Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, August 23, 2011

အတောင်အလက်စုံတဲ့နေ့

အဲဒီတစ်နေ့က အမွှေးလေးတွေမစုံမလင် ကျိုးတို့ကျဲတဲ စုတ်ချွန်းချွန်း၊ ငှက်မဲလေးတစ်ကောင် အိမ်ကိုရောက်လာခဲ့ပါတယ်။ နဲရှော ယူလာတာပေါ့။ အပြင်ကပြန်လာတဲ့နဲရှောက စက္ကူပုံးလေးကို ရင်ဘတ်ဆီမှာ ပွေ့ထားပြီး အိမ်ခန်းထဲဝင်လာတယ်။ သူ ဖွင့်ပြတယ်။ “ဒီမှာကြည့်ပါဦးတဲ့” အိုး သနားစရာ ခေါင်းနဲ့ လည်ပင်းတစ်ဝိုက်မှာ အမွှေးလေးတွေမရှိရှာဘူး။ ရင်ဘတ်နေရာဆီမှာလည်း ပြောင်သလင်းခါလို့၊ ရင်ဘတ်လေးက နိမ့်ချည်မြင့်ချည်၊ မျက်လုံးလေးက ပြူးပြူးပြာပြာ။ သူ ဘာတွေများ ထိတ်လန့်နေပါလိမ့်။ ကျွန်မ က ဘာငှက်လည်း မေးလိုက်တော့ ခိုလေးလေတဲ့။ နဲရှောကဖြေတယ်။ “အသိုက်ပေါ်က ပြုတ်ကျနေတာထင်ပါရဲ့ကွာ၊ စင်္ကြန်လူသွားလမ်းမှာ ကျနေတာ။ လူတွေကဖြတ်သွားဖြတ်လာများပါဘိနဲ့။ အမြဲအလျင်လိုနေကြတဲ့လူတွေက ခိုသေးသေးတစ်ကောင်ကို ဂရုမစိုက်နိုင်အားဘူးကွဲ့၊ ကိုယ်တော့မနေနိုင်လို့ အနားက အသိဆီက ကတ်ပုံးတစ်ခုတောင်းပြီးထည့်လာတယ်ကွာ၊ မဟုတ်ရင် သူသေသွားလိမ့်မယ်” တဲ့။
ကျွန်မ သနားကြင်နာစွာ ခေါင်းလေးကို တို့ကြည့်လိုက်တော့ သူက အသံသေးသေးလေးနဲ့ အော်ပြီး နောက်ကိုဆုတ်ပြေးတယ်။ ကတ်ပုံးသေးသေးလေးထဲမှာ ရသလောက် လှည့်ပတ်ပြေးနေတော့တာပေါ့။ “မကြောက်နဲ့၊ မကြောက်နဲ့ ငါ သာသာလေးတို့ကြည့်ရုံပါ” လို့ ပြောလည်း သူကတော့ မျက်လုံးပြူးပြူးလေးနဲ့ ကျွန်မကိုကြည့်ရင်း ကြောက်ရွံ့နေတာပါပဲ။

သူ့ရဲကိုယ်လေးက ခါယမ်းနေတယ်။ လမ်းလည်း ကောင်းကောင်းမွန်မွန်မလျှောက်နိုင်ရှာဘူး။ သူ့ခြေချောင်းလေးတွေက ကွေးကွေးကောက်ကောက်လေးတွေ ခြေထောက်မသန်တာလား၊ ငယ်သေးလို့လားတော့ ကျွန်မလည်းမသိနိုင်သေးဘူး။ ဒီလိုနဲ့ပဲ အစာကျွေးကြည့်ကြတယ်။ ဘီစကစ်ကို နွားနို့မှာစိမ်ပြီး ခပ်ပျော့ပျော့ဘီစကစ်လေးတွေ ခွံ့ကျွေးတယ်။ “လက်ချောင်းထိပ်မှာ စုကိုင်ပြီး အပေါ်ကနေ နဲနဲမြှောက်ပြီး ကျွေးမှ သူက အမေက အစာခွံ့တယ်လို့ ထင်မှာ” လို့ အစာခွံ့ကျွေးနေရင်းနဲ့ နဲရှောက ပြောတယ်။ “ရှင်က ဘယ်လိုသိနေရတာလဲ” ကျွန်မကမေးတာပေါ့။ နဲရှောက ရယ်ကျဲကျဲနဲ့ပဲ “မပြောတတ်ဘူး၊ အဲဒီလို ထင်တာပါပဲကွာ”လို့ ဖြေပါတယ်။ ကျွန်မလက်ပေါ် တင်ထားပြီး သူက အစာခွံ့တယ်။ ငှက်မဲလေးက ခြေချောင်းကွေးကွေးလေးနဲ့ ကျွန်မလက်ကို တွန်းကန်ပြီး အစာကို စုပ်ယူတယ်။ နှုတ်သီးနဲ့ ဘီစကစ်ပျော့ပျော့တွေကနေ နွားနို့အရည်ကို စုပ်ယူတာပါ။ နှုတ်သီးချွန်လေးမုန့်တွေထဲ ထိုးထည့်ပြီး နှုတ်သီးအောက်လေးက တလှုပ်လှုပ်၊ လည်ချောင်းလေးက တလှုပ်လှုပ် အရည်ကိုစုပ်တယ်။ အစာတစ်ခါကျွေးပြီးရင် ဘီစကစ်တွေက နှုတ်သီးတစ်ဝိုက် ဦးခေါင်းတစ်ဝိုက်မှာ ပေကျံနေတာပဲ။ တစ်ချို့အမွှေးလေးတွေက ထပ်ပြီးကျွတ်တော့ဦးတော့မှာမို့ သေချာ မသန့်ရှင်းပေးနိုင်ပါဘူး။ မုန့်တွေသန့်ရှင်းပေးရင် အမွှေးလေးတွေကပါ ကျွတ်ထွက်ကုန်တော့မှာ။ ပြီးတော့ လက်တစ်ဝါးအမြင့်လောက်ပဲ ရှိတဲ့ အဲဒီကတ်ထူပုံးလေးထဲမှာပဲ အ၀တ်ထူပွပွလေးခင်းပြီး သူ့ကို ထည့်ထားလိုက်တယ်။ မပျံတတ်သေးတော့ ကတ်ထူပုံးလေးထဲမှာပဲ ငြိမ်နေရှာတာပေါ့။

နောက်တစ်နေ့တော့ သူ့ကို အစာကျွေးပြီး သန့်ရှင်းပေးရင်းနဲ့ ခြေချောင်းလေးတွေကို သေချာကြည့်ကြတယ်။ တကယ်တော့ ခြေချောင်းလေးတွေမှာ ကြိုးတွေရစ်လိမ်ပြီး ခြေချောင်းလေးတွေကိုချည်တုပ်ထားသလိုဖြစ်နေတာ။ ဂုန်လျှော်ကြိုးတွေလို၊ အမျှင်တွေက အမျိုးစုံပဲ၊ စေးကပ်နေတာပဲ။ “ဘယ်လိုများဖြစ်ရပါလိမ့်နော် အမျှင်တွေကလည်း” ကျွန်မ လွှတ်ခနဲ ပြောမိတော့ နဲရှောကတော့ “သူ့အမေက အသိုက်လုပ်တော့ တွေ့ကရာကောက်ယူလာလားမသိပါဘူး” လို့ ဖြေပါတယ်။ ခိုတွေက အသိုက်လုပ်တတ်သလား ကျွန်မလည်း မသိပါဘူး။ ကတ်ကျေးသေးသေးလေးယူပြီး ကျွန်မတို့ အမျှင်တွေကို ဖြတ်တောက်ကြည့်ဖို့ကြိုးစားကြတယ်။ ဖြူဝါ၀ါခပ်ညစ်ညစ်အရောင်နဲ့ ခိုလေးရဲ့ခြေချောင်းတွေက စေးကပ်နေတဲ့ ကြိုးမျှင်တွေနဲ့အရောင်အသွေးတူနေတာမို့ ခြေချောင်းလေးတွေ ကတ်ကျေးနဲ့ ညှပ်မိမှာ ကြောက်လိုက်ရတာ။ နဲရှောက ခိုလေးကို ချုပ်ကိုင်ထားပေးတယ်။ ခိုမဲလေး .. သူလေးကတော့ မသိရှာဘူး၊ သူအန္တရာယ်တွေ့နေပြီလို့ပဲ ထင်နေရော့သလား၊ အားကုန်ရုန်းကန်တယ်။ “စီး စီး စီး” ဆိုတဲ့ အသံစာစာလေးနဲ့ အော်ဟစ်နေတယ်။ ကျွန်မပဲ ဒီကြိုးတွေကို ရှင်းပေးရတော့မှာ။ နဲရှောမျက်လုံးကလည်း အနီးမှုန်တယ်။ ကျွန်မက အဝေးမှုန်ပေမဲ့ အနီးကိုတော့ ကောင်းကောင်းမြင်နိုင်တာကိုး၊ နောက်ဆုံး ဘုရားတရားအာရုံပြုပြီး ကြိုးတစ်ခုစီ ကတ်ကျေးနဲ့ ဖြတ်ထုတ်ရတော့တယ်။ ကြိုးမျှင်တွေ တစ်ခုစီ .. တစ်ခုစီ ဖြည်းဖြည်းချင်း ကတ်ကျေးနဲ့ ကိုက်ဖြတ်တယ်။ ကြိုးမျှင်တစ်ချောင်း ပြတ်သွားးတိုင်း ခိုလေးရဲ့ခြေချောင်းလေးတွေ ပိုပြီးလှုပ်ရှားလာတယ်။ နောက်ထပ် .. နောက်ထပ် ကြိုးမျှင်တွေကိုက်ထုတ်လိုက်တဲ့အခါ ထင်ထားတာထက်ကို မြန်မြန်လေးပဲ ကြိုးတွေရှင်းထုတ်နိုင်ခဲ့ပါတယ်။ ကြိုးတွေအားလုံးရှင်းသွားတာတောင်မှ ခိုလေးရဲ့ ခြေချောင်းကြားအသားတွေမှာ အရာတွေက ထင်ထင်ရှားရှားကြီးရှိနေသေးတယ်။ ခြေချောင်းလေးတွေက ကွေးကွေးကောက်ကောက်လေးတွေ ပုံမှန်အတိုင်းလမ်းမလျှောက်နိုင်ရှာဘူး။ ကိုယ်လေးလိမ်ဖယ်လိမ်ဖယ်လျှောက်နေရတုန်းပဲ။ သူ့ကို “ပီဂျီလို့ ခေါ်မယ်။ ခိုတွေကို ပီဂျီယွန်လို့ ခေါ်တာဆိုတော့ သူ့ကို ပီဂျီလို့ပဲ နာမည်ပေးလိုက်မယ်” ကျွန်မ စိတ်ကူးနဲ့ ပေးထားတဲ့နာမည်က ခေါ်လို့တော့အကောင်းသားပဲ။ ပီဂျီ ပီဂျီ။ ကျွန်မ ထပ်ခါထပ်ခါခေါ်ကြည့်တယ်။ ခိုလေးကတော့ သူ့နာမည်ကို ဂရုမပြုအားပါဘူး၊ လွတ်လပ်သွားတဲ့ခြေချောင်းလေးတွေနဲ့ လမ်းကောင်းကောင်းလျှောက်နိုင်ဖို့ ကြိုးစားနေရှာတယ်။

တစ်ပတ်လောက်နေတော့ ကတ်ပုံးလေးထဲကနေ ခုန်ထွက်ဖို့ကြိုးစားလာပါတယ်။ လွတ်လွတ်လပ်လပ်ခြေချောင်းလေးတွေနဲ့ ပီဂျီလေး လမ်းကောင်းကောင်းလျှောက်နိုင်လာတော့ ကျွန်မနဲ့ နဲရှော ပျော်ရွှင်ကြည်နူးရတာပေါ့။ ပျံသန်းဖို့တောင် ကြိုးစားလာပြီ။ ကတ်ပုံးလေးထဲကနေလည်း ခုန်ထွက်လာနိုင်ပြီ။ အခန်းထဲမှာပဲ ပီဂျီအတွက်နေရာလေးတစ်နေရာလုပ်ပေးလိုက်တယ်။ ပီဂျီက တစ်ပတ်နှစ်ပတ်လောက်အထိကတော့ ကျွန်မတို့ကို မရင်းနှီးသေးပါဘူး။ ဘယ်အချိန်ပဲဖြစ်ဖြစ် ကျွန်မတို့ ပီဂျီအနားသွားလိုက်ရင် သူက အသံစာစာလေးအော်ပြီး ထွက်ပြေးတယ်။ တစ်ရက်ကတော့ မှတ်မှတ်ရရ ကျွန်မ စာရေးနေတဲ့အချိန်၊ ကျွန်မကလည်း စာကို ပုံစံမျိုးစုံနဲ့ ရေးတယ်။ ခုံမှာထိုင်ရေးတယ်။ အိပ်ရာထဲ မှောက်ရက်ရေးတယ်။ ကြမံ်းပြင်ပေါ်ထိုင်ရေးတယ်။ ကြမ်းပြင်ပေါ်ထိုင်ရေးမယ်ဆိုရင်တော့ ထိုင်စရာအခင်းဖုံထူထူနဲ့ ထိုင်မှ၊ မဟုတ်ရင် ကြမ်းပြင်က တော်တော်အေးလာတတ်တယ်။ အဲဒီနေ့က ကျွန်မဘေးနားကို မ၀ံ့မရဲတိုးကပ်လာပြီး အခင်းပေါ်ကိုလာထိုင်ပါတယ်။ အခင်းက အမွှေးပွပွဆိုတော့ နွေးလို့ဖြစ်ပါလိမ့်မယ်။ ထိုင်တာမှ ကျွန်မကို သူ့အတောင်ပံလေးနဲ့ ထိကပ်ပြီးလာထိုင်တာပါ။ အဲဒီနေ့က ကျွန်မ တော်တော်နဲ့ မလှုပ်ဖြစ်ဘူး လှုပ်လိုက်ရင် ပီဂျီလန့်သွားမှာစိုးတာနဲ့ပဲ ငြိမ်ငြိမ်လေးနေဖြစ်ခဲ့တယ်။ နောက်ပိုင်းတဖြည်းဖြည်းနဲ့ ကျွန်မကိုလည်း မကြောက်တော့ဘူး၊ နဲရှောကိုလည်းမကြောက်တော့ဘူး။ မကြောက်တဲ့အပြင် တော်တော်ကြီးကို နီးနီးကပ်ကပ်နေချင်လာတတ်ပါတယ်။ နဲရှော ပုခုံးပေါ်မှာတက်ထိုင်တယ်။ ခြေချောင်းတွေကို သူ့နှုတ်သီးလေးနဲ့ တို့ဆိတ်ပြီး စူးစမ်းလာတတ်တယ်။ ကျွန်မတို့ထိုင်နေရင် ပေါင်ပေါ်ကိုတက်ထိုင်တယ် ရင်ခွင်ထဲဝင်ထိုင်တယ်။ လက်တကောက်ကွေးထဲမှာ ၀င်ထိုင်ပြီး ခေါင်းကိုကိုယ်ထဲတိုးဝင်ဖွက်ထားပြီးအိပ်တတ်လာတယ်။ နဲရှောကလည်း ကရိကထခံနိုင်ပုံများ ကျွန်မတောင်အံ့သြမိပါရဲ့။ ပီဂျီက ပုခုံးပေါ်မှာထိုင်နေတဲ့အချိန်အင်္ကျီလဲတာ ပီဂျီကိုအောက်မချပဲ အင်္ကျီ ရအောင်လဲပါတယ်။ ပီဂျီကလည်း ခြေချောင်းလေးတွေမြှောက်မြှောက်ပြီး ရွှေ့ပေးတယ်။ အင်္ကျီလဲပြီးတဲ့အထိ ပုခုံးပေါ်က လုံးဝမဆင်းပါဘူး။ သူအိပ်တဲ့နေရာလေးမှာ အခန်းဆီးလေးကာပေးထားတယ်။ ညအိပ်ပြီဆို မီးမှိတ်ပြီးလို့ အခန်းဆီးချထားပေးလိုက်ရင် သူလည်း ငြိမ်ပြီးအိပ်တော့တယ်။

မိုးလင်းတာနဲ့ အခန်းဆီးလေးကြားထဲက ခေါင်းတိုးထွက်ပြီး ကျွန်မတို့ အိပ်ရာပေါ်ခုန်တက်လာပါတယ်။ ကျွန်မတို့ အိပ်ရာက မထမချင်း သူလည်း အိပ်ရာပေါ်မှာပဲ လူပေါ်မှာ ခုန်ဆွခုန်ဆွနဲ့ သွားနေတတ်တယ်။ ကျွန်မက ပီဂျီရေ .. ပီဂျီရေ ခေါ်လွန်းတော့ သူ့နာမည်ခေါ်မှန်းလည်း နောက်တော့သိလာပါပြီ။ ပီဂျီရေ ဆိုတာနဲ့ပြေးလာတော့တာပဲ။ အစားကိုလည်း ခွံ့စရာမလိုတော့ဘူး။ သူ့ဘာသာ နှုတ်သီးနဲ့ ကောက်ယူစားတတ်လာပြီ။ ပေါင်မုန့်လေးတွေသေးသေးလေး ဖဲ့ပြီးချကျွေးတယ်။ သိပ်သိသာတယ်။ ချိစ်ကို အလွန်ကြိုက်တယ်။ ပေါင်မုန့် ဘီစကစ်လေးတွေ ဖဲ့ချပေးရင် မအော်ဘူး။ သိပ်မငံတဲ့ချိစ်အဖြူလေးတွေ ဖဲ့ပြီးချပေးရင် အတောင်ပံလေးကို စွင့်ပြီး ကိုယ်ကိုရမ်းရမ်းပြီး တစာစာအော်ပြီး စားလိုက်တာ။ ခဏလေးနဲ့ အများကြီးပဲ ကုန်တယ်။ နဲရှောကတော့ ချိစ့်တွေက ငံနေတော့မကျွေးစေချင်ဘူး။ ကျွန်မကတော့ သူကြိုက်တာလေး ကျွေးချင်တော့ စားသလောက်ကျွေးတာပဲ။ နောက်တော့ အစေ့အဆံလေးတွေ ကျိတ်ပြီး ကျွေးတယ်။ နောက် မြေပဲဆန်လည်းကြိုက်လာတယ်။ ချိစ်တောင် မစားတော့ဘူး။ ချိစ်အ၀ါလည်း သိပ်မစားတော့ဘူး။ မြေပဲဆန်ကို ပိုစားလာတယ်။ အမွှေးလေးတွေ ကျဲကျဲလေးဖြစ်နေတော့ ပီဂျီရဲ့ နားပေါက်လေးက အတိုင်းသားမြင်နေရတာ အသည်းယားစရာကောင်းလိုက်တာ။ မျက်လုံးနဲ့ နီးနီးလေးပဲ တွင်းပေါက်လေး၊ အ၀လည်းတော်တော်ကျယ်တယ်။ ကျွန်မလည်း အဲဒီတော့မှ ခိုတွေရဲ့နားပေါက်လေးကို မြင်ဖူးတော့တာ။ ကျွန်မစာရိုက်နေပြီဆို လက်ပ်တော့screen ပေါ်တက်ထိုင်ပြီး ကျွန်မကို ရှေ့ကနေ ကြည့်ကြည့်နေတတ်တယ်။ ကီးဘုတ်ခလုတ်တွေလည်း သိပ်သဘောကျပုံရတယ်။ နှုတ်သီးနဲ့ တဒေါက်ဒေါက်နှိပ်တော့တယ်။

တစ်ခါ ဂျီတော့ခ်ဝင်ထားလျက်ကြီး သူကကီးဘုတ်ပေါ်တက်၊ ခလုတ်တွေကို နှုတ်သီးနဲ့ ဆိတ်တော့ သူငယ်ချင်းတစ်ယောက်ရဲ့ nick ကို နှိပ်မိပြီး call ခလုတ်ပါနှိပ်မိကုန်ရော။ စာလုံးတွေကလည်း ပေါက်ကရတွေပေါ်ကုန်၊ ဟိုဘက်က သူငယ်ချင်းကလည်း ဘာတွေပြောနေတာလဲ လှမ်းမေးတာပေါ့။ အဲဒီတော့မှ ပီဂျီ ကီးဘုတ်ပေါ်တက်နေတာလို့ ပြောလိုက်ရတယ်။ သူငယ်ချင်းက ရယ်လိုက်တာ။ အပြင်ကပြန်ရောက်လို့ ညနေညနေ အခန်းထဲမှာဆို သူ အီးအီးပါထားတာတွေ တစ်နေ့တစ်နေ့ လိုက်သိမ်းရတာ၊ လိုက်ရှင်းရတာ မလွယ်ပါဘူး။ နဲရှောက ပီဂျီကို ဂရုစိုက်လိုက်ပုံများ သူ အီးပါထားတာကြည့်ပြီး နေကောင်းမကောင်းတောင် သတိထားနေသေးတယ်။ အရည်တွေကြီးပဲပါရင် ချိစ်တွေသိပ်မကျွေးဖို့ ကျွန်မကို ပြောတော့တာပဲ။ ပီဂျီ ရေဆော့ချင်တာ ကျွန်မ သတိထားမိတာက သူ့ရေခွက်လေးကို နှုတ်သီးလေးနဲ့ ထိုးထည့်ပြီးသောက်နေရာက ခေါင်းတစ်ခုလုံးခွက်ထဲကို နှစ်ပစ်လိုက်တဲ့နေ့ပေါ့။ ရေခွက်ကမှောက်သွားရော ဖိတ်ကျနေတဲ့ရေတွေထဲမှာ ကိုယ်ကိုခါပြီးလူးလိုက် အတောင်ပံဖြန့်ပြီး ရေစက်တွေထဲနှစ်လိုက်လုပ်ပြီး သူရေဆော့လို့ အားရသွားတော့ နေရောင်နွေးနွေးရမယ့်နေရာ ဒါမှမဟုတ် ကွန်ပျူတာ adapter ပေါ်မှာတက်ပြီးထိုင်နေတတ်တယ်။ နောက် နှစ်ရက် သုံးရက် တစ်ခါလောက် လင်ပန်းလေးထဲရေထည့်လာပြီး ချထားပေးရင် အဲဒီလို ဆော့တတ်လာတယ်။ အတောင်ပံတစ်ဘက်စီလည်း မြှောက်ထားပေးတတ်တယ်။  အတောင်ပံကြားထဲ ရေစက်လေးတွေထည့်ပေးရင် သဘောကျတယ်။

ဘယ်လောက်ကြီးပဲ ကျွန်မတို့နဲ့ နီးနီးကပ်ကပ်နေနိုင်တယ်ပဲပြောပြော ခိုတွေရဲ့ သဘာဝအတိုင်း နေနိုင်မှလည်း သူ့အတွက်ကောင်းမှာ။ ပီဂျီ အတောင်အလက်စုံပြီး ကောင်းကောင်းပျံနိုင်တော့ ကတ်ပုံးလေးထဲထည့်ပြီး ကျွန်မတို့ အပြင်ကို ခေါ်ခဲ့ကြတယ်။ ခိုတွေရှိတဲ့နေရာမှာ သူ့ကို ချထားပေးတော့ ပထမဆုံးအပြင်ခေါ်သွားတဲ့နေ့က ပီဂျီတစ်ကိုယ်လုံးကို တုန်နေတာပဲ။ အပြင်က လူတွေ၊ ခိုတွေအများကြီးကို ကြောက်နေရှာတာ။ နဲရှောရဲ့ ပုခုံးပေါ်ကမဆင်းဘူး။ နဲရှောက ပုခုံးပေါ်ကနေ အောက်ကိုချပေး ပုခုံးပေါ်ပြန်တက်လိုက်၊ ခေါင်းပေါ်ပြန်တက်လိုက်နဲ့။ လက်ဖမိုးလေးသူ့ရှေ့ကိုထားပေးလိုက်ရင် သူ့ကိုခေါ်မှန်းသိတယ်။ လက်ဖမိုးပေါ် ခြေထောက်လှမ်းပြီးတက်လာပါတယ်။  နဲရှောက ပီဂျီကို လက်ဖမိုးပေါ်ခေါ်လာပြီး အပင်ခပ်မြင့်မြင်ပေါ်တင်ပေးခဲ့တယ်။ နောက် ကျွန်မတို့ခပ်ဝေးဝေးက ခုံတန်းမှာ သွားထိုင်နေတော့ ပီဂျီခမြာ အလန့်တကြားဖြစ်ပြီး အနားက ကလေးလေးလက်ဆွဲပြီး လမ်းလျှောက်လာတဲ့ သားအဖဆီ ပျံပြေးတယ်။ ကလေးခေါင်းပေါ်ကို တက်နားမလိုလုပ်တော့ ကလေးရဲ့အဖေက စိတ်ပူပြီး ခြေထောက်နဲ့ ကန်လိုက်ရော။ ပီဂျီကိုတော့ မထိပါဘူး။ နဲရှောက ဆတ်ခနဲ ပီဂျီဆီထပြေးတယ်။ ကျွန်မမှာ သူ့ကိုတောင် သတိပေးလိုက်ရသေးတယ်။ ပီဂျီဇောနဲ့ရန်တွေ့မှာစိုးလို့။ :D ကျွန်မမှာ ပီဂျီကိုလည်း သနား၊ လူတွေက ကြည့်တော့ ရှက်တောင်ရှက်မိသလိုပဲ။ လူတွေကလည်း ပီဂျီက ကျွန်မတို့အနားက မခွာတော့ အဆန်းတကြယ်ဖြစ်နေကြတယ်။ ကလေးတွေကလာကြည့်နဲ့ တကယ်ပဲ ရှက်တောင်ရှက်မိခဲ့သေးပါတယ်။ စိတ်တွေလည်း လေးသွားလိုက်တာ။ ခိုတွေရဲ့သဘာဝအတိုင်းကြီးမလာရပဲ လူတွေနဲ့ပဲ နေလာရတော့ သူ ဘယ်လို အပြင်မှာနေနိုင်ပါ့မလဲ။ တွေးပြီးပူမိတယ်။ နောက်ပိုင်းဆောင်းဝင်လာတော့မယ်။ ဆောင်းတွင်းမတိုင်ခင် သူ အပြင်မှာ သဘာဝအတိုင်းရှင်သန်နိုင်မှဖြစ်မှာ။

အားလပ်ရက်တွေ ရွာကအိမ်ကိုသွားဖြစ်ကြရင်လည်း သူ့ကို ခေါ်သွားရသေးတယ်။ ရွာကအိမ်မှာကလည်း ကျွန်မတို့ရောက်လာလိုက်တာနဲ့ အိမ်နားက ခွေးနှစ်ကောင် ဘရောင်းနီနဲ့ ဘလက်ကီ (ကျွန်မပေးထားတဲ့နာမည်တွေ) ကအပြေးရောက်လာတာ၊ မာ့ခ်ျကာဆိုတဲ့ ကြောင်ရောပဲ။ အဲဒီတော့ ပီဂျီကို လွှတ်မထားရဲဘူး။ လှောင်အိမ်ထဲ ထည့်ထားရသေးတယ်။ ညဆိုရင်တော့ ပီဂျီက အောက်ထပ်က စင်လေးပေါ်မှာ တက်အိပ်တယ်။ မနက်မိုးလင်းတာနဲ့ အိမ်ပေါ်ထပ်ကို တက်လာပြီး ကျွန်မတို့အခန်းထဲရောက်လာတယ်။ ထုံးစံအတိုင်းပဲ ကျွန်မတို့ အိပ်ရာမထမချင်း သူကလည်း ကျွန်မတို့ကိုယ်ပေါ်တတောက်တောက်လျှောက်နေလေရဲ့။  ခြံထဲမှာ လျှောက်သွားရင်လည်း သူက နဲရှောပုခုံးပေါ်၊ ဒါမှ မဟုတ် ကျွန်မ ပုခုံးပေါ်ကနေ သွားသမျှနေရာ အကုန်လိုက်တယ်။ ခေါင်းကလည်း ငေါက်ဆတ် ငေါက်ဆတ်နဲ့၊ သိပ်ရယ်စရာကောင်းတာပဲ။ ကျွန်မက သစ်ပင်ကအခေါက်လေးတွေ လက်နဲ့ ခွာပြရင် သူကလည်း ကျွန်မလုပ်သလို အခေါက်လေးတွေနှုတ်သီးနဲ့ ဆိတ်ပြီးခွာတယ်။ ကျွန်မ ခွာတဲ့နေရာကိုပဲ ခေါင်းလေး ရှေ့တိုးတိုးကြည့်ပြီး လိုက်လုပ်တတ်တယ်။ ပီဂျီ နှုတ်သီးနဲ့ နာအောင်ဆိတ်တတ်လာတဲ့တစ်နေ့ကတော့ … စိတ်မကောင်းလိုက်တာ။ အော် … ငါကတော့ ဂရုစိုက်လိုက်ရတာ သူက နာအောင်ဆိတ်ရက်ပါလားဆိုပြီး စိတ်ထဲမကောင်းဘူး။ အဲဒီနေ့က ခုံမှာထိုင်နေရင်း ခြေထောက်အောက်ချထားတာ ကျွန်မခြေထောက်ကလည်း အငြိမ်မနေပဲလှုပ်နေတော့ ပီဂျီ မျက်စိထဲ ရှုပ်လာသလားမသိပါဘူး။ ပြေးပြီး နှုတ်သီးနဲ့ ဆိတ်ပါလေရော။ ဆိတ်တာမှ အားကုန် စိတ်ဆိုးမာန်ဆိုး ဆိတ်တာ။ ကျွန်မလည်း အဲဒီနေ့က နဲရှောကိုပါ စိတ်ဆိုးပြီး နှုတ်ခမ်းစူပြီး စိတ်ကောက်နေလိုက်တော့တယ်။ နဲရှောကမေးတော့ ပီဂျီဆိတ်လို့ ဆိုပြီးပြောလိုက်တယ်။ နောက်တော့လည်း ကြာကြာ စိတ်မဆိုးနိုင်ပါဘူး။ သူ့ သဘာဝကြောင့်ပဲနေမှာဆိုပြီး သနားစိတ်ဝင်ရတာပါပဲ။ အဲဒီနောက်ပိုင်း ရယ်စရာတော့ကောင်းသား ပီဂျီစိတ်ဆိုးပုံက "အွက် အွက် .. ငါ ငူး ... ငါငူး .. လို့အော်၊ ခြေထောက်တွေ ပေါက်ဆတ်ပေါက်ဆတ်လုပ်ပြီး ကိုယ်ကို တစ်ပတ်လည်လှည့်နေတတ်တယ်။ အဲဒါဆိုရင် သူစိတ်ဆိုးတာပဲ။ အဲဒီအချိန် သူ့ခြေထောက်လေးနား လက်ဖမိုးလေးသွားထားပေးရင် အရင်ကလို အသာတကြည်ခုန်တက်မလာတော့ဘူး။ စိတ်ဆိုးပြီး နှုတ်သီးနဲ့ လှမ်း လှမ်းဆိတ်တတ်လာတယ်။

ပီဂျီ ကို ပထမဆုံး ခိုတွေနဲ့ ချထားပေးတဲ့နေ့ကဆို ခိုအုပ်တွေနဲ့ မရောပဲ ခပ်ဝေးဝေးကနေပဲ ကိုယ်ကိုရို့ပြီးကြည့်နေတတ်တယ်။ ခိုတွေ အနားလာရင် ပီဂျီက ရှောင်ပေးလိုက်ရော။ ကျွန်မတို့က ပေါင်မုန့်လေးတွေ ပီဂျီအနား ဖဲ့ချပေးရင် တခြားခိုတွေအလုအယက် အစာလုကြတဲ့အခါ ပီဂျီကတော့ နောက်ဆုတ် နောက်ဆုတ်နဲ့ ဖယ်ပေးလိုက်တာချည်းပဲ။ ပီဂျီတစ်ကောင်တည်းပဲ ယောင်လည်လည်လေး။ ကိုယ်ကို ဘယ်ဘက်ရို့လိုက် ညာဘက်ရို့လိုက်၊ လည်ပင်းဆန့်ထုတ်ပြီး အလန့်တကြားကြည့်လိုက်နဲ့ ပီဂျီကို ကြည့်ရတာ ကျွန်မရဲ့အတွေးတွေများ၊ ဟိုး ငယ်ငယ်က .. ကျွန်မ မူကြိုကျောင်း စတက်ခဲ့ရတဲ့နေ့တွေထဲ ကျွန်မကိုကျွန်မပြန်မြင်ရသလိုလို။ သူငယ်ချင်းတွေကို ကြောက်၊ ဆရာမကိုကြောက်၊ အိမ်ကလူမဟုတ်တဲ့ သူတွေနဲ့ စကားမပြောရဲ မဆိုရဲ၊ အမြဲကြောက်နေခဲ့တာ။ သူငယ်ချင်းလည်း သိပ်များများ မရှိခဲ့ပြန်ဘူး။ ပီဂျီလည်း သူ့အဖော်ခိုတွေနဲ့ အစာရှာတတ်အောင်လေ့ကျင့်ရတာလည်း ကျွန်မငယ်ငယ်က  ကျောင်းစတက်ခဲ့ရတဲ့နေ့တွေလိုနေမှာပါပဲ။ ပီဂျီလည်း ကျင့်သားရသွားရင် ခိုတွေနဲ့ အတူ နေတတ်စားတတ်သွားမယ်ထင်မိတယ်။ နောက်တော့လည်း ကျွန်မလည်း သူငယ်ချင်းတွေအများကြီးနဲ့ ပျော်တတ်၊ နေတတ်လာခဲ့တာပဲလေ။

ပီဂျီကို အိမ်နားက ခိုအုပ်ထဲထားခဲ့ပြီး ညနေအိမ်ပြန်ရောက်တဲ့အချိန် သွားကြည့်ကြတယ်။ ပထမတော့မတွေ့တာနဲ့ အိမ်နားတစ်ဝိုက် ခိုတွေကြားထဲလိုက်ရှာကြသေးတယ်။ မတွေ့မချင်း စိတ်တွေပူကြရော၊ နဲရှောရော ကျွန်မပါ စိတ်မကောင်းကြဘူး၊ နဲရှောကလည်း ပြောတယ်။ “ကိုယ်တို့တွေ .. ပီဂျီကိုတွယ်တာတတ်လွန်းတယ်၊ မကောင်းဘူးကွာ” တဲ့။ ဟုတ်တယ် .. သံယောဇဉ်ကြီးလွန်းတာလည်း မကောင်းပါဘူး။ နောက်တော့ ခိုအုပ်တွေထဲမှာ အမြီးလေးကျဲကျဲ မျက်လုံးပေါ်မှာ အဖြူစက်လေးနဲ့ ယောင်လည်လည်ခိုလေးကို ဟိုငေးဒီငေးနဲ့ တွေ့ရတော့တယ်။ ကျွန်မတို့က ပီဂျီရေ .. ပီဂျီလေးရေ လို့ ခေါ်လိုက်တာနဲ့ သူ့လည်ပင်းလေးက ပိုဆန့်လာပြီး နားစွင့်တယ်။ ခေါင်းကို ဘယ်ညာစောင်းကြည့်ပြီး အတောင်ပံတွေခတ်လို့ တဖျတ်ဖျတ်ပျံပြီး နဲရှောပုခုံးပေါ်တက်လာပါတယ်။ ပြီးတော့ ကျွန်မတို့ အိမ်ပြန်တဲ့လမ်းတလျှောက် ဓါတ်လှေကားထဲဝင်လည်း နဲရှောပုခုံးပေါ်မှာပဲ ခေါင်းဆတ်တောက် ဆတ်တောက်တလှုပ်လှုပ်နဲ့ အိမ်ပြန်လိုက်လာတတ်တယ်။ နောက်နေ့တော့ ပြူတင်းပေါက်ကနေ သူ အပြင်ကို ပျံသွားတယ်။ ခိုအုပ်နဲ့ သွားပြီး ရောနှောဖို့ကြိုးစားပါတယ်။ ညနေကျရင် အိမ်အောက်နားမှာ ယောင်လည်လည်နဲ့တွေ့ရတယ်။ သူ ပျံခဲ့တဲ့ ပြူတင်းပေါက်ကို မမှတ်မိသေးပါဘူး။

နောက်တစ်နေ့မနက် မိုးလင်းတာနဲ့ ပြာယာခတ်နေပြီ။  ပြတင်းပေါက်ဆီသွားတယ်။ ၀င်လိုက်ထွက်လိုက် အိမ်ခန်းထဲကြည့်လိုက် အပြင်ကို ပြန်ထွက်လိုက်နဲ့၊ နောက်ပြူတင်းပေါက်တစ်ပေါက်ဆီကူးတယ်။ အဲဒီမှန်တံခါးကနေ အခန်းထဲကို အကြာကြီးပဲကြည့်နေလိုက်တာ၊  ပြီးတော့ နံရံတွေကိုလည်း နှုတ်သီးနဲ့ ဆိတ်လို့ ကျွန်မစိတ်ထဲ ပီဂျီပုံစံက ထူးဆန်းလိုက်တာလို့တော့ ထင်မိသေးတယ်။ အဲဒီနေ့က ပျံသွားပြီးတော့ ညနေ ကျွန်မအပြင်ကပြန်ရောက် ရေချိုးနေတဲ့အချိန် နဲရှောက ပီဂျီပြန်ရောက်နေပြီလို့ အားရ၀မ်းသာလာပြောတယ်။ ကျွန်မတို့က ခဏနေရင် အောက်မှာ သွားရှာခေါ်မယ်လို့ စဉ်းစားထားကြတာ။ တကယ်ပဲ ပီဂျီက သူ့ဘာသာ ပြန်လာတတ်နေပြီပဲ။ အခန်းထဲပြေးကြည့်တော့ ပီဂျီက သူ့အကြိုက်မြေပဲဆန်တွေ  အဆက်မပြတ်စားနေလိုက်တာ။ ပြီးတော့ ရေသောက်ပြီး ဗီရို အမြင့်ပေါ်တက်နေပါတယ်။ မှောင်ရင်တော့ သူလည်း အိပ်တော့မယ်ပေါ့။ မနက်မိုးလင်းတာနဲ့ အပြင်ထွက်လည်၊ နေ့လည်နေ့ခင်း ခိုအုပ်လှည့်လည်လေ့လာရေးသင်တန်းသွားပြီးရင်၊ နေပူလာပြီဆို အခန်းထဲပြန်ဝင်လာပြီး အစာစားတယ်။ ရေသောက်ပြီး တရေးတမောအိပ်၊ နေနည်းနည်းအေးရင် အပြင်တစ်ခါထွက်သွားပြန်ရော ညနေ မမှောင်ခင် ပြန်လာတယ်။ အဲဒီလိုလေးပဲ ပီဂျီရဲ့ တစ်နေ့တာလည်ပတ်မှုက သူ့ဘာသာဟုတ်နေတာပါပဲ။

ကျွန်မတို့ကလည်း ပြတင်းပေါက်ကို အမြဲဖွင့်ထားပေးရတယ်။ ဆောင်းတွင်းဆိုရင်တော့။ ပြတင်းပေါက်ဆိုတာဖွင့်လို့မှ မရတာလေ။ နှင်းတွေကျရင် အမြဲပိတ်ထားရတာမဟုတ်လား။ ပီဂျီ နဲ့ ကျွန်မတို့ ဘယ်လိုနေရမလဲ။ ကျွန်မတော့ အခု စဉ်းစားကြည့်လို့မရသေးဘူး။ နဲရှောကလည်း ထပ်ပြီး စဉ်းစားကြသေးတာပေါ့တဲ့။ ကျွန်မလည်း ဘာထူးသေးလဲ၊ ငယ်ငယ်က နေ့လည်နေ့ခင်း ကျောင်းသွား၊ ညနေပြန်လာ အမေ့အိမ်မှာအိပ်တယ်။ ရုံးသွားပြန်လာ၊ ညရောက်ရင် အမေ့အိမ်မှာအိပ်ခဲ့တယ်။ ခုတော့ အမေ့အိမ်နဲ့ အဝေးမှာ၊ အမေ့အိမ်မဟုတ်တဲ့ဘ၀ကျောင်းကြီးမှာ  ကျောင်းအိပ်ကျောင်းစားနေနေရပြီလေ။ ကျွန်မလည်း ဘ၀ကျောင်းရဲ့သင်ခန်းစာတွေ သင်ယူနေရပြီ။ ပီဂျီလည်း အခုထိတော့ ကျွန်မတို့နဲ့အတူ ပြန်အိပ်တတ်ပေမဲ့။ သူ့ရဲ့ ခိုဘ၀ကျောင်းကြီးမှာ ကျောင်းအိပ်ကျောင်းစားနေရဦးမှာပဲ မဟုတ်ဘူးလား။ အတောင်အလက်စုံတဲ့တစ်နေ့တော့ ငှက်တွေရော လူတွေရော ပီဂျီရော ကျွန်မရော … ဘ၀ရဲ့ကျောင်းမှာပဲ ဘယ်တော့မှမကုန်နိုင်တဲ့ သင်ရိုးရှည်သင်ခန်းစာကြီးတွေ သင်ယူနေကြရဦးမှာ။ 

အတောင်အလက်စုံနေပေမယ့် ခုထိတော့ ဆောင်းမှမ၀င်သေးတာပဲ ပီဂျီလေးရာ၊ နှင်းမှ ကျမလာသေးပဲနော်။ 
ဖြည်းဖြည်းပေါ့ … ။        ။

စုတ်ချွန်းချွန်း ပီဂျီ
Adapter ပေါ်တက် ပြီးအိပ်တတ်တယ်
နားအခေါင်းပေါက်လေးက အကျယ်ကြီးပဲ၊
ပီဂျီကို သူငယ်ချင်းတစ်ယောက်က လဒနဲ့ တူတယ် ဆိုလို့ စိတ်တိုရသေးတယ် :(
မုန့်တွေ  အမွှေးတွေမှာ ကပ်နေတာ ခွာပေးလို့မရသေးဘူး
ဒီပုံကျတော့ တကယ်ပဲ လဒလေးလိုလို :D
အားကြီးစား ... အားကြီးပါပဲ
စားပြီးသောက်ပြီးရင်တော့ ဗီရိုထောင့်စွန်းလေးက ပီဂျီဇိမ်လုပ်တဲ့ နေရာပဲ၊ သူကအပေါ်စီးကနေ လိုက်ကြည့်နေတာ။
အဲဒီတုန်းက ခြေထောက်ယောင်တာ လမ်းတောင်ကောင်းကောင်းမလျှောက်နိုင်ဘူး၊ သူ တက်အိပ်တော့လည်း မဖယ်ရက်ပြန်ဘူး။
အခုတော့ ၀လာပါပြီ
ဒီပုံမှာ အမွှေးလေးတွေမစုံသေးဘူး
သနားစရာလေး၊၊ ပြောလည်းပြောချင်စရာ လဒလေးကျနေတာပဲ
စာရေးပြီ ဆို  သူကရှေ့ကနေ .. အဲလို လာကြည့်နေတာပဲ
စားပါ ... စားပါ .. ပီဂျီရာ
လူပေါ်ကနေ ဘယ်မှ မခွာရဲသေးတဲ့ စုတ်ချွန်းချွန်းအရွယ်လေး
ခိုလားမြောက်လာတော့ အပြင်ကိုမျှော်တတ်လာပြီ
အိပ်ရာထဲ ကိုယ်ကိုနှစ်ပြီး လာအိပ်သေးတယ်၊ အိပ်ရာခင်းလဲရတာလည်း ခဏခဏပေါ့
စပ်စုလိုက်တာ
ညောင်းလို့ ခဏလှဲပြီး ခြေထောက်ချိတ်ထားလည်း ခြေဖျားလေးပေါ်တက်အိပ်တယ်
သူ့ပုံသူ ပြန်ကြည့်ပြီး မျက်လုံးပြူးနေတယ်။
ဟာ .. သား အကြိုက် .. အေမီဝိုင်ဟောက်စ်လေး
ခိုလားမြောက်လာတဲ့ ပီဂျီ
ကျောမှာ အမွှေးဖြူလေးတွေနဲ့၊ အမြီးလေးကတော့ ကျဲရှာတယ်၊ ဖွက်ထား ဖြန့်မပြနဲ့
ဘာလေးမှန်းမသိဘူး၊ အဲဒီပန်းကန်ပြားကို သိပ်ကြိုက်တယ်။ အဲဒီထဲ ခဏခဏ၀င်အိပ်တယ်။
ရေချိုးပြီး နေစာလှုံနေတဲ့ ပီဂျီ
နေရောင်ကောင်းကောင်းရတဲ့ နေရာကို တင်ပေးထားလိုက်တယ်
ထိပ်ဆုံးက ပီဂျီ
ရေမခြောက်သေးဘူး
မနက်မိုးလင်းတာနဲ့ လမ်းထွက်ချင်ပြီ။ ပန်းအိုးတစ်အိုးဖယ်ထားပေးရသေးတယ်။ သူ အပြင်မျှော်ဖို့လေ
ခိုအုပ်ရှိရင် အစွန်းနားက ယောင်လည်လည်ခိုလေးက သူပေါ့ ..
ပီဂျီက .. ဟယ် ခိုတွေများလိုက်တာတော့ တဲ့ ..
ခိုထဲမှာလည်း ခိုဗိုလ်ကျကလည်းရှိသေးတယ်၊ စာကလေးဆီက အစာလိုက်လုနေတယ်။
ခေါင်းဆန့် ကိုယ်ရို့၊ မျက်စိပြူး အဲဒါ ပီဂျီပေါ့
လူကြီးတွေမနိုးသေးဘူး .. သူက လမ်းမျှော်နေပြီ
အခြေအနေ လှည့်ပြီး အကဲခတ်လိုက်သေးတယ်
အိုင် အမ် ပီဂျီ
Family Magazine, 2012 April.

6 comments:

sosegado said...

အကောင်းဆုံးမှတ်တမ်း တစ်ခုပါပဲ PG လွတ်လပ်ခွင့်ပေးလိုက်တာ အမှန်ဆုံးပါပဲ၊
သတိရသွားတာက အမေရိကန်ဆရာတစ်ယောက်က ပြောဘူးပါတယ် ခိုနဲ့အတူမနေသင့်ဘူးတဲ့၊
မူဘိုင်းက ခိုတွေကြား အိပ်နေတဲ့ ကလေးတွေ သူမမြင်ဘူးလို့ဖြစ်မှာပါ။

sosegado said...

အကောင်းဆုံးမှတ်တမ်း တစ်ခုပါပဲ PG လွတ်လပ်ခွင့်ပေးလိုက်တာ အမှန်ဆုံးပါပဲ၊
သတိရသွားတာက အမေရိကန်ဆရာတစ်ယောက်က ပြောဘူးပါတယ် ခိုနဲ့အတူမနေသင့်ဘူးတဲ့၊
မူဘိုင်းက ခိုတွေကြား အိပ်နေတဲ့ ကလေးတွေ သူမမြင်ဘူးလို့ဖြစ်မှာပါ။

ခရစ္စတလ် said...

ကောင်းလိုက်တာ၊ သံယောဇဉ်လေးတစ်မျှင် :)

ကောင်းမွန်ဝင်း said...

ချစ်စရာလေးနော်။
ဓါတ်ပုံကြည့်ရုံပဲရှိသေးတယ်။
မွေးမိရင်တော့ သံယောဇဉ်ပဲ။

မြတ်မွန် said...

ဇာတ်လမ်းလေးက ငြိမ့်ငြိမ့်လေးနဲ့..မေတ္တာတွေ သံယောဇဉ်တွေ၊ သတ္တဝါအပေါ် ထားတဲ့ စေတနာတွေကို အတိုင်းသား မြင်နေရတယ်။
ပြီးတော့ လူသားဆန်လိုက်တာ..လို့တိုးတိုးလေး ရေရွတ်မိတယ်။
အတောင်အလက်တွေစုံပြီး ချစ်သူခင်သူတွေနဲ့တွေ့တဲ့ တစ်နေ့ကြရင်တော့ ရင်နင့်ရအုန်းမှာပေါ့..မမဖြိုးရေ..။
သဘာဝကိုး လွန်ဆန်လို့မှ မရတာ..။
nice.. sis

ချော(အစိမ်းရောင်လွင်ပြင်) said...

ခိုလားမြောက်လာတဲ့ ပီဂျီလေးက ခုတော့လည်း ဘယ်မှာ လဒနဲ့ တူတော့လို့တုန်း
ချစ်ဖို့ကောင်းနေတာမှ တအားဘဲ
ဒါကြောင့်လည်း ပီဂျီရဲ့ ပါပါးနဲ့ မာမားက သဲသဲလှုပ်နေတာ ဖြစ်မှာ
ဟုတ်တယ်ဟုတ်
ဒီပိုစ့်လေးဖတ်မိတော့ ပီဂျီလေးကို တွယ်တာ ဂရုစိုက်လွန်းတဲ့သူနှစ်ဦးရဲ့ ပုံရိပ်လေးက ပီပီပြင်ပြင်ကို ပေါ်နေတော့တာ