Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, October 20, 2010

ပုံပြင်ထဲက ကျွန်မတို့တွေ (လိပ်ကမ္ဘာမကြီး)

ပုံပြင် ၁

ကျွန်မငယ်ငယ်က ပုံပြင်တွေနားထောင်ရတာ သိပ်ကြိုက်ပါတယ်၊ ကျွန်မမေမေ က ပုံပြောသိပ်ကောင်းတယ်၊ အဲဒီတုန်းက ကျွန်မက ပုံပြင်နားထောင်သူပေါ့၊ နောက်တော့ ကျွန်မမှာ တူလေးတစ်ယောက်ရလာခဲ့တယ်၊ တူလေးအတွက်တော့ ကျွန်မက ပုံပြင်ပြောတဲ့သူ ဖြစ်သွားပြန်ရော၊ ကျွန်မပြောတဲ့ ပုံပြင်တွေက မေမေပြောပြဖူးတဲ့ ဖားမရုပ်ဆိုးလေး၊ မြွှေမင်းသား၊ မောင်နီ မစီ၊ လိပ်ကမ္ဘာမကြီး အဲဒီပုံပြင်တွေတော့ မဟုတ်ပါဘူး၊ ကျွန်မက တူလေးကြိုက်တဲ့ စူပါမင်း၅ယောက်ကို၊ ကာတွန်းအောင်ရှိန် ဇာတ်ကောင် တီထွင်ပါရဂူဖိုးဆိတ်ဖြူ၊ ကိုပူစီ၊ မောင်စူပါ၊ ဦးစိတ်တို မျောက်ညို၊ သူတို့ တွေအားလုံးနဲ့ ပေါင်းပြီး ကြုံသလိုဇာတ်လမ်းဆင်ပြောပြလိုက်တာ၊ တူလေးက ရယ်စရာ အင်မတန်ကြိုက်တယ်၊ ကျွန်မလိုပဲ ဂြိုဟ်သားတွေ ပန်းကန်ပြားပျံတွေလည်း သိပ်ကြိုက်တယ်၊ အဲဒါတွေအကုန်လုံးကို ပေါင်းထည့်ပြီး ရယ်စရာဖြစ်အောင်ပြောရတာပါပဲ၊ “ဟိုးရှေးရှေးတုန်းက ရှေးရှေးကြီးတစ်ကောင်ရှိတယ်”  လို့ စပြောတာနဲ့၊ တူလေးက “အန်တီပကလည်း လုပ်ပြီ” ဆိုပြီး တခွီးခွီးရယ်တော့တာ၊ ကျွန်မက လျှောက်ပြောလည်း တူလေးကတော့ သဘောတွေကျ၊ အိပ်ရာဝင်ခါနီး မအိပ်နိုင်ပဲ တခွိခွိလုပ်နေလို့ တူလေး မေမေက “သားလေး အိပ်တော၊့ အိပ်တော့” လို့ သတိပေးရတဲ့ ညတွေလည်းမနည်းပါဘူး၊ တူလေးနဲ့ ပုံပြောပြဖူးတဲ့ ညတွေအကြောင်းပြန်စဉ်းစားမိတော့ ကျွန်မနားထောင်ခဲ့ရဖူးတဲ့ မေမေ့ရဲ့ပုံပြင်ပြောတဲ့ညတွေဆီကို အတွေးတွေက ရောက်သွားလိုက်တာ ...
--------------------------------------------------------------
ညတွေမှာ ကျွန်မတို့ မိသားစုအိပ်တဲ့အခန်းကျယ်ကြီးထဲက ကွပ်ပြစ်ကြီးပေါ်မှာ ကျွန်မရယ် ကျွန်မအထက်က ၂နှစ်ပဲကြီးတဲ့ အစ်ကို ရရရယ် ကို မေမေက ညတိုင်းလိုပဲ ပုံပြင်တွေပြောပြတတ်တယ်၊ မေမေ ပုံပြောပြတဲ့အချိန်က ကျွန်မတို့ရဲ့ အစ်ကိုအကြီးဆုံး ကိုကို သူငယ်ချင်းတွေနဲ့ လဘက်ရည်ဆိုင်ထိုင်ပြီး ပြန်လာတဲ့အချိန်မျိုးပေါ့၊ ကျွန်မမေမေက ကလေးတွေအများကြီးမွေးထားတယ်၊ ကျွန်မမှာဆို အစ်ကိုက သုံးယောက်၊ အစ်မက သုံးယောက်တောင်ပဲရှိနေရဲ့၊ ကျန်တဲ့ အစ်ကို အစ်မတွေတော့ မေမေပုံပြောတဲ့အချိန်ဘာလုပ်နေတယ် မပြောတတ်ဘူး၊ အစ်ကိုအကြီးဆုံး ကိုကိုကတော့ အပြင်ကလည်ပြီး ပြန်လာတာနဲ့ ကျွန်မတို့ ကြားထဲ သူကိုယ်လုံးအကြီးကြီးကို ပစ်ထည့်ပြီး တိုးဝှေ့အိပ်ရင်း လာနားထောင်တတ်တယ်၊ ကျွန်မတို့က စိတ်ဝင်စားနေပြီဆို သူကလည်း မျက်လုံးကအ၀ိုင်းသား၊ ကလေးလေးလည်း မဟုတ်ပါပဲ ကျွန်မတို့နဲ့ အပြိုင် ပုံကြိုက်တတ်သေးတယ်။

မေမေ ပြောပြဖူးတဲ့ ပုံပြင်တွေထဲက လိပ်ကမ္ဘာမကြီးဆို သိပ်သနားဖို့ကောင်းတာပဲ၊ မေမေဘယ်နှစ်ခါပြောပြော ကျွန်မတို့ နားထောင်ရတာရိုးမသွားဘူး၊ မေမေက ပုံပြောရင် အသံနေအသံထားနဲ့ ပြောတတ်တယ်၊ ကြောက်စရာကောင်းတဲ့ နေရာများရောက်ပြီဆိုရင် “လား .. လား ..” လို့  မေမေက အသံကို ခပ်တိုးတိုး ဖြည်းဖြည်းလေးလေး .. လေး ပြောပြီး ပုံကိုခဏရပ်ထားတတ်တယ်၊ အဲဒီအချိန်များဆို ကျွန်မနဲ့ အစ်ကိုရရတော့ နှစ်ယောက်သားတိုးနိုင်သမျှတိုးကပ်၊ ကိုယ်လေးတွေကျုံ့၊ အသက်ပြင်းပြင်းမရှုရဲ၊ မေမေ့ရဲ့ “လား ... လား” အပြောအောက်မှာ မလှုပ်ရဲအောင် ကြောက်ခဲ့ကြရသေးတယ်၊ သိပ်လည်း သဘောကျခဲ့ကြတယ်၊ တစ်ခါတစ်လေ ရှေးရှေးကအကြောင်းတွေ ပြန်ပြောပြတဲ့အခါ မေမေ့ရဲ့ အမေအကြောင်း(ကျွန်မတို့ရဲ့အဖွားပေါ့) ပြောရင် “မေမေတို့ အမေများဆိုရင်” လို့ အစချီပြီးပြောတတ်တယ်၊ အဲဒီအခါကျ ကျွန်မမှာ အဆန်းတကြယ်ဖြစ်လို့နေရော၊ “မေမေရယ် အမေ၊ အဖေက တစ်ယောက်တည်းဟာ ဘာလို့ အမေများ၊ အဖေများလို့ ပြောတာလဲ” လို့ မေးလည်း မေမေ ကတော့ ရယ်နေတာပါပဲ၊ “မေမေတို့ အမေများကလေ .. မေမေတို့အဖေများလက်ထက်ကဆို” .. အဲဒီလို အပြောမပျက်ပါဘူး၊ ကြာတော့ ကျွန်မတို့ မေမေပြောပြတဲ့ အလေ့အကျင့်ကို အလွတ်ရသွားတော့တယ်၊ မေမေ့ကို လည်း “မေမေတို့ အမေများဆိုရင်” လို့ ကျွန်မ စနောက်တတ်လာခဲ့တယ်။

ကျွန်မရဲ့အတွေးတွေ တော်တော်ဝေးဝေးနေ့ရက်တွေအထိ ပြန်ရောက်သွားလေရဲ့ ..
ငယ်ငယ်က နေ့ရက်တွေထဲက မေမေ့ပုံပြင်လေးတွေဆီ ...
--------------------------------------------------------------
မေမေပြောပြဖူးတဲ့ပုံပြင်တွေကို ပြန်ပြောပြချင်ပါသေးတယ်၊

ဒါကတော့ လိပ်ကမ္ဘာမကြီးပုံပြင်ပေါ့ ...

ဟိုရှေးရှေးတုံးက ပင်လယ်ကြီးအနီး ကမ်းစပ် ရွာတရွာမှာ တံငါသည် အဖိုးကြီးနဲ့  အဖွားကြီး နှစ်ယောက်ရှိသတဲ့၊ သူတိုမှာ မထွေး လို့ ခေါ်တဲ့ သမီးပျိုလေးတယောက်ရှိတယ်၊ တစ်နေ့ တော့ ငါးဖမ်းထွက်ကြရာမှာ ငါးတွေကလဲ တော်တော်မိသတဲ့၊ ခါတိုင်းနဲ့ မတူဘူး၊ ဒီတော့ အဖွားကြီးက ပျော်ပီး ငါးတကောင်ရတိုင်း “ငါ့သမီးမထွေး ဈေးတင်ဘို့” လို့  လွတ်ကနဲ အော်မိသတဲ့၊ အော်လိုက်တာနဲ့  အဖိုးကြီးလက်က ငါး က လျောကနဲ လွတ်ကျသွားပါလေရော၊ တစ်ခါလဲမဟုတ် နှစ်ခါလဲမဟုတ်  မအော်ပါနဲ့ ပြောလည်းမရ၊  တစ်ခါမိ တစ်ခါအော် တစ်ခါကျ ဆိုတော့  အဖိုး စိတ်မရှည်တော့ဘူး၊ တက်မကြီးနဲ့ ရိုက်ချပစ်လိုက်တာ တခါတည်းရေထဲ ကျ သေပါလေရောကွယ်၊ ရေထဲလဲ ကျ ရော  တဆက်တည်း  လိပ်မကြီးဖြစ်သွားရောတဲ့၊ လိပ်က အကြီး ကြီး၊ ကမ္ဘာလောက်ကြီး၊ ဒါနဲ့ အဖိုးကြီးလဲ စိတ်မကောင်းဖြစ်ပီး  ပိုက်ကြီးထမ်း အိမ်ပြန်လာရတာပေါ့၊ မထွေးလေးလည်း အမေကော အမေကောနဲ့  မမြင်လို့   တတွတ်တွတ် မေးသတဲ့၊ အဖိုးကလဲ တခြားကို လွှဲ လွှဲပြောသတဲ့၊  မိုးစုန်းစုန်းချုပ်လို့  မှောင်လာတော့ မထွေးလေးက အိမ်ကနေ တိတ်တိတ်ထွက်ပီး ပင်လယ်ဘက်သွားသတဲ့၊ ကမ်းစပ်ရောက်တော့   လိပ်မကြီးက ကမ်းပေါ်တက်လာပီး  သူ သမီး ပေါင်ပေါ် မေးတင်လို့  မျက်ရည်တွေစီးကျလာသတဲ့ ကွဲ့၊ ဒီတော့မှ မထွေးလေးလည်း အဖြစ်မှန်သိတော့တယ်၊  ဒါပေမဲ့ ဘာမှ မတတ်နိုင်တော့ဘူးလေ၊ အိမ်ပြန်လမ်း တလျှောက်လုံး ငိုရုံပဲ တတ်နိုင်တော့တာကွဲ့၊ နောက်နေ့  နောက်နေ့တွေမှာလည်း မထွေးလေးက  သူ့အမေ ရှိရာ သဲသောင်စပ်ကိုသွား သွားပြီး လိပ်ကမ္ဘာမကြီးနဲ့  စကားပြောလေ့ရှိတယ်။

ရက်နည်းနည်းရလာတော့ အဖိုးကြီးက  ဆေးပေးမီးယူ အမည်တတ်ပီး  မိန်းမတယောက် ကောက်ယူ လိုက်ပါရောတဲ့ကွယ်၊  သူ့ မှာလဲ သမီးတယောက်က ပါလာသေးတာကွဲ့ ၊ အရုပ်ဆိုးလွန်းတာကြောင့်   မရုပ်ဆိုးလို  အများကခေါ်ကြလို့  အဲဒီ့အမည်တွင်နေတယ်၊ အဲဒါနဲ့  ဒီလို မထွေးလေး အိမ်က ပျောက် ပျောက်သွားတာကို  မသင်္ကာဖြစ်ပီး  နောက်မိန်းမက လိုက်ချေုာင်းသတဲ့ကွဲ့၊  အကြောင်းစုံသိသွားပြီး အိမ်ရောက်တော့ နေမကောင်းချင်ဟန်ဆောင်သတဲ၊ အိပ်ယာအောက်မှာ  မုံ့လေပွေတွေထားပီး ဟိုဘက်လှိမ့်လဲ ဂျိုးဂျိုးဂျွှတ်ဂျွတ်  ဒီဘက်လှိမ့်လဲ ဂျိုးဂျိုး ဂျွတ်ဂျွတ် .. အောင့်မယ်လေး  ..အမေ့ အရိုးတွေ ကျိုးရချည့်ရဲ့  ..လို့  အော်အော် ငိုသတဲ့၊ မူယာမာယာများတာလေ၊ မဟုတ်ပဲနဲ့၊ နောက်တော့ ... အဖိုးကြီးကို လဲ  ဗေဒင်မေးခိုင်းသတဲ့၊ ဗေဒင်ဆရာက ငွေပေးပြီး စကားထည့်ထားတဲ့အတိုင်း  လိပ်ကမ္ဘာမကြီးအသားကို စားမှ ဒီရောဂါ ပျောက်မယ်လို့  အဟောထွက်တာပေါ့။

အဲဒါနဲ့ .. အဖိုးကြီးလဲ လိပ်ကမ္ဘာမကြီးဖမ်းဖို့  ပိုက်ကြီးဆွဲ ထွက်သွားသတဲ့၊ တကယ်တမ်း ဖမ်းဘို့ ကျတော့  မလွယ်လှပါဘူး၊ လိပ်မကြီးက အဖိုးကြီး ပင်ပန်းဆင်းရဲနေတာ သနားပြီး အဖမ်းခံတော့မှ မိသွားတာပါ၊ အိမ်ရောက်တော့လဲ  မထွေးကို မီးထိုးခိုင်းသတဲ့၊ လိပ်မကြီးကို အိုးထဲ ထည့် မီးတိုက်တော့တာလေ၊  လိပ်ကမ္ဘာမကြီးလဲ တင်းခံနေတော့ မကျက်နိုင်ဘူး၊ မကျက်နိုင်လေ မထွေးလေးကို ရိုက်လေပဲ၊ ကြာတော့ မထွေးက အရှိုးရာတွေ ဗလပွ ဖြစ်လာတော့ “အမေရယ်  မြန်မြန် ကျက်ပါတော့ သမီး အသားတွေ ကွဲ ကုန်ပါပြီ” လို့  ငိုရှာသတဲ့၊  ဒီတော့မှ လိပ်ကမ္ဘာမကြီးလဲ ကျက်သွားတော့တယ်ကွယ်၊ ကျက်လဲ ကျက်ရော တအိမ်လုံးဝိုင်းစားကြသတဲ့၊ မထွေးတယောက်ကတော့ သူ့ အမေမှန်း သိနေတာမို့  ဘယ်စားရက်မလဲ ကွယ်၊ အင်္ကျီလေးလက်နဲ့  မျက်ရည်တွေသုတ်ပီး အရိုးတွေ လိုက်ကောက် သတဲ့၊ ရသရွေ့ အရိုးတွေ ကို ပေါင်းစုပီး အိုးတလုံးထဲထည့် မြေမှာမြှုပ်သတဲ၊ မနက်မိုးလင်းတော့ အဲဒီ မြှုပ်ထားတဲ့အိုးက အိမ်အ၀င်ဝမှာဆိုတော့ လူတိုင်းရပ် ရပ် ကြည့်ကြသတဲ့။

မြှုပ်ထားတဲ့ မြေအိုးနေရာက အဲဒီမြေအိုးကလေးထဲက ရွှေပင်ငွေပင်တွေ ပေါက်လာတာကိုးကွယ်၊ နောက်နေ့မှာပဲ ဘုရင့်သားတော်လေးတပါးက  တောကစားထွက်လာရင်း တွေ့သွားတာကိုး၊ ဒီတော့ ဒါ ဘယ်သူ့အပင်လဲ မေးရော  မရုပ်ဆိုးက  သူစိုက်ထားတဲ့ အပင်ပါလို့  ဖြေသတဲ့၊ ဒီတော့ မင်းသားလေးက “ငါ့လက်တော်ကိုဆက်” လို့ မိန့်တာကိုး၊ မရုပ်ဆိုးလဲ ရွှေပင်ငွေပင်တွေကို အသေ ဆွဲနှုတ်တာတာပေါ့၊ ဘယ်ရမလဲ၊ မရဘူးပေါ့၊ ဒီတော့မှ မထွေးက ရှေ့ တိုးလာပီး “ဘုရားတပည့်တော်မ  သစ္စာဆိုပါရစေ” လို့ ပြောသတဲ့၊ မင်းသားလေးက “ဆိုစေ” လို့ ပြောမှ  မထွေးလေးက သစ္စာဆိုသတဲ့၊ “ဒီရွှေပင် ငွေပင်များသည် အကျွန်မ မိခင် လိပ်ကမ္ဘာမကြီးအရိုးမှ အပင်ပေါက်လာသည်မှန်လျှင် အကျွန်မလက်ပေါ်သို့  အသာအယာ ရောက်ရှိလာပါစေသတည်း” လို့ လဲ ဆိုလိုက်ရော.. လား .. လား .. အံ့သြစရာကွယ် တခါတည်း အိုးကလေးက  မထွေးလက်ပေါ် ရောက်လာတာပေါ့၊  မထွေးက မနှုတ်ရဘူး။  အဲဒီနေ့ ကစပြီး မထွေးလေးက  အိမ်ရှေ့ မိဖုရားကြီးဖြစ်သွားပါရောတဲ့ကွဲ့၊ မင်းသားလေးက မထွေးလေးကို သနားပြီး သူ့ တိုင်းသူ့ ပြည် ခေါ်သွားတယ်၊ မိဖုရားမြှောက်လိုက်တာလေ။

တစ်နေ့တော့ နောက်မိန်းမက မထွေးလေးကို မနာလိုဖြစ်ပီး အကောက်ကြံပါလေရောကွယ်၊ ငါ့သမီး မိဖုရားကြီးဖြစ်ပီးမှ တစ်ခါမှလဲ မတွေ့ရဘူး၊ အမေတို့ အိမ် လာလည်ပါအုံးကွဲ့လို့ စာပို့သတဲ့၊ ဒါနဲ့  မင်းသားလေးကလည်း ခွင့်ပြုတာမို့ မထွေးလေးက အိမ်ကို ပြန်လာလည်သတဲ့၊ အခမ်းအနား အဆောင်အယောင်မပါဘဲ သာမန်လူ တယောက်လိုပဲ သူက အိမ်ကိုပြန်လာတာကွဲ့၊ ဒီမှာတင် အကြံများတဲ့ နောက်မိန်းမက  လက်ဝတ်ရတနာ အနည်းငယ်ပါလာတာကို ချွတ်ပြခိုင်းပီး ယူထားသတဲ့ ကွယ်၊  ပြီးမှ  ထမင်းစားကြမယ်ဆိုပီး မထွေးကို ထမင်းကြွေးတာပေါ့၊ သူတို့  ထမင်းဝိုင်းစားနေတုံး နောက်မိန်းမက ဇွန်းတွေ ကို  အိမ့် အောက်  လွှတ် လွှတ်ချပါသတဲ့၊  ကြမ်းပေါက်ကနေ ဇွန်းတွေလဲ ကျ သွားရော   နောက်မိန်းမက  မထွေးလေးကို ဆင်းကောက်ဖို့ ပြောတယ် ကွဲ့၊ သူက အကြံနဲ့ ခိုင်းတာ၊ မထွေးလေးက မသိရှာဘူး၊ ရိုးရိုးသားသားပဲ မှတ်ပြီး အိမ့်အောက်ထဲဝင် ဆင်းကောက်တာပေါ့၊  ဒီတော့ မိထွေး က အိမ်ပေါ်ကနေ အသင့်ကြိုထားတဲ့  ရေနွေးပူတွေ လောင်းချလိုက်တာ  တစ်ချီထဲ သေရှာပါလေရော၊ သေတော့ မထွေးလေးက ဗျိုင်းမလေးဖြစ်သွားတယ်တဲ့ ကွဲ့၊ ဗျိုင်းကလေးတို့  ဘာသာဘာဝ ဟိုပျံသည်ပျံ ၀ဲပျံနေလာရာက တစ်နေ့ တော့  ရှင်ဘုရင့်သားတော် အိမ်ရှေ့မင်းသားလေးက တောကစားထွက်လာပြန်တာပေါ့၊ ဒီတော့ တောထဲမှာဟိုဟိုဒီဒီ ပျံဝဲ နေရရှာတဲ့ ဗျိုင်းကလေး က မင်းသားလေးပခုံးပေါ် ၀မ်းပမ်းတသာ လာနားပါလေရော၊ မင်းသားလေးကလဲ ထူးဆန်းတဲ့ ဗျိုင်းကလေးကို သနားပြီး ရွှေနန်တော်ကြီးကို ခေါ်သွားတာပေါ့ကွယ်၊ ဒီအခါမှာ  နောက်မိန်းမက သူ့သမီး မရုပ်ဆိုးကို  မိဖုရား မထွေးလေး အ၀တ်အစားတွေ ၀တ်ပေးပီး ရွှေနန်တော်ကြီးဆီ ပြန်လွတ်တာပေါ့။  မထွေးလေး ဟန်ဆောင်ခိုင်းတာပေါ့။

နန်တော်ရောက်တော့ မင်းသားလေးကမယုံဘူး၊ ဒါပေမဲ့ သူက မေးခွန်းတွေပဲ မေးတယ်၊ နှာခေါင်းကြီးက ဘာလို့  ရှည်သလဲ၊ မျက်နှာ ဘာလို့ ကျောက်ပေါက်မာတွေ ဖြစ်နေတာလဲ၊ စသည်မေးတာပေါ့၊ မရုပ်ဆိုးကလဲ ရှောက်ဖြီးတာပေါ့၊ မောင်တော့်ကို လွမ်းလွန်းလို့  ငိုတော့ နှာရည်တွေထွက်လို့  နှပ်ညှစ်ရလွန်းလို့  နှာခေါင်းရှည်လာတာတို့ ခြတောင်ပို့ နားမှာ သွားငိုလို့ မျက်နှာခြကိုက်ဒါဏ်ရာရတာတို့  လိမ်ညာပြောတာပေါ့၊ တစ်နေ့  ကျတော့ မရုပ်ဆိုးက မိဖုရားမထွေးလေး ယက်တဲ့ယက္ကန်းစင် ထိုင်ပီး မတတ်ပဲနဲ့   ဟိုလုပ် ဒီလုပ် လုပ်နေတော့ ဗျိုင်းကလေးက လာပီး ပြသတဲ့၊ မရုပ်ဆိုးက စိတ်တိုပီး လွန်းအိမ်နဲ့ ရိုက်လိုက်တာ တစ်ချက်တည်း သေပြန်ပါရောကွယ်၊ သေတော့ ဗျိုင်းသားဟင်းချက်သတဲ့၊ မင်းသားလေး ကိုကျွေးရော ဆိုပါတော့၊ မင်းသားလေးကလေ.. မစားဘူး၊ စိတ်ဆိုးဆိုးနဲ့ သွား သွန်ပစ်ချေ လို့ ငေါက်သတဲ့။

မနက်ကျတော့ အဲဒီ ဗျိုင်းသားဟင်း သွန်ပစ်လိုက်တဲ့ နေရာမှာ  ဥသျှစ်ပင်ကြီးတပင် ထီးထီးကြီး ပေါက်လာတာကိုး၊  လူတွေလဲ အရမ်းလာ လာ ကြည့်ကြသတဲ့၊ ဥသျှစ်ပင်ကြီးနားမှာ အဖိုး နဲ့ အဖွား နှစ်ယောက်နေတဲ့  အိမ်တလုံးလဲ ရှိသတဲ့၊ သူတို့က လယ်ယာလုပ်ငန်း လုပ်တာဆိုတော့ မိုးလင်းတာနဲ့  လယ်တောဆင်းရတာပေါ့။ ညညတိုင်မှ ပြန်လာကြတာ၊ တစ်နေ့ တော့ ညဘက်သူတို့  ပြန်လာတဲ့ အခါ သူတို့အိမ်မှာ ထမင်းတွေ ဟင်းတွေ အငွေ့ တထောင်းထောင်းနဲ့  ချက်ပီးပြုတ်ပီးဖြစ်နေတာ  နေ့တိုင်း တွေ့တွေ့ နေရသတဲ့ ကွဲ့၊ အံ့သြလွန်းလို့  အကြောင်းသိရအောင် လယ်တော သွားဟန်ဆောင်ပီး ချောင်းဖမ်းကြရော၊  ဒီတော့မှ ဥသျှစ်သီးကြီးထဲက  မိန်းကလေးချောချောလှလှလေး တယောက်ထွက်လာပီး ချက်တာ ပြုတ်တာ လျှော်တာ ဖွတ်တာ မြင်ရပါလေရော တစ်ခါတည်း .. ဟေ့ မပြေးနဲ့ ဆိုပီး နှစ်ယောက်သား ၀ိုင်းဖမ်းကြတာပေါ့ ။ ဥသျှစ်ပင်ကြီးကိုလဲ  ဓါးနဲ့  တခါတည်း အပြီး ခုတ်ထစ် ပစ်လိုက်တြတာ၊ အပင်ထဲ ပြန်မ၀င်နိုင်တော့ဘူးပေါ့၊ အဲဒီနေ့ကစလို့  အဖိုးအဖွားတို့ နဲ့  ပျော်ပျော်ပါးပါး နေလာကြရာက  ရေစက်က မကုန်လေတော့ မင်းသားလေးနဲ့  ပြန်လည် ဆုံဆည်းရတာပေါ့ကွယ်၊ ဒီတခါလဲ မင်းသားလေးက တောကစား ထွက်လာတာပဲ ကွဲ့၊ ဘုရင်တွေက ဒီလိုပဲ  တောလယ်ထွက်ပီး အကောင်ပလောင်တွေကို အစမ်းပစ်ကြခတ်ကြတာပေါ့၊ ရေဆာလို့  ရေ၀င်တောင်းရာမှာ အဖိုး ပေးတော့ လက်တုန်ခြေတုန်နဲ့ မို့ တဲ့၊ အဖွားပေးတော့ မျက်ခမ်းစပ်မို့ လို့ တဲ့၊ မသောက်ဘူး မင်းသားလေးက၊ မထွေးလေး ထွက်ပေးတော့မှ  သောက်တာပေါ့၊ သောက်ရုံ ဘယ်ကမလဲ ကွယ် သူ့ မိဖုရားမှန်း သိသွားတာမို့  မိဖုရားလက်ကို မလွတ်တမ်းဆွဲ ပြီး  နန်းတော်ကြီးကို ပြန်လာကြတာပေါ့။

နန်တော်ရောက်တော့ မရုပ်ဆိုးကို ရာထူးကချလို့  ကွက်မျက်ပစ်တဲ့ အပြင် မရုပ်ဆိုးရဲ့  ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ အားလုံး စဥ့်အိုးကြီးတစ်လုံးမှာထည့် ချဉ်ဖတ်သိပ်ပီး သူ့အမေ့ဆီပို့ သတဲ့ ကွဲ့၊ သူအမေက ငါ့သမီး ဘုရင်ကတော်ကြီးဖြစ်လို့ စားရတာ  စားကြ  စားကြ နဲ့   အိမ်နီးချင်းတွေလဲ ဝေ သူတို့လဲ အ၀တုတ်ကြတာပေါ့၊ မရုပ်ဆိုးရဲ့  ညီမ အငယ်လေးတယောက်လဲ ရှိတော့ သူက  အမေရယ် အမေရယ် ဒါကလေးက မမကြီး လက်ကလေးနဲ့  တူလိုက်တာ လို့ ပြောတော့ ဟဲ့..တောက်တီးတောက်တဲ့  စားမှာ စားစမ်း၊ လို့ ငေါက်သတဲ့ အဲဒါနဲ့  သူတို့ တတွေ အားရပါးရ  စားရင်း စားရင်း  နောက်ဆုံးကျတော့မှ သူ့သမီးရဲ့  ခေါင်းပြတ်ကြီးကိုလဲ တွေ့ရော...အမလေး သမီးရဲ့  ...ဆိုပီး တက်သွားလိုက်တာ  ပြန်မကျတော့ပါဘူး၊ တခါတည်းအသက်ပါသွားတော့တာကလား၊ အဲဒါကြောင့် ..သူတပါးမကောင်းကြံ  ကိုယ့်ကိုပဲ ပြန်ထိတယ်ဆိုတာ မှတ်ထားနော် လို့ မေမေက ပြောပြခဲ့တယ်။

လိပ်ကမ္ဘာမကြီးပုံပြင်မှာ “ငါ့သမီးလေး မထွေးလေး ဈေးတင်ဖို့” မေမေပြောပြတာ နားမလည်လို့ “မေမေ .. ဈေးတင်တာဘာလဲပဲ” လို့ ပြန်မေးခဲ့ရသေးတယ်၊ ပြီးတော့ မထွေးလေးရဲ့ မိထွေးက အိပ်ယာအောက်ထဲ မုန့်လေပွေထားလို့ ဟိုဘက်၊ ဒီဘက်လှိမ့်တိုင်း ဂျိုးဂျိုးဂျွတ်ဂျွတ်မြည်၊ အမေ့အရိုးတွေကြိုးရချည်ရဲ့ လို့ မေမေက ဆတ်ကနဲ ကျောလေးတွန့်ပြပြီး ပြောတိုင်း၊ အဲဒီနေရာရောက်တိုင်း တခိခိရယ်မောခဲ့ရသေးတာ၊ အဲဒီအရွယ်တုန်းက ချဉ်ဖတ်ဆိုတာ ဘယ်လိုမျိုးမှန်းမသိသေးသလို ချဉ်ဖတ်ဆိုတာကြောက်စရာကြီး လူအသားတွေနဲ့ လုပ်တယ်လို့လည်းထင်ခဲ့မိသေးတယ်၊ အခုတော့လည်း ချဉ်ဖတ်ဆိုတာ မေမေ အိမ်မှာနှပ်လေ့ရှိတဲ့ မုန်လာဥဖြူချဉ်ဖတ်ကအစ ကိုးရီးယားကင်မ်ချီအဆုံး ချဉ်ဖတ်တွေအကြောင်း သိသွားပြီ၊ ကြိုက်တတ်သွားပါပြီ။

1 comment:

ဆုမြတ်မိုး said...

မမဖြိုးကိုလွမ်းလို့ ပုံပြင်လေးတွေလာဖတ်သွားတယ် မမဖြိုး.......း)
စာမေးပွဲပြီးမှ ဖေ့ဘုတ်မှာလာဟိုင်းမယ်နော်..။

သတိရလျက်
ဆုမြတ်