Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, February 04, 2011

၁. ရွှေရောင်သော့တစ်ချောင်းနဲ့ ဖွင့်ရတဲ့ကမ္ဘာ

ဖိုးပလံ ဒီနေ့ အိပ်ရာနိုးလာကတည်းက ဘာကိုပျော်မှန်းမသိ၊ စိတ်ထဲမှာ မွစိမွစိနဲ့ မြူးနေပါတယ်၊ ညကအိပ်မက်ထဲမှာ ရွှေရောင်တ၀င်းဝင်း သော့တစ်ချောင်းကို ဖိုးပလံလက်မှာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတယ်တဲ့၊ အဲဒီရွှေရောင်သော့ကို ဘယ်မှာဖွင့်ရမှန်းတော့မသိဘူး၊ လှလိုက်တဲ့သော့လေးပဲ၊ ဖိုးပလံရဲ့ လက်ဖ၀ါးနှစ်ပြန်စာလောက်ရှိတယ်၊ အဲဒီသော့လေးကို မျက်စိထဲက မထွက်ဘူး၊ မျက်လုံးဖွင့်လိုက်ကတည်းက ရွှေရောင်ဝင်းပြောင်ပြောင်တွေပဲ မြင်နေမိတော့တယ်၊ ပြတင်းပေါက်က ခုန်ဝင်လာတဲ့နေရောင်နွေးနွေးက ရွှေရောင်တလက်လက်ထနေတယ်၊ ပြတင်းကနေမြင်နေရတဲ့ မာကလာပင်က သစ်ရွက်စိမ်းတွေတောင် ရွှေရောင်တွေဖြာနေကြတယ်၊ ဖိုးပလံရဲ့ သံပတ်နာရီလေးက “ဖိုးပလံ ထတော့၊ ဖိုးပလံထတော့” လို့ နှိုးနေပြီ၊ မနက် ၇နာရီ တိတိ၊ ဒီအပြာရောင်နာရီလေးက ဘောလုံးလေးတစ်လုံးလိုပဲ၊ လုံးလုံးဝိုင်းဝိုင်းလေး၊ ဖိုးပလံ ၉နှစ်ပြည့်မွေးနေ့တုန်းက မေမေ မေထားရီ က ဒီနာရီလေး လက်ဆောင်ပေးခဲ့တာပါ၊ ကိုယ်လိုချင်တဲ့ အသံတွေ အသံဖမ်းထားပြီး နှိုးစက်သံအတွက် ပြန်ပြီးသုံးလို့ရတယ်၊ မေမေက သူကိုယ်တိုင်ပဲ “ဖိုးပလံထတော့ ဖိုးပလံထတော့” လို့ အသံသွင်းပြီး၊ မေမေ့အသံကို ငှက်သံအသံစာစာလေးစတိုင် ပြောင်းပစ်လိုက်တယ်၊ ပြီးတော့ နှိုးစက်အသံမှာ မေမေ့ရဲ့ အသံဖိုင်ကို ရွေးပေးလိုက်တယ်၊ ဒါနဲ့ပဲ နှိုးစက်နာရီလေးက မနက်တိုင်း ပိကျိ ပိကျိ အသံလေးနဲ့ နှိုးတော့တယ်၊ ခခ ကလည်း သိပ်ပြီးသဘောကျတာပဲ။

အိုး ခခ .. ခခ နာမည်သတိရလိုက်တာနဲ့ သတိရသွားပြီ၊ ဒီနေ့ သူ ဖိုးပလံကို စောစောဝင်ခေါ်မယ်တဲ့၊ မနေ့က ပြောသွားတယ်၊ အိမ်စာတွေ ကျောင်းမတက်ခင် သူ့ကို ရှင်းပြမယ်ပြောထားတယ်၊ ညက အိမ်စာတွေမလုပ်လိုက်ရပါဘူး၊ ဖိုးပလံ သိပ်ကြိုက်တဲ့ အစိမ်းရောင်လူသားကြီး ရုပ်ရှင်ကားကြည့်နေတာနဲ့ပဲ၊ ခခ ကိုရှင်းပြခိုင်းရမယ်၊ ခခ က ဥာဏ်သိပ်ကောင်းတာပဲ၊ ဆရာက ပုစ္ဆာတစ်ပုဒ်တွက်ပြလိုက်ရင် အဲဒီတွက်နည်းကို သူ ဘယ်တော့မှ မမေ့ဘူး၊ ဂျီသြမေတြီပုစ္ဆာတွေမှာ အနားမညီတြိဂံ၊ အနားညီတြိဂံ၊ ဗဟုဂံတွေရဲ့ ထောင့်တွေ မှာဒီဂရီဘယ်လောက်ရှိမလဲ တွက်ချက်ရတာတွေ၊ ဂျီသြမေတြီပုစ္ဆာတွေအားလုံးကို ဖိုးပလံ အင်မတန်ပျင်းလှတယ်၊ မတွက်ချင်ပါဘူး၊ ခခ ကိုပဲ အကူအညီတောင်းရတယ်၊ ဖိုးပလံ စိတ်ဝင်စားတာက သမိုင်းကြောင်းဆိုင်ရာအချက်အလက်တွေ၊ အီဂျစ်နိုင်ငံက စဖင့်ရုပ်တုကြီးတွေရဲ့သမိုင်း၊ ကမ္ဘာ့သမိုင်းမှာထဲက ဘူဇွာကြီးတွေရဲ့အကြောင်း၊ စစ်ပွဲတွေအကြောင်း အဲဒါတွေကမှ ဖိုးပလံရဲ့ အကြိုက်တွေပေါ့၊ ကမ္ဘာ့သမိုင်း၊ ဖိုးပလံတို့ တိုင်းပြည်ကြီးရဲ့သမိုင်းတွေ လာမေးကြည့်ပါလား၊ ဖိုးပလံ အားလုံးကိုစာအုပ်မကြည့်ပဲ ပြောပြနိုင်တယ်၊ ခုနှစ်တွေကတော့ မေ့တာပေါ့၊ ပထမကမ္ဘာစစ်တို့ ဒုတိယကမ္ဘာစစ်တို့ဖြစ်ခဲ့တဲ့ ခုနှစ်တွေဖြေလိုက်ရင်တော့ ဖိုးပလံရဲ့ အဖြေအတိုင်းသာဆို တခါတလေ ဒုတိယကမ္ဘာစစ်ကြီးက ပထမကမ္ဘာစစ်မစခင်က ဖြစ်ပြီးနေခဲ့ပြီ၊ ဖိုးပလံ က ခုနှစ်တွေ ကိန်းဂဏန်းတွေမမှတ်နိုင်ပါဘူး၊

မေမေက အခန်းတံခါးကို ခပ်သာသာခေါက်တယ်၊
ရွှေသော့ကနေ အတွေးတွေများနေလိုက်တာ အခန်းတံခါးဝမှာ မေမေလာရပ်တာတောင်မသိလိုက်ဘူး၊

“မင်းညီ၊ ဖိုးပလံလေး၊ မနိုးသေးဘူးလား၊ မေမေ မနက်စာပြင်ပြီးပြီ၊”

“ဟုတ် မေမေ၊ နိုးပါပြီဗျ”

“ရေချိုးမျက်နှာသစ်ပါ၊ မနက်စာစားမလို့ ဖေဖေ စောင့်နေတယ်”

“မေမေ သိလား၊ ကျွန်တော်ညက အိပ်မက်မက်တယ်”

“ထမင်းဟင်းတွေကျက်ပြီ၊ ထမင်းဗူး ကိုယ့်ဘာသာထည့်ရမယ်၊ ရေချိုးပြီးရင် အောက်ထပ်ကို မြန်မြန်ဆင်းလာခဲ့တော့”

“ညမဟုတ်ပါဘူး နိုးခါနီးမှ သေသေချာချာကြီးမက်တာ ကျွန်တော်က သိပ်လှတဲ့ရွှေရောင်သော့တစ်ချောင်းကိုင်ထားတာတဲ့၊ ပြီးတော့ အဲဒီသော့နဲ့ ဖွင့်ရမယ့် သော့အိမ်ကို လိုက်ရှာနေတာ၊ ပတ်ဝန်းကျင်တစ်ခုလုံးကလည်း ဘာမှမရှိဘူး၊ ဒါပေမဲ့ ဘာတွေရှုပ်ပွနေမှန်းလည်းမသိပါဘူး၊ သေချာကြည့်ရင် ဘာမှကို မရှိတာ၊ ဒါပေမဲ့ ရှုပ်နေတာပဲ၊ အရိပ်တွေလို အခိုးအငွေ့တွေလို၊ သော့လေးက လှလိုက်တာ မေမေရာ ရွှေရောင်ပြောင်လက်နေတာပဲ၊ သိပ်လှတာပဲ”

“ကဲ ဖိုးပလံလေး၊ မေမေလဲ ဖိုးပလံရဲ့ရွှေရောင်သော့လေးတော့ ကြည့်ချင်သားပဲ၊ အခုတော့ ဖေဖေ အောက်မှာ ဗိုက်ဆာလွန်းလို့အော်နေပြီ၊ မြန်မြန် လုပ်ငန်းစပါတော့”

မေမေက ဖိုးပလံ ခြေဖ၀ါးကို ကလိထိုးရင်းစတယ်၊
“ယားတယ်ဗျ၊ ကြောက်ပါပြီ၊ လုပ်ငန်းစပါတော့မယ်”

ဖိုးပလံ ခြေတွေလက်တွေ ဆန့်ထုတ်ပြီး အညောင်းဆန့်တယ်၊ ရေချိုးခန်းထဲမြန်မြန်ပြေးတယ်၊

ရေတ၀ုန်းဝုန်းချိုးရင်း “ရွှေသော့လေး ရွှေသော့လေး ဖိုးပလံရဲ့ ရွှေသော့လေး” လို့ ဖိုးပလံ အကျယ်ကြီးအော်ပစ်လိုက်တယ်၊ သွားတိုက်တယ်၊ ဆပ်ပြာမြှပ်တွေ ဖွေးဖွေးလှုပ်နေအောင်ပွတ်တိုက်ပြီး လက်သီးလေးကိုဆုတ်ရင်း ဆပ်ပြာပူဖောင်းမှုတ်ကြည့်တယ်၊ လေနဲ့ မှုတ်တဲ့အချိန် လက်သီးဆုတ်လေးထဲက ပူဖောင်းလေးတိုးထွက်ပုံကို က သော့လေးတစ်ချောင်းလိုပဲ၊ ပူဖောင်းလေးကို လက်ကနေကွာသွားအောင် လက်သီးဆုတ်လေးကို ခါထုတ်လိုက်တယ်၊ ပူဖောင်းလေးက လေထဲမှာ မြောက်တက်သွားပါတယ်၊ ကိုယ်လုံးပေါ်မှန်ကြီးထဲ ပူဖောင်းလေးလိုက်ကြည့်လိုက်တော့ ပူဖောင်းလေးရဲ့အထဲမှာ ရွှေရောင်သော့လေး၊ ခေါင်းကိုငဲ့ပြီး အပြင်ကိုကြည့်လိုက်တယ်၊ ပူဖောင်းလေးက ဖောက်ကနဲ ကွဲသွားတော့တယ်၊ “ဟား ဟား ဟား ဖိုးပလံလည်း တော်တော်ပေါလာပြီပဲ၊ ဟိုပြောင်စပ်စပ် မော်စီနဲ့ ပေါင်းလွန်းလို့ ဖြစ်မယ်၊ ငါလည်း မော်စီလို အဆန်းတကြယ်တွေမြင်နေပါပြီ၊ ဟီဟီ ..” ဖိုးပလံ သူ့ဘာသာသဘောတွေကျပြီး မရပ်တမ်းရယ်မောပါတယ်၊

ကျောင်းဝတ်စုံ အဖြူ နဲ့ ဘောင်းဘီအစိမ်းလေးကိုဝတ်၊ လည်စည်းကို မြန်မြန်ချည်တယ်၊ ကျောပိုးအိတ်ထဲ ဒီနေ့အချိန်ဇယားအတိုင်း ပုံနှိပ်စာအုပ်ရယ်၊ လေ့ကျင့်ခန်းစာအုပ်ရယ်ပစ်ထည့်ပြီး အောက်ထပ်ကို ပြေးဆင်းခဲ့ပါတယ်၊ ဖေဖေ က “ဖိုးပလံရာ .. ဘာတွေများ တယ်သဘောကျနေတာလဲ၊ သားရယ်နေတာ ဖေဖေ ဒီက ကြားနေရတယ်”

“ဟီးဟီးဟီး .. ဖေဖေရာ . တကယ်ပဲ ဟီဟီ”

“အော် ကဲ .. ရယ်မောခြင်းက အသက်ရှည်တယ်ဆိုပေမဲ့၊ ရှည်နေတဲ့အသက်လေးကို ဆက်ဖို့ အတွက် မနက်စာ စားကြပါ အဖေနဲ့ သားလေး ဖိုးပလံရှင့်”  မေမေ က သူ့အလုပ်မြန်မြန်သိမ်းချင်တယ် ထင်ပါရဲ့ ကျွန်တော်နဲ့ ဖေဖေ့ကို မနက်စာမြန်မြန်စားဖို့ ပြောနေပြီ၊

“ဖိုးပလံရေ”  ခခ က သူရဲ့ ဖီးဆန့်စက်ဘီးအစိမ်းရောင်လေးတွန်းပြီး အိမ်ထဲဝင်လာတယ်၊

“ဟော ခခ တောင် ရောက်လာပြီ၊ ဒါကြောင့် မေမေပြောတာပေါ့”

“ဂလု ဂလု” ကျွန်တော် နွားနို့ကို မြန်မြန်ကြီး မျိုချလိုက်တော့ လည်ချောင်းထဲက အသံကျယ်ကြီးထွက်လာတော့တယ်၊

“ကျွန်တော့်ကို ထမင်းဗူးလေး ကူညီပြီးထည့်မပေးချင်ဘူးလား မေမေရာ၊ ခခ လာနေပြီ၊ ကျွန်တော့်မှာ အချိန် လက်ကျန်မလုံလောက်တော့ဘူး၊ စားရ၀ါးရတာတောင် အလျဉ်မမီနိုင်လို့ပါ၊ ဒီနေ့ တစ်နေ့နော် မေမေ”

“.....xx .....”  မေမေ က ဘာတွေမှန်းမသိရေရွတ်ပြောဆိုရင်း ထမင်းဗူးထည့်ပေးပါတယ်။

မေမေ ထမင်းဗူးလက်ထဲလာထည့်ပေးတော့ မေမေ့ပါးကို တစ်ချက်မွှေးလိုက်ပြီး “ကမ္ဘာမှာချစ်စရာအကောင်းဆုံး ဖိုးပလံမေမေ” လို့ အကျယ်ကြီးအော်လိုက်တယ်၊ “ပိုးဖလံ ..  ဖိုးပလံ မင်းကွာ.. တတ်လဲတတ်နိုင်တဲ့ကလေး” လို့ ပြောပြီး ရယ်ပါတယ်၊ အိမ်ရှေ့ဆင်ဝင်မှာထောင်ထားတဲ့ ဂျီတီဘရန်း ဘီအမ်အိတ်စ်စက်ဘီးပြာလေးကို ပေါ်ခုန်တက်ပြီး ကျောင်းဆီကို အမြန်နင်းတော့တယ်၊ ခခ က ဘေးကနေ တဟဲ့ဟဲ့ အော်ရင်း အမှီလိုက် နင်းပါတယ်၊ အဲဒီနေ့က ကျောင်းမတက်ခင် ခခ က စာရှင်းပြပေးခဲ့တယ်၊ ကျောင်းမတက်ခင်မှာပဲ အိမ်စာတွေအတွက် စိတ်အေးရတဲ့အနေအထားဖြစ်သွားခဲ့ပါတယ်၊ ဒီနေ့ မော်စီ ကျောင်းမလာဘူး။

ညနေကျောင်းဆင်းတော့ ခခ နဲ့ ဖိုးပလံတို့ မော်စီအိမ်ကို သွားကြဖို့ တိုင်ပင်ကြတယ်၊ ဖိုးပလံက ခခအိမ်နဲ့ ၂လမ်းပဲခြားတယ်၊ မော်စီ နဲ့ တော့ နည်းနည်းဝေးတယ်၊ သူတို့ မော်စီ အိမ်ဘက်ထွက်လာခဲ့ကြတယ်၊ မော်စီ က သူ့ အိမ်ရှေ့ လှေကားထစ်လေးမှာ မေးထောက်ပြီး အပြင်ကိုငေးကြည့်နေပါတယ်၊ ခါးလေးကိုခွက်ဝင်အောင် ကွေးထိုင်ထားပြီး မေးစိကိုလည်းအရှေ့ကို ပစ်ထာကာ လက်နှစ်ဘက်နဲ့ ထောက်မထားတယ်၊ ဒီ ငပျင်းလေးတစ်ယောက် ဘာကြောင့်အပျင်းထူပြီး ကျောင်းမတက်ရတာပါလိမ့်၊ “ဟေး မော်စီ” ဖိုးပလံနဲ့ ခခ ပြိုင်တူအော်ပြီး နှုတ်ဆက်လိုက်ကြတယ်၊ မော်စီက ခါးကြောလေးဆန့်ပြီး “လာကြဟေ့” လို့ ထအော်တယ်။

ခခက “မော်စီ၊ ဆရာမက ပြောတယ် နင် ပျင်းလို့ ကျောင်းမလာတာဖြစ်မယ်တဲ့၊ ဘာဖြစ်တာလဲ နင်က၊ အခုတော့လည်း အကောင်းပကတိကြီးပါပဲလား” လို့ မေးရင်း စပ်စုတယ်၊

ဖိုးပလံနဲ့ မော်စီတို့ လက်သီးချင်း ခပ်သာသာတို့ပြီး နှုတ်ဆက်ကြတယ်၊ “ခခ မေးတာ ဖြေလိုက်ပါဦး၊ ဘာတွေဘယ်လိုဖြစ်”

“ငါ ညက အိပ်လို့မရလို့၊ ထုံးစံအတိုင်းပေါ့ အရုပ်ကြီးလေ၊ ငါ အိပ်တော့မယ်ဆို လာနှောင့်ယှက်ပြီ နေရာလဲခိုင်းတာပဲ၊ သူက ငါ့နေရာနေမယ်တဲ့ ဟီး ဟီး၊ ဒါနဲ့ ငါလည်း မအိပ်ရဘူး သူ ကတော့ တခေါခေါနဲ့ အိပ်လိုက်တာ သိုးလို့ ဟီဟိ”

“တော်ပါဟယ် မော်စီရယ်၊ နင်ကလည်း ပြောလိုက်ရင် ပေါက်ကရက စတာပဲ”

“အေးလေ” ဖိုးပလံက မော်စီ ကုတ်ပိုးကို သာသာလေးဆုတ်ညှစ်ထားပြီး လက်တဘက်က ၀မ်းဗိုက်ဘက်၊ ခါးဘက်တွေဆီ ဂလိထိုးတယ်၊ “အန်တီကြွေတို့ရော”

“မေကြီး က ကျောင်းကပြန်မရောက်သေးဘူး၊ ဖေကြီးက မေကြီးကို သွားကြိုတာ၊ ငါလည်း အိမ်ထဲ တစ်ယောက်တည်းမနေရဲ့လို့ အပြင်ထွက်ထိုင်နေတာလေ၊ ဟီး၊ ကြက်တူရွေးကောင်လေး ချာချာ ကလည်း အော်လိုက်တာဟာ၊ ဘာတွေအော်ဟစ်နေမှန်းမသိဘူး၊ ကြားလား .. ကြားလား၊ ဟော” မော်စီက  အိမ်ဘက်ဆီ နားစွင့်ရင်းပြောတယ်၊

ဟုတ်ပါရဲ့ ကြက်တူရွေးလေး ချာချာက အော်လိုက်တာလို့ ဖိုးပလံလည်းတွေးလိုက်မိတယ်၊

“ငါတို့မှာတော့ စိတ်ပူလို့ ပြေးလာကြတာ၊ လဲ့ရာလေး ငါ့ကို မျှော်နေတော့မယ်၊ နင် အကောင်းပကတိကြီးဆိုလည်း ငါတို့ ပြန်မယ်ဟာ နက်ဖြန်စနေနော် ကျောင်းပိတ်တယ်၊ ကျောင်းကို ယောင်မှားပြီး ရောက်မသွားနဲ့ဦး”

 “နေကြပါဦးဟာ၊ မေကြီး နဲ့ ဖေကြီးပြန်လာမှ ပြန်ကြပါ ငါ ကြောက်လို့ဟ”  မော်စီက ကိုယ်ကိုကျုံ့ပြီး အော်တယ်၊

ဖိုးပလံတို့လည်း မော်စီနဲ့ စလိုက်နောက်လိုက်နဲ့ ခဏနေတော့ အန်တီကြွေတို့ ပြန်လာကြတယ်၊ ဒါနဲ့ပဲ “အန်တီကြွေရေ သားတို့ ပြန်တော့မယ်၊ နောက်ကျနေပြီ” လို့ နှုတ်ဆက်ပြီး ဖိုးပလံနဲ့ ခခ တို့ အသီးသီးကိုယ့်အိမ်ရှိရာ စက်ဘီးလေးတွေကိုယ်စီနဲ့ နင်းပြီးပြန်ခဲ့ကြတယ်၊ အပြန်မှာ ဖိုးပလံ စကားမဆိုနိုင်ဘူး၊ မော်စီပြောတဲ့ မော်စီပုံတူအရုပ်ကြီးအကြောင်းကိုစဉ်းစားတယ်၊ ပြီးတော့ ခေါင်းထဲကို ရွှေရောင်တွေဖြတ်ကနဲ ဖြတ်ပြေးသလိုခံစားရပြီး သိပ်လှတဲ့ရွှေသော့လေးကို သတိရသွားတယ်၊ ခခ ကလည်း ငြိမ်နေတာပဲ၊

“ခခ .. ညက ငါ့အိပ်မက်ပြောရဦးမယ်၊ ရွှေသော့လေးတစ်ချောင်း ငါ ရတယ်တဲ့၊ လှတယ်ဟ၊ နင့်မျက်နှာထက်ကြီးတယ် သိလား၊ ငါ ဘာလို့လည်းတော့မသိပါဘူး စိတ်တွေလှုပ်ရှားပြီးပျော်နေတာ၊ တကယ်ကြီးလိုပဲ၊ နောက်တော့ အိပ်ရာနိုးသွားရော၊ အဲ .. ငါ က သော့အိမ်လိုက်ရှာနေတာတဲ့၊ အရုပ်တွေလို အရိပ်တွေလို နင့်ပုံစံ အရိပ်လိုလိုလည်း တွေ့တယ် မျက်ဆန်ကျယ်ကျယ်၊ ပါဖောင်းဖောင်း၊ ဂါဝန်တကားကားနဲ့ ခြေကားယား လက်ကားယားနဲ့ ဟီဟိ”

“လာပြန်ပြီ တစ်ယောက်၊ အခုပဲ ငါ မော်စီ့ပုံတူအရုပ်ကြီးအကြောင်းစဉ်းစားနေတာ၊ နင်ကတမျိုး ရွှေသော့တဲ့၊ နင်တို့တွေက တတ်လဲတတ်နိုင်ကြတယ်၊ ငါ ဆွဲကြိုးက ငါးရုပ်ဆွဲသီးလေးကိုတော့ ငါ့အဒေါ်ပေးထားတာ၊ ငါ့အဒေါ်က အခုနတ်သမီးဖြစ်နေတယ်လို့ပြောတော့မယုံဘူး၊ အဲဒီ ငါးရုပ်လေးက စွမ်းအင်ရှိတယ်၊ ငါ့ကို စွမ်းအားတွေပေးတယ်၊ ငါ့ကို အမြဲစောင့်ရှောက်တယ်လို့ ပြောတော့ နင်တို့က ငါ့ကို အရူးမ ခခ တဲ့၊ နင်တို့ကရော  အရူး၊ ငပေါ၊ အရူးနဲ့အပေါ၊ ဒါပဲ သွားပြီ၊ လဲ့ရာလေးတောင် အပြင်ထွက်ကြိုနေပြီ၊ ဒီကျောင်းပိတ်ရက်၂ရက် ဂျီသြမေတြီ ပုစ္ဆာတွေပြန်တွက်၊ ငါ အမြဲ ရှင်းပြမနေနိုင်ဘူး၊ ဖိုးပလံ အပေါ တာ့တာ”

ခခက စကားတွေ အဆက်မပြတ်ရေရွတ်ပြီးပြေးတော့တယ်၊

“အေး၊ ခခရေ တာ့တာ”

ဖိုးပလံ ဒီည အိပ်ရမှာ ပျော်နေတယ်၊ သူ စိတ်ထဲမှာ ရွှေသော့လေးကို ပြန်မက်ဦးမယ်လို့ ထင်နေတယ်၊ မပြောနိုင်ဘူး ဒီည ရွှေသော့လေးနဲ့ ဖွင့်ရမယ့်နေရာပါ တစ်ခါတည်းတွေ့အောင် မက်နိုင်သေးတာပဲ၊ ရွှီ .. ဖိုးပလံ လေလေးချွန်ပြီး အိမ်ထဲဝင်ခဲ့ပါတယ်။

ဖိုးပလံ ညစာကို အမြန်စားပါတယ်၊ သွားတိုက်မျက်နှာသစ်ပြီး အိပ်ရာစောစောဝင်တယ်၊ မေမေ့ကိုတော့ ကျွန်တော် မျက်လုံးတွေပြုတ်ကျနေပြီ အိပ်ငိုက်နေပြီလို့  ပြောခဲ့လိုက်တယ်၊ မအိပ်ခင် ဘုရားကန်တော့ပြီး ဆုတောင်းပါသေးတယ်၊ ရွှေရောင်သော့လေး ထပ်ပြီးမက်ပါစေ။

အပြင်မှာ ညက .. မီးလုံးရောင်တွေ ဟိုတစ်စ ဒီတစ်စ ရွှေရောင်ကျဲကျဲနဲ့လှနေတယ်၊ စောင်ကို ရင်ဘတ်အထိ ဆွဲခြုံလိုက်ပြီး မျက်လုံးတွေကိုအတင်းမှိတ်တယ်၊ အိပ် အိပ် အခုပဲ အိပ်၊ ရွှေသော့လေးလာ၊ အတင်းကြိုးစားအိပ်ပါမှ မျက်လုံးကတလှုပ်လှုပ် မှိတ်မရ၊ ပြန်ပြန်ပြီး ဖွင့်၊ ပြန်မှိတ်၊ ဖိုးပလံတစ်ယောက်အိပ်လို့မရပါဘူး၊ ဒါနဲ့ပဲ တီထွင်ပါရဂူဖိုးဆိတ်ဖြူကာတွန်းကို ဆွဲယူပြီးဖတ်နေလိုက်တယ်၊

တီထွင်ပါရဂူဖိုးဆိတ်ဖြူမြင်တာနဲ့ အဘိုးရေမွန်ကိုတောင်သတိရမိသေးတယ်၊ အဘိုးရေမွန်အိမ်သွားလည်ရရင်ကောင်းမလား၊ မေမေတို့ကတော့ တားကြမှာပဲ၊ ဖိုးပလံကလည်း အထူးအဆန်းဆိုတားမရအောင်ပဲ သိချင်တာပဲ၊ ရွှေသော့လေးလည်း ဒီလိုပါပဲ သော့အိမ်လေးထဲ သော့ကိုထည့်ဖွင့်လိုက်ပြီး၊ တခုခုပေါ့၊ အဲဒီတစ်ခုခုပွင့်လာတဲ့အခါ ရလာမယ့် စိတ်လှုပ်ရှားမှုကို ကြုံချင်တာ၊ အဘိုးရေမွန်ရဲ့ အိမ်ထဲမှာရော ဘာတွေများရှိမလည်းပဲ၊ ကာတွန်းထဲက တီထွင်ပါဂူဖိုးဆိတ်ဖြူက ဆေးရည်တွေ ဖန်ပုလင်းတွေနဲ့ အလုပ်ရှုပ်နေတယ်၊ ဆေးရည်အ၀ါရောင်ဖျော့ဖျော့တွေကိုပီးပက်ဆေးရည်စုပ်ပြွန်လေးနဲ့ စုပ်ယူတယ်၊ အညိုရောင်ရင့်ရင့်ဆေးရည်တွေရှိနေတဲ့ ဘေကာခွက်တစ်ခုထဲကို တစ်စက်ချင်းချတယ်၊ အ၀ါရောင်ဆေးရည်တစ်စက်ကျသွားတိုင်း ရွှေရောင်တွေအခန်းထဲမှာ ဖြာကနဲ၊ အ၀ါရောင်ဆေးရည်တွေ ထပ်ထပ်ပြီး ထည့်တယ်၊ အခန်းထဲမှာ ရွှေရောင်တွေပြည့်ကုန်တယ်၊ ဖိုးဆိတ်ဖြူက ဒီဘက်ကိုလှည့်လာပါတယ် အိုး .. အဘိုးရေမွန်ဖြစ်နေပါရော့လား၊ အဘိုးက ဖိုးပလံလေး ဖိုးပလံလေး လို့ ချိုချိုသာသာခေါ်တယ်၊ အဘိုးရေမွန်အနား ဖိုးပလံ တိုးတိုးပြီး ကပ်တယ်၊ အဘိုးရေမွန်ရဲ့ ဘေကာခွက်ကြီးထဲမှာ ရွှေရောင်သော့လေး ဖိုးပလံလက်ဖ၀ါးနှစ်ခုစာလောက်အရွယ်အစားအတိုင်းပဲ၊ ရွှေရောင်တဖြတ်ဖြတ်လက်နေတာပါပဲ၊ အဘိုးရေမွန်ရဲ့ လက်အိတ်ဖြူကြီးဝတ်ထားတဲ့ လက်တစ်ဘက်က ဘေကာခွက်ထဲကို နှိုက်ယူတယ်၊ ပြီးတော့ ဖိုးပလံရှေ့တည့်တည့်မှာ အဘိုးရေမွန်ကလှည့်ပြီးရပ်တယ်၊ “ဖိုးပလံလေးအတွက်” လို့ ပြောပြီး လက်ကမ်းလိုက်ပါတယ်၊ ဖိုးပလံ လှိုက်ခနဲ ပျော်သွားတယ်၊ မေးခွန်းတွေလည်းဆက်တိုက်မေးတော့တယ်၊ “အဘိုးရေမွန်၊ ကျွန်တော် ဒီရွှေသော့လေးနဲ့ ဘာလုပ်ရမှာလဲ၊ ဘယ်မှာ သွားဖွင့်ရမှာလဲ၊ ... ဘယ် .. လို” ဖိုးပလံစကားမဆုံးခင်မှာပဲ အဘိုးရေမွန်ရဲ့ အဖြူရောင်ခန္ဓာကိုယ်ဟာ တဖြတ်ဖြတ်ခါနေတဲ့ ရွှေရောင်မှုန်တွေကြားထဲမှာပဲ ပျောက်သွားတော့တယ်။

ဖိုးပလံသိပ်လိုချင်နေတဲ့ရွှေရောင်သော့လေးရပါပြီ၊ ဘာဆက်လုပ်ရပါ့မလဲ၊ ခေါင်းကို တဗြင်းဗြင်းကုတ်ပြီး ဦးတည်ရာမရှိ အဲဒီနေရာကနေ လှည့်ထွက်ခဲ့ပါတယ်၊ သူ တောစပ်တစ်ခုရဲ့အနားစပ်မှာရောက်နေပါပြီ၊ အရှေ့ဘက်မှာ နေရောင်ရှိနေတုန်းပဲ၊ တောစပ်စပ်လေးက နေရောင်ထဲမှာလဲလျောင်းနေတယ်၊ ဖိုးပလံကတော့ နေရောင်ကို ကျောခိုင်းပြီး အဲဒီသစ်တောလေးထဲကို ၀င်သွားဖို့ ချီတုံချတုံဖြစ်နေတယ်၊ သစ်ပင်တွေအားလုံးက အိုမင်းနေလိုက်ကြတာ၊ အကိုင်းအခက်တွေကလဲ ကျိုးတိုးကျဲတဲပဲရှိနေကြတယ်၊ ဒါကြောင့် နေရောင်က သစ်တောလေးထဲကို လုံလုံလောက်လောက်တိုးဝင်နေတယ်၊  နေရောင်တိုးဝင်သလောက် အဆုံးထိ ဖိုးပလံ တိုးဝင်ကြည့်ချင်စိတ်ပြင်းပြလာပြီ၊ သစ်ပင်တွေရဲ့ ပင်စည်တွေက နေရောင်ကြောင့်အနီရောင်လိုင်းတွေလို ထိုးထိုးထောင်ထောင်၊ သူတို့တွေက ဖိုးပလံကို စောင့်နေကြတယ်လို့ သူထင်လာတယ်၊ ရုတ်တရက်ပဲ နေရောင်တိုးဝင်နေတဲ့ သစ်တောစပ်စပ်လေး အဆုံးနေရာမှာ လှပတဲ့အရာတစ်ခု ဖိုးပလံမြင်လိုက်တယ်၊ သက်တံတစ်ခုရဲ့ အဆုံးလိုပဲ၊ ကြီးမားပြီး အင်မတန်လင်းလက်တောက်ပတယ်၊ အတွင်းဆုံး မရမ်းရောင်အပြင်ဘက်က အရောင်တွေ တစ်ခုချင်းကို ဖိုးပလံရေတွက်နိုင်တယ်၊ အပြင်ဘက်ဆုံးအနီရောင်မရောက်ခင်အရောင်ကတော့ တောက်ပရွှန်းစိုပြီး ထူးဆန်းလှတဲ့အရောင်မျိုး၊ သူ ဘယ်တုန်းကမှ အဲဒီအရောင်ကိုမမြင်ဖူးခဲ့ဘူး၊ ဖိုးပလံနောက်ပြန်လှည့်ကြည့်လိုက်တော့ နေ၀င်သွားခဲ့ပြီ၊ နေရောင်မရှိတော့ပါဘူး၊ သစ်တောလေးမှာ သက်တံဆီကအလင်းတွေပဲကျန်တော့တယ်၊ သစ်ပင်တွေက ဖိုးပလံကို လိုလိုလားလားရှိကြတယ်။

ခြုံပုတ်လေးတွေက ဖိုးပလံအတွက်သွားရမယ့်လမ်းကိုပြပေးနေကြတယ်၊ သစ်ပင်နှစ်ပင်ကြားကမြင်ရတဲ့သက်တံကြီးဟာ ပိုပြီးတောက်ပလာတယ်၊ ပိုပြီးကြီးလာပါတယ်၊ ပတ်ဝန်းကျင်မှာ တိတ်ဆိတ်လွန်းလှတယ်၊ ဖိုးပလံလှမ်းနေတဲ့ခြေလှမ်းတွေတောင် အသံပျောက်နေကြတယ်၊ ဖိုးပလံခြေလှမ်းလိုက်တိုင်း ရှေ့ကမြင်ကရဲ့ အရောင်တွေဟာ ပိုလို့နူးညံ့လာတယ်၊ အရောင်တစ်ခုစီဟာ ထင်ရှားသလို ထိစပ်နေကြတယ်၊ မရမ်းရောင်၊ အပြာရောင်၊ အပြာနု၊ အစိမ်း၊ အ၀ါ၊ လိမ္မော်ရောင် နဲ့ အပြင်ဘက်ဆုံးကအနီရောင်အထိ တစ်ခုဆီအရောင်တွေဟာ ခမ်းနားလှပလွန်းလှတယ်၊ အရောင်တွေရဲ့အမြင့်ဆုံးအပိုင်းအ၀ိုင်းခုံးလေးနေရာမှာ အတောက်ပဆုံးပဲ ဘယ်လောက်ထိမြင့်တယ် ဖိုးပလံမခန့်မှန်းနိုင်ဘူး၊ ဖိုးပလံ နားထဲမှာ အသံတွေကြားလာရပြီ၊ အာလုံး အလောတကြီးပြောနေကြပါတယ်၊ တိုးတိုးလေး ဖိုးပလံနားနားကို ကပ်ပြီးပြောကြတယ်၊ ဖိုးပလံရဲ့လမ်းကမှန်နေတယ်တဲ့၊ အားလုံးက ခေါ်နေကြတယ်၊ ဘေးဘက်ဆီမှာ အရိပ်တွေလို လှုပ်လှုပ်ရှားရှားတွေတွေ့ရတယ်၊ ပုံသဏ္ဍာန်တွေက အမှန်မရှိဘူး၊ ပြောင်းနေကြတယ်၊ ဟော အရိပ်တစ်ခု၊ နောက်တော့ အရိပ်တွေများလာပြီ၊ ဟော အများကြီးပဲအရိပ်တွေ၊ ပြီးတော့ ပျောက်သွားပြန်တယ်၊ နောက် လူတွေ၊ အမျိးသားတွေ အမျိုးသမီးတွေ ကလေးတွေ တွေ့ရပြန်ပြီ၊ သူတို့ ဖိုးပလံကိုနှုတ်ဆက်ကြတယ်၊ ဖိုးပလံ သူတို့ပြောတာတွေကို နားလည်တယ်၊ ဒါပေမဲ့ ပြန်ပြီး နှုတ်က ထွက်မပြတတ်ဘူး၊ ဘယ်လိုပြောတယ်ဆိုတာကို မမှတ်မိလိုက်နိုင်ပါဘူး၊ သူတို့အားလုံး သိပ်ကို လှပကြတယ်၊ တစ်ယောက်နဲ့ တစ်ယောက်နည်းနည်းလေးမှ မတူကြဘူး၊ အားလုံးကွဲပြားကြတယ်၊ ဒါပေမဲ့ သိပ်လှကြတဲ့ လူတွေပဲ၊ ဒါဟာ နတ်သမီးနယ်မြေလား၊ ဖိုးပလံ အဲဒီလိုလေး တွေးလိုက်တုန်းမှာ တစ်ယောက်က ဖိုးပလံနားနားကို ကပ်ပြီးဖြေသွားတယ်၊ သိပ်ဟုတ်တာပေါ့တဲ့ ဖိုးပလံ အဲဒီလိုပဲ နားလည်လိုက်ပေမဲ့ သူပြောသွားတာက ဘယ်လိုစကားသံမျိုးမှန်းမသိပါဘူး၊ သက်တံအလင်းတိုင်တွေအနီး ပိုပြီးတိုးကပ်ကြည့်တယ်၊ သူတို့ပျောက်သွားပြီ၊ ဒါနဲ့ ခြေကိုနောက်တစ်လှမ်းပြန်ဆုတ်တယ်၊ အရောင်မျိုးစုံအလင်းတိုင်တွေ အဲဒီနေရာနဂိုအတိုင်း ပြန်ရောက်နေကြပြန်ပြီ၊  အရင်က တောက်ပခမ်းနားသလို လှမြဲလှလျှက်ပဲ၊ အိုး .. သက်တံကြီးဆီက အရောင်အလင်းတိုင်ကြီးတွေကို ဖိုးပလံစိတ်ဝင်စားနေမိတာနဲ့ ရွှေသော့ကိုမေ့သွားခဲ့ပြီ၊ လက်ထဲမှာ ရွှေသော့လေးကရှိမနေတော့ဘူး၊ အဘိုးရေမွန် .. ဖိုးပလံ တိုးတိုးလေးရွတ်ကြည့်တယ်၊ ညက ပိုနက်လာတယ်၊ အဲဒီအခိုက်အတန့်မှာပဲ ကောင်းကင်မှာ လမင်းကြီးက ပေါ်လာပြီ၊ သက်တံဆီက ရောင်ခြယ်တွေတဖြည်းဖြည်းကျဲပါးသွားကြပြီ၊ အရိပ်တွေလူ တွေက ပိုပြီးရှုပ်ထွေးလာကြပါတယ်၊ တီးတိုးစကားသံတွေက နားနားကို ကပ်ကပ်ပြီးပြောသွားကြတယ်၊ ဖိုးပလံ မောပမ်းလာပြီ၊ အိပ်ငိုက်လာပြီ၊ လမင်းရဲ့အလင်းရောင်နဲ့ ဖိုးပလံရဲ့ရွှေသော့ကို ပြန်ရှာဖို့ မဖြစ်နိုင်ဘူးလို့ တွေးမိလိုက်တယ်၊ နေရောင်ပြန်ထွက်လာတဲ့အချိန်ကို သူ စောင့်မှဖြစ်မယ်၊ အနားမှာတွေ့တဲ့ရေညှိအိပ်ရာလေးပေါ်မှာ ဖိုးပလံ လှဲချလိုက်ပါတယ်။

မနက်ခင်းမှာ ဖိုးပလံနိုးလာတော့ နေရဲ့အလင်းရောင်က မျက်လုံးတည့်တည့်ဆီကိုထိုးနေတယ်၊ ဖိုးပလံ ကိုယ်ကိုလှိမ့်ရင်း နေရောင်ကို ရှောင်လိုက်တယ်၊ အဲဒီမှာပဲ ဖိုးပလံမျက်နှာနဲ့ တပေအကွာလောက်မှာ ရွှေရောင်တလက်လက်သော့လေးကို ရေညှိတွေပေါ်မှာ တွေ့လိုက်ရတယ်၊ သူအသာအယာကောက်ယူလိုက်ပြီး ပက်လက်လှန်လှဲနေရင်းနဲ့ ရွှေသော့လေးကို သေချာကြည့်ပါတယ်၊ သော့တံလေးမှာ ရွှေရောင်ဗြောင်၊ ချောမွေ့နေပြီး လက်ကိုင်မှာ ပုံသွင်းထားပုံက အထူးအဆန်းပဲ၊ ကြည်ပြာရောင်လက်နေတဲ့ ကျောက်လေးတွေပါတယ်၊ ရွှေသော့လေးကိုတစ်ခါပြန်တွေ့တာ ဖိုးပလံ သိပ်ဝမ်းသာတာပဲ၊ ခဏတော့ လှဲနေလိုက်ရင်း နဲ့ ကိုယ်ကို ဘယ်ညာလှိမ့်နေပါတယ်၊ ပတ်ဝန်းကျင်ရဲ့အလှအပတွေကို သူ့မျက်လုံးကိုအစာကျွေးနေလိုက်တယ်၊ နောက်တော့ ခုန်ထလိုက်တယ်၊ သူသိပ်လိုချင်နေတဲ့ သိပ်လှတဲ့ရွှေသော့လေးရနေပါပြီတဲ့၊ ဒီအလှတရားက သူ့အတွက်ဘာမှ အသုံးမ၀င်ဘူးလို့တွေးနေမိတယ်၊ ဘယ်မှာလဲ သော့အိမ်က၊ တစ်နေရာရာမှာတော့ရှိရမှာပဲ၊ သော့အိမ်မရှိပဲ သော့တစ်ချောင်းကို ဘယ်သူကမှ အရူးထပြီးလုပ်မှာမဟုတ်ပါဘူးလို့လည်းတွေးတယ်၊ ဒါဆိုရင် သော့အိမ်ဘယ်မှာပါလိမ့်၊  ဖိုးပလံ လေထဲကိုငေးတယ်၊ မြေကြီးထဲကိုလည်းငေးတယ်၊ ဒါပေမဲ့ တိမ်တွေထဲ၊ မြက်ခင်းတွေထဲ၊ သစ်ပင်တွေထဲ သော့အိမ်ကိုမတွေ့ပါဘူး။

ဖိုးပလံ ဒီနေရာက တစ်နေရာရာကိုပြောင်းပြီးရှာကြည့်ဖို့ ကြိုးစားတယ်၊ ခပ်ဝေးဝေးတောအုပ်ထဲမှာ မီးခိုငွေ့တွေလိုတွေ့ရတယ်၊ မီးခိုးခေါင်းတိုင်ဆီက ထွက်နေတဲ့အခိုးအငွေ့တွေလိုပဲ၊ ဖိုးပလံ အဲဒီကို သွားမလို့ခြေလှမ်းပြင်ပါတယ်၊ တောအုပ်လေးဆီလျှောက်လာရင်း အေးမြမွေးပျံ့တဲ့လေညှင်းရနံ့ကို ရှုရိုက်ကြည့်တယ်၊ ဖိုးပလံဘယ်တုန်းကမှ မရဘူးတဲ့ အမွှေးရနံ့မျိုးပဲ၊ ခေါင်းထဲကို ကြည်လင်သွားစေတဲ့ မပျင်းလွန်း မအီလွန်းတဲ့ရနံ့မျိုး၊ သစ်ပင်ကြားတွေထဲမှာ သစ်လုံးအိမ်လေးတစ်လုံးတွေ့လိုက်ရတယ်၊ အိမ်လေးဟာ ကြွရွနေတာပဲ၊ မြေကြီးနဲ့ပဲ မထိသလို လေညှင်းသုတ်ကနဲဝေ့လိုက်တိုင်း အိမ်လေးက ငြိမ့်ငြိမ်လေးလှုပ်တယ်၊ ဗိုက်ဆာလိုက်တာ၊ ဖိုးပလံ ခပ်တိုးတိုးလေး ညီးညူလိုက်တယ်၊ “လာလေကွယ်၊ အိမ်ထဲကို လှမ်းဝင်ခဲ့ပေါ့” ဆိုတဲ့ အသံချိုချိုလေးဖိုးပလံကြားလိုက်ရပါတယ်၊ အိမ်ထဲကို လှမ်းဝင်လိုက်တဲ့အခါ သက်ရှိသတ္တ၀ါရယ်လို့ မရှိကြဘူး၊ လူတစ်ယောက်မှလည်းမရှိဘူးလို့ တွေးရင်း ခုံလေးမှာဝင်ထိုင်ပါတယ်၊ ခုံလေးကပြတင်းပေါက်အပြင်ဘက်လှမ်းကြည့်တဲ့အခါ ပြတင်းမှာတွယ်ကပ်နေတဲ့ အိုင်ဗီပင်တွေကြားထဲမှာ လူဝံကြီးတစ်ကောင်ရဲ့ မျက်နှာကြီးဖြတ်ကနဲ တွေ့လိုက်ရတယ်၊ လူဝံကြီးဟာ သူ့ကို မျက်နှာအနေအထားအမျိုးစုံလုပ်ပြပြီး စနောက်ပါတော့တယ်၊ ဖိုးပလံ ရယ်ချင်စိတ်ပေါက်လာတဲ့အချိန်၊ အနားက ဖိုးပလံထက်သုံးလေးဆမြင့်တဲ့ သစ်သားဘီရိုကြီးရဲ့တံခါးရွက်ဆီက မျက်နှာပုံစံတွေဟာ လှုပ်ရွလာတာတွေ့ရပြန်တယ်၊ အဲဒီမျက်နှာတွေကတော့ ပြုံးဖြဲဖြဲကြီးတွေ၊ ကြောက်စရာမချိသွားဖြဲပုံစံကြီးတွေ၊ နောက် .. ပင့်ကူခြေထောက်ပုံစံတွေနဲ့ ထိုင်ခုံလေးဟာ ဧည့်ခန်းလေးရဲ့အလယ်ဆီကိုရွေ့လာတယ်၊ ကို့ရိုးကားရားဟန်နဲ့ ရှေးဆန်ဆန်ကြီး ကမလို့ ဟန်ပြင်တော့တယ်၊ ဖိုးပလံလည်း လူဝံကြီးနဲ့ မချိသွားဖြဲမျက်နှာကြီးတွေကို မေ့သွားပါတယ်၊ ဖိုးပလံ တဟားဟားအော်ရယ်လိုက်တယ်၊ အဲဒီအချိန်မှာပဲ အဖြူရောင်နတ်သမီးလေးတွေ သုံးယောက် ရယ်ကျဲကျဲမျက်နှာပေးလေးတွေနဲ့ စားပွဲပေါ်က ပန်းအိုးဆီက ခုန်ထွက်လာကြတယ်၊ ခေါင်းပေါ်မှာလည်း လှုပ်လှုပ်ခါခါခေါင်းဆောင်းလေးတွေနဲ့၊ နတ်သမီးလေးတွေက သူတို့ အမှားအယွင်း လုပ်မိပြီဆိုတာ သိလိုက်မိပြီး ပင့်ကူကုလားထိုင်ကို နံရံဆီပြန်ကပ်လိုက်ကြပါတယ်၊ နောက်တော့ အင်မတန်ချောမောလှပတဲ့ အမျိုးသမီးတစ်ဦးအခန်းထဲက ပေါ်ထွက်လာပါတယ်။

“နောက်ဆုံးတော့ ကလေး ရောက်လာတာပဲကိုး၊ အဘွား ကလေးကို စောင့်နေတာ ကြာပြီးကွဲ့” လို့ဆိုရင်း ဖိုးပလံကို လက်ကမ်း နှုတ်ဆက်တယ်၊ အဲဒီအမျိုးသမီးလှပပုံမျိုးလည်း ဖိုးပလံတခါမှ မမြင်ဖူးခဲ့ဘူး၊ အဲဒီအမျိုးသမီးက အရပ်ရှည်ရှည်၊ သန်မာတဲ့ပုံစံမျိုး၊ လည်ပင်းနဲ့ လက်မောင်းတွေက အဖြူရောင်ပဲ၊ သူမရဲ့မျက်နှာကလည်း နူးညံ့ရွှန်းစိုနေတဲ့ပုံစံမျိုး၊ ဆံပင်အရောင်ကိုတော့ ဘာအရောင်ရယ်လို့ ဖိုးပလံမပြောတတ်ဘူး၊ အစိမ်းရင့်ရောင် အရောင်သမ်းနေတယ်လို့ထင်မိတယ်၊ သူမကိုကြည့်ရတာက စိန်တွေရဲ့ တောက်ပခြင်းမျိုးနဲ့ မြသားရဲ့စိမ်းလဲ့လဲ့အသွေးရောင်တွေပြည့်နေတယ်၊ အစိမ်းရောင် တောက်တောက်ပပ၀တ်စုံကို ၀တ်ထားပါတယ်။

“နာမည်ဘယ်လိုခေါ်သလဲကွဲ့” အမျိုးသမီးကမေးပါတယ်၊

“သူငယ်ချင်းတွေအားလုံးကတော့ ဖိုးပလံလို့ ခေါ်တာပဲဗျ”

“အိုး ကလေးရဲ့ဆံပင်တွေကရှည်လိုက်တာ၊ ဖိုးပလံ .. ပိုးဖလံပေါ့ ဟုတ်တယ်မဟုတ်လား၊ အဘွားလည်း ဒီချစ်စရာနာမည်ပဲခေါ်မှပါပဲ၊ ဒါပေမဲ့ကွယ် အဘွား မေးခွန်းတွေမေးရင် မင်းစိတ်မရှည်မဖြစ်ပါနဲ့၊ အဘွား မေးခွန်းတစ်ခုမေးတိုင်း ကလေးကလည်း တစ်ခုဆီ အဘွားကို ပြန်မေးနိုင်သားပဲ”

“ကလေးရဲ့ အသက်ကဘယ်လောက်လဲ”

“ဆယ့်တစ်နှစ်ပါ”

“အဘွားကရော”

“နှစ်ထောင်ပေါင်းများစွာရှိနေပါပြီလေ” လို့ အမျိုးသမီးက ဖြေတယ်၊

“ဟင် .. အဲဒီလောက် အသက်ရှိမယ်လို့ မထင်ရဘူး”

“မထင်ရဘူးလား၊ အဘွားကတော့ အဘွားအသက်အတိုင်းပဲလို့ ထင်တာပါပဲ၊ ကလေးမြင်တယ်မဟုတ်လား၊ အဘွားဘယ်လောက်လှလိုက်သလဲလို့”

“ဟုတ်ပါတယ်၊ ဒါပေမဲ့ အဲဒီလောက်ရှည်ကြာအောင် ဘယ်လိုရှင်သန်နေထိုင်လဲ ကျွန်တော်အခု စဉ်းစားနေတာဗျ”

“အဘွားမှာ အိုမင်းဖို့ အချိန်မရှိဘူးကွဲ့” လို့ အမျိုးသမီးကပြောပါတယ်၊ “အဘွားအတွက်ကတော့ အိုမင်းမှုက အလုပ်မလုပ်ဘူး၊ အဘွားရဲ့ကလေးတွေကိုလည်း မသပ်မရပ်မမြင်ချင်ဘူး၊ ဖိုးပလံသိလား၊ ဖိုးပလံမျက်နှာမှာကွယ် နမ်းစရာ သန့်ရှင်းတဲ့နေရာလွတ် သေးသေးလေးတောင် မရှိတော့ဘူး”

“အာ” ဖိုးပလံရှက်သွားပါတယ်၊

“အဘွားနာမည်ဘယ်လိုခေါ်ပါသလဲ”

“ဖိုးပလံရဲ့အဘွားပေါ့”

“တကယ် .. အဘွား” ဖိုးပလံမယုံသလိုမေးခွန်းထုတ်ပါတယ်၊၊

“အဘွားပုံပြင်တွေမပြောတတ်ပါဘူး၊ ပျော်စရာရွှင်စရာတောင် ကြံဖန်ပြီး ဘယ်တော့မှ မပြောဘူး”

“တော်လိုက်တဲ့အဘွား” ဖိုးပလံ ရယ်မောလိုက်ပါတယ်။

အမျိုးသမီးကြီးက ဖိုးပလံကို စကားတစ်ချို့ပြောတယ်၊ ဖိုးပလံနားမလည်နိုင်ပါဘူး၊ နောက်တော့ ဖိုးပလံကို ရေကန်လေးတစ်ခုထဲ ပစ်ထည့်လိုက်တယ်၊ ကန်ထဲမှာ ငါလေးတွေအများကြီးပဲ စုပြုံနေတာပဲ၊ ဖိုးပလံနားမှာ ၀ိုင်းနေကြတယ်၊ အဲဒီထဲက သုံးကောင် လေးကောင်လောက်က ဖိုးပလံရဲ့ ဦးခေါင်းနဲ့ လည်ပင်းအောက်ထဲကို တိုးဝင်ပြီး သန့်ရှင်းပေးကြတယ်၊ ကျန်တဲ့ငါးလေးတွေ အားလုံးက ဖိုးပလံတစ်ကိုယ်လုံးကို သူတို့ရဲ့ အမွှေးအတောင်လေးတွေနဲ့ ပွတ်တိုက်ကြတယ်၊ အဘွားကတော့ တစ်ချိန်လုံးစောင့်ကြည့်နေတယ်၊ ငါးလေးတွေ အကောင်ငါးဆယ်ကျော်လောက်ရှိမယ်ထင်တာပဲ၊ သူတို့က ဖိုးပလံကို မ ပြီး ရေကန်အပြင်ဘက်ရောက်အောင် တွန်းပို့ကြတယ်၊ အဘွားက လက်တစ်ဘက်ထဲနဲ့ ဖိုးပလံကို မယူလိုက်ပါတယ်၊ ပြီးတော့ မီးပုံဖိုထားတဲ့နေရာဆီခေါ်သွားတယ်၊ ပြီးတော့ အကောင်းတကာ့အကောင်းဆုံး ပိတ်သားရေလဲဝတ်စုံယူလားပေးတယ်၊ မြက်သင်းနံ့ရယ် လာဗင်ဒါရေမွှေးပန်းရယ် မွှေးနေတာပဲ၊ အစိမ်းရောင်အ၀တ်အစားပဲ၊ အဘွားလိုပဲ၊ အဘွားတောက်ပသလို ဖိုးပလံလည်းတောက်ပနေတယ်။

“ကျွန်တော် စီးစရာ ဖိနပ်တစ်စုံလောက်မပေးဘူးလား အဘွား” လို့ ဖိုးပလံကမေးလိုက်ပါတယ်၊

“ဟင့်အင်း၊ ကလေးရယ်၊ ဘာဖိနပ်မှ မရှိဘူးကွယ်၊ ကြည့်လေ အဘွားမှာလည်း ဖိနပ်မရှိဘူး”  အမျိုးသမီးကြီးက ဂါဝန်စိမ်းလေးမကာ ဖြေတယ်။

ပြီးတော့ဖိုးပလံကို ခေါင်းဖီးပေးတယ်၊ သစ်လုံးနံရံအကွက်လေးတွေအများကြီးပဲရှိနေတယ်၊ ပထမနံရံအကွက်လေးထဲ လက်နိုက်လိုက်တော့ မွှေးပျံ့နေတဲ့ပေါင်မုန့်အိအိကြီးတစ်ခုပါလာတယ်၊ ဖိုးပလံကိုပေးတယ်၊ နောက်နံရံကွက်လေးထဲနှိုက်တယ်၊ နွားနို့ခွက် အကြီးကြီးပဲ ရပြန်တယ်၊ ဖိုးပလံကိုပေးတယ်၊ နောက်ထပ်နံရံကွက်တစ်ခုဆီ လက်ကိုဆန့်တန်းပြီး နှိုက်လိုက်တဲ့အခါ အသီးအနှံတွေ မျိုးစုံ အများကြီးပဲ ပါလာပြန်တယ်၊ ဖိုးပလံကို ပဲ အကုန်လုံးပေးပါတယ်။

ပြီးတော့ ဖိုးပလံလက်ထဲမှာ တချိန်လုံးကိုင်ထားတဲ့ ရွှေသော့လေးကို မေးတယ်။
“ဖိုးပလံလေး လက်ထဲကဟာ ဘာလေးလဲကွယ်”

“ရွှေသော့ပါ၊ ဒါပေမဲ့ ဘာအတွက်လည်းကျွန်တော်မသိဘူး၊ သော့အိမ်ကိုလည်းရှာမတွေ့ပါဘူး အဘွားရယ်၊ အဘွားသိရင်ပြောပြပေးပါလား”

“သော့အိမ်ရှာရမှာပေါ့၊ အဲဒါ ဖိုးပလံအလုပ်ပဲလေ၊ အဘွားမကူညီနိုင်ပါဘူးကွယ်၊ ကလေး ရှာရင် .. တွေ့မှာပဲ အဘွား ဒီလောက်ပဲပြောနိုင်တယ်၊ အဘိုးပင်လယ်နဲ့ တွေ့ကြည့်ပါ၊ သူက အဘွားထက်အသက်ကြီးတော့ သူပြောပြနိုင်မှာပဲ”

“အခုပဲ သွားလို့ရမလား အဘွား”

“မရဘူး ဖိုးပလံလေး၊ ဒီညတော့ နားပါဦးလေ”

မနက်စောစောမှာတေ့ အမျိုးသမီးကြီးရဲ့ သစ်လုံးအိမ်လေးက ဖိုးပလံထွက်ခွာခဲ့ပါတယ်၊ သူ စိတ်မကောင်းဖြစ်နေလိုက်သေးတယ်၊ ချောမောလှပတဲ့အမျိုးသမီးကြီးက “ဖိုးပလံ ဒီက ထွက်ခွာသွားပစေဦးတော့၊ အဘွားက မင်းရဲ့အမြဲတမ်းအဘွားဖြစ်နေတာပဲလေ၊ ကလေး .. သွားရမှာပဲလေ” လို့ ဖြည်းဖြည်းလေး စကားဆိုရင်းနှုတ်ဆက်ခဲ့ပါတယ်။

ဖိုးပလံလည်း တောလမ်းလေးအတိုင်းပဲ လျှောက်လာခဲ့တယ်၊ တောနက်ထဲကို နက်သနက် နက်အောင် တိုးဝင်ရတာပါပဲ၊ အဘွားကတော့ ဒီလမ်းက အမှန်ပဲလို့ပြောခဲ့သားပဲ၊ လမ်းတလျှောက်မှာ တောနက်ထဲက တိရစ္ဆာန်လေးတွေအချင်းချင်း စကားဆိုပုံတွေ နားထောင်သွားရတာ မဆုံးနိုင်တဲ့ အပန်းဖြေဥယျာဉ်ကြီးထဲလျှောက်သွားနေရသလိုပဲ၊ သိပ်မကြာပါဘူး၊ ဖိုးပလံလည်း သူတို့ စကားသံတွေကို သင်ကြားလာနိုင်တယ်၊ သင်တို့ပြောတဲ့စကားတွေကို နားလည်လာပြီး ဖိုးပလံကလည်း မေးခွန်းထုတ်တတ်လာတယ်၊ ရှဥ့်လေးတွေက သိပ်ကို ဖော်ရွေတာပဲ၊ မေးသမျှဖြေတယ်၊ မမေးပဲနဲ့တောင် တကျီကျီရှင်းပြနေတတ်သေးတယ်၊ သူတို့ရဲ့အသိုက်ထဲမှာ သိုမှီးထားတဲ့ သစ်စေ့တွေ ဖိုးပလံကို တစ်ခုပြီးတစ်ခု ထုတ်ကျွေးတယ်၊ တ၀ီဝီပျံနေတဲ့ ပျားတွေလည်းတွေ့တယ်၊ ပျားတွေကတော့ သိပ်ကို တကိုယ်ကောင်းဆန်တာပဲ၊ ပတ်ဝန်းကျင်တစ်ခုလုံး သူတို့ကအလုပ်အများဆုံးလို ဟန်ဆောင်နေကြတယ်၊ တချိန်လုံး အလုပ် အလုပ် အလုပ် .. လုပ်ရမှာတွေများလိုက်တာလို့ တဂျီဂျီညီးညူနေကြတယ်၊ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး၊ သူ့တို့ရဲ့ ဘုရင်မကြီးကိုပဲ ဂရုစိုက်ကြတယ်၊ ပျားဘုရင်မကြီးမျက်နှာသာ တကမ္ဘာထင်ကြတယ်၊ သူတို့ အချင်းချင်းပြုံးရယ်ချိုသာ စကားဆိုကြပေမဲ့ ဖိုးပလံနဲ့ တခြားအကောင်လေးတွေ တွေ့လိုက်တာနဲ့ မျက်နှာတွေက မာကျောသွားကြတယ်၊ “စကားမဆိုအားဘူးဟေ့” လို့ ပဲ ပြောတတ်ကြတယ်၊ ရယ်စရာတော့ကောင်းသားပဲ။

ဖိုးပလံလျှောက်လာရင်း ချက်ချင်းဆိုသလိုပဲ သစ်ပင်တွေဟာ သေးသည်ထက်သေးလာတယ်၊ သစ်ပင်တွေဟာ နည်းသည်ထက်နည်းလာတယ်၊ မြင်မြင်သမျှ သစ်ပင်တွေနဲ့ ပြည့်နေတဲ့မြင်ကွင်းထဲကနေ သစ်ပင်တွေ ပျောက်ကုန်ကြတယ်၊ သစ်ပင်တွေအားလုံး ဖိုးပလံ ကျောဘက်မှာ ကျန်ခဲ့ကြပြီ၊ နောက်တော့ကုန်းမြေမြင့်မြင့်လေးပေါ်သူလျှောက်လာတယ်၊ လမ်းကျဉ်းလေးမှာ ဘေးနှစ်ဘက်က ကျောက်သားနံရံကြီးဖြစ်လာတော့တယ်၊ ပြီးတော့ ဘွားကနဲ ဖရိုဖရဲ တံခါးပေါက်တစ်ခု ကျောက်ဆောင်နှစ်ခုကြား လမ်းကျဉ်းလေးအဆုံးမှာ ပေါ်လာပါတယ်၊ ဖိုးပလံ နောက်ပြန်မလှည့်လိုဘူး၊ ကျောက်သားနံရံထဲ ဖောက်ဝင်သွားတဲ့ တံခါးပေါက်လေးပဲ ရှိနေတော့တယ်၊ အမှောင်ကနက်သည်ထက် နက်လာတယ်၊ နောက်ဆုံးပိမ်းပိတ်အောင်မှောင်သွားပါပြီ၊ ဖိုးပလံကတော့ ဒါကလမ်းမှန်ပါပဲလို့ ခံစားမိနေတုန်းပဲ၊ နောက်တော့ အလင်းလေးတစ်စ ဖွဖွလေးတိုးထွက်လာတယ်၊ အလင်းရောင်လေးပြန်ရပြီ၊ ဟုတ်ပါတယ်၊ ဒါဟာလမ်းမှန်ပဲလို့ ဖိုးပလံ ကိုယ့်ဘာသာအားပေးပါတယ်၊ အလင်းလေးဆီ ဆက်လျှောက်တဲ့အခါ ကွေ့ကွေ့ကောက်ကောက်လမ်းသွယ်လေးတွေ့တယ်၊ နားထဲမှာ ရေစီးသံတွေလို ကြားနေရပါတယ်၊ လမ်းသွယ်လေးရဲ့အဆုံးမှာတော့ မျက်စေ့တဆုံး ကျယ်ပြောလှတဲ့ လွင်ပြင်အကျယ်ကြီးပဲ ဖိုးပလံတွေ့လိုက်ရပါပြီ၊ သူ့ရဲ့ ခြေထောက်အစုံကို ငုံ့ကြည့်မိတော့ ဖိုးပလံရပ်နေတာက ချွန်ထက်ပြီး အပြာရောင်လဲ့နေတဲ့ ရေခဲတောင်ကုန်းလေးရဲ့ထိပ်ပိုင်းမှာ၊ သူ နောက်ပြန်လှည့်ရမှာတဲ့လား၊ ရှေ့ကိုလည်း လှမ်းရမှာက အခက်သား။

 “အား  ... အမလေးဗျာ”  ဖိုးပလံ တောင်ကုန်းထိပ်လေးက ခြေချော်ပြီး ကျပြီ၊ အိုး ဟိုး .. မဆိုးပါဘူး၊ ဖိုးပလံကိုယ်က အလေးချိန်မဲ့နေသလို၊ ရေထဲမှာ ကူးခတ်နေရသလိုပဲ၊ ဒီလိုနဲ့ပဲ လွင်ပြင်ကျယ်ကြီးဆီ ကိုယ်ကိုစီးမြောလို့ရလာတယ်၊ ပတ်ဝန်းကျင်မှာ အရောင်ဖျော့ဖျော့ ကျောက်တုံးလေးတွေအများကြီးပဲ၊ တစ်ခါမှ မမြင်မတွေ့ဖူးခဲ့တဲ့ နေရာမျိုးပဲ၊ လွင်ပြင်ကြီးရဲ့ နေရာတိုင်းမှာ အရိပ်တွေပြည့်နေတယ်၊ သစ်ရွက်တွေရဲ့ အရိပ်တွေရှိတယ်၊ အားလုံးက သိပ်လှတာပဲ၊ သစ်ရွက်တွေရဲ့ ပုံစံတွေက ထူးခြားလှတယ်၊ သူတို့လှုပ်ရှားနေပုံက ခေါက်တုံခေါက်ပြန်ပဲ၊ လေညင်းတိုက်ခတ်တဲ့အခါ သစ်ရွက်တွေက တုန်တုန်ရီရီဖြစ်လာကြတယ်၊ ပတ်ဝန်းကျင်မှာ ဘာသစ်တောမှမရှိဘူး ဘာတောတောင်မှ မရှိဘူး၊ သစ်ရွက်တွေရယ် သစ်ကိုင်းတွေရယ်၊ သစ်ပင်တွေရဲ့ ပင်စည် အရိပ်တွေကတော့ ပြည့်နေတာပဲ၊ တကယ့်အပင်တွေအကိုင်းတွေရှိမနေပဲ အရိပ်တွေပဲပြည့်နေတော့တယ်၊ ငါးကလေးတွေက ဖိုးပလံရဲ့ ဘေးနားက ဖြတ်ပြေးသွားကြတယ်၊ တချို့ငါးလေးတွေက ဖိုးပလံကို စကားဆိုတယ်၊ နှုတ်ဆက်ကြတယ်၊ တချို့ငါးတွေကတော့ ဖိုးပလံကို မြင်တာနဲ့ သူတို့ရဲ့ ပါးစပ်တွေကို ဂငယ်ပုံတိတိကျကျရအောင် မဲ့ပြကြသေးရဲ့၊ ဖိုးပလံ က “အဘိုးပင်လယ် ကိုတွေ့လား၊ သူ ဘယ်မှာလဲဗျာ” လို့ မေးလိုက်တာနဲ့ သူတို့ရဲ့မျက်လုံးတွေကို အကြီးကြီးပဲ ပြူးပြကြတယ်၊ “သိဘူးဟေ့” လို့ ဆောင့်ကြီးအောင့်ကြီးဖြေကြတယ်၊ သစ်ရွက်အရိပ်တွေ အထူထပ်ဆုံးနေရာ၊ သစ်ပင်ကြီးရဲ့အရိပ်အောက်မှာ ဖိုးပလံထိုင်ချလိုက်ပါတယ်၊ သစ်ပင်ကြီးရဲ့ အရိပ်ကြီးက လှုပ်ခါခါဖြစ်လာပြီး သစ်ခေါင်းပုံအရိပ်ကြီးပေါ်လာပြန်ရော၊ သစ်ခေါင်ထဲမှာ ဦးခေါင်းရိပ်တစ်ခု၊ အိုး .. အရိပ်မဟုတ်ဘူးဗျို့၊ တကယ့်ဦးခေါင်းကြီး၊ ဦးခေါင်းကြီးကပြောတယ်၊

“ဟီဟီ .. လူကလေး ငါ့ကိုများ ရှာနေသလားကွယ်”

“အဘိုးပင်လယ်လားပဲ”

“ဟုတ်တယ်လေ၊ ငါပေါ့”  ဦးခေါင်းကြီးက ပြုံးဖြီးဖြီးဖြေတယ်၊

ဖိုးပလံမေးကြည့်မှဖြစ်မယ်၊
“အဘိုးပင်လယ် .. ဒီအရိပ်တွေ ဘယ်နေရာကစပြီးပေါ်လာတာလဲဗျ၊ ဒီအရိပ်တွေထွက်ပေါ်လာတဲ့ နေရာရောက်ရင် ကျွန်တော့်အတွက် သော့အိမ်တွေ့မှာပဲ”

“ဟိုး ဟိုး ရွှေသော့လေးပါလားဟေ့၊ ငါ က အသက်ငယ်သေးတယ်၊ ငါ့ထက်အသက်ကြီးတဲ့ အဘိုးမြေကြီးကို မေးချည်ကွဲ့၊ ဒီအရိပ်တွေ ပျောက်သွားတဲ့နေရာဆို သူ့ကိုတွေ့လိုက်မယ်၊ အဲ ပျောက်တဲ့နေရာလား၊ ကလေးပြောတဲ့ စပြီးထွက်ပေါ်တဲ့နေရာလားတော့ မသိဘူးဟေ့၊ အရိပ်တွေမရှိတဲ့နေရာပဲ၊ ရှာတွေ့မှာပါကွယ်၊ ကဲ .. သွားချည်ဦး” လို့ ဖြေတယ်။

ဖြေပြီးတာနဲ့ ဦးခေါင်းကြီးဟာ သစ်ခေါင်းအရိပ်ကြီးထဲ စွပ်ကနဲ ပြန်ဝင်သွားလိုက်တာ သစ်ခေါင်းရိပ်ပါပျောက်သွားပါတယ်၊ သစ်ပင်အရိပ်ကြီးကတော့ ခဲသားရောင်ကြီး လှုပ်တုပ်တုပ်ကြီး ရှိနေတုန်းပဲ၊ ဒါနဲ့ ဖိုးပလံလည်း မနားနိုင်ဘူး၊ အခုထိ သူလမ်းမှန်နေတုန်းပဲ ဆိုတာ သူ့ဘာသာသိနေတယ်၊ ဆက်ပြီးလျှောက်တယ် အရိပ်တွေဆုံးတဲ့ နေရာလား အရိပ်တွေစတဲ့နေရာလား၊ အဘိုးပင်လယ်ပြောတာတော့ အရိပ်တွေမရှိတော့တဲ့နေရာတဲ့၊ ဒီလိုနဲ့ လျှောက်ရပြန်တယ်၊ ရွှေသော့လေးရဲ့အရောင်ကလဲ အရိပ်ညိုကြီးတွေကြားမှာ လက်နေတာပဲ၊ အရိပ်တွေကလည်း မျက်စိတဆုံးရှိနေတုန်းပဲ၊ အရိပ်တွေ ပြည့်သိပ်လာပြီး အမှောင်ကပိုလာတယ်၊ ဒါဆို ဖိုးပလံသိနေပြီ၊ နောက်အဆန်းတစ်ခုခုတော့တွေ့ရတာ့မှာပဲ၊ သူ့မျက်လုံးတွေကို အသစ်အဆန်းကို ကြည့်ဖို့ အသင့်ပြင်ထားလိုက်တယ်၊ မဟုတ်ရင် သူက မလန့်ရင်တောင် မျက်စိတွေကလန့်ပြီး ကမောက်ကမဖြစ်ကုန်ဦးမယ်၊ ဖိုးပလံတွေးထားသလိုပါပဲ အမှောင်တွေတစ်ဖန် ပြန်လျော့ကျလာပြီးတဲ့အခါ အရိပ်တွေကျဲပါးလာပြီ၊ ဟိုဝေးဝေးမှာ တောင်ကုန်းလေးတွေ တွေ့နေရပြီ၊ တောင်ကုန်းတွေကိုအဝေးကကြည့်ရတဲ့အခါ လူ့ဘီလူးကြီးတစ်ကောင်ပက်လက်လှန် လှဲအိပ်နေသလိုပဲ၊ ဒါပေမဲ့လေ .. ဗိုက်သားနေရာမှာတော့ ချိုင့်ခွက်နေလိုက်တာ၊ ရင်အုပ်နေရာကြီးက မောက်မောက်ကြီး၊ အသက်ပြင်းပြင်းရှုနေတဲ့ ပိန်သေးကျုံလှီ လူဘီလူးကြီးပေါ့၊ ဖိုးပလံ ဦးခေါင်းပုံစံတောင်ကုန်းလေးဆီ လျှောက်သွားလိုက်တယ်၊ အဲဒီနားမှာ လှေကားထစ်လေးပုံစံ မြေသားဖြူဖြူလေးကို သူအဝေးကြီးကတည်းက တွေ့ထားခဲ့တာကိုး၊ ပြောရရင် လူဘီလူးပိန်ပိန်ကြီး သွားရည်တွေ တမြှားမြှားကျနေသလိုပုံစံမျိုးကြီးပါ၊ မြေသားဖြူဖြူလမ်းလေးအတိုင်း ကုန်းမြေလေးပေါ်တက်လာခဲ့တယ်၊ တကယ်ပါပဲ မျက်နှာပုံစံ အခွက် အချိုင့်တွေနဲ့ မျက်လုံးနေရာတွေမှာလည်း အချိုင့်ကြီးနှစ်ခုက ထင်းနေတာပဲ၊ အဲဒီနားမှာ လူတစ်ယောက် ကုန်းကွကွကြီး ချိုင့်ခွက်ထဲကို ဘာတွေမှန်းမသိ တစ်ခုပြီးတစ်ခုပစ်ချနေတာတွေ့လိုက်ရတယ်၊ ဖိုးပလံ အနားတိုးသွားပါတယ်၊ အဲဒီလူက အဘိုးပင်လယ်ထက် အများကြီးငယ်ပုံပါပဲ ..

“ဟို .. အဘိုးမြေကြီးကိုများ သိမလားဗျာ”

“ငါလေ .. ငါပေါ့ .. အခု အပင်စိုက်နေတဲ့လူကြီး ငါက အဘိုးမြေကြီးပေါ့ကွယ်”

“အော် အဲဒါ အပင်စိုက်နေတာလားပဲ .. ကျွန်တော်က ခဲတွေနဲ့ ပစ် ပစ် ချ နေတယ်ထင်လို့”

“အိုကွယ် .. မြေသားတွေအားလုံးအတွက် လိုအပ်တဲ့ သစ်စေ့တွေ ဒီနေရာကို ထည့်ပေးရတယ်လေ၊ ပြောပါလေ .. ဘာကြောင့်များ ငါ့ကိုတွေ့ချင်ရတာတုန်း”

“အဘိုးက အဘိုးနဲ့လည်း မတူဘူး၊ အဘိုးပင်လယ်ကပြောတယ်၊ အဘိုးမြေကြီးက ပိုပြီးအသက်ကြီးတယ်တဲ့ ကျွန်တော့်ရွှေသော့နဲ့ ဖွင့်ရမယ့် သော့အိမ် သိမယ်ဆိုပဲ၊ ဒါပေမဲ့ အဘိုးက ပိုပြီးနုပျိုနေပါလား”

“နုပျိုတာ အိုစာတာ ထားပါလေ၊ ငါက အဘိုးပင်လယ်ထက် အသက်ကြီးတာလည်းအမှန်ပါပဲ၊ ငါလည်း လူကလေး ရှာနေတဲ့ သော့အိမ် မသိဘူးကွယ်”

“အဲ .. အဘိုးမီးလျှံ ကို မေးကြည့်ရင် သိမှာပဲ၊ သူ့ကို မေးချည်ကွဲ့၊ ကဲလာ ဟောဒီ ပါးစပ်အသူရာလိုဏ်ထဲကို ၀င်သွားပါလေ၊ အဲဒီလိုဏ်ခေါင်းထဲမှာ စမ်းချောင်းလေးတွေ့လိမ့်မယ်၊ အဲဒီ စမ်းချောင်းလေးအတိုင်းသာ စုန်ဆင်းသွားရင် သူ့ကို တွေ့မှာ အသေအချာပဲ၊”
အဘိုးမြေကြီးဆိုသူက ဖြေပါတယ်၊

ဖိုးပလံလည်း အချိန်မဆိုင်းချင်တော့ဘူး၊ အဘိုးမြေကြီးပြတဲ့ ပါးစပ်ပုံစံ လှိုဏ်ခေါင်းကြီးထဲ ဆင်းလာခဲ့ပါတယ်။

“အိုး လူကလေးရေ နေဦးကွဲ့၊ လာပါဦး”
ဖိုးပလံကို ခေါ်နေပြန်တယ်၊ ဒါနဲ့ အဘိုးမြေကြီးဆီသွားလိုက်တော့ မြေကြီးခဲတွေ အချို့ကို ကောက်ကိုင်ပြီး ဖိုးပလံရဲ့ လက်ဝါးထဲကိုထည့်ပေးပါတယ်၊ မြေကြီးခဲတွေက အေးစက်နေတာပါပဲ၊ ဖိုးပလံတစ်ကိုယ်လုံး သိမ့်ကနဲ နေအောင်ချမ်းစိမ့်သွားတယ်၊

“ကဲ ဒါဆို လူကလေး အပူဒါဏ်ခံနိုင်ကောင်းပါရဲ့၊ ကဲ သွား သွား” လို့ ဆိုတယ်။

ဖိုးပလံပါးစပ်အသူရာလှိုဏ်ခေါင်းထဲကို ဆင်းခဲ့ပါတယ်၊ အဘိုးမြေကြီးပြောတဲ့အတိုင်းပါပဲ တသွင်သွင်စီးနေတဲ့ စမ်းချောင်းလေးကိုတွေ့တယ်၊ သူလည်း စမ်းချောင်းလေးထဲကိုယ်ကိုစိမ်လိုက်ပြီး အသက်ရှုအောင့်လို့ ရေစီးလေးအတိုင်း မျှောချကြည့်တယ်၊ သူအတန်ကြာ မျောနေခဲ့ပြီးတဲ့နောက် ရေက ပိုလို့ ပိုလို့ တိမ်လာတယ်၊ လှိုဏ်ခေါင်းနံရံတွေဆီက အပူလှိုင်းတွေဟပ်လာလိုက်တာ တော်တော့ကိုပူလာပြီ၊ ဖိုးပလံ ဦးခေါင်းကို ရေထဲစိမ်နှစ်ပြီး ကူးခတ်ကြည့်တယ်၊ တစ်ကိုယ်လုံးရေထဲကနေ မထွက်ရဲတော့ဘူး၊ ဒါပေမဲ့လည်း မရတော့ဘူး၊ ရေက တိမ်သည်ထက်တိမ်လာပြီ၊ ဘယ်လိုနှစ်နှစ် ကိုယ်က ရေပေါ်မှာပဲ ရေက အတိမ်ဆုံးနေရာရောက်တော့ ဆက်ပြီး ကူးခတ်လို့လည်းမရတော့ပါဘူး၊ ဒါနဲ့ပဲ စမ်းချောင်းလေးထဲက ထွက်လိုက်ရတော့တယ်၊ စမ်းချောင်းဘေးမြေကြီးကလည်း ပူလိုက်တာ၊ လှိုဏ်ခေါင်းအ၀တစ်ခုတွေ့တာနဲ့ အဲဒီကို အမြန်ပြေးပါတယ်၊ လှိုဏ်ခေါင်းအပြင်မှာတော့ အပူဒါဏ်က သိပ်အဆိုးကြီးမဟုတ်တော့ဘူး၊ အပူငွေ့တွေက ဖိုးပလံအနားမလာနိုင်တော့ပါဘူး၊ ကျောက်တုံးအနားမှာ ကလေးငယ်တစ်ဦး ရောင်စုံကျောက်တုံးလေးတွေကိုချိတ်ဆက်ပြီး ဆော့ကစားနေပါတယ်၊ အရောင်မျိုးစုံကျောက်တုံးလေးတွေကို အမျိုးမျိုးရွှေ့ပြီး အရောင်တွေကို စပ်နေတယ်၊ ကျောက်တုံးလေးတွေ ဟိုဘက်ပို့လိုက် ဒီဘက်ပြန်ရွှေ့လိုက်၊ အရောင်လေးတွေလှမလှ ကြည့်ပြီး ဆော့ကစားနေပုံပါပဲ၊ ကလေးငယ်လေးက အင်မတန်ချောမောလှပတယ်၊

“ဖိုးပလံက မေးပါတယ် ကလေးရေ .. အဘိုးမီးလျှံကိုရှာနေပါတယ်၊ သူ့ကို တွေ့ရမှဖြစ်မယ်၊ ကလေး ပြောပြပါလား”

ကလေးငယ်က ချစ်စဖွယ် ပါးချိုင့်လေးတွေ ခွက်နေအောင်ပြုံးရယ်ပါတယ်၊ ပြီးမှ

“အဘိုးမီးလျှံက ကျုပ်ပဲပေါ့”

“ဟာ”  ဖိုးပလံ ဘာဆက်ပြောရမှန်းမသိ တအံတသြကြီးပဲ ကြည့်နေမိတယ်၊ ကလေးငယ်က “သော့အိမ်က ဒီမှာပဲ”

အဘိုးမီးလျှံလို့ ဆိုတဲ့ ကလေးငယ်လေးပြတဲ့ နေရာကို ကြည့်လိုက်တော့ ခုနက ရောင်စုံကျောက်တုံးလေးတွေက ဘေးကကျောက်တုံးနံရံဆီမှာ လှလှပပ အရောင်လေးတွေအတိုင်း သော့အိမ်လေးတစ်ခုပုံစံဖြစ်နေပါပြီ၊
“ဆန်းလိုက်တာ”
ဖိုးပလံ ရေရွတ်မိတယ်၊ နောက်တော့ ဖိုးပလံရဲ့ ရွှေရောင်သော့လေးကို တပ်ပြီး လှည့်လိုက်တဲ့အခါ လှပတဲ့ ရောင်စဉ်တွေဖြာပြီး အလင်းတိုင်တွေထွက်လာတယ်၊ အလင်းတိုင်တွေက သက်တံကြီးရဲ့ အရောင်တွေအတိုင်းပဲ၊ မရမ်းရောင်၊ အပြာရောင်၊ အပြာနု၊ အစိမ်း၊ အ၀ါ၊ လိမ္မော်ရောင် နဲ့ အပြင်ဘက်ဆုံးကအနီရောင်၊ ခမ်းနားလှပတဲ့ အလင်းတိုင်တွေနောက်က အမျိုးသမီးတစ်ယောက် ခုန်ထွက်လာပါတယ်၊ အဲဒါ ... ခခ .. ခခပေါ့။
ခခ လို့ ဖိုးပလံ သိလိုက်ပေမဲ့ တကယ့် အမျိုးသမီးအရွယ်၊ အရွယ်ရောက်နေတဲ့ မိန်းမချော၊ မိန်းမလှလေးအရွယ်ပဲ၊ ဖိုးပလံလည်း သူ့ရဲ့လက်အစုံကိုဖြန့်ကြည့်လိုက်တယ်၊ သူ ခရီးတွေထွက်လိုက်ရတာ အတော်အတန် အိုမင်းသွားခဲ့ပြီကိုး။

“ခခ .. နင် သိပ်လှတာပဲ” လို့ ဖိုးပလံ အလန့်တကြားရေရွတ်တော့ ခခ က ဟက်ဟက်ပက်ပက်ရယ်မောပါတယ်၊ သူတို့ သက်တံအလင်းတိုင်တွေရဲ့ခြေရင်းမှာရောက်နေခဲ့ပြီ၊ အလင်းတိုင်တွေ ပေါ်ကို ခြေလှမ်းတစ်လှမ်းစီလှမ်းတက်ခဲ့ကြပါတယ်၊ သူတို့ ပိုပိုပြီး အမြင့်ကို ရောက်လာတဲ့အခါ သူတို့လိုပဲ သက်တံကြီးပေါ်ကို လူတွေ အများကြီးပဲ တက်လာနေကြတယ်၊ အထက်မှာ တက်နေကြတဲ့သူတွေ၊ အောက်ဘက်တွေမှာ အခုမှ လှမ်းတက်လာတဲ့ သူတွေ အများကြီးပါပဲ၊ အားလုံးက ပျော်ရွှင်နေကြပါတယ်၊ အားလုံးပဲပြုံးရယ်နေကြတယ်၊
သုတ်ကနဲ တိုက်ခတ်လိုက်တဲ့ လေညှင်းလေးကလည်း အေးမြမြလေး ဖိုးပလံတို့လည်း ကမ္ဘာတစ်ခုဆီကို တက်ရမယ့် လမ်းပေါ်ကိုရောက်လို့နေကြပြီ။

No comments: