Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, July 13, 2010

မီးတောင်တွေကို မက်မောကြသူများ


၁၉၉၁ခုနှစ်၊ မေလ၊ ၂၈ရက်နေ့က အန်ဒရေးဒီးမေဆန်ရဲ့ အသံဖမ်းစကားပြောစက်မှာ ထားခဲ့တဲ့ မိတ်ဆွေတွေရဲ့စကားသံတွေကို ဒီးမေဆန်နားထောင်နေခဲ့တယ်။

“ဟေး .. တိုတို ငါပါကွ မောရီးစ်လေ၊ ငါ အခု လေဆိပ်ကဆက်နေတာ၊ ဂျပန်က မီးတောင်ပေါက်ကွဲလုနီးနီး ဖြစ်နေပြီ၊ အဲဒီကို သွားကြမလို့၊ ဒီခရီးအတွက် သိပ်ကို စိတ်လှုပ်ရှားနေကြပြီ” မိတ်ဆွေကြီး မောရီးစ်ရဲ့စကားသံ မြိုင်မြိုင်ဆိုင်ဆိုင် ပေါ်ထွက်လာခဲ့တယ်။
အန်ဒရေးဒီးမေဆန် တစ်ကိုယ်တည်း ခပ်ဖွဖွပြုံးလိုက်မိသေးတယ်၊ သူ သိပြီးသားပါလေ၊
သူ့ရဲ့မိတ်ဆွေ အရင်းအချာတွေဖြစ်တဲ့ မောရီးစ်ခရတ်ဖ်ထ်နဲ့ ကာတီယာတို့က မီးတောင်တွေကို မက်မက်စက်စက် စိတ်ဝင်တစားရှိကြလွန်းသူတွေ၊ သူတို့ စိတ်ဝင်စားကြတယ်ဆိုတာလည်း လွန်တယ်မဆိုနိုင်၊ ဂျပန်နိုင်ငံက အဲဒီအူဇန်မီးတောင်ကြီးဟာ သူ့ရဲ့နှစ်ပေါင်း ၂၀၀သက်တမ်းမှာ အခု ပထမဆုံးအကြိမ် ရှူးရှူးရှဲရှဲ လှုပ်ရှားနေပြီလေ။

“ဒါပေါ့ ဒီလိုပဲ ဖြစ်ရမယ်”

သူ့ရဲ့မိတ်ဆွေကြီးတွေကို ထောက်ခံလိုက်ရင်း ဒီးမေဆန် ခပ်တိုးတိုးရေရွတ်လိုက်တယ်၊
ဒီးမေဆန်တစ်ယောက် မောရီးစ်တို့ဇနီးမောင်နှံကို သိကျွမ်းလာခဲ့တာ ၁၉နှစ်ခန့်ရှိပြီ၊ စတင်သိကျွမ်းခဲ့တာက မြေကမ္ဘာသိပ္ပံပြပွဲတစ်ခုမှာ သူ ဒီဇိုင်နာအဖြစ်ပါဝင်ခဲ့တုန်းက၊ မောရီးစ်နဲ့ ကာတီယာတို့ကို စသိသိချင်း ထူးထူးခြားခြားသတိထားမိခဲ့တာက အိတ်ထဲမှာ နိုင်ငံကူးလက်မှတ်တွေကို သွားလေရာဆောင်ထားကြလို့ပါပဲ။

“တစ်နေရာရာမှာ မီးတောင်ပေါက်ဖို့ အစပျိုးနေပြီ၊ လှုပ်လှုပ်ရှားရှားရှိနေပြီဆိုတဲ့သတင်းရရချင်း အဲဒီနေရာကို မြန်နိုင်သမျှ အမြန်ဆုံးရောက်အောင်သွားနိုင်ဖို့ နိုင်ငံကူးလက်မှတ်ကို ကိုယ်နဲ့မကွာဆောင်ထားရတာဗျ” မောရီးစ်က အဲဒီလို မိတ်ဆက်စကားဆိုရင်းနဲ့ သူ့အကြောင်းအနည်းငယ်ဖွင့်ဟလာတယ်၊ ဒီးမေဆန်ကတော့ သိပ်ထူးဆန်းတဲ့လူတွေပဲလို့ မှတ်ချက်ချရင်း သူတို့နှစ်ဦးကို သဘောအကျကြီးကျသွားတော့တယ်၊ နောက်ပိုင်း ဒီးမေဆန်သိလာခဲ့တာက မောရီးစ်နဲ့
ကာတီယာတို့ဟာ မီးတောင်ဗေဒပညာရှင်အဖွဲ့ကဖြစ်ပြီး သူတို့ရဲ့ဟာ မီးတောင်တွေသုတေသနပြုရင်း၊ အချက်အလက်တွေကို စုစည်းတင်ပြရင်းနဲ့သာ အချိန်တွေကို ကုန်ဆုံးစေကြသူတွေဆိုတာပါပဲ။

“ကျွန်တော်တို့က မီးတောင်တွေကို ၀ါးမျိုစားသောက်ကြသူတွေ” လို့ သူတို့ကိုယ်သူတို့ အမြဲရည်ညွှန်းပြောဆိုလေ့ရှိတယ်၊
သူတို့ဟာ မီးတောင်တွေရဲ့သဘာဝကို လောဘတကြီး လိုက်လံရှာဖွေရင်း ပြုံးပျော်နေပြန်တယ်၊ မောရီးစ်တို့ ရည်မှန်းထားတဲ့ ပစ်မှတ်က မီးတောင်တစ်ခုကိုနီးနိုင်သမျှ အနီးဆုံးနေရာဆီ အရောက်သွား၊ ဓါတ်ပုံရိုက်၊ ဗီဒီယိုမှတ်တမ်း အချက်အလက်တွေ ပြုစုကြဖို့ပဲဖြစ်တယ်၊ ကျွမ်းကျင်သူပညာရှင်အများစုက သူတို့ရဲ့ မှတ်တမ်းမှတ်ရာတွေကို အံ့အားတသင့် ချီးမြှောက်လိုဟန် မပြခဲ့ကြပါဘူး။ ၀ါရှင်တန်သတက္ကသိုလ် ဘူမိဗေဒဌာနက ခရစ်နယူးယောလ် တစ်ယောက်သာ “ဒီဇနီးမောင်နှံရဲ့ ကြီးမြတ်တဲ့လုပ်ဆောင်ချက် တွေဟာ မြေကမ္ဘာက မီးတောင်ရှင်တွေဆီက ဖုံးကွယ်နေတဲ့ ထူးခြားဆန်းပြားတဲ့အခြေအနေတွေကို စုစုစည်းစည်း ဖော်ပြထားနိုင်ဖို့ အကောင်အထည်ဖော်နေကြတာပါ” လို့ ပြောကြားခဲ့ကြတယ်။

ဒီးမေဆန် မသိခဲ့ပါဘူး၊
မေ လ ၂၈ ရက်နေ့က သူ့ရဲ့ စကားပြောစက်မှ အသံသွင်းထားခဲ့တဲ့ မောရီးစ်ရဲ့အသံဟာ နောက်ဆုံးစကားသံတွေဖြစ်နေခဲ့မယ်ဆိုတာ သူ တကယ်ပဲ မသိခဲ့ပါဘူး။

စိန့်ဟယ်လင်မီးတောင်
ဒီးမေဆန်မှတ်မိနေပါတယ်၊ ၁၉၈၀ခုနှစ် ယူနိုက်တက်စတိတ်က စိန့်ဟယ်လင်မီးတောင် ပေါက်ကွဲခဲ့စဉ်အချိန်ကပေါ့။
 ကနဦး မီးတောင်ပေါက်ကွဲပြီးချိန်မှ အော်ရီဂွန်ပြည်နယ်ကို သူတို့ရောက်ရှိခဲ့ပါတယ်၊ သူတို့နောက်ကျသွားခဲ့ပြီလို့ ထင်မှတ်ပြီး ဟိုတယ်အခန်းထဲမှာပဲ နှစ်ယောက်သားငူငူငိုင်ငိုင် ထိုင်နေလိုက်တယ်၊ တီဗီမှာ ထုတ်လွှင့်ပြသနေတဲ့ စိန့်ဟယ်လင်မီးတောင် ပေါက်ကွဲနေပုံကို မအီမအာမျက်နှာထားတွေနဲ့ စွေစောင်းစောင်းကြည့်နေကြတယ်၊ မီးတောင်ဆီက ပေါက်ကွဲထွက်လာတဲ့ ချော်ရည်တွေရဲ့အမြင့်ပေကို ကြည့်လိုက်မိရင်း မောရီးစ်ထခုန်လိုက်တယ်၊ မောရီးစ် နဲ့ ကာတီယာ နှစ်ဦးသား ဟိုတယ်ဆီကအပြေးထွက်ခဲ့ကြပါတယ်၊ လေဆိပ်လေးဆီကို ဦးတည်လို့ပေါ့၊ မီးတောင်ဆီသွားကြဖို့ လေယာဉ်မှူးတစ်ဦး အမြန်ဆုံး သူတို့ လိုအပ်နေကြပြီ၊ လေယာဉ်မှူးချက်စ်နာကို တွေ့ရှိသွားတယ်၊ မောရီးစ်က လေယာဉ်မှူးချက်စ်နာကို တွေ့တွေ့ချင်းပဲ
“လူကြီးမင်းချက်စ်နာခင်ဗျား ... စိန့်ဟယ်လင်မီးတောင်ဆီ အမြန်ဆုံးပို့ပေးဖို့ ခင်ဗျားကလွဲပြီး ဘယ်သူမှကူညီနိုင်မယ် မထင်ဘူး” လို့ ပြောချလိုက်တယ်။

အဲဒီနောက် လေယာဉ်ငယ်တစ်စင်းနဲ့ စိန့်ဟယ်လင်မီးတောင်ဆီ ဖြည်းဖြည်းချင်း ချဉ်းကပ်ခဲ့ကြတယ်၊ ကံမကောင်းလှဘူးလို့ ဆိုရပါမယ်၊ စိန့်ဟယ်လင်မီးတောင်ကြီးဟာ ရှိသမျှဒေါသမီးခဲတွေမျိုချပြီး ဟန်ဆောင်မျက်နှာချိုပြနေလိုက်ပြီ၊ အကဲဖမ်းမရတဲ့ လူညာတစ်ဦးဟန်ပန်အနေအထားမျိုးနဲ့သာ သူ့ကို ရင်ဆိုင်လိုက်ရတယ်၊ အတန်ကြာ မီးတောင်တစ်ဝိုက် လှည့်လည်နေခဲ့ပြီးတဲ့နောက် လက်လျှော့ကာ ဟိုတယ်ခန်းဆီပြန်ကြဖို့ ပြင်ဆင်နေတုန်းမှာပဲ ... မီးတောင်ကြီးက ဟန်မဆောင်နိုင်တော့ပါဘူး၊ သူ့ရဲ့ ဒေါသမီးလျှံ၊ မီးခဲ၊ ချော်ရည်၊ ချော်မြှပ်တွေကို ၁၄မိုင် အမြင့်လောက်ထိ မြောက်တက်သွားအောင် ပွက်ခနဲထွေးထုတ်လိုက်တော့တယ်။

အဲဒီမှာ နှစ်နာရီကျော်ကျော်ကြာတဲ့အချိန်ဟာ ငရဲဆိုးတစ်ခုကို မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရသလိုပဲ၊ ပြာပူ၊ မီးလျှံ၊ မီးခဲ အစအနတွေ ပွက်ပွက်ထလွင့်ပျံမြောက်တက်နေပုံဟာ မိုးကုတ်စက်ဝိုင်းထဲမှာ နေမင်းကြီးက တစ်ဝက်တစ်ပျက်နစ်မြုပ်နေပုံနဲ့ သိပ်တူတယ်လို့ မောရီးစ်က နောက်ပိုင်းမှာ ပြန်လည်ပြောပြခဲ့ပါတယ်၊ ကမ္ဘာမြေကြီးဟာ သူ့ရဲ့ကလီစာမီးလျှံ၊ မီးခဲတွေ အန်ထုတ်ပြလိုက်တာကို အံ့ဘနန်းမှင်တက်မိန်းမောခဲ့ရတယ်လို့ ဆိုတယ်။

ဟာဝိုင်ရီကျွန်း၊ မော်နာလိုအာမီးတောင်
၁၉၈၄၊ မတ်လ၊ ၂၅ရက်နေ့က ဟာဝိုင်ရီကျွန်းမှာရှိတဲ့ ကမ္ဘာ့အကြီးဆုံးမီးတောင်ရှင်ဖြစ်တဲ့ မော်နာလိုအာမီးတောင်ရှင်ဟာ ပေါက်ကွဲလုနီး ရှူးရှူးရှဲရှဲ အသံဗလံတွေထွက်ပေါ်လာပြီး ၁၅မိုင်ရှည်လျားတဲ့ အက်ကွဲကြောင်းကြီး ထွက်ပေါ်လာခဲ့တယ်။
“ကျွန်တော်တို့ဟာ ဒီကမ္ဘာဥခွံကြီးဆီက မီးနှစ်၊ မီးခဲတွေကို သိပ္ပံနည်းကျကျဖော်ပြနိုင်ဖို့၊ ကမ္ဘာမြေကြီးကိုယ်တိုင် ဖန်တီးလိုက်တဲ့အနုပညာတစ်ခုကို မြင်တွေ့သိရှိနိုင်ဖို့ အဲဒီနေရာကို ရောက်နေခဲ့ကြတာပါ” လို့ မောရီးစ်က သူ့ရဲ့ ဂျာနယ်မှာ ရေးသားဖော်ပြခဲ့ပါတယ်၊ “ကမ္ဘာကြီးရဲ့ မူလဇာစ်မြစ်ကို အသိပေးလိုတဲ့ တယောက်သောသူက မျက်လုံးနီရဲရဲကြီးဖွင့်ပြီး ကျွန်တော်တို့ကို စူးစူးစိုက်စိုက်ကြည့်နေတာ သိပ်ထူးခြားတာပဲ” လို့ မောရီးစ်က တင်စားလိုက်တယ်။

အိုက်စ်လန်ကျွန်း၊ ဟေးမေးမီးတောင်
မီးတောင်တွေရဲ့ အငွေ့အသက်ကို အမြဲချောင်းမြောင်း၊ စောင့်ကြည့်နေခဲ့တဲ့ မောရီးစ်နဲ့ ကာတီယာ တို့ဟာ ဟေးမေးမြို့ကို ရောက်ရှိနေခဲ့ပြန်တယ်၊ အဲဒီမီးတောင်ဟာ အနီးအနား ရွာလေးတွေရဲ့ သစ်သီးဝလံ၊ အိမ်ခြံမြေတွေကို ဖျက်ဆီးခဲ့တယ်၊ မောရီးစ်တို့လူစု အဲဒီမြို့လေးကိုရောက်တော့ မြို့လေးဟာ အစာမရှိတဲ့ ဟောင်းလောင်းပေါက်၊ ၀မ်းခေါင်ခေါင် အနေအထားမျိုးဖြစ်နေခဲ့ပြီ။

ဟိုတယ်တစ်ခုရဲ့အရှေ့မှာ ခြေစုံရပ်လိုက်ကြရင်း အခန်းတစ်ခန်းစာအတွက် မေးမြန်းကြည့်ဖို့ ဟိုဟိုဒီဒီစူးစမ်းကြည့်တော့ ပစ္စည်းတွေထုပ်ပိုးသိမ်းဆည်းရင်း မိနစ်မဆိုင်း ဒီနေရာက ထွက်ခွာလိုဟန်နဲ့ ဟိုတယ်ပိုင်ရှင်လို့ထင်ရတဲ့လူတစ်ဦးကို သူတို့ တွေ့လိုက်ကြရတယ်၊ ဟိုတယ်နောက်ဘက်က ပေါ်ထွက်လာတဲ့ ဆူဆူညံညံမြည်ဟည်းနေတဲ့ချော်ရည်ပေါက်ကွဲသံတွေကို ဖုံးလွှမ်းဖို့ ကြိုးစားအော်ဟစ် ပြောဆိုကြရတယ်။ “ဘာတွေပဲဖြစ်လာဖြစ်လာ၊ ခင်ဗျားတို့ဟာ ဒီဟိုတယ်ရဲ့နောက်ဆုံးဧည့်သည်တွေပဲ ဖြစ်လာမှာပါ” တဲ့၊ နောက်တော့ သူတို့ဟိုတယ်က အခန်းတစ်ခန်းကို ခေတ္တယူလိုက်ကြတယ်၊ ဟိုတယ်အခန်းတံခါးဆီက အပြင်ကိုလှမ်းကြည့်လိုက်တဲ့အခါ ပြာမှုန်တွေပြည့်သိပ်နေတဲ့ မိုးရွာချနေပါပြီ၊ ဒီလိုနဲ့ တစ်ညတာ အချိန်ဖြုန်းအိပ်စက်လိုက်ကြတယ်၊ သူတို့ အတော်လေး ပင်ပမ်းနေကြပြီကိုး ... ။

နောက်တစ်နေ့မနက်ရောက်တော့ ဟိုတယ်ကြမ်းပြင်က ပြာမှုန်တွေထဲမှာ နစ်မြုပ်နေပါပြီ၊ ဟိုတယ်အ၀င်တံခါးမကြီးကလည်း ပြာမှုန်တွေနဲ့ ပိတ်နေခဲ့ပြီ၊ သူတို့ အပြင်ထွက်ဖို့ တံခါးတစ်ခုရှာကြတယ်၊ လက်မတင်လေးပါပဲ၊ ဟိုတယ်အပြင်ကိုရောက်တဲ့အခါ မီးတောင်ဆီကမီးလောင်ဗုံးတွေ တစ်လုံးပြီးတစ်လုံးဟိုတယ်လေးဆီ ပြေးဝင်လာတော့တယ်။ “တကယ့်ကိုပဲ၊ ဟိုတယ်ပိုင်ရှင်ပြောသွားခဲ့သလို ကျွန်တော်တို့ သူ့ရဲ့နောက်ဆုံးဧည့်သည်တွေ အသေအချာဖြစ်ခဲ့တာပဲကိုး”
သူတို့ အဲဒီဟိုတယ်လေးနဲ့ ဒေါသခိုးဝေနေတဲ့မီးတောင်ဆီကနေ ခပ်သုတ်သုတ်ထွက်ခွာခဲ့ကြပါတော့တယ်။

ဇိုင်ယာမြို့၊ ရမ်းမလားဂျီးယားမီးတောင်
၁၉၈၁ ခုနှစ်မှာ မောရီးစ်၊ ကာတီယာ နဲ့ မီးတောင်မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ အလိန်းဂျီရန်တီ(အာဖရိကအရှေ့ဘက် ကမ်းရိုးတန်း Reunion Island တက္ကသိုလ်သင်္ချာဌာန)တို့ဟာ ဇိုင်ယာမြို့က ရမ်မလားဂျီးယားမီးတောင်ပေါက်ကွဲစဉ်မှာ အတူတူရှိနေခဲ့ကြတယ်။ အဲဒီနေ့ ခက်ခက်ခဲခဲ ပင်ပမ်းခဲ့ရတဲ့ နေ့ရက်တစ်ရက်ပြီးဆုံးချိန်၊ ညနေခင်းမှာ ရွက်ဖျင်တဲရှေ့အားလုံးစုပေါင်းထိုင်နေကြပြီး ချော်ရည်မီးပွားတွေ တဖွားဖွား အဆုတ်လိုက်ပြုတ်ပြုတ်ကျနေတာကို စောင့်ကြည့်နေခဲ့ကြတယ်၊ ညက အဲဒီညနေခင်းရဲ့လက်ကျန်နေအလင်းရောင်ကို ၀ါးမျိုရှင်းလင်းပစ်လိုက်တယ်၊ မီးတောင်ဆီက မီးလျှံ၊ မီးပွားတွေရဲ့အလင်းရောင်တွေကတော့ ထိန်ထိန်ညီးနေဆဲပါ၊ လှို့လှို့ဝှက်ဝှက်အမြဲရှိလွန်းတဲ့ ကာတီယာက စကားတွေတတွတ်တွတ်ပြောလာတယ်၊ “ဒီနေ့ကျွန်မရဲ့ငယ်ဘ၀က အိပ်မက်တွေ အမှန်တကယ်ဖြစ်လာခဲ့တဲ့နေ့ပဲ၊ ကျွန်မချစ်သမျှ အရာအားလုံးတို့ဟာ အရိုင်းဆန်ပြီး ကြမ်းတမ်းရက်စက်တဲ့ သဘာဝတရား၊ မီးတောင်နဲ့ ဆက်စပ်၊ ပတ်သက်သမျှရယ်၊ ဆာလနံ့သင်းနေတဲ့ ပြာမှုန်တွေရယ်ချည်းပဲ” လို့ ကာတီယာ ကဆိုတယ်။

ကာတီယာ နဲ့ မောရီးစ်တို့ရဲ့ဘဝ
မောရီးစ် နဲ့ ကာတီယာ တို့ အကြောင်းပြောရရင် နှစ်ဦးလုံးက ပြင်သစ်နိုင်ငံအရှေ့မြောက်ပိုင်း အဲလ်ဆေ့စ်ပြည်နယ်ကပါ၊ သူတို့တွေ့ဆုံဖြစ်ခဲ့တာက စထရက်ဘာ့ဂ်ျတက္ကသိုလ်မှာ၊ ကာတီယာကွန်ရက်ဒ် က ရူပဗေဒ၊ ပထ၀ီဝင်နဲ့ ဓာတုဗေဒကို အဓိကဘာသာတွေယူထားသူ၊ မောရီးစ်ခရတ်ဖ်ထ်က ဘူမိဗေဒဘာသာရပ်ကျောင်းသားတစ်ယောက်၊ ၁၉၆၈ခုနှစ် မောရီးစ်က ၂၂ နှစ်အရွယ်မှာ ကာတီယာဟာ မောရီးစ်ကို သူမရဲ့မီးတောင်လေ့လာရေးခရီးစဉ်မှာလိုက်ပါဖို့ စတင်ကမ်းလှမ်းခဲ့တယ်၊ မောရီးစ်က အစတော့ စိတ်မပါသလိုရှိနေခဲ့ပေမဲ့ နောက်တော့ သူ သဘောတူလိုက်တယ်။ သူ စိတ်လေးနေခဲ့တာက ဒီခရီးမျိုးဟာ မိန်းကလေးတစ်ယောက်အတွက် အင်မတန်အန္တရာယ်များပြားမယ့် အခြေအနေ ဖြစ်တာကြောင့်ပါ၊ ကာတီယာဟာ 16mm ရုပ်ရှင်ကင်မရာတစ်လုံး ပိုင်ဆိုင်ထားတယ်၊ မောရီးစ်က ကာတီယာထက် လုပ်ငန်းကျွမ်းကျင်မှုရှိနေတယ်၊ ဘွဲ့မရသေးတဲ့ ကျောင်းသူ၊ ကျောင်းသားဘ၀မျိုးမှာ ဒီလိုကင်မရာတစ်ခုပိုင်ဆိုင်ဖို့ဆိုတာ မလွယ်ကူလှပါဘူး၊ နောက်ဆုံးမီးတောင်တွေကို ကြည့်ရှုဖို့ ၀ါသနာကြီးလှတဲ့ သူတို့နှစ်ဦးဟာ ပထမဦးဆုံးမီးတောင်ခရီးအတွက် သဘောတူညီမှုတွေ ရသွားခဲ့တယ်၊ ခရီးကပြန်လာတဲ့အခါ နှစ်ဘက်မိဘတွေကို သူတို့နှစ်ဦး စေ့စပ်ကြမယ့်သတင်းကို အတိအလင်း ကြေညာလိုက်ကြတယ်။

“မောရီးစ်ရဲ့မီးတောင်တွေကို စိတ်ဝင်စားတတ်တဲ့စရိုက်ကို သူ့ အသက် ၇ နှစ်အရွယ်က မိသားစုလိုက် အီတလီကို ခရီးထွက်ဖြစ်စဉ်က သိခဲ့ရတယ်” လို့ မောရီးစ်ရဲ့ ဖေဖေ ရေမွန်ခရတ်ဖ်ထ်က ဆိုတယ်။ “မောရီးစ်“ဟာ ကလေးငယ်တစ်ယောက်နဲ့မတူလောက်အောင် အရာရာတိုင်းကို ဂရုတစိုက် စူးစူးစိုက်စိုက်လှည့်ပတ်ကြည့်ရှုနေတာကို တွေ့ခဲ့ရတယ်၊ မီးတောင်ဝကြီးနဲ့ အနီးအနားက မီးသင့်လောင်ကျွမ်းနေတဲ့ မြေဆီလွှာတွေကိုကြည့်ရှုရင်း မောရီးစ်ရဲ့မျက်လုံးတွေ တလက်လက် တောက်ပနေတာ ကျွန်တော် ကောင်းကောင်းသတိပြုမိခဲ့တယ်” လို့ မောရီးစ်ရဲ့ဖေဖေ ရေမွန်က ပြောပြခဲ့တယ်၊ အသက် ၂၀ မှာ မောရီးစ်ဟာ ဘူမိဗေဒကျောင်းတက်ခဲ့တယ်၊ ကာတီယာကလည်း မောရီးစ်လိုပါပဲ၊ သူမ လူလားမြောက်စအရွယ်ကပဲ မီးတောင်ကို စိတ်ဝင်စားတဲ့ပိုးမွှားတစ်မျိုး ဖမ်းဆီးစားသောက်ခြင်းခံခဲရတယ်လို့ ကာတီယာရဲ့မိသားစုကပြောကြတယ်၊ ကာတီယာဟာ ခေါင်းမာသူတစ်ဦးပါလို့ အန်ဒရေးဒီးမေဆန်ကပြောပါတယ်၊ ခေါင်းမာသူနှစ်ဦးရဲ့ဆက်ဆံရေးက အံ့သြဖွယ်ပြိုင်ဘက်တွေလို ရှုပ်ရှုပ်ထွေးထွေး ကိစ္စရပ်တွေရှိတော့ရှိခဲ့တယ်၊ မောရီးစ်မပါဘဲ ကာတီယာ ခရီးသွားဖြစ်တဲ့အချိန်တိုင်း၊ တစ်ရက်လောက် ဖုန်းမခေါ်ဖြစ်ခဲ့တာနဲ့ ကာတီယာရဲ့ကျန်းမာရေး အတွက်အလွန်အမင်း ပူပူပင်ပင်ရှိလှတယ်၊ မောရီးစ် ပဲရစ်ကို ၄ ရက်လောက် ခရီးထွက်ဖြစ်ခဲ့စဉ်တုန်းက ကာတီယာဆီရေးပို့ခဲ့တဲ့စာတွေကို ကာတီယာရဲ့အံဆွဲထဲမှာ တွေ့ခဲ့ဖူးတယ်လို့ ကာတီယာရဲ့မေမေက ပြောခဲ့ဖူးတယ်၊ သူတို့နှစ်ဦး သံယောဇဉ်သိပ်ကြီးကြတယ်လို့ ဒီးမေဆန်ကဆိုပါတယ်၊ မောရီးစ်အမြဲပြောလေ့ရှိတဲ့ စကားတစ်ခွန်းရှိတယ်၊ “ကျွန်တော်တို့နှစ်ဦးရဲ့မီးတောင်တွေကို အာသာငမ်းငမ်း နှစ်သက်ပုံဟာ မီးတောက်တွေကို ၀င်ဝင်တိုးနေတဲ့ ပိုးဖလံတွေ၊ လိပ်ပြာကောင်တွေလိုပါပဲ” တဲ့။

ကီလီမန်ဂျာရိုမီးတောင်
ကီလီမန်ဂျာရိုမီးတောင်ကို တက်ဖြစ်ခဲ့ကြတုန်းက အဖြစ်အပျက်တွေသတိရမိသေးတယ်လို့လည်း ဒီးမေဆန်က ပြောပြခဲ့ပါသေးတယ်။ “အမြင့်ပေ ၁၆၅၀၀ ရှိလာတော့ တိုးတက်မှုနှေးကွေးလာကြပြီ၊ ကာတီယာနဲ့ ကျွန်တော်ကတော့ ဒီလိုဆင်ခြေလျှောကို လျှောက်ရတာခရီးမတွင်ကြဘူး၊ ပြာမှုန်ထဲနစ်ဝင်သွားတဲ့ ခြေလှမ်းတိုင်းကို ဆွဲထုတ်နေရတာလည်း သိပ်မဟန်လှပါဘူး၊ မောရီးစ်ကတော့ရှေ့ဆုံးမှာ အလောတကြီးခရီးဆက်နေတယ်၊ မီးတောင်ဝက ဆာလ်ဖာနံ့တွေက သူ့ကို ဆွဲဆောင်ဖျားယောင်းနေပြီ၊ ကျွန်တော်တို့တောင်ထိပ်မရောက်ခင် နှစ်နာရီလောက်လိုနေသေးတဲ့အချိန်မှာ မောရီးစ်ကတော့ တောင်ထိပ်မှာအခန့်သားရောက်ရှိနေပြီ” လို့ ဒီးမေဆန်ကပြောပါတယ်။

မောရီးစ်အမြဲလုပ်ဖြစ်ချင်နေတဲ့အလုပ်က ချော်ရည်တွေ ၀င်းဝင်းတောက်စီးမျောနေတဲ့မြစ်ထဲ လောင်းလှေနဲ့ လှော်ခတ်သွားလာချင်တာပါပဲ၊ သူ ရွေးချယ်လိုက်တဲ့နေရာက ဟာဝိုင်ရီမှာ၊ မောရီးစ်မှာ ပြင်သစ်နိုင်ငံလုပ် မီးလောင်ဒဏ်ခံနိုင်တဲ့ လောင်းလှေတစ်မျိုးရှိနေပြီ၊ အပူချိန် ၁၂၅ ဒီဂရီဆဲစီးယပ်စ်ကိုတောင် ခံနိုင်ရည်ရှိတဲ့ ပါဝါကိုယ်ထည် ပါရှိတယ်၊ လောင်းလှေကို ရဟတ်ယာဉ်နဲ့အချိန်မရွေးဆွဲယူ၊ မ,တင်နိုင်အောင် ချိတ်ဆက်ထားတယ်၊ ချော်ရည်တွေ ပင်လယ်ထဲစီးဝင်သွားတဲ့အချိန်ရောက်ခဲ့ရင် ဒီလောင်းလှေကို လျှစ်စစ်သံလိုက်နည်းနဲ့ ရဟတ်ယာဉ်ကနေဆွဲယူ၊ မ,တင်စေပါမယ်၊ ကာတီယာက မောရီးစ်ရဲ့စွန့်စားခန်း အတွက် လိုအပ်နေမယ့်အခြေအနေတွေအားလုံးကို စူးစမ်းလေ့လာခဲ့တယ်၊ ကာတီယာ တွေ့ရှိခဲ့တာက မီးတောင်ဒဏ်ခံနိုင်တဲ့ကိုယ်ထည်ဟာ ပူပြင်းနေတဲ့ချော်ရည်ထဲမှာ ၁၀မိနစ်အတွင်း ပျော်ဝင်သွားနိုင်တယ် ဆိုတာပါပဲ၊ မောရီးစ်မေ့လျော့နေခဲ့တာက မီးတောင်က ထွက်ရှိလာခဲ့တဲ့ ဓာတ်တွေနဲ့ အက်ဆစ်တွေ ဓာတ်ပြုခဲ့ရင် ကိုယ်ထည်ဟာအမြန်ဆုံး စားသွားနိုင်တယ်ဆိုတဲ့အခြေအနေကို တွက်ချက်ဖို့ပါပဲ၊ ချော်ရည်ထဲမှာ ဖြစ်ပျက်နိုင်တဲ့ ဓာတ်ပြုမှုတွေကို ကာတီယာက ပြောပြခဲ့ပေမဲ့ မောရီးစ်ကတော့ ကြောက်ရွံ့တုန်လှုပ်ဟန်မပြခဲ့ပါဘူး၊ “ဒီခရီးသွားဖြစ်ဖို့ ပိုပိုပြီး နီးကပ်လာနေပြီ” လို့ပဲ မောရီးစ်က တွင်တွင်ပြောခဲ့တယ်။

အင်ဒိုနီးရှားနိုင်ငံ၊ ကာဝါအိုင်ဂျန်မီးတောင်
အင်ဒိုနီးရှားနိုင်ငံက ကာဝါအိုင်ဂျန်မီးတောင်ပေါက်ကွဲမှုမှာ သူ့ရဲ့လောင်းလှေခရီး စတင်ဖို့ မောရီးစ် ဆုံးဖြတ်လိုက်ပါပြီ၊ အနိမ့်ဈေးနဲ့ရလာခဲ့တဲ့ လောင်းလှေကိုအသုံးပြုပြီး မီးတောင်ဆီက ပြုတ်ထွက်ကျလာတဲ့ ဆာလ်ဖျူရစ်အက်ဆစ်ကန် ချော်ရည်စီးကြောင်းထဲ လှော်ခတ်ဖို့ပြင်ဆင်ပါတော့တယ်၊ မောရီးစ်နဲ့ လက်ထောက်တစ်ဦးဟာ အားအရှိဆုံးလို့ သတ်မှတ်ထားတဲ့ အက်ဆစ်ဓာတ်တွေပျော်ဝင်နေတဲ့နေရာဆီ လောင်းလှေနဲ့ထွက်ခွာခဲ့ကြတယ်၊ အခြေအနေ သိပ်မကောင်းလှတာကြောင့် လောင်းလှေကို ဆွဲတင်လိုက်တဲ့အခါ ငါးမိနစ်မပြည့်ခင် အချိန်လေးမှာပဲ အက်ဆစ်တွေက လောင်းလှေရဲ့ကိုယ်ထည် သတ္တုတွေကို စားပြီးဖြစ်နေတာတွေ့လိုက်တ၊ သူတို့ခန့်မှန်းထားတဲ့ နှစ်နာရီအတွက်လက်လျှော့ လိုက်ရပါတယ်။

ကာတီယာက မိတ်ဆွေ အလိန်းဂျီရန်တီကို အခုလိုပြောပြတယ်။
“ကျွန်မတို့ တစ်နေ့ ဒီမီးတောင်ပေါက်ကွဲမှုတွေဆီက စီးလာတဲ့ ချော်ရည်ပူလက်လက်တွေနဲ့ ဘ၀ဆုံးကြတော့မယ်ဆိုတာ ကျွန်မသိနေတယ်၊ နီရဲတောက်လောင်နေတဲ့ ချော်ရည်ပြာတွေနဲ့ ကျွန်မတို့ရဲ့ တရားသဖြင့်လုပ်ဆောင်မှုတွေဟာ ကျွန်မတို့ရဲ့အသက်ဝိညာဉ်တွေအတွက် အာမခံချက်မရှိပါဘူး၊ ကျွန်မတို့က သေခြင်းတရားကို မျက်ကန်းသဖွယ် ရူးရူးနှမ်းနှမ်းတိုးတိုက် ကစားကြတာမဟုတ်ဘူး၊ မီးတောင်ပေါက်ကွဲမှုတွေကြောင့် လူတွေသေကျေပျက်စီးဆုံးရှုံးရတာတွေ နည်းနိုင်သမျှနည်းပါးစေဖို့ စွန့်စားမှုတွေနဲ့ ပြေးလွှားနေကြတာပါ”

၁၉၉၁ ခုနှစ်၊ ဧပြီ ၂ ရက်၊ မောရီးစ်တို့ မသေဆုံးခင်
၁၉၉၁ ခုနှစ်၊ ဧပြီ ၂ ရက်၊ သူတို့ မသေဆုံးခင်တစ်လလောက်အလို ဖိလစ်ပိုင်က ပီနာတူဘိုမီးတောင် ရုတ်တရက် ပေါက်ကွဲ ခဲ့တဲ့အခါ ဒေသခံအာဏာပိုင်တွေအတွက် ဘယ်နေရာကလူတွေ ဘယ်လောက်အန္တရာယ်ရှိနိုင်မလဲ၊ ဘယ်သူတွေကိုပြောင်းစေဖို့ ကြေညာပေးရမလဲဆိုတာ ဆုံးဖြတ်ချက်ချဖို့လိုလာပါပြီ၊ အဲဒီအတွက် အဖြေကိုတော့ မောရီးစ်တို့ရိုက်ကူးထားတဲ့ မှတ်တမ်းတင် ရုပ်ရှင်တွေဆီက ရရှိခဲ့တယ်။ မှတ်တမ်းရုပ်ရှင်မှာ ၁၉၈၅ ခုနှစ်က ကိုလံဘီယာနိုင်ငံ၊ အာမီရိုမြို့မှာ ပေါက်ကွဲခဲ့တဲ့ မီးတောင်ကြောင့် လူပေါင်း ၂၂၀၀၀ သေဆုံးခဲ့ပုံကို ရိုက်ယူထားပါတယ်၊ ချော်ရည်စီးကြောင်းတွေကို တိတိကျကျရိုက်ကူးထားခဲ့တဲ မှတ်တမ်းရုပ်ရှင်ကိုကြည့်ပြီး ဖီလစ်ပိုင်အာဏာပိုင်တွေဟာ နေရာပြောင်းဖို့ လိုအပ်တဲ့လူတွေကိုတွက်ချက်နိုင်ခဲ့ပြီ၊ လူပေါင်း ၂၀၀၀အတွက် ယာယီစခန်းတွေဆီ နေရာချထားပေးနိုင်ခဲ့တယ်။ “ဒီမှတ်တမ်းရုပ်ရှင်ရဲ့အကူအညီသာ မရယူနိုင်ခဲ့ရင် မီးတောင်အတွေ့အကြုံကို မသိရှိနိုင်ဘဲ လူပေါင်းထောင်ပေါင်းများစွာ သေဆုံးကြမှာ သံသယဖြစ်စရာမရှိဘူး” လို့ ၀ါရှင်တန်တက္ကသိုလ်က ပြောကြားခဲ့တယ်။

၁၉၉၁၊ ဇွန်လ၊ ၃ ရက်နေ့ ဂျပန်နိုင်ငံ၊ အူဇန်မီးတောင်ပေါက်ကွဲမှု
၁၉၉၁ခုနှစ်၊ ဇွန်လ၊ ၃ရက်နေ့၊ ဂျပန်နိုင်ငံ အူဇန်မီးတောင်ပေါက်ကွဲခဲ့တဲ့အခါမှာတော့ သူတို့နှစ်ဦးရဲ့ဘ၀တွေ အဆုံးသတ်ခဲ့ရတယ်၊ မောရီးစ်ခရတ်ဖ်ထ်(အသက် ၄၅နှစ်) နဲ့ ဇနီး ကာတီယာ(၄၉နှစ်) တို့ဟာ အူဇန်မီးတောင်ကြီးဆီက အလွန်အမင်းပူလောင်နေတဲ့ ဓာတ်ငွေ့တိမ်လိပ်ကြီးရဲ့ တွန်းထိုးဝှေ့ယမ်းမှုကြောင့် မီးတောင်ပြာမှုန်တွေနဲ့ ကျောက်တုံး၊ ကျောက်ခဲအပိုင်းအစတွေဟာ သူတို့ဆီ ပြေးဝင်လာခဲ့တယ်၊ အဲဒီအရှိန်နဲ့ပဲ မီးတောင်ဘေးပတ်ဝန်းကျင်က တစ်နာရီ မိုင် ၆၀ နှုန်း စီးဆင်းလာတဲ့ မြစ်ထဲကို ထိုးစိုက်နစ်မြုပ်သွားခဲ့ပါတယ်၊ အဲဒီချော်ရည်မြစ်ကြီးက အမေရိကန်မီးတောင်ဗေဒပညာရှင် ဟယ်ရီဂလစ်ခ်ကန်၊ ဂျပန်သတင်းထောက် ၁၄ဦးနဲ့အတူ သူတို့နှစ်ဦးကို ဆွဲယူနှစ်မြှပ်လိုက်တယ်။

“မောရီးစ်နဲ့ ကာတီယာတို့ဟာ မီးတောင်ဝနဲ့ နီနီး ချဉ်းကပ်သွားနေကြတယ်၊ သူတို့ တော်တော်လေး စိတ်ပျက်အားလျော့နေကြပုံပဲ၊ မိုးကလည်းရွာနေတော့ ဓာတ်ပုံရိုက်ယူရတာ အခက်အခဲတွေ့နေကြတယ်၊ မီးတောင်ကလည်း အဲဒီလို ပြင်းပြင်းထန်ထန်ချော်ရည်တွေ မှုတ်ထုတ်မယ်လို့ မထင်လောက်အောင် နူးညံ့သိမ်မွေ့ပြနေတာကိုး”

အသက်ဘေးကလွတ်မြောက်ခဲ့တဲ့ ကျူးရှူးတက္ကသိုလ်က ဆက်ဆုယနာယာဒါက အဲဒီလိုပြန်ပြောင်းပြောပြခဲ့တယ်၊ မောရီးစ်နဲ့ ကာတီယာတို့ဟာ ကွယ်လွန်ချိန်မှာ ဖြတ်သန်းခဲ့တဲ့ ၂၅ နှစ်သက်တမ်း မီးတောင်စူးစမ်းလေ့လာမှုကာလအတွင်း မီးတောင်လှုပ်ရှားမှု ဓာတ်ပုံပေါင်း ၃ သိန်းနဲ့ နာရီပေါင်း ၃၀၀ စာ ဗီဒီယိုတိတ်ခွေတွေကို ရိုက်ကူးထားနိုင်ခဲ့တယ်၊ ဟောပြောပို့ချချက်များစွာလည်း ဝေမျှခဲ့ပြီး စာအုပ် ၂၀ ရေးသားထုတ်ဝေခဲ့တယ်။

“မောရီးစ်နဲ့ ကာတီယာတို့ချန်ထားရစ်ခဲ့တဲ့ မီးတောင်တွေရဲ့ဗဟုသုတ၊ အသိပညာအားလုံးဟာ ကျွန်တော်တို့အားလုံးအတွက် အင်မတန်အကျိုးကျေးဇူးရရှိစေခဲ့တယ်” လို့ World Organization of Volcanic Observation အဖွဲ့က ဥက္ကဌ ဂျီးန်လူးဝစ်ချီမင်းနီက အမှတ်တရစကားပြောကြားခဲ့ပါတယ်။
“လက်ရှိ မီးတောင်လေ့လာစူးစမ်းမှုတွေအားလုံးဟာ မောရီးစ်နဲ့ ကာတီယာတို့ စနစ်တကျပြုစုထားခဲ့တဲ့ အချက်အလက်တွေကို မှီခိုလုပ်ဆောင်နေရတာပဲ၊ မောရီးစ်နဲ့ ကာတီယာတို့ မီးတောင်တွေကို ချစ်မြတ်နိုးသလို ကျန်ရှိတဲ့ မောရီးစ်တို့ရဲ့မိတ်ဆွေတွေက ဆက်လက်လုပ်ဆောင်သွားပါမယ်” လို့ ဂျာမနီနိုင်ငံ University of Fribaurg-en-Brisgau က ဒေါက်တာဂျော့ခ်ျတဲလားက ၀မ်းနည်းစွာ ကတိစကားဆိုခဲ့တယ်။
၁၉၉၁ ခုနှစ်၊ ဇွန်လ၊ ၃ ရက်နေ့မှာတော့ တောင်ပံတွေ အားကုန် တဖျတ်ဖျတ်ရိုက်ခတ်နေတဲ့ လိပ်ပြာလေးတွေဟာ သီချင်းတွေဆိုညည်းရင်း အလျှံညီးညီးတောက်လောင်နေတဲ့ မီးတောင်တွေဆီ တရွေ့ရွေ့တိုးဝင်ကာ ခရီးဆက်လက်ထွက်ခွာသွားခဲ့ပါပြီ။
Ref : A Passion for Volcanoes by Leopold Sanchez(Reader's Digest)

6 comments:

SHWE ZIN U said...

ညီမ ရေ

ဆောင်းပါးလေး အတွက်ကျေးဇူးဘဲ ကိုယ်ကျိုးစွန့် ပြီး လုပ်ဆောင်နေကြတဲ့ သူတွေ အကြောင်းလူအများသိသွားကြတယ်

ညီမက perfect မဂ္ဂဇင်း ထဲ မှာ ရေးတာလား အမ က ဖတ်တော့ ဖတ်တယ် မတွေ့လိုက်မိဘူး

တချို့ မဂ္ဂဇင်း တွေက တပုဒ်ကောင်း၂ပုဒ်ကောင်းတွေ များတော့ သိပ်မဖတ်ဖြစ်ဘူး

ခင်မင်စွာဖြင့်
ရွှေစင်ဦး

sonata-cantata said...

ဗွီဒီယိုလည်း သားကြီးနဲ့ အတူကြည့်
ဖြိုးဖြိုးရဲ့ ဘာသာပြန် ပို့စ်လည်းဖတ်

အားပေးလျက်

လသာည said...

ဖတ်လို့ကောင်းလိုက်တာ..
ဘာသာပြန်ပေးတဲ့ ဖြိုးဖြိုးကို ကျေးဇူးတင်ပါတယ်..

မြတ်မွန် said...

အကုန်ကြည့်သွားတယ် မမဖြိုး....

ချော said...

သူတို့လို ထူးထူးဆန်းဆန်းတွေကို မကြောက်မရွ့ လေ့လာရဲသူတွေရှိတာ ချီးကျူးဖို့ကောင်းတယ်..
ဒီဆောင်းပါးလေးကိုဖတ်ရတာ စိတ်အားတက်စရာဘဲ

PhyoPhyo said...

@မရွှေစင်ဦးရေ အခု Perfect မှာ မရေးတော့ပါဘူး၊ ကျေးဇူး
@မသီတာ တော်တော်ချစ်ဖို့ကောင်း
@လသာညရေ ကျေးဇူးတင်ပါတယ်၊
@မွန်မွန် ကျေးဇူး
@မချော ကျေးဇူး