Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, September 24, 2010

မေတ္တာရိပ်မှာ နားခိုစေသူ မော်နီကာဘရုခ်နာ

ဆားရ်ဘီးယားနိုင်ငံရဲ့မြောက်ပိုင်း ဘဲလ်ဂရိတ်မြို့ကနေ ၆၅ ကီလိုမီတာလောက်ဝေးတဲ့ ဂျော်ဂျီဗိုရွာ(Đurđevo)လေးဆီသွားကြမလို့ စက်တင်ဘာ ၁၁ရက်နေ့ စောစောအိမ်ကထွက်ခဲ့ကြတယ်၊ အဲဒီမှာ SOCIETY FOR THE PROTECTION OF ANIMALS AND NATURE  ခြံတစ်ခုရှိတယ်၊ အဲ့ဒီခြံမှာ ပွဲတော်နေ့လေးလုပ်ဖို့ရှိတယ်တဲ့၊  ကလေး၊ လူကြီးစိတ်ဝင်စားသူအားလုံး လာကြဖို့ ဖိတ်တယ်၊ ခွေး၊ ကြောင် အကောင်ပလောင်ချစ်တဲ့ ကျွန်မကို နဲရှောက အဲဒီအကောင်လေးတွေအကြောင်းပြောပြီး စည်းရုံး ပါတယ်၊ ကျွန်မတို့လည်းသွားဖို့ပြင်တော့ နဲရှောသူငယ်ချင်းတစ်ယောက်က ညကတည်းက ဖုန်းဆက်တယ်၊ သူလည်း လိုက်ခဲ့မယ် ပြောတယ်၊ တိရစ္ဆာန်အကောင်ပလောင်တွေ သေးသေးကနေ မြည်း၊ မြင်းအထိ ရှိတယ် ဆိုတော့ အဲ့ဒီသူငယ်ချင်းရဲ့ သားလေးကလည်းလိုက်ချင်တယ်တဲ့၊ နောက် မာရီယာဆိုတဲ့ သူငယ်ချင်းတစ်ယောက်လည်း လိုက်မယ်၊ အားလုံး ငါးယောက် ပေါ့၊ ဗလာဒန်နဲ့ သားလေးအမည်က လာဇာ့ (ခရစ်ယာန် ကျမ်းစာထဲကအမည် လာဇရု)သူတို့အခေါ်ဝေါ်က လာဇာ့လို့ခေါ်ကြတယ်။


ဗလာဒန်၊ လာဇာ့နဲ့ မာရီယာတို့က ကားမှတ်တိုင်တစ်ခုမှာစောင့်နေကြတယ်၊ ဆောင်းဦးထဲဝင်လာပြီဆိုတော့ ရာသီဥတုက အေးလာပြီ၊ အဲဒီနေ့ကလည်း မိုးကအုံ့နေတော့ ရာသီဥတုလေးက အေးမြမြလေးရယ်၊ လာဇရုလေးကတော့ ကားနောက်ခန်းမှာ အသံလေးတစာစာနဲ့ အကောင်လေးတွေ တွေ့ရမယ်ဆိုတော့ အပျော်လွန်ပြီး စကားသံ စီစီညံညံတစ်ချိန်လုံးပြောတယ်၊ မာရီယာကိုအခုမှတွေ့ဖူးပေမဲ့ မေးသမျှဖြေတယ်၊ နဲရှောပေးတဲ့ သကြားလုံးတွေ တကြွပ်ကြွပ်ဝါးပြီး ပျော်နေရှာတယ်၊ ဘဲလ်ဂရိတ်ကနေ တော်တော်ဝေးဝေး ရောက်လာကြတော့ မြေပုံထုတ်ကြည့်ကြတယ်၊ လာဇရုလေးက မြေပုံကိုထောက်ပြီး တစ်နေရာပြီးတစ်နေရာ မေးတယ်၊ မာရီယာကလည်း ပျော်နေပုံပါပဲ၊ လာဇရုလေးမေးသမျှ စက္ကန့်မဆိုင်းဖြေတယ်၊ ဗလာဒန်ကလည်း တဟားဟားနဲ့ သဘောတွေကျလို့ပဲ။

ဆားရ်ဘီးယားနိုင်ငံကို အနောက်မြောက်ပိုင်း ဗွိုင်းဗော်ဒီနာ(Vojvodina)ကနေဖြတ်စီးလာတဲ့ ဒူးနာ့ဘ်မြစ်(Danube) ကိုလည်းဖြတ်ခဲ့ကြတယ်၊ ဒူးနာဘ့်မြစ်ကိုဖြတ်မယ်ဆိုတော့ ဓါတ်ပုံရိုက်မလို့ ပြင်ပါတယ်၊ ဘဲလ်ဂရိတ်ကိုဖြတ်သွားတဲ့ ဒူးနာ့ဘ်မြစ်ကိုမြင်ဖူးထားတော့ မြစ်တော်တော်ကျယ်မယ် ထင်တာကိုး၊ ဒါပေမဲ့ ဗွိုင်းဗော်ဒီနာဝန်းကျင်မှာ ဒူးနာ့ဘ်မြစ်က တော်တော်ကြီးကျဉ်းသွားပါတယ်၊ ကျွန်မတို့ ငယ်ငယ်က ပျဉ်းမနားကနေ ရန်ကုန်ကိုလာရတိုင်း ရန်ကုန်ရောက်ခါနီးရင် ငမိုးရိပ်ချောင်းကြီး၊ ရထားနဲ့ တဂျုံးဂျုံးတဂျိုင်းဂျိုင်း တမေ့တမော ဖြတ်ရတာကို ပြန်သတိရမိတော့၊ ငမိုးရိပ်ချောင်းလောက် တောင် မခံ့ညားဘူးလို့ ထင်မိသေးတယ်၊ ဒူးနာဘ့်မြစ်က ဂျာမနီကနေ ဘရီဂါဟာ့ နဲ့ ဘရိဂ် မြစ်သေးလေးနှစ်ခု ပေါင်းပြီး စတင်စီးဆင်းလာခဲ့တာပါ၊ ဂျာမနီနိုင်ငံ ဒိုန်အော့ရှင်းဂန်မြို့(Donaueschingen) ကနေစတင်တယ်၊ နောက်တော့ ဂျာမနီ၊ သြစတြီးယား၊ စလိုဗေကီးယား၊ ဟန်ဂေရီ၊ ခရိုအေးရှား၊ ဆားရ်ဘီးယား၊ ဘူလ်ဂေးရီးယား၊ မော်လ်ဒိုဗာ၊ ယူကရိန်းတို့မှာရှိတဲ့ မြို့တွေဖြတ်ခဲ့ပြီး ရိုမေးနီးယားနိုင်ငံ စူလီနာမြို့လေးကို နောက်ဆုံး ဖြတ်ပြီး ပင်လယ်နက်ထဲကိုစီးဝင် အဆုံးသတ်ပါတယ်၊ ဘဲလ်ဂရိတ်မှာ ဆာဗာ(Sava) မြစ်နဲ့ ပေါင်းပြီး ဒူးနာ့ဘ်မြစ်ရေစီးပိုသန်သလို မြစ်အကျယ်လည်း ပိုလာခဲ့တယ်၊ ဆာဗာမြစ် ကတော့ ဆလိုဗေးနီးယား၊ ခရိုအေးရှား၊ ဘော့စ်နီးယားနဲ့ ဟာဇီးဂိုးဗီးနားတို့ကို ဖြတ်စီးပြီး ဘဲလ်ဂရိတ်မှာ အဆုံးသတ် သွားပါတယ်။

ဂျော်ဂျီဗိုရွာသွားတဲ့တစ်လျှောက်လုံး မြေပြန့်ပိုင်းလို့ နဲရှောကပြောပြတယ်၊ တကယ်ပါပဲ ကြည့်လိုက်သမျှ တောင်မြောက်ဝဲယာ မြေပြင်တွေက ပြန့်ပြူးနေတာပါပဲ၊ ဂျုံစိုက်ခင်းတွေတမျှော်တခေါ်အပြည့်ကြီး၊ နေကြာခင်းတွေကလည်း မျက်စိတဆုံး၊ အဲဒီနေ့ကတော့ မိုးအုံ့ပြီး မြူတွေရှိနေတော့ နေကြာပင်လေးတွေ လည်း မျက်နှာမူစရာ နေမင်းမရှိ၊ မျက်နှာလေးတွေ အောက်ငိုက်စိုက်ချလို့နေကြတယ်၊ ဖြတ်လာတဲ့ရွာလေး တွေမှာ အိမ်ပုံစံလေးတွေကချစ်စရာလေးတွေ ရောင်စုံပန်းပွင့်လေးတွေ အများကြီးပဲစိုက်ထားကြတယ်၊ ဒီဘက်ကလူတွေက ပိုက်ဆံချမ်းသာကြွယ်ဝတာကို summer house အများကြီးပိုင်တာနဲ့ ပြောတတ် ကြတယ်၊ ရွာလေးတွေမှာနေထိုင်ရတာကိုကြိုက်နှစ်သက်ကြတယ်၊ လိုအပ်ချက်အတွက် မြို့တွေကို တက်ပြီး အလုပ်လုပ်ကြရပေမဲ့ အချိန်အားရတာနဲ့ နွေရာသီအိမ် လေးတွေကို အပြေးသွားကြတယ်၊ မကြာခဲ့သေးတဲ့ အချိန်တစ်ခုထိ စစ်ဘေးဒဏ်တွေ ကြုံဖူးခဲ့ကြရတော့ ပိုပြီးအေးအေးချမ်းချမ်း နေလိုကြတယ်ထင်တာပါပဲ၊ အိမ်လေးတွေရဲ့ရှေ့မှာ အိမ်တိုင်းလိုလို မိသားစု ကော်ဖီဝိုင်းလေးတွေ လှလှပပလေး ခင်းကျင်းထားကြတယ်၊ ပလစ်စတစ်ရေမြုပ်ရေကူးကန်လေးတွေ ခြံလေးတွေထဲမှာ ထားကြတယ်၊ ကမ်းခြေတွေသွားရတာ အင်မတန်ကြိုက်ကြတဲ့သူတွေဆိုတော့ ကမ်းခြေအလွယ်တကူမသွားနိုင်တဲ့အခါ ရေထဲစိမ်နေနိုင်မယ့် ပလပ်စတစ်ရေကူးကန်လေးတွေထားကြတယ်၊ အခုအချိန်ကတော့ ဆောင်းဦးဝင်လာပြီ၊ ရေကူးဖို့ နည်းနည်းအေးလာပါပြီ။

ဘုရားကျောင်းလေးတွေလည်း တွေ့ရတယ်၊ လမ်းဆုံလေးတစ်ခုရောက်တော့ ဘယ်ဘက်ချိုးရမှန်းမသိ မေးရပြန်တယ်၊ ဒီလိုနဲ့ ဂျော်ဂျီဗိုရွာလေးတည့်တည့်မတ်မတ်ပဲရောက်သွားပါတယ်၊ အဲဒီခြံရှေ့အရောက် ကားတွေရပ်ကြတဲ့နေရာမှာ ဘတ်စ်ကားကြီးတစ်စီးကလည်း ရောက်ခါစ၊ ကလေးငယ် တွေရော၊ ဆယ်ကျော်သက် မိန်းကလေး၊ ယောက်ျားလေး အရောင်စုံလေးတွေ ခုန်ဆင်းလာကြတယ်၊ သူတို့တွေလည်း ပျော်ရွှင်မြူးတူးလို့ ခုန်ပေါက်နေကြတာပါပဲ၊ ကားတွေလည်း တော်တော်များများ ရပ်ထားနှင့်ကြပြီ၊ လူတွေများများစားစားရောက်နေကြပါပြီ၊ လာဇရုလေးက နွားတစ်ကောင်မြက်စားနေတာ တွေ့တော့ ကရားဗား (cow)လို့ တချိန်လုံးအော်ဟစ်နေပြီး မြက်ရှည်ရှည်တွေကြားက တလှုပ်လှုပ်ဖြတ်ရင်း နွားဆီကို သွားပါတယ်၊ ပါးစပ်ကလည်း  ကရားဗား .. ကရားဗား လို့ တတွတ်တွတ်ရွတ်နေတယ်၊ နွားကိုမမြင်ဖူးတဲ့ လာဇရုလေး၊ အခုအချိန်ကစပြီး မြင်သမျှအကောင်ကို ကိုင်တွယ်တို့ထိတော့မယ်လို့ ဆုံးဖြတ်ထားဟန်တူရဲ့။

အ၀င်ဝလမ်းနားမှာပဲ ဟာမိုနီရန်း(Harmony Run) အဖွဲ့သားတွေကို တွေ့ရတယ်၊ နဲရှောသူငယ်ချင်း ဘော်ရှာကလည်း အဖွဲ့သားတွေထဲကနေ “နဲရှော .. ဖြိုးဖြိုး ..ငါ ဒီမှာဟေ့” လို့ လှမ်းအော် လက်ပြရင်းနှုတ်ဆက်ပါတယ်၊ သူတို့အဲဒီနေရာကနေ ခြံထဲကို ရောက်တဲ့အထိ ပြေးကြမလို့ ပြင်နေကြတယ်၊ ဓါတ်ပုံတွေရိုက်ကြတယ်၊ မီးရှုးတိုင်ကို မီးညှိကြပါတယ်၊ သူတို့ ဟာမိုနီရန်းအဖွဲ့စာတမ်းကို အဖွဲ့သား၂ ယောက်က ကိုင်ထားကြတယ်၊ ကျွန်မတို့လည်း ခြံထဲသွားတဲ့လမ်းလေးအတိုင်း လျှောက်လာခဲ့ကြပါတယ်၊ ဂျော်ဂျီဗို တိရစ္ဆာန်နဲ့သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေး အဖွဲ့အစည်း Društvo za zaštitu životinja i prirode Đurđevo မှတ်စုစာအုပ်ငယ်လေးတွေနဲ့ ဘောပင်လေးတွေကို ကလေးငယ်လေးတွေ က အ၀င်ဝမှာ ဝေပေးနေကြတယ်။

ပထမဆုံးမြည်းတွေထားတဲ့ခြံဝန်းလေးလည်းတွေ့ရော လာဇရုလေးကတော့ အဖေဗလာဒန်လက်ကိုဆွဲပြီး အဲဒီကိုပြေးပြန်တယ်၊ မြည်းလေးကို ကိုင်ကြည့်တယ်၊ အနားမှာရှိတဲ့အပင်ကအရွက်တွေခူးပြီး ကျွေးလို့ရမရ မသိပေမဲ့ ကျွေးပါတယ်၊ ကလေးတွေလည်း အများကြီးပါပဲ၊ မြည်းလေးတွေနဲ့ မျက်နှာချင်းဆိုင်က ကြောင်လေးတွေ၊ ကြောင်အနက်လေးက ၀၀ဖီးဖီးနဲ့ လာကြည့်တဲ့သူတွေအများကြီးကို သူက တပြန် လိုက်ကြည့်နေတယ်၊ သံဇကာနားကို တိုးကပ်ရင်း လူတွေကို ခပ်နီးနီးအထိ တိုးကြည့်တယ်၊ ကလေးတွေက တို့တိတိုင်း သူတို့က ကိုယ်လေးတွေခုံးထပြီး တညောင်ညောင်အသံပေးတယ်၊ သူတို့အတွက် ပခက်လေးတွေရှိတယ်၊ နှင်းကျတဲ့အချိန်တွေခိုအောင်းနေဖို့ အတွင်းမှာ လိုဏ်ခေါင်းလို အိပ်ခန်းလဲရှိတယ်၊ မာရီယာလည်း ဟိုကြည့်ဒီကြည့် လျှောက်ကြည့်တယ်၊ ကျွန်မတို့လည်း မြင်းတွေထားတဲ့ခြံဘက် ကြည့်ကြပြန်တယ်၊ မြင်းတွေကလည်း လူတွေနဲ့ယဉ်ပါးနေတော့ ကလေးတွေအများကြီးကြည့်နေတဲ့အချိန်ဆို ကလေးတွေနဲ့ တရုံးရုံး သူတို့ရဲ့ဦးခေါင်းတွေရှေ့ကို တိုးတိုးပေးကြတယ်၊ နောက် ၀က်တွေ ... ၀က်တွေလည်း စောင့်ရှောက်ထားတာပါပဲ၊ ဒီက ၀က်တွေက မြင်ဖူးနေကျ ၀က်တွေနဲ့လည်းမတူပါဘူး၊ ခေါင်းကအလုံးလိုက် .. ကိုယ်ထဲကိုဝင်နေသလို၊ ဘယ်လိုမျိုးမှန်းမသိ ကြည့်ရတာတစ်မျိုးကြီး၊ ၀က်တွေကြည့်ပြီးတော့ အနီးအနားမှာ ကလေးလေးတွေ စုစုဝေးဝေးအလုပ်ရှုပ်နေကြတာတွေ့လို့ မေးကြည့်ကြတယ်။

ကလေးတွေ့ သစ်သားတုံးဖြတ်စလေးတွေကို ကော်ပတ်နဲ့အချောသတ်နေကြပါတယ်၊ ငှက်အိမ်လေးတွေ လိုနေတယ်တဲ့၊ အဲ့ဒီအတွက် သူတို့ အိမ်လေး ၄၊ ၅ လုံးရသလောက်လုပ်ကြမယ်လို့ ဆိုတယ်၊ အနားမှာ volunteer လူငယ်လေး ၂ယောက်နဲ့ မိန်းကလေးတစ်ယောက်က အိမ်ဆောက်ပေးကြဖို့ ပြင်ဆင်နေတယ်၊ နောက် သစ်သားစားပွဲတစ်လုံးမှာတော့ စာရွက်တွေ ရောင်စုံခဲတံလေးတွေ ချထားပါတယ်၊ ရောက်လာကြတဲ့ ကလေးငယ်တွေ ကိုယ်စိတ်ထဲရှိရာ အကောင်ပလောင်ပုံလေးတွေ ဆွဲနိုင်ကြတယ်၊ အများစုက ငှက်လေးတွေ ကြောင်ပုံလေးတွေ ဆွဲနေကြပါတယ်၊ မိုးပျံပူဖောင်းတွေ အပြုံလိုက်ကိုင်ပြီး ကလေးတစ်ချို့ပြေးလွှား ဆော့ကစားနေကြတာလည်း တွေ့ရတယ်၊ ခြံထဲက သစ်သားစားပွဲရှည်လေးတွေ ပေါ်မှာ ပုံစံမျိုးစုံ မုန့်လေးတွေ ချထားကြတယ်၊ ပြောင်းဖူးမုန့် ပေါင်မုန့်လုံးလေးတွေ၊ ကွတ်ကီးလေးတွေမျိုးစုံ ပါတယ်၊ ဗန်းလေးတွေ ကုန်သွားရင် ထပ်ထပ်ဖြည့်ပေးကြပါတယ်၊

ပင်မအဆောက်အဦရှေ့တည့်တည့်က အခန်းမှာတော့ ငှက်လေးတွေ၊ ကြက်တူရွေး၊ ခိုတွေရဲ့အိမ်ခန်း ရှိတယ်၊ ခွေးတွေကတော့ အပေါများဆုံးပါပဲ၊ လာအပ်သမျှ stray dog တွေကို စောင့်ရှောက်ထားပေးတယ်၊ တစ်ချို့ခွေးလေးတွေကိုတော့ ခြံဝန်းထဲထည့်ထားပြီး တစ်ချို့ကလည်း အပြင်ဘက်မှာပဲ လူတွေကြားထဲ လျှောက်သွားနေပါတယ်၊ ရောက်လာကြတဲ့ မိသားစုတွေက သူတို့ရဲ့အိမ်မွေးခွေးလေးတွေ ခေါ်လာကြတော့ ခွေးလေးတွေ အများကြီးတွေ့နေရတယ်၊ ခွေးလှလှလေးတွေရော ရုပ်ဆိုးဆိုးခွေးကြီးတွေပါ တွေ့ရတယ်၊ ခွေးကြီးတစ်ကောင်ဆို သနားစရာပါ၊ အပေါ်သွားတွေ မရှိတော့ဘူးထင်ရဲ့၊ ပါးစပ်ပိတ်ထားရင် အောက်သွားကြီးတွေက အရှေ့ကိုငေါထွက်ပြီး ဘီလူးတစ်ကောင်လိုပဲ၊ ဒါကိုလည်း ကလေးလေးတွေက မကြောက်ကြပါဘူး ခေါင်းလေးသပ်ပေးလိုက် ရှေ့တည့်တည့်ကကြည့်လိုက်နဲ့ သဘောကျနေကြတာပါပဲ။

ကွင်းပြင်တစ်ခုမှာတော့ လက်ဖြစ်အရုပ်လေးတွေရောင်းတဲ့ဆိုင်၊၊ စင်တာအထိမ်းအမှတ် စာတမ်းပါ၊ ခွေးပုံလေးတွေပါတဲ့ တီရှပ်လေးတွေရောင်းတဲ့ဆိုင်၊ ဆိုင်ဖြူဖြူလေးတွေ ရှိနေကြတယ်၊ ကွင်းပြင်အလည်မှာ ရိုးရာတူရိယာတွေတီးခတ်ဖျော်ဖြေနေကြတဲ့ လူငယ်လေးတွေကိုလည်း  သူတို့တိုင်းရင်းသား ၀တ်စုံဝတ်လျှက်သားတွေ့ရတယ်၊ ဧည့်သည်တွေကြားထဲမှာ ဘုန်းတော်ကြီးတစ်ပါး ကိုလည်း တွေ့လိုက်ရပါသေးတယ်၊ ခဏနေတော့ ဒီအဖွဲ့အစည်းရဲ့ ဒါရိုက်တာ မော်နီကာဘရုခ်နာ(Monika Bruckner)ကစကားပြောပါတယ်၊ အဖွဲ့အစည်းအကြောင်း၊ ပွဲတော်နေ့အကြောင်းတွေ ရှင်းပြပါတယ်။

မော်နီကာ စကားပြောတော့ အားလုံးက တလေးတစားနားထောင်ကြတယ်၊ စိတ်ဝင်စားနေကြတယ်၊ မော်နီကာက ရိုးရိုးရှင်းရှင်းပဲဝတ်ထားပါတယ်၊ သူတို့လူမျိုးတွေက အသက်ကြီးတဲ့အမျိုးသမီးတွေဆိုလည်း အင်မတန် အလှပြင်ကြတယ်၊ လက်ဝတ်ရတနာ၊ ကျောက်တွေကို အ၀တ်အစားအရောင်တွေနဲ့လိုက်ပြီး ခပ်ကြီးကြီးတွေ ၀တ်ကြတယ်၊ ဆံပင်ကိုဆေးရောင်၊ အနီ၊ အ၀ါ၊ ရွှေရောင်ဆိုးကြတယ်၊ တကယ်တန်းက ဆားရ်ဘီးယန်းလူမျိုးတွေရဲ့ ဆံပင်က အရောင်က အနက်ရောင်လည်းမရှိ ရွှေဝါရောင်အဆင့်ထိလည်း အရောင်မဖြော့ပါဘူး၊ နီညှိုညိုအရောင်ဖျော့တွေ၊ ကလေးငယ်လေးတွေက မွေးစမှာ ဆံပင်ရွှေဝါရောင်လေး တွေရှိကြတဲ့တိုင် အသက်ကြီးလာတာနဲ့ အရောင်လေးတွေရင့်လာကြတယ်၊ ရွှေဝါရောင် မရှိကြတော့ဘူး၊  ဒီတော့ သူတို့က အနက်ရောင်ဆိုးကြတယ်၊ ရွှေဝါရောင်၊ အနီရောင်တွေဆိုးကြပါတယ်၊ မရှိတဲ့အရောင်ကို လိုချင်ကြတယ်၊ ဆွဇ်ဇာလန်ဘက်ကလို ပိုပြီးအေးတဲ့တိုင်းပြည်က လူမျိုးတွေက အသားအရောင်ပိုဖြူ၊ ပိုဖြော့ပြီး ဆံပင်တွေက ရွှေဝါရောင်အစစ်တွေပါ၊ မော်နီကာကတော့  မျက်နှာအပြင်အဆင်ဘာမှမရှိပါဘူး၊ လက်ဝတ်ရတနာလည်း ဘာမှ ၀တ်မထားဘူး၊ အင်္ကျီပြာလက်ရှည်၊ ကော်လာဖြူ၊ ဘောင်းတီအဖြူ ၊ ကြိုးတပ်မျက်မှန်ကို လည်မှာချိတ်လို့ ခပ်ရှင်းရှင်းလေးပါပဲ၊ စကားလည်း အကြာကြီးမပြောပါဘူး၊ ခပ်သွက်သွက်ပြောပြီး ပြီသွားပါတယ်၊ နောက် အမျိုးသမီးတစ်ယောက်ကတော့ သက်သတ်လွတ်စားတဲ့အကြောင်းပြောတယ်၊ တိရစ္ဆာန်တွေ ကာကွယ်စောင့်ရှောက်ဖို့နဲ့ သဘာဝပတ်ဝန်းကျင်အပင်တွေထိန်းသိမ်းကြဖို့တွေ ပြောပါတယ်၊ ကျွန်မက နားမလည်သေးတော့ နဲရှောကိုပဲ မေးရတာပါပဲ။

နေ့လည်စာကို ဘူဖေး ကျွေးပါတယ်(သူတို့အခေါ်ကတော့ ရှဘက်ဒ်စကီးစတော Swedish Table တဲ့)၊ သစ်သားစားပွဲရှည် တွေမှာ ဟင်းခွက်လေးတွေ တန်းစီချထားတယ်၊ ပဲတွေ၊ အာလူး၊ ဂျုံနဲ့ချက်ထားတဲ့ သက်သတ်လွတ်အစားအစာတွေပါ၊ အသီးအရွက်ဆလတ်မျိုးစုံလည်းပါတယ်၊ ပဲကိုချက်ထားတဲ့ဟင်းတွေမှာ အိန္ဒိယအစားအစာတွေနဲ့ ဆင်တူပါတယ်၊ အုန်းသီးမုန့်ကို ၀က်ဝံပုံလေးလုပ်ထားတာလေးလည်းတွေ့တယ်၊ မြန်မာအစားအစာ အုန်းယိုအတိုင်းအရသာပါပဲ၊ သူတို့ကတော့ ထညက်နဲ့မဟုတ်ပဲ သကြားနဲ့ပဲ လုပ်ထားတော့ ၀က်ဝံဖြူဖြူလေးပေါ့၊ ဒီဘက်မှာ အုန်းပင်မရှိပါဘူး၊ အုန်းသီးက သွင်းကုန်ဆိုတော့ ဈေးကြီးပါတယ်၊ ကော်ဖီ၊ အချိုရည် ဖျော်ပေးနေတဲ့ ဆိုင်ခန်းလေးတွေမှာ volunteer မိန်းကလေးငယ်လေး တွေ ကူညီနေကြတယ်၊ မေးကြည့်တဲ့အခါ..  ဒီ ဂျော်ဂျီဗိုရွာခံ volunteer မိန်းကလေးတွေပါလို့ ပြောပြကြတယ်၊ ကျွန်မက ကော်ဖီကြိုက်တယ်၊ ကော်ဖီပဲ ခဏခဏ သွားယူ သောက်နေတာပါပဲ။

ကွင်းလယ်မှာ ခွေးအသက်ကြီးကြီး တစ်ကောင်က လှဲအိပ်နေတယ်၊ အဲဒီခွေးကြီးကို မိန်းကလေးတစ်ဦးက ခေါင်းကိုသပ်ရင်း စကားစမြည်ဆိုနေသေးတယ်၊ ကျွန်မတို့အိမ်နားက ကျွန်မတို့နဲ့ ခင်နေတဲ့ လမ်းပေါ်ကခွေးလေးသုံးကောင်ကိုလည်း ဒီကိုပို့ထားရရင် .. ဆိုပြီးစဉ်းစားမိပါသေးတယ်၊ အဲဒီခွေးသုံးကောင်ကို ကျွန်မနဲ့ နဲရှောက smart၊ big၊ quiet ဆိုပြီး နာမည်ပေးထားကြတယ်၊ အကြီးဆုံးက big၊ အရွယ်အကြီးဆုံးပေမဲ့ အီးပေါလောကြီး လမ်းကူးရင်လည်း ၀ရုန်းသုန်းကားနဲ့ လမ်းတ၀က်ကျမှ ပြန်လှည့်ပြေးရင် ပြေးလာတတ်သေးတာ၊ စမတ်ကတော့ အကောင်ကအသေးဆုံး ဒါပေမဲ့ လမ်းကူးရင် သူက ရှေ့ဆုံးက မီးနီ၊ မီးစိမ်း၊ ကားအခြေအနေ သေချာကြည့်ပြီး ကူးတတ်တယ်၊ အဲဒါကြောင့် စမတ်လို့နာမည်ပေးလိုက်တယ်၊ quiet ကတော့ အင်မတန်ငြိမ်တယ်၊ ကျွန်မတို့အိမ်နားးတ၀ိုက် ဗိုလ်ကျတတ်တဲ့ အဲဒီခွေးသုံးကောင်မှာ quiet က နောက်လိုက်၊ တခြားခွေးတွေနဲ့ ရန်ဖြစ်ပြီဆို quiet ကပြေးပြီးပုန်းတယ်၊ ကျွန်မတို့ အနောက်ထဲလာကွယ်ပြီး ပုန်းတတ်တယ်၊ big၊ smart တို့နဲ့စာရင် သူက အရမ်းငြိမ်တယ်၊ ဒါနဲ့ပဲ သူ့ကို quiet လို့ နာမည်ပေးထားလိုက်ရော၊ လမ်းသွားလမ်းလာတွေကို လိုက်ဟောင် လိုက်ကိုက်တတ်တဲ့ သူတို့ကို လူတစ်ချို့က ခင်မင်ရင်းနှီးပေမဲ့၊ တစ်ချို့ကအင်မတန်မုန်းကြတယ်၊ ဒါနဲ့ သူတို့ကို ဒီကိုခေါ်လာရရင်ကောင်းမလား စဉ်းစားကြသေးပါတယ်။

volunteer ကလေးတွေ အများစုက မိန်းကလေးတွေပိုများပါတယ်၊ တချို့ အသက်တော်တော်ငယ်တဲ့ ကလေးငယ်လေးတွေရဲ့ မျက်နှာကိုကြည့်နေရတာ အပျော်သက်သက်လုပ်နေပုံမရပဲ မျက်ဝန်းလေးတွေက စူးစူးစိုက်စိုက်၊ ကိုယ်လေးတွေ သွက်သွက်လက်လက်လှုပ်ရှားရင်း ဧည့်သည်တွေကိုကျွေးမွေးတယ်၊ ပန်းကန်တွေချတယ်၊ သိမ်းတယ်၊ ဟင်းတွေဖြည့်တယ်၊ ခွေးအိမ်ထဲမှာ ခွေးတွေ အများကြီး သံကုန်အော်ကြတော့လည်း တစ်ချို့တစ်ဝက်က စောင့်ရှောက် နေကြတယ်၊ လာဇရုလေးကို ခွေးအိမ်ရှေ့မှာ ဖြတ်ကနဲတွေ့လိုက်ပါသေးတယ်၊  မပင်ပန်းသေးဘူးလား လို့ မေးလိုက်မိတယ်၊၊ ဗလာဒန်က “သူ သိပ်အလုပ်ရှုပ်နေတယ်” လို့ ရယ်ရယ်မောမောဖြေပါတယ်။

အ၀င်လမ်းမဘက်မှာ လက်တွန်းလှည်းလေးနဲ့ အကြောတစ်ခုခုချို့ယွင်းနေပုံရတဲ လူငယ်လေးကိုတွန်းရင်း မိသားစုတစ်စု ၀င်လာကြတယ်၊ သူရဲ့မိသားစုက လူငယ်လေးကို တိရစ္ဆာန်လေးတွေလိုက်ပြပေးနေတယ်၊ သူတို့မျက်နှာတွေမှာလည်း အေးအေးချမ်းချမ်းနဲ့ ပျော်ရွှင်နေပုံရပါတယ်၊ နောက်တော့ ကျွန်မတို့ ထိုင်နေတဲ့ အဆောက်အဦရှေ့ခုံတန်းလေးနား အဲဒီမိသားစုလေး ရောက်လာကြတယ်၊ သူတို့ မော်နီကာကို တွေ့ချင်နေကြပုံပါပဲ၊ မိသားစုဝင် မိန်ကလေးငယ်လေးရဲ့ လက်ထဲမှာ ပန်းစည်းလေး ကိုင်ထားတယ်၊ ၀င်လိုက် ထွက်လိုက် ဧည့်သည်တွေဧည့်ခံနေရတဲ့ မော်နီကာကိုတွေ့ချင်လို့ စောင့်နေကြပါတယ်၊ နောက်တော့ မော်နီကာ  အိမ်ထဲဝင်တဲ့အချိန် အပေါက်ဝမှာ လှမ်းနှုတ်ဆက်ပြီး မိန်းကလေးက ပန်းစည်းလေးပေးတယ်၊ ပါးကို သုံးကြိမ် ဘယ်ညာနမ်းပြီး နှုတ်ဆက်ကြတယ်၊ လက်တွန်းလှည်းပေါ်က လူငယ်လေးလည်း ရောဂါကြောင့်အပြုံးအရယ်ခွဲခြားလို့မရတဲ့ မျက်နှာထားလေးနဲ့ စိုက်ကြည့်နေပါတယ်။
မော်နီကာ့မျက်နှာက အင်မတန် အေးချမ်းပါတယ်၊ ကလေးငယ်ငယ်လေးတွေကအစ လူတိုင်းကို .. ဂရုတစိုက်နှုတ်ဆက်စကားပြောတယ်။

ကျွန်မလည်း စင်တာအ၀င်ဝရှေ့ခုံတန်းလေးမှာထိုင်ရင်း ဟိုဒီ ငေးနေမိပါတယ်၊ အနားမှာ ခွေးအမျိုးအစားအစုံအလင်၊ ခါးလျားရှည်ရှည် ခြေဆံလက်ဆန်တိုတိုနဲ့ခွေး၊ အမွှေးရှည်ရှည်လျားလျားနဲ့ခွေး၊ ကိုယ်လုံးကိုယ်ထည် ခပ်ကြီးကြီးနဲ့ခွေး၊ အသက်အကြီးအငယ်၊ ခွေးတွေအများကြီးပဲ၊ အဆောက်အဦလေး ထဲမှာ ခွေးအိပ်ရာလေးတွေလည်း အများကြီးတွေ့ရတယ်၊ ဒီခွေးတွေကို သန့်ရှင်းရေး တာဝန်တစ်ခုထဲနဲ့ကို အင်မတန်ပင်ပမ်းမယ့် တာဝန်တစ်ခုပါပဲ၊ တခဏလေးအတွင်း ကျွန်မ နားထဲမှာ ခွေးတွေရဲ့အော်သံတွေ ပြည့်တက်လာလိုက်တာ၊ အသက်ရှုရတာလည်း ကျပ်ချင်သလိုလို၊ မော်နီကာ တစ်နေ့တစ်နေ့ ဘယ်လိုများနေလိမ့်မလည်း တွေးမိတယ်၊ တိရစ္ဆာန်လေးတွေအတွက် အဆောင်လေးတွေ သန့်သန့်ရှင်းရှင်း ကျယ်ကျယ်ဝန်းဝန်းပေးထားပေမဲ့ မော်နီကာနေတဲ့အဆောင်က ကြီးကြီးမားမား၊ တခမ်းတနား လုပ်မထားပါဘူး၊ သာမန် နှစ်ထပ်အိမ်ခန်းဆောင်လေးပါပဲ၊ မော်နီကာကို စကားနည်းနည်း ပြောကြည့်ချင်လာတယ်၊ သိချင်တာတွေရှိလာတာနဲ့၊ အင်တာဗျူးသဘောလေးလုပ်ချင်လို့ အချိန်နည်းနည်းပေးပါဆိုတော့ မော်နီကာက ပြုံးပြုံးလေးပဲ ကျွန်မကိုကြည့်၊ ကျွန်မတို့နိုင်ငံကိုမေး၊ နှုတ်ဆက်ပြီး၊ ခဏလောက်စောင့်ပေးဖို့ပြောတယ်၊ တချိန်လုံး ဧည့်သည်တွေ ဧည့်ခံနေရတာ မြင်ထားတော့၊ ကျွန်မကအားနာပြီး အလုပ်အရမ်းများရင်မေးလ်ပို့ထားပြီး ဖြေပေးရင်လည်းဖြစ်ပါတယ်လို့ ပြောပါတယ်၊ အာရှနိုင်ငံကမို့၊ ရှားရှားပါးပါး မြန်မာနိုင်ငံကဆိုတော့ မော်နီကာက သူကလည်း စိတ်ဝင်စားပါတယ်၊ စကားပြောချင်ပါတယ်လို့ဆိုတယ်၊ ဒီဘက်မှာက အာရှသားဆို တရုတ်လူမျိုး၊ ဂျပန်လူမျိုးလောက်ပဲ တွေးလိုက်ကြတော့တာ၊ ကျွန်မတို့လည်း မော်နီကာကို စောင့်ရင်း ဟိုဒီလျှောက်ငေးကြတယ်၊ လက်ဝါးကပ်တိုင်စိုက်ထားတဲ့ အဖြူရောင်အုတ်တိုင်လေးတွေ့တယ်၊ နဲရှောက မော်နီကာ့ခင်ပွန်းဖြစ်မယ်လို့ ထင်ကြေးပေးပါတယ်။

အဲဒီနားကနေ မလှမ်းမကမ်းမှာ ခွေးလေးရဲ့ အုတ်ဂူလေးတစ်ခု တွေ့ရသေးတယ်၊ ခွေးလေးနာမည်က “ဘင်ဂို”တဲ့ အုတ်ဂူလေးမှာ ဘင်ဂိုရဲ့ပုံလေးရှိတယ်၊ ခွေးလေးဘင်ဂိုကို ၁၉၉၆ မှာမွေးပြီး ၂၀၀၇ မှာ သေဆုံးတယ်လို့ စာတမ်းထိုး ပေးထားတယ်၊ နောက်ထပ် စာတမ်းလေးက “ညီငယ်လေး ဘင်ဂိုရေ .. မင်းက ငါတို့အတွက် ပျော်ရွှင်မှုတွေ အများကြီး ယူဆောင်ပေးခဲ့ပါတယ်၊ မင်းရဲ့ရိုးသားစွာချစ်ခင်တဲ့ ညီငယ် သူငယ်ချင်းများ” တဲ့၊ မော်နီကာ က ဂျော်ဂျီဗိုရွာသား တွေကို တိုက်တွန်းခဲ့တယ်လို့ ဆိုတယ်၊ အိမ်မွေးတိရစ္ဆာန်လေးတွေသေဆုံးတဲ့အခါ ဒီ စင်တာထဲမှာ လာပြီးမြှုပ်နှံဖို့လည်း ခွင့်ပြုခဲ့တယ်၊ တိရစ္ဆာန်လေးတွေကို ရှင်သန်ဆဲအချိန်ပါမကပဲ သေဆုံးသွားတဲ့အချိန်အထိ၊ အလေးထား ဂရုစိုက်ဖို့ သူအမြဲကြိုးစား နေခဲ့ပါတယ်။

မော်နီကာ ဧည့်သည်တွေနဲ့စကားပြောနှုတ်ဆက်ပြီးတဲ့ အခါ ကျွန်မတို့ သစ်သားစားပွဲ ကုလားထိုင်ရှည်ရှည် လေးမှာပဲ ထိုင်ပြီး စကားပြောခဲ့ကြပါတယ်၊ ကျွန်မတို့နဲ့ စကားမပြောခင်မှာပဲ မော်နီကာကို စောင့်နေတဲ့ မီဒီယာသမား မိန်းကလေးတစ်ဦးကလည်း ကျွန်မတို့ပြီးရင် သူနဲ့ စကားပြောခွင့်ပေးပါလို့ ခွင့်တောင်း နေပါသေးတယ်၊ မော်နီကာကတော့ ပြုံးပြုံးလေးနဲ့ လက်ခံပါတယ်။

မော်နီကာက အင်္ဂလိပ်လိုပဲ သွက်သွက်လက်လက်လေးဖြေပေးပါတယ်၊ ဧည့်သည်တွေများလွန်းနေတဲ့ မော်နီကာကို ကျွန်မလည်း မေးခွန်းနည်းနည်းလေး၊ မြန်မြန်ပဲမေးဖြစ်ခဲ့တယ်၊ ကျွန်မတို့နဲ့ မော်နီကာပြောဖြစ်ခဲ့တာက

မစ်မော်နီကာရှင့် .. ဒီ တိရစ္ဆာန်လေးတွေစောင့်ရှောက်တဲ့အလုပ်ကို ဘယ်အချိန်တည်းက စတင်ခဲ့ပါသလဲ။
ကျွန်မ ဒီနိုင်ငံကို စရောက်ကတည်းကပါပဲ၊ ၁၉၉၇ ခုနှစ် မှာ ဒီဂျော်ဂျီဗိုရွာကလယ်ကိုဝယ်ခဲ့တယ်၊ ကျွန်မက ဆွဇ်ဇာလန် ဘာစဲလ်မြို့ကပါ၊ ဒီလယ်မြေမှာ တိရစ္ဆာန်မျိုးစုံခိုလှုံနိုင်တဲ့နေရာဖြစ်ဖို့ ကြိုးစားခဲ့တယ်၊ မြေအနေအထားက ကောင်းမွန်တဲ့အခြေအနေမရှိသေးသလို၊ အမှိုက်သရိုက်၊ တိရစ္ဆာန်အသေကောင်တွေလည်း ပြည့်နှက်နေတာပါပဲ၊ သဘာဝတရားကြီးကိုက ဒီနေရာမှာ ဘာသစ်ပင်မှ စိုက်ပျိုးလို့ မရလောက်အောင်တားမြစ်ထားသလိုပဲ၊ ၂၀၀၅ခုနှစ် မှာ ကျွန်မ ဒီလယ်မြေကို အပြီးပြောင်းရွှေ့ခဲ့ပါတယ်။

တိရစ္ဆာန်လေးတွေကို ဘယ်လိုထောက်ပံ့ပေးပါသလဲ။
ဒါကို စိတ်ဝင်စားတယ်ဆိုရင် ကျွန်မတို့ ထောက်ပံ့ငွေ ဘယ်လိုရအောင်လုပ်ကြရတယ်ဆိုတာ၊ ကျွန်မတို့ ၀က်ဘ်ဆိုက်မှာသွားကြည့်လို့ရပါတယ်၊ ရိုးရိုးရှင်းရှင်းလေးပဲ ပြောရရင် ကျွန်မတစ်ယောက်တည်း ဒီ တိရစ္ဆာန်လေးတွေကို အထောက်အပံ့ပေးနိုင်ဖို့မလွယ်ပါဘူး၊ အစပိုင်းက ကျွန်မ မိသားစုနဲ့ပဲ ကိုယ်တိုင်ကိုယ်ကျစတင်ခဲ့တယ်၊ အခုနောက်ပိုင်း တိရစ္ဆာန်လေးတွေများလာတော့ တစ်နေ့တစ်နေ့ ပုံမှန်လိုအပ်ချက်တွေကတင် အများကြီးပဲ၊ ကျွန်မနဲ့ ဒီရွာသားတွေ၊ ရံပုံငွေထည့်ဝင်လာကြတဲ့လူတွေနဲ့ နှစ်ပေါင်းများစွာ ယုံကြည်မှုတည်ဆောက်ခဲ့ကြပြီးမှ ဒီအဆင့်ထိရောက်ဖို့ တစ်ဆင့်ချင်းတစ်ဆင့်ချင်း လှမ်းခဲ့ကြတာပါ၊ ကျွန်မတို့ ၀က်ဘ်ဆိုက်ကို ဖြစ်နိုင်ရင် ကြည့်ပေးဖို့ ပြောချင်ပါတယ်။

မော်နီကာရဲ့ ပန်းခြံလေးမှာ volunteer ဘယ်နှစ်ယောက်ရှိလဲရှင့်၊ ကျွန်မတွေ့နေရတာ  အများကြီးပဲ၊ အားရစရာကြီး။
volunteer နည်းနည်းလေးပဲရှိပါတယ်၊ ကျွန်မတို့လယ်က ဝေးလံတဲ့နေရာဖြစ်နေတယ်၊ ရွာနဲ့လည်း ဝေးပါတယ်၊ ကျွန်မတို့ဆီ အမြဲလာဖို့ ခက်ခဲတယ်၊ အခု မြင်နေရတဲ့ volunteer လေးတွေက အခုလို ပွဲတော်နေ့မှာ ကူညီချက်ပြုတ်ပေးကြတဲ့ သူလေးတွေပါ၊ သူတို့စိတ်ကူးလေးတွေနဲ့ သူတို့ ပါဝင်လာကြတာ၊ ဒီနေ့ပွဲတော်ချိန်ပြီးတဲ့အထိလောက်ပဲ သူတို့လည်း နေနိုင်မှာပါ၊ အလုပ်သမား ၉ယောက်ကတော့ အမြဲရှိနေပါတယ်။

တိရစ္ဆာန်လေးတွေ ဘယ်လောက်များ ရှိသလဲရှင့်။
ခွေး က ၁၃၂ ကောင်နဲ့ ကြောင်၊ မြင်း၊ မြည်း၊ ဆိတ်၊ ယုန်၊ ခို၊ ကြက်၊ ဘဲ၊ ဘဲငန်း၊ ၀က်၊ ကြက်တူရွေး တိရစ္ဆာန်လေးတွေအားလုံး ဆိုတော့ ၂၀၀ ရှိပါတယ်။

အကျယ်အ၀န်းကရော။

အားလုံး ၂၀ ဟက်တာ ပါ။

အလုပ်မှာ ကြုံရတဲ့အခက်အခဲရှိရင် ပြောပြပေးပါ။
ပြောရရင်တော့ ကျွန်မတို့ စတင်ခဲ့ကြတုန်းက အခက်အခဲတွေရှိတယ်၊ ဒီအလုပ်က သမားရိုးကျအလုပ်မျိုး သိပ်မဟုတ်တော့ ကျွန်မတို့လုပ်နေတဲ့အလုပ်ကို လူတွေသိပ်နားမလည်ခဲ့ကြဘူး၊ သဘောမပေါက်ခဲ့ဘူး၊ ဒီလောက်ခွေးတွေအများကြီး ထိန်းသိမ်းစောင့်ရှောက်ဖို့ မဖြစ်နိုင်ဘူးလို့ ဒေသခံတွေကထင်မြင်ကြတယ်၊ ကျွန်မတို့ လူတွေစိတ်ဝင်စားလာအောင် ချဉ်းကပ်ရာမှာ တော်တော်ကြီးကြိုးစားကြရတယ်၊ ကျွန်မတို့ ရှင်းပြကြတယ်၊ လက်တွေ့လုပ်ပြတယ်၊ လူတွေ နားလည်သဘောပေါက်ပြီး လက်တွဲလုပ်ကိုင်လာတာက ပြောရရင် လွန်ခဲ့တဲ့ ငါးနှစ်လောက်ကမှ စ လာတာ၊ အခုတော့ အပြောင်းအလဲကြီးဖြစ်လာပါပြီ၊ လူငယ်လေးတွေကလည်း စိတ်ဝင်စားလာကြပါပြီ။

ကျွန်မတို့ အိမ်နားမှာ ရှိတဲ့ခွေးလေး ၃ ကောင်ကို ခေါ်လာပြီး ဒီမှာအပ်ချင်ပါတယ်၊ ဒီနေရာက သူတို့အတွက် အင်မတန်ကောင်းမွန်တဲ့နေရာလေးဖြစ်မှာပဲ၊ ဘာတွေလိုမလည်း အဆင့်ဆင့်ပြောပြပေးပါရှင့်။
ရှင်တို့ ခွေးလေးတွေယူလာမယ်ဆိုရင် ကျွန်မတို့မှာ အခုတော့ နေရာအကျပ်အတည်းဖြစ်နေပါပြီ၊ မဟုတ်ရင် ကျွန်မတို့ လက်ခံပေးနိုင်တာက... အဲဒီ တိရစ္ဆာန်လေးတွေကို ပတ်ဝန်းကျင်က အန္တရာယ်ပြုနေကြတဲ့ အခြေအနေမျိုး၊ သတ်ဖြတ်ပစ်ဖို့ ကြံရွယ်နေကြတဲ့အနေအထား၊ ပြီးတော့ သူတို့မှာ ဆိုးဆိုးရွားရွား ကျန်းမာရေး အခြေအနေတွေရှိနေမယ် ဆိုရင်တော့  ကျွန်မစောင့်ရှောက်ပေးရမှာပါ၊

မြန်မာနိုင်ငံမှာရှိနေတဲ့ stray dog တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ဘယ်လိုအကြံဥာဏ်ပေးချင်ပါသလဲ။
ဒါက တိုင်းပြည်တိုင်းမှာကြုံတွေ့ရတဲ့ ပြဿနာမျိုးပါပဲ၊ တိုင်းပြည်တစ်ခုရဲ့အစိုးရဆိုတာမျိုးက ဒီအကြောင်းအရာကို စိတ်ဝင်စားမှုမှာ အနိမ့်ဆုံးအဆင့်ပဲရှိပါတယ်၊ သူတို့ အခက်အခဲပြဿနာ ကြီးကြီးမားမား မကြုံရသေးသရွေ့၊ ဥပမာ- ရောဂါဆိုး၊ တိုက်ခိုက်ဖျက်ဆီးမှုတွေမဖြစ်မချင်း သူတို့ မျက်နှာလွှဲနေကြမှာပါပဲ၊ ကျွန်မအကြံပေးချင်တာကတော့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းမျိုးလေးတွေ ဖွဲ့စည်းပြီး၊ အဲဒီ(NGO) အဖွဲ့အစည်းမျိုးတွေနဲ့ ကိုယ်တိုင်ပဲ စတင် ချဉ်းကပ် လုပ်ဆောင်ရမှာပါ၊ စပြီး လုပ်ကြည့်ဖို့ပါပဲ၊ ဇွဲရှိရပါမယ်၊ အခက်အခဲတွေတွေ့သည့်တိုင်အောင် ခရီးလမ်းတစ်ခုကို အဆုံးထိတိုင် သွားဖို့လည်း ပြင်ဆင်ထားရပါမယ်၊ ကျွန်မတို့ အလုပ်လုပ်ကြရပါမယ်၊ တိရစ္ဆာန်လေးတွေကို ကောင်းမွန်နွေးထွေးတဲ့ ဘ၀လေးတွေ ပေးကြဖို့ အကြံပေးချင်ပါတယ်။

မော်နီကာနဲ့ ပြောဖြစ်ခဲ့တာ ဒီလောက်ပါပဲ၊ ဒီအမေးအဖြေလေးမှာပဲ မော်နီကာရဲ့ တိရစ္ဆာန်လေးတွေကို ချစ်မြတ်နိုးပုံနဲ့ ဇွဲကြီးပုံက ထင်သာမြင်သာရှိလှပါတယ်၊

ကျွန်မတို့လည်း ညနေပိုင်းရောက်နေပြီမို့ ပြန်ဖို့ ပြင်ကြတယ်၊ လာဇရုနဲ့ အဖေ ဗလာဒန်တို့လည်း မြင်းတွေရှိတဲ့ခြံဘက်မှာ အလုပ်ရှုပ်နေဆဲ၊ ဗလာဒန်ကမောနေပေမဲ့ လာဇရုလေးက နဲနဲလေးမှ မောပမ်းပုံမပြပါဘူး၊ မာရီယာကတော့ မောနေပါပြီ၊ လူတွေကြားထဲမှာ တွေ့ခဲ့လိုက်တဲ့ အသက်ကြီးကြီး ခွေးအညိုကြီးက ကျွန်မတို့ အိမ်ပြန်ကြဖို့ လမ်းမလေးဆီ ခြေလှမ်းလိုက်တာနဲ့ သူ .. ထပ်ချပ်မကွာ လိုက်လာတော့တယ်၊ အတွင်းဘက်ကို ပြန်ပို့ပေမယ့်လည်း မရပါဘူး၊ ကျွန်မတို့ကိုပဲငေးနေတယ်၊ လာဇရုလေးက ခေါင်းကိုသပ်ရင်း စကားပြောနေဆဲ၊ “ငါတို့ ပြန်တော့မယ်၊ ငါတို့ ပြန်တော့မယ်၊ အိမ်ထဲဝင်တော့” တဲ့၊ ကျွန်မတို့ အဲဒီနေရာလေးက ထွက်လာခဲ့ချိန်မှာတော့ အဲဒီခွေးအညျိကြီးက ခေါင်းငိုက်စိုက်ချလို့ တလှမ်းချင်း မော်နီကာရဲ့ အဆောက်အဦလေးရှိရာ လှည့်ပြန်သွားတော့တယ်၊ အိမ်အပြန်လမ်းမှာ လာဇရုလေး သူ့အဖေပေါ်မှာ အိပ်ပျော်နေခဲ့ပြီ၊ လာဇရုလေးက ဒီပွဲတော်နေ့လေးကို လည်ပတ်ဖို့ အဖေနဲ့ ဒီတစ်ရက်ပဲ လိုက်လာခဲ့တာလို့ နဲရှောကပြောပြတယ်၊ အမေနဲ့ပဲ နေတယ်တဲ့၊ အဖေနဲ့  အမေက ကိုယ်ပိုင်ဘ၀တွေကိုယ်စီနဲ့ နေသားကျနေကြပြီ၊ ကျွန်မစိတ်ထဲ လေးလေးပင်ပင်ကြီး ၀မ်းနည်းနေမိခဲ့တယ်၊

ပြီးတော့ ဆုတောင်းတယ် ..
ခိုလှုံစရာ အမိုးအကာ၊ အုပ်ထိန်းသူစတဲ့ လိုအပ်ချက်တွေကို မော်နီကာချစ်ခင်တဲ့ တိရစ္ဆာန်လေးတွေရော၊ အပြစ်ကင်းတဲ့ကလေးငယ်တွေမှာပါ အားလုံးပဲ ပြည့်ပြည့်၀၀ရစေကြဖို့ ဘုရားသခင်ထံမှာ တိုးတိုးလေး ဆုတောင်းနေမိပါတယ်။

-------------------------------------------------

မော်နီကာရဲ့ ခြံလေးထဲက တစ်နေ့တာလုပ်ငန်းတွေ
ညစောင့်ပြန်တဲ့အချိန် မနက် ၇ နာရီက တစ်နေ့တာအလုပ်စပါတယ်၊
သန့်ရှင်းရေးစလုပ်ပါတယ်၊ ခွေးတွေကို အစာကျွေးတယ်၊ အစာတွေကို ညကတည်းကပြင်ဆင်ထားကြတယ်၊ အကောင်ကြီး မြင်း၊ နွား၊ ဆိတ်တွေကို စားကျက်ထဲမှာ မနက် ၈ နာရီအထိ လွှတ်ပေးပါတယ်၊

၈ နာရီထိုးတဲ့အခါ စားကျက်တွေထဲက အလုပ်သမားတွေ ပြန်လာကြပြီး၊ မနက်စာကော်ဖီလောက်ကိုပဲ အမြန်သောက်ကြပြီး  ကြက် ငှက်၊ ကြောင်၊ မြေခွေး (ခပ်ငယ်ငယ်လေးတွေရှိပါတယ်) လှောင်အိမ်တွေကို သန့်ရှင်းရေးလုပ်ကြတယ်၊ သူတို့မှာ အရသာခံနေဖို့ အချိန်မရှိကြဘူး၊ ကျယ်ဝန်းတဲ့ စားကျက်တွေထဲမှာ လွတ်လွတ်လပ်လပ်သွားလာနေကြတဲ့ မြင်းတွေ၊ နွားတွေကို ပြန်ပြီး စောင့်ကြည့်ရပါဦးမယ်၊

မိန်ကလေးအလုပ်သမားလေးတွေက ပန်းခြံ၊ အိမ်ခန်း၊ ရေကန်တွေကို သန့်ရှင်းရေးလုပ်ကြပါတယ်၊
ယောက်ျားလေးတွေက မြင်းစောင်းတွေမှာသန့်ရှင်းကြရတယ်၊ အာလူး၊ ဂျုံ၊ ပြောင်းဖူးစိုက်ခင်း၊ မြက်ခင်းတွေကို ပြုပြင်ထိန်းသိမ်းကြတယ်၊ တတ်နိုင်သလောက် အသီးအနှံတွေကို လယ်ထဲမှာပဲကိုယ်တိုင် စိုက်ပျိုးကြတယ်၊ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အစားအသောက်ကျွေးနိုင်စေဖို့ ရည်ရွယ်ပါတယ်တဲ့၊

ပြီးတော့ အကောင်ပလောင်လေးတွေကို လမ်းလျှောက်ပေးတယ်၊ သန့်ရှင်းရေးလုပ်တယ်၊ ရေချိုးပေးရပါတယ်၊ ပြီးတော့ ကျန်းမာရေးဆေးစစ်မှုလုပ်ရတယ်၊

ညနေ ၄ နာရီမှာ အစာကျွေးဖို့ စတင်ပြင်ဆင်ကြတယ်၊ ၄ နာရီ ၅ နာရီ အချိန်က ညနေစာ အစာကျွေးချိန်ပါ၊
ခွေးငယ်လေးတွေနဲ့ အသက်အရွယ်ကြီးတဲ့ ခွေးတွေကို အစာကျွေးတဲ့အခါမှာ သေသေချာချာစောင့်ရှောက်ဖို့ လိုတာကြောင့် အချိန်ပိုပေးရတယ်လို့ဆိုတယ်၊ ပြီးတော့ နေရာပြန်ရွှေ့ထားပေးကြရတယ်၊

အဲဒီအချိန်ပြီးရင်တော့ တစ်နေ့တာအချိန်ပြီးပြီလို့ ဆိုနိုင်ပါတယ်၊ အလုပ်သမားတွေအားလုံးပြန်သွားကြတဲ့အခါမှာမှ မော်နီကာက စာရွက်စာတမ်းကိစ္စတွေ လုပ်နိုင်ပါတော့တယ်၊

အဲဒီထက် အလုပ်များတဲ့ နွေရာသီနေ့ရက်နေမှာဆိုရင် ကောက်ရိုး၊ မြက်ခြောက်၊ မြက်တွေ ရိတ်သိမ်းဖို့တွေ အလုပ်ပိုပါတယ်၊ အဆောက်အဦးသစ်လေးတွေပြင်ဆင်ဆောက်လုပ်ပေးရတယ်၊ ဧည်သည့်တွေလာကြတဲ့အခါရှိတယ်၊ လေ့လာရေးအတွက်လာတဲ့ ကလေးငယ်တွေကို လိုက်လံ သင်ကြားပေးရ၊ ရှင်းပြကြရတယ်၊ သတင်းအတွက် တီဗီလာရိုက်တဲ့အဖွဲ့တွေရောက်လာတတ်ကြတယ်၊  တစ်ခါတစ်ရံ သူတို့ရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကို မြှုပ်နှံချင်လို့ ရောက်လာကြတာတွေရှိပါတယ်၊ အဲဒါဟာ တိရစ္ဆာန်လေးတွေကို ချစ်မြတ်နိုးတဲ့လက္ခဏာဖြစ်တဲ့အတွက် မော်နီကာကို ပျော်ရွှင်ကြည်နူးစေတယ်လို့ သူက ပြောပြပါတယ်။

KOTO “Know One Teach One” (Man is a moral duty to spread their knowledge to another) လို ပညာရေးအစီအစဉ်တွေလည်းရှိတယ်၊ ၂၀၀၄ ခုနှစ်ကစတင်ပြီး မူလတန်းကျောင်းသားလေးတွေနဲ့ စိတ်ဝင်စားသူကျောင်းသူကျောင်းသား အဖွဲ့အစည်းတွေကို နှစ်စဉ် ပညာပေးအစီအစဉ်တွေ ဖွင့်လှစ်သင်ကြားပေးနေပါတယ်၊

ခိုလှုံရေးစခန်းတစ်ခုဘယ်လိုအကောင်အထည်ဖော်နိုင်မလဲ၊  ရံပုံငွေဘယ်လိုရှာနိုင်မလဲ မော်နီကာရဲ့ ၀က်ဘ်ဆိုက်မှာ ရှင်းလင်းပြောပြထားပေးပါတယ်၊ လေ့လာကြည့်ချင်သူတွေအတွက် How to make asylum + Fundraising  မှာ ဖတ်ကြည့်နိုင်ပါတယ်၊

--------------------------------------------------------------
နွယ်နီမဂ္ဂဇင်း၊ ဇန်န၀ါရီလ ၂၀၁၁


World Harmony Run အဖွဲ့သားတွေ
လာဇရုလေးနဲ့ အဖေ ဗလာဒန်
ကြောင်အိမ်



ဘာပုံမှန်းမသိဘူး .. ၀က်တွေက
မော်နီကာ








ကလေးတွေ အချောသတ်ပေးထားတဲ့ သစ်သားဖြတ်စလေးတွေကို volunteer တွေက အိမ်ဆောက်ပေးကြတယ်








အိမ်ပြင်၊ အိမ်ထဲ၊ အိမ်ဘေး - ခွေးတွေ အများကြီးပဲ



ကော်ဖီလား၊ အချိုရည်လားတဲ့





ပြီးသွားတဲ့ ငှက်အိမ်လေး ၅ ခု
လာဇရုက ယုန်လဲသဘောကျတာပဲ

မော်နီကာကို ပန်းစည်းလေးပေး နှုတ်ဆက်နေတဲ့ မိန်းကလေး
ဘုန်းတော်ကြီး ၂ ပါး ပြန်တော့မယ်၊ နှုတ်ဆက်နေစဉ်
ခွေးလေး ဘင်ဂို ရဲ့ နားနေရာ

သူက အပြန် .. နှုတ်ဆက်တယ်၊ ကျန်ရစ်တယ်
သမိုင်းအကျဉ်း
၂၀ရာစုအတွင်းမှာ အဲဒီလယ်ကွက်နေရာမှာ ဒေသခံတွေရဲ့ ဂျုံကြိတ်စက်ရှိပါတယ်၊ ၁၉၅၉ခုနှစ်မှာ လေရဟတ်ကျိုးပဲ့သွားတော့ ပြင်ဆင်ဖို့ မဖြစ်နိုင်တာနဲ့ ဂျုံကြိတ်စက်ပိတ်လိုက်ရတော့တယ်၊

နောက်တစ်ရာစုမှာတော့ ဒီလယ်မြေနေရာက ရွာသားတွေရဲ့ အမှိုက်သရိုက်တွေစွန့်ပစ်တဲ့နေရာ ဖြစ်လာပါတယ်၊ ၁၉၉၇ ခုနှစ်မှာ မော်နီကာဘရုခ်နာနဲ့ ခင်ပွန်းသည်တို့ ဒီလယ်ကွက်ကို ၀ယ်လိုက်ပြီး တိရစ္ဆာန်မျိုးစုံခိုလှုံနိုင်တဲ့နေရာဖြစ်ဖို့ စတင်ကြိုးစားခဲ့တယ်၊ အမှိုက်ပုံကြီးကို ရှင်းလင်းကြပြီး အပင်တွေစိုက်ပျိုးဖို့ မြေဆီလွှာကောင်းမွန်လာအောင်ကြိုးစားကြတယ်၊ အဆောက်အဦလေးတွေ စတင်ဆောက်လုပ်ကြတယ်၊ လေရဟတ်ကြီးကိုလည်း ပြင်ဆင်လိုက်တယ်၊

အဲ့ဒီနောက် နေရောင်စွမ်းခြည်သုံးအပူပေးစနစ်ကို စတင်အသုံးပြုခဲ့ကြတယ်၊ ရေပေးဝေရေးစနစ်တွေကိုလည်း ပြုပြင်ခဲ့တယ်၊ ရေကန်လေးတွေ ဖန်တီးတည်ဆောက်ခဲ့တယ်၊ တိရစ္ဆာန်အိမ်လေးတွေ ဆောက်လုပ်ကြတယ်၊ ပန်းခြံထဲမှာ ပန်းပင်မျိုးစုံ အမျိုးပေါင်း ၁၀၀ ကျော် စိုက်ပျိုးခဲ့ကြပါတယ်။




Special thanks to
Monika Bruckner and Nenad Vuckovic

5 comments:

Anonymous said...

စာဖတ်ပြီး ပုံတွေတ၀ကြီးကြည့်သွားတယ် ဖြိုးရေ :)

စူးနွယ်လေး

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖြိုးရေ
အရှည်ကြီးရေးထားရတာ ပင်ပန်းမှာဘဲနော်..
စေတနာကို လေးစားမိပါတယ်..
ပုံတွေလဲ အများကြီးဘဲ။
တိရိစ္ဆာန်လေးတွေကို ချစ်တတ်သူအကြောင်းသိရတာ စိတ်ဝင်စားဖို့ ကောင်းတယ်..
အေးအေးဆေးဆေး အချိန်ယူပြီး ဖတ်နေတာ
ပုံတွေလည်း စိတ်ဝင်စားတယ် စားပွဲပေါ်က ရောင်စုံပိစိပိ ကလေးတွေက စားစရာလိုလို ဘာလိုလိုနဲ့ အသည်းယားတယ်.
ဝက်ကြီးတွေကတော့ ချစ်စရာနော်..း)
အစားကောင်းတွေစားပြီး ၀ဖီးနေတာ ဖြစ်မယ်..

ကြည်ဖြူပိုင် said...

မမဖြိုးရေ
ခုတလောမအားတာနဲ့မမပို့စ်အသစ်တက်ပေမယ့်
ချက်ခြင်းကြီးရောက်မလာနိုင်ခဲ့ဘူး
နဲရှောကမမကိုသိပ်အလိုလိုက်သလိုစည်းရုံးရေးလဲကောင်းတယ်နော်း)
မမတို့ခရီးသွားရတာပျော်စရာကြီးပဲနော်။ ဓာတ်ပုံလေးတွေစုံစုံလင်လင်ကြည့်ရတာလဲစိတ်ချမ်းသာလိုက်တာ။ မမကစာရေးကောင်းရုံတင်မက ဓာတ်ပုံအရိုက်လဲတော်လိုက်တာ....
မမစာကိုဖတ်ပြီးရသလေးမျိုးခံစားရတယ်
၁။ ခရီးသွားတာကို ကြည့်ပြီးပျော်စိတ်
၂။ လာဇုလေးကိုလဲမိစုံဖစုံနဲ့နေစေချင်စိတ်
၃။ ခွေးအိုကြီးကိုကြည့်ပြီးသနားစိတ်။
၎။ ဓာတ်ပုံတွေကိုကြည့်ပြီး ဗဟုသုတနဲ့ကြည်နူးစိတ်ကိုမျှဝေပေးတဲ့ မမဖြိုးကိုကျေးဇူးတင်စိတ်။

SHWE ZIN U said...

ညီမ ရေ

ဖတ်ရတာကောင်းလိုက်တာ ဒီလိုဝေမျှ ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် အမ အဖိုးကလည်း သတ်သတ်လွတ်စားတယ် ဆုံးတဲ့ထိပေါ့

ခင်မင်စွာဖြင့်
ရွှေစင်ဦး

လသာည said...

ဖြိုးဖြိုးရေ..
လေးစားစရာ မောနီကာအကြောင်းကို အစအဆုံး နှစ်ခေါက်ဖတ်ဖြစ်တယ်။ သူမကို အားကျလို့ပါ။ အခုလို သိခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်..။

စကားမစပ် ၀က်လေး နှစ်ကောင် ၀ ပုံက ချစ်စရာ၀၀တိုတိုလေးတွေနော်။