင့်တစ်ဦးက ကားရပ်နားခွင့် လက်မှတ်အသစ်တစ်စောင်ကို ကားရေသုတ်တံမှာ ဖိညှပ်လိုက်သည်။ ပြီးတော့ ...

“မိန်းကလေးရေ၊ မင်းဆေးရုံမှာ အမြဲကားရပ်လေ့ရှိသလား။ လုံခြုံရေးအစောင့်တွေကတော့ အမြဲ စစ်ဆေးနေတာပါပဲ။ ဒါပေမဲ့ ငါတို့ဘာဆိုတာ အခုထိ သူတို့သေချာမသိကြသေးပါဘူးကွာ။ ဟုတ်တယ် မဟုတ်လား”

အဲဒီလို တစ်ဆက်တည်းပြောချလိုက်ပြီးတော့ မျက်စိတစ်ဘက် မှိတ်ပြသွားလိုက်သေးသည်။ အဲဒီ အခိုက်အတန့်လေးမှာ ရှက်ရွံ့မှုတွေဟာ ကျွန်မရဲ့ အရိုး၊ အကြောတွေထဲမှာ လူးလားဆန်ခတ် ပြေးလွှားကုန်ကြပါပြီ။ ဒီလိုနဲ့ ကျွန်မ ကားရပ်နားဖို့အတွက် ဆေးရုံတွေကို ရွေးချယ်လိုက်၏။ ဆေးရုံတွေမှာ ကားပတ်ကင်ထိုးရတာဟာ တစ်နေ့လုံးအတွက် ကားကို စိတ်ချလက်ချထားနိုင်သလို ရေချိုးဖို့လည်း အခွင့်အရေး ရပါသေးသည်။ ကံကောင်းရင် ၀န်ထမ်းအယောင်ဆောင်ပြီး ဆေးရုံကင်တင်းကိုတောင်မှ အသုံးပြုခွင့် ရနိုင်သေးသည်လေ။

ကျွန်မ အိုးအိမ်အကြံပေးအဖွဲ့အစည်းနဲ့ကုသိုလ်ဖြစ်အဖွဲ့တွေဆီကို သွားခဲ့၏။ ကျွန်မမျှော်လင့်တာက အိမ်ခန်း တစ်ခန်းအတွက် စပေါ်တင်နိုင်မယ့် ငွေကြေးပမာဏရရှိရေးအတွက်ပါ။ ဒါပေမဲ့ သူတို့အားလုံးက ကျွန်မရဲ့ နေရပ်လိပ်စာကိုပဲ တွင်တွင်ကြီး တောင်းနေကြလေသည်။ ခက်တာက ကျွန်မဟာ အိုးအိမ်မဲ့ တစ်ယောက် ဖြစ်တယ်ဆိုတာ အခုချိန်ထိ ဘယ်သူ့ကိုမှ အသိ မပေးဝံ့သေးပါဘူး။ သစ်တောစပ်စပ်က လမ်းကြားလေးမှာ ကျွန်မရဲ့ ကားလေး နေရာယူခိုနားခဲ့ရပြန်သည်။ မှောင်မည်းတိတ်ဆိတ်မှုက ကြောက်ရွံ့စရာအခြေအနေနဲ့ ရင်ဆိုင်ရဖွယ်၊ ရှိကောင်း ရှိနိုင်ပေမဲ့ မနက်ခင်းတွေမှာရရှိလေ့ရှိတဲ့ လူတွေရဲ့ပြူးတူးပြဲတဲစူးစမ်းတဲ့ အကြည့် ရိုင်းရိုင်းတွေကိုတော့ ရှောင်တိမ်းနိုင်မယ်လေ။ ဒါကြောင့် ကျွန်မကတော့ ဟောဒီ သစ်တော စပ်စပ်နေရာလေးကို သဘောကျနေမိတော့၏။

ဒီလိုနဲ့ နွေရာသီကနေ ဆောင်းရာသီကိုကူးပြောင်းလာခဲ့ပြီ။ ရာသီဥတုကလည်း ဆိုးဆိုးရွားရွား အေးခဲလာပါပြီ။ ကျွန်မရဲ့ခန္ဓာကိုယ်မှာ ဦးထုပ်တွေ၊ ခြေအိတ်တွေ ၀တ်နိုင်သမျှ အထပ်လိုက်၊ အလွှာလိုက် အများကြီး ၀တ်ရပါသည်။ ဒါတောင်မှ ကျွန်မရဲ့သွေးထဲမှာ ငွေရောင်ရေခဲတွေထိုးဖောက်ဝင်ရောက် သွားခဲ့ပြီလို့ထင်ရလောက်အောင် ချမ်းစိမ့်နေတဲ့အအေးဒဏ်ကို ခံစားနေရဆဲပါ။ အဲဒီဆောင်းရာသီထဲက ခရစ်စမတ်မနက်ခင်းတစ်ခုမှာ ကားမှန်တံခါးကပ်တွယ်နေတဲ့ရေခဲစတွေကို ခပ်ကြမ်းကြမ်း ပွတ်တိုက်ဖယ်ရှားလိုက်ပြီး အပြင်ဘက်ဆီ ကျွန်မ ငေးမောနေမိခဲ့၏။ အအေးဒဏ်ကိုကာကွယ်နိုင်မယ့် ကော်ဖီဆိုင်လေးတွေ စောစောစီးစီးပဲ ဖွင့်နေကြပါပြီ။ ဆောင်းအေးအေးနေ့ရက်တွေရဲ့ နေ့ခင်းဘက်တွေမှာဆိုရင် နားခိုစရာအတွက် ကျွန်မ သဘောအကျဆုံးကတော့ အများသုံးစာကြည့်တိုက်ပါပဲ။ ဘာကြောင့်လဲဆိုတော့ ငွေကြေးကုန်ကျစရာမလိုဘဲ အအေးဒဏ်ကနေ ရှောင်တိမ်းလို့ရတယ် မဟုတ်လား။

အိုးအိမ်မဲ့ဆိုတဲ့အခြေအနေကို ရုပ်ဖျက်ပြီး အလုပ်တွေလည်းလျှောက်နေဆဲပါပဲလေ။ တစ်နေ့ ဆေးရုံကင်တင်းမှာ ချထားတဲ့ဆောင်းပါးတစ်ခု တွေ့လိုက်ရ၏။ အဲဒီဆောင်းပါးက ဘလော့ဂ်စာမျက်နှာတွေအကြောင်း ဖော်ပြထားတဲ့ဆောင်းပါးပါ။ အင်တာနက်ဒိုင်ယာရီတွေကို ဘယ်သူမဆို ဖန်တီးရေးသားနိုင်ပြီး ဘယ်သူမဆို ၀င်ရောက်ဖတ်ရှုနိုင်တယ်လို့ သိလိုက်ရသည်။ ဒါနဲ့ပဲ နှင်းတွေဝေနေတဲ့ ၂၀၀၆ ဖေဖော်ဝါရီ ရက်တစ်ရက်မှာ ကျွန်မ ဘလော့ဂ်ဒေါ့ကွန်းကို ၀င်လိုက်ပါသည်။ create blog ဆိုတဲ့ ခလုတ်လေး ကို နှိပ်လိုက်သည်။ ကျွန်မ ဘလော့ဂ်တစ်ခုလုပ်ဖြစ်ခဲ့၏။ ဘလော့ဂ်တစ်ခုယူတော့မယ်ဆိုရင် စိတ်ကြိုက်နာမည်ကို ရွေးချယ်ဖို့လိုပါသည်။ ကျွန်မကတော့ ခရီးသွားကလောင်ရှင် (wanderingscribe)လို့ အမည်ပေး လိုက်လေသည်။ ကျွန်မ အလွန်အမင်း စိတ်လှုပ်ရှား တက်ကြွနေမိသည်။ ကျွန်မ အကြာကြီးပဲ စဉ်းစားနေလိုက်သေး၏။ လေးလေးနက်နက်စဉ်းစားပါသည်။ ဟုတ်ပါပြီ ... ခပ်ပြင်းပြင်း အသက်ရှူသွင်းလိုက်ရင်း ကျွန်မဟာ အိုးမဲ့အိမ်မဲ့ တစ်ယောက်ဆိုတာ ရင်ဖွင့်ရေးချပြဖို့ ဆုံးဖြတ်လိုက်တော့သည်။
“ပြီးခဲ့တဲ့ညက လေပြင်းတွေ တိုက်လိုက်တာ။ မိုးကလည်း အကြမ်းပတမ်းကြီးကို ရွာချနေပါသေးတယ်။ သစ်ကိုင်းတွေဟာ မထိန်းနိုင်၊ မသိမ်းနိုင် လှုပ်ခါယိမ်းထိုးလို့။ ကျွန်မရဲ့ကားလေး စတည်းချနားခိုရာ လမ်းကြားလေးဟာ လုံခြုံမှု မရှိတော့သလို ခံစားနေရတယ်။ ချမ်းစိမ့်လွန်းတဲ့ဒဏ်ကို ရှောင်ရှားရင်း မွေ့ရာအိတ်ထဲ နစ်ဝင်စိုက်ထည့်ထားတဲ့ ကျွန်မရဲ့ဦးခေါင်းဟာ ညာဘက်က ဇစ်နဲ့ ဖိမိနေတာကြောင့် အသက်ရှူရခက်ခဲနေခဲ့တယ်။ ကားမှန်တံခါးတွေဟာလည်း ရေငွေ့တွေ ရိုက်ခတ် နေလိုက်တာများ………”
အဲဒ်ီလို အစချီပြီး ကျွန်မစိတ်ထဲမှာ ခံစားရသမျှဖွင့်အံရေးချနေမိ၏။ ကျွန်မ ရေးဖူးသမျှတွေထဲမှာ ဒီစာတွေဟာ ချရေးရတာ အခက်ခဲဆုံးစာတွေပဲလို့ ပြောရလောက်သည်။ ဒါပေမဲ့ ကျွန်မ စိတ်ထဲရှိသမျှ တတ်စွမ်းသလောက် သွန်ချရေးသားနေမိခဲ့ပါသည်။ ဘလော့ဂ်တွေမှာ စာဖတ်သူတွေရဲ့အမြင်တွေကိုပါ ရေးပေးထားနိုင်သည်။ ဘလော့ဂ်တွေ သန်းပေါင်းများစွာရှိနေတာကြောင့် ကျွန်မရဲ့ ဘလော့ဂ်ကိုတစ်ဦးဦးက မြင်တွေ့ဖတ်ရှုမိသွားဖို့ ကျွန်မ အလွန်အမင်း မျှော်လင့်နေမိပါသည်။ သူတို့ တကယ်ပဲ အလုပ်တွေ လုပ်ခဲ့ကြ၏။ သူတို့ ဆိုတာက ကျွန်မရဲ့ဘလော့ဂ်ကို ဖတ်မိသွားတဲ့သူတွေပေါ့။ ကျွန်မ ပထမဆုံး ရေးခဲ့တဲ့နေ့မှာပဲ မက်ဆေ့ခ်ျ(message) ၁၂ ခုတောင်မှ ထားရစ်ခဲ့ကြသည်။ အဲဒီနေ့မှာ သိပ်ကိုပျော်ရွှင်ခဲ့ပါသည်။ စာကြည့်တိုက်လေးဆီ တစ်နေ့တည်းမှာ ငါးကြိမ်၊ ခြောက်ကြိမ်လောက် သွားကြည့်နေခဲ့သည်။ ကျွန်မ ဘလော့ဂ်ကို တစ်ခါဖတ်မိတိုင်း မက်ဆေ့ခ်ျတွေ ပိုပို များလာတာတွေ့ရပါသည်။ သိပ်ကို အားရစရာ ကောင်းတာပါပဲ။

နောက်တစ်နေ့ မနက်ရောက်တော့ ကျွန်မ ဘာကိုမှ စောင့်ဆိုင်းမနေနိုင်တော့ဘူး၊ စာကြည့်တိုက် ဖွင့်ဖွင့်ချင်း အပြေးအလွှား သွားလိုက်တော့သည်။ နောက်ရက်တွေမှာ တစ်နေ့ပြီးတစ်နေ့ ကျွန်မရဲ့ဘ၀၊ ကျွန်မရဲ့ နေ့ရက်၊ ကျွန်မရဲ့အချိန်၊ ကျွန်မရဲ့အခြေအနေတွေအကြောင်း ရေးနေခဲ့၏။ ကျွန်မရဲ့ ဘလော့ဂ်လေးက ကျွန်မရဲ့တစ်နေ့တာအလုပ်တွေကို ပြီးမြောက်နေစေခဲ့သည်။ ကျွန်မရဲ့အပြင်ဘက်က တကယ့်ကမ္ဘာနဲ့ဝေးကွာတဲ့ သီးသန့်ကမ္ဘာတစ်ခုမှာတော့ ငြင်းဆန်မှုတွေကို ကျွန်မ ကြောက်ရွံ့ထိတ်လန့် နေဖို့ မလိုဘူး။ သနားကရုဏာသက်မှု၊ အထင်အမြင်သေးရှုံ့ချမှု၊ အဲဒါတွေ ဘာဆို ဘာတစ်ခုမှ ရှိမနေကြဘူး။ အဲဒီနေရာလေးမှာ အမည်မရှိတစ်ဦးအဖြစ် ရှင်သန်နေထိုင်နိုင်သလို လုံခြုံမှုကလည်း အပြည့်အ၀ရှိနေ၏။ မော်နီတာတစ်ဘက်မှာရှိနေတဲ့ ကမ္ဘာတစ်ဘက်ခြမ်းက လူတွေအများကြီးနဲ့ ဒီလိုဆက်သွယ်ဟာ ကျွန်မဘ၀ကို အသစ်တဖန်ပြန်စဖို့ အားသစ်တွေ ယူဆောင်လာပေးတာပါပဲ။

တစ်ဦးတစ်ယောက်ကမှ အထင်အမြင်သေးတဲ့ မက်ဆေ့ခ်ျမျိုး မပေးကြတဲ့အတွက် ကျွန်မ စိတ်အေးချမ်းသာ ရှိလှသည်။ ကျွန်မ ဘလော့ဂ်ကို ဖတ်ရှုခဲ့ကြသူတွေက ကျွန်မကို အားပေးချီးမြှောက်ကြ၏။ နေအိမ်မရှိတဲ့ ကိစ္စရပ်တွေဟာ ကျွန်မတစ်ဦးတည်းမှာသာ ကံတရား ချွတ်ချော်တိမ်းပါးပြီး ဖြစ်ပွားတာမဟုတ်ဘဲ တခြားသူ တွေမှာပါ ဖြစ်ပျက်နေကြတာတွေကို ကိန်းဂဏန်းတွေနဲ့ အချက်အလက်တွေနဲ့ပါ ကျွန်မရဲ့ တစ်ခါမှမမြင်ခဲ့ဖူးတဲ့မိတ်ဆွေတွေက မှတ်ချက်တွေရေးပေးကြသည်။ အိမ်ဈေးနှုန်းတွေဟာ လူတွေကို ရူးလောက်အောင် တိုးမြင့်လာတာတွေ၊ အကြွေး ၀ဲဂယက်ထဲ လူးလူးလိမ့်လိမ့် မွှေနှောက် ခံနေရတာတွေပါ ပြောပြကြသည်။ ဘ၀ခရီးလမ်းတွေမှာ လျှောက်လှမ်းနေရတဲ့လူတွေရဲ့ခြေထောက်တွေကို ဘဏ္ဍာရေးကြိုးမျှင်တွေက ပိုမိုတင်းကျပ်စွာ တုပ်နှောင်လာမှုကြောင့် ခက်ခက်ခဲခဲ ရုန်းကန်နေကြရသည်ဆိုတဲ့ အကြောင်းတွေပါ ကျွန်မ သိလာရသည်။ ထုတ်ကုန်လုပ်ငန်းလုပ်ဆောင်နေသူ၊ ချီရှိုင်းယားရပ်မှာ အဆင့်မြင့် အိပ်ခန်း ၅ ခန်းပါ အိမ်ကိုပိုင်ဆိုင်သူ စတူးဝပ်ဆိုတဲ့ အမျိုးသားတစ်ဦးဟာလည်း အကြွေးစာရင်းတွေ ပေးချေနိုင်ဖို့ ရုန်းကန်နေရသည်လို့ ပြောပြလာခဲ့သည်။ သူ့ရဲ့အဖြစ်အပျက်တွေကို မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေကို မပြောဝံ့တဲ့အကြောင်းတွေပါ သူ့ရဲ့ဘလော့ဂ်မှာ ရေးသားခဲ့၏။ နေ့ရက်တစ်ရက်ဟာ သီတင်းရက်သတ္တပတ်တစ်ခုကို ဘယ်လို ဦးဆောင်ယူငင်သွားမလဲ၊ အဲဒီသီတင်းတစ်ပတ်ကရော နောက်ထပ် သီတင်းပတ်ကို ဘယ်လို လက်ဆင့် ကမ်းသွားကြမှာလဲ………။

ကျွန်မတို့ လူ့အဖွဲ့အစည်းထဲမှာ ချွတ်ချော်တိမ်းပါးမှုတွေ မြန်မြန်ဆန်ဆန်ကြီး ဖြစ်ပွားနေကြပြီဆိုတာ ကျွန်မ နားလည်သဘောပေါက်လာသည်။ အဲဒါကြောင့် အခုတော့ ကျွန်မ ရှက်ရွံခြင်းဆိုတဲ့ခံစားမှု တစိုးတစိမျှ မရှိတော့ပါဘူး။ အအေးဓာတ်သိပ်သည်းနေတဲ့ အင်္ဂါနေ့တစ်နေ့မှာ ကျွန်မရဲ့အီးမေးလ်ဘောက်စ်ကို ဖွင့်ကြည့်လိုက်တော့ နှင်းတွေကြားထဲမှာ ကျွန်မဘယ်လို ရှင်သန်နေရသလဲလို့ စိတ်ပူနေကြတဲ့ ဘလော့ဂ်ဂါ မိတ်ဆွေတွေရဲ့ မေးလ်တွေ အများကြီးမှအများကြီးပဲ တွေ့လိုက်ရ၏။ နယူးယော့ခ်တိုင်းမ် ဂျာနယ်လစ်တစ်ဦးက ကျွန်မကိုတွေ့ဆုံဖို့ကြိုးစားနေသည် ဆိုတဲ့ သတင်းစကားပါးထားတဲ့ မေးလ်တစ်စောင်ကိုလည်း ဖတ်လိုက်ရပါသေးသည်။ အိုင်ရန်အာဘီနာဟာ အမေရိက တစ်ဝိုက်မှာရှိတဲ့၊ ကားတွေထဲမှာ နေထိုင်ရသူတွေအကြောင်းကို ဆောင်းပါးရေးသားဖို့ သုတေသနပြုနေသူတစ်ဦးဖြစ်သည်တဲ့။ ကျွန်မတို့ အီးမေးလ် အပြန်အလှန်ပေးပို့ကြပြီးတဲ့နောက်၊ တစ်ညမှာ ကျွန်မဆီ ဖုန်းခေါ်လာခဲ့သည်။ ကျွန်မ ဖုန်းမပြောဖြစ်တာ လပေါင်းများစွာ ရှိနေခဲ့ပါပြီ။ သူပြောလာတာက ကျွန်မရဲ့ဘ၀ဖြစ်စဉ်ကို လေ့လာဖို့ ကြိုးစားနေတဲ့ နယူးယော့ခ်တိုင်းမ်၊ လန်ဒန်ရုံးကတစ်စုံတစ်ဦးနဲ့ တွေ့ဆုံဖို့စဉ်းစားစေချင်သည် လို့ ပြောလာပါသည်။

ဒီလိုနဲ့ ကျွန်မရဲ့ တကယ့်ကမ္ဘာထဲက စိန့်ဘယ်ရီ Canden Branch အနီးအနား ကားရပ်နားရာနေရာတစ်ခုမှာပဲ အသက် ၅၀ အရွယ် အင်မတန်ရည်မွန်လှတဲ့ နယူးယော့ခ်တိုင်းမ်ရုံးက ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ဦးနဲ့ ကျွန်မ လက်ခံတွေ့ဆုံခဲ့လေသည်။ အဲဒီ မွန်မွန်ရည်ရည်အမျိုးသမီးကြီးက ကျွန်မရဲ့ကားထဲကို စွေ့ခနဲဝင်ထိုင်ရင်း ကျွန်မ ရှင်သန်နေခဲ့ရာ ကားထဲကို စူးစမ်းနေခဲ့၏။ ကျွန်မရဲ့ ညစ်စုတ်စုတ် ကားလေးအတွက် ကျွန်မအတော်ပဲ စိတ်ကသိကအောက်ဖြစ်ပြီး သူ့ကို အားနာနေမိခဲ့သည်။ တစ်ခါတစ်ခါ စူးစူးရှရှ၊ ဆိုးဆိုးရွားရွား အနံ့တွေက ထောင်းခနဲ ရတတ်သေးသည်ကိုး။ ဘာလိုလိုနဲ့ ကျွန်မ အဲဒီကားလေးထဲမှာ ရှင်သန်နေထိုင်လာခဲ့တာ အခုဆို ကိုးလတောင် ရှိခဲ့ပါပြီ။

ကျွန်မ အင်တာနက်ကဖီးတစ်ခုဝင်ပြီး အီးမေးလ်တွေဖွင့်ဖတ်ဖြစ်တဲ့ တစ်မနက်ခင်းအလွန် အချိန်အထိ ကျွန်မအကြောင်းဟာ ပထမဆုံးစာမျက်နှာမှာ ခေါင်းကြီးသတင်းဆောင်းပါးအဖြစ်ပါလာခဲ့သည် ဆိုတာ မသိသေးပါဘူး။ အီးမေးလ်တွေ ဖတ်ရင်းဖတ်ရင်းနဲ့ သိလာရတာကြောင့် သတင်းစာကိုအပြေး ကြည့်မိရ၏။ အီးမေးလ်တွေဟာလည်း နိုင်ငံ အများအပြားက ရေးပို့လာကြတာပါ။ ယူနိုက်တက်စတိတ် နိုင်ငံ တစ်ဝိုက်က လူတွေ၊ ဘရာဇီး၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ မီလာမီနိုင်ငံက လူတွေ………' အားလုံးကပဲ စာနာ နားလည်စွာ ရေးပို့ခဲ့ကြသည်။ ကျွန်မရဲ့ ဖြစ်တည်မှုကို တစ်နှစ်ခန့် ဘယ်သူမှမသိရှိဘဲ နေလာရာက အခုတော့ ရာပေါင်းများစွာသော တိုင်းပြည်အနှံ့အပြားက လူတွေ၊ ကျွန်မအကြောင်းကို ခရေစေ့တွင်းကျ သိရှိ သွားခဲ့ကြပါပြီ။ အဲဒီလူတွေဆီက အကြံဉာဏ်ပေးစာ၊ အချက်အလက်ဝေမျှတဲ့စာနဲ့ ဆုမွန်ကောင်း တောင်းပေးတဲ့စာတွေ အစုံအလင်ပဲ လက်ခံရရှိခဲ့၏။ ကျွန်မ နှလုံးသားတည့်တည့်ဆီကို အလောတကြီးပြေးဝင်လာတဲ့ အမယ်စုံ စိတ်လှုပ်ရှားမှုတွေရရှိခဲ့ပေမဲ့ ကျွန်မ အကျပ်အတည်းကို ပြေလည်အောင်ဖြေရှင်းပေးနိုင်တာမျိုးတော့ ဘယ်သူကမှ မကူညီနိုင်ကြပါဘူး။ ကျွန်မမှာ အခုဆို အစားအသောက် ငတ်မွတ်တာ၊ ချမ်းအေးတဲ့ ဒဏ်တွေကို အလူးအလိမ့် ခံရတာ………၊ ဒါတွေကို အပြည့်အ၀ ခံစားနေရဆဲပါ။

ကျွန်မရဲ့ စိတ်မှာ ခိုကိုးရာမဲ့ခြင်းကြီးစွာ ဖြစ်လာတဲ့အခါတိုင်း အနီးအနားက ဘုရားကျောင်းလေးရဲ့ အရိပ်ဆီကို တိုးဝင်ခိုလှုံလေ့ရှိသည်။ အဲဒီနေ့ကလည်း ဘုရားကျောင်းလေးဆီ အပြေးသွားခဲ့ရပြန်၏။ ဘုရားကျောင်းလေးထဲမှာ နိုင်ငံခြားသားတစ်ချို့ဟာ သံချေးတက်နေတဲ့ဆီမီးခုံမှာ ဖယောင်းတိုင်တွေ ထွန်းညှိရင်း ၀တ်ပြုဆုတောင်းနေကြသည်။ ကျွန်မမှာသာ ဘုရားကျောင်းလေးရဲ့အရိပ်မှာတောင် ငြိမ်းချမ်းရာရှာမတွေ့နိုင်ခဲ့ပါဘူး။  ကျွန်မရဲ့ဦးခေါင်းကို လက်နှစ်ဘက်ကြားထဲ ထိုးစိုက်နှစ်မြှုပ်ဖွက်ထားလိုက်သည်။ မျက်လုံးဆီမှာတော့ မျက်ရည်စက်တွေ ပြိုဆင်းခုန်ထွက်လာကြ၏။ အဲဒီနောက်မှာတော့ သတင်းဌာနတစ်ခုရဲ့ နာမည်ကြီးသတင်းထောက်တစ်ဦးက ကျွန်မနဲ့ လာရောက်တွေ့ဆုံခဲ့ပြီး သူတိုရဲ့ Sunday Time မဂ္ဂဇင်းမှာ ကျွန်မအကြောင်း ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့ပြန်သည်။

အခုဆိုရင် ကျွန်မရဲ့ မေးလ်ဘောက်စ်က မေးလ်စစ်ရန်ဆိုတဲ့ ခလုတ်လေးကို အကြိမ်များစွာ နှိပ်လို့ နှိပ်လို့နေမိ၏။ အဲဒီလို နှိပ်လိုက်တိုင်းမှာလည်း အသစ် အသစ် ထပ်ထပ် ၀င်လာတဲ့ မက်ဆေ့ခ်ျ အီးမေးလ်တွေ အများကြီး ရရှိဆဲပါပဲ။ ကျွန်မရဲ့ ဘလော့ဂ် စာမျက်နှာမှာ ၀င်ရောက်ဖတ်ရှုတဲ့ ဧည့်သည် စာဖတ်သူတွေ အရေအတွက်ကိုသိရှိနိုင်မယ့် counter ထည့်ထားပါသည်။ အဲဒီကနေ ကျွန်မရဲ့ ဘလော့ဂ်ကိုဖတ်ရှုသူတွေ ကမ္ဘာတစ်ဝှမ်း ရာပေါင်းများစွာရှိနေပြီဆိုတာ သိနိုင်ခဲ့သည်။ ကျွန်မရဲ့ အံ့ဩဖွယ် အဖြစ်ဆိုးကြီးကိုစိုးရွံ့စိတ်နဲ့သာ ၀ှက်သိမ်းထားခဲ့ရင် ဒီလိုဖြစ်လာမှာမဟုတ်ပါဘူး။ တစ်ပတ်ကြာတဲ့အခါ ပြင်သစ်၊ အီတလီ နဲ့ ချီလီသတင်းစာတွေမှာ ကျွန်မအကြောင်းဆောင်းပါးတွေ ပါလာကြပြန်သည်။ အဲဒီနောက် အမျိုးသမီးစာရေးဆရာမတစ်ဦးက ကျွန်မကို ဆက်သွယ်လာပါသည်။ အဲဒီ အမျိုးသမီးကို ကျွန်မဘ၀ရဲ့ နောက်ခံဖြစ်ရပ်တွေပါပြောပြဖြစ်တော့ သူမက မှတ်ချက်ချရင်း ပြောလေသည်။ ကျွန်မရဲ့ ကလေးဘ၀ဖြစ်စဉ်တွေဟာ အင်မတန်အားကောင်းတဲ့ စာအုပ်တစ်အုပ်ဖြစ်လာဖို့ အထောက်အပံ့ကောင်းတွေပါပဲတဲ့။

ဒါနဲ့ပဲ ကျွန်မ အင်အားတွေ ပြည့်လာခဲ့သည်။ နောက်ထပ် ရက်သတ္တတစ်ပတ် ထပ်မံ ကုန်သွားတဲ့အခါ စာကြည့်တိုက်မှာ၊ သစ်တော ခပ်စပ်စပ်လေးမှာ၊ လမ်းမီးတိုင် ဖျော့ဖျော့အောက်က ကားနားခိုရာ နေရာလေးမှာ အချိန်ရသမျှ ကျွန်မဘ၀ဖြစ်စဉ်တွေ အားလုံးကို အင်တိုက်အားတိုက်  ရေးချနေမိခဲ့လေ၏။ ကျွန်မရဲ့ ကားဒက်ရှ်ဘုတ်လေးပေါ်မှာ စာရွက်တွေ ပြန့်ကြဲလို့ပေါ့။ အင်မတန် ဆိတ်ငြိမ်တဲ့ လမ်းကြားလေးရဲ့မနက်ခင်းတွေတိုင်းမှာ ကျွန်မ စာတွေ ရေးနေခဲ့ပါသည်။ ကျွန်မဘ၀ ဖြစ်ရပ်မှန်တွေနဲ့ ကျွန်မ အမှန်တကယ် ရင်ဆိုင်ကျော်လွှားခဲ့ရတဲ့ “ကားထဲက ကျွန်မရဲ့ညတွေ” အကြောင်းကိုပေါ။့          ။
ဘလောဂ့်ရေးရတာ စိတ်တွေညစ်လာတဲ့အခါ၊ စာရေးဖို့ အားလျော့လာတဲ့အခါ အားပြန်ဖြည့်နိုင်တဲ့စာတစ်ပုဒ်အဖြစ် ခံစားနိုင်စေဖို့ပါ။ (မှတ်ချက်- ကိုယ့်အတွက်)
မိတ်ဆွေသူငယ်ချင်းများ အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

ပထမဆုံးရေးဖြစ်ခဲ့တဲ့ဘာသာပြန်ဝတ္ထုတိုပါ။ Perfect မဂ္ဂဇင်းမှာ ပါခဲ့ဖူးပါတယ်။ ၂၀၀၈ လောက်ကလားပဲ။ စာအုပ်ပြန်ရှာလို့ရမှ စာအုပ်အမှတ်ဘယ်လောက်လည်းဆိုတာ ထပ်ဖြည့်ပေးပါ့မယ်။ စာအသစ်မရေးနိုင်တော့ အဟောင်းကိုပဲ ပြန်ရှာပြီးတင်ရင်း ..
ကိုယ့်ဘာသာ အားပြန်ဖြည့်ရင်း .....

ဖြိုးဖြိုး

5 comments:

မေသိမ့်သိမ့် ကျော် said...

ဒီလိုကားပေါ်ကဘဝမျိုးတွေ အများကြီးရှိတယ်။ ဒါပေမယ့် ရုန်းထွက်ဖို့ မလွယ်ခဲ့ကြဘူး။ တစ်ချို့သေသည်အထိ ဒီတိုင်းပဲ။ ဒီအမျိုးသမီးကတော့ ကံကောင်းထောက်မစွာ ဘလော့ရွာလေးထဲ ဝင်ရောက်သွားလို့ သိပ်ကို ကံကောင်းသွားတယ်။ နောက်လည်း ဒါမျိုးလေးတွေ ရေးတင်ပေးပါဦးနော်။
တကယ်ကို အင်အားတွေ အများကြီးရသွားပါတယ်ရှင်။ ဘာသာပြန်သိပ်ကောင်းတယ်။ စလယ်ဆုံး အရမ်းဆွဲဆောင်မှုရှိတယ်။

ခင်တဲ့
မေသိမ့်

Anonymous said...

ညီမ ဖြိုး ရေ

တကယ်ဘဲ အားမာန်တွေ ဖြစ်ရပါတယ်
ကျေးဇူးဘဲ အရင်တခါက မဖတ်ရသေးဘူး အခုမှ ဖတ်ရတယ်

ခင်မင်တဲ့
ရွှေစင်ဦး

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖြိုးရေ
တခါတလေမှာ ကိုယ့်ဘဝကိုယ် ဆိုးလှပြီအောက်မေ့ပြီး စိတ်ဓာတ်ကျအားငယ်နေတတ်တယ်နော်။
သို့ပေမဲ့ ကိုယ့်ထက်ဆိုးတဲ့ဘဝတွေ များစွာ ရှိသေးတယ်ဆိုတာ ပြန်စဉ်းစားပြီး မိမိဘဝကိုစိတ်ပျက်နေတာမျိုးကနေ ပြန်ပြီး ထိမ်းသိမ်းသင့်တယ်နော်။
စိတ်ဓာတ်ပြင်းထန်ရင် အဆိုးဆုံးဘဝကနေ လွတ်မြောက်နိုင်တယ်ဆိုတဲ့ အသိတရားလေးကို ဒီပိုစ့်လေးကနေ ရရှိလိုက်ပါတယ်။
စိတ်ဓာတ်ကျနေတဲ့အခါ ခုလို စာလေးတွေ များများ လိုအပ်ပါတယ်။
လွယ်လွယ်နဲ့ အရှုံးမပေးတဲ့ မိန်းခလေးကို အားကျမိပါတယ်။

mstint said...

လူသားတို့ ရှောင်လွှဲဖို့ခက်တဲ့ သဘာဝလောကဓံ တရားအတိုင်း ပျော်ရွှင်မှု ဝမ်းနည်းမှု၊ စိတ်တက်ကြွမှု စိတ်ကျဆင်းမှု အစရှိတာမျိုးတွေ ဆိုတာတွေဟာ အမြဲဒွန်တွဲနေတတ်တာမို့ စိတ်ဓာတ်ကျတဲ့အခါမျိုးမှာ ဖြေဆေးပေါ့ ဖြိုးဖြိုးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မြသွေးနီ said...

ဖြိုးဖြိုးညီမရေ...
တိုင်တိုက်ဆိုင်ဆိုင် မမြသွေးလည်း စာဖတ်သူညီမတစ်ဦး ပြောပြတဲ့ ကိုယ်တွေ့အဖြစ်အပျက်ကို အခြေခံပြီး အဲ့ဒီလို ပို့စ်လေးတစ်ပုဒ်ရေးဖို့ စိတ်ကူးထားတယ်။

အန်ရာရဲ့ စာအုပ်လေးတွေထဲမှာ သူ့ရဲ့ငယ်ဘ၀လေးအကြောင်းလေးတွေ ပါမယ်ထင်တယ်။ သူ့ဆိုက်ကိုလည်း ဘုတ်ခ်မာ့ခ်လုပ်ထားလိုက်ပြီ။

သူများတွေတော့မသိဘူး.။ မမြသွေးတော့ ဘလော့ဂ်အတွက် စာရေးနေရရင် အရမ်းကို ပြည့်စုံနေသလို ခံစားရတယ်။ ခွန်အားတွေရတယ်။ စိတ်ချမ်းသာရတယ်။ ကျေနပ်နှစ်သိမ့်မှုတွေလည်းရသလိုပဲ။ စာလုံးဝမှ မရေးချင်တဲ့၊ ရေးလို့မရတဲ့ အချိန်တွေ ရှိခဲ့ဘူးပါတယ်။ ဒီပို့စ်လေးက တကယ် စိတ်ခွန်အားတွေ တက်လာစေပါတယ်။ ဘာသာပြန်သူကလည်း တော်လို့နေမှာ..။