Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, November 22, 2010

သံလိုက်စက်ကွင်းထဲက ပျော်ရွှင်ကျန်းမာ .. ကျုပ်ရဲ့ လူးဘာ

ဒီရက်ပိုင်း လူးဘာနဲ့ မတွေ့ရတာ တော်တော့်ကိုကြာနေပြီ၊ မနေ့ကတော့ ကျုပ်ဆီ သူ ဖုန်းဆက်တယ်၊ တွေ့ကြပါစို့လို့ သူက ခေါ်တယ်၊ လူးဘာကတော့ ဘယ်တော့မဆို ပေါ့ပါးသွက်လက်နေတာပါပဲ၊ ဖုန်းထဲမှာလည်း သူ့အသံက ရွှင်လန်းတက်ကြွဆဲပဲ၊ ကျုပ်ကိုလည်း ခင်ခင်မင်မင်ရှိဆဲ၊ လူးဘာက ကျုပ်ကို အတော်ကြီးခင်ရှာတယ်၊ ကျုပ်တို့ အလုပ်တွေကိုယ်စီနဲ့ မအားလို့ မတွေ့ဖြစ်ကြရင်တောင် သူဘာလုပ်လုပ် ကျုပ်ဆီဖုန်းဆက်ပြီးစီကာပတ်ကုံး ပြောပြောနေတော့တာ၊ သူ့ အမျိုးသမီးဆုံးသွားပြီး နောက်တစ်နှစ်မပြည့်ခင် မိန်းမထပ်ယူတော့မယ်ဆိုတော့လည်း ကျုပ်ကိုအရင်ဆုံးပြောပြတာပဲ၊ တိုင်ပင်တာတော့ မဟုတ်ချေဘူး၊ အသိပေးရုံပဲ၊ သူက သူ့စိတ်နဲ့ သူ့ဘာသာ သွက်သွက်လက်လက် ဆုံးဖြတ်တတ်တဲ့သူမျိုး၊ သူ့ရဲ့ ကျန်းမာရေးလည်း အရိပ်တကြည့်ကြည့်နဲ့ အတော့်ကိုဂရုစိုက်တာ၊ Mala Krsna ရွာက Najdan circles မှာ မိနစ်၂၀လောက်ရပ်ရင် လေဖြတ်တာပျောက်တယ်၊ အကြောအခြင်တွေကိုက်ခဲတာ၊ အဖျားအနာတွေအတော်များများ ပျောက်ကင်းချမ်းသာနိုင်တယ်၊ အဲဒီရွာက စက်ဝိုင်းတွေမှာ ကမ္ဘာမှာ အမဓါတ်ရောင်ခြည် အပြင်းဆုံးနေရာဆိုပဲ၊ တစ်ခါရပ်ပြီးရင် လိုအပ်မယ်ထင်ရင် နောက်နှစ်ပတ်အကြာ ပြန်ရပ်လို့ရတယ်၊ ကိုယ့်အလှည့်ကျဖို့ကို နှစ်ရက်လောက် တန်းစီစောင့်ရသေးတယ်တဲ့၊ သတင်းတွေမှာပါလာတာနဲ့ သူ .. အဲဒီ ရွာကိုသွားဖို့ စုံစမ်းပြီးပြီ၊ ပြီးတော့ ခပ်မြန်မြန်လေး အဲဒီဓါတ်ရောင်ခြည်စက်ဝိုင်းတွေမှာ သွားရပ်တော့တာပဲ၊ ကျုပ်ကတော့ သူ့လောက်မသွက်နိုင်ဘူး၊ ကျုပ်လို နှလုံးထဲ pacemaker ထည့်ထားရတဲ့သူကလည်း အဲဒီနေရာမှာရပ်လို့ မဖြစ်ဘူးတဲ့၊ pacemaker တပ်မထားတောင် သူ့လို အထူးအဆန်းတယ်လည်း စိတ်မ၀င်စားလှပါဘူး၊ ကျုပ်ရဲ့ နေ့တွေတိုင်းက ရိုးရိုးစင်းစင်းပဲ ကုန်ဆုံးသွားတာ၊ စားတဲ့အစားအစာ၊ ၀တ်တဲ့အ၀တ်အစား၊ ဖတ်တဲ့သတင်းစာ၊ နားထောင်တဲ့ သတင်းလိုင်း၊ ကျုပ်အိမ်ကိုလာလည်တဲ့ မိတ်ဆွေ၊ ကျုပ်ကသွားလည်တတ်တဲ့မိတ်ဆွေ၊ မနက်မိုးလင်းလာတာနဲ့ ပြောဖြစ်တဲ့စကားတွေ တစ်နေ့နဲ့ တစ်နေ့ အတူတူပဲ၊ ဘာမှကိုမကွဲပြားတာ၊ မိုးလင်းတာနဲ့"ကောင်းသောမနက်ခင်းပါ" ဆိုတဲ့ နှုတ်ဆက်စကားကအစ ညအိပ်ရာဝင်ခါနီး "ကောင်းသောညပါ" ဆိုတဲ့ စကားအဆုံး တစ်နေ့တစ်နေ့ပြောဖြစ်တဲ့ စကားလုံးတွေက အဟုတ်ကိုပဲ သိပ်မကွာလှဘူး၊ ယုတ်စွအဆုံး ကျုပ်ရဲ့မိန်းမ၊ သူနဲ့တောင် အိုအောင်မင်းအောင်၊ တကယ့်ကို ရိုးမြေကျပေါင်းရတော့မှာဗျို့၊ ကျုပ်မိန်းမ မာရီယာကလည်း ကျန်းမာလိုက်တာမှ ခေါင်းကိုက်နှာစေးတောင် အင်မတန်ဖြစ်ခဲတတ်တာကိုး၊ ကျုပ်ကမှ နှလုံးမကောင်းလို့ တစ်တစ်တောက်တောက် စက်လေး ထည့်ထားရတာကလား၊ အဲဒီတော့ လူးဘာလို နောက်မိန်းမလေး အပြောင်းအလဲလေးဖြစ်ဖြစ် ယူဖို့ ဘယ်လိုမှ အခွင့်မသာခဲ့ဘူး၊ ဒီလိုနဲ့ပဲ ရိုးရိုးစင်းစင်းနေ့ရက်တွေထဲ ကျုပ် ... မိန်းမအဟောင်းနဲ့ တလှုပ်လှုပ် .. ခရီးဆက်နေရတုန်းပဲ။
ကျုပ်တို့ လူးဘာအိမ်ရှေ့ရောက်တယ် ဆိုတာနဲ့ သူက လမ်းမပေါ်မှာ ခြေကားယား လက်ကားယားရပ်လို့ ကြိုနေပြီ၊ "ဟေး .. မီလန် .. ငါ .. ဒီမှာဟေ့၊ လာဟေ့၊ လာကြဟေ့၊ ကားကို ဒီဘက်မှာရပ်၊ ဟိုဘက်ကို ခေါင်းတည်" လို့ ပြောပြောဆိုဆို ခရီးဦးကြိုပြုတယ်၊ ပြီးတော့ “ဘေးက ကားကို..." ဆိုပြီး လူးဘာက အသံနှိမ့်ပြီး ဆက်ပြောတယ်၊ "သတိထားဗျို့၊ ဒီကားက ဘေးအိမ်က ငဂျစ်တစ်ကောင်ရဲ့ကား တန်ဘိုးကြီးတယ်၊ ထိမိခိုက်မိရင်တော့ မလွယ်ဘူး၊ ပြာပြီသာမှတ်"  လို့ လမ်းသရဲစကားလုံးဆန်ဆန်လည်း သုံးနှူန်းသေးရဲ့၊ လူးဘာက အမြဲဒီလိုပါပဲ၊ ကျုပ် .. ခပ်ဖွဖွပြုံးလိုက်မိသေးတယ်၊ မာရီယာကတော့ တဟားဟားနဲ့ လူးဘာကို သဘောတွေကျနေတော့တာ၊ ကျုပ်တောင် မနာလိုဖြစ်မိတယ်၊ ကျုပ်နဲ့များဆို မာရီယာ ဒီလောက်ဟက်ဟက်ပက်ပက်ကြီးရယ်တာ မတွေ့ဖူးပါဘူးဗျာ၊ မိန်းမတွေများ အဲဒါခက်တာပဲ၊ အပြောသွက်သွက်၊ အလှမ်းသွက်သွက်ယောက်ျားများဆို အရည်လဲ့လဲ့ မျက်ဝန်းတွေနဲ့ မျက်စိတဆုံး လိုက်ကြည့်နေတတ်ကြတာ။

လူးဘာက ကျုပ်ပခုံးကို တင်းတင်းကျပ်ကျပ်ကြီးဖက်ပြီး သူ့ အိမ်ဆီဆွဲခေါ်တယ်၊ ကျုပ်မလည်း သူ့ လို့ လိုက်သွက်နိုင်အောင် မနည်း ကြိုးစားနေရတယ်၊ ကျုပ်က လှုပ်လှီလှုပ်လဲ့ရယ်၊ လမ်းကြားလေးကနေ သူ့အိမ်ဆီဝင်ရတယ်၊ ကျုပ်တို့လို့ ကွန်ဒိုတိုက်ခန်းမဟုတ်ဘူး၊ သူ့ ခြံလေးထဲမှာ ပန်းခြံလေးလည်းရှိတယ်၊ ကျုပ်တစ်ခေါက်တော့ရောက်ဖူးပါသေးတယ်၊ အခု အိမ်ကိုမွမ်းမံထားတယ်၊ အခန်းတွေ သူ့စိတ်ကြိုက် အတွေ့ဆုံးပုံစံပြင်ထားတယ်လို့ ဖုန်းထဲမှာပြောခဲ့သေးတယ်၊ ဟုတ်လည်းဟုတ်တယ်၊ လူးဘာက ဆိုဖာဆက်တီတွေကိုလည်း တစ်ပတ်တစ်ခါ လောက်ပြောင်းတတ်တယ်၊ တသမတ်တည်းဘယ်တော့မှ မထားဘူး၊ တစ်မျိုးတည်းကြာကြာမြင်ရရင် စိတ်ငြီးငွေ့ပြီး စိတ်ပျင်းတယ်ဆိုပဲ၊ သူပြောမှပဲ ကျုပ်လည်း စိတ်ပျင်းတယ်ဆိုတာကြားဖူးတော့တာ၊ သူကတော့ စိတ်ပျော်နေအောင် အမြဲ အသစ်အဆန်းလေးတွေနဲ့ လှုပ်ရှားနေရမှ ကျန်းမာသတဲ့၊ ကျုပ်ဆို ဘယ်လိုလုပ်မလည်း၊ ကျုပ်ဧည့်ခန်းမှာရှိတဲ့ ၀က်သစ်ချသား ဆက်တီအိုကြီးဆို မာရီယာ့အမေ၊ ကျုပ်ယောက္ခမကြီးရှိကတည်းက အဲဒီနေရာမှာပဲ ဒီပုံစံအတိုင်းပဲ အပုံလိုက်ကြီးချထားတာ၊ အခုလည်း ဒီလိုပဲ၊ နောက်လည်း ပြောင်းဖို့ အစီအစဉ်မရှိဘူး။

အိမ်ရှေ့ရောက်လို့ တံခါးလည်းဖွင့်ရော မတိုးမကျယ်သီချင်းသံနဲ့အတူ ခွေးလေးတစ်ကောင် ပြေးထွက်လာတယ်၊ အသံကလည်းစာနေတာပဲ၊ "၀ုတ် ၀ုတ်" တောင်မဟုတ်ဘူး အသံက"အုတ် အုတ်"  လို့ အသံသေးသေးလေးနဲ့ ဟောင်တယ်၊ ကျုပ်တို့ကိုနှုတ်ဆက်လိုက်တာ တစ်ကိုယ်လုံးကိုခါနေတာပဲကိုး၊ အဲဒီခွေးလေးခါလိုက်တိုင်း သူ့ကိုယ်သေးသေးလေးက အပေါ်ကိုမြောက်မြောက်တက်သွားသေးတာ၊ ခါလိုက် အပေါ်မြောက်တက်လိုက်နဲ့၊ ကျုပ်တို့ကိုယ်ပေါ်ကိုလည်း ခုန်တက်ဖို့ ကြိုးစားသေးတယ်၊ ခွေးမလေး နာမည်က လဲ့ရာ တဲ့၊ လူးဘာက သူ့မြင်ကွင်းမှာ ခပ်လှုပ်လှုပ် အရာတွေရှိမှ သဘောကျတာ အဲဒါကိုကြည့်ပါလား၊ ခပ်လှုပ်လှုပ် ခွေးတစ်ကောင်တော့မွေးထားလိုက်သေးတယ်၊ ကျုပ်မိန်းမ မာရီယာကတော့ ပြောပါရဲ့၊ ခွေးလေးမွေးရအောင် ကြောင်လေးမွေးရအောင်နဲ့၊ ပူဆာဖူးတယ်၊ ကျုပ်ကလည်း မျက်စိအင်မတန် နောက်တတ်တာ၊ မျက်စိထဲ လှုပ်လှုပ်တွေ မြင်နေရရင်ကို ဒေါသကထွက်လာတော့ မဖြစ်ဘူး၊ ကျုပ်စိတ်တိုရင် အမြီးကကိုင်ပြီး လွှင့်ပစ်မိမှာ၊ နှလုံးထဲထည့်ထားတဲ့ စက်လည်း ကျုပ်ကိုကယ်နိုင်မှာမဟုတ်ဘူး၊ ဒါနဲ့ပဲ ကျုပ်နှလုံးရောဂါထကြွမှာ စိုးရိမ်လို့ပဲလား၊ ခွေးတွေကြောင်တွေ အမြီးက ကိုင်ပေါက်လွှင့်ပစ်မှာ ကြောက်လို့လားတော့မသိဘူး၊ မာရီယာလည်း နောက်တော့ မပူဆာတော့ပါဘူး၊ အသံတိတ်သွားတယ်။

လူးဘာက အပြင်အဆင်ပြောင်းထားတဲ့ အခန်းတွေကိုလိုက်ပြတယ်၊ သစ်လွင်တောက်ပနေတာပါပဲ၊ အဘိုးကြီးတစ်ယောက်ပြင်ဆင်ထားတယ် လို့တောင် မထင်ရဘူး၊ နံရံမှာသုတ်ထားတဲ့ဆေးရောင်တွေကအစ၊ အသုံးအဆောင်တွေ၊ ပန်းချီကား၊ ပန်းအိုး၊ ဆက်တီအကုန်လုံး စတိုင်ကျကျ လတ်ဆတ်နေတာပဲ၊ သူ့အိမ်က နှစ်ထပ်အိမ်လေး၊ အပေါ်ထပ်ကိုလည်းလိုက်ပြတယ်၊ အဲဒီမှာ အခက်တွေ့တာပဲ၊ လူးဘာကတော့ လဲ့ရာကို ပွေ့ချီပြီး တဒုန်း ဒုန်းနဲ့ အိမ်ပေါ်ထပ်ကိုတက်သွားလိုက်တာ လူငယ်လေးတစ်ယောက်လို၊ ကျုပ်မှာ လက်တန်းကို ကိုင်ပြီး ကျုပ်ရဲ့နှလုံးကို အသာအယာချောမော့ပြီး လှုပ်လီလှုပ်လဲ့တက်ရတာ၊ သူကတော့ အိမ်ပေါ်ကနေ ပြုံးပြုံးကြီး ကျုပ်တို့ကို စီးမိုး ကြည့်နေလေရဲ့၊ မာရီယာလည်း လူးဘာလောက်တော့ မသွက်နိုင်ဘူး၊ မာရီယာ့ကိုယ်လုံးက ကျုပ်တို့လက်ထပ်ခါစကအချိန်က ကိုယ်လုံးထက် သုံးဆမကဘူး အချိုးအဆကွာခြားသွားပြီပဲကိုး၊ အပေါ်ထပ်မှာလည်း တစ်ခန်းဝင်တစ်ခန်းထွက် မနားတမ်း လိုက်ကြည့်ရတယ်၊ ကျုပ်လည်း.. ရောက်ကတည်းက ခုထိ နားနားနေနေမထိုင်ရသေးဘူး၊ လူးဘာ အိမ်အခင်းအကျင်းလိုက်ကြည့်နေရတာ အတော့်ကိုမောတယ်၊ နောက်တော့ အောက်ထပ်ကိုပြန်ဆင်း၊ အောက်ထပ် အ၀င် ပန်းခြံလေးရှေ့က ဆက်တီမှာထိုင်ကြတယ်၊ အမိုးမှာ မှန်ချပ်တွေတပ်ထားတယ်၊ အလင်းရောင်ကလည်းရ၊ နွေးနွေးထွေးထွေးနေလို့ထိုင်လို့ကောင်းတဲ့နေရာလေးပဲ၊ နေရာမှာ ငြိမ်ငြိမ်သက်သက်ထိုင်ကြမှပဲ လူးဘာကို သေချာကြည့်မိတော့တယ်၊ ဘောင်းဘီက ဒူးအထက်နားအထိအတို၊ တီရှပ်အရောင်လွင်လွင်၊ ရင်ဘတ်မှာ ဒီဇိုင်းလှလှနဲ့၊ အလို .. ခုမှ တွေ့မိရဲ့ .. လူးဘာက ငွေရောင်ရွှေရောင်စပ် လက်ကောက်နဲ့ပါလား၊ တော်တော်ဟုတ်တဲ့လူ၊ အဲ .. လည်ပင်းမှာလည်း ဆွဲကြိုး .. ဆွဲကြိုးလိုအပျော့လည်းမဟုတ်၊ လက်ကောက်လို အမာအကွင်းလိုက်၊ လည်ကောက်လို့ခေါ်ရမယ်၊ ဒါကိုလည်း ခပ်ကြီးကြီး ၀တ်ထားသေးတယ်၊ အသားအရည်ကလည်း ရွှန်းရွှန်းစိုစိုနဲ့ လူးဘာကြီးက အသက်သာကြီးရော၊ တကယ့်ကိုနုနုဖတ်ဖတ်ကြီးပဲ၊ ကျုပ်နဲ့များတော့ ကွာခြားပါပေ့၊ မာရီယာဆို တချိန်လုံး ပါးစပ်မပိတ်ဘူး၊ သူ့အသက်အရွယ်နဲ့မလိုက်အောင်ပဲ ခိုးခိုးခစ်ခစ်နဲ့ရယ်မောလို့ လူးဘာ ဘာပြောပြောသဘောအကျကြီး ကျနေတာများဗျာ .. ကျုပ်တောင်ကြည့်မရချင်တော့ဘူး။

"ကော်ဖီ လုပ်ဟေ့၊ ဘရန်ဒီလည်းလာ၊ ရှိတာအကုန်သာချ၊ ဘာဧည်ခံမှာလည်း၊ ဂေါ်ဒါနာရော လူးဘာ"

ကျုပ်လည်း ရှုသိုးသိုး မေးပစ်လိုက်တယ်၊ ဒီတော့မှ လူးဘာကြီး ပြူးပြူးပြာပြာ ကော်ဖီသွားနှပ်တယ်၊ ခပ်ကျယ်ကျယ်အော်ပြီး ပြောပြသေးတယ်၊ တဟီးဟီးနဲ့လည်းရယ်တယ်၊ ဂေါ်ဒါနာစိတ်ကောက်ပြီး သူ့သားအိမ်သွားနေတယ် တဲ့၊ အဲဒါပဲ ဂေါ်ဒါနာကိုလည်း အမြဲမြင်နေရတော့ ရိုးလာလို့ တမင်စိတ်မဆိုး ဆိုးအောင် လုပ်လွှတ်လိုက်တာနေမှာ၊ လူးဘာက ရေခဲသေတ္တာထဲကရှိသမျှ အသီးအနှံတွေယူချလာတယ်၊ ကျုပ်မှ အသီးအနှံမကြိုက်ပဲ၊ နောက်တော့ ကျုပ်အသီးအနှံ မကြိုက်တတ်တာ သူသတိရသွားပြီး အသားပြားတွေ၊ ကြက်ဥပြုတ်ခြမ်းတွေပါတဲ့ ပန်းကန်တွေဆွဲချလာတယ်၊ ကျုပ်လည်း စားတော့တာပဲ၊ လူးဘာကတော့ ကော်ဖီမသောက်ဘူး၊ ရေတစ်ခွက် ဖန်ခွက်ကြီးနဲ့ ယူလာတယ်၊ ပန်းသီးတစ်လုံး ဂျွတ်ကနဲ ကောက်ဝါးတယ်၊ ရေဖန်ခွက်ထဲကို ထိပ်ကအလုံးလေးနဲ့ စတီးတံတစ်ချောင်းထည့်မွှေနေတယ်၊ ပန်းသီဝါးနေရင်းနဲ့ "ဒါ သံလိုက်ချောင်းလေကွာ၊ ရေဖန်ခွက်ထဲကို ဒီသံလိုက်ချောင်း ၁၀ စက္ကန့်လောက်စိမ်ထား၊ မွှေချင်လည်းမွှေပေါ့၊ ပြီးမှ သောက်ရင် ရေထဲက ဓါတုဓါတ်တွေ လျှော့ချနိုင်တယ်၊ ရေအေးဖြစ်ဖြစ်၊ ရေနွေးနွေးဖြစ်ဖြစ်ရတယ်၊ ဆူနေတဲ့ရေတော့မသုံးရဘူး၊ သံလိုက်ဓါတ်ပျော်ဝင်နေတဲ့ရေကို သောက်ရင် သွေးလည်ပတ်မှုကောင်းပြီး အကိုက်အခဲတွေပျောက်၊ ကျန်းမာအသက်ရှည်တယ်ဟေ့" လို့ တဆက်တည်းရှင်းပြလိုက်သေးတယ်။

နားထဲမှာ လူးဘာဖွင့်ထားတဲ့ သီချင်းသံ သဲ့သဲ့ဝင်လာတယ်၊ သီချင်းနားထောင်ရတာ သီချင်းဆိုရတာလည်း အင်မတန်ကြိုက်တဲ့လူးဘာ၊ သူဖွင့်ထားတဲ့သီချင်းက .. ဘာတဲ့ မက်ဒေါနားသီချင်း Everybody.. "လူတိုင်း.. လာကကြစို့ရဲ့၊ သီချင်းတွေဆိုကြစို့ရဲ့၊ လူတိုင်းပဲ .. နိုးထစမ်းပါ၊ မင်းတို့ရဲ့ ကိစ္စ၀ိစ္စ လုပ်ပါတော့" တဲ့၊ သံစဉ်မြူးမြူး စာသားမြူးမြူးက .. ခပ်မြူးမြူး လူးဘာနဲ့ အစပ်အဟပ်တည့်နေတော့တာပဲ၊ သီချင်းသံနဲ့အတူ ကျုပ်တောင် အတော်လေး မြူးမြူးကြွကြွဖြစ်လာသေးရဲ့၊ ကျုပ်က သီချင်းတော့အကြိုက်သား၊ မက်ဒေါနားဆို အသည်းစွဲ၊ မက်ဒေါနားရဲ့ La Isla Bonita သီချင်းကိုကြိုက်လွန်းလို့ အခါခါနားထောင်ရင်းနဲ့ တခြားသီချင်းတွေပါ အားလုံးလိုလို မှတ်မိကုန်တာလေ၊ နောက်တော့ သူ စာရွက်တွေတစ်ထပ်ကြီး ဆွဲထုတ်လာတယ်၊ လူ့ကိုယ်ခန္ဓာမှာရှိတဲ့ သံလိုက်စက်ကွင်းတွေအကြောင်းရှင်းပြထားတဲ့ ပုံတွေပါတယ်၊ သံလိုက်အသုံးအဆောင်တွေအကြောင်းတွေလည်းရေးထားတယ်၊ စာရွက်တွေဖတ်ကြည့်နေရင်းက လူးဘာ က ဂုတ်ပိုးဘက် လက်နှစ်ဘက်နှိုက်လိုက်တယ်၊ လက်ထဲ စတီးတုံးလေးနှစ်တုံးပါလာတယ်၊ သံလိုက်တုံးလေးတွေတဲ့၊ အဲဒါတွေ ဂုတ်ပိုးနားမှာ အကျီအတွင်းအပြင်ကပ်ထားရင် ဇက်ကြောတက်တာတွေ သက်သာစေတယ်လို့လည်း ပြောတယ်၊ ကျုပ်ကိုပေးတယ်၊ စမ်းကြည့်ပါဦးတဲ့၊ ဗိုက်နားဆီ အကျီထဲကိုလည်းနှိုက်တယ်၊ သံလိုက်တုံးလေးနှစ်ခု အတွင်းတစ်ခု အကျီအပြင်ကတစ်ခုကပ်ထားတယ်၊ ဘောင်းဘီ ဒူးခေါင်းနားမှာလည်း သံလိုက်တုံးလေးတွေ၊ အိုး .. သံလိုက်တုံးတွေ ဟိုကဒီကထွက်လာပါရော့လား၊ နောက် လည်ပင်းကဆွဲကြိုးကိုလည်း ဖြုတ်တယ်၊ ကျုပ်ကို စိတ်မ၀င်စားဘူးလားတဲ့ ပြတယ်၊ အဲ ဆွဲကြိုးမဟုတ်ဘူး၊ လည်ကောက်ပေါ့၊ အဲဒါကလဲ တိုက်တေနီယမ်နဲ့လုပ်ထားတဲ့ သံလိုက်လည်ကောက်ဆိုပဲ၊ နားထဲ သီချင်းနောက်ထပ်တစ်ပုဒ် စာသားကြားလိုက်မိသေးရဲ့၊ "မင်းက ငါ့ရဲ့ကံကောင်းတဲ့ကြယ်လေးဖြစ်ရမယ်၊ မင်း ဘယ်နေရာကပဲဖြစ်ဖြစ် ငါ့ကိုအလင်းတွေပေး၊ တောက်ပလင်းလက်စေတာကြောင့်ပေါ့" တဲ့၊ Lucky Star ဆိုတဲ့သီချင်း၊ ကျုပ်လည်း ပိုမြူးလာတယ်၊ လူးဘာဧည့်ခံတဲ့ ဘရန်ဒီကလည်း အစွမ်းပြစပြုလာပြီ၊ လူးဘာက ဘာအရက်သေစာမှ မသောက်ဘူး၊ အယ်လကိုဟောနည်းနည်းလေးပါတာတောင် မသောက်တတ်တဲ့သူကြီးပါ၊ သူအကြိုက်ဆုံး အရည် က "ရေ" တဲ့၊ သူ ခဏခဏပြောဖူးတယ်၊ သူငယ်ချင်းတွေဆုံကြတိုင်း ဘရန်ဒီ၊ ၀ီစကီ၊ ရမ်၊ ဘီယာ အယ်လ်ကိုဟောမျိုးစုံနဲ့ မူးယစ်ဝေသီနေကြတဲ့ သူငယ်ချင်းတွေကြားမှာ လူးဘာကတော့ ရေတစ်ဖန်ခွက်ပြီး တစ်ဖန်ခွက်သောက်ရင်း အမြဲ လန်းဆန်းတက်ကြွစွာရှိနေတတ်တာပါပဲ။

ကျုပ်လည်း သံလိုက်တုံးတွေအကြောင်းရေးထားတဲ့ စာရွက်တွေဖတ်တယ်၊ ဇီဝလျှပ်စီးသံလိုက်ကုထုံးတဲ့၊ သံလိုက်အသုံးအဆောင်တွေက ကိုယ်ခန္ဓာမှာ နာကျင်ကိုက်ခဲမှုတွေကို ကုသဖို့အသုံးပြုတဲ့ ကုသနည်းဖြစ်တယ်လို့ဆိုတယ်၊ အဲဒီ ဇီဝလျှပ်စီးသံလိုက်ကုထုံးဟာ ကျုပ်တို့ကိုယ်ခန္ဓာက ကိုယ်ပိုင်လျှပ်စစ်ဓါတ်နဲ့ လူ့အရေပြားမျက်နှာပြင်ပေါ်က အပ်စိုက်ကုကြတဲ့အမှတ်အသား နေရာတလျှောက် သံလိုက်စက်ကွင်းတွေပေါ်မှာ ချဉ်းကပ်ပြီး အလုပ်လုပ်တယ်ဆိုပဲ၊ ဖျားနာခြင်းတွေနဲ့ နာကျင်ကိုက်ခဲမှုတွေက လူ့ကိုယ်ကလျှပ်စစ်ဓါတ်တွေနဲ့ သံလိုက်စက်ကွင်းတွေ အဆီအငေါ်မတည့်တာနဲ့ဖြစ်တယ်လို့ရေးထားသေးရဲ့၊ ဒီ သံလိုက်ကုထုံးကတော့ အဆီအငေါ်မတည့်တာတွေကို ပြန်ပြီးထိန်းညှိပေးတယ်၊ လျှစ်စစ်ဓါတ်တွေ ပုံမှန်ဖြစ်အောင် ကူညီပေးတယ်တဲ့၊ အောက်စီဂျင်သယ်ပေးတဲ့ သွေးပရိုတိန်း ဟေမိုဂလိုဘင်ရဲ့ သံလိုက်စက်ကွင်းယန္တရားအားနည်းလာပြီဆို ဒီလိုသံလိုက်ကုထုံးကို အသုံးပြုရတယ်၊ သွေးလည်ပတ်စီးဆင်းမှုကို တိုင်းတာပြီး အထောက်အပံ့ပေးသေးတယ် ဆိုပဲ၊ ကျုပ်တော့ နားလည်အောင်မနည်းကြီး ဖတ်မှတ်နေရတယ်၊ ကျုပ်နားထဲမတော့ နောက်ထပ်သီချင်းတစ်ပုဒ်က တိုးဝင်ပြန်တယ်၊ Express yourself ဆိုတဲ့သီချင်း၊ စာသားတွေက သိပ်ကောင်းပေါ့၊ "မင်း ... စိန်လက်စွပ်တွေမလိုပါဘူးကွယ်၊ ဒါမှမဟုတ် ၁၈ကာရက်ရွှေတွေလည်းမလိုပါဘူး၊ ဖန်စီကားတွေဆိုတာလည်း သိပ်မြန်တာပဲ၊ မင်းသိပါတယ်၊ အဲဒါတွေက ဘယ်တော့မှကို အဆုံးသတ်တယ်ရယ်မရှိဘူး၊ မင်းလိုတာဘာလဲဆိုတော့ ကြံ့ခိုင်သန်မာတဲ့လက်တစ်စုံပါပဲ၊ မင်းကိုမင်းမြှင့်တင်ဖို့၊ မင်းကိုမင်း ပလ္လင်ထက်က ဘုရင်မလေးအသွင်ခံစားနိုင်မိစေဖို့၊ သူ .. မင်းကို ချစ်ပါစေကွယ်" ပြီးတော့ စာသားလေးက သိပ်ကောင်းတာဗျို့၊ "သူ .. ဘယ်လိုခံစားရတယ်ဆိုတာ ဖော်ပြပါစေလား၊ ပြီးတော့ မင်းသိလာနိုင်တာပဲ၊ မင်းအချစ်က ဘယ်လောက်စစ်မှန်သလဲဆိုတာကိုပေါ့" အိုး ကျုပ်သိပ်ကြိုက်တဲ့ စာသားတွေ၊ သီချင်းတွေက လူကို အားဖြစ်စေတယ်၊ ကျုပ်က တခြားဘယ်ကမှ အားမယူနိုင်တော့ ဒီလို သီချင်းအမိုက်စားလေးတွေနားထောင်ပြီး အားယူ အသက်ဆက်နေရတာဗျို့၊ လူးဘာကတော့ နည်းမျိုးစုံနဲ့ သူ့ကျန်းမာရေးအတွက် ပိုးမွေးသလို ပြုစုစောင့်ရှောက်နေတာကလား။

ကျုပ်လည်း ဗဟုသုတရအောင်တော့ လေ့လာထားဦးမှ၊ လူးဘာကိုမေးရတယ်၊ ဒီ သံလိုက်ကုထုံးသမိုင်းကြောင်းစာရွက်ပေးပါဦး ဆိုတော့ သူ အိမ်ထဲဝင်သွားပြန်တယ်၊ နောက်ထပ် ရောင်စုံစာရွက်တစ်ထပ် ဆွဲထုတ်လာပြန်တယ်၊ "သမိုင်းကြောင်းကတော့ နှစ်မျိုး သုံးမျိုးဖြစ်နေတယ်၊ ဒီမှာဖတ်ကြည့်တစ်မျိုး" လို့ လူးဘာကဆိုတယ်၊ လူးဘာပေးတဲ့စာရွက်မှာတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀ကျော်ခန့်(၁၅ရာစု)က ဆွဇ်ဆေးဆရာ၊ ၀ိဇ္ဇာဇော်ဂျီ ပါရာဆဲလ်စာ့ဟာ သံလိုက်ကျောက် ဒါမှမဟုတ် သံလိုက်ဓါတ်ရှိနေတဲ့ သဘာဝသတ္ထုအပိုင်းအစတွေကိုအသုံးပြုပြီး ၀က်ရုးပြန်ရောဂါ၊ ၀မ်းသွား၊ သွေးယိုစီးရောဂါတွေ ကုသပေးခဲ့တယ်လို့ရေးထားတယ်၊ သံလိုက်ရဲ့အစွမ်းအစဟာ သံဓါတ်ကို ဆွဲဆောင်နိုင်တယ်လို့ သိရှိခဲ့တယ်၊ လူ့ကိုယ်ခန္ဓာကနေ ရောဂါတွေကို အဝေးကို ဆွဲငင်ယူပစ်နိုင်တယ် လို့ အဲဒီဆေးဆရာ ပါရာဆဲလ်စာ့က ယုံကြည်ခဲ့တယ် တဲ့၊ ၁၈ရာစုမှာတော့ သြစတြီးယန်းဆေးဆရာ ဖရန့်ဇ်အန်တွန်မက်စ်မာ က လူနာတွေရဲ့ပွင့်နေတဲ့သွေးပြန်ကြောမှာ သံလိုက်ကိုဖြတ်သန်းစေပြီး ရောဂါတွေကို ကုသနိုင်တဲ့ "သံလိုက်ဓါတ်ပညာရပ်"ကို စတင်ခဲ့တယ်၊ ပါရီမြို့မှာ သံလိုက်နဲ့ကုသပေးတဲ့ ဆေးခန်းစတင်ဖွင့်ခဲ့တယ် လို့ဆိုတယ်၊ ၁၉ရာစု အလယ်ပိုင်းမှာ သံလိုက်ဓါတ်ပါတဲ့လိမ်းဆေးတစ်မျိုး နယူးယောက်ဈေးကွက်မှာ စတင်မိတ်ဆက်ခဲ့တယ်ဆိုပဲ၊ အဲဒီလိမ်းဆေးဟာ ခေါင်းကိုက်၊ အူမကြီးယောင်၊ အဆစ်အမြစ်အကြောအခြင်ရောင်ရမ်း၊ နှာစေး၊ ဂေါက်ရောဂါနဲ့ သွားကိုက်တာတွေတောင် ပျောက်ကင်းတယ်လို့ ရေးထား သေးတယ်၊ အိုး .. ဒီသံလိုက်တုံးတွေနဲ့ ပျောက်ကင်းတဲ့ရောဂါတွေကလည်း များပဲများလှချည့်။

နောက်တော့ ၁၈၄၁ခုနှစ်မှာ အရိုးကုထုံးအတွက် တစ်ဆင့်တက်လေ့လာခဲ့တယ်၊ ၁၉၅၀ခန့်မှာ ဂျပန်ဆေးပညာရှင် ဖူကာဒါ၊ ယာဆူဒါတို့က အရိုးကြီးထွားမှုနဲ့ လျှပ်စစ်သံလိုက်ဓါတ်တွေ ထောက်ပံ့ပေးတဲ့အကြောင်းတွေ ပြင်းပြင်းထန်ထန် လေ့လာခဲ့ကြတယ် လို့ ဆိုတယ်၊ ၁၉၇၄ခုနှစ်မှာ သြစတြီးယန်းဆရာဝန်အလန်ဒွိုင်းယာက အရိုးဝေဒနာရှင် ၁၂ဦးခန့်ကိုသံလိုက်ကုထုံးနဲ့ ကုသပေးခဲ့တယ်တဲ့၊ အရိုးကြီးထွားမှုအတွက်လည်း သံလိုက်တုံးတွေ သုံးကြသေးသတဲ့၊ ပညာရှင်တွေများ အဲသလို ကြံကြံဖန်ဖန် တီထွင်ကြံဆနေကြတာပဲကိုး၊ ၁၉၇၉ခုနှစ်မှာ FDA က အတည်ပြုပေးခဲ့ပြီး အခုလက်ရှိ ဂျပန်၊ တရုတ်၊ သြစတြေးလျနဲ့ ဂျာမနီနိုင်ငံတွေမှာ သံလိုက်ကုထုံးကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေတယ်ဆိုပဲ၊ ယူအက်စ်နဲ့ မက်ဆီကိုမှာလည်း ထိခိုက်ဒဏ်ရာရတာတွေကိုတောင် သံလိုက်ကုထုံးနဲ့ ကုသနေကြပြီး အောင်မြင်မှုနှုန်းကလည်းမြင့်တယ်လို့ အဲဒီကြော်ငြာစာရွက်တွေမှာ ရေးသားထားကြတယ်၊ နားထဲ သီချင်းသံ တိုးဝင်ပြန်တယ်၊ အိုး .. ကျုပ်အကြိုက် La Isla Bonita သီချင်း "ငါ မနေ့က ဆန်ပက်ဒရိုအကြောင်းအိပ်မက် မက်တယ်" တဲ့၊ ဆန်ပက်ဒရိုက ဒဏ္ဍရီထဲက စပိန်ကျွန်းလေးတစ်ကျွန်းပေါ့၊ “အပူပိုင်းဒေသကျွန်းလေးမှာ လေပြည်ညှင်းတွေက တဖြူးဖြူး၊ အရိုင်းဆန်တဲ့သဘာဝနဲ့ လွတ်လွတ်လပ်လပ် ရှိလိုက်ပါဘိရဲ့၊ အဲဒီနေရာက ငါ တမ်းတနေခဲ့ရတဲ့နေရာလေးပဲ .. ကျွန်းငယ်လေးရယ်၊ ပြီးတော့ စန်ဘာအက မြိုင်မြိုင်ဆိုင်ဆိုင်ကကြတဲ့အခါ၊ နေမင်းကြီးလည်း မြင့်သထက်မြင့်လာဦးမှာ၊ အသံသာသာတွေ ငါ့နားတလျှောက် တိုးဝင်ဖြတ်သန်းသွားပြီး မျက်စိထဲအထိ ခရီးဆန့်ကြပြီ၊ မင်းရဲ့ စပိန်သားချော့တေးသံလေးပေါ့" တဲ့၊ ဘယ်လောက်ကောင်းလိုက်သလဲ၊ အိမ်မှာဆို ကျုပ်ဒီလိုသီချင်း အေးအေးဆေးဆေး နားမထောင်ရဘူး၊ ကျုပ်ကလည်းဖွင့်ပြီဆိုမှတော့ ကြားသာအောင် ခပ်လွင်လွင်လေးဖွင့်ချင်တာ၊ မာရီယာက သီချင်းရယ်လို့လည်းမကြိုက်၊ သူက နားမခံနိုင်တာနဲ့ပဲ ကျုပ်မလည်း မဖွင့်ရဘူး၊ ဒီလိုနဲ့ ကျုပ် .. တစ်နေ့တစ်နေ့ ရိုးရိုးစင်းစင်းကြီးကို အိုမင်းလာတာပေါ့၊ မဟုတ်ဘူးလား။

"ဒီသံလိုက်တုံးတွေက တကယ် ထူးခြားဆန်းပြားပဲ ကိုယ့်လူရေ၊ ငါ့ကိုကြည့်လေ၊ ငါ့ကို ဒီလို ကျန်းကျန်းမာမာကြီးတွေ့နေရတာ မင်း သဘောကျရဲ့မလား၊ ဘယ်လိုလည်း .. မာရီယာအတွက် ၀ယ်ပေးဖို့လေ၊ မာရီယာ ဒူးကိုက်တယ်၊ ခါးနာတယ် မကြာခဏညီးငြူနေသလားပဲ" လို့ လူးဘာကမေးတယ်။

ကျုပ် ပုခုံးကိုပဲ တွန့်ပြလိုက်တယ်၊ လူးဘာက ဟက်ကနဲ တစ်ချက်ရယ်တယ်။
တကယ်တမ်း ဒီသံလိုက်တုံးတွေ အစွမ်းထက်မထက် ကျုပ် .. မသိပါဘူး၊ လူးဘာဆီ လာလည်တဲ့ တခဏလေးမှာပဲ ကျုပ် စိတ်တွေ လန်းဆန်းလာတာတော့ သေသေချာချာကြီးကို သိလိုက်တယ်၊ သီချင်းသံတွေနဲ့ လူးဘာပတ်ဝန်းကျင်က ခပ်လှုပ်လှုပ်တွေကြောင့်လေ။

လူးဘာရဲ့ကိုယ်ပေါ်က သံလိုက်တုံးတွေ ... သံလိုက်တုံးတွေက ကျုပ်ရဲ့စိတ်ကို ညျိ့ငင်နိုင်စွမ်းမရှိကြပါဘူး၊ ကျုပ်ကို ရုန်းမရအောင် ဆွဲငင်နေခဲ့ကြတဲ့ သံလိုက်ဓါတ်တွေကတော့ လူးဘာရဲ့ကိုယ်ပိုင်သံလိုက်စက်ကွင်းဆီက ထွက်ပေါ်နေကြတာ၊
ပုံစံမျိုးစုံနဲ့ သံလိုက်တုံးတွေ အစွမ်းထက်မထက်ဆိုတာထက် လူးဘာရဲ့ပုံစံကိုပဲ အားကျမိနေတယ်၊ လူးဘာရဲ့ နေထိုင်မှုပုံစံ၊ အစားအသောက်၊ စိတ်ပျော်ရွှင်အောင် ပြုစုပျိုးထောင်မှုတွေ .. အဲဒါတွေ အားလုံး ဟန်ချက်ညီညီ စည်းဝါးတကျရှိနေတာကြောင့် သူ .. နုပျိုကျန်းမာနေတာလို့ပဲ ကျုပ်ကတော့ ထင်မိတာပါပဲ။      ။

Mala Krsna (မာလာခရက်စ်နာ) - ဆားရ်ဘီးယားမြို့တော်ဘဲဂရိတ်ကနေ တစ်နာရီခန့်မောင်းရပြီး ဆားရ်ဘီးယားအဓိက မီးရထားလမ်းမကြီးရဲ့အချက်အချာနေရာမှာရှိတဲ့ ရွာငယ်လေး၊ ကမ္ဘာမှာ အမဓါတ်ရောင်ခြည် အပြင်းဆုံးနေရာရှိတယ်လို့ လူတွေကယုံကြည်နေကြပါတယ်၊ အဲဒီ ဓါတ်ရောင်ခြည်ရှိတဲ့ စက်ဝိုင်းတွေဟာ အချင်း ၇မီတာခန့်ကျယ်တယ်၊ Dry Spa လို့လည်း ခေါ်ကြပြီး အဲဒီစက်ဝိုင်းလေးတွေမှာ မိနစ်၂၀ခန့်ရပ်နေရဖို့ လူတွေအများကြီးတန်းစီစောင့်နေကြတယ်လို့ ဆိုတယ်

Ref : http://en.tixik.com/mala-krsna-1971401.htm

လှိုင်းသစ်မဂ္ဂဇင်း၊ ဇွန်လ ၂၀၁၁

Silent Night - Boney M

Monday, November 15, 2010

အန်တီစု ကျေးဇူးအများကြီးတင်ပါတယ်

 အရင်က မိတ်ဆွေအသစ်တစ်ယောက်နဲ့တွေ့လို့ မိတ်ဆက်တဲ့အခါတိုင်း ဘယ်နိုင်ငံကလည်းမေးရင် “မြန်းမာ(Myanmar) ဘူးရ်မာ(Burma)”-သူတို့အသံထွက်အတိုင်း ပြောလည်း “အော်” ဆိုပြီး ယောင်ဝါးဝါးဖြစ်သွားပြီး သူတို့မသိတဲ့နိုင်ငံအကြောင်း ရှေ့ဆက်ပြီး စကားဆက်လို့မရတဲ့အချိန်တွေတိုင်း တော်တော်စိတ်ညစ်မိတယ်၊ ကိုယ့်နိုင်ငံအကြောင်းတွေဆက်ပြောပြချင်ပေမဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ နာမည်ကိုတပ်ပြီး မိတ်ဆက်ရတိုင်း စိတ်မကောင်းဘူး၊ ဒီနေ့တော့ တော်တော်ပျော်မိတယ်၊ အမြဲတွေ့နေကျ ကျွန်မရဲ့ဆရာဝန်မလေးက “မင်းရဲ့နာမည်မှာ အောင် ပါတယ်၊ မင်းတို့ရဲ့ ဒီမိုကရေစီခေါင်းဆောင်လွတ်ပြီနော်၊ ငါ သတင်းထဲတွေ့လိုက်တယ်၊ မင်းရဲ့ ပရဲဇီးမဲ(Last name)နဲ့တူတယ်၊ မင်း ကို ချက်ချင်းသတိရလိုက်တယ်၊ ဒါ မင်းရဲ့နိုင်ငံပဲဆိုပြီး၊ သူက နိုဘယ်ဆုလည်းရထားတယ်၊ တော်တော်ရဲရင့်တာပဲ၊ သူ့အသွင်အပြင်ကလည်း ကျက်သရေရှိတယ်၊ (ဂရေစ့်)ဖြစ်တယ်” တဲ့၊ ကျွန်မမှာ ပျော်လိုက်တာ၊ ချက်ချင်းပဲ “တိုင်းသူပြည်သားတွေက သိပ်ချစ်ကြတယ်၊ ငါလည်းပဲ သိပ်ချစ်တယ်”လို့ ပြောလိုက်မိတယ်၊

မနေ့ကလည်း မိတ်ဆွေအသစ်တစ်ယောက်တွေ့တယ်၊ သူကလည်း မြန်းမာ လို့ပြောလိုက်တာနဲ့ “အိုး .. ဒီမိုကရေစီခေါင်းဆောင်လေ၊ နိုဘယ်ဆုရှင် သူ .. နေအိမ်အကျယ်ချုပ်ကလွတ်ပြီပဲ၊ သိပ်ကောင်းတာပဲ၊ မင်းကို တွေ့ရတာသိပ်ဝမ်းသာတယ်”  လို့ ထပ်ခါထပ်ခါ ပြောတယ်၊ နောက်တစ်ယောက် ဒဿနိကဗေဒပရော်ဖက်ဆာတစ်ဦး၊ နောက်မှ ပရော်ဖက်ဆာမှန်းသိလိုက်တာပါ၊ သူကတော့ အာရှယဉ်ကျေးမှုတွေ စာရေးဖူးတဲ့သူ၊ ဇင်ဝါဒအကြောင်းလည်း စာအုပ်ထုတ်ဖူးတယ်တဲ့၊ နဲရှောအနားမှာမရှိတုန်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးပြပွဲ http://www.greenscreenfest.org/ က နဲရှောရဲ့စားပွဲလေးမှာထိုင်နေချိန်မှာ သူက လာနှုတ်ဆက်တယ်၊၊ မြန်းမာဆိုတာနဲ့ အန်တီစုလွတ်တာကိုပြောတယ်၊ အန်တီစုအကြောင်းတွေမေးတယ်၊  ဗုဒ္ဓဘာသာအကြောင်းမေးတယ်၊ ချက်ချင်းပဲ သိဟောင်းကျွမ်းဟောင်းလိုပဲ စကားတွေအကျယ်ကြီးအားရပါးရပြောတော့တယ်၊ ဘေးကလူတွေတောင် စိတ်ဝင်တစားနားစွင့်လာကြတယ်၊ ဒီမိုကရေစီအကြောင်းတွေပြောတယ်၊ သူကလည်း အန်တီစုအကြောင်းတော်တော်သိထားပါတယ်၊ ကိုယ့်လူမျိုးတွေမရှိသလောက်နည်းတဲ့ ဒီနိုင်ငံမှာ အရင်က မိတ်ဆွေအသစ်နဲ့ မိတ်ဆက်ရတိုင်း အားငယ်မိတယ်၊ ကျွန်မနိုင်ငံကို ဘယ်လိုပြောပြောသိပ်မသိကြဘူး၊ သူတို့ကိုယ်တိုင် ဗဟုသုတအားနည်းတာလည်းပါပါတယ်၊

အခုတော့ အန်တီစုကြောင့် ဘာသိဘာသာနေတဲ့သူတွေတောင် ကျွန်မရဲ့နိုင်ငံကို သတိထားမိလာကြပြီ၊ စိတ်ဝင်တစားစောင့်ကြည့်နေကြပြီ၊ ကျွန်မ အားငယ်တာတွေလည်း ပျောက်သွားမိတယ်၊ ဘ၀မှာ ပိုပိုပြီး ကြိုးစားရပ်တည်ဖို့ အန်တီစုက အားတွေပေးလိုက်တယ် လို့ ခံစားရတယ်၊ ဒီနေ့ ကျွန်မသိပ်ပျော်ပါတယ်၊ အန်တီစု ကြောင့် သိပ်ပျော်ပါတယ်၊ ကျွန်မ ပြောပြချင်မိတယ်၊

“အန်တီစု ကျေးဇူးအများကြီးတင်ပါတယ်” ...

မှတ်ချက် - အခုပဲ သတင်းမှာလာနေတယ်၊ အန်တီစုလွတ်တဲ့နေ့ညနေက ဗီဒီယိုပါ “ဒေါ်အောင်ဆန်းစုကြည်ကျန်းမာပါစေ၊ စည်းကမ်းရှိပါ” ဆိုတဲ့ အန်တီစုကို ကြိုဆိုနှုတ်ဆက်နေကြတဲ့စကားသံတွေ စာရေးနေတဲ့အချိန်ကြားနေရတယ်။

Saturday, November 13, 2010

Be Peaceful Aunty Su and Myanmar Civilians !!

အန်တီစုနဲ့ မြန်မာနိုင်ငံသားတွေအားလုံး ငြိမ်းချမ်းပျော်ရွှင်ကြပါစေ !!

Friday, November 12, 2010

Mary's Boy - Boney M Christmas song

♫ Mary's boy child Jesus Christ, was born on Christmas Day. ♪
♪ And man will live for evermore, because of Christmas Day. ♫

Tuesday, November 09, 2010

နွေဦး၊ ဆောင်းဦးနဲ့ အသွင်ပြောင်းအပင်လေးတွေ

ဝက်သစ်ချပင်(oak tree) နွေဦးမှာ စိမ်းစိမ်းစိုစိုနဲ့ ၀က်သစ်ချပင်အရွက်ကခြောက်သွားရင်တောင်ကြွေမကျပဲ
တော်တော်ခိုင်တယ်၊ အဲဒါကြောင့် Saint တွေကို ဆုတောင်းပွဲလုပ်တဲ့အခါကြရင်ဝက်သစ်ချပင် အခက်တွေနဲ့ ဂျုံနှံလေးတွေစည်းထားတဲ့သစ်ခက်တွေကို ဘုရားကျောင်းမှာဝေကြတယ်၊ အိမ်တွေမှာ တစ်နှစ်ပတ်လုံးထားကြတယ်၊ ကျန်းမာတယ်၊ လာဘ်ရွှင်တယ်အယူအဆနဲ့ပါ

ဆောင်းဦးမှာ အရွက်တွေခြောက်သွားပြီ
သစ်ကြားသီးပင် (walnut)
စကဲလာခြံထဲကအပင်တွေက သိပ်တော့မသီးဘူး၊ နေပူဒဏ်ကိုသိပ်မကြိုက်ဘူး၊

အဲဒီမှာ ကွင်းပြင်ကြီးလိုဖြစ်နေတော့ အသီးသိပ်မရှိဘူး၊ ရှိသလောက်ခူးရတာပျော်ဖို့ကောင်းတယ်၊ ခူးပြီးသားခြောက်ပြီးသားသစ်ကြားသီးစားရတာထက်
အောက်မှာကြွေကျနေတာ လိုက်ရှာပြီး ထုစားရတာ၊ ပိုချိုတယ်၊ ပိုလတ်ဆတ်သလိုပဲ

Hazalnut မြန်မာလိုတော့ ဘာနတ်ခေါ်မှန်းမသိပါဘူး

Hazalnut ကိုတောင် သစ်ကြားသီးထက်ပိုကြိုက်တယ်၊
oven ထဲထည့် .. ပြီးတော့ ကိတ်မုန့်ထဲထည့်ဖုတ်တယ်၊ အရမ်းမွှေးတာပဲ

Hazalnut တွေတော့ အများကြီးပဲခူးလို့ရတယ်
ကိုယ်ကတော့ငယ်ငယ်ကတည်းက ဗာဒံသီးထုစားလာတာဆိုတော့ ချက်ချင်းထုစားရတဲ့အရသာကိုပဲ ပိုကြိုက်တယ် :D
ချယ်ရီသီးတော့ တော်တော်ချိုတယ်
ပန်းသီးတွေကတော့ သိပ်မချိုဘူး၊ ချိုတာ ၂ ပင်လောက်ပဲရှိတယ်၊ ဂရုစိုက်မယ့်သူလည်းမရှိ ပစ်ထားရတော့ အသီးတွေသိပ်လည်းမကြီးသလို အချိန်မတန်ခင်ကြွေကြွေကျကုန်တယ်၊ အဲဒီပန်းသီးတွေကိုကြိတ်ပြီး ပန်းသီးဗီနီဂါလောက်ပဲလုပ်ကြတယ်၊
စတော်ဘယ်ရီပင်လေး၊ သုံးလေးလုံးသီးလို့ ခူးစားကြည့်တာ တော်တော်ချိုတယ်၊ ငှက်ချီပြီး သူ့ဘာသာအစေ့ကျ ပေါက်နေတာတဲ့
ဝက်သစ်ချပင်

ထင်းရှုးတို့၊ နှင်းဆီတို့ ဟိုဟိုဒီဒီပင်တွေ

Tuesday, November 02, 2010

BONEY M SOMEWHERE IN THE WORLD


Time, changer of seasons, time will see another flower growing.
Climb over the mountains, there you'll find warm winds blowing.

♫ Somewhere in the world there is peace of mind.
Somewhere in the world that's what I must find.
Somewhere in the world there's a place for me in this world. ♪

I cannot believe it, everywhere I see lonely faces.
Why have we no answers, just some more empty places?

 ♪ Somewhere in the world there is peace of mind.
Somewhere in the world that's what I must find.
Somewhere in the world there's a place for me in this world. ♫

Time, changer of seasons, time will see another flower growing.
Climb over the mountains, there you'll find warm winds blowing.

♫ Somewhere in the world there is peace of mind.
Somewhere in the world that's what I must find.
Somewhere in the world there's a place for me in this world. ♪