Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Friday, August 27, 2010

စစ်မီးပျားအုံထဲက စစ်ဘေးသင့်ပျားများ

စစ်ပွဲတစ်ပွဲဟာ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ခဏလေးအတွင်းစိတ်အခန့်မသင့်၊ စိတ်ဆိုးစိတ်ကောက်ပြီး စကားတွေများ၊ ရန်တွေဖြစ် ၊ စကားလုံးတွေနဲ့ပစ်ပေါက် ပြီးတော့ပြန်တည့်သွား အဲဒီသဘောသဘာဝမျိုး မရှိကြဘူး။ စစ်ပွဲအကြောင်း ဖတ်ကြည့်လိုက်တာနဲ့ ရာဇ၀င်သမိုင်းကြောင်းက ရှည်ရှည်လျားလျား၊ အခန့်မသင့်တဲ့ကိစ္စတွေက အတော်များများ၊ သွေးထွက်သံယို ဒဏ်ရာအနာတရတွေက နှစ်ဘက်လုံးမှာ အလဲလဲအကွဲကွဲ၊ ဘယ်သူက မှားတယ်၊ ဘယ်သူက မမှားဘူး၊ မှန်တယ် မမှန်ဘူး၊ ဆုံးဖြတ်ကြည့်လို့ မရအောင် ရှုပ်ထွေးလှပါတယ်။ အဆုံးသတ်ဖို့လဲ သိပ်ခက်တယ်၊ လူမျိုးရေးတွေ၊ ယဉ်ကျေးမှုတွေ၊ ဘာသာရေးတွေ ညှိယူလို့ မရတာတွေ၊ ညှိယူဖို့ မစဉ်းစားကြတွေ မာန်မာနလျှော့ချဖို့ မဖြစ်နိုင်တာတွေ၊ ရပိုင်ခွင့် ဆုံးရှုံးသွားမှာ ကြိုတင်တွက်ချက်ကြတာတွေ၊ ကိုယ့်တိုင်းသူပြည်သားတွေရဲ့ အရေးကိုလည်း မဖြစ်မနေ ထည့်သွင်းစဉ်းစား ကြရတာတွေ၊ တစ်ဖက်က ဖိအားတွေ၊ အခြားတစ်ဖက်က တွန်းအားတွေ အဲဒါတွေ အများကြီးပြည့်နှက်နေတယ်။ စစ်ပွဲရဲ့အဓိက ဖန်တီးရှင်နှစ်ဦးလုံးမှာလည်း အခက်အခဲတွေ သိပ်များလွန်းတယ်။ သူတို့နှစ်ဦးမှာ အပြစ်တွေများသလို အကျပ်အတည်းတွေ များကြတယ်။ တိုင်းသူပြည်သားတွေဆိုတာကတော့ ပြောဖွယ်မရှိပေါ့၊ စိတ်ပင်ပမ်းဆင်းရဲကြရတယ်။ ဘ၀ကို တိုးတက်အောင် ပိုပိုပြီး ရုန်းကန်ကြရတယ်။ သာယာငြိမ်းချမ်းနေတဲ့ စစ်မဲ့ဒေသတွေက ကံကောင်းလှတဲ့ တိုင်းသူပြည်သားတွေထက် အများကြီးပိုကြိုးစားကြရတယ်။

ကိုဆိုဗိုသမိုင်းကြောင်းနဲ့ ရှေးရှေးကအဖြစ်တွေ ...
ကိုဆိုဗိုစစ်ပွဲမတိုင်ခင် နှစ်တွေအများကြီး နောက်ပြန်ဆုတ်ကြည့်ရရင်၊ ၄ရာစုလောက်က ရှေးကျပြီး ဘာသာစကား တစ်မျိုးတည်းကိုပဲပြောနေကြတဲ့ ဆလာ့ဗ်လူမျိုးဆိုတာတွေပဲရှိနေကြတယ်။ သူတို့တွေနေထိုင်ကြတာက အရှေ့ဥရောပနဲ့ ဥရောပအလယ်ပိုင်းတွေဆီမှာ၊ ဘော်လ်ကန်ဒေသတွေမှာလဲ အခြေကျနေထိုင်ကြပါတယ်။ ဘော်လ်ကန်ဒေသတွေကတော့ ဥရောပအရှေ့တောင်ပိုင်းဒေသတွေ၊ ဘော်လ်ကန်တောင်တန်းတွေဆီက ဘူလ်ဂေးရီးယားတလျှောက်ဖြတ်လျှက် ဆားဘီယား အရှေ့ပိုင်းဒေသတွေအထိပါဝင်ကြတယ်။ အဲဒီခေတ်က မြို့စား(Duke)တွေ အသီးသီးအုပ်ချုပ်ကြတယ်။ ကိုယ့်ရဲတိုက်တွေနဲ့ ကိုယ်၊ ကိုယ်ပိုင်တပ်သား၊ ကိုယ်ပိုင်နယ်နမိတ် သတ်မှတ်ပြီး ကိုယ့်ရွာသားတွေနဲ့ကိုယ် နေထိုင်ကြတဲ့ခေတ်မျိုးပါ။ အဲဒီခေတ်က ကိုဆိုဗိုဒေသမှာ ရာခ်ျ့ကာပြည်နယ်(Raška)ရှိနေတယ်၊ အဲဒီပြည်နယ်ရာခ်ျ့ကာရဲ့မြို့စားက ဆာဘ့်(ဆားဘီးယန်း) ဘိုးဘေးကဆင်းသက်လာတဲ့ မြို့စားကြီးစတဲဖန်နဲမာညာ(Stefan Nemanja)ပါ။ သူက အင်အားအကြီးဆုံး မြို့စားဖြစ်လာပြီး နယ်မြေဧကတွေအများကြီး ပိုင်ဆိုင်တယ်။ တခြား မြို့စားတွေကို လွှမ်းမိုးလာနိုင်တယ်။ မြို့စားကြီးနဲမာညာက သူပိုင်တဲ့ဒေသတွေနဲ့ သြဇာလွှမ်းမိုးတဲ့ နယ်မြေဒေသတွေမှာပါ ဘာသာရေး၊ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရအောင် ကြိုးပမ်းခဲ့တယ်။  အဲဒီအချိန်က အရှေ့ရောမ အင်ပါယာနဲ့ အနောက်ရောမအင်ပါယာတို့က အားကြီးနေချိန်၊ ပိုင်ဆိုင်တဲ့ နယ်နမိတ်တွေက အတိအကျမရှိကြသေးပါဘူး။ ဘာသာရေးမှာလည်း အရှေ့ရောမအင်ပါယာ(Byzantine Empire) ပိုင်းကတော့ အစပိုင်းမှာ နတ်ဘုရားတွေကိုးကွယ်ခဲ့တဲ့ခေတ်ကနေ ဘုရားသခင်နဲ့ ခရစ်တော်ကိုယုံကြည်သက်ဝင်တဲ့ monotheism ၀ါဒကို ပြောင်းလာကြတယ်။ နောက်ပိုင်းမှာ အော်သိုဒေါစ့်ခရစ်ယာန်(Eastern Christianity)ကို တဖြည်းဖြည်းချင်းပြောင်းလဲလာတယ်။ အနောက်ရောမအင်ပါယာကတော့ ကက်သလစ်ခရစ်ယာန်ဝင်တွေ အများစု ဖြစ်လာကြတယ်။ ၁၁ရာစုနောက်ပိုင်း တူရကီတွေက ရောမအင်ပါယာကိုအောင်နိုင်လာခဲ့ပြီး အော်တမန်အင်ပါယာ ထူထောင်ခဲ့ကြတယ်။ မြေထဲပင်လယ်ဒေသတွေအထိပါ တိုက်ခိုက်သိမ်းပိုက် လာနိုင်ခဲ့တယ်။ တူရကီတွေအင်အားအကြီးဆုံး ၁၆ရာစု၊ ၁၇ရာစုအချိန်မှာ ဥရောပအရှေ့တောင်ပိုင်း၊ အာရှအနောက်ပိုင်းနဲ့ မြောက်အာဖရိကထိပါ နယ်ပယ်ချဲ့ထွင်နိုင်တဲ့အထိ ဖြစ်လာကြပြီး၊ နယ်ပယ်ချဲ့ နိုင်သလောက် ဘာသာရေးမှာလည်း လက်အောက်ခံနယ်မြေတွေမှာ ဆွန်နီအစ္စလာမ်ဘာသာ လွှမ်းမိုးလာခဲ့ပါတယ်။ နောက်ပိုင်း၁၉၁၄ခုနှစ် နွေရာသီကာလမှာမှ ဥရာပတိုက်က စတင်မွှေးတဲ့မီး ပထမကမ္ဘာစစ်ဖြစ်လာခဲ့တယ်။

အယ်လဘေးနီးယားနိုင်ငံဟာ ကမ်းရိုးတန်းဒေသနိုင်ငံဖြစ်ပြီး မြေမျက်နှာပြင်နိမ့်ကျပြီး အယ်လ်ဘေးနီးယန်းတွေကို နွံထဲမှာနေတဲ့သူတွေလို့ ဆိုကြတယ်၊ တစ်ဖက်မှာလည်း ကိုဆိုဗိုဘက်ဖြတ်ထွက်တဲ့နေရာမှာ တောင်တွေရောယှက်နေတဲ့ သစ်တောသုံးမျိုးရှိနေကြတယ်။ အယ်လ်ဘေးနီးယန်းတွေဟာ မိသားစုတစ်စုမှာ ကလေး ၁၀ယောက် အနည်းဆုံးရှိကြတယ်ဆိုလို့တယ်။ လူဦးရေများပြားလွန်းလာတဲ့ အယ်လ်ဘေးနီးယန်းတွေက အဲဒီတောင်တွေပေါ်ကကျော်ပြီး ကိုဆိုဗို၊ ဘူလ်ဂေးရီးယား၊ မက်ဆီဒိုးနီးယား၊ ရိုမေးနီးယားနဲ့ အနီးအနားနေရာဒေသအသီးသီးမှာ အခြေချလာကြပါတယ်။  ဆွန်နီအစ္စလာမ်ဘာသာဝင်အယ်လ်ဘေးနီးယန်းတွေဟာ ကိုဆိုဗိုဒေသမှာ အခြေကျနေခဲ့ကြပြီ၊ မြို့စားကြီးနဲမာညာ လက်ထက်ကတည်းက တည်ဆောက်ခဲ့တဲ့ အော်သိုဒေါစ့်ခရစ်ယာန် ဘုရားကျောင်းတွေရှိ နေခဲ့သလို မျိုးရိုးစဉ်ဆက်နေထိုင်လာတဲ့ ဆာ့ဘ်လူမျိုးတွေလဲ ကိုဆိုဗိုမှာရှိနေကြတယ်။ ကွန်မြူနစ်ဝါဒကျဆုံးခဲတဲ့ခေတ် နောက်ပိုင်း၊ ဆိုဗီယက်ယူနီယံပြိုကွဲသလို မူလယူဂိုဆလားဘီးယားဟာ ၁၉၈၉ ခုနှစ်ကစပြီး တနိုင်ငံပြီးတစ်နိုင်ငံ ခွဲထွက်လာခဲ့ကြတာဟာ ၂၀၀၈ခုနှစ်မှာတော့ အစိတ်စိတ်အပိုင်းပိုင်း ကိုယ်ပိုင်အုပ်ချုပ်ရေးတွေ အသီးသီးရယူခဲ့ကြတယ်။ ဥရောပမှာ အားအကြီးဆုံး ဆိုဗီယက်ယူနီယံကြီးပြိုခွဲတာကို ယူအက်စ်စီအိုင်အေအဖွဲ့ United States Central Intelligence Agency ကြီးရဲ့လှုပ်ရှားမှုတွေပါတယ်လို့ ယူဆသူတွေလဲရှိနေကြတယ်၊ ကိုဆိုဗိုဒေသမှာလည်း လူများစုဖြစ်လာနေတဲ့ အစ္စလာမ်ဘာသာဝင် အယ်လ်ဘေးနီးယန်းတွေနဲ့ အော်သိုဒေါစ့်ခရစ်ယာန်ဝင်တွေနဲ့ ပဋိပက္ခတွေ ရှိလာကြတယ်။ ကိုဆိုဗိုဒေသက အယ်လ်ဘေးနီးယန်းတွေကလည်း ခွဲထွက်ခွင့်ကြိုးစား လာကြတယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုလာကြတယ်။

အတွင်းလူတွေရဲ့အမြင်မှာ ...
အယ်လ်ဘေးနီးယန်းတွေဟာ မိသားစုတစ်စုမှာ ကလေးငယ်ပေါင်း ၁၀ဦးကျော်ပျှမ်းမျှနဲ့ ၁၅ဦးအထက်ရှိလာကြတယ်။ အဲဒီတော့ လိုအပ်ချက်တွေအရမ်းများလာတယ်။ နေရာဒေသတွေပိုလိုတယ်။ အစားအစာ၊ အလုပ်အကိုင် အားလုံး အများကြီးလိုလာကြပြီ၊ လိုအပ်ချက်တွေများလွန်းလာတော့ လိုအပ်သလို တောင်းလာကြတယ်။ ကိုဆိုဗိုဒေသမှာ လူများစုဖြစ်လာတဲ့ အယ်လ်ဘေးနီးယန်းတွေဟာ ကိုဆိုဗိုဒေသကို စီမံခန့်ခွဲခွင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အာဏာပါ လိုချင်လာကြတယ်။ အခွန်အခတွေ မပေးချင်ကြတော့ဘူး၊ ဆားဘီးယားအာဏာရအစိုးရကိုဆန့်ကျင်ခဲ့ကြတယ်။ ဆာ့ဘ်တွေကိုတွေ့ရင် တိုက်ခိုက်ကြတယ်၊ ဘုရားကျောင်းတွေကို ဖျက်ဆီးလာကြတယ်။ ကလေး၊ သူငယ်၊ မိန်းကလေးတွေ သတ်ဖြတ်လာကြတယ်။ ဆာ့ဘ်တွေကလည်း ပြန်တိုက်ခိုက်ကြတာပါပဲ၊ နှစ်ဘက်လုံးတိုက်ကြ၊ ခိုက်ကြ သေကြေကြတယ်။ တိုက်ခိုက်ကြတာက အပြန်ပြန် အလှန်လှန်၊ ဘာသာရေး၊ လူမျိုးရေးနဲ့ ခွဲခြားပြီး နှစ်ဘက်လုံးက နယ်မြေလုတိုက်ခိုက်ကြတယ်၊ သေကြေကြတယ်။ ဆားဘီးယားအစိုးရ အာဏာရှိသေးတဲ့အတွက် ဆားဘီးယန်းရဲတွေကို ကိုဆိုဗိုဒေသကိုလွှတ်တယ်။ (ဆားဘီးယန်းရဲတွေရဲ့ အယ်လ်ဘေးနီးယန်းတွေကို ကိုင်တွယ်မှုဟာ အင်မတန်ကြမ်းလွန်းတယ်လို့ အတွင်းလူတွေကပဲ လက်ခံကြပါတယ်)၊ ဆိုရှယ်လစ်စနစ်ခေါင်းဆောင်ကြီး ဆလိုဘော်ဒန်မီလိုရှဗစ်ခ်ျရဲ့ဟာကွက်တွေ အများကြီး ရှိနေခဲ့ပါတယ်။ အဲဒီအနေအထားမျိုးမှာ နိုင်ငံတကာက အထူးသဖြင့် အနောက်နိုင်ငံတွေက အားနည်းတဲ့ လူမျိုးစုတစ်စုကို အာဏာနဲ့ ဖိနှိပ်သတ်ဖြတ်မှု (လူမျိုးတုန်းသတ်ဖြတ်မှု) လို့ ခေါင်းစဉ်တပ်တော့တယ်၊ အနောက်နိုင်ငံရဲ့သတင်းကွန်ယက်ပြန့်နှံတဲ့ နိုင်ငံတွေမှာလည်း မွတ်စလင်လူမျိုးတွေကို လူမျိုးတုန်း သတ်ဖြတ်မှုကြီး(Genocide) လို့ သုံးနှုန်းလာကြတယ်။ ဆာ့ဘ်တွေရဲ့တိုက်ခိုက်မှုတွေအတွက် ရာဇ၀တ်ပြစ်မှုတွေ သင့်စေခဲ့ပြီး အယ်လ်ဘေးနီးယန်းတွေရဲ့တိုက်ခိုက်မှုမှာတော့ သူရဲကောင်းတွေ ပေါ်ထွန်းလာခဲ့ပါတယ်။ နိုင်ငံရေးပရိယာယ် အင်မတန်နည်းသေးတယ်လို့ ဒေသခံတွေက ဆားဘီးယား အစိုးရကို မြင်ကြတယ်။ နေတိုးအဖွဲ့က ၁၉၉၀မှာ လေကြောင်းတိုက်ခိုက်မှုစတင်ခဲ့ပါတယ်၊ ဆားဘီးယား အစိုးရရဲ့ ကိုဆိုဗိုဒေသကို လွှမ်းမိုးထားတဲ့အာဏာကို ပြတ်တောက်ကျဆုံးစေလိုကြတယ်။ အားနည်းတယ်လို့ ယူဆတဲ့လူမျိုးစု (အယ်လ်ဘေးနီးယန်း)တွေကို လက်နက်ရိက္ခာစစ်သင်တန်းတွေပေးတယ်၊ စီအိုင်အေရဲ့ ညွှန်ကြားမှုတွေဝင်လာကြတယ်။ အယ်လ်ဘေးနီးယန်းတွေရဲ့ ကလေးငယ်တွေ အဆမတန်မွေးဖွားမှုကို နိုင်ငံရေးကွက်ဆင်မှုတွေထဲကတစ်ခုလို့ဆိုတဲ့ ယူဆချက်ကိုတော့ ဘုရားသခင်ကိုယုံကြည်ကြတဲ့ ခရစ်ယာန်ဘာသာဝင်တွေက ကလေးသူငယ်မွေးဖွားမှုဟာ ဘုရားသခင်ရဲ့အလိုတော်အတိုင်းမို့ ကလေးငယ်တွေဟာ နိုင်ငံရေးနဲ့ မဆိုင်ပါဘူး။ ကလေးငယ်တွေဟာ အပြစ်ကင်းစင်ကြတယ် လို့ ငြင်းဆိုကြပါတယ်။ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက နိုင်ငံရေးပညာရှင်တွေဟာ အင်မတန်ပါးနပ်ပြီး အဆင့်တိုင်းအဆင့်တိုင်း အကွက်မြင် ဥာဏ်ကြီးကြတယ်လို့ ဆိုတယ်။ အင်မတန် ပါးနပ်လိမ္မာကြတယ်လို့လဲ အထင်ကြီးချီးကျူးသလို တစ်ဖက်ကလည်း၊ ရုရှားနိုင်ငံနဲ့နိုင်ငံရေး အချိတ်အဆက်တွေကြောင့် ကိုဆိုဗို လူမျိုးရေးကိစ္စမှာ ကုလသမဂ္ဂနဲ့အတူ အမေရိကန်တပ်တွေ ကိုဆိုဗိုမှာနေရာယူထားနိုင်ထားတာဟာ ဥရောပနိုင်ငံတွေကို တစ်စိတ်တစ်ပိုင်းထိန်းချုပ်နိုင်မယ့် မဟာဗျူဟာတစ်ခုလို့လဲ ယူဆကြတယ်။ ကိုဆိုဗိုမှာ မိုင်းတွင်းတွေရှိနေတယ်။ နိုင်ငံတစ်ခုရဲ့အခက်အခဲကို ပြေလည်စေချင်ရုံသက်သက်၊ ငြိမ်းချမ်းရေးကို ပုံဖော်လိုရုံသက်သက်နဲ့တော့ အမေရိကန်တပ်တွေ ဘယ်တော့မှ ၀င်ရောက်တိုက်ခိုက်လာမှာမဟုတ်ဘူးလို့ အပြစ်တင်ကြတယ်။ ထရက်ပ်ချာမိုင်းတွင်းTrepča Mines တွေကို ထောက်ပြကြတယ်၊ ကိုဆိုဗိုမြို့တော် ပရစ်ရှ်တီးနားမှာ ဘီလ်ကလင်တန်လမ်းဆိုတာပေါ်လာတယ်။ ပေ ၁၀မြင့်တဲ့ အမေရိကန်သမ္မတ ဘီလ်ကလန်တန်ရဲ့ရုပ်တု ထုလာကြတယ်။ မြို့တော်ရဲ့လမ်းတွေမှာ သမ္မတဘုရှ်အပါအ၀င်၊ ၂၈ယောက်မြောက်အမေရိကန်သမ္မတ၀ီလ်ဆင်ရဲ့အမည်တွေ မှည့်ခေါ်ခဲ့ကြပါတယ်၊ ပါလီမန်ကိုယ်စားပြု ဒီမိုကရေစီ အုပ်ချုပ်ရေးလမ်းကြောင်းဆီပြောင်းလဲလာကြတယ်။ မူးယစ်ဆေးနဲ့ ရာဇ၀တ်ပြစ်မှုတွေ တိုးလာနေတယ်လို့ စာရင်းဇယားတွေနဲ့ ချပြကြတယ်။ အရင်က အယ်လ်ဘေးနီးယန်းအကြမ်းဖက်သမား တွေက တော်လှန်ရေးခေါင်းဆောင်တွေအဖြစ်သတ်မှတ်ခံရပြီး အခုအခါ အာဏာတွေရလာကြတယ်။ ပိုင်ဆိုင်မှုတွေ ပိုပိုများလာပြီး သူဌေးကြီးတွေဖြစ်လာကြတယ်လို့ အပြစ်တင်ကြတယ်။ ကုလသမဂ္ဂတပ် တွေက အော်သိုဒေါစ့်ဘုရားကျောင်း တွေကို စည်းရိုးတွေကာထားပြီး အကာအကွယ်ပေးထားကြပါတယ်။ အဲဒီတပ်တွေတဖြည်းဖြည်း ရုတ်သိမ်းပြီး အယ်လ်ဘေးနီးယန်းအာဏာရတပ်ဖွဲ့တွေက အကာအကွယ် ပေးကြလိမ့်မယ်လို့ ကုလသမဂ္ဂတပ်တွေဘက်က ကြေညာကြတယ်။ လက်တွေ့မှာက အဲဒီအာဏာရ တပ်သားတွေက အရင်က အော်သိုဒေါစ့်ဘုရားကျောင်းတွေကို ဖျက်ဆီးခဲ့ဖူးသူတွေပဲ ဖြစ်နေကြတယ် လို့ဆိုတယ်။ အဲဒီတပ်သားတွေက ဘယ်လိုကာကွယ် ပေးကြမှာတဲ့လဲ လို့ စိုးရိမ်သူတွေရှိနေကြတယ်။ ကိုဆိုဗိုမှာ ရှိနေတဲ့ လူနည်းစု ဆာ့ဘ်တွေရဲ့ ရပ်ကွက်တွေမှာ လျှပ်စစ်မီး ခဏခဏပြတ်တောက် တာတွေဖြစ်တယ်။ အကြောင်းပြချက်မပေး၊ အချိန်အတိုင်းအတာမရှိ လျှပ်စစ်မီးပြတ်ကြတယ်။ သောက်သုံးရေစနစ်ရပ်တန့်သွားတာတွေ ကြုံရတယ်လို့ဆိုကြတယ်။ ကိုဆိုဗိုမှာရှိနေတဲ့ ဆာ့ဘ်တွေကို ကိုဆိုဗိုကနေ ရွှေ့ပြောင်းပေးဖို့မှာ ဘိုးဘွားစဉ်ဆက်နေထိုင်လာကြသူတွေက ပြောင်းရွှေ့ရမှာ ငြင်းဆန်ကြသလို အန္တရာယ်ကင်းကင်းနေထိုင်ရေးမှာလည်း အခက်အခဲတွေ ရှိနေကြပြန်တယ်။

အပြင်လူတွေရဲ့အမြင်မှာ ...
ဆာ့ဘ်တွေက ကိုဆိုဘိုကို သူတို့ ရဲ့ဝိညာဉ်၊ သူတို့ ရဲ့  အသဲနှလုံးသဘွယ် ခံယူထားတယ်လို့ ယူဆကြတယ်။ အဲဒါကြောင့်ပဲ ဘဲလ်ဂိတ်အာဏာပိုင်တွေဟာ ဘောဆနီးယားနဲ့ ခရိုအေးရှား တိုက်ပွဲအတွင်း အိမ်ခြေယာမဲ့ဖြစ်သွားတဲ့ ဆာ့ဘ်တွေကို ကိုဆိုဘိုဒေသမှာ  ပြန်လည်နေရာချထားဖို့ ကြိုးစားတယ်လို့ ဆိုတယ်။ လူဦးရေ ၉၀ % လောက်ရှိနေတဲ့ အယ်လ်ဘေးနီးယန်းတွေကြားမှာ ဆာ့ဘ်တို့လုံခြုံဘေးကင်းဖို့ဆိုတာ မလွယ်ကူလှပါဘူး။ အုပ်စုနှစ်ခုဟာ အဲဒီအချိန်မှာ ပဋိပက္ခစဖြစ်တော့တယ်လို့ ထင်မြင်ကြတယ်။ ဆာဘီးယန်းဒုက္ခသည်များ ကိုဆိုဘိုမှာ နေရာချပေးလိုက်ခြင်းဟာ မီးခတ်ကျောက်ပေါ် လောင်စာချ လိုက်ခြင်းလို့  သမိုင်းဆရာတွေကလည်း ရေးသားကြတယ်။ ဆာဘီးယန်းရဲတွေဟာ နေအိမ်တွေကို ၀င်ရောက်ရှာဖွေ ဖမ်းဆီးတာ၊ ရိုက်နှက်တာလုပ်လာကြတယ်။ လုပ်ရိုးလုပ်စဉ် သာမညောင်ညကိစ္စလို လုပ်ဆောင်လာကြတယ်။ အဲဒီက စလို့  မျိုးတုံးသုတ်သင်မှု “Ethnic  Cleaning “ဆိုတာပေါ်ပေါက်ခဲ့ပါတယ် လို့ ဆိုကြတယ်။ အယ်လ်ဘေးနီးယန်းမျိုးနွယ်စုတွေ ကိုယ်ပိုင်အုပ်ချုပ်ရေး အလိုရှိလာကြတယ်၊ ဘော်လ်ကန်ဒေသရှိ နိုင်ငံငယ် အားလုံးဟာ ကိုယ်စီ ကိုယ်စီ  သွေးစွန်းပေခဲ့ကြတယ်။ ဒီကြောက်ခမန်းလိလိ ဖြစ်ရပ်ဆိုးတွေက နေ့ညမရွေး ခြောက်လှန့်နေခဲ့ကြတယ်။ အယ်လ်ဘေးနီးယန်းတွေက သူတို့  ဒီမှာ အခြေချနေလာတာ နှစ်ထောင်ချီနေပြီ လို့ပြောလာကြတယ်။ သူတို့ ဒုတိယလူ မဖြစ်နိုင်ဘူးလို့ဆိုတယ်။ ပထမ ၊ဒုတိယ ဆိုတဲ့ နေရာတခုအတွက် တိုက်ခိုက်တာတွေ နှစ်ဘက်လုံး လုပ်ခဲ့ကြပါတယ်။  ဒါပေမဲ့ ကုလငြိမ်းချမ်းရေးတပ်တွေ ၀င်လာတဲ့အခါ အဲဒီလူမျိုးရေး စစ်ပွဲတွေကို ရပ်ပြစ်နိုင်ကြတော့မယ်။ အယ်လ်ဘေးနီးယန်း တွေက ကြိုဆိုခဲ့ကြတယ်။ အယ်ဘေးနီးယန်း မျိုးနွယ်စုတို့ဟာ တကယ်တော့ ဘောစနီးယားက မျိုးတုံးသတ်သင်မှုမျိုး ဖြစ်လာမှာကို ကြောက်ရွံ့နေခဲ့ကြတယ်။  သူတို့ဟာ နောင် ဖြစ်လာနိုင်ခြေရှိုတဲ့စစ်ပွဲတွေကို  တားဆီးဖို့ ဆန္ဒရှိလာကြပြီ၊ ခေတ်မှီငြိမ်းချမ်းတဲ့ နိုင်ငံတော်ကြီးဖြစ်လာဖို့ ဆန္ဒတူညီရှိုလာကြတယ်။ အရှေ့ဥရောပတစ်ခွင်  ဒီမိုကရေစီဖြစ်ထွန်းပေါ်ပေါက်မှုကို ပွင့်လင်းညင်သာ စွာ အသွင်ကူးပြောင်းလိုကြတယ်။  မာရှယ်တီတိုရဲ့ကွန်မြူနစ်ဝါဒလဲ ကျဆုံးပါပြီ၊ ဆာဘီးယန်း အာဏာရှင် ဆလိုဘော်ဒန် မီလိုရှဗစ်ခ်ျ ရဲ့ ဖိနှိပ်ချုပ်ချယ်မှုကလဲ လွတ်မြောက်ခဲ့ပါပြီ၊ ဘော်လ်ကန်ုဒေသမှာ စစ်မက် မဖြစ်ပွားစေလိုတော့ဘူး။ စစ်ပွဲတွေကိုရပ်ပြစ်ဖို့ ကုလသမဂ္ဂတပ်တွေကြိုးစားနေကြပြီ၊ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ် ဖေါ်ဆောင်ကြဖို့ ဒီမိုကရေစီစနစ်ကို ထူထောင်ကြဖို့ သူတို့ ကြိုးစားနေကြပါပြီ လို့ ဆိုကြတယ်။

ဒီမိုကရေစီစနစ်ကိုဖော်ဆောင်ကြသူတွေ စနစ်ဟောင်းထဲမှာပဲဖက်တွယ်လိုသူတွေ၊ တွန်းအားတွေ၊ ဖိအားတွေ၊ ဒါတွေအားလုံးထဲမှာ ညပ်ညပ်သတ်သတ်၊ အငတ်ငတ်အပြတ်ပြတ် ရုန်းကန်ကြရတာက ပြည်သူပြည်သားတွေပါ။ “သူတို့တွေ ပျားအုံထဲက ပျားတွေလို တစ်ချိန်လုံးရုန်းကန်နေကြရတယ်၊ သူတို့ရဲ့ရုပ်သွင်အပြုအမူတွေဟာ အပြင်ပမ်းက ကြည့်ရင် မာကြောလှသလို၊ ကြမ်းတမ်းခက်ထန်လှသလို ထင်မြင်ယူဆရပေမဲ့ သူတို့ဟာ လူဆိုးတွေမဟုတ်ကြပါဘူး” ဆိုတဲ့စကားသံတွေ သူတို့က ပြောလာကြတယ်။ စစ်တွေရဲ့အကျိုးဆက် ကန့်သတ်ပိတ်ဆို့မှုတွေကြောင့် ပြည်သူပြည်သားတွေ အခက်အခဲ၊ အကျပ်အတည်းတွေ ပိုမိုတွေ့ကြုံရတယ်လို့ ဆိုတယ်။ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်စေဖို့ အားလုံးက ကိုယ်ကျိုးစီးပွားမကြည့်ပဲ ကြိုးစားကြဖို့၊ အားလုံးလက်တွဲအကောင်အထည်ဖော်ကြဖို့ လိုတယ်လို့ သူတို့ယုံကြည်ကြတယ်။ သူတို့တွေမှာ လူမျိုးရေး ခွဲခြားမုန်းတီးမှု မရှိဘူးလို့ အခိုင်အမာပြောကြတယ်။
ဘာတွေ လွဲမှားနေကြသလဲ။
ဘာကြောင့် လွဲမှားတဲ့ဘက် နယ်ကျွံကုန်ကြတာလဲ။
ဘယ်နေရာတွေမှာ အဟန့်အတားဖြစ်နေသလဲ။
အဲဒီ အဟန့်အတားတွေ ဘယ်လိုဖြိုဖျက်နိုင်မလဲ။
နိုင်ငံတိုင်းအတွက် အကောင်းဆုံး အခြေအနေတွေ မျှော်လင့်ရင်း၊ ကမ္ဘာကြီးအနာတရ ... မရှိ၊ ကျန်းမာသန်စွမ်းနိုင်ပါစေကြောင်း သူတို့တွေနဲ့... ကမ္ဘာကြီးထဲက တိုင်းသူပြည်သားတွေအားလုံးကလည်း အကောင်းဆုံးအတွက် ကြိုးစားလုပ်ဆောင်ကြရင်း ... ဆုတောင်းနေကြပါတယ်။            ။

                    http://en.wikipedia.org/wiki/Ottoman_Empire
                    http://en.wikipedia.org/wiki/Byzantine_Empire
                    http://en.wikipedia.org/wiki/Western_Roman_Empire
မော်နီတာဂျာနယ် Vol 1, No 21


1 comment:

Steve Finnell said...

you are invited to follow my blog