Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, May 07, 2011

မေမေရေးတဲ့ “အဖေ့အကြောင်း”

အဖေ့ကိုလွမ်းလိုက်တာ ....
မေမေ ငယ်ငယ်တုံးက
ဟုတ်တယ်၊ အဖေ့ကို သိပ်လွမ်းတာပဲ။ အထူးသဖြင့် ခုလို လပြည့်ညများမှာဆို ..ကျမ အဖေ့ကို သိပ်လွမ်းခဲ့ ရပါတယ်။ မှတိမိသေးတော့တယ်။ ကျမရဲ့  မွေးရ့ပ်မြေ ..
အညာမြို့ လေးတမြို့ ကိုပေါ့။ “ဘုတလင်” တဲ့ ။ ( သိန်းဖေမြင့်ရဲ့  ဇာတိဆိုလဲ မမှားပါဘူး။ သူ့  “အညာပြန် “ ဆောင်းပါးမှာ ကျမတို့ သားအဖ သူတည်းခိုရာအိမ်ကို လာရောက်တွေ့ ဆုံ နှုတ်ဆက်တဲ့ အကြောင်း ထည့်သွင်းဖေါ်ပြခဲ့ ပေမဲ့  ကျမတို့  မိဘများဆီ လာရောက်တွေ့ ဆုံနှုတ်ဆက်တာကိုတော့ ဖေါ်ပြထားခြင်းမရှိပါဘူး။
ကျမက ငယ်သေးလို့  သိပ်မသိပေမဲ့  ရယ်လိုက်ရင် “အဟက် ..အဟက်..” နဲ့  အသံထွက်တတ်တဲ့  “သိန်းဖေမြင့်” ကို ကောင်းကောင်း မှတိမိနေပါတယ်။ အဲ ..စကားကလဲ ... ပြောရင်း ဘယ်ရောက်သွားပါလိမ့် ။ အော်...ဘုတလင် ။

ဘုတလင်မြို့ မှာ “ရန်အောင်မြင် “ဘုရားဆိုတာရှိပါတယ်။ သင်္ကြန်ကျရင် “ရန်အောင်မြင်”ဘုရားထဲ သိကြားမင်းခေါင်းပြတ်ကြီး ကျလာတယ် ပြောကြလို့  ကြောက်ကြောက်နဲ့  ပြေးပြေးကြည့်ရတာ အမောပါ။ မတွေ့ မှ ခရေပန်းတွေ တဆုပ်ကြီးကောက်ပြီး ပြန်ခဲ့ ရတယ်။ အရပ်ထဲက ခလေးတွေအချင်းချင်း ပြောတြတာပါ။
ကျမက သူများပြောတိုင်း မယုံတတ်တော့ ကိုယ်တိုင် သွားကြည့်တာပေါ့။နောက်တော့ အမေ ပြောပြလို့  သင်္ကြန်ကျတယ်ဆိုတာ နှစ်သစ်ကူးမှာမို့  နှစ်ဟောင်းက အညစ်အကြေးတွေကို ဆေးကြောမှန်း သိလာရတယ်။ ဖေဖေနဲ့ က အဲဒီဘုရားကို တန်ဆောင်တိုင်ညများနဲ့  တပိုတွဲညများမှာ အမြဲရောက်လေ့ရှိတယ်။ တပိုတွဲလပြည့်နေ့ညမှာတော့ သနပ်ခါးတုံး မီးပူဇော်လေ့ရှိပါတယ်။
ဒါက အညာဒေသရဲ့  ချစ်စရာ ရိုးရာဓလေ့တခုပါ။ ရှင်မတောင်စစ်စစ် အရွယ်သင့် ဖြောင့်ဖြောင့်တွေကို လေးဒေါင့်ကွက်ကျကျ တတုံးပေါ် တတုံးဆင့်ဆင့် တင်ပြီး တတောင်လောက်ရရင် မီးရှို့ ပူဇော်တာပါ။ “ခင်မေ ..ချမ်းတယ်မို့ လား။ ဘုရားလဲ ချမ်းမှာပေါ့ ၊ သနပ်ခါးတုံးဆိုတော့ မွှေး လဲ မွှေး နွေးလဲနွေး တာပေါ့”တဲ့ ။ ငယ်သေးတဲ့  ကျမကို ရှင်းပြတယ်။ ဘုရားယင်ပြင်တော်တခုလုံး မွှေးကြိုင်နေတာကိုလဲ ခုထိ မှတ်မိနေတယ်။ (သိန်းဖေမြင့်ရဲ့  အညာပြန်ဆောင်းပါးမှာတော့ သနပ်ခါးတုံးကို စေတီပုံဖေါ်ပြီး မီးရှို့ တယ်ဆိုတယ်။ )
တန်ဆောင်တိုင်ညများဆိုရင် တော့ ဘုရားကအပြန် ကျမတို့ အိမ်ဘေးက ကွပ်ပြစ်ပေါ်မှာ မိသားစုတတွေ အဒေါ် အပျိုကြီးတွေပါ ၀ိုင်းဖွဲ့ ပြီး မယ်ဇလီဖူးသုတ်တွေ တ၀ကြီး လုစားကြတာ ပျော်စရာပါ။
လက္ဘက်ရည်ကြမ်းလေးတကျိုက်သောက်လိုက် မယ်ဇလီဖူးသုတ်စပ်စပ်ခါးခါးလေးတဇွန်းစားလိုက်။ မှတ်မိနေပါတယ်။ ကျမက အဲဒီအရွယ်ကတည်းက အစပ်ရော အခါးရော လက္ဘက်ရည်ကြမ်းရော စွဲခဲ့တာပေါ့။ မယ်ဇလီ၊ ကြက်ဟင်းခါး၊ ကင်းမုံသီး၊ ကြောင်ရှာသီး တို့ ဟာ အခါးဓါတ်နိုင်လို့  မျက်စိကို ကြည်လင်စေတယ်လို့  မေမေကပြောပါတယ်။ ဒါ့ကြောင့်ပဲ ထင်ပါ့။ ခုထိ ကျမ မျက်စိတွေ ကြည်တုံး ။ မျက်မှန်ဆို ဝေလာဝေး ။

အဲဒီလို မယ်ဇလီဖူးသုတ်တွေ လုယက်စားနေကြတဲ့  အချိန်မှာဆိုရင် လမင်းကြီးက အထက်မိုးကောင်းကင်မှာ ရွှန်းရွှန်းတင့်တင့်နဲ့  တဖြည်းဖြည်း မြင့်မြင့်တက်လာနေပြီ
ပေါ့။ အို...အေးမြလိုက်တာ။ အင်တာနက် ၊ ဆဲတဲလိုက်ထ်စလောင်း စတာတွေထဲ တချိန်လုံးနစ်မြုပ်နေပေမဲ့  ကျမ တခါတခါ ခေတ်နောက်ပြန်ဆွဲပြီး ကမ္ဘာကြီးကို BACK လုပ်ပြစ်ချင်တယ်။ စူးရှတဲ့  မာကြူရီ မီးလုံးတွေ မလိုဘူး။(လရောင်လေးနဲ့  နေချင်တယ်။ ) နေ့တိုင်း နေ့ တိုင်း မိုးလင်းမိုးချုပ် ကမ္ဘာမြေကြီးကို လူသတ်ကွင်းလုပ်ပြီး လူ့ အသက်တွေ ချွေချနေတဲ့  မြင်ကွင်းကိုလဲ မမြင်ချင်တော့ဘူး။ (မီးဖိုချောင်ထဲကနေ ကမ္ဘာကြီးကို ကြည့်မြင်နိုင်ဖို့  စလောင်းဆင်ခဲ့ ပေမဲ့  ခု မြင်မရဲလို့  မလိုချင်တော့ဘူး။ )
ကမ္ဘာကြီး ပူနွေးမှုကိုဖြစ်စေမဲ့  ဈေးကြီးကြီး မော်တော်ကားတွေ မလိုဘူး။ ( ခြူသံတလွင်လွင်နဲ့  လှည်းယဉ်လေးစီးကြရင် မကောင်းလား။) တဘက်နဲ့ တဘက် အချေအတင် အငြင်းအခုန်တွေနဲ့  ဘယ်လိုမှ မပြေလည်နိုင်မဲ့  အီရန်၊ မြောက်ကိုးရီးယား၊ ဗင်နီဇွဲလား ၊ အီရတ်၊ အာဖဂန်၊ ပါကစ္စတန်။ အဇ္မရေးလ် နဲ့  ပါလစတိုင်း လေလှိုင်းသံတွေ မကြားချင်တော့ဘူး။ ( အမေတွေပြောမဲ့  ပုံပြင်တွေကိုပဲ နားထောင်ကြအောင်လား။ )

အော် ..အမေဆိုတော့ ..ကျမ အဖေ့ကိုပဲ လွမ်းနေတာ..၊အမေ့ကို မလွမ်းရာကျနေမလားပဲ။ အဖေနဲ့ က အမြဲ လမ်းလျှောက်နေကျမို့ ပါ။ အမေက အိမ်မှာ စာပဲ ဖတ်နေတာမို့ ညညကျမှပဲ ဇတ်ကြီးဆယ်ဘွဲ့ ပုံပြင်တွေ ဒိုင်ခံ ပြောပြတတ်တာလေ။ အမေများပုံပြောရင် ပုံက မဆုံးနိုင်ပဲ ကျမတို့ လဲ မအိပ်နိုင် မျက်စိ ပိုပို ကျယ်လာတော့တာပဲ။ အမေ ပုံပြောရင် အဖေက အမေ့နားက ပက်လက်ကုလားထိုင်မှာထိုင်ရင်း စိပ်ပုတီး တဂျောက်ဂျောက်စိပ်လို့  ပြုံးပြုံးကြီး နားထောင်လေ့ရှိတယ်။ အမေက သူ့သား ဗေဒါကြီး ( သန်းစိန်သစ်) အကြောင်း ပုံလုပ်ပြီးလဲ မမောနိုင် မပန်းနိုင် ပြောတတ်ပါသေးရဲ့ ။

ကျမက သမီးတယောက်ထဲ ဆိုတော့ အဖေ့အပေါ် ခပ်ချွဲချွဲရယ်။ အဖေ့လက်ဆွဲပြီး ကပ်လိုက်နေကျ။ အဖေနဲ့ က ပိုရင်းနှီးနေသလိုပဲ ။ အဖေ့ကိုပိုချစ်တယ် ပြောရင်ရမယ်ထင်ရဲ့ ။ ခေါ်တာတော င် “အဖေ” လဲ မဟုတ်။ “ဖေဖေ” လဲ မဟုတ် ။ “ဖေ..ဖေ့ “ တဲ့ ။ အမြဲတမ်း “ဖေ..ဖေ့ “ လို့  ခပ်ချွဲချွဲလေး အစပျိုးခေါ်တတ်တာလေ။ တခုခုပြောချင်ရင် “ဖေ..ဖေ့ “လို့ စတော့တာပဲ ။ အဖေကလဲ ဒီလို ခင်မေ ချွှဲတတ်ပုံ လူလာတိုင်း စကားလုပ် ပြောတတ်ပါတယ်။

အဖေ့နာမည်က” ဦးဘသစ် ” ရန်ကုန်သား ဘုန်းကြီးလမ်းမှာ မွေးပါတယ်။ နှာတံပေါ်ပေါ် မျက်လုံးမျက်ဆံ ကောင်းကောင်း ၊ပိရိသေသပ်တဲ့  နှုတ်ခမ်းပိုင်ရှင်မို့  အမေရိကန်ရုပ်ရှင်မင်းသာ့း  “ဘရုစ်ဝဲလစ်စ် “ နဲ့တောင် ခပ်ဆင်ဆင် ။တကယ့်ကိုခန့် ချောကြီးပါ။ အဖေက ဒုလ္လဘရဟန်းခံပြီး ဆံပင်မထားတော့ပဲ ကတုံးနဲ့ နေခဲ့ တာမို့ ဘရုစ်ဝဲလစ်စ် များ ကတုံးနဲ့ ဆိုရင် ချွတ်စွပ်လို့တောင် ဆိုရမလားပဲ။ အဲဒလောက်တူတာ။ အဖေက မြင်းစီးလဲကျွမ်းတော့ ရှမ်းဘောင်းဘီ အပွကြီးနဲ့ 
အဖေမို့ မြင်းစီးသွားရင် လူတိုင်းက ဇတ်လိုက်လို ငေးကြည့်ကြသတဲ့ ။ အဖေတို့ ခေတ်က ကုလားစကားအသုံးများသတဲ့။ ကုန်သည်လဲဖြစ်နေတော့ အဖေရော အမေရော ကုလားစကားတတ်ကြတယ်လေ။ အင်္ဂလိပ်စာတော့ မတတ်ကြဘူး။ မိဘတွေက ဆင်းရဲလို့  အဖေက ကျောင်းကောင်းကောင်းမနေခဲ့ ရဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့  ဓါတ်ရထားမောင်းပြီး ကိုယ့်ဝမ်းကိုယ်ကျောင်းခဲ့ ရတယ်။ ။ လိုင်စင် ပုံကလေးထဲမှာ အဖေက သံပုရာခွန်ပုံ ကုလားဦးထုပ်ဆောင်းလို့  ။မုံရွာမြို့ ကြီးတမြို့ လုံး မီးလောင်စဉ့် ဓါတ်ပုံတွေ ပြောင်သလင်း ခါအောင်ပါသွာတယ်။

အဖေက အမေနဲ့ ဆုံချင်တော့ ကုန်ရောင်းကုန်ဝယ်နဲ့  အညာရောက်လာပြီ့း ။သူဋ္ဌေးကြီး ဦးရွှေဝ +ဒေါ်ရွှေမ တို့ ရဲ့ သမီးကို အရယူနိုင်အော င် ကိုယ်ရည်ကိုယ်သွေး ရှိသူပါ။ ဇွဲရှိတယ် ။လုံ့လ၀ိရိယရှိတယ်။ ကတိသစ္စာတည်တယ်။ ရိုးသားဖြောင့်မတ်တယ်။ ဒီအရည်အချင်းတွေက အဖေ့ကို ကြီးပွားချမ်းသာစေခဲ့ ပါတယ်။ အဖေနဲ့ အမေက အိမ်ထောင်ကျပြီး ၄နှစ်လုံးလုံး သားသမီးမထွန်းကားဘူးတဲ့ ။ ဘုရားသွားကျောင်းတက် ပျော်မွေ့ နေရာက မောင်ကြည်ရှင်ဖြစ်မဲ့ ခလေးကို ရရော ။စီးပွားရေးဖက်ခြေဦးပြန်လှည့်ကုန်းရုန်းရှာဖွေကြရတယ်တဲ့ ။

သားသမီးသုံးယောက်လဲရ ကျမတို့ အခေါ် ရဲတိုက်ကြီးကိုလဲ ဆောက်နီုင်ခဲ့ တယ်တဲ့ ။ ကျမကို အဲဒီအပေါ်ထပ်မှာမီးဖွားသန့်စင်ခဲ့ တာပါ။ ကျမ ၂နှစ်သမီးမှာပဲ အလှူကြီးပေးပါတယ်။ အဖေကိုယ်တိုင် ရဟန်းခံပြီး သားနှစ်ယောက်ကို ကိတ္တိမသား ရှင်လောင်း၁၂ပါးနဲ့ အတူ သာသနာ့ဘောင်သို့  သွတ်သွင်းချီးမြှင့်ပေးပါတယ်။ ကျမကိုတော့ နားသရုံပါပဲ။ ကျမက ဒီတုံးက ခပ်ဆိုးဆိုးရယ်။ အကိုတွေကတော့ မှန်စီရွှေချ ဦးကော့ဘိနပ်နဲ့ ။ ဖုံအမြင့်နဲ့ ၊ ကရ၀ိတ်ဖေါင်နဲ့  ။
လှည့်လည်ပြီး ကျမကိုတော့ မိန်းခလေးမို့ ဂျစ်ကားနဲ့  တင်လှည့်တာဆိုတော့ မကျေမနပ်နဲ့  တွက်ကပ်ပြီး စိတ်ကောက်နေလို့  ဓါတ်ပုံထဲ မှာ နှုတ်ခမ်းကို စူထော်နေတာပဲ။

ဒီတုံးက စိန်ဗေဒါကြီး ဗျောညွန့် နဲ့  နေ့ရော ညပါ ဧည့်ခံသတဲ့ ။ စိန်ဗေဒါကြီးက “ ရဲရဲတောက်..တို့ဗမာပြေ သတ္တိခဲတွေ ..ရာဇ၀င်ထိုးလောက်အောင် ..စွန့် ပေ ..” ဆိုတဲ့ သီချင်းကို ဆိုတာကိုး။ အဲဒါ ... ညီစေနော် ..တို့ ရဲဘော် ..ချီတက်ကြစို့  တူပျော်ပျော် ..ဆိုတဲ့ အပိုဒ်လဲ ရောက်ရော ကိုဗေဒါလေးက ရှင်လောင်းဝတ်ကြီးနဲ့  နေရာကထပြီး “ဘယ်ညာ..ဘယ်ညာ “ နဲ့  ချီတက်ဟန်ပြု အော်သတဲ့ မဏ္ဍပ်က အိမ်ရှေ့ လမ်းမကြီးကို ကျော်ခွပြီး ကားအသွားအလာမပျက်အောင် တခန်းတနားဆောက်သတဲ့ ။ အမေကလေ သူ့အလှူကို ကျေကျေနပ်နပ်ကြီး အားပါးတရ ပုံလုပ်ပြီးလဲ ပြောတတ်တာပါ။ အဖေကလဲ အမေမို့  ပုံပြောရင် စိပ်ပုတီးစိပ်သလို ဘာလိုလိုနဲ့ အမေ့နားက ပက်လက်ကုလားထိုင်မှာ လာထိုင်ပြီး ပြုံးပြုံးကြီး နားထောင်လေ့ရှိတယ်။ခုထိမြင်ယောင်ဆဲပါ။ဥစ္စာဟူသည် မျက်လှည့်မျိုး တဲ့ ။ ၁၉၄၂ခုနှစ်ကထင် ပါတယ်။ဒုတိယ ကမ္ဘာစစ်က ဗမာပြည်ကိုပါ ကူးစက်လာတယ်။ ခေတ်ပျက်ကြီးနဲ့ ကြုံရ ဆုံရတော့တာပဲ။

အမေတို့ ကလေ ..ဗမာတွေ ကျွန်ဖြစ်တာ သခင်ဖြစ်တာ အရေးမစိုက်ဘူး။ စီးပွားရှာလို့ လဲ ကောင်း.. တိုင်းပြည်လဲအေးချမ်းတည်ငြိမ် မှုရှိ ၊ရွှေလက်ကောက်တွေ တတောင်ဆစ်အထိ ၀တ်ပြီး တောလမ်းခရီးသွား ၊တောင် ဘေးမရှိ ရန်မရှိ နဲ့ မို့  အင်္ဂလိပ်တွေအုပ်ချုပ်ပုံ ကောင်းတယ်ဆိုပြီးလွမ်းနေကြတာပါ။
နိုင်ငံရေးအသိစိတ်ဓါတ်မရှိပါဘူး။ အဖေက ဘုတလင်မြို့  ဈေးရပ်မှာ ကုန်မျိုးစုံ ရောင်းဝယ်ဖေါက်ကားပါတယ်။ အထည်အလိပ် ၊ထီးဘိနပ်၊ သင်္ကန်းပရိက္ခရာ၊ ဓါတ်စက်ဓါတ်ပြား။ပိုးထည် ချည်ထည် ၊တိုင်းရင်းဆေး ပါမကျန် ရောင်းချပါတယ်။ ဆံကုန်သည်လဲ လုပ်ဖူးတယ်။နောက်ဆုံးလုပ်ငန်းက ရွှေထည်ငွေထည် ပစ္စည်းနဲ့  ပန်းတိမ်ပါပဲ ။ ဆိုင်ကြီးတော့မဟုတ်ပါဘူး၊ အဖေတို့ က ဓါတ်ပြားတွေလဲ ရောင်းတော့ ဇာတ်ထုပ်အသစ်ရောက်ပလားဆိုရင်.. ည ည အော်လံကြီးတပ်ပြီး တရပ်ကွက်လုံး ကြားအောင် ဖွင့်တော့တာပဲ။ အစမ်းဖွင့်တာပါ။ ဓါတ်ပြားကြော်ငာနည်းတမျိုးပေါ့လေ။ အရပ်ထဲက ရင်းနှီးသူ လူကြီးလူငယ်မရွေး အိမ်ဘေးက ကွပ်ပြစ်ပေါ် လာထိုင်ပြီး နားထောင်ကြတယ်။ အမေက ရေနွေးကြမ်း တအိုးပြီးတအိုး ချပေးသတဲ့  ။ အမြီးက လက္ဘက် ပဲလှော် ၊ထညက်အပြင် ငရန့်ခြောက်မီးကင် တောင်ပါသေးတာပါ။

ဇာတ်သဘင်ဝါသနာပါသူတွေကတော့ စောစောကြိုတင်ရောက်လာကြပြီး “ကိုဘသစ်ရေ..ဒီကနေ့ည ဘာဇာတ်ထုပ်ကျမလဲဗျ “ လို့  မေးတတ်ကြတယ်။ ဓါတ်ဆီ ဓါတ်ဆံ ပျက်လုံးများဖွင့်ရင် လူတွေ တသေါသေါ တဝေါဝေါနဲ့  တိုးမပေါက်ဘူး။ ဒီတုံးက ဖိုးစိန် ၊ရွှေမန်း နန်းတော်ရှေ့ ။ ကျော့အုံးလှိုင်၊ ဆိုတဲ့ နာမည်တွေ ကြားဖူးခဲ့ ပေမဲ့  ကျမက ဇာတ်သဘင်ကို မကြိုက်ခဲ့ ဖူး။ အဲဒီမှာ အမေ့သား ဗေဒါကြီး ပြောပါတယ်။ ဇာတ်ထုတ်ထဲက မင်းသားက ငိုချင်းချရင် သူကပါ လိုက်ပြီးငိုချင်းချသတဲ့ ။ မနေနိုင်ဘူး။ “ ကျနော်၏ အမျိုးကို ထုတ်ဖေါ်လို့ ပြောရမှာဖြင့် ..ဓါး.. ဂုတ်ပေါ်မှာ ၀ဲ ... ဟဲ ...ဟဲ..ဟဲ ..။ဝဲ ..ဟဲ ..ဟဲ...ဟဲ...” လို့  ထအော် ပြီး လက်မောင်းကအင်္ကျီစကလေးနဲ့  မျက်ရည်သုတ်ဟန်ပြုသတဲ့ ။ ဒါပေမဲ့ သူ ကြီးလာတော့ ရုပ်ရှင်ဘက် ရောက်သွားပြီး မောင်ကြည်ရှင်ကသာ ဇာတ်သဘင်ဘက် ရောက်သွားတါပါ။ ကျမကတော့ သမိုင်းတွေ ၊ ပထ၀ီတွေနဲ့ ပဲ ပျော်နေတာ။ ဇာတ်ပွဲကိုမကြိုက်ပါဘူး။ ယောင်္ကျားတန်မဲ့  သိက္ခာမဲ့ ငိုနေတာလို့  ရှုမြင်ပြီး ပန်းတွေပန် ဆံထုံးထုံး နားကပ်ကြီးတ၀င်းဝင်းနဲ့  မိန်းမအများကြီး တွဲကနေတာမျိုးကို ဘယ်လိုမှ ကြည့်မရခဲ့ ဘူး။

ဒါနဲ့  ပြောရအုံးမယ်။ အဖေတို့ က ပဒုမ္မာပိတ်အုပ်တွေလဲ ရောင်းတာကိုး။ “ခင်မေစိန်” ပဒုမ္မာအုပ်ဆိုတာပေါ်သတဲ့။ တံဆိပ်ပေါ်က “ခင်မေစိန့်”့ရုပ်က မေရှင်တို့  မေမြင့်တို့လို ဆံပင်လေးတွေ နဖူးမှာချလို့ ။ နောက်မှာ ဘီးကျော်ဆံပတ်နဲ့  ပန်းကလေးတွေ မခို့ တရို့ ပန်။ ဇာနားတပ် ရင်စေ့အင်္ကျီကလေးဝတ် ယဉ်ယဉ်လေး ပြုံးပြီ့း ထိုင်နေသတဲ့ ။ မောင်ကြည်ရှင်ဖြစ်မဲ့ သူက သဘောကျပြီး ညီမလေးမွေးရင် “ခင်မေစိန်” လို့  ခေါ်မှာ လို့  ပြောသတဲ့ ။ မေမေက ကိုယ်ဝန်ကြီးနဲ့  ကျမကိုလဲ မွေးရော ၊ တန်းပြီး “ခင်မေစိန်လေးရေ... ခင်မေစိန်လေးရေ...” နဲ့  ခေါ်နေသတဲ့ ။မောင်ကြည်ရှင်ကကျမထက် ၈နှစ်ကြီးးတာကိုး။ အမေကပြန်ပြောတာပါ။

အဒေါ်အပျိုကြီးတွေကလဲ တမှောင့် ။ ကျမကို “ မြင့်မြင်”့ တဲ့ ။ တိုက်ကြီးရဲ့ အမြင့် အပေါ်ဆုံးအထပ်မှာမွေးလို့  တဲ့ ။ ခေါ်ပြန်ရော။ ကျမ အထက်တန်းကျောင်းရောက်တော့ မြင့်မြင့်လဲ မကြိုက် ခင်မေစိန်လဲမကြိုက် ကျမချစ်တဲ့ ဖေဖေ့နာမည်ယူပြီး “ခင်မေသစ် “ ပြောင်းလိုက်တာပါ။ ကဲ ။ဘယ်လောက်လှသလဲ။ ဒီနာမည်။ ခင်မေစိန်ခေါ်ရင်မကြိုက်ဖူး။ “စိန်”ပါနေလို့ ပါ။ ဖိုးစိန် ၊ကက်နက်စိန် ၊ စိန်အောင်မင်း အကုန်မုန်း။ ဇတ်မင်းသားတွေကိုမုန်းတာပါ။ ( အရေးထဲ ပြောင်းဖူးဆေးလိပ်ထဲ
ရွှေဒင်္ဂါးထည့်ပေးတဲ့  အပျို အုပ်စုမှာ မေမေများ ပါနေမလား တွေးပူမိသေး။ ) မေမေကလေ ကျမကိုမီးဖွားပြီး မီးတွင်းမှာ သွေးလန့် သတဲ့ ။ နို့ မထွက်လို့  နို့ ထိန်းအိမ်မှာ
နို့ သွားစို့ ရပါတယ်။ ၆လကြာပါတယ်။ အဖေနဲ့ အမေက မနက်တခေါက် ညတခေါက် မှန်မှန်လာကြည့်တယ်ပြောပါတယ်။ ကျမနဲ့  နို့ စို့ ဘက်တွေ ရှိပေမဲ့  မသိပါဘူး။
အမေက အဖေနဲ့  စီးပွားရေးကိုမဲ လုပ်နေရလို့  ကျမတို့ မောင်နှမ သုံးယောက်စလုံး အဒေါ်အပျိုကြီးတွေ လက်မှာ ကြီးပြင်းခဲ့ ရတာပါ။ (မေမေက ခလေး၃ယောက်လောက်ကို အထိန်းတွေ အယတွေနဲ့  ၀ိုင်းဝိုင်းလည် ထားခဲ့နိုင်ပေမဲ့  ကျမမှာတော့ ခလေး(၇)ယောက်ကို အဲလို မထားခဲ့ နိုင်ပါဘူး။
ကိုယ်တိုင် ရင်အုပ်မကွာ ရင်ခွင်ပိုက် နို့ တိုက်ပြီး ကိုယ်တိုင် ပြုစုစောင့်ရှောက် ကြွေးမွေးခဲ့ တာပါ။ ဘယ်လိုသတ္တိတွေကများ ကျမကို ဦးဆောင်ခဲ့ ပါလိမ့်လို့  ခု ကြီးလာမှ ကိုယ့်ကိုကိုယ် အံ့သြရင်း မေးခွန်းတွေ အကြိမ်ကြိမ်ထုတ်နေမိတော့တယ်။ )

အဖေကလေ..ကျမတို့ ကို စာတတ်စေချင်တယ်။ အထူးသဖြင့် အင်္ဂလိပ်စာကိုပေါ့။ ပထမ ကျောင်းစနေနေချင်း ဘုတလင်က ဆရာလေးဦးဘိုးဥာဏ်ကျောင်းမှာ
နေရပါတယ်။ အမေ့ညီမအရင်း ဆရာမကြီး ဒေါ်ငွေကြည်ရဲ့  ခင်ပွန်းပါ။ ဒေါ်ငွေကြည်များ မျက်လုံး တချက်ပြူးကြည့်ရင် တကျောင်းလုံးသာမက ဦးလေးဥာဏ်တောင် ဖိန့်ဖိန့်တုန် ကြောက်ရတာပါ။
တနေ့ တော့ ကျမတို့ မုံ့ စားဆင်းချိန် မဟာဗန္ဒုလပန်းခြံ (အစစ်ပါ) သွားပြီး ဇီးတော်သီးတွေ ခူးစားကြတာပေါ့။ ဒီတုံးက သူငယ်ချင်း သုံးလေးယောက် ပါခဲ့ပေမဲ့  ဘယ်သူဘယ်ဝါဆိုတာ မမှတ်မိတော့ဘူး။ အပြန်ကျတော့ ကျောင်းကတက်နေပြီ။ ခြံက နဲ နဲ လှမ်းတာကိုး။
ကျောင်းခန်းအ၀င်ဝကနေ ဆရာမကြီးက စောင်ြ့ပီး ကြိမ်နဲ့  ဆော်တော့တာပါပဲ။
အဲဒီကျောင်းမှာ ကျမတို့  ဇာထိုး ပန်းထိုး သင်ရတယ်။ မှတ်မိသေးတော့တယ်။ဇာထိုးအပ်က ၀ါးနဲ့ လုပ်ထားတာပါ။ နှစ်ချောင်းထိုး တချောင်းထိုး အားလုံးဝါးနဲ့ ချည်းပဲ အချောသပ် လုပ်ထားတယ်။ ကျမက အဲဒီကတည်းက ဇာထိုးအပ်ကို ကောင်းကောင်းအသုံးချနိုင်ခဲ့ တာပါ။ ကျောက်သင်ပုန်း ကျောက်တံ သုံးတဲ့ ခေတ်မို့  ကျောက်တံကို ရေဆွတ်ဆွတ်ပြီး ချွန်နေအောင် သွေးရတာကိုလဲ မမေ့ပါဘူး။

ဆရာကြီး ဆရာမကြီးက ခြံဝန်းအကျယ်ကြီး လယ်ယာမြေပိုင်သူမို့ လဲ လယ်လုပ် ယာလုပ်သူတွေ လာပို့ တဲ့ နှမ်း၊မြေပဲ ငရုပ်စတာတွေ ဖျာကြီးနဲ့  ကျောင်းသားတွေက လှမ်းပေးကြရတယ်။
မြေပဲအကြောင်းပြောရာကနေ စက်ဘီးကလေးနဲ့  လွယ်အိပ်ကလေးချိတ်ပြီး ပဲလှော်သွားဝယ်တာ ပြေးအမှတ်ရမိရော။ ပဲလှော်က ပဲကြားလှော်ပါ။ ခါးသက်သက်လေး။ လှော်နေတုံး ဖိုထဲက ထည့်ပေးလိုက်တာဆိုတော့ ပူပူနွေးနွေး လေး။ကျွှတ်ပြီးမွ ရွ နေတာပဲ အက်ကွဲကြောင်းကလေးတွေမှာ ဆားလှော်ဝင်နေတာကြောင့် စားလို့ အရသာရှိတယ်။ တမတ်ဘိုးဆို လွယ်အိပ်လေးနဲ့ တလုံးအပြည့်။ မတ်ပဲ ဘယာကြော်လဲ ၀ယ်ဖူးတယ်။ မေမေက မတ်ပဲဘယာကြော် ကျွတ်ကျွတ်ကလေးကို ကြက်သွန်ခရမ်းချဉ်သီးနဲ့  ပြန်ပြီးနှပ်ပေးတော့ သိပ်စားကောင်းတာပဲ။ ကျမတို့က အသားမစားတော့ ကြံဖန်စားတတ်ကြတယ်။

တခါတော့ အကြော်ဝယ်အပြီးအပြန် အိမ်လဲပြန်ရောက်ရော.. လေယာဉ်ပျံကြီးက “ ဝေါ “ ဆို ခေါင်းပေါ်ရောက်လာရော။ ဗုံးကျင်းထဲရောက်အောင်ပြေးဘို့ အချိန်မရတော့ဘူး။
ကျမက အိမ့်အောက်ထဲ ၀င်ပြေးပါတယ်။ အ်မ်က ချေတံရှည်ဆိုတော့ ၀င်ပုန်းလို့ ရတာပေါ့လေ။ ပုန်းရာကနေ ခေါင်းမော်ပြူကြည်တော့ လား..လား တောင်ပန့် တကားကား အကောင်ကြီးကြီး ဧရာမ လေယာဉ်ပျံကြီးပါလား။

အကောင်ဆိုလို့  တခုပြောစရာ ကြုံလာပြန်ပါပကော။ ကျမတို့  သားအဖ အန္တရယ်တခုနဲ့  ထိပ်တိုက်တိုးခဲ့ ရပုံ ပြောပဲ မပြောချင်တော့ပါဘူး။ ကျမတို့ အိမ်ခေါင်ရင်းက ဆရာ ဦးဘကြည်တဲ့  သမီးက တင်တင်မြတဲ့ ။ ဘာဆရာလဲကျမ မသိပေမဲ့  တင်တင်မြက ညနေတိုင်း စပို့ ရှပ်အင်္ကျီ ဘောင်းဘီတိုလေးဝတ်ပြီး ခြင်းခတ်လေ့ရှိတယ်။ ပေါင်တံ သွယ်သွယ် လှလှ လက်တံသွယ်သွယ်လှလှလေးမို့  အလွန်ကြည့်ကောင်းတယ်။ ဦးဘကြည်နဲ့  တခြားလူသုံးယောက် အမြဲ ခြင်းကစားကြတယ်။ တညနေခင်းတခုမှာ အဲလို ခြင်းခတ်နေရာက ဦးဘကြည်က လှမ်းအော်တယ်။ “ ဦးဘသစ် ရေ ..မြွေ မြွေ “ တဲ့ ။ မြွေကိုတော့ မမြင်ရပါဘူး။ ဦးဘကြည်အိမ်စည်းရိုးနဲ့ ကပ်နေတဲ့  ကျမတို့ အိမ်ဘက်က မြေကွက်လပ်ကြီးက မြက်တောစိမ်းကြီး ရှည်အုပ်နေတော့ ဘာမှ မမြင်ရပါဘူး။ ဒါပေမဲ့  အတန်းလိုက် မြက်ဖျားလေးတွေ ယိမ်းခါနေတော့ တခုခု အကောင်တကောင် ကောင် ပြေးလာနေမှန်း အဖေက သိတယ်တဲ့  ။ကြောင်လေးတကောင်က အမြီးဖျားကို လိုက် ကစားနေတာပါ မြင်နေရတယ်။ မကြာပါဘူး မြွေပြေးလာတာမြင်နေရပါပြီ။ မြွေဦးခေါင်းက ကျမတို့ ဘက် ဦးတည်မနေပါဘူး။ အရှေ့ဘက်ကို ဦးတည်နေတာပါ။ ကျမတို့ က မြောက်ဘက်ကျတယ်။ ဖေဖေက အစိုးရိမ်လွန်ပြီး ဝေးဝေးသွားအောင် ဘိနပ်နဲ့  ချွတ်ပေါက်တယ်။ ဒီတော့မှ မြွေက ရှူးကနဲ ပါးပြင်းထောင် ခေါင်းလှည့်လာပြီး ကျမတို့ ဆီ် တဟုန်ထိုး ပြေးလာတော့တယ်။ဖေဖေက ကျမကို “ အိမ်ပေါ်တက် နေ ၊အိမ်ပေါ် တ က်နေ “ လို့  ပြောပေမဲ့  ကျမမလှုပ်ရဲဘူး။ ကြောက်ကြောက်နဲ့  အဖေ့ကို တွယ်ကပ်နေတော့ အဖေလဲ ဘာမှ လုပ်မရဘူး။ မြွေကလဲ အသေလိုက် ။ကျမနဲ့ အဖေလဲ နောက်ဆုတ် နောက်ဆုတ်နဲ့  အိမ်ထဲဝင် ။အဖေက ကျမကို ညာဘက်လက်နဲ့  ကာထား။ ဘုရား ဘုရား ကျမတို့  နှစ်ယောက် ဘယ်သူအယင် အပေါက်ခံရမလဲ ။ မတွေးရဲဘူး။ မြွေက ပါးပြင်းထောင်ပြေးလာတာ ။ကျမတို့က နှစ်ယောက်သား လုံးထွေးလုံးထွေး နောက်ဆုတ် နောက်ဆုတ် ပြေးရင်း မီးဖိုထဲ အရောက် ။မြွေက မီးဖိုချောင် ခါးပန်းကို ကျော်အတက် အဖေက ဖင်ထိုင်ခုံ အပုလေးကိုလှမ်း ကောက်အပေါက်။ အို ဘာပြောကောင်းမလဲ ။တခါတည်း ။မြွေကြီး လည်ပင်း တန်းမှန်တော့ ဇက်ကျိုးကျတော့တာပဲလေ။ပါးပြင်းကြီးခွေကျသွားတာ။

ဒီတော့မှ လူတွေပြေးလာကြ။ မြွေကြီးကို လေးဒေါင့် သံပုန်းကြီးတခုထဲ ထည့်။မြွေက နဲနဲမှကို မလှုပ်တော့တာ။ မနက်စောစော တောထဲ ပြန်သွားလွှတ်ခဲ့ပေမဲ့  သေသွားခဲ့ပါပြီ။ ဖေဖေက လေ သတိရတိုင်း စိတ်မကောင်းဖြစ်လို့ ။သေစေလိုတဲ့  ဆန္ဒ မရှိကြောင်းနဲ့  ခုခံကာကွယ်ရင်း လက်လွန်သွားတာပါလို့  ဘုရားရှိခိုရင်း ကောင်းရာသုဂတိလားပါစေလို့  မေတ္တာပို့တယ်။
ဒီလို ပါးပြင်းထောင်လိုက်တဲ့ မြွေမျိုးကို ကျမ ကုလားရုပ်ရှင်တွေမှာ ပဲ တွေ့ ဖူးတာပါ။ လုံးပတ်က လူကြီးလက်မောင်အိုးတခုစာလောက်တုတ်တာပါ။ အရှည်ကြီး။ မြွေဟောက်ငန်းစောင်း သိန်းဆုပေါင်းဆြို့ပီး ထီထိုးပေမဲ့  မပေါက်ပါဘူး။ အဲဒီညက ကျမ အကြောက်လွန်ပြီး အပြင်းဖျားတာမှ လိမ့်နေတာပဲ။ ကိုးကွယ်နေကျ ဘုန်းကြီးဆီမှာ နဂရာအဖျားဖြတ်ဆေး အဖေတောင်းပေးပါတယ်။ ဆေးလုံးလေးတွေက ကြွက်ချေးတုံးအတိုင်းပဲ။ အရသာတော့ရှိတယ်။ ရေချိုးပြိးတိုင်း ရေနွေ လေးနဲ့ ကြို သောက်ထားရင် ဘယ်တော့မှ မဖျားဘူးတဲ့ ။ ဘုန်းကြီးက ကျမဆို တော်တော်ချစ်တယ်။ ခင်မေ ခင်မေ နဲ့ ။ဘာပေးပေး ခင်မေ့ဘို့  ။ခင်မေ့ဘို့ နဲ့ ။ ပဲလှော်၊ ငှက်ပျော၊ ထညက် ၊ မုံ့ ဆီကြော် မပြတ်ဘူး။ လူကမလှူရဖူး။ ဘုန်းကြီးက ပြန်လှူနေတယ်။ ကျမက အကြောက်လွန်ရင်ဖျားတတ်တာ သိပ်ဆိုးတယ်။ တခါလဲ ကျမနဲ့  ဖေဖေနဲ့  လေယာဉ်ကွင်းဘက် လမ်းလျှောက်သွားရာမှာ (စစ်အတွင်းယာယီသုံးဘို့ အရေးပေါ် ဆောက်လုပ်ထားတာ )  စစ်သားတချို့ မြေမှာဝပ်ပြီး သုံးချောင်းထောက်စက်သေနပ်ကြီးချိန်ထားတာမြင်ပြီး ညလဲရောက်ရော ဖျားတော့တာပဲ။ စစ်သားဆိုလို့  ကျမတို့ စစ်ပြေးရသေးတာ အမှတ်ရပြန်ရောလေ။

တနေ့ညကြီးမင်းကြီးဖေဖေက ရေနံဆီ မီးခွက်ကလေး မှိန်ပျပျမှာ မြေကြီးထဲ တွင်းတူးပါတယ်။ တွင်းတူးပြီးရွှေထည်ပစ္စည်းတွေ အိုးတလုံးထဲ ထည့်မြှုပ်ပါတယ်။ ကျမတို့  ပြေးကြရမယ်လို့  လဲ ဖေဖေကပြောတယ် ။အဲဒီညမှာပဲ ကျမတို့ စစ်ရှောင်ဖို့  လှည်းကလေးနဲ့  နှောယင်း ဆိုတဲ့  ရွာကလေးကို ပြေးကြပါတယ်။ စစ်ကြောင့် ပြေးရ လွှာရပုံတွေ ၊ ဓါးပြတိုက် အိမ်မီးရှို့  ၊ ပြန်ပေးဆွဲ စတဲံ့ ဒုက္ခမျိုးစုံ ကြုံရသမျှတွေ အားလုံး မေမေက ပုံလုပ်ပြီး အမြဲပြောခဲ့ တာပါ။ ခါးသီးနာကျင်စရာတွေဆိုပေမဲ့  ...တရားသဘောနဲ့ ဖြေသိမ့်နိုင်ကြပြီ့း နိုင်ငံရေးအမြင် မရှိကြပါဘူး။ စစ်ပြီးခေတ် ဒိဘက် ပြည်သူပိုင်သိမ်းတဲ့ ခေတ်မှာလဲ လယ်မြေဧကတော်တော်များများ ဝေခြမ်းရေးထဲ ပါသွားပြန်တယ်။

အဖေပြောတာကျမ ခုထိ ကြားယောင်နေတဲ့ စကားတခွန်းရှိပါတယ်။..( အဖေတို့ က လယ်မြေပိုင်တယ်သာဆိုတယ် ကိုယ်တိုင် ဘာမှ မလုပ်နိုင်တော့ ..သူတို့ ပေးသရွေ့ ပဲ ရတာပါ။သီးနှံ မအောင်လို့  ။မိုးဖျက် ပိုဖျက်လို့  နဲ့  ရသင့်တာတောင်မရဘူး။ ကိုယ်က တောထဲ မှ မလိုက်နိုင်တာ။၊လူတွေက မြေရှင် ယာရှင်တွေကိုပဲ ဘာညာပြောနေကြတာ မြေရှင် ယာရှင်တွေရဲ့  ခံစားချက်ကိုတော့ ဘယ်သူမှ မသိကြဘူး။ )တဲ့ ။ ကျမတို့ တခါတော့ ဘယ်ကနေ ဘယ်ကိုပြေးမှန်းမသိ ပြေးရင်းလွှားရင်း နောက်ကလူအုပ်ကြီးလိုက်လာသံကြားလို့ ဆိုပြီး နီးရာ တဲကြီးတလုံးထဲ ၀င်ပုန်းပါတယ်။ မကြာပါဘူး။ လူသံတွေ ဆူဆူညံညံနဲ့  အုပ်လိုက်ကြီးရောက်လာပြီး “ဟေ့ တဲထဲမှာ ဘယ်သူရှိသလဲ လှံနဲ့ ထိုးလိုက်ရမလားတဲ့  ပြောပြောဆိုဆိုပဲ လှံ့ကြီးက ထရံဖေါက်ပြီး တဲထဲဝင်လာပါရော။ မေမေ့ရင်ဝနဲ့  သီသီကလေး လွတ်သွားတာပေါ့။့တဲထဲ ရောက်ရောက်ချင်း မေမေက ကျမကို ရင်ခွင်ထဲထည့် ကြက်မကြီှးဝပ်သလို မြေမှာပြားပြားဝပ်ပြီးတော့ အကိုနှစ်ယောက်ကိုလဲ ဂုတ်ကနေ ဆွဲနှိမ် ၀ပ်ချပေးတာမို့  ကံကြီးသွားတာပါ။ ဒီတုံးက ဖေဖေ့ကိုလဲ တောကြောင်တွေ ဆွဲခေါ်သွားပြီး ငွေတောင်းပါတယ်။ အမေက ငွေသား မရှိပါဘူး။ရွှေနဲ့  လဲ ရွေးခဲ့ရတာပါ။  ပြန်ပေးသမားတွေက အဖေ့ခြေသလုံးတွေကို လှံနဲ့ ဆွထားလို့  ဒါဏ်ရာတွေ ဗလပွနဲ့  လမ်းမလျှောက်နိုင်ပါဘူး။ လှည်းနဲ့ တိုက်ခေါ်ခဲ့ ရတာပါ။ အမေက သစ်ဥ သစ်ဖုတွေရဲ့  အာနိသင်ကို နားလည်ပေမဲ့ ပြေးရင်းလွှားရင်း ပုန်းရင်းခိုရင်း လိုချင်တဲ့ ဆေးပင် ရှာမရလို့  အခက်တွေ့ နေတာပေါ့။နောက်ဆုံး ကြံရာမရဖြစ်နေလို့  ရရာသစ်ရွက်သစ်ခက်တွေ ထုကြိတ်ပြီး အုံကပ်ပေးရင်း...“ ကျွန်တော်မရဲ့  ခင်ပွန်းကိုကုသဖို့  ဆေးဝါးမရှိပါ။ အနာတရ လုပ်သူမျာကိုလဲ အညိုးအတေး မရှိ ရန်တုံ့ မယူပါ။ ဤစကားမှန်ပါရင် ဤ သစ်ခက် သစ်ဥ များက အစွမ်းထက်သောဆေးဝါးဖြစ်ပြီး အမြန်ပျောက်ကင်းချမ်းသာပါစေ” လို့  သစ္စာဆိုပါတယ်။သုံးရက်အတွင်း အယောင်လျော့ကျပြီး ငါးရက်အကြာမှာတော့ ရှင်းရှင်းပျောက်ခဲ့ တယ်လို့  မေမေကသူ့ ဘာသူ ဂုဏ်ယူ ပြောဆိုခဲ့ ဖူးတယ်။

အဲဒါကြောင့် ကျမက စစ်ဆိုရင်မုန်းပါတယ်။စစ်ကြောင့် လူတွေ ဘယ်လောက်ဒုက္ခရောက်ကြသလဲ။ စစ်သားဆိုတာ မုန်းစရာ။ ဟိုငယ်ငယ်လေးထဲကကိုမုန်းတာ။ စစ်ကြောင့်ပြေးရ လွှားရ ။လူတွေ ၀ရုန်းသုဉ်းကားဖြစ်။သေတဲ့ သူသေ ၊ နာတဲ့ သူနာ။ဘယ်မှာ ကောင်းကျိုးရှိမလဲ။ ဒါပေမဲ့  ဂျပန်တွေဝင်လာတော့ ဂျပန်စစ်သားလေးတယောက် သူရတဲ့  ရာရှင်တွေထဲက နို့ ဆီ ၊ သကြား ၊ ချိုချဉ် ။ ငါးသေတ္တာ စတာတွေ ကျမစားဘို့ တဲ့ ။ လာလာပေးတာမှတ်မိတယ်။သူစစ်အင်္ကျီ အိပ်ကပ်ထဲက ဓါတ်ပုံလေးကိုလဲ ထုတ်ပြတယ်။ သူ့ သမီးလေးနဲ့  သူ့ ဇနီးပုံပါတဲ့ ။ သမီးက ပက်လက်ကုလားထိုင်လေးပေါ်မှာ အိပ်လို့  ၊့  သူ့ မေမေက ဘေးနားမှာပြုံးရပ်နေတယ်။ ချစ်စရာလေး တွေ။
သူကပြောတယ်။ “စစ်ပွဲတွေကို မုန်းတယ်။ဇနီးနဲ့ သမီးကို မခွဲချင်ဘူး ၊ အမိန့် ကိုနာခံရတယ်။ သူသေမလားရှင်မလားမပြောနိုင်ဘူး “ တဲ့ ။ ကျမကို သူ့ သမီးအမှတ်နဲ့  လာပေးတာလို့  မေမေကပြောပါတယ်။

ဒါဆိုရင် မတိုက်ချင်ပဲ တိုက်နေရတဲ့ စစ်သားတွေလဲ ရှိနေတဲ့ သဘောလား။ ကျမစဉ်းစားရင်း သူတို့ ကိုသနားလာတယ်။စစ်ပွဲတွေကို ဖန်တီးနေတဲ့ စစ်ဘုရင်တွေကိုမုန်းတတ်လာတယ်။
ဘုတလင်မှာက မငြိမ်မသက်နဲ့  နေ့ အခါ အစိုးရကအုပ်ပြီး ညအခါ ကွန်မြူနစ်တွေကပြန်စီးသတဲ့ ။ ဆက်ကြေးတောင်းသတဲ့ ။ ကွန်မြူနစ်တွေကလဲ အချင်းချင်း နီလိုက် ဖြူလိုက် ကွဲပြဲနေတော့ တာရှည်မအုပ်နိုင်၊ မထိန်းချုပ်နိုင်။ အစိုးရရော သူပုန်တွေပါ ဆုတ်ခွာသွားရင် တောကြောင်တွေကထ ဓါးပြကတိုက် လုယက်မှုတွေဖြစ် ဘယ်သူမှ အေးအေးဆေးဆေး မနေရကြရဘူး။ ကျေးလက်ဒေသက ကုန်သည်ပွဲစားမှန်သမျှ ပြည်တွင်းစစ်ကိုရှောင်ရင်း တိမ်းရင်း စီးပွားလဲ ရှာရင်း ဆိုသလို မုံရွာမြို့ ပေါ် တက်လာကြတော့တယ် တဲ့ ။

အဖေက ရှမ်းတောလမ်း ဒီဇူဇာဆေးတိုက်မှာ အခန်းတခန်း ငှားပြီး ရျွေဆိုင်ဖွင့်ပါတယ်။ သိပ်စုံလှတာမဟုတ်ပါဘူး။ ပန်းတိမ်းဖိုတခုတော့ရှိရဲ့ ။ ဒီတုံးက မောင်ကြည်ရှင်က ဆူးလေကုန်းရပ်ထဲက ဦးမောင်မောင်အလွတ်ပညာသင်ကျောင်း (နေရှင်နယ်ကျောင်းလို့ လဲ ခေါ်တယ်ထင်ရဲ့ ) မှာ ကျောင်းအိပ်ကျောင်းစား တက္ကသိုလ်ဝင်သင်တန်းတက်နေနှင့်ပြီ။ အခု အငြိမ်းစား
သြစတြေးလျ သံအမတ်ကြီး ဟောင်း ( မြန်မာနိုင်ငံမှာ အသက်အငယ်ဆုံးအထက်တန်းကျောင်းအုပ် လို့ လဲ နာမည်ကြီးရဲ့ ။ )စာရေးဆရာကြီး ဦးမောင်မောင်စိုးတင့်ရဲ့  ဘခင်ဖြစ်ပါတယ်။

ကျမတို့ အငယ်၂ယောက်ကတော့ Wesley School လို့  ခေါ်တဲ့ ခရစ်ယန်သာသနာပြုကျောင်းမှာ
နေခွင့်ရတယ်။ပြောရအုံးမယ် .။ဒီဇင်္ဘာလ ခရစ်စမတ်ပွဲနေ့ တွေဆို ကျမသိပ်ပျော်တာပဲ။ ပွဲတော်နေ့  သွားတဲ့ စတိုင်ကို ကြည့်မလား။ သိုးမွှေးခေါင်းစွပ်ကြီးဆောင်းတယ်။လက်အိပ်ခြေအိပ်စွပ်တယ်။Long coat ခေါ်တဲ့  အင်္ကျီပွပွရှည်ရှည် ၀တ်တယ်။ Canvas ခေါ်တဲ့  ဖိနပ်စီးပီး ရွှေခြေကျင်းထပ်ဝတ်တယ်။ မိုက်တယ်နော်။ စာဖတ်သူပုံဖေါ်မိရင်ရယ်နေမလားပဲ ။ ပွဲက ညပွဲဆိုတော့ မုံရွာမှာက အရမ်းချမ်းတယ်လေ။( ဒီပုံစံက အဖေနဲ့ ကျမ လမ်းလျှောက်ထွက်ရင်တွေ့ ရနိုင်တဲ့  ပုံစံပါပဲ။ ခြေကျင်းကြီးတော့မပါဘူးပေါ့။ ) ကျမက Church လဲ တက်တယ် ။ဓမ္မသီချင်းတွေကိုလဲ ကြိုက်တယ် ။ (စာသားကိုတော့မကြိုက်ဖူး။ ဝေ့လည်ကြောင်ပတ်နဲ့  နားမရှင်းလို့ ။ )

ဖေဖေ့ညီမ၀မ်းကွဲက ခရီယာန်ဆိုတော့ သူက ကျမကိုအမြဲ ခေါ်သွားလေ့ရှိတယ်။ မနက်တိုင်းလဲ ၄၅မိနစ် ကျမ်းစာသင်ရတယ်။ ဓမ္မသီချင်းတွေဆိုရတယ်။ သီချင်းတွေက အသံသာလို့  ကျမကသိပ်ကြိုက်ပါတယ်။ ဒါပေမဲ့  ကျမက အဲဒီအရွယ်ကတည်းက ရှင်ပြန်ထမြောက်တယ်ဆိုတဲ့  ခရစ်တော်ကို လက်မခံနိုင်ခဲ့ ပါဘူး။
အဖေကလေ ကျမကို ဘယ်လောက်ချစ်သလဲ ဆိုရင် ကျမ ဆယ်ကျော်သက်အရွယ်ထိ ဆံပင်ကိုဆီလူးပေးတုံး ၊ ဆံထုံးထုံးပေးတုံး။ ခြေသည်းလက်သည်းလှီးပေးတုံး။

ဒါပေမဲ့  ကျမအရွယ်ကလေးရလာတော့ အဖေနဲ့ ရော အကိုတွေနဲ့ ပါ ဘ၀ခြားသွားသလိုပဲ။ ဆက်ဆံရေးက ပြောင်းလွဲသွားတယ်။ ကျမကိုယ်တိုင်လဲ အဖေ့ကို “ ဖေ..ဖေ့ “ လို
ချွဲဘို့  ရှက်ရွံ့ လာတယ်။့  Wesley မှာ ၃နှစ်ပဲ နေလိုက်ရတယ် ။အဖေက ကျမကိုကျောင်းနှုတ်ပါလေရော။ မိန်းခလေးမို့ တော်ပြီးတဲ့ ။အိမ်မှာပဲ နေရပြီး ရွှေဆိုင်ထိုင်ခိုင်းပါတယ်။ ရွှေချိိန်တွယ်တာ။အရည်အသွေးစစ်တာ ဘာညာပြပေးတယ်။ ပြီးတော့ ဖေဖေတို့ က ချည်ထုတ်တွေလဲ ရောင်းတာဆိုတော့ ..
ဖေဖေတို့ ရေချိုးထမင်းစားနေရင် ကျမက ဆိုင်ထိုင်ရတယ်။ (ဆိုင်စောင့်ရတာပါ။ )

တနေ့တော့ ..မိန်းမ၃ ယောက်ဝင်ချလာတယ်။ ချည်ထုတ်တွေဈေးမေးလို့ ရောင်းရတော့မယ်လို့ ပျော်ပြီး ကျမက ဖေဖေမှာထားတဲ့အတိုင်းပြောရတယ်။ တယောက်က “ ရေဆာလိုက်တာသမီးရယ် ..
ရေတခွက်လောက်တိုက်ပါအုံး “တဲ့ ။ ရေယူပြီးထွက်လာတော့ တယောက်မှ မရှိတော့ဘူး။ ချည်ထုတ်လဲ ၃ထုတ်ပျောက်သွားတယ်။ အဖေက မဆူပါဘူး။ “ငါ့ သမီး မှတ်ထား။
လူတွေ အားလုံး ကိုယ်လို မဟုတ်ဘူး “တဲ့ ။ “ အဲဒါ သမီးအတွက် ပွဲဦးထွက် သင်ခန်းစာပဲ “ လို့ ပြောတယ်။ “ပြုသူအသစ် ခံရသူ အဟောင်း “ လို့ လဲ ဖေဖေကပြောပါတယ်။ ကျောင်းထွက်ပြီး ၂နှစ်လောက်ကြာမှ ကျမ မျက်စိပွင့်လာတယ်ပြောရမှာပါ။ ဘန်ကောက်လုံချည်တရွှမ်းရွှမ်းနဲ့  လေယာဉ်ကြီးနဲ့  ရန်ကုန်တက္ကသိုလ် ကျောင်းတက်သွားတဲ့  အကိုတွေကို မနာလိုတော့ဘူး။ Wesley တုံးက ကျမသူငယ်ချင်းတွေ တက္ကသိုလ်ကျောင်းသူကြီးဖြစ်ကုန်တာကျ မ မနာလိုတော့ဘူး။ ကျမကိုယ်ကျမ သိမ်ငယ်သွားတယ်။ဘာ့ကြောင့် ကျမ ကျောင်းတက်ခွင့် မရ ရမှာလဲ ။ အဖေ့ကို တိုက်ရိုက်ကျမ အရေးဆိုတယ်။ အဖေက စာနာတတ်သား။ ချက်ခြင်းပဲ ကျောင်းအပ်ပေးတယ်။ဗုဒ္မဘာသာကျောင်း လို့ ခေါ်တဲ့  (အမှတ် ၁ )အထက်တန်းကျောင်းမှာကျမနေခွင့်ရတယ်။ ဒါပေမဲ့  ဖေဖေက စည်းကမ်းချက်တွေနဲ့ ခွင့်ပြုတာပါ။ စာကလွဲရင် ဘာမှ အပိုမလုပ်ပါဘူး။ ကျေင်းနဲ့ အိမ်၊ အိမ်နဲ့ ကျောင်းကလွဲလို့  ဘယ်မှ မသွားပါဘူး။ ယောင်္ကျားလေးသူငယ်ချင်းမထားပါဘူး လို့  ကျမက ၀န်ခံ ထားရတယ်လေ။ လွယ်လွယ်ဝန်ခံခဲ့ ပေမဲ့  လက်တွေ့ ကျင့်သုံးဘို့  ခက်ပါတယ်။ အထက်တန်းကျောင်းသားကြီးဖြစ်လာတော့ နဲနဲ လူမှုရေး များလာပါပြီ။ ကျမက လဲကျမ အပိုတွေလုပ်ချင်ခဲ့ တယ်လေ။

ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ဦးစီးတဲ့  ငှက်ပြာမယ် (Girl Guide ) လဲ ဖြစ်ချင်ခဲ့ တယ်။ လေထဲမှာ ဟိုသည်ပျံဝဲနေတဲ့  ကြက်တောင်ဖြူဖြူလေးကိုလဲ လိုရာထိန်းချုပ် ဖမ်းယူပို့ ပြစ်ဘို့  ၀န်မလေးခဲ့ ဘူး။ “တိုးတက်သော အတွေးအခေါ်ရှိသူ ကျောင်းသား “ အုပ်စုဝင်လဲ ဖြစ်လိုက်သေးတယ်။ DSO တွေနဲ့ ဆန့်ကျင်ပြီး အလံကိုင် ချီတက်ခဲ့ ဖူးတယ်။ ဖေဖေတို့အမြင် မှာတော့ ကျမက “ ပါလေရာ “ ပေါ့။ မိန်းခလေးတန်မဲ့  နေရာတကာ ပါလေရာ ဘွဲ့ နဲ့  သဘောထားကွဲလွဲခဲ့ ကြတယ်။ ကျမက ကြီးကြီးကျယ်ကျယ် သမိုင်းတွေ ပထ၀ီတွေထဲ က စကားအဆန်းတွေပြောတတ်လာတယ်။မိဘတွေကို Autocracy ဆန်တယ်ဆိုတာမျိုးဝေဖန်တတ်လာတယ်။ မိဘနဲ့ သားသမီးဟာ ကျေးကျွန်နဲ့  သခင် အနေအထားမဖြစ်သင့်ဘူးဆိုတာတို့  ပြောတတ်လာတယ်။ လွတ်လပ်မှုမရှိဘူး။ လုပ်ပိုင်ခွင့်မရှိဘူးတို့  ပြောတတ်လာတယ်။ မိန်းကလေးမို့  အစိုးရိမ်ပိုရှာတယ်လို့  အဖေ့ကို စာနာကြည့်ဖို ကျတော့ ကျမ ပျက်ကွက်ခဲ့ တယ်။့ 

လပိုင်းလောက်သာလိုတော့တဲ့  တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကိုတောင် လက်လွတ်ခံပြီး ဖေဖေ့ကို အရွဲ့ တိုက် စွန့် ခွာပစ်ထားလို့ု အိမ်နဲ့ ဝေးရာ မိုင်ပေါင်းများစွာ ပြေးထွက်မိတော့တယ်။ခုတော့ကျမသိပြီ။ ကျမစာနာတတ်ပါပြီ။ ဒီ့အတွက် ဖေဖေ့ကို ကျမ တောင်းပန်ချင်ပါတယ်။ အဖေ့ရှေ့ မှာ ဒူးထောက်ပြီး “ကျမမှားခဲ့ ပါတယ် အဖေ ရယ်” လို့  တောင်းပန်ချင်ပါတယ်။ ဒါပေမဲ့  အဖေက ကျမကို မပြောမဆို နှုတ်လဲ မဆက် စွန့်ခွာထားရစ်ခဲ့တာကြာပြီကော။ နောင်သံသရာမှာ ဖေဖေနဲ့  ပြန်လည်ဆုံတွေ့ ခွင့်ရရင် ကျမ ဒေါက်တာကျော်စိန်ရေးတဲ့  အောက်ပါစာပိုဒ် လေးကို ဖတ်ပြမိမှာ အသေအချာပါပဲ။ ။

“အချို့သည် မိဘအိမ်တွင် နေရသည်ကို စိတ်ညစ်၍၄င်း ၊ ကျောင်းစာသင်ရသည်ကို ငြီးငွေ့ ၍၄င်း ၊
မိသားစုရင်ခွင်၌ မပျော်ရွှင်၍ ၄င်း၊ ယင်းတို့ မှ လွတ်မြောက်ရန် အလို့ ငှာ ၊ မည်သူ့ ကိုဖြစ်ဖြစ်
လက်ထပ်မည်ဟုဆုံးဖြတ်ခြင်းပြုတတ်၏။ ကျားကြောက်၍ ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုးဟူသကဲ့ သို့ 
ဘ၀အခက်အခဲများမှ အလွတ်ရုန်းလို၍ အိမ်ထောင်ပြုသူများသည် ပို၍ ရှုပ်ထွေးခက်ခဲသော
အိမ်ထောင်ရေးပြသနာများနှင့် ရင်ဆိုင်ရကာ စိတ်ပျက်ခြင်း ၊ ပူပန်သောကရောက်ခြင်းတို့ ဖြင့် သာ စခန်းသိမ်းရလေ့ရှိသည်။”
ဒေါက်တာကျော်စိန် MA.PhD (Columbia)
စိတ်ပညာဋ္ဌာနမှူး ရန်ကုန် ၀ိဇ္မာ သိပ္မံတက္ကသိုလ်။

ခင်မေသစ် (Florist)

5 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

တို့မှာလည်း ငယ်စိတ်နဲ့ မိဘတွေကို စိတ်အနှောက်အယှက်ဖြစ်အောင် လုပ်ခဲ့မိတာတွေ ရှိခဲ့တယ်
ငယ်တုန်းကတော့ မာနတွေ မခံချင်မှုတွေနဲ့ပေါ့
ကြီးလာတော့ နားလည်လာပါပြီလေ..
မိဘကို အတတ်နိုင်ဆုံး စိတ်ချမ်းသာအောင်ထားဖို့ဘဲ စဉ်းစားမိတော့တယ်။
အချိန်က စကားပြောတယ်ဆိုတာ သိပ်မှန်တာဘဲ။
ဖြိုးမေမေရေးတဲ့ အဖေ့အကြောင်းလေးဖတ်ပြီး မိဘတွေကို ပိုပြီး စိတ်ချမ်းသာအောင် ထားဖို့ ဆုံးဖြတ်မိတယ်။ ကျေးဇူးပါ

An Asian Tour Operator said...

ဘေးနားမှာ လာထိုင်ပြောနေသလိုပဲ။

အလင်းသစ် said...

မေမေရေးတဲ့ အဖေ့အကြောင်းတွေ
လာဖတ်သွားပါတယ်။။။။။။။။

စော(အဝါရောင်မြေ) said...

မေမေရေးတဲ့ ဖေဖေ အကြောင်းဆိုတော့ အူကြောင်ကြောင် တောင် ဖြစ်သွားတယ်။
ဇါတ်လမ်းက ဖတ်လို့  ကောင်းပါတယ်။
လူတကိုယ် ဘဝ တစ်မျိုးပဲနော်။

ကောင်းမွန်ဝင်း said...

အားကြီးကြိုက်တယ်