Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, October 05, 2010

နောက်တစ်ကြိမ် ဖြူဖြူ့ကို စလို့မရတော့ဘူး


 စိတ်မကောင်းလိုက်တာ၊ ဖြူဖြူ ဒီနေ့ပဲ သေသွားပြီ၊
နောက်တစ်ကြိမ် စလို့လည်း မရတော့ပါဘူး၊
ညက တစ်ညလုံး အသံ အဆန်းနဲ့ အော်နေတာ၊ ကွီ ကွီနဲ့၊ ဆေးခန်းသွားပြတော့ အဆုတ်မကောင်းလို့၊ ကျွေးရမယ့်ဆေးတွေပေးလိုက်ပြီး အပြန်လမ်းမှာပဲ သေသွားတယ်။
RIP Phyu Phyu !!

ဖြူဖြူ မတိုင်ခင် နဲရှော တူလေးရဲ့ ခွေးမလေး မက်ဂီလည်း သေသွားပြန်တယ်၊ ခုတစ်လော သေခြင်းတရားတွေနဲ့တွေ့နေရတယ်၊ အကောင်ပလောင်လေးတွေရဲ့ သေခြင်းတရားတွေပေါ့၊
မက်ဂီ မသေခင်ရက်ပိုင်းကပဲ အခန်းထဲအိပ်ရာပေါ်တက်ဆော့နေလို့ ဓါတ်ပုံရိုက်ဖြစ်လိုက်သေးတယ်။
RIP Maggi !!


သေခြင်းတရားတွေ ခုတလောတွေ့နေရတာနဲ့ “ကျွန်တော်သေတဲ့အခါ” ဆိုပြီး ငါသေရင်တော့ ဟိုလိုလုပ်မယ်၊ ဒီလိုလုပ်မယ်နဲ့ လျှောက်ရေးခဲ့ဖူးတာ ပြန်အမှတ်ရမိတယ်၊ တကယ်ကြီး အဲလို လုပ်ချင်မိပါတယ်၊ တကယ် သေရင်သာ ဘယ်လိုသေရမယ်မသိဘူး၊
ကျန်တဲ့သူတွေက ဘယ်လိုလုပ်ပေးကြမယ်တော့မသိနိုင်ဘူး။

ပိုစ့်အဟောင်းကို ဒီမှာ ပြန်တင်ပါတယ်၊ သေတာတွေ စုထားတဲ့ သဘောပေါ့။

ကျွန်တော်သေတဲ့အခါ

ဂျီးစ် Jeezzz .. မကြည့်ချင်ပါဘူး၊

မကြည့်ချင်ဘူးဆိုပေမယ် မျက်လုံးတွေကို အစွမ်းကုန်ချဲ့ပြီး ပုံတွေအကုန်သေချာကိုကြည့်လိုက်မိသေးတယ်။
အသုဘအခမ်းအနားတစ်ခုက ဖြူဖြူဖွေးဖွေး ဆန့်ဆန့်ရန့်ရန့်ပုံတွေကိုပေါ့။ မကြောက်တတ်လှပေမဲ့ ပုံတွေကိုမျက်လုံးထဲကမထွက်ဘူး။
လူတွေကို ဘာလို့များ ဒီလို ပုံကြီးတွေချပြပြီး စိတ်ညစ်ညူးစေကြလဲ။

ကျွန်တော်သေရင်...
တကယ်ပါ ... ကျွန်တော်သေရင်တော့ လူတွေရှေ့မှာ ဘယ်နေရာက ကြည့်ကြည့် ကြည့်လို့မလှတဲ့ ကျွန်တော့် ရဲ့အသက်မရှိတော့တဲ့ ရုပ်အလောင်းကြီးကို မကြည့်စေချင်ပါဘူး။
ခေါင်းတလား အနက်ရောင် ဒါမှမဟုတ် အဖြူရောင် တခါတည်းပိတ်ထားလိုက်မယ်။ အားနာပါးနာဟန်နဲ့ မျက်နှာတွေကိုအစွမ်းကုန်အပြိုင်အိုမင်းထားကြပြီး မိတ်ကပ်ဖြူဖြူဖွေးဖွေးအရာကြီးကို အသေအချာစိုက်ကြည့်။ ဒီကြားထဲ စိတ်မထင်ရင် စိတ်မထင်သလို ကျွန်တော့်အလောင်းကောင်ကြီးကို ရွှတ်ခနဲ နှုတ်ဆက်အနမ်းပေးကြမယ့်သူတွေလဲ ရှိဦးမယ်။ ဒါပေမဲ့ ကျွန်တော်ပြောရဲတယ် အဲဒီလိုနမ်းရှုံ့လိုက်တဲ့အခါ လူတိုင်း အသက်အောင့်ထားကြမှာပဲ။ ဒါကို ကျွန်တော်သိတယ်။ ဘာလုပ်မှာလဲ၊ အဲဒီလို အဓိပ္ပါယ်မရှိတဲ့အလုပ်တွေ ကျွန်တော်သိပ်မုန်းတယ်။
လူတွေကို မဟုတ်မဟပ်အလုပ်တွေနဲ့ အလုပ်မရှုပ်စေချင်ဘူးဗျ။

ကျွန်တော်ဒီလိုလုပ်မယ်စိတ်ကူးထားတယ်။
ကျွန်တော့်အလုပ်က ဥပမာဗျာ IT ပွဲတစ်ခုရှိလာပြီဆိုတာနဲ့ Presentation တွေကို animate တွေလုပ်၊ ပုံတွေကိုဟိုက၀င် ဒီကထွက် လုပ်ပြရတာမျိုးကိုဗျ။
ဒီတော့ ကျွန်တော့်ရဲ့အသုဘ အခမ်းအနားမှာဆိုရင် ကျွန်တော့်ရဲ့ငယ်ငယ်က ပုံတွေကစပြီး၊ ကျွန်တော်ဘာတွေလုပ်ခဲ့လဲ၊ ကျွန်တော်က ဘယ်လိုလူမျိုး၊ ခပ်ကြောင်ကြောင်လူဆိုရင် ဘယ်လောက်ထိကြောင်တယ်ဆိုတာ projector နဲ့ပြမယ်။ အင်မတန်နောက်ပြောင်တတ်တဲ့သူဆိုရင် ဘယ်လိုနောက်တတ်တယ်ကအစ ဘယ်သူတွေအစအနောက်ခံခဲ့ရတယ်အဆုံး မြင်အောင်ပြမယ်ဗျ။ ကျွန်တော်က ပုံဆွဲတာကြိုက်တဲ့သူဆိုတော့ ဘာတွေဆွဲခဲ့တယ်။ ဘာတွေလုပ်ပြီးပြီ၊ ဘာတွေကိုလုပ်ဖို့ရှိတယ်၊ သေတဲ့အချိန်ကကြိုမသိနိုင်တော့ မလုပ်ရသေးတာတွေရှိနိုင်တယ်မဟုတ်လား။ နောက် သူ ဘယ်သူတွေကိုချစ်တယ်၊ သူ့ကိုသူငယ်ချင်းတွေကနာမည်ပြောင်ဘယ်လိုပေးထားတယ်။ ဒါတွေကို ဖြတ်ခနဲဖြတ်ခနဲပြမယ်။ font တွေကိုလဲ လှလှပပလေးတွေသုံးဦးမယ်။
သူ ဘာသီချင်းတွေကြိုက်လဲ ဒါတွေလဲပြထားမယ်။ အသုဘအခမ်းအနားလာတဲ့လူတွေ မပျင်းမရိရအောင်၊ စိတ်မညစ်ညူးစေအောင်၊ ငိုချိန်ကိုမရအောင် ဖမ်းစားထားချင်တယ်။
အဲဒီထဲမှာတော့ ကျွန်တော့်ကြောင့် စိတ်ညစ်ခဲ့ရသူတွေ။ ကျွန်တော့်ကိုစိတ်ညစ်အောင်၊
ငိုရအောင်လုပ်ခဲ့ကြသူတွေ ... ဒီလူတွေကိုတော့ ဖျောက်ထားလိုက်မယ်။ စိတ်ရှုပ်ကုန်ကြမှာစိုးရိမ်လို့ပါ။

ကျွန်တော့်ရဲ့ အသုဘမှာဆိုရင် free style နဲ့လာနိုင်တယ်။ အနက်ရောင်တော့ဝတ်ခဲ့ကြပါ။ အနက်ရောင်ယဉ်ကျေးမှုတွေစီးမြောနေတဲ့ underground show တွေကို ကျွန်တော်ကသိပ်ကြိုက်တယ်ဗျ ...လူငယ်တွေရဲ့ ရိုးသားမှုတွေကို အမည်းရောင်မည်းမည်းသိပ်သိပ်တွေထဲမှာ လင်းလင်းထင်းထင်းမြင်ရလွန်းလို့။
ရောခ့်ဘိုးအေကြီးတွေရဲ့ show တွေမှုာ တစ်ခါတစ်ရံတွေ့ရတတ်တဲ့ ရန်လိုမှုတွေ လူငယ်တွေကြားမှာ မရှိကြတာ ကျွန်တော့်မှာ အဆန်းတကြယ်ကိုဖြစ်လို့ ... ဒါကိုကြိုက်တယ်။
disco သွားရတာကြိုက်တဲ့ သူငယ်ချင်းတွေကိုလဲ disco ခန်းမထဲကို ၀င်လာသလို
ပေါ့ပေါ့ပါးပါးဟန်နဲ့ဝင်လာစေချင်သေးတယ်။ mp3,mp4,iPod ကြိုက်တာယူလာကြဦးဗျာ။ သီချင်းတွေလဲနားထောင်ကြပါဦး၊ ရတယ်။ သိပ်တော့ မငိုကြပါနဲ့၊ အသံထွက်မငိုကြေး၊
ကဲ ... ဖြစ်တယ်မဟုတ်လား။
အသံထွက်အောင်ငိုတဲ့သူကို ဒဏ်ငွေဆောင်စေဦးမယ်။
အဲဒီငွေတွေကိုတော့ မိဘမဲ့ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေကို လှူပေးပါမယ်။အိမ်မှာဆိုရင်လဲ အသုဘအိမ်မှာ ဖဲရိုက်တတ်တဲ့အလေ့အထကိုဖျောက်ပစ်ချင်တယ်။ (တချို့ဂျာနယ်လစ်တွေ စာဖတ်ပရိသတ် ဦးနှောက်အလုပ်ရှုပ်အောင်လုပ်သလို လုပ်တာတော့မဟုတ်ရပါဘူး၊ နာမည်ထည့်မပြောချင်လို့ပါ) စနေနံနဲ့စတဲ့ own tune အဆိုတော်ကြီး ဆုံးပါးတုန်းက ကျန်ရစ်တဲ့ဇနီးသည်က အိမ်မှာဖဲရိုက်ရင်း စွဲသွားတယ်ဆိုပဲ။ ကျန်ရစ်တဲ့သူက ဒီလိုဗရုတ်ဗရက်ဖြစ်တော့ သွားရတဲ့ကျွန်တော် ကောင်းနေပါဦးတော့မလား။
ဖဲမရိုက်ရ။
နောက် ကွာစေ့ ... ဘာလို့ကွာစေ့ပဲကျွေးကြတာလဲ စားရတာလဲခက် အမှိုက်ကလဲပွသေးတယ်၊
အပူမီးတောက်နေသူတွေကို တံမျက်စည်းလှဲခိုင်းတဲ့အလုပ်ထပ်ရှုပ်စေသေးတယ်။
ကျွန်တော်က လူတွေကိုမေးမယ် ၀ီစကီကြိုက်သူကို ၀ီစကီတိုက်မယ်၊ ၀ိုင်သောက်မလား ရတယ်။
လဘက်ရည်၊ကော်ဖီ မေးပြီးမှ ကျွေးစေမယ်။ မုန့်လဲ ရရမှာပေါ့။ အသုဘအခမ်းအနားတွေမှာ ပန်းခြင်းတွေကို ကြည့်ရတာကြိုက်တယ်။ ဒီတော့ ခင်ဗျားတို့လာရင် ပန်းခြင်းလှလှလေးတွေယူခဲ့ပေးကြပါ။ ပန်းတွေက ဈေးကြီးပေမဲ့ ဒီလောက်တော့လုပ်ပေးကြပေါ့ဗျာ။ ကျွန်တော့်ကိုတကယ်ချစ်ကြတယ်ဆိုရင်ပေါ့။ ကျွန်တော်ကလဲ ကျွန်တော့်ရဲ့ အသုဘအခမ်းအနားကပြန်ထွက်လာကြသူတွေ လက်ထဲကို တန်ဘိုးရှိတဲ့ ပစ္စည်းတစ်ခု အသေအချာ ထည့်ပေးလိုက်မှာပါ။
အဲဒါကတော့ လူလူချင်း ချစ်ခြင်းမေတ္တာ အပြည့်အ၀ထားနိုင်ကြဖို့ ရိုးသားပြီးသစ္စာရှိကြဖို့ အကောင်အထည်ဖော်ပေးနိုင်မယ့်
ပစ္စည်းတစ်ခုခု ...
အဲဒီပစ္စည်း ဘာဖြစ်နိုင်မလဲ ခင်ဗျားလာခဲ့ရင် သိရမှာပေါ့ ...

၂၀၀၈ သြဂုတ်လ၊ ဇီဝကမဂ္ဂဇင်း - “မငိုကြေး”

6 comments:

ကိုအောင်(ပျူနိုင်ငံ) said...

ဖြူဖြူ အိပ်မက် ပေးသေးလား ...း)

Florist said...

ဖြူဖြူသေပြီးမှ အိပ်ချိန်မရောက်သေးဘူး၊ မအိပ်ရသေးဘူး

မြစ်ကျိုးအင်း said...

ဖြူဖြူက ဘယ်သူတုန်း။

PhyoPhyo said...

အိမ်ကကြက်တူရွေးလေး ပါ

ချော(အစိမ်းရောင်လွင်ပြင်) said...

အော်
အစောက လာဖတ်တာ ဘာကောင်မှန်းမသိလို့ ဘာရေးရမှန်းမသိ ဖြစ်သွားတယ်
ကြက်တူရွေးမှန်းခုမှ သိတော့တယ်..
တိရိစ္ဆာန်ဘ၀က မြန်မြန်ကျွတ်တယ်လို့ သဘောထားတာပေါ့ဖြိုးရယ်
ကိုယ်လဲ မတတ်နိုင်တာဘဲနော်။
စိတ်ပျော်ပျော်နေ။

ခင်တဲ့
မချော

SHWE ZIN U said...

အင်း သံယောဇဉ် ပေါ့

စိတ်မကောင်းပါ