Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, February 21, 2011

၎. ကဲ ... ယုံပြီလား


“ဖိုးပလံ၊ ဖိုးပလံ သားဘယ်မှာလဲဟေ့”
“--------------------”
“ဖိုးပလံ မေမေခေါ်တာကြားလား”
“-----”  “-----”

ဖိုးပလံ အခန်းထဲ အသာလေးပဲ ငြိမ်နေလိုက်တယ်။ နောက်တော့ မေမေက အခန်းထဲဝင်လာတော့တယ်၊
“အော၊ သားက ဒီမှာကိုး၊ ဘာတွေလုပ်နေလဲ သားလေးဖိုးပလံ”

မေမေက မေးလည်းမေးရင်း ဖိုးပလံရဲ့ရှေ့ကိုရောက်လာပါတယ်။
ဖိုးပလံက ကြမ်းပြင်ပေါ်မှာ ဖိုးပလံဖေဖေရဲ့ ပုဆိုးတစ်ထည်ဖြန့်ခင်းပြီး၊ သူ ငယ်ငယ်ကနားထောင်ခဲ့တဲ့ ကက်ဆက်လေးကို တစ်စစီဖွင့်နေတယ်၊ လက်ထဲမှာ ၀က်အူလှည့်တစ်ချောင်းကို ကိုင်လျှက်သား၊ ကက်ဆက်ရဲ့အဖုံးနှစ်ခုက ဘေးမှာ၊ အထဲက တိုလီမိုလီပစ္စည်းလေးတွေက ပြန့်ကျဲလို့နေတယ်၊ မေမေအနားရောက်လာတော့ ဖိုးပလံက ရယ်ကျဲကျဲနဲ့
“အော်ပရေးရှင်းဝင်နေတာမေမေ” လို့ ဖြေပါတယ်။
“ဟယ်”
မေမေ ဘာမှ ဆက်မပြောနိုင်တော့ဘူး။ နောက်တော့ အဲဒီပစ္စည်းအစုအပုံတွေကို ဖေဖေ့ပုဆိုးနဲ့ပဲ ထုပ်ပိုးပြီး ကက်ဆက်ပြင်တဲ့ဆိုင်ကို ဖေဖေ ယူသွားရတော့တယ်။

ဖိုးပလံ ကျောင်းပိတ်ရက်တွေ မှာ စိတ်ထင်တိုင်းကြဲခွင့်ရနေပါတယ်။ ကျောင်းမသွားရဘူး၊ စာမကျက်ရဘူး၊ တစ်လလောက်တော့ အားပါးတရ အနားယူရမယ့်အချိန်တွေပေါ့၊ မိုးလင်းတာနဲ့ ဆော့နည်းမျိုးစုံဆော့ပါတယ်။ တစ်နေ့တစ်မျိုးမရိုးရအောင်ဆော့တယ်။ လေထီးလေးတွေပါတဲ့ စစ်သားရုပ်ကို သူက ဗိုလ်ကြီးရုပ် လို့ နာမည်ပေးတားတယ်။ ဘာကြောင့်လည်းဆိုတော့ အဲဒီ လေထီးစစ်သားရုပ်က တခြား စစ်သားရုပ်လေးတွေထက် အရွယ်ပိုပြီးကြီးတယ်။ တခြားစစ်သားရုပ်လေးတွေက ခပ်သေးသေးလေးတွေ၊ အဲဒီတော့ နည်းနည်းကြီးတဲ့ လေထီးစစ်သားရုပ်ကို ဗိုလ်ကြီးရုပ် တဲ့၊ အဲဒီ ဗိုလ်ကြီးရုပ်လေးတွေကို အိမ်ပေါ်ထပ်က ပစ်ချပြီးဆော့တယ်။ တခါတခါပစ်ချလိုက်ရင် လေး ငါး ဆယ်ရုပ်လောက်ရှိမှာပဲ။ လူကြီးတွေ အောက်ထပ်တံခါးဝက ထွက်လာတဲ့အချိန်ဆို အဲဒီလေထီးရုပ်လေးတွေက လူကြီးတွေခေါင်းပေါ်ကို တိန်ကနဲ တိန်ကနဲ ကျတတ်သေးတယ်။ အဲဒီအခါ ဖိုးပလံကတော့ “ကန်တော့ ကန်တော့၊ မတော်လို့ မေမေ၊ မတော်လို့ ဖေဖေ” လို့ ပြောပြီး ခေါင်းလေးပုဝင်ကာ သနားကမားဟန်လေးလုပ်ပြဦးမယ်၊ ပြီးတော့ ဆက်ပြီးဆော့တာပါပဲ။
တစ်ခါကလည်း ဖိုးပလံ ဖေဖေ ၀ယ်ထားတဲ့ ပန်းပုရုပ်လေးတွေထဲက လက်တစ်ဘက်မပါတဲ့ ဗီးနပ်စ်နတ်သမီးရုပ်လေးကို သူ သိပ်ကို မျက်စိကျနေပါတယ်။ ဗီးနပ်စ်ရုပ်လေးကို မြင်တိုင်း သိချင်စိတ်တွေက တဖွားဖွား၊ ဗီးနပ်ရုပ်လေးက ကိုယ်ဟန်ကနွဲ့နွဲ့ လည်တိုင်လေးက သွယ်သွယ် ကျော့ကျော့လေး၊ သူစဉ်းစားနေတာက လည်တိုင်သေးသေးလေး အထဲမှာ ဘာတွေများရှိနေမလဲ၊ ဖိုးပလံ သိပ်ကိုသိချင်နေခဲ့တယ်။

တစ်နေ့တော့ လက်မြန်မြန်နဲ့ ဗီးနပ်စ်ရုပ်လေးရဲ့လည်ပင်းလေးကို ဂျွတ်ကနဲမြည်အောင်ချိုးချပြီး အထဲကို ကြည့်ပါတယ်၊ ထွက်လာတာက သံချောင်းတစ်ချောင်းပေါ့၊ ဖိုးပလံဖေဖေက စိတ်ဆိုးဆိုးနဲ့ စူပါဂလူးနဲ့ ပြန်ကပ်ရင်း “ဒီဖိုးပလံကိုတော့ ရိုက်ရကောင်းမလားပဲ”  လို့ကြိမ်းမောင်းတယ်။ အဲဒီလောက်ပဲ ကြိမ်းမောင်းတာပါ၊ “မကောင်းဘူးထင်တယ်ဖေဖေ မရိုက်ပါနဲ့”  ဖိုးပလံက ဖေဖေ့ကို စတယ်၊။မျက်နှာချိုသွေးတယ်။ ဖိုးပလံရဲ့ မျက်နှာချိုချိုလေးကိုတွေ့လိုက်ရတော့ ဖေဖေဦးကျော်စွာက စိတ်ဆိုးတာတွေပြေသွားတာပါပဲ။

နောက်တစ်ခုပေါ့...
ဖိုးပလံငယ်ငယ်က ထိုင်လာခဲ့တဲ့ သုံးထပ်သားခုံလေး၊ ခုံလေးကို ဆေးအပြာရောင်ကြည်ကြည်လေးသုတ်ထားတယ်။ ခုံလေးရဲ့ပုံစံကလည်း ချစ်စရာလေးပဲ၊ အဲဒီခုံကို အိမ်ပေါ်ကနေ အိမ်အောက်ထပ်ကို ပစ်ချကြည့်ခဲ့ဖူးပါတယ်။ ပစ်ချလိုက်တော့ ခုံလေးက ကျိုးပဲ့သွားတော့တာပေါ့၊ ဖိုးပလံရဲ့မေမေ က မေးပါတယ်။
“သား ဘာလို့ ခုံကို ပစ်ချရတာလဲ၊ သားပဲ အဲဒီခုံလေးကြိုက်တယ်ဆိုပြီးတော့”

“ခုံကို အောက်ပစ်ချလိုက်လို့ အောက်ရောက်သွားရင် ဘာဖြစ်မလဲ၊ ဘယ်လိုနေမလဲ သိချင်လို့ပါ” လို့ ဖိုးပလံကဖြေတယ်။


“အဲဒီတော့ ခုံလေး ဘာဖြစ်သွားလဲ သိသွားရောလား”

“ဟုတ် .. သိသွားတယ်လေ၊ ကျိုးသွားတာပေါ့၊ ဟိ ဟိ”
“အင်း ကောင်းရော ဖိုးပလံရယ်” မေမေ က ညီးတွားနေခဲ့ပါတယ်။

ကျန်ပါသေးတယ်။ ဖိုးပလံလို့ နာမည်တွင်ခဲ့တဲ့အကြောင်းရင်းကလည်းရှိသေးတယ်။ ဖိုးပလံတို့အိမ်ရဲ့တောင်ဘက်ခြံထဲမှာ စပယ်ပင်တွေ အများကြီးပဲ တစ်ခြံလုံးအပြည့်စိုက်ထားတယ်။ ဖိုးပလံမေမေက ပန်းပင်တွေသိပ်ကြိုက်တာ၊ ဖိုးပလံကတော့ မေမေ့ပန်ုးပင်တွေကို အာရုံမစိုက်မိပါဘူး၊ ပန်းပင်တွေများလေ အရုပ်တွေနဲ့ စစ်တိုက်တမ်းကစားရတာ စိတ်ဝင်စားဖို့ ပိုကောင်းလေပဲ၊ အရုပ်တွေကို အပင်တွေကြားထဲမှာဝှက်ပြီး ဇာတ်လမ်းထွင်ကစားလို့ရတာကိုး၊  တစ်နေ့ ဖိုးပလံ စပယ်ပင်တွေကြား စစ်သားရုပ်တွေနဲ့ ဆော့ကစားနေတုန်း၊ စပယ်ပင်ခြေအနားမှာ ခြအိမ်တွေလို မြေသားပွပွကြီးတွေ တွေ့ပါတယ်၊ သူ အစတော့ ခြတွေလို့ ထင်မိသေးတယ်၊ နောက်တော့ ခါချဉ်အိမ်တွေဖြစ်နေရော၊ ခါချဉ်တွေက သူ ဆော့ကစားမယ့်လမ်းကြောင်းမှာ ရှုပ်ရှက်ခတ်အောင်ပြေးလွှားနေကြတယ်။ ဒါနဲ့ပဲ ဖိုးပလံ စိတ်ရှုပ်လာတယ်၊ အနှောင့်အယှက်ပေးလှတဲ့ ခါချဉ်တွေကို မျိုးဖြုတ်မယ်လို့ သူစဉ်းစားတယ်။ အက်ရှင်စုံထောက်ကားတွေကြည့်ပြီး အဲဒီထဲကအတိုင်း ဓါတ်ဆီလောင်းပြီးမီးရှို့ရင် အကုန်လုံး မြန်မြန်သေကုန်မှာပဲ၊ ခါချဉ်တွေမီးလောင်နေတဲ့အချိန် သူ အရုပ်တွေနဲ့ ဇာတ်လမ်းဆင်ပြီး မီးတွေနဲ့ဆော့ကစားလို့ရသေးတယ်လို့ တွေးပါတယ်။ ဖိုးပလံ ဖေဖေရဲ့ကားဂိုဒေါင်ထဲ ဓါတ်ဆီသွားရှာတယ်။ ဓါတ်ဆီပုံးထဲက ဓါတ်ဆီနည်းနည်းယူလာပြီး ခါချဉ်အိမ်ပေါ်ကို လောင်းချလိုက်ပါတယ်။ နောက်တော့ မီးခြစ်ဆံလေး ရှဲကနဲ ခြစ်ပြီး မီးရှို့လိုက်တယ်။

“အား”
ဓါတ်ဆီနည်းနည်းပေနေတဲ့ ဖိုးပလံလက်ကို မီးဟပ်ပါတော့တယ်။ အဲဒီတော့မှ အလန့်တကြား လက်ကို ဆန့်ပြီးခါထုတ်ကာ မီးငြိမ်းအောင် ကြိုးစားပါတယ်။ မီးအပူနည်းနည်းလေး ဟပ်တာတောင် ကြောက်စရာ ကောင်းလောက်အောင် ပူလောင်တာ ဖိုးပလံသိသွားပြီ၊ ခါချဉ်တွေအတွက် စိတ်မကောင်းဖြစ်သွားခဲ့တယ်။ သူ့ လက်မှာ စွပ်ထားတဲ့ ပတ္တမြားလက်စွပ်လေးလည်း လက်ကိုခါထုတ်လိုက်ချိန်မှာ ကျွတ်ကျသွားခဲ့ပါပြီ၊ ဖိုးပလံအဘွား အမှတ်တရပေးခဲ့တဲ့လက်ဆောင်လေးဖြစ်လို့ ဖိုးပလံက လက်စွပ်လေးကိုလည်း သိပ်သဘောကျတယ်၊ ဖိုးပလံမေမေ သိသွားတော့ ဖိုးပလံကို တော်တော်ကြီးဆူပါတယ်။ သူတစ်ပါးအသက်ကို သတ်တဲ့အတွက် အကုသိုလ်ဘယ်လောက်များတယ် ဆိုတာရှင်းပြတယ်။ အစတော့ ဖိုးပလံမေမေ အလွန်ပဲ စိတ်ဆိုးခဲ့ပါတယ်။ နောက်တော့ ဖိုးပလံရဲ့ ယူကြုံးမရဖြစ်ပြီး ညိုးငယ်နေခဲ့တဲ့ မျက်နှာလေးကို မြင်ရတဲ့အခါ ဆက်ပြီး မဆူရက်တော့ဘူး၊ မေမေက ခါချဉ်တွေမီးရှို့ခဲ့တာကို အလန့်တကြားဖြစ်နေရှာတယ်။ မီးကိုတိုးတဲ့ ပိုးဖလံလေးပေါ့၊ နောက်ပိုင်း လူတိုင်းက သူ့ကို ပိုးဖလံ ဖိုးပလံလို့ စနောက်ခေါ်ကြတိုင်း ပူလောင်လွန်းတဲ့မီးရဲ့အရသာနဲ့ သနားစရာခါချဉ်တွေကို သူ ဘယ်တော့မှ မမေ့တော့ဘူး၊ အဲဒီထဲက သူ ဘာအကောင်ပလောင်လေးတွေမှ သတ်ဖို့ မစဉ်းစားရဲတော့ပါဘူး။ ဘယ်နည်းနဲ့ပဲ ဖြစ်ဖြစ်ပေါ့။

ဖိုးပလံဖေဖေ ဆေးသွားကုပေးနေတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းရှိတယ်။ အဲဒီဘုန်းကြီးကျောင်းက ဘုန်းကြီးက တစ်ခြားနယ်ကလာတာ၊ ဖိုးပလံတို့ မြို့ကမဟုတ်ဘူး၊ အဲဒီဘုန်းကြီးကျောင်းမှာ ဘုန်းကြီးစောင့်ရှောက်ထားတဲ့ ကလေးလေးတွေရှိတယ်၊ ဘုန်းကြီးက စာသင်ပေးပါတယ်။ အဲဒီကလေးတစ်ယောက်က နေမကောင်းတော့ ဖေဖေက သွားသွားပြီးကြည့်ပေးရတယ်။ နောက်တော့ အဲဒီကလေးနေကောင်းသွားလည်း ဖေဖေက ခဏခဏသွားပါတယ်။ မေမေက ဘုန်းကြီးအတွက် ကပ်မယ့်ဆွမ်းတွေအိမ်ကပြင်ဆင်ပြီးယူသွားတယ်။ ဖိုးပလံလည်းလိုက်တဲ့အခါ လိုက်သွားတာပေါ့၊ ဖိုးပလံကတော့ အဲဒီဘုန်းကြီးကို ဘာလို့မှန်းမသိဘူး သိပ်ကြောက်တာပဲ၊ တကယ်ဆို ဘုန်းကြီးရဲ့လပြည့်ဝန်းလို မျက်နှာဝိုင်းဝိုင်းက အမြဲပြုံးနေတာပါ၊ ကြောက်စရာကောင်းအောင် မျက်နှာထားဆိုးဆိုးလည်းမဟုတ်ပဲနဲ့၊ ဘုန်းကြီးရဲ့မျက်လုံးတွေကတော့ အားလုံးကိုသိမြင်နေသလို ကြည့်လိုက်ရင် ဖိုးပလံကျောထဲ စိမ့်ကနဲ စိမ့်ကနဲ အေးသွားတာပဲ၊ ဘုန်းကြီးရဲ့ စကားပြောဟန်ကလည်း ခပ်ဝဲ၀ဲနဲ့၊ ဖေဖေနဲ့ မေမေက တော်တော်ကြည်ညိုပုံရတယ်။ တရားဓမ္မအကြောင်းတွေလည်း ဆွေးနွေးနေကြတာပဲ၊ ပြီးတော့ ရှိသေးတယ် ဘုန်းကြီးက ဗေဒင်ကျန်းဂန်အတတ်တွေတတ်သေးတယ်တဲ့။ ဖိုးပလံကိုမြင်တော့ ဒီကလေးက ထူးခြားတယ် လို့ တွေ့တွေ့ချင်းပြောပါတယ်။ မေမေက “ထူးခြားတာကတော့ ဆော့လွန်းတာပဲ ဖြစ်မယ်ဘုရာ့” လို့ ဆိုတယ်။ ဘုန်းကြီးက ပြုံးနေတာပဲ၊ မေမေ့စကားကို သဘောကျပြီးရယ်မောပါတယ်။ စကားစပ်မိရင်း ဖိုးပလံ လက်စွပ်ပျောက်တာပြောမိကြရင်း .. ချက်ချင်းပဲ ကျောက်သင်ပုန်းချပ်ကြီးကြီးမှာ ကျောက်တံတစ်ချောင်းနဲ့ တွက်ချက်တော့တယ်။ မေမေ့ကိုလည်း ပျောက်တဲ့နေ့စွဲ့တွေ၊ အချိန်တွေ နေရာတွေမေးပြီး ကျောက်သင်ပုန်းမှာ တဂျစ်ဂျစ်နဲ့ တွက်ပါတယ်၊ နောက်တော့ ဘယ်နေ့၊ ဘယ်အချိန် ဘယ်သူရှာပါ လက်စွပ်ပြန်တွေ့ကို တွေ့မယ်လို့ ဆိုတယ်၊ မေမေက ဗေဒင်တွေအဆောင်တွေ ယုံကြည်တတ်သူမဟုတ်တော့ ခပ်ပေါ့ပေါ့ပဲ၊ ဖေဖေကတော့ ဘုန်းကြီးပြောတဲ့အတိုင်း လုပ်ကြည့်တော့လည်း မမှားပါဘူးလို့ ဆိုပြီး အချိန်အတိအကျနဲ့ ရှာခိုင်းပါတယ်။ နောက်တော့ အဲဒီလက်စွပ် တကယ်ပဲပြန်တွေ့တယ်။ ဖေဖေက “ဟော တွေ့တယ်မဟုတ်လား၊ ဒီဘုန်းကြီးက ထူးတော့ထူးဆန်းတယ်” လို့ ပြောတယ်။ မေမေကတော့ လက်မခံချင်ဘူး၊ “ကိုယ်နဲ့ထိုက်လို့ ပြန်ရတာပါလေ”  လို့ပဲ ပြန်ပြောပါတယ်။

တစ်ခုရှိသေးတာက အဲဒီဘုန်းကြီးကို တစ်ခြားလူတွေက မှော်သရဲဘုန်းကြီးလို့ ကွယ်ရာမှာ ခေါ်နေကြတယ်။ ဘုန်းကြီးက ကျောင်းမှာ သရဲတွေမွေးထားတယ်လို့ဆိုတယ်။ ဘုန်းကြီးကျောင်းဆောင်ရှေ့က ဂမုန်းပင်တွေမှာဆိုလား၊ အသားစိမ်းတွေလောင်းချပြီး မွေးထားတယ်လို့ အမျိုးစုံပဲပြောကြတယ်။ မေမေရော ဖေဖေရော ဒါကိုတော့မယုံပါဘူး၊ အထူးသဖြင့် မေမေပေါ့၊ မေမေက ဘုရားမှတပါး ကိုးကွယ်ရာမရှိ ဆိုပြီး နတ်ဒေ၀တာ၊ သရဲ၊ ပြိတ္တာ၊ စုန်း၊ မှော်အစွမ်း အဲဒါတွေကို အယုံအကြည်မရှိဘူး၊ သရဲဆိုတာ မွေးထားလို့ ရတာမျိုးမဟုတ်ပါဘူးလို့ပဲ အကြောက်အကန်ငြင်းဆန်ပါတယ်။ နတ်ကိုးကွယ်မှုကိုလည်း မယုံကြည်ပါဘူး။

တစ်နေ့ အဲဒီဘုန်းကြီးနဲ့ မေမေတို့ နတ်ဒေ၀တ္တာတွေအကြောင်း၊ သရဲပြိတ္တာတွေအကြောင်း စကားစပ်မိကြတယ်။ ဘုန်းကြီးက ပြောပါတယ်။ “ဒကာမကြီး ဘုန်းကြီးတို့ကမ္ဘာကြီးထဲမှာ ဟောဒီလောကကြီးထဲမှာ ဘုံဘ၀အမျိုးစုံမှာ ပုံစံအမျိုးမျိုးနဲ့ ကျင်လည်ကျက်စားနေကြတဲ့သူတွေ ရှိတယ်။ သူတို့တွေနဲ့ ဆက်သွယ်လို့ရတဲ့သူကရတယ်။ အဆက်အသွယ်မရှိတဲ့သူက မရှိဘူး၊ ထိတွေ့ဆက်သွယ်ချင်တယ်ဆိုရင် သူတို့ဘ၀တွေကို နားလည်အောင်လုပ်ရတယ်။ သူတို့ကို စာနာနားလည်တတ်ရင် သူတို့ကလည်းဘုန်းကြီးတို့ကို နားလည်လာတာပဲ၊ သူတို့နဲ့ ဆက်သွယ်လို့ရတဲ့ နည်းလမ်းတွေရှိတယ်၊ နောက်ဆုံး သူတို့ကို ကိုယ့်ရဲ့မိတ်ဆွေသူငယ်ချင်းလိုတောင် ပေါင်းလို့ရဦးမယ်။ ဘုန်းကြီး ခိုင်းချင်ရင်တောင် ခိုင်းလို့ရဦးမယ်၊ ကိုယ်မမြင်ဘူးတာနဲ့၊ မမြင်ရတာနဲ့ မသိဘူး၊ မရှိဘူးလို့ ဒကာမကြီး ပြောလို့မရဘူးကွဲ့၊ သူတို့ရှိကိုရှိနေတယ်၊ ဟော အခု ဘုန်းကြီးတို့ ဒီမှာထိုင်စကားပြောနေတယ်၊ သူတို့လည်း ဟိုနားဆီမှာ စကားပြောချင်ပြောနေကြမှာပဲ၊ ကြည့်လိုက်ပါဦး”

ဘုန်းကြီးက ပြောပြောဆိုဆိုနဲ့ တစ်နေရာကို လက်ညှိုးညွှန်ပြတယ်။
မေမေက လှည့်ကိုမကြည့်ဘူး၊

“အရှင်ဘုရား တပည့်တော် မယုံဘူးဘုရာ့၊ ဘာမှ မရှိပါဘူး” လို့ပဲ မေမေက တွင်တွင်ပြောပါတယ်၊ တကယ်က မေမေကြောက်လို့နေမှာလို့ ဖိုးပလံ တွေးလိုက်သေးတယ်။ နောက်တော့ ဘုန်းကြီးက မေမေ့တရားထိုင်တဲ့အခါ လက်တွေ့ပြမယ်လို့ ဆိုတယ်၊ ပြီးတော့ ဘုန်းကြီးပေးတဲ့ ဂါထာတစ်ခုကိုလည်း မေမေက တရားထိုင်ပြီးတိုင်းရွတ်ရမယ်တဲ့၊ “ဒကာမကြီးတရားမှတ်တာ ဘယ်လောက်အထိ သမ္မာဓိတည်မလဲ ဘုန်းကြီးစမ်းကြည့်ချင်တယ်။ ၇ရက်တရားထိုင်ပါ၊ ၇ရက်ပြည့်ပြီးရင် ဒကာမကြီးနဲ့ ဘုန်းကြီးတို့ သရဲတို့ ပြိတ္တာတို့ မှင်စာတို့ဆိုတာတွေ ရှိမရှိ ပြန်ပြီး ဆွေးနွေးကြတာပေါ့” လို့ ဘုန်းကြီးက ပြောတယ်။ အဲဒီလိုနဲ့ပဲ မေမေက ဘုန်းကြီးပြောတာလက်ခံလိုက်ပါတယ်။ မေမေက တရားထိုင်၊ တရားမှတ်နေတဲ့အချိန် အိမ်အတွင်းဘုရားစင်ရှေ့မှာ ဘယ်လို တစ္စေသရဲမှ ၀င်လာလို့မရဘူး၊ ဘယ်လောက်စွမ်းတဲ့ မှော်ဆရာပဲဖြစ်နေပါစေ၊ ဘုရားစင်ရှေ့ကိုမလာနိုင်ပါဘူးလို့ဆိုတယ်။ ဖိုးပလံရွှေသော့လေးရတုန်းကတွေ့ခဲ့ရတဲ့ နတ်သမီးတိုင်းပြည်က ထူးထူးဆန်းဆန်းအရာတွေ မေမေ့ကို အခါခါပြောပြလည်း “အိပ်မက်မက်တာပါကွယ်၊ သိပ်စကားကြွယ်တဲ့ကလေး၊ မေမေ့သားလေပေါလေး” လို့ပဲ မေမေက ပြောတတ်တယ်၊ ဖိုးပလံနဲ့ မော်စီတို့ စုန်းမဲကို တိုက်ခိုက်နိုင်ခဲ့တာကိုလည်း ပြောပြတာပဲ၊ မေမေက ယုံကိုမယုံပါဘူး။

အဲဒီနေ့က မေမေ တရားစထိုင်တဲ့နေ့ပေါ့ ...
ည ၈ နာရီမှာ မေမေ စပြီး တရားထိုင်ပါတယ်။ မေမေက ဘုရားစင်ရှေ့မှာ အရင် တရားထိုင်သလိုပါပဲ တည်တည်ငြိမ်ငြိမ်ပဲ၊ ခါတိုင်းလည်း မေမေက နာရီဝက် တစ်နာရီ တရားထိုင်နေကြပဲ၊ ဖိုးပလံက မေမေနဲ့ ဝေးဝေးမနေရဲဘူး၊ မေမေတရားထိုင်တဲ့အနောက်နားလေးမှာ ထိုင်ပြီး ဟိုကြည့်ဒီကြည့် မျက်စိပြူးနေအောင်လိုက်ကြည့်ပြီး ကြောက်နေတာပေါ့၊ ဖိုးပလံတို့အိမ်မှာ ကြောင်လေးတွေရှိတယ်။ နှစ်ကောင်၊ အိဖြူနဲ့ မွှေးကျဲလို့ခေါ်တယ်။ မွှေးကျဲက အမွှေးလေးတွေ ကျဲကျဲနဲ့မို့ မွှေးကျဲ မွှေးကျဲ လို့ နောက်ပြောင်ရင်းနဲ့ နာမည်တကယ်တွင်သွားတာပါ။ ဖိုးပလံက ကြောက်တော့ မွှေးကျဲကို အနားခေါ်ထားတယ်။ အိဖြူကတော့ ဘယ်ရောက်နေမှန်းမသိဘူး၊ ဖေဖေကလည်း အဲဒီအချိန် ဧည့်သည်လူနာတွေ လာတာများတဲ့အချိန်ဆိုတော့ အောက်ထပ်ကဆေးခန်းထဲမှာ အနားမှာ ခေါ်ထားလို့မရဘူး၊ ဖိုးပလံတစ်ယောက်တည်းရယ်၊  တစ်နေရာကများ သရဲကြီးတစ်ကောင် မျက်နှာကြီးဘွားကနဲများပေါ်လာမလား၊ ဒါမှမဟုတ် ဖြည်းဖြည်းချင်း တံခါးကြားထဲကများ လက်ကြီးတလှုပ်လှုပ်နဲ့ “ငါဒီမှာဟေ့” လို့များ ပြောလာမလားလို့ တွေးပြီး မလှုပ်ရဲဘူး။

နောက်တော့ မေမေတရားထိုင်ပြီး ၅မိနစ်လောက်ကြာတော့ မေမေထိုင်နေတဲ့ နေရာအနောက်ဘက်နားလေးက ကြမ်းပြင်မှာ တတောက်တောက်နဲ့ အသံသေးသေးပဲ တစ်နေရာထဲ ဆက်တိုက်ကြားလာရတယ်။ တခါတလေရပ်သွားပေမဲ့ တတောက်တောက်မြည်နေတဲ့ အချိန်က ပိုများတယ်၊ တစ်နေရာထဲပဲ ရွေ့လည်းမရွေ့ပါဘူး၊ အဲဒီ အသံလေးစပေါ်လာကတည်းက မွှေးကျဲက နားခေါင်းတရှုံ့ရှုံ့နဲ့ အဲဒီ တတောက်တောက်အသံထွက်နေတဲ့နေရာကို လက်လေးနဲ့ ကုတ်ခြစ်ပါတယ်။ အဲဒီနားကနေကို မခွာဘူး၊ ခဏနေတော့ ဖေဖေ့အသံအောက်ထပ်မှာကြားရတာနဲ့ ဖိုးပလံ အိမ်အောက်ထပ်ကိုအသာလေးပြေးဆင်းပြီး ဖေဖေ့ဆီသွားပါတယ်။ ဖေဖေက “သား ဘာထူးလဲဟေ့” လို့ မေးပါတယ်၊ မေးရင်းနဲ့ပဲ “ဟော” လို့ဆိုပြီး တတောက်တောက်အသံဆီနားစွင့်တယ်။

ဟုတ်တယ် အိမ်အောက်ထပ်ကတောင် သေသေချာချာကြီးကြားနေရတာ၊ တယောက်ယောက်က ခေါက်နေသလိုပဲ၊ ဆက်တိုက်ပါပဲ၊ ဖေဖေက
တဟားဟားရယ်တယ်။ ပြီးတော့ ပြောတယ်။ “ဖိုးပလံ မျက်လုံးပြူးမနေနဲ့၊ အဲဒါ အိမ်မြှောင်စုတ်ထိုးတာ” တဲ့၊
ဖေဖေက ခုံတစ်လုံးဆွဲယူလားပြီး ခုံပေါ်တက်ကာ အမိုးနားမှာအိမ်မြှောင်ရှိမရှိ ရှာပါတယ်။ အိမ်ခန်းအလည်တည့်တည့်ဆိုတော့ မီးချောင်းရှိနေတယ်။ အိမ်မြှောင်တွေက မီးချောင်းနားဆို ပိုးကောင်လေးတွေဖမ်းပြီးစားဖို့ လာတတ်တယ်လေ။ ဖေဖေက ကြက်မွှေးလေးနဲ့ ဟိုဒီတို့ပြီး ရှာပါတယ်။ အဲဒီလို ဖေဖေ ဟိုဒီ ကြက်မွှေးနဲ့ တို့နေတဲ့အချိန်မှာလည်း တတောက်တောက်အသံက ရပ်မသွားဘူး၊ ဆက်တိုက်ပဲ၊

“တောက် တောက် တောက် တောက် တောက် တောက် --------”

ဖေဖေက လူကြီးဆိုတော့ မကြောက်တတ်ပါဘူး၊ “ဖိုးပလံရေ ဆန်းတော့ဆန်းတယ်ဟေ့” လို့ ဆိုတယ်။ ဖေဖေက ဟက်ကနဲ ရယ်လိုက်သေးတယ်။ နောက်တော့ မေမေ တရားထိုင်တာပြီးသွားပြီ။ မေမေ အိမ်ပေါ်ထပ်ကဆင်းလာပါတယ်၊ တတောက်တောက်အသံလည်းရပ်သွားပြီ။


“မေမေ ကြားလား” 
“ဟင် .. ဘာလဲ”
“-----”


“တတောက်တောက်နဲ့ မြည်နေတာလေ မေမေ တရားစထိုင်ထဲကပဲ၊ ခုပဲရပ်သွားတာ”
“အင်း .. ကြားတော့ကြားသလိုပဲ မေမေလည်း တရားကိုပဲဂရုစိုက်မှတ်နေတော့ သိပ်သတိမထားမိဘူး”

မေမေကေ၀၀ါးဝါးဖြေပါတယ်။ မေမေကြောက်လို့များလားပဲ။ ပြီးတော့ မေမေက ခပ်အေးအေးပဲ အဲဒီအကြောင်းစကားမစတော့ဘူး။

နောက်တစ်နေ့ ...
နောက်နေ့လည်း ဖိုးပလံ ၈နာရီမထိုးခင်ကတည်းက မွှေးကျဲနဲ့ အိဖြူကို အနားခေါ်ထားလိုက်တယ်။ ဖေဖေကလည်း ထုံးစံအတိုင်း အနားမှာကို မရှိဘူး၊ ဆေးခန်းထဲ အလုပ်ရှုပ်နေတာပဲ၊ မနေ့ကလိုပဲ တူတူပဲ၊ မေမေတရားစထိုင်ပြီး ၅ မိနစ်လောက်နေတာနဲ့ တတောက်တောက်အသံ ပေါ်လာတော့တယ်။ မွှေးကျဲတို့ အိဖြူတို့လည်း အဲဒီနေရာကိုပဲ စူးစမ်းနေကြတယ်။ အဲဒီနေရာကိုပဲ စိုက်ကြည့်ပြီး တခါတလေ လက်လေးနဲ့ တို့ကြည့်ကြတယ်။ ထူးတော့ထူးဆန်းသား၊ အိမ်မြှောင်ဆိုလည်း ဒီနေ့ဆို ၂ရက်ဆက်တိုက် အချိန်ကလည်း အတိအကျကြီး၊ မေမေကတော့ ငြိမ်နေတာပဲ၊ ခါတိုင်းတရားထိုင်နေသလိုမျိုးပဲ၊ ဒီနေ့တော့ မေမေတရားထိုင်တာပြီးတဲ့အထိ ဖေဖေက မအားတော့ လာမကြည့်နိုင်ဘူး၊ ဖိုးပလံလည်း သိပ်မကြောက်တော့ပါဘူး တတောက်တောက်အသံလောက်ပဲ ကြားရတာဆိုတော့ ဘာမှမဖြစ်လောက်ပါဘူးလို့ တွေးတယ်။ အဲဒီဘုန်းကြီးက တကယ်ပဲ သရဲတစ်ကောင်ကောင်ကို ဖိုးပလံတို့အိမ်ထဲကို လွှတ်နိုင်လား ဖိုးပလံတွေးနေခဲ့ပါတယ်။

သုံးရက်မြောက်နေ့ ...
အတူတူပဲ၊ တတောက်တောက်မြည်သံဟာ တချိန်တည်း အချိန်အတိအကျမြည်တယ်။ အရင် နှစ်ရက်ကလိုပဲ တထေရာတည်း၊ မြည်သံက သုံးရက်လုံးလုံး အတူတူပဲ၊ ဒီနေ့ မေမေက တရားထိုင်ပြီးတော့ ဖေဖေ့ကိုပြောပါတယ်။

“မေထားတော့ ဘုန်းကြီးပေးတဲ့ ဂါထာကို နောက်နေ့မရွတ်တော့ဘူး၊ ကိုယ့်ဘာသာပုံမှန်အတိုင်းပဲ တရားထိုင်တာပဲလုပ်တော့မယ်”

“ဒါဆို မေထား ဘုန်းကြီးပြောတာ ယုံပြီပေါ့၊ သရဲတစ္စေတွေကို ခိုင်းလို့ရတယ်၊ သူတို့ ကိုယ်တို့ ပတ်ဝန်းကျင်မှာ သွားလာနေကြတယ်ဆိုတာ .. အဲဒါ တကယ်လို့ ယုံကြည်သွားပြီလား”


“--------------”
“အို .. မဟုတ်တာ .. မေထားမယုံပါဘူး၊ ဘုန်းကြီးပေးတဲ့ ဂါထာကြီးကိုသာ မရွတ်ချင်တော့လို့ပါ”


မေမေကတော့ ခုထိ ငြင်းဆန်တုန်းပဲ ယုံတယ်လို့ကို မပြောသေးပါဘူး၊ ဖေဖေက “ဒါဖြင့် မေထားက ဘာလို့ ဂါထာမရွတ်ချင်တော့တာလဲ။ မေထားကြောက်လာပြီမလား၊ ကြောက်လာတာ သူတို့ မေထားအနား ရောက်လာတယ်ဆိုတာ ယုံလို့ပေါ့”  လို့ ဖေဖေက အရဲကိုးပြီး မေမေ့ကို စပါတယ်၊ မေမေ က စိတ်ဆိုးဆိုး မျက်နှာလေးနီနီနဲ့  ...
“တော်ပါရှင်၊ နက်ဖြန်လည်း တရားဆက်ထိုင်မှာပဲ၊ ဂါထာလည်းရွတ်မယ်၊ မဟုတ်တာကြီး၊ ဘုရားစင်ရှေ့ ဘုရားတရားနဲ့ နေတဲ့သူအနား ဘယ်သရဲတစ္စေက လာလို့ရမှာတဲ့လဲ၊ စိတ်ဆိုးလာပြီနော်၊ မနောက်နဲ့”  လို့ ပြန်ပြောတယ်။

လေးရက်မြောက်နေ့ ...
ဒီနေ့က တတောက်တောက်အသံထက် ပိုထူးခြားလာခဲ့ပါတယ်။ ဖိုးပလံတို့ အိမ်ပေါ်ထပ်မှာ ထပ်ခိုးရှိနေတယ်။ အဲဒီထပ်ခိုးပေါ်ကို တက်လို့ရတဲ့ လူတစ်ယောက်ဝင်သာတဲ့ အပေါ်က်တစ်ပေါက်ရှိပါတယ်။ အိမ်ပေါ်ထပ်မှာဆိုရင် အိမ်ရှေ့မှာဧည့်ခန်းလို တစ်ခန်း၊ ပြီးမှ ဘုရားစင်ရှိတဲ့ အခန်းကျယ်၊ ဘုရားခန်းကို သပ်သပ်အခန်းတော့ လုပ်မထားပါဘူး၊ ဧည့်ခန်းကျယ်ကြီးမှာပဲ၊ အဲဒီဧည့်ခန်းကျယ်ကျယ်ကြီးရဲ့ ဘုရားစင်နဲ့ မျက်နှာချင်းဆိုင်နံရံမှာ သစ်သားဗီရိုကြီးတွေရှိတယ်။ အဲဒီဗီရိုကြီးတွေရဲ့အပေါ်မှာမှ ထပ်ခိုးပေါ်သွားလို့ရတဲ့ အပေါက်တစ်ပေါက်ရှိတယ်။ အခု အဲဒီထပ်ခိုးပေါ်ကနေပြီး သစ်သားလုံး၊ အလုံးတွေလို ပထမ ဒေါက်ကနဲ အလုံးတစ်လုံးပြုတ်ကျသံလိုကြားလာရပြီး အဲဒီအလုံးက တခြားထောင့်တစ်ထောင့်အထိ ဆက်တိုက်လိမ့်သွားသလို ...


“ဒေါက်”
“----------”
“ဂရောက် ..... ဂရောက် .... ဂရောက် ....ဂရောက် ..... ဂရောက်”
“--------------------------------------------”


ဘုရားစင်ရဲ့အပေါ်ဘယ်ဘက်ထောင့်တည့်တည့် ထပ်ခိုးထောင့်ဆီက ဒေါက်ကနဲ အလုံးတစ်လုံးကျလာသလိုကြားရလိုက်၊ နောက်တော့ ကန့်လန့်ဖြတ် ထပ်ခိုးတလျှောက်လိမ့်သွားပြီး အခန်းရဲ့ညာဘက်ထောင့်မှာ ရပ်သွားသံလိုကြားရပါတယ်။ ဆက်တိုက်ပဲ၊ အသံတွေကလည်း တော်တော်ကျယ်တယ်။


“ဒေါက်”
“----------”
“ဂရောက် ..... ဂရောက် .... ဂရောက် ....ဂရောက် ..... ဂရောက်”


လိမ့်သွားတဲ့အသံမျိုးလိုဖြစ်နေလို့သာ အလုံးလို့ ပြောရတာမျိုးပါ၊ မြင်ရသေးတာမှ မဟုတ်တာ၊ ဖိုးပလံတို့ အောက်ကကြားတဲ့အသံအတိုင်းသာ မှန်းဆပြီးပြောရတာ၊ တကယ်တမ်းဆို ထပ်ခိုးက အနိမ့်အမြင့်တူတူပဲ၊ တစ်ဘက်ကိုစောင်းနေတာမျိုးလည်း မရှိဘူး၊ အဲဒီလို အသံတွေကြားနေရတုန်းမှာ ဖေဖေ့ ညီဝမ်းကွဲတစ်ယောက်လည်း အိမ်မှာရောက်နေပါတယ်။ အလုံးတွေကျနေတဲ့အချိန်ပဲ ဖိုးပလံဖေဖေရယ်၊ အဲဒီ ဦးလေးရယ် လက်နှိပ်ဓါတ်မီးတွေယူပြီး ထပ်ခိုးပေါ်ကို တက်ကြည့်ကြတယ်။ ဖေဖေတို့လည်း ထပ်ခိုးပေါ်ရောက်ရော အသံတွေတိတ်သွားတော့တယ်။ ဖေဖေတို့ ထပ်ခိုးပေါ်မှာ လျှောက်ကြည့်ကြတယ်။ ထပ်ခိုးက လူတစ်ယောက်အပြည့်အ၀ မတ်မတ်ရပ်လို့ ရလောက်အောင်တော့မမြင့်ဘူး၊ ဖေဖေနဲ့ ဦးလေးတို့ ခါးကို ကိုင်းပြီးထပ်ခိုးပေါ်မှာ လျှောက်ကြည့်ကြတယ်။ အလုံးနဲ့ တူတာဆိုလို့ ဘာတစ်ခုမှရှိမနေပါဘူး၊ ထပ်ခိုးပေါ်မှာ ပိုးအိမ်မျှင်တွေပဲပွနေပြီး တခြားဘာဆိုဘာမှ မရှိပြောင်ရှင်းနေတာပဲလို့ ဖေဖေက ပြောတယ်။ ပိုပြီးအံ့သြဖို့ကောင်းတာက ထပ်ခိုးထဲမှာ ထုပ်တန်းအကန့်တွေ နှစ်ပေအကွာတစ်ချောင်းစီ ကန့်လန့်ဖြတ်ရှိနေကြတယ်တဲ့၊ ဘယ်လိုနည်းနဲ့မှ အလုံးတွေလိမ့်သွားဖို့ မဖြစ်နိုင်ဘူးလို့ ဖေဖေကရှင်းပြပါတယ်။ ဖေဖေက ထပ်ခိုးပေါ်က ပြန်ဆင်းလာပြီးတဲ့အခါ ပုခုံးနှစ်ဘက်တွန့်ပြပြီး “ဘာမှ မရှိပါဘူးဗျာ၊ သေချာ စစ်ဆေးကြည်ရှုခဲ့ပြီးပါပြီခင်ဗျ”  လို့ ရွှတ်နောက်နောက်ပြောတယ်။

ဖိုးပလံနဲ့ မေမေ့ကို ကြောက်မှာစိုးလို့ ရွှတ်နောက်နောက်ဟန်နဲ့ တမင်လုပ်ပြီးပြောနေတာ ဖိုးပလံသိတာပေါ့၊ မေမေ က တရားထိုင်တာရပ်လိုက်တယ်၊ ဘာမှသေချာဝင်မပြောဘူး၊ ဘာမှလည်း မမေးပဲနဲ့ “ကို .. မေထားတော့ နက်ဖြန် ဒီဂါထာကြီးမရွတ်တော့ဘူး” လို့ ဖေဖေ့ကို ပြောပါတယ်၊ မေမေက ၇ရက်ပြည့်အောင် တရားမထိုင်နိုင်ဘူးလို့ဆိုတယ်၊ “တရားမထိုင်နိုင်တာမဟုတ်ပါဘူး၊ ဘုန်းကြီးပေးတဲ့ ဂါထာကြီးကို မရွတ်နိုင်တော့တာကို ပြောတာ” လို့ ထပ်ပြီးပြောတယ်။

နောက်တစ်နေ့ မေမေနဲ့ ဖေဖေ အဲဒီဘုန်းကြီးကျောင်းကိုသွားကြတယ်။ ဘုန်းကြီးက ဖိုးပလံမေမေ ကို တွေ့တွေ့ချင်း “ကဲ ဒကာမကြီး ယုံပြီမဟုတ်လား” လို့ ပြောပါတယ်။ မေမေကတော့ အရင်ကလို “အရှင်ဘုရား တပည့်တော် မယုံဘူးဘုရာ့၊ ဘာမှ မရှိပါဘူး”  လို့ သေသေချာချာကြီး မပြောနိုင်တော့ဘူး၊ “တပည့်တော် ယုံပါပြီဘုရား” လို့လည်း မဆိုနိုင်ဘူး၊ “တပည့်တော် ၇ရက်ပြည့်တဲ့အထိ ဒီ ဂါထာကို မရွတ်နိုင်တော့ဘူးဘုရား” ဆိုတာကိုပဲ ပြောပါတယ်။

ပြီးတော့ ဖိုးပလံမေမေ အဲဒီဘုန်းကြီးကျောင်းကို ဘယ်တော့မှ မသွားတော့ဘူး၊
ထူးဆန်းတဲ့အသံတွေလည်း နောက်တစ်ခါ ထပ်ပြီး မကြားရတော့ပါဘူး။          ။

No comments: