Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, October 22, 2010

ပုံပြင်ထဲက ကျွန်မတို့တွေ ( အရိယာဒ့်နဲ့ချည်မျှင်)

ပုံပြင် ၉

ပြီးတော့ ဂရိပုံပြင်တစ်ပုဒ်လည်း ပြောပြဖူးပါတယ်၊ “အရိယာဒ့်နဲ့ချည်မျှင်”  တဲ့

ဂရိပုံပြင်ထဲက ခရိတ်ကျွန်း(Kait)မှာ လာဘရင့်ဆိုတဲ့ ရဲတိုက်ကြီးတစ်ခုရှိတယ်၊ ရဲတိုက်ကြီးအနီးမှာ ရွာတစ်ရွာရှိတယ်တဲ့၊ အဲဒီရွာက လူတွေဟာ လာဘရင့်ဆိုတဲ့ ရဲတိုက်ကြီးကို သိပ်ပြီးကြောက်လန့်နေကြရတယ်၊ လာဘရင့်လို့ အသံထွက်ပြီး မပြောရဲလောက်အောင် တုန်လှုပ်ခြောက်ခြားနေကြတယ်တဲ့၊ အဲဒီရဲတိုက်ကြီး က လူတိုင်းအတွက် အင်မတန်အန္တရာယ်ကြီးတယ်၊ ရဲတိုက်ထဲများရောက်လိုက်ပြီဆို အပြင်ပြန်ပြီးထွက်လို့ မလွယ်အောင် လမ်းသွယ်တွေအမျိုးမျိုးရှိတယ်၊ အတွင်းမှာ ၀င်္ကပါကြီးရှိတယ်၊ လာဘရင့်ရဲတိုက်ကြီးကို ပိုင်ဆိုင်တဲ့သူက လူစင်စစ်မဟုတ်ဘူး၊ မီနိုတားရ်လို့ခေါ်တဲ့ လူတစ်ပိုင်း၊ နွားရိုင်းတစ်ပိုင်း သတ္တ၀ါကြီးတဲ့၊ လူစင်စစ်မဟုတ်လို့လည်း ရွာသားတွေအားလုံးက ကြောက်လန့်နေကြရတာပေါ့၊ ကိုယ်ခန္ဓာကတော့ လူအတိုင်းပါပဲ၊ ခြေလက်တွေက ပုံမှန်လူသားလိုပဲ၊ ဦးခေါင်းကြီးကသာ နွားရိုင်းကြီးရဲ့ ဦးခေါင်းအကြီးကြီးနဲ့ ကြောက်စရာသိပ်ကောင်းတယ်တဲ့၊ ရဲတိုက်ထဲကနေများ သူ ဟိန်း ဟောက်လိုက်ပြီဆို ရွာသားတွေခမြာ ဖိန့်ဖိန့်တုန်အောင်ကြောက်လန့်ကြတယ်၊ အိမ်ထဲမှာ ပုန်းပြီးနေကြရတယ်၊ သူ့ကိုလည်း အခွန်မှန်မှန် ပေးရသေးတယ်ဆိုပဲ၊ အခွန်အခကလည်း တယ်ပြီး ကြီးတယ်တဲ့၊ အဖိုးတန်ရွှေတွေနဲ့ လူတွေပါ ပေးရသတဲ့၊ ရွှေကိုယူတယ် လူတွေကိုတော့ ကိုက်ဝါးစားသောက်ပစ်တာပေါ့။


ရွာသူရွာသားတွေအားလုံးက ကြောက်လန့်မုန်းတီးကြတယ်၊ နွားဘီလူးရိုင်းကြီး မီနိုတားရ်ကို သတ်ဖြတ်ဖို့လည်း အမျိုးမျိုးကြိုးစားကြတာပေါ့၊ ရဲတိုက်ထဲ ကို သူရဲကောင်းတွေ တိတ်တဆိတ်ဝင်ပြီး သတ်ဖြတ်ဖို့ ကြံစည်ခဲ့ကြတယ်၊  ဘယ်လိုပဲ သူရဲကောင်းတွေ တစ်ယောက်ပြီးတစ်ယောက်ဝင်သွားကြပါစေ ၀င်္ကပါထဲ မျက်စိတွေလည်ပြီး အပြင်ပြန်မထွက်နိုင် အစာပြတ်ရေပြတ်ဖြစ်ပြီး နောက်ဆုံးတော့ မီနိုတားရ်က အသာလေး ကောက်ဝါးစားသောက်လိုက်တာ ခံလိုက်ကြရတာပဲတဲ့၊ မီနိုတားရ်ကတော့ ရဲတိုက်ထဲ ပုန်းအောင်းနေတာပေါ့။

ခရိတ်ကျွန်းနဲ့ အနီးအနားမှာကျွန်းတစ်ကျွန်းရှိသေးတယ်တဲ့၊ တဲဇဲရီဘုရင်က အုပ်စိုးတယ်၊ အဲဒီ တဲဇဲရီဘုရင်က လာဘရင့်ရဲတိုက်ကြီးအကြောင်းကြားတော့ သူကလည်း ခရိတ်ကျွန်းကိုလာပြီး စနည်းနာသတဲ့၊ တဲဇဲရီ .. ခရိတ်ကျွန်းကို ရောက်ပြီး သိပ်မကြာပါဘူး ခရိတ်ကျွန်းက အချောအလှ ဥာဏ်ကြီးရှင်မလေး အရိယာဒ့်နဲ့ နဲ့ ချစ်ကြိုက်သွားကြတယ်၊ တဲဇဲရီဘုရင်ကလည်း အရိယာဒ့်နဲ့ ကို တန်းတန်းစွဲချစ်ကြိုက်သွားလေတော့ သူတို့ကျွန်းကို နှောင့်ယှက်နေတဲ့ လာဘရင့်ရဲတိုက်က နွားဘီလူးရိုင်းကြီး မီနိုတားရ်ကို သတ်ဖြတ်ပေးချင်မိတယ်၊ အရိယာ့ဒ်နဲ့လေးရှေ့ မှာ မားမားမတ်မတ် ရပ်ပြချင်သတဲ့၊ တဲဇဲရီက မီနိုတားရ်ကို ခပ်မြန်မြန်ပဲ သွားရောက် သတ်ဖြတ်ချင်တယ်ဆိုပြီး သွေးကြွနေတာပေါ့၊ အရိယာ့ဒ်နဲ့လေးက “ချစ်ရတဲ့ တဲဇဲရီရယ်၊ ကျွန်မကို တကယ်ပဲ ချစ်မြတ်နိုးတယ်ဆို ဟောဒီ ချည်လုံးလေးကို သွားလေရာယူသွားချည်ပါ၊ ရဲတိုက်ထဲ ၀င်တာနဲ့ ချည်လုံးလေးကို ဖြည်ချသွားပါ” လို့ ဆိုသတဲ့၊ မီနိုတားရ်ကို သတ်ဖြတ်ချင်လွန်းအားကြီးပြီး တိုက်မယ်ခိုက်မယ်ဟန်နဲ့ လက်နက်တွေစစ်ဆေး စစ်တပြင်ပြင်ဖြစ်နေတဲ့ တဲဇဲရီဘုရင်က အရိယာဒ့်နဲ့လေးကိုလည်း အသက်လောက်ချစ်ရှာတယ်၊ “ချည်မျှင်လေကိုများ ဘာလုပ်ရမှာတဲ့လဲကွယ်” လို့ ပြန်ပြီး စောတကမတက်ပါဘူး၊ အလေးထားပြီး သေချာသိမ်းဆည်းပြီး ယူသွားပါတယ်၊  “အေးပါကွယ်၊ စိတ်ချပါ၊ ချည်လုံးလေးကိုလည်း အ၀င်ဝကတည်းက ဖြည်ချခဲ့ပါ့မယ်၊ မီနိုတားရ်ရဲ့ ဦးခေါင်းကြီးကိုလည်း တစ်ခါတည်းဖြတ်ပြီးယူလာခဲ့မယ်၊ အချစ်ကလေးရှေ့အရောက် ပြန်ခဲ့ပါမယ်” လို့ ဆိုပြီး ခပ်သွက်သွက်ထွက်သွားသတဲ့။

ဒီလိုနဲ့ ရဲတိုက်ကြီးထဲ စ၀င်တယ်ဆိုကတည်းက ချည်လုံးလေးကို ဖြည်ချခဲ့ပြီး ချည်လုံးလေးကို ကိုယ်မှာချိတ်ထားလိုက်တယ်၊ မီနိုတားရ်ကြီးကတော့ တစ်ယောက်ယောက် ရဲတိုက်ထဲဝင်လာပြီ ဆိုတာနဲ့ သိနေတာပါပဲ၊ လှို့ဝှက်တစ်နေရာက ချောင်းမြောင်းကြည့်နေတတ်တာကိုး၊ ကြောက်မက်ဖွယ် အသံကြီးနဲ့လည်း တဟိန်းဟိန်းလုပ် သွေးပျက်အောင်ခြောက်လှန့် သတဲ့၊ တဲဇဲရီလည်း မီနိုတားရ်ကို လိုက်ရှာတာပေါ့၊  “ဘယ်မလည်းကွဲ့ မီနိုတားရ်၊ သတ္တိရှိရှုင် ငါ့ရှေ့ထွက်ခဲ့စမ်း၊ ငါနဲ့ ဓါးချင်း ယှဉ်ခုတ်ကြစို့၊ တိုက်ကြခိုက်ကြပါစို့” လို့ တကြော်ကြော်ခေါ်တယ်၊ မီနိုတားရ်ကတော့ ထွက်မလာပါဘူး၊ ပုန်းအောင်းနေတာပါပဲ၊ တကယ်တမ်းတော့ မီနိုတားရ်က အစွမ်းမရှိလှပါဘူး၊ ရဲတိုက်ထဲ ၀င်လာတဲ့ သူရဲကောင်းတွေ အင်အားချိနဲ့သွားတော့မှသာ သူက ကောက်ယူပြီး ၀ါးမြိုစားသောက်တတ်တာကိုး၊ တဲဇဲရီလည်း တစ်ခန်းဝင်တစ်ခန်းထွက်၊ တစ်လမ်းဝင်တစ်လမ်းထွက်နဲ့ ၀င်္ကပါထဲလှည့်ပတ်လိုက်ရှာတာပေါ့၊ မတွေ့မတွေ့နဲ့ ညနေလည်းစောင်းရော တဲဇဲရီ က ဖြည်ချထားတဲ့ ချည်မျှင်လေးအတိုင်း ရဲတိုက်အ၀င်ဝကို ပြန်ရောက်သွားပြီး ရွာကိုပြန်တယ်၊ အစာရေစာ ၀လင်အောင်စား၊ အားပြန်ဖြည့်ပြီး နောက်တစ်နေ့ မနက်စောစော၊ လာဘရင့်ရဲတိုက်ထဲကို ၀င်သတဲ့၊ ဒီလိုနဲ့ နေ့တိုင်း ၀င်လိုက် ထွက်လိုက် မီနိုတားရ်ကို လိုက်ရှာလိုက်တာ ရက်တွေကြာလာတော့၊ တဲဇဲရီက အားမပြတ်ပဲ ခွန်အားအပြည့်ရှိနေဆဲပဲ၊ မီနိုတားရ်မှာသာ ပုန်းအောင်းနေရပြီးတော့ အခွန်အခလည်းမရ၊ လူသားမစားရ၊ အစာရေစာငတ်ပြီး အားအင်ချည်နဲ့လာသတဲ့၊ နဂိုတည်းက အစွမ်းသိပ်မရှိလှတဲ့ မီနိုတားရ်လည်း နောက်ဆုံးတော့ ရှောင်ပြေးပုန်းဖို့တောင် မစွမ်းသာတော့ပဲ တဲဇဲရီရှေ့မှောက်ကို ရောက်သွားခဲ့ရတော့တယ်၊ တဲဇီရီလည်း မီနိုတားရ်ကို တွေ့တွေ့ချင်း “လာခဲ့၊ နွားဘီလူးရိုင်းကြီး၊ အသံကောင်းလှတဲ့ အကောင်ကြီး၊ ရွာသားတွေကို ဒုက္ခပေးနေတဲ့ အကောင်ဆိုးကြီး၊ ကိုင်း ... ခုတော့ မင်း အလှည့်ပဲကွဲ့၊ သေပေတော့၊ ငါ .. မင်း ဦးခေါင်းကြီးကို ဖြတ်ယူမကွဲ့” လို့ ကြုံးဝါးပြီး တစ်ခါတည်း .. မီနိုတားရ်ကြီးရဲ့ ဦးခေါင်းကြီးကို တိကနဲ ပိုင်းချလိုက်တော့တယ်။

တဲဇဲရီ အပြန်လမ်းမှာ အရိယာ့ဒ်နဲ့လေးက ပြုံးပြုံးလေး စောင့်ကြိုနေရှာတယ်၊ တဲဇဲရီကလည်း ဆိုတယ်၊ “ဥာဏ်ကြီးလှတဲ့ အချစ်ကလေး အရိယာဒ့်နဲ့ ရယ်၊ မင်းရဲ့ ချည်မျှင်လေးကြောင့် ငါတော့ မီးနိုတားရ်ကြီးကို အောင်နိုင်ခဲ့ပြီကွဲ့” လို့ ချီးကျူးတယ်၊ အရိယာဒ့်နဲ့လေးကလည်း “တစ်ခါတစ်ရံမှာ ချည်မျှင်လေးလို သေးသေးဖွဲဖွဲလေးတွေကလည်း ကြောက်လန့်စရာအန္တရာယ်ကြီးကိုတောင်ရှင်းနိုင်ပါတယ်၊ ကျွန်မတို့ သတိပြုကြရမယ်” လို့ ပြုံးပြုံးလေးဖြေရှာတယ်။

ဟုတ်မှာပါပဲ၊ တစ်ခါတစ်ရံ ကျွန်မတို့ဘ၀မှာ ကြုံတွေ့ရတတ်တဲ့အခက်အခဲတွေကို “အရိယာ့ဒ်နဲ့ချည်မျှင်” လေးလို သေးသေးမွှားမွှားလေးတွေနဲ့လည်း ဖြေရှင်းနိုင်ကြမှာပါ၊ ဘယ်နေရာမှာမဆို ပေါ့ပေါ့ဆဆ မနေပဲ သတိပြုမိတတ်ကြဖို့ တစ်ခုပါပဲ၊

ပုံပြင်တွေကတော့ ဒီလောက်ပါပဲ၊ နဲရှောလည်း သိပ်အများကြီး မပြောပြပါဘူး၊

ဒီလိုနဲ့ ကျွန်မ ... ပုံပြင်တွေထဲမှာ ထိတ်လန့်ကြောက်ရွံ့ခဲ့ဖူးတယ်၊ အားပါးတရ ရယ်မောပျော်ရွှင်ခဲ့ဖူးတယ်၊ မတတ်နိုင်တဲ့ကိစ္စတွေအတွက် သနားဂရုဏာသက်ခဲ့ဖူးတယ်၊ ကျွန်မသာဆို ဒီလိုလုပ်မယ်၊ ကျွန်မသာဆို ဟိုလိုမလုပ်ဘူး၊ သူ့လို့ လုပ်မယ်၊ သူ့လိုမလုပ်ဘူး သင်ခန်းစာတွေ တစ်ပုံတစ်ပင်ယူခဲ့ဖူးတယ်၊ ပုံပြင်တွေက ပေးခဲ့ဖူးတဲ့ရသတွေဟာ ကျွန်မဘ၀မှာ အများကြီးပါပဲ၊
ကျွန်မရဲ့ မေမေ၊
ကျွန်မရဲ့ ဖေဖေ၊
ကျွန်မရဲ့ နဲရှော၊
ကျွန်မရဲ့တူလေး .. သူတို့တွေလည်း ပုံပြင်ထဲမှာ ကြောက်ရွံ့၊ ရယ်မော ...
ကျွန်မတို့တွေအားလုံး ပုံပြင်တွေနဲ့ ကြောက်ရွံ့၊ ရယ်မောခဲ့ရတာပါပဲ။
ဒီလိုနဲ့ ... ကျွန်မတို့ ပုံပြင်တွေထဲ နေရတာပျော်ရွှင်နေခဲ့ကြပြီ၊
ဒီလိုနဲ့ ... ကျွန်မတို့ ပုံပြင်တွေ ပြောနေကြဦးမယ်၊ ကျွန်မတို့ ပုံပြင်တွေ နားထောင်ကြရပါဦးမယ်၊

အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ။

6 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖြိုးရေ
ပုံပြင်လေး လာဖတ်တယ်
တူလေးကလည်း ပုံပြင်တွေကြိုက်တော့ သူ့ကိုပါဖတ်ပြလိုက်တယ်
၂ပုံလုံးကိုလေ။ သူသဘောတွေကျသွားတယ်
ဒီပုံပြင်လေးကတော့ သင်ခန်းစာလေးနဲ့အတူ စိတ်ဝင်စားဖို့ကောင်းတယ်နော်
အသေးအဖွဲဆိုတာလည်း သူ့နေရာနဲ့သူတော့ အသုံးဝင်တာပါဘဲ။
ပုံပြင်တွေအတွက်ကျေးဇူးဖြိုးရေ။

ပျော်ရွှင်ပါစေ။

Shwe Thiri Khit said...

ခုလို... ဒဏာရီဆန်ဆန်၊ ပုံပြင်ဆန်ဆန်၊ whimsical ဆန်ဆန် များများရေးဖို့ မျော်လင့်နေပါကြောင်းး

မြတ်မွန် said...

ဂွတ်တယ် မမဖြိုး...
ကြိုက်တယ် မမ..များများရေးပါအုံးလို့။

အနမ်း said...

ပညာပေးပုံပြင်လေးလာဖတ်သွားပါတယ်။ အဆင်ပြေပျော်ရွှင်ပါစေ..

SHWE ZIN U said...

အင်း နဲရှော လည်း ပုံတွေ အများကြီးပြောပါစေဗျာ..

ကျေးဇူးပါ
ခင်မင်စွာဖြင့်
ရွှေစင်ဦး

Khinmarlaraung said...

ရောက်တယ်..မရေ။
ပုံပြင်လေးဖတ်သွားတယ်။
ဟုတ်ပါတယ်။ တစ်ခါတရံမှာ သေးငယ်တယ် အရေးမပါလောက်ဘူးလို့ 
ထင်ရတဲ့ အရာတွေက ထွက်လာမဲ့ အဖြေတွေကို ပြောင်းလဲသွားစေတယ်။
သေးငယ်သည် ဖြစ်စေ၊ ကြီးသည်ဖြစ်စေ သူ့ နေရာနဲ့ သူ
သူ့ တန်ဖိုးကိုယ်စီ နဲ့ လို့ ပြောရမယ်။ :)
...ခင်မင်လေးစားလျှက်...ခင်မာလာအောင်...:)