Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

Thursday, January 07, 2010

ကျွန်မရဲ့ သူ၊ သူ့ ရဲ ပိစိကွေးအင်စတော်လေးရှင်းများ

artist တွေဟာ တော်တော်ထူးဆန်းတဲ့လူသားတွေဆိုတာကျွန်မအရင်ကတည်းက သိထားပေမယ့် အခုလို နီးနီးနားနားနေရပြန်တော့ ပိုပိုပြီးထူးဆန်းတာတွေ သိလာရပြန်ရော၊ ဒီနေ့ ညနေစာ စားပြီး ကော်ဖီလေးတစ်ခွက်နဲ့ ဟိုဟိုဒီဒီရှာဖွေ ဂိမ်းဆော့၊ facebook မှာမွေးထားတဲ့ ကြောင်လေးတွေ အစာကျွေး၊ သူတို့ကို လည်ပင်းလေး၊ ကျောလေးတွေပွတ်သပ်ပေး၊ ဒီလိုနဲ့ အမှတ်တွေတိုးလာ၊ သူတို့နဲ့ ကြွက်အရုပ်ပေးဆော့၊ ပြီးတော့ ဟိုး ငယ်ငယ်လေးကတည်းက ဆော့ခဲ့ဖူးတဲ့ battle city တင့်ကားဂိမ်းကို အင်တာနက်မှာရှာပြီးဆော့၊ ဟော ကြယ်ဖြူဖြူလေး ဒါဆို တင့်ကားက ကျည်ဆံ မြန်လာတယ် စားဖို့ အမြန်ပြေးနေတုန်း၊ ဗြုန်းကနဲ အခန်းထဲ သူ ၀င်လာပါရော၊ "ဟန်နီရေ ကြည့်ပါဦး"တဲ့ ဘာမပြောညာမပြော ကြည့်ပါဦးဆိုတော့ ကျွန်မလဲ ကြည့်ပေးရတာပေါ့၊ သူ့လက်ထဲမှာတော့ ထင်းရှုးသားဖြတ်စလေးတစ်ခုထဲ ကြေးနန်းကြိုး သွပ်ကြိုးတွေစိုက်ထည့်ထားတဲ့ ပိစိကွေးအရာတစ်ခု ကိုင်လို့ ဘာမှန်းလဲမသိ၊ ကျွန်မကလဲ ဖြီးတာပေါ့ အင်း ကြေးနန်းကြိုးရောင်၊ သွပ်ရောင်တွေနဲ့ဆိုတော့ သက်တန့် ခုံးခုံးလေးလိုပဲ လို့ ဘာရယ်မဟုတ် သူ့ကိုကျေနပ်အောင် ပြီးပြီးရော ပြောလိုက်တာ၊ ပြောလိုက်ခါမှ သူ့မျက်နှာက ပြုံးဖြီးဖြီးနဲ့ ၀င်းကနဲလက်သွားလိုက်တာများ သကြားလုံးရတဲ့ ကလေးလိုပဲ၊ ဒါ sunset တဲ့ အော် .. နေ၀င်တာပေါ့ ဘာပဲဖြစ်ဖြစ် သူ့ ပိစိကွေးအရာလေးအတွက် မှတ်ချက်တစ်ခုရတော့ သူကျေနပ်သွားတယ်၊ လှစ်ကနဲ ပြန်ထွက်သွားပြန်ရော၊ ကျွန်မလဲ ဂိမ်းဆက်ပြီး ဆော့မယ်လုပ်တော့ ကျွန်မ တင့်ကားလေးကို ရန်သူ တင့်ကားက ၀င်ပစ်သွားပြီ၊ စားစရာကြယ်ကလဲ အချိန်နဲနဲကြာတော့ ပြန်ပျောက်သွားပြီပေါ့၊
ဒါနဲ့ပဲ ကျွန်မ စာရေးမယ် ပြင်တုန်း တံခါးဝက သူ ပေါ်လာပြန်တယ်၊ လက်ထဲမှာ လဲ နောက်ထပ်ပိစိကွေးတစ်ခု၊ ဘာပါလိမ့်၊ ကျွန်မစိတ်တော့ အတော်ညစ်သွားတယ်၊ ကျွန်မ က အင်စတော်လေးရှင်းတို့ performance တို့ sculpture တို့ နဲနဲမှ မခံစားတတ်ဘူး၊ သိလဲမသိဘူး၊ ပန်းချီကားလှလှမြင်ရင် သဘောကျတာလောက်ပဲ၊ သူ့ လက်ထဲ မှာ ဒီတစ်ခါ ဘဲငန်းဖြူဖြူလေး လည်က ရှည်ထွက်လို့ ပါးစပ်က အဖြဲသား၊ ဒီအတိုင်းလက်နဲ့ ကိုင်ပြရုံတင်မဟုတ်ဘူး ဖြတ်ကနဲ စားပွဲပေါ်တင်လိုက်သေးတယ်၊ အဲဒီတော့ အောက်ခြေကို လုံးလုံးဝိုင်းဝိုင်းလုပ်ထားတဲ့ ဘဲငန်းဖြူဖြူလေးက လှုပ်တုတ်လှုပ်တုတ်နဲ့ မရပ်တော့ဘူး၊ ပြီးတော့ ဘယ်ဘက်ကိုယိမ်းနေတယ်၊ ကျွန်မ က ရုတ်တရက်အင်မတန်စချင် နောက်ချင်စိတ်ကပေါ်လာတာနဲ့ "ဟီး ဘဲလေးက ဘယ်သန်နော်" လို့ ရီပြော ပြောလိုက်မိတယ်၊ သူကလဲ အသံများထွက်အောင်ရီ၊ သဘောတွေကျလို့၊ အဲဒီ ဘယ်သန်ဘဲဖြူလေး ပြန်ကောက်ယူပြီး ခပ်သွက်သွက်ထွက်သွားပြန်တယ်၊
ကျွန်မ ခေါင်းကို ကွန်ပျူတာစကရင်ဘက်လှည့်ခါရှိသေး လာပြန်ပြီတစ်ခါ၊ ဒီတစ်ခါ ကလေးရုပ် ခေါင်းနဲ့ ဘယ်က ရှာဖွေစုဆောင်းထားမှန်းမသိ၊ စစ်သားရုပ်ခြေထောက်တွေဆက်လို့၊ ကိုယ်ထည်နောက်ပိုင်းနေရာမှာ မွန်ရိုးပုံ အသေးလေးညှပ်ထည့်ထားလိုက်သေးတယ်၊ ဒီပိစိကွေးက လမ်းလျှောက်နိုင်သေးတယ်ဆိုပဲ၊ ဓါတ်ခဲနဲ့ နန်းကြိုးဆက်ပြီး လွှတ်လိုက်တော့ ဆတ်တောက် ဆတ်တောက်သွားနေပုံက အသည်းယားဖို့ကောင်းလိုက်တာ၊ ကျွန်မမှာ အဲဒီကို့ရိုးကားယား အရုပ်လေး လမ်းလျှောက်နေပုံကြည့်လိုက် သူ့ကိုကြည့်လိုက်နဲ့ အူကြောင်ကြောင်၊ သူကတော့ အရောင်တဖြတ်ဖြတ်လက်နေတဲ့ မျက်လုံးမျိုးနဲ့ စိတ်ဝင်တစားကြည့်နေတာများ ဒီတစ်ခါတော့ ကျွန်မမှတ်ချက်ဆန်းဆန်းမဖြီးတတ်တော့ဘူး၊ ရှင်က သိပ်ထူးဆန်းတာပဲ လို့ ပဲ ပြောလိုက်နိုင်တယ်၊ အဲဒီပိစိကွေးအရုပ်ထက် ရှင်က ပိုထူးဆန်းတယ်လို့ပြောလိုက်မိတယ်၊ ဒါလဲ သူက သဘောကျပြန်တာပဲ၊ ပြုံးစိပြုံးစိနဲ့ အဲဒီကို့ရိုးကားယားလေးကို ပြန်ကောက်ယူပြီးထွက်သွားပြန်ပြီ၊
ဒါနဲ့ပဲ ကျွန်မနေရာပြန်ထိုင်ပြီး ဂိမ်းဆော့မလို့ အစကပြန်အရှိန်ယူနေတုန်း "ဒါလေးကိုကြည့်ပါဦး" တဲ့ လာပြန်ပြီ၊ မီးလုံးတစ်လုံး၊ မီးလုံပေါ်မှာ အဖြူရောင်ဆေးတွေနဲ့ ခေါင်းမိုးချွန်ချွန်အိမ်ရယ်၊ နေလို လ လို အ၀ိုင်းရယ်၊ ဟို ဒီ ခြစ်ထားတဲ့ လိုင်းတွေရယ်၊ ဘယ်သူသွားပြပြ သိသာနေတဲ့ အိမ်လေးကို ကျွန်မက ဒါ အိမ်ပုံ လို့ ပြောတော့ ပြုံးစိစိနဲ့ ငြိမ်ပြီးနားထောင်နေတယ်၊ ပြီးတော့ ဒါ က တော့ "နေ" လို့ပြောလိုက်တော့ "လ" ပါတဲ့၊ အော် အင်း "လ" ပေါ့၊ ကျန်တဲ့လိုင်းတွေက တိမ်တွေလို့ ပြောတော့ ဘာမှတော့ပြန်မပြောပါဘူး၊ "အမြင်အမျိုးမျိုးက ကြည့်လို့ရတယ် တခြားဘက်က ကြည့်ရင် အရသာ က တစ်မျိုး"ဆိုပြီး လှည့်ပြလိုက်သေးတယ်၊ ကျွန်မ လဲ ဟုတ်ပါရဲ့ တမျိုးတော့တမျိုးပဲ ဆိုပြီး ရောယောင်ထောက်ခံပေးလိုက်ပါတယ်၊ သူ ကျေနပ်သွားပြန်တယ်၊ မီးလုံးလေး တယုတယကိုင်ပြီး အခန်းထဲက ပြန်ထွက်သွားပြန်တယ်၊ သူ့အလုပ်ခန်းထဲဝင်သွားတယ်၊ ဒီလိုနဲ့ သိနေပြီ သူနောက်တစ်ခု ယူလာပြဦးမယ်ဆိုတာ၊
နောက်တစ်ခု က ဇွန်းကို ကွေးပြီး အလုံးဖြူဖြူလေး ၂ လုံးထည့်ထားတဲ့ ပိစိကွေးလေး ယူလာပြန်တယ်၊ ရွှေရောင်အလုံးလေးတွေနဲ့ ရွှေရောင်ဇွန်းဆို ပိုကြည့်ကောင်းမယ်လို့ စိတ်ဝင်စားချင်ယောင်ဆောင်ပြီး လျှောက်ပြောလိုက်တော့ သူက ခပ်ဆဆတွေးဟန်ပြုလို့ ခေါင်းတညိမ့်ညိမ့်နဲ့၊ “ဟုတ်တယ်နော်” တဲ့၊ ကျွန်မထက် ၁၀ နှစ်တောင်ကြီးတဲ့ သူ က ခုလိုကျတော့ တကယ့်ပီဘိ ကလေးတစ်ယောက်လိုပဲ၊ အမေကိုကိစ္စကြီးငယ်လာတိုင်ပင်နေတဲ့ သားတစ်ယောက်လို၊ ကျွန်မဘာပြောပြော သူ့မှာကျေနပ်နေတော့တယ်၊ ပြီးတော့ ပြောသေးတယ် သူ့မှာ ဒါမျိုးလေးတွေ အများကြီးဆိုပဲ၊ သဘောကတော့ တစ်ခုပြီးတစ်ခု ပြဦးမယ်ပေါ့၊
ဒီလိုနဲ့ နောက်ပိစိကွေးတစ်ခု လူ ၄ ယောက်က အောက်ကကြိုးနဲ့ ၀ိုင်းပြီးဆွဲနေပုံ၊ အလယ်ကလူက အပေါ်အောက် ဆင်းလိုက်တက်လိုက်၊ ကျွန်မဘာပြောရမှန်းမသိလို့ ဘာစိတ်ကူးနဲ့ "ဒါကိုလုပ်တာလဲ"ဆိုတော့ "ဒီလိုလုပ်ချင်လို့"တဲ့ ပခုံးကိုပဲ တွန့်ပြတယ်၊ ဒါကြောင့်ကျွန်မကတောင် နောက်မိသေးတယ်၊ "ပြခန်းတစ်ခုမှာ ပန်းချီကားတစ်ခုကို လူ ၃ ယောက်လောက် ၀ိုင်းကြည့်နေကြတယ်၊ သူတို့ရဲ့ အမြင်တွေက အမျိုးမျိုး တစ်ယောက်က ဆိုတယ် ဒါ လူနှစ်ယောက်ပုံ၊ တစ်ယောက်က ဒါ ကြောင်လေးပါတဲ့၊ နောက်တစ်ယောက်က သစ်တောစပ်စပ်နဲ့ abstract ဆန်ဆန်ပေါင်းပြီးဆွဲထားတာပါတဲ့၊ နောက်တစ်ယောက် ရောက်လာတယ်၊ ပန်းချီကားကိုဆွဲသူပေါ့၊ သူ က မေးစေ့ကိုပွတ်ရင်း ခင်ဗျားတို့ တကယ်ပဲ အဲလိုမြင်ကြလား အမှန်က ရိုးရိုးမျဉ်းကြောင်းတွေ ဟိုဒီ စိတ်ကူးတည့်သလိုဆွဲထားတာပါတဲ့" သူ့ ကိုအဲဒါ ပြောပြရင်း "ရှင်လည်း ဒီလိုလား"ဆိုတော့ ပခုံးထပ်တွန့်ပြတယ်၊ သေချာပါတယ် သူ့မှာလဲ အဖြေမရှိဘူး၊ ကျွန်မ ထပ်မေးရင် ပခုံးပဲ တွန့်ပြဦးတော့မယ်၊ နောက်ထပ်တစ်ခုကလည်း တကယ့်ကို ဘာမှ မဟုတ် နန်းကြိုးကို ဟိုလိမ်ဒီလိမ် ခေါင်းနေရာမှာ သစ်ရွက်ခြောက်သေးသေးတွေကို ကော်နဲ့ကပ်ထားတယ်၊ အဲဒါ dancer တဲ့၊ အော် ဖြစ်ရတယ်၊
နောက်တစ်ခု ဒါက သူ ရခဲ့ဖူးတဲ့ ပရောဂျက်တစ်ခု ဂိတ်အ၀င်ဝတစ်ခု ပုံစံငယ်တဲ့၊ ယောက်ျားနဲ့ မိန်းမပုံတဲ့၊ အပေါက်တွေက ကျောချင်းကပ်ပုံ၊ ဒါနဲ့ "ရန်ဖြစ်ထားလို့လား" မေးတော့ သူက တခွီးခွီးနဲ့ ရယ်တယ်၊ နောက် ပင့်ကူလူသားတဲ့၊ ခြေထောက်၂ ချောင်းပဲ ဆက်ထားတယ်၊ ကြည့်ရင်း ကွန်မက "ကြည့်ရတာ ညောင်းလိုက်တာ"လို့ ပြောလိုက်တော့ ရယ်ပြန်တယ်၊


နောက်ထပ်တစ်ခု က တရားထိုင်နေတဲ့ သူပုံ ရှရီချင်မွိုင်(Sri Chinmoy) ပုံစံငယ် ပလာစတာရုပ်လေးပါ၊ အိန္ဒိယလူမျိုးတရားဟောဆရာ တရားထိုင်ဖို့ သင်ကြားပေးခဲ့သူရဲ့ ပုံပါ၊ (ကျွန်မရဲ့သူ- သူကိုယ်တိုင်လဲ တရားထိုင်ဖူးတယ်တဲ့) အဲဒီ Sri Chinmoy မှန်း သူ့ဆီက စာအုပ်တွေတွေ့ထားဖူးလို့ သိနေတယ်၊ တွေ့တွေ့ချင်း “ဒါ ရှရီချင်မွိုင်မလား” လို့မေးလိုက်တော့ သူ့မျက်နှာ ပီတိတွေဖြာသွားလိုက်တာ၊ တော်တော်ကျေနပ်သွားရှာတယ်၊

ဒီလိုနဲ့ ပဲ ပိစိကွေးနောက်တစ်ခု .. နောက်တစ်ခု ထပ်ထပ်ပြီး ထုတ်ပြတယ်၊ တကယ်ပဲ ပိစိကွေးကို့ရို့ကားယားလေးတွေ သူ့ဆီမှာ အများကြီးပဲ အဲဒီနေ့က ကျွန်မ ဂိမ်းမဆော့နိုင် စာမရေးနိုင် သူ့ရဲ့ ပိစိကွေး အင်စတော်လေးရှင်း sculpture တွေ မှတ်ချက်ပေးရင်းနဲ့ပဲ ....




9 comments:

PAUK said...

အနုပညာကို သိပ်နားမလည်ဘူး။။
ဒါပေမယ့်...
လမ်းဘေးperformance တွေ့ရင်တော့ ရပ်ကြည့်ဖြစ်တယ်။။
မကြည့်လို့လဲ မရဘူးလေ..။။ချန်းက အတင်းရပ်ခိုင်းတာ။။

ဇွန်းလေးနဲ့ လုပ်ထားတာတော့ သဘောကျတယ်။။
dancer နဲ့ ပင့်ကူလူသားကိုလဲ ကြိုက်တယ်။။

မီးသီးမှာ ပုံဆွဲထားတာလဲ ချစ်စရာလေး။။

လွတ်ငြိမ်းလေပြေ (breeze) said...

installation art ကို ဖန်တီးဖို့နားမလည်ပေမယ့်
ခံစားရတာ သဘောကျတယ် အစ်မ
ဇွန်းလေးနဲ့လုပ်ထားတာ ကြိုက်တယ်
အောက်မှာ ပုံရှစ်ပုံ ပြထားတဲ့အထဲက ပထမတန်း ဘယ်အစွန်ပုံကြိုက်တယ်
တံခါးပေါက်လေးလို ခံစားရတယ်

cbox မရှိလို့ ဒီမှာပဲမေးလိုက်ဦးမယ်
ကြက်တူရွေး ငပြောင်လေး နေကောင်းရဲ့လား ၊ ဖြူဖြူလေးရော


Happy 2010 ပါနော်

sonata-cantata said...

ဖြိုးဖြိုးရေ လောကမှာ အမ နားမလည်တာတွေ အများကြီးပါ
အဲ့ဒီထဲကမှ ဒီပို့စ်မှာ ပြထားတဲ့ အရာတွေကိုတော့ စိတ်ဝင်စားမိပါတယ်

မင်းဒင် said...

installation art ဆိုတာ သေချာနားမလည်ပေမဲ့ သေချာတာ တခုကတော့ ရေးသူဟာ တကယ့်စာရေးကောင်းပဲဗျာ။ စိတ်အစဉ်ရေးနည်းကို ကျွမ်းကျင်တာ သိသာလှပါတယ် ။ သတ်ပုံမမှန်တဲ့ ဘလော့တွေကြောင့်စိတ်ညစ်နေတာ ပြေပျောက်ရပါတယ် ။

ခင်မင်လျက်

ိမင်းဒင်

PhyoPhyo said...

ကွန်မန့် ရေးပေးသွားတဲ့ သူငယ်ချင်းတွေရော ဟိုကဒီက ဘယ်ကဖြစ်ဖြစ် :) ရောက်လာတဲ့ သူငယ်ချင်းတွေ ကို ကျေးဇူးတင်ပါတယ်၊ ပျော်ရွှင်ချမ်းမြေ့ကြပါစေ

PhyoPhyo said...

လေပြေရေ က်ြတူရွေး လေးက အမ က ကီးရှောလို့ ဝေးဝေးက ခေါ်လိုက်တာနဲ့ ပြေးပြီ၊ အသင့်အနေအထားနဲ့ အမက စလွန်းလို့ ကြောက်နေပြီ :D

PhyoPhyo said...

ပေါက် နဲ့ ချမ်း၊ မသီတာ၊ ကျေးဇူး

MM said...

လေးစားစရာကောင်းတဲ့ ဦးနှောင့်ပါပဲ မမဖြိုးရေ..
စိတ်ကူးလေးတွေနဲ့ ဆန်းသတ်တီထွင်တာ စိတ်ဝင်စရာကောင်းတာပေါ့..။
မမဖြိုးနဲ့သူရဲ့ ပိစိကွေးလေး လာကြည့်သွားတယ် မမ..

ရွှန်းမီ said...

အဲ့လိုပိစိကွေးလေးတွေ သေချာလုပ်တတ်ချင်လိုက်တာ ..