Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Wednesday, March 03, 2010

ကိုယ့်ရဲ့ဇနီးမို့လို့ပေါ့

အိပ်မရတဲ့ညတွေ မရှိတာကြာခဲ့ပါပြီ ..
ဒီနေ့ တော့ အစောကြီးပဲ မနက် တော်တော်စောစောကြီး မျက်စိကပြူးကြောင်ကြောင် ပြန်အိပ်လို့မရ ..
ခန်းဆီးစနောက်ကွယ်က ပါးလျားလျား ကောင်းကင်ရဲ့အလင်းက ဆောင်းအကုန်နေ့တွေထဲမှာ ထူးထူးကဲကဲ ပိုလင်းလို့နေရဲ့ .. နှင်းတွေများ ကျနေပြန်ပြီလား ..
နှင်းကျတဲ့နေ့တွေဆို ကောင်းကင်တစ်ခုလုံးက လင်းထိန်နေတတ်တယ်၊
နှင်းမကျတဲ့ညတွေအိပ်ပျော်သွားခဲ့ရင် ညလယ်တစ်ရေးနိုးချိန် ကောင်းကင်ကြီးကအလင်းတွေပိုကဲနေပြီဆို နှင်းကျနေပြီဆိုတာ သိနိုင်တယ်၊
ခန်းဆီးစကို ဆွဲဖွင့်ရင်း ကောင်းကင်ကြီးကို ခိုးအကြည့် .. အိုး .. မြူတွေ ..
မြူတွေ ကောင်းကင်တစ်ခုလုံးပြည့်လို့ ..
နှင်းကတော့ မကျနိုင်တော့ပါဘူး၊ နွေဦးရာသီထဲဖြည်းဖြည်းတိုးဝင်နေပြီကိုး ..

ခန်းဆီးစကို အဆုံးထိဆွဲဖွင့်ထားပြီ အိပ်ရာထဲက ငေးရင်း သူ့ကို ပြောပြတယ်၊ ကြည့်ပါဦး ဟိုမှာ မြူတွေဆိုတော့ အဆုံးထိပိကျနေတဲ့သူ့ရဲ့ မျက်ခွံတွေ အနိုင်နိုင်ဆွဲဖွင့်ရင်း လှမ်းကြည့်တယ်၊ “အင်း ဟုတ်ပါရဲ့ မြူတွေ”တဲ့ .. ပြီးတော့ စက္ကန့်မဆိုင်းပြန်အိပ်ဖို့အဆင်သင့်ဖြစ်နေပြန်ပြီ၊
ကျွန်မက “ပြန်အိပ်လို့မရဘူး” လို့ ထပ်ပြောတော့ မျက်ခွံတွေကိုမဖွင့်ချင်ဖွင့်ချင် မှေးစင်းစင်းနဲ့ ကျွန်မကို ကြည့်ရင်း “ပုံပြောပြရမလား”တဲ့၊ လေသံက ဗလုံးဗထွေးနဲ့၊ ဒီလိုလေသံမျိုးနဲ့ ဘာပုံပြင်ကို ဘယ်လိုနားထောင်ချင်အောင်ပြောမှာတဲ့လဲ၊ နားမထောင်ချင်ပါဘူး၊
ကျွန်မက “ဟင့်အင်း”လို့ ဆိုတော့ သူဝမ်းသာသွားပုံနဲ့ ခပ်ဆိတ်ဆိတ်နေတယ်၊
ဒါနဲ့ပဲ ကျွန်မ သူ့ကို စချင်နောက်ချင်လာရော ..
“နဲ့နတ်ဒဲ့ .. ကျွန်မကိုချစ်လား”လို့ မေးလိုက်တယ်၊
သူဖြေပါတယ် .. “ချစ်တယ်၊ သိပ်ချစ်ပါတယ်” တဲ့
ဒါနဲ့ ကျွန်မ ထပ်မေးတယ်၊ “ဘယ်လောက်ချစ်တာလဲ” လို့
သူလဲ ထပ်ဖြေပါတယ်၊ “ဟိုး .. အပေါ်ထပ်က ပန်းပွင့်လေးတွေကနေ ကိုယ်တို့ပန်းအိုးထဲကို တိုက်ရိုက်ကျတောင့်ကျခဲ မျိုးစေ့လေးတွေကျလာတယ်မလား၊ အဲဒီလို မျိုးစေ့တွေက ပန်းပင်တွေထပ်ပေါက်လာပြီး .. ပန်းပွင့်ဖြူဖြူလေးတွေပွင့်လာတာလေ .. ဟန်နီ သိတယ်မဟုတ်လား.. အဲဒီပန်းပွင့်လေးတွေကနေ ပန်းပင်တွေအများကြီး ပွားလာဦးမှာ ပန်းပွင့်တွေပွင့်လာဦးမှာ .. အဲဒီလောက်ချစ်တယ်” တဲ့ .. အိပ်ချင်မူးတူးဖြစ်နေပေမဲ့ စီကာပတ်ကုံးရှင်းပြနေတဲ့ သူ့ကို ကြည့်ရင်း တဟီးဟီး ကျွန်မကရယ်တော့ သူကလဲ ရယ်တယ်၊
ကျွန်မက ဒီလောက်နဲ့ မရပ်သေးဘူး .. “ဘယ်လောက်ကြာကြာချစ်မှာလဲ” လို့ ထပ်မေးလိုက်တယ်၊
သူက သူ့ဘ၀နောက်ဆုံးချိန်ထိချစ်မှာပါ တဲ့ .. စဉ်းစားဟန်ပြုပြီး ခပ်ဖြည်းဖြည်းဖြေတယ်၊ အမှန်က သူ အရမ်းကိုအိပ်ချင်နေတဲ့ပုံစံပါ၊
နောက် ကျွန်မ ထပ်မေးပြန်ပါတယ်၊ “ဘာဖြစ်လို့ ချစ်တာလဲ”ဆိုတော့ ...
သူ ဖြေတယ် .. “ကိုယ့်ရဲ့ဇနီးမို့လိုပေါ့” တဲ့ ..
ကျွန်မဖြင့် ဘာဆက်မေးလိုက်ရမှန်းတောင် မသိတော့ဘူး၊ ကျွန်မက ဘာမေးရမလဲ၊ ဘာမေးခွန်းနဲ့ ဆက်နောက်ရမလဲ စဉ်းစားရင်းခဏလေးပဲ ငြိမ်နေမိသေးတယ်၊ သူ က ..ရှုး... ရှုး...နဲ့ ခပ်တိုးတိုး ဟောက်သံပြုတယ်၊ သူ တကယ့်ကို ပြန်အိပ်ပျော်သွားပြီ၊ ကျွန်မ ထပ်မေးလဲ ဖြေမှာမဟုတ်တော့ဘူး၊
ဒါနဲ့ပဲ ကျွန်မလဲ ပြန်အိပ်ဖို့ ကြိုးစားရတော့တယ်။

4 comments:

မေဇင် said...

:) ... ကိုယ့် ရဲ့ ဇနီး မို့ ချစ်တယ် ဆိုတာ ... ဘယ်လောက် ကံကောင်းထားလဲ...း)

Anonymous said...

သူ့ဇနီး..ဖြိုးရေ...
နွေဦးရောက်တော့မှာဆိုတော့..ပျော်နေပြီပေါ့


ပေါက်

Vista said...

တော်လိုက်တဲ့ ခင်ပွန်းပဲ ...

Thandar Lwin said...

“ဟိုး .. အပေါ်ထပ်က ပန်းပွင့်လေးတွေကနေ ကိုယ်တို့ပန်းအိုးထဲကို တိုက်ရိုက်ကျတောင့်ကျခဲ မျိုးစေ့လေးတွေကျလာတယ်မလား၊ အဲဒီလို မျိုးစေ့တွေက ပန်းပင်တွေထပ်ပေါက်လာပြီး .. ပန်းပွင့်ဖြူဖြူလေးတွေပွင့်လာတာလေ .. ဟန်နီ သိတယ်မဟုတ်လား.. အဲဒီပန်းပွင့်လေးတွေကနေ ပန်းပင်တွေအများကြီး ပွားလာဦးမှာ ပန်းပွင့်တွေပွင့်လာဦးမှာ .. အဲဒီလောက်ချစ်တယ်”

ဖြေတတ်လိုက်တာ ချစ်တာလဲအများကြီးဘဲ ..ချစ်တဲ့အရေအတွက်ကို ပန်းတွေနဲ့ နှိုင်းထားတာ ဘယ်လောက်ကောင်းလဲ ....