Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Saturday, February 05, 2011

၂. စုန်းဖြူ စုန်းမဲ တစ်ကောင်ထဲ

မော်စီတို့ ကားနီလေးအဂေးပြေးလမ်းကြောင်းအတိုင်း မောင်းလာကြပါတယ်၊ မော်စီ့မေမေ အန်တီကြွေကမောင်းတယ်၊ မော်စီ့ဖေဖေက ဘေးက၊ မော်စီရယ် ဖိုးပလံရယ်က နောက်မှာထိုင်ကြတယ်၊ ကားနောက်ခန်းထဲမှာ ကီးနိုကို ဂွမ်းစောင်ထူပွပွကြီးနဲ့ ကျစ်နေအောင် ထုပ်ပိုးထားပါတယ်၊ ချာချာကိုတော့ ကတ်ဘူးသေးသေးနဲ့ပဲ ထုတ်ထားတယ်၊ ချာချာသေသွားတာ တစ်ပတ်လောက်ရှိပြီ၊ မော်စီတို့ ရွာမှာရှိတဲ့ ခြံထဲမှာမြှပ်ကြမယ်တဲ့၊ ချာချာ သေသေချင်းသူတို့ မအားလို့ မသွားနိုင်ကြသေးဘူး၊ ဒါနဲ့ ပလစ်စတစ်ဗူးနဲ့ လုံအောင်ထုပ်ပြီး freezer ထဲမှာ သိမ်းထားခဲ့ကြတယ်၊ နောက်တော့ ကီးနိုလေးပါ သေပြန်တယ်၊ ခွေးမလေးကီးနိုကို ဆေးခန်းက ပြန်ခေါ်လာပြီး လမ်းမှာပဲ ကားပေါ်မှာ သေသွားတယ်လို့ မော်စီကပြောပြတယ်၊ ရွာကအိမ်ကိုချက်ခြင်းပဲသွားကြဖို့ ပြင်နေတုန်း ဖိုးပလံ မော်စီတို့အိမ် ရောက်သွားပါတယ်၊ မော်စီဆို မျက်နှာက မပြုံးနိုင်ဘူး၊ တော်တော်စိတ်မကောင်းဖြစ်နေပုံပဲ၊ ဖိုးပလံလည်းလိုက်ချင်တာနဲ့ ဖေဖေနဲ့ မေမေကို စိတ်မပူဖို့ ဖုန်းလှမ်းဆက်တယ်၊ အမြဲ စိတ်အေးလက်အေးရှိတတ်တဲ့ မေမေက မော်စီတို့နဲ့ သွားမယ်ဆိုတာနဲ့ စိတ်ချတယ်၊ “အေး အေး ဘုရားကန်တော့၊ ဂရုစိုက်သွားပါ” လို့ပဲမှာတယ်၊ ဖေဖေကတော့ သေသေချာချာမေးနေတာပဲ၊ ညအိပ်သွားမယ်ဆိုတော့ မလွှတ်ချင်ဘူး၊ မေမေ က ဘေးကနေပြောပါလိမ့်မယ်၊ နောက်တော့ ဖေဖေက “ပြီးရောကွာ .. သိပ်မဆော့နဲ့” လို့ပြောတယ်၊ ပြီးတော့ ခွင့်ပြုလိုက်တာပါပဲ။

မော်စီတို့ခြံကို ရောက်တော့မှောင်နေပြီ၊ မြူတွေက ပိန်းပိတ်အောင်ထူထပ်နေတယ်၊ ညမှောင်ကြီးထဲ ကားမီးအလင်းလေးနဲ့ ခြံကြီးကိုမောင်းခဲ့ကြတယ်၊ ဖိုးပလံကတော့ တွေးမိသေးရဲ့ လူလေးယောက်နဲ့ အလောင်းနှစ်လောင်းဆိုပြီး၊ ကျောထဲစိမ့်ကနဲအေးပြီး ကြောက်လိုက်သေးတယ်၊ အခုနေ ချာချာနဲ့ ကီးနိုတို့ရဲ့ ၀ိညာဉ်ဘယ်မှာရှိနေမလဲလို့လည်း တွေးမိပြီး ဟိုဟိုဒီဒီလိုက်ကြည့်မိတယ်၊ မော်စီတို့ခြံကြီးက ခြံဝင်းတံခါးမကနေ အိမ်ဆီကို ရောက်ဖို့ မီတာ၁၀၀လောက်မောင်းရတယ်၊ လူအမြဲမနေနိုင်တော့ မြက်ပင်တွေလည်းမရိတ်နိုင်ဘူး၊ မြက်ပင်ရှည်တွေကြားထဲကနေ ကားလေးက တလှုပ်လှုပ်နဲ့ အိမ်ဆီကိုသွားနေတယ်၊ ဘေးမှာ အိမ်တွေကလည်း တအိမ်နဲ့တအိမ်အဝေးကြီးပဲ၊ ဝေးတဲ့အပြင် အိမ်တွေမှာ လူရှိပုံလည်း မရဘူး၊ မြူတွေကြားကနေ ဘယ်ဘက် ညာဘက်ကအိမ်တွေဆီကြည့်မိသေးတယ်၊ ဘယ်ဘက်ရော ညာဘက်ရော မြူတွေကြားမှာ ၀ိုးတ၀ါး၊ အိမ်မဲမဲကြီးတွေပဲတွေ့တယ်၊ ခပ်ဝေးဝေးက အိမ်တွေမှာတော့ မီးရောင်လေးတွေ လင်းတဲ့အိမ်က လင်းပါတယ်၊ ခွေးဟောင်သံ၊ စကားပြောသံတွေလည်း ခပ်သဲ့သဲ့တော့ကြားရသားပဲ။

လူကြီးတွေအိမ်တံခါးဖွင့်နေတဲ့အချိန် မော်စီက ဖိုးပလံအနားကပ်လာတယ်၊ ကားမီး ပိတ်လိုက်တော့ ညနက်နက်အမှောင်ကြီးက ရုတ်ကနဲ ဖုံးထားလိုက်ပြီ၊ မြူငွေ့တွေက ရွေ့လျားနေကြတယ်၊ ညရဲ့အမှောင်နဲ့ မြူခိုးတွေရဲ့အလင်းက ကွက်တိကွက်ကျား ဟိုမှာသည်မှာ အရိပ်ကြီးတွေလို။

“အသံလေးဘာလေးထွက်ပါဦးဟ၊ ဖိုးပလံရဲ့၊ ဘယ်လိုဖြစ်နေတာလဲ၊ ငြိမ်ကုပ်နေတာပဲ၊ ကြောက်ပါတယ်ဆိုမှ”
မော်စီက ရုတ်တရက်ထပြောတော့ မကြောက်တတ်တဲ့ဖိုးပလံ ကိုယ်လေးတောင် ဆတ်ကနဲတုန်သွားပါတယ်၊ အန်တီကြွေက တံခါးဖွင့်ပြီးလို့ အိမ်မီးတွေလိုက်ဖွင့်တယ်၊ ဦးယွန်းကတော့ တံခါးတွေလိုက်စစ်နေပြီ။

“မော်စီ တော်တော်ကြောက်တတ်တဲ့ကောင်၊ ဘာကြောက်စရာရှိလဲ ကိုယ့်အိမ်ကိုလာတာပဲ သူကကြောက်နေသေးတယ်”

“ငါ ဟို အဖြူနှစ်ကောင်ကို ကြောက်တာဟ၊ ဟီးဟီး ချာချာကလည်း အဖြူ၊ ကီးနိုကလည်း အဖြူ တိုက်ဆိုင်လိုက်တာလို့ မထင်ဘူးလား”
မော်စီက ကြောက်နေတာတောင် တဟီးဟီးနဲ့ နောက်လိုက်သေးတယ်။

“ဟာ ...
အမလေး .. ဟိုမှာ နောက်ထပ်အဖြူတစ်ကောင်ဟေ့” 
ဖိုးပလံ ဘာရယ်မဟုတ် ညဘက်က နှစ်ထပ်အိမ်မဲကြီးဆီ လက်ညိုးထိုးပြရင်း ဖိုးပလံကို အော်ပြီး ခြောက်လိုက်တယ်၊ မော်စီက တခါတည်း ကျောကိုကော့ပြီး အိမ်ထဲဝင်ပြေးတော့တာပဲ၊ ဖိုးပလံလည်း တဟားဟားအော်ရယ်ရင်း အိမ်ထဲအ၀င် ..
အဲဒီညာဘက်က အိမ်ကြီးဆီ မျက်လုံးရောက်သွားတဲ့အခါ ...
ဖိုးပလံတသက် တစ်ခါမှ မဖြစ်ခဲ့ဖူးဘူး၊ ကြက်သိန်းတွေဖြန်းကနဲထပြီး ဖိုးပလံရဲ့ခေါင်းကနှစ်ဆလောက်ကြီးသွားသလို ထူပူသွားတာပဲ၊ အိမ်ကြီးရဲ့ အပေါ်ထပ်က ပြတင်းပေါက်မှာအရိပ်ဖြူဖြူကြီးတစ်ခုက ဖိုးပလံဘက်ကိုကြည့်နေသလိုလို၊
မြူငွေ့တွေရဲ့ အရိပ်တွေဖြစ်မှာပါလို့ စိတ်ကိုတင်းပြီး နောက်တစ်ခေါက်ပြန်ကြည့်တဲ့အခါ..
အရိပ်ဖြူကြီးတစ်ခုဆိုတာပိုပြီးသေချာသွားပြီ၊ မိန်းမတယောက်ရဲ့ဟန်ပန်မျိုး အဖြူရောင်ပုဝါက ဦးခေါင်းဘေးမှာ တလွင့်လွင့်နဲ့၊ ဖိုးပလံ ထပ်ပြီး မကြည့်ရဲတော့တာနဲ့ အိမ်ထဲပြေးဝင်ပြီး တံခါးကို ၀ုန်းကနဲဆောင့်ပိတ်လိုက်တော့တယ်။
------------------------------ ။ ------------------------------
“ဖိုးပလံ နင်ဒီကျောင်းပိတ်ရက် သိပ်ငြိမ်တာပဲ ငါ့ဆီတောင် ရောက်မလာဘူး” ခခ က အသံစူးစူးနဲ့အော်တယ်၊

မော်စီကလည်း “အင်းလေ၊ ငါ့ဆီလည်းမလာပါဘူး” ၀င်အော်တယ်၊

“နင်တို့ ငါပြောရင်လည်း ယုံမှာမဟုတ်ဘူး၊ ဒါကြောင့်မပြောတော့ပါဘူးလေ၊ ဟဲဟဲ၊ သိလား ငါရွှေသော့ရခဲ့တယ်၊ ရွှေသော့နဲ့ဖွင့်တဲ့နေရာလည်းရောက်ခဲ့တာပဲ”

“ဟင် မပြောတော့ဘူး ဆိုပြီး ဆက်ပြောတယ်၊ မနားတမ်းပြောမယ့် သဘောရှိတယ်၊ မော်စီရေ ငါတို့ ကစားကွင်း၊ ပင်ပေါင်သွားရိုက်ရအောင်၊ လာ လာ၊ အခုပဲ သွားစို့၊ မြန်လေကောင်းလေပဲ” ခခ က မျက်စောင်းထိုးပြီး ပြောပါတယ်၊
ခခ ကတော့ ညစ်ပြီ၊

“အေးပါ၊ ခခရယ်၊ နင်ကလည်း၊ ဘယ်လိုဖြစ်တာလည်းချက်ချင်းကြီးပဲ၊ ပင်ပေါင်ရိုက်တာလည်းရိုက်တာပေါ့၊ ငါ ပြောတာလေးလည်း နားထောင်ရင်းသွားပေါ့ဟ”

“ဟီး ဟီး၊ ရယ်ရတယ်၊ ဖိုးပလံရော ခခရော ငပေါကြီးတွေ” မော်စီက အသားလွတ်ကြီး ၀င်နှိပ်ပါတယ်၊

“အမ် ..” သူကလည်း တမျိုး၊ ခခ က တခွီးခွီး ရယ်ပါတော့တယ်။

“ပြောပါရစေဟာ၊ ငါ့ရဲ့ ရွှေသော့စွန့်စားခန်းအကြောင်း၊ ငါသိပ်လိုချင်တဲ့ ရွှေသော့ရလာတဲ့အခါ နောက်ဆုံးတော့လည်း ဘာမှတော့မဟုတ်တော့ဘူး၊ ဒါပေမဲ့ ငါကျေနပ်သွားတယ်ဟ၊ ငါ လိုချင်တပ်မက်စိတ်တွေများ၊ လောဘနောက်ဇွဲသန်သန်နဲ့လိုက်ရင်း နောက်ဆုံးတော့ ဒီလမ်းကိုပဲသွားရတာဆိုတာ ငါ့ကို စိတ်နယ်လွန်တန်ခိုးရှင်တစ်ဦးကပြလိုက်တာပဲ ဖြစ်ရမယ်၊ အဘိုးရေမွန်များလားပဲ”

မော်စီက မျက်မှောင်အစွမ်းကုန်ကျုံရင်း “အမလေး အဘိုးရေမွန်ဆိုတာ ဟို မှော်ဆရာဖြူကြီးကို ပြောတာလား” လို့ ပြန်မေးပါတယ်၊

“မင်းကလဲ မှော်ဆရာလို့ပဲ၊ တီထွင်ပါရဂူလုပ်ပါဟ”

“လူတိုင်းဒီလိုပဲ ခေါ် ခေါ်နေကြတာကိုး”

“ဖိုးပလံ နင်ပြောမယ်ဆိုလည်းပြောတော့၊ ငါသိချင်လာပြီ၊ ဘယ်မှာလည်း ရွှေသော့၊ ပြလေ”

“ဒါက ဒီလိုရှိတယ်၊ ရွှေသော့ရတော့ ရတယ်၊ မရတော့မရဘူး၊ ငါ တွေ့တာက အိမ်မက်ထဲမှာလို တကယ်လိုလို၊ ငါ သောကြာနေ့ညကနေ အိပ်လိုက်တာ၊ နောက်တစ်နေ့ နေ့လည်ပိုင်းကျော်တဲ့အထိ မထလို့၊ မေမေကတောင်ဆူတယ်၊ ကာတွန်းစာအုပ်တွေလည်း ဘေးမှာတွေ့တော့ တညလုံးမအိပ်ပဲ ကာတွန်းတွေဖတ်တယ်ထင်နေတာ၊ တကယ်က ငါ ကာတွန်းဖတ်တာအစလေးပဲရှိဦးမယ်၊ ပြီးတော့ ကာတွန်းထဲငါရောက်သွားတယ်၊ တီထွင်ပါရဂူဖိုးဆိတ်ဖြူကာတွန်းလေ၊ ဖိုးဆိတ်ဖြူက အဘိုးရေမွန်ဖြစ်သွားရော၊ ပြီးတော့ လေ .. x....X....x... X..*...x * X ... x ..အရိပ်တွေက ဟောဒီလို ... X ...x ... ငါးအကျင့်ပုတ်က ဒီလိုပုံ .. x ...X ”  အမူအရာမျိုးစုံလုပ်ပြီး သူတို့ကိုပြောပြလိုက်ပါတယ်။

ဖိုးပလံပြောပြနေရင်း မော်စီနဲ့ ခခ ကို ကြည့်လိုက်တယ်၊ ဖိုးပလံအရိပ်တွေပုံစံလုပ်ပြရင် သူတို့ ကိုယ်တွေကလည်း လှုပ်စိလှုပ်စိနဲ့၊ ပြီးတော့ ဖိုးပလံလုပ်ပြသလို ငါးတွေလို ပါးစပ်ဂငယ်ပုံတွေဖြစ် သိပ်ရယ်ရတာပဲ၊ ပြောတဲ့သူ အားပါးတရရှိအောင် ဟယ် ........  ဟာ ........          ဟင် ......... ဆိုပြီး အသံမျိုးစုံထွက်ပြီးလည်းနားထောင်ကြပါတယ်။

ချောမောလှပတဲ့အဘွားအကြောင်း အဘိုး၃ယောက်မှာ အသက်အကြီးဆုံးအဘိုးက ကလေးပိစိလေးလို့ဆိုတော့ မော်စီက အသံအကျယ်ကြီးနဲ့အော်ရယ်ပါတော့တယ်၊ “ဖိုးပလံရာ .. မင်းညီရာ .. မင်းက စကားအလွန်ကြွယ်တယ်၊ လေပေါလိုက်တာ၊ သောကြာသားဖြစ်ရမှာ ကြာသပတေးသားဖြစ်နေရတယ်လို့၊ .. ဟုတ်တော့ဟုတ်သားပဲ ကြာသပတေးက သောကြာနဲ့ နီးတာကိုး ဟား ဟား ဟား”

ခခ က မနေနိုင်တော့ဘူး .. “နောက်ဆုံး ဘာဖြစ်သွားလဲ၊ ပြောပါဟယ်၊ မော်စီရာ .. နင်ကလည်း မနောက်ပါနဲ့”

“ဟီး နောက်ဆုံးလား ငါက သော့လိုက်ရှာလိုက်တာ အသက်ကြီး ကြီးသွားရော ခခကလည်း အဒေါ်ကြီးအရွယ်ဖြစ်ရောတဲ့၊ အဒေါ်ကြီးခခက လှတော့အလှသား၊ ခခ သိလား .. နင်က အခုပုံနဲ့များ တခြားစီပဲ”

“ဟိဟိ”  ခခ က ပါးစပ်ကို လက်ဝါနဲ့ပိတ်ပြီးရယ်တယ်၊

“ပြီးတော့ ရွှေသော့နဲ့ ဖွင့်လို့ရတဲ့နေရာတွေ့လို့ တခါတည်းဖွင့်လိုက်တာ သက်တံကြီးဆီတက်တဲ့နေရာရောက်ရောတဲ့ .. ရောက်မှတော့ ငါလဲ မထူးဘူးဆိုပြီး သက်တံကြီးပေါ်တက်လိုက်တာပဲတဲ့ .. ဟဲဟဲ၊ ခခ နင်ကလည်း စပ်ကို စပ်စုတယ် သက်တံပေါ်ထိ လိုက်လာသေးတယ်၊ အိပ်မက်လိုကြီးပဲ၊ ဒါပေမဲ့ အခုပြန်ပြောပြရင် အခုထိကြောက်တယ်၊ ငါ သက်တံပေါ်ကလေအေးအေးနဲ့ စိမ့်ကနဲ ချမ်းပြီး လန့်နိုးလာတော့ .. အင်း ငါ နိုးတာအသေအချာပါ၊ ဒါပေမဲ့ ငါ့ လက်တွေကို အမြန်ကြည့်လိုက်သေးတယ်၊ ငါ့ ညာဘက်လက်မှာ အကြောတွေကထောင်လို့ အမွှေးအမျှင်သန်သန်ကြီး လူကြီးတစ်ယောက်ရဲ့ လက်ကြီးလိုပဲ၊ ငါ ကြည့်နေတုန်း တဖြည်းဖြည်းချင်းပြောင်းသွားတာ၊ နတ်သမီးတိုင်းပြည်ကို ငါ တကယ်ရောက်သွားခဲ့တယ်ထင်တယ်“

မော်စီက သြဘာပေးတယ်၊ “ဖိုးပလံ ငပေါ” တဲ့၊

ခခ က .. မျက်လုံးထောင့်ကပ်ပြီး ဘာတွေစဉ်းစားနေမှန်းမသိ ငြိမ်နေခဲ့ပါတယ်။

ဒီလိုနဲ့ ဖိုးပလံတို့ သူငယ်ချင်းတွေ ကျောင်းတက် အိမ်စာတွေလုပ်နဲ့ မအားကြပါဘူး၊ ဖိုးပလံကတော့ ကြိတ်ပြီး စဉ်းစားနေတယ်၊ သူ အဘိုးရေမွန်ဆီကို သွားတွေ့ချင်တယ်၊ ခခနဲ့ မော်စီတို့ကိုတော့ ပြောမနေတော့ပါဘူး။

တစ်နေ့ ...
ကျောင်းပိတ်ရက်မနက်စောစောပဲ အဘိုးရေမွန်ရဲ့ခြံကြီးဆီကို စက်ဘီးလေးနဲ့ ထွက်လာခဲ့တယ်၊ အဘိုးရေမွန်ကြိုက်ပါ့မလား၊ အဘိုးရေမွန်သူ့ကို တွေ့ချင်ပါ့မလားပဲ၊ သူ့အိမ်မှာရော ရှိမှ ရှိပါ့မလားပဲ၊ ဖိုးပလံတွေးမိရင်း စိတ်တော့ပူမိတယ်၊ အဘိုးရဲ့ခြံကြီးက ဖိုးပလံတို့ ရွှေလိမ္မော်မြို့လေးရဲ့ အရှေ့ဘက်၊ ရွှေလိမ္မော်သကြားစက်အလွန်မှာရှိတာ၊ နည်းနည်းတော့ဝေးတယ်၊ ဖိုးပလံအတွက်ကတော့ သကြားစက်မရောက်ခင် တ၀က်ညောင်ပင်အထိ လမ်းလျှောက်ရင်းတောင် ခဏခဏရောက်နေကြမို့ စက်ဘီးနဲ့ဆို အသာလေးပဲ၊ ဖိုးပလံစက်ဘီးကို မြန်မြန်နင်းပါတယ်၊ ဘေးမှာ ကြံပင်တွေရိပ်ခနဲ ရိပ်ခနဲ ကျန်ခဲ့တာသိပ်ကြည့်ကောင်းတယ်၊ ဒါပေမဲ့ စိတ်ထင်တိုင်း နင်းလို့တော့မရဘူး၊ ဒီမြို့ပြင်ဘက်ထွက်တဲ့လမ်းကြီးဟာ ကြံကားကြီးတွေဖြတ်ဖြတ်ပြီးသွားကြလွန်းတော့ စက်ဘီးနင်းရတာ မကောင်းပါဘူး၊ ဒီရွှေလိမ္မော်မြို့သကြားစက်ဆီကိုသွားတဲ့ ကြံကားကြီးတွေလမ်းမမှာ တချိန်လုံးဖြတ်နေကြတယ်၊ စက်ဘီးအတွက် လမ်းလျှောက်ဖို့ လမ်းသပ်သပ်ပေးမထားဘူး၊ အဲဒီတော့ မတော်တဆထိခိုက်မိတာတွေဖြစ်ကြရော၊ ရွှေလိမ္မော် အမှတ် ၁ အထက်တန်းကျောင်းက ကျောင်းသားလေးတွေကျောင်းကအထွက် လမ်းမကြီးပေါ်ရောက်တာနဲ့ ကြံကားကြီးတွေနဲ့ အပြိုင်ပဲ လမ်းမကြီးကိုလုပြီး အသုံးပြုကြရတာကိုး။

တ၀က်ညောင်ပင်ကျော်လာတော့ မျက်နှာကိုပြေးရိုက်တဲ့ လေကပိုအေးလာတယ်၊ နားထဲမှာ ၀ှီးဝှီးဆိုတဲ့ အသံတွေကြားလာရတယ်၊ ရှေ့နောက်ထပ် မိုင်ဝက်လောက်ဆို အဘိုးရေမွန်ရဲ့ခြံကြီးကိုရောက်ပြီ၊ အဘိုးရေမွန်အရင်က ဖိုးပလံတို့ ရွှေမျက်နှာတိုင်းပြည်ရဲ့ အထက်ပိုင်း၊ ရွှေလိပ်ပြာမြို့က တောင်ကြားတွေဘက်မှာ သူ့ရဲ့ စမ်းသပ်မှုတွေလုပ်ဖို့ စခန်းကြီး ဆောက်ခဲ့သေးတယ်တဲ့၊ အဲဒီမှာ ဖောက်ခွဲစမ်းသပ်မှုတစ်ခုလုပ်ခဲ့တဲ့အခါ ရွှေမျက်နှာတိုင်းပြည်က မြို့တွေတော်တော်များများကနေ ကျယ်လောင်တဲ့အသံကြီးကို ကြားခဲ့ရတယ်လို့ပြောကြတယ်၊ ပြီးတော့ တွင်းနက်နက်ကြီးတစ်ခုပေါ်လာပြီး တွင်းပတ်လည်အနီးအနားမှာရှိနေတဲ့ သစ်ပင်တွေဟာ တွင်းနက်ကြီးအတွင်းဘက်ကို အကုန်လုံး ယိမ်းယိုင်နေခဲ့ကြတယ်၊ အားလုံးတွင်းကြီးထဲကို ယိုင်နေကြတဲ့ဓါတ်ပုံတွေကို သတင်းစာတွေမှာ ဖော်ပြခဲ့ကြတယ်လို့ ဖေဖေတို့ပြောပြဖူးတယ်၊ နောက်တော့ လူတွေအထိတ်တလန့်ဖြစ်ရတာကြောင့် အဘိုးရေမွန် စမ်းသပ်မှုကြီးတွေလုပ်လို့ မရတော့ဘူး၊ သူ့ရဲ့အခုရွှေလိမ္မော်မြို့ခြံကြီးမှာပဲ သူ့ဘာသာ တီထွင်မှု သေးသေးမွှားမွှားပဲ လုပ်လို့ရတော့တယ်တဲ့။

အဘိုးရေမွန်ရဲ့ခြံကြီးနားကိုရောက်လာပြီ၊ အဘိုးရေမွှန်ရဲ့ ခြံရှေ့က ကြေးနီပုန်းပုရုပ်ကြီးကလည်း သိပ်ထူးခြားတာပဲ၊ မြေကြီးပေါ်မှာ ဦးခေါင်းကြီးက ခပ်စောင်းစောင်းအနေအထားအပေါ်ကို မော့နေပြီး လက်နှစ်ဖက်က ၄၅ဒီကရီလောက်စောင်းလျှက်ပဲ ကမ္ဘာလုံးကြီးကို ဆုတ်ကိုင်ထားတဲ့ပုံ၊ ကမ္ဘာလုံးကြီးရဲ့ အပေါ်ဘက် စောင်းစောင်းလွတ်နေတဲ့ဘက်မှာ အလင်းတွေဖြာထွက်လာတဲ့ပုံစံ လုပ်ထားတယ်၊ အပေါ်ဘက်လက်မှာမှ ရေမွန်လို့ ရေးထားပြီး အောက်ဘက်လက်မှာ လျှပ်စစ်မိုးကြိုးသွားပုံစံပါတယ်၊ ခြံစည်းရိုးက သစ်သားခြံစည်းရိုး ခပ်နိမ့်နိမ့်လေးပဲ၊ တံခါးမကြီးကလည်း သစ်သားတံခါးအိုကြီးပါပဲ၊ သော့ခတ်မထားဘူး၊ ဒါနဲ့ ဖိုးပလံ တံခါးကြီးကို တွန်းဖွင့်ပြီး ၀င်လိုက်တယ်၊ အဘိုးရေမွန်ရဲ့အိမ်ကြီးကလည်း crook house လို့ခေါ်ရမယ့် တွန်လိမ်ကောက်ကွေးနေတဲ့အိမ်ပုံစံမျိုး ဆောက်ထားသေးတာ၊ အဓိက အဆောင်သုံးခုလောက်ရှိတယ် အလယ်ကအဆောင်ကတော့ သိပ်ပြီးကောက်ကွေးမနေဘူး၊ ဘေးနှစ်ဆောင်က တံခါးပေါက်လေးတွေက တွန့်တွန့်ကွေးကွေးလေးတွေရယ်၊ ခြံထဲဝင်လာတော့ ပုန်းညက်ပင်ကြီးအောက်မှာ သစ်သားခုံလေးချလို့ အဘိုးရေမွန်က ၀က်မလွတ်ဌက်ပျောသီးတွေကိုအခွံခွာပြီး သေးသေးအမြှောင်းလေးတွေလှီးကာ ဗန်းထဲထည့်နေတယ်၊ ဌက်ပျောသီဗန်းလေးတွေကို နေရောင်ရတဲ့နေရာတွေမှာလိုက်ချနေပါတယ်၊ အဘိုးရေမွန်က ဖိုးပလံကို မြင်တော့ ချက်ချင်းပဲ မှတ်မိရှာတယ်၊ “ဟေး ဖိုးပလံလားကွဲ့၊ လာကွယ် လာ .. လာ”  အဘိုးရေမွန်က လှိုက်လှိုက်လှဲလှဲခေါ်ပါတယ်၊ ခြံထဲမှာ မာကလာပင်တွေ အများကြီးပဲ၊ ဖိုးပလံက မာကလားသီးသိပ်ကြိုက်တော့ သဘောတွေကျပြီးမေးလိုက်တယ်၊

“အဘိုးရေမွန်ခြံထဲ မာကလာပင်တွေအများကြီးပဲ အသီးတွေကလည်းအများကြီးပဲ အဘိုးခူးမစားဘူးလား”

“ဒီအပင်က အူနီသီး၊ ဟိုဘက်က အပင်တွေက အူနီသီးပင်တွေ၊ အူနီသီးပင်တွေက ပိုများတယ်၊ အဘိုးခူးတော့ ခူးစားတာပေါ့ကွယ်၊ ဒီလောက်များတာ အဘိုးတစ်ယောက်တည်း ဘယ်လိုကုန်အောင် ခူးစားနိုင်မှာလည်း ဖိုးပလံလေးကြိုက်ရင် ခူးလေကွယ် ကြိုက်သလောက်ခူး၊ သူငယ်ချင်းတွေလည်း ခေါ်လာလို့ ရသေးတာပဲ” 
အဘိုးရေမွန်က တကယ်တမ်းသိပ်သဘောကောင်းတာပဲ သာမန်လူတစ်ယောက်ပါပဲ၊ ဒါနဲ့များ လူတွေက ..

“အိုး ကောင်းလိုက်တာ” ဖိုးပလံတော့ အဘိုးရေမွန်စကားလည်း ဆုံးရော ဟန်မဆောင်နိုင်ပါဘူး၊ မာကလာပင်တွေရှိရာ ပြေးတော့တာပဲ၊ “အဘိုးရေမွန်ရေ ကျွန်တော် အပင်ပေါ်ကို တက်လို့ရမလားပဲ”
“သိပ်ရတာပေါ့၊ တက်ကွာ .. အဘိုးက မျောက်လေးတွေချစ်တယ်ဟေ့” လို့ စနောက်ပါတယ်။
မာကလာသီးတွေ သိပ်ချိုတာပဲ၊ အဘိုးရေမွန်ကိုလည်း ကျွေးတယ် ဖိုးပလံလဲ စားတာပါပဲ၊ မာကလာသီးသိပ်ကြိုက်တဲ့ ခခကိုတောင်သတိရမိတယ်၊ မော်စီ့ကြက်တူရွေးလေး ချာချာလည်း မာကလာသီးသိပ်စားတယ်၊ မော်စီ့အိမ်ရောက်တိုင်း ချာချာမာကလာသီးစားနေတဲ့ပုံစံ ကြည့်ရတာ သိပ်ချစ်စရာကောင်းတာပဲ၊

“အဘိုးက ..မှော်အတတ်တွေတတ်တယ်ဆိုတာ တကယ်လား” 

“မှော်အတတ်ဆိုတာ လှည့်စားတာတွေ ပြုစားတာတွေလူလေးရဲ့၊ အဘိုးက လူတွေအတွက်၊ ကမ္ဘာကြီးအတွက်လိုအပ်မယ့် အထူးအဆန်းတွေတီထွင်တာကွဲ့၊ လူတွေကိုပြုစားဖို့မဟုတ်ဘူး၊ လူတွေကအသုံးပြုဖို့အတွက် .. ဒါပေမဲ့ တစ်ခါတစ်ခါ အဘိုးမတတ်နိုင်တာတွေအများသားပဲ၊ ဖိုးပလံလေး စိတ်ဝင်စားရင်တော့ အဘိုးရဲ့ မှော်အစွမ်းတွေပြချင်သေးရဲ့ကွယ် ဟား ဟား ဟား”
အဘိုးရေမွန်က ရယ်ပါတယ်၊ ရယ်မောသံက ခြောက်ကပ်ကပ်ကြီး။

အပြန် အဘိုးရေမွန်က မာကလာသီးတွေ အများကြီးပဲ ပေးလိုက်ပါတယ်၊ ခခ အိမ်ဝင်ပြီး ခခအတွက် မာကလာသီးတွေပေးတယ်၊ ပြီးတော့ မော်စီ့အိမ်ကိုထွက်ခဲ့ပါတယ်၊ ကြက်တူရွေးလေးချာချာကို မာကလာသီးအူနီသီးကြီးတွေကျွေးရမယ်။

မော်စီအိမ်ရောက်တော့ ကြက်တူရွေးလေးချာချာက နေသိပ်မကောင်းဘူး၊ တနေကုန် ငြိမ်နေတယ်တဲ့၊ ခါတိုင်းဆို သူ့အသံလေးကို စာနေရောပဲ၊ ဖိုးပလံနဲ့ မော်စီ .. ချာချာ့အိမ်လေးထဲ မာကလာသီးတစ်လုံးချိတ်ပေးကြတယ်၊ ချာချာက တချက်နှစ်ချက် နှုတ်သီးလေးနဲ့ ထိုးပြီး ကိုက်လိုက်သေးတယ်၊ ပြီးတော့ လှည့်မကြည့်တော့ဘူး၊ ပြန်ငြိမ်သွားပြန်ရော၊ မော်စီကတော့ စိတ်ပူနေတာပဲ၊ ဆရာဝန် သွားပြမယ်တဲ့၊ ပြီးတော့ မော်စီ့အဖေ သူငယ်ချင်းမိသားစုက ခရီးဝေးသွားကြမှာမို့ ခွေးဖြူလေးတစ်ကောင်လာပို့ထားတယ်၊ ကီးနိုလို့ခေါ်ကြတယ်၊ ကီးနိုကြောင့်စိတ်ပျက်ပြီးငြိမ်ကုပ်နေတာလည်း ဖြစ်နိုင်တာပဲ။
------------------------------ ။ ------------------------------
အန်တီကြွေနဲ့ ဦးယွန်းတို့ ကီးနိုအတွက် အခေါင်းလေးအတွက် သစ်သားဖြတ်စက်နဲ့ သစ်သားတွေကိုဖြတ်နေကြတယ်၊ မြူတွေမှိုင်းနေတဲ့ ညအမှောင်ထဲက အိမ်လေးဆီမှာ သစ်သားဖြတ်စက်ကထွက်လာတဲ့အသံတွေ တဂျီးဂျီး ဆူညံနေတယ်၊ မော်စီက မြေတိုက်ခန်းလေးထဲ ဆင်းသွားတယ်၊

“မော်စီ ဘယ်လဲ” ဖိုးပလံက အော်မေးတော့

“ဂေါ်ပြားသွားယူမလို့ ကီးနိုတို့ကို မြှုပ်ဖို့ တွင်းတူးရမယ်” လို့ဖြေတယ်၊

ဖိုးပလံလည်း အောက်ထပ်ခန်းထဲ ဆင်းလိုက်သွားတယ်၊ မော်စီလိုပဲ ဂေါ်ပြားတစ်ခုဆွဲယူလာပြီး အိမ်အပြင်ထွက်ခဲ့ကြပါတယ်။

မော်စီက အိမ်ရဲ့နောက်ဘက် ညာဘက်ထောင့်မှာမြှပ်မယ်တဲ့၊ အိမ်ရဲ့နောက်မှာ မြစ်ကြီးရှိတယ်၊ မြူတွေကြားမှာ မြစ်ကြီးက မဲမှောင်ငြိမ်ကုပ်၊ မလှုပ်မယှက်ကြီးပဲ၊ ဖိုးပလံ ညာဘက်က အိမ်ကြီးဆီ မျက်လုံးမရောက်မိအောင်လွှဲထားလိုက်တယ်၊

“မော်စီ၊ ဒီအိမ်ကြီးမှာ လူမနေဘူးလား”

“ဟင် ဘယ်အိမ်ကိုပြောတာလည်း”

“အော .. ဒီအိမ်မှာလား၊ ခုတော့ ငါလည်းမသိဘူး၊ အရင် ငါ့ဦးလေးရှိတုန်းက သူတို့နဲ့ ငါ့ဦးလေးသိတယ်၊ နောက်တော့ အဖိုးကြီးက ထောင်ကျသွားတယ်ဆိုလား၊ အဖိုးကြီးမိန်းမကတော့ သိတော့ဘူး၊ သူတို့ သားသမီးတွေ တခြားမြို့မှာ နေကြတယ်တဲ့၊ အဖေတို့ပြောတာပဲ၊ ဒီမှာ ဘယ်သူမှနေတာမတွေ့ဘူး”

မော်စီ့ကိုတော့ အဖြူရိပ်ကြီးအကြောင်းပြောမနေတော့ပါဘူး၊ သူက ကြောက်နေဦးမယ်၊ မော်စီက အားကောင်းကောင်းဆလိုက်မီးတစ်ခု ယူလာတယ်၊ အနားမှာရှိတဲ့ သရက်ပင်ကြီးရဲ့ကိုင်းမှာ ချိတ်တယ်၊ အိမ်ထဲကနေ သွယ်ထားတဲ့ မီးကြိုးခွေမှာ ပလပ်တပ်လိုက်တယ်၊ မဲမဲမှောင်မှောင်နေရာကျယ်ကြီးမှာ ဖိုးပလံတို့နေရာလေးမှာပဲ မီးအလင်းက စူးတောက်နေတာပဲ၊ ဖိုးပလံလှုပ်ရှားသမျှ နေရာ ဝေးဝေးကတောင်မြင်ရမှာပဲ၊ ဖိုးပလံ ဂေါ်ပြားကြီးနဲ့ မြေကြီးကို တဂျစ်ဂျစ်ခြစ်ယူ တူးလိုက်၊ အပြင်ဘက်မှောင်ထဲကို ကြည့်လိုက်နဲ့၊ ဂနာမငြိမ်ဘူး၊ ချာချာတို့ ကီးနိုတို့လည်းကြည့်နေကြမှာပဲလို့လည်း တွေးတာပဲ၊ မြူတွေရဲ့ အရိပ်နဲ့ အပင်တွေကြားထဲမှာ ကီးနိုပုံအဖြူရောင်အရိပ်လေးဖြတ်ခနဲ တွေ့လိုက်တဲ့အခါလည်းရှိတယ်၊

“မော်စီရေ”
“ဘာတုန်း”
မီးအလင်းစူးစူးကြီးရဲ့ အပြင်ဘက်ကို ခေါင်းထွက်ပြီး ခြံထဲကို ကြည့်ရင်း “ဟော ဟိုမှာ ကီးနိုဟေ့၊ ငါတို့ကိုကြည့်နေတယ်၊ တွေ့လား၊ ကြည့်လိုက်၊ ကြည့်လိုက်”

မော်စီကလည်း မီးစူးစူးအလင်းနဲ့မို့ မျက်စိအပေါ်ဘက်ကို လက်ဝါးနဲ့အုပ်ကာပြီး ဖိုးပလံပြတဲ့နေရာကြည့်ပါတယ်၊
“ဟာ .. အဲဒါ အုန်းပင်ဟ၊ ငါ ထုံးတွေအဖြူရောင်ပတ်လည်သုတ်ထားတယ်၊ ဟီးဟီး၊ ဖိုးပလံ ငကြောက်ကြီး”

ဖိုးပလံလည်း တဟဲဟဲရယ်နေလိုက်ပါတယ်၊ အိမ်လေးထဲမှာ သစ်သားဖြတ်စက်သံ တဂျီးဂျီး အသံတွေဆူညံနေတုန်းပဲ၊ ဖိုးပလံနဲ့ မော်စီတို့လည်း တွင်းကို အားစိုက်ပြီး တူးပါတယ်၊ ဖိုးပလံတို့ ဒူးခေါင်းအထက်နားထိရောက်လာပြီ၊ မော်စီက နက်နက်လေးတူးတာ ပိုကောင်းမယ်ဟ၊ တူးကြပါဟေ့ တူးကြပါ .. လို့ ညာသံပေးတယ်၊ သူလည်း မြန်မြန်တူးတယ်၊ မြူတွေပြည့်နေတဲ့ အေးစိမ့်စိမ့်ညမှာ နှစ်ယောက်သားချွေးဒီးဒီကျနေကြပါပြီ၊ မော်စီက ပေါက်ပြားကြီးကို အားနဲ့လွှဲပြီး တွင်းထဲကိုပေါက်လိုက်တယ်၊ ဒုတ်ကနဲ အသံကြီးကြားရပြီး သစ်ပင်ကြီးရဲ့ အမြစ်ကြီးတစ်ခုလိုပဲ၊ ကန့်လန့်ကြီးခံနေတယ်၊ အမြစ်ကြီးကို ပေါက်ပြားနဲ့ ထိုးပြီးဖြတ်ဖို့ ပိုပိုပြီး အားစိုက်ပြီးပေါက်လိုက်တယ်။ အမြစ်ကြီးပြတ်ထွက်းသွားပြီးတဲ့အခါ ..... အား......................................................

ဖိုးပလံတို့နှစ်ဦးသား တွင်းနက်ကြီးတစ်ခုထဲကိုကျွံကျသွားကြပြီ၊ နှစ်ဦးလုံးတွင်းရဲ့အောက်ဘက်ထဲကို လျှောပြီး တလိမ့်ခေါက်ကွေး ကျနေလိုက်တာ မရပ်မနား၊ မော်စီနဲ့ ဖိုးပလံတို့ ငယ်သံပါအောင်အော်ကြတယ်၊ အား .............. အား ........................ အား ......
တစ်ခုခုဖြစ်ပြီလို့ ဖိုးပလံသိလိုက်ပါပြီ၊
“ဘုတ် .. အင့် .. အောင်မလေးဗျ”  သူတို့ လျှောကျလာတာရပ်သွားတာနဲ့အတူ မြေကြီးအေးစက်စက်ကြီးနဲ့ ၀င်ဆောင့်ပါတော့တယ်၊ ဘေးမှာ မြူတွေရဲ့ အဖြူရောင်တွေက ပိုပြီးထင်ရှားနေတယ်၊ လင်းလက်နေတာပဲ၊ အဖြူရောင် စိန်သားတွေရဲ့အရောင်မျိုးလည်း တချက်တချက် လက်နေကြသေးတယ်၊ “ဖိုးပလံ ငါတို့ ဘယ်ရောက်နေတာလဲ၊ ဖိုးပလံ ဖိုးပလံ ဖိုးပလံ” မော်စီက ဖိုးပလံရှိရာ လိုက်စမ်းပြီး အော်နေပါတယ်၊ “ရှိတယ်ဟ၊ ငါလဲ မသိလို့ကြည့်နေတာလေ၊ လာပါ၊ လျှောက်ကြည့် ကြည့်ရအောင်၊ ကြည့်ရင်သိမှာပဲ” 

ဘေးမှာ ရေကန်ကျယ်ကြီးတွေ့တယ်၊ ရေတွေက အပြာရောင်ဖျော့ဖျော့ ဖြူလဲ့လဲ့လေး၊ ကန်ထဲမှာ ဘဲဖြူဖြူလေးတွေအများကြီးပဲ၊ ကန်ရဲ့အလယ်မှာ သစ်ပင်တန်းလေးရှိတယ် သစ်ပင်တွေရဲ့ ပင်စည်တွေက  အနက်ရောင်တွေ၊ သစ်ကိုင်းတွေရယ်၊ သစ်ရွက်လေးတွေ အားလုံးက အဖြူရောင် အမှုံအမွှားလေးတွေ ကပ်ညိပြီး လင်းနေတာပဲ၊ အဖြူရောင်ပင်စည်နဲ့ သစ်ကိုင်းဖြူအပင်တွေ သစ်ရွက်ဖြူအပင်တွေ သိပ်လှတာပဲ၊ လမ်းဘေးတစ်လျှောက်ကသစ်ပင်တွေမှာ အဖြူရောင်ဝါဂွမ်းစလေးတွေ အဖတ်လိုက်တွယ်ကပ်နေသလို၊ ဖိုးပလံ ခေါင်းမော့ကြည့်တော့ ၀ါဂွမ်းလိပ်တွေ တိမ်အခိုးအငွေ့တွေက ဦးခေါင်းကို ထိလုထိခင်၊ သစ်ကိုင်းတွေပေါ်မှာ အဖြူရောင် ဌက်လေးတွေ၊ ချာချာ့လို ကြက်တူရွေးလေးတွေလည်းပါတယ်၊ အားလုံး ဖြူလွနေလိုက်တာ၊ လျှောက်နေရင်း ဗြုန်းဆို မျက်စိကျိန်းလောက်အောင် အဖြူရောင်အလင်းတွေပေါ်လာပြီး အိမ်တစ်လုံးထဲသူတို့ရောက်နေကြံပီ၊ အိမ်ထဲမှာ တိရစ္ဆာန်အကောင်ပလောင်လေးတွေ အစုံပဲ၊ ခွေးဖြူလေးတစ်ကောင်ပြေးလာပြီး မော်စီ့ကိုတွယ်ဖက်တက်တယ်၊ “ကီးနို” မော်စီအကျယ်ကြီးပဲ ထအော်ပါတယ်၊ တခြား ခွေးဖြူလေးတွေလည်း အများကြီးပဲ အကောင်လေးတွေအားလုံးအဖြူရောင်လေးတွေ၊ ကလေးငယ်လေးတွေလည်း တွေ့တယ်၊ အားလုံးအဖြူရောင်လေးတွေချည်းပဲ “ချာချာရောပဲ၊ ချာချာ .. ချာချာ” မော်စီ ဟိုသည်လျှောက်ကြည့်ပြီး ချာချာ့ကိုရှာပါတယ်၊ ဖိုးပလံရှေ့က မြူငွေ့တွေ ပို ပိုပြီးသိပ်သည်းလာပြီ၊ အမျိုးသမီးတစ်ယောက်ပုံစံ ပေါ်လာပါတယ်၊ ဟိုဘက်အိမ်က အဖြူရိပ်ကြီးများလာပဲ၊ ဦးခေါင်းမှာ ပုဝါဖြူကလွင့်နေတယ်၊ အဖြူရောင်ဂါဝန်က တလွင့်လွင့်နဲ့၊
အမျိုးသမီးတစ်ယောက်ပုံစံထင်ထင်ရှားရှားကြီးပဲ မြင်ရပြီ၊

“လာကြကွဲ့၊ ဘယ့်နဲ့လည်း၊ ကိုယ်လက်တွေနာကုန်ကြလားပဲ၊ ဒီလိုဖိတ်ခေါ်လိုက်ရတာစိတ်မကောင်းပါဘူး၊ အဘွားတို့ အကူအညီတောင်းစရာရှိလို့ပါ”  အဖြူရောင်အမျိုးသမီးကပြောပါတယ်၊

“နာတယ်ဗျ၊ ကျောကုန်း၊ ကျွန်တော်တို့က ကူညီနိုင်တာ ဘာများရှိလို့လည်း”
ဖိုးပလံကဒီလို၊ “ကျွန်တော်က မီးညှောင့်ရိုးအောင့်သွားပြီ၊ ကီးနိုကိုတွေ့တယ်၊ အဘွားက ဘယ်သူလည်း၊ ကီးနိုဒီကို ဘယ်လိုရောက်နေတာပါလိမ့်”
မော်စီက အခုလို အသီးသီး မေးခွန်းတွေထုတ်ကြရော၊

“အဘွားက အဖြူရောင်စုန်းမ ပေါ့၊ ကီးနိုမှ မဟုတ်ပါဘူး၊ အပြစ်ဆို မြူတစ်မှုန်မျှမသိ၊ မလုပ်ဖူးတဲ့ အဖြူရောင် ကလေးတိုင်း အဘွားဆီလာကြတာပဲ၊ အဘွားက စောင့်ရှောက်ထားတာပဲလေ၊ သူတို့မှာ ဘေးရန်မရှိအောင် အစစအရာရာ အဘွားတာဝန်ယူနိုင်ခဲ့ပါတယ်ကွယ်၊ ဒါပေမဲ့ အခုတော့”

အဖြူရောင်စုန်းမလို့ ကိုယ့်ဘာသာနာမည်ပေးထားတဲံ အဖြူရောင်အမျိုးသမီးကြီး မျက်နှာက ငိုချလိုက်တော့မယ့်မျက်နှာလို အသင့်အနေအထားပဲ၊ မျက်ရည်လေးတွေတောင် ကျလာရှာတယ်၊ နူးညံ့သိမ်မွေ့လွန်းတဲ့ ဒီအမျိုးသမီးက စုန်းမတဲ့၊ ဖိုးပလံ သိချင်တာတွေပိုများလာပြီ။

“အဘွားက စုန်းမလည်းပြောသေးတယ်၊ လှလိုက်တာ၊ အဖြူရောင်ကြည်လင်နေတာပဲ၊ ကီးနိုနဲ့ အကောင်လေးတွေလည်း စောင့်ရှောက်တယ်၊ ဒါနဲ့များတောင် အဘွားက ကိုယ့်ဘာသာ စုန်းမလို့ ပြောသေးရဲ့၊ ကာတွန်းစာအုပ်တွေနဲ့ ရုပ်ရှင်တွေထဲမှာ စုန်းမမှန်သမျှ အရုပ်ဆိုးအကျည်းတန်ကြတာချည်းပဲ၊ သူတို့က အမြဲမကောင်းတာလုပ်တတ်ကြတာချည်းပဲ မဟုတ်လား”

“စုန်းမဆိုတာနဲ့ မကောင်းတာလုပ်ဖို့ပဲ စိတ်ဝင်စားနေကြတာမဟုတ်ပါဘူး၊ အမြဲအနက်ရောင်ချည်းပဲမဟုတ်ပါဘူးလေ”

“အဘွားတို့ အဖြူရောင်အိမ် ကမ္ဘာလေးမှာ ဒီလို ငြိမ်းငြိမ်းချမ်းချမ်းလေး နေလာခဲ့တာ နှစ်ပေါင်းထောင်ကျော်နေခဲ့ပြီ၊ ဒါပေမဲ့ အခုတော့ အမဲရောင်မိစ္ဆာစုန်းမ က အဘွားတို့အိမ်လေးကို သိသွားတယ်၊ သူ ညတိုင်းလိုလာပြီး နှောင့်ယှက်တယ်၊ နှောင့်ယှက်တာမဟုတ်ဘူး၊ အဘွားကလေးတွေကို ၀ါးမျိုစားသောက်တာ၊ အခုဆိုအဘွားရဲ့ကလေးတွေ သိပ်ကိုထိတ်လန့်နေကြပြီ၊ ဒီလိုသာဆို သိပ်မကြာဘူး အဘွားတို့ရဲ့အဖြူရောင်ကလေးတွေ အကုန်လုံးပဲ ပျောက်ဆုံးသွားကြတော့မှာ၊ အကုန်လုံး အမဲရောင်စုန်းမရဲ့ ဘက်တော်သားတွေဖြစ်ကုန်ကြတော့မယ်၊ ဖိုးပလံတို့ကူညီမှ ဖြစ်မယ်၊ အဘွားကိုကယ်နိုင်မယ်လို့ အဘွားသိတယ်” အဖြူရောင်အမျိုးသမီးကြီးက ပြောနေရင်းအသံတွေ တိုးတိမ်ဝင်သွားပြီး ငိုရှိုက်နေပါတယ်၊ အနားမှာ ရှိနေကြတဲ့ အဖြူရောင်ကလေးငယ်လေးတွေရော၊ အဖြူရောင် အကောင်ပလောင်လေးတွေ အားလုံးပဲ တအိအိငိုရှိုက်နေကြတယ်၊ သူတို့ရဲ့ ကိုယ်လေးတွေ ဆတ်ဆတ်ခါတုန်လှုပ်နေကြတယ်၊
“ဟော .. ညနေစောင်းတော့မယ်” ကလေးဖြူဖြူလေးက ချောက်ချောက်ချားချား အသံလေးနဲ့ အော်ဟစ်လိုက်ပါတယ်။

ဟုတ်သားပဲ အပြင်မှာ နေတောင်ကွယ်တော့မယ်၊ သိပ်မကြာဘူးအလင်းရောင်ပျောက်သွားတော့မယ်၊ ဖိုးပလံ နဲ့ မော်စီတို့ လည်း သူတို့အတွက် စိတ်မကောင်းဖြစ်နေကြတယ်၊ သူတို့ ဘယ်လိုများကူညီနိုင်မလည်းတွေးနေကြပါတယ်၊ မော်စီက အကျီလက်မောင်းကို ပင့်တင်လိုက်သေးတယ်။

အဘွားအဖြူရောင်စုန်းမ က “ကလေးတို့ရေ မြန်မြန်ကွဲ့လာကြ၊ လာကြ၊ ညစာမြန်မြန်စားကြစိုးရဲ့ ပြီးရင် ပုလဲအိမ်ထဲဝင်နေကြရမယ်”  လို့ ခပ်သွက်သွက်သတိပေးတယ်၊ ပြီးတော့ စားပွဲကြီးတွေမှာ စားစရာတွေပြင်ဆင်တယ်၊ အဖြူရောင် အလင်းငွေ့တွေနဲ့ အတူသစ်သီးတွေ နွားနို့ခွက်တွေနဲ့ ကိတ်မုန့်ကြီးတွေ ပေါ်လာကြတယ်၊ ကလေးလေးတွေ စားပွဲမှာ ပြေးထိုင်ကြတယ်၊ အကောင်ပလောင်လေးတွေရောပဲ သူတို့နေရာလေးတွေမှာ နေရာယူကြပြီ၊ အားလုံး အထိတ်ထိတ်အလန့်လန့်နဲ့၊ အစားစားဖို့ စိတ်မ၀င်စားကြပါဘူး၊ မြန်မြန်ပြီးသွားဖို့ပဲ ကြိုးစားပြီး စားနေကြတယ်။

ဖိုးပလံနဲ့ မော်စီကတော့ အပြင်ဘက်ကို ခဏခဏကြည့်မိကြတယ်၊ စုန်းမဲကြီးက ညတိုင်းလာနှောက်ယှက်တယ်၊ ၀ါးမျိုးစားသောက်တယ်တဲ့ အဘွားစုန်းဖြူရဲ့ စကားတွေထပ်ခါထပ်ခါ ပြန်ကြားနေမိကြတယ်၊
“ဟော ဟော ကလေးတို့ မြန်မြန် .. အသံနက်ကြီး .. အရိပ်နက်ကြီး .. မျက်လုံးနက်ကြီး .. စုန်းမဲကြီးလာနေပြီ”  ကလေးတွေ ၀ရုန်းသုန်းကား ..
စုန်းဖြူပြောတဲ့ ပုလဲအိမ်ဆိုတဲ့ အခန်းလေးထဲ ၀င်ပြေးကြတယ်၊ ငှက်လေးတွေရော၊ ခွေးလေးတွေရော၊ ဘဲလေးတွေရော.. အကုန်လုံးပါပဲ၊ ကြွက်ကြွက်ညံနေတာပဲ။

အဲဒီအချိန် ကလေးငယ်တစ်ယောက် က သူ့လက်ဖ၀ါးကို ကြည့်တယ်၊ အဘွား သူလာပြီ ကျွန်တော့်ဆီ .. ဒီမှာ ဒီမှာ .. ကယ်ပါဦး လို့ အော်ပါတယ်၊ သူ့ရဲ့ လက်ဖ၀ါးလေးကို ပြတယ်၊ လက်ဖ၀ါးဖြူဖြူလေးမှာ အမဲရောင်အစက်အပျောက်ကြီးပေါ်လာတယ်၊ အစက်အပျောက်ကြီးကနေ အမဲရောင်အကွက်ကြီး လက်ဖ၀ါးတစ်ခုလုံးပြည့်လာပြီ၊ နောက် လက်ဖ၀ါးတစ်ဖက်၊ အဘွားရေ ကလေးငယ်က စူးစူးဝါးဝါးအော်ဟစ်ပါတယ်၊ သူအလွန်အမင်းနာကျင်နေပုံပဲ၊ လည်ပင်းမှာအမဲရောင် အစင်းကြီး ထင်းကနဲပေါ်လာတယ်၊ မျက်လုံးနှစ်လုံးလုံး အမဲရောင်တွေပြည့်ကုန်တယ်၊ လက်မောင်းတွေလည်း အနက်ရောင်တွေပြောင်းကုန်တယ်၊ ကလေးငယ်လေးရဲ့ ကိုယ်ပေါ်မှာ အမဲရောင် အစင်းတွေတစ်ခုပြီး တစ်ခုပေါ်လာတယ်၊ စုန်းဖြူက ကလေးငယ်ကို ပွေ့ထားပါတယ်၊ ပေါ်လာတဲ့ အမဲရောင်တွေနေရာကို လက်ဖ၀ါးနဲ့အုပ်ပြီး ပါးစပ်က ဘာတွေလည်းမသိရွတ်ပါတယ်၊ နောက် စုန်းဖြူရဲ့နှင်တံလေးနဲ့ အမဲရောင် လိုင်းတွေကို လိုက်တို့တယ်၊ အမဲရောင်တွေက အရောင်ဖျော့သွားတယ်၊ ဒါပေမဲ့ ဟိုက ဒီက အများကြီးပေါ်လာတော့ စုန်းဖြူ မနိုင်တော့ဘူး၊ အဲဒီအချိန်တခြားခွေးငယ်လေးတွေ ဘဲလေးတွေရဲ့ ကိုယ်ပေါ်မှာလည်း အမဲရောင်အစင်းတွေ ဖြတ်ကနဲ ဖြတ်ကနဲ ပေါ်လာကြတယ်၊ သူတို့ရဲ့ မျက်လုံးတွေလည်း အမဲရောင်တွေပြည့်သွားပြီ၊ စုန်းဖြူလည်း နှင်တံလေးနဲ့ လိုက်တို့ရင်း ငိုကြွေးပါတယ်၊ အမဲရောင်လေပွေတစ်ခုကလည်း ပြေးလွှားနေတဲ့ ကလေးငယ်တွေကြားမှာ ဖိုးပလံတို့တွေ့နေရပါတယ်၊ မျက်နှာပုံသဏ္ဍာန်ကြီးကို ဖိုးပလံတို့ မြင်လိုက်ရတယ်၊ ပြီးတော့ စုန်းမဲကြီးထင်းထင်းကြီးပဲ ပေါ်လာပါတယ်၊ ကွေးကောက်ကောက်လက်ကြီးနှစ်ဘက်က ငှက်လေးတွေ တစ်ကောင်ပြီး တစ်ကောင်၊ ဘဲလေးတွေရော ကလေးတွေကိုပါ လိုက်လံဖမ်းဆီးနေပါတယ်၊ အကောင်ပလောင်လေးတွေမှာ အမဲရောင်တွေ ပြည့်လာကြတယ်၊ တစ်နာရီကြာကြာ ရုန်းရင်းဆန်ခတ် ပြေးလွှားနေကြပြီးတဲ့နောက် အမဲရောင်အငွေ့တွေဖြတ်ကနဲ ပျောက်သွားတယ်၊ ဌက်လေးတွေ ကလေးတွေ တော်တော်လျော့သွားပြီ၊ စုန်းဖြူ အခန်းအလယ်မှာ ပုံလျှက်သားလဲကျနေတယ်၊ ရှိုက်ကြီးတငင်ငိုကျွေးနေပါတယ်။

ဖိုးပလံ ချက်ချင်းပဲ အဘိုးရေမွန်ကို သတိရမိလိုက်တယ်၊ အဘိုးရေမွန်ဆိုတတ်နိုင်မလားပဲ၊ “အဘွားစုန်းဖြူ ကျွန်တော် စမ်းကြည့်မယ်၊ ကျွန်တော့်အိမ်ကို ဘယ်လိုပြန်ရမလဲ၊ အဘွားတတ်နိုင်ရင် ရွှေလိမ္မော်မြို့က အဘိုးရေမွန်ဆီကို ပို့ပေးပါ၊ မြန်မြန်လေး..”

စုန်းဖြူက အခုမှ ပြန်အသက်ဝင်လာတဲ့ပုံနဲ့ လှုပ်လှုပ်ရှားရှားဖြစ်လာပါတယ်၊ မော်စီက မျက်လုံးကိုဝိုင်းနေတာပဲ၊ ကြောင်တောင်တောင်ဖြစ်နေရှာတယ်၊ “အဘိုးရေမွန်ဆီ ဘာလုပ်သွားမှာလဲ၊ ငါလည်း လိုက်မယ်နော်၊ မထားခဲ့နဲ့ဦး”  တဲ့ ဖိုးပလံကိုလှမ်းပြောလိုက်တယ်။

စုန်းဖြူက စားပွဲတစ်ခုပေါ်က လက်နေတဲ့ ဖန်လုံးကြီးတစ်ခုဆီကိုသွားပါတယ်၊ ဖန်လုံးကြီးပေါ်လက်ဖ၀ါးနှစ်ဘက်အုပ်မိုးထားပြီး အသံတိုးတိုးလေးနဲ့ စကားပြောတယ်၊ ဖန်လုံးပတ်လည်မှာ အဖြူရောင်အငွေ့တွေပေါ်လာပြီး ဖန်လုံးကြီးက ပိုပြီးကြည်လင်လာတယ်၊ ဖန်လုံးထဲမှာ အရိပ်တွေပေါ်လာတယ်၊ အရိပ်တွေ တဖြည်းဖြည်းချင်ကြည်လင်လာတဲ့အခါ၊ အဘိုးရေမွန်ကိုတွေ့လိုက်ရပါတယ်၊ အဘိုးရေမွန်က သူ့ရဲ့စမ်းသပ်ခန်းထဲမှာ လျှပ်စစ်အလင်းတွေ မီးပွင့်တွေဖြာနေတာကို ခုံလေးတစ်ခုမှာထိုင်ရင်းကြည့်နေပါတယ်၊ မီးပွင့်တွေဖြာထွက်နေတဲ့နေရာနဲ့ နီးနီးလေးပဲ၊ အဘိုးရေမွန်က မီးပွင့်တွေကို စူးစိုက်ကြည့်နေရင်းက ဖိုးပလံတို့ဘက်ကို မျက်နှာလှည့်လာတယ်၊ စုန်းဖြူကပြောတယ်၊
“ဖိုးပလံလေး၊ အခုက အချိန်ကောင်းပဲ၊ အဲဒီကိုသွားတော့၊ ပြီးတော့ ပြန်လာခဲ့ပါကွယ်”

စုန်းဖြူလက်ထဲမှာ အဖြူရောင် ပုဝါစလေးနှစ်ခုပါလာတယ်၊ ဖိုးပလံရဲ့ အကျီအိပ်ကပ်ထဲကို တစ်ခု၊ မော်စီရဲ့အိတ်ကပ်ထဲကို တစ်ခုထည့်ပေးတယ်၊ “အဘွားဆီကို ပြန်လာတော့မယ်ဆိုရင် ဒီပုဝါစလေးတွေ လက်ကောက်ဝတ်မှာ ချည်လိုက်နော်၊ အဘွားရဲ့အဖြူရောင်အိမ်လေးကို ပြန်ရောက်လာလိမ့်မယ်”  အဘွားကမှာတယ်၊
ပြီးတော့ စုန်းဖြူရဲ့ တဖြတ်ဖြတ်လက်နေတဲ့ နှင်တံလေးနဲ့ ဖိုးပလံတို့ရဲ့ ဦးခေါင်းလေးတွေကို တို့လိုက်တယ်။

ဖိုးပလံ အဘိုးရေမွန်ရှေ့ကိုရောက်လာခဲ့ကြပါပြီ၊ “ဟော ဖိုးပလံတို့” အဘိုးရေမွန်က နှုတ်ဆက်ပါတယ်၊ ဖိုးပလံလည်း အဖြူရောင်အိမ် နဲ့ စုန်းဖြူတို့အကြောင်းကို ပြောပြလိုက်တယ်၊ စုန်းမဲကြီးကို သတ်ပစ်မှဖြစ်မယ်၊ သူဘယ်လောက်ရက်စက်တယ်ဆိုတာကိုလည်းပြောပါတယ်၊ မော်စီကတော့ နားပဲ နားထောင်နေတာပါပဲ၊ အဘိုးရေမွန်က ခေါင်းတငြိမ့်ငြိမ့်နဲ့ သေချာနားထောင်ပါတယ်။

“လာကွဲ့ ဒီလိုဆိုတော့လည်း အဘိုးရဲ့ လက်နက်က အသုံးချလို့ ရတော့မှာပေါ့”
အဘိုးရေမွန်က အခန်းတစ်ခုထဲဝင်သွားတယ်၊ ဖန်လုံးလေး နှစ်ခုယူလာပါတယ်၊ စားပွဲကြီးပေါ်မှာ ဖန်လုံးဖြူလေးနှစ်လုံးကိုချတယ်၊ အနားကပ်ကြည့်တော့မှ ဖန်လုံးဖြူဖြူလေးမှာ အပေါက်သေးသေးလေးတွေအများကြီးပဲပါတယ်၊ အဘိုးရေမွန်က ဌက်မွှေးလိုလို ဖန်ချောင်းပြောင်လက်လက်လေးတွေကို ဖန်လုံးလေးရဲ့အပေါက်လေးတွေထဲမှာ တစ်ခုစီတပ်ပါတယ်၊ အားလုံးပဲတပ်ပြီးသွားတဲ့အခါ ဖိုးပလံကိုဖန်လုံးလေးတစ်လုံး၊ မော်စီ့ကိုဖန်လုံးလေးတစ်လုံးပေးပါတယ်၊ ရေခဲလျှပ်စစ်ဖန်လုံးလေးတွေလို့ အဘိုးရေမွန်ကပြောတယ်၊ ဖန်လုံးလေးတွေမှာ စိုက်ထာတဲ့ ဖန်ချောင်းလေးတွေနဲ့ စုန်းမဲရဲ့ကိုယ်ထဲကို စိုက်ဝင်သွားအောင်ပစ်ရမယ်တဲ့၊ ဖန်ချောင်းလေးတစ်ချောင်းကို ဆွဲထုတ်လိုက်တာနဲ့ ဖန်လုံးလေးအတွင်းမှာ အလင်းရောင်တွေထွက်လာမယ်၊ အဲဒီအလင်းရှိနေတဲ့အချိန် ဖန်ချောင်းလေးတွေကိုတစ်ခုပြီး တစ်ခုဆွဲနုတ်ပြီး မော်စီနဲ့ ဖိုးပလံတို့ပြိုင်တူ စုန်းမဲကို တိုက်ခိုက်ရမယ်၊ အချိန်ကြာသွားရင် ဖန်ချောင်းလေးတွေရဲ့ ရေခဲလျှပ်စစ် အလင်းစွမ်းအင် လျော့သွားတတ်လို့ အဆက်မပြတ်တိုက်မှ စုန်းမဲရဲ့ခုခံနိုင်စွမ်းအရှိန်မရအောင် တားနိုင်မယ်တဲ့ အဘိုးရေမွန်က ရှင်းပြတယ်၊ “အောင်မြင်ပါစေကွယ်၊ ကဲ ကဲ မြန်မြန်ပဲ စုန်းမဲတစ်ကောင်ကိုတိုက်ခိုက်တော့”
ဖိုးပလံတို့ လက်ကောက်ဝတ်မှာ ပုဝါဖြူလေးတွေကို ချည်နှောင်လိုက်ကြပါတယ်။

ဖိုးပလံနဲ့ မော်စီတို့ စုန်းမဲလာမယ့်အချိန်ကို စောင့်နေကြပါပြီ၊ အဘွားစုန်းဖြူက ထောင့်တစ်ထောင့်မှာ ငြိမ်ငြိမ်လေးပဲထိုင်နေတယ်၊ အဖြူရောင်အိမ် ကမ္ဘာလေးမှာ ရှိသမျှ အားလုံးပဲ ငြိမ်သက်တိတ်ဆိတ်နေကြတယ်၊ သစ်ပင်လေးတွေလေမတိုးဘူး၊ အကောင်လေးတွေ အသက်ပြင်းပြင်းမရှုကြဘူး၊ ကလေးဖြူဖြူလေးတွေ လှုပ်ရှားမှုမရှိကြဘူး၊ အားလုံးပဲ နေ၀င်မယ့်အချိန်ကို ကြောက်နေကြတယ်၊ နေ၀င်မယ့်အချိန်ကို စောင့်နေကြတယ်၊ ဒီလိုနဲ့ နေမင်းကတရွေ့ရွေ့လျှောဆင်းသွားတာပါပဲ၊ နေအလင်းရောင်တွေလည်းပျောက်ကုန်ကြပြီ၊ အမှောင်ထုလာပြီ၊ အနက်ရောင်လာတော့မည်၊ စုန်းမဲလာတော့မည်၊

.... ၀ုန်း .... ဂျစ် ဂျစ် ဂျစ် .. ဟော .. စုန်းဖြူကခေါင်းထောင်ကြည့်ပြီး ကလေးတွေကို သိမ်းကြုံးဖက်ထားပါတယ်၊
နှင်တံလေးကို အဆက်မပြတ်ရမ်းရင်း ဂါထာမန္တန်ဖြစ်ဟန်တူရဲ့ တတွတ်တွတ်ရွတ်တယ်၊
အဖြူရောင် အိမ်လေးရုတ်တရက် ခါယမ်းသွားပါတယ်၊ ခေါင်မိုးတွေပေါ်မှာ တဂျစ်ဂျစ် ကုတ်ဖဲ့သံကြီးတွေပေါ်လာတယ်၊ နံရံတွေဘက်ကို ကုတ်ခြစ်သံကြီးတွေရွေ့သွားတယ်၊ ညီးညူသံတွေလိုလို၊ ကြိမ်းမောင်းသံကြီးတွေလိုလို မကျေမချမ်းအသံကြီးတွေ အိမ်ဖြူလေးပတ်လည်မှာ ပြေးလွှားနေကြတယ်၊ တချက်တချက်ငြိမ်ကျသွားတယ်၊ ပြီးတော့ အိမ်လေးခါယမ်းသွားပြန်တာပဲ၊ ခေါင်မိုးပေါ်မှာ သတ္တ၀ါတစ်ကောင်တွန်းထိုးရွေ့လျားသလို အသံကြီးကပေါ်လာပြန်တယ်၊ ခေါင်မိုးဖြူဖြူလေးပေါ်မှာ အမဲကွက်ကြီးသုံးကွက်ပေါ်လာတယ် အမဲကွက်ကြီးနှစ်ကွက်က မျက်လုံးကြီးတွေလို ဟိုသည်ကြည့်ရွေ့လျားလာပြီး နောက်ထပ်အမဲကွက်ကြီးက ပါးစပ်ကြီးလို ဖြဲပြီးဟတယ်၊ မျက်နှာကြီးပါ ခေါင်မိုးဖြူလေးထဲက ထွက်ကျလာတယ်၊ ပါးစပ်ကြီးထဲက လျှာအမဲကြီးကျလာပြီး ငှက်လေးတွေဆီ လျှာကြီးက လျှောစင်းလာတယ်၊ ဖိုးပလံ၊ မော်စီကို အချက်ပေးတယ်၊ “မော်စီ ငါတို့စကြစို့”
မော်စီကလည်း လျှင်ပါတယ်၊ ဖြတ်ကနဲ ခုန်ထလိုက်တယ်၊ ဘယ်လက်ထဲမှာ ဖန်လုံးလေးကိုင်ထားပြီး ညာလက်နဲ့ ဖန်ချောင်းလေးတစ်ချောင်းကို အမြန်ဆုံးဆွဲနှုတ်ပြီး လျှာမဲကြီးဆီ လှမ်းပစ်လိုက်တယ်၊ လျှာမဲကြီးမှာ ရေခဲလျှပ်စစ်ဖန်ချောင်းလေးစိုက်သွားတယ်၊ မော်စီ့လက်ထဲက ဖန်လုံးလေးမှာ အလင်းတွေထွက်လာတယ်၊ လျှာမဲကြီးမှာ စိုက်နေတဲ့ ဖန်ချောင်းတစ်ဝိုက်မှာ အလင်းတွေပေါ်လာပြီး ရေခဲတုံးလိုပြောင်းလာတယ်၊ အမဲရောင်လျှာကြီးမှာ အဖြူပိတ်ပိတ်ရေခဲသားတစ်ချို့ဖုံးသွားတယ်၊ “ဖိုးပလံရေ နောက်တစ်ချက်” မော်စီက အကျယ်ကြီးအော်ပါတယ်၊ လျှာမဲကြီးကတွန့်လိမ်နေတာပဲ၊ မျက်လုံးမဲကြီးက ဖိုးပလံတို့ဘက်ကို အကြည့်ရွေ့လာတယ်၊ ကြိမ်းမောင်းသံကြီးက ပြေးလွှားနေတယ်၊ အဝေးကြီးကလာတဲ့အသံမျိုးပဲ၊ လာခဲ့စမ်း စုန်းမဲကြီး၊ နောက်တစ်ချောင်း၊ ဖိုးပလံ လျှာကြီးဆီပဲ တည့်တည့်ချိန်ပြီး ပစ်ထည့်လိုက်တယ်၊ လျှာမဲကြီးမှာ ရေခဲဖြူတွေဖုံးလာပါပြီ၊ အဘိုးရေမွန်ကပြောတယ်၊ မရပ်ရဘူး ဆက်တိုက် ဆက်တိုက်၊ မော်စီ .... မော်စီ့ဘက်ကို လျှာမဲကြီးက ပြေးရိုက်တယ်၊ မော်စီ သတိထား .. မော်စီ အခန်းထောင့်နားမှာ ခွေကနဲပဲ၊ မော်စီ မထနိုင်တော့ဘူး၊ ဒါနဲ့ ဖိုးပလံ ဆက်တိုက် ဖန်ချောင်းလေးတွေနဲ့ပစ်တယ်၊ လျှာမဲကြီးရဲ့ အရင်းနား၊ လျှာမဲကြီး အလယ်သား၊ ရေခဲတစ်ဝက် အမဲသားကြီးတစ်ဝက်လျှာကြီးက ဖိုးပလံရှိရာကို တွန့်တွန့်ပြီးလာတယ်၊ သိပ်မြန်တာပဲ ဝှေ့ပြီးရမ်းတယ်၊ ဖိုးပလံနောက်တစ်ချက်ပစ်စိုက်လိုက်တယ်၊ လျှာကြီးမှာ ရေခဲသားတွေလက်ကနဲပဲ၊ လျှာမဲကြီး ခါရမ်းနေတာပဲ၊ ရွှီ စူးစူးရှရှအသံကြီးနဲ့အော်ပြီး လျှာမဲကြီးအမှုံအမွှားတွေဖြစ်ပြီးပျောက်သွားတယ်၊ မျက်လုံးပြူးပြူးကြီးနဲ့ မျက်နှာပြင်ကြီးကတော့ ခေါင်မိုးပေါ်ကနေယီးလေးခိုပြီး ကြည့်နေတုန်းပဲ၊ ဖိုးပလံမျက်လုံးမဲမဲကြီးရဲ့ အလယ်တည့်တည့်ကို အားနဲ့ပစ်လိုက်တယ်၊ ဖန်ချောင်းလေးက လက်ကနဲ မျက်လုံးအလယ်မှာ စိုက်သွားတယ်၊ မျက်လုံးထဲမှာ အလင်းရောင်တစ်ချို့ပေါ်နေပါတယ်၊ မော်စီ .. မော်စီ .. ထပါ .. စုန်းမဲကြီးကို ရှင်းရမယ်၊ မော်စီ့ဘက်ကို ဖိုးပလံလှည့်အကြည့် မော်စီ့နားမှာ အဘွားစုန်းဖြူရှိနေတယ်၊ “မော်စီ ဘယ်လိုလဲ ဘာဖြစ်သွားလဲ”  “ငါ ကျောကုန်းနဲ့ ပစ်ကျတာကွ .. နာနေတယ် ဒါပေမဲ့ ရတယ်၊ ဘာမှမဖြစ်လောက်ဘူး” မော်စီက ဖြေပါတယ်၊ ဖိုးပလံ ဒီဘက်ကိုပြန်အလှည့် ... မျက်နှာကြီးက မရှိတော့ဘူး၊ ချက်ချင်းပဲ အိမ်ဖြူလေးရဲ့ နံရံတွေပါ အမဲရောင်တွေသမ်းသာတယ်၊ ဖိုးပလံ .. မော်စီက အလန့်တကြားထအော်တယ်၊ မော်စီ့ရဲ့လက်ဖ၀ါးဖြူဖြူလေးမှာ ချက်ချင်းအရောင်ပြောင်းသွားတယ်၊ အမဲရောင်ကြီး လက်ဖ၀ါးနှစ်ဘက်လုံး အမဲရောင်ကြီး၊ အား ..... မော်စီ ကြောက်လန့်တကြားအော်တယ်၊ စုန်းဖြူက မော်စီလက်ဖ၀ါးနှစ်ဘက်လုံးကို နှင်တံလေးနဲ့ တို့ပြီး တတွတ်တွတ်ရွတ်တယ်၊ စုန်းမဲကြီးက ဘယ်နေရာမှာပုန်းနေတာလဲ၊ ထွက်လာခဲ့စမ်းပါ ဖိုးပလံရဲ့ ဖန်လုံးလေးက အလင်းရောင်လျော့လာပြီ၊ မော်စီ့ရဲ့ဖန်လုံးလေးဆို အလင်းရောင်မရှိတော့ဘူး။

အိမ်လေးရဲ့အရောင်အဖြူရောင် မရှိသလောက်ပဲ၊ ကလေးတွေ အကောင်လေးတွေ ကြောက်လွန်းလို့ တုန်ရီနေကြပြီ၊ တချို့ငှက်လေးတွေဆို အပေါ်ကို ဆတ်ကနဲမြောက်သွားပြီး လည်ပင်းမှာ အမဲရောင်အစင်းကြောင်းပေါ်လာပြီး ဇက်လေးတွေ ကျိုးကျကုန်ကြတယ်၊ လာခဲ့စမ်းပါ၊ ထွက်လာခဲ့စမ်းပါ၊ ပုန်းမနေစမ်းပါနဲ့၊ ကလေးတွေကိုမထိနဲ့ .. စုန်းဖြူက တုန်ရီချောက်ချားစွာအော်ဟစ်တယ်၊ အိမ်လေးထဲမှာ ရှိတဲ့ ပရိဘောဂတွေ ပစ္စည်းတွေပါ အမဲရောင်တွေ ပြောင်းလာပြီ၊ အဲဒီအချိန် အမဲအမှုံအမွှားလေပွေတစ်ခု အင်မတန်မြန်တဲ အရှိန်နဲ့ ဖိုးပလံတို့ အားလုံးကို ၀င်ဆောင့်ပါတယ်၊ အုန်း .... ၀ုန်း .. အား .... ဖိုးပလံ၊ မော်စီ၊ စုန်းဖြူ၊ ကလေးတွေနဲ့ အကောင်လေးတွေ အားလုံး နံရံဆီကိုပြေးဆောင့်မိကုန်တယ်၊ အစုလိုက်အပုံလိုက်ပဲ၊ အမဲလေပွေကြီးကနေ စုန်းမဲ ပုံသဏ္ဍာန်ပေါ်လာတယ်၊ လက်နှစ်ဘက်ကို အပေါ်မှာ ကွေးကွေးကြီးမြှောက်ပြီး ၀ူး .... ဟူး အသံနက်ကြီးနဲ့အော်တယ်၊ သူ့ပုံသဏ္ဍာန်ထင်ရှားလာပြီ၊ သူ့ရဲ့လျှာကြီးနာကျင်လို့ မချိမဆန်အော်တဲ့ဟန်ကြီး၊ ပိုပြီး ကြမ်းကြမ်းတမ်းတမ်းဖြစ်နေပြီ၊ ဖိုးပလံ မော်စီ နှစ်ဦးသားအချက်ပြပြီး စုန်းမဲတကိုယ်လုံးစီ ဖန်ချောင်းတွေနဲ့ ပစ်စိုက်ကြတယ်၊ တစ်ယောက်တစ်လှည့်စီ ပစ်တယ်၊ စုန်းမဲကြီးရဲ့ကိုယ်ဟာ ခါယမ်းနေတာပဲ၊ ရေခဲသားတွေဖုံးလာပြီ၊ အဖြူရောင်လျှပ်စစ်လိုင်းတွေလဲ တဖြတ်ဖြတ်ထွက်လာတယ်၊ ဦးခေါင်းကြီးက လည်နေတယ်၊ စုန်းဖြူရဲ့ ဦးခေါင်းကြီးကို ဆက်တိုက်ပစ်ကြပြန်တယ်၊ ဦးခေါင်းကြီးမှာ ရေခဲတွေဖုံးလာတယ်၊ လျှပ်စစ်လှိုင်းတွေ ပိုထွက်လာတယ်၊ အဖြူရောင်အလင်းတွေရော .. ဖိုးပလံတို့လက်ထဲက ဖန်လုံးလေးတွေလည်း အိမ်မဲကြီးရဲ့ အလယ်မှာ လင်းလက်နေတာပဲ၊ နောက်ဆုံး စုန်းမဲကြီးရဲ့ ဦးခေါင်းထဲ က အလင်းတန်းကြီးတစ်ခုထွက်လာပြီး အလင်းတန်းကြီးက စုန်းမဲကြီးရဲ့ ကိုယ်ကို တွန့်လိမ်ရစ်ပတ်လိုက်တယ်၊ ဖေါင်း .... စုန်းမဲကြီးရဲ့ ကိုယ်ထည်ကြီး ဖေါင်းကနဲမြည်သံကြီးနဲ့အတူ အမှုံအမွှားတွေ အစိတ်စိတ်အမွှာမွှာ ပြန့်ကျဲကုန်တယ်၊ စုန်းမဲ သေပြီ .. နောက်ဆုံး သူ သေရပြီလေ ..

ဖိုးပလံတို့ အားရ၀မ်းသာအော်တယ်၊ ဖန်လုံးလေးတွေမှာ ရေခဲလျှပ်စစ်ဖန်ချောင်းလေးတွေလည်း လက်ကျန်မရှိတော့ဘူး၊ အိမ်လေးမှာ ဖုံးကာနေတဲ့ အမဲရောင်ကြီးတွေ နောက်ဆုတ်နောက်ဆုတ်နဲ့ ရွေ့သွားတာ နောက်ဆုံး အဖြူရောင်အိမ်လေးအဖြစ်ပြန်ပေါ်လာတယ်၊ အမဲရောင် ပစ္စည်းတွေလည်း အမဲရောင်ကြီးဖမ်းစားထားခြင်းကနေ လွတ်မြောက်သွားကြပြီ၊ မော်စီ ... “ငါ့ လက်ဖ၀ါးတွေ” လို့ ထအော်တယ်၊ မော်စီ့လက်ဖ၀ါးတွေလည်း နဂိုအရောင်အတိုင်း ပြန်ပြောင်းလာပါပြီ၊ အဘွားစုန်းဖြူက ၀မ်းသာအားရ ဖြစ်ပြီး ငိုကြွေးနေရှာတယ်၊ “ကျေးဇူးတင်လိုက်တာကွယ်၊ အဘွားတို့ကိုကယ်လိုက်နိုင်ပြီ၊ အဖြူရောင်အိမ် ကမ္ဘာလေးကို ဖိုးပလံနဲ့ မော်စီ ကယ်ခဲ့တာပဲ”  လို့ တဖွဖွပြောရှာတယ်၊ ငိုကြွေးတယ်၊ ၀မ်းသာလွန်းလို့ ငိုကြွေးမိတာပါလို့ စုန်းဖြူက ပြောပါတယ်၊ ကလေးဖြူဖြူလေးတွေ၊ ငှက်ဖြူလေးတွေ၊ အကောင်ပလောင်ဖြူဖြူလေးတွေ အားလုံးပဲ စီစီညံညံ စကားပြောဆိုကြတယ်၊ အာလုံး အဖြူရောင်ကြည်ကြည်လင်လင် အရောင်လေးတွေအတိုင်း .. နဂိုအတိုင်း အဖြူထည်လေးတွေပြန်ဖြစ်သွားကြပါပြီ၊

အား .. မော်စီက ရုတ်တရက် အော်ဟစ်တယ်၊ အားလုံး အထိတ်တလန့်ဖြစ်သွားကြပါတယ်၊ မော်စီ့မျက်နှာမှာလည်းတကယ့်ကိုကြောက်လန့်တဲ့ပုံပဲ။

“မော်စီ ဘာဖြစ်လို့လဲ”  ဖိုးပလံ မော်စီ့အနားကို ပြေးသွားလိုက်တယ်၊
ဒီမှာ ငါ့ အကျီ ... ငါ့အကျီ အမဲရောင်ကြီး ... လုပ်ပါဦး ..

“အာ .. မော်စီရာ မင်းဝတ်လာကတည်းက အကျီက အနက်ရောင်ပါဟ”

“အမ် ..”
“အော  ဟုတ်သားပဲ”
မော်စီက သက်ပြင်းရှည်ကြီးမှုတ်ထုတ်တယ်။

“မကြောက်ပါနဲ့တော့ စုန်းမဲတကယ့်ကို ဇိဝိန်ချုပ် အဆုံးသတ်သွားပါပြီ၊ သူ ဘယ်တော့မှ အဖြူရောင်ကို နောက်တစ်ခါ အရောင်မဆိုးနိုင်တော့ပါဘူး” ဖိုးပလံ မော်စီ့ကို ပြောတယ်၊

စုန်းဖြူက ကြည်လင်ဝင်းပတဲ့ အပြုံးလေးပြုံးလို့ ဖိုးပလံနဲ့ မော်စီ့တို့ အတွက် လက်ဆောင်ပေးစရာရှိတယ်လို့ဆိုတယ်၊
အဘွားစုန်းဖြူပေးတဲ့လက်ဆောင်ကို ဖိုးပလံတို့ ကြည့်လိုက်ကြတော့ ......

အိုး ချာချာ ....
ကီးနို
စုန်းဖြူက နှင်တံလေးနဲ့ ဖိုးပလံ၊ မော်စီ၊ ကီးနို၊ ချာချာတို့ရဲ့ ခေါင်းလေးတွေကို တစ်ချက်စီတို့ပါတယ်။

အိမ်လေးဆီမှာ သစ်သားဖြတ်စက်သံရပ်သွားပြီ၊
မော်စီ ... မော် ..စီ 
အန်တီကြွေက မော်စီတို့ကိုရှာနေပါတယ်၊ မော်စီနဲ့ ဖိုးပလံ တွင်းဘေးမှာ ခြေပစ်လက်ပစ်ထိုင်လျှက်သား ..
ဦးယွန်းက အနားရောက်လာတယ်၊ သားတို့ တွင်းတူးလို့ အဆင်ပြေရဲ့လား  လို့မေးတယ်၊ ပြီးတော့ ဦးယွန်းရဲ့ မျက်လုံးအစုံ ပြူးဝိုင်းသွားတော့တယ်၊ အန်တီကြွေက ...   အမလေး .. ချာချာ ... ကီးနို.. လို့ ခေါ်လိုက်တယ်။
မော်စီက စပ်ဖြဲဖြဲနဲ့ “မေမေ ကျွန်တော်တို့ တွင်းတူးဖို့ မလိုတော့ဘူး၊ ချာချာနဲ့ ကီးနို မသေတော့ဘူးလေ” လို့ ပြောပါတယ်။
“မေမေ မလန့်ပါနဲ့ သားတို့ စွန့်စားခန်းကို မေမေ့တို့ကို ပြောပြရင် သိပ်အံသြသွားမယ်” လို့ ထပ်ပြီးပြောလိုက်တယ်။

No comments: