Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, September 28, 2010

ချားချပ်ခ် ဒိုင်ယာရီ

ချားချပ်ခ်(Čačak) က နဲရှောသူငယ်ချင်း မာကို ဖုန်းဆက်၊ အဲ့ဒီမှာ မာရသွန်အပြေးပြိုင်ပွဲရှိတယ်ပြော၊ နှစ်တိုင်းလုပ်နေကျတဲ့၊ လာခဲ့ဖို့ဖိတ်၊ တစ်ညအိပ်ရမယ်၊ မနက်အစော ၄ နာရီခွဲ သံပတ်ပေး အိပ်ရာထကြ၊ ညကတည်းက လူကြီး ၂ယောက်က ကြိုနှုတ်ဆက်ထား၊ အင်္ကျီအနက်ဝတ်တော့၊ ဘာရယ်မဟုတ် နဲရှောကလည်း အနက်လိုက်ဝတ်၊ အိတ်တွေထဲ လိုတာတွေထည့်၊ မနက်အစောကြီး အေးလာပြီ၊ ဘတ်စ်နဲ့ခရီးမသွားဖူးသေးလို့ ပျော်နေ၊ ကားဂိတ်ကို ရထားစီးသွား၊ ကားဂိတ်ရောက်တော့ လက်မှတ်ဝယ်ဖို့ ၅ မိနစ်ပဲကျန်၊ ခြောက်နာရီတိတိ ကားစထွက်၊ ကား က အကြီးကြီးမဟုတ် သေးသေးပဲ၊ နောက်ဆုံးမှာ ဘေးက လူနှစ်ယောက်ရှိ၊ ၃ နာရီလောက်မောင်းရ၊ နဲရှော က တိမ်မြင်ရင် ဓါတ်ပုံမရိုက်ရမနေနိုင်၊ သံလုံးပစ်နေတဲ့ ရုပ်တု မည်းမည်းကြီးတွေ့လို့ ဓါတ်ပုံရိုက်ခိုင်း၊ လမ်းမှာ မိနစ် ၂၀ လောက်နား၊

 ကိုးနာရီလောက် ချားချပ်ခ် ရောက်၊ ကော်ဖီဆိုင်မှာ မာကို ကိုစောင့်နေ၊ သူလာတော့ စကား ခဏထိုင်ပြော၊ မိတ်ဆက် မတောက်တခေါက်စရပ်ပ်စကီ(Srpskiဆားရ်ဘီးယန်း)စကားပြော၊ မာကို အဖေနဲ့အမေက ရွာက အိမ်ကိုသွားပြီ၊ သူ့အိမ်မှာပဲ တစ်ညအိပ်ကြမယ်တဲ့၊ မာကို့အိမ်ကို လမ်းလျှောက်သွားကြ နီးနီးလေးပဲ၊ ချားချပ်ခ်က လူသိပ်မရှုပ်၊ မရှုပ်တာကိုမဟုတ် ရှိကိုမရှိတာ၊ ဒါ မြို့လယ်ခေါင်တဲ့ပြတယ်၊ ဆိုင်တွေတော့ ရှိ၊ လူ နည်းနည်းပဲတွေ့၊ လမ်းတွေက ကျယ်ကျယ်ကြီးတွေ၊  မာရသွန်ပြေးတဲ့သူတွေလည်း ရင်ပြင်ရှေ့ကတာထွက်သွားကြပြီ၊ မွန်းလွဲ ၃ နာရီလောက်တော့ ပန်းတိုင်မှာ သွားစောင့်ကြည့်ကြမယ်တဲ့၊ မာကို က လည်း အစက စကားနည်းမလိုနဲ့ နောက်တော့ စကားပြောတာ စပေ့စ်လဲ မရိုက်၊ အန်းတားလည်းမခေါက်ဘူး၊ လူက နေပူထဲ၊ မျက်မှောင်ကအဆုံးထိကြုံ့ထားလည်း သူကတော့ မသိဘူး၊ သူ့မြို့အကြောင်းရှင်းပြတာ သူ့လေယူလေသိမ်းနဲ့ နားမလည်တစ်ချက် လည်တစ်ချက်၊ ခေါင်းကတော့ အော်တိုကို ငြိမ့်ပြီးသား ၁ စက္ကန့်တစ်ခါလောက်၊ ဟုတ်ဟုတ် မဟုတ်ဟုတ် ဟုတ်၊

ရောမခေတ်က spa ရှိတယ်တဲ့ နက်ဖြန်သွားကြည့်ကြမယ်တဲ့၊ အိမ်တွေဆောက်မလို့ တူးရင်းနဲ့ပဲ တွေ့တာဆိုပဲ၊ ဒါနဲ့ အဲဒီနေရာကို ချန်ပြီး ပတ်ပတ်လည် အိမ်တွေဆောက်ထားကြတယ်တဲ့၊ ခရီးသွားတွေဆွဲဆောင်ဖို့ ကောင်းတဲ့နေရာပေမဲ့၊ အခုထိ အဲဒီမှာ ဘာမှမလုပ်ကြသေး၊ ဒီအတိုင်း ခြံခတ်ထား၊ မာကို က အားမလိုအားမရဖြစ်နေ၊ မြို့တော်ဝန်ဆီ စာပို့လို့ရတယ်ပြော၊ သူလည်း အကြိမ်ကြိမ်ပို့ပြီး၊
ဒါနဲ့ မာကိုအိမ်ကိုသွား၊ တိုက်ခန်းတွေပါပဲ၊အစက ချားချပ်ခ်ဆိုတော့ ရွာမှတ်လို့ ရွာကအိမ်လေးလို ခြံနဲ့ အပင်နဲ့၊

မျက်နှာသစ်ခြေလက်ဆေးပြီး အခန်းထဲဝင်နား၊ သူတို့က မနက်စာပြင်ကြ၊ မာကို အမေရှိသေးတယ်၊ အခုမှ ရွာကိုသွားမှာ၊ သူ့ကို နှုတ်ဆက်၊ မာကို အဖေနဲ့ အမေက တိဘက်လည်းရောက်ဖူးကြ ထိုင်းကိုလည်း သွားလည်ဖူးကြ၊  တိဘက်အကြောင်း စာအုပ်အကြီးကြီးလာပေး၊ မနက်စာစား စကားပြောပြန်၊ ၁၂ နာရီလောက်ကျတော့ အိမ်ကထွက်ဖို့ပြင်ကြ၊ ကားဂိတ်ကိုသွား တောင်နှစ်ခုကြားက စီးသွားတဲ့ မြစ်ကြောင်းအတိုင်း ကားနဲ့သွားကြ၊ Between the mountains of Ovcar (985m) and Kablar (889m), the river Zapdna Morava shaped and formed the Ovcar-Kablar gorge, one of the most beautiful gorges in Serbia. လို့ပြောတာပဲ၊

 တူရကီတွေ စစ်ပြုတုန်းက ဘုရားကျောင်းတွေကို ဒီတောင်ကြားတွေထဲမှာ ပုန်းအောင်းရင်းဆောက်ထား၊ လွတ်ခဲ့ကြ၊ အဲဒီတောင်ကြားမှာတင် ဘုရားကျောင်းတွေ ၁၁ ကျောင်းလောက်ရှိ၊ ဒီ ချားချပ်ခ်ကတော့ ဂျော်ဂျီဗိုနဲ့ ဆန့်ကျင်ဘက်၊ တောင်တွေ၊ အဖုဖု၊ အထစ်ထစ်နဲ့၊ ကားလမ်း ဘယ်ညာ တောင်တွေ၊ တောင်တွေကြားထဲ၊ မြစ်ရယ် ကားလမ်းရယ်က အပြိုင်၊ ကားရပ်တော့ မာရသွန်ပန်းတိုင်ဘယ်နားလည်းမေး၊ ခွေးလေးတွေ ၃ ၄ ကောင် ကလည်းတွေ့ပြန်၊ နေရာတကာ အကောင်ပလောင်တွေကခင်၊ ခွေးတစ်ကောင်က ရှေ့ကလမ်းပြသွား၊ ခဏခဏရပ်ပြီး နောက်လှည့်ကြည့်၊ ပါလာတဲ့ ဘီစကစ်ချကျွေး၊ ဒီခွေးကနဲနဲပိန်၊ မာရသွန်ပြေးတဲ့သူတွေ တော်တော်များများပန်းဝင်ကုန်ကြပြီ၊ မောနေတဲ့ သူတွေ မြက်ခင်းတွေပေါ်မှာ ပစ်လှဲ၊ သီချင်းတွေအကျယ်ကြီးဖွင့်၊ ခဏနေဆုပေး၊ ပြီးတော့၊ တောင်ကြားတွေထဲက ဘုရားကျောင်းတွေသွားမလို့ ပြင်၊ တောင်တစ်ခုပေါ်ကိုတက်၊ လမ်းတွေကတော့ ခင်းထားပါပြီ၊ ဆောင်းတွင်းနှင်းတွေကျရင် ဒီဘုန်းတော်ကြီးတွေ ဘယ်လိုနေကြလဲ တွေးမိ၊ ဘယ်လို တောင်အောက်ဆင်းကြမလဲ နဲရှောမေးမိ၊ သူက တောင်တွေပေါ်ကနေ sleigh တွေစီးပြီးဆင်းလာကြမှာပေါ့တဲ့၊ လာနောက်နေ၊ အဲလိုသာစီးရင် အောက်က မြစ်ထဲတန်းနေမှာပဲ၊

အရင်တုန်းကလက်ရာအတိုင်းထားသလို၊ အဆောက်အသစ်လေးတွေလဲရှိ၊ ပန်းတွေအလှစိုက်ထား၊ ဘုရားကျောင်းထဲဝင်တော့ လူငယ်လေးတစ်ယောက်က ဂျီးဆပ်ပုံကားချပ်လေးနဲ့ အပြာရောင်ပန်းကိုင်ထားတဲ့ ကလေးငယ်ပုံလက်ဆောင်လာပေး၊ ဓါတ်ပုံရိုက်ခွင့်ပြု၊ နောက် ဘုရားကျောင်းတစ်ခု၊ နောက် တောင်တစ်တောင်၊ စက်ဘီးစီးပြိုင်ပွဲတွေလည်းလုပ်နေ၊ မာကို အသိ တစ်ချို့ စက်ဘီးတွေနဲ့အနားကဖြတ်သွား၊ တချို့ အသက်ကြီးကြီးအမျိုးသမီးတွေ၊ မြန်မာနိုင်ငံမှာဆို အဲဒီအရွယ် အိမ်ထဲမှာ ငြိမ်ငြိမ်လေး နေနေကြပြီ၊ ခုတော့သူတို့က စက်ဘီးစီးပြိုင်တုန်း၊

နောက်ဘုရားကျောင်းက နဲနဲပိုကြီး၊ ဘုရားကျောင်းက သော့ပိတ်ထား၊ နောက်ဘက်မှာ ဘုန်းတော်ကြီး ၂ ပါး စပျစ်သီးစားနေ၊ မာကို့ကို ဘုန်းတော်ကြီးတစ်ပါးထလာပြီး နှုတ်ဆက်၊ ထိုင်နေတဲ့ ဘုန်းကြီးက စပျစ်သီးစားရင် မျက်လုံးက လူကိုဝေ့ကြည့်၊ မျက်လုံးပြာပြာက စူးစူးတောက်တောက်ကြီး၊ မာကိုက ပြောပြ၊ မြန်မာနိုင်ငံကလို့ပြော၊ အဲဒီ ဘုန်းကြီးကျောင်းတွေက ရှေးကျ၊ ဘောင်းဘီရှည်တောင် ပေးမ၀င်ချင်၊ အ၀တ်ပိုင်းရှေ့မှာ စည်းကာပြီးမှပေးဝင်ချင်၊ ဒါပေမဲ့ ရပါတယ်လေ လို့ ပြော၊ သော့လိုက်ဖွင့်ပေး၊ မာကိုက အင်္ဂလိပ်လို သမိုင်းကားချပ်လေးလာပေးဖတ်၊ မာကို ဘုရားဝတ်ပြုတုန်း၊ နဲရှောနဲ့ အပြင်ဘက်မှာစောင့်နေ၊

ကျန်ခဲ့တဲ့ မျက်လုံးပြာပြာ ဘုန်းတော်ကြီးက နဲရှောကို စကားလာပြော၊ ဘုန်းတော်ကြီးက ရုရှားဘုန်းကြီး၊ မော်စကိုကတဲ့ စကားပြောသံပြောင်းသွားပါတယ်ထင်နေ၊ ရုရှားလိုပြောနေကြ၊ နဲရှောလည်းရုရှားလိုပြော၊ ဘယ်နိုင်ငံကလည်းမေး၊ မြန်မာနိုင်ငံ ဘူးရ်မာ(Burma) ယူ ကို အူးသံထွက်၊ ဘူးရ်မာလို့ပြောတော့ ရှရှားဘုန်းကြီးက ကောင်းကောင်းသိ၊ မြန်မာအစိုးရအကြောင်းကို သိတယ်လို့ဆို၊ ရုရှားနဲ့ ဆက်သွယ်မှုတွေ ဘယ်လိုဆိုတာတွေသိ၊ ပြန်ဆွေးနွေးနေ၊ အချိန်သာရရင် နိုင်ငံရေးတောင်ပြောချင်၊ စကားပြောသံနားထောင်တော့မှ နူးနူးညံ့ညံ့နဲ့၊ ကြည့်ရတာ ငြိမ်းငြိမ်းချမ်းချမ်းရှိ၊ တစ်ခုပဲ ဘုန်းတော်ကြီးတွေ မုတ်ဆိတ်၊ နှုတ်ခမ်းမွှေးကြီးတွေထားကြ၊ မျက်စိထဲရှုပ်၊

ဘုန်းကြီး၂ပါးပဲရှိတယ်ထင်၊ နောက်တော့ ပန်းအိုးလှလှအိမ်ထဲက သီလရှင်အမျိုးသမီးကြီးထွက်လာ၊ သေချာကြည့်ပြီး ၀မ်းသာအားရနှုတ်ဆက်၊ ချားအို(ချောင်း)၊ ဒေါ်ဘီဂျိန်းညာ နှုတ်ဆက်စကားအကုန်နဲ့ နှုတ်ဆက်ကြ၊ ရိုးရာဂါဝန်ဝတ်စုံပြည့်ဝတ်ထားတဲ့အမျိုးသမီးတစ်ဦးက နူးနူးညံ့ညံ့ပြုံးလို့ ဘုရားသခင် ကောင်းချီပေးပါစေလို့ နှုတ်ဆက်၊ စရပ်ပ်စကီနဲ့ မကြားဘူးသေးတော့ မသိလိုက်၊ နဲရှောပြန်မေး၊ ဘယ်ဘာသာဝင်မဆို ဘုရားကျောင်းကန်ဝန်းထဲမှာ တခြားနေရာတွေထက် ပိုအေးချမ်း၊ လူတွေကလည်း ပိုအေးချမ်း၊ အပြောအဆို၊ အမူအကျင့်တွေပါ သာမန်လူတွေနဲ့မတူ၊ နောက်တော့ ရုရားဘုန်းတော်ကြီး ကို ခေါ်တယ်၊ ဘုန်းတော်ကြီးဝတ်ရုံနက်ကြီး တလွှားလွှားနဲ့ ကားဆီကိုသွား၊ သူက ဧည့်သည်ကိုး၊ ပြန်တော့မလို့ သူတို့အချင်းချင်းနှုတ်ဆက်၊ ဘုန်းတော်ကြီးတွေရဲ့ လည်ဆွဲ ခရောစ့်တွေက ရွှေရောင်အကြီးကြီး၊ တခမ်းတနားကြီးတွေ၊ တော်တော်ကြီး၊ ဘုန်းတော်ကြီးတွေလည်း ဂုဏ်တုဂုဏ်ပြိုင်လိုသလားပဲ၊ တချို့ဘုန်းကြီးတွေမဆွဲ၊ တချို့ကဆွဲထား၊ ၀ါကြီးတာနဲ့ ဆိုင်မလားပဲ၊ အတွေးကရောက်၊ မတွေးနဲ့၊ အဲလိုမတွေးတာပိုကောင်း၊  ပန်းသီးကြိတ်စက်အကြီးကြီး ကားနောက်ခန်းထဲထည့်၊ ထပ်နှုတ်ဆက်ပြီး ပြန်ကြ၊

ဘယ်နားကြည့်ကြည်တောင်တွေက အမြင့်ကြီး၊ အောက်ကနေလှမ်းမြင်ရတဲ့ တောင်ပေါ်က ခရောစ့်ပုံဘုရားကျောင်းကို zoom ဆွဲပြီး ဓါတ်ပုံရိုက်၊ သဘာဝအလျှောက်ဖြစ်နေတယ်ဆိုတဲ့  ဂူပေါက်ကြီးတွေလည်း လှမ်းမြင်ရ၊ ချားချပ်ခ်က တောင်တက်သမား (အဖေကလည်း နာမည်ကြီးတောင်တက်သမားတဲ့) တောင်တက်ရင်းပြုတ်ကျဖူး၊ ဒါဏ်ရာရတာတော်တော်ကြာတဲ့၊ မာကိုပြော၊ နောက်ထပ်ဘုန်းကြီးကျောင်းတွေ အများကြီးပဲကျန်သေး၊ ဆက်မသွားနိုင်တော့၊ ၂ ကျောင်းပဲ သွားခဲ့ရ၊ နောက်တစ်ခေါက် ၂ရက်၊ ၃ ရက်လောက်နေမှ အကုန်နှံ့မယ်ထင်၊ ပြန်တော့ ဘတ်စ်ကားစောင့်ဖို့ကြာမှာစိုးလို့ မာကိုက ချားချပ်ခ်ကို ပြန်မယ့်ကားတစ်စီးကိုမေး၊ စုံတွဲတစ်တွဲ အသက်ကြီးကြပါပြီ၊ အဖိုးအဖွားအရွယ်ပဲ၊ သူတို့က ၀မ်းသာအားရ၊ လမ်းကြုံလိုက်ခဲ့ကြတဲ့၊ ကားမောင်းတဲ့လူအဖိုးကြီးက ဖုန်း၃လုံး တစ်လုံးက လာလိုက်၊ တစ်လုံးပြောလိုက်၊ သုံးခုလုံး လှည့်ပြော၊ ဖုန်းတွေကလည်းတချိန်လုံးလာနေ၊ သူ့အမျိုးသမီးကြီးက ဆေးလိပ်သောက်မလို့ မီးခြစ်ကို သူကထုတ်ပေး၊ တားလဲ မတားတဲ့အပြင်၊ သူကတောင် မီးခြစ်ပေးလိုက်သေးလို့ တွေးလိုက်ပြန်၊ ဆေးလိပ်နံ့မခံနိုင်၊ ဒါနဲ့ ချားချပ်ခ်ရောက်၊ အပြန်က ပိုမြန်သလိုထင်၊

ချားချပ်ခ်ရောက်တော့ ညနေငါးနာရီထိုးခါနီး၊ ပြပွဲတစ်ခုဖွင့်ပွဲတဲ့၊ နဲရှော၊ မာကို အပြေးသွားကြ၊ ကိုယ်ကတော့ စိတ်မ၀င်စား၊ ပန်းချီပြပွဲဖွင့်ပွဲတွေရဲ့သဘောအတိုင်း ကိန်းခမ်းကြီးကြီး၊ စကားဆန်းဆန်းတွေနဲ့ ကိုယ့်အနုပညာတွေ အစွမ်းကုန် အမွှန်းတင်ကြ၊ ဖွင့်ပွဲတွေထက် ပန်းချီကားလှလှလေးတွေပဲသဘောကျ၊ ဖွင့်ပွဲပြီး ၀င်ကြည့်၊ ၀င်ဝင်ချင်းမှာ လက်ကောက်ဝတ်ကို အစိမ်းရောင်စက္ကူစလေး လာစည်းပေး၊ ကိုယ်ကတော့ လက်ခံလိုက်၊ အသာတကြည်၊ နဲရှောလက်ကို အပြာရောင်၊ နဲရှောက မကြိုက်၊ ဘာအတွက်လည်းမေး၊ အတွင်းမှာ သိရပါမယ်လို့ပြော၊ အတွင်းမှာ လူတွေ သိပ်ရှုပ်၊ နဲရှောက စက္ကူစလေး ဗြိကနဲ ဆုတ်ဖြဲ၊ ဒါကို လက်ခံမှ ဒီထဲဝင်ရမယ်၊ ဒီထဲမှာ လူတွေကို ခွဲခြားကန့်သတ်၊ မကြိုက်ပါဘူးတဲ့၊ ကိုယ်ကတော့ ဂျူးတွေကိုခွဲခွဲခြားခြားသိရအောင် လက်မောင်းမှာအမှတ်အသားဝတ်ဆင်ခိုင်းတာ သွားသတိရ၊ အတွင်းမှာ အဲဒီ artist တစ်ဦးရဲ့ သုတေသန အပြာ၊ အစိမ်းလက်စည်း စက္ကူစတွေအကြောင်း ရှင်းပြထား ဖတ်ကြည့် နားမလည်ပါ၊ အင်တာဗျူးတွေလုပ်နေကြ၊ ဟိုနားဒီနား၊ ပလပ်စတစ်ဇလုံသေးသေး ၂လုံးမျက်နှာချင်းဆိုင်၂ခုထပ်ပြီး အပေါက်လေးဟထား၊ အတွင်းမှာ တီဗီသေးသေးလေးထည့်ထား နားကျပ်ကိုအပြင်ထုတ်တား၊ တချို့အထဲမှာ နားကျပ်ပဲထား၊ အသံစမ်းနားထောင်နိုင်၊ artist တွေကိုနားမလည်၊ သူတို့စိတ်ကူးတွေနားမလည်၊ ကိုယ်ကတွေးရတာမကြိုက်၊
အပြန်လမ်းမှာ မာကိုက ဒီပြပွဲဘယ်လိုမြင်လဲတဲ့၊ ကြိုက်လားတဲ့၊ ဘယ်လိုမှ မမြင်ပါဘူး၊ ဟုတ်တယ်၊ တကယ်ပဲ၊ နဲရှောက အဲဒီ ပလပ်စတစ်ဇလုံနဲ့၊ ကောဇောကိုလိပ်ပြီး ခေါင်မိုးနဲ့ ချိတ်ထားတဲ့ အင်စတော်လေးရှင်းကြိုက်တယ်ဆိုပဲ၊ အေးကလည်းအေး၊ ခေါင်းလဲကိုက်၊ ခြေတွေလက်တွေမသယ်ချင်တော့၊

အိမ်ပြန်ရောက်တော့ ခြေလက်ဆေး ၊ နဲရှောနဲ့ မာကိုတို့ ဧည့်ခန်းထဲမှာ၊ ကိုယ်တစ်ယောက်တည်း ရေချိုးခန်း၊ အိပ်ခန်း၊ ဒီ ၂ ခန်းနဲ့ အလုပ်ရှုပ်၊ ရေချိုးခန်းထောင့်နားက အသံ တတောက်တောက်ကြား၊ ရေကျသံလဲဖြစ်မယ်ထင်၊ ရေကလဲကျမနေ၊ တော်တော်နီးနီးက အသံ၊ ဘာရယ်မသိ ကျောထဲက စိမ့်ကနဲ ကြောက်လိုက်သေး၊ သရဲခြောက်တာလည်းဖြစ်ချင်ဖြစ်မှာ၊ ခရောစ့်ကတော့ လည်ပင်းဆွဲထားသား၊ တစ်ခါတစ်ရံ သရဲခြောက်လို့ ခြောက်နေမှန်း ကိုယ်ကမသိလိုက်တဲ့ အခြေအနေမျိုးတွေရှိနေနိုင်တာပဲလို့ စဉ်းစား၊ ပိုကြောက်၊ ရေချိုးခန်းထဲက ပြေးထွက်၊ အိပ်ခန်းထဲ ပစ္စည်းတွေရှင်း၊ အင်္ကျီလဲ၊ အလှနည်းနည်းပြင်၊ တကယ်နည်းနည်းလေး၊

သူတို့ ၂ယောက်ညစာပြင်၊ နဲရှောက ကြက်ဥကို ကြက်သွန် ထည့်ကြော်ပေး၊ ကြက်သွန်ထည့်ကြော်မှကြိုက်၊ နောက်ခေါက်ဆွဲပြုတ်၊ ဆော့စ်၊ ချိစ့်၊ အသားပြား၊ အသားလုံး၊ အသားချောင်း၊ ဒါတွေမကြိုက်၊ ကြက်ဥကြော်ပဲစား၊ ဒိန်ချဉ်သောက်၊ ပြီးတော့ မာကိုက သူ့ပန်းချီကားတွေ အများကြီးပဲ ဆွဲထုတ်လာ၊ နဲရှောက ထင်မြင်ချက်တွေပေး၊ ကိုယ်ကလည်း လျှောက်ပြော၊ ကောင်းတာလေး များများပြော၊ အကောင်းချည်းပဲပြောနေလည်း လေပေါလွန်းတယ်ထင်မှာစိုး၊ တကယ်လည်း စ်တ်ဝင်တစားကြည့်၊ abstract တွေလည်း မကြိုက်၊ ပုံတူဆွဲထားတာတွေ တကယ်တူရင် ကြိုက်၊ ၁၀ ကားလောက်ကြည့်ပြီးတော့ မျက်စိကဖွင့်မရတော့၊ နဲရှောပေါင်ပေါ် ခေါင်းတင်အိပ်၊ အိပ်ချင်မူးတူးနဲ့ ၀င်ပြော၊ ပြီးတော့ တကယ် အိပ်ပျော်၊

မိုးလင်းတော့ အခန်းဆီးဆွဲမကြည့်၊ မနေ့က သွားခဲ့ကြတဲ့ တောင်တွေက ခပ်ဝေးဝေးမှာ၊ မှိုင်းပြာပြာ မှုန်ရီရီ၊
မနက်စာစား ပြီး ပစ္စည်းတွေတစ်ခါတည်းယူ၊ ရောမခေတ်က ရေကူးကန်တဲ့၊ အဲဒါကို သွားကြည့်၊ မြို့ထဲက ဘုရားကျောင်းသွား၊ မင်္ဂလာဆောင်တစ်ခုရှိ၊ ကိုယ်ပါဧည်သည့်တွေနောက်ကနေရာဝင်ယူကြည့်ကြ၊ မြို့လေးက လူလည်း သိပ်မရှိဘူး၊ အဲလိုပဲလားဆိုတော့ အဲလိုပဲတဲ့၊ ရာသီဥတုကလည်း အပူ၊ အအေး သိပ်မြန်၊ နေကြီးပြင်းပြီး ပူလို့ ၊အင်္ကျီချွတ်၊ ပြီး မိုးကအုံ့လာ၊ စိမ့်နေအောင်အေးလာပြန်၊ ပန်းပွင့်တွေက အ၀ါ၊ ခရမ်း၊ ပန်းရောင်၊ အရောင်တွေခပ်များများ၊ အိမ်ပုံစံလေးတွေသဘောကျ၊ စိတ်ကူးနဲ့ တစ်အိမ်ပြီးတစ်အိမ်ရွေး၊ ဒါတော့ကြိုက်တယ်၊ ဒါတော့မကြိုက်၊

နေတိုးဗုံးကြဲခဲ့တဲ့နေရာ အထိမ်းအမှတ်ကျောက်တိုင်ကစာ ဖတ်ကြည့်၊ သူတို့စာနဲ့ပဲ ရေးထား၊ နားလည်မလား ကြိုးစားဖတ်ကြည့် ဘယ်လိုဖတ်ဖတ်နားမလည်သေး၊ အပြန် ကားလက်မှတ်ဝယ်ဖို့ ကားဂိတ်သွား၊ ကားက စောင့်ရဦးမယ်၊ မစောင့်ချင်၊ လူတစ်ဦးက ဘဲလ်ဂရိတ်သွားမယ့်ကားရှိတယ်၊ လိုက်မလားတဲ့၊ ဒီလို ဆွဲတဲ့ကားတွေလည်းရှိ၊ အဲဒီကားနဲ့ပဲ ပြန်ခဲ့၊ မိုးတွေရွာလာ၊ ကားမောင်းတဲ့သူ စကားများများပြော၊ နားမခံနိုင်၊ သည်းမခံနိုင်လွန်းလို့ ခေါင်းစွပ်နဲ့ကာထား၊ သူ့အသံကြီးက ၀ရုန်းသုန်းကားနားထဲဝင်၊ သူနဲ့ ခရီးသည်အမျိုးသမီးတစ်ဦး အာပေါင်အာရင်းသန်သန်နဲ့ပြော၊ အမျိုးသမီးက ဘဏ်မှာလုပ်၊ ဒါတော့ နားလည်လိုက်သေး၊ ကားမောင်းတဲ့သူက ပင်စင်ယူပြီး ချားချပ်ခ်နဲ့ ဘဲလ်ဂရိတ် စနေ၊ တနင်္ဂနွေနေ့မျိုးမှာ ဒီလို ခရီးသည်တွေရှာ၊ နဲရှောကိုမေးကြည့်တော့ အစိုးရအကြောင်းပြစ်တင်ပြောဆိုနေကြတယ်တဲ့၊
အော် ... ဒီလိုကြောင့်ကိုး .... ၊
ကြားရတာ ခေါင်းကိုက်၊
---------------------------------
ဒီလိုနဲ့ ချားချပ်ခ် ခရီးစဉ်တစ်ခု ပြီးခဲ့လိုက်။

ဓါတ်ပုံတွေကြည့်ချင်ရင် ...





















8 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖြိုးရဲ့ ချားချပ်ခ် ဒိုင်ယာရီလေး လာခိုးဖတ်သွားတယ်
သူများဒိုင်ယာရီခိုးဖတ်တာဆိုတော့လဲ စိတ်ဝင်စားစရာ ကောင်းနေတာပေါ့။
ရိုက်ထားတဲ့ ဓာတ်ပုံတွေပါ ခိုးကြည့်သွားတယ် ပုံတွေကြည့်ရတာ ပျော်ဖို့ကောင်းတယ်
သာယာတယ်..
အပေါ်မှာ စာဖတ်နေရင်းနဲ့ ဓာတ်ပုံတွေလဲ မပါဘူးလို့ တွေးနေတာ
အောက်ရောက်မှ ပုံတွေ တွေ့လို့ ပျော်သွားတယ်..
ကဲ.. ဒိုင်ယာရီခိုးဖတ်ပြီးပြီမို့ ပြန်အိပ်တော့မယ်
တာ့တာ :)

Anonymous said...

abstract တွေလည်း မကြိုက်၊ ပုံတူဆွဲထားတာတွေ တကယ်တူရင် ကြိုက်၊........ဆိုတာ တို့ရောပဲ

စူးနွယ်လေး

မေပယ်လ် said...

ပုံလေးတွေ အ၀ကြည့်ရင်း ပျော်သွားတယ်
ကိုယ်တိုင် ရောက်သွားသလိုပဲ..:)

ကြည်ဖြူပိုင် said...

မမကတကယ်ကိုခရီးသွားနိုင်တာပဲ
ပျော်စရာကြီးနော်။
မမစာကိုဖတ်ပြိးကိုယ်တိုင်ေ၇ာက်သွားသလိုခံစားလိုက်ရတယ်
တကယ်လဲသွားချင်လိုက်တာ

လသာည said...

မျက်လုံးထဲ လိုရင်းတိုရှင်းလည်းဖြစ်၊ ကွင်းကွင်းလင်းလင်း မြင်လာအောင်ကို ရေးထားတာ တကယ်ကို အဲ့နေရာ ရောက်သွားရသလိုပဲ။ ရေသံတစ်တောက်တောက်ကျသံကို ကြားတော့ ရောကြောက်သွားတယ်။ မနေ့က အိမ်က ရေပိုက်ကလည်း အဲလို မြည်နေလို့း)))

ဒီမှာ မိုးအေးနေတယ်။ မိုးအေးအေးနဲ့ စာဖတ်ရတာ တကယ်ဇိမ်ရှိတာ (ကျောင်းမသွားရရင်ပေါ့ )။

SHWE ZIN U said...

လသာညပြောသလိုဘဲ ညီမရေ

ညီမရဲ့ မျှဝေခံစားမှု့တွေအတွက် ကျေးဇူးပါ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

TNS said...

ဖြိုးဖြိုး
ဒိုင်ယာရီလေးဖတ်၇တာ သွက်နေတာဘဲ..
ဓါတ်ပုံလေးတွေကတော့ တော်တော် စိတ်ချမ်းမြေံစရာကောင်းတယ်ဗျာ..။
နောက်လဲ လာလည်ပါဦးမယ်..။
ကျနော်စာလေးတွေ ပြန်စရေးတဲ့ အချိန်မှာ လာရောက်ပြီးတကူးတက အားပေးတဲ့ အတွက်လည်းကျေးဇူးတင်ပါတယ်။
နောက်ပြီးကျနော့်ဆိမှာလည်း လင့်ခ်ချိတ်ထားချင်ပါတယ်.။ ခွင့်ပြုပါဗျာ..။

sonata-cantata said...

ဖြိုးဖြိုးနဲ့ လိုက်လည်ရတာ ပျော်လိုက်တာ...
ဖြိုးဖြိုးစိတ်ထဲက ပြောတာလေးတွေပါ ကြားရတော့ ပိုပျော်...