Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, May 13, 2011

စကားလုံးတွေထဲက နင်ဟာ ... ငါ့ရဲ့စိမ်းလန်းတဲ့ကမ္ဘာ

“သဇင်၊ ငါ ပရောဂျက်တစ်ခု လျှောက်ထားတာ သူတို့လက်ခံလိုက်တယ်ဟ၊ ပျော်စရာကြီး၊ နင် ဒီတစ်ခါလည်း ကူညီမယ် မဟုတ်လား”

သဇင့်မျက်ခုံးကွေးကွေးနှစ်ဖက် အပေါ်ကို မြောက်ကနဲ တက်သွားတော့တယ်။

“ဘာလဲ ညီညီ၊ နင့်ရဲ့ ပရောဂျက်က၊ ငါ့ကို အရင်ပြောပြပါဦး၊ နင့်ရဲ့ ပတ်ဝန်းကျင်ထိမ်းသိမ်းရေး၊ အပင်၊ ပလတ်စတစ်ဗူးတွေ၊ အင်စတော်လေးရှင်းတွေ၊ အီကိုအာထ့်(Ecoart) တွေ၊ အဲဒါတွေထဲက တစ်ခုခုနဲ့ ငြိနေတဲ့ ပရောဂျက်ပဲလား”
“အစစ်ပေါ့ သဇင်ရာ၊ ဒီမှာကြည့် ငါ အခုပဲ မြူနီစပယ်ရုံးက ပြန်လာတာ၊ ဒီမှာစာရွက်စာတမ်းတွေ”

ညီညီက ပြံးရွှင်ပေါ့ပါးနေတဲ့မျက်နှာပေးနဲ့ စာရွက်တွေတစ်ထပ်ကြီးပဲ သဇင့်လက်ထဲကို ထည့်ပေးပါတယ်။ သဇင် စာရွက်တွေကို ယူကြည့်ရင်း စဉ်းစားနေမိတယ်၊ ဒီရက်ပိုင်း သဇင် ကျောင်းကိစ္စတွေနဲ့ မအားလပ်တာနဲ့ ဒီလူငယ်လေး ညီညီနဲ့ မတွေ့ဖြစ်ခဲ့ဘူး။ သူကလည်း ဒီရက်ပိုင်းမှာ အချိန်မှန် ဖုန်းဆက်နေခဲ့ပေမဲ့ သူ့ ပရောဂျက်ဆိုတာ လေသံတောင်မဟခဲ့ပါဘူး။ ညီညီက အဲဒီလိုပါပဲ၊
မသေချာသေးတဲ့ ကိစ္စတစ်ခုကို ဘယ်တော့မှမပြောဘူး၊ သူ့ဘာသာ ကျိတ်ပြီး လုပ်နေတတ်တယ်။ သေချာပြီဆိုရင်တော့ သူ့ရဲ့ အမာခံ သူငယ်ချင်း သဇင့်ကိုပဲ အရင်ဆုံး ပြောပြတတ်တာလည်း သူ့ရဲ့ အကျင့်လိုဖြစ်နေခဲ့ပါပြီ၊ ပြီးရင်တော့ အကူအညီ တောင်းတတ်တာပဲလေ။
ညီညီ့ရဲ့စာရွက်တွေထဲမှာ မြက်ရိတ်တဲ့ကုမ္ပဏီတစ်ခုရဲ့ တံဆိပ်တုံးတွေလက်မှတ်တွေနဲ့ စာရွက်ကိုလည်းတွေ့ရဲ့၊ ပတ္တမြားစင်တာဘေးက ခေတ်ပြိုင်အနုပညာပြတိုက်ဒါရိုက်တာရဲ့ လက်မှတ်နဲ့ စာရွက်တွေလည်းတွေ့ပြန်တယ်။

“ညီညီ နင့်ပရောဂျက်က ဘာလဲ၊ ပြတိုက်ရှေ့က မြက်ခင်းတွေရယ် ကြေးနီတံတားဘေးက မြက်ခင်းတွေမှာရော ဘာလုပ်မှာလဲ”

“ကြေးနီတံတားဘေးမှာတော့ မြက်တွေနဲ့ စာလုံးအကြီးကြီးတွေ ဖော်မယ်လေ၊ ပြတိုက်ရှေ့က မြက်ခင်းတွေကွာ အကျယ်ကြီးပဲ၊ အဲဒီမှာ ကြယ်ပုံတွေဖော်မယ်၊ ငါ ဗော်လန်တီယာတွေ ခေါ်ထားတယ်၊ ဂူးဂဲလ်မက်ပ်(google map)ကနေ တိုင်းကြည့်ထားပြီးပြီ၊ ကြယ်တွေ ၃၇ ခု ရှိမယ်၊ ၉ပေကနေ ၁၂ ပေလောက်ထိကြီးမယ်ဟာ၊ တံတားဘေးက စာလုံးတွေကတော့ “မင်္ဂလာပါ”  “ချစ်တယ်”  “ချမ်းမြေ့ပါစေ” “ကျေးဇူးတင်ပါတယ်”  အဲဒီလိုစာလုံးတွေပေါ့၊ ငါ့ ရဲ့ art installation ကို ပန်းချီကျောင်းကလည်း support လုပ်မယ်၊ ပြတိုက်ကလည်း လက်ခံလိုက်ပြီ၊ ငါနဲ့ ဗော်လန်တီယာတွေ က စာလုံးတွေ၊ ကြယ်ပုံတွေ မြက်မှာ အရာပေးထားရုံပဲ၊ မြက်ရိတ်တဲ့ ကုမ္ပဏီ ကနေ သူ့လူတွေနဲ့ ကားတွေနဲ့ လာရိတ်ကြလိမ့်မယ်”
“တော်ပါဟယ်၊ ဗော်လန်တီယာဘယ်နှစ်ယောက်လာကြမှာလဲ၊ စပွန်စာမရှိတဲ့၊ ကျောထောက်နောက်ခံ အဖွဲ့အစည်းတစ်ခုခုရှိမနေတဲ့ နင့်ပရောဂျက်ကို ဗော်လန်တီယာတွေက စိတ်မ၀င်စားပါဘူး”
 
“သူတို့ မလာလည်း ငါ ... တစ်ယောက်တည်းဆိုလည်း လုပ်နိုင်ပါတယ်၊ ငါကတော့ လုပ်မှာပဲ”

ညီညီ့လေသံ နည်းနည်းလေးတိုးသွားပေမဲ့ သူက မဖြစ်ဖြစ်အောင်လုပ်မယ့်ပုံစံ ဟန်ပန်အပြည့်နဲ့ တက်ကြွနေပါတယ်။

“နင့် မြက်စာလုံးဖေါ်တဲ့အင်စတော်လေးရှင်းရဲ့ ရည်ရွယ်ချက်ကရော”
 
“အာ .. နင်ကလည်း မေးနေပုံက ကြောက်စရာလန့်စရာ”

“ဖြေသာဖြေပါလေ”

သဇင်က အမှန်တော့ ညီညီ့ စချင်နောက်ချင်တာ၊ ညီညီရှင်းပြတဲ့ ပုံစံလေးကို မြင်ချင်လို့ပါ။
ညီညီကလည်း သေသေချာချာကိုဖြေပါတယ်။
“ဒီလို အင်စတော်လေးရှင်းမျိုးက public မှာ လုပ်ရတာကွာ၊ တီထွင်ဖန်တီးရတဲ့ art တစ်ခုပဲ၊ ပရိသတ်တွေက art ဖြစ်စဉ်ကို အစကနေအဆုံး စောင့်ကြည့်နေလို့ရတယ်၊ စကားဝင်ပြောလို့ရတယ်၊ ဝေဖန်လို့ရတယ်၊ စိတ်ဝင်စားလာရင် ကိုယ်တိုင်ဝင်ပါလို့လည်းရသေးတယ်၊ artist တွေရယ် ပရိသတ်တွေရယ်၊ artwork ရယ်က အပြန်အလှန် အကျိုးသက်ရောက်နေကြတာကွာ၊ ဒီလို artwork တစ်ခုပြီးသွားရင် ရလာတဲ့ စိတ်ကျေနပ်မှုခွန်အားတွေကို အကုန်လုံးက ရယူနိုင်တယ်။ ပရိသတ်တွေရဲ့ တုံ့ပြန်တဲ့အသံကို ချက်ချင်းရတာ၊ artist တွေလည်း ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုပြီးရလာတယ်၊  ပြီးတော့ ငါတို့ အသုံးပြုတဲ့ ပစ္စည်းတွေက သဘာဝပစ္စည်း၊ စွန့်ပစ်ထားတဲ့ ပစ္စည်းမျိုးတွေနဲ့ ပုံဖော်ကြတာ၊ အရင်ပရောဂျက်တွေတုန်းက  ပလပ်စတစ်ဗူးတွေ ငါတို့ အပင်ပမ်းခံပြီး သွားကောက်ကြတယ်၊ လူမြင်ကွင်းမှာ စီတန်းပြီးချပြထားလိုက်တယ်။
ပလပ်စတစ်ဗူးတွေကို မြစ်လို ကွေ့ကွေ့ကောက်ကောက်စီပြီး ချပြထားတယ်၊ ပလပ်စတစ်ဗူးမှာ စာတမ်းလေးတွေ ချိတ်ထားလိုက်တယ်၊ “ငါတော့ ရင်ပြည့်နေပြီ ... ပုံ/ ဧရာဝတီ” “ကျွန်တော်တို့အတွက် နေရာမရှိဘူး .. ပုံ/ပလပ်စတစ်” အဲလိုမျိုးပေါ့၊ စာတမ်းလေးတွေကို လူတွေက ယူပြီးကြည့်တယ်၊ သဘောကျရင် ဖြုတ်ယူသွားလို့ရတယ်၊ အဲဒီ artwork က လူသားအရည်အသွေးမြှင့်တင်တဲ့၊ အသိပေးတဲ့ အင်စတော်လေးရှုင်းမျိုးပေါ့ဟာ၊ ငါတို့ အဲဒီလို အင်စတော်လေးရှင်းလုပ်ပြီးတဲ့နောက် တာဝန်ရှိတဲ့သူတွေလည်း ပလပ်စတစ်ဗူးတွေရှင်းဖို့ အစုအဖွဲ့တွေနဲ့ လှုပ်ရှားလာကြတယ်၊ အဲဒါ ငါတို့ art installation ရဲ့ အမြတ်ပေါ့၊ အခု မြက်တွေကို စာလုံးဖော်မှာကတော့ သဘာဝပတ်ဝန်းကျင်ကိုချစ်မြတ်နိုးဖို့ရယ်၊ ရုံးဆင်း ရုံးတက် ဒီမြစ်ကြီးကို ဖြတ်သွားကြတဲ့ သူတွေကို မျက်စိပသာဒဖြစ်အောင် ဖြေဖျော်တဲ့ သဘောမျိုးပဲ၊ ပြီးတော့ ခေတ်ပြိုင်အနုပညာပြတိုက်ကြီး၊ နင်သိတယ်မဟုတ်လား၊ သူ့ ရှေ့က မြက်ခင်းပတ်လည်ရယ် ပြတိုက်ကြီးရဲ့ရှေ့မှာရောပဲ လက်ရာမြောက်တဲ့ ရှေးခေတ်ပန်းပုရုပ်ကြီးတွေ ရှိနေတယ်၊ အဲဒီ ပြတိုက်ကြီးကကွာ အခုဆို ပိတ်ထားရတယ်၊ ဈေးဝယ်စင်တာတွေ တစ်ခုပြီးတစ်ခုသာ ဖွင့်လာကြတယ်၊ ဒီပြတိုက်ကြီးကတော့ ပိတ်ထားရဆဲပဲ၊ 
အဲဒီရှေ့က ပေါက်ပြားကြီးတွေပုံဖော်ထားတဲ့ ပန်းပုရုပ်ဆို သမိုင်းကြောင်းတွေ အများကြီးပဲ ရှိတယ်၊ ဘေးက အလုပ်သမားပုံပန်းပုရောပဲ၊ သူ့ရဲ့ လက်မောင်းတစ်ဘက်က လျှောကျပြီး ပြားချပ်နေတာပဲ၊ ဦးခေါင်းကြီးက ဦးနှောက်နေရာမှာ ချိုင့်ဝင်နေတယ်၊ နင် သိလား၊ ပန်းပုဆရာက နာမည်ကြီး၊ သူဘာလို့ နာမည်ကြီးတာလည်း၊ ပန်းပုရုပ်ကို အလှပြရုံထုထားတာမဟုတ်ဘူး၊ အလုပ်သမားတွေ လက်မောင်းတွေလျှောကျ ပိန်လှီစုတ်ပြတ်တဲ့အထိ  အလုပ်လုပ်ခဲ့ရတယ်၊ ဦးနှောက်တွေက ထုတ်ယူစားသုံးခံထားရတယ်၊ သူ က အဲဒါတွေကို message ပေးချင်ခဲ့တာ၊ အဲဒါကြောင့် အဲဒီပန်းပုဆရာနာမည်ကြီးတာ၊ ဒါပေမဲ့
အခုတော့ ဘယ်သူမှ ပြတိုက်ကြီးနဲ့ ပန်းပုရုပ်တွေကို ဂရုမစိုက်ကြတော့ဘူး၊  အဲဒီပြတိုက်ကြီး ရှေ့မှာ ငါ .. ကြယ်ပုံတွေ အကြီးကြီး ပုံဖော်ပြီး ရိတ်မယ်၊ အနည်းဆုံးတော့ အဲဒီနား မိုးမျှော်ပတ္တမြားမျှော်စင်အပေါ်ဆုံးထပ်က စားသောက်ဆိုင်ကနေ ကြည့်ရင် ပြတိုက်ကြီးရဲ့ရှေ့၊ အမြဲလိုလို အစိမ်းရောင်တွေပဲ ပြည့်နေတဲ့ မြက်ပင်တွေထဲမှာ ကြယ်တွေ ကို တွေ့တဲ့သူတွေရှိလာကြမယ်၊ ပြတိုက်ရှေ့မှာ ဆိုတာနဲ့တင် လူတွေ .. သူတို့ မေ့လျော့နေတဲ့ ပြတိုက်ကြီးကို သတိပြုမိလာမယ်၊ ပြီးတော့ကွာ အပင်တွေကို ချစ်မြတ်နိုးလာမယ်၊ အဲဒါတွေက ငါပေးချင်တဲ့ message တွေပေါ့ဟာ၊ အမလေး ပြောရတာ မောလိုက်တာ၊ ငါ မြက်ရိတ်ပြီး စာလုံးမဖော်ရသေးဘူး၊ သဇင်ရာ .. နင့်ကို ရှင်းပြရတာနဲ့တင် မောပြီး သေလို့ရနေပြီ”
“မသေပါနဲ့ဦး ညီညီရယ် မြက်တွေနဲ့ စာလုံးတွေ ဖော်သွားပါဦး” 

အဲဒီလို သဇင်က စနောက်လိုက်တော့ ညီညီက တဟားဟား အော်ရယ်ပါတော့တယ်။
ဒီလူငယ်လေးကို သဇင် အထူးတလည် အံ့သြမနေတော့ပါဘူး။ သူက ပလပ်စတစ်အိတ်တွေနဲ့ ရှုပ်ရှုပ်ထွေးထွေးဖြစ်နေတတ်တဲ့ လမ်းတွေပေါ်မှာ လမ်းလျှောက်ရတိုင်း စိတ်တိုတတ်တယ်။ ပလပ်စတစ်အိတ်တွေ လေထဲမှာ ၀ဲပျံပြီး သစ်ပင်ပေါ်မှာ ချိတ်နေတာ မြင်ရတိုင်း သူ့မျက်ခုံးတွေ တွန့်ချိုးပြီး ရှုသိုးသိုးကြည့်တတ်တယ်။ မြစ်ကမ်းဘေး သွားထိုင်ဖြစ်ကြတဲ့အခါ မြစ်ကမ်းဘေးက စုပုံနေတတ်တဲ့ ပလပ်စတစ်ဗူးတွေ တွေ့ရတိုင်းလည်း သူ အဲဒီပလပ်စတစ်ဗူးတွေကို မျက်မုန်းကျိုးတယ်။ သဇင်နဲ့ နှစ်ယောက်တည်းအတူရှိနေကြတဲ့ အချိန်မျိုးမှာ ညီညီ့ဆီက နုနုဖတ်ဖတ် ချစ်စကားလေးများ ကြားရမလားလို့ သဇင် အချိန်တွေတော်တော်များများမျှော်လင့်ခဲ့ဖူးပေမဲ့ အဲဒီလူငယ်လေးကတော့ သူ့ရဲ့ အနုပညာ၊ သူ့ရဲ့စိမ်းလန်းလှပတဲ့ ကမ္ဘာကြီးအကြောင်းပဲ ပြောနေခဲ့တာပါပဲ။
“သဇင် .. သိလား၊ ငါတို့တွေ အလုပ်က အားတဲ့အချိန်လေးတွေမှာ ကစားကွင်းတွေသွား၊ ကလပ်သွား အပျော်အပါးသွားနေကြမယ့်အစား ဒီအမှိုက်တွေကို စုပေါင်းပြီး ရှင်းလိုက်ရင် သိပ်မကြာတော့တဲ့အချိန်မှာ လမ်းတွေရှင်းသွားမှာပဲ၊ ကြွတ်ကြွတ်အိတ်တက်စွပ်နေတတ်တဲ့ သစ်ကိုင်းတွေလည်း သူ့တို့ကိုယ်ပိုင်အရွက်တွေနဲ့ပဲ လှသွားကြမှာ၊ မြစ်ကမ်းဘေးမှာလည်း ရှင်းတဲ့နေရာတော့ ရှင်းထားပါရဲ့၊ သူတို့ ထိုင်ကြမယ့် နေရာကွက်ကွက်လေးပဲ ရှင်းလင်းထားကြတယ်၊ သူတို့အတွက် နေရာလေးကတော့ လှနေတာပေါ့၊ မြစ်ကြီးရဲ့ တခြားနေရာ၊ တခြားမြစ်ကမ်းပါးတွေမှာက ပလပ်စတစ်ဗူးတွေ စုပြုံနေတာပဲ၊ ပလပ်စတစ်ဗူးတွေနဲ့ ကျွန်းတစ်ကျွန်းဖြစ်တော့မယ်။ ငါတို့ ဒီနေ့ကမှ စပြီးမရှင်းရင် သိပ်မကြာဘူး၊ မြစ်ကြီးက ပလပ်စတစ်ဗူးတွေ ဆို့ပိတ်ပြီး ရင်ပြည့်ရင်ကယ်ဖြစ်တော့မှာ”

ညီညီအဲဒီလို ပြောလာတုန်းက သဇင်က စနောက်ခဲ့ဖူးပါသေးတယ်။

“ခစ်ခစ် ...  မြစ်ကပဲ ရင်ပြည့်ရင်ကယ် ဖြစ်ရတယ်လို့”

သဇင့်က စနောက်တော့ ညီညီ စိတ်ဆိုးခဲ့ပါတယ်။ အမှန်က သဇင်လည်း သိတာပေါ့၊ သဇင်တို့ မြစ်ကမ်းဘေးသွားထိုင်ကြရင် ခုံလေးတွေနဲ့ အလှဆင်ထားကြတဲ့ ပန်းခြံရှိတဲ့ ဘက်မှာ မထိုင်ပဲ၊ တမင် မြေသားကြီးပဲ ရှိနေတဲ့ မြစ်ကမ်းပါးဘက်အထိ ရောက်အောင် သွားထိုင်တတ်ကြတာပဲ။ လူတွေက ကိုယ်ထိုင်တဲ့နေရာလေးမှာ ရှင်းလင်းနေရင် ပြီးရော သဘောထားလိုက်ကြပြီး မြစ်ထဲကို အလွယ်တကူပဲ ပလပ်စတစ်ဗူးတွေ၊ ပလပ်စတစ်အိတ်တွေ ပစ်ချလိုက်ကြတယ်။ စီးနေတဲ့ မြစ်ကြီးကတော့ သူ့ရဲ့ ရေစီးပေါ်ကို ခုန်ဆင်းလာတဲ့ ပစ္စည်းပစ္စယအားလုံးကို သယ်ယူသွားပေးပါတယ်။ အမှိုက်လွှင့်ပစ်လိုက်တဲ့ လူရဲ့ရှေ့မှာ ရှင်းလင်းသွားပေမဲ့ မြစ်ကြီးက ဘာတတ်နိုင်မှာတဲ့လဲ၊ သူ မသယ်နိုင်တော့တဲ့ တစ်နေရာမှာ အဲဒီ အမှိုက်သရိုက်တွေကို စုပုံထားလိုက်တော့တာပဲပေါ့။ အဲဒါနဲ့ပဲ မြစ်ကြီးရဲ့ နေရာတစ်နေရာ၊ တစ်နေရာမက နေရာတွေမှာ ပလပ်စတစ်ကျွန်းဆိုတာတွေဖြစ်လာတတ်တယ်။
Great War Island က ပလပ်စတစ်ဗူးတွေ
အဲဒီလို ပလပ်စတစ်ကျွန်းလို့ နာမည်ကြီးနေတဲ့ မြစ်ဘေးနားက ကျွန်းလေးဆီ ဗော်လန်တီယာတွေကို ဦးဆောင်ပြီး ညီညီတို့ သွားကောက်ကြတုန်းကလည်း သဇင် နေ့တိုင်း ညီညီ့ကို ကူညီခဲ့သေးတယ်။ ပထမနေ့မှာ ဗော်လန်တီယာ၁၅ ယောက်လောက် လာခဲ့ပေမဲ့ နောက်နေ့တွေ သူတို့ ပင်ပမ်းသွားကြရော အကုန်လုံး မလာနိုင်ကြတော့ပါဘူး။  သဇင်တို့ သုံးရက်လောက် တစ်နေကုန် ပလပ်စတစ်ဗူးတွေကောက်ခဲ့ကြတာ နှစ်သောင်းကျော်လောက် ရခဲ့ကြတယ်။ ပလပ်စတစ်ဗူးတွေကို မြူနီစပါယ် အမှိုက်သိမ်းကုမ္ပဏီရဲ့ ဂိုထောင်မှာ သိမ်းထားပေးပြီး နောက်နေ့ မြို့ရဲ့ နေရာ လေးနေရာလောက်မှာ စွန့်ပစ်ထားတဲ့ ပလပ်စတစ်ဗူးတွေနဲ့ အင်စတော်လေးရှင်းတဲ့၊  ညီညီပြောတဲ့စကားအတိုင်းဆို Ecoart installation ပေါ့။  အဲဒီ အင်စတော်လေးရှင်းလုပ်ပါတယ်။ တံတားဘောင်ပေါ်မှာ ညစ်ပေနေတဲ့ ပလပ်စတစ်ဗူးတွေကို တစ်ပေခွဲခန့်စီခွဲထားပြီး စီထားတယ်၊ ခိုင်ခံ့အောင် ပလစ်စတစ်ဗူးကို ဖောက်ပြီး ဘောင်မှာ ကြိုးနဲ့တွဲရတယ်။ ညီညီ့ရဲ့ အဲဒီလို art installation လုပ်ဖို့အတွက် မြူနီစပါယ်ဆီက ခွင့်ပြုချက်ရဖို့ အချိန်တွေအများကြီး ပေးရပါသေးတယ်။ သူ့အလုပ်အားတဲ့အချိန် ရုံးတွေ ညီညီ ခဏခဏသွားခဲ့ရတယ်။ ဒါလည်း ညီညီကတော့ ပင်ပမ်းတယ်တစ်ချက်မငြီးငြူပါဘူး။
ဘတ်စ်ကားတွေပေါ်က ဖြတ်သွားတဲ့ လူတွေက ညီညီ့ရဲ့ စီတန်းနေတဲ့ ပလပ်စတစ်ဗူးတွေကို မြင်တော့ အဆန်းတကြယ်ဖြစ်ကြတယ်။ ခြစ်ခြစ်တောက်ပူနေတဲ့ နေရောင်အောက်မှာ စွန့်ပစ်ပလပ်စတစ်ဗူးတွေနဲ့ အလုပ်ရှုပ်နေကြတဲ့ လူငယ်လေးတွေ ပြောချင်တဲ့စကားတွေ ပေးချင်တဲ့အသိတရားတွေ လက်ခံယူနိုင်ကြလားတော့ မသိပါဘူး၊ နောက်တစ်နေ့မှာတော့ တံတားပေါ်က ပလပ်စတစ်ဗူးတွေ မရှိကြတော့ဘူး။ ဖျက်ဆီးပစ်လိုက်ကြပြီ။ မသင့်တော်တဲ့ လူမြင်ကွင်းနေရာမှာ ရောက်နေကြတဲ့ ညစ်ညစ်ထေးထေး ပလပ်စတစ်ဗူးတွေကို လူတွေက နှာခေါင်းရှုံ့ကြတယ်။ သူတို့ မမြင်လိုကြဘူး။ ဒါဆို ပလပ်စတစ်ကျွန်းတွေနဲ့ ပြည့်ကယ်နေတဲ့ မြစ်ကြီးအတွက်ကရော။ အဲဒီနေရာက ပလပ်စတစ်ဗူးတွေကိုရော ဖျက်ဆီးလိုစိတ် မရှိကြဘူးတဲ့လား။ လူတိုင်းကို အဲဒီမေးခွန်းတွေ မမေးနိုင်တဲ့အခါတိုင်း သူ့ရဲ့ဘေးမှာ အမြဲရှိနေတဲ့ သဇင့်ကိုပဲ ညီညီက မေးနေတတ်ပါတယ်။ သဇင်ကတော့ ဖြေတာပေါ့။

“သဇင်လား၊ သဇင်ဆို နေရာတိုင်းက ပလပ်စတစ်ဗူးတွေ ဖျက်ဆီးမှာပေါ့၊ ရှင်းလင်းလိုစိတ်ရှိတာပေါ့” လို့။
သဇင် ဖြေတိုင်း လူငယ်လေးညီညီရဲ့ မျက်လုံးလေးတွေ တဖြတ်ဖြတ်လက်နေရင်း သဇင့်ကို ချစ်ခင်မြတ်နိုးစွာ ကြည့်တတ်ခဲ့တယ်။ အဲဒီ ရှင်းသန့်နေတဲ့ မျက်ဝန်းလက်လက်လေးတွေကို သဇင် သိပ်ချစ်ရတာပေါ့။
သဇင် ညီညီ့စာရွက်တွေ ကြည့်နေရင်း အတွေးတွေက နောက်ပြန်လို့နေတယ်။ ညီညီ ဘာပြောမှန်း သဇင်မကြားလိုက်ပါဘူး။ ညီညီက သဇင့်ခေါင်းကို သာသာလေး ပုတ်လိုက်ပြီး ထပ်မေးတယ်။
“ဟင် .... သဇင် ... နက်ဖြန် ငါ လာခေါ်မယ်နော်၊ နင်လိုက်မယ် မဟုတ်လား။ မြက်တွေ စာလုံးဖော်လို့ရတဲ့ အရှည်ရောက်နေပြီလား သွားကြည့်ရမယ်၊ နင်လိုက်မယ်ဆို အပြန် အဲဒီနားက boat restaurant မှာ အာလူးကြော်ကျွေးမယ်လေ”
“ဟာ နင်ကလည်း စားသောက်ဆိုင်သွားပြီး အာလူးကြော်ကျွေးမယ်ဆိုတာကပါသေးတယ်၊ နာမည်တောင်တပ်လိုက်သေးတယ်၊ အဲဒီမှာကျွေးမယ်ဆို တော်ပြီပေါ့”
 
“ဟား ဟား မဟုတ်ပါဘူး သဇင်ရာ၊ နင်က အာလူးကြော် သိပ်ကြိုက်တာမို့ နာမည်တပ်တာပါ၊ နင် စားချင်တာကျွေးမှာပေါ့ဟ”
 
“အင်း၊ ငါ အိမ်ကပဲ စောင့်နေမယ်၊ လာခေါ်”

ညီညီက စာရွက်တွေတထပ်ကြီးဖိုင်ထဲ သေချာပြန်ထည့်ပြီး သဇင့်ကို တစ်ချက်စိုက်ကြည့်တယ်။ ခေါင်းတစ်ချက်ငြိမ့်ကာ နှုတ်ဆက်တယ်။ အဖြူရောင်ရှပ်အင်္ကျီလက်ရှည်၊ ဂျင်းအပြာရင့်ရောင်ဘောင်းဘီနဲ့ ညီညီ့ပုံစံလေးကို သဇင် သဘောကျစွာ ငေးကြည့်နေလိုက်ပါတယ်။ လမ်းခပ်သွက်သွက်လျှောက်တတ်တဲ့ ညီညီကတော့ သဇင့်မြင်ကွင်းထဲက မြန်မြန်လေးပဲ ပျောက်သွားတယ်။

မနက်ခင်းစောစော နေရောင်မထွက်သေးတဲ့ အချိန် အစောကြီးပဲ ညီညီရောက်လာပါတယ်။ ညီညီက ညကတည်း သူအစောကြီးပဲ လာခေါ်မယ်လို့ ဖုန်းဆက်ထားတော့ သဇင် စောစောစီးစီးအလှပြင်ထားရပါသေးတယ်။
“ဟာ မဖြစ်ဘူး .. သဇင်၊ အင်္ကျီလက်ရှည်၊ အနွေးထည်ထပ်ဝတ်ရမယ်၊ ဦးထုပ်လည်းဆောင်းဦး၊ မြစ်ကမ်းဘေးမှာ လေသိပ်တိုက်တယ်ဟ”

သဇင့်ကိုတွေ့တွေ့ချင်း ညီညီက ပြောတော့တယ်။
“အဲဒါကြောင့်ပေါ့ နင့်ကို ငါစိတ်ညစ်တာ၊ ငါ့မှာ ဘယ်တော့မှ လှလှပပ ၀တ်ရတယ်မရှိဘူး၊ အေးတယ် အေးတယ်နဲ့ နင်နဲ့ သွားရင် အသက်ကို ၀၀ မရှုရဘူး”
“လှဖို့ မလိုဘူး၊ နင်က လှပြီးသားပဲ၊ မြစ်ကမ်းပါးမှာ သိပ်အေးတယ်ဟ၊ ငါ ရောက်ပြီးခဲ့ပြီ၊ အခု နင့်ကို လာခေါ်တာ၊ ငါ ဒီနေ့ အလုပ်စရင် စတော့မှာမို့ အနွေးထည်ယူပါဟာ၊ ငါ ပြောတာနားထောင်ပါ”
အဲဒီလူငယ်လေးဟာ သဇင်ကြားချင်နေတဲ့ စကားလေးတွေတော့ မဆိုတတ်ဘူး။ သဇင့်ကို ဂရုစိုက်တာကျတော့လည်း ပြာပြာသလဲ ရှိလွန်းလှတယ်။ ကဲ .. သဇင် ဘယ်လို နားလည်ရပါ့မလဲ၊ သဇင်တို့ ခင်မင်ခဲ့ကြတဲ့ နှစ်တွေလည်း မနည်းတော့ဘူး၊ သဇင့်ကျောင်းစာတွေ၊ သဇင့် အလုပ်တွေအတွက် အမြဲလိုလို အကူအညီပေးတတ်သလို၊ သဇင်ကလည်း ညီညီ့အတွက်ဆို ကူညီပေးဖို့ အဆင်သင့်ရှိနေတတ်ခဲ့တာတွေ၊ ခိုင်မာနေတဲ့ သံယောဇဉ်တွေက ကိုယ်စီရှိနေကြပြီးသားပါပဲ။ ဒါပေမဲ့ ညီညီက ခုထိ သဇင့်ကို ဖွင့်မပြောသေးပါဘူး၊ တစ်ခါတစ်ခါ သဇင် စိတ်ဆိုးချင်လှပေမဲ့ ညီညီ့ရဲ့ ကြည်ကြည်လင်လင်မျက်လုံးလေးတွေမြင်ရပြန်တော့ ဒီလူငယ်လေးညီညီက သဇင့်ရဲ့ ညီညီပဲလို့ စိတ်ချထားမိပြန်ရော။
“သဇင်ရဲ့ သွားပါဟ၊ ဦးထုပ်၊ အနွေးထည် မြန်မြန်ယူချည်ပါဟ၊ နင်မကိုင်ချင် ငါ့ ကျောပိုးအိတ်ထဲ အကုန်ထည့်၊ ငါပဲ သယ်ပေးမယ်၊ နင် အိမ်ပေါ်ကို တက်ယူရုံပဲ၊ အန်တီတို့ကိုလည်း ပြောပြလိုက်ပါဦး၊ နှုတ်ဆက်လိုက်ပါဦး၊ ငါ အိမ်ပေါ်မတက်တော့ဘူး”
တခဏလေး အတွေးလွန်သွားတဲ့ သဇင် ကိုယ့်ဘာသာ သဘောကျပြီး ခစ်ကနဲ ရယ်ချလိုက်မိပါတယ်။ အိမ်ပေါ်ကိုပြေးတက်ခဲ့တော့တယ်။
သဇင်လည်း ညီညီ့ကို အရွဲ့တိုက်ပြီး အင်္ကျီအထူကြီးတွေ ယူလာခဲ့ပါတယ်၊ ညီညီ လက်ထဲ အကုန်ပေးလိုက်တယ်။
“ရော့ အင့် အဲဒါတွေ အကုန် နင့် ကျောပိုးအိတ်ထဲ ရအောင်ထည့်ပေတော့”
 
“သိပ်ရတာပေါ့ သဇင်ရာ၊ နင် အအေးမမိဖို့က အရေးအကြီးဆုံးပဲ”
ညီညီကတော့ တဟားဟားရယ်မောရင်း ကျောပိုးအိတ်ကို ဖွင့်ကာ အင်္ကျီတွေထည့်ပါတယ်။
သဇင်တို့ ကြေးနီတံတားနားကိုရောက်တော့ ကားရပ်တဲ့ နေရာမှာ ကားကိုရပ်လိုက်တယ်။ မြစ်ကြီးကို မြင်တာနဲ့ မြစ်ကမ်းပါးဆီက လျှောက်လမ်းတွေနေရာကို သဇင် အပြေးသွားတော့တာပေါ့။ ဒီအချိန်က ပန်းတွေဖူးပွင့်တဲ့အချိန်လေ၊ မြစ်ကမ်းပါး လျှောက်လမ်းတွေ ပတ်လည်မှာ ပန်းရောင်စုံတွေစိတ်ပျိုးထားကြပါပြီ။ မနက်ခင်းစောစော မြစ်ကမ်းပါးဘေးမှာ အပြေးကျင့်နေတဲ့သူတွေလည်း ဟိုမှာ သည်မှာ တွေ့နေရပြီ၊
နေခြည်ဆောင်းလာတဲ့ ဦးထုပ်ဖြူလေးက ဝေါကနဲ တိုက်လိုက်တဲ့ လေနဲ့ အတူ အနောက်ဘက် ဝေးဝေး လွင့်သွားပါတယ်။
ညီညီက သဇင့် ဦးထုပ်လေးကို ကောက်ယူလာပြီး သဇင့်နားရောက်လာတယ်။ သဇင့်ခေါင်းပေါ် ဆောင်းပေးပြီး ဦးထုပ်လျှာလေးကို ကိုင်ကာ ဖိချလိုက်ပါတယ်။
“သဇင် ကားထဲ ထိုင်နေပါဟာ အခု နေမထွက်သေးဘူး၊ လေတိုက်တာ သိပ်ပြင်းတယ်၊ အေးတယ်၊ နေထွက်လာရင် နေရောင်နဲ့ ဆိုရင် အအေးပေါ့သွားမှာ”
 
“နင်ကလည်း ငါက ကားထဲ ထိုင်ပြီး ဘာလုပ်နေရမှာလဲ၊ နင်ကရော ဘာလုပ်မှာလဲ”
 
“ဒီနေရာမှာ “ကျေးဇူးတင်ပါတယ်”လို့ စာလုံးဖော်မယ်၊ ဒီနေရာမှာ “မင်္ဂလာပါ”၊ ဒီနေရာမှာ “ချစ်တယ်”၊ ဒီနေရာမှာ ”ချမ်းမြေ့ပါစေ” စာလုံးဟာ။

ညီညီက ပရင့်ထုတ်ထားတဲ့စာရွက်က မြက်ခင်းတွေပုံကို လက်နဲ့ တစ်ခုစီထောက်ပြတယ်။ ပရင့်ထုတ်ထားတဲ့ စာရွက်က မြက်ခင်းတွေပေါ်မှာ သူပြောတဲ့ စာလုံးတွေကို ကွန်ပျူတာနဲ့ ပုံဖော်ထားပြီးသား၊ သူ အတိုင်းအထွာတွေကို တွက်ချက်ထားပြီးပြီတဲ့။

“အခု ငါ ကြိုးနဲ့ တိုင်းပြီး နေရာလေးတွေမှတ်မယ်၊ နင် ကားထဲမှာပဲနေလိုက်နော်”

ညီညီက ပြောပြောဆိုဆိုနဲ့ ...
ကြိုးခွေလေး တစ်ခွေ၊ အရွယ်တူဖြတ်ထားတဲ့ သစ်ကိုင်းခြောက် တစ်စည်းကို ဆွဲယူကာ မြက်ခင်းတွေရှိတဲ့နေရာဆီ ထွက်သွားပါတယ်။
ညီညီက မြက်ခင်းပေါ်မှာ လေးဘက်လေးတန် သစ်ကိုင်းခြောက်လေးတွေကို ထိုးစိုက်တယ်။ သစ်ကိုင်းခြောက်လေးတွေရဲ့ထိပ်မှာ မြင်သာအောင် ထုံးအဖြူရောင်တွေသုတ်ထားတယ်။ တစ်ဘက်ကိုလည်း မြေကြီးထဲ စိုက်ရလွယ်အောင် ဓါးနဲ့ ဖြတ်ကာ ချွန်ထားလိုက်သေးတယ်။ ညီညီကတော့ တကယ်ပါပဲ။ အဲဒီ သစ်ကိုင်းခြောက်လေးတွေအများကြီးကို ဘယ်နေ့ကတည်းက ပြင်ဆင်ထားခဲ့ပါလိမ့်။ သဇင့်က ညီညီ့ကို ဓါတ်ပုံလိုက်ရိုက်ပါတယ်။ အိုး .. သဇင် ခုမှတွေ့တယ်။ ကားပေါ်က ပစ္စည်းတင်တဲ့တန်းပေါ်မှာ မြက်ရိတ်တဲ့စက်လေး၊ ဒါကိုလည်း ညီညီ တစ်ခါတည်းယူလာတာကိုး၊ ဒါဆို ဒီနေ့ပဲ ညီညီ မြက်တွေစာလုံးဖော်တော့မယ်ပေါ့၊ သစ်ကိုင်းလေးတွေမှာ ကြိုးတန်း လိုက်တန်းပြီးတဲ့ အခါ သဇင့်နားကို ရောက်လာပါတယ်။

“သဇင် နင်မအေးဘူးလား၊ ငါ အခု မြက်တွေ စာလုံးဖော်တော့မယ်၊ ငါ့ကို ကူဦးနော်၊ ငါ မြက်တွေစရိတ်တဲ့အချိန် နင်က တံတားပေါ်ကနေ ဗီဒီယိုရိုက်ထားပေးလေ၊ စာလုံးတစ်လုံးစီ ပေါ်လာတာကို ငါ ပြန်ကြည့်ချင်လို့ဟ၊ စာလုံး အားလုံး ရိတ်ပြီးသွားရင် ရပ်လိုက်၊ ငါ တံတားပေါ်ကိုလာခဲ့မယ်၊ နင့်အနွေးထည်လည်း ယူသွား၊ ငါ့ ဂျာကင်အင်္ကျီကြီးက ကြီးတယ် ၀တ်ထားလိုက်၊ ငါက အခု  အလုပ်လုပ်တော့မှာဆိုတော့ မလိုဘူး၊ တံတားပေါ်မှာက လေတ၀ှီးဝှီးနဲ့ ဟ”
 
“ဟင် ငါတစ်ယောက်တည်း တံတားပေါ်မှာ၊ တံတားပေါ်ကနေ အောက်ကို ကြည့်နေရမှာ ငါ ကြောက်တယ်ဟဲ့၊ ငါက အမြင့်ကြောက်တတ်တာ နင်သိသားပဲ၊ အခုက ငါက နင့်ကိုတချိန်လုံး ကြည့်နေရဦးမှာ၊ ဘယ်မှာလဲ နင့် ဗော်လန်တီယာတွေ”

သဇင် ပြောမယ့်သာပြောတာ လက်က ဗီဒီယိုကင်မရာကို စမ်းနေပြီ။ ညီညီ့ကို ကူညီဖို့ သဇင် အဆင်သင့်ဖြစ်နေခဲ့ပါပြီ။

“သူရ လာလိမ့်မယ်၊ နင်သိတယ်မဟုတ်လား၊ ငါ့နဲ့ အပြေးကျင့်နေကြကွာ၊ နောက်တစ်ယောက်ကတော့ ဖုန်းဆက်တာ ဗော်လန်တီယာ ကောင်မလေး မိုးမိုးဆိုလားပဲ၊ အဲဒီကောင်မလေးလာလိမ့်မယ် သူတို့ က မနက်စာစားပြီးလောက်မှ ၉နာရီလောက်မှ လာမှာ”
“ငါ စတန်း(stand) မှာ တင်ပေးခဲ့ပါမယ်၊ မြင်ကွင်းလည်း ချိန်ပေးခဲ့မယ်၊ စာလုံးတွေတော်တော်ပြီးလို့ မြင်ကွင်းထဲ မမြင်ရတော့ဘူးဆိုမှ ကင်မရာကို ဘေးဘက်နည်းနည်းရွှေ့ပေးလိုက်ရုံပဲ၊ နင် အောက်ကိုပဲ ငုံ့ကြည့်နေစရာမလိုဘူး။ တံတားပေါ်ကိုပဲ ကြည့်နေ လမ်းလျှောက်နေပေါ့ဟာ၊ ငြိမ်မနေနဲ့ ငြိမ်နေရင် ပိုအေးတယ်”
 
“အင်း ပြီးရောဟာ”

သဇင်တို့ တံတားပေါ် တက်ခဲ့ကြပါတယ်။ တံတားပေါ်မှာ ကင်မရာစတန်းကို နေရာချတယ်။ ဟုတ်ပါရဲ့ လေက ဒီနေ့ တော်တော်ပြင်းနေတာပဲ။ သဇင် တချိန်လုံး ဦးထုပ်ကို လက်နဲ့ ဖိကိုင်ထားနေရတယ်။ နောက်တော့ ညီညီက ဦးထုပ်ပေါ်မှာ ဂျာကင်ရဲ့ခေါင်းစွပ်ကိုပါ ထပ်အုပ်ထားပေးလိုက်ပါတယ်။ အဲဒီတော့မှပဲ  နားထဲ လေ၀င်တာလည်း သက်သာသွားတော့တယ်။
ဒါဆို ငါ သွားပြီနော်၊ နင်ပြောချင်တာရှိရင် ဖုန်းနဲ့ပြောလိုက်”
ညီညီတစ်ယောက်ဟာ သွက်လက်နေတာပဲ၊ မဟုတ်ဘူး သွက်လက်တာထက်တောင် ပိုနေသေးရဲ့၊ ပြာယာခတ်နေတာ။ ဒီလူငယ်လေးဟာ သူလုပ်ချင်တာများ လုပ်နေရရင် လေအပြည့်ဖြည့်ထားတဲ့ ဘောလုံးလိုပဲ ခုန်ဆွ ခုန်ဆွနဲ့ နည်းနည်းလေးမှ မငြိမ်တော့ဘူး။ သိပ်ရယ်ရတာပဲ။ သဇင်တစ်ယောက်တည်း တွေးရင် ပြုံးမိသေးတယ်။ တကယ်တော့လည်း အဲဒီ ဟန်ပန်လေးတွေကိုပဲ သဇင်က ချစ်နေရတာပါပဲလေ။
ညီညီ တံတားအောက်ဘက်က မြက်ခင်းနားမှာရောက်နေပြီ။ လက်နှစ်ဘက်ကို အားကုန်လွှဲပြီး ဝှေ့ယမ်းပြပါတယ်။ ညီညီက မြက်ရိတ်တဲ့စက်ကို အင်ဂျင်နှိုးတယ်၊ သိုင်းကြိုးကို ကိုယ်မှာ လွယ်ပြီး လက်ကိုင်နှစ်ခုကိုထိန်းပေးပြီး ဘယ်ဘက်ထောင့်စွန်းကနေ စပြီး ညာဘက် လမ်းကြောင်းတစ်ကြောင့်တစ်ဖြောင့်တည်း ပေါ်အောင် ရိတ်သွားပါတယ်။ နောက် စာလုံးတစ်လုံးအမြင့်စာချန်ပြီး အပြိုင်မျဉ်းတစ်ကြောင်းရိတ်တယ်။ ပြီးတော့ ဘယ်ဘက်ဆုံးကနေစပြီး စာလုံးဖော်ပါတယ်။ တံတားက တော်တော်မြင့်တော့ ညီညီ့ပုံစံလေးကို သေးသေးလေးပဲ မြင်နေရတယ်။ မြက်ရိတ်စက်သံတောင်မှ သဲ့သဲ့လေးပဲ ကြားနေရပါတယ်။ တံတားပေါ်မှာ လေတွေက တစ်ချက်တစ်ချက် တိုက်လိုက်ပုံများ သဇင့်ကိုယ်တောင် ရွေ့ပါသွားမတတ်ပါပဲ။ လေပြင်းလာတဲ့အချိန် တံတားဘောင်ကို ကိုင်ထားရပါသေးတယ်။ စာလုံးဖော်ဖို့ကိုပဲ အာရုံစိုက်နေတဲ့ ညီညီကတော့ သဇင့်ကို မော့တောင် မကြည့်ပါဘူး၊ ညီညီက စာလုံးအရာပေးတာ မြန်မြန်ဆန်ဆန်တော့ရှိသား၊ စာရွက်ပေါ်မှာရေးရင် ညီညီ့လက်ရေးလေးတွေက ပဲပင်ပေါက်လေးတွေလို ဟိုယိမ်း ဒီယိမ်းနဲ့ မသပ်မရပ်လေးတွေ၊ အခု ညီညီ ပုံဖော်နေတဲ့ စာလုံးတွေကတော့ ပုံနှိပ်စာလုံးအတိုင်းပဲ ညီညီညာညာ ရှိနေကြသားပဲ။

သဇင် စာလုံးပေါင်းဖတ်ကြည့်ပါတယ်။ ခ ခွေး ယ ပင့် ... ပြီးတော့ စက်ဝိုင်းပုံဖော်တယ်၊ ပြီးတော့ မျက်ဆန်လေးနေရာမှာ လိုင်းလေးပေါ်လာတယ်။ စလုံးလေး ပုံပေါ့၊ နောက်တော့ ၀ိုင်းဝိုင်းစက်စက် အသပ်လေးအတွက် လိုင်းလေး ပေါ်အောင် ရိတ်တယ်။ “ချစ်” တဲ့ ....  အိုး ... လှလိုက်တာ .. စာလုံးလေးတွေက ညီညီညာညာလေးတွေ။ စာလုံးတွေထဲမှာ အင်္ကျီအဖြူလေးနဲ့ ညီညီကတော့ ဟိုဘက်ပြေးလိုက် ဒီဘက်ပြေးလိုက် တစ်ယောက်တည်း အလုပ်ကိုရှုပ်နေတာပဲ။ တံတားပေါ်မှာ သဇင်ရှိနေတယ် ဆိုတာကိုတောင် သတိရပုံ မပေါ်ဘူး။ နောက်ထပ် “တ၀န်းပူ” အတွက် စက်ပိုင်းပုံတစ်ခုကို ပုံဖော်တယ်။ စက်ဝိုင်းလေးနဲ့ ကပ်ရက်မှာ “ရေးချ” လို့ အသတ်လေးထည့်လိုက်တော့ “တ၀န်းပူ” ပုံလေးပေါ်လာတယ်။ နောက်တော့ စက်ဝိုင်းပုံ နှစ်ပုံဖော်ပါတယ်။ အပေါ်ဖက်က မြက်တွေကို ရိတ်ပြီးသွားတော့ “ယပက်လက်” ပုံလေးပေါ်လာပြန်တယ်။ နောက်တစ်ခု က “အသပ်လေး”ပေါ့။ အဲဒီ အသပ်လေး ပြီးသွားရင် ပေါ်လာမယ့် စာလုံးလေးက ... “ချစ်တယ်”ပေါ့၊ သဇင့် ရင်တွေတဒိတ်ဒိတ်ခုန်လာပြီ။ စာလုံးလေးတွေက လုံးဝန်းပြီး ညီညာနေတာပဲ၊ ပုံနှိပ်စာလုံးတွေလိုပဲ၊ ချစ်စရာကောင်းလိုက်တာ။ ညီညီက “ယပက်လက်”မှာ အသပ်လေး ပုံပေါ်အောင် ရိတ်ပါတယ်။ “ယပက်လက်” အသပ်လေးပြီးတဲ့ အခါ စာလုံးလေးတွေ ပိုပြီး ညီညီညာညာရှိနေစေဖို့ အနားသတ်လိုင်းက မြက်လေးတွေကို အသေးစိတ် လိုက်ပြီး ရိတ်ပါတယ်။ ပထမဆုံး စာလုံးကနေ စပြီး အနားစွန်းနေရာလေးတွေ သေသေချာချာ ပုံဖော်တယ်။ စာလုံးလေးတွေက ပိုပြီး တိကျသေသပ်လာပါတယ်။ ညီညီ ပုံဖော်နေတဲ့ မြက်ခင်းဘေး လျှောက်လမ်းက ဖြတ်သွားတဲ့ လူတစ်ချို့က ရပ်ပြီး ကြည့်ကြတယ်။ တစ်ချို့ လူတွေက စကားရပ်ပြီး ပြောကြပါတယ်။ တံတားပေါ်က ဖြတ်သွားတဲ့ လူတွေ ဆီက အသံတွေ ထွက်လာကြတယ်။

“ဟာ ဟိုမှာ .. ချစ်တယ် .. တဲ့ စာလုံးက အကြီးကြီးပဲဟေ့၊ အရင်နေ့တွေက ဒီနေရာမှာမရှိပါဘူး.. ချစ်တယ် ချစ်တယ်”
တဲ့ တစ်ယောက်က အံ့အားသင့်စွာ ရွတ်နေတယ်။ ကလေးငယ်လေးတစ်ယောက်က သဇင့်ဘေးနားမှာ ရပ်ပြီး စာလုံးပေါင်းဖတ်တယ်။

“ခ ခွေး ..... ယ ပင့်.... မေမေ.. ပြီးတော့ရော”
ကလေးငယ်ရဲ့ဘေးက ကလေးရဲ့မေမေက ...

“စ သပ်လေ သမီးလေးရဲ့ “ချစ်” တဲ့၊ သမီးလေး နောက်ထပ်ကျန်တဲ့ စာလုံးတွေ ပေါင်းကြည့်ပါဦး၊ ဘာပါလိမ့်” လို့ ကလေးကို ထပ်ပြီးမေးလိုက်တယ်။

“တ၀န်းပူ ယ ပက်လက် သပ် “တယ်” ပေါ့၊ “တယ်” “တယ်” အဲဒါ မီး သိပါတယ် မေမေရဲ့၊  
“ချစ်တယ်”၊ မေမေ့ကို ချစ်တယ်၊ ဖေဖေ့ကို ချစ်တယ်။ ဖိုးဖိုးကို ချစ်တယ်၊ ဖွားဖွားကိုချစ်တယ်၊ မီး မောင်လေး ပိစိကွေးလေးကိုချစ်တယ်”

ကလေးငယ်လေးက ခြေထောက်တွေစုံမြှောက်လို့၊ ခုန်ပေါက်ရင်း အော်နေပါတယ်။
သဇင် ကြက်သီးမွေးညင်းများထောင်ထလို့ လာတယ်။ ကလေးငယ်လေးရဲ့ ချစ်တယ် ချစ်တယ် စကားသံလေးတွေက နားဝင်ချိုလိုက်တာကွယ်။
ညီညီ့ကို ကြားစေချင်လိုက်တာ၊ ညီညီကတော့ စာလုံးလေးတွေ ပိုပြီး သပ်ရပ်တိကျအောင် ပုံဖော်နေတုန်းပဲ။

ညီညီ .. တံတားပေါ်ကို လှမ်းကြည့်လာပြီ။ လက်နှစ်ဘက်ကို မျဉ်းဖြောင့်လို ဆန့်တန်းပြတယ်။ video recording ကို ရပ်ဖို့ အချက်ပေးပါတယ်။ သဇင် record ခလုတ်ပိတ်လိုက်တဲ့အချိန်မှာ ဖုန်းမြည်လာတယ်။ ညီညီ ပေါ့၊  လေသံတွေကြောင့် ကြားရမလွယ်လို့  အတင်းဖိကပ် နားထောင်ရင်း ညီညီ့ကို လှမ်းကြည့်နေမိတယ်။ ချစ်တယ် ဆိုတဲ့ စာလုံးတွေကြားထဲမှာ ရပ်နေတဲ့
ညီညီက လက်တစ်ဘက်ကို ဝှေ့ယမ်းပြပါတယ်။
“သဇင်၊ ဘယ်လိုနေလဲ စာလုံးတွေလှရဲ့လား။ ငါ အခု တံတားပေါ်လာခဲ့မယ်နော်၊ နင် သိပ်အေးနေလား၊ သဇင်၊ ဒီ စာလုံးလေးက ငါ နင့်ကို အပြောချင်ဆုံး စကားလေးပဲ။ သဇင်၊ ကြားရဲ့လား၊ ငါ နင့်ကို ချစ်တယ်။ သဇင့်ကို ချစ်တယ်။ ငါ တက်လာခဲ့တော့မယ်နော်”

အိုး ... ဒီလူငယ်လေးက ပြောမယ့်ပြောတော့လည်း ...
မောနေဟန်တူတဲ့ ညီညီ့အသံ အက်ရှရှလေး၊ ချစ်တယ် ဆိုတဲ့ စကားသံလေးကို နားထောင်ရင်း အဲဒီအချိန် တခဏလေးမှာ သဇင် အသက်ရှုရပ်သွားခဲ့သေးတာပေါ့။

သဇင့် အနားကို ညီညီ ရောက်လာတဲ့ အခါ ညီညီ့ မျက်နှာလေးကို စေ့စေ့ကြည့်လိုက်တယ်။ ချွေးတွေစိုရွှဲပြီး နီစပ်စပ်ဖြစ်နေတဲ့ ညီညီ့မျက်နှာလေးဟာ သနားကမားလေး၊ ပြုံးချိုနေတော့တာပဲ။
သဇင့်ဘေးမှာ ရပ်ပြီး စာလုံးတွေကို လှမ်းကြည့်ပါတယ်။

“ဟား ... မဆိုးဘူးနော် သဇင်၊ ငါ့ လက်ရေးလှသားပဲ”
 
“နင့်လက်ရေးက  အမြဲ ပဲပင်ပေါက်လိုပဲ၊ စုတ်ချွန်းချွန်းလေးတွေ၊ အခုကျတော့လည်း ပုံနှိပ်စာလုံးလိုပဲ၊ လုံးဝိုင်းနေတာပဲ၊ ခစ် ခစ်၊ နင်က အဆန်းပဲ”
 
ညီညီက ပုခုံးလေး တွန့်ပြပြီး ပြုံးနေခဲ့ပါတယ်။ ညီညီ့ နှုတ်ဖျားက စကားသံတိုးတိုးလေး ကြားနေရတယ်။ “ချစ်တယ်” “ချစ်တယ်” ဆိုပဲ။
“မြက်ခင်းစိမ်းစိမ်းတွေနဲ့ စကားလုံးတွေ ... အခုလိုဆိုတော့လည်း ကမ္ဘာကြီးက လှနေသားပဲ၊ အဲ မြစ်ကမ်းဘေး ပြောတာ၊ ငါပြောတာ စကားလုံးက နည်းနည်းကြီးသွားတယ်၊ စာလုံးကြီးကြီးတွေ ပုံဖော်လာခဲ့လို့လားပဲ၊ ကမ္ဘာနဲ့ ချီပြီးတော့ကို စကားလုံးကြီးကြီးတွေ နှုတ်ကပါ ထွက်ကုန်တော့တာပဲ ဟား ဟား ဟား”
 
“------------”
“သဇင် ငြိမ်မနေနဲ့လေဟာ၊ စကားပြန်ပြောပါဦး၊ ငါ ဘာရေးထားတာလဲ ဖတ်ပြပါဦးဟ”
“ကလေးအထာတွေနဲ့ ငါ့ကို လာမေးမနေနဲ့၊ နင်ဟာလေ”
......
“ငါ့အတွက်တော့ စကားလုံးကြီးကြီးတွေထဲက နင်ဟာ ငါ့ရဲ့ စိမ်းလန်းတဲ့ ကမ္ဘာငယ်လေးပေါ့၊ နင် မတောင်းသေးလည်း အဲဒါ ငါပေးတဲ့ နင့်အတွက် အဖြေပဲ”
သဇင် ... ညီညီ့အတွက် အဖြေတစ်ခုပေးခဲ့ပါတယ်။
အဲဒီနေ့က ကြေးနီးတံတားတစ်ဝိုက်မှာ ...
စိမ်းလန်းတဲ့ စကားလုံးတွေနဲ့ လူတော်တော်များများ ပျော်ရွှင်ကြည်နူးခဲ့ကြပါတယ်။           ။

ပြတိုက်ရှေ့က ကြယ်တွေ .. ကြယ်တွေရှေ့က ပြတိုက်

လမ်းတွေပေါ်က ပလပ်စတစ်ဗူးတွေ
ဘယ်မှာလဲ ကျွန်တော့်ရဲ့နေရာ
သူတို့ရဲ့ နေရာမှ မဟုတ်ပဲ

ပလပ်စတစ်ဗူးထဲက ငါးလေး
ပလပ်စတစ်ဗူးလိုလို
ဒုံးပျံတွေလိုလို
ကြယ်တွေရှေ့က
ပြတိုက်ဟောင်းကြီး

volim(Волим) - love

Hvala(Хвала) - Thank
Lepo - လဲပေါ် (Nice)
လိုင်းတွေအရာပေးတုန်းကတော့ ကြယ်ကြီးတွေက အကြီးကြီးလိုပဲ အပေါ်ကကြည့်တော့ သေးသေးလေးတွေ
ဆားဘီးယားနိုင်ငံ၊ ဘဲလ်ဂရိတ်မြို့မှာ ဧပြီ ၂၆ရက်နေ့က ပြုလုပ်ခဲ့တဲ့ ARIJADNINA NIT ရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ အနုပညာလှုပ်ရှားမှုတွေထဲက Eco - art project "Beautiful Words" နဲ့ Installation at the Museum of Contemporary Art - "So it's a lot of stars!" အင်စတော်လေးရှင်းများ(Art Installation on the grass)ကို အခြေခံပြီး ရေးသားထားပါတယ်။
ARIJADNINA NIT Site : http://www.ekoartproject.blogspot.com/

******************************

ဒုတိယအကြိမ်မြောက် အွန်လိုင်းရွှေဝတ္ထုတိုဆု မှာ အမှတ်ပေး ရွေးချယ်ခဲ့ကြသည့် အကဲဖြတ်ဒိုင်
၁။ ဆရာဦးဝင်းငြိမ်း (ရွှေအမြုတေမဂ္ဂဇင်းအယ်ဒီတာချုပ်)
၂။ ဆရာဦးနေဝင်းမြင့်
၃။ ဆရာမ ဒေါ်နုနုရည် (အင်းဝ)
၎။ ဆရာမ ဒေါ်ခင်ခင်ထူး
၅။ ဦးမင်းဒင် တို့ရဲ့ မှတ်ချက်များ နှင့် အမှတ်များ

ဆရာဦးဝင်းငြိမ်း ..........  ၁၅ မှတ်
စကားလုံးတွေထဲက နင်ဟာ..ငါ့ရဲ့စိမ်းလန်းတဲ့ ကမ္ဘာ( ဖြိုးဖြိုး)

သာမာန်အားဖြင့် ဖတ်မယ်ဆိုရင် အချစ်ဝတ္ထုကလေး တစ်ပုဒ်ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေ့ကမ္ဘာကြီးမှာ ရင်ဆိုင်နေရတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းမှု ပြသနာကို ဝတ္ထုမှာ အံဝင်ခွင်ကျ ဖြစ်အောင် ဖန်တီးသွားတဲ့အတွက် လှပတဲ့ အချစ်ဝတ္ထုကလေးတစ်ပုဒ် ဖြစ်လာပါတယ်။ ၁၅ မှတ် သတ်မှတ်ပါတယ်။

ဆရာဦးနေဝင်းမြင့်........ ၁၃ မှတ်
စကားလုံးတွေထဲကနင်ဟာ... ငါ့ရဲ့ စိမ်းလန်းတဲ့ကမ္ဘာ   (ဖြိုးဖြိုး)

စိတ်ကူးဆန်းကလေးနဲ့ ချစ်စရာကောင်းတဲ့ ၀တ္ထုတိုပါပဲ။ ၀တ္ထုတိုရဲ့ tempo ကလျော့သလို ခံစားရတယ်။ ending က ရိုးပါတယ်။  ၁၃ မှတ်။

ဆရာမဒေါ်နုနုရည် (အင်းဝ) ... ၁၂ မှတ်
စကားလုံးတွေထဲက နင်ဟာ ငါ့ရဲ့ စိမ်းလန်းတဲ့ ကမ္ဘာ
၁. အကြောင်းအရာ                                   -         ၃ မှတ်
၂. အနုပညာမြောက်မှု                                -         ၃ မှတ်
၃. စကားပြေအရေးအဖွဲ့                             -         ၃ မှတ်
၎.ဝတ္ထုတိုပီသမှု                                        -         ၃ မှတ်

သုတရသပိုကဲနေပါတယ်။ လူငယ်ဇာတ်ကောင်စရိုက်လေးတွေ ပီပြင်ပါတယ်။ လူငယ်လေး နှစ်ယောက်ရဲ့ ချစ်စရာ ဇာတ်ကောင်စရိုက်လေးတွေကို တွေ့ရပါတယ်။ အနုပညာမြောက်မှုနဲ့ ဝတ္ထုတိုအတတ်ပညာ အားလေး နည်းနေပါတယ်။

ဆရာမဒေါ်ခင်ခင်ထူး.... ၁၇ မှတ်
၂။စကားလုံးတွေထဲကနင်ဟာ..ငါ့ရဲ့စိမ်းလန်းတဲ့ကမ္ဘာ(ဖြိုးဖြိုး)

ဝတ္ထုတိုအရေးအဖွဲ့ လိုသေးပေမယ့် ရိုးရှင်းလန်းဆတ်တဲ့ ၀တ္ထုတိုကလေးမို့ သဘောကျမိပါတယ်။ ၀တ္ထုကိုဖတ်လိုက်တော့ ၀တ္ထုထဲကဇာတ်ကောင်တွေဟာ ဆယ်ကျော်သက်အရွယ်လေးတွေဆိုတာ ပေါ်လွင်ပါတယ်။ ဇာတ်ကောင်များများမသုံးပဲဝတ္ထုကို လိုရင်းရောက်အောင် ရေးနိုင်တာတွေ့ရတယ်။ သည်ကနေ့ ခေတ်လူငယ်ကလေးတွေရဲ့ စိတ်နှလုံးထဲမှာကမ္ဘာမြေကိုချစ်တဲ့စိတ်၊ ပရဟိတအကျိုးကို သယ်ပိုးဆောင်ရွက်လိုတဲ့စိတ် ကိန်းအောင်းဖို့လိုပါတယ်။ လူငယ်တွေကို ပျက်စီးကုန်ကြပြီလို့ ၀ါးလုံးရှည်နဲ့ ရမ်းချင်သူကရမ်းပေမယ့် ကျွန်မတို့ပတ်ဝန်းကျင်မှာ သည်လိုကောင်းကျိုးဆောင်လူငယ်တွေ ရှိကြပါသေးတယ်။ ကြုံလည်းကြုံဖူးပါတယ်။ ဘာပဲဖြစ်ဖြစ် သည် ၀တ္ထုက လူငယ်တွေအတွက် အဆိပ်အတောက်ကင်းတဲ့ချစ်ဖွယ် ၀တ္ထုတစ်ပုဒ်လို့တော့ ဆိုချင်ပါတယ်။ စာအရေးအသား အဖွဲ့အနွဲ့ကတော့ ဆက်ကြိုးစားရဦးမှာပါ။

ဦးမင်းဒင်..............        ၁၃ မှတ်
၅။ စကားလုံးတွေထဲက နင်ဟာ ….. ငါ့ရဲ့ စိမ်းလန်းတဲ့ကမ္ဘာ (ဖြိုးဖြိုးလှိုင်)

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊Ecoart, installation, Artwork စသည့် အကြောင်းခြင်းရာများကို အခြေခံလျက် လူငယ်နှစ်ဦး၏ချစ်ခြင်းကိုဖွဲ့ဆိုထားသော ဝတ္ထုတိုတပုဒ်ဖြစ်သည်။ အနုပညာကို ကမ္ဘာမြေကြီး၏ အကျိုးအလို့ငှာ ကြိုးစားနေကြသော လူငယ်များကို လေးစားကြိုဆိုဖွယ်ဖြစ်ပါသည်။ မူရင်းစာစုသည် ဘလော့ပေါ်တွင်ဓာတ်ပုံများဖြင့် ပူးတွဲဖော်ပြထားသဖြင့် ဘလော့ဖတ်သူတို့အဖို့ အဆင်ပြေ ဖွယ် ရှိသော်လည်း၊ စာချည်းသက်သက် ဖတ်ရသူတို့အတွက် တစုံတခု လစ်ဟာနေသယောင် ခံစားရနိုင်သည်။ ရည်ရွယ်ချက်ကောင်းမွန်သော်ငြား စာရေးသားမှုအတတ်ပညာ အားနည်းသည်ဟု မြင်ပါသည်။ အဆိုပါဇာတ်လမ်း ဖြစ်တည်ရာသည် မည်သည့်မြို့ရွာဖြစ်သည်ကို ဖော်ပြခြင်းမရှိချေ။ ဝတ္ထုတိုရေးသားခြင်းတွင် အခြေခံ အချက်ဖြစ်သည့် စာရေးသူသည် သိသိသာသာကြီး၊ ဝင်မပြောရ ဟူသောအချက်ကို သတိမူစေလိုပါသည်။ ၁၃မှတ် ပေးလိုပါသည်။

12 comments:

စော(အဝါရောင်မြေ) said...

တကယ့် ပရောဂျက်ကလေးက စိတ်ဝင်စားစရာပဲ။
ချစ်ဇာတ်လမ်းကတော့ မပျင်းရတော့ဘူးပေါ့လေ။

မြစ်ကျိုးအင်း said...

မြက်ခင်းလေးတွေ တော်တော်လှတယ်။
ဇာတ်လမ်းလေးဖတ်ရင်း ပုံလေးကြည့်ရင်းနဲ့ ဖတ်ရတာ အသက်ဝင်တယ်။

Anonymous said...

ကဲ.. ဒါဆို အနောနိမတ်နဲ့  မန့် ပြီဗျာ...

ချစ်တယ်ဆိုတဲ့ စကားလေးပြောသွားတာ အတော်လေး ဟတ်ထိသွားတယ်။ ကလေးလေးတွေ စာလုံးပေါင်းနေကြတာလဲ ကြည်နူးမိတယ်။ ကြယ်လေးတွေရဲ့ သက်ရောက်မှုက ပြတိုက်ကို တဖန် ပြန်အသက်ဝင်စေသလား ဆိုတာ သိချင်တယ် မဖြိုး..။

ညီညီရဲ့ ကြိုးပမ်းမှု ဘယ်လောက်ထိအောင်မြင်နိုင်မလဲ ဆိုတာလဲ သိချင်တယ်။ ဇတ်လမ်းမဟုတ်ပဲ တကယ်ဆိုရင်ပေါ့လေ...။

ခင်တဲ့....
...အလင်းစက်များ

ချော(အစိမ်းရောင်လွင်ပြင်) said...

သဇင်လေး
လေတိုက်ခံရလို့ချမ်းနေပြီလားး)
ကိုယ်တိုင်ပါဝင်ခဲ့တာလေးကို ဇာတ်လမ်းလေးနဲ့ ပြန်ရေးလိုက်တော့ တကယ်စိတ်ဝင်စားစဖွယ်ပါဘဲ
ရေးတတ်တယ် ဒေါ်ဖြိုးရယ်
သဘောကျပြီး ပြုံးပြုံးပြုံးပြုံးနဲ့ ဖတ်နေမိတာ
ချစ်တယ်တဲ့လား
ဘယ်သူက ဒီလို ရေးလိုက်တာပါလိမ့် ညီညီဆိုတာ နာနတ်သီးဖြစ်မယ်နော် ဟိဟိ
ပျော်ရွှင်ပါစေ ချစ်တဲ့ဖြိုးရေ..
အိမ်ပြောင်းလို့ ခုမှ အင်တာနက် ရလို့ လာနိုင်တာ နောက်ကျတာ ခွင့်လွှတ်း)

Anonymous said...

တော်သေးတယ် ချစ်တယ်က သဇင့်ကိုပြောလို့။ ခုထိမပြောသေးဘူးဆိုတော့၊ အပေါ်မှာလည်း မိုးမိုးပါထားတော့ သူ့အတွက် များလားလို့ ရင်တထိတ်ထိတ်နဲ့ဖတ်နေရတာ။ မဟုတ်ရင် သဇင့်ခမျာ သူကြောက်တဲ့တံတားပေါ်မှာ တယောက်ထဲရယ်။
အိုင်ဒီယာလေးက အရမ်းကောင်းတာပဲအမရယ်။

JJ

An Asian Tour Operator said...

ဂုဏ်ယူပါတယ်ဗျား။

sonata-cantata said...

သဇင်က ပါရမီဖြည့်ဖက်လေးပဲ...ဖြိုးဖြိုးလိုပဲးD

အပြုံးပန်း said...

ဝတ္တုလေး ဆုရလို့
ဂုဏ်ပြုပါတယ်။

Anonymous said...

ဖြိုးရေ...

ဖတ်ရင်းဖတ်ရင်း တသိမ့်သိမ့် တငြိမ့်ငြိမ့်နဲ့ လှိုင်းကလေးစီးနေရသလိုပါဘဲ။ဖတ်လို့ကောင်းလိုက်တာ။ရေးတတ်လိုက်တာ။

စော

Kay said...

ဖတ်လို့ကောင်းတယ်။ အိုင်ဒီယာ လည်း ကောင်းတယ်။
ဒါဖတ်ပြီး.. ရန်ကုန်မှာ ကွမ်းတံတွေး တွေ မထွေးအောင် Ecoart နဲ့ ဘယ်လို တပ်ဆင် ပညာပေးရင် ကောင်းမလည်း လို့..စဉ်းစားမိသွားတယ်။း)

myintmyat yee said...

သူ့ရဲ့ artwork က စိတ်ဝင်စားဖို့လည်း ကောင်းတယ်။ ချီးကျူးစရာလည်း ကောင်းတယ်။ ဒီလိုသာ နေရာအနှံ.အပြားမှာ လုပ်နိုင်မယ်ဆိုရင် ကမ္ဘာကြီးက အမြဲ သာယာလှပစိမ်းလန်းနေမှာပဲနော်။ ၀တ္ထုလေးကိုလည်း အရမ်းကြိုက်ပါတယ်ရှင်။

Yan said...

Sis ရေ...
ဒီဆုရ ဝတ္ထုတိုလေးကို Myanmar Blogs Digest Page လေးမှာ ဝေမျှဖို့ ယူသွားမယ်နော်. ကျေးဇူး.

ခင်မင်လျက်.
Yan.