Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, July 25, 2011

ငယ်ငယ်တုန်းက (မေမေ့ရဲ့စာ)

ကျွန်မငယ်ငယ်တုန်းက အကိုတွေက စကြတယ်။ လှည်းလမ်းကြောင်းက ကောက်ရပြီးမွေးစားထားတာတဲ့။ ခေါက်ဆွဲရောင်းတဲ့ တရုတ်အရှင်းမကြီးက မလိုချင်လို့ စွန့် ပြစ်လိုက်တာလို့  ဆိုတယ်။ တရုတ်တွေက သမီးမိန်းခလေးကို တန်ဘိုးမထားဘူး။ မွေးလာရင် စွန့် ပြစ်ကြရိုးထုံးစံတောင် ရှိသတဲ့။ အကိုတွေက အဲလိုများစလိုက်ရင် ဖေဖေကပါ သူ့ သားတွေဘက်ကပေါ့ ။ဟုတ်တယ် မဟုတ်ဘူးမပြောဘဲ ဟုတ်သလိုလို ပြုံးစိစိကြီးလုပ်နေတယ်။ ခုတိုင်ဖေဖေ့ပုံကြီးကို မြင်ယောင်ပြီး တကယ်ဘဲ လွမ်းမိပါရဲ့။ ပြီးတော့ ကျွန်မကို ခေါ်တာကြည့်အုံး၊ “အရှင်းမ”တဲ့ ။
ခေါ်လဲခေါ်ချင်စရာ၊ ကျွန်မက အားလုံးထက် အသားပိုဖြူတာကိုး။ တရုတ်အရှင်းမနဲ့လဲ ခပ်ဆင်ဆင်။ အညာသူတွေက အသားညိုတာများတယ်လေ။ ကျွန်မက ဖြူဥနေတော့ တချို့ က “ပိုးဟပ်ဖြူလေးအတိုင်းဘဲ” တဲ့။တချို့ ကလဲ “ဂွမ်းတောင့်လေးနဲ့” တူသတဲ့။ သိပါဘူး၊ ကျွန်မဖြင့်၊ လူတွေက သူတို့  စိတ်ကူးတဲ့ရာ ပြောနေကြတာမို့  ကြာတော့လဲ  ကျွန်မဘယ်လိုမှ အမှတ်မထားမိတော့ဘူး။ ငယ်ငယ်တုံးကတော့ “အရှင်းမ” ခေါ်ရင် ဘယ်ကြိုက်မလဲ ။ နောက်တော့လဲ သူတို့  စတာ နောက်တာ ချစ်စနိုးလေးခေါ်တာလို့ သတ်မှတ်ပြီး ခေါ်ချင်သလိုခေါ် အရေးမလုပ်တော့ဘူး။


ကျွန်မငယ်ငယ်တုံးက ဖေဖေ့ကို ပိုပြီးတွယ်တာဟန်ရှိတယ်။ ဖေဖေကလဲ သားတွေထက် ပိုချစ်တယ် ကျွန်မကို အချစ်ဆုံးလို့ ထင်တာဘဲ။ ဖေဖေသွားလေရာ ကျွန်မက တကောက်ကောက်လိုက်နေတတ်တယ်။ဖေဖေကလဲ သူသွားလေရာကျွန်မကို  ခေါ်သွားဖို့ ဘယ်တော့မှ မမေ့တတ်ဘူး။သားတွေက ယောင်္ကျားလေးတွေဆိုတော့ သူတို့ ဘာသာ သူတို့  သွားလာနေကြလို့  ရင်လဲ ဖြစ်ပါလိမ့်မယ်။ မေမေကတော့  အားရင်  စာအုပ်ကောက်ကိုင်တော့တာ။ ပြီးတော့ ကျွန်မက  ငယ်ငယ်တုံးက “ငကြောက်မလေး” ပေါ့ ။ ဘာမဆို ကြောက်နေတော့တာဘဲ။ ဘုတလင်က ရေကန်ကြီးထဲမှာ ဂျပန်တွေ ရေချိုးနေတာမြင်လဲ ဂျပန်တွေဆိုတာနဲ့  ကြောက်ပြီ။ ညကျတော့ ဖျားရော။ ဂျပန်စစ်သားတွေ သုံးချောင်းထောက်စက်သေနတ်ကြီးတွေနဲ့  မြေမှာဝပ်နေတာမြင်လဲ ကြောက်တာဘဲ ။ အဲဒီည ဖျားတာဘဲ။ ကြောက်တိုင်းဖျားနေတော့ ဘုန်းကြီးဆီက အဖျားဖြတ်ဆေးလုံးကို တခါသောက် နှစ်ခါသောက်မဟုတ်တော့ဘူး။  ဖေဖေက ပုလင်းလိုက်ကို ယူထားပေးရတယ်။ အဲဒလောက် အဖြစ်သဲသဲရယ်။

ကျွန်မက သရဲ လဲ ကြောက်တတ်တယ်။ တခါကပေါ့ ။ကျွန်မအကိုက( မောင်ကြည်ရှင်)မျက်လှည့်ပြမယ် ကြည့်မလားတဲ့ ။ “ကြည့်မှာပေါ”့လို့  ကျွန်မအကိုခေါ်ရာ လိုက်သွားတယ်။ အိမ်ပေါ်ထပ်မှာရှိတဲ့  ပစ္စည်းနည်းနည်းပါးပါး   သိုလှောင်တဲ့  ထပ်ခိုးကလေးပါ။ အဲဒီမှာအခန်းက  မှောင်ပိန်းနေတယ်။ အကိုက နံရံကို ပိတ်စအမဲကြီးကပ်လိုက်တယ်။ ပိတ်စပေါ်မှာ  အရိုးခြောက်ဖြူဖြူလေး တကောင်ပုံက နေရာယူထားတယ်လေ။ အကိုက ကျွန်မကို ပိတ်စနဲ့ သုံးကိုက်လောက်အကွာမှာ အထိုင်ခိုင်းပြီး “သေသေချာချာကြည့်နော် ငြိမ်ငြိမ်လေးလဲနေ “ တဲ့ ။ ကျွန်မလဲ မျက်စိကို ပြူးထွက်နေအောင်ကြည့်တာဘဲ တုတ်တုတ်မှမလှုပ်ဘူး။အဲဒီမှာ  အကိုက ဂါထာလိုလို ဘာလိုလို စာတွေ ရွတ်တယ်။ဘာတွေရွတ်သလဲ မသိဘူး။ အသံမကျယ်ဘူး။ တိုးတိုးဘဲ။ လက်ထဲမှာလဲ စုံးမတွေကိုင်တဲ့ နှင်တံလိုလို  နတ်သမီးနှင်တံလိုလို တုတ်တချောင်းကိုင်ထားတယ်။ သူအမိန့်  ပေးနေတာ။ တုတ်နဲ့ ကြမ်းပြင်ကိုလဲ တချက်ရိုက်တယ်။ မကြာဘူး။ အရိုးခြောက်က ခြေကားယား လက်ကားယားလှုပ်ပါလေရော။ လှုပ်တာဘဲ ရှိတယ် ။ ဒီ့ ထက်မပိုဘူး။ ဒီတော့မှ အကိုက ဖနောက်တချက်ပေါက်လိုက်ပြီး  “ငါအမိန့် ပေးနေတယ်နော်”လို့ လဲ ငေါက်လိုက်ရော .အရိုးခြောက်က ခုန်ပေါက်ပြီးကတော့တာဘဲ။ ကိုးယိုကားယားနိုင်လွန်းလို့  ရယ်စရာကြီး။ ဒါပေမဲ့  အချိန်က လူခြေတိတ်ချိန်။ ဘာမီးခွက်မှ မထွန်းတော့ မှောင်ပိန်းနေတယ်။ အရိုးခြောက်ကလွဲလို့  ဘာကိုမှ မမြင်ရဘူး.ဆိုတော့ ကြောက်စရာ ကောင်းနေတာပေါ့။ အကို့  ပုံစံကလဲ မှန်ကုတ်ကုတ် ပုံဆိုးဆိုးလေ ငေါက်ဆတ်ဆတ်နဲ့ ။ ကျွန်မရယ်ချင်ပေမဲ့  မရယ်ရဲပါဘူး။ ခွီးကနဲ ရယ်မိတော့မလို့။ ပြီးမှ အီလယ်လယ်ကြီးဖြစ် ကြောက်သွားပြန်သွားရော။ အစိမ်းများတိုက်သလားဆိုပြီး ကြောက်သွေးတွေ ၀င်လာတာလေ။ သူများတွေ ပြောတာ အစိမ်းတိုက်တယ် အစိမ်းတိုက်တယ်နဲ့။ ဘာအစိမ်းမှန်းမသိဘဲ ကြောက်တာ။ မေမေကတော့ ဘာမှ ကြောက်စရာမရှိဘူး ဘုရားသာမှန်မှန်ကန်တော့တဲ့ ။ ကြောက်ခြင်းကြောက် မိမိကိုယ်ကိုသာ ကြောက်ရမှာ တဲ့။ ဒီတုံးက တရားသဘောနဲ့  ပြောတဲ့ မေမေ့စကားကို ကျွန်မငယ်သေးတော့ ဘယ်နားလည်နိုင်မလဲ နော်။ အဲဒီတုံးက အကို ဘယ်လို  မျက်လှည့်ပြလိုက်သလဲ ဆိုတာ ကျွန်မစဉ်းစားလို့ မရဘူး။ ခုထိ ပဟေဠိဖြစ်နေဆဲပါ။ အရိုးခြောက်ကိုလှုပ်အောင်ဘယ်လိုလုပ်သလဲဆိုတာရဲ့ အဖြေကို ခု စဉ်းစားလဲ အဖြေမထွက်ခဲ့ပါဘူး။ အကိုနဲ့  ပိတ်စအနက်စကြီးကသုံးကိုက်လောက်ဝေးနေတာပါ။  အစ်ကိုက သေသာသွားရော သူ့ လျို့ ဝှက်ချက်ကို ပြောမသွားဘူး။

 မျက်လှည့်နဲ့  ပတ်သက်ပြီး ပြောချင်တာရှိပါသေးတယ်။ ကျွန်မတို့ ငယ်ငယ်က  ဘုတလင်မှာ ဇတ်ပွဲကတဲ့ ဇတ်ရုံကြီးတခုရှိတယ်။ တနေ့  တော့ နာမည်မမှတ်မိပါဘူး။ ကုလားလိုလို ဘိုလိုလိုမျက်လှည့်ဆရာတယောက် အဲဒီဇတ်ရုံ မျက်လှည့်ပြတယ်။ကျွန်မအသက်က ငယ်ငယ် ၅နှစ် ၆နှစ်လောက်ဆိုတော့  တကွက်တလေဘဲ မှတ်မိတာပါ။ ဘယ်သူနဲ့ သွားကြည့်တယ် ပိုက်ဆံဘယ်လောက်ပေးရတယ်ဆိုတာလဲ မသိပါဘူး။ မျက်လှည့်ဆရာက ဂါဝန်လှလှလေးနဲ့  ဗိုလ်မချောချောလေးကို ခြင်းကြားကြီးတလုံးထဲ ထည့် စောင်နဲ့ အုပ်ပြီး ခေါင်းပေါ်တည့်တည့် ဓါးနဲ့ စိုက်ထိုးပါတယ် ။ လေးငါးခြောက်ချက် ထပ်ခါထပ်ခါ တိုးစိုက်တာပါ။ သွေးတွေ ပန်းထွက်ပါတယ်။ စောင်ကိုလှပ်လိုက်တော့ ဗိုလ်မကလေးက ဘာဒါဏ်ရာမှ မရှိဘဲ ကြော့ကြော့မော့မော့လေး ခြင်းထဲက ထွက်လာတယ်။ ဂါဝန်စလေးကို တဘက်ကကိုင် လက်တဘက်က လက်ဝါးလေးဖြန့်ပြီး ကြည့်ပါ ရှုပါ ကျွန်မဘာမှမဖြစ်ပါဘူးပေါ။့ ပြတယ် ။ ပြီးမှ ခေါင်းကလေးညွှတ် ပြီး ပြုံးပြုံးလေး နောက်ထဲ ၀င်သွားတယ်။အသဲ တထိတ်ထိတ် ရင် တခုန်ခုန်နဲ့ ကြည့်ရတဲ့  ပြကွက်တွေပါဘဲ။ ကျွန်မဖြင့် ခုထိမြင်နေဆဲပါ။ နောက်တကွက်ကတော့ ဒါးပေါက်ခန်းပေါ့ ။ ပျဉ်ပြားကြီးတချပ်မှာ မိန်းမချောလေးက ကျောမှီ ကပ်အိပ်လိုက်စဉ် မျက်လညှ့်ဆရာက လက်မှာ ကိုင်ထားတဲ့  ယပ်တောင်လို ဒါးတွေနဲ့   တချောင်းပြီးတချောင်း ပေါက်တဲ့ ပြကွက်ပါ။ ဒါလဲကြည့်ရတဲ့သူတွေ ဘုရားတနေရတဲ့ ပြကွက်တွေမို့ လား။ ကျွန်မဖြင့် ရင်ဝဘဲ စိုက်ပလား။ ဗိုက်ဘဲစိုက်ပလားနဲ့  ။ မကြည့်လဲ မကြည့်ရဲ။ ကြည့်လဲ ကြည့်ချင်။ ဒီ့ထက်ဆိုးတာက ပွဲကြည့်ပရိသတ်ထဲက တနေရာမှာ ၆ပေအရှည်၃ပေအကျယ် မြေတွင်းကြီးတခု   တူးပြီး လူကို အရှင် လတ်လတ်မြှုပ်ပြမတဲ့။ နောက်နေ့ မနက်မှအရှင်လတ်လတ်ပြန်ဖေါ်ပြမယ်လို့  ဆိုတယ်။ ကျွန်မ ကြောက်ကြောက်နဲ့ တချိုးထဲ ပြေးမိပါတော့တယ်။ အစိမ်းတိုက်တယ် ဘာရယ်ညာရယ် ပြောသံလဲ ကြားပြီးတော့လေ။ လူကြီးတွေပါသလား မပါဘူးလားဆိုတာတောင် မမှတ်မိတော့ပါဘူး။

ငယ်ငယ်တုံးကလေ..စစ်ပြေးကြရမယ်တဲ့  ။ ဘယ်သူနဲ့ ဘယ်သူနဲ့   စစ်ဖြစ်နေမှန်း မသိဘူး။ ပြေးမယ်ဆို လှည်းပေါ်ရောက်နေပြီ။ လှည်းစီးရတာ ပျော်လို့ လေ။ ကျွန်မတို့ “နှောယင်း” ဆိုတဲ့  ရွာကလေးကို ပြေးကြတယ်။ ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံရတာဆိုတော့ ဆရာတော်ကြီးက အဲဒီညက ကျွန်မကို မုံ့ ဆီကြော်နဲ့  ငှက်ပျောသီးတွေ ပေးတာ ခုထိမြင်ယောင်တုံး။ ပြီးတော့ လူကြီးတွေ တရားထိုင်တဲ့  ဂူလေးတွေထဲ ၀င်လိုက် ထွက်လိုက် ဆော့ကြတာ့ ခုထိမှတ်မိနေပါတယ်။နေ့ လည်ဘက်များဆို ဘယ်သူတွေ လှမ်းထားမှန်း မသိတဲ့ နှမ်းသီးတွေကိုခူးပြီး စားလားစားရဲ့ ။နှမ်းသီးတွေက အပင်လိုက်ဖြတ် လှမ်းထားတာ။မခါရသေးဘူး။ စိုစိစိလေး အရမ်းစားလို့ ကောင်းတယ် ဆိမ့်တယ်။ ကျောင်းလာတဲ့   ခလေးတွေနဲ့  အသိဖြစ်ပြီး ရှပ်ထိုး ပြစ်တမ်းလဲ ကစားကြတယ်။ ထုတ်ဆီးတိုးတမ်းလဲ ကစားကြတယ်။ ညောင်ပင်တစ္ဆေလဲ ကစားကြတယ်။ ညောင်ပင်တစ္ဆေကစားရတာက တဒိတ်ဒိတ်ရင်ခုန်ရပေမဲ့ တကယ်ဆိုရင် ပျော်ဖို့  အလွန်ကောင်းပါတယ်။ ပြီးရင်တော့ ဘုန်းကြီးဆွမ်းကျန်ကွမ်းကျန်တွယ်ကြတော့တာဘဲလေ။ ဆွမ်းကျန် ကွမ်းကျန်လို့ သာ ပြောတာ။ ဘုန်းကြီးက ဟင်းခွက်တွေများ အချိုပွဲတွေများလွန်းလို့   တို့ ဂနန်း ဆိတ်ဂနန်းဘဲ စားသွားတာ ။ လူတွေစားမှ ပြောင်တာပဲလို့  ကျွန်မထင်တာဘဲ။

ကျွန်မ့ငယ်ငယ်က ရန်အောင်မြင်ဘုရားကို ဖေဖေနဲ့  သွားတာတွေဘဲ မှတ်မိခဲ့တယ်။ ဥပမာ တန်ခူးလမှာ ဘုရားရေသပ္ပါယ်တာတို့ ။ ကဆုန်လမှာ ညောင်ရေသွန်းတာတို့ ၊ တပိုတွဲမှာ သနပ်ခါးတုံးမီးပူဇော်တာတို့  ဖေဖေနဲ့ သွားခဲ့ကြတာပါ။ မေမေနဲ့  သွားဖူးတယ်လို့  တခါမှ မမှတ်မိဘူး။ မေမေနဲ့ က လပြည့်လကွယ် ဘုန်းကြီးကျောင်းကို မိသားစုလိုက် ဆွမ်းအုပ်သွားပို့ တာဘဲ မှတ်မိတယ်။ဒီတုံးက ကျွန်မတို့  မေမေကသိပ်ချောတာဘဲ။ ဒူးလောက်မကရှည်တဲ့ ပုဝါကြီးစုံချလို့ ။ ဇာနားတပ် အင်္ကျီဖါးဖါးနဲ့ ။ ယောဂီရောင်မှာ အဖြူလုံးလေးတွေ ပါတဲ့  စူလတီ ထမီနဲ့ ။( ကြားဖူးတယ်နော်။ စူလတီငွေနားနဲ့  ရွှေပါးက နံ့ သာချယ် လှပါပေ့ကွယ် ..ယဉ်ပါပေ့ ကင်းစင်ကွာတယ် အဆင်းအင်္ဂါက အမှန်မလွှဲ  မင်းလှလို့ ဘဲ .. ဆိုတာ) အဲဒီသီချင်းအတိုင်းဘဲ ။

ကျွန်မတို့ မေမေက ကတ္တီပါပိန်းတန်းဖိနပ်လဲစီးတယ် ။ တခါတလေ တရုပ်ပြည်ထွက် ကတ္တီပါကွင်းထိုးကျောက်စီ ရှေ့ ထိုးဦးချွန် ဖိနပ်လေးတွေလဲ စီးတယ်။ သိပ်လှတာဘဲ။ (ခုခေတ်ဖိနပ်တွေ ဆန်းတယ်ဆိုတာ ဘာဟုတ်သေးလို့ လဲ မေမေတို့  ခေတ်ကမှ တကယ် ဆန်းတာပါ။ ဆန်းလဲဆန်းယဉ်လဲ ယဉ်တယ် သိက္ခာလဲရှိတယ်။ ) လည်ပင်းမှာလဲ ရွှေဆွဲကြိုးကြီးတွေက ၂ကုံးသုံးကုံးထပ်ဝတ်တာမှာ အရှည်က ဗိုက်ခေါက်ရောက်တယ်။ လက်မှာလဲ လက်ကောက်တွေ ကတချွင်ချွင်မြည်လို့။ စိန်နားကပ်နဲ့  စိန်လက်စွပ်တွေက တဖြတ်ဖြတ်လက်ခါလို့ ။ ပုဂံညောင်ဦးထွက် ဆွမ်းအုပ်နီနီကြီးပိုက်ထားတဲ့ မေမေဟာ ခုများဓါတ်ပုံရှိနေရင် ရှေးဟောင်းပန်းချီကားတချပ်လို တင့်တယ်လှပနေမှာ ကြက်သရေရှိနေမှာ အမှန်ပါဘဲ။ မေမေတင် ချောတာမဟုတ်ပါဘူး။ကျွန်မတို့ ဖေဖေက ပိုပြီးတောင် ချောသေး ခန့် သေးတာပါ။တိုက်ပုံအင်္ကျီနဲ့  ပုဆိုးနဲ့ ဆိုလဲ ခန့် ။ ရှမ်းဘောင်းဘီ ရှမ်းအင်္ကျီနဲ့ ဆိုလဲ ခန့် ။ သင်္ကန်းဝတ်နဲ့ ဆိုလဲ ခန့်  တကယ့် ၀ါရင့် ဆရာတော်ကြီးများအလား ကြည်ညိုဖွယ်အရမ်းကောင်းနေသေးတာပါ။ (ခုတော့လဲ သက်သေပြစရာ ဓါတ်ပုံတပုံတလေမှ မကျန်အောင် မီးအ၀ါးခံ လိုက်ရလို့  ဘာမှမရှိတော့ပါဘူး။)

ကျွန်မတို့  ခလေးတွေကိုလည်း ဖေဖေ မေမေ တို့လိုဘဲ ၀တ်စားဆင်ယင်ပေးထားတာပါ။ ကျွန်မကိုဆိုရင် ဆံရစ်ဝိုင်းကလေးနဲ့ ။ ပန်းလေးတွေ ဝေနေအောင်ပန်ထားပေးတယ်။ခုခေတ်လူတွေကတော့ ရယ်လိမ့်မယ်။ ဆရာဇော်ဂျီ လား မင်းသုဝဏ်ထင်တယ်။  ကဗျာ တပုဒ်ရှိတယ်။ ဆွမ်းအုပ်နီနီ အမေရွက်လို့  နက်ဖြန်မနက် ကျောင်းထွက်မယ်။ဆိုတာလေ။ ဒါပေမဲ့  ကျွန်မတို့ မေမေက တော့ ခေါင်းပေါ်မရွက်ပါဘူး ။ ရင်မှာပိုက်ထားတာပါ။ဆံထုံးမြင့်မြင့်မှာ ကျောက်စီဆံထိုးတွေ ထိုးထားတာပါ။ အင်္ကျီမှာလဲ ရင်ထိုးတခုက ထိုးထားသေးတာပါ။ ဒါ မေမေမှ မဟုတ်ပါဘူး။ ဘုန်းကြီးကျောင်းလာသမျှ မင်းမိန်းမတွေ အားလုံး သူ့ ခေတ်နဲ့  သူ့ အခါ သူတို့ ယဉ်ကျေးမှုအတိုင်း ကိုယ့်အဆင့်အတန်းကို ဖေါ်ပြရင်း  ၀တ်စားဆင်ယင်တာဘဲ ဖြစ်ပါတယ်။
 ငယ်ငယ်တုံးက အကြောင်းတွေ ပြန်ပြောင်းပြောရမယ်ဆိုရင် ကုန်နိုင်ဖွယ်မရှိပါဘူး။ ဒီလို ပြောပြရတိုင်း  ဖေဖေ မေမေကိုသာ  အလွမ်းတွေ ထပ်ဆင့် ထပ်ဆင့်ပွားပွား နေရတော့တာပါဘဲ ။       ။

ခင်မေသစ်
ဇူလိုင် ၂၄ ။ ၂၀၁၁

3 comments:

ကောင်းမွန်ဝင်း said...

ဖတ်လို့ကောင်းတယ်။

စော(အဝါရောင်မြေ) said...

အမရဲ့  ခေတ်တခေတ်က အဖြစ်အပျက်နှင့် ရေးသားဖော်ပြတာကို ဖတ်ရတာကို မဝနိုင်ဘူး။ အတိတ်ဆိုပေမဲ့ ဒါတွေဟာ သမိုင်းတွေပဲမို့ လား။

မေဓာဝီ said...

ဖတ်လို့ ကောင်းလိုက်တာ ...
စာလေးက ရိုးရိုးလေးပေမဲ့ ဆွဲဆောင်မှုရှိတယ်၊

ဒီစာထဲမှာ အဲဒီအချိန်က ခေတ်ရဲ့ သမိုင်းနောက်ခံ အဖြစ်အပျက်တွေ ပါသလို ၀တ်စားဆင်ယင်မှု ယဉ်ကျေးမှု ဘာသာ သာသနာ ထွန်းကားမှု စတဲ့ အချက်အလက်တွေနဲ့ ချယ်မှုန်းထားတာမို့ စိတ်ဝင်စားစရာ စာလေး တစောင်ပါပဲ။