Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, May 07, 2011

မေမေရေးတဲ့ “အမေ့အကြောင်း”

အမေ့ကိုလဲ လွမ်းပါတယ်...

ကျမ အဖေ့ကို လွမ်းလိုက်တာ လို့ ပြောမိတော့ အမေ့ကို မလွမ်းရာကျနေ မစိုးလို့ ခုပဲ လွမ်းလိုက်ပါတော့မယ်..။ တကယ်လဲ အမေ့ကိုလွမ်းထိုက်ပါတယ်။

အမေက ကျမတို့ မောင်နှမ ၃ ယောက်စလုံးကို စာပေ၀ါသနာအထုံပါအောင် မျိုးစေ့ချပေးခဲ့တာမို့လား။
ဟုတ်ပါတယ်။မေမေက အလွန်စာဖတ်ဝါသနာကြီးးသူဖြစ်ပီးတော့ ..ဖတ်လိုက်ရင်လဲ ပေါ့ပေါ့တန်တန် ထဲက မဟုတ်ပဲ ..ဇတ်နိပါတ် ဒီပနီ စတဲ့  ဘာသာရေး စာအုပ်တွေဆိုတော့ ကျမတို့  မောင်နှမ ၃ယောက်ကလဲ ငယ်ငယ်ကတည်းက စာကြီး ပေကြီး တွေနဲ့  ရင်းနှီးနေတာပေါ့ ။ အမေ က ပရိတ်ကြီး ၁၁ သုတ်၊ ပဋ္ဌာန်းတရားတော် နဲ့  ဘုရားရှိခိုးအမျိုးမျိုးကို အာဂုံ ဆောင်နီုင်သူဖြစ်ပါတယ် ။ပရိတ် တမျိုးစီရဲ့  ဖြစ်စဉ်ကိုပါ ပုံပြင်သဖွယ် စုံစုံလင်လင် ပြောပြတတ်ပါတယ်။ ဥပမာ ..၀ဋ်ဋသုတ် ဆိုရင် အတောင်မပေါက်သေးတဲ့  ဘုရားလောင်း ငုံးမင်း မိခင်ဘခင်တွေနဲ့  ကွဲကွာသွားရာမှာ သစ္စာတန်ခိုးကြောင့် တောမီးကပင် ရှောင်ကွင်းသွားရပုံကို နားထောင်ချင့်စဖွယ် တခန်းတနား ပြောပြတတ်တာပါ။ ကျမဖြင့် ငုံးကလေးကို သနားလွန်းလို့  မျက် ရည်တွေ ဝေ့၀ဲကျလာတော့တာပဲ။ အင်္ဂုလိမာလသုတ်ဆိုရင်လဲ လူဆိုးကြီး သူ့ အမေနောက် အပြေးလိုက်ပုံသရုပ်ဖေါ်ပြောပြတာကိုက ကျမတို့  မျက်စိထဲ ကွက်ကွက်ကွင်းကွင်း မြင် လာတော့တာလေ။

ဟေး..လိုက်ဟ ..လိုက်ဟ...ဒိန်း ..ဒိန်း ဒိန်း..ဒိန်း..လိုက်ဟ..လိုက်ဟ .ဒိန်း..ဒိန်း.. လို့ အသံထည့်ပြောလိုက်ရင်ပဲ တခါထဲ ကျမတို့ မောင်နှမတတွေ ထပြေးရမလို ။ တကယ်ပဲ ယောင်မှားကုန်ကြရတယ်။ သိဝိဘုရင် ဥမ္မာဒန္ဒီကိုမြင်ပီး ရူးသွတ်သွားပုံကိုလဲ
သရုပ်ဖေါ်ကောင်းလိုက်တာု မပြောပါနဲ့ တော့  ။ ကျမတို့ အားလုံး ရူးချင်လာတော့တာပဲ ။
သီချင်းလေးပါ အမေက ဆိုပြတာပါ။

“မယ်ဥမ္မာ လှပျိုမကိုဋ်ရဲ့  ..ငါ့ကိုကြိုက်မလားကွဲ့  ..မေးစမ်းချင် ...မေးစမ်းချင် ... “
“မတော်တာဘုရား...အရှင်..သတိထား... နားကလဲ မကြားချင် မကြားချင် “ တဲ့ ။ အမေ့အသံက အထဲသံ လေး။ ခပ်အုပ်အုပ် ဆိုတာပါ ၊မေရှင့် အသံမျိုးလို့  ပြောရမှာဖြစ်ပေမဲ့  ။မေရှင့်လိုတော့ ဘယ်မှာ ပါရမီ ရှိမလဲ ။ မေမေ ဒီလိုဆိုပြတော့ .ဥမ္မာဒန္ဒီပုံရိပ်က ကျမတို့မျက်စိရှေ့  ကွင်းကနဲ ကွက်ကနဲ ပေါ်လာပြန်ရော။ ဥမ္မာဒန္ဒီ ပန်းကြဲ တော့လဲ မေမေ က ပန်းကြဲဟန်ကလေး လုပ်ပြသေးတာ။ကျမအပေါ် ပန်းတွေ ကျလာမလားဆိုပီး ရှောင်မိ တိမ်းမိလိုက်သေးရဲ့  ။ ဖေဖေကလေ အမေမို့ ပုံပြောရင် အနားမှာလာပီး အမေ့ကို ကြည့်ကြည့်ပီး ပြုံးစိ ပြုံးစိနဲ့ ။ စိတ်ပုတီးကလဲ တဂျောက်ဂျောက်စိပ်လို့ ။

အမေက ဖြူဖြူ ပုပု နူးနူးညံ့ညံ့ သိမ်သိမ်မွေ့ မွေ့ ကလေးပါ ။ ဆံပင်၏ ကောင်းခြင်း ၊ မျက်စိ၏ကောင်းခြင်း ၊ သွား၏ကောင်းခြင်း။ အသားအရေ၏ကောင်းခြင်း စတဲ့  လက္ခဏာတွေနဲ့ ပြည်စုံပါတယ်။သေတဲ့ အထိ ဆံပင်မဖြူပါဘူး။ယိုင်တာ နဲ့ တာ ရှိပေမဲ့  ပုံပျက်ပန်းပျက် သွားကျိုးခြင်းမရှိပါဘူး။ သွားဆရာဝန်နဲ့ ပြသရတာ ကုသရတာ တခါမှ မရှိဘူး။မျက်မှန်လဲ မတတ်ရဘူး။ တသက်နဲ့ တကိုယ် ဆေးမထိုးဖူးဘူး။( ကျောက်ဆေး ပလိပ်ဆေး ထိုးရတာတော့ရှိတာပေါ့။ အမေတို့ ခေတ်က ကာကွယ်ဆေး အဖြစ် လူတိုင်းအထိုးခံရပါတယ်။ကျောက်ဆေးက ထွန်သွားလိုမျိုး ခြစ်နဲ့  အရေပြားကို ခြစ်ပါတယ်။) ဖျားရင် နာရင်လဲ တိုင်းရင်းဆေးပဲ သုံးပါတယ်။ကျမတို့  အဖိုး အမေ့ အဖေက ဆေးဆရာ အမည်မပေါက်ပေမဲ့  မိသားစု ဆရာဝန်လိုမျိုး အားကိုးရတယ် လို့ဆိုပါတယ်။ အမေကိုယ်တိုင်လဲ ဗမာဆေးကို အတော်အသင့်နားလည်ပီး သူတပါးကိုပါ ဆေးနည်းပေးတတ်ပေမဲ့  ဆေးကုတာမျိုးတော့မလုပ်ဘူး။ ဒါပေမဲ့  အရပ်ထဲ က ခလေးတွေ ( လူကြီးတွေလဲ ပါပါတယ် ။) ခွေးကိုက်ခံရရင် အနာပေါ်ကို သစ်ခက် သစ်ရွက်တွေ အုံပေးပီး မန်းမှုတ်ပေးတာမျိုးရှိတယ်။ ၂ရက် ၃ရက်နေတော့ ပျောက်သွားတာပဲ။

အဖေ့ ချေသလုံးကို ဓါးပြတွေ လှံနဲ့ ဆွတော့ ရတဲ့  ဒါဏ်ရာကိုတောင် ဘာဆေးမှ မရှိပဲ သစ်ရွက်တွေအုံပေးပီး သစ္စာတန်ခိုးနဲ့ ပျောက်ခဲ့ တယ် လို့  အမေက မကြာခဏ ပြောပြောပြတယ်။ ကျမက လွယ်လွယ်မယုံတတ်တော့ သြဇာလေးနက် ၊ ပေါ်ဆီတက်က ။ နွယ်မြက်သစ်ပင် ၊ ဆေးဘက်ဝင် ဆိုတဲ့  စာလေးကို ရွတ်ပီး အဓိပ္ဖါယ်ကို ရှင်း ပြပါတယ်။ ဆန်းတော့အဆန်းသား။
မယုံလို့ လဲ မဖြစ်၊ မျက်စိအောက်မှာတင် ပျောက် ပျောက်ကုန်တာ ဆိုတော့ ....။

ကျမတို့ အမေ့ဘက်က အဖိုးအဖွားတွေက လယ်တီဆရာတော်ဘုရားကြီးနဲ့  အနီးစပ်ဆုံး ပါ။ သားကြီး ငါးကြီးမစားပါဘူး။ ဟင်းသီးဟင်းရွက် နဲ့  သီးနှံများကိုပဲ အားထားစားသုံးပါတယ်။ ဘိုးစဉ်ဘောင်ဆက် လယ်တီဆရာတော်ဘုရားကြီးရဲ့  အဆုံးအမကို ခံယူပီးတော့ ကျမတို့ လဲ အလားတူ သားကြီးငါးကြီး ရှောင်ပါတယ်။ လပြည့်လကွယ်များမှာ ကျမတို့ အဖိုးအဖွားများက ဆရာတော်ကြီးဆီ ဆွမ်းပို့ သွားတော့ ..” မောင်ရွှေဝ ဘာဟင်းလဲကွဲ့ ” လို့  မေးရင် အဖိုးက “ ချဉ်ပေါင်ဟင်း၊ ပဲနှပ် နဲ့  ငရုပ်သီးကြော် ပါဘုရား “ လျှောက်သတဲ့ ။ ဒီတော့ ဆရာတော်ကြီးက “ တကာကြီး
ဆွမ်းအုပ် ရှေ့ တိုးကပ် “ လို့  မိန့် သတဲ့ ။ ဦးရွှေဝ ဆွမ်းအုပ်ကို ဆရာတော်ကြီး သဘောကျပုံမေမေက ပြောမပီးတော့ဘူး။ ကြက်သားဆီပြန် ပါဘုရား ၊ ၀က်သားအချိုချက်ပါဘုရား ဆိုတဲ့  ဆွမ်းချိုင့်ရှင်တွေ မျက်နှာကောင်း မရရှာကြဘူး ... တဲ့ ။

ဒါပေမဲ့  ဖေဖေက ၀က်သားအလွန်ကြိုက်တာပါ။ မေမေက ၀က်သားဆို အလွန် ရွံ၊ မေမေ့ကို အားနာပီး မစားရှာဘူး။ အချက်လဲ မခိုင်းဘူး။ အရမ်းငဲ့ ညှာတယ်။ တူမတွေချက်ပို့ တဲ့  ၀က်သားဟင်းကိုတောင် အမေ့ရှေ့ မှာ မစားဘူး။ အမေကပဲ ဖေဖေ စိတ်ဖြောင့်ဖြောင့်စားရအောင် အလိုက်တသိ ရှောင်ပေးရှာတယ် ။ များသောအားဖြင့် ဖေဖေက .. မေမေချက်ပေးတဲ့  ဟင်းနဲ့ပဲ မြိန်ရေ ယှက်ရေ စားလေ့ရှိပါတယ်။ ဂျီးမထူပါဘူး။ အမေကလေ...ပုဇွန်ခြောက် ငါးရန့်ခြောက် ဒုံးခြောက်(ပုဇွန်ထုပ်အခြောက် ) ငဖယ်အောင်းငပိကောင် ဆို အသေကြိုက် ။ငါးအစို မစားရဲပါဘူး။ ချဉ်ပေါင်ဟင်းနဲ့  ပဲကြီးနှပ် ငရုပ်သီးကြော် ပီး ငါးရန့်ခြောက်ကင် နာနာထု နှမ်းဆီ ရွှဲရွှဲဆမ်း ပေးရင် အဖေက အရမ်းကြိုက် ပလုပ်ပလောင်းကို စားတော့တာပါပဲ။ ဟင်းတွေ အများကြီး ဟိုစပ်စပ် ဒီစပ်စပ် မစားဘူး။ဟင်းကောင်းတခွက်နဲ့  လိုက်မဲ့ ဟာပဲ စားပီး အသီးအရွက်ကလေးကတော့ အရံ အမြဲပါတာပေါ့။

ထမင်းကိုလဲ ပူပူနွေးနွေးမှစားကြတာ။ ထမင်းစားချိန်ကိုလဲ ပုံမှန် သတ်မှတ်ထားပီး မိသားစု ၀ိုင်းစားကြတယ်။ ပြောရအုံးမယ်။ မေမေ ပေါ့။ သားငါးမစားတာ ထားပါတော့ ၊ လ္ဘက်မစားတာ ၊ လ္ဘက်မကြိုက်တာကို ကျမ ခုထိ နားမလည်ဘူး။ အနံ့ တောင် မခံနိုင်တော့ ထမင်းစားပီးတိုင်း လ္ဘက်တရိုးလောက် မြုံ့ ချင်တဲ့  ဖေဖေက မေမေ့ညီမတွေ ပြင်ပေးတဲ့  လ္ဘက်အုပ်ကလေးဆွဲပီး မေမေနဲ့  ဝေးရာမှာ သွားစားရှာတယ်။ လ္ဘက်စားရင် အကြော်အလှော်တွေ အစုံမစားပါဘူး။ နှမ်းလှော် ကြွပ်ကြွပ် ကြက်သွန်ကြော် ကြွပ်ကြွပ် ရယ် ပုဇွန်ခြောက် ကြပ်တင် ရဲရဲကလေးရယ်ပဲစားတာပါ။

ဖေဖေက မေမေ့ကို ကြောက်လို့ မစားရဲတာ မဟုတ်ပါဘူး။မှန်မှန်ကန်ကန်သာနေ ဘယ်သူ့ ဘယ်သူမှ မကြောက် ရပါဘူး။ အမေက အဖေ့ထက် ၇နှစ်ငယ်တော့ အလိုလိုက်တာ ကြင်နာတာလဲ ပါမှာပေါ့။
ဘာသာတရားက ကိုယ်ချင်းစာနာရမယ် သူတပါးကို ငဲ့ညှာရမယ်လို့  ဆုံးမတာကြောင့် လက်တွေ့  လိုက်နာ ကျင့်သုံးတယ်လို့ ဆိုရမှာပါ။ အဲဒါနဲ့  မေမေက သူ့  သားတွေ ရှင်ပြုတော့ သံဃာတော်တွေကို လ္ဘက်ခြင်းလုံးလှူ သတဲ့ ။ ကျမတို့  အကိုတွေ ရှင်ပြုတော့ အဖေက ဒုလ္လဘရဟန်းခံတာကို “အဖေ့ကိုလွမ်းလိုက်တာ” ထဲမှာ မပြောပြလိုက်ရပါဘူး။ ခုမှ မျက်စိထဲ ပေါ်လာပါတယ်။

အဖေ က အရပ်အမောင်းကောင်းကောင်းဆိုတော့ သင်္ကန်းဝတ်ကြီးနဲ့  လိုက်ဘက်တင့်လွန်းလို့  လူတွေက တကယ့် ထေကြီး ၀ါကြီးလားတောင် ထင်မှတ်ကြတယ် တဲ့ ။ သပိတ်ပိုက်ပီး ရိုက်ထားတဲ့  ဓါတ်ပုံက သိပ်ကြည်ညို ဖို့ ကောင်းပါတယ်။ မုံရွာမြို့ ကို မီးလောင်တော့ ဖေဖေတို့အိမ်လဲ မီးထဲ ပါကုန်တာကြောင့် ဘာမှ ပြစရာ မရှိတော့ဘူး ။ ကျမဖြင့် နှမြောလွန်းလို့ ငိုပဲ ငိုနေမိတယ်။ မိသားစု ငါးယောက် အလှူမှာ ရိုက်တဲ့ ဓါတ်ပုံတောင်မှ အကို ဗေဒါ ရန်ကုန် ကျောင်းသွားတက်တော့ အမှတ်တရ ယူသွားတာမို့  တပုံတည်း ကျန်နေရစ်တာပါ။ မေမေကလေ သူတို့  ဒီလို မီးဘေးသင့်ခံရ တာကို ရှေးဘ၀ ၀ဋ်ကြွေးရှိလို့  ပေးဆပ်ရတာပဲ လို့  စိတ်ကိုဖြေနိုင်ခဲ့ ပါတယ်။ စစ်အတွင်းမှာလဲ ကျမတို့ ရဲ့  ရဲတိုက်ကြီး ကို မီးဘေး ၂ကြိမ် သင့်ခဲ့ သေးတာ မို့ လား။

မေမေ တို့ အိမ် မီးသင့်လောင်ကျွမ်းသွားရာမှာ အိမ်တွင်းစာကြည့်တိုက်လို့  ကျမတို့  အကိုများ အမည်ပေးထားတဲ့  စာအုပ်ဘီဒို ၂ခုလဲ ပါသွားတာပေါ့် ။ တခုက မေမေ့ ဘာသာရေးစာအုပ်များ ထားသိုရာဘီဒိုလေးတလုံးနဲ့  အကိုကြည်ရှင် စုဆောင်းထားတဲ့  စစ်အတွင်းက ထုတ်ဝေသမျှ ဂျာနယ် စာစောင် မဂ္ဂဇင်းနဲ့  နဂါးနီတိုက်ထုတ် စာအုပ်တွေ အေ၀မ်းရုပ်ရှင် ၊ဗြတိသျှဘားမားရုပ်ရှင်က ထုတ်ဝေတဲ့ စာစောင်တွေ ရှုမ၀ မြ၀တီ သွေးသောက် နဲ့  စာဆိုတော် ၊ပန်းသာမစာဥ ။ အမေလေး ၊ စစ်ထွက်သူ ၊ ရူပကလျာဏီ ။ရူပနန္ဒီ စတဲ့  လုံးချင်းဝတ္ထုစာအုပ်တွေ စစ်အတွင်း သတင်းစာ အမျိုးမျိုး လယ်တီဦးမောင်ကြီးရဲ့  ၀တ္ထုစာအုပ်အမျိုးမျိုး ထည့်သိမ်းတဲ့ ဘီဒိုလေးတွေ လဲ ပါကုန်တာမို့  ဘာမှ အစားထိုးနိုင်ခြင်းမရှိတော့ပါ။ စာအုပ်ဆို ဘာမှ မကျန်တော့တာပါ။

မေမေ့ စာအုပ်ဘီဒိုလေးက ၃ပေ x၅ပေခွဲ လောက်ပဲ ရှိပေမဲ့  အပေါ်ဆုံး နေရာမှာ ကျောက်ဖြူသား ဗုဒ္မဆင်းတုတော်မြတ် ကိန်းဝပ်ရာ  ကျောင်းဆောင်တခုပါရှိပါတယ်။ကျောင်းဆောင်က ဘီဒိုနဲ့  တဆက်တည်းပြုလုပ်ထားတာဖြစ်ပါတယ်။ခြင်္သေ့ ၄ ကောင်ခံပါတယ်။ နဂါး
၂ ကောင်ရံပါတယ် ။ အိမ်တွင်းပိဋကတ်တိုက်သဖွယ် ဗုဒ္မ ကျမ်းစာအုပ်များဖြင့် ပြည့်ညှပ်နေတာပါ။ ဇိနတ္ထပကာသနီ ၊ ၀ံသမေဒ ပကာသနီ ၊တထာကထဥဒါနဒီပနီ စတဲ့  လယ်တီ ဒီပနီများ။ ဓမ္မပဒ ၊ မိလိဥ္ဒ ၊ အခြားဘာသာရေးစာအုပ်များ မျိုးစုံ ရှိပါတယ်။ အနက်ရောင်အေက်ခံမှာ ရွှေစာလုံးမျာနဲ့ စာအုပ်အမည်ရေးထားပီး စာအုပ်အားလုံးရဲ့  အနှောင့်တွေမှာ မိသားစု ၅ ယောက်ရဲ့  ကောင်းမှု အမည်နာမတွေကိဲုရွှေစာလုံးထွင်း ရေးထိုး ထားပါတယ်။ကျမဖြင့် ဒီလိုစာကြီးပေကြီးတွေနဲ့  ငယ်ရွယ်စဉ်ကာလမှာ့  ရင်းနှီး တွေထိခွင့် ရတဲ့ အတွက်
အမေ့ကို ကျေးဇူး အထူး တင်မိပါတယ်။ အမေ့သမီးဖြစ်ရတာကို ဂုဏ်ယူ မဆုံး တော့ပါဘူး။ ကျမ ခရစ်ယန်သာသနာပြု ကျောင်းမှာ ကျောင်းနေခဲ့ပေမဲ့ မေမေ့ ကျေးဇူးကြောင့် ခရစ်ယန်တယောက်မဖြစ်ခဲ့ တာပါ။ ဗုဒ္မရဲ့  အဆုံးအမများက ကျမရင်ထဲမှာ စူးဝင် ကိန်အောင်းနေပါ ပီ။ မေမေက ကျမတို့ ကို ဥပုဒ်နေ့ တိုင်း ဘုရားကျောင်းကန် သွားဖို့ ၊အနည်းဆုံး သီလငါးပါးကို လုံအောင်ထိန်းနိုင်ဖို့  ငယ်ကတည်းက အလေ့အကျင့်လုပ်ပေးခဲ့ တာပါ။
“ဆွမ်းအုပ်နီနီ အမေရွက်လို့  နက်ဖြန်မနက် ကျောင်းထွက်မယ် “ ဆိုတဲ့  ကဗျာဟာ စာရွက်ပေါ်မှာသာရှိတာ မဟုတ်ပါဘူး။ တကယ့် ဘ၀မှာ ဖြစ်နေတာကို ဆရာကြီး” မင်းသုဝဏ်” က ရေးဖွဲ့ ထားခြင်းပါ။ မေမေက ပုဝါရှည်ကြီး စုံချလို့  စိပ်ပုတီးလည်မှာဆွဲလို့ ဆွမ်းအုပ်နီနီ ရင်ခွင်ပိုက်လို့  တကယ်ပဲ ကျောင်းထွက်ခဲ့ တာပါ။ ကျမတို့  မောင်နှမ ၃ယောက်က မျောက် ၃ကောင်ပေါ့။  ဒါပေမဲ့  အကိုကြည်ရှင်ကတော့ လူပျိုပေါက်လေးမို့  အတော် တည်ငြိမ်နေပါပီ။မှတ်မိသ၍ ပြောပြရခြင်းပါ။ သူက ကျမထက် ၈ နှစ်ကြီးပီး
အကို ဗေဒါက၄နှစ်ကြီးတာကိုး။  မေမေကလေ အရောင်းအ၀ယ်တဘက်နဲ့  စာတွေကို မလွတ်တမ်းဖတ်နိုင်တာ ကျမ တကယ်ပဲ အံ့သြမိပါတယ်။ မေမေက
“ နိစ္စကမ္မ ၊ သဖ္ဘတ္ထနှင့် ၊ ကိစ္စပြီးချေ၊ ရှိတုံချေ မူ ။
စာပေကျမ်းဂနု၊ အတန်တန်ကို ၊ ဖန်ဖန်ဖွေရှာ ။
သင့်လျော်ရာသား ။ဓမ္မာရဿ၊ သောက်သုံးမှတည့်။” လို့  ရွတ်ပြပါတယ်။
မှတ်ဖွယ်မှတ်ရာ ။ ထိုထို စာကို ၊ အိမ်တွင်မပြတ် ၊ နေ့  တိုင်းဖတ် လို့ လဲ လမ်းညွန်ပါတယ်။ မေမေက ယက္ကန်းလဲ ယက်တတ်ပါတယ်။ အပ်ချုပ်စက်လဲ ချုပ်တတ်ပါတယ်။ ဇာထိုးပန်းထိုးလဲ တတ်တာမို့  မေမေ့အိမ်မှာဆို စာပွဲခင်း မွေ့ ယာအစွပ် ၊ခေါင်းအုံးအစွပ် ကုလားထိုင်အစွပ်ကစလို့  အားလုံးမေမေ့ လက်ရာ ဇာနားတွေနဲ့ ချည်ပါပဲ ။ ရှေးတုံးက အဖိုးများအဖွားများ စည်း စနစ်ကျတာတော့
မပြောနဲ့တော့ ။သမီး ၇ ယောက်ကို ပညာ မျိုးစုံ ပေးခဲ့ ကြတာပါ။ ဒီကြားထဲက ဒီလောက်များပြားလှတဲ့စာတွေ ဖတ်နိုင်ခဲ့ တဲ့ အမေ့ကိုကျမ လက်ဖျားခါမိတော့တယ်။

ဒီဘက်ခေတ် ရန်ကုန်ရောက်တော့လဲ ဆရာကြီး “ပါရဂူ” နဲ့ ” ဆရာ လေးမြိုင် “ လက်ဆောင်ပေးတဲ့  စာအုပ်တိုင်းလိုလို မေမေက မလွတ်တမ်းဖတ်ခဲ့ တာပါ ။ အကိုကြည်ရှင်နဲ့ က မိတ်ဆွေတွေ လုပ်ဖေါ်ကိုင်ဘက်တွေကိုး ။ စာရေးဆရာပေါင်းစုံထံက စာအုပ်တွေ ရတော့လဲ ..မေမေလက်ထဲ ရောက်တာပဲ။ အကိုကြည်ရှင်က ပထမ မြ၀တီမဂ္ဂဇင်းမှာ အယ်ဒီတာပါ။ အသံလွှင့်ရုံရောက်တော့လဲ စာအုပ်စင်ကဏ္ဍကို တာဝန်ယူရတော့ စာရေးဆရာတွေက စာအုပ် ၂အုပ် ၂အုပ်အမြဲတမ်း ပေးပါတယ်။ အကို့ အတွက် ကိုယ်ပိုင်တအုပ်နဲ့  အသံလွှင်းဋ္ဌာနအတွက် တအုပ် ဆိုတော့ ။အကိုက သူ့ အတွက် ရတဲ့  စာအုပ်ကို မေမေဖတ်ရန် ကန်တော့ပါသည် လို့ 
စာအုပ်မှာ လက်မှတ်ရေးထိုးပီးပေးလေ့ရှိတယ်။ စာပေနဲ့  ဒါနပြုတာပါ။ ကျေးဇူးဆပ်နည်းတမျိုးပေါ့။ စာအုပ်လေးများ အကိုပေးရင် ပြုံးပြုံး ပြုံးပြုံး နဲ့  အားရ၀မ်းသာ ဖတ်တော့တာပဲ။ နေ့ မဆိုင်းဘူး။ ချက်ခြင်းလှန်လှောဖတ်တော့တာ။ အချိန်မရသေးဘူးဆိုရင် တော့  အယင်စာမြည်းထားတာပေါ့။
ကိန္နရိ ခုနှစ်ဖေါ် ဇတ်ကိုလဲ မေမေက ပြောပြတတ်ပါတယ် ။

ကိန္နရီ မလေး ငွေတောင်ပြည်ပြန်ခန်းများပြောလိုက်ရင် ကျမက မျက်ရည် အလွယ်ဆုံး။ အမှန်တော့ မေမေက သူတပါးမျက်ရည်ကျအောင်ကို ဖွဲ့ နွဲ့ ပြောတတ်နေတာကိုး။မေမေ့နာမည်က ဒေါ်ငွေမှီ ပါ အများကတော့ မှီမှီ တဲ့ ။ ခေါ်ကြတယ် ။ မေမေတို့ က ညီအမ ခုနှစ်ယောက်ရှိတာဆိုတော့ အရပ်ထဲက ဒွေးမယ်နော် ခုနှစ်ဖေါ်လို့  ခေါ်ကြတယ်။ မေမေက အငယ်ဆုံးမဟုတ်လို့  ဒွေးမယ်နော် တော့ မဖြစ်ပါဘူး။ အစဉ်အတိုင်း ပြောရရင် ။ဒေါ်ငွေဘော် ၊ဒေါ်ငွေဒေါ် ၊ ဒေါ်ငွေသော်၊ ဒေါ်ငွေမှီ ၊ ဒေါ်ငွေကြည် ၊ ဒေါ်ငွေရီ ။ တယောက်ကတော့ အငယ်က ဆုံးသွားသတဲ့ ။ ဒါပေမဲ့  ...ကျမ ခလေးဘ၀လွန်မြောက်လို့  အရွယ်ကလေးရတယ်ဆိုရင်ပဲ .. မေမေတို့ က ကျမကို သံကွန်ချာ အထပ်ထပ် အုပ် မိုးပီး ထိန်းချုပ်လိုက်တော့တယ်။ ဟိုဟာမလုပ်ရ ဒါမလုပ်ရ ၊ဟိုမသွားရ ဒီမသွားရ ၊ ဟိုလူနဲ့  မပေါင်းရ ၊ ဒီလူနဲ့ မပေါင်းရ စသဖြင့် တင်းကြပ်တဲ့ စည်းမျဉ်း ဥပဒေတွေ တသီကြီး ချမှတ်လိုက်တယ်။

ကျမ န၀မတန်းရောက်တော့ ကျောင်းသားသမ္မဂ္ဂ မှ ကြီးမှူးကျင်းပတဲ့  တန်းမြင့်မောင်မယ် ရွေးပွဲ နဲ့ ပဒေသာကပွဲ ကျင်းပတာကို ကြုံကြိုက်ခဲ့ရာမှာ ပဏာမ ယိုးဒယားကန်တော့ခန်းနဲ့  အခန်းအနားကို ဖွင့်လှစ်မှာမို့  အတန်းပိုင်ဆရာမက ကျမကို အကူအညီ တောင်းပါတယ်။ ကျမကလဲ ကူညီချင်ပေမဲ့  မိဘတွေကို ကြောက်လို့  မကူညီရဲဘူး။ အကိုကြည်ရှင်နဲ့  ဆရာမက တက္ကသိုလ်မှာ အတူတူ
သူငယ်ချင်းတွေဆိုတော့ ပြောရင်ရပါတယ်တဲ့ ။ တကယ်တမ်း ဆရာမ အိမ်လာပြောတော့ အကိုက “ ဆိုင်သာဆိုင် မပိုင်ပါဘူးဗျာ။ မေမေ့ ကို ခေါ်ပေးပါမယ် “တဲ့ ။ ထမင်းရေ ပူ လျှာလွှဲ လိုက်တယ်။ မေမေက ပြောပါတယ် ။
“ဆရာမရယ် ...ကျမတို့ က သဘင်သည် ဖက်ခွက်စားတွေ မဟုတ်ပါဘူး။ ၀ါသနာပါရင် ဆရာမကိုယ်တိုင် ကလိုက်ပါလား “ တဲ့ ။ ဘုရားရေ....အံ့သြစရာပါပဲ ။ ဆရာမမျက်နှာ ချက်ခြင်းရဲသွားတယ်။ အမြဲတမ်း နူးညံ့ သိမ်မွေ့ ခဲ့ တဲ့  မေမေ ဘယ်တုံးဘယ်ကာလက ခုလို ရိုင်းစိုင်းသွားတာပါလိမ့်။... နားမလည်တော့ပါဘူး။ ကျမ ကျောင်းခန်းထဲမှာ ဆရာမကို ဘယ်လိုမျက်နှာ ပြရမလဲ မသိ။
ဘယ်လို သတ္တိတွေနဲ့  ဆရာမကို ရင်ဆိုင်ရမလဲ မေမေရယ်....။ ကျမ အများကြီး ကြေကွဲခဲ့ ရတယ်။

ဒီနောက်ပိုင်း ကျမနဲ့  လူကြီးတွေ ( အားလုံးနဲ့ ) ဆက်ဆံရေး မပြေလည်ခဲ့ ပါဘူး။ ကျမ ဘာပဲ လုပ်ချင် လုပ်ချင် မလုပ်ရဘူးပဲ ။ ဘယ်ကို သွားချင်တယ်ဆိုလဲ မသွားရဘူးပဲ ။ ကျမ အရွယ်ရောက်လာတာဟာ အဓိက ပြစ်မှတ်လား။ အပြစ်ကြီးတခုပဲလား။ ဒါမှမဟုတ် မိန်းမဖြစ်ရခြင်းအတွက် ပေါ်ထွက်လာတဲ့ 
ရလဒ်ဆိုးတခုပဲလား။ပညပ်ချက်တွေ တနေ့ထက်တနေ့  များများလာတယ် ။ ကြက်တောင်ရိုက်တော့ ပျံတယ် နံ့ တယ်တဲ့ ။ ဘတ်စကက်ဘော ကစားတော့ ..ဂဏှာမငြိမ်ဘူး တဲ့ ။ ကဗျာတွေ စာတွေ ရေးတော့ ရည်းစားရှိနေတာလား မထားရဘူးတဲ့ ။ ကျမကို ရွှေမင်းသမီးအလား ပန်းမဉ္ဖူပမာများလား ယက္ခကုမ္ဘာန်တွေ အစောင့်ချလိုက်တယ်။ ပြတင်းတံခါးမှာလဲ မရပ်ရဘူးတဲ့ ။ ဆရာတော်ဦးလှဲ့ ရဲ့  ဓီတာရောဝါဒပျို့ ကြီးကို လက်ကိုင်ထားလို့ တင်းကြပ်တဲ့  စည်းမျဉ်းတွေ ချမှတ်တော့တယ် ။ ဖေဖေရော အကိုကြည်ရှင်ရော အတူတူပဲ ။ ဒါပေမဲ့  စာတွေ ဒီလောက်အမျာကြီးဖတ်ခဲ့ ကြတဲ့  မေမေရော အကို ကြည်ရှင်ရော ဓီတာရောဝါဒပျို့ ဆိုတဲ့  သမီးဆုံးမစာကြီးထဲက ဒီစာပိုဒ်လေးတခုကို မတွေ့ မိကြတာလား။ မတော်တဆ ကျော်လွှားမိရက်ဖြစ်သလား ဆိုတာ ကျမ ဝေခွဲမရနိုင်တော့ပါ... ။

“လွန်မင်းသြ၀ါ၊ မကြည်သာအောင်၊ စာနာမချင့် ၊ အာဏာဆင့်က၊ မသင့်မတရား၊
ယွင်းဖေါက်ပြားလျက် ၊ နှစ်ပါးမိဘ ၊ ကျေးဇူးပသား ၊ ဘ၀ရှောင်ဖဲ ။ ကွဲကြီးကွဲလိမ့် ၊
အမြဲ စောင့်လျင်း ၊ ထန်မပြင်းသည် ၊ ဖြည်းညှင်းသာပျောင်း ၊ နူးညံ့ ကြောင်း....”

ခင်မေသစ် (Florist)

5 comments:

...အလင်းစက်များ said...

ဗုဒ္ဓေါ ဘယ်လိုဖြစ်သွားရတာတုန်းဗျ... ယိုးဒယား ကန်တော့ ခန်းကနေစပြီး ခံစားမှု (စာရေးသူ့ ) ပြောင်းသွားပုံရတယ်။ ရပ်လိုက်တာလဲ တုံးတိကြီးပါလားအစ်မရဲ့...။

စကား မစပ်... အစ်မနာမည်က မငွေဖြိုးဖြိုးများလား :)။

မြစ်ကျိုးအင်း said...

အရေးအသားသွက်သွက်နဲ့ ဖျတ်ခနဲ ဖျတ်ခနဲ ရေးပြသွားတာ သဘောကျမိတယ်။
အမေက စာရေးကောင်းသူပါပဲ။
ရှေးက သမီးပျိုတွေက တော်တော် အထိန်းအကွပ် ခံကြရရှာတယ်။ ဒီခေတ်နဲ့တော့ တော်တော်ကွာသွားတယ်။

အလင်းသစ် said...

မေမေရေးတဲ့ အမေ့အကြောင်းကိုပါ
တခါတည်းဝင် စပ်စုသွားတယ်ဗျာ။။။။

ကောင်းမွန်ဝင်း said...

ဟေး..လိုက်ဟ ..လိုက်ဟ...ဒိန်း ..ဒိန်း ဒိန်း..ဒိန်း..လိုက်ဟ..လိုက်ဟ .ဒိန်း..ဒိန်း.. လို့ အသံထည့်ပြောလိုက်ရင်ပဲ တခါထဲ ကျမတို့ မောင်နှမတတွေ ထပြေးရမလို ။

အမှန်က ပို့စ်တစ်ခုလုံးကြိုက်တာပါ။

တောက်ပကြယ်စင် said...

ဖြိုးဖြိုးရေ ချဉ်ပေါင်ဟင်း၊ ပဲနှပ်၊ ငရုပ်သီးကြော်ဆိုရင် ရှေ့တိုးကပ်ဟေ့။ ကျန်းမာပျော်ရွှင်ပါစေ...