Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Tuesday, June 01, 2010

ပုလဲနားကပ်တစ်ရံကြောင့်လင်းလက်တောက်ပလာခဲ့သူ စာရေးဆရာမ ထရေစီရှဲဗါလီရဲ

သမိုင်းကြောင်းနောက်ခံဝတ္ထုတွေရေးသားရာမှာနာမည်ကျော်ကြားနေသော၊ အရောင်းရဆုံးစာရင်းဝင် စာရေးဆရာမ ထရေစီရှဲဗါလီရဲ ဟာ အမေရိကန်နိုင်ငံ၊ မြို့တော် ၀ါရှင်တန်ဒီစီမှာ ၁၉၆၂ ခုနှစ်ကမွေးဖွားခဲ့သည်၊ ယခုလက်ရှိ လန်ဒန်မြို့ကြီးမှာ ခင်ပွန်းနဲ့ သားငယ်နဲ့အတူနေထိုင်လျှက်ရှိသည်။ ၀ါရှင်တန်ဒီစီမှာပဲ ကြီးပြင်းခဲ့ပြီး မေရီလန်းပြည်နယ်က ဘဲသက်စ်ဒါ-ရှဲဗီးချေ့စ် အထက်တန်းကျောင်းမှာ တက်ရောက်အောင်မြင်ခဲ့သည်။ အိုဟိုင်းဟိုးပြည်နယ် အော်ဘာလင်တက္ကသိုလ်မှာ အင်္ဂလိပ်ဘာသာ အဓိကဘွဲ့ရရှိခဲ့ပါသည်၊
http://blog.oregonlive.com/books/2008/02/large_tracy.JPG
ဘွဲ့ရပြီးတဲ့နောက် ၁၉၈၄ခုနှစ်မှာ အင်္ဂလန်ကိုပြောင်းရွှေ့ဖြစ်ခဲ့သည်။ အင်္ဂလန်မှာ နှစ်ပေါင်းများစွာ ကျမ်းကိုးစာအယ်ဒီတာအဖြစ်အလုပ်လုပ်ခဲ့သည်။ ၁၉၉၃မှာ အလုပ်ကထွက်ခဲ့ပြီးသည့်နောက် နော်ဝင့်ခ်ျ ကနာမည်ကြီး စာကွန့် စာညွန့်ရေးနည်း ပို့ချသည့် University of  East Anglia မှာ မဟာဘွဲ့တစ်နှစ်တက်ခဲ့ပြန်သည်။ ရှဲဗါလီရဲ ၏ဆရာတွေက စာရေးဆရာ ဆာဘွဲ့ရ မဲလ်ကွန်မ်ဘရက်ဘာရီ နှင့် စာရေးဆရာမရို့စ်ထရီမိန်းတို့ဖြစ်ကြသည်။

The Virgin Blue ဆိုသည့် စာအုပ်နှင့်ရှဲဗါလီရဲ ၏ စာရေးဆရာမဘ၀ကိုစတင်ခဲ့ပေမဲ့ The Virgin Blue မှာ စာဖတ် ပရိတ်သတ်အများစုက သတိမမူမိခဲ့ကြပဲ Girl with a Pearl Earring နှင့်မှ ကျော်ကြားသည့် စာရေးဆရာမ ဖြစ်လာခဲ့သည်။ ပုလဲနားကပ်တစ်ရံနှင့်မိန်းကလေး ဟာ ဒက်ခ်ျပန်းချီဆရာ ဂျိုဟန်နက်စ်ဗါးမီးရားရ် ရဲ့ ဂန္တွဝင်မြောက် ပန်းချီလက်ရာတွေထဲက နာမည်ကျော်ပန်းချီကားတစ်ချပ်ရဲ့နာမည်ပါ။ နယ်သာလန်နိုင်ငံရဲ့တတိယအကြီးဆုံး မြို့တော် ဒန်ဟာခ့်(The Hague)က တော်ဝင်ပန်းချီပြခန်း-မော်ရီးစ်မှာ ယခုပြသထားသည်။ တစ်ခါတစ်ရံမှာ ဒီပန်းချီကားကို မြောက်ပိုင်းမိုနာလီဇာ၊ ဒတ်ခ်ျမိုနာလီဇာ လို့ ညွှန်းဖွဲ့ခေါ်ဆိုကြသည်။ ကမ္ဘာကျော် မိုနာလီဇာပန်းချီကားမှာ ပဟေဋ္ဌိတွေ စွက်နေသလို ဗါမီးရားရ်၏ ပုလဲနားကပ်တစ်ရံနှင့် မိန်းကလေးရဲ့ တစ်ဝက်တပျက်အပြုံး၊ ရီဝေေ၀အကြည့်၊ စသည့်ထူးခြားမှုတွေအများကြီးလို့ ပန်းချီကားတွေကို စိတ်ဝင်စားကြသည့် သူတွေက သတ်မှတ်ကြသည်။ ထိုပန်းချီကားကို အင်မတန်သဘောကျနှစ်သက်ခဲ့သည့် ထရေစီရှဲဗါလီရဲကလည်း Girl with a Pearl Earring ဆိုတဲ့ နာမည်ရင်းနှင့်ပဲ သမိုင်းနောက်ခံဝတ္ထုတစ်ပုဒ်အဖြစ် ၁၉၉၉ခုနှစ်က ရေးသားခဲ့သည်။ ထရေစီရှဲဗါလီရဲလည်း ပုလဲနားကပ် တစ်ရံနှင့်မိန်းကလေးကြောင့် ပိုပြီးလူသိများလာခဲ့ပါသည်။
http://expasy.org/spotlight/images/sptlt112.jpg
ရှဲဗါလီရဲဝတ္ထုကြောင့် ဗါးမီးရားရ်ရဲ့ ပန်းချီကားအကြောင်း စုံစမ်းဖတ်ရှုလာကြသူတွေ ပိုများလာသလို၊ ဗါးမီးရားရ်ရဲ့ ပန်းချီပရိသတ်တွေကလည်း ရှဲဗါလီရဲ ရဲ့ ပုလဲနားကပ်ကိုဖတ်ကြည့်ကြဖို့ ကိုလည်းအလွန်အမင်း စိတ်ဝင်စားခဲ့ကြသည်။

“ပန်းချီကားထဲက မိန်းကလေး၏ ရီဝေေ၀မျက်လုံးကျယ်ကြီးတွေ၊    
စဉ်းစားရခက်ခက်၊ အပြုံးတ၀က်စွက်နေသည့် ရိုးသားမှု၊
ပုလဲနားကပ်တစ်ရံ၊
အစေခံမလေးဟန် ရိုးရှင်းလှသည့်ဝတ်စားဆင်ယင်မှု၊
ခပ်စိုက်စိုက်ကြည့်နေသည့် အဲသည်မိန်းကလေး၊ သူ...ဘာတွေကိုများ တွေးတောနေခဲ့သလဲ၊
ပုလဲနားကပ်နှင့်မိန်းကလေးကဘယ်သူများလဲ” စတဲ့ မေးခွန်းတွေအများကြီး ဗါးမီးရားရ်၏ပန်းချီကားတစ်ဝိုက်မှာ ပျံ့လွင့်နေကြသည်။ ဗါးမီးရားရ်၏ ပန်းချီကားကိုကြည့်ပြီး ပရိသတ်တွေထဲက ထွက်လျှံနေသည့် မေးခွန်းတွေကို ရှဲဗါလီရဲက ဖြေကြည့်ခဲ့ပါသည်။ ရှဲဗါလီရဲ ၏ပုလဲနားကပ်ဇာတ်ကြောင်းယူပြီး ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်လည်း၂၀၀၄ ခုနှစ် အကယ်ဒမီသုံးဆုစကာတင်စာရင်းဝင်ခဲ့သည်။

အင်္ဂလိပ်ကဗျာဆရာ၊ ပန်းချီဆရာ ၀ီလျှံဘလိတ်ခ် နှင့် အိမ်နီးချင်းဖြစ်ခဲ့ကြသည့် ကလေးငယ်နှစ်ယောက်အကြောင်း ရေးဖွဲ့ထားသည့် Burning Bright သည်လည်း ၁၇၉၂ အတွင်း ၁၈ရာစု အင်္ဂလန်နောက်ခံသမိုင်း ရုပ်လုံးဖော်ခဲ့သည့် ၀တ္ထုအဖြစ် ထင်ရှားခဲ့သည်၊ ရှဲဗါလီရဲ ရဲ့ နောက်ဆုံးထုတ်ဝတ္ထု Remarkable Creatures  ဟာ ၁၉ရာစုအတွင်းက သမိုင်းသုတေသီ၊ ကျောက်ဖြစ်ရုပ်ကြွင်းစုဆောင်းသူ မေရီအန်းနင်းရဲ့ ဘ၀အတွေ့အကြုံတွေကို အခြေခံပြီး ရေးသားထားပါသည်။ ရှဲဗါလီရဲသည်အမေရိကန်နိုင်ငံမှာမွေးဖွားခဲ့သူဖြစ်ပေမဲ့ အင်္ဂလန်သမိုင်းကြောင်းကို စုးစူးစိုက်စိုက် စိတ်ဝင်စားသူဖြစ်တယ်ဆိုတာကို ရှဲဗါလီရဲ့ရ၀တ္ထုတွေကို လေ့လာဖတ်ရှုကြည့်ပြီး သိရှိနိုင်ကြသည်။ သမိုင်းကြောင်းဆိုင်ရာ အချက်အလက်တွေကို ရေးသားရာတွင် တကယ့်သမိုင်းဖြစ်ရပ်တွေထဲက ထူးခြားသည့်လူတွေကို နောက်ခံသမိုင်းကြောင်း အချက်အလက်တွေနှင့်အတူ ဆွဲထုတ် ရေးသားရခြင်းကို သဘောကျလေ့ရှိသည်။ ရှဲဗါလီရဲ ပြောဖူးသည့် သူရဲ့ အကြောင်းက “ကျွန်မ ငယ်ငယ်လေးကတည်းက စာရေးတဲ့သူဖြစ်ချင်တယ်၊ စာအုပ်တွေကို ချစ်တယ်၊  သူတို့နဲ့ မိတ်ဆွေဖြစ်ချင်တယ်လို့ ခဏခဏ ပြောဖြစ်တယ်၊ ဒီလိုပြောဖြစ်နေခဲ့ပေမဲ့ လက်တွေ့မှာတော့ စာရွက်ပေါ် စာလုံးတွေချမရေးဖြစ်ခဲ့ပါဘူး။ အထက်တန်းကျောင်းသူဘ၀၊ ၂၀ ၀န်းကျင်အသက်အရွယ်မှာ ခပ်ဆန်းဆန်းဝတ္ထုလေး တစ်ပုဒ် ရေးဖူးခဲ့တယ်။ အဲဒီတစ်ခုပဲ၊ နောက်တော့ တကယ့်ဝတ္ထုလေးတွေစပြီး ရေးကြည့်ခဲ့တယ်။ ညဘက်တွေမှာရေးတယ်။ ကျောင်းနားရက်တွေမှာရေးတယ်။ တစ်ခါတစ်လေတော့ ညနေခင်းတွေမှာ ၂ ရက် ၃ ရက်လောက်ရေးလိုက်ရင်ပြီးသွားတတ်ပေမဲ့ တစ်ချို့ဝတ္ထုတိုလေးတွေကတော့ လက်စသတ်ဖို့ ၁နှစ်လောက်အချိန်ယူလိုက်ရတာလဲ ရှိတယ်။ ကျွန်မရဲ့ စာရေးဆရာမ ဘ၀အစမှာ နေ့တိုင်းစာတွေရေးတယ်။ အဲဒါကိုလဲ ကျွန်မသိပ်ကြိုက်တယ်ဆိုတာကို ကျွန်မကိုယ်တိုင်သိခဲ့ရတယ်။ စာတိုစာရှည်လေး တွေရေးနေခဲ့ပြီးတဲ့နောက် ၀တ္ထုတစ်ပုဒ်အဖြစ် ဖြည့်စွက်ရေးသင့်ပြီလို့ ဆုံးဖြတ်ခဲ့တယ်။ အဲဒီနှစ်မှာပဲ The Virgin Blue ကို စပြီးရေးခဲ့တယ်။ အယ်ဒီတာအလုပ်ကလဲ စာကို ဘယ်လိုလှည့်စားပြီး ရေးတတ်ရမလဲ ဆိုတာအများကြီးသိခဲ့ရပါတယ်” လို့ ရှဲဗါလီရဲက  သူမ၏ စာရေးခြင်းအလုပ်အတွေ့အကြုံကို ရိုးရိုးရှင်းရှင်းပဲ ပြောပြခဲ့ပါသည်။

ရှဲဗါလီရဲရေးခဲ့သည်ဝတ္ထုတိုများ

The Virgin Blue (1997)
Girl with a pearl earing (1999)
Falling Angels (2001)
The Lady and the Unicorn (2003)
Burning Bright (2007)
Remarkable Creatures (2009)

Non fiction

Twentieth-Century Children's Writers (1989)
Contemporary Poets (1990)
Contemporary World Writers (1993)
Encyclopedia of the Essay (1998)
Concise Encyclopedia of the Essay (2003)

(အရောင်းရဆုံးစာရင်းဝင် စာရေးဆရာမရှဲဗါလီရဲ ရဲ့ ၀တ္ထုတစ်ပုဒ်ဆီမှာ ဈာန်ဝင်စားပုံ၊ ကြိုးပမ်းအားထုတ်ပုံတွေဟာ စိတ်ဝင်စားဖို့ကောင်းလှတယ်၊ စာရေးခြင်းကိုစိတ်ဝင်စားသူများ၊ စာရေးဆရာဖြစ်ဖို့ ကြိုးစားနေကြသူများအတွက် တစ်စုံတစ်ရာ အသုံးဝင်နိုင်မယ်လို့ ယူဆမိတဲ့အတွက် ဖော်ပြပေးလိုက်ရပါတယ်။)

The Virgin Blue ကိုပုံဖော်ခြင်း
၁၉၉၃ခုနှစ် နွေရာသီနေ့တစ်နေ့မှာ ကျွန်မတည်းဖြတ်ရတဲ့ ကျန်းကိုးစာအုပ်တစ်အုပ်အတွက် လိုအပ်တဲ့အချက်အလက်တွေ စာကြည့်တိုက်မှာ ရှာဖွေနေရင်း အတွေးထဲကို ကျွန်မညီမအကြောင်းဝင်လာတယ်။ သူက ပြင်သစ်နိုင်ငံကို သွားဖို့ပြင်ဆင်နေတဲ့ အချိန်ပေါ့၊ ရှဲဗါလီရဲ မိသားစုကို ကို ဆွဇ်စလန်မှာ ပြန်လည်ပေါင်းစည်းကြဖို့ဆိုတဲ့ ညီမရဲ့ အတွေးတွေက ကျွန်မရဲ့အသိထဲကို အခါမလပ်တိုးဝင်လာနေတယ်။ ကျွန်မတို့ရဲ့ အဖေက အမေရိကန်ပါ။ ဆွဇ်စလန်မှာမွေးဖွားခဲ့တယ်။ ၁၉၂၄မှာ ကျွန်မရဲ့အဖေနဲ့ သူ့မိသားစုတွေ အမေရိကကိုပြောင်းရွှေ့ခဲ့ကြတယ်။ ဆွဇ်စလန်နိုင်ငံက ပြင်သစ်စကားပြောဒေသဖြစ်တဲ့ မဲ့တီးရားမြို့ငယ်လေးမှာ ကျွန်မအဖေ၊ အဖိုးအဖွား ရှဲဗါလီရဲမိသားစုတွေနေထိုင်ခဲ့ကြပါတယ်။ ၁၅၇၂ခုနှစ်အတွင်း ပြင်သစ်မှာ ပရိုတက်စတင့်ဘာသာဝင်တွေ အစုလိုက်အပြုံလိုက်အသတ်ခံရပြီး တိုင်းပြည်တပြည်လုံး ဘာသာရေးဖိနှိပ်ချုပ်ချယ်မှု လှိုင်းတံပိုးတွေရဲ့ရိုက်ခတ်မှု ပြင်းထန် လာတာကြောင့် ရှဲဗါလီရဲမိသားစုဝင်တွေပါ ဆွဇ်စလန်ကိုရှောင်တိမ်းထွက်ပြေးခဲ့ကြရတယ်။ ရှဲဗါလီရဲဘိုးဘွားတွေ ပြောင်းရွှေ့နေထိုင်ခဲ့ကြတဲ့နိုင်ငံတွေဟာ ပြင်သစ်၊ ဆွဇ်စလန်၊ အမေရိကန်၊ ပြင်သစ် ဒီလိုနဲ့ စက်ဝိုင်းတစ်ပတ်လည်တော့မယ် ဆိုတဲ့ အတွေးကြောင့် ကျွန်မ ဒီ The Virgin Blue ကိုရေးဖြစ်ဖို့ စိတ်ကူးရသွားမိတယ်။ အဲဒီစက်ဝိုင်းတစ်ပတ်လည်ခရီးသွားခဲ့ရတဲ့ မိသားစုတွေအကြောင်း စာရေးချင်စိတ်ပြင်းထန်သွားခဲ့ပါတယ်။ ရှောင်တိမ်းထွက်ပြေး ခဲ့ကြရတဲ့ မိသားစုတွေတိုင်းမှာ သူ့တို့ရဲ့ မျှော်လင့်ချက်တွေ၊ ကြေကွဲဖွယ်ဖြစ်ရပ်တွေ၊ ဖျောက်ဖျက်မရတဲ့စွဲလမ်းမှုတွေကို အထုပ်အပိုးတွေနဲ့အတူသွားလေရာ တနင့်တပိုးသယ်ဆောင်သွားခဲ့ရမှာပဲ။ နေရာတစ်နေရာကနေ တစ်နေရာပြောင်းရွှေ့ကြတိုင်း၊ အထုပ်အပိုးတွေပြင်ဆင်သိမ်းထုတ် ကြတဲ့အခါတိုင်း၊ အဲဒီအချိန်တွေတိုင်း သူတို့နဲ့ စိတ်ခံစားမှုတွေလဲတပါတည်းသိမ်းယူခဲ့ရမှာပဲ။ ကျွန်မ အသံထွက်အော်မိမတတ် စိတ်လှုပ်ရှားသွားခဲ့ပြီ။ ကျွန်မရေးချင်တဲ့ဝတ္ထုတစ်ပုဒ်အတွက် လုံလောက်တဲ့ အကြောင်းရင်းတစ်ခု ရသွားခဲ့ပါတယ်။ ဒီလိုနဲ့ The Virgin Blue ကို စပြီးရေးခဲ့တယ်။

Girl with a Pearl Earring ကိုပုံဖော်ခြင်း
ဒီဝတ္ထုအတွက် စိတ်ကူးကိုတော့လွယ်လွယ်ကူကူပဲရခဲ့တယ်လို့ပြောနိုင်ပါတယ်။ မနက်ခင်းတစ်ခုမှာ အိပ်ရာထဲပျင်းပျင်းနဲ့ လှဲနေရင်း စိတ်ထဲမှာ နောက်ထပ်ရေးရမယ့်ဝတ္ထုတစ်ပုဒ်အတွက်လဲ ပူပင်နေမိခဲ့တယ် (စာရေးတဲ့သူတွေဟာ ဒီ့အတွက်အမြဲပူပင် တတ်ကြတယ်)၊ ကျွန်မအိပ်ခန်းကနံရံမှာ ဗါးမီးရားရ်ရဲ့ပန်းချီကား Girl with a Pearl Earring ချိတ်ထားတယ်။ ကျွန်မ ၁၉နှစ်လောက်ကတည်းက ရှိနေခဲ့တာပါ၊ ကျွန်မအိပ်ရာထဲကနေ ပန်းချီကားထဲကမိန်းကလေးရဲ့ မျက်နှာကို စူးစူးစိုက်စိုက် ကြည့်မိတယ်။ ချက်ချင်းဆိုသလိုပဲ ဗါးမီးရားရ်က ဘာကြောင့်ဒီမိန်းကလေးကို ဒီလုံပုံစံမျိုးနဲ့ဆွဲခဲ့သလဲ ဆိုတဲ့ အတွေးက ခေါင်းထဲဝင်လာတော့တယ်။ အခုတော့ ပန်းချီကားမှာ ပုံပြင်တွေအများကြီးပြည့်နှက်နေတာသိခဲ့ကြရပြီ၊ သုံးရက်အတွင်း ၀တ္ထုတစ်ပုဒ်လုံးကိုဇာတ်လမ်းဆင်နိုင်ခဲ့ပါတယ်။ အားမစိုက်လိုက်ရပါပဲနဲ့ မိန်းကလေးမျက်နှာပေါ်က ခပ်ဆွေးဆွေးအရိပ်တွေ တိုက်ခိုက်နေပုံအားလုံးကို ကျွန်မမြင်နိုင်ခဲ့တယ်။ ဗါးမီးရားရ် ကျွန်မအတွက် အလုပ်တစ်ခုလုပ်ပေးခဲ့တာပဲပေါ့၊ ကျွန်မ ဗါးမီးရားရ်ပန်းချီကားတွေအားလုံးကိုသိပ်ကြိုက်ပါတယ်။ ကျွန်မဘ၀ရဲ့ရည်မှန်းချက်တွေထဲက တစ်ခုက ဗါးမီးရားရ်ပန်းချီကား ၃၆ကားမူရင်းတွေ ကြည့်ရှုခွင့်ရဖို့ပါပဲ၊ ၂၀၀၄ မတ်လမှာYoung Woman Seated at the Virginals ကိုမူရင်းအတိုင်း ကြည့်ခဲ့ရတယ်။ အဲဒီပန်းချီကားမှာလည်း လှို့ဝှက်ဆန်းကြယ်မှုတွေအပြည့်အသိပ်ပဲ၊ ဗါးမီးရားရ်ဟာဖွင့်ဟပြောပြမထားပဲ ပန်းချီကားတွေထဲက အမျိုးသမီးတွေဆီမှာပုံပြင်တွေ သိမ်းဝှက်သရုပ်ဖော်ထားတတ်တယ်။ အဲဒီပန်းချီကားတွေထဲက တစ်ခုအကြောင်း ကျွန်မက ပြောပြချင်ခဲ့တယ်။

Falling Angels ကိုပုံဖော်ခြင်း
ပြီးခဲ့တဲ့နှစ်တွေတုန်းက လန်ဒန်ကျွန်မအိမ်ခန်းနဲ့ မဝေးတဲ့နေရာက Highgate  သချိုင်းကိုရောက်ခဲ့ပါတယ်။ ၁၈၃၀ခုနှစ်လောက်က စပြီးတည်ရှိခဲ့တဲ့သချိုင်းဖြစ်ပြီး ဗိသုကာလက်ရာနဲ့ အခင်းအကျင်းတွေက အင်္ဂလန်ဘုရင်မဗစ်တိုးရီးယားခေတ် အုတ်ဂူလက်ရာ တွေကို အမှတ်ရစရာပါ။ အလယ်အလတ်တန်းစား မိသားစုတွေအများဆုံး သဂြိုဟ်မြုပ်နှံကြတာပေါ့။ ပထမကမ္ဘာစစ်ကြီးပြီးတော့ ထိမ်းသိမ်းစောင့်ရှောက်မှုတွေလဲ လျော့ရဲလာပြီး တချို့အုတ်ဂူတွေက စောင်းရွဲ့လို့၊ တချို့အုတ်ဂူတွေဆို ဦးစိုက်ဂျွမ်းပြန်ကျတဲ့အထိ ပျက်ဆီးနေကြပြီ၊ သစ်ပင်တွေလဲအများကြီးအုပ်ဆိုင်းလို့ အုတ်ဂူနံရံတွေမှာလဲ နံရံကပ်ပန်းနွယ်တွေ ဖုံးကာနေခဲ့ပြီ၊ ကျွန်မရဲ့ ဂိုက်(guide)က တစ်နေရာကိုညွှန်ပြလိုက်တယ်။ အဲဒါက ကွယ်လွန်သူတစ်ဦးအတွက် အမှတ်တရထုလုပ်ထားတဲ့ သဲနာရီတစ်ခုပါ၊ သဲနာရီမှာအတောင်ပံတွေ တပ်ထားတယ်၊ “အချိန်တွေကပျံသန်းနေကြတယ်၊ အားလုံးဟာ ခေတ္တခဏပဲ” ဒီအဓိပ္ပါယ်ကို ကျွန်မရလိုက်တယ်။ ကျွန်မတွေးခဲ့ပါတယ်။ ကျွန်မရဲ့ဝတ္ထုသစ်ကို ဒီသချိုင်းနေရာက စတင်ဖို့စိတ်ကူးရခဲ့လိုက်ပြီ။ သချိုင်းတွေရဲ့ဗိသုကာဟာ အဲဒီခေတ်က လူ့အဖွဲ့အစည်းတွေရဲ့ဈာပနတွေ၊ အခမ်းအနားတွေကို အထင်ရှားဆုံးလေ့လာနိုင်ခဲ့ပါတယ်။ ကျွန်မ သချိုင်းမှာ ဗော်လန်တီယာ (volunteer) ၀င်လုပ်ခဲ့တယ်၊ ဗစ်တိုးရီးယားခေတ်သချိုင်းတွေရဲ့သမိုင်း၊ ဈာပနာအခမ်းအနား ထုံးထမ်းစဉ်လာ၊ သချိုင်းအုတ်ဂူဗိသုကာလက်ရာ၊ အထိမ်းအမှတ်ရုပ်ထုတွေနဲ့ အယူအဆ ဒါတွေအားလုံး ပိုပြီးသိနိုင်အောင် စာအုပ်စာတမ်းတွေရှာပြီးလေ့လာခဲ့တယ်။ ဗစ်တိုးရီးယားခေတ်အကူးအပြောင်းကာလအတွင်းက တိကျပြီးအသေးစိတ်ဆန်လှတဲ့ ဈာပနအခမ်းအနားပြင်ဆင်ကျင်းပပုံတွေဟာ ကျွန်မအတွက် မအံ့သြပဲ မနေနိုင်အောင် ဆွဲဆောင်လွန်းခဲ့ပါတယ်။ ခေတ်မှီလာတဲ့ မော်ဒန်ကမ္ဘာကြီးမှာတော့ ဈာပနအခမ်းအနားတွေရဲ့ ထုံးထမ်းစဉ်လာတွေကိုတန်ဘိုးမထားကြတော့ပဲ ပြီးစလွယ်ကျင်းပ ခဲ့ကြတာတွေ ရှိလာခဲ့ပြီ၊ အဲဒီအပြောင်းအလဲဟာ ဗြိတိန်မှာ သတ္တမမြောက်အက်ဒ၀ပ်ဘုရင်ခေတ်က စတင်ခဲ့တယ်။ ကျွန်မရဲ့ Falling Angels ဟာ ၁၉၀၁ခုနှစ် ဗစ်တိုးရီးယားဘုရင်မကွယ်လွန်ပြီးနေ့မှာစတင်ခဲ့ပြီး ၁၉၁၀ သတ္တမမြောက်အက်ဒ၀ပ်ဘုရင်ရဲ့ ဈာပနအခမ်းအနား မတိုင်မီညမှာ အဆုံးသတ်ထားပါတယ်၊ ကျွန်မက သေဆုံးခြင်း၊ ၀မ်းနည်းပူဆွေးခြင်းတွေရဲ့ဝန်းကျင်က ဈာပနအခမ်းအနားထုံးထမ်းစဉ်လာ အကူးအပြောင်းတစ်ခုကို မီးမောင်းထိုးပြချင်တာပါ၊ သချိုင်းမှာ ကပ်လျက်ရှိနေတဲ့ အုတ်ဂူနှစ်ခုရဲ့ ဆက်နွယ်နေတဲ့မိသားစုတွေရဲ့ အသိုက်အ၀န်းကိုယဉ်ပြခဲ့တယ်၊ အုတ်ဂူတစ်ခုက ဗစ်တိုးရီးယားခေတ် ထုံးထမ်းစဉ်လာတွေကိုင်စွဲထားတယ်ဆိုရင် နောက်တစ်ခုက မော်ဒန်ခေတ်ကိုရှေ့ရှုနေတယ်ပေါ့၊ အဲဒီမိသားစုနှစ်စုက သမီးတွေဟာ သူငယ်ချင်းကောင်းတွေဖြစ်လာနိုင်ရဲ့လား၊ ရှေးရှိုးမဆန်၊ ခေတ်လဲမလွန်၊ လက်ရှိအချိန်ကာလတစ်ခုမှာပဲ မြဲမြဲမြံမြံရပ်တည်နေတဲ့ လူငယ်လေးတစ်ယောက်ကို အဲဒီမိန်းကလေးနှစ်ယောက်က တွေ့ဆုံခဲ့ကြတဲ့အခါ ... ကြွေကျလာတဲ့ နတ်သမီးလေးတွေဟာ ရုပ်လုံးပေါ်လာခဲ့ပါတယ်။

The Lady and the Unicorn ကိုပုံဖော်ခြင်း
ကျွန်မဆယ်ကျော်သက်အရွယ်တုန်းက ယူနီကော်န်(ဦးခေါင်းတွင်ချိုတစ်ချောင်းပါသည့်မြင်း)ကို အရူးအမူးစွဲလမ်းခဲ့ဖူးတာပေါ့။ တခြားမိန်းကလေးတွေလည်း အဲဒီမြင်းကိုသည်းသည်းလှုပ်ကြိုက်ကြတာတွေရှိတယ်။ ကျွန်မမှာ ယူနီကော်န်ပါတဲ့ စာအုပ်တွေ၊ ပိုစတာတွေ၊ စတစ်ကာတွေနဲ့ ယူနီကော်န်ပုံရေးထွင်းထားတဲ့ တန်ဖိုးကြီးလည်ဆွဲတစ်ခုတောင်ရှိခဲ့ဖူးတယ်။ ကျွန်မမှာရှိတဲ့ ရုပ်ပြစာအုပ်တွေထဲမှာ ပြင်သစ်ကပြတိုက်တစ်ခုမှာချိတ်ဆွဲပြထားတဲ့ the six Lady and the Unicorn ကမ္ဗလာထည်ရဲ့ ပုံပါတယ်။ သိပ်လှတာပဲလို့ ကျွန်မတွေးနေခဲ့ပြီးတော့ အသက် ၂၀လောက်မှာ ပြင်သစ်က အဲဒီ National Museum of the Middle Ages ပြတိုက်ကိုသွားဖြစ်ခဲ့တယ်။ ယူနီကော်န်ကမ္ဗလာထည်ကြီးကိုကြည့်ချင်လို့ပါ၊ အပြင်မှာကြည့်လိုက်ရတော့ ကျွန်မရဲ့စိတ်ဝင်စားမှုတွေ ပိုလို့ပြင်းထန်ခဲ့ပါသေးတယ်။ တကယ့်ကိုအံ့ဘနန်းပဲ၊ ထူးထူးခြားခြားလက်ရာမြောက်လွန်းလှတယ်။ ဒါပေမဲ့နောက်ပိုင်း စိတ်ဝင်စားစရာတွေပိုပိုများလာတဲ့ ဆက်ကျော်သက်လွန်ကာလမှာ ကျွန်မ ယူနီကော်န်ကို ခဏမေ့သွားခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်မှာ ယူနီကော်န်စွဲလမ်းမှုက ပြန်ပြီးအသက်ဝင်ပြန်တယ်၊ ဘာကြောင့်လဲဆိုတော့ Art Quarterly ဂျာနယ်မှာပါတဲ့ ဒတ်ခ်ျစာရေးဆရာ ဆီးစ်နူးထဲဘွန်းမ် ရဲ့စာမူတစ်ပုဒ်ကိုဖတ်ကြည့်ဖြစ်ခဲ့လို့၊ သူ့ရဲ့ အရေးအသားတွေနဲ့ တန်ဘိုးကြီးရုပ်ပြပုံ တွေက ငယ်ငယ်ကစွဲလမ်းခဲ့ဖူးတဲ့ ကမ္ဗလာထည်တွေရဲ့အလှအပနဲ့ စွမ်းအားတွေကို ပြန်အမှတ်ရမိတယ်။ ဒီလိုကမ္ဗလာထည်ကြီး တွေဝန်းကျင်က လှို့ဝှက်ဆန်းကြယ်မှုတွေကိုလဲ သတိပြုမိစေပါတယ်။ ကမ္ဗလာထည်မှာရက်ထားတဲ့အလွှာတွေက အမှတ်အသားတွေရဲ့လှို့ဝှက်နက်နဲတဲ့အဓိပ္ပါယ်တွေကို ကျွန်မသိပ်သိချင်တာပဲ၊ ရက်ကန်းသမားတွေကအများကြီး၊ ပြီးတော့ ကွဲပြားတဲ့ အမှတ်အသားတွေကို ကမ္ဗလာထည်ရဲ့ မူရင်းအဓိပ္ပါယ်ဘောင်တစ်ခုအတွင်းမှာပဲ အတူတူယက်လုပ်ကြတာကလည်း စိတ်ဝင်စားဖို့ သိပ်ကောင်းပါတယ်။ ကျွန်မရဲ့The Lady and the Unicorn မှာ ပန်းချီကားထဲကအမျိုးသမီး အေမန်းဆိုးလ် ဒက်ဆီးယား ဟာ “သူမလည်မှာဆွဲထားတဲ့လည်ဆွဲကို ၀တ်ဆင်နေတာလား၊ ဆွဲဖြုတ်ဖို့ ကြိုးစားနေတာလား” ဒါကို The Lady and the Unicorn မှာ ကျွန်မဖြေထားပါတယ်။

Burning Bright ကိုပုံဖော်ခြင်း
၂၀၀၁ ခုနှစ်လောက်မှာ လန်ဒန်ကတိတ်ပြတိုက်မှာပြသခဲ့တဲ့ ၀ီလျံဘလိတ်ခ် ရဲ့ ပြပွဲကိုရောက်ခဲ့တယ်။ အဲဒီပြပွဲဟာ ၀ီလျံဘလိတ်ခ်ရဲ့ ဘ၀တစ်ခုလုံး ခင်းကျင်းပြထားသလိုပါပဲ၊ သူ့ရဲ့ ပန်းချီကားတွေ၊ ဈေးကွက်ဝင်တံဆိပ်တုံးတွေ၊ စာအုပ်တွေအမယ်စုံ၊ သူ့ရဲ့ပုံနှိပ် ကဗျာတွေ၊ ရုပ်ပြကဗျာစာအုပ်တွေ၊ ဘိုဟီးမီးရန်းကမ္ဘာနဲ့ဇစ်မြစ်လိုက်စူးစမ်းရေးသားထားတဲ့ သူ့ရဲ့ ကိုယ်ပိုင်အတွေးအခေါ် စကားပြေ၊ စာတိုစာရှည်တွေအများကြီးပဲပြထားတယ်၊ ကျွန်မ တက္ကသိုလ်မှာတုန်းက ဘလိတ်ခ်ရဲ့ကဗျာတွေနဲ့အကျွမ်းတ၀င် ရှိခဲ့ပါတယ်။ သူ့ရဲ့ပန်းချီကားတစ်ချပ်ကိုလဲ သင်တန်းတစ်နှစ်ကလေ့လာခဲ့ရတယ်၊ တစ်ခါမှ အခုလိုအစုံအလင်မကြည့်ဖူးခဲ့ဘူး၊ ဘလိတ်ခ်ရဲ့များပြားလှတဲ့ လက်ရာတွေကြည့်ရင်း ပြပွဲက အခန်းတစ်ခုအလယ်မှာ  စိတ်ရှုပ်ထွေးနောက်ကျိစွာနဲ့ တွေးမိတယ်။ “ဒီလူကြီးက.. ရုးကြောင်ကြောင်ဖြစ်နေပုံရတယ်။ ဒါမှ မဟုတ်ရင်လဲ မူးယစ်ဆေးစွဲနေရမယ်” လို့ အတွေးခပ်ညစ်ညစ်တွေးမိ လိုက်တယ်။ နောက်ပိုင်းမှာတော့ တနှစ်လုံးနီးပါး ဘလိတ်ခ်ရဲ့အကြောင်း၊ ဘလိတ်ခ်ရဲ့စာ၊ ပန်းချီကားတွေ မပြတ်လေ့လာခဲ့တယ်။ လေ့လာရင်းမှပဲ ဘလိတ်ခ်အကြောင်း လှောင်ပြောင်ရေးသားထားတာတွေ၊ ရှုပ်ရှုပ်ထွေးထွေး ရေးသားထားတာတွေ တွေ့ခဲ့ရတော့တယ်၊၊ ကျွန်မအတွက်ကတော့ ဘလိတ်ခ်က မှန်တစ်ချပ်လိုပဲ၊ ကျွန်မတို့ရဲ့ကိုယ်ပိုင်အယူအဆ၊ အတွင်းစိတ်မှာ တည်ရှိနေတာတွေကို ရောင်ပြန်ဟတ်စေတဲ့မှန်လိုပဲ၊ ဘလိတ်ခ်မှာ ကဗျာဥာဏ်၊ ပန်းချီဖန်တီးမှုအနုပညာရှိတယ်။ စိတ်ပညာဆင်ခြင်သုံးသပ်နိုင်တယ်။ သီအိုရီပိုင်း၊ အချစ်စိတ်တက်ကြွမှု၊ နိုင်ငံရေးသဘောတရား၊ လူမှု-စီးပွား ဒါတွေအားလုံး သူ့ဆီမှာရှိနေတယ်။ ကျွန်မတို့ တစ်ခုခုကို ရွေးချယ်လိုက်တာနဲ့ ဘလိတ်ခ်မှာ ရှိနေခဲ့ပြီ။ လေ့လာစရာတွေအများကြီးပြည့်နေတဲ့လူမှန်း ကျွန်မသိလိုက်ရပါတယ်။ တကယ်ဆို ဘလိတ်ခ်ရဲ့ ကဗျာတွေဟာရှည်လျားလှတယ်။ ကိုယ်ရေးကိုယ်တာတွေပြည့်ပြီး ရှုပ်ထွေးပါတယ်၊ သူ့ရဲ့ပန်းချီကားတွေဆိုရင် လဲ မည်းမည်းသိပ်သပ်နဲ့၊ စိတ်လှုပ်ရှားစရာကြီးတွေ၊ တစ်နှစ်သာကုန်သွားရော ကျွန်မအရင်သူ့ကို သိထားတာထက်ဘာမှ ပိုမသိခဲ့သေးသလိုပဲ၊ ဒါပေမဲ့ ကျွန်မသဘောပေါက်လိုက်တာက ဘလိတ်ခ်ဟာရူးနှမ်းနှမ်းလူ မဟုတ်သလို၊ ဆေးကြောင်နေတဲ့သူလဲ မဟုတ်ဘူး ဆိုတာပါပဲ။ ဘလိတ်ခ်ရဲ့ အပိုင်း၂ပိုင်းပါ Songs of Innocence and of Experience ကဗျာစာအုပ်ကို ကျွန်မတော်တော်လေးကြိုက်တယ်။ ကဗျာလေးတွေဟာတိုပြီး ရိုးရှင်းလို့ပါ၊ ကျွန်မက ဖတ်ရနားလည်လွယ်တဲ့ ကဗျာမျိုးတွေကိုပဲ ပိုသဘောကျမိပါတယ်။ The Story of Adam and Eve ကို စာသင်သားတွေကမကြိုက်ကြဘူး။ ကျွန်မကတော့ သဘောကျမိတယ်။ လူသားဆန်လှတဲ့ ဘလိတ်ခ်ကိုနားလည်မိတာကိုး။ အဲဒီကဗျာကိုဖတ်ပြီးကျွန်မဖတ်ဖူးထားတဲ့ ဘလိတ်ခ်နဲ့သူ့ဇနီး အကြောင်းကိုပြန်ပြီး သတိရမိသေးတယ်။ ဘလိတ်ခ်ရဲ့သူငယ်ချင်း သောမတ်စ်ဘတ်ထ်စ်လို့ ကျွန်မထင်တယ်။ ဘတ်ထ်စ်က ဘလိတ်ခ်ရဲ့အိမ်ကိုအလည်သွားတဲ့အခါ ဘလိတ်ခ်နဲ့ သူ့ရဲ့ဇနီးကို ပန်းခြံထဲမှာ နှစ်ဦးသားအ၀တ်အစားဗလာကျင်းလို့ မီလ်တန်ရဲ့ Paradise Lost  စာအုပ်ကို တစ်ယောက်တစ်လှည့် ဖတ်နေကြတာတွေ့ခဲ့ရတယ်။ ဘထ်ထ်စ်ကိုတွေ့တော့ ဘလိတ်ခ်က “စိတ်မရှိပါနဲ့ကွာ၊ ဒါ အာဒံနဲ့ ဧ၀ပဲလေ မင်းသိတယ်မဟုတ်လား” လို့ ပြောခဲ့တယ်တဲ့၊ ဘလိတ်ခ်နဲ့သူ့ဇနီး အိမ်နီချင်းတွေနဲ့ ဘယ်လိုနေထိုင်ကြလဲဆိုတာ ကျွန်မ သိပ်ပြီးစိတ်ဝင်စားခဲ့မိတယ်၊ ဒီလိုနဲ့ Burning Bright  ၀တ္ထုမှာ ကလေး၂ ယောက်ကို ခေါ်ပြီး ဘလိတ်ခ်ရဲ့ အိမ်ထဲအလည်သွားခဲ့ကြပါတယ်။

Remarkable Creatures ကိုပုံဖော်ခြင်း
ပြီးခဲ့တဲနှစ်အနည်းငယ်ကကျွန်မသားလေးနဲ့အင်္ဂလန်တောင်ဘက်ကမ်းရိုးတန်း ဒေါ်ချက်စတာမှာရှိတဲ့ ဒိုင်နိုဆောပြတိုက်လေးကို ရောက်ခဲ့သေးတယ်။ နံရံတစ်ခုမှာ မေရီအန်းနင်းကိုရည်းညွှန်းထားတဲ့ sketch ပန်းချီကားကိုတွေ့ခဲ့ရပါတယ်၊ မေရီက ကျောက်ဖြစ်ရုပ်ကြွင်းတွေအများအပြားတွေ့ရတတ်တဲ့ လိုင်းမ်ရီးဂျစ်က မြို့လေးမှာနေထိုင်တဲ့ ၁၉ ရာစုနှစ်ထဲက အမျိုးသမီး တစ်ဦးပါ၊ အဲဒီ sketch မှာ မေရီ့ပုံကိုကမ်းခြေမှာ တူတစ်ချောင်းကိုကိုင်ထားဟန်နဲ့ ကျောက်ဆောင်ကျောက်ခဲလေးတွေ ခေါင်းပေါ်ပြိုကျတာကို ကာကွယ်နိုင်တဲ့ ဦးထုပ်မျိုးဆောင်းထားတဲ့ပုံစံ ရေးဆွဲထားတယ်၊ မေရီက အသက်၁၂နှစ်မှာပဲ သန်း၂၀၀ ကျော် သက်တမ်းရှိ တွားသွားရေသတ္တ၀ါ အစ်သီယက်ဆော(Ichthyosaur)ရုပ်ကြွင်းတစ်ခုလုံး အပြည့်အစုံရှာဖွေတွေ့ရှိခဲ့ ပါတယ်၊ ၁၉ရာစုနှစ်အတွင်း အမျိုးသားသိပ္ပံပညာရှင်တွေတောင် မထွန်းကားသေးတဲ့အချိန်မျိုးမှာဆယ်ကျော်သက် အမျိုးသမီးလေးမေရီက အဲဒီအလုပ်ကို စိတ်ဝင်တစားစီမံနေခဲ့တဲ့သူလေးပါ။ မေရီက ထက်မြက်တယ်။ လွတ်လွတ်လပ်လပ်တွေးခေါ်နိုင်တယ်။ အများနဲ့မတူ ထူးခြားတဲ့မိန်းကလေးဖြစ်နေတယ်၊ ကလေးဘ၀ထဲက စူးရှတဲ့အလင်းတလက်လက်နဲ့ ရှင်သန်အောင်မြင်ခဲ့တဲ့ မေရီရဲ့အကြောင်းကို ဖတ်ခဲ့ရတဲ့အခါ၊ မေရီရဲ့ အလင်းက ကျွန်မကိုယ်ပိုင်အလင်းလိုပဲ ခံစားလိုက်ရတယ်၊ ကျွန်မသိလိုက်တယ်။ မေရီ့အကြောင်းကို ကျွန်မရေးရတော့မယ်။
  • ထရေစီရှဲဗါလီရဲ - Tracy Chevalier
  • ဂျိုဟန်နက်စ်ဗါးမီးရားရ် - Johannes Vermeer
  • တော်ဝင်ပန်းချီပြခန်း-မော်ရီးစ် - Mauritshuis
  • ပင်သစ်စကားပြောဒေသဖြစ်တဲ့ မဲ့တီးရားမြို့ငယ်လေး - Moutier
  • ဒတ်ခ်ျစာရေးဆရာ ဆီးစ်နူးထဲဘွန်းမ် - Dutch novelist Cees Nooteboom
  • အင်္ဂလိပ်ကဗျာဆရာ၊ ပန်းချီဆရာဝီလျံဘလိတ်ခ် - William Blake
  • သမိုင်းသုတေသီ၊ ကျောက်ဖြစ်ရုပ်ကြွင်းစုဆောင်းသူ မေရီအန်းနင်း - Mary Anning
  • တွားသွားရေသတ္တ၀ါ အစ်သီယက်ဆော - Ichthyosaur
အလင်္ကာဝတ်ရည်ဂျာနယ်
ဧပြီလ ၂၀၁၁

3 comments:

Vista said...

ကျေးဇူးတင်လိုက်တာ ..
အဲလို စာအညွန်းရေးပေးတာကို..
လင့်ခွင့်ပြုနော် အရင်ကလာဖတ်နေကြပါ မလင့်လိုက်ရဘူး မဖြိုး

PAUK said...

ပုလဲနားကပ် ကို သိပ်သိချင်လွန်းလို့ ယူကျုမှာခဏ
သွားကြည့်လိုက်တယ်..
scarlett johansson နဲ့ရိုက်ထားတာပဲ..
တကယ်လိုက်မလိုက်တော့ မသိဘူး..
ကိုယ့်အနေနဲ့ဆို သူရုပ်နဲ့ မလိုက်ဖက်သလို..
အမှန်က ဝတ္ထုကိုပိုသဘောကျတာပါ..
အီးမကောင်းတော့လည်း ရုပ်ရှင်အရင်ကြည့်ဖြစ်မယ်ထင်ပါတယ်..



The Virgin Blue ကိုလည်း ဖတ်ချင်ပါတယ်..
ရင်ချင်း နီးစပ်စရာ အကြောင်းတွေပါလာလို့ပေါ့..


William Blake အကြောင်းလဲ စိတ်ဝင်စားစရာပဲ..

ရွှန်းမီ said...

ပန်းချီကားထဲက ပုလဲနားကပ်ဝတ်ထားတဲ့ မိန်းကလေးရဲ့ မျက်လုံးတွေက ပုလဲတွေလိုပဲ တောက်ပနေတယ်။ မဖြိုးသာမပြောရင် ပန်းချီကားရော စာအုပ်ရော စာရေးဆရာမကိုရော သတိထားမိမယ် မထင်ဘူး။
အားလုံးစုစည်းပြီး ညွှန်းပေးတာ ကျေးဇူးတင်ပါတယ်။

(ရွှန်းမီ)