Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Monday, April 12, 2010

အိမ်လည်တတ်တဲ့တစ္ဆေ


တစ္ဆေတစ်ကောင်ကျွန်တော် ပျင်းလှပြီ။ ကျွန်တော့်ရဲ့ ကျောက်သားပြာပြာနေရာလေးမှာပဲ ငြိမ်ကုတ်နေခဲ့ရတာ ကြာပဲကြာလှပြီ။ ကျွန်တော့်ဒက်ဒီ ရောက်လာမဲ့နေ့တွေကိုစောင့်ရင်း စောင့်ရင်းနဲ့ပဲ အချိန်တွေတောင် ကုန်လွန်ခဲ့ပါပြီ။ ကျွန်တော်ခရီးထွက်ဖို့အချိန်တန်ပြီပဲ။

ဒီတစ်ခေါက်ဒက်ဒီ လာခဲ့ရင် ကျွန်တော်တစ္ဆေ ဒက်ဒီနဲ့ လိုက်ခဲ့မယ်။ ကျွန်တော်မရှိတဲ့အချိန်တွေ ဒက်ဒီ ဘယ်လိုများကုန်လွန်စေခဲ့လဲ။ သူငယ်ချင်းတွေဆီအိမ်လည်လွန်းတဲ့ဒက်ဒီက ခုလည်း အိမ်မှာမကပ်ပဲ တချိန်လုံးအပြင်မှာပဲ ရှိနေဦးမလား၊ ကျွန်တော်ရဲ့ကျောက်သားပြာပြာလေးဆီ ကျွန်တော်သိပ်ကြိုက်တဲ့ခရမ်းပြာရောင်ကျူးလစ်ပန်းတွေ တစ်ပြုံတစ်မကြီးပွေ့ပိုက်လို့ ဒက်ဒီ မကြာမကြာရောက်လာတတ်တယ်။ အရင်က အနက်ရောင်သိပ်ကြိုက်တဲ့ကျွန်တော် အကျီဘောင်းဘီအနက်တွေပဲဝတ်နေခဲ့ရင် “ဟေ့ကောင် မီမီ အနက်တွေဝတ်လှချည်လား၊ ဒက်ဒီ မကြိုက်ဘူးကွ၊ မင်းရဲ့ အဲဒီအနက်ရောင်တွေကို အခုလဲလိုက်စမ်းပါ” တဲ့ သူ ပြောလို့မရမှန်းသိရဲ့နဲ့ ပြောတယ်။ ကွန်မြူနစ်ဝါဒကိုလက်ခံခဲ့ဖူးတဲ့ ကွန်မြူနစ်ကြီးဒက်ဒီက နေရာတကာခပ်မာမာပြောဆိုတတ်တယ်။ ကျွန်တော်ကရော နားထောင်ခဲ့မယ်ထင်ပါသလား။ ချက်ချင်းအော်ဟစ်ပြောလိုက်တယ် “ကျွန်တော့်ကို မီမီလို့ မခေါ်ဖို့ ခဏခဏတားခဲ့ဖူးတယ်မလား။ ပြီးတော့ ကျွန်တော်အနက်ရောင်ကြိုက်တယ်၊ ၀တ်မယ် မီလိုရက်ဒ်” ဆိုပြီးပြန်အော်ပစ်လိုက်တာပဲ။ ဒက်ဒီလို့ ကျွန်တော်မခေါ်တဲ့အခါ သူလဲ သိပ်စိတ်ဆိုးတယ်။ ကျွန်တော်ကတော့ ဒက်ဒီလို့ပဲခေါ်တာများပါတယ်၊ ကျွန်တော်အင်မတန်စိတ်ဆိုးလွန်းမှသာ ဒက်ဒီ့နာမည်ရင်း မီလိုရက်ဒ်လို့ တမင်ခေါ်လိုက်တာ၊
အခုတော့ ကျွန်တော့်ဆီ ဒက်ဒီရောက်လာတိုင်း အနက်ရောင်တီရှပ်၊ အနက်ရောင်ကုတ်၊ အနက်ရောင် တွေပဲ ၀တ်ဝတ်လာတတ်တယ်၊ ကျွန်တော်ကပြောပါတယ်၊ ဒက်ဒီဝတ်နေကျ အရောင်လွင်လွင်လေးတွေပဲ ၀တ်ပါလို့၊ အရင်ကတော့ အရောင်လွင်လွင်တွေနဲ့ ကျွန်တော့ဒက်ဒီကို ကြည့်မရဘူးဗျ။ ကျွန်တော် ဘယ်လိုပဲ ပြောပြော ဒက်ဒီမကြားပါဘူး။ ကျွန်တော်က တစ္စေဖြစ်နေမှကိုး၊ ကျွန်တော်ဘယ်လိုဆုံးပါးခဲ့လဲ မမေးပါနဲ့တော့၊ ပြန်မတွေးချင်တော့ဘူး။ ပြန်မတွေးချင်ဘူးဆိုမှ သတိပြန်ရသွားပြန်ပြီ။ ဒီလိုဗျ၊ တစ်နေ့ မြို့နဲ့ ၄၅ကီလိုမီတာလောက်ဝေးတဲ့ ရွာလေးကို သူငယ်ချင်းတွေနဲ့သွားကြတာ။ အဲဒီရွာလေးနားအရောက်ကျွန်တော်တို့ရဲ့ကားက တံတားအစပ်၊ ကုန်းမြင့်လေးကို အရှိန်နဲ့ပြေးအတက်၊ တော်ပြီဗျာ မပြောပါရစေနဲ့တော့၊ အတိတ်တွေမေ့ပြစ်ကြပါစို့ရဲ့။ အခုတော့ ကျွန်တော်ကတစ္စေတစ်ကောင်လို့ပဲ သိထားရင်ရနေပြီပဲ။

ကျွန်တော့်နာမည် မီဟိုင်းအိုး၊ ဒါကိုပဲ အဖေက မီမီလို့ခေါ်တတ်တယ်။ အထူးသဖြင့် ကျွန်တော့်ကိုနောက်ပြောင် ကျီစယ်လိုတဲ့အခါမျိုးဆို ပိုပိုဆိုးတယ်။ မီမီ မီမီ နဲ့ကို တတွတ်တွတ်ခေါ်နေတော့တာ။ တစ်ခါကျွန်တော်တော်တော်စိတ်ဆိုးခဲ့တာ ခုပြန်သတိရမိသေးရဲ့။ မူကြိုကျောင်းမှာတုန်းက ပန်းချီဆရာမသင်ပေးခဲ့တာ၊ စက္ကူကတ်ပြားတွေကို ရောင်စုံဆေးခြယ်၊ ကတ်ကျေးနဲ့အ၀ိုင်းလေးတွေရအောင်ခက်ခက်ခဲခဲဖြတ်၊ ကော်နဲ့ကပ်ပြီး ဘောက်ဖတ်ကောင်လေးလုပ်တဲ့နေ့ကပေါ့၊ လိပ်ပြာမဖြစ်ခင်အကောင်လို့ ဆရာမကပြောပြလိုက်သေးတယ်။ အဲဒီနေ့က ကျွန်တော့်ဘောက်ဖတ်ကောင်လေးက အလှဆုံးပဲလို့ ဆရာမကချီးကျူးတယ်။ ဘောက်ဖတ်လေးက မျက်နှာပြုံးပြုံးလေး၊ နှံတံလေးခပ်လှုပ်လှုပ်၊ အရောင်စုံလက်တွေ ခြေတွေကလည်း အများကြီးပဲ၊ အိမ်ကိုယူသွားပြီး ဒက်ဒီ့ကိုပြချင်ပါတယ်လို့ ဆရာမကိုခွင့်တောင်းတော့ ဆရာမက ခွင့်ပြုလိုက်တယ်။ ကျွန်တော့်ဘောက်ဖတ်ကောင်လေးကိုင်လို့ ဆောင့်ကြွားကြွားအိမ်ပြန်လာခဲ့တာပေါ့၊ “ဒက်ဒီ ကြည့်ပါဦး၊ ကျွန်တော့်ရဲ့မျက်နှာပြုံးပြုံး ဘောက်ဖတ်လေး”လို့ ပြလိုက်ပါတယ်။ ဒက်ဒီကလည်း သေချာကြည့်တယ်။ “မီမီ သိပ်တော်တယ်”တဲ့ ချီးကျူးတယ်။

ဒါနဲ့ရောင်စုံဘောက်ဖတ်လေးကိုယ်ထည်မှာပဲ ကျွန်တော့်နာမည်ရေးပေးဖို့ ဒက်ဒီ့ကိုပြောလိုက်တော့ သူရေးပေးလိုက်တာက မီမီ တဲ့၊ ဒေါသထွက်လိုက်တာဗျာ၊ မီမီလို့ ဒက်ဒီ့နှုတ်ကရွတ်နေကတည်းက ကျွန်တော်ဘေးကနေအတန်တန် ပြောတယ်။ “ဒက်ဒီ မီမီ မဟုတ်ဘူးနော်၊ မီဟိုင်းအိုး မီဟိုင်းအိုး”လို့၊ ဒါကိုတောင် မကြားယောင်ပြုပြီး မီမီလို့ ရေးပစ်လိုက်တယ်။ သွားပြီပေါ့ ကျွန်တော်
ပင်ပမ်းတကြီး လုပ်ခဲ့ရတာဗျ၊ အ၀ိုင်းတစ်ခုရဖို့ကိုတောင်မလုပ်တတ်လို့ ဆရာမကကူပြီးဖြတ်ပေးလို့ စက္ကူကတ်ထူဝိုင်းလေးတွေ ရလာတာ၊ ပြီးတော့ လက်လေး၊ ခြေလေးတွေ ဆရာမက ဖြတ်ပီးသားပေးတာတောင် အ၀ိုင်းတစ်ခုနဲ့တစ်ခုခြားအကြာကြီးပဲ ကြိုးစားထည့် ကော်ကပ်ရသေးတာ။ ခုတော့ အရောင်စုံဘောက်ဖတ်လေး ပေါ်မှာရေးလိုက်တော့ မီမီ တဲ့၊ ဒက်ဒီ့ကို အမြင်ကတ်ကတ်နဲ့ မုန်းတယ်လို့ အဲဒီ့နေ့က အကြာကြီးအော်လိုက်တယ်။ ဒက်ဒီရောကျွန်တော်ပါ စိတ်တိုတတ်တာခြင်းအတူတူ ကြာကြာစကားမပြောပဲတော့မနေနိုင်ကြဘူး။ စိတ်ပြေတတ်တာလဲ မြန်တော့မြန်ကြသား၊ ဒက်ဒီနဲ့ကျွန်တော်နှစ်ယောက်တည်းရှိတဲ့ဘ၀မှာ ကြာကြာစကားမပြောပဲနေဖြစ်ကြရင် တော်တော်စိတ်ညစ်ဖို့ကောင်းနေမှာကိုးဗျ၊ အမေဆိုတာကတော့ ကျွန်တော်နဲ့ မရင်းနှီးတဲ့စကားလုံးပဲ၊ ကျွန်တော်ငယ်ငယ်လေးထဲက ကောင်းကင်ဘုံကိုပြန်သွားပြီလို့ ဒက်ဒီကပြောပြထားဖူးတယ်။

အဲဒါတွေ ကျွန်တော်ရဲ့ အရင်ကဘ၀ပါ၊ အခုတော့ ကျွန်တော်ကတစ္ဆေတစ်ကောင်ပေါ့။ ဟော ..ဒက်ဒီရောက်လာပြီ၊ အရင်က အနီရောင်ယူဂို(Yugo) ကားဟောင်းလေးနဲ့ပဲ အနက်ရောင်ရှပ်တစ်ထည်ကို လက်မှာ ကျကျနနခေါက်လို့ဝတ်ထားတယ်။ ကျူးလစ်ပန်းတွေလဲ ယူလာပြန်တယ်။ ကြိုက်လွန်းတဲ့ ကျူးလစ်ပန်းတွေတောင် မကြည့်ချင်တော့ဘူး။ မြင်ရပါများလွန်းလို့ပါဗျာ။

ရှပ်အကျီဝတ်ရင်ဒက်ဒီက အမြဲလက်ခေါက်ဝတ်တတ်တယ်။ ဒက်ဒီရောက်တာနဲ့ ကားထဲစွေ့ကနဲပြေးထိုင်နေလိုက်ပါတယ်။ ကျွန်တော်ကျန်နေခဲ့လို့မဖြစ်တော့ဘူး၊ ဒက်ဒီ မျက်လုံးထဲမှာ မျက်ရည်တွေဝဲလို့ပါလား “မငိုပါနဲ့ ဒက်ဒီရာ၊ ကောင်းကင်ဘုံက အခုကျွန်တော်နဲ့အနီးကလေးမှာပါ၊ ဒက်ဒီပြောပြထားဖူးတဲ့အတိုင်းပေါ့” ကျွန်တော်ခပ်တိုးတိုးပြောမိတယ်။ ကျယ်ကျယ်ပြောလည်း ဒက်ဒီကြားနိုင်မှာမဟုတ်ဘူး၊ ဒီတော့လဲ လေကုန်ခံပြီး ကျယ်ကျယ်ပြောမနေတော့ဘူး။ ဘာမှ မပိုင်ဆိုင်တော့တဲ့ တစ္ဆေဘ၀မှာ ကိုယ်ပိုင်တဲ့လေမကုန်သွားအောင်တော့ ချွေတာဦးမှဖြစ်မှာကိုး။

“သွားရအောင်၊ သွားကြရအောင်” ကားပေါ်ကဆင်းပြီး ဒက်ဒီ့ပုခုံးကိုကိုင်လှုပ်ရင်း ပြောလိုက်တယ်။ ဒက်ဒီတချက်တော့လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားပါတယ်။ ဟိုသည်မျက်လုံးဝေ့ကြည့်တယ်။ ပြီးတော့ ကားတံခါးကိုဖွင့်ကားစက်နိုးပြီး၊ မြို့ထဲဘက်ပြန်ဦးလှည့်တယ်။

ကျွန်တော်တို့မြို့ဆီ ပြန်တဲ့လမ်းတစ်လျှောက် ကျွန်တော်တော့လမ်းဘေးကအိမ်တွေငေးရင်း လိုက်လာလိုက်တာ၊ သိပ်လှတဲ့အိမ်လေးတွေပဲဗျာ။ အရင်တုန်းက ဟိုကိစ္စ ဒီကိစ္စနဲ့ အလုပ်ကိုရှုပ်နေတာနဲ့ပဲ ငေးမောဖို့ကို အချိန်မရခဲ့မိဘူး။ ကျွန်တော်တို့ မြို့ကြီးမှာက ထူးထူးခြားခြား အိမ်ပုံစံလှလှတွေမှ မရှိတာ၊ ဘယ်ကိုပဲကြည့်လိုက် ကြည့်လိုက် သံချပ်ကာဝတ်စုံပြည့်ဝတ်ထားတဲ့ အရပ်အမောင်းကောင်းကောင်း စစ်သူကြီးတွေလို မိုးမျှော်တိုက်ကြီးတွေပဲ နေ့တိုင်းမြင်တွေ့ခဲ့ရတာ။ တစ္ဆေဖြစ်ပြီးမှပဲ မြက်ခင်းစိမ်းကျယ်ကျယ်ပြန့်ပြန့်ထဲက ခေါင်းမိုးချွန်အိမ်လေးတွေ တွေ့မိ ကြည့်မိတော့တယ်။ အိမ်လေးတွေကလဲ စိတ်ကူးရသလို ဆောက်ထားလိုက်ကြတာ၊ ဒက်ဒီဆောက်တဲ့အိမ်တွေကို ဘယ်လိုကြည့်ကြည့်မလှတဲ့ အဆောက်အဦးတွေ၊ နေချင်စရာမကောင်းတဲ့နေရာတွေလို့ မကျေမနပ်အပြစ်တင်ခဲ့ဖူးတာတောင် ပြန်သတိရမိသေးရဲ့၊ ဒက်ဒီက စစ်တပ်ကအင်ဂျင်နီယာတစ်ဦး ဖြစ်နေတော့ သူဆောက်ရတဲ့အဆောက်အဦးတွေကလဲ စစ်တပ်ကအလုံပိတ်ပုံစံတွေပဲ၊ မိသားစုအိမ်ပုံစံလှလှပပလေးတွေမဟုတ်ဘူး။ ထူပြစ်ပြစ် မှုန်ကုတ်ကုတ်အဆောက်အဦးတွေပဲ၊ အဲဒီလိုအပြစ်တင်မိတဲ့အခါတိုင်း ဒက်ဒီက “ဟေ့ မီမီရဲ့ ဘ၀မှာတစ်ခါတစ်ခါ ကိုယ်လုပ်ချင်တာထက် ကိုယ်လုပ်ရတဲ့အလုပ်ကိုသာ ကောင်းအောင်ကြည့်လုပ်ရတာမျိုး တွေရှိတယ်ကွ၊ တစ်ခါတစ်ခါတောင်မဟုတ်ဘူးကွဲ့၊ ဒက်ဒီ့ဘ၀မှာဆို တစ်ဘ၀လုံးလိုလို ဒီလိုပဲကြည့်ကျက်နေခဲ့ရတာချည်းပဲ၊ အထူးသဖြင့် မင်း လိုသားမျိုး ဒက်ဒီရထားတာမျိုးပေါ့၊ မချစ်သော်လည်း...” ဆိုပြီး
စကားရပ်ကိုရပ်ထားလိုက်ရင်း ကျွန်တော့်ကိုမျက်လုံးဝေ့ကြည့်ခဲ့တယ်။ ပြီးတော့ ဒက်ဒီမျက်နှာက ရယ်ကျဲကျဲဖြစ်သွားလိုက်တာ၊ ကျွန်တော်ကလဲ စကားအကျအနကောက်ပြီး ကိုယ့်ကိုကိုယ် စိတ်ဆင်းရဲခံနေမယ့်လူစားမျိုးမဟုတ်ဘူးလေ။၊ ဒက်ဒီဘာပြောပြော ခပ်အေးအေးပဲ၊ ဒက်ဒီ့ကို ပခုံးတစ်ချက်တွန့်ပြလိုက်တယ်။ ဒက်ဒီက တဟားဟားအော်ရယ်ခဲ့ပါတယ်။

ဟော ဟိုမှာအိမ်လေးလှလိုက်တာ .. ခြံစည်းရိုးလေးကပါတယ်ဆိုရုံ နိမ့်နိမ့်လေးပဲ၊ အဖြူရောင်ခြံစည်းရိုး ၀ိုက်ဝိုက်လေးတွေနဲ့ အမိုးချွန်အိမ်လေး၊ အိမ်ရှေ့ဝရံတာလိုနေရာမှာ သစ်သားချောင်းကြီးကြီးသုံးချောင်းလောက် ကာထားတယ်။ စားပွဲဝိုင်းလေးနဲ့ခုံဖြူဖြူလေးတွေလည်း ချထားတယ်။ မှောင်စပျိုးချိန်မှာ မီးတွေထွန်းထားတော့ ခြံထဲကပန်းရောင်ပန်းလှလှလေးတွေဟာ ပန်းဆီရောင်အသွေးရင့်ရင့်ပြေးလို့ တလက်လက်တောက်နေလိုက်တာ၊ ကျွန်တော်ကြည့်ရင်းအသည်းတွေယားလာတယ်။ ကိုယ်ကိုအသာကျုံ့ရင်း အဲဒီအိမ်လေးဆီလွှားကနဲဆန့်ထုတ်လိုက်တယ်။ အိုး .. ကျွန်တော့်ရဲ့တစ္ဆေခန္ဓာကိုယ်က တယ်လဲပေါ့ပေါ့ပါးပါးရှိလှသကိုး၊ ချက်ချင်းဆိုသလို အိမ်ရှေ့နားဆီက စားပွဲဝိုင်းလှလှလေးနားကိုရောက်မိရက်သားဖြစ်နေပြီ။ ဒါနဲ့ စားပွဲဝိုင်းဖြူလေးမှာ ၀င်ထိုင်းရင်း စားပွဲကိုတဒေါက်ဒေါက် ခေါက်၊ ဟိုဒီ စူးစမ်းကြည့်ပါတယ်။ အိမ်လေးထဲကို ၀င်ဖို့ ခေါင်းဆတ်ကနဲ လှည့်မိရုံရှိသေးရဲ့ ကိုယ်ကတံခါးနားရောက်လိုက်ပြီ၊ ခြေမြန်လက်မြန်ရှိလှတဲ့တစ္ဆေဘ၀ပါပဲ။ တံခါးထဲ ခေါင်းပြူကြည့်လိုက်တယ်။

လား .. လား အပြင်ဘက်ကကြည့်ရုံလှတာမဟုတ်ဘူးဗျို့။ အတွင်းမှာလဲ သပ်သပ်ရပ်ရပ်လေးနဲ့ ချစ်ဖို့ကောင်းလှတဲ့အဆင်အပြင်နဲ့ပဲ။ ထင်းရှုးသားတစ်ချို့နဲ့မီးစိုက်ထားတဲ့ မီးလင်းဖိုအနွေးဓါတ်က အိမ်လေးထဲမှာလုံလုံလောက်လောက်နွေးထွေးလို့၊ မြို့ကြီးပြကြီးမှာဗျာ တမြို့လုံးရေပူလွှတ်ပြီး အနွေးဓါတ်ပေးတဲ့ အပူပေးပိုက်လိုင်းကြီးတွေ အခန်းတိုင်းမှာတပ်ထားတာ ကျွန်တော့်စိတ်ထဲနွေးတယ်ကို မထင်မိဘူး။ လျှပ်စစ်အပူပေးစက်ထပ်ပီးသုံးတော့လဲ ဒက်ဒီ စ နောက်တာခံရသေးတယ်။  “မီမီ မင်းဟာ အအေးသိပ်ကြောက်တဲ့ ပူစီပေါက်စလေးပဲ”တဲ့၊ ကဲ .. ကောင်းရော

ဒါနဲ့ ထင်းရှုးနံ့သင်းနေတဲ့ အိမ်လေးထဲ ရှောက်ကြည့်မိတယ်။ မီးလင်းဖိုဘေးမှာ မာ့ခ်ျကာ(ကြောင်)လေးတစ်ကောင် ကျေကျေနပ်နပ်ကြီးအိပ်နေတယ်။ ကျွန်တော့်ဘ၀ကျွန်တော်မေ့ပြီး မာ့ခ်ျကာလေးခေါင်းကိုသပ်လိုက်သေးတော့ မာ့ခ်ျကာ ကျွန်တော့်ကိုမျက်လုံးပြူးကြည့်တယ်။ ပါးစပ်ဖြဲပြီး ဖြီးဖြီး နဲ့အော်တယ်။ ကိုယ်ကိုခုံးကနဲ့ကွေးထတယ်။ အမြီးကလည်း ၃ဆလောက်တဖွားဖွားလှုပ်လို့၊ အော် ဒုက္ခ ကျွန်တော်လဲဘာမှ မလုပ်ရပါပဲနဲ့ .. အရင်ကဆို မာ့ခ်ျကာတွေနဲ့ ကျွန်တော်သိပ်တည့်တာဗျ၊ စိတ်မကောင်းတောင်ဖြစ်မိရဲ့။ စိတ်ညစ်ညစ်နဲ့ စားပွဲပေါ်က အငွေးတထောင်းထောင်းကော်ဖီကို ယူပြီး ကျိုက်ကနဲ သောက်ချပစ်လိုက်တယ်။ တစ္ဆေစိတ်မကောင်းဖြစ်တော့ ကော်ဖီသောက်ပေါ့၊ ကော်ဖီလဲကုန်ရော အနားက ကော်ဖီသောက်မလို့လက်လှမ်းလိုက်တဲ့ အဖွားအို၊ ကော်ဖီမရှိတော့တဲ့ကော်ဖီခွက်ကို ကိုင်ရင်းကြောင်စီစီဖြစ်နေရှာတယ်။

တစ်ခုပဲ နံရံတွေမှာ ပန်းချီကား အသေးအကြီး၊ အပု၊ အရှည်၊ အ၀ိုင်း၊ လေးထောင့်ဘောင်မျိုးစုံနဲ့ ပန်းချီကားတွေချိတ်ထားတာက များလွန်းလှတယ်။ နေရာလွတ်မရှိတဲ့နံရံတွေကိုကြည့်ရတာ တစ္ဆေကျွန်တော် ခေါင်းတောင်မူးသွားတယ်။ တံခါးဝအပေါ်နံရံမှာ အကိုင်းအခက်ဖြာထွက်တဲ့နေရာက ပင်စည်ပိုင်းအပြတ်တစ်ခုကို ချိတ်ထားသေးတယ်ဗျ၊ သစ်ကိုင်းတစ်ခုကိုထိပ်ကိုအစွယ်တစ်ခုလို ချွန်ထားပြီး ဆေးအနီရောင်သုတ်ထားပြီး ကြက်သွန်ဖြူတွေ အတန်းလိုက်၃၊ ၄တန်းတွဲချိတ်ထားတယ်။ ဒါက သွေးစုတ်ဖုတ်ကောင်မလာနိုင်အောင်တားတာပေါ့၊ မြို့မှာကတော့ ဒီလိုအယူမရှိတော့ပါဘူး။ တောရွာကအိမ်လေးတွေမှာတော့ တွေ့ရတတ်တယ်။ ကျွန်တော့်အတွက်ကတော့ ကြက်သွန်ဖြူအနံ့က ကြောက်စရာမလိုဘူး၊ ကျွန်တော်က တစ္ဆေကိုးဗျ၊ သွေးစုတ်ဖို့မပြောနဲ့ အသားတောင် အတုံးကြီးကြီးဆို သိပ်စားရဲတာမဟုတ်ဘူး၊ အိမ်လေးထဲ နောက်ဆုံး အမြန်လှည့်ပတ်ကြည့်ရတယ်။ တီဗီရှေ့နားက မွေးပွအနွေးထည်လေးတွေနဲ့ အရွယ်တူ ချစ်စရာကလေးပိစိကွေး ကလေးနှစ်ယောက်ရဲ့ခေါင်းကိုလည်း အသာလေးတို့ထိ ဆော့ကစားပြီး နှုတ်ဆက်လိုက်တယ်၊ အိမ်လည်ခွင့်ရတာကျေးဇူးပဲဗျို့။

ကားလမ်းမဆီ ကိုယ်ကိုတွန့်ထိုးပြီးရွှေ့လိုက်ပါတယ်။ ဒက်ဒီဘယ်နေရာ ရောက်နေလောက်ပြီလဲ၊ ကားအနီလေးတစ်စီး၊ မဟုတ်သေးဘူး၊ နောက်တစ်စီးရော မဟုတ်၊ နောက်ထပ် .. အော တွေ့ပြီ၊ ဒက်ဒီပေါ့ ကားမောင်းရင်း သတင်းကို ကျယ်ကျယ်လောင်လောင်ဖွင့်ထားသေးတယ်။ ဒက်ဒီ့ဘေး ၀င်ထိုင်ရင်း လမ်းမဘက်ငေးပြန်တယ်။ ခပ်မြန်မြန်ပြေးနေတဲ့ကားပေါ်ကနေကြည့်ရတာ ကားလမ်းမဘေးဘက် အိမ်လေးတွေဟာ ရောင်စုံမျဉ်းကြောင်းတွေ တရိပ်ရိပ်ကျန်ခဲ့သလို၊ တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်ဗျ၊ တချို့ နှစ်ထပ်အိမ်လေးတွေ၊ တချို့က တစ်ထပ်အိမ် ခေါင်မိုးလေးတွေကချွန်းချွန်း၊ မီးခိုးခေါင်းတိုင်လေးတွေက တစ်အိမ်မှာ ၂ခုသုံးခုစီ၊ တချို့က ခြံစည်းရိုးနိမ့်နိမ့်လေးတွေမှာ ခြံသေ့ပန်းပုရုပ်လေးတွေစီရရီနဲ့၊ ပန်းပွင့်လေးတွေဟာ အရောင်စုံ၊ ခြံလေးတွေထဲမှာ ဟိုနားသည်နား အုပ်လိုက်ဖူးပွင့်လို့၊ ဒက်ဒီကပန်းကြိုက်တဲ့ကျွန်တော့်ကို နောက်ပြောင်ခဲ့ဖူးသေးတယ်။

ကဲ လည်ဦးမယ်နောက်တစ်အိမ်ဗျို့။ ဒီတစ်ခါလဲ ကိုယ်ကိုတွန့်လိမ်ထွန်းထုတ်ပြီး အသာထိန်းပေးလိုက်တာနဲ့ အင်မတန်လှတဲ့ အိမ်လေးဆီရောက်ပါလေရော၊ အိမ်လေးကအဖြူရောင်လို့ပဲထင်တာ အနားရောက်မှ မီးရောင်နဲ့သေချာကြည့်တော့ ကရင်မ်ရောင်လိုလို၊ ခဲသားဖျော့တော့တော့အရောင်လေးလိုလို၊ ရောင်ပြေးငြိမ်ငြိမ်လေးရယ် အဖြူစစ်စစ်ပြူးပြူးပြဲပြဲကြီးမနေဘူး၊ ဆင်ဝင်လေးက အိမ်ရှေ့အပြင်ကိုထုတ်မထားပဲ အတွင်းပိုင်းလေးမှာ မြှပ်ထားတယ်။ ပြီးတော့ အိမ်လေးရဲ့ အဓိကအခန်းဆောင်ကအကြီးဆုံးအမိုးချွန်းချွန်းဘေးဘက် ညာဘက်အဆောင်လေးက နည်းနည်းအရွယ်သေးတယ်။ ဆင်ဝင်လေးရှိတဲ့အဆောင်ကလည်းနဲနဲကြီးတယ်။ အချွန်လေး သုံးခုထပ်နေတာ ရှေကတည့်တည့်ကကြည့်ရင် အမေက ကလေးနှစ်ယောက်ကိုအုပ်မိုးဖက်ထားသလိုလို၊ ဒါမှမဟုတ် ဆင်ဝင်ရှိတဲ့ အမိုးချွန်အဆောင်က အဖေ၊ အမေက နောက်က၊ ညာဘက်အဆောင်လေးက သား ဒါမှမဟုတ် သမီးပေါ့၊ ဒက်ဒီ့ကိုဒီလိုတွေးမိမြင်မိတဲ့အကြောင်းသာပြောပြကြည့်ပါလား၊ “အိမ်ကအိမ်ပုံစံပေါ့ ဘာတွေ စိတ်ကူးယဉ်ဖွဲ့နွဲ့နေလဲ၊ အရူးကလေး မီမီ”လို့ ပြောဦးမှာသေချာတယ်။

ဆင်ဝင်ခဲရောင်တံခါးလေးကနေ အတွင်းဘက် စပ်စုကြည့်တဲ့အခါ အတွင်းမှာ မျက်မှန်ဝိုင်းဝိုင်းလေးနဲ့နဖူးကျယ်ကျယ် လူတစ်ယောက်သတင်းစာဖတ်နေတယ်။ အိမ်လေးကလဲ အတွင်းမှာလဲ တော်တော်လှသဗျို့။ အသွေးအနှစ်ကျကျ၊ ၀က်သစ်ချသားစားပွဲလေးကလည်း ဧည့်ခန်းမဆီမှာ၊ ထိုင်ခုံတွေကလဲသက်တောင့်သက်သာရှိလှတဲ့အနေအထားမျိုး၊ မြို့တွေမှာလို ရေမြုပ်ဆိုဖာ ထူအိုင့်အိုင့်ကြီးတွေ မဟုတ်ဘူး၊ ထင်းရှုးသားဖြူဖြူပေါ့ပေါ့ ခုံလေးတွေ၊ စားပွဲလေးတွေကလည်း ဟိုမှာသည်မှာ တွေ့ရတယ်။ ပေါ့ပါးပြီးအသားဖြူဖြူလေးတွေမို့ ကျွန်တော်တော့ သိပ်ကြိုက်တယ်။ ဇာနားတစ်လွှာထပ်ထားသေးတဲ့ အခန်းဆီးအဖြူလေးတွေကလည်း ပြတင်းပေါက်တိုင်းမှာ အပြည့်ပဲ၊ ဧည့်ခန်းမလေးဆီကနေ နောက်ဖက် လှေခါးနိမ့်နိမ့်လေး သုံးလေးထစ်ဆင်းလိုက်တဲ့အခါ မီးဖိုခန်းလေး ရောက်တယ်။ မီးဖိုခန်းက မကျယ်လွန်း၊ မကျဉ်းလွန်း၊ ပစ္စည်းတွေအားလုံးကလင်းပြီး ဖွေးဖွေးလွလွလေးတွေ ချည်းပဲ၊ မဆိုးဘူး။ ဒီအိမ်လေးရဲ့နံရံတွေမှာတော့ ပန်းချီကားတွေနဲ့ရှုပ်မနေဘူး၊ ရှင်းရှင်းလင်းလင်းရှိတယ်၊ ရှင်းရှင်းလင်းလင်းရှိတာလဲမပြောနဲ့၊ ဒီအိမ်ထဲမှာ သက်ရှိဆိုလို့ ဟို သတင်းစာဖတ်နေတဲ့ နဖူးကျယ်ကျယ် လူတစ်ယောက်ပဲရှိတယ်၊ နဂိုကရှင်းနေတဲ့အိမ်က လူမရှိတာနဲ့ပဲ ပိုပြီးရှင်းပြောင်ပြောင်ကြီး၊ ကျွန်တော်က ကလေးတွေအများကြီးနဲ့ ၀ုန်းဒိုင်းကျဲနေတဲ့ မိသားစုမျိုးကို သဘောကျတာ။

ကျွန်တော်တို့ရဲ့အိမ်မှာကလည်း အမြဲလိုခြောက်ကပ်တိတ်ဆိတ်လို့၊ သက်ငြိမ်အိမ်တစ်အိမ်ကို ကျွန်တော်မကြိုက်ဘူး၊ ကိုယ်ဒဏ်ရာရလို့ လဲကျနေရင်တောင် ဘယ်သူမှသိနိုင်မှာမဟုတ်တဲ့ အခြေအနေမျိုးကို မကြိုက်ဘူး။ ဒက်ဒီရော... တစ်ခါမှတ်မိပါသေးတယ်။ ဒက်ဒီ့လက်ခုံမှာ ဒဏ်ရာရပြီးသွေးစသွေးနတွေနဲ့၊ သူ့ဘာသာလည်း ဂရုမစိုက်ဘူး။ ကျွန်တော်တို့နေ့လည်စာစားဖြစ်တော့မှ ကျွန်တော်ဒက်ဒီ့လက်မှာတွေ့လိုက်တယ်။ ဆေးထည့်ဖို့ပြောနေရင် ဒက်ဒီကလုပ်မှာ မဟုတ်ဘူး။ ဒါနဲ့ပဲ အရက်ပြန်ပုလင်းယူလာပြီး လက်ပေါ်လောင်းချပေးလိုက်တယ်။ ဒက်ဒီ့မျက်နှာကြည့်လိုက်တော့ မထုံထက်တေးဟန်နဲ့၊ သူ့ရဲ့စားလက်စအသားပြားကြီးကိုပဲ ဓါးနဲ့ကြိတ်ဖြတ်နေခဲ့တာ။ အခုရော ဒက်ဒီ အဲဒီလို ပေပေတေတေ နေ နေဆဲပဲလား။

ကျွန်တော်လဲ မြန်မြန်ကြီးပဲ အိမ်ထဲလှည့်ပတ်ကြည့်ပြီး ဒက်ဒီ့ကိုမျက်ခြေမပြတ်အောင် ပြန်လိုက်ရသေးတယ်။ ကားဆီကိုပြန်လွင့်လိုက်၊ အိမ်လေးတွေဆီဝင်ငေးလိုက်၊ ဒီလိုနဲ့ နောက်တစ်အိမ်ရောက်ပြန်ပြီ၊ ဒီအိမ်လေးကတော့ နှစ်ထပ်အိမ်လေး၊ မီးဝါ၀ါတွေပဲထွန်းထားလိုက်တာ၊ အ၀ါရောင်မီးရောင်တွေကြောင့် တစ်အိမ်လုံးမှာ ရွှေရောင်တွေတဖွားဖွားဖြာကျလို့နေတယ်။ နှစ်ထပ်အိမ်လေးပေမဲ့ သစ်ချောင်းတွေ အပြည့်ကာထားတဲ့ စတိုခန်းကအောက်ဆုံအထပ်၊ ပထမထပ်ကိုရောက်ဖို့က လှေကားမြင့်မြင့်လေးနဲ့ တက်ရသေးတယ်။ လှေကားတစ်လျှောက်နဲ့ အိမ်ရှေ့ဆင်ဝင်ကို သစ်သားချောင်းနှစ်ချာင်းနဲ့ပဲ ကာထားပုံကိုကကြည့်လို့သာလှနေရဲ့။ ကလေးငယ်လေးတွေဆိုရင်တော့ ပြုတ်ကျနိုင်တယ်။ ကျွန်တော်တော့ စတိုခန်းထဲလည်း အပြေးအလွှားခေါင်းပြူကြည့်တော့တာပဲ၊ ဘာတွေရှိမလဲပေါ့၊ ရွာလေးတွေရဲ့ စတိုခန်းထဲမှာကတော့ရေပိုက်တွေ၊ မြေကြီးတူးတဲ့ပေါက်ပြားမျိုစုံ၊ သစ်သားဖြစ်စက်တွေ၊ လွှတွေ၊ အသီးခူးတဲ့ခြင်းတွေလဲအများကြီးပဲ၊ ပန်းသီးတွေအပြည့်ထည့်ထားတဲ့ခြင်းတွေလည်းရှိတယ်။

အဲဒီအချိန်မှာမှ ကျွန်တော့်ကိုတစ်ယောက်ယောက်ကစိုက်ကြည့်နေသလို၊ ကြက်သီးတောင် တဖြန်းဖြန်းထတယ်ဗျို့၊ တစ္ဆေလဲကြောက်တတ်တာပဲဗျ၊ ဖြည်းဖြည်းချင်းပြန်ကြည့်ရတယ်။ အော ... ပိုက်လုံးအကြီးကြီးတွေရဲ့နောက်မှာ မျက်နှာဖုံးတွေ ဆေးရောင်မျိုးစုံနဲ့၊ လူနီအင်ဒီယန်းလူရိုင်းတွေရဲ့ မျက်နှာပုံစံတွေဆေးခြယ်ထားတယ်။ ကျွန်တော်ငယ်ငယ်က ဒက်ဒီလုပ်ပေးခဲ့ဖူးတဲ့ မျက်နှာဖုံးတွေတောင် သတိရလိုက်တယ်။ ဒယ်ဒီ့မျက်နှာဖုံးတွေကတော့ဗျာ .. ယုန်၊ ဖား၊ ခြင်၊ ပျား၊ ၀က်ဝံ၊ ယင်ကောင်တိရစ္ဆာန် အကောင်ပလောင်တွေချည်းပဲ၊ အဲဒီတုန်းကတော့ ကျွန်တော့်ဒက်ဒီကို အရာရာစွမ်းဆောင်နိုင်တဲ့ လူစွမ်းကောင်းကြီးလို အထင်ကြီးခဲ့တာပေါ့။ နောက်ပိုင်းတော့ အဲဒီမျက်နှာဖုံးတွေနဲ့လည်း ကျွန်တော်မဆော့တော့ပါဘူး။ ကျွန်တော့်ဒက်ဒီကိုလည်း လူစွမ်းကောင်းကြီးလို့မမြင်တော့ဘူး။ နောက်တာပါဗျာ ..

ကျွန်တော်လည်းအိမ်တွေ အိမ်တွေဆီ လျှောက်လည်မိတဲ့အချိန်ကျမှပဲ အိမ်လေးတွေရဲ့ အပြင်ပန်းကွဲပြားပုံတွေမြင်ရသလို၊ အတွင်းပိုင်းမှာ တစ်အိမ်နဲ့တစ်အိမ်ဘယ်လိုမှ မတူနိုင်ကြတာတွေကိုသိလာရတယ်။
လူတွေ လူတွေမှာလည်း ဒီလိုအပြင်ပန်းရုပ်သွင်တွေကွဲပြားနေသလို အတွင်းစိတ်တွေမှာလည်း အမျိုးမျိုး အဖုံဖုံရှိနေကြတာပါပဲ။
အဲဒီကွဲပြားမှုတွေက တစ္ဆေကျွန်တော့်အတွက်တော့ စိတ်ဝင်စားဖို့ အကောင်းဆုံးတွေပဲ။
လူတွေရဲ့ကိုယ်တွေထဲလည်းဝင်လည်ချင်ပါရဲ့။
လောလောဆယ် လူတွေရဲ့ကိုယ်ထဲ လည်လို့မရသေးခင် အိမ်တွေလည်ရင်း လည်ရင်းနဲ့ပဲ ....
ဒက်ဒီနဲ့လည်း မျက်ခြေပြတ်သွားခဲ့ပြီ။
ဒါပေမဲ့ ကျွန်တော်အိမ်တွေ လျှောက်လည်ပါဦးမယ်။ အထူးသဖြင့်အိမ်လှလှလေးတွေဆီကိုပေါ့၊
ကျွန်တော် ခင်ဗျားတို့ဆီလဲ လာလည်ချင်ပါသေးတယ်။
ခင်ဗျားတို့ ကြိုဆိုချင်ရဲ့လားဗျို့ .....

ခင်ဗျားတို့ရဲ့ အိမ်တွေဆီကို ...
ပြီးတော့ လည်မယ်။
ခင်ဗျားတို့ရဲ့ ကိုယ် ..စိတ် .. အိမ်တွေဆီကို။        ။
(အလင်္ကာဝတ်ရည်၊ ဒီဇင်ဘာ ၂၀၁၀)

6 comments:

sosegado said...

အိုင်ဒီယာလေးမိုက်တယ်၊ တစ္စေတစ်ကောင် အိမ်လည်ပြီ၊ အဲဒီအိမ်က လူတွေအကြောင်းဆက်ရေးပါလား၊ စိတ်ဝင်စားတယ်၊

မြတ်မွန် said...

သိပ်ကောင်းတာပဲ မမရေ..
ကြောက်တယ်..။ လာလည်ပါ ရပါတယ်။
စောင်ထဲဝင်ပြီး ပုန်းနေမယ်။

sonata-cantata said...

တို့များ အိမ်ကို လာလည်ပါ
လည်ပြီးရင်တော့ အပြင်က ဘယ်လို အတွင်းက ဘယ်သို့ အမြင်လေးတွေ ရေးပေးရမယ်နော်...

ပို့စ်မဖတ်မီ စီဘောက်မှာ အရင် ရေးလိုက်သေးတာအေ့
ရေးမိတာတွေက ပို့စ်နဲ့လည်း သက်ဆိုင်သွားသလို ဖြစ်သွားတယ်နော်

အမှတ်တရ
တစ္ဆေလေးနဲ့ အလည်ကောင်းလိုက်တာ ထမင်းအိုးတူးသွားတယ်။
ဒီက rice cooker နဲ့ ချက်တာမဟုတ်ဘူး...မနက်ဖက်က သားအမိနှစ်ယောက်ထဲ စားမှာမို့ ထမင်းအိုး သေးသေးလေးနဲ့ ချက်တာ...
ထမင်းချိုးတူးနံ့လေး မွှေးတယ် သိလား ဖြိုးဖြိုး...

ရွှန်းမီ said...

စောစောကပဲ Casper cartoon ကြည့်နေတာ..
တိုက်ဆိုင်လိုက်တာ.. တစ္ဆေလေးနဲ့သိရင် အိမ်ခန်းအလှဆင်ဖို့ အကြံပေးခန့်မှပဲ =)

SHWE ZIN U said...

ချစ်စရာ သနားစရာ တစ္ဆေလေး အိမ်လည်တာ ဖတ်လို့ကောင်းပါတယ်..


ကျေးဇူး
ရွှေစင်

PhyoPhyo said...

@sosegado -ကျေးဇူး၊ အဲဒီလိုရေးကြည့်ဦးမယ်
@မြတ်မွန် - မွန်ရေ ကျေးဇူး
@ sonata-cantata - မသီတာရေ၊ ထမင်းအိုးတူးသွားလို့ စိတ်တောင်မကောင်းဘူး၊ တစ္စေလေးကစွမ်းပါ့မလား၊ အဲ့ဒီလောက် :)
@ရွှန်းမီ- ရွှန်းမီလေးကျေးဇူး၊ တစ္စေလေးတော့ အလုပ်ရပြီ
@SHWE ZIN U - မရွှေဇင်၊ ကျေးဇူးအများကြီး