Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, June 21, 2011

၆. မေမေ့ရဲ့မွေးနေ့မှာ အားလုံးစုံလင်စွာ (အပိုင်း ၂)

မနေ့က...  ညကတည်းက ချက်စရာပြုတ်စရာတွေအတွက် မေမေ့ကို ကူညီပေးပါတယ်။ ခခ နဲ့ မော်စီလည်း တချိန်လုံး ကူညီပေးကြတယ်။ ခခ က သူ့မေမေ သင်ပေးထားတော့ မီးဖိုးချောင်ကိစ္စတွေသိနေခဲ့ပါပြီ။ မီးဖိုချောင်ထဲမှာ အဲဒီမိန်းကလေး ခခက သိပ်ဆရာလုပ်တာပဲ၊ ခခ ခိုင်းတဲံ့အတိုင်းပဲ ဖိုးပလံနဲ့ မော်စီက ကူညီပြင်ဆင်ပေးနေခဲ့ရတာ။

မနက်စောစော မေမေ့ပါးကို အားပါးတရမွှေးလိုက်ပြီး နှုတ်ဆက်လိုက်တယ်။
“မေမေ ရေ ..ပျော်ရွှင်ဖွယ်ရာမွေးနေ့ပါဗျ၊ မေမေ့ကို အထူးမွေးနေ့လက်ဆောင် ဒီနေ့ ပေးမယ်။ မေမေမှတ်မိလား၊ မေမေ့ကို ရွှေပန်းအိုးလေးပေးမယ်ဆိုတာ၊ နတ်သမီးနယ်မြေက သားတို့ လက်ဆောင်ရလာကြတာလေ၊ ချစ်စရာကောင်းတဲ့ သားလေးဖိုးပလံကို အခုလိုပဲ မုန့်တွေများများကျွေး၊ မုန့်ဘိုးများများပေး၊ များများစောင့်ရှောက်နိုင်ပါစေခင်ဗျား”
“ဟုတ်ပါပြီရှင်၊ သားလေး ဖိုးပလံပေးတဲ့ရွှေပန်းအိုးလေး မေမေ လိုချင်လှချည်ရဲ့၊ ခုပဲ မြန်မြန်ပေးပါတော့”  လို့ မေမေက ပြုံးရွှင်စွာပြောပါတယ်။
ဖေဖေကလည်း “မေထားရေ မင်္ဂလာရှိတဲ့ မွေးနေ့ဖြစ်ပါစေဗျား” လို့ ဆိုတယ်။ “အသက်ဘယ်လောက်ပြည့်လည်းတော့ မမေးတော့ပါဘူးကွာ နော့” လို့လည်း စနောက်လိုက်သေးတယ်။

ဖိုးပလံတို့ စောင့်နေခဲ့ကြရတဲ့ မေမေ့ မွေးနေ့ ရောက်လာခဲ့ပါပြီ။ အဘိုရေမွန်ကိုလည်း ဖိုးပလံ သေသေချာချာ ဖိတ်ထားတယ်။ ခခ တို့ မေမေ ဖေဖေလည်း လာကြမယ်ထင်ရဲ့၊ မော်စီ့ဖေဖေတို့ရောပေါ့။ ဖန်ကြောင်တို့ပါ ရောက်လာကြရင် … ဟား ပျော်စရာကြီးနေမှာပဲ။ မနက်ကလည်း ဖိုးပလံ အစောကြီးပဲ အိပ်ရာနိုးတယ်။ နိုးနိုးချင်း ရွှေပန်းအိုးလေးကို သွားကြည့်တာပေါ့။ ပန်းအိုးလေးပတ်လည်မှာ ရွှေရောင်ဖဲကြိုးလေးကို ဖဲပွင့်ပုံစံလေးချည်တယ်။ ခခ မနေ့က ဘယ်လိုချည်ရမယ်ဆိုတာ သေသေချာချာပြပေးသွားတယ်။ ဖိုးပလံရှုးဖိနပ်ကြိုးချည်ရင်
ဖဲပွင့်အနားက တစ်ဘက်တည်း ဖြစ်ဖြစ်နေတတ်လို့ ခခ က အမြဲပြောတယ်။ ဖဲပွင့်အနားနှစ်ဘက် ဘယ်တော့မှ မရပါဘူး။ တစ်ဘက်တည်းဆွဲယူပြီး ချည်တတ်တာမို့ ခခ က သင်ပေးသွားခဲ့တာ။ ရွှေပန်းအိုးထဲက မှော်ပန်းလေးတွေ ဒီနေ့မှပဲ အစွမ်းကုန်ပွင့်လန်းနေကြသလိုပဲ၊ ပန်းရနံ့လေးတွေက မွှေးကြိုင်ပြီး အပွင့်လေးတွေကလန်းလန်းဆန်းဆန်းနဲ့ သန်မာနေလိုက်တာ။
ရွှေရောင်ဖဲကြိုးလေးနဲ့ ရွှေပန်းအိုးလေးကို ဖိုးပလံကြည့်မ၀ဖြစ်နေတော့တယ်။

မေမေ့ မွေးနေ့တွေဆို ဘာမှ အထူးတလည် မလုပ်ဖြစ်ကြပါဘူး။ ဘုန်းကြီး ငါးပါးလောက်အိမ်ကိုပင့်ပြီး ဆွမ်းကပ်တဲ့အခါကပ်တယ်။ ဖေဖေ ဘုန်းကြီးကျောင်းကို ဆွမ်းချိုင့်သွားပို့တဲ့အခါ ပို့တယ်။ အဲဒီလောက်ပါပဲ။ ခုတော့ ဖိုးပလံ ပူဆာတာနဲ့ မေမေက ကလေးတွေ စားချင်တာတွေ ချက်ပေးရှာတယ်။ ကြက်သားပလာတာ၊ ရွှေတောင်ခေါက်ဆွဲ၊ နန်းကြီးသုတ်၊ ကြာဆံချက်၊ မုန့်ဟင်းခါး တွေပြင်ဆင်ထားတယ်။ မုန့်ဟင်းခါးနဲ့ နန်းကြီးသုတ်ပဲ မေမေအိမ်မှာ ချက်တာပါ၊ ကျန်တာတွေက ဆိုင်က ဖေဖေ မှာပေးထားတာ။ အန်တီဆူးတို့ လူသူငယ်လူကြီးတို့ လာရင်တော့ စားတတ်ကြပါ့မလားမသိပါဘူး။ မေမေ့လက်ရာ နန်းကြီးသုတ် က သိပ်ကောင်းတာ၊ သူတို့ စားနိုင်ရင်တော့ တသက်စာ စွဲသွားကြမှာပဲ။ တော်ကြာနေ ရွှေလိမ္မော်မြို့လေးကို ပြောင်းလာကြမှဖြင့်၊ ဖိုးပလံ ပေါက်ကရတွေးရင်း ခုန်ပေါက်မြူးတူးနေပါတယ်။ ဘုန်းကြီးတွေကိုတော့ အာရုံဆွမ်းကပ်တယ်။ ဘုန်းကြီးကြွသွားတာနဲ့ ဖိုးပလံကတော့ ငါးဖယ်ကြော်နိုင်းချင်းနဲ့ နန်းကြီးသုတ် နှစ်ပွဲလောက်တီးပစ်လိုက်တာပဲ။ ဖေဖေက ကြက်သားပလာတာတွေ တစ်ပန်းကန်ကြီးပဲ စားတယ်။ “မေထားရေ .. ကို ၀ယ်လာတဲ့ ကြက်သားပလာတာ ကောင်းတယ်ဟေ့” လို့လည်း မေမေ့ကို လှမ်းပြောလိုက်သေးတယ်။ ဖေဖေက အဲလိုပါပဲ သူလုပ်တာဆို ကောင်းတယ်လို့ သိပ်အပြောခံချင်တာ။

အုပ် .. အုပ် … ၀ုတ်…
ဟော ..
ခခတို့လာကြပြီ။ ခွေးလေး လဲ့ရာပါ ပါလာတာကိုး။
လဲ့ရာက အသံသေးသေးလေးနဲ့ ဟောင်ပါတယ်။ ဖိုးပလံကိုတွေ့တော့ ဖိုးပလံခြေတောက်တွေပေါ် မတ်တပ်ရပ်ပြီးတက်တယ်၊ အမြီးလေးကို မပြတ်လှုပ်ရမ်းပြီး နှုတ်ဆက်ပါတယ်။ ခခ ဖေဖေနဲ့ မေမေ တို့လည်းပါလာကြတယ်။ ဖိုးပလံတို့ ဧည့်ခန်းထဲမှာ နှုတ်ဆက်သံတွေ ဆူညံသွားကြပြီ။ ခခ က မေမေ့အတွက်လက်ဆောင်ဗူးလေးကို ပေးပါတယ်။ မေမေ့ကို ခုပဲ ဖြည်ကြည့်ပါဆိုလို့ မေမေက လက်ဆောင်ဗူးလေးကို ဖြည်ပါတယ်။ ဗူးလေးထဲက ကျောက်ရောင်စုံလေးတွေ စီထားတဲ့ ခေါင်းဘီးလှလှလေးထွက်လာတယ်။ မေမေက “ချစ်စရာကောင်းလိုက်တဲ့ ခေါင်းဘီးလေးကွယ်၊ ကျေးဇူးတင်ပါတယ် ခခလေး” လို့ဆိုတယ်။

နောက်တော့ မော်စီတို့ရောက်လာကြတယ်။ ဖေဖေနဲ့ ခခ ဖေဖေတို့က ဧည်ခန်းထဲက ဆက်တီမှာထိုင်ပြီး စကားလက်ဆုံကြနေကြပြီ။ မော်စီတို့ ဖေဖေနဲ့ မေမေလည်း မေမေ့ကိုနှုတ်ဆက်တယ်။ မော်စီကတော့ မေမေ့အတွက်
မွေးနေ့ကိတ် အကြီးကြီးတစ်လုံး ယူလာတယ်တဲ့။
“အန်တီမေထား စာတွေအများကြီးရေးနိုင်ပါစေ၊ ဟက်ပီးဘာ့သ်ဒေး အန်တီမေထား” လို့ နှုတ်ဆက်တယ်။ ကိတ်မုန့်ကြီးမှာ ဟက်ပီးဘာသ့်ဒေးလို့ စာတမ်းလေးရေးထားသေးတယ်။
ခခက ဖိုးပလံအနားရောက်လာတယ်။
“အန်တီဆူးတို့ ဖန်ကြောင်တို့လည်း ရောက်မလာသေးဘူးနော်၊ သူတို့ကို ငါတို့ အိမ်လိပ်စာလည်း မပြောလိုက်ရဘူး၊ လိပ်စာပဲ မသိလို့များလားပဲ”
“ခခ နင်ဟာလေ၊ ကလေးဦးနှောက်လေးနဲ့၊ သူတို့က မှော်အစွမ်းရှိတဲ့ သူတွေဟ၊ ငါတို့ ဘယ်နေရာမှာလည်း ဆိုတာ သိမှာပေါ့၊ ခုဆို ငါတို့ကိုတောင် ကြည့်ချင်ကြည့်နေကြမှာ၊ နင်လည်း ဖန်ပြာလက်ကောက်လေးဝတ်ထားတာပဲ၊ ဖန်ပြာလက်ကောက်လေး ဘယ်မှာလည်း သူတို့ သိမှာပါဟ”
ခခ က တခစ်ခစ်ရယ်တယ်။
“သိဘူးလေဟယ်၊ ငါက လိပ်စာမပြောလိုက်ရလို့ ရုတ်တရက်စိတ်ပူသွားလို့ပါ… ခစ် ခစ်”
“ဒါနဲ့ စကားမစပ်၊ နင် ငွေရောင်ရှုးဖိနပ်လေးမှ စီးလာရဲ့လားပဲ”
“အစစ်ပေါ့၊ စီးလာတာပေါ့ဟယ်၊ ဟော .. ဟိုမှာ”
ခခက ဖိနပ်စင်မှာ ချွတ်ထားတဲ့ ဖိနပ်လေးကို လှမ်းပြပါတယ်။
“တော်တော်ရှိုးများတဲ့ ခခ”  ဖိုးပလံပြောလည်း ခခ က ခပ်ပြုံးပြုံးပဲ။

အဲဒီအချိန်မှာ လဲ့ရာလေးက အိမ်ရှေ့ကို ပြေးထွက်သွားပြီး ဟောင်နေပါတယ်။ ဖိုးပလံ က လာကြပြီထင်ရဲ့ လို့ တွေးမိလိုက်တယ်။
မော်စီကလည်း ၀ုန်းဆို အိမ်ရှေ့တံခါးပေါက်နား အပြေးသွားကြည့်တယ်။ ဖိုးပလံ မော်စီနဲ့ ခခ တို့ တံခါးဝနားမှာ အလုအယက် တိုးဝှေ့ကြည့်ကြတဲ့အခါ ..
ဟော .. အဘိုးရေမွန်ဟေ့ လို့ ဖိုးပလံက အကျယ်ကြီးပဲ အော်လိုက်ပါတယ်။ ဖိုးပလံအိမ်ရှေ့ကို ခုန်ပေါက်ပြီး ပြေးထွက်ကြိုပါတယ်။
“မင်္ဂလာပါ .. အဘိုးရေမွန်၊ အဘိုးရေမွန် ဒီရက်တွေမှာ အဆင်ပြေရဲ့လားဗျာ” လို့ နှုတ်ဆက်လိုက်တယ်။
အဘိုးရေမွန်က နူးညံ့ချိုသာတဲ့အပြုံးလေးနဲ့ ပြုံးလို့ ..
“အေးကွယ်၊ ဖိုးပလံလေး၊ ရော့ ဒီမှာ ဖိုးပလံမေမေ့ကို အဘိုးရဲ့လက်ဆောင်လေးပေးချည်ပါ” လို့ဆိုတယ်။

“မေမေရေ .. ဟောဒီမှာ သားပြောတဲ့ အဘိုးရေမွန်ပေါ့” လို့ မေမေတို့ကို မိတ်ဆက်ပေးလိုက်ပါတယ်။ မေမေက အံ့သြသွားဟန် မျက်လုံးတွေ ၀ိုင်းစက်သွားပေမဲ့ ၀မ်းသာသွားတဲ့ဟန်မျိုးပဲ၊ မေမေ့ရဲ့ လူရှုပ်လေး ဖိုးပလံက အဘိုးရေမွန်နဲ့ ဘယ်လိုများ မိတ်ဆွေဖြစ်နေလိုက်ပါလိမ့်လို့ တွေးနေမှာပဲ။ ဖေဖေတို့ စကားဝိုင်းကလည်း တိတ်ဆိတ်သွားကြတယ်။ ခခ ဖေဖေ ဦးဧရာက ချက်ချင်းပဲ နေရာက ထလာပြီး အဘိုးရေမွန်ကို ကြိုပါတယ်။ ဦးဧရာက အဘိုးရေမွန်ရဲ့ တီထွင်မှုတွေကို သိပ်လေးစားအားကျတာပေါ့။ ဖေဖေ တို့လည်း အဘိုးရေမွန်ကို ၀မ်းပမ်းတသာကြိုဆိုကြပါတယ်။ မေမေက အဘိုးရေမွန်ရဲ့ မွေးနေ့လက်ဆောင်လေးကို ကြည့်နေတယ်။ အဘိုးရေမွန်လက်ဆောင်လေးက ဘာဂျာသေးသေးလိုပဲ၊ လက်တ၀ါးစာလောက်ပဲရှိမယ်။ မေမေက အသံမြည်တဲ့ ဘာဂျာလေးလို့ ထင်နေတယ်။ အဘိုးရေမွန်က ဆံပင်လေမှုတ်တဲ့စက်လေးလို့ ပြောပါတယ်။ နေရောင်ခြည်နဲ့အလုပ်လုပ်တဲ့ ဆံပင်အခြောက်ခံတဲ့စက်လေးတဲ့။ အသုံးပြုရမယ့် ခလုပ်လေးတွေကိုလည်း အဘိုးရေမွန်ကရှင်းပြတယ်။ မေမေက အလွန်အမင်းကို အံ့အားသင့်နေတာပေါ့၊ “အဲဒါက အဘိုးရေမွန်ရဲ့ တီထွင်မှုတွေထဲက ပိစိကွေးတီထွင်မှုပဲ ရှိပါသေးတယ် မေမေရာ” လို့ ဖိုးပလံက ၀င်ပြောတော့ အဘိုးရေမွန်က တဟားဟားနဲ့ နှစ်နှစ်ခြိုက်ခြိုက်ရယ်မောပါတော့တယ်။

“ဖိုးပလံ.. လုပ်လေဟာ၊ အန်တီမေထားကို လက်ဆောင်ပေးတော့လေ၊ ရွှေပန်းအိုးလေး ထုတ်တော့၊ အဲလောက်လည်း အချိန်မဆွဲနဲ့တော့ ငါ စိတ်မရှည်တော့ဘူး”
မော်စီက  ထအော်ပါတယ်။
“အေး .. သွားပြီဟေ့ စတိုခန်းထဲကို လိုက်ခဲ့ပါဦး၊ မ ပေးကြပါဦးလား”  ဖိုးပလံအော်ရင်း စတိုခန်းရှိရာပြေးထွက်ခဲ့တယ်။
ခခ ရော မော်စီရော တဘုတ်ဘုတ်နဲ့ နောက်က ပြေးလိုက်လာကြပါတယ်။
ထပ်ခိုးပေါ်ကနေ ရွှေပန်းအိုးလေးကို ဂရုတစိုက်အောက်ကို မယူလာခဲ့ကြတယ်။ ပြီးတော့ ဧည့်ခန်းထဲကိုပေါ့။

ဖိုးပလံတို့ သုံးယောက်သား ဧည့်ခန်းထဲကို ရွှေပန်းအိုးလေး မလာကြတဲ့အခါ အားလုံးက စိတ်ဝင်တစားကြည့်နေကြပါတယ်။ ရွှေပန်းအိုးလေးကို ဧည့်ခန်းက ကျွန်းစားပွဲကြီးပေါ်ပဲ သူတို့ တင်လိုက်ကြတယ်။ “မေမေရေ … ဟက်ပီးဘာသ်ဒေး၊ မေမေ့အတွက် အလှပဆုံး မှော်ပန်းလေးတွေပွင့်တဲ့ ရွှေပန်းအိုးလေးပါဗျား” လို့ ဖိုးပလံ ပြောလိုက်ပါတယ်။

“အို .. ဘယ်လိုတဲ့လဲ၊ မှော်ပန်းပွင့်တယ်တဲ့လား၊ ဘယ်လိုမျိုးပါလိမ့်ကွယ်၊ မေမေတွေ့တာတော့ နှင်းဆီပန်းလေးတွေ လှလိုက်တာ၊ အံ့သြစရာ တစ်ပင်ထဲမှာ အရောင်လေးတွေက စုံနေတာပဲ၊ သိပ်လှတာပဲ”
“မေမေက ပန်းရောင်စုံဖြစ်နေတာပဲတွေ့သေးတာနော်၊ ခဏလောက် မေမေစောင့်ကြည့်၊ ဒီ့ထက်ထူးဆန်းတာ မေမေတွေ့ရလိမ့်ဦးမယ်”
“အလိုလေး … ဘာများပါလိမ့်”
မေမေက ရင်ဘတ်ကို လက်နဲ့ ဖိကာ ထိတ်လန့်ဟန်လုပ်ပြတယ်။
ဟော ဟော ..
မေမေ့ ဆီကအသံထွက်လာတယ်။
မေမေရှေ့မှာပဲ နှင်းဆီပန်းလေးတွေကနေ ကျူးလစ်ပန်းလေးတွေ ပြောင်းသွားကြတယ်။ မေမေ က သိပ်ကိုအံ့သြနေတာပေါ့။
“ပန်းလေးတွေပြောင်းသွားတဲ့ပုံစံက ထူးဆန်းလိုက်တာကွယ်။ လှလိုက်တာ။ ပန်းရနံ့လေးတွေ သင်းပျံ့နေတာပဲ”  လို့ မေမေက တဖွဖွပြောနေတော့တယ်။

ဖိုးပလံက မေမေ့ကိုပြောပြနေတုန်း ခခက ဖေဖေတို့ စကားဝိုင်းမှာ လူသူငယ်နတ်သမီးနယ်မြေသွားခဲ့တဲ့အကြောင်းတွေရှင်းပြနေပြီ။
ခခ က ပြောတယ်၊ သူ ရွှေရောင်နီလွင်ပြင်မှာ ဆိုင်ကလုံးဒဏ်မိတာကနေစပြီး လူသူငယ်တိုင်းပြည်ကိုရောက်သွားတာ၊ အရှေ့မိစ္ဆာစုန်းမကြီး သူ့ကြောင့်မတော်တဆ သေသွားပြီး စုန်းမကြီးရဲ့ကျိန်စာက လွတ်သွားကြတာတွေ၊ နောက်တော့ ဖိုးပလံတို့နဲ့ နောက်တစ်ခေါက် ထပ်သွားခဲ့ကြတာ အကုန်လုံးပဲ ပြောပြပါတယ်။ ခခ အပြောကောင်းပဲ၊ ခခ ပြောပြနေတုန်း လူကြီးတွေမှာဆို ရင်သပ်ရှုမောနဲ့ ပါးစပ်တောင်မစေ့နိုင်အောင် အံ့သြနေကြတာပေါ့။

“ဖန်ကြောင်ကလေ ဟောဒီလိုလမ်းလျှောက်တာ၊ သိပ်ဟန်များတာပဲ၊ သိပ်လှတာပဲ၊ အမြီးလေးကဆိုဖန်သားလေး ပြောင်ချောနေတာပေါ့။
မျက်လုံးက စိမ်းစိမ်းဝိုင်းဝိုင်းကြီး ကြည့်လိုက်ရင် ဟောလို ပြူးပြီး” ခခ က ဖန်ကြောင်အတိုင်းပဲ ဟန်ကျပန်ကျလုပ်ပြပါတယ်။ မေမေတို့ဆို မယုံရခက်၊ ယုံရခက်ဖြစ်နေကြတုန်းပဲ။

အဲဒီအချိန်မှာပဲ …
“ဟေ့ ဟေ့ ဘယ်လိုလည်းဟေ့၊ ဖန်ကြောင်က ဘာဖြစ်တယ်၊ ဟန်များတယ် ဟုတ်လား မျက်လုံးကလည်း ပြူးသေးတယ်၊ ဟွန့်၊ ဧည်သည့်ကိုဖိတ်ထားပြီး ဧည့်သည်အကြောင်း အတင်းပြောနေကြသလားဟေ”
အိုး ဖန်ကြောင်ပေါ့၊ ဘယ်ကနေဘယ်လိုပေါ်လာလိုက်မှန်းမသိဘူး၊ ခခက ပြောနေရင်း ပါးစပ်ကိုဝိုင်းလို့ အံ့သြသွားတယ်။
ဟေး .. ဖန်ကြောင်လာတယ်ဟေ့၊ ခခ၊ ဖိုးပလံနဲ့ မော်စီတို့ ပျော်ရွှင်စွာ အော်ဟစ်ကြတယ်။
ဟော အန်တီဆူး၊ လူသူငယ်လူကြီး၊ ဟာ မြောက်အရပ်က အန်တီစုန်းမလည်း ပါတယ်။ ခခ က ပျော်လွန်းလို့ ခုန်ပေါက်နေတာပဲ။
မေမေတို့အားလုံး အံ့အားသင့်ပြီး စကားမဆိုနိုင်ကြတော့ဘူး။

ခဏနေတော့မှ မေမေက အကုန်လုံးကို နှုတ်ဆက်စကားပြောပြီး ကျွေးမွေးဧည့်ခံဖို့ ပြင်ဆင်ထားတဲ့ စားပွဲဆီကို ခေါ်ပါတယ်။ အားလုံးစားပွဲဆီမှာ ထိုင်ကြတယ်။ စကားတွေပြောလိုက်ကြတာ ဖောင်နေတာပါပဲ။ အန်တီဆူးလည်း ပြုံးရွှင်နေတာပဲ၊ ဖိုးပလံတို့ဆီကို လာလည်ရတာ ပျော်ရွှင်ပုံရသားပဲ။ အန်တီဆူးက တလက်လက်တောက်နေတဲ့ နှင်တံလေးနဲ့ စားပွဲပေါ်ဝှေ့ယမ်းလိုက်တဲ့အခါ စားပွဲပေါ်မှာ သစ်သီးမျိုးစုံထည့်ထားတဲ့ သစ်သီးပန်းခြင်းကြီးပေါ်လာတယ်။ လူသူငယ်လူကြီးက ပြောပါတယ်။
“ကျွန်တော်တို့ လူသူငယ်တိုင်းပြည်က အကောင်းတကာ့အကောင်းဆုံးသစ်သီးတွေယူလာခဲ့ပါတယ်။ ဟောဒီခြင်းလေးကိုမဖျက်ဆီးပစ်သရွေ့ သစ်သီးတွေက ပြန်ပြီးပြည့်လာပါလိမ့်မယ်။ ကြိုက်သလောက်ယူစားလို့ရပါတယ်ခင်ဗျား။ ဟောဒီမှာ မှော်ကြည့်မှန်လေးလည်း ယူလာခဲ့ပါတယ်။ မှော်အတတ်တွေစီးဝင်နေတဲ့ ကြည့်မှန်ဖြစ်ပေမဲ့ ထိတ်လန့်ခြောက်ခြားစရာကောင်းတဲ့ မှော်အတတ်မျိုးမဟုတ်ပါဘူး။ ပျော်ရွှင်ကြည်နှုးစရာမှော်ပညာတွေ စီးဝင်နေတဲ့ ကြည့်မှန်လေးအဖြစ် အသုံးပြုနိုင်ပါတယ်။ ကိုယ့်ရဲ့ သူငယ်ချင်းဟောင်းတွေကို စိတ်မှာအာရုံပြုလိုက်တဲ့အခါ သူတို့ကို မြင်တွေ့နိုင်မယ်။ သူတို့ ပျော်ရွှင်ကြည်နှုးနေတဲ့ပုံစံတွေပဲ မြင်ရစေမယ်။ စိတ်မချမ်းမြေ့စရာအဖြစ်အပျက်တွေကိုတော့ ဒီကြည့်မှန်က ပြမှာမဟုတ်ဘူး၊ ကိုယ်သွားချင်တဲ့ နေရာတစ်ခုကို စိတ်နဲ့ တွေးကြည့်လိုက်ရင် ဒီကြည့်မှန်လေးမှာ ပေါ်လာပါလိမ့်မယ်။ ကြည့်မှန်လေးကို ပျော်ပျော်ရွှင်ရွှင်အသုံးပြုနိုင်ပါစေခင်ဗျား၊ ပျော်ရွှင်ဖွယ်ရာမွေးနေ့မင်္ဂလာဖြစ်ပါစေ လူသူငယ်တိုင်းပြည်က နှုတ်ခွန်းဆက်သပါတယ်” လို့ ဆိုတယ်။ လူသူငယ်လူကြီးစကားဆုံးတော့ အားလုံးက လက်ခုပ်တီးပြီး ချီးမြှောက်သြဘာပေးကြတယ်။
“ဟယ် ဖန်ကြောင်လေးရော ခေါ်ပါဦး၊ နွားနို့တိုက်ရအောင်၊ ငါးကြော်တော့မရှိဘူးကွယ်၊ ငါးဖယ်ကြော်တွေတော့ရှိသား။ ခေါ်ပါဦး၊ ဖိုးပလံရေ”
မေမေက ခုမှ ဖန်ကြောင်ကို သတိရသွားတယ်။ ဖိုးပလံတို့ မော်စီတို့ကတော့ တခိခိနဲ့ ရယ်တာပေါ့။
“မေမေ ဖန်ကြောင်က အစာမစားဘူးမေမေရဲ့၊ သူ့မှာ အစာအိမ်မရှိဘူး၊ သူ့ကို မှော်ဆရာကြီးက ဖန်ဆင်းတုန်းက အစာအိမ်မထည့်ထားဘူးတဲ့” ဖိုးပလံက မေမေ့ကို ရှင်းပြလိုက်တယ်။
မေမေက “အို ဖြစ်မှဖြစ်ရလေ” လို့ဆိုပြီး စုတ်တသတ်သတ် ညီးညူပါတယ်။

“မေမေပြောမှ ဖန်ကြောင်သတိရသွားပြီ၊ ဘယ်ရောက်သွားပါလိမ့်”
ဖိုးပလံ .. ဖန်ကြောင်ကို ဧည့်ခန်းထဲမှာ မတွေ့တော့ဘူး၊ ဘယ်ရောက်သွားပါလိမ့်၊ ဟော လဲ့ရာလည်း မတွေ့ဘူး၊ “လဲ့ရာငြိမ်နေပါလား”
လဲ့ရာဆိုတာနဲ့ ခခ လည်း ခေါင်းထောင်လာတယ်။
“မဟုတ်မှ လွဲရော၊ လဲ့ရာနဲ့ ဖန်ကြောင်နဲ့ ရန်များဖြစ်နေပြီလားပဲ ဟီး ဟီး” မော်စီက ခခကို နောက်ပါတယ်။
ခခက အပြေးကြည့်တယ်။ ဖိုးပလံနဲ့ မော်စီတို့လည်း လိုက်ကြတာပဲ။
ဖိုးပလံတို့ ခြံထဲ ဆင်းရှာတော့မှ .. ဖန်ကြောင်က ရေပြင်ညီ ခပ်ဖြောင်ဖြောင့်တန်းနေတဲ့သစ်ကိုင်းပေါ်မှာ၊ ကိုယ်ကိုလိမ်ခေါက်ပြီး လက်နှစ်ဘက်နဲ့ကုတ်ထားတယ်။ ခြေထောက်တစ်ချောင်းကို တွဲလောင်းချထားလိုက်သေးတယ်။ အမြီးပြောင်ချောချောလေးကလည်း ဘယ်ညာ ဝှေ့ယမ်းနေလိုက်တာ။ လဲ့ရာက အောက်ကနေ ဖန်ကြောင်အမြီးလေးကို ခုန်ခုန်ပြီး အနံ့ခံနေတယ်။ ဖန်ကြောင့် မျက်နှာက မအီမသာနဲ့၊ မျက်လုံးနှစ်ဘက်ကိုမှေးစဉ်းပြီး လဲ့ရာလှုပ်ရှားသမျှကို စက္ကန့်မလပ်လိုက်ကြည့်နေတာပေါ့။

“ကျုပ်က နားအေးပါးအေးနေတတ်တဲ့ကောင်စားမျိုး၊ စကားသံတွေညံလာပြီဆိုရင်ကို စိတ်ပျက်တာ၊ ကျုပ်ဟာကျုပ် ဒီမှာ အေးအေးလူလူလာနေတာ၊ ဒီ စုတ်ဖွားဖွားကောင်စားလေးက အနှောင့်အယှက်လာပေးနေတယ်ဟေ့၊ စုတ်ဖွားကို ခေါ်သွားမလား ကျုပ် အိမ်ထဲဝင်ရမလား”

“လဲ့ရာကို အိမ်ထဲခေါ်သွားပါမယ်ရှင်၊ သက်သက်သာသာနေပါ” ခခ က ရယ်သွမ်းသွေးပြီးပြောပါတယ်။
အဘိုးရေမွန် ခြံထဲဆင်းလာတယ်။ ဖိုးပလံတို့ အားလုံး ခြံထဲက သရက်ပင်အောက်က ကွတ်ပျစ်လေးမှာ ၀ိုင်းဖွဲ့ထိုင်လိုက်ကြတယ်။ အဘိုးရေမွန်က ဂြိုဟ်တွေ၊ ကြယ်တွေ၊ နက္ခတ်တာရာတွေအကြောင်းပြောပြပါတယ်။ အဘိုးရေမွန်ရဲ့လောလောဆယ်တီထွင်ထားတဲ့ “ကြယ်တလျှောက်”ယာဉ်ပျံလေးအကြောင်းလည်းပါတယ်။ ဖိုးပလံတို့လိုက်ချင်တယ်ဆို အဘိုးရေမွန်က ယာဉ်ပျံအသစ်လေးနဲ့ ခရီးစဉ်အသစ်မှာ လိုက်ခဲ့ကြဖို့ ခေါ်ပါတယ်။ ဖိုးပလံတို့ နွေကျောင်းပိတ်တဲ့ အခါ အဘိုးရေမွန်ရဲ့ “ကြယ်တလျှောက်ခရီးစဉ်”စမယ်လို့ အဘိုးရေမွန်က သေသေချာချာပြောတယ်။ မော်စီက “အဘိုးရေမွန်… ကျွန်တော်လည်းပါတယ်နော် .. ပါတယ်နော်” လို့ အဘိုးရေမွန်ကို ထပ်ခါတလဲလဲမေးပါတယ်။ ခခ က လည်း .. “အဘိုးရေမွန် ခခ ကိုလည်းခေါ်ပါနော်” လို့ ပူဆာပြန်တယ်။ အိမ်မကြီးဘက်က ရယ်မောသံတွေ လျှံတက်လာတယ်။ လူကြီးဝိုင်းကလည်း စိုပြေနေကြပုံပဲ။ ခခပါ ပျော်ရွှင်စွာ လိုက်ရယ်မောရင်း အိမ်မကြီးရဲ့ဘေးဘက်ဆီကို အကြည့်ရွှေ့လိုက်မိတယ်။ အမှန်က အရိပ်လိုလို ဖြတ်ကနဲ ပြေးသွားတဲ့ဟန်မြင်လိုက်လို့ပါ။ ခခ ကျောထဲမှာ အေးကနဲ၊ စိမ့်ကနဲ တုန်သွားမိတယ်။
ခခ မြင်လိုက်တာက လိမ္မော်ရောင်နဲ့ အစိမ်းရောင် ခြေအိတ်အစင်းကြားနဲ့ ခြေထောက်တစ်စုံ၊ ခခရဲ့ ငွေရောင်ရှုးဖိနပ်လေးစီးထားရက်သား၊ သူများလား၊ သူတကယ်ပဲ ပြန်လာတာလား၊ သူ တကယ်ပဲ ငွေရောင်ရှုးဖိနပ်လေး ပြန်ယူတော့မတဲ့လား။
နေရောင်အလင်းစတချို့နဲ့ အတွေ့မှာ ငွေရောင်ရှုးဖိနပ်လေးဆီက အလင်းတွေ ဖြတ်ကနဲ လက်သွားတယ်။
ခခ .. မယုံကြည်နိုင်လောက်အောင်ပဲ ထိတ်လန့်သွားတော့တယ်။       ။

3 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

နာမည်လေးတွေက ချစ်စရာရယ် ပြီးတော့လည်း ပျော်စရာကြီး
သူတို့လို ပျော်ပျော်ပါးပါး နေချင်တယ်။
ပျော်စရာလေး ဖန်တီးပေးတဲ့ဖြိုးကို ကျေးဇူးတင်တယ်

ချစ်တဲ့

မချော

...အလင်းစက်များ said...

ဖန်ကြောင်တို့  ဇတ်လမ်းပဲ... ဆက်မရေးတော့ဘူးတောင် ထင်နေတာ။ ရွှေပန်းအိုးလေး မြစ်ထဲက ယူသွားပြီးတော့ မွေးနေပွဲ မလုပ်ပဲ ပြီးသွားတယ်လို့ တွက်တာ။ ခုတော့ အဆက်လေးဖတ်လိုက်၇တယ်... ကောင်းတယ် အစ်မဖြိုး။ လိမ်မော်ရောင်အစိမ်းကျားခြေအိပ်ပိုင်ရှင်က ဘယ်သူပါလိမ့် အရင် အဆက်တွေထဲက ပြန်လှန်ဖတ်လို့  မလွယ်တော့ဘူး (ကော်နက်ရှင်ကြောင့်လေအစ်မ) ... နောက်တစ်ပိုင်းကျမှပဲ ဆက်ဖတ်ကြည့်တော့မယ်...

ကျန်းမာပါစေအစ်မဖြိုး

jasmine(တောင်ကြီး) said...

မေမေဆိုလို့စိတ်ဝင်စားသွားတယ်
ကျွန်မလဲမေမေမေနဲ့နှစ်ယောက်ထဲရှိလို့ပါ။
ရွှေပန်းအိုးလေးကိုလဲ...စိတ်ဝင်စားပါတယ်
ဖြိုးရေ...
ချမ်းမြေ့ပါစေ။